← Chapters

အခန်း (၉၁-၉၂)

Vol. 9 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 9 Ch. 91-92

အခန်း ၉၁ ကိုယ်တိုင်မေးစေချင်တာ...

ပန်းချီကားထဲတွင် ကော့ညွတ်နေသော မျက်ခုံးမွှေးအစုံနှင့်အတူ လဲ့ကျစ်၏ မျက်ဝန်းများက ကောင်းကင်ယံ၌ တောက်ပနေသော လမင်းကို မော့ကြည့်နေသည်။

ထိုမြင်ကွင်းက ရှန့်ယန်မြို့၌ သူမနှင့် ဟော်တူတို့ နှစ်ယောက်အတူ လကြည့်ခဲ့ကြစဉ်က မြင်ကွင်း ဖြစ်သည်။ တစ်ခုတည်းသော ခြားနားချက်က ပန်းချီကားထဲရှိ သူမ၏ ဘေးနားတွင် မည်သူမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေခြင်းပင်။

‘သူ ရှိမနေခဲ့ဘူး။’

လဲ့ကျစ်၏ မျက်ဝန်းများထဲမှ အံ့အားသင့်မှုများ ထွက်ပေါ်လာသည်။ ပန်းချီကားကိုကြည့်ပြီး ဖြစ်စေ၊ သူ၏ စကားများကို ကြားရသည်ကဖြစ်စေ သူမကို နားမလည်နိုင်အောင် ဖြစ်နေစေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမတို့နှစ်ဦး အဖြစ်အပျက်များစွာကို အတူတူ ဖြတ်ကျော်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဟော်တူ၏ နှလုံးသားထဲတွင် သူမ ရှိနေသည်ကို လဲ့ကျစ် သိထားပြီးသား ဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲ၌ သူမက မည်မျှအထိ အရေးပါနေသလဲ ဆိုသည်ကိုတော့ သူမ မခန့်မှန်းနိုင်သေးပေ။

တစ်နည်းဆိုရလျှင် သူမကိုယ်တိုင်က ထိုအကြောင်းကို တမင်တကာ မတွေးချင်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ယခုအခိုက်အတန့်တွင်လည်း ထိုနည်းတူသာ ဖြစ်သည်။

လဲ့ကျစ်က သူမ၏ မျက်ဝန်းထဲမှ ရှုပ်ထွေးနေသော ခံစားချက်များကို ဖုံးကွယ်လိုက်ပြီး တည်ငြိမ်စွာ မတ်တတ်ရပ်ကာ သူ့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

“အရှင့်သား... ထိုက်ဇီရာထူးကို ရုတ်သိမ်းမယ့် အမိန့်တော်အကြောင်းကို အရှင့်သား ကြိုသိထားပြီးသား မဟုတ်လား”

ဟော်တူက သဘောတကျ ရယ်မောလိုက်သော်လည်း ထိုရယ်သံထဲတွင် တင်းကျပ်မှုအချို့ ကိန်းအောင်းနေသည်။

“လဲ့ကျစ်... ကိုယ်က မသေမျိုးမှ မဟုတ်တာ”

သူက ပြန်ပြောလာသည်။

အစီအစဉ်များနှင့် နည်းဗျူဟာများ ရေးဆွဲခြင်း၊ လူတို့၏ စိတ်နှလုံးကို တွက်ချက်ခြင်း၊ မိမိပတ်ဝန်းကျင်ရှိ လောဘရမ္မက်ကြီးသူများ၏ ထောင်ချောက်များကို ဝေဖန်ပိုင်းခြားကာ တန်ပြန်အစီအမံများ ကြိုတင်ပြင်ဆင်ခြင်း...

ဤအရာများက သူ မှတ်မိသည့်အရွယ်ကတည်းက နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေရသည့် အလုပ်များ ဖြစ်သည်။ ဤသည်မှာ သူ ထပ်ခါတလဲလဲ ကစားခဲ့ရသော ကစားပွဲများ ဖြစ်ပြီး ပွဲတိုင်းတွင်လည်း သူ အမြဲအနိုင်ရခဲ့သည်။ သို့သော် အနာဂတ်တွင်လည်း အကြိမ်တိုင်း အနိုင်ရနေဦးမည်တော့ မည်သူကမှ အာမ မခံနိုင်ပေ။

ချောက်ကမ်းပါးစွန်းတွင် လမ်းလျှောက်နေရသူများက အနည်းငယ်မျှ သတိလွတ်သွားရုံဖြင့် ချောက်ထဲသို့ အပြီးတိုင် ပြုတ်ကျသွားနိုင်သည်။

လဲ့ကျစ်က အံ့အားသင့်နေပြီး သူမ၏နှလုံးသားထဲတွင် ခဏတာမျှ အသက်ရှူရကျပ်သွားသလို ခံစားလိုက်ရသည်။ သူမ သူ့ကို ဤကဲ့သို့သော ပုံစံမျိုးဖြင့် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ထို့ကြောင့် သူမက သူ့အနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး သူ့ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ သူမ၏ နူးညံ့သော ပါးပြင်လေးများက သူ့ရင်ဘတ်ကို ပွတ်သပ်မိနေပြီး ဤအပြုအမူက သူ့အတွက် နှစ်သိမ့်မှုတစ်ခု ဖြစ်စေရန် သူမ မျှော်လင့်နေမိသည်။

အချိန်အတော်ကြာမှ လဲ့ကျစ်က သူ့ကို ပြန်လွှတ်ပေးလိုက်ပြီး ထပ်မေးလိုက်သည်။

“ဒါဆို... ရှင် ဘာဆက်လုပ်မှာလဲ... ရှင်...”

ဟော်တူက ဖုံးကွယ်မထားသော နူးညံ့သိမ်မွေ့သည့် အကြည့်များဖြင့် သူမကို စိုက်ကြည့်နေသည်။ လဲ့ကျစ်က သူမ၏ မေးခွန်းကို တစ်ဝက်တစ်ပျက် ရပ်လိုက်ပြီး သူမ ဆက်မမေးရဲ ဖြစ်နေပြန်သည်။

သူ့၏ အစီအစဉ်များက သူမ၏ ဆန္ဒများနှင့် ဆန့်ကျင်ဘက် ဖြစ်နေမည်ကို သူမ စိုးရိမ်သောကြောင့် သူမ မမေးရဲခြင်းပင်။

“အရှင့်သား... ရှန်းချင်းယန်အကြောင်းရော သိလား”

လဲ့ကျစ်က စကားလမ်းကြောင်းကို အမြန်ပြောင်းပြီး ထပ်မေးလိုက်သည်။

“ဒီနေ့ ဟော်ရှက သူ့ကို အတင်းအကျပ် ပြန်ခေါ်သွားတာကို အရှင့်သား သိပြီးပြီလား”

“အင်း...”

ဟော်တူ၏ မျက်ဝန်းများက နက်မှောင်သွားပြီး သူ၏ အဖြေစကားကလည်း တိုတိုတုတ်တုတ်သာ ဖြစ်သည်။

‘ဒါတောင်မှ သူက သူကိုယ်သူ မသေမျိုးမဟုတ်ဘူးလို့ ပြောသေးတယ်ပေါ့။

ကြည့်လေ... သူက အရာအားလုံးကို သိနေခဲ့တာပဲ။’

ဟော်တူက လဲ့ကျစ်၏ မျက်လုံးများတွင် ရှိနေသည့် အဓိပ္ပါယ်ကို နားလည်နေပြီး ထပ်ပြောလိုက်သည်။

"ဒီမနက် သတင်းကိုလည်း သိနေသေးတယ်"

လဲ့ကျစ်က လုံးဝ မအံ့သြဘဲ ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ စိတ်ထဲတွင် သူမ၏ ခန့်မှန်းချက်ကို အတည်ပြုမိနေသောကြောင့် အလွန်စိုးရိမ်နေသည်။

"မင်း... ကိုယ့်ကို မေးစရာရှိသေးလား"

ဟော်တူက လဲ့ကျစ် မမေးရသေးသော မေးခွန်းတစ်ဝက်ကို လျစ်လျူမရှုခဲ့ပေ။ သူမ မေးချင်နေသည့်အရာကို သူ သိနေပြီး သူ သူမကို ဖုံးကွယ်ထားရန် မရည်ရွယ်ခဲ့ပေ။

‘သူက သူမကိုယ်တိုင်မေးတာကို ကြားချင်ရုံလေးပါပဲ။’

ဟော်တူက သူမကြောက်နေသည့်အရာကိုလည်း အတိအကျ သိနေသေးသည်။

‘သူတို့ကြားထဲမှာ ဘယ်တော့မှ ဖြည်လို့ရမှာ မဟုတ်တော့တဲ့ ကြိုးထုံးတစ်ခုရှိနေခဲ့တယ်လေ။ အဲ့ဒါကို ဘယ်သူကမှ ထုတ်ဖော်မပြောရဲကြပေမယ့် အဲ့ကြိုးထုံးကလည်း ပျောက်ကွယ်သွားတော့မှာ မဟုတ်ပါဘူး။ အချစ်က ခိုင်ခံ့နေရင်တောင် အဲ့ဒီကြိုးထုံးကို မဖြေဖျောက်နိုင်တော့ဘူး။’

‘နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် စတင်ဆုံစည်းခဲ့တဲ့ အချိန်ကနေ အခုအထိ အမျိုးမျိုးသောကိစ္စရပ်တွေကို အတူ ရင်ဆိုင်ခဲ့ကြတယ်။ သူမရဲ့ အစွန်းဆုံးသောပန်းတိုင်က ဟော်ရှ မဟုတ်ဘဲ ဟော်ချန်ယွင်ဖြစ်နေတာကို သူ နားမလည်နိုင်ဘဲ ဘယ်နေပါ့မလဲ။’

ဟော်တူက အားလုံးကို နားလည်နေခဲ့သည်။ သူက အကုန်လုံးကို သေသေချာချာ နားလည်နိုင်ခဲ့ပြီး သူမ၏ ကြောက်ရွံ့မှုနှင့် အားနည်းချက်အားလုံးကိုပင် သူ သိနေခဲ့သည်။

သူက သူ တွေးတောနိုင်သည့် အပြည့်စုံဆုံးကစားပွဲကို ဖန်တီးပြီး သူတို့ကြားမှ ထိုကြိုးထုံးကို သူ ဖြည်နိုင်မည်ဟု ယုံကြည်ထားခဲ့သေးသည်။ သို့သော် သူမက သူ့ကို မေးခွန်းများ မေးရန်ကိုလည်း သူ ခေါင်းမာမာဖြင့် မျှော်လင့်နေမိသည်။

‘သူ ဟိုးအရင်ထဲက အရာအားလုံးကို အေးစက်စက်နဲ့ ရပ်ကြည့်နေနိုင်ခဲ့ပေမယ့် သူ့ဘဝတစ်သက်တာမှာ အကြောက်လွန်ခြင်းဆိုတဲ့ ခံစားမှုကို သူမတစ်ယောက်တည်းနဲ့ ချည်နှောင်ထားခဲ့မိတာပါ။’

"မရှိတော့ပါဘူး"

လဲ့ကျစ်က ခေါင်းကိုယမ်းကာ တိုးတိုးလေး ပြောလိုက်သည်။

"အရှင့်သား ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခု လုပ်ထားမယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကျွန်မက ရှန်းချင်းယန်ကို ကူညီချင်သေးတယ်၊ အရှင့်သားအတွက်လည်း ရှန်းဟွိုက်ဆီက အထောက်အပံ့တွေ ပိုရလာလိမ့်မယ်၊ ဒါက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး”

ထိုသို့ပြောပြီးနောက် သူမက ဟော်တူကိုကျော်ဖြတ်ကာ ထွက်ခွာသွားသည်။

သူ့ကို ကျောခိုင်းပြီးထွက်လာသည်နှင့် တပြိုင်နက် သူမ၏မျက်နှာပေါ်ရှိ တည်ငြိမ်နေသော ဆင်ခြင်တုံတရားက ချက်ခြင်း ပျောက်ကွယ်သွားသည်။ သူမရှေ့ရှိ အရာအားလုံးက ဝေဝါးနေသော်လည်း သူမ ငိုနေသည်ကို ဟော်တူ မသိစေချင်သောကြောင့် လဲ့ကျစ်တစ်ယောက် မျက်ရည်များကို သုတ်ရန်ပင် မဝံ့မရဲ ဖြစ်နေလေသည်။ သူမက ခြေလှမ်းများကို တဟုန်ထိုး အရှိန်တင်လိုက်ပြီး ဖန်လုံအိမ်ထဲမှ ပြေးလုနီးပါး ပြန်ထွက်လာခဲ့သည်။

သူမ နောက်ထပ်ခနလောက် ထပ်နေမိရင် သူ့ကို မမေးဘဲ မနေနိုင်တော့မည်ကို ကြောက်ရွံနေမိသည်။ ထို့အပြင် သူမ၏အစီအစဥ်များကိုလည်း ပြောပြမိတော့မည် ဖြစ်သည်။ သူ့ကို သူ့အဖေအရင်းနှင့် သူမ၏ကြား ရွေးချယ်ရန် အတင်းအကြပ် ဖိအားမပေးချင်သော်လည်း သူက သူမကို ရွေးချယ်ရန် လောဘကြီးစွာ မျှော်လင့်နေမိသည်။

ဖန်လုံအိမ်အပြင်ဘက်တွင် အဆက်မပြတ် ကျဆင်းနေသော အဖြူရောင်နှင်းများက ရေခဲလွှာများဖြစ်အောင် ကျဆင်းမည့်ပုံပေါ်နေသည်။

သူမ၏ မျက်လုံးထောင့်မှ မျက်ရည်စများက အေးစက်သော ဆောင်းလေကြောင့် လွင့်စင်သွားရသည်။ လဲ့ကျစ်က နီရဲနေသော သူမ၏ မျက်လုံးများကို လက်ဖြင့် ခေတ္တဖိထားလိုက်သည်။ သူမ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော အေးစက်သည့် လေတစ်ချက်က သူမ၏ နှလုံးသား အောက်ခြေမှ ထိန်းချုပ်၍မရသော လောဘစိတ်များကို တိုက်စားသွားသကဲ့သို့ ခံစားလိုက်ရသည်။

မကြာမီ သူမက နှင်းပွင့်များနှင့် လေပြင်းများကြားသို့ ပြတ်သားစွာ လျှောက်လှမ်းသွားသည်။ သူမအနေဖြင့် ရှန်းချင်းယန်၏ လက်ရှိအခြေအနေကို သိရှိနိုင်ရန် အမြန်ဆုံး ကြိုးစားရန် လိုအပ်နေသေးသည်။

ဖန်လုံအိမ်အတွင်းရှိ အပူပေးမီးဖိုကြောင့် ပတ်ဝန်းကျင်က နွေးထွေးနေသော်လည်း ဟော်တူကတော့ ရေခဲခန်းထဲသို့ ရောက်ရှိနေသလို ခံစားနေရသည်။ သူက သူ့ရှေ့ရှိ ပုံဆွဲစက္ကူကို စိုက်ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် သူက စားပွဲပေါ်မှ ပန်းချီစုတ်တံကို ကောက်ယူကာ တိခနဲ ချိုးပစ်လိုက်သည်။ ထို့နောက် မှိုင်းဝေနေသော အနက်ရောင် မျက်ဝန်းအစုံကို တင်းတင်းမှိတ်ချလိုက်သည်။

..........။........။.........

