← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း ၈၉ လနှင့်ကြယ်များ

နောက်ဆုံးတွင်မူ သူတို့နှစ်ဦး တစ်ခုချင်းစီ ခွဲမလုပ်တော့ဘဲ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်လိုက်ကြသည်။

ဟော်တူ ပူနွေးသော စမ်းရေကန်ထဲမှ သူမ၏ နူးညံ့ပျော့ပျောင်းသော ခန္ဓာကိုယ်လေးကို ပွေ့ချီထုတ်လာချိန်တွင် လဲ့ကျစ် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းကာ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သူမ၏ လက်ချောင်းလေးများက သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားပြီး ခြေထောက်များကလည်း သူ့ခါးတွင် ရစ်ပတ်ထားဆဲပင်။ သူမ၏မေးစေ့လေးကို သူ့ပုခုံးပေါ် မှီတင်ထားရင်း ပျင်းရိသော ကြောင်လေးတစ်ကောင်နှယ် သူ့ကိုယ်ပေါ်တွင် ချိတ်ဆွဲကပ်ပါလာသည်။

နှစ်ယောက်သား တစ်သားတည်းကျနေသကဲ့သို့ နီးကပ်စွာ ပွေ့ဖက်ထားကြသော်လည်း လဲ့ကျစ်၏ စိတ်ထဲတွင် ရှက်ရွံ့ထိတ်လန့်နေဆဲပင်။ သူမတို့ကြားတွင် ရင်းနှီးမှုအမျိုးမျိုး ရှိခဲ့ဖူးသော်လည်း ယခုထိ ရှိုးတိုးရှန့်တန့် ဖြစ်နေသေးသည်။

“ကျွန်မကို... ညဝတ်အင်္ကျီ ဝတ်ပေးပါဦး...”

သူမက တိုးတိုးလေး ကပ်ပြောလိုက်သည်။ ဟော်တူက သူမကို လက်တစ်ဖက်ဖြင့် ပွေ့ချီထားပြီး ကျန်လက်တစ်ဖက်က သူမ၏ ကျောပြင်လေးကို မတင်ထားပေးသည်။ သူမ၏ စကားကို ကြားလိုက်ရချိန်တွင် သူက လက်ကို မြှောက်ပြီး သူမ၏ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။

“တကယ်ပဲ လိုအပ်လို့လား”

သူ၏ အသက်ရှူသံက သူမ၏ လည်ပင်းသားလေးကို လာရောက်ထိတွေ့ကာ ယားကျိကျိ ဖြစ်နေစေသည်။

“ခဏနေရင် ကိုယ် ပြန်ချွတ်ပေးနေရဦးမယ်”

လဲ့ကျစ်၏ မျက်နှာလေး ရုတ်ချည်း နီမြန်းပူနွေးသွားကာ လက်ဖဝါးလေးများကို တင်းတင်းဆုပ်လိုက်မိသည်။ သူမ၏ လက်သည်းများက သူ့ကျောပြင်ထဲသို့ စိုက်ဝင်သွားသည်။

“ဟူး...”

သူမ၏ နားထဲတွင် ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး သူမ၏နှလုံးခုန်သံကလည်း ဒိတ်ခနဲ စောင့်တက်သွားသည်။ သူမ ငုံ့ကြည့်လိုက်မိချိန်တွင် သူ့ကျောပြင်ဖြူဖြူပေါ်၌ ရှည်လျားပါးလွှာသော အနီရောင် ကုတ်ခြစ်ရာများနှင့် မှိန်ဖျော့ဖျော့ အမှတ်အသားများကို တွေ့လိုက်ရသည်။ အေးစက်ပြီး ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသည့် ကျောပြင်ပေါ်တွင် ထိုအနီကွက်လေးများက ပုံနှိပ်ထားသကဲ့သို့ ထင်ရှားနေလေသည်။ အားလုံးက သူမ ကုတ်ခြစ်ထားခဲ့သည့် အရာများ ဖြစ်သည်။

“လဲ့ကျစ်... မင်းက တကယ့် ကြောင်လေးပဲ...”

ကျေနပ်အားရနေသော သူ၏ လေသံကြောင့် လဲ့ကျစ် ပိုအပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမက လက်ဖဝါးလေးကို ဖြန့်ကာ ထိုအနီကွက်လေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ဟော်တူက သူမကို ကျီစယ်ရသည်အား ပျော်ရွှင်နေသော်လည်း သူမကို အသာအယာ သယ်ဆောင်သွားပြီး စားပွဲရှည်ပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူမ ဝတ်ရန် ညဝတ်အင်္ကျီ ထုတ်ယူပေးနေသည်။

“ရှင်လည်း ဝတ်လေ...”

လဲ့ကျစ်က အင်္ကျီထောင့်စွန်းကို တင်းတင်းဆုပ်ကိုင်ထားရင်း ရှက်ရွံ့လွန်းသောကြောင့် သူ့ကို လှည့်မကြည့်ရဲဘဲ အကြည့်လွှဲကာ လှမ်းပြောလိုက်သည်။ ဟော်တူက ခပ်တိုးတိုး အသံပြုကာ ဘေးရှိ အတွင်းခံအဝတ်များကို ကောက်ကိုင်ပြီး အေးအေးသက်သာ ဝတ်ဆင်လိုက်သည်။ သူမ ခေါင်းလေးစောင်းကာ ခိုးကြည့်နေသည်ကို တွေ့လိုက်ရချိန်တွင် သူက အပြုံးဖြင့် ပြောလာခဲ့သည်။

“မင်း နောက်ထပ် လှည့်ကြည့်နေရင် လည်ပင်းလိမ်သွားလိမ့်မယ်နော်”

လဲ့ကျစ်က ချက်ချင်း ခေါင်းပြန်လှည့်လိုက်ပြီး ချောင်းနှစ်ချက်ခန့် ဟန့်လိုက်သည်။ ပတ်ဝန်းကျင် လေထုက နွေးထွေးစိုစွတ်နေပြီး ဆွဲဆောင်မှုရှိသော ရနံ့အချို့ကလည်း ဝေ့ဝဲနေဆဲပင်။ လဲ့ကျစ်က ဤနေရာတွင် ဆက်မနေချင်တော့သဖြင့် လက်နှစ်ဖက်ကို ဖြန့်ကာ ဟော်တူကို တစ်ချက် မျက်စိမှိတ်ပြရင်း ပွေ့ချီရန် အချက်ပြလိုက်သည်။

“လမ်းတောင် မလျှောက်နိုင်တော့ဘူးလား”

ဟော်တူက သူမ၏ နားရွက်လေးကို ခပ်ဖွဖွလေး ဖိညှစ်လိုက်ရင်း ကျီစယ်လိုက်သည်။ သူက သူမကို ပွေ့ချီရန် အစီအစဉ်မရှိဘဲ ရပ်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် လဲ့ကျစ်က ကမ်းပေးထားသော လက်များကို ပြန်ရုပ်လိုက်သည်။ ထို့နောက် သူ့ကို မကျေမနပ် စိုက်ကြည့်ရင်း ဒေါသတကြီး ပြန်ပြောလိုက်သည်။

“ခုန ကျွန်မရဲ့ ခြေထောက်တွေကို ဆွဲထားတာ ဘယ်သူလဲ...”

ဟော်တူက ရယ်မောလျက် သူမ၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး ကိုယ်ကိုကိုင်းကာ သူမကို အလျားလိုက် ပွေ့ချီလိုက်သည်။ ထို့နောက် သူမ၏ နဖူးကို သူ၏ နဖူးနှင့် ထိကပ်ကာ တရင်းတနှီး စိုက်ကြည့်နေရင်း နှုတ်ခမ်းထောင့်များကို တွန့်ကာ ပြန်ပြောလာသည်။

“လူလိမ်မလေး...”

လဲ့ကျစ်က လိမ္မာပါးနပ်စွာ ပြုံးလိုက်ပြီး သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် သိုင်းဖက်ကာ ပျော်ပျော်ရွှင်ရွှင် မှီချလိုက်သည်။ ဟော်တူက သူမကို ပွေ့ချီထားရင်း ဒုတိယထပ်သို့ ‌အေးအေးဆေးဆေး လျှောက်လှမ်းနေသည်။

နာကျင်ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်လေး နူးညံ့သည့် ကုတင်ပေါ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် လဲ့ကျစ်က မျက်လုံးများကို မှိတ်ချလိုက်ပြီး ကျေနပ်စွာ ညည်းတွားလိုက်သည်။ သူမ၏ ဘေးနားသို့ လူတစ်ယောက် လဲလျောင်းလိုက်သည်ကို ခံစားလိုက်ရသဖြင့် သူမက သူ့ဘက်သို့ ဂရုတစိုက် တိုးကပ်သွားကာ တိုးတိုးလေး ရေရွတ်လိုက်ပြန်သည်။

“ပင်ပန်းလိုက်တာ...”

သို့သော် သူမ၏ လက်ကလေးများ ဆုပ်ကိုင်ခံထားရဆဲဖြစ်ကာ သူက နူးညံ့သိမ်မွေ့သော်လည်း ငြင်းဆန်၍မရသော ဆွဲငင်အားတစ်ခုဖြင့် လဲ့ကျစ်ကို သူ၏ ရင်ခွင်ထဲသို့ ထပ်မံဆွဲသွင်းလိုက်ပြန်သည်။

“အာ...”

