← Chapters

အခန်း (၉၃-၉၄)

Vol. 9 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 9 Ch. 93-94

အခန်း ၉၃ တူညီသောအဆုံးသတ်

“အေးနေလား...”

လဲ့ကျစ်က ဘာစကားမှမဆိုဘဲ ခေါင်းကိုသာ တိတ်တဆိတ် ခါယမ်းလိုက်သည်။ ခဏအကြာတွင် သူမက သူ့ဘက်သို့ လှည့်ကာ ညင်ညင်သာသာ ပြန်ပွေ့ဖက်လိုက်ပြီး သူ့မျက်ဝန်းများကို စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။

“ရှင့်မျက်လုံးတွေကို မှိတ်ထားပေး...”

ဟော်တူက သူမကို တိတ်တဆိတ် ကြည့်နေပြီးနောက် သူမ ပြောသည့်အတိုင်း မျက်လုံးများကို မှိတ်ပေးလိုက်သည်။ နူးညံ့သိမ်မွေ့သော လရောင်က ထိုပုံရိပ်နှစ်ခုအပေါ်သို့ နွေးထွေးမှုအပြည့်ဖြင့် လင်းလက်ကျဆင်းနေသည်။

လဲ့ကျစ်က သူ့ကို ပွေ့ဖက်ထားရာမှ အသာအယာလွှတ်လိုက်ပြီးနောက် သူ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း အုပ်ကိုင်ကာ လေးလေးနက်နက် နမ်းရှိုက်လိုက်သည်။ ဤသည်မှာ ပထမဦးဆုံးအကြိမ်အဖြစ် သူမကိုယ်တိုင် စိတ်လွတ်ကိုယ်လွတ် သူ့ကို စိတ်နှလုံးအကြွင်းမဲ့ နမ်းရှိုက်မိခြင်းပင်။

ရောထွေးနေသော နှုတ်ခမ်းများနှင့် လျှာများကြားတွင် မည်သူ၏ အသက်ရှူသံက မည်သူ့ကို လွှမ်းမိုးထားသည်ကိုပင် မခွဲခြားနိုင်တော့ပေ။ သူတို့နှစ်ဦးက နှင်းများထူထပ်စွာ ကျဆင်းနေသည့်နေ့တွင် တစ်ဦးကိုတစ်ဦး မှီတွယ်တွဲခိုနေကြသည့် တိရစ္ဆာန်လေးနှစ်ကောင်နှင့် တူနေလေသည်။ အကယ်၍သာ တစ်ဦးကို တစ်ဦး ထိုသို့ နွေးထွေးစွာ မရောထွေးနေခဲ့ပါက ဤကြမ်းတမ်းသော ဆောင်းရာသီကို ရှင်သန်ကျော်ဖြတ်နိုင်ကြမည် မဟုတ်ပေ။

အသက်ရှူမဝသည့်တိုင်အောင် အချိန်မည်မျှကြာအောင် နမ်းနေကြသည်ကို မသိသော်လည်း နောက်ဆုံးတွင်တော့ တစ်ယောက်ကို တစ်ယောက် လွှတ်ပေးလိုက်ကြသည်။ လဲ့ကျစ်က သူမ၏မျက်နှာကို သူ၏လည်ပင်းကြားတွင် မြှုပ်နှံထားပြီး သူ၏ ခန္ဓာကိုယ်အနွေးဓာတ်ကို အာသာငမ်းငမ်း ခံစားနေမိသည်။

‘မနက်ဖြန်တွင် ဘာတွေပဲဖြစ်လာပါစေ... ငါကတော့ ဒီအခိုက်အတန့်ကို ထိန်းသိမ်းထားချင်သေးတယ်’

ထို့ကြောင့်ပင် ဤအချိန်လေးက လဲ့ကျစ်အတွက် အရေးကြီးဆုံး ဖြစ်နေရသည်။

“ကြယ်တွေ ကြည့်ဖို့ မှန်လုံအိမ်ကို သွားကြမလား”

ဟော်တူက သူမကို အသာအယာ ပွေ့ချီလိုက်ပြီး ညင်သာစွာ ပြန်ထူးလိုက်သည်။

“အင်း...”

မှန်လုံအိမ်အတွင်း၌မူ လေးရာသီလုံး နွေဦးသဖွယ် နွေးထွေးနေသည်။ သူတို့နှစ်ယောက် ပွေ့ဖက်ထားကြရင်း ပျော့ပျောင်းသော ခေါင်းအုံးကို မှီထားကြသည်။ ဟော်တူက စောင်ကို ဆွဲယူကာ လဲ့ကျစ်၏ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။

ဖန်သားပြင်မှတစ်ဆင့် မြင်တွေ့နေရသည့် တောက်ပသော ကြယ်စင်များကို ကြည့်ရင်း လဲ့ကျစ်က တိုးတိုးလေး သက်ပြင်းချလိုက်ကာ ဆုတောင်းနေသည်။

“မနက်ဖြန်က နေ့ကောင်းတစ်နေ့ ဖြစ်လာမှာပါနော်”

ဟော်တူက ပြန်မဖြေဘဲ သူမ၏ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။

“အိပ်တော့”

သို့သော် လဲ့ကျစ်က မအိပ်ချင်သေးပေ။ သူမက ခေါင်းကို ပြန်လှည့်ကာ သူမဘေးနားမှ မျက်နှာကို စူးစိုက်ကြည့်နေပြန်သည်။

ယနေ့ညက နောက်ဆုံးအကြိမ် ဖြစ်နေနိုင်သည်ဟု သူမ ခံစားနေရသည်။

'ဒါက နောက်ဆုံး ပွေ့ဖက်ခြင်း၊ နောက်ဆုံး အနမ်း... နောက်ဆုံးအကြိမ် အတူအိပ်စက်ခြင်း ဖြစ်သွားတော့မှာလား...'