အိမ်ရှေ့စံမင်းသားကို ရာထူးမှ ဖြုတ်ချလိုက်သည့် အမိန့်တော် ပြန့်နှံ့လာသောကြောင့် နန်းတွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကလည်း ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒကို ခန့်မှန်း၍မရနိုင်တော့သဖြင့် ထိတ်လန့်နေကြသည်။ ဤအခြေအနေတွင် အပျော်ဆုံးလူက ဟော်ရှ ဖြစ်သည်။ အချုပ်အနှောင်မှ လွတ်မြောက်လာပြီးနောက် ဤမျှ ဝမ်းမြောက်စရာကောင်းသော သတင်းကို ကြားလိုက်ရသဖြင့် သူသည် ပီတိဖြစ်နေလေသည်။

'သေချာတာပေါ့... ငါက ခမည်းတော်ရဲ့ အချစ်ဆုံးသားအဖြစ် ရှိနေတုန်းပဲ၊ အရင်က ငါ့ကို ဒေါသထွက်ပြီး အကျဉ်းချထားတာက ခေတ္တခဏ စိတ်ဆိုးသွားရုံတင် ဖြစ်မှာပါ'

'အခု အိမ်ရှေ့စံနေရာက လစ်လပ်သွားပြီဆိုတော့ အရှေ့နန်းတော်ကို သိမ်းပိုက်နိုင်မယ့်သူက ငါကလွဲလို့ တခြားဘယ်သူရှိဦးမှာလဲ'

“အရှင်... ညစာစားဖို့အတွက် အနောက်ဘက်ခြံကို ကြွမှာလားခင်ဗျာ”

ချင်ယု၏ အမေးကြောင့် သူ၏ အတွေးအာရုံများ လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။ ဟော်ရှက ချက်ချင်း ပြန်ဖြေရန် ပြင်လိုက်သော်လည်း သူ့စိတ်ထဲတွင် နူးညံ့ဖြူဖျော့သော မျက်နှာလေးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သို့သော် သူ့မယ်တော်ပြောခဲ့သော စကားများကို သတိရမိလိုက်ရချိန်တွင် သူ၏ စိတ်အစဉ်က အနည်းငယ် လှုပ်ရှားသွားပြီး မလိုအပ်ဘဲ စိတ်အနှောက်အယှက် အဖြစ်မခံတော့ရန် ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးတွင် သူက ဧကရာဇ်တစ်ပါး ဖြစ်လာရမည့်သူသာ ဖြစ်သည်။

“အနောက်ဘက်ခြံကို မသွားတော့ဘူး”

ဟော်ရှက ပြောလိုက်သည်။

ချင်ယု၏ မျက်နှာတွင် အံ့အားသင့်တုန်လှုပ်သွားသော အရိပ်အယောင်များ ပေါ်လာသည်။

'အနောက်ဘက်ခြံကို မသွားဘူးဆိုရင်... ကြင်ယာတော်နဲ့ပဲ အတူတူ စားချင်တာလား'

“သူ စားချင်တဲ့ ဟင်းလျာတွေကို များများချက်ပြုတ်ပေးဖို့ မီးဖိုချောင်ကို မှာလိုက်ပါ”

မကြာသေးမီက ဖြစ်ပျက်ခဲ့သော ပျော်ရွှင်ဖွယ် အခြေအနေများကြောင့် ဟော်ရှ စိတ်လက်ပေါ့ပါးနေပြီး ရှန်းချင်းယန်အပေါ် ထားရှိသည့် စိတ်မရှည်မှုများကလည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားခဲ့သည်။ အမှန်စင်စစ် သူက သူမကို ထိုမျှလောက်အထိ မုန်းတီးနေခဲ့ခြင်း မဟုတ်ပေ။ ယခင်တုန်းက သူ့ဆန္ဒမပါဘဲ လက်ထပ်လိုက်ရသောကြောင့်သာ သူ၏ ဒေါသအားလုံးကို သူမအပေါ် ပုံချခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ရှန်းချင်းယန်၏ ပြင်းထန်သော ခုခံငြင်းဆိုမှုများကြောင့် သူ၏နောက်သို့ တကောက်ကောက်လိုက်ကာ “အစ်ကိုအားရှ” ဟု ချွဲနွဲ့ခေါ်တတ်သော ကောင်မလေးကိုပင် လွမ်းဆွတ်မိလာသည်။

'ဘာပဲဖြစ်ဖြစ်... အခု ငါတို့မှာ ကလေးရနေပြီပဲ၊ သူမက ငါ့အပေါ် တစ်ချိန်လုံး အေးစက်စက် ဆက်ဆံနိုင်မယ်လို့ ငါ မယုံဘူး။ ငါသာ အရင်စပြီး အလျှော့ပေးလိုက်ရင် သူမက အတိတ်ကလို ငါ့အပေါ် ပြန်ကောင်းလာမှာ သေချာပါတယ်။'

ဟော်ရှက ထိုသို့ အခိုင်အမာ ယုံကြည်နေလေသည်။

‘ပြီးတာတွေလည်း ပြီးပါစေတော့၊ အနာဂတ်မှာ ငါက ရှန်းချင်းယန်ကို တော်ဝင်ကိုယ်လုပ်တော်အဖြစ် ရာထူးအပ်နှင်းပေးမယ်။ သူမ ငါ့စကားကို နားခံနေမယ်ဆိုရင် သူမအပေါ် ကြင်နာပေးဖို့ စိတ်မရှိပါဘူးလေ။ ကျန်းမန်အတွက်ကတော့... ရိုးရိုးသားသား ပြောရရင် သူမမှာ ကိုယ်ဝန်ရှိနေပြီလို့ ပထမဆုံး ကြားလိုက်ရတုန်းက ငါ အရမ်း ဝမ်းသာပီတိဖြစ်ခဲ့ရတယ်၊ ကျန်းမန်က ကျစ်ကျစ်နဲ့ အရမ်းတူတာကြောင့် သူမနဲ့ ရတဲ့ ကလေးကလည်း ကျစ်ကျစ်နဲ့ အရမ်းတူမယ်လို့ တွေးမိခဲ့တယ်။’

‘ဒါပေမယ့် အခုအချိန်မှတော့ အခြေအနေက ကွဲပြားသွားပြီ၊ ဟော်တူ ရာထူးကနေ ဖယ်ရှားခံလိုက်ရပြီဆိုတော့ သူ ငါ့ကို ဟန့်တားနိုင်ဖို့ ခဲယဉ်းသွားပြီ။ မကြာခင် ကျစ်ကျစ်က ငါ့အနားကို ပြန်လာနိုင်တော့မယ်။ ‘အစစ်’ ပြန်ရောက်လာရင် ‘အတု’ က အဆင်မပြေဖြစ်လာနိုင်တယ် မဟုတ်ဘူးလား’

‘အရင်က ပြောဆိုခဲ့ဖူးတဲ့ စကားတွေအရ ကျစ်ကျစ်က ကြင်နာသနားတတ်သူ ဖြစ်ပေမယ့် ငါက အခြားအမျိုးသမီးကို ပိုဂရုစိုက်နေရင် သူမ မနာလိုဖြစ်လိမ့်မယ်။ အနာဂတ်မှာ ကျစ်ကျစ်က ကျန်းမန်နဲ့ ငါ့ကလေးကို နေ့တိုင်း မြင်တွေ့နေရရင် အတိတ်က နာကျင်စရာတွေကို ထပ်ခါထပ်ခါ သတိရနေစေလိမ့်မယ်။ ငါနဲ့ ကျစ်ကျစ်ကြားမှာ ဘာအတားအဆီးမျိုးမှ မရှိစေချင်ဘူး။ အဲ့ဒါကြောင့် ငါ နန်းတက်ပြီးရင် ကျန်းမန်နဲ့ သူမရဲ့ကလေးကို နန်းတော်အပြင်ဘက်မှာပဲ ထားဖို့ စီစဉ်ရမယ်။ အဲ့လိုလုပ်တာက သူမအတွက် အဆင့်အတန်း နိမ့်ကျသလို ခံစားရစေမယ်ဆိုပေမယ့် သူမက အရင်းကတည်းက မြင့်မြတ်တဲ့ မိသားစုက မွေးဖွားလာသူ မဟုတ်ဘူးလေ။ ဘာကိုမှ စိတ်ပူစရာမလိုဘဲ စည်းစိမ်ခံစားပြီး ဇိမ်ကျကျ နေထိုင်နိုင်မယ်ဆိုရင် သူမအနေနဲ့ ကျေနပ်နေသင့်ပြီ မဟုတ်လား။'

ထိုသို့ တွေးမိလိုက်ချိန်တွင် ဟော်ရှက ကျေနပ်အားရစွာ ပြုံးနေလေသည်။ ချင်ယု၏ မျက်နှာတွင်တော့ ရှုပ်ထွေးသော အမူအရာများ ပေါ်လာသည်။ သူက ညင်သာစွာ တုံ့ပြန်လိုက်ပြီး ထမင်းပြင်ဆင်ရန် တစ်ယောက်ယောက်ကို ခေါ်လိုက်သည်။

နေဝင်ရီတရော အချိန်တွင် စားသောက်ခန်းမအတွင်း၌ ဟင်းပွဲများ၏ ရနံ့များ သင်းပျံ့နေသည်။ ရှန်းချင်းယန်က ထမင်းစားပွဲ၌ ငြိမ်သက်စွာ ထိုင်နေသော်လည်း ဘာကို စတင်စားသုံးရမှန်း မသိဖြစ်နေလေသည်။

ဟော်ရှ အဘယ်ကြောင့် သူမဆီသို့ ညစာလာစားသည်ကိုလည်း သူမ နားမလည်နိုင် ဖြစ်နေရသည်။

'လက်ရှိ အခြေအနေမှာ သူက ပိုပြီး ရိုးရိုးသားသား နေသင့်တာ မဟုတ်ဘူးလား။ ဘာကြောင့်များ ဒီလို မူယာမာယာတွေ လုပ်နေရသေးတာလဲ။'

ခဏအကြာတွင် သူမက ငွေတူများကို ပြန်ချလိုက်ပြီး မှိုင်းညို့သော အမူအရာဖြင့် တိတ်တိတ်လေး ထိုင်နေလိုက်သည်။

“ဒီဟင်းတွေက အရသာမရှိလို့လား”

ဟော်ရှက သူမကို ကြည့်ရန် မျက်တောင်ပင့်လိုက်ပြီးမှ လှမ်းမေးလိုက်သည်။

“မင်း... နေမကောင်းသေးဘူးလား”

ရှန်းချင်းယန်အတွက်တော့ ထိုနွေးထွေးနူးညံ့သော လေသံက ကမ္ဘာတစ်ခုစာမျှ ဝေးကွာနေခဲ့ပြီ ဖြစ်သည်။ ဟော်ရှနှင့် လက်မထပ်မီက သူက သူမကို ထိုကဲ့သို့ နူးညံ့သိမ်မွေ့သော လေသံဖြင့် အမြဲပြောလေ့ရှိသည်။ ထိုအသွင်အပြင်ကို သဘောကျမိသော သူမကလည်း နောက်ပြန်ဆုတ်၍ မရနိုင်လောက်အောင် တွင်းနက်ထဲသို့ ကျဆင်းခဲ့ရသည်။

ရှန်းချင်းယန်က ပြန်မဖြေဘဲ သူ့မျက်နှာကိုသာ တိတ်တဆိတ် စိုက်ကြည့်နေသည်။

'ဒီလို နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်တဲ့ မျက်နှာရဲ့နောက်ကွယ်မှာ မျက်နှာဖုံးတွေ ဘယ်နှစ်ထပ်လောက် ရှိနေဦးမှာလဲ။'

ရှန်းချင်းယန်က ထိုအရာများကို မသိသလို၊ ရေတွက်ရန်လည်း မကြိုးစားချင်တော့ပေ။ သူမ ခံစားနေရသည်က အဆင်မပြေမှုနှင့် ရွံရှာမှုတို့သာ ဖြစ်သည်။

စားပွဲပေါ်ရှိ ကြက်စွပ်ပြုတ်ဆီမှ ပြင်းထန်သော အနံ့သင်းသင်းက သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာချိန်တွင် ရှန်းချင်းယန်က ခေါင်းကို ခါယမ်းလိုက်သည်။

“မင်း... အဆင်ပြေရဲ့လား”

ဟော်ရှက ချက်ချင်း ထရပ်လိုက်ပြီး ရှန်းချင်းယန်၏ ဘေးသို့ လျှောက်လာကာ သူမ၏ ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ သို့သော် သူမကို ထိလိုက်မိသည်နှင့် သူ အံ့အားသင့်သွားရသည်။