လဲ့ကျစ်က မသိစိတ်ဖြင့် သူ့ကို ပြန်တွန်းထုတ်ရင်း ညည်းတွားလိုက်သည်။

“ရှင်ကတော့... တော်တော်ကို စိတ်အနှောက်အယှက် ပေးတာပဲ”

ဟော်တူက သူမကို ညင်သာစွာ ငုံ့ကြည့်လိုက်ပြီး သူမ၏ ခေါင်းလေးကို တည့်မတ်စေကာ အမိန့်ပေးသံ ခပ်ပျော့ပျော့ဖြင့် ပြောလာပြန်သည်။

“မျက်လုံး ဖွင့်ကြည့်လိုက်”

အမှန်စင်စစ် လဲ့ကျစ် လုံးဝ အိပ်ငိုက်ခြင်း မရှိသေးပေ။ သို့သော် ဟော်တူက သူမကို ထပ်မံနှောင့်ယှက်မည်ကို စိုးရိမ်သောကြောင့် အိပ်ငိုက်ချင်ယောင်ဆောင်ကာ မျက်လုံးများကို တမင်တကာ မှိတ်ထားခြင်း ဖြစ်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင်မှ သူမ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဝင်းပတောက်ပနေသော လမင်းကြီးနှင့် ကောင်းကင်တစ်ခွင်လုံးတွင် ပြန့်ကြဲနေသည့် ကြယ်ပွင့်လေးများက သူမ၏ မျက်ဝန်းထဲ၌ အရိပ်ထင်လာသည်။

လဲ့ကျစ် ခဏတာမျှ မှင်သက်သွားရပြီး စိတ်ကူးယဉ် အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေသည်ဟုပင် ထင်မှတ်လိုက်မိသည်။ သို့သော် သူမရှေ့ရှိ အရာအားလုံးက လက်တွေ့ဆန်လွန်းလှသည်။

“မင်း ကြိုက်ရဲ့လား”

ဟော်တူ၏ မျက်လုံးများက သူမ၏ မျက်နှာပေါ်တွင် အမြဲရှိနေခဲ့သည်။ သူမ၏ အံ့အားသင့်နေသော ချစ်စဖွယ် အမူအရာလေးကို စိုက်ကြည့်နေရင်း သူ၏ မျက်ဝန်းနက်နက်များတွင် အပြုံးတစ်ခု ပေါ်လာသည်။

‘သူမကြိုက်... မကြိုက် မေးနေပေမယ့် သူ သေချာသိနေပါပြီ...’

‘သူမ သဘောကျမှာ သေချာပါတယ်။’

ထိုနေ့က သူမနှင့်အတူ လကို ကြည့်ခဲ့စဉ်ကတည်းက သူမ လနှင့် ကြယ်များကို မည်မျှ နှစ်သက်သည်ကို သူ သိခဲ့ရသည်။ ထို့ကြောင့်ပင် ဤထူးခြားသော မှန်ပြောင်းကို ရှာဖွေရန် လူများ စေလွှတ်ပြီး ရှာဖွေခိုင်းခဲ့သည်။ ဤမှန်ပြောင်းက သာမန်မှန်ပြောင်းများနှင့် မတူဘဲ မှန်ပြောင်း၏ အရှေ့ဘက်ကို လှည့်လိုက်လျှင် အဝေးမှ ရှုခင်းများကို အနီးကပ် မြင်တွေ့နိုင်အောင် ချဲ့ပေးနိုင်သည်။

'သူမသာ နှစ်သက်မယ်ဆိုရင် သူ သူမအတွက် လနဲ့ ကြယ်တွေကိုတောင် ရှာဖွေပေးချင်တာပါ၊ ဖြစ်နိုင်ရင် သူမရဲ့ အိပ်မက်ထဲအထိ လိုက်ပါသွားပြီး သူမ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်အောင် ဖန်တီးပေးချင်မိတယ်'

လဲ့ကျစ်က ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။ စိတ်လှုပ်ရှားမှုကြောင့် သူမ၏ နှာခေါင်းလေး အနည်းငယ် ချဉ်တက်လာပြီး မျက်ရည်ဝဲချင်သလို ဖြစ်လာသဖြင့် ခေါင်းငုံ့ကာ သူ့ရင်ခွင်ထဲသို့ အလျင်အမြန် တိုးဝင်လိုက်သည်။ ထို့နောက် သူမ၏ မျက်နှာလေးကို သူ့လည်ပင်းကြားသို့ မြှုပ်နှံထားလိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လဲ့ကျစ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဟော်တူ၏ ရင်ခွင်ထဲသို့ ပိုမိုတိုးဝင်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်မရဲ့ ဆိုင်တွေက အခုဆို ပိုက်ဆံ စရှာနိုင်နေပြီ”

“အင်း...”

ဟော်တူက ခပ်တိုးတိုး အသံပြုကာ သူမကို ငုံ့ကြည့်လိုက်သည်။ လဲ့ကျစ်က ဆက်ပြောနေပြန်သည်။

“အရင်က ရှင့်ဆီက ချေးထားတဲ့ ပိုက်ဆံတွေလေ...”

ဟော်တူက သူမ၏ အူကြောင်ကြောင်နိုင်လှသော စကားကို သဘောကျကာ ရယ်မောနေပြန်သည်။ ဤကဲ့သို့ ကြည်နူးစရာကောင်းလှသည့် အခိုက်အတန့်မျိုးတွင် သူမက ငွေပြန်ဆပ်မည့်အကြောင်းကို တကယ်ကြီး ပြောနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

'ငါက ပိုက်ဆံပြတ်လပ်နေတဲ့ပုံများ ပေါက်နေလို့လား'

“အင်း... ဒါဆို မင်းက ငွေပြန်ဆပ်ဖို့ အဆင်သင့်ဖြစ်ပြီပေါ့”

သူ့ရင်ခွင်ထဲတွင် နစ်မြုပ်နေသော မိန်းကလေးက သူမ၏ ဦးခေါင်းလေးကို အသာအယာ ခါယမ်းလိုက်သည်။ ဟော်တူက သူမကို ရင်ခွင်ထဲမှ ညင်သာစွာ ဆွဲထုတ်ပြီး မျက်နှာကို သေချာကြည့်လိုက်ချိန်တွင် တောက်ပပြီး ချစ်စဖွယ်ကောင်းအောင် ပြုံးနေသည့် မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။

သူ အနည်းငယ် အံ့အားသင့်သွားပြီး “ဒါပဲလား...” ဟု မေးလိုက်စဉ်မှာပင် ရုတ်တရက် သူ့ဝမ်းဗိုက်ပေါ်ရှိ သူမ၏ လက်ဖဝါးနုနုလေးက အောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားလာသည်။

ဟော်တူ၏ အနက်ရောင် မျက်ဝန်းများက ရုတ်ချည်း တုန်ခါသွားပြီး သူက သူမ၏ လှုပ်ရှားနေသော လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ သူ၏ အာဒံပန်းသီးကလည်း နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားပြီး ခံစားချက်များ ပြည့်နှက်နေသည့် အသံဖြင့် မေးလိုက်သည်။

“မင်း ပင်ပန်းနေပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ အခု... လိုချင်နေပြန်တာလား”

လဲ့ကျစ်၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် တုန်ခါသွားသော်လည်း နီမြန်းနေသော ပါးပြင်ပေါ်တွင်တော့ ပရောပရည် အပြုံးတစ်ခု ပေါ်လာသည်။ သူမက သူ့နားနားသို့ ကပ်လာပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။

“အရှင့်သားက ပိုက်ဆံထက် တခြားအရာကို ပိုကြိုက်မယ်လို့ ကျွန်မ ထင်လို့ပါ”

သူမ၏ အသက်ရှူသံနှင့်အတူ ထွက်ပေါ်လာသော နောက်ဆုံးစကားလုံးကို ဟော်တူက သူ၏ အနမ်းများဖြင့် မျိုချလိုက်တော့သည်။ သူမ၏ လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားသည်ကို အခွင့်ကောင်းယူကာ သူမကို ကုတင်ပေါ်သို့ ဖိချလိုက်သည်။ ပြင်းပြသော ဆန္ဒများကြားတွင် ဟော်တူက ညင်သာစွာ ရယ်မောရင်း သူမအပေါ်သို့ ဖိချလိုက်သည်။

'အာ... ငါ သူမကို တကယ်ပဲ လျှော့တွက်ခဲ့မိတာပဲ'

.......။......။.......

