← Chapters

အခန်း (၈၄-၈၅)

Vol. 8 Ch. 84-85

အခန်း (၈၄-၈၅)

Vol. 8 Ch. 84-85

အခန်း ၈၄ အရွှေ့

လဲ့ကျစ်တစ်ယောက် အိပ်ပျော်သွားချိန်တွင် ဘာကိုမှ မမှတ်မိနိုင်တော့ပေ။ သူမ ဖျတ်ခနဲ နိုးလာသည့်အချိန်တွင် သူမတစ်ကိုယ်လုံး ပူနွေးနေသလို ခံစားလိုက်ရပြီး ရေချိုးခန်းမှ မွှေးရနံ့သင်းသင်းလေးကလည်း သူမ၏ အရေပြားပေါ်တွင် စွဲကျန်နေဆဲ ဖြစ်သည်။ သူမ၏ ဆံနွယ်များကိုပင် သက်တောင့်သက်သာဖြစ်အောင် ဖြန့်ပေးထားပြီး ခေါင်ရမ်းပန်း၏ မွှေးရနံ့ကလည်း နှာခေါင်းထဲအထိ ရစ်ဝဲနေသည်။

ဟော်တူက သူမ အိပ်ပျော်သွားပြီးနောက် ကိုယ်တိုင် ရေချိုးပေးကာ ဆံပင်များကို ခြောက်အောင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ကန့်လန့်ကာမှတစ်ဆင့် ဝင်ရောက်နေသော မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် သူက သူမ၏ ညဝတ်အင်္ကျီများအား ဝတ်ဆင်ပေးနေသည်ကို လဲ့ကျစ် မြင်လိုက်ရသည်။ သူ၏ လှုပ်ရှားမှုများက သူမ နိုးသွားမည်ကို စိုးရိမ်နေသည့်အလား အလွန်ပင် နူးညံ့လွန်းလှသည်။ သူက သူမ၏လက်များကို ဂရုတစိုက် မြှောက်ကာ အင်္ကျီလက်ထဲသို့ ထည့်ပေးပြီး ခါးစည်းကြိုးကို သေသေချာချာ ချည်ပေးနေသည်။

လဲ့ကျစ်၏ နှလုံးသားက ချဉ်တူးသွားပြီး နူးညံ့ပျော့ပျောင်းသွားရသည်။ သူက ရံဖန်ရံခါတွင် ရိုင်းစိုင်းသော အပြုအမူမျိုးဖြင့် ညှာတာမှုကင်းမဲ့စွာ အနိုင်ကျင့်တတ်သော်လည်း ယခုကဲ့သို့ မရေမတွက်နိုင်သော အသေးစိတ်အချက်အလက်များတွင်တော့ အလွန် နူးညံ့သိမ်မွေ့လွန်းသဖြင့် သူမကို သည်းမခံနိုင်လောက်အောင် စွဲလမ်းစေခဲ့သည်။

နောက်အခိုက်အတန့်တွင် ဟော်တူက မျက်လုံးများကို မော့ကြည့်လာသည်။ လဲ့ကျစ်က မျက်လုံးများ ဖွင့်ထားပြီး သူ့ကို တိတ်တိတ်လေး စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် သူ၏ မျက်ဝန်းအိမ်တွင် အပြုံးတစ်စ ထွက်ပေါ်လာသည်။ မျက်လုံးလေးလုံး ဆုံမိကြချိန်တွင် စိုစွတ်နေသော မြေခွေးမျက်လုံးလေးများက ကောင်းကင်မှ ကြယ်များထက်ပင် ပို၍ တောက်ပနေသည်။

တစ်ယောက်နှင့်တစ်ယောက် ခဏတာ ငေးကြည့်နေပြီးနောက် လဲ့ကျစ်က ရုတ်တရက် သူ၏ခါးကို သိုင်းဖက်ရန် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ကို သူမထံသို့ အားဖြင့် ဆွဲယူလိုက်သည်။ မှိန်းမောနေသော အခြေအနေတွင် သူမ တုံ့ဆိုင်းမနေတော့ဘဲ နှလုံးသား၏ ဆန္ဒကိုသာ နာခံလိုက်တော့သည်။

နှုတ်ခမ်းချင်း ထိလိုက်သည်နှင့် လဲ့ကျစ်က အရင် ပေါ့ပေါ့ပါးပါး နမ်းလိုက်ပြီး သူ၏ သွားများကြားသို့ သူမ၏လျှာဖျားလေး ညင်သာစွာ တိုးဝင်ကာ ပြင်းပြင်းထန်ထန် ဆက်နမ်းရှိုက်နေသည်။ လူနှစ်ယောက်၏ အသက်ရှူသံများ ဖရိုဖရဲ ဖြစ်လာသည့်အချိန်၌ လဲ့ကျစ်၏ နှလုံးသားလည်း တုန်ယင်သွားကာ သူ့ကို ပြန်လွှတ်ပေးလိုက်သည်။

"အခုနတင်ပဲ မင်း ပင်ပန်းနေပြီလို့ ငိုယိုအော်ဟစ်နေတာ မဟုတ်ဘူးလား"

ဟော်တူက သူမကို ပွေ့ဖက်ထားရင်း ပြုံးနေရာမှ သူမ၏နားရွက်ဖျားလေးကို အသာအယာကိုက်ကာ တိုးတိုးလေး မေးလိုက်သည်။

“အခု ကိုယ့်ကို ထပ်ပြီး သွေးဆောင်ဖို့ ကြိုးစားနေပြန်ပြီလား... ဟမ်”

“မဟုတ်ဘူး…”

လဲ့ကျစ်က သူမ၏မျက်နှာကို သူ့ရင်ဘတ်ထဲတွင် မြှုပ်နှံလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ငြင်းဆိုလိုက်သည်။

"မဟုတ်ဘူးဆိုတာက ဘာမဟုတ်တာလဲ"

ဟော်တူက ဆက်စနောက်နေပြန်သည်။

"မငိုတာလား... မပင်ပန်းတာလား"

လဲ့ကျစ်က သူမ သူနှင့် ငြင်းခုံလျှင် အနိုင်ရရန် အခွင့်အရေး မရှိကြောင်း ကောင်းကောင်းသိနေသည်။ ထို့ကြောင့် သူမ၏နှုတ်ခမ်းလေးကို ဖွဖွလေး ဖိထားကာ ဘာမှပြန်မပြောဘဲ နေလိုက်သည်။ ခဏတာ အသာစီးရမည်ဆိုလျှင်ပင် နောက်ဆုံး၌ သူမသာ ကဲ့ရဲ့ရန်စခြင်း ခံရပေလိမ့်မည်။ လဲ့ကျစ်က ထိုအကြောင်းကို ပိုတွေးလေလေ ပို၍ ရဲရင့်လာလေလေ ဖြစ်သည်။ သူမက သူ့ရင်ခွင်ထဲသို့ တင်းတင်းကြပ်ကြပ် တိုးဝင်ရင်း ထပ်ပြောလိုက်သည်။

"ဘာဖြစ်လဲ... ကျွန်မ ရှင့်ကို နမ်းချင်လို့ နမ်းတာလေ... မရဘူးလား"

ထိုအရာက သူမ ထင်ယောင်ထင်မှားဖြစ်ခြင်း ဟုတ် မဟုတ် မသေချာသော်လည်း လဲ့ကျစ်က သူမ၏ခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားတဲ့လူ အနည်းငယ် အေးခဲသွားသလို ဖြစ်သွားမှန်း ခံစားလိုက်ရသည်။ ခဏအကြာတွင်သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အချိန်အတော်ကြာသည့်တိုင်အောင် ဟော်တူ၏ အဖြေကို မကြားရတော့ပေ။ လဲ့ကျစ်က သူမ၏ ငိုက်မြည်းနေသော မျက်ခွံများကို တဖြည်းဖြည်း မှိတ်ချလိုက်ပြီး သူမ အိပ်ပျော်သွားတော့မည့်အချိန်တွင် နွေးထွေးမှုတစ်ခုက သူမနား နားသို့ ရုတ်တရတ် တိုးဝင်လာသည်။

ငှက်မွှေးကဲ့သို့ နူးညံ့သိမ်မွေ့သော အလွှာပါးလေးတစ်ခုက သူမနှလုံးသားပေါ်သို့ ကျလာသကဲ့သို့ နူးညံ့သိမ်မွေ့သော အသံက သူမ၏ နားထဲသို့ တိုးဝင်လာသည်။ သူက စကားလေးတစ်ခွန်း ပြောလိုက်သည်။

“အဲဒါက... ဂုဏ်ယူစရာကောင်းတယ်”

........။........။.........

နောက်တစ်နေ့....

ဟော်တူက သူမကို ဇာတ်လမ်းတစ်ခုလုံးကို မပြောပြရသေးခင်မှာပင် ကျင့်ရှင်းက အိပ်ခန်းတံခါးအပြင်ဘက်၌ ကြောင်တောင်တောင်ပုံစံဖြင့် လဲ့ကျစ်ကို တွေ့ရန် စောင့်နေခဲ့သည်။ အပြင်ဘက်တွင် ကောင်းကင်က ပိုမိုတောက်ပနေသည်ကို မြင်လိုက်ရသဖြင့် လဲ့ကျစ်က ကျင့်ရှင်းနှင့် အသေးစိတ်စကားပြောဆိုရန် အနောက်ဘက်ဥယျာဉ်သို့ ခေါ်သွားလိုက်သည်။

“သခင်မ၊ ကျွန်မ အားလုံးကို မှတ်မိသွားပါပြီ…”

ကျင့်ရှင်း၏ မျက်လုံးများက ရောင်ရမ်းနေကာ သူမ တစ်ညလုံး ငိုနေမှန်း သိသာနေသည်။ ယခုအချိန်တွင် သူမက လက်ကိုင်ပုဝါကို လက်နှစ်ဖက်ဖြင့် လိမ်နေရင်း လဲ့ကျစ်ရှေ့တွင် ရပ်နေကာ သူမ၏အသံက အက်ရှနေသည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က သူမကို ကျောက်ထိုင်ခုံပေါ် ထိုင်ခိုင်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်ကာ နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့... ဖြည်းဖြည်းပြောပါ"

"မနေ့က...... အဲဒီလူက... သူက..... ကျွန်မရဲ့အစ်ကို"

"ကျောက်ဟမ့်ချီ"