'သူမ... ဘာလို့ ဒီလောက်တောင် ကိုယ်အလေးချိန် ကျသွားရတာလဲ။'

ဆောင်းရာသီဖြစ်သဖြင့် ရှန်းချင်းယန်က ထူထဲသောအဝတ်အစားများကို ဝတ်ဆင်ထားသောကြောင့် သူမ၏ ခန္ဓာကိုယ်အခြေအနေကို သေချာမမြင်ရပေ။ ထို့ကြောင့် သူမကို လက်နှင့်ထိလိုက်မိမှသာ သူမ မည်မျှအထိ ပိန်ချုံးသွားသည်ကို ဟော်ရှ သိလိုက်ရသည်။

“ဒီနေ့ ညစာကို ဘယ်သူပြင်ဆင်တာလဲ”

ဟော်ရှက ရုတ်တရက် ဒေါသထွက်လာပြီး သူ၏အသံက တင်းမာလာသည်။

“အဆီများတဲ့ ဟင်းပွဲတွေကို အကုန်ဖယ်လိုက်စမ်း၊ ပေါ့ပေါ့ပါးပါး စားစရာတွေနဲ့ အမြန်လဲလိုက်”

“ဟုတ်ကဲ့ပါ အရှင်”

ဘေးနားရှိ အစေခံများက ထိတ်လန့်တုန်လှုပ်သွားကြပြီး အခန်းထဲမှ အလျင်အမြန် ထွက်သွားကြသည်။ ရှန်းချင်းယန်ကတော့ သူမ၏ နှလုံးသားထဲမှ လှောင်ရယ်နေမိသည်။

'ဒါကမှ စိတ်အပြောင်းအလဲ မြန်လွန်းတဲ့ ကြောင်သူတော် အစစ်အမှန်ပဲ။ တကယ့်ကို ရွံဖို့ကောင်းလွန်းတယ်'

အပြစ်မဲ့သော ကျေးကျွန်များက ဟော်ရှ၏ ဒေါသနှင့် မတွေ့စေရန်အတွက် ရှန်းချင်းယန်က ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်သည်။

“ကျွန်မ အဆင်ပြေပါတယ်”

နောက်ဆုံးတွင် သူမ စကားပြောလာသည်ကို မြင်လိုက်ရသဖြင့် ဟော်ရှက စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားပြီး လက်ကို မြှောက်လိုက်သည်။ သူက ရှန်းချင်းယန်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။

“မင်း စားတာ အရမ်းနည်းလွန်းတယ်၊ နောက်ထပ် နည်းနည်းလောက် ထပ်စားဦးလေ”

ရှန်းချင်းယန်က သူနှင့် အဓိပ္ပာယ်မဲ့ ငြင်းခုံနေရန် မလိုလားသဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထိုအချိန်တွင် အစေခံတစ်ယောက်က အပြင်ဘက်မှ အပြေးအလွှား ရောက်ရှိလာသည်။ သို့သော် သူမက အခန်းထဲသို့ မဝင်ရဲဘဲ ခန်းမအပြင်ဘက်တွင်သာ စိုးရိမ်တကြီး မတ်တတ်ရပ်နေခဲ့သည်။

ဟော်ရှကလည်း သူမကို မြင်သွားပြီး အနောက်ဘက်ခြံဝင်းမှ ထိုအစေခံကို သူ မှတ်မိနေသည်။ သို့သော် သူက ဝင်လာရန် ခွင့်မပြုခဲ့ပေ။ ရှန်းချင်းယန်၏ သဘောထား အနည်းငယ် ပြေလျော့လာသည့် ဤအခိုက်အတန့်မှ ငြိမ်သက်အေးချမ်းမှုကို မဖျက်ဆီးချင်သောကြောင့် ဖြစ်သည်။

သို့သော် ရှန်းချင်းယန်က ထိုအစေခံကို ခန်းမထဲသို့ ခေါ်ပြီး မေးမြန်းလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

“အရှင်မင်းသား... ကြင်ယာတော်...”

အစေခံမလေးက လေးလေးစားစား အလေးပြုလိုက်ပြီးနောက် အစီရင်ခံလိုက်သည်။

“အနောက်ခြံဝင်းက သခင်မက အခု ဝမ်းဗိုက်ထဲက အရမ်းနာကျင်နေပြီး သွေးတွေလည်း အများကြီး ထွက်နေလို့ပါ”

“သမားတော် ရောက်မလာသေးဘူးလား”

ဟော်ရှက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သမားတော် လာကြည့်ပြီး ပြန်သွားပါပြီ၊ ဒါပေမယ့် သခင်မက အခု ထပ်ပြီး နာကျင်နေလို့ပါ”

ဟော်ရှ၏ မျက်ခုံးအစုံက ပိုတင်းကျပ်သွားပြီး ရှန်းချင်းယန်ကို စိုးရိမ်တကြီး ကြည့်နေမိသည်။ အကြောင်းတစ်ခုခုကြောင့် သူ ရှန်းချင်းယန်၏ ခံစားချက်ကို ရုတ်တရက် ဂရုစိုက်မိလာပြီး ကျန်းမန်ရှိနေသည့် အနောက်ဘက်ခြံသို့ မသွားချင်တော့ပေ။

သို့သော် နောက်ဆုံးတွင် ထိုကလေးက သူ့သွေးသား ဖြစ်နေဆဲပင်။

ထို့ကြောင့် သူ ခဏတာမျှ အကျပ်ရိုက်သွားရသည်။

“အရှင်မင်းသား... သွားကြည့်လိုက်ပါဦး”

ရှန်းချင်းယန်၏ သိမ်မွေ့သော လေသံကပင် ဟော်ရှကို လန့်သွားစေသည်။ ရှန်းချင်းယန်၏ လျစ်လျူရှုထားသော အမူအရာကို ကြည့်ပြီး သူ၏ နှလုံးသားထဲ၌ အနည်းငယ် မွန်းကြပ်သွားရသည်။ ခဏအကြာတွင် သူက ခေါင်းညိတ်ပြပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ရှန်းချင်းယန်က သက်ပြင်းတစ်ချက်ကို အသာချလိုက်သည်။ သူမကတော့ ဟော်ရှကို အဝေးသို့ ခေါ်ထုတ်သွားပေးသည့် ကျန်းမန်ကိုပင် အမှန်တကယ် ကျေးဇူးတင်ချင်နေမိသည်။ ထိုသို့မဟုတ်ပါက သူနှင့် တစ်မိုးအောက်တည်းတွင် အတူရှိနေရခြင်းက သူမအတွက် အသက်ရှူရကျပ်စေပြီး အဆင်မပြေမှုများကိုသာ ပေးစွမ်းနိုင်မည် ဖြစ်သည်။

“လုယင်... အခန်းကိုပဲ ပြန်ရအောင်”

“သခင်မ... ဘာမှ ထပ်မစားတော့ဘူးလားဟင်”

လုယင်က စိုးရိမ်တကြီး ကြည့်နေရှာသည်။ သူမကိုယ်တိုင်လည်း ဟော်ရှကို အလွန်မုန်းတီးသော်လည်း လက်ရှိအချိန်တွင် သူမ၏ သခင်မ အစာပိုစားသင့်သည်ဟု သူမ ခံစားနေရသည်။

ဤရက်ပိုင်းအတွင်း သူမ၏သခင်မက နံနက်ခင်း ကိုယ်ဝန်ဖျားနာမှုကြောင့် အော့အန်နေရပြီး ကိုယ်အလေးချိန်လည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။ သခင်မ၏ ပိန်ချုံးနေသော ပုံစံကို ကြည့်ရုံဖြင့် လုယင်တစ်ယောက် စိတ်မကောင်းဖြစ်နေရသည်။ သို့သော် ရှန်းချင်းယန်က ခေါင်းကိုသာ ခါယမ်းလိုက်သည်။

“မစားတော့ဘူး”

သူမကတော့ ဤနေရာတွင် အစာစားချင်စိတ် လုံးဝမရှိတော့ပေ။

သခင်မနှင့် အစေခံနှစ်ဦးသား အိပ်ခန်းဆီသို့ အတူတူ လျှောက်လှမ်းလာကြသည်။ လုယင်က လက်တစ်ဖက်တွင် မီးပုံးကိုကိုင်ကာ ရှေ့သို့သွားရမည့်လမ်းကို ဂရုတစိုက် ကြည့်နေသည်။ ရုတ်တရက် အရိပ်တစ်ခုက အလွန်လျှင်မြန်သော အရှိန်ဖြင့် သူမတို့နံဘေးမှ ဖြတ်ကျော်သွားသည်။ သူတို့နှစ်ဦးလုံး အံ့အားသင့်သွားရပြီး အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။ သူမတို့ သတိပြန်ဝင်လာချိန်တွင် ထိုအရိပ်က ညမှောင်မှောင်အောက်သို့ ပျောက်ကွယ်သွားခဲ့ချေပြီ။

ထိုသူမှာ သရွှင် ဖြစ်သည်။

လုယင်က သူမ၏လက်ထဲသို့ စာတစ်စောင် ရောက်ရှိလာသည်ကို ခံစားလိုက်ရပြီး လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။ နှစ်ယောက်သား စကားတစ်ခွန်းမျှ မဆိုကြဘဲ အရှိန်မြှင့်ကာ အိပ်ခန်းထဲသို့ အမြန် ဝင်လာခဲ့ကြသည်။ ရှန်းချင်းယန်က စာရွက်ပေါ်ရှိ စာသားများကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ ထို့နောက် သူမက လက်ဖဝါးများကို ဖြည်းဖြည်းချင်းပိတ်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ မှတ်စုထဲတွင် ရိုးရှင်းသော ဝါကျနှစ်ခုသာ ပါရှိသည်။

[ကျန်းမန်ရဲ့ ဗိုက်ထဲက ကလေးက ဟော်ရှရဲ့ သွေးသားမဟုတ်ဘူး]

[ကျန်းမန်ကို သတိထားပါ]

ယခင်က အနောက်ဘက်ခြံဝင်းရှိ အခန်းထဲတွင် အခြားအမျိုးသားတစ်ဦး၏ အသံနှင့် ကျန်းမန်တို့ အတူရှိနေသည်ကို သူမ ကြားဖူးခဲ့သည်။ ကျန်းမန် ကိုယ်ဝန်ရှိကြောင်း သိလိုက်ရချိန်တွင်လည်း ရှန်းချင်းယန်အနေဖြင့် ထိုကလေးက ဤသို့ ဖြစ်နေမည်ဟု မတွေးမိခဲ့ပေ။

ယခုအချိန်တွင် သူမကိုယ်တိုင် ဟော်ရှလက်ထဲသို့ ကျရောက်နေပြီး မရှုနိုင်မကယ်နိုင် ဖြစ်နေသောကြောင့် သူတစ်ပါးကိစ္စများကို ဂရုစိုက်ရန် စိတ်မပါခဲ့ခြင်း ဖြစ်သည်။ ယခုတော့ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။

ကျန်းမန်က သူမကို နာကျင်အောင် လုပ်ရန် ကြံစည်နေသည်ဆိုလျှင်တော့ ထိုမိန်းကလေးကိုယ်တိုင် ဘေးဒုက္ခကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ရှန်းချင်းယန်က စားပွဲပေါ်ရှိ လောင်ကျွမ်းနေသော ဖယောင်းတိုင်မီးဆီသို့ မှတ်စုစာရွက်ကို တိုးပေးလိုက်ပြီး ပြာကျသွားသည်အထိ ငြိမ်သက်စွာ ကြည့်နေလိုက်သည်။

နောက်တစ်နေ့ နံနက်စောစောတွင်...

ကျန်းမန်က အစေခံတစ်ယောက်ကို အစားအသောက်သေတ္တာ သယ်ခိုင်းကာ ရှန်းချင်းယန်၏ အခန်းဆီသို့ လျှောက်လာခဲ့သည်။ သူမက ဘေးတွင်ချထားသော လက်အစုံကို တင်းတင်းဆုပ်ထားပြီး နူးညံ့သော နှုတ်ခမ်းသားများတွင် အနီရောင် အမှတ်အသားတစ်ခု ပေါ်လာသည်အထိ နှုတ်ခမ်းများကို ကိုက်ထားသည်။

မူလက သူမ ဤခြေလှမ်းကို မလှမ်းချင်ခဲ့သော်လည်း မနေ့က ဟော်ရှက ရှန်းချင်းယန်နှင့် အတူရှိနေရန် သူမကို လျစ်လျူရှုခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို ဆွဲဆောင်နိုင်ရန် ဗိုက်နာသည်ဟု တမင်ဟန်ဆောင်ခဲ့သော်လည်း ဟော်ရှက သူမအပေါ် စိတ်မရှည်သော အမူအရာများ ပြသလာခဲ့သည်။

ယခင်က ဟော်ရှက သူမကို သူ့ချစ်သူဟောင်းနေရာတွင် အစားထိုးစရာတစ်ခုအဖြစ်သာ သဘောထားခဲ့ပြီး ရှန်းချင်းယန်ကိုတော့ နေရာတိုင်း၌ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ သို့သော် ယခု သူ၏စိတ်များ ယိမ်းယိုင်လာကာ ရှန်းချင်းယန်ကို စတင်ဂရုစိုက်လာခဲ့ပြီ ဖြစ်သည်။

ကျန်းမန် ကိုယ်ဝန်ရှိနေသည်ကိုပင် သူ အာရုံမစိုက်နိုင်တော့ပေ။

'အဲ့လို လုံးဝ မဖြစ်စေရဘူး'

ကျန်းမန်က အချိန်အတော်ကြာအောင် အစားထိုးခံဘဝဖြင့် နေထိုင်ခဲ့ရပြီး စစ်မှန်သော ချစ်ခြင်းမေတ္တာဟု သူမ ထင်မှတ်ထားသည့် ဟော်ရှ၏ ညှာတာမှုများကို ဆက်လက်ပိုင်ဆိုင်လိုခဲ့သည်။ ဤအခွင့်အရေးများ ဆုံးရှုံးသွားရမည်ကို သူမ မည်သို့မျှ လက်မခံနိုင်ပေ။