သူမ အိပ်မပျော်နိုင်ဘူးဟု ရှင်းရှင်းလင်းလင်း တွေးထင်ထားသော်လည်း နွေးထွေးသော ရနံ့များ ပျံ့လွင့်လာသည်နှင့်အမျှ လဲ့ကျစ်၏ မျက်ခွံများက ထိန်းမနိုင်သိမ်းမရ မှိတ်ကျသွားပြီး တဖြည်းဖြည်းနှင့် သတိလျော့ကျသွားကာ အိပ်ပျော်သွားတော့သည်။

ဟော်တူက လဲ့ကျစ်၏ ပုခုံးများကို ပွေ့ဖက်ထားရင်း သူမကို နူးညံ့သော ခေါင်းအုံးပေါ်သို့ ညင်ညင်သာသာ လှဲချပေးလိုက်သည်။ ထို့နောက် သူက သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးရန် လက်ကောက်ဝတ်ကို အသာအယာ ကိုင်ကြည့်လိုက်သည်။

'အားနည်းပြီး စိတ်ဓာတ်ကျနေတာပဲ...'

သူ၏မျက်ဝန်းများ မှေးမှိန်သွားပြီး သူမ၏ နူးညံ့သော ပါးပြင်များကို ကိုင်ရန် လက်ကို မြှောက်လိုက်ပြန်သည်။ သူ၏ လက်အထိအတွေ့က တန်ဖိုးကြီးရတနာတစ်ခုကို ဂရုတစိုက် ဆုပ်ကိုင်ထားသလို အလွန် ပေါ့ပါးနူးညံ့နေသည်။ ဟော်တူက လဲ့ကျစ်ကို အချိန်အတော်ကြာအောင် ထိုင်ကြည့်နေပြီးမှ သူမ၏နဖူးကို အသာအယာ နမ်းရှိုက်လိုက်သည်။

“မင်း... ကိုယ့်အတွက်နဲ့ အတော်လေး အခက်တွေ့နေရတာလား”

ဟော်တူက အိပ်မောကျနေသော အမျိုးသမီးလေးကို ကြည့်ကာ တိုးညင်းသော လေသံဖြင့် မေးလိုက်သည်။

‘ဒီနေ့.... လဲ့ကျစ် သူနဲ့ သူမရဲ့ ရန်သူတိုင်းပြည်အပေါ်မှာ ရှိနေတဲ့ မုန်းတီးမှုတွေကြားထဲမှာ နာကျင်တကြီး ရုန်းကန်နေရတာကို သူ မသိဘဲ ဘယ်နေပါ့မလဲ။ အစကနေ အဆုံးအထိ လျှောက်လှမ်းခဲ့တဲ့လမ်းက အတူတူ ဖြစ်နေတာကို သူမ မသိခဲ့ဘူးလေ။ တစ်ခုတည်းသော ခြားနားချက်က သူ့အတွက် ပြန်လမ်း မရှိတာပါပဲ။’

ဤသည်မှာ ဟော်တူကိုယ်တိုင် အစကတည်းက သူ့ဘာသာသူ ခင်းကျင်းထားခဲ့သော အဆုံးသတ်ဖြစ်သည်။

ဟော်တူအတွက် ဤကမ္ဘာလောကတွင် လွမ်းဆွတ်တွယ်တာစရာဟူ၍ ဘာမျှ မရှိခဲ့ဖူးပေ။

'ဒါပေမဲ့... မင်းက ဘာလို့ ငါ့ဘဝထဲကို ပေါ်လာခဲ့တာလဲ'

သူမက သူ့ကို စွဲလမ်းစေခဲ့သည်။ သူ့ကိုယ်သူ ရုန်းမထွက်နိုင်အောင် ဖမ်းစားခဲ့ပြီး တစ်သက်လုံး လွမ်းဆွတ်နေစေတော့မည်ပင်။

‘လွမ်းဆွတ်မှုတွေရှိတဲ့ နေရာမှာ မျှော်လင့်ချက်တွေ ရှိတယ် တဲ့။’

လဲ့ကျစ်က သူ့ကို တစ်ခုခု မေးလာလိမ့်မည်ဟု ဟော်တူ မျှော်လင့်နေခဲ့သေးသည်။ ထိုသို့မေးလာမှသာ လမင်းကို အတူကြည့်ရန် သူ့ကိုယ်သူ အခွင့်အရေးများ ဖန်တီးပေးနိုင်မည် ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်က သူမ ဘာမှ မမေးခဲ့ခြင်းပင်။

“မေ့လိုက်ပါတော့... ကိုယ် မင်းကို အတင်းအကြပ် မလုပ်ပါဘူး”

ဟော်တူက ခပ်ဖွဖွပြုံးလျက် သူမ၏လက်ကို ဆုပ်ကိုင်ထားရင်း ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ကြယ်များကို ငေးကြည့်နေမိသည်။

“နောင်တစ်ချိန်မှာ မင်းသာ တခြားယောကျာ်းကို ဒီနေရာကို ခေါ်လာဝံ့ရင် ကိုယ်..”