လဲ့ကျစ်က တအံ့တသြ ရေရွတ်လိုက်သည်။

သူမ မနက်ခင်းနိုးလာချိန်တွင် ဟော်တူက သူမကို သန့်ရှင်းရေးလုပ်ပေးရင်း တာ့ကျင်းတိုင်းပြည်ရှိ ကျောက်မိသားစုမှ ဒဏ္ဍာရီအချို့ ပြောပြခဲ့သည်။ တိုင်းပြည် ၅ တိုင်းပြည်အနက် တာ့ကျင်းတိုင်းပြည်က အနောက်မြောက်ဘက်တွင် တည်ရှိပြီး အခြားတိုင်းပြည်များထက် ဆိုးရွားသော ရာသီဥတုရှိကာ စိုက်ပျိုးရန် မသင့်တော်သော မြေများကို ပိုင်ဆိုင်သည်။

ယခုအချိန်တွင် တာ့လီတိုင်းပြည်က ကျူးကျော်ခံရပြီး ရှန်းနို့မျိုးနွယ်စုက သုတ်သင်ရှင်းလင်းခံခဲ့ရသည်မှာ ကြာနေပြီဖြစ်သော်လည်း ဟော်ချန်ယွင်က အားနည်းသော တာ့ကျင်းတိုင်းပြည်ကို တိုက်ခိုက်ခဲ့ခြင်း မရှိသေးပေ။ အကြောင်းပြချက်ကတော့ ကျောက်မိသားစုကြောင့် ဖြစ်သည်။

တာ့ကျင်းတိုင်းပြည်ကို စတင်တည်ထောင်ချိန်မှစ၍ ကျောက်မိသားစုက တိုင်းပြည်ကို စောင့်ရှောက်ပေးသော ခိုင်မာသည့် အတားအဆီးကြီးအဖြစ် ရပ်တည်ခဲ့သည်။ ကျောက်မိသားစုက သစ္စာစောင့်သိပြီး မျိုးဆက်ပေါင်းများစွာ စစ်ဦးစီးချုပ်များ ဖြစ်လာခဲ့သည်။ ကျောက်ဟမ့်ချီ၏ဖခင် ကျောက်လင်ကိုယ်တိုင်လည်း တာ့ကျင်းတိုင်းပြည်၏ အားကိုးရဆုံးသော စစ်သေနာပတိချုပ်ကြီး ဖြစ်သည်။

သို့သော် ကျောက်ဟမ့်ချီ၏ မျိုးဆက်သို့ ရောက်လာချိန်တွင် သူက စစ်ဗိုလ်ချုပ်များ၏ လမ်းကြောင်းကို မလိုက်ခဲ့ပေ။ သူက စာပေကို နှစ်သက်ပြီး တာ့ကျင်းတိုင်းပြည်တွင် အသက်အငယ်ဆုံးနှင့် အတော်ဆုံး စာပေပညာရှင် ဖြစ်လာခဲ့သည်။ လက်ရှိတွင် သူက ကျင်းတိုင်းပြည်၏ ထိုက်ဖူ* အဖြစ် အမှုထမ်းနေသည်။

(ထိုက်ဖူ : အိမ်ရှေ့စံ (ထိုက်ဇီ) ၏ ဆရာ၊ အိမ်ရှေ့စံမင်းသားကို သွန်သင်ရန် တာဝန်ရှိသော အရာရှိနှင့် ဘုရင်ကို အကြံပေးကူညီရသူ။)

တာ့ကျင်းတိုင်းပြည်၏ ဧကရာဇ်က အသက်ကြီးသော်လည်း ထိုက်ဇီက ငယ်ရွယ်နေသေးသည်။ ကျောက်မိသားစုမှ သားအဖနှစ်ဦးက တရားရုံးအရာရှိနှင့် စစ်ရေးအရာရှိဟူသော အဓိကရာထူးကြီးနှစ်ခုကို သိမ်းပိုက်ထားပြီး သံသယများစွာကို မလွဲမသွေ ဖြစ်ပေါ်စေခဲ့သည်။ ကျောက်မိသားစုက မတူကွဲပြားသော ရည်ရွယ်ချက်နှင့် ထီးနန်းကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည်ဟူသော ကောလဟာလများလည်း ပျံ့နှံ့နေခဲ့သည်။

ကောလဟာလများက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မည်သူမျှ အမှန်တရားကို အတိအကျ မသိနိုင်ပေ။ သို့သော် မမျှော်လင့်ဘဲ ကျင့်ရှင်းက တာ့ကျင်းတိုင်းပြည်၏ သြဇာအရှိဆုံး ကျောက်မိသားစု၏ သမီးပျိုတစ်ဦး ဖြစ်နေခဲ့သည်။

ကျင့်ရှင်း၏ မျက်လုံးထောင့်များ နီရဲလာပြီး သူမက လေးလံစွာ ခေါင်းညိတ်ပြနေသည်။

"ကျွန်မ မကြာသေးမီက သည်းမခံနိုင်လောက်အောင် ခေါင်းကိုက်ခဲ့ပြီး နောက်ဆုံးတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရာအားလုံးကို ပြန်မှတ်မိလာခဲ့ပါတယ်၊ ကျွန်မအဖေက ကျွန်မကို လက်ထပ်ပေးဖို့ စီစဉ်ခဲ့တယ်၊ တော်ဝင်တရားရုံးက ဝန်ကြီးတစ်ယောက်ရဲ့ အကြီးဆုံးသားနဲ့ ထိမ်းမြားပေးဖို့ ကတိပေးခဲ့တာပါ၊ ကျွန်မက လက်မထပ်ချင်ပေမယ့် အဖေက အတင်းဖိအားပေးခဲ့တယ်၊ အစ်ကိုကလည်း အေးစက်တဲ့ စိတ်ထားရှိပြီး ငယ်ငယ်ကတည်းက ကျွန်မနဲ့ မရင်းနှီးဘူး၊ အဲဒီအိမ်ထောင်ရေးကနေ ထွက်ပြေးဖို့ လမ်းစကို တွေးဖို့ကလွဲပြီး ကျွန်မမှာ တခြားနည်းလမ်း မရှိတော့ဘူး”

ကျင့်ရှင်းက ဝမ်းနည်းစွာ ပြောပြနေရင်း မျက်စိများကို မှိတ်ကာ ငိုရှိုက်နေပြန်သည်။ လဲ့ကျစ်က သူမပခုံးကို အသာအယာပုတ်ပေးကာ စိတ်အေးအောင် ချော့မော့နေမိသည်။ အနည်းငယ် ငြိမ်သက်သွားပြီးနောက် ကျင့်ရှင်းက သူမ ထွက်ပြေးခဲ့ရသည့် ဇာတ်လမ်းအပြည့်အစုံကို ဆက်ပြောပြနေသည်။

ကျင့်ရှင်း ထိုအိမ်ထောင်ရေးကို အသည်းအသန် ငြင်းဆန်ခဲ့သည့် အဓိကအကြောင်းရင်းက ဝန်ကြီး၏သားကြောင့် ဖြစ်သည်။ ထိုသူက မောင်းမမိဿံ အမြောက်အမြားရှိသည့်အပြင် ပြည့်တန်ဆာအိမ်များသို့လည်း အမြဲမပြတ် သွားရောက်လေ့ရှိသူဟု လူသိများသည်။ သို့သော် ထိုအချက်များထက် ပိုမိုကြောက်စရာကောင်းသည်က ထိုလူ့ထံတွင် ရက်စက်ကြမ်းကြုတ်သော ဝါသနာတစ်ခု ရှိနေခြင်း ဖြစ်သည်။ ထိုသူ၏ အိမ်နောက်ဖေးတံခါးမှ မောင်းမမိဿံများ၏ အလောင်းများကို မကြာခဏ သယ်ထုတ်လာပြီး အစုလိုက်အပြုံလိုက် သင်္ချိုင်းထဲသို့ ပစ်ချလေ့ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အချို့သော အလောင်းများတွင် ကြာပွတ်ရာများ၊ မီးလောင်ဒဏ်ရာများနှင့် နှိပ်စက်ထားသော ဒဏ်ရာများ တစ်ကိုယ်လုံး ဖုံးလွှမ်းနေတတ်သည်။

"သခင်မ... ကျွန်မ ကြောက်တယ်၊ ကျွန်မ တကယ်ကို ကြောက်တာပါ"

လဲ့ကျစ်၏ မျက်လုံးများ မှိုင်းဝေသွားသည်။ သူမက ကျင့်ရှင်း၏ တုန်လှုပ်နေသော လက်ဖဝါးကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

"မကြောက်ပါနဲ့၊ မင်းကို ဒီမှာ ငါနဲ့အတူ ထားမှာပါ... ဘယ်သူ့ကိုမှ မင်းကို အနိုင်ကျင့်ခွင့် မပေးစေရဘူး"

ကျောက်လင်ကဲ့သို့သော စစ်သူကြီးတစ်ဦးက သူ့သမီးအရင်းကို ထိုကဲ့သို့ အဝတ်ဝတ်ထားသော သားရဲနှင့် အဘယ်ကြောင့် လက်ထပ်ပေးရန် ကြိုးစားရသည်ကို လဲ့ကျစ် နားမလည်နိုင်သော်လည်း၊ ၎င်းက ဖခင်တစ်ယောက်အနေဖြင့် သူ့သမီးကို မီးတွင်းထဲသို့ အရှင်လတ်လတ် တွန်းချလိုက်ခြင်းပင်။

“မဟုတ်ဘူး”

ကျင့်ရှင်းက ရုတ်တရက် ခေါင်းယမ်းလိုက်ရင်း မျက်ရည်များ တလိမ့်လိမ့်ကျလာကာ ငြင်းဆန်နေပြန်သည်။

“သခင်မ... ကျွန်မကြောင့် သခင်မကို ထိခိုက်စေလို့ မဖြစ်ဘူး”

သူမ လဲ့ကျစ်နောက်သို့ လိုက်ပါလာခဲ့သည့် ဤကာလများတွင် သူမ၏မှတ်ဉာဏ်များ ပျောက်ဆုံးနေသည့်တိုင် သူမအတွက် အပျော်ဆုံးအချိန်များ ဖြစ်ခဲ့သည်။ သို့သော် သူမ၏ သခင်မလည်း အန္တရာယ်များကြားတွင် ရုန်းကန်နေရသည်ကို သူမ သိထားခဲ့သည်။ သူမ၏အစ်ကိုနှင့် သူမ၏သခင်မကို ရန်ဘက် မဖြစ်စေချင်ပေ။ သူမ၏အစ်ကို ကျောက်ဟမ့်ချီက ငယ်စဉ်ကတည်းက လေးလံသော တာဝန်များကို ထမ်းဆောင်ခဲ့ရသူ ဖြစ်သလို သူမ၏သခင်မ လျှောက်လှမ်းနေရသော လမ်းကလည်း ခက်ခဲလွန်းလှပြီဖြစ်ရာ သူမကြောင့် သခင်မကို ဒုက္ခမပေးချင်တော့ပေ။

"မိုက်မဲတဲ့ စကားတွေ ပြောမနေနဲ့၊ ငါက မင်းကို ဝန်ထုပ်ဝန်ပိုးလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူး"

လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ပြီးတော့ အန်းရွှယ်..."