ရှန့်ယန်မြို့တော်အတွင်း ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများက နံနက်ခင်း ညီလာခံတွင် အရပ်ဘက်နှင့် စစ်ဘက် အရာရှိအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ ဤအိမ်ရှေ့စံက အမှန်တကယ် အရည်အချင်းရှိသူ ဖြစ်လိမ့်မည်ဟု မည်သူမျှ မခန့်မှန်းနိုင်ခဲ့ကြပေ။

ညီလာခံအတွင်း၌ တာ့ချီဧကရာဇ်က ဟော်တူကို ပြုံးပြနေပြီး ချီးမွမ်းစကား ပြောနေသည်။ ထို့နောက် အကြောင်းအရာကို ပြောင်းလဲကာ ဤဝမ်းမြောက်စရာ သတင်းကို အကြောင်းပြု၍ ဟော်ရှ၏ အချုပ်အနှောင်ကို ဖြေလျှော့ပေးလိုက်သည်။

ဟော်တူက ဧကရာဇ်၏ ရှေ့မှောက်တွင် တုတ်ကောက်ကို မှီကာ မတ်မတ်ရပ်နေပြီး သူ့မျက်နှာတွင်လည်း အပြုံးမပျက်ခဲ့ပေ။ ညီလာခံပြီးဆုံးသွားချိန်တွင် ယခင်က ဟော်တူကို ရှောင်လွှဲနေခဲ့ကြသော နန်းတွင်းအရာရှိများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကာ ဂုဏ်ပြုစကားပြောနေကြသည်။ ဤလူအုပ်စု၏ လေလာရာအရပ်သို့ ရွက်လွှင့်တတ်သော အပြုအမူက ထူးဆန်းလှသည်တော့ မဟုတ်ပေ။

သို့သော် အိမ်ရှေ့စံအရှင့်သားက စိတ်မဝင်စားသည့် အမူအရာပြနေသည်ကို မြင်လိုက်ရချိန်တွင် သူတို့လည်း ရှက်ရွံ့စွာဖြင့် နောက်ပြန်ဆုတ်သွားကြသည်။ ဤဖြစ်ရပ်နောက်ပိုင်းတွင် ဘုရင်မင်းမြတ်၏ စိတ်နှလုံးအတွင်းမှ အတွေးအမြင်များကို လူတိုင်း ခန့်မှန်းရ ခက်သွားကြသည်။

မူလက အလားအလာ အလွန်ကောင်းသည်ဟု ထင်ရသော တတိယမင်းသားက ယခုအခါ တဖြည်းဖြည်း ဆုတ်ယုတ်လာသော်လည်း အမြဲလိုလို နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် အိမ်ရှေ့စံကတော့ ပြန်လည်မြင့်တက်လာပုံရသည်။

သို့သော်လည်း သူ့ခြေထောက်က...

တိုင်းပြည်၏ ဧကရာဇ်တစ်ပါး မသန်မစွမ်း ဖြစ်နေပါက အခြားသော တိုင်းပြည်များ၏ လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။

ထို့အပြင် ဘုရင်မင်းမြတ်က မည်သူ့ကို ပို၍ သဘောကျနေသည်ကို မသိနိုင်သောကြောင့် လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အဖြေရှာမရဘဲ အကျပ်ရိုက်နေကြသည်။

နောက်ဆုံးတွင် ဝန်ကြီးချုပ်ရှန်းဟွိုက်က ထွက်ခွာသွားသော အနက်ရောင် ကျောပြင်ကို အေးစက်သော အမူအရာဖြင့် ကြည့်နေလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ရှန်းချင်းယန် ပြောပြခဲ့သော အိမ်ရှေ့စံ၏ အောင်မြင်မှုများက သူ့ကို အများကြီး အံ့အားသင့်စေခဲ့သည်။

'ငါတို့တွေ အရင်က ထိုက်ဇီကို တကယ်ပဲ အထင်လွဲနေခဲ့တာလား။'

အခြားသူများ၏ စိတ်နေစိတ်ထားကို အပေါ်ယံ သွင်ပြင်လက္ခဏာတစ်ခုတည်းနှင့် ဆုံးဖြတ်ခဲ့မိသော သူကိုယ်သူ မျက်စိကွယ်နေသူဟုပင် ရှန်းဟွိုက် ခံစားနေရသည်။ ထို့ကြောင့်ပင် သူက အိမ်‌ရှေ့စံနှင့် စကားအနည်းငယ် ပြောဆိုရန် ဆန္ဒရှိနေခဲ့သည်။ သို့သော် အိမ်တော်တွင် ကျန်ရစ်ခဲ့သည့် သမီးဖြစ်သူအကြောင်း တွေးမိလိုက်ရချိန်တွင် သူ၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားပြန်သည်။

သူ၏ မသိနားမလည်မှုကြောင့် သမီးဖြစ်သူကို မတရားမှုများစွာ ခံစားရစေခဲ့မိသည်။ ယခုမှ နောင်တရရန် ကြိုးစားနေခြင်းကလည်း အလွန်နောက်ကျသွားပုံရသည်။ ထိုအကြောင်းကို တွေးမိသည်နှင့် အသက်လေးဆယ်ကျော်အရွယ် ဝန်ကြီးချုပ်ကြီး၏ မျက်ဝန်းအိမ်များ နီရဲလာတော့သည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ်အိမ်တော်၌ ရှိနေသည့် ရှန်းချင်းယန်ကလည်း စိတ်မငြိမ်မသက် ဖြစ်နေသည်။ တော်ဝင်သမားတော်က သူမထံတွင် 'ကိုယ်ဝန်ဆောင် သွေးခုန်နှုန်း' ကို တွေ့ရှိခဲ့ပြီးနောက် သူမ အံ့အားသင့်လွန်းသဖြင့် အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်ဘဲ ဖြစ်နေခဲ့သည်။ သူမက လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ ဝမ်းဗိုက်အောက်ပိုင်းပေါ်သို့ တင်လိုက်မိသည်။

ရှန်းချင်းယန်၏ မျက်ဝန်းများက လှုပ်ခတ်နေလေသည်။

'ဒီဗိုက်ထဲမှာ တကယ်ပဲ အသက်လေးတစ်ခု ရှိနေတာလား။'

သူမ၏ နှလုံးသားထဲမှ ရှုပ်ထွေးနေသော ခံစားချက်များကိုလည်း မည်သို့ခွဲခြားရမည်မှန်း မသိနိုင် ဖြစ်နေရသည်။

'ဒီကလေးက အချိန်မှားပြီးရောက်မလာသင့်ဘူး...'

သို့သော်လည်း သူမ၏ အတွင်းစိတ်၌ ကိန်းအောင်းနေသော မိခင်သဘာဝကြောင့် ဤအသက်လေးကို မညှာမတာ စွန့်ပစ်ရန် သူမ မရက်စက်နိုင်ပေ။

တော်ဝင်သမားတော်ကျင်းကို သွေးခုန်နှုန်း စစ်ဆေးစေသော ဧကရီ၏ ရည်ရွယ်ချက်က မည်သည့်အရာကို ရည်မှန်းနေမှန်း ရှန်းချင်းယန် ရှင်းရှင်းလင်းလင်း မသိနိုင်သော်လည်း ဧကရီက ဤကလေးငယ် ရောက်ရှိလာခြင်းအတွက် အမှန်တကယ် ပျော်ရွှင်နေခြင်း မဟုတ်နိုင်ဟု သူမ ခန့်မှန်းမိနေသည်။ ဧကရီ ပျော်နေရခြင်းက သူမနှင့် ကလေးအဖေကြားတွင် ဆုပ်ကိုင်ထားနိုင်မည့် 'အားနည်းချက်' တစ်ခု ရရှိသွားသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

“သခင်မ”

လုယင်က အခန်းထဲသို့ အလောတကြီး ပြေးဝင်လာသည်။ သူမ၏ အသက်ရှူသံများက မငြိမ်မသက် ဖြစ်နေပြီး တစ်စုံတစ်ခုကို အလျင်စလို ပြောလိုက်သည်။

“ဒါ... ဒါက ထိုက်ဇီဖေးဆီက လာတဲ့စာပါ”

ရှန်းချင်းယန်က စာကို ယူပြီး ဖွင့်ဖတ်လိုက်ရာ သူမ၏ မျက်ဝန်းများလည်း အနည်းငယ် မှေးမှိန်သွားသည်။ အချိန်အတော်ကြာအောင် စဉ်းစားနေပြီးနောက် သူမက ပြတ်သားသော အကြည့်များဖြင့် လုယင်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။

“ငါ သူနဲ့ တွေ့ချင်တယ်လို့ ထိုက်ဇီဖေးဆီကို စာပြန်ပို့လိုက်ပါ”

“ဟုတ်ကဲ့ပါ”

လုယင်က ခေါင်းညိတ်၍ အခန်းထဲမှ အမြန်ထွက်သွားသည်။ တိုက်ဆိုင်စွာပင် ထိုအချိန်၌ အခန်းတွင်းရှိ မီးဖိုမှ ငွေရောင်မီးသွေးများက ရဲရဲတောက် လောင်ကျွမ်းနေသည်။ ပတ်ဝန်းကျင် အပူချိန်က တဖြည်းဖြည်း အေးစက်လာသော်လည်း ရှန်းချင်းယန်ကတော့ လုံးဝ ချမ်းအေးနေခြင်း မရှိပေ။ သူမ၏ ရင်ထဲတွင် ရှိနေသော သန္နိဋ္ဋာန်ကြောင့်လား၊ သို့မဟုတ် ဗိုက်ထဲက ကလေးငယ်က ပေးသည့် ခွန်အားကြောင့်လား မသိသော်လည်း သူမ၏ တစ်ကိုယ်လုံးမှာ နွေးထွေးနေလေသည်။

ရှန်းချင်းယန်က ဧကရီ စိတ်ပျက်သွားလိမ့်မည်ဟု စိတ်ထဲတွင် ကြိုတင်တွေးဆနေမိသည်။ ဤကလေးငယ် ရှိနေခြင်းက သူမ၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

'ကလေးဆိုတာ အားနည်းချက် မဟုတ်ပါဘူး... မိခင်တစ်ယောက်အတွက်တော့ အနှိုင်းမဲ့တဲ့ ခွန်အားကို ယူဆောင်လာပေးတဲ့ လက်ဆောင်တစ်ခုပဲ။'

သူမက သူမနှင့် သူမ၏ကလေးအား တစ်စုံတစ်ဦးက အတင်းအကျပ် ခိုင်းစေခြင်းမျိုးကို ဘယ်သောအခါမှ ခွင့်ပြုတော့မည် မဟုတ်ပေ။ ဤကလေးက သူမတစ်ဦးတည်း၏ ကလေးသာဖြစ်ပြီး အစွမ်းကုန် ကာကွယ်ပေးရမည်မှာ သူမ၏ တာဝန် ဖြစ်သည်ဟု ရှင်းချင်းယန် ဆုံးဖြတ်လိုက်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဤကလေးအား အခွင့်ကောင်းယူရန် သို့မဟုတ် ထိခိုက်နစ်နာအောင် လုပ်ဆောင်ရန် သူမ ခွင့်ပြုမည် မဟုတ်တော့ပေ။

သူမ၏ မျက်ဝန်းများက ကြည်လင်ပြတ်သားနေသည်။ အချိန်အတော်ကြာအောင် ငြိမ်သက်စွာ ထိုင်နေပြီးနောက်တွင် ဤအချိန်က သူမ၏ ဘဝ၌ တည်ငြိမ်မှုအရှိဆုံး အချိန်ဖြစ်ကြောင်း ရှန်းချင်းယန် ခံစားလိုက်ရသည်။

......။........။........