'ရှန်းချင်းယန်သာ ပျောက်ကွယ်သွားရင် အားလုံး အဆင်ပြေသွားမှာပဲ။ အနည်းဆုံးတော့... သူမရဲ့ ဝမ်းဗိုက်ထဲက ကလေးက မရှိသင့်ဘူး။'

‘ဒီကလေးက ငါ့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲ။ ဒီကလေးက ရောက်မလာသင့်ဘူး။’

သူမ အတွေးများဖြင့် လျောက်လာနေစဉ်အတွင်း ရှန်းချင်းယန်၏ အခန်းရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အိပ်ခန်းထဲတွင် ရှန်းချင်းယန်က နီလာပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဖြူဖျော့ဖျော့ အသားအရေကို ဖုံးကွယ်နိုင်ရန်အတွက် ယနေ့တွင် နှုတ်ခမ်းနီနှင့် အလှပြင်ပစ္စည်းအချို့ကို အနည်းငယ် လိမ်းခြယ်ထားသည်။ မနေ့ညက သရွှင်၏ သတင်းပေးမှုကြောင့် ကျန်းမန် သူမကို ပထမဆုံးအကြိမ် လာရောက်နှုတ်ဆက်ခြင်းအပေါ် သူမ မအံ့သြတော့ပေ။

ရှန်းချင်းယန်၏ နှုတ်ခမ်းထောင့်များ ပင့်တက်သွားသည်နှင့်အမျှ သူမ၏ မျက်ဝန်းများလည်း ရုတ်တရက် အေးစက်သွားသည်။

“သူ့ကို ဝင်ခွင့်ပြုလိုက်”

ကျန်းမန်က ငန်းဝါရောင် စကတ်ရှည်ကို အသာမကာ ဖြည်းဖြည်းချင်း ဝင်လာသည်။ သူမက ရှန်းချင်းယန်ကို ညင်သာစွာ အရိုအသေပေးလိုက်သည်။

“ကြင်ယာတော်မင်းသမီးကို လေးလေးစားစား ဂါရဝပြုပါတယ်ရှင့်’

သူမတို့နှစ်ဦးစလုံးက တစ်ဦး၏ဖြစ်တည်မှုကို တစ်ဦးက သိရှိနေကြသော်လည်း တရားဝင်တွေ့ဆုံခြင်းကတော့ ယခု ပထမဆုံး ဖြစ်သည်။

“အခမ်းအနားတွေ ရုပ်သိမ်းလိုက်ပါ”

ရှန်းချင်းယန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း ဆက်ပြောလိုက်သည်။

“ထိုင်ပါဦး”

ကျန်းမန်က ရှန်းချင်းယန်၏ စကားအတိုင်း ဝင်ထိုင်လိုက်သည်။ ခေတ္တအနားယူပြီးနောက် သူမဘေးရှိ အစေခံကို ခေါ်ကာ ယူဆောင်လာသော အစားအသောက်သေတ္တာကို ဖွင့်ခိုင်းလိုက်သည်။ ထို့နောက် ရှန်းချင်းယန်ကို လိမ္မာရေးခြားရှိလှသော အပြုံးဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ကြင်ယာတော်မင်းသမီး လွန်ခဲ့တဲ့ နှစ်ရက်လောက်က မနက်ခင်းဖျားနာမှုကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ ဒီအစေခံ ကြားမိပါတယ်၊ ဒီဖြည့်စွက်စာက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် အရမ်းကောင်းတယ်လို့ ကြားရတာကြောင့်... ကြင်ယာတော်မင်းသမီးကို ဒီဟင်းရည် ဆက်သဖို့ မဖိတ်ခေါ်ဘဲ လာခဲ့မိတာပါရှင့်”

သူမက သူမကိုယ်သူမ ‘ဒီအစေခံ’ ဟု နှိမ့်ချသုံးနှုန်းကာ အလွန်အမင်း ရိုသေပြနေသည်။ ဤလုပ်ရပ်က တမင်သက်သက် လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ကျန်းမန်ကတော့ ရှန်းချင်းယန်၏ အတိတ်က မဆုတ်မနစ်သော စိတ်ဓာတ်နှင့် မြင့်မြတ်သော မိန်းကလေးအများစု၏ နုံအမှုအကြောင်း တွေးမိသောကြောင့် စိတ်မရှည်ဖြစ်ကာ ရောက်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သူမ အမှန်တကယ် အချိန်မဆွဲနိုင်တော့ပေ။

“ဒီမင်းသမီးက မနက်စာ စားပြီးပြီ၊ အခု ထပ်မစားနိုင်တော့ဘူး”

ထို့နောက်တွင် ရှန်းချင်းယန်က သက်ပြင်းကို တိုးတိုးလေး ချလိုက်ပြီး ဝမ်းနည်းဟန်ဖြင့် ထပ်ပြောလိုက်သည်။

“ဒီလောက်ကောင်းတဲ့ ဟင်းရည်ကို ဖြုန်းတီးရမှာ နှမြောစရာပဲ၊ အဲဒီလိုဆိုရင်... မင်းပဲ သောက်လိုက်ပေါ့”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းမန်၏ နှလုံးသားတစ်ခုလုံး တင်းကြပ်သွားကာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ ရှန်းချင်းယန်က အမှန်တကယ် မစားနိုင်တော့ခြင်းလား သို့မဟုတ် သံသယရှိသဖြင့် သူမကို စမ်းသပ်နေခြင်းလားဆိုသည်ကိုတော့ သူမ မခန့်မှန်းနိုင်တော့ပေ။

“ဒီ... ဒီအစေခံလည်း ဒီနေ့ မနက်စာ စားပြီးပါပြီရှင့်”

“ဒါက ကောင်းမွန်တဲ့ ဖြည့်စွက်စာဆိုရင် ဘာလို့ နည်းနည်းလောက် ထပ်မစားရတာလဲ”

ရှန်းချင်းယန်က ညင်ညင်သာသာ ပြုံးပြလိုက်ရင်း ထပ်ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ မင်းလည်း ကိုယ်ဝန်ရှိနေပြီဆိုတော့ များများစားသင့်တာပဲလေ”

ကျန်းမန်က အံ့အားသင့်သွားပြီး တစ်ကိုယ်လုံး ထိတ်လန့်တုန်ယင်နေလေသည်။ မူလက သူမအနေဖြင့် ရှန်းချင်းယန်ကို သူမ၏ပြိုင်ဘက်ဟုပင် ထည့်မတွက်ခဲ့ပေ။

'ငယ်ငယ်လေးကတည်းက အတွင်းဆောင်ထဲမှာပဲ စည်းစိမ်နဲ့ ကြီးပြင်းလာတဲ့ မြင့်မြတ်တဲ့ မိန်းကလေးတစ်ယောက်က လူတွေရဲ့ စိတ်နှလုံးကို ဒီလောက်အထိ မှန်းဆနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။'

ယခင်က သူမ သူဌေးအိမ်တစ်ခုတွင် ကြမ်းတမ်းသော အစေခံကျွန်အဖြစ် အလုပ်လုပ်ခဲ့စဉ်က ချမ်းသာသော မိန်းမပျိုလေးများ၏ ကလေးဆန်သော စရိုက်များကို ကောင်းကောင်း နားလည်ခဲ့ဖူးသည်။ ရှန်းချင်းယန်လည်း ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုတော့ ထင်သလို ဖြစ်မလာခဲ့ပေ။ ရန်သူကို လျှော့တွက်မိသူက သူမကိုယ်တိုင် ဖြစ်နေခဲ့သည်။

“ကြင်ယာတော်မင်းသမီးကို အများကြီး ကျေးဇူးတင်ပါတယ်ရှင့်၊ ဒီ... ဒီအစေခံ တကယ်ကို မစားနိုင်တော့လို့ပါ”

ကျန်းမန်၏ မျက်လုံးများက ပြူးကျယ်သွားပြီး တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

“ဒီအစေခံရဲ့ ခန္ဓာကိုယ်က နည်းနည်း အဆင်မပြေဖြစ်နေလို့ အရင်ပြန်ခွင့်ပြုပါဦး။ နောက်နေ့မှ ကြင်ယာတော်ကို နှုတ်ဆက်ဖို့ ထပ်လာခဲ့ပါမယ်ရှင့်”

ကျန်းမန်က ရှန်းချင်းယန်၏ ခွင့်ပြုချက်ကိုပင် မစောင့်တော့ဘဲ ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားတော့သည်။ အကြောင်းပြချက် မရှိဘဲ သူမ၏ နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်နိမိတ်တစ်ခုကို ခံစားနေရသည်။ ကျန်းမန်က ရှက်ကိုးရှက်ကန်းဟန်ဖြင့် ဤနေရာမှ အမြန်ဆုံး ထွက်သွားရန် ကြိုးစားနေသည်။

သူမ ကယောင်ကတမ်း ပြောကာ ပြန်လှည့်ထွက်သွားသည်ကို ကြည့်နေရင်း ရှန်းချင်းယန်၏ မျက်နှာက ပျက်ယွင်းသွားသည်။

'သူမရဲ့ စိတ်ထဲမှာ အပြစ်တစ်ခုခု ရှိမနေခဲ့လျှင် ဘာကြောင့် ဒီလောက် အလျင်အမြန် ထွက်သွားရမှာလဲ’

“လာကြစမ်း... သူ့ကို တားထားကြစမ်း”

အေးစက်သော အမိန့်သံတစ်ခု ကျန်းမန်၏ နားစည်ထဲသို့ တိုးဝင်လာချိန်တွင် သူမ၏ ခြေဖဝါးများ ပျော့ခွေသွားပြီး တံခါးဝ၌ လဲကျလုနီးပါး ဖြစ်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် အစေခံနှစ်ဦးက သူမကို ဖမ်းထိန်းလိုက်ပြီး ရှန်းချင်းယန်၏ ရှေ့မှောက်သို့ ပြန်ခေါ်ဆောင်လာခဲ့သည်။

“ဒါ... ဒါက ဘာကို ဆိုလိုတာလဲ၊ ဒီဟင်းရည်ကို မသောက်ဘူးလို့ ငြင်းမိလို့ ဒီအစေခံကို အပြစ်ပေးတော့မှာလား”

ကျန်းမန်က အလွန်ကြောက်ရွံ့နေသော်လည်း သူမ၏ ဝမ်းဗိုက်ထဲတွင် ကလေးရှိနေသည်ဟု ယုံကြည်ထားသဖြင့် နောက်ဆုံး၌ အားတင်းကာ မေးလိုက်ခြင်း ဖြစ်သည်။

“ဟင်းရည် မသောက်တာကတော့ ကြီးကြီးကျယ်ကျယ် ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီထဲမှာ တခြားတစ်ခုခု ထည့်ထားမယ်ဆိုရင်တော့ ဒါက ကြီးကျယ်တဲ့ ကိစ္စဖြစ်သွားပြီ”

ရှန်းချင်းယန်က ဝေ့ဝိုက်မနေတော့ဘဲ တိုက်ရိုက် ပြောချလိုက်သည်။

“မင်းသာ ဒီဟင်းရည်ကို သောက်လိုက်မယ်ဆိုရင် ဒီနေ့ကိစ္စကို ဒီမှာတင် အဆုံးသတ်ပေးမယ်။ ဘယ်လိုလဲ...”

ထိုစကားကြောင့် ကျန်းမန်၏ မျက်ဝန်းများ နီမြန်းလာပြီး တစ်ကိုယ်လုံး တုန်ယင်သွားရသည်။

“နင်... နင်...”

အကြောင်းတစ်ခုခုကြောင့် ရှန်းချင်းယန်က သူမ၏ အတွင်းစိတ်ကို အကုန်မြင်နေရသည်ဟု ကျန်းမန် ရုတ်တရက် ခံစားလိုက်ရသည်။

“တတိယမင်းသားကို သွားပြီး ဖိတ်ခေါ်ခဲ့”

သိပ်မကြာခင်မှာပင် ဟော်ရှ ရောက်ရှိလာသည်။ သူ အခန်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ငိုညည်းသံများက နားထဲသို့ အလုအယက် တိုးဝင်လာသည်။ ဟော်ရှက မျက်မှောင်ကြုတ်ကာ ငိုယိုနေသော ကျန်းမန်ကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် သံသယအရိပ်အယောင်များ ပေါ်လာသည်။

“ရဲတင်းလိုက်တာ”

သူက ကျန်းမန်ကို ချုပ်ကိုင်ထားသော အစေခံနှစ်ယောက်ကို အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ တစ်ခုခု မှားယွင်းနေသည်ဆိုလျှင်ပင် သူ၏ မိန်းမကို အခြားအမျိုးသားများက ယခုကဲ့သို့ ချုပ်နှောင်မထားသင့်ဟု သူ ယူဆထားသောကြောင့် ဖြစ်သည်။

ဟော်ရှ၏ ဒေါသတကြီး အော်ဟစ်သံကြောင့် အစေခံနှစ်ဦးလည်း ထိတ်လန့်သွားပြီး ကျန်းမန်ကို လွှတ်ပေးလိုက်ကြသည်။

“သခင်ကြီး”

ကျန်းမန်က ဟော်ရှ၏ ရင်ခွင်ထဲသို့ အပြေးအလွှား တိုးဝင်သွားကာ မျက်ရည်များ တဖြိုင်ဖြိုင် စီးကျလာတော့သည်။

“ဟင့်... ဟင့်...”

ဟော်ရှက မျက်မှောင်ကြုတ်လိုက်ပြီး ရှန်းချင်းယန်ကို တည့်တည့်စိုက်ကြည့်ကာ မေးလိုက်သည်။

“ဒါ... ဘာဖြစ်ကြတာလဲ”

“သူက... ကိုယ်ဝန်ဖျက်ဆေးကို ဟင်းချိုထဲ ထည့်ထားပြီး ကျွန်မ သောက်ဖို့ ယူလာပေးတယ်”

“ဘာ”

ဟော်ရှက အံ့ဩတကြီး ရေရွတ်လိုက်သည်။ သူက မယုံကြည်နိုင်သောအကြည့်ဖြင့် သူ့ရင်ခွင်ထဲမှ မိန်းကလေးကို အသာလွှတ်ပေးလိုက်သည်။

“မင်း... မင်း...”