ငိုသံများ တဖြည်းဖြည်း တိတ်သွားသော်လည်း ကျင့်ရှင်း၏မျက်နှာတွင် ပို၍ စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပေါ်လာသည်။

‘အန်းရွှယ်…

သူက သူမကို အမြဲတမ်း အေးစက်စက် ဆက်ဆံတတ်တာကြောင့် သူ သူမကို မကြိုက်ဘူးလို့ အမြဲထင်ခဲ့တာပါ။ ဒါပေမယ့် သူမ အန္တရာယ်ကြုံတဲ့ အချိန်တိုင်း သူကပဲ အနားမှာ အမြဲရှိနေပေးခဲ့တာ မဟုတ်ဘူးလား’

"စိတ်မပူပါနဲ့ အားလုံးကို ငါ့ဆီကို အပ်ထားလိုက်ပါ"

လဲ့ကျစ်က ကျင့်ရှင်း စိတ်ငြိမ်သွားအောင် နှစ်သိမ့်ပေးလိုက်ပြီး ဟော်တူထံမှတစ်ဆင့် အန်းရွှယ်နှင့် ကျင့်ရှင်းတို့၏ ပတ်သက်မှုကို အသေအချာ သိခဲ့ရသည်။ ထိုအကြောင်းကို အဖန်ဖန် စဉ်းစားပြီးနောက် သူမက ကျောက်ဟမ့်ချီနှင့် ရင်းရင်းနှီးနှီး စကားပြောဆိုပြီး ကျင့်ရှင်း၏ကိစ္စကို ဖြေရှင်းရန် ညစာစားပြီးနောက် ဖျင်ယိအဆောင်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် ညစာစားပြီးသည်နှင့် လင်းယွဲ့က စိုးရိမ်တကြီးဖြင့် ထမင်းစားခန်းထဲသို့ ပြေးဝင်လာသည်။

"သခင်မ... ကျင့်ရှင်း ထွက်သွားပြီ"

"ဘာလဲ"

လဲ့ကျစ် ချက်ချင်း မတ်တပ်ရပ်လိုက်မိပြီး သူမ၏မျက်နှာကလည်း ပျက်ယွင်းသွားသည်။

“ကျွန်မလည်း မသိဘူး၊ နေ့ခင်းကတော့ သူ အနားယူချင်တယ်လို့ ပြောတာပဲ၊ ဒါပေမယ့် ညစာစားချိန်အထိ အပြင်ထွက်မလာလို့ တံခါးဖွင့်ကြည့်လိုက်တော့ ကုတင်က သပ်ရပ်နေပြီး ကျင့်ရှင်းက မရှိတော့ဘူး”

လဲ့ကျစ်၏ ရင်ထဲ၌ တင်းကျပ်သွားရသည်။

‘ဒီမိုက်မဲတဲ့ မိန်းကလေး... သူမအစ်ကိုဆီကို ကိုယ်တိုင်သွားတာတော့ မဟုတ်ပါဘူးနော်’

‘တကယ်လို့ သူမကို ဖမ်းပြီး တာ့ကျင်းတိုင်းပြည်ကို အတင်းပြန်ခေါ်သွားရင် ဘယ်လိုလုပ်မလဲ’

သူမက ဟော်တူကို အကူအညီတောင်းရန် ပြင်လိုက်သော်လည်း အခြားအသံတစ်သံက သူမထက် ပိုမြန်နေခဲ့သည်။

“အရှင့်သား... ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး သွားမှ ဖြစ်ပါလိမ့်မယ်၊ ပြန်လာနိုင်လောက်တဲ့အထိ အသက်ရှင်ခွင့်ရနိုင်ရင် လွန်ခဲ့တဲ့နှစ်တွေအတွင်းက အရှင့်သားရဲ့ ကြင်နာမှုတွေကို ကျေးဇူးပြန်ဆပ်ပါ့မယ်”

အန်းရွှယ်က ပြောပြီးသည်နှင့် ဟော်တူ၏အဖြေကို မစောင့်တော့ဘဲ လျှပ်စီးကဲ့သို့ အလျင်အမြန် ထွက်ခွာသွားကာ အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

"ရှမန်... အမြန်လိုက်သွားပြီး သူ့ကို ကူညီလိုက်"

လဲ့ကျစ် အလျင်စလို အမိန့်ပေးလိုက်သော်လည်း သူမ၏ရင်ထဲမှ စိုးရိမ်စိတ်များကတော့ မပြေပျောက်သွားခဲ့ပေ။ မနေ့က အိမ်ရှေ့တွင် တွေ့ခဲ့ရသော ကျောက်ဟမ့်ချီ၏ လက်ပါးစေများက မနည်းလှပေ။ ရှမန်တို့အဖွဲ့ ရောက်သွားသည့်တိုင် အင်အားချင်းမမျှမည်ကို သူမ ကြောက်နေမိသည်။

“အရှင့်သား... ကျွန်မ...”

လဲ့ကျစ်က သူ့ထံမှ စစ်သည်များ ငှားချင်သော်လည်း နှုတ်မှ ထုတ်ပြောရန် ခက်ခဲနေသည်။ ဤကိစ္စက တိုင်းပြည်ချင်း ပတ်သက်နေပြီး ကျောက်ဟမ့်ချီနှင့် ရန်သူဖြစ်လာလျှင် ဟော်တူအတွက် အကျိုးရှိမည်မဟုတ်ပေ။ သူမ ကျင့်ရှင်းကို ကူညီချင်သော်လည်း ဟော်တူကိုလည်း အန္တရာယ်မဖြစ်စေချင်ပေ။

"မင်း... ဘာလိုချင်တာလဲ... ပြောလေ”

ဟော်တူက မတ်တပ်ထရပ်ပြီး သူမကို ခပ်ပြုံးပြုံး စိုက်ကြည့်နေသည်။

"မင်း ကိုယ့်ကို အနမ်းတစ်ချက်ပေးရင် ကိုယ် ကတိပေးမယ်"

လဲ့ကျစ်က အလွန်စိုးရိမ်နေပြီး သူမ၏ မျက်နှာလေးက ရှုံ့တွနေရှာသည်။

‘ဒီလူကတော့ ဒီလိုအချိန်မှာတောင် ကျီစားချင်နေသေးတယ်...’

လဲ့ကျစ်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်။

"ဟက်... မင်းရဲ့ ဒေါသက တကယ်ကို ပိုကြီးလာတာပဲ"

ဟော်တူက ရှေ့သို့ လှမ်းလာပြီး သူမ၏ပုခုံးများကို အသာအယာ ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့၊ ကောင်းမွန်တဲ့ ပြဇာတ်လေးတစ်ခု ကြည့်ဖို့ မင်းကို ခေါ်သွားပေးမယ်"

"ဘာလဲ"

လဲ့ကျစ် တွေဝေသွားသော်လည်း ဟော်တူ၏ တည်ငြိမ်မှုကြောင့် သူမ၏စိတ်ထဲတွင် အနည်းငယ် ပြန်တည်ငြိမ်လာခဲ့သည်။

"ခဏနေရင် သိရမှာပေါ့"

.........။.......။.........

ဟွာရှီမြို့၏ အစွန်ဘက်တွင်....

လှပခမ်းနားသော ရထားလုံးတစ်စင်းကို လျှို့ဝှက်အစောင့်အဖွဲ့တစ်ဖွဲ့က ဝိုင်းရံထားသည်။ ထိုစက်ဝိုင်း၏ အပြင်ဘက်တွင် ရပ်နေသော အန်းရွှယ်၏ ပတ်ဝန်းကျင်တွင်လည်း လူသတ်လိုသော ဝိညာဉ်အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

ထိုအချိန်တွင် နက်ပြာရောင်ဝတ်စုံနှင့် အရိပ်တစ်ခုက ရထားလုံးပေါ်မှ ဆင်းလာသည်။ သူက လျှို့ဝှက်အစောင့်များကို ကျော်ဖြတ်ကာ အန်းရွှယ်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်ပြီး နှုတ်ခမ်းကို မဲ့ရွဲ့ကာ လှောင်ပြောင်လိုက်သည်။

"အန်းရွှယ်... မင်းက လာဖို့ သတ္တိရှိသေးတာပဲလား"

"သူ့ကို လွှတ်ပေး"

အန်းရွှယ်က တိုတိုတုတ်တုတ် ပြန်ပြောလိုက်သည်။

ကျောက်ဟမ့်ချီ၏ မျက်နှာပေါ်ရှိ အပြုံးက ပိုအားကောင်းလာသော်လည်း သူ၏ မျက်ဝန်းအောက်ခြေရှိ အေးစက်မှုကတော့ အရိုးထဲထိ စိမ့်ဝင်သွားစေနိုင်သည်။

"စစ်သူကြီးအိမ်တော်က မြင်းတွေကို မွေးမြူပေးရတဲ့ ကျွန်တစ်ယောက်မှာ... ဒီလိုစကားပြောဖို့ ဘယ်လို အရည်အချင်းမျိုး ရှိနေလို့လဲ"

‘မြင်းမွေးကျွန်...’