တော်ဝင်စာကြည့်ဆောင်အတွင်း၌ တာ့ချီဧကရာဇ်က တွေဝေနေသော မျက်လုံးများဖြင့် စားပွဲရှေ့တွင် ထိုင်နေသည်။ ထိုအချိန်တွင် အပြင်ဘက်မှ သတင်းပို့သံ ထွက်ပေါ်လာသည်။

“ဧကရာဇ်မင်းမြတ်ကို သတင်းပို့ပါတယ်...”

ဟော်ချန်ယွင်က မည်သူရောက်လာသည်ကို ကြိုတင်သိရှိထားသည့်အလား တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။

“သူ့ကို ဝင်ခွင့်ပြုလိုက်”

ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော လင်းဝမ်နင်က နူးညံ့စွာ လွင့်မျောဝင်ရောက်လာပြီး ပြုံးရွှင်သော မျက်နှာဖြင့် ချဉ်းကပ်လာကာ လေးလေးစားစား ဂါရဝပြုလိုက်သည်။

“အရှင်မင်းကြီးကို အရိုအသေပေးပါတယ်”

“ဧကရီ... အရိုအသေပေးစရာ မလိုပါဘူး”

ဟော်ချန်ယွင်က အပြုံးဖြင့် လှမ်းမေးလိုက်သည်။

“ဧကရီကို ဘာက ဒီလောက်တောင် ပျော်ရွှင်စေတာလဲ... ကိုယ်တော့်ကိုလည်း ပြောပြပါဦး”

လင်းဝမ်နင်က ထိုမေးခွန်းကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ သူမက ပို၍ပင် တောက်ပစွာ ပြုံးပြီးမှ ပြန်ဖြေလိုက်သည်။

“တတိယမင်းသားရဲ့ ဇနီးမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ ကျွန်တော်မျိုးမ သိလိုက်ရလို့ပါ”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်ချန်ယွင်က အံ့အားသင့်သွားဟန်ဖြင့် သူ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာသည်။

“ဒါက တကယ့်ကို သတင်းကောင်းပဲ၊ အမှန်တကယ်ကို ဝမ်းမြောက်စရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ”

လင်းဝမ်နင်က သူ၏ မျက်နှာပေါ်မှ အမူအရာတိုင်းကို အကဲခတ်နေခဲ့သည်။ ဟော်ချန်ယွင်၏ တုံ့ပြန်မှုကို သိရှိရန် သူမ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ ဤကလေးသည် သူ၏ ပထမဆုံးသော တော်ဝင်မြေးတော် ဖြစ်နေလေသည်။

'အသွေးအသား တော်စပ်မှုကြောင့် ရှအာအတွက် အရာရာကို အဆင်ပြေအောင် သူ ပြန်စီစဉ်ပေးနိုင်လိမ့်မယ်'

ဟော်ချန်ယွင်က သူ၏ ကတိအတိုင်း ရှအာကို ထီးနန်းဆက်ခံစေလိမ့်မည်ဟု လင်းဝမ်နင် အခိုင်အမာ ယုံကြည်နေဆဲ ဖြစ်သည်။

ဟော်ချန်ယွင်၏ မျက်လုံးများထဲတွင်တော့ ဧကရီ၏ ဂရုတစိုက် တွေးဆထားမှုများက လှည့်ကွက်အနည်းငယ်မျှသာ ဖြစ်သည်။ သို့သော် သူက သူမ၏ အလိုအတိုင်း လိုက်လျောပေးရန် ဆုံးဖြတ်လိုက်ပြီး နှုတ်ခမ်းထောင့်များကို ပြုံးယောင်သန်းအောင် ဆွဲပင့်လိုက်သည်။

“ဒါဆိုရင်တော့ ငါကိုယ်တော်က ရှအာကို လက်ဆောင်ကြီးကြီးတစ်ခု ပေးရမှာပေါ့”

ဟော်ချန်ယွင်က စားပွဲပေါ်ရှိ အသစ်ပြန်ရေးထားသော တော်ဝင်အမိန့်တော်လိပ်ကို ဖြေလိုက်ပြီး ဧကရီအား အနားသို့ လာကြည့်ရန် အချက်ပြလိုက်သည်။ လင်းဝမ်နင်ကလည်း အခွင့်အရေးကို နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးနေကာ ဟော်ချန်ယွင်အနားသို့ တိုးကပ်သွားပြီး အမိန့်စာတွင် ပါရှိသော စာသားများကို စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူမ၏ မျက်ဝန်းများ ကျုံ့သွားပြီး တစ်ကိုယ်လုံး အနည်းငယ် တုန်လှုပ်သွားရသည်။ သူမ၏ မျက်လုံးအစုံက ပြူးကျယ်နေပြီး ဟော်ချန်ယွင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိရာ သူကလည်း သူမကို ပြတ်သားသော အမူအရာဖြင့် ပြန်လည်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လင်းဝမ်နင်၏ စိတ်အစဉ်က ဖရိုဖရဲ ဖြစ်သွားပြီး သူမ စာကို မှားဖတ်နေသလားဟုပင် သံသယဝင်နေမိသည်။

သူမက မျက်လုံးများကို ပြန်လှည့်လိုက်ပြီး စာသားတစ်ကြောင်းမှ မလွတ်စေရန် အသေအချာ ပြန်လည်ဖတ်ရှုကြည့်မိပြန်သည်။

၎င်းက လင်းဝမ်နင်၏ စိတ်ထဲတွင် နက်နဲသော နားမလည်နိုင်မှုများ ပြည့်နှက်သွားစေသည်။

'ဟော်ချန်ယွင်က ထိုက်ဇီကို ရာထူးကနေ တကယ်ပဲ ထုတ်ပယ်ချင်နေတာလား။'

ဤအချိန်တွင် သူက ထိုက်ဇီကို အမှန်တကယ် ရာထူးမှ ထုတ်ပယ်ရန် စီစဉ်နေခဲ့ပြီ ဖြစ်သည်။

........။........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : “ထုတ်လေ... ထုတ်လိုက်... ဘယ်သူက ဂရုစိုက်နေလို့လဲ။ [ပြုံးပြုံးရွှင်ရွှင် ရယ်မောရင်း] ငါကတော့ ငါ့မိန်းမနဲ့ပဲ ကြယ်တွေ လတွေ ကြည့်နေချင်တာ... ဟီးဟီး”

ကျစ်ကျစ် : “ကျွန်မကတော့ စိတ်ကူးယဉ်လွန်းတဲ့သူတွေကို သိပ်မကြိုက်ဘူးနော်” ဟော်တူ : “......”

အခန်း ၉၀ ဂရုစိုက်မိစေမယ့်အရာ... မင်း

နောက်တစ်နေ့ နံနက်ခင်းတွင် ရှန်းချင်းယန်က နက်ပြာရောင် အပေါ်ရုံဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်လိုက်သည်။ သူမက လဲ့ကျစ်နှင့် ချိန်းဆိုထားသည့်နေရာသို့ သွားရန်အတွက် အိမ်တော်တံခါးဝသို့ အလျင်စလို လျှောက်လှမ်းနေခဲ့သည်။

သို့သော် သူမ အိမ်တော်အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် မြင်းရထားပေါ်မှ ဆင်းလာသော ဟော်ရှနှင့် ထိပ်တိုက်ဆုံမိသွားသည်။ ဟော်ရှက သူမ ရှိရာသို့ အပြေးအလွှား ရောက်ရှိလာပြီး နှစ်ယောက်သား မျက်လုံးချင်း ဆုံမိသွားကြပြီးနောက် အံ့အားသင့်ကာ မှင်သက်သွားကြသည်။

ထိုအချိန်တွင် ရှန်းချင်းယန်က သူမ၏ဗိုက်ထဲမှ ရုတ်တရက် တဆက်ဆက် တုန်လာသည်ကို ခံစားမိလိုက်ပြီး မျက်မှောင်ကြုတ်ကာ ခေါင်းငုံ့လျက် အကြိမ်အနည်းငယ် ပျို့အန်လိုက်သည်။ ဤသည်မှာ ကိုယ်ဝန်ကြောင့်လား၊ သို့မဟုတ် သူ့ကို မတွေ့ချင်လွန်းသည့် စိတ်ကြောင့်လား သူမ မခွဲခြားနိုင်တော့ပေ။ သိသာနေသည်ကတော့ သူ့ကို မြင်လိုက်ရုံဖြင့် သူမ အော်ဂလီဆန်နေမိခြင်းပင်။