သူက တိုးတိုးလေး သတိပေးနေသေးသည်။

ထို့နောက် ခေတ္တရပ်ကာ ခေါင်းကို ပြန်လှည့်ကြည့်လိုက်ပြီး ငြိမ်သက်စွာ အိပ်ပျော်နေသော မျက်နှာလေးကို ဖော်မပြနိုင်သော နူးညံ့ညင်သာမှုများဖြင့် စိုက်ကြည့်နေမိပြန်သည်။

“မင်း ဆန္ဒရှိရင်... မင်းလိုချင်တဲ့သူကိုပဲ ယူပါ.... ကိုယ့်ရဲ့ မြေခွေးလေး ပျော်ရွှင်နေရသရွေ့ပေါ့”

ထို့နောက် သူက ကောင်းချီးပေးကာ နှုတ်ဆက်လိုသည့်ဟန်မျိုးဖြင့် သူမအနားသို့ တိုးကပ်သွားသည်။

.......။.......။........

လဲ့ကျစ်က ရှည်လျားလှသော အိပ်မက်တစ်ခုကို မက်နေခဲ့သည်။ ယခုတစ်ကြိမ် အိပ်မက်ထဲတွင် ငိုကြွေးခြင်း၊ မေးခွန်းထုတ်ခြင်းနှင့် စွပ်စွဲပြစ်တင်ခြင်းများ မရှိတော့ပေ။ အိပ်မက်က အလွန် အေးချမ်းပြီး သူမနှင့် ဟော်တူ နှစ်ဦးတည်းသာ ရှိနေခဲ့သည်။

ဟော်တူက သူမကို လက်တွဲကာ ကမ္ဘာလောကကြီးကို လှည့်ပတ်ကြည့်ရှုရန် ခေါ်ဆောင်သွားခဲ့ပြီး သူမလည်း အလွန် ပျော်ရွှင်နေခဲ့သည်။ သို့သော် ရုတ်တရက်ဆိုသလို သူက သူမ၏လက်ကို လွှတ်လိုက်ပြီး ပြောလာခဲ့သည်။

“လဲ့ကျစ်... ဒီလောက်ပါပဲ”

'ဒီလောက်ပဲလား...'

'ဘာလို့လဲ... သူ ဘာလို့ ဒီလိုပြောရတာလဲ...?'

သူမက စိတ်ရှုပ်ထွေးခြင်းများ ရောနှောနေသည့် စိုးရိမ်မှုဖြင့် ပြန်မေးလိုက်သည်။

“ဘယ်... ဘယ်ကို သွားမလို့လဲ”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်တူက အပြုံးဖြင့် ခေါင်းညိတ်ပြကာ ပြတ်ပြတ်သားသား လှည့်ထွက်သွားသည်။ လဲ့ကျစ် ထိတ်လန့်သွားကာ အလျင်အမြန် အပြေးလိုက်ဖမ်းခဲ့သော်လည်း ဟော်တူ၏ ပုံရိပ်က ပို၍ ပို၍ ဝေးကွာသွားခဲ့သည်။ သူမ အစွမ်းကုန် ကြိုးစားသော်လည်း သူ၏ပုံရိပ်က အခိုးအငွေ့တစ်ခုကဲ့သို့ ပျောက်ကွယ်သွားသည်ကိုသာ ကြေကြေကွဲကွဲ စောင့်ကြည့်နေခဲ့ရသည်။

“ဟော်တူ”

သူမ၏ ရင်ထဲမှ စူးစူးရှရှ နာကျင်မှုကို လဲ့ကျစ် ခံစားလိုက်ရပြီး နူးညံ့သော အိပ်ရာပေါ်မှ ရုတ်တရက် ထထိုင်လိုက်မိသည်။ သူမ အချိန်အတော်ကြာအောင် ထိုင်နေပြီးမှသာ ထိုအိပ်မက်ဆိုးကြီးထဲမှ အတွေးများကို ပြန်လည်စုစည်းလိုက်နိုင်သည်။ သူမ၏ပါးပြင်ပေါ်မှ မျက်ရည်စများကိုပင် ဂရုမစိုက်နိုင်ဘဲ ဘေးဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်တော့ သူမဘေးရှိ နေရာလေးက ကွက်လပ်ကြီး ဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။

ဖန်လုံအိမ်အတွင်းရှိ နွေးထွေးမှုများကလည်း တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်နေပြီ ဖြစ်သည်။ လဲ့ကျစ်က သူမအနားရှိ ချည်မွေ့ယာကို လက်ဖဝါးဖြင့် အသာအယာ စမ်းသပ်ကြည့်လိုက်ပြီး နွေးထွေးမှု အရိပ်အယောင်ကလေးပင် မကျန်တော့ဘဲ အေးစက်နေပြီကို သိလိုက်ရသည်။ ထိုလူ ထွက်သွားခဲ့သည်မှာ အတော်ပင် ကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်း သိသာနေသည်။

ခဏအကြာတွင် လဲ့ကျစ်က သူမ၏ နှလုံးသားတစ်ခုလုံး ရေခဲကန်ထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရသည်။ အပြင်ဘက်မှ နေရောင်နွေးနွေးက ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ စိမ့်ဝင်နေပြီး အချိန်က မွန်းတည့်ချိန်သို့ပင် နီးကပ်နေပြီ ဖြစ်သည်။

'ငါ... ငါ ဘယ်လောက်တောင် ကြာအောင် အိပ်ပျော်သွားတာလဲ။'