ထိုစကားလုံးက အန်းရွှယ်၏ နှလုံးသားကို ဓားဖြင့် ထိုးလိုက်သလို ခံစားရစေသည်။

‘ဟုတ်တယ်၊ သူနဲ့ သူမကြားမှာ လိုက်ဖက်မှု မရှိပါဘူး။’

အန်းရွှယ်၏ အတွေးများက အတိတ်ဆီသို့ လွင့်မျောသွားပြီး သူငယ်စဉ် စစ်သေနာပတိချုပ်အိမ်တော်သို့ ပထမဆုံး ရောက်ရှိသည့်နေ့ကို ပြန်သတိရသွားသည်။

‘ကျင့်ရှင်း... မဟုတ်သေးဘူး၊ သူမရဲ့ နာမည်ရင်းက စစ်သေနာပတိချုပ်ကျောက်ရဲ့ တစ်ဦးတည်းသော သမီးလေး ကျောက်ကျင့်ယွိ ဖြစ်ရမှာလေ’

ထိုနေ့က သူမ အပြာနှင့် အဖြူရောင်စပ်ထားသော ဝတ်စုံလေးကို ဝတ်ဆင်ကာ အိမ်နောက်ဖေးတွင် စွန်လွှတ်နေခဲ့သည်။ ထိုအချိန်မှစ၍ ထိုစွန်လေးက သူ၏ နှလုံးသားထဲတွင် အမြစ်တွယ်သွားခဲ့ခြင်းပင်။ မြင့်မြတ်သောမျိုးနွယ်မှ ဆင်းသက်လာသူပီပီ သူမတွင် သူငယ်ချင်း မရှိခဲ့ရှာပေ။ အစ်ကိုဖြစ်သူကလည်း အမြဲတမ်း ခပ်ခွာခွာနေတတ်သဖြင့် မောင်နှမကြား ဆက်ဆံရေးကလည်း အေးစက်လှသည်။

သူမ မြင်းတင်းကုတ်သို့ ရောက်လာသည့်နေ့အထိ သူနှင့် သူမ ဘာမှပတ်သက်စရာ မရှိဟု အန်းရွှယ် ထင်ခဲ့ဖူးသည်။

"မင်းနာမည်က အန်းရွှယ် မဟုတ်လား၊ ငါ မြင်းစီးသင်ချင်လို့... သိမ်မွေ့တဲ့ မြင်းတစ်ကောင်လောက် ရွေးပေးနိုင်မလား"

သူမက သူ့ကို ပြုံးပြခဲ့သည်။ ထိုနေ့က နေရောင်ခြည် ဘယ်လောက်နွေးထွေးခဲ့သည်ကို သူ အမြဲတမ်း အမှတ်ရနေဆဲပင်။ နောက်ပိုင်းတွင် သူမက မြင်းတင်းကုတ်သို့ မကြာခဏ ရောက်လာသောကြောင့် သူတို့ စကားပြောဖြစ်ခဲ့ကြပြီး သူတို့၏ ဆက်ဆံရေးကလည်း တဖြည်းဖြည်း တိုးတက်လာခဲ့သည်။

သို့သော် သူတို့ကြားရှိ အကွာအဝေးက ကောင်းကင်မှ စွန်ရဲကို မော့ကြည့်နေရသကဲ့သို့ပင် နီးကပ်သယောင်ရှိသော်လည်း အမှန်တကယ်တွင် အလွန်ဝေးကွာလွန်းလှသည်ကို အန်းရွှယ် သိနေခဲ့သည်။ သူတို့အတွက် ဖြစ်နိုင်ခြေ နည်းနည်းလေးမှ မရှိခဲ့ပေ။ သူမ ခင်ပွန်းကောင်းတစ်ဦးနှင့် လက်ထပ်ပြီး ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ရန်သာ သူ မျှော်လင့်ခဲ့သည်။

သို့သော်လည်း စစ်သေနာပတိကြီးက သူမကို ထိုကဲ့သို့ ရက်စက်သော လူစားမျိုးနှင့် လက်ထပ်ပေးရန် စီစဉ်ခဲ့သည်။ ထိုစဉ်က သူမ မျက်လုံးလေးများ နီရဲလျက် သူ့ထံသို့ ရောက်လာခဲ့သည်။ သူမ ပြတ်ပြတ်သားသား မပြောခဲ့သော်လည်း သူနှင့်အတူ လိုက်ပါချင်ကြောင်း သူမ၏ မျက်ဝန်းများက ပြောနေခဲ့သည်။

သူက‌ရော.... သူ မခေါ်သွားချင်ဘဲ နေပါ့မလား။ ဒါပေမယ့် သူ့လို အဆင့်အတန်းမရှိ၊ နာမည်မရှိတဲ့ မြင်းမွေးကျွန်တစ်ယောက်က သူမကို ဘယ်လိုများ ကာကွယ်ပေးနိုင်မှာလဲ’

နောက်ဆုံးတွင် သူမက စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားခဲ့ပြီး ရက်အနည်းငယ်အကြာ ညဘက်တွင် အိတ်တစ်လုံးနှင့် စစ်သေနာပတိအိမ်တော်မှ တိတ်တဆိတ် ထွက်ပြေးသွားခဲ့သည်။ သူ တုန်လှုပ်သွားပြီး သူမနောက်သို့ အမြန် လိုက်သွားခဲ့မိသည်။

သို့သော် အန်းရွှယ်ထံတွင် သူမရှေ့ကို တည့်တည့်မတ်မတ် သွားဝံ့သည့် သတ္တိမရှိခဲ့ဘဲ ခပ်လှမ်းလှမ်းကသာ တိတ်တဆိတ် လိုက်ကြည့်နေခဲ့ရသည်။ သူမ တောင်ပေါ်လမ်းတွင် လမ်းလျှောက်နေရင်း မတော်တဆ ခြေချော်ပြီး ချောက်ထဲ ပြုတ်ကျသွားသည့်အချိန်တွင် သူမ၏ မှတ်ဉာဏ်များအားလုံး ပျောက်ဆုံးသွားခဲ့သည်။

စစ်သူကြီးအိမ်တော်မှ လူများကလည်း အနီးကပ် လိုက်လံရှာဖွေနေကြသဖြင့် အန်းရွှယ်က သူမကို ကာကွယ်ရန်အတွက် လူစိမ်းများသာရှိသည့် တာ့ချီတိုင်းပြည်သို့ ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ သူက အစမှအဆုံးအထိ သူမရှေ့တွင် လူလုံးမပြရဲခဲ့ပေ။ သို့သော် ဤသို့ တိမ်းရှောင်နေရုံဖြင့် ရေရှည်အတွက် မဖြစ်နိုင်ကြောင်း သူ သိခဲ့သည်။

တာ့ချီသို့ ရောက်လာချိန်တွင် သူ အကြံတစ်ခု ရလာခဲ့သည်။ ကျောက်မိသားစု၏ လက်လှမ်းမမီနိုင်သော အမိုးအကာတစ်ခုအောက်တွင် ခိုလှုံနိုင်ရန်အတွက် သူ့ကိုယ်သူ ကျွန်ဈေးကွက်တွင် ရောင်းစားခံလိုက်သည်။ တာ့ချီတိုင်းပြည်တွင် ဧကရာဇ်မင်းမြတ်မှလွဲပြီး အိမ်ရှေ့စံလောက် ခိုင်မာသော အမိုးအကာ မရှိသဖြင့် သူ ဟော်တူ၏ အနားသို့ ချဉ်းကပ်ခဲ့သည်။

သို့သော် နောက်ဆုံးတွင် ကျောက်ဟမ့်ချီက သူတို့ကို ရှာတွေ့သွားခဲ့ချေပြီ။

အန်းရွှယ်က လုံးဝမကြောက်ဘဲ အသံမာမာဖြင့် ပြောလိုက်သည်။

“ကျွန်တော်က အဆင့်အတန်း မပြည့်မီတာ မှန်ပေမယ့် ဘယ်သူမှ သူ့ကို အတင်းအကြပ် မလုပ်စေရဘူး”

"အိုး... တာ့ချီရဲ့ ထိုက်ဇီနဲ့ အချိန်အကြာကြီး နေခဲ့ရလို့ မင်းက မောက်မာဖို့ သင်ယူခဲ့တယ်ပေါ့"

ကျောက်ဟမ့်ချီ လက်တစ်ချက် မြှောက်လိုက်သည်နှင့် လျှို့ဝှက်အစောင့်များက ဓားများကို ဆွဲထုတ်ကာ အန်းရွှယ်ကို ဝိုင်းရံတိုက်ခိုက်ကြသည်။ အန်းရွှယ်အနေဖြင့် ထိပ်တန်းရဲမက်များစွာကို တစ်ယောက်တည်းနှင့် မခုခံနိုင်ခဲ့ပေ။ နောက်မှ အမြန်လိုက်လာသော ရှမင်ကလည်း အပြင်ဘက်တွင် ပိတ်ဆို့ခံထားပြီး ရထားလုံးနားသို့ မကပ်နိုင်ရှာပေ။

သိပ်မကြာခင်မှာပင် အန်းရွှယ်တစ်ယောက် သွေးအလိမ်းလိမ်းဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

"ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်... ချက်ချင်းထွက်သွား၊ ငါ မင်းကို မသတ်ဘူး"

ကျောက်ဟမ့်ချီ၏ အသံက ရေခဲကဲ့သို့ အေးစက်နေသည်။

သို့သော် အန်းရွှယ်က သူ၏ဓားကို မြေပြင်တွင် အားပြုထောက်ကာ တုန်တုန်ယင်ယင်ဖြင့် ပြန်မတ်တတ်ရပ်လိုက်ပြီး ခြေတစ်လှမ်းတောင် နောက်မဆုတ်ခဲ့ပေ။

"မင်းရဲ့အသက်ကို တကယ်ပဲ မလိုချင်တော့တာလား"

"မိုက်မဲတဲ့စကားတွေကို ရပ်လိုက်... သတ်ချင်ရင် သတ်လိုက်တော့"

ကျောက်ဟမ့်ချီက သူ့မျက်လုံးများကို မှိတ်ချလိုက်ပြီးမှ ပြန်ဖွင့်ကာ အန်းရွှယ်ကို စိုက်ကြည့်နေသည်။ ထို့နောက် အစောင့်များ ဆုတ်ခွာရန် လက်ပြအချက်ပေးလိုက်သည်။ ရထားလုံးပေါ်မှ ကျင့်ရှင်းလည်း နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့ပြီး သူမက အန်းရွှယ်ရှိရာသို့ အပြေးအလွှား သွားကာ သူ့နှုတ်ခမ်းမှ သွေးများကို မြင်သွားပြီး မျက်ရည်များ ဝဲတက်လာသည်။

“အဆင်ပြေရဲ့လား... နာနေလားဟင်”

အန်းရွှယ်ကတော့ သူမကို ကြောင်တောင်တောင် ငေးကြည့်နေမိပြီးမှ ခေါင်းယမ်းပြလိုက်သည်။ ထိုအရာကို မြင်လိုက်ရသည့် ကျောက်ဟမ့်ချီက ခပ်အေးအေး ပြန်လှည့်ကာ လျှို့ဝှက်အစောင့်များနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။

"အစ်ကို"

ကျင့်ရှင်းက သူ့ကို လှမ်းခေါ်လိုက်သည်။

ကျောက်ဟမ့်ချီက ခြေလှမ်းများကို ခေတ္တရပ်လိုက်သည်။ သူသည် ခေါင်းကို အနည်းငယ်သာ ပြန်လှည့်လျက် အေးစက်တည်ငြိမ်စွာ ပြောလာခဲ့သည်။

"ဒီညပြီးရင် ဒီကမ္ဘာပေါ်မှာ ကျောက်ကျင့်ယွိဆိုတာ ရှိတော့မှာမဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ် အစ်ကို..."