“မင်း... အဆင်ပြေရဲ့လား”

ဟော်ရှက ရှင်းချင်းယန်၏ လက်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ ရှန်းချင်းယန်က ရုတ်တရက် ခေါင်းကို ပြန်လှည့်လိုက်ရာ ဟော်ရှက သူမကို စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ကိုယ်နဲ့အတူ အိမ်တော်ကို ပြန်လိုက်ခဲ့ပါနော်”

သူ့စကားကြောင့် ရှန်းချင်းယန်၏ နှလုံးသား တုန်ခါသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားရသည်။ သူမ ငြင်းဆန်လိုစိတ် အပြည့်ဖြင့် သူ့လက်မှ အတင်းရုန်းထွက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သို့သော်လည်း အိမ်တော်အပြင်ဘက်တွင် ဖြစ်နေသောကြောင့် လူမြင်မကောင်းမည်ကို စိုးရိမ်နေရပြီး သိသာထင်ရှားလွန်းသော အပြုအမူမျိုးလည်း မပြုလုပ်ရဲပေ။

ထိုအပြုအမူကို မြင်လိုက်ရချိန်တွင် ဟော်ရှကလည်း သူမ၏သဘောထားကို အလိုအလျောက် နားလည်သွားသည်။ သူ၏ မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး စူးစူးရဲရဲ ဒေါသများ အစားထိုး ဝင်ရောက်လာသည်။ သူ သူ့ရှေ့မှ အမျိုးသမီးကို အမှန်တကယ် နားမလည်နိုင်ဖြစ်နေရသည်။

'အရင်ကတော့ သူမကိုယ်တိုင် ငါ့ကို လက်ထပ်ချင်ခဲ့တာ မဟုတ်ဘူးလား။ အိမ်တော်ထဲ ရောက်လာပြီးတော့လည်း အိပ်ရာဝင်အစေခံအပေါ် မနာလိုစိတ်တွေနဲ့ ပြဿနာတွေ ရှာခဲ့တာလေ။ ဒါတွေအားလုံးက သူမကြောင့်ပဲ မဟုတ်ဘူးလား။'

'အခု ကိုယ်ဝန်ရှိနေပြီဆိုတော့ ငါကိုယ်တိုင် လာခေါ်တာကို သူမက ဝမ်းသာလွန်းလို့ မျက်ရည်ကျနေသင့်တာ မဟုတ်ဘူးလား။ အခုတော့ ဘယ်လိုဖြစ်လို့ ငါ့ကို ဒီလောက်တောင် ရှောင်နေရတာလဲ။'

“မင်း မိုက်မဲချင်တယ်ဆိုရင်တောင် အကန့်အသတ် ရှိသင့်တယ်နော်”

ဟော်ရှက ရှေ့သို့ တစ်လှမ်းတိုးလာကာ ရှန်းချင်းယန်ကို အနီးကပ် စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက မှုန်ကုပ်နေပြီး အသံမာမာဖြင့် ဖိနှိပ်ပြောနေလေသည်။

“မင်းက မိခင်တစ်ယောက် ဖြစ်နေပြီ... ကလေးတစ်ယောက်လို လုပ်မနေနဲ့”

ရှန်းချင်းယန်၏ ခန္ဓာကိုယ်လေးက တုန်ယင်လာပြီး ခေါင်းထဲတွင် မူးဝေလာသည်။ ကံကောင်းထောက်မစွာဖြင့် ဘေးနားရှိ အစေခံမလေးလုယင်က သူမ လဲကျမသွားအောင် အချိန်မီ ကူညီဖေးမပေးခဲ့သည်။ ရှန်းချင်းယန်က ဟော်ရှနှင့် ဆက်လက် လုံးထွေးမနေချင်တော့သော်လည်း ယခုအချိန်တွင် လွတ်မြောက်နိုင်ရန် ခဲယဉ်းကြောင်း စိတ်ထဲတွင် သိနေခဲ့သည်။ ထို့ကြောင့် သူမက အလျှော့ပေးသည့်အနေဖြင့် ပြန်လှည့်ကာ အိမ်တော်ထဲသို့ ပြန်ဝင်ရန် ပြင်ဆင်လိုက်သည်။

သို့သော် သူမနောက်မှ အမျိုးသားကတော့ သူမကို တမင်တကာ ဆန့်ကျင်နေပုံရသည်။ သူက သူမရှေ့ရှိ လမ်းကို ပိတ်ဆို့ထားလိုက်သည်။

“ဒုက္ခပေးနေတာကို ရပ်တော့... ငါနဲ့ အခုချက်ချင်း ပြန်လိုက်ခဲ့”

ယခုတစ်ခေါက်တွင် သူ၏ လေသံက အရင်ကထက် ပို၍ စိတ်မရှည်ပုံရသည်။ ရှန်းချင်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။

“ကျွန်မ ရှင်နဲ့ ပြန်မလိုက်နိုင်ဘူး၊ ကျွန်မကို အဖေအိမ်မှာ ပြန်နေဖို့ အရှင်မင်းမြတ် ကိုယ်တိုင် ခွင့်ပြုထားတာ”

ယနေ့တွင် ညီလာခံပြီးဆုံးပြီးနောက် ဝတ်ပြုရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အရေးကြီးကိစ္စများ ဆွေးနွေးရန် သူမ၏ ဖခင်ကို ဖိတ်ကြားခဲ့သည်။ ထို့ကြောင့် လက်ရှိ ဝန်ကြီးချုပ်အိမ်တော်တွင် ဟော်ရှကို တားဆီးနိုင်မည့်သူ တစ်ဦးမျှ မရှိပေ။ ဘုရင်မင်းမြတ်၏ အမိန့်ကို အသုံးပြုခြင်းကသာ ဟော်ရှကို အနည်းငယ် ဟန့်တားနိုင်လိမ့်မည်ဟု သူမ တွေးမိခဲ့သည်။

သို့သော် ဟော်ရှကတော့ မတုန်လှုပ်သည့်အပြင် သူ့ပါးစပ်ထောင့်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုပင် ရှိနေသေးသည်။ သူက ရှန်းချင်းယန်၏ လက်ကောက်ဝတ်ကို အတင်းအကျပ် ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။

“ခမည်းတော်က မင်းကို ခေတ္တပဲ နေခွင့်ပြုလိုက်တာလေ၊ အခု မင်းမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ ဝန်ကြီးချုပ်အိမ်တော်မှာ ဆက်နေစရာ အကြောင်းမရှိတော့ဘူး”

ထိုသို့ပြောပြီးနောက် သူက သူမကို အတင်းအဓမ္မ ဆွဲခေါ်ကာ ရထားလုံးရှိရာသို့ လျှောက်သွားတော့သည်။ သူမတွင် ကိုယ်ဝန်ရှိနေသော်လည်း ဟော်ရှကမူ အနည်းငယ်မျှ ညှာတာခြင်း မရှိပေ။ ရထားလုံးပေါ်သို့ ရောက်သည်အထိ သူမ၏ လက်ကို တွန်းအားပေးကာ ဆွဲခေါ်ခဲ့သည့် ဒဏ်ကြောင့် သူ လွှတ်ပေးလိုက်လိုက်ရချိန်တွင် ရှန်းချင်းယန်၏ လက်ကောက်ဝတ်တွင် နီရဲသော အမှတ်အသားများ ထင်ကျန်ရစ်ခဲ့သည်။

သူ၏ ကြမ်းတမ်းမှုကြောင့် ဗိုက်ထဲကကလေး ထိခိုက်သွားမည်ကို စိုးရိမ်သဖြင့် ရှန်းချင်းယန်က အတင်းအကျပ် မရုန်းထွက်ရဲခဲ့ပေ။ သို့သော် ထိုအချိန်တွင် သူမ၏ နှလုံးသားထဲ၌ စိတ်ပျက်အားငယ်မှုများနှင့် နာကျင်မှုများ တဖြည်းဖြည်း တိုးဝင်လာသည်။

.......။........။........

ပေရှန်းအဆောင်တွင်...