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခြင်းနှင့် အိပ်မက်ဆိုးများက လဲ့ကျစ်၏ နှလုံးသားကို ပို၍ပင် ထိတ်လန့်လာစေသည်။ သူမ ရုတ်တရက် နောင်တကြီးစွာ ရမိသွားပြန်သည်။

‘မနေ့ညက သူ့ကို ဘာကြောင့်များ အတင်းအကျပ် မမေးမိခဲ့ပါလိမ့်။’

'သူ... သူ အတိအကျ ဘာတွေလုပ်ဖို့ ကြံစည်နေတာလဲ။'

ထိုသို့ တွေးမိသည်နှင့် လဲ့ကျစ်က ကုတင်ပေါ်မှ အမြန်ထလိုက်ပြီး အောက်ထပ်သို့ ဝုန်းဒိုင်းကြဲ ပြေးဆင်းလိုက်သည်။ သူမ တံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ ရှိနေသော အန်းရွှယ်က သူမကို မြင်သွားပြီး သိသိသာသာ အံ့အားသင့်နေသည်။

‘အရှင့်သားရဲ့ အပြောအရဆိုလျှင် ကြင်ယာတော်မင်းသမီးက နေဝင်ချိန်အထိ မနိုးလာသင့်ဘူး မဟုတ်လား။ ဒါပေမယ့် အခုက နေ့လည်တောင် မရောက်သေးဘူး၊ သူမ ဘယ်လို နိုးလာတာလဲ။’

“အန်းရွှယ်... သူ ဘယ်မှာလဲ”

“အရှင့်သားက... နန်းတော်ထဲကို ဝင်သွားပါပြီ၊ သခင်မ”

“ငါ့ကို နန်းတော်ထဲ အမြန်ခေါ်သွားပေးပါ”

လဲ့ကျစ်၏ မျက်ဝန်းများက နီရဲနေပြီး အသံကလည်း အက်ရှနေသည်။

“မြန်မြန်လုပ်ပါ”

အန်းရွှယ်က အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် အရှင့်သားက အမိန့်ပေးထားပါတယ်... သခင်မကို ခေါ်သွားပေးလို့ မရပါဘူး”

“သူ့အတွက် တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်သွားတော့မယ်”

လဲ့ကျစ်က သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဖိထားလိုက်သည်။ သူမ၏ အသံက နာကျင်မှုကြောင့် တုန်ခါနေသည်။ ဇနီးမောင်နှံဟူသည်က တစ်စိတ်တစ်ဝမ်းတည်း ဖြစ်တည်မှုဆိုသည်ကို သူမ ယခုမှ ကောင်းကောင်း နားလည်လာခဲ့ရသည်။ လူတစ်ယောက် ကြုံတွေ့ရမည့် အန္တရာယ်ကို ကျန်တစ်ယောက်က ကြိုတင်ရိပ်မိနေခြင်းပင်။

ယခုအချိန်အထိ သူမ ထိုခံစားချက်များမှ မလွတ်မြောက်နိုင်သေးပေ။ သူမက တာ့လီတိုင်းပြည်၏ မင်းသမီးတစ်ဦးသာမကဘဲ သူ၏ ဇနီးသည်လည်း ဖြစ်နေခဲ့ချေပြီ။

အန်းရွှယ်က လဲ့ကျစ်၏ ယခုကဲ့သို့ ဂယောက်ဂယက် ဖြစ်နေသော အခြေအနေကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ မနက်မိုးလင်း နန်းတော်ထဲသို့ မဝင်မီက အရှင့်သား၏ အမူအရာနှင့် မှာကြားခဲ့သော စကားလုံးများကလည်း အနည်းငယ် ထူးခြားနေခဲ့သည်။ ပြန်စဉ်းစားကြည့်လျှင် ထိုစကားများက သေတမ်းစာ တစ်ခုကို ချန်ထားရစ်ခဲ့သည့်နှယ် ဖြစ်နေလေသည်။

“စိတ်မပူပါနဲ့ သခင်မ... ဒီလက်အောက်ငယ်သားကိုယ်တိုင် သခင်မကို အဲဒီနေရာအထိ အမြန်ဆုံး ခေါ်သွားပေးပါ့မယ်”

........။.......။.........

နန်းတော်အတွင်း၌...

“ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကြောင့် ဧကရာဇ်မင်းမြတ်က အမိန့်တော်တစ်ရပ် ထုတ်ပြန်လိုက်သည်။ တတိယမင်းသား 'ဟော်ရှ' သည် ထူးချွန်ထက်မြက်သော အရည်အချင်းများနှင့် ပြည့်စုံသဖြင့် ယခု တော်ဝင်အမိန့်တော်ကို ချီးမြှင့်လိုက်သည်။ ၎င်းအား အိမ်ရှေ့စံမင်းသားအဖြစ် ရာထူးခန့်အပ်ပြီး အရှေ့နန်းတော်တွင် စံမြန်းစေမည်။ အမိန့်တော်ကို ခံယူလော့”

ဟော်ရှက ပင်မခန်းမဆောင်တွင် ဒူးထောက်ထိုင်နေရင်း တော်ဝင်အမိန့်တော်ကို နားထောင်ကာ တစ်ကိုယ်လုံး ကြည်နူးမှုများ ပျံနှံ့နေသည်။ အိမ်‌ရှေ့စံနေရာနှင့် လဲ့ကျစ်ကို ပိုင်ဆိုင်ရတော့မည်ဟူသော အတွေးများကြောင့် သူ၏ နှလုံးသားထဲ၌ ရွှင်လန်းဝမ်းမြောက်မှုများ ပြည့်လျှံနေသည်။