“ဒီအစေခံက မှားယွင်းစွပ်စွဲခံရတာပါရှင်၊ ဒါက သာမန်ဟင်းရည် ပန်းကန်ပါပဲ”

ကျန်းမန်က သူမ၏နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး သူမအနေဖြင့် သေသည့်တိုင်အောင် အပြစ်ကို ဝန်မခံရန် စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။

“ကြင်ယာတော်မင်းသမီးက ဘာကြောင့်များ ဒီလို အခြေအမြစ်မရှိတဲ့ စကားတွေနဲ့ ဒီအစေခံကို လာပြီး စွပ်စွဲနေရတာလဲ”

ထိုစကားကို ကြားလိုက်ရချိန်တွင် ရှန်းချင်းယန်၏ နှုတ်ခမ်းထောင့်များက လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

“မင်း တကယ်ပဲ မှားယွင်းစွပ်စွဲခံရတာဆိုရင်တော့... သမားတော်ကို ခေါ်ပြီး စစ်ဆေးကြည့်လိုက်ရင် အမှန်တရားက ပေါ်လာမှာပေါ့”

“သမားတော်ကို အမြန်သွားခေါ်လိုက်စမ်း”

သူမကို မည်မျှပင် ဖိအားပေးနေပါစေ ကျန်းမန်ကတော့ ဝန်ခံလိမ့်မည် မဟုတ်ပေ။ သမားတော်က စစ်ဆေးပြီး အပြစ်တွေ့လျှင်တောင် သူမက ဝန်ခံရန် ငြင်းဆိုပြီး အပြစ်အားလုံးကို မီးဖိုချောင်ဆီသို့သာ ပုံချလိုက်မည်ဖြစ်သည်။ ခိုင်လုံသော အထောက်အထား မရှိဘဲနှင့် သူမ၏ ဝမ်းဗိုက်ထဲတွင် သူ၏သွေးသားရှိနေသည်ဟု ဟော်ရှ ယုံကြည်နေသရွေ့ သူမကို မည်သူက ဘာမှ လုပ်နိုင်မည်မဟုတ်ပေ။

“သမားတော် မရောက်လာသေးခင်မှာ... တတိယမင်းသား မသိသေးဘူးလို့ ထင်ရတဲ့ ကိစ္စတစ်ခုကို အရင်ပြောပြချင်ပါတယ်”

နံနက်စောစော မနက်စာပင် မစားရသေးမီ ဆူညံလွန်းသော ကိစ္စများကြောင့် အခေါ်ခံရသဖြင့် ဟော်ရှက တကယ်ပင် စိတ်အနှောက်အယှက် ဖြစ်နေပြီ ဖြစ်သည်။

“ဘာကိစ္စလဲ..... အမြန်ပြော”

“မင်းသားရဲ့ အိပ်ယာဝင်အစေခံ ကျန်းမန်က... တခြားတစ်ယောက်နဲ့ ဆက်ဆံရေးရှိနေပါတယ်”

ဤတစ်ကြိမ်တွင်တော့ ဟော်ရှ၏ မျက်နှာတစ်ခုလုံး လုံးဝ မည်းမှောင်သွားတော့သည်။ သူက မျက်လုံးပြူးကာ ကျန်းမန်ကို ကြည့်လိုက်သော်လည်း ကျန်းမန်က ကြောင်တောင်တောင်ဖြင့် သူ့ကို ပြန်စိုက်ကြည့်နေသည်ကိုသာ မြင်လိုက်ရသည်။ ထို့ကြောင့် သူလည်း ရှန်းချင်းယန်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

“မင်းမှာ သက်သေရှိလို့လား”

ရှန်းချင်းယန်က တည်ငြိမ်စွာဖြင့် ကျန်းမန်၏ ဝမ်းဗိုက်ကို လက်ညှိုးညွှန်ပြရင်း ပြန် ပြောလိုက်သည်။

“အထောက်အထားက သူရဲ့ ဗိုက်ထဲမှာ ရှိပါတယ်”

“နင်... နင်... နင် တကယ်ကို အဆိပ်ပြင်းလှချည်လား”

ကျန်းမန်ကတော့ ပြိုလဲလုနီးပါး ဖြစ်သွားရသည်။ သူမ မယုံနိုင်အောင် ဖြစ်နေရသည်။

'ဒါကို ရှန်းချင်းယန်က ဘယ်လိုလုပ်ပြီး သိသွားတာလဲ။'

'မဟုတ်ဘူး... မဟုတ်ဘူး... ရှန်းချင်းယန်က ငါ့ကို လှည့်စားပြီး အကဲစမ်းနေတာပဲ ဖြစ်ရမယ်။'

“စိတ်မပူပါနဲ့”

ရှန်းချင်းယန်က ပေါ့ပေါ့တန်တန် ဆက်ပြောလိုက်သည်။

“အရှင်မင်းသား... နန်းတော်ထဲမှာ ကလေးနဲ့ အဖေကြားက သွေးသားဆက်နွယ်မှုကို စမ်းသပ်နိုင်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိပါတယ်၊ တော်ဝင်သမားတော်ကျင်းကို ဖိတ်ခေါ်ပြီး စစ်ဆေးလိုက်ရင် အားလုံး ရှင်းလင်းသွားပါလိမ့်မယ်”

သူမက ခေတ္တမျှ စကားကို ရပ်လိုက်ပြီးမှ လေးနက်စွာ ဆက်ပြောလိုက်သည်။

“တရားမျှတမှု ရှိစေဖို့အတွက်... ကျွန်မရဲ့ ဝမ်းဗိုက်ထဲက ကလေးကိုလည်း တစ်ခါတည်း စမ်းသပ်နိုင်ပါတယ်”

“ဘုန်း”

ကျန်းမန် မြေပြင်ပေါ်သို့ အားပျော့စွာ လဲကျသွားပြီး သူမ၏ မျက်ဝန်းအစုံက လူသေတစ်ယောက်ကဲ့သို့ အသက်မဲ့စွာ ငြိမ်သက်သွားသည်။ သူမ၏ ဘဝတစ်ခုလုံး လုံးဝ ပြီးဆုံးသွားပြီ ဖြစ်သည်။ ရှန်းချင်းယန်က သူမကို လှည့်စားကာ စမ်းသပ်နေခြင်းဖြစ်နေလျှင်ပင် လက်ရှိ သူမ၏ ပျာယာခတ်နေသော အမူအရာကို ကြည့်ရုံဖြင့် မည်သူကမှ အမှန်တရားကို မမြင်ဘဲ နေမည်မဟုတ်ပေ။

ဟော်ရှ၏ မျက်နှာက အိုးအောက်ခြေကဲ့သို့ မည်းနက်နေတော့သည်။

‘နန်းတော်မှာ အဲ့လိုလျှို့ဝှက်နည်းလမ်း မရှိဘူးဆိုတာကို သူ သေချာပေါက်သိတာပေါ့။ သားအိမ်ထဲမှာ ရှိနေတဲ့ကလေးကို ဘယ်လို စမ်းသပ်လို့ရပါ့မလဲ၊ ရှန်းချင်းယန်က သူမကို လှည့်စားခဲ့တာပါ။

ဒါပေမယ့် ဒီအမျိုးသမီးက သူ့ကို သစ္စာဖောက်ဖို့ သတ္တိရှိတယ်ပေါ့။

သူက သူမကို ကောင်းကောင်း ဆက်ဆံခဲ့တယ်။ ဒါပေမယ့် သူမက ကျေးဇူး မသိတတ်ရုံတင်မကဘဲ သူ့ကို သစ္စာဖောက်ဖို့ သတ္တိရှိနေတယ်ပေါ့။’

“အဲဒီလူက ဘယ်သူလဲ”

သူ၏ မျက်ဝန်းများက ချွန်ထက်သော မြှားများကဲ့သို့ စူးရှနေပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသမီးကို ထိုးဖောက်တော့မတတ် ဖြစ်နေလေသည်။

“သူ... သူက...”

ကျန်းမန်၏ မျက်လုံးများက နီရဲနေပြီး ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ သို့သော် ထိုသူက ကလေး၏ ဖခင်ဖြစ်နေသဖြင့် သူမ မည်သို့မျှ ပြောမထွက်နိုင်ဖြစ်နေရသည်။

“ဟက်”

ဟော်ရှက ဒေါသတကြီး လှောင်ရယ်လိုက်သည်။

“ဒီမင်းသားကို မပြောချင်ဘူးပေါ့လေ၊ မင်း မပြောရင် ဒီမင်းသားက သူ့ကို ရှာမတွေ့နိုင်ဘူးလို့ ထင်နေတာလား”

“ဘယ်သူရှိလဲ... ဒီမိန်းမပျက်ကို အပြင်ဆွဲထုတ်ပြီး သေအောင် ရိုက်သတ်လိုက်ကြစမ်း”

“ဟင့်အင်း... မလုပ်ပါနဲ့”

ကျန်းမန်က ရုတ်တရက် ရှေ့သို့ တိုးလာပြီး ဟော်ရှ၏ ဘောင်းဘီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တောင်းပန်လိုက်သည်။ သူမက သေခြင်းတရားကို မကြောက်သော်လည်း သူမ၏ ကလေးလေးက ဤလောကထဲသို့ ခြေချခွင့်ပင် မရသေးပေ။

“ဒီအစေခံမကို ခွင့်လွှတ်ပေးပါ သခင်ကြီး... ဒီတစ်ကြိမ်တော့ တစ်ချက်လောက် ခွင့်လွှတ်ပေးပါဦးရှင်”

“ကျွန်မကို ကြည့်ပါဦး... ကျွန်မကို သေချာကြည့်ပါဦး! ကျွန်မက... ကျွန်မက ‘ရှောင်ကျစ်’ လေ”

သူမက ထိတ်လန့်လာသည်နှင့်အမျှ ဟော်ရှ၏ သနားဂရုဏာကို ရရှိရန်အတွက် လဲ့ကျစ်နှင့် တူညီသော သူမ၏ မျက်နှာကို အသုံးချရန် ကြိုးစားလာသည်။

ထိုစကားကြောင့် ဟော်ရှ၏ မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ၏ အေးစက်နေသော မျက်လုံးများက ပို၍ မှိုင်းညို့သော အရိပ်အယောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။

“ရှောင်ကျစ် ဟုတ်လား”

သူမက လဲ့ကျစ်နှင့် နှိုင်းယှဉ်ဝံ့သောကြောင့် သူ အေးစက်စွာ ရယ်မောလိုက်သည်။

‘ဒီအောက်တန်းစားမိန်းမပျက်က အရိုင်းအစိုင်းကောင်တွေကို အရမ်း သဘောကျမှတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့။’

“လာကြစမ်း... သူ့ကို လျှို့ဝှက်ပြည့်တန်ဆာလုပ်ငန်းဆီကို သွားရောင်းလိုက်ကြစမ်း”

‘လျှို့ဝှက်ပြည့်တန်ဆာလုပ်ငန်း... အဲဒီနေရာကို ရောက်သွားတဲ့သူတွေက လူလို့တောင် အခေါ်မခံရတော့ဘူးလေ’

ကျန်းမန်က ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း မူးလဲသွားသည်။ ထို့နောက် အစေခံအချို့က သူမကို ဇွတ်အတင်း ဆွဲထုတ်သွားကြသည်။

အစပိုင်းတွင် ရှန်းချင်းယန်က ဤအဖြစ်အပျက်အားလုံးကို ဂရုမစိုက်ဘဲ ကြည့်နေခဲ့သော်လည်း ‘လျှို့ဝှက်ပြည့်တန်ဆာလုပ်ငန်း’ ဟူသော အသံကို ကြားလိုက်ရချိန်တွင် သူမ၏ နှလုံးသားက မချိမဆန့် နာကျင်လာသည်။ သူမ ဟော်ရှကို တွေဝေစွာ စိုက်ကြည့်နေမိရင်း ဝမ်းနည်းမှုတစ်ခုက သူမ၏နှလုံးသားထဲသို့ တိုးဝင်လာသည်။

‘ဒီလူက တကယ်ကို ရက်စက်လွန်းတယ်။ ကျန်းမန်... ဒီလိုနေရာမျိုးမှာ ရောင်းစားခံရတာက သေတာထက်တောင် ပိုဆိုးဦးမယ်။’

ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။ ဟော်ရှက ခေါင်းကိုက်နေသဖြင့် သူ၏ မျက်ခုံးများကို ပွတ်သပ်နေရင်း ထိုအသံကို ကြားလိုက်ရချိန်တွင် မှိုင်းညို့သော အမူအရာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ ရှန်းချင်းယန်လည်း တံခါးဝသို့ လိုက်သွားကာ ဂရုတစိုက် နားစွင့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ထူးဆန်းသော အသံအချို့ကို သူမ ကြားလိုက်ရသည်။

‘ဖြစ်နိုင်တာက... အဖေ ဒီကို ရောက်လာတာလား။’

သူမ၏ စိတ်ထဲတွင် ပျော်ရွှင်သော အရိပ်အယောင်တစ်ခု ဖြတ်ခနဲ ပေါ်လာပြီး အပြင်ဘက်သို့ အမြန်ဆုံး ပြေးထွက်လာခဲ့သည်။

.........။........။........

“ဘယ်လိုလဲ...”

“စိတ်မပူပါနဲ့ သခင်မ၊ သရွှင်ဆီကနေ နောက်ဆုံးသတင်း ပေးပို့ချက်အရ ရှန်းသခင်မ အဆင်ပြေပါတယ်၊ ကျန်းမန်ကိုတော့ လျှို့ဝှက်ပြည့်တန်ဆာလုပ်ငန်းတစ်ခုဆီကို ရောင်းစားလိုက်ပြီလို့ သိရပါတယ်”

လဲ့ကျစ်က မျက်မှောင်ကြုတ်လိုက်ပြန်သည်။

‘လျှို့ဝှက်ပြည့်တန်ဆာလုပ်ငန်း...’