လဲ့ကျစ်က ဘေးခန်း၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း ရှန်းချင်းယန်ကတော့ ရောက်မလာသေးပေ။

“လီယောင်... မင်း မနေ့က လုယင်ကို အချိန်မှားပြောခဲ့တာလား”

“မဟုတ်ပါဘူး သခင်မ။ ကျွန်မ သူ့ကို ချန်အချိန်လို့ အကြိမ်ကြိမ် သေချာမှာခဲ့တာပါ၊ အမှားအယွင်း မရှိနိုင်ပါဘူး”

လဲ့ကျစ်က ခေါင်းညိတ်လိုက်သည်။ လီယောင်သည် ဤကဲ့သို့သော ကိစ္စမျိုးတွင် သတိလက်လွတ် ဖြစ်မည့်သူ မဟုတ်ကြောင်း သူမ သိထားပြီး ဖြစ်သည်။

'ဒါဆိုရင်တော့... ရှန်းချင်းယန်မှာ တစ်ခုခု ဖြစ်နေတာများလား။'

“ရှောင်မင်ကို ဝန်ကြီးချုပ်အိမ်တော်ကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါ”

လဲ့ကျစ်က အမိန့်ပေးလိုက်သည်။ နောက်ထပ် တစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် ရှန်းချင်းယန် ပေါ်မလာဘဲ စုံစမ်းရန် ထွက်သွားသည့် ရှောင်မင်သာ ပြန်ရောက်လာခဲ့သည်။

“သခင်မ... ဒီနေ့မနက် သခင်မရှန်း အိမ်တော်ကနေ ထွက်လာတဲ့အချိန်မှာ တတိယမင်းသား ရောက်လာပြီး သူ့ကို အတင်းဆွဲခေါ်သွားတယ်လို့ သိရပါတယ်”

“ဘာ”

လဲ့ကျစ်က ရုတ်တရက် ထရပ်လိုက်မိပြီး တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူမက လက်သီးကို တင်းတင်းဆုပ်ကာ မျက်မှောင်ကြုတ်ထားပြန်သည်။

'ဒါ ငါ့ရဲ့ ပေါ့လျော့မှုပဲ၊ ဟော်ရှ မနေ့က အချုပ်အနှောင်ကနေ လွတ်လာတာကို ငါ တွေးမိသင့်တာ။ မနေ့ကတည်းက ချင်းယန်နဲ့ တွေ့ခဲ့သင့်တာကို'

'ဒါပေမယ့် ဟော်ရှက ဘာလို့ ဒီလောက်တောင် အလျင်လိုနေရတာလဲ။ သူ့စိတ်နေစိတ်ထားအရဆိုရင် ချင်းယန်ကို အိမ်တော်ပြန်ခေါ်ဖို့ ဒီလောက် စိတ်ထက်သန်နေမှာ မဟုတ်ဘူး။ မဟုတ်မှလွဲရော... ချင်းယန်ကို ခေါ်သွားဖို့ တခြား အကြောင်းပြချက် တစ်ခုခု ရှိနေတာလား'

“အိမ်ပြန်ကြမယ်”

ပေရှန်းအဆောင်က ထောင့်ကျသော နေရာတွင် ရှိသည့်အပြင် လဲ့ကျစ်ကိုယ်တိုင်ကလည်း သာမန်ရထားလုံးဖြင့်သာ လာခဲ့ခြင်းဖြစ်သဖြင့် အခြားသူများ၏ သံသယကို နှိုးဆွရန် မဖြစ်နိုင်ပေ။ အပြန်ခရီးတွင် လဲ့ကျစ်က ဖြစ်ပျက်သမျှကို နားလည်နိုင်ရန် ကြိုးစားနေမိသည်။ သူမက လီယောင်ကို လှမ်းကြည့်ကာ မေးလိုက်ပြန်သည်။

“လီယောင်... မနေ့က မင်း လုယင်နဲ့ တွေ့တုန်းက သူ့ဆီမှာ ထူးခြားတဲ့ အမူအရာ တစ်ခုခု တွေ့ခဲ့သေးလား”

ထိုစကားကို ကြားလိုက်ရချိန်တွင် လီယောင်က သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး မနေ့က လုယင်ပြောခဲ့သော စကားလုံးတိုင်းကို တစ်ခုမကျန် ပြန်လည်စဉ်းစားနေသည်။

“သူ ပြောချင်တာတစ်ခုခု ရှိနေပုံရပေမယ့် နောက်ဆုံးတော့လည်း မပြောသွားဘူး”

လီယောင်က သေသေချာချာ စဉ်းစားပြီးမှ သက်ပြင်းချကာ ညည်းညူလိုက်ပြန်သည်။

“အဲဒီတုန်းက ကျွန်မလည်း မေးခွန်းတစ်ခု မေးခဲ့ပါသေးတယ်၊ ဒါပေမယ့် သူက ဘာမှမပြောဘဲနဲ့ ‘သူ့သခင်မနဲ့ တွေ့တဲ့အခါ သိရမှာပါ’ လို့ပဲ ပြောသွားခဲ့တယ်”

'ရှန်းချင်းယန်မှာ တစ်ခုခုဖြစ်နေတာ သေချာပြီ။'

ထိုအချိန်တွင် ရုတ်တရက် မြင်းခွာက တစ်စုံတစ်ခုကို နင်းမိသွားပုံရပြီး လမ်းချော်သွားကာ ရထားလုံးလည်း ပြင်းထန်စွာ တုန်ခါသွားသည်။

လဲ့ကျစ်လည်း အတွေးထဲတွင် နစ်မျောနေသောကြောင့် ရုတ်တရက် ထိတ်လန့်သွားရသည်။

“သခင်မ... သတိထားပါ”

လီယောင်က သူမ လဲမကျသွားအောင် ဖက်ထားပေးလိုက်သည်။

“ဘုတ်”

လဲ့ကျစ်၏ အင်္ကျီလက်ဝမှ ကြွေပုလင်းငယ်တစ်ခုက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အသံမြည်သွားသည်။ လီယောင်က ငုံ့ကြည့်လိုက်ပြီး ထိုကြွေပုလင်းလေးကို ကောက်ယူကာ သူမထံ ပြန်ပေးလိုက်သည်။ လဲ့ကျစ်၏ မျက်ဝန်းများက ထိုအနီရောင် ကြွေပုလင်းလေးကို စူးစူးရဲရဲ စိုက်ကြည့်နေမိသည်။ ဤကြွေပုလင်းလေးကို ကြည့်နေရင်း သူမ၏ နှလုံးသားထဲ၌ လျှို့ဝှက်ချက်များအားလုံး ကွင်းဆက်တစ်ခုနှယ် တစ်ခုပြီးတစ်ခု တွဲစပ်မိသွားသည်။

'တော်ဝင်သမားတော်ကျင်း... လုယင်ရဲ့ စကားပြောဖို့ တုံ့ဆိုင်းနေမှု... ဟော်ရှရဲ့ စိတ်မရှည်မှု... ရှန်းချင်းယန်... သူ့မှာ ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်မလား'

လဲ့ကျစ်က ရုတ်တရက် လက်ဖဝါးကို တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး ကြွေပုလင်းလေးဆီမှ အအေးဓာတ်က သူမ လက်ဖဝါးထဲသို့ စိမ့်ဝင်သွားသည်။ လဲ့ကျစ်တစ်ယောက် မျက်မှောင်ကြုတ်ကာ တွေးတောနေပြန်သည်။

'ငါ မှန်းဆထားတာသာ အမှန်ဆိုရင်... လင်းဝမ်နင်နဲ့ ဟော်ရှတို့က ရှန်းဟွိုက်ကို ဖိအားပေးဖို့အတွက် ဒီကလေးကို အသုံးချကြမှာ သေချာတယ်'

ထိုအခိုက်တွင် ရထားလုံးထိန်းက မြင်းဇက်ကြိုးကို တင်းတင်းဆွဲလိုက်ပြီး ရထားလုံးကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။ လဲ့ကျစ်က အလွန်စိုးရိမ်နေဟန်လေးဖြင့် ရထားလုံးပေါ်မှ ဆင်းပြီးနောက် အိမ်တော်အတွင်းသို့ အမြန်ဝင်လာခဲ့သည်။ သို့သော် သူမ တံခါးဝသို့ ရောက်ရှိသွားချိန်တွင် သူမ၏ နှလုံးခုန်သံ ရုတ်တရက် မြန်ဆန်လာပြီး ဆိုးရွားသော ကြိုတင်နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

အိမ်ရှေ့စံအိမ်တော်က များသောအားဖြင့် တိတ်ဆိတ်နေလေ့ရှိသော်လည်း အစေခံများ အလုပ်နေသော လှုပ်ရှားမှုများနှင့် သာယာသော အသံများ အမြဲရှိနေတတ်သည်။ ယခုကဲ့သို့ ခြောက်ကပ်စွာ တိတ်ဆိတ်နေခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

သူမက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး မူလရှိနေကျ အစောင့်များနှင့် စစ်သည်များ၏ ထက်ဝက်ကျော် ပျောက်ဆုံးနေသည်ကို သတိပြုမိလိုက်သည်။

'တစ်ခုခုတော့ မှားနေပြီ... တကယ်ပဲ တစ်ခုခုတော့ မှားနေပြီ။'

လဲ့ကျစ်က သူမ၏ နှလုံးခုန်သံကို ထိန်းရင်း အတွင်းဘက်ဝန်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် အန်းရွှယ် ချဉ်းကပ်လာသည်ကို မြင်လိုက်ရမှ သူမ၏ နှလုံးခုန်သံလည်း အနည်းငယ် ပြန်ငြိမ်သက်သွားသည်။

'အန်းရွှယ် ဒီမှာရှိနေသေးတယ်ဆိုတော့ အခြေအနေက သိပ်မဆိုးသေးဘူးလို့ ယူဆရမှာပဲ။'

“အန်းရွှယ်... ဘာတွေဖြစ်နေတာလဲ”

အန်းရွှယ်၏ မျက်နှာကလည်း သိသိသာသာ ပျက်ယွင်းနေသည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ အသံကို တိုးနိုင်သမျှ တိုးကာ ဖြစ်ပျက်သမျှကို ပြောပြနေသည်။

“ဖျက်သိမ်းလိုက်တာပါ... ထိုက်ဇီကို ရာထူးကနေ ဖယ်ရှားလိုက်ပါပြီ”

ထိုစကားက လဲ့ကျစ်ကို နေရာမှာပင် ကျောက်ရုပ်တစ်ခုနှယ် အေးခဲသွားစေခဲ့သည်။ သူမ၏ ကျောပြင်ကြွက်သားများ နာကျင်လာသည်အထိ တောင့်တင်းသွားရသည်။ လဲ့ကျစ်က အသက်ကို ခက်ခဲစွာ တည်ငြိမ်အောင် ရှူသွင်းရင်း အသံမာမာဖြင့် ပြန်မေးလိုက်သည်။

“ဘာကြောင့်လဲ...”