“ကျေးဇူးတင်ပါတယ် ခမည်းတော်”

ဟော်ရှက တော်ဝင်အမိန့်တော်ကို ခံယူရန် လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သို့သော် သူ၏လက်ဖဝါး အမိန့်ပြန်တမ်းကို ထိတွေ့ရန် လက်မတင်လေးအလိုမှာပင် အင်အားတစ်ခုက အမိန့်ပြန်တမ်းကို နောက်သို့ ဆွဲယူသွားပြီး သူ့နားထဲတွင် လှောင်ရယ်သံတစ်ခု ပေါ်လာခဲ့သည်။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများရော ဟော်ရှပါ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ဟော်တူကို တွေ့လိုက်ရသည်။ သူက တော်ဝင်အမိန့်ပြန်တမ်းကို ဖတ်ရင်း အေးအေးဆေးဆေး လမ်းလျှောက်လာနေသည်။ ဟော်ရှ၏ နံဘေးသို့ ရောက်လိုက်ရချိန်တွင် ဟော်တူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အမိန့်ပြန်တမ်းကို အမှိုက်တစ်ခုလို လွှင့်ပစ်လိုက်သည်။

ဟော်ရှအပါအဝင် လူတိုင်း အံ့အားသင့်တုန်လှုပ်သွားကြသည်။ ပထမတစ်ချက်က ဟော်တူ၏ ရဲရင့်မောက်မာလွန်းသော အပြုအမူကြောင့်ဖြစ်ပြီး နောက်တစ်ချက်က သာမန်လူတစ်ဦးကဲ့သို့ လျှောက်လှမ်းနေသော သူ၏ ခြေထောက်များကြောင့် ဖြစ်သည်။ မသန်မစွမ်း ဖြစ်နေသည်ဆိုသော အရိပ်အယောင်ကလေးပင် သူ့ထံ၌ မရှိတော့ပေ။

'ဒါ... ဒါတွေက ဘာဖြစ်ကုန်တာလဲ။'

ဟော်ချန်ယွင်၏ အမူအရာကတော့ အရာအားလုံးက သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသကဲ့သို့ ပြောင်းလဲသွားခြင်း မရှိပေ။ သူက ဟော်တူကို ပြုံးပြုံးကြီး ကြည့်နေပြီး လှမ်းမေးလိုက်သည်။

“တူအာ... မင်း ဒီနေ့ စစ်သည်ဘယ်လောက်တောင် ခေါ်လာခဲ့တာလဲ၊ သေချာရဲ့လား”

ဟော်တူက ရယ်မောလိုက်ပြီး ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။

“ကျုပ်ကို မေးနေတာထက် ခမည်းတော်ဧကရာဇ်ကိုယ်တိုင် ဆင်းကြည့်သင့်တာပေါ့”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်ချန်ယွင်က ခေါင်းညိတ်ပြပြီး ထိုင်ခုံမြင့်ပေါ်မှ တကယ် ထရပ်လိုက်သည်။ ထို့နောက် ပလ္လင်ခန်းမအတွင်းမှ ဆင်းလာကာ ခန်းမအပြင်ဘက်သို့ ထွက်လာခဲ့သည်။

ရာဇပလ္လင်ခန်းမ၏ အပြင်ဘက်တွင် မူလတော်ဝင်အစောင့်များ လုံးဝ ထိန်းချုပ်ခံထားရပြီး နန်းတော်တစ်ခုလုံးကို ဟော်တူ၏ တပ်ဖွဲ့များက ဝန်းရံထားသည်။ ဟော်ချန်ယွင်က ဤအရာအားလုံးကို ကျေနပ်စွာ ကြည့်နေပြီး ချီးကျူးနေလေသည်။

“တာ့နင်က စစ်သည်တွေ၊ တာ့ကျင်းက စစ်သည်တွေနဲ့ ရှန့်ယန်မျိုးနွယ်ဟောင်းတွေ... ကောင်းတယ်... အရမ်းကောင်းတယ်”

‘တကယ်လို့ ဟော်တူသာ အနာဂတ်မှာ တာ့နင်တိုင်းပြည်နဲ့ တာ့ကျင်းတိုင်းပြည်ကို ပေါင်းစည်းနိုင်ခဲ့ရင် အားနည်းတဲ့ ဝူတိုင်းပြည်ကို ပထမဆုံး ဝါးမျိုနိုင်လိမ့်မယ်။ ပြီးရင် မော့ချမ်းနဲ့ ယိကျန်းမျိုးနွယ်စုတွေကို သိမ်းပိုက်ပြီး နောက်ဆုံး တာ့နင်နဲ့ တာ့ကျင်းကိုပါ အနိုင်ယူနိုင်လိမ့်မယ်။ အဲ့အချိန်ရောက်လာရင် တာ့ချီတိုင်းပြည်က ကမ္ဘာကြီးကို စိုးမိုးနိုင်လိမ့်မယ်’

'ဟော်တူ လျှောက်နေတဲ့လမ်းက ငါကိုယ်တော် စိတ်ကူးဖူးသမျှထဲမှာ အကောင်းဆုံးလမ်းပဲ။'

နောက်ဆုံးတွင် ဟော်ချန်ယွင်က သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။