ထိုကျေးဇူးတင်စကားက နားထဲသို့ တိုးဝင်လာချိန်တွင် ကျောက်ဟမ့်ချီက နောက်သို့ ထပ်မံလှည့်မကြည့်တော့ဘဲ အမှောင်ထုထဲသို့ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။

‘အန်းရွှယ်ကတော့ လုပ်နိုင်မှာပါ...

‘သူ့စိတ်ထဲမှာ ဒီမိုက်မဲတဲ့ ယောက်ဖလောင်းကို သိပ်မကျေနပ်ပေမယ့် တကယ်တော့ သူရဲ့ လျှို့ဝှက်ကူညီမှုသာ မပါခဲ့ရင် ဒီမြင်းမွေးကျွန်လေးက သူ့ညီမကို တာ့ချီတိုင်းပြည်အထိ ဘေးကင်းအောင် ခေါ်ဆောင်သွားနိုင်ဖို့ မဖြစ်နိုင်လောက်သလောက်ပါပဲ။’

ထို့အပြင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အန်းရွှယ် သူ့ညီမအပေါ် ထားရှိခဲ့သော အကြွင်းမဲ့စေတနာနှင့် သစ္စာတရားကို မျက်မြင်တွေ့ခဲ့ရသောကြောင့် ကျောက်ဟမ့်ချီတစ်ယောက် စိတ်သက်သာရာ ရသွားခဲ့သည်။

သူလည်း ကျောက်မိသားစုဟူသော နတ်ဆိုးဂူထဲသို့ သူ့ညီမလေး ပြန်မလာရစေရန် အစွမ်းကုန် ကြိုးစားပေးနေခြင်း ဖြစ်သည်။

‘နတ်ဆိုးတွေကို ရင်ဆိုင်တားဆီးဖို့ သူလို နတ်ဆိုးတစ်ကောင်ပဲ လိုအပ်တာမဟုတ်ဘူးလား။ အခုတော့ သူ့မှာ ဘာမှ စိုးရိမ်စရာ မရှိတော့ဘူးလေ။’

ကျောက်ဟမ့်ချီ ထွက်သွားပြီးနောက် ကျင့်ရှင်းက သူမရှေ့မှ လူကို မော့ကြည့်လိုက်သည်။ သူမက ဝမ်းနည်းဝမ်းသာ ခံစားချက်တို့ဖြင့် သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ အရပ်ရှည်သော အန်းရွှယ်က ခဏတာ အံ့အားသင့်သွားပြီးမှ တုန်ယင်နေသော လက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူမ၏ ခါးလေးကို မြတ်နိုးစွာ သိုင်းဖက်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လရောင်နုနုအောက်တွင် ပွေ့ဖက်ထားသော သူတို့နှစ်ဦး၏ အရိပ်များက ရှည်လျားနေသည်။

အန်းရွှယ် သူမအတွက် နှလုံးသားကို ပေးဆပ်ခဲ့ချိန်ကစပြီး ကမ္ဘာပေါ်မှာ ကျောက်ကျင့်ယွိ မရှိတော့ပေ။

‘ကျွန်မကလည်း ကျွန်မရဲ့နှလုံးသားကို ရှင့်အတွက်ပဲ ပေးမှာပါ... အခုချိန်ကစပြီး 'ကျင့်ရှင်း' ပဲ ရှိတော့မှာပါ...’

အဝေးတစ်နေရာမှ လူနှစ်ယောက်က ဤလှပသော မြင်ကွင်းကို တိတ်တဆိတ် ကြည့်နေကြသည်။

"ကြည့်ကောင်းလား"

ဟော်တူက မေးလိုက်သည်။

လဲ့ကျစ်၏ မျက်လုံးထောင့်များက အချိန်အတော်ကြာကတည်းက နီရဲစိုစွတ်နေခဲ့ပြီဖြစ်သည်။ သူမက ခေါင်းညိတ်လိုက်စဉ် မျက်ရည်စလေးများ ကျလာသဖြင့် လက်ဖြင့် တိတ်တဆိတ် သုတ်လိုက်ကာ နှာသံလေးဖြင့် ပြောလိုက်သည်။

“နောက်ဆုံးတော့ သူတို့ရဲ့ အခက်အခဲတွေ ပြီးသွားပါပြီ”

ခေတ္တမျှ ငြိမ်သွားပြီးမှ လဲ့ကျစ်က ထပ်ပြောသည်။

"အန်းရွှယ်က တကယ်ကို မဆိုးပါဘူး"

လဲ့ကျစ်က ကျင့်ရှင်းအတွက် နှလုံးသားထဲမှ အမှန်တကယ် ပျော်ရွှင်နေမိခြင်းပင်။ သို့သော် ထိုစကားကို ကြားလိုက်ရသည့်အခါ ဘေးမှ အမျိုးသားဖြစ်သူက မျက်မှောင်ကြုတ်သွားပြီး မျက်နှာပျက်ပျက်ဖြင့် သူမကို ကြည့်လာခဲ့သည်။

“မဆိုးဘူး ဟုတ်လား”

‘ဇာတ်ပွဲကြည့်ရတာ ဒီလောက်တောင် စိတ်လှုပ်ရှားဖို့ လိုလို့လား....

မင်းက ဘာလို့ တခြားယောက်ျားကို ချီးကျူးနေရတာလဲ....

ဟက်...’

.......။.......။.......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : “ဒါပဲလား.... ငါက အစီအစဉ်တွေ အကုန်လုပ်ပေးထားတာကို အန်းရွှယ်ကိုပဲ ချီးကျူးနေတာလား... ဒါပဲလား.... ဒါပဲလား”

အခန်း ၈၅ ကျီစယ်ခြင်း

“အင်း... အာ!”

လဲ့ကျစ်က ရရှိထားသော ပျော်ရွှင်မှုအရှိန်ကြောင့် စိတ်လှုပ်ရှားကြည်နူးနေဆဲဖြစ်ကာ ဘေးနားရှိ အမျိုးသား၏ စကားလုံးများထဲတွင် မနာလိုဝန်တိုမှုများ ကိန်းအောင်းနေသည်ကို ချက်ချင်း သတိမထားမိလိုက်ချေ။ ခေတ္တမျှ ကြာမှသာ တစ်ခုခု မှားနေသည်ကို သူမ ရိပ်မိသွားပြီး ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည်။

ဟော်တူက ထုံးစံအတိုင်း ခပ်အေးအေး မျက်နှာပေးဖြင့် ရှိနေသော်လည်း သူ၏ နက်မှောင်သော မျက်ဝန်းများကတော့ သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေသည်။ ထိုအကြည့်၏ ဆိုလိုရင်းကို နားလည်သွားသည့် လဲ့ကျစ်က သူ၏အနားသို့ ခပ်မြန်မြန် တိုးကပ်သွားလိုက်သည်။

သို့သော် အခြေအနေက သူမ ထင်သလောက် မလွယ်ကူတော့ချေ။ ဟော်တူက သူမ၏ မျက်နှာလေးကို လှမ်းကိုင်လိုက်ပြီး ညင်သာစွာ ဆွဲလှည့်လိုက်ရင်း ပြောလာခဲ့သည်။

“မဆိုးဘူးဆိုရင်လည်း သူ့ကို နည်းနည်းလောက် ထပ်ကြည့်ဦးလေ”

သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ ဝမ်းနည်းနေသည့် လေသံဖြင့် တိုးတိုးလေး ထပ်ပြောလာပြန်သည်။

“ကံမကောင်းစွာနဲ့ပဲ... သူက တခြားသူနဲ့ သက်ဆိုင်နေပြီ”

သူ၏ စကားလုံးများကြောင့် ညချမ်း၏ လေထုမှာပင် ချဉ်တူးတူး အနံ့အသက်များ စိမ့်ဝင်နေသလို ခံစားရစေသည်။ လဲ့ကျစ်က သူ့အမူအရာကို သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။ သူမ၏ မျက်လုံးနှင့် မျက်ခုံးလေးများက ရွှင်မြူးစွာ တွန့်ကွေးသွားကြသည်။ သူမ ရယ်နေသည်ကို မြင်လိုက်ရသည့် ဟော်တူက သူ့လက်ကို ပြန်ချလိုက်ပြီး သူ့မျက်နှာက ပိုနက်မှောင်လာသည်။

ထိုအခြေအနေကို မြင်လိုက်ရသည့် လဲ့ကျစ်က သူ၏လက်မောင်းကို အလျင်အမြန် ပွေ့ဖက်လိုက်ပြီး အရည်လဲ့နေသော မြေခွေးမျက်ဝန်းလေးများဖြင့် သူ့ကို စိုက်ကြည့်နေလိုက်သည်။

“ဒါက ဘာလုပ်တာလဲ”

ဟော်တူ၏ လေသံက အေးစက်နေဆဲဖြစ်သော်လည်း အနည်းငယ် အံ့အားသင့်သွားပုံရသည်။

“ရှင့်ကို ကြည့်နေတာလေ”

လဲ့ကျစ်က နှုတ်ခမ်းလေးကို တွန့်ကွေးကာ ပြုံးလိုက်ပြီး ထပ်ပြောလိုက်သေးသည်။

“အရှင့်သား ပြောတာ မှန်ပါတယ်၊ ကျွန်မအတွက် တခြားသူတွေကို ကြည့်စရာ မလိုတော့ဘူး”

ထိုစကားက ဟော်တူကို အနည်းငယ် မှင်သက်သွားစေသည်။ သူမ၏ ပြုံးနေသော မျက်လုံးများက ပျားရည်စိမ်ထားသလို စိုစွတ်တောက်ပနေပြီး စကားလုံးများကလည်း အလွန် ချိုမြိန်လွန်းနေသည်။

သူက သူ့နှုတ်ခမ်းထောင့်မှ ပေါ်ထွက်လာတော့မည့် အပြုံးကို သူမ သတိမထားမိစေရန် ခေါင်းကို အခြားတစ်ဖက်သို့ အမြန်လှည့်လိုက်သည်။ သူ၏ ထိုသို့ အနေရခက်နေသည့် ပုံစံကို မြင်ရသော လဲ့ကျစ်၏ စိတ်အခြေအနေကတော့ ပိုမိုရွှင်လန်းသွားသည်။ သူမက အနည်းငယ် နီမြန်းနေသော သူ၏ နားရွက်ထိပ်လေးများကို ဆွဲရန် အနားသို့ တိုးကပ်လိုက်သည်။ ထိုအချိန်မှာပင် သူမ၏အနောက်နား သိပ်မဝေးသော နေရာမှ နူးညံ့သော ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။