သူမ ဤအခြေအနေကို နားမလည်နိုင်သလို၊ ယုံလည်း မယုံကြည်နိုင်ပေ။ ထိုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ရာ အပြောင်းအလဲကြီးက တစ်ညတာအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့သည်။

မနေ့က နံနက်ခင်းညီလာခံတွင် ဟော်ချန်ယွင်ကိုယ်တိုင် ဟော်တူကို ချီးကျူးဂုဏ်ပြုနေခဲ့သေးသည်။

'ဒါက တစ်ခုခုတော့ မှားနေပြီ... အကြီးအကျယ် မှားနေပြီ။'

“အကြောင်းပြချက်ကတော့... ရှန့်ယန်မြို့က မငြိမ်မသက်မှုတွေကို ချေမှုန်းခဲ့တာက အရှင့်သားက သူ့ရဲ့ ဂုဏ်သတင်းကို ရယူချင်လို့ ချူရန်နဲ့ ပူးပေါင်းကြံစည်ခဲ့တာလို့ စွပ်စွဲခံရတာပါ”

'လုံးဝ အဓိပ္ပာယ်မရှိတာပဲ'

လဲ့ကျစ်က မဲ့ပြုံးပြုံးရင်း လှောင်ပြောင်လိုက်သည်။

“အထောက်အထားက ဘယ်မှာလဲ၊ ဘယ်သူကများ ဒီလောက် မိုက်မဲတဲ့ စွပ်စွဲချက်မျိုးနဲ့ ထိုက်ဇီကို ပေါ့ပေါ့ဆဆ စွပ်စွဲရဲတာလဲ”

အန်းရွှယ်၏ မျက်လုံးများက ပိုမှိုင်းညို့လာပြီး တိုးတိုးလေး ပြန်ဖြေလာသည်။

“အဲဒီလို စွပ်စွဲခဲ့တာက... အရှင်မင်းမြတ် ကိုယ်တိုင်ပါပဲ”

'ဟော်ချန်ယွင်လား...'

လဲ့ကျစ်က အင်္ကျီလက်ဝကျယ်များအတွင်းမှ သူမ၏လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ သူမ၏ မျက်ဝန်းများထဲတွင် ဒေါသအဟုန်များ တောက်လောင်နေသည်။

'သူက လူတွေကို ဒီလိုနည်းနဲ့ ချောက်ချတယ်ပေါ့လေ...'

“တော်ဝင်အမိန့်တော်အရ အရှင့်သားကို ထိုက်ဇီရာထူးကနေ ဖျက်သိမ်းပြီး အိမ်တော်က စစ်သည်အချို့ကို ဖယ်ရှားလိုက်ပါတယ်၊ ကျန်တဲ့ အဆောင်အယောင်တွေအားလုံးကတော့ အရင်အတိုင်းပါပဲ”

အန်းရွှယ်က မျက်မှောင်ကြုတ်ကာ ဆက်ပြောလာသည်။

“အရှင့်သားကို ချုပ်နှောင်ထားဖို့ အမိန့်ထုတ်ထားတာမျိုး မရှိသလို၊ အစောင့်တပ်တွေ စေလွှတ်ထားတာမျိုးလည်း မရှိပါဘူး”

လဲ့ကျစ်က ဟော်ချန်ယွင် ဆော့ကစားနေသည့် လှည့်ကွက်ကို နားမလည်နိုင်ဘဲ မျက်ခုံးပင့်လိုက်မိသည်။

“အရှင့်သား အခု ဘယ်မှာလဲ”

“ဖန်လုံအိမ်ထဲမှာပါ”

သူမက ခေါင်းညိတ်ပြလိုက်ပြီး ဖန်လုံအိမ်ရှိရာဆီသို့ အမြန်လျှောက်လှမ်းသွားလိုက်သည်။

.........။.........။.........

ရက်အနည်းငယ် ကြာပြီးနောက်...

ရှန်းချင်းယန်က သူမနှင့် ရင်းနှီးနေသော်လည်း နေချင်စိတ် အလျှင်းမရှိသော အိပ်ခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က အဆင်မပြေမှုများစွာ ခံစားနေရသဖြင့် ပန်းထိုးခေါင်းအုံးကို အားပျော့စွာ မှီထားရပြီး သူမ၏တစ်ကိုယ်လုံးတွင် ခွန်အားများ ကုန်ခမ်းနေသကဲ့သို့ ခံစားနေရသည်။

သူမ ဤနေရာသို့ ပြန်ရောက်လာမှပင် ကျန်းမန်တွင်လည်း ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ခဏတာအတွင်း သူမ၏ စိတ်ထဲ၌ အတွေးပေါင်းစုံ ဝင်ရောက်လာခဲ့သည်။ သေချာသည်ကတော့ သူမ ဤနေရာ၌ တစ်စက္ကန့်မျှပင် ဆက်လက်နေထိုင်လိုစိတ် မရှိတော့ခြင်းပင် ဖြစ်သည်။

'မမွေးသေးတဲ့ ကလေးကိုတောင်မှ အခွင့်ကောင်းယူဖို့ ကြံစည်နေကြတာလား၊ ဟော်ရှ... သူက ပိုလို့တောင် အရှက်မဲ့လာတာ မဟုတ်ဘူးလား'

တစ်ချိန်တည်းမှာပင် အခြားလူတစ်ဦးကလည်း ခြံအနောက်ဘက်ရှိ အခန်းထဲတွင် တုန်လှုပ်ခြောက်ခြားနေလေသည်။

“ကျွန်မ ဘာလုပ်သင့်သလဲ... ဘာလုပ်ရမလဲ”

တိုးတိုးလေး ညည်းတွားနေသံက ပြတင်းပေါက်ဆီသို့ လွင့်ပျံလာသည်။ ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှ လူတစ်ယောက်က အခန်းထဲသို့ လျှပ်တစ်ပြက် ခုန်ဆင်းလာသည်။

ကျန်းမန် အလွန်အမင်း ထိတ်လန့်သွားပြီး အာမေဍိတ်သံပင် ထွက်သွားရသည်။ သူမက သူမ၏ နှုတ်ခမ်းကို အလျင်အမြန် ပြန်အုပ်လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ရှင်... ရှင် ဘာလို့ ဒီကိုလာတာလဲ”

“မင်းကို လွမ်းလို့လာတာလေ၊ မရဘူးလား”

ထိုလူက သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ သူ၏ ပူပြင်းသော အသက်ရှူသံများက သူမ၏ နားနားသို့ ရောက်ရှိလာပြီး ထပ်ပြောလာပြန်သည်။

“ငါတို့ရဲ့ အဖိုးတန်ကလေးလေးအတွက်ရောပေါ့”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းမန် တစ်ကိုယ်လုံး အေးခဲသွားရသည်။ သူမက သူ့ကို အတင်းတွန်းဖယ်လိုက်ပြီး ဟန့်တားလိုက်သည်။

“ရှင် ရူးနေတာလား၊ ဟော်ရှက အချိန်မရွေး ရောက်လာနိုင်တယ်လေ၊ ဒီနေရာက မလုံခြုံတာကို ရှင် ကောင်းကောင်းသိသင့်တယ်၊ တကယ်လို့ သူသာ သိသွားရင်...”

“ဘာကို ကြောက်နေတာလဲ၊ သူ ပျော်ဖို့တောင် နောက်ကျနေဦးမယ်”

အနာဂတ်တွင် သူ့သားကို တတိယမင်းသားကိုယ်တိုင် မြေတောင်မြှောက်ပေးရတော့မည်ဟု တွေးလိုက်မိလိုက်ရချိန်တွင် ထိုလူ၏ မျက်နှာပေါ်မှ အပြုံးက ဖုံးကွယ်မရနိုင်လောက်အောင် ဖြစ်လာခဲ့သည်။

'ဒါက အရမ်းကို ကောင်းလွန်းတဲ့ အစီအစဉ်ပဲ။'

“ဒုက္ခပေးနေတာတွေကို အခုချက်ချင်း ရပ်လိုက်တော့၊ ဒါက ဟာသလုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ မြန်မြန်သွားတော့”

ကျန်းမန်က သူ့ကို ထိတ်လန့်စွာ ကြည့်နေမိသည်။

အကြောင်းတစ်ခုခုကြောင့် သူမ ကိုယ်ဝန်ရှိလာကတည်းက စိုးရိမ်ထိတ်လန့်စိတ်များ ပိုမိုကြီးစိုးနေခဲ့သည်။

'တကယ်လို့ အမှန်တရားတွေ ပေါ်သွားရင်... ဗိုက်ထဲကကလေးက ဟော်ရှရဲ့ကလေး မဟုတ်တာသာ သိသွားကြရင်...'