“တစ်ယောက်ယောက် ဒီကို လာပြီး တော်ဝင်အမိန့်တော်ကို ကြေညာပါဦး”

အမိန့်တော် ထုတ်ပြန်သည့် မိန်းမစိုးက စစ်မှန်သော ဧကရာဇ်၏ တော်ဝင်အမိန့်တော်ကို အေးအေးဆေးဆေး ထုတ်ယူကာ စကားတစ်လုံးချင်းစီကို ကြေညာနေသည်။

“ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကြောင့် ဧကရာဇ်မင်းမြတ်က ဟော်တူထံသို့ ဤအမိန့်တော်ကို အပ်နှင်းလိုက်သည်။ ယခုအခါ ယခင်အိမ်ရှေ့စံအား အိမ်ရှေ့စံရာထူး ပြန်လည်အပ်နှင်းမည်ဖြစ်ပြီး တိုင်းပြည်၏ ဘုရင်အဖြစ် ကိုယ်စားဆောင်ရွက်စေရမည်။ အမိန့်တော်ကို ခံယူလော့”

ဟော်တူက ဒူးမထောက်ဘဲ ထိုအမိန့်တော်ကို လက်တစ်ဖက်တည်းဖြင့် လှမ်းယူလိုက်သည်။ ဟော်ချန်ယွင်ကလည်း သူ့ကို အပြစ်မတင်ဘဲ ကျေနပ်သည့်အပြုံးကိုသာ ပြသခဲ့သည်။

'အစကတည်းက သူ လိုချင်ခဲ့တာက သူရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် သားတစ်ယောက်ပဲ၊ အရည်အချင်း ရှိတဲ့သူပဲ ဒီရာထူးမှာ ရှိနေရမယ်... ဒီနေ့ သူ မျှော်လင့်နေတဲ့ လူကို တွေ့ရှိခဲ့ရပြီလေ’

အစပိုင်းတွင် ယခင်အိမ်ရှေ့စံက နန်းတွင်းပုန်ကန်မှုတစ်ခု ပြုလုပ်သည်ဟု လူတိုင်းက ထင်မြင်ယူဆခဲ့ကြသည်။ သို့သော် ယခုတွင်မူ ဤအရာအားလုံးက ဧကရာဇ်မင်းမြတ်၏ စမ်းသပ်မှုတစ်ခုသာ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် နန်းတွင်းသူနန်းတွင်းသားအားလုံး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ငေးကြည့်နေကြသည်။

'ဒါဆို တတိယမင်းသားကရော... သူ ဘယ်လိုဖြစ်သွားမှာလဲ။'

ဟော်ရှကတော့ တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

'ဒါတွေက အတုလား... ခမည်းတော်ဧကရာဇ်က ဘာတွေပြောနေတာလဲ။'

သူက တုန်ရီနေသော လက်များဖြင့် သူ့အနားတွင်ရှိနေသည့် တော်ဝင်အမိန့်ပြန်တမ်းကို ဖွင့်ကြည့်ကာ စကားလုံးတိုင်းကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။

‘ဟုတ်သားပဲ... ဒီတော်ဝင်အမိန့်ပြန်တမ်းမှာ ကျောက်စိမ်းတံဆိပ် မပါပါဘူး’

‘ဒါက လိမ်လည်မှုတစ်ခုဆိုတာ သိသာနေတာပဲ’

‘သူ့ခမည်းတော်က ဟော်တူ နန်းတက်နိုင်ဖို့အတွက် သူ့ကို အနင်းခံ ကျောက်တုံးတစ်ခုအဖြစ် အသုံးချလိုက်တာပဲ’

“ဖန်း”

ဟော်ရှက တော်ဝင်အမိန့်စာကို ဟော်ချန်ယွင်ထံသို့ အပြင်းအထန် ပစ်ပေါက်လိုက်ပြီး စိတ်ဓာတ်များ ပြိုလဲလုနီးပါးဟန်ပန်ဖြင့် အော်ဟစ်လိုက်သည်။

“ဘာလို့လဲ၊ ကျုပ်ကရော ခမည်းတော်ရဲ့ သား မဟုတ်ဘူးလား”

“တာ့ချီနိုင်ငံနဲ့ ခမည်းတော်အတွက်... ကျုပ်က ကတိတွေကိုတောင် ဖျက်ပြီး တာ့လီက လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာလေ။ အဲဒီအတွက် အလဲအလှယ်အနေနဲ့ ပြန်ရတာက ဒီအမိန့်တော်အတုလား”

ဟော်ရှ၏ မျက်ဝန်းများက သွေးအလိမ်းလိမ်း ထွက်တော့မတတ် နီရဲနေပြီး အော်ဟစ်နေသည်။

“ခမည်းတော်ဧကရာဇ်... ခမည်းတော်က တကယ်ကို မတရားဘူး”

“မဟုတ်ဘူး... ရှအာ။ ငါကိုယ်တော်က မင်းကို အခွင့်အရေး ပေးခဲ့တယ်”

ဟော်ချန်ယွင်က ကြမ်းပြင်ပေါ်တွင် ဒေါသတကြီး ပေါက်ကွဲနေသော သားဖြစ်သူကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

“ခမည်းတော်က အခုထိ ကျုပ်ကို လိမ်နေတုန်းပဲ”