သူမ ထပ်မတွေးနိုင်ခင်မှာပင် လူတစ်ယောက်က သူမဘေးရှိ ကျောက်ခုံပေါ်သို့ ဝင်ထိုင်လိုက်သည်။

“အရင် ထွက်သွားလိုက်ဦး”

သူမက လီယောင်ကို ပြောလိုက်ပြီးနောက် ဘေးမှလူဘက်သို့ လှည့်ကြည့်လိုက်သည်။ ဟော်တူက သူမကို လျစ်လျူရှုထားရင်း လက်ဖက်ရည်တစ်ခွက်ကို အသာအယာ ငှဲ့ထည့်ကာ တစ်ငုံမျှ မြည်းစမ်းနေလေသည်။

မနေ့က ဖန်လုံအိမ်တွင် တွေ့ဆုံပြီးကတည်းက သူတို့နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး တိတ်တဆိတ် လျစ်လျူရှုခဲ့ကြသည်။ ရန်ဖြစ်ထားကြခြင်း မဟုတ်သော်လည်း အကြောင်းပြချက်မရှိဘဲ နှစ်ဦးကြားတွင် တင်းမာမှုများ ရုတ်တရက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမ မနေ့ညက ထော့ကျိုးလေးဟော်ကို အတူအိပ်ရန် ခေါ်ထားခဲ့သော်လည်း ရလဒ်က သူမ ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။

လဲ့ကျစ်က ဟော်တူ လက်ဖက်ရည်သောက်နေသည်ကို တိတ်တဆိတ် အကဲခတ်နေမိသည်။ သူ၏ မျက်နှာကလည်း အရောင်ဖျော့နေသဖြင့် မနေ့ညက သူလည်း ကောင်းကောင်းအိပ်ပျော်ခဲ့ပုံ မရသည်မှာ သိသာနေသည်။ ရုတ်တရက် သူက သူမဘက်သို့ လှမ်းကြည့်လိုက်သည်။

လဲ့ကျစ်၏ နှလုံးခုန်သံများ မြန်သွားပြီး သူမက ခေါင်းကို အလျင်အမြန် ပြန်လှည့်လိုက်သည်။

'ငါ ဘာလို့ သူ့ကို ပုန်းရှောင်နေမိမှန်း ငါ့ကိုယ်ငါတောင် မသိတော့ဘူး။'

သို့သော် သူမ၏ နှလုံးသားထဲမှ အသံတစ်သံက ပို၍ ကြည်လင်ပြတ်သားလာသည်။ ၎င်းက သူမတို့ကြားမှ အရာအားလုံး မကြာခင် အဆုံးသတ်တော့မည်ဟူသော အသိပင်။

ထိုအချိန်တွင် အန်းရွှယ် ရောက်ရှိလာပြီး လေးနက်သောလေသံဖြင့် သတင်းပို့လိုက်သည်။

“အရှင့်သား... သူ ဒီကို ရောက်နေပါပြီ”

'သူ... သူက ဘယ်သူလဲ။'

လဲ့ကျစ်က စပ်စုလိုသော မျက်ဝန်းများဖြင့် သူ့ကို လှမ်းကြည့်လိုက်သည်။ ဟော်တူက ထရပ်ပြီး ထွက်ခွာသွားသောကြောင့် သူမ သူ၏ ကျောပြင်ကို မော့ကြည့်နေမိသည်။

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ဟော်တူက ရုတ်တရက် ရပ်တန့်ကာ သူမဘက်သို့ ပြန်လှည့်လာသည်။ လဲ့ကျစ် မတုံ့ပြန်နိုင်ခင်မှာပင် သူက သူမရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“သူက ဘယ်သူလဲ... သူက ဒီမှာ ဘာအတွက် ရှိနေတာလဲ... ကိုယ်နဲ့ သူ့ရဲ့ ဆက်ဆံရေးက ဘာလဲ... ကိုယ့်ရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲဆိုတာတွေကို...”

ဟော်တူက သူမကို တည့်တည့်စိုက်ကြည့်ရင်း တစ်လုံးချင်း ဆက်ပြောနေသည်။

“မင်း... အဲဒီမေးခွန်းတွေကို တကယ်ပဲ မမေးချင်ဘူးလား”

သူက ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးလိုက်ခြင်း ဖြစ်သော်လည်း လဲ့ကျစ်၏ အာရုံထဲတွင်မူ သူ အလွန်အမင်း ဒေါသထွက်နေသည်ဟု ခံစားလိုက်ရသည်။

........။........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : “ငါ့ကို မြန်မြန်မေးဖို့ အကြံပေးတယ်နော်၊ ငါ့ကို ဒူးထောက်ခိုင်းပြီး မင်းကို မေးဖို့ မတောင်းဆိုခိုင်းပါနဲ့”

ကျစ်ကျစ် : “.....”

အခန်း ၉၂ မျှော်လင့်ချက်

ဟော်တူ၏ မျက်ဝန်းအစုံက တောက်လောင်နေပြီး လဲ့ကျစ်လည်း သူ၏စူးရှသော အကြည့်များကြောင့် သူမ၏မျက်ခုံးကြားတွင်ပင် ပူလောင်လာသလို ခံစားလိုက်ရသည်။

'မေးရမယ် ဟုတ်လား...'

‘တကယ်တော့ ကျွန်မ အမြဲတမ်း မေးချင်နေခဲ့တာပါ’

‘အဲ့ဒါက’

“အရှင့်သားက ကျွန်မကို... တကယ် ယုံကြည်လို့လား”

လဲ့ကျစ်က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။ နောက်ဆုံးတော့ သူမ ဘာကို ကြောက်နေမိမှန်း သူမကိုယ်တိုင် နားလည်သွားပြီ ဖြစ်သည်။ ဟော်တူက သူမကို ဘာမှမပြောပြမှာကို သူမ မကြောက်သလို၊ သူမကို လိမ်ညာမှာကိုလည်း သူမ မစိုးရိမ်တော့ပေ။ အလားတူပင် ဟော်တူက သူမကို အရာအားလုံး အသိမပေးမှာကိုလည်း သူမ ကြောက်မနေခဲ့ပေ။

သူမ အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်က သူ၏ အသေးစိတ် အစီအစဉ်များ၊ သူ၏ အားနည်းချက်များနှင့် သူ၏ မရေရာသော အခြေအနေများအားလုံးကို သူမအား ပွင့်ပွင့်လင်းလင်း အသိပေးလာမည်ကိုပင် ဖြစ်သည်။

ဟော်တူက သူမကို ဘာမှမပြောပြခဲ့လျှင် သူမအနေဖြင့် သူမ၏ ကိုယ်ပိုင်အစီအစဉ်အတိုင်း ဆက်လက် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။ အဆုံးသတ်တွင် သူတို့နှစ်ဦး မတူညီသော လမ်းများကို လျှောက်လှမ်းနေကြရပြီး သူတို့ကြားမှ ခံစားချက်များကြောင့် နာကျင်ရစေဦးတော့၊ အနည်းဆုံးအနေဖြင့် သူမတို့၏ ကိုယ်ပိုင်လမ်းကို ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်ဦးမည် ဖြစ်သည်။

'နှလုံးသားမဲ့နေသရွေ့ ငါ လုပ်နိုင်မှာပါ...'

လဲ့ကျစ်က သူမကိုယ်သူမ ထိုသို့ ထပ်ခါတလဲလဲ ပြောဆိုကာ အားပေးနေခဲ့သည်။ သို့သော် ဟော်တူက သူမကို အရာအားလုံး ဖွင့်ဟပြောပြလာပြီး သူ၏ အားနည်းချက်များကိုသာ သူမ စောစောစီးစီး သိခွင့်ရခဲ့မည်ဆိုလျှင် သူမအနေဖြင့် ယခုကဲ့သို့ ဂုဏ်သိက္ခာရှိရှိနှင့် ရှေ့ဆက်နိုင်ဦးမည်ကိုလားကိုတော့ သူမကိုယ်တိုင်လည်း မဝေခွဲနိုင်တော့ပေ။

“မင်း ဘာတွေ တွေးနေတာလဲ”

ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ငြိမ်သက်နေသည့် သူမကို ဟော်တူက တည်ငြိမ်သော မျက်ဝန်းများဖြင့် ကြည့်ကာ ထပ်မေးလိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး လဲ့ကျစ်က သူ၏အမေးကို မဖြေရဲသဖြင့် မျက်လွှာသာချထားမိသည်။

“လဲ့ကျစ်...”

ဟော်တူ၏ ခံစားချက်ကင်းမဲ့နေသော လေသံကို လဲ့ကျစ် ကြားလိုက်ရပြီး ၎င်းက လေးလံပြီး အေးစက်လွန်းလှသည်။

“မင်း ဘာမှ မသိပါဘူး”

‘သူမ ဘာမှမသိရုံတင်မကဘဲ သူ့ကိုလည်း မယုံကြည်ခဲ့ဘူးလေ။ သူရဲ့နှလုံးသားထဲက သူမရဲ့ ဖြစ်တည်မှုက ဘယ်လောက် အရေးပါတယ်ဆိုတာ သူမ မယုံကြည်ခဲ့ဘူး။ အဲ့ဒါကြောင့် သူမက သူ့ကို မေးခွန်းတစ်ခု မေးဖို့တောင် ငြင်းဆန်နေခဲ့တာလေ’

ဟော်တူက အခွံထဲသို့ ကျုံ့ဝင်သွားသော ခရုငယ်လေးကဲ့သို့ ဖြစ်နေသည့် လဲ့ကျစ်၏ အမူအရာကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမကို နောက်ဆုံးတစ်ကြိမ်အဖြစ် ကြည့်ကာ မဆိုင်းမတွ ရှေ့သို့ ပြန်လှည့်ထွက်သွားသည်။

သူ ပြန်လှည့်ထွက်သွားချိန်တွင် သူ့ရှေ့မှ အမျိုးသမီး‌လေးက သူ့လက်ကို ဆန့်တန်းကာ သူ၏ အင်္ကျီလက်ဝကို ဆွဲကိုင်ရန် ကြိုးစားလိုက်သည်ကို သူ သတိမထားမိဘဲ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ ဖဲသားအင်္ကျီ၏ အနားသတ်က ချော်နေ၍လား သို့မဟုတ် သူ လမ်းလျှောက်နေသည့် အရှိန်က မြန်လွန်းနေ၍လား မသိနိုင်သော်လည်း လဲ့ကျစ်က သူ့အင်္ကျီအနားကို မဖမ်းမိလိုက်ဘဲ သူမ၏ သွယ်လျသော လက်ချောင်းများကြားမှ အလျင်အမြန် ချော်ထွက်သွားသည်။

လဲ့ကျစ်၏ မျက်ဝန်းများက နီရဲလာပြီး မျက်ရည်များဖြင့် ပြည့်နှက်လာသည်။ သူမက လေထဲတွင် ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့သော သူမ၏ လက်ကို အသာအယာ ပြန်ချလိုက်ရင်း အဝေးသို့ အလျင်အမြန် ထွက်ခွာသွားသော သူ၏ ပုံရိပ်ကို ကြည့်ကာ ဝမ်းနည်းမှုများဖြင့် ကျန်ရစ်နေခဲ့သည်။

သူမက သူမ၏ လက်ကလေးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ပြီး သူမ၏လက်သည်းများက လက်ဖဝါးထဲသို့ပင် စိုက်ဝင်နေတော့သည်။

'နည်းနည်းလောက်တောင် ထပ်မစောင့်နိုင်တော့ဘူးလား...'

'သူ့ရဲ့ ဒေါသကတော့ အခုထိ ဆိုးဝါးနေတုန်းပဲ။'

ထိုအချိန်တွင် လီယောင်က လေးနက်သောအမူအရာဖြင့် အလျင်အမြန် ရောက်ရှိလာပြီး သတင်းပေးလိုက်သည်။

“သခင်မ... တစ်ခုခု ဖြစ်သွားခဲ့ပါတယ်”

လဲ့ကျစ်၏ နှလုံးသားက ထိတ်ခနဲ တုန်လှုပ်သွားရသည်။ သူမက မျက်ဝန်းထောင့်မှ မျက်ရည်များကို လက်ဖြင့် အသာသုတ်ရင်း ပြန်မေးလိုက်သည်။

“ဘာဖြစ်လို့လဲ... ဘာတွေဖြစ်နေတာလဲ”

“ရှန်းသခင်ကြီးက တတိယမင်းသား အိမ်တော်ကိုသွားပြီး ရှန်းသခင်မကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် ဟော်ရှက ခွင့်မပြုတဲ့အတွက် အငြင်းပွားကြရာကနေ တွန်းထိုးရုန်းကန်မှုတွေ ဖြစ်ခဲ့ပါတယ်၊ အဲဒီ ပရမ်းပတာဖြစ်နေတဲ့ အခြေအနေမှာ ရှန်းသခင်မ မြေပြင်ပေါ်ကို တွန်းချခံလိုက်ရပြီး သွေးတွေ အများကြီး စီးကျလာတယ်လို့ သိရပါတယ်”

“ဘာ”

ရှန်းချင်းယန်တွင် ကိုယ်ဝန်ရှိနေသည်ကို သတိရလိုက်သဖြင့် လဲ့ကျစ်၏ လေသံက အနည်းငယ် တုန်လှုပ်သွားရသည်။

“သူ... သူ အဆင်ပြေရဲ့လား”

“ရှန်းသခင်ကြီးက သူ့ကို အိမ်တော်ကို ပြန်ခေါ်သွားပါပြီ၊ အခု အခြေအနေ ဘယ်လိုရှိလဲဆိုတာတော့ မသိရသေးပါဘူး သခင်မ”

လဲ့ကျစ် မျက်မှောင်ကြုတ်လိုက်ရင်း ထပ်ပြောလိုက်သည်။

“ခဏနေရင် တစ်ယောက်ယောက်ကို အခြေအနေ သွားစုံစမ်းခိုင်းလိုက်ပါ၊ ဖြစ်နိုင်ရင်တော့ ငါကိုယ်တိုင် ရှန်းအိမ်တော်ကို သွားချင်တယ်”

“ဟုတ်ကဲ့ပါ သခင်မ”

လီယောင်က ပြန်ဖြေလိုက်သည်။

.......။........။......