ဟော်တူကလည်း ထိုအသံကို တစ်ချိန်တည်း ကြားလိုက်ရသဖြင့် သူတို့နှစ်ဦးလုံး လှည့်ကြည့်လိုက်ကြရာ ကျောက်ဟမ့်ချီက သူတို့ဆီသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

“အရှင့်သားထိုက်ဇီနဲ့ ထိုက်ဇီဖေးတို့ စိတ်အခြေအနေ တော်တော် ကောင်းနေကြပုံပဲ”

လဲ့ကျစ်ကတော့ အံ့အားသင့်နေရပြန်သည်။

'သူက ထွက်သွားပြီးမှ ဘာကြောင့် ပြန်လာတာပါလိမ့်'

တစ်ဖက်တွင်တော့ ဟော်တူက သူမထက် ပိုတည်ငြိမ်နေခဲ့သည်။ သူက အေးအေးလူလူ ပြန်ပြောလိုက်သည်။

“ဒီလို ပွဲကောင်းလေးကို ပြသပေးတဲ့အတွက် ကျောက်သခင်ကြီးကို ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား”

ကျောက်ဟမ့်ချီက ပြုံးလိုက်ပြီး ဟော်တူကို ပြန်တုံ့ပြန်လိုက်သည်။

“ကျွန်တော်မျိုးကသာ အရှင့်သားကို ကျေးဇူးတင်ရမှာပါ၊ နောင်မှာ တစ်စုံတစ်ရာ လိုအပ်ခဲ့ရင် ကျွန်တော်မျိုးဆီကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကို အချိန်မရွေး စေလွှတ်နိုင်ပါတယ်”

ထို့နောက် သူက လဲ့ကျစ်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ထပ်ပြောလိုက်သည်။

“ထိုက်ဇီဖေးအတွက်လည်း ထပ်တူပါပဲ”

လဲ့ကျစ်ကတော့ အံ့ဩရုံသာ တတ်နိုင်တော့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျင့်ရှင်းက အရှေ့နန်းတော်နှင့် မင်းသားစံအိမ်တို့တွင် ခိုလှုံပုန်းအောင်းနေခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် သူမ၏အစ်ကိုဖြစ်သူ ကျောက်ဟမ့်ချီက ဟော်တူအပေါ် ကျေးဇူးကြွေးတင်နေသည်ဟု ပြောလျှင် ကျိုးကြောင်းဆီလျော်ပေသည်။ သို့သော် သူမအတွက်ပါ အကူအညီပေးမည်ဆိုသည်ကတာ့ လက်ခံရခက်နေဆဲပင်။

လဲ့ကျစ်၏ သံသယများကို ရိပ်မိသွားဟန်ဖြင့် ကျောက်ဟမ့်ချီက ပေါ့ပေါ့ပါးပါး ရှင်းပြလာသည်။

“ကျွန်တော်မျိုးရဲ့ ညီမလေးကို သင်ကြားပြသပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ထိုက်ဇီဖေး”

လွန်ခဲ့သည့်နှစ်များအတွင်း မှတ်ဉာဏ်များ ပျောက်ဆုံးနေသော သူ၏ညီမငယ်လေးက တာ့ချီတိုင်းပြည်၏ အရှေ့နန်းတော်တွင် ဖုံးကွယ်နေထိုင်ခဲ့ရသည်။ သူမကို နန်းတွင်းအစေခံအချို့က အနိုင်ကျင့်နေခဲ့ကြသည်ကို သူ ပြန်သိခဲ့ရသော်လည်း ထိုစဉ်က ဘာမှမတတ်နိုင်ခဲ့ပေ။ တာ့လီတိုင်းပြည် ပျက်စီးပြီးနောက် မင်းသမီးလေးလဲ့ကျစ်က ဟော်တူကို လက်ထပ်ခဲ့ရပြီး မမျှော်လင့်ဘဲ ကျင့်ရှင်းကို သူမ၏ ကိုယ်ရေးကိုယ်တာအစေခံအဖြစ် တောင်းဆိုခဲ့သည်။

ကျောက်ဟမ့်ချီက ငယ်စဉ်ကတည်းက သံသယကြီးသူဖြစ်ရာ ထိုက်ဇီဖေး သူ့ညီမလေးကို အသုံးချမည်အား စိုးရိမ်သဖြင့် သူမကို လျှို့ဝှက်စောင့်ကြည့်ရန် လူ လွှတ်ခဲ့ဖူးသည်။ သို့သော် လဲ့ကျစ်က ကျင့်ရှင်းကို အသုံးချပြီး အန်းရွှယ်ဆီမှ မျက်နှာသာရရုံသာ ဆန္ဒရှိခဲ့ပြီး ကျင့်ရှင်းအပေါ် တစ်စုံတစ်ရာ အခွင့်ကောင်းယူခြင်း မရှိခဲ့ပေ။

ပိုအရေးကြီးသည်မှာ လဲ့ကျစ်က လူကို လူလို ရိုးရိုးသားသား ဆက်ဆံခဲ့ခြင်းပင်။ သူမ နောက်သို့ လိုက်ရသည့်အချိန်မှစ၍ ကျင့်ရှင်း၏ စိတ်အခြေအနေက သိသိသာသာ တိုးတက်လာကာ သူမ၏မျက်နှာထက်တွင်လည်း အပြုံးများ ပိုမိုများပြားလာခဲ့သည်။ ယခုဆိုလျှင် သူ၏ညီမလေးက ကိုယ်ပိုင်အတွေးအမြင်များ ရှိလာခဲ့ပြီး အားကိုးရာမဲ့သည့် နုနယ်သော မိန်းကလေး မဟုတ်တော့ပေ။

ကျောက်ဟမ့်ချီက တာ့ချီတိုင်းပြည်တွင် သူလျှိုများစွာ ထားရှိသဖြင့် လဲ့ကျစ်၏ အစီအမံများကို အနည်းနှင့်အများ သတိပြုမိခဲ့သည်။ ဟိုးယခင်ကတည်းက တာ့လီတိုင်းပြည်၏ မင်းသမီးလေး အလွန်လှပကြောင်း ကောလာဟလများကို ကြားဖူးသော်လည်း သူ သိပ်စိတ်မဝင်စားခဲ့ချေ။ သူမ၏ အလှတရားက သူ့ကို မဆွဲဆောင်နိုင်ခဲ့ချေ။

သို့သော် တာ့လီတိုင်းပြည် သိမ်းပိုက်ခံရပြီးနောက် သူမ၏ ပြုမူဆောင်ရွက်ပုံများနှင့် သူ၏ညီမလေးအပေါ် ကူညီခဲ့မှုများက သူ့အား စူးစမ်းလိုစိတ် ပြင်းပြလာစေခဲ့သည်။ ထို့ကြောင့် ယခုတစ်ကြိမ် ဟွာရှီမြို့သို့ သူ ရောက်လာခြင်းက ညီမဖြစ်သူ၏ကိစ္စများအပြင် ဤမင်းသမီးဟောင်းလေးကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုသောကြောင့်လည်း ဖြစ်သည်။

ထိုနေ့က ရှန့်ယန်မြို့အပြင်ဘက်တွင် ကောင်းကင်တစ်ခုလုံး ဝါကျင့်ကျင့် သဲဖုန်များ ဖုံးလွှမ်းနေချိန် မြို့တံခါးဝ၌ ခွန်အားကြီးမားသော စစ်သည်တော်များကို ဦးဆောင်နေသည့် သူမ၏ မယိမ်းယိုင်သောပုံစံက သူ၏စိတ်ထဲတွင် စွဲမြဲနေခဲ့သည်။ ထိုအမျိုးသမီးက လှပရုံသာမက ကျက်သရေလည်း ရှိလွန်းနေသည်။ လူအများ ပြောနေကြသည့် သူမ၏အကြောင်းက အပေါ်ယံမျှသာဖြစ်ကြောင်း သူ လက်တွေ့မြင်ခဲ့ရသည်။

တောက်ပသော လရောင်အောက်တွင် ဟော်တူနှင့် လဲ့ကျစ်တို့ နှစ်ဦးသား ရယ်မောနေကြသည်ကို ကြည့်ရင်း ကျောက်ဟမ့်ချီ၏ ရင်ထဲတွင် သက်ပြင်း မချဘဲ မနေနိုင်ခဲ့ပေ။

'နှမြောလိုက်တာ... တကယ်ကို နှမြောစရာပါပဲ'

လဲ့ကျစ်ကို မြင်တွေ့ရပြီး သူ သူမကို သဘောကျကာ စိတ်လှုပ်ရှားမိကြောင်း ကျောက်ဟမ့်ချီ ဝန်ခံနိုင်သည်။ သို့သော် သူ၏ စိတ်ခံစားမှုသက်သက်ကြောင့် တာ့ချီတိုင်းပြည်နှင့် ရန်သူဖြစ်ရခြင်းကတော့ ယုတ္တိမရှိပေ။ သူက ထိုကဲ့သို့သော မိုက်မဲသည့်အပြုအမူမျိုးကို ဘယ်တော့မှ လုပ်မည့်သူ မဟုတ်ပေ။

'ဒါ့အပြင်... ငါ့အနားမှာ ဘယ်သူမှ ရှိမနေသင့်ဘူး။ ငါက တစ်သက်လုံး တစ်ယောက်တည်း လျှောက်လှမ်းရမယ့်သူပဲ'

ကျောက်ဟမ့်ချီက သူ၏စိတ်ထဲတွင် မဖြစ်သင့်သော မရေရာသော ခံစားချက်အားလုံးကို အတင်းအကျပ် ဖယ်ရှားလိုက်ရင်း တည်တည်ငြိမ်ငြိမ် ထပ်ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်”

ဟော်တူက ဘာအမူအရာမှမပြဘဲ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်သော်လည်း လဲ့ကျစ်ကတော့ ယဉ်ကျေးပျူငှာသော အပြုံးဖြင့် သူ့ကို ပြန်နှုတ်ဆက်လိုက်သည်။ ထွက်ခွာသွားသော ကျောက်ဟမ့်ချီ၏ ကျောပြင်ကို ကြည့်ရင်း လဲ့ကျစ်၏ စိတ်ထဲတွင် ပဟေဠိတစ်ခု ဖြစ်နေလေသည်။

တာ့ကျင်းမှ လူများက ယုအာကို အသုံးချရန် ရည်ရွယ်ချက်ဖြင့် သူမ၏ ယောင်းမကို လာရှာခဲ့ဖူးသည်။ ထို့အပြင် ရှန့်ယန်မြို့၌ ဟော်တူကို လုပ်ကြံရန် လင်းဝမ်နင်နှင့် ပူးပေါင်းခဲ့သည်ကိုလည်း သူမ သတိရမိသွားပြန်သည်။ သို့သော် ယခုတွေ့ရသော ကျောက်ဟမ့်ချီကတော့ ထိုကဲ့သို့ ရည်ရွယ်ချက်ဆိုးရှိပုံ မပေါ်ပေ။

“ထူးဆန်းတယ်...”