ဟော်တူက ထိုသားအဖနှစ်ဦးကြားမှ အခြေအတင် ဖြစ်နေမှုများကို စိတ်မဝင်စားပေ။ သူက သူ့လက်ထဲရှိ စစ်မှန်သော ဧကရာဇ်အမိန့်စာကို ဟော်ရှထံသို့ ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်ပြီး လှမ်းပြောလိုက်သည်။

“မင်းက ထိုက်ဇီနေရာကို ဒီလောက်တောင် ကြိုက်နေရင်လည်း... ကဲ... မင်းကိုပဲ ပေးလိုက်မယ်”

“ဟော်တူ”

နောက်ဆုံးတွင် ဟော်ချန်ယွင်က ဒေါသထွက်လာကာ တားဆီးလိုက်သည်။

“မင်း လွန်လွန်ကဲကဲ မောက်မာမနေနဲ့”

ဟော်တူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဟော်ရှကို အပြင်သို့ အရင်ဆုံး ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည်။

“သုံး... နှစ်... တစ်...”

သူ၏ ရေတွက်သံအဆုံးတွင် ပလ္လင်ခန်းမအတွင်းရှိ ဝန်ကြီးများအားလုံး ကြမ်းပြင်ပေါ်သို့ အစီအရီ လဲကျကာ သတိလစ်သွားကြသည်။ ထိုအချိန်မှသာ ဟော်ချန်ယွင်လည်း အနည်းငယ် အထိတ်တလန့် ဖြစ်စပြုလာခဲ့သည်။

“မင်း... မင်း ဘာလုပ်ချင်တာလဲ၊ ထိုက်ဇီရာထူးနဲ့ ထီးနန်းကို မင်းကို ပေးအပ်ပြီးပြီလေ၊ နောက်ထပ် ဘာကို ထပ်ပြီး ကစားချင်နေသေးတာလဲ”

“ဟက်...”

ဟော်တူက ပေါ့ပေါ့ပါးပါး လှောင်ရယ်လိုက်ပြီးမှ ပြန်မေးလိုက်သည်။

“ခမည်းတော်ဧကရာဇ်က အရာအားလုံးကို ကောင်းကောင်းကြီး သိနေတာ မဟုတ်ဘူးလား၊ အခုတော့ ဒီသားတော် ဘာလုပ်ချင်တယ်ဆိုတာကို မသိတော့ဘူးပေါ့လေ”

“မင်းက... မင်းရဲ့ ဖခင်ဖြစ်တဲ့ ဧကရာဇ်ကို သတ်ချင်နေတာလား”

ဟော်တူ၏ အပြုံးများက ရုတ်ခြည်း ပျောက်ကွယ်သွားသည်။ သူက သူ့ရှေ့မှလူကို ရေခဲကဲ့သို့ အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

'ငါက ဘာလို့ ဒီလိုလူမျိုးရဲ့ သား ဖြစ်နေရတာလဲ။'

သို့သော် သူက ခဏအတွင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ခမည်းတော်ဧကရာဇ်... စိတ်မပူပါနဲ့၊ ဒီသားတော်က ဖခင်ကို ပြန်သတ်မယ့် လူမျိုးမဟုတ်ပါဘူး”

ဟော်တူက အသံကို နိမ့်လိုက်ပြီး ထပ်ပြောလိုက်ပြန်သည်။

“ဒီသားတော်က... ဒီတာ့ချီကိုပဲ ဖျက်ဆီးပစ်ချင်တာပါ”

ဟော်တူက ဟော်ချန်ယွင် အမြတ်နိုးဆုံးနှင့် အဂရုစိုက်ဆုံးအရာက ဘာလဲဆိုသည်ကို ကောင်းကောင်းကြီး သိနေခဲ့သည်။

ဟော်ချန်ယွင်၏ တစ်သက်တာ စိတ်ကူးအိပ်မက်က ကမ္ဘာကြီးကို ပေါင်းစည်းပြီး တာ့ချီတိုင်းပြည်၏ အောင်လံတော်ကို ကမ္ဘာ့အနှံ့အပြားတွင် စိုက်ထူနိုင်ရန်ဖြစ်သည်။

သို့သော် ဟော်တူကတော့ ထိုအိပ်မက်များကို အမှုန့်ခြေဖျက်ပစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူ့ကို သတ်လိုက်ခြင်းထက် သူအမြတ်နိုးဆုံး အိပ်မက်များကို ဖျက်ဆီးပစ်ခြင်းက သူ့ကို ပိုကြေကွဲစေမည် ဖြစ်သည်။

“မင်းက ငါ့ကို စိတ်ဆိုးနေတာလား... မင်းရဲ့ မယ်တော်ကြောင့်လား၊ ဒါမှမဟုတ်... ရှောင်ရှောင်းကြောင့်လား”

“ရှောင်ရှောင်းလို့ ခေါ်ဖို့ ခင်ဗျားမှာ ဘာအရည်အချင်း ရှိလို့လဲ”

ဟော်တူ၏ မျက်ဝန်းများက မှေးမှိန်သွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

“ဒီသားတော်က ခမည်းတော်ကို စိတ်မဆိုးပါဘူး။ ခမည်းတော်က တာ့လီကို သုတ်သင်ခဲ့တာ မဟုတ်ဘူးလား။ အဲဒီအတွက် ဒီသားတော်က တစ်ကမ္ဘာလုံးကို လျော်ကြေးအဖြစ် ပြန်ပေးဆပ်ရမှာပေါ့”

ဟော်ချန်ယွင်၏ နှလုံးသားက ထိတ်လန့်တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။