ယုံနင်း နန်းတော်တွင်...

“လူယုတ်မာ”

ဧကရီက အသက်ရှူမဝသလို ပုံစံဖြင့် ပျော့ပျောင်းသော ထိုင်ခုံပေါ်တွင် မှီထိုင်နေရင်း သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်ထားသည်။ သူမက ရှေ့တွင် ဒူးထောက်နေသော ဟော်ရှကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေသေးသည်။

“သူ လဲကျသွားမယ်ဆိုတာ ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ...”

ဟော်ရှက အပြစ်ကင်းဟန်ဆောင်သော မျက်နှာသေဖြင့် ပြန်ပြောနေသည်။

“ဒါတွေအားလုံးက ရှန်းဟွိုက်ရဲ့ အပြစ်ပဲ၊ သူသာ ရောက်မလာရင် ဒီလိုကိစ္စမျိုးတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး”

“ရှန်းချင်းယန်မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ မင်း သိရက်နဲ့... ဘာလို့ သူ့ကို ရန်စနေသေးတာလဲ”

ဧကရီက မျက်မှောင်ကြုတ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သူသာ တစ်ခုခု ဖြစ်သွားရင် ရှန်းဟွိုက်ရဲ့ ပံ့ပိုးမှုက မင်းအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်”

သူမက စကားကို ခေတ္တရပ်ကာ ထပ်မံ ညည်းညူလိုက်ပြန်သည်။

“ဒါတွေ ကြိုသိခဲ့ရင် အဲဒီတုန်းက မင်းကို သူနဲ့ လက်ထပ်ခွင့် ပြုခဲ့မှာ မဟုတ်ဘူး”

အကယ်၍ ထိုသို့သာဆိုလျှင် ယခုကဲ့သို့ ဒေါသထွက်နေရခြင်းထက် ပို၍ ကောင်းမွန်ပေလိမ့်မည်။

“သားတော်က အစကတည်းက သူ့ကို လက်ထပ်ချင်တာမှ မဟုတ်တာ၊ ဒီသားတော်က သူ့ကို မကြိုက်ဘူး”

ဟော်ရှက အနည်းငယ် စိတ်တိုလာကာ မျက်လွှာချလိုက်ရင်း ထပ်ပြောလိုက်သည်။

“ကျွန်တော်က အမြဲတမ်း ကျစ်ကျစ်ကိုပဲ လိုချင်ခဲ့တာ”

“ဘာ ကျစ်ကျစ်လဲ”

ဧကရီက ဒေါသထွက်လွန်းသဖြင့် မျက်ဝန်းများပင် နီရဲနေလေသည်။ သူမ၏သားက ဤမျှအထိ မိုက်မဲနေလိမ့်မည်ဟု သူမ မယုံကြည်နိုင်သေးပေ။

“သူက ဟော်တူရဲ့လူ ဖြစ်နေပြီလေ၊ မင်းက ဘာတွေကို အိပ်မက်မက်နေတာလဲ၊ အခု သူက မင်းကို သေစေချင်နေတာ”

ထိုကဲ့သို့ ကြမ်းတမ်းသော စကားများကြောင့် ဟော်ရှ မျက်မှောင်ကြုတ်သွားရသည်။

“မဖြစ်နိုင်ဘူး”

ဟော်ရှက အလွန်ခိုင်မာသော လေသံဖြင့် ပြန်ပြောလိုက်သည်။

“မယ်တော်... မယ်တော်က သူ့အကြောင်း မသိလို့ပါ၊ သူက ဟော်တူရဲ့ရှေ့မှာ ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်”

ဧကရီက သူမရှေ့မှ နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေသော သားဖြစ်သူကို စကားပင် ဆက်မပြောချင်တော့ဘဲ စိုက်ကြည့်နေသည်။ မနေ့က ဟော်ချန်ယွင်က သူမကို တော်ဝင်စာကြည့်ဆောင်သို့ ခေါ်ယူကာ 'ရှအာ' ကို အိမ်ရှေ့စံမင်းသားအဖြစ် အပ်နှင်းမည့် အမိန့်တော်ကို ပြသခဲ့ပြီး ဖြစ်သည်။

အလွန်ဝမ်းမြောက်စရာကောင်းသော ကိစ္စရပ်တစ်ခုဟု ထင်ရသော်လည်း သူမအနေဖြင့် စိတ်မချောက်ချားဘဲ မနေနိုင်ခဲ့ပေ။ အရာရာက ချောမွေ့လွန်းနေသည်။ အလွန်အမင်းကို ချောမွေ့လွန်းနေခြင်းပင်။

'ထိုက်ဇီနဲ့ ဧကရာဇ်တို့ရဲ့ နေရာတွေကို ရယူဖို့က တကယ်ပဲ ဒီလောက်တောင် လွယ်ကူနေတာလား။'

သူမ ဟော်ချန်ယွင်ကို လုံးဝ မယုံကြည်နိုင်သေးပေ။

“မယ်တော်က အတွေးလွန်နေတာပါ”

ဟော်ရှက ရုတ်တရက် အောင်နိုင်သူတစ်ဦး၏ အပြုံးကို ဖော်ပြလိုက်ပြီး ထပ်ပြောလိုက်သည်။

“ခမည်းတော်ဧကရာဇ်က မကြာသေးခင်က သားတော်ကို ချီးမွမ်းနေခဲ့တာလေ၊ တော်ဝင်ညီလာခံတစ်ခုလုံးက အရပ်ဘက်၊ စစ်ဘက် အရာရှိတွေအားလုံးကလည်း ထိုက်ဇီရာထူးက သားတော်အတွက်ပဲ ဖြစ်ရမယ်ဆိုတာကို တိတ်တဆိတ် သဘောပေါက်နေကြပါပြီ”

“ရှန်းဟွိုက်က ဘာကောင်မို့လို့လဲ၊ သားတော် အရှေ့နန်းတော်ထဲကို ဝင်ပြီးတာနဲ့ အဲဒီအဘိုးကြီးက သူ့သမီးကို မဆိုင်းမတွ ပြန်လွှတ်ပေးမှာပါ”

ရှန်းချင်းယန်၏ ကိစ္စအတွက် မူလက စိုးရိမ်ပူပန်နေသော ဟော်ရှ၏ အတွေးများက ရုတ်တရက် ပြောင်းလဲသွားသည်။

‘သူ့ကလေးကို ကယ်တင်လိုက်နိုင်ရင် သဘာဝအတိုင်း အဆင်ပြေတယ်။ နောက်ဆုံးတော့ ဒီကလေးက သူ့ရဲ့ ပထမဆုံးကလေးပဲ။

ကလေးက ဆုံးပါးသွားခဲ့ရင်လည်း အရေးမကြီးဘူး၊ ကျစ်ကျစ်ကို အရင်ဆုံး မွေးဖွားခွင့်ပေးရမှာမို့လို့... ဒီလိုဖြစ်သွားတာကပဲ ပိုမှန်တယ်။'

အကယ်၍ ရှန်းဟွိုက်က ထိုအချိန်အထိ လိမ္မာပါးနပ်စွာ မပြုမူနိုင်သေးပါက ဝန်ကြီးချုပ်ရာထူးကလည်း သူနှင့် ဆိုင်တော့မည် မဟုတ်ပေ။

“ကောင်းပြီ... အရင်ပြန်သွားတော့”

ဟော်ရှ ထွက်သွားပြီးနောက် လင်းဝမ်နင်က ဖြည်းညှင်းစွာ ထရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး လွင့်မျောနေသော နှင်းပွင့်ဖြူဖြူများကို ငေးကြည့်နေသည်။ မနေ့ညက ဟော်ချန်ယွင် ပြောခဲ့သော စကားများက သူမ၏ နားထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။ သူက ပြုံးရင်း ပြောခဲ့ပြန်သည်။

“ထိုက်ဇီနေရာက ရှအာအတွက် ဖြစ်လိမ့်မယ်၊ ဒါကြောင့် ဘာမှ စိတ်မပူပါနဲ့”

သို့သော် ယခုအချိန်တွင် သူမ စိတ်အေးသွားမည့်အစား အမြဲတမ်း စိုးရိမ်ပူပန်နေမိသည်။

'ငါ တကယ်ပဲ အတွေးလွန်နေတာ ဖြစ်ပါစေလို့ မျှော်လင့်မိတာပဲ'

မနက်ဖြန်တွင် အမိန့်တော်ကို တစ်ကမ္ဘာလုံး သိအောင် ကြေညာပြီးနောက်မှသာ သူမ၏ နှလုံးသားက ငြိမ်သက်သွားနိုင်ပေလိမ့်မည်။

.......။.........။.......

ရှန်းချင်းယန်၏ ကလေးကိုတော့ မကယ်တင်နိုင်ခဲ့ပေ။

မျှော်လင့်ချက် မရှိသလောက် နည်းပါးနေသော်လည်း လဲ့ကျစ် တွေ့ခွင့်တောင်းခဲ့ရာ ရှန်းဟွိုက်က သဘောတူခဲ့သည်။ ထို့ကြောင့် ညအမှောင်ချိန်တွင် သူမ ဝန်ကြီးချုပ်အိမ်တော်ထဲသို့ ဝင်သွားသည်ကို ဟော်ရှ၏ လူများ သိရှိလိုက်ကြသည်။

လုယင်က လဲ့ကျစ်ကို ရှန်းချင်းယန်၏ အတွင်းဆောင်သို့ ခေါ်ဆောင်သွားချိန်တွင် လဲ့ကျစ်၏ နှာခေါင်းထဲသို့ ပြင်းထန်သော သွေးနံ့များ ဖုံးလွှမ်းလာသည်။ လဲ့ကျစ်က ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ ကုတင်ပေါ်တွင် ဖြူဖျော့နေသော မျက်နှာနှင့် မှိန်းဝေနေသော မျက်လုံးများရှိသည့် လူတစ်ယောက်ကို သူမ မြင်လိုက်ရသည်။ ၎င်းက အသက်မဲ့နေသော တစ္ဆေတစ်ကောင်လို ဖြစ်နေခဲ့သည်။

“တာ့ချီတိုင်းပြည်က စစ်သည်တွေ တာ့လီကို တိုက်ခိုက်တဲ့နေ့က ငါ့ရဲ့ ဆွေမျိုးတွေက ငါ့ကို ခဏလောက် ထားသွားခဲ့ကြဖူးတယ်”

လဲ့ကျစ်က ပျော့ပျောင်းသော ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ရှန်းချင်းယန်အတွက် စောင်ကို သေချာပြင်ပေးပြီးမှ ထပ်ပြောလိုက်သည်။

“အဲဒီတုန်းက ကျွန်မလည်း အခု ရှင့်လိုပဲ လုံးဝ စိတ်ပျက်အားငယ်ခဲ့ရတာ၊ ဒါပေမယ့် ရှင့်ကို အခုလို မြင်နေရရင် ရှင့်ရဲ့ မိဘဆွေမျိုးတွေ ဘယ်လောက်တောင် ရင်ကွဲနာကျနေမလဲဆိုတာကိုလည်း ရှင် စဉ်းစားပေးရမယ်လေ”

“ရှင့်အဖေအတွက် တစ်ချက်လောက် ပြန်စဉ်းစားကြည့်ပါဦး”

သေဆုံးနေသော မျက်ဆံများက အနည်းငယ် တုန်လှုပ်သွားပြီး ထိုမျက်ဝန်းများတွင် မျက်ရည်များ ပြန်လည်ရစ်ဝဲလာသည်။ ထို့နောက် သူမက တဖြည်းဖြည်းနှင့် ကျယ်လောင်စွာ အော်ဟစ်ငိုယိုလိုက်သည်။ လဲ့ကျစ်က သန့်ရှင်းသော ပိုးသားလက်ကိုင်ပုဝါကို ထုတ်ယူလိုက်ပြီး ရှန်းချင်းယန်၏ မျက်ရည်များကို တိတ်တဆိတ် သုတ်ပေးလိုက်ကာ သူမ၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။

“ကျွန်မ ဒီကလေးကို မကြိုက်ဘူးလို့ ထင်ခဲ့ပေမယ့်... သူ... သူ ကျွန်မကို ထားသွားတဲ့အခါ ကျွန်မ တကယ်ကို နာကျင်ရတယ်”

ရှန်းချင်းယန်က မျက်ရည်များ ဝဲနေလျက် ငိုရှိုက်ကာ ပြောနေရှာသည်။

“ဒါတွေအားလုံးက ကျွန်မအပြစ်ပါပဲ၊ ကျွန်မက သူ့ကို မချစ်ဘူးလို့ သူ ထင်သွားလို့ ထွက်သွားတာ ဖြစ်ရမယ်”

“မဟုတ်ဘူး... မဟုတ်ဘူး၊ ဒါ ရှင့်အပြစ် လုံးဝမဟုတ်ဘူး။ တခြားသူတွေရဲ့ အမှားအတွက် ကိုယ်ကိုကိုယ် အပြစ်မတင်ပါနဲ့”

ထိုစကားကို ကြားလိုက်ရချိန်တွင် ရှန်းချင်းယန်က တဖြည်းဖြည်းနှင့် ငိုသံစဲသွားသည်။ လဲ့ကျစ်၏ စကားများက အလွန် နှစ်သိမ့်မှုပေးနိုင်ပြီး ဆွဲဆောင်မှုရှိသည်ဟု ဆိုရမည် ဖြစ်သည်။ အမှန်တကယ်တွင်လည်း သူမကြောင့် မဟုတ်ဘဲ ဟော်ရှကြောင့်သာ ကလေးကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

“ကျွန်မ သူ့ကို အရမ်းမုန်းတယ်”

ရှန်းချင်းယန်က သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။

“ဟော်ရှ... သူက လူတိုင်း မုန်းတီးရတဲ့ လူယုတ်မာပဲ”