လဲ့ကျစ်က မျက်မှောင်လေးကြုတ်ကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည်။

ဟော်တူက သူမ၏ စိတ်ထဲမှ ရှုပ်ထွေးမှုများကို ရိပ်မိသွားပြီး ရှင်းပြလာသည်။

“လင်းဝမ်နင်နဲ့ လက်တွဲခဲ့တဲ့သူက ကျောက်ဟမ့်ချီရဲ့ အဖေ... ကျောက်လင်ပဲ”

လဲ့ကျစ်က ကျောက်မိသားစု၏ ရှုပ်ထွေးလှသော ပတ်သက်မှုများကို နားမလည်နိုင်သဖြင့် အံ့အားသင့်ကာ မျက်လုံးလေးများ ပြူးသွားရသည်။

“အစကနေ အဆုံးအထိ ပုန်ကန်ဖို့ ရည်ရွယ်ခဲ့တာက ကျောက်လင်ပဲ”

ရှားရှားပါးပါး ရှုပ်ယှက်ခတ်နေသည့် အမူအရာလေး ဖြစ်နေသော သူ့မြေခွေးမလေးကို မြင်လိုက်သောကြောင့် ဟော်တူက သဘောကျနေပြီး ပြုံးလိုက်ကာ သူမ၏ ပါးလေးကို ညင်ညင်သာသာ ဆွဲညှစ်လိုက်သည်။

“အဲ့လိုမဟုတ်ရင် ဧကရာဇ်အိုကြီးနဲ့ အားနည်းနေသေးတဲ့ မင်းသားငယ်လေးပဲ ရှိတဲ့ တာ့ကျင်းတိုင်းပြည်က အခုထိ ဘယ်လိုကြောင့် လုံခြုံနေရတယ်လို့ မင်းထင်လဲ”

ထိုအခါမှသာ လဲ့ကျစ်လည်း အလုံးစုံကို သဘောပေါက်သွားတော့သည်။ အမှန်စင်စစ်တွင် ဤအရာအားလုံးက ကျောက်ဟမ့်ချီကြောင့် ဖြစ်သည်။ ကောလာဟလများအတိုင်း ကျောက်မိသားစု တော်လှန်ရန် ကြံစည်နေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ကျောက်လင်ကိုယ်တိုင်လည်း သူ၏တစ်ဦးတည်းသောသားက ဧကရာဇ်အပေါ် သစ္စာစောင့်သိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ကျောက်ဟမ့်ချီက ကိုယ်ခံပညာ မတတ်ကျွမ်းသော်လည်း သူ၏ဉာဏ်ပညာက သူ၏အဖေပင် မယှဉ်နိုင်သော အနေအထားတွင် ရှိနေခဲ့သည်။ ထို့ကြောင့်ပင် သူ၏အဖေက အခြားတိုင်းပြည်များနှင့် ပေါင်းစည်းရန် ကြိုးပမ်းခဲ့ရခြင်း ဖြစ်သည်။

အဝေးသို့ လျှောက်လှမ်းသွားသည့် ပုံရိပ်က တဖြည်းဖြည်း မှုန်ဝါးသွားသည်။ ဟော်တူက မျက်တောင်များကို ပင့်တင်လိုက်ကာ သူ၏မျက်ဝန်းများက ပိုမဲမှောင်နက်ရှိုင်းသွားသည်။ ယခုန ကျောက်ဟမ့်ချီ၏ မျက်လုံးများထဲမှ အဓိပ္ပာယ်ကို သူ ကောင်းကောင်းနားလည်ခဲ့သော်လည်း ကံကောင်းစွာဖြင့် ထိုလူက အချိန်မီ ရပ်တန့်သွားခဲ့သည်။

ထိုလူက လဲ့ကျစ်ကို သဘောကျနေသည်အား ဟော်တူ လုံးဝ မအံ့သြပေ။

'ငါ့ရဲ့ မြေခွေးမလေးကို ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ'

သို့သော် သူတို့အနေဖြင့် သူမကို နှစ်သက်ရုံမျှသာ ခွင့်ပြုနိုင်သည်။ အကယ်၍ အခြားသော မသင့်တော်သည့် ရည်ရွယ်ချက်များ ရှိလာပါက သူတို့ သေခြင်းတရားနှင့်သာ ချစ်ကြည်မှုအပြည့် ရင်ဆိုင်ကြရပေလိမ့်မည်။

'ကျောက်ဟမ့်ချီက ထက်မြက်တဲ့သူမလို့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သေချာချိန်ဆနိုင်ခဲ့တာ ကံကောင်းတယ်လို့ ပြောရမယ်'

ထိုသို့တွေးမိရင်း ဟော်တူက ရုတ်တရက် ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

'ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ချိန်ဆတယ်တဲ့လား...'

'လူတစ်ယောက်က အခြားတစ်ယောက်ကို တကယ်ချစ်မိသွားရင် နှလုံးသားတစ်ခုလုံးက အဲ့ဒီလူနဲ့ပဲ ပြည့်နှက်နေတော့မှာလေ။ အဲဒီလို အခြေအနေမျိုးမှာ ဘယ်လိုစိတ်နဲ့များ အမြတ်နဲ့ အရှုံးကို တွက်ချက်နိုင်ဦးမှာလဲ'

ဟော်တူ အန်းရွှယ်ကို ကျွန်ဈေးမှ ခေါ်ဆောင်လာစဉ်က သူနှင့် ကျင့်ရှင်း၏ နောက်ခံကို သိပ်ဂရုမစိုက်ခဲ့ပေ။ သို့သော် ကျင့်ရှင်း လဲ့ကျစ်၏အနားသို့ ရောက်သွားသည့်အချိန်မှစ၍ သူ အသေးစိတ် စုံစမ်းစစ်ဆေးခဲ့သည်။

'ငါ့ရဲ့ မြေခွေးမလေးအနားမှာ ဖုံးကွယ်ထားတဲ့ အန္တရာယ်မှန်သမျှကို ငါ ဘယ်လိုနည်းနဲ့မှ အရှိခံမှာ မဟုတ်ဘူး'

ကျောက်ဟမ့်ချီက သူ၏ညီမလေးကို စောင့်ကြည့်ရန် လူလွှတ်ထားသည်ကို ဟော်တူ သိနေသော်လည်း သူ တမင် လွှတ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လွှတ်ပေးထားရသည့် အကြောင်းရင်းက အမှန်တရားတစ်ခုကို သူ ကြိုတင်မြင်နိုင်ခဲ့သောကြောင် ဖြစ်သည်။ ကျောက်ဟမ့်ချီက ရန်သူအဖြစ် ထားရှိရန်ထက် မိတ်ဆွေဖွဲ့ရန် ပိုသင့်တော်သောသူ ဖြစ်သည်။

သူ့ထံတွင် ကိုယ်ခံပညာ အရည်အချင်း မရှိသော်လည်း တာ့ကျင်းတိုင်းပြည်အတွင်းရှိ ထိပ်သီးကိုယ်ခံပညာရှင်များစွာကို သူ၏လျှို့ဝှက်ကိုယ်ရံတော်များအဖြစ် ကြည်ကြည်ဖြူဖြူ အမှုထမ်းစေနိုင်ခြင်းကပင် သူ၏ နက်နဲသိမ်မွေ့သော အကြံအစည်များကို သက်သေပြနေသည်။ မဝေးတော့သောအနာဂတ်တွင် ကျောက်ဟမ့်ချီက ဖခင်ဖြစ်သူ ကျောက်လင်ကို အနိုင်ယူပြီး ဧကရာဇ်ငယ်ကို ကူညီပြီး တာ့ကျင်းတိုင်းပြည်အတွက် အမိန့်အာဏာသစ်တစ်ခု ထူထောင်နိုင်မည်ကို ဟော်တူ သေချာပေါက် ခန့်မှန်းသိမြင်နိုင်သည်။

ယခုအခါ သူက တာ့နင်တိုင်းပြည်နှင့် မဟာမိတ်ဖွဲ့နိုင်ရုံသာမက ကျောက်ဟမ့်ချီ၏ ရှေ့တွင်လည်း မျက်နှာသာရရှိခဲ့ပြီ ဖြစ်သည်။ ဤအချက်များက သူ၏အနာဂတ်အစီအစဉ်များကို ပိုမိုချောမွေ့စေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“ကြည့်နေတုန်းလား”

“အိုး...”

လဲ့ကျစ်က ကျောက်ဟမ့်ချီနှင့် တာ့ကျင်းတိုင်းပြည်အကြားရှိ အရှုပ်အထွေးများကို တွေးတောနေဆဲဖြစ်ရာ ဟော်တူ၏အမေးကို ကြားလိုက်ရသောကြောင့် ခေတ္တမျှ အံ့အားသင့်သွားရသည်။ သူမ သူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက် ညအမှောင်ထဲတွင် တစ်ယောက်ကိုတစ်ယောက် ချိုမြိန်စွာ ပွေ့ဖက်ကာ နဖူးချင်းတိုက်ပြီး စကားပြောနေကြသော စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။

ဆက်ကြည့်နေလျှင် မလေးစားရာ ကျတော့မည် ဖြစ်သောကြောင့် လဲ့ကျစ်၏ နှင်းဖြူရောင် ပါးပြင်လေးများ နီမြန်းလာပြီး သူ၏အင်္ကျီလက်ကို အမြန်ဆွဲခေါ်လိုက်သည်။

“မကြည့်နဲ့တော့... ပြန်ကြမယ်”

သို့သော် သူတို့ကို ခေါ်ဆောင်လာသည့် ရထားလုံးက အလွန်ထင်ရှားလွန်းနေသဖြင့် လူမသိစေရန် မောင်းသူကို အရင် ပြန်လွှတ်ထားခဲ့ရသည်။ ယခုတော့ ခြေလျင်ပြန်ရမည့်ပုံ ဖြစ်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဟွာရှီမြို့က မြို့ငယ်လေးသာ ဖြစ်ပြီး မြို့စွန်နှင့်လည်း သိပ်မဝေးလှချေ။