သူမ မည်သို့မျှ စိတ်မအေးနိုင် ဖြစ်နေရသည်။

“ကောင်းပြီလေ၊ ဒါဆိုရင် အလုပ်စလိုက်ကြရအောင်”

ထိုလူက လေသံကို တင်းမာလိုက်ပြီး သူ၏ အင်္ကျီလက်ဝအတွင်းမှ ဆေးမှုန့်တစ်ထုပ်ကို ထုတ်ကာ ကျန်းမန်ထံသို့ လှမ်းပေးလိုက်သည်။ ကျန်းမန်က ထိုဆေးထုပ်ကို လှမ်းယူလိုက်ပြီး ပြန်မေးလိုက်သည်။

“ဒါက ဘာလဲ”

“ဟော်ရှက ရှန်းချင်းယန်ကို ဒီနေ့ အိမ်တော်ဆီ ပြန်ခေါ်လာတာကို မင်း သိလား”

ကျန်းမန်က ခေါင်းညိတ်ပြလိုက်သည်။ ရှန်းချင်းယန်နှင့် ဟော်ရှက မကွာရှင်းရသေးသောကြောင့် သူမကို အိမ်တော်သို့ ပြန်ခေါ်လာခြင်းက ထူးဆန်းသည့်ကိစ္စတော့ မဟုတ်ပေ။

“သူလည်း ကိုယ်ဝန်ရှိနေပြီ”

ထိုလူက တိုတိုတုတ်တုတ် ပြောလိုက်သည်။

“ဘာ”

ကျန်းမန် ထိတ်လန့်သွားပြီး ခေတ္တမျှ မှင်သက်သွားသည်။

'ရှန်းချင်းယန်မှာလည်း ကိုယ်ဝန်ရှိနေပြီဆိုရင် ငါ့ကလေးအတွက် အခွင့်အလမ်းတွေ မရှိတော့ဘူးပေါ့။'

ထိုအရာကို မြင်လိုက်ရချိန်တွင် ထိုအမျိုးသားက ရယ်မောလိုက်ပြီး သူမလက်ထဲမှ ဆေးထုပ်ကို ခပ်ဖွဖွပုတ်ကာ ထပ်ပြောလိုက်သည်။

“ငါတို့သားရဲ့ အနာဂတ်က သူ့အမေရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်တော့တယ်”

“ရှင် ဆိုလိုတာက...”

“ဒါက ကိုယ်ဝန်ဖျက်ဆေးလေ”

ထိုလူက ကျန်းမန်၏ နားနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်ပြန်သည်။

“အခွင့်အရေးကို စောင့်ကြည့်ပြီး ရှန်းချင်းယန်ရဲ့ စားစရာတစ်ခုခုထဲကို ဒီဆေး ထည့်လိုက်”

ဆေးထုပ်ကို ကိုင်ထားသည့် ကျန်းမန်၏လက်များက ရုတ်တရက် တုန်ခါသွားသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုလူက သူမ၏လက်ကို ဆုပ်ကိုင်ထားသဖြင့် ဆေးထုပ်က လွတ်ကျမသွားဘဲ မြဲမြံနေခဲ့သည်။ သူမ၏ ညို့မှိုင်းနေသော မျက်နှာလေးကို မြင်လိုက်ရချိန်တွင် ထိုအမျိုးသားက မေးလိုက်ပြန်သည်။

“တကယ်လို့ သူသာ သားလေးတစ်ယောက် အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ရင် ငါတို့ရဲ့ကလေးက အနာဂတ်မှာ ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံရမလဲဆိုတာ မင်း စဉ်းစားဖူးလား”

ထိုစကားကို ပြောပြီးနောက် အမျိုးသားက သူမကို လေးလေးနက်နက် တစ်ချက်ကြည့်ကာ ပြတင်းပေါက်မှတစ်ဆင့် အမှောင်ထဲသို့ ခုန်ဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။

အချိန်အတော်ကြာပြီးနောက်...

ကျန်းမန်က ပျော့ပျောင်းသော ထိုင်ခုံပေါ်သို့ စိတ်ပျက်အားငယ်စွာဖြင့် လဲကျသွားသည်။ သူမ၏ နှုတ်ခမ်းအစုံက တဆတ်ဆတ် တုန်ရီနေပြီး လက်ထဲရှိ ဆေးထုပ်ကိုသာ ကြောက်ရွံ့မှုအပြည့်ဖြင့် စိုက်ကြည့်နေလေသည်။

.......။........။........

ဖန်လုံအိမ်သို့ ပြေးသွားရာ လမ်းတစ်လျှောက်တွင် လေအေးများကြောင့် လဲ့ကျစ်၏ ပါးပြင်နှင့် လက်ဖမိုးလေးများ နီရဲလာသည်။ သူမ လုံးဝ တုံ့ဆိုင်းမနေဘဲ ဖန်လုံအိမ်တံခါးကို တွန်းဖွင့်ပြီး အတွင်းသို့ ဝင်လိုက်သည်။

အေးခဲနေသော သူမ၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် နွေးထွေးမှုများ တိုးဝင်လာသောကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်ပြန်သည်။

သူမ မော့ကြည့်လိုက်ချိန်တွင် ဖန်လုံအိမ်၏ အစွန်းဘက်ရှိ ဘိန်းပန်းများရှေ့မှ စားပွဲတွင် ထိုင်နေသော ဟော်တူကို တွေ့လိုက်ရသည်။

'ဒီလိုအချိန်မျိုးမှာတောင် သူက ပန်းချီဆွဲဖို့ အချိန်ရှိနေသေးတာလား။'

သူမ ဝင်လာသည်ကို သိနေသည့် ဟော်တူက အေးအေးဆေးဆေး ထရပ်ကာ သူမဆီသို့ လျှောက်လာသည်။ ရာထူးရုတ်သိမ်းခံရခြင်းက သူ့အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိသည့်အလား သူ၏ မျက်နှာက အေးငြိမ်လွန်းနေသည်။

လဲ့ကျစ်ကတော့ နားမလည်နိုင်ဘဲ အံ့သြနေမိသည်။

‘သူက ဒါကို အရင်ကတည်းက သိနေခဲ့တာလား ဒါမှမဟုတ် သူ လုံးဝ ဂရုမစိုက်တာလား။’

သူမ သူ့ကို ပထမဆုံး စတင်တွေ့ရှိခဲ့စဉ်ကလည်း သူက အရာရာကို လျစ်လျူရှုထားပြီး ဤကဲ့သို့သော ပုံစံမျိုးပင် ဖြစ်ကြောင်း ရုတ်တရက် သူမ သတိရမိသွားသည်။ အကြောင်းတစ်ခုခုကြောင့် ထိုအတွေးက အမြဲတမ်း တည်ငြိမ်နေခဲ့သော သူမ၏ နှလုံးသားကို တင်းကြပ်လာစေသည်။

“ဒီကမ္ဘာပေါ်မှာ အရှင့်သားကို တကယ်ပဲ ဂရုတစိုက်ရှိစေမယ့် အရာတစ်ခုခု ရှိသေးရဲ့လား”

လဲ့ကျစ်က မှိုင်းညို့သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

ဟော်တူက အချိန်အတော်ကြာသည်အထိ စကားပြန်မပြောခဲ့ပေ။ လဲ့ကျစ်က မျက်လုံးများကို အောက်ငုံ့ချလိုက်ပြီး သူ့ဘေးမှ ဖြတ်ကျော်ကာ ဥယျာဉ်အစွန်းရှိ စားပွဲတွင် ဝင်ထိုင်လိုက်သည်။

သူမက သူမ၏ ချယ်ရီရောင်နှုတ်ခမ်းများ ဖြူဖျော့သွားသည်အထိ တင်းတင်းကိုက်ထားသေးသည်။

'ငါ ဒီကိုလာတာက အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးဖို့ပဲလေ... ဘာလို့ ရုတ်တရက်ကြီး သူ့ကို ဒီလိုမေးခွန်းမျိုး မေးမိသွားတာလဲ။'

'ငါ တကယ်ပဲ သူ့ကို ပိုင်ဆိုင်ချင်နေခဲ့တာလား။'

အေးမြသော ပူရှိန်းရနံ့များ နီးကပ်လာပြီးနောက် ဟော်တူက သူမ၏ ရှေ့တွင် ရပ်တန့်ကာ စိုက်ကြည့်နေသည်။ သူ၏ အရိပ်က ဖန်လုံအိမ်အတွင်းသို့ ဖြာကျနေသော အလင်းရောင်အချို့ကို ပိတ်ဆို့ထားသည်။ ခဏအကြာတွင် လဲ့ကျစ် သူ၏ တိုးညှင်းသော စကားသံကို ကြားလိုက်ရသည်။

“မင်း...”

ထိုစကားကြောင့် သူမ၏ နှလုံးသား ခဏတာ ရပ်တန့်သွားသလို လဲ့ကျစ် ခံစားလိုက်ရသည်။ သူမ အံ့ဩတကြီး မော့ကြည့်လိုက်ချိန်တွင် သူ၏ မက်မွန်ပွင့်ပုံ မျက်လုံးများထဲ၌ ရှုပ်ထွေးနေသော အရိပ်အယောင်များကို မြင်လိုက်ရသည်။ သူမ သူ့ကို ဆက်မကြည့်ဝံ့တော့သဖြင့် ကမန်းကတန်း ခေါင်းပြန်ငုံ့လိုက်သော်လည်း စားပွဲပေါ်ရှိ ပုံဆွဲစာရွက်များကို မြင်လိုက်ရသည်။ စာရွက်ပေါ်တွင် ရေးဆွဲထားသည်က ဘိန်းပန်းများ မဟုတ်သလို အခြားသော အရာများလည်း မဟုတ်ပေ။ ထိုအရာက သူမ ကိုယ်တိုင်ဖြစ်နေလေသည်။

........။........။.......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ရှခွေးကောင် : “ငါက အဖေဖြစ်တော့မယ်...”

ဟော်တူနဲ့ ကျစ်ကျစ် : “မင်းက ဟိုလူကို ပြောပြချင်တာလား....”

All Chapters