လဲ့ကျစ်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ရှန်းချန်းယန်ကို ချော့မော့လိုက်သည်။

“ကောင်းကောင်း အနားယူပါဦး၊ ရှင့်ရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံး ဂရုစိုက်ရမယ်လေ၊ အားလုံးပြီးသွားရင်တော့ သူ့ရဲ့ အဆုံးသတ်ကို ရှင်လည်း ပြုံးပြုံးလေး ကြည့်နေရမှာပါ”

“ရှင်... ရှင်က ဘာကို ဆိုလိုတာလဲ”

ရှန်းချင်းယန်က အားနည်းသော လေသံဖြင့် ညည်းညူကာ ပြန်မေးလိုက်သည်။

“အိပ်လိုက်တော့နော်”

လဲ့ကျစ်က ပြုံးလိုက်ပြီး သူမကို အိပ်ရာပေါ်တွင် လဲလျောင်းပေးရင်း ပြောလိုက်ပြန်သည်။

“ရှင့်ရဲ့ ပန်းချည်ထိုး လက်ရာက အရမ်းကောင်းတယ်လို့ ကျွန်မ ကြားထားတယ်။ ရှင့်မှာ ရှိတဲ့ အရည်အချင်းတွေကို အလဟဿ အဖြစ်မခံပါနဲ့၊ စိတ်မပူနဲ့... ရှင့်မှာ တောက်ပတဲ့ အနာဂတ်တစ်ခု ရှိလာမှာပါ”

'အနာဂတ် ဟုတ်လား... ငါ့မှာ အနာဂတ်ဆိုတာ တကယ်ပဲ ရှိပါဦးမလား။'

လဲ့ကျစ် မရောက်လာမီက ရှန်းချင်းယန်က လုံးဝ စိတ်ပျက်အားငယ်နေခဲ့သော်လည်း ယခုတော့ သူမ၏ နှလုံးသားထဲသို့ မျှော်လင့်ချက်အချို့ တိုးဝင်လာခဲ့သည်။ ထိုမျှော်လင့်ချက်ကလေးကို ဆုပ်ကိုင်ရင်း သူမက လေးလံနေသော မျက်ခွံများကို မှိတ်ချကာ အိပ်ပျော်သွားတော့သည်။

အခန်းတံခါးကို ပြန်လည်ပိတ်လိုက်ချိန်တွင် မလှမ်းမကမ်းတွင် ရပ်နေသော ရှန်းဟွိုက်ကို လဲ့ကျစ် တွေ့လိုက်ရသည်။ လဲ့ကျစ်က ရှေ့သို့ လှမ်းသွားကာ သူ့ကို အလေးအနက် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သို့သော် ရှန်းဟွိုက်က ရုတ်တရက် လက်ချင်းယှက်ကာ လဲ့ကျစ်ကို အလွန်ခမ်းနားသော အခမ်းအနားဖြင့် အရိုအသေပြုလိုက်သည်။

“ရှန်းသခင်ကြီး... ဒါက ဘာလုပ်တာလဲ...”

“ကျေးဇူးတင်ပါတယ် မင်းသမီး... ကျွန်တော့်ရဲ့ သမီးလေးအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်”

'မင်းသမီး...'

လဲ့ကျစ်က သူမကို မည်သူကမျှ ထိုသို့ မခေါ်သည်မှာ ကြာနေပြီဖြစ်သဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ ပြန်လည်အရိုအသေပေးပြီးမှ ထွက်ခွာလာခဲ့သည်။

သို့သော်လည်း နောက်ကွယ်မှ စကားသံတစ်ခု ထွက်ပေါ်လာသည်။

“ကျွန်တော့်သမီးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်သရွေ့... ဒီဝန်ကြီးအိုကြီးက မင်းသမီးရဲ့ ညွှန်ကြားချက်မှန်သမျှကို ကျေကျေနပ်နပ်နဲ့ နားထောင်ပေးမှာပါ...”

.........။.......။........

အိမ်တော်သို့ ပြန်လာသော ရထားလုံးပေါ်တွင် လဲ့ကျစ်က အတွေးများစွာဖြင့် ငိုင်တွေနေသည်။ အရာအားလုံးက သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည်မှာ သိသာထင်ရှားနေသော်လည်း သူမ၏ နှလုံးသားထဲတွင်မူ ဗလာကျင်းနေသကဲ့သို့ ခံစားနေရသည်။

“သခင်မ... ကျွန်မရဲ့ အစ်ကိုကြီးက သခင်မရဲ့ ညွှန်ကြားချက်အတိုင်း အကုန်လုံးကို အောင်မြင်အောင် ဆောင်ရွက်ပေးမှာပါ”

လဲ့ကျစ်က မျက်လုံးအစုံကို ပြန်လှည့်လိုက်ပြီး ကျင့်ရှင်းကို စိုက်ကြည့်ရင်း မေးလိုက်ပြန်သည်။

“ကျင့်ရှင်း... ငါက တကယ်ပဲ အရမ်းဆိုးတဲ့သူလား”

“ဘာတွေ ပြောနေတာလဲ သခင်မရယ်”

ကျင့်ရှင်းက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ ခေါင်းကို အတွင်တွင် ခါယမ်းလိုက်သည်။

“ကျွန်မတို့ သခင်မက ကမ္ဘာပေါ်မှာ အကောင်းဆုံးသူပါ”

“ဒါပေမယ့် မင်းကို ငါ့အနားမှာပဲ ဆက်နေခိုင်းတာက ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တစ်ခုပဲလေ၊ ငါက အန်းရွှယ်ကို ငါ့အပေါ် ကျေးဇူးဆပ်စေချင်ခဲ့တာ”

လဲ့ကျစ်က သူမကိုယ်သူမ လှောင်ပြောင်သလို ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူမက လူကောင်းတစ်ယောက် မဟုတ်တော့သည်မှာ သေချာနေသည်။ သူမ လုပ်ဆောင်ခဲ့သမျှ အရာတိုင်းတွင် ကိုယ်ပိုင်ရည်ရွယ်ချက်တစ်ခုစီ ရှိနေခဲ့သည်။ ကျင့်ရှင်းကို သူမ၏အနားတွင် ထားခဲ့ခြင်း ဖြစ်စေ၊ ယနေ့ ရှန်းအိမ်တော်သို့ သွားခဲ့ခြင်း ဖြစ်စေ သူမတွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ ရှိနေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

သူမ ရှန်းချင်းယန်ကို ဖြားယောင်းသိမ်းသွင်းလိုသည်က အမှန်ပင်ဖြစ်သလို ရှန်းဟွိုက်ကို မိမိဘက်ပါလာစေရန် ဤကိစ္စကို အသုံးချချင်ခဲ့သည်မှာလည်း ငြင်းမရသော အချက်ပင် ဖြစ်သည်။ ယခင်က လီတိုင်းပြည်၏ ရိုးရှင်းဖြူစင်ပြီး ကြင်နာတတ်သော မင်းသမီးလေးက ယခုတော့ မရှိတော့ပြီဖြစ်ကြောင်း လဲ့ကျစ်ကိုယ်တိုင် အသိဆုံးပင်။ သူမက လူဆိုးတစ်ယောက် မဟုတ်သော်လည်း ရိုးသားဖြူစင်သော လူကောင်းတစ်ယောက်လည်း မဟုတ်တော့ပေ။

“သခင်မက တစ်ကိုယ်ကောင်းဆန်နေရင်တောင် ကျွန်မတို့အတွက်တော့ အကောင်းဆုံး လူသားပါပဲ”

ကျင့်ရှင်းက လဲ့ကျစ်၏လက်ကို ဆွဲကိုင်ကာ အားပေးစကား ပြောလိုက်သည်။

“ကျွန်မတို့အပေါ် ကောင်းတဲ့သူ အကုန်လုံးက မှန်ကန်နေတာပါပဲ”

လဲ့ကျစ်က ပြန်မဖြေဘဲ မျက်လုံးလေးကိုသာ မှိတ်ထားလိုက်သည်။ ကျင့်ရှင်းက သူမ၏ သခင်မကို နေရာတိုင်းတွင် ကောင်းမွန်သည်ဟု မြင်နေသော်လည်း လဲ့ကျစ်ကတော့ သူမဘာသာ အမြဲတမ်း တင်းကျပ်သော စည်းကမ်းချက်များဖြင့် ဖိအားပေးနေမိသည်။

'ဒါက မင်းသမီးတစ်ယောက်ရဲ့ အကျင့်စာရိတ္တနဲ့ တာဝန်ဝတ္တရားကို နားလည်တဲ့ ပင်ကိုယ်စရိုက်ကြောင့်လား။'

'သခင်မ... သူမ အသက်ရှင်နေရတာ တကယ်ပဲ ပင်ပန်းရှာတယ်...'

အိမ်တော်သို့ ပြန်ရောက်ချိန်တွင် ညဉ့်တော်တော်ပင် နက်နေပြီ ဖြစ်သည်။ လဲ့ကျစ်က ကျင့်ရှင်းကို အရင်ဆုံး အနားယူခိုင်းလိုက်သော်လည်း သူမကိုယ်တိုင်ကတော့ အိပ်ခန်းထဲသို့ မဝင်သေးဘဲ ပန်းခြံဘက်သို့ တစ်ယောက်တည်း လျှောက်သွားခဲ့သည်။ ရှားရှားပါးပါး နှင်းများ ရပ်တန့်နေချိန်ဖြစ်သောကြောင့် ညကောင်းကင်ယံ တစ်ခုလုံးက တောက်ပသော လမင်းနှင့် ကြယ်စင်များကြောင့် လှပနေလေသည်။

လဲ့ကျစ်က အေးစက်သော အလင်းရောင်များဖြင့် လင်းလက်နေသည့် လမင်းကြီးကို ငေးကြည့်နေသည်။ သူမနှင့် ဟော်တူသည် ထိုလမင်းကဲ့သို့ပင်။ အေးစက်လွန်းသော လူနှစ်ယောက် ဆုံစည်းမိချိန်တွင် မည်သို့သော နွေးထွေးမှုမျိုးမှ မဖြစ်တည်နိုင်ခဲ့ပေ။

အဖြစ်အပျက်မျိုးစုံကို ဖြတ်သန်းခဲ့ပြီးနောက် လဲ့ကျစ်က ဟော်တူ၏ ငယ်စဉ်ဘဝမှ နာကျင်စရာ အတွေ့အကြုံများကို သိရှိခဲ့ရသည်။ ထိုအတွက်ကြောင့် သူမ စိတ်မကောင်းဖြစ်ခဲ့ရသော်လည်း သူမအနေဖြင့် ဘာမှလုပ်ပေးနိုင်စွမ်း မရှိခဲ့သလို၊ မည်သည့်ကတိမျိုးကိုမျှလည်း မပေးနိုင်ခဲ့ပေ။

သူမ သူ့ကို ချစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ထိုအချစ်အတွက် သူမ၏ ရင်ထဲမှ အမုန်းတရားများကိုတော့ လက်မလွှတ်နိုင်ခဲ့ပေ။ သူမ သူ့ကို မည်မျှပင် သဘောကျနေပါစေ၊ သူ့ဖခင်ကို သတ်ပစ်ချင်နေသည့် စိတ်ကတော့ ယခုထက်တိုင် ရှိနေဆဲပင်။

သူမကိုယ်တိုင်က အနွေးဓာတ်မရှိသော အေးမြသည့် လရောင်နှင့် တူနေခဲ့သည်။ သို့သော် ဖြစ်နိုင်မည်ဆိုလျှင် လဲ့ကျစ်က ဟော်တူအနားတွင် တောက်ပပြီး ပူနွေးသော နေရောင်ခြည်လေးတစ်ခု ရှိနေဖို့သာ မျှော်လင့်နေခဲ့မိသည်။ ထိုနေရောင်ခြည်က တစ်နှစ်ပြီးတစ်နှစ် သူ့ကို နွေးထွေးစေကာ ငယ်စဉ်ဘဝ၏ နာကျင်မှုများမှ လွတ်မြောက်စေပြီး သူ၏ တစ်သက်တာလုံးတွင် စိုးရိမ်ပူပန်စရာများ မရှိစေရန် ဖေးမပေးစေချင်သည်။

'ငါနဲ့ မတူတဲ့ လူမျိုးပေါ့...'

'ငါကတော့ တစ်ကိုယ်ကောင်းဆန်ပြီး သူရဲဘောကြောင်ရုံတင်မကဘူး... အခြေခံရိုးသားမှုနဲ့ ယုံကြည်စိတ်ချရမှုတောင် မရှိခဲ့တဲ့သူပဲ'

ရုတ်တရက် သူမ၏ခါးလေးဆီတွင် တင်းကြပ်သော အထိအတွေ့တစ်ခုနှင့်အတူ နွေးထွေးသော ရင်ခွင်ကျယ်ကြီးက နောက်ကျောဘက်မှ ထိကပ်လာသည်။ ရင်းနှီးနေကျ ရနံ့တစ်ခု၏ လွှမ်းမိုးမှုအောက်တွင် လဲ့ကျစ်က မျက်ဝန်းများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်မိသည်။ လဲ့ကျစ်က သူမ၏ မျက်ဝန်းထောင့်မှ နီရဲနေသော အရိပ်အယောင်များကို မျက်တောင်ရှည်များဖြင့် ဖုံးအုပ်ကွယ်ဝှက်ထားလိုက်သည်။

ဆင်ခြင်တုံတရားက သူမကို လက်မလျှော့သင့်ကြောင်း သတိပေးနေခဲ့သော်လည်း သူမ၏ နှလုံးသားကတော့ သူ့ကို အထိန်းအကွပ်မဲ့စွာ မှီတွယ်နေမိပြီ ဖြစ်သည်။

'ဒီလိုလေးပဲ... နည်းနည်းလောက်တော့ ပိုပြီး ဆုပ်ကိုင်ထားချင်သေးတယ်။'

'နည်းနည်းလေး ပိုပြီး ကြာကြာလေးပါပဲ...'

.........။........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : “လကိုပဲ ကြိုက်တယ်”

All Chapters