လဲ့ကျစ် စိတ်ပျော်နေ၍လည်း ဖြစ်ကောင်းဖြစ်နိုင်သလို ယနေ့ည၏ လရောင်က အလွန် နူးညံ့ပျော့ပျောင်းနေသည်ဟု သူမ ခံစားနေရသည်။ သူမက အေးမြသော လရောင်ကို အသုံးချကာ ဟော်တူ၏ ညာဘက်ခြေထောက်ကို ဂရုတစိုက် ငုံ့ကြည့်လိုက်သည်။ သူက အတိတ်ကကဲ့သို့ အားနည်းသည့် အရိပ်အယောင်မျိုး မရှိတော့ဘဲ တစ်လှမ်းချင်းစီကို ခိုင်မာစွာ လျှောက်လှမ်းနေသည်။

သူမ၏ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားပြီး အပြုံးလေးက ပိုပီပြင်လာသည်။ ညလေနုအေးထဲတွင် လမ်းလျှောက်နေရင်း သူမ၏ နှလုံးသားထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြန်သည်။

“အိုး... အား”

လဲ့ကျစ်က တမင် ယိမ်းထိုးလိုက်ကာ ညည်းညူလိုက်သည်။

“ခြေထောက်က ကျင်လာပြီ”

ဟော်တူက သူမ၏ ညံ့ဖျင်းလွန်းသော သရုပ်ဆောင်မှုကို ကြည့်ကာ စိတ်ရှုပ်သလို ဖြစ်သွားသော်လည်း အလိုက်တသိဖြင့် သူမကို ဆုပ်ကိုင်ပေးလိုက်သည်။ သူက သူမ၏ ရည်ရွယ်ချက်အတိုင်း လိုက်လျောပေးကာ သူမ၏ရှေ့တွင် ကျောပေးပြီး ထိုင်ချလိုက်ကာ တစ်ခွန်းတည်း ပြောလိုက်သည်။

“တက်”

“အင်း”

လဲ့ကျစ်၏ မျက်နှာထက်တွင် အောင်နိုင်သူတစ်ဦးကဲ့သို့ အပြုံးများ ဝေဆာသွားပြီး သူမ ဆန္ဒအတိုင်း သူ၏ကျောပြင်ပေါ်သို့ ခုန်တက်လိုက်လေသည်။

ဟော်တူက သူမကို ကျောပေါ်တင်ထားရင်း တောလမ်းအတိုင်း ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူမကို သယ်ပိုးထားသော်လည်း သူ၏ခြေလှမ်းများက ယိုင်နဲ့ခြင်းမရှိဘဲ ခိုင်မာမှန်ကန်နေဆဲဖြစ်ရာ လဲ့ကျစ်၏ စိုးရိမ်စိတ်များလည်း ပျောက်ကွယ်ပြီး စိတ်အေးသွားရသည်။

ဇီးပန်းပင်များရှိရာ တောအုပ်လေးကို ဖြတ်သန်းစဉ် သူမက နီရဲနေသည့် ဇီးပန်းအကိုင်းအခက်လေးတစ်ခုကို အမိအရ ချိုးယူလိုက်သည်။

“လှလား...”

သူမက ဇီးပန်းကိုင်းလေးကို သူ့မျက်လုံးရှေ့တွင် ဝေ့ယမ်းပြကာ မေးလိုက်ပြန်သည်။

“ဒါလေးကို အိမ်ပြန်ယူသွားပြီး ကျွန်မတို့အိပ်ခန်းထဲက ပန်းအိုးထဲမှာ ထည့်ထားရအောင်နော်”

ယနေ့က လဲ့ကျစ်အတွက် အလွန်ပျော်စရာကောင်းသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။ လူတို့၏ သဘာဝအရ ထိုကဲ့သို့သော ပျော်ရွှင်မှုမျိုးကို အချိန်အတော်ကြာအောင် ဆုပ်ကိုင်ထားချင်ကြသည်သာ ဖြစ်သည်။ နောင်တစ်ချိန်တွင် ဤဇီးပန်းကိုင်းလေးကို ပြန်မြင်ရုံဖြင့် ယခုအချိန်တွင် ခံစားနေရသော ကြည်နူးမှုများကို ပြန်လည်အောက်မေ့နိုင်လိမ့်မည်ဟု သူမ တွေးနေခြင်းဖြစ်သည်။

“အင်း...”

ဟော်တူ၏ အသံထဲတွင်လည်း အပြုံးရိပ်များ ထင်ဟပ်နေသည်။

လဲ့ကျစ်၏ မျက်လုံးလေးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေစဉ် သူမ၏ မျက်ဝန်းထောင့်မှတစ်ဆင့် သူ့နားရွက်ထိပ်လေးများက ယခင်ကထက် ပို၍ နီရဲနေသည်ကို မြင်လိုက်ရသည်။ သူမ သိချင်စိတ်ဖြင့် လက်ချောင်းလေးများဖြင့် ထိုနားရွက်လေးကို အသာအယာ ဆွဲညှစ်ကြည့်လိုက်ရာ နွေးထွေးသော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။

လဲ့ကျစ်က ကလေးတစ်ယောက်လို ပျော်ရွှင်သွားပြီး သူ၏နားရွက်နှစ်ဖက်လုံး နီရဲတက်လာသည်အထိ ခပ်ဖွဖွလေး ဆက်တိုက် ဆွဲညှစ်နေတော့သည်။

“လဲ့ကျစ်...”

ဟော်တူ၏ အသံက အနည်းငယ် အက်ရှနေပြီး သူမကို ဟန့်တားနေသည်။

“မကျီစယ်နဲ့တော့”

လဲ့ကျစ် ငုံ့ကြည့်လိုက်ချိန်တွင် သူ၏မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်ရွံ့နေသည့် အရိပ်အယောင်ကို တွေ့လိုက်ရသည်။ သူမ ချက်ချင်း ဝမ်းသာအားရဖြစ်သွားပြီး ပို၍ပင် ဆိုးသွမ်းလိုစိတ်များ ပေါ်လာရသည်။ ဤတစ်ကြိမ်တွင်တော့ သူမက လက်ဖြင့်မညှစ်တော့ဘဲ သူမ၏မျက်နှာကို သူ၏နားနားသို့ တိုးကပ်လိုက်ကာ နူးညံ့လှသော နှုတ်ခမ်းလွှာလေးများဖြင့် သူ၏နားရွက်ကို ညင်သာစွာ ထိတွေ့လိုက်သည်။

ခဏမျှ ကစားပြီးနောက် ဟော်တူ၏ နားရွက်များက တဖြည်းဖြည်း ပူတက်လာပြီး သူ၏လည်ပင်းတစ်လျှောက်တွင်လည်း အနီရောင်အလွှာများ စွန်းထင်လာသည်။

သူ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သူက ခေါင်းကို အနည်းငယ် ပြန်လှည့်ကာ မေးလာပြန်သည်။

“မင်း... ဒီလောက်ထိ ရဲတင်းနေတာလား၊ ဒီနေရာမှာတင် ကိုယ် မင်းကို ဘာမှမလုပ်ဘူးလို့ ထင်နေတာလား”

ထိုစကားကို ကြားလိုက်ရသည်နှင့် လဲ့ကျစ်၏ နှလုံးသားလေး ဒိန်းခနဲ တုန်သွားရသည်။ သူမက သူ၏လည်ပင်းကို ထိတ်လန့်တကြားနှင့် ရှက်ရွံ့စွာ ဖက်တွယ်လိုက်ရင်း တိုးတိုးလေး ဝန်ခံလိုက်သည်။

“ကျွန်မ မှားပါတယ်...”

ဟော်တူ ရှေ့သို့ ဆက်လျှောက်နေချိန်မှသာ လဲ့ကျစ်လည်း သက်ပြင်းချနိုင်သွားသည်။ ခုနက သူမ လုပ်ခဲ့သည့် အပြုအမူများကို ပြန်တွေးမိပြီး ဆက်စနောက်ရန်ပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ သူမက သူမ၏ခေါင်းကို သူ့ပခုံးပေါ်သို့ မှီချလိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ကျွန်မကို အောက်ပြန်ချပေးတော့... ခြေထောက်က မကျင်တော့ဘူး။ တောင်းပန်ပါတယ်နော်”

သို့သော် ဟော်တူက မရပ်ဘဲ ရယ်မောလိုက်သည်။ ဤအရာအားလုံးကို သူ ဟိုးအရင်ကတည်းက ရိပ်မိနေပုံရပြီး လဲ့ကျစ်ကလည်း ပြုံးနေကာ သူ့ကို ပိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။

“လဲ့ကျစ်...”

“ရှင်...”

သူက အပြုံးဖြင့် မှတ်ချက်ပေးလာခဲ့သည်။

“မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က တကယ်ကို ညံ့လွန်းတယ်”

လဲ့ကျစ်က မကျေမနပ် နှာမှုတ်လိုက်သည်။ သူမ၏ မျက်ဝန်းလေးများက အကြံတစ်ခုဖြင့် လှုပ်ရှားသွားကာ သူ၏ နားရွက်ဖျားလေးကို ကိုက်ရန် တိတ်တဆိတ် ငုံ့ကြည့်လိုက်သည်။

'သူ သူမကို ကိုက်ခဲ့တုန်းကလိုမျိုးပေါ့...'

ဤတစ်ကြိမ်တွင်တော့ ဟော်တူ၏မျက်နှာက လုံးဝ မဲမှောင်သွားပြီး သူ့မျက်ဝန်းထဲမှ အရောင်များကလည်း ပို၍ နက်ရှိုင်းလာသည်။ သူက ရုတ်တရက် အရှိန်မြှင့်ကာ ခပ်မြန်မြန် လျှောက်လှမ်းလိုက်ရင်း တိုးတိုးလေး သတိပေးလိုက်သည်။

“သေချာပြီလား...”

‘သူမက တကယ်ကို လွန်လွန်းနေပြီ မဟုတ်ဘူးလား။’

လဲ့ကျစ်ကတော့ ယနေ့ညတွင် သူမ လွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်။

‘အခု ရပ်လိုက်ရင်တောင်မှ သူက လွှတ်ပေးမှာ မဟုတ်ဘူး။ ဒီအခြေအနေမှာ ခဏလောက်ဆက်ပြီး ကစားတာက ပိုကောင်းပါတယ်’

ထို့ကြောင့် သူမက နှုတ်ခမ်းလေးကို သူ့လည်ပင်းနားသို့ ရွှေ့လိုက်ပြီး အားရပါးရ နမ်းလိုက်သည်။

.......။.......။.......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ကျစ်ကျစ် : “စိတ်လှုပ်ရှားစရာကောင်းလိုက်တာ......”

ဟော်တူ : “အင်း.... ဟုတ်တယ်” (မချိုမချဥ်အပြုံးဖြင့်)

All Chapters