'ဟုတ်တယ်...ဒီအရာတွေ အားလုံးက မိန်းမတစ်ယောက်အတွက်ကြောင့်ပဲ’

“မင်း... မင်း ရူးနေပြီ”

သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဒီသားတော် ရူးနေတာကို ခမည်းတော်ဧကရာဇ်က အခုမှ သိတာလား”

“လောကကြီးကိုသာ အုပ်စိုးနိုင်မယ်ဆိုရင် မင်း မရနိုင်တဲ့ မိန်းမဆိုတာ ရှိမှာ မဟုတ်ဘူး၊ အဲဒီမိန်းမတစ်ယောက်တည်းအတွက်နဲ့ တိုင်းပြည်ကို စွန့်ပစ်ချင်တာလား”

ဟော်ချန်ယွင်က ရုတ်တရက် နောင်တကြီးစွာ ရနေလေသည်။

'ဟော်တူက အမျိုးသမီးတစ်ယောက်အပေါ် ဒီလောက်အထိ စွဲလမ်းပြီး ပိတ်မိနေမယ်ဆိုတာကိုသာ သူ ကြိုသိခဲ့ရင် သူ ဟော်ရှကိုပဲ တိုင်းပြည် အပ်နှင်းခဲ့မှာ သေချာတယ်’

‘ဟော်ရှက ကမ္ဘာကြီးကို ပေါင်းစည်းအောင် မလုပ်နိုင်ပေမယ့် အနည်းဆုံးတော့ သူ့တိုင်းပြည်ကို သူတပါးလက်ကို လွှဲပေးမှာ မဟုတ်ဘူး။’

‘ကံမကောင်းတာက အရာအားလုံး နောက်ကျသွားခဲ့ပြီ။’

ဟော်ချန်ယွမ်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။ ဟော်တူကတော့ ခေါင်းကို ပြန်လှည့်လိုက်ပြီး သူ့ကို ကြည့်ပင်မကြည့်တော့ပေ။ သူက ခမည်းတော်ဖြစ်သူနှင့် စကားပြောရန်ပင် ပျင်းရိနေပြီ ဖြစ်သည်။

ထိုအချိန်တွင် သူတို့နှင့် အရင်းနှီးဆုံးဖြစ်သော တာ့ကျင်းတိုင်းပြည်မှ စစ်သည်တစ်ဦးက အခွင့်အရေးကို မြင်လိုက်သည်။ သူက တာ့ချီတိုင်းပြည်၏ ဧကရာဇ်ကို သတ်ဖြတ်ခြင်းဖြင့် သူ၏သခင်ကို ကျေးဇူးဆပ်ရန် ပြင်ဆင်လိုက်သည်။ သူက လက်ချောင်းများကြားတွင် ဝှက်ထားသော လက်နက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ နောက်မှနေပြီး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်လိုက်သည်။

ထိုအချိန်မှာပင် မိန်းမစိုးဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးက ဓားမြှောင်တစ်စင်းဖြင့် ရုတ်တရက် ပြေးထွက်လာပြီး ဟော်ချန်ယွင်ကို တည့်တည့်ချိန်ရွယ်ကာ ထိုးစိုက်လိုက်သည်။ မိန်းမစိုးဦးထုပ်အောက်မှ ပေါ်ထွက်လာသော မျက်နှာကတော့ ဧကရီ လင်းဝမ်နင် ဖြစ်သည်။

လင်းဝမ်နင်က ယနေ့တွင် တစ်စုံတစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေသဖြင့် ပလ္လင်ခန်းမ အပြင်ဘက်တွင် ရပ်ကာ အခြေအနေကို နားစွင့်နေခဲ့ခြင်းဖြစ်သည်။ ဟော်ချန်ယွင်က ဤမျှအထိ အကြင်နာမဲ့သူ ဖြစ်လိမ့်မည်ဟုတော့ သူမ မထင်ထားခဲ့ပေ။

'ရှအာ... သူက ငါ့ရဲ့ ရှအာကို ဘယ်လိုများ သဘောထားနေတာလဲ။'

'သူ့မှာ နှလုံးသား မရှိမှတော့... ငါ မတရားတာတွေ လုပ်ခဲ့တယ်ဆိုတာကိုလည်း သူ အပြစ်မတင်နဲ့တော့ပေါ့။ ဘာပဲဖြစ်ဖြစ် ငါတို့မှာလည်း ဆုံးရှုံးစရာ ဘာမှမကျန်တော့ဘူး။'

ဓားဦးက သူ့ခန္ဓာကိုယ်ကို ထိရုံသာ ရှိသေးသော်လည်း ဟော်ချန်ယွင်က အမြန်ရှောင်လိုက်သဖြင့် ဧကရာဇ်ဝတ်ရုံ၏ အနားသတ်တစ်ခုသာ ပြတ်တောက်သွားစေသည်။ သူက ထိုသူ၏ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်စဉ် ရင်းနှီးနေကျ ရနံ့ကို ရှူရှိုက်မိသွားသည်။ သူက ထိုလူကို အနီးကပ် စိုက်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

“ဧကရီ... မင်းလား”

“ဟော်ချန်ယွင်... ရှင်က တကယ်ကို အကြင်နာမဲ့တဲ့ လူယုတ်မာပဲ”

ဟော်ချန်ယွင်က သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲထားသော်လည်း လင်းဝမ်နင်ကတော့ သူ့ကို ထိုးသတ်နိုင်ရန် အစွမ်းကုန် ရုန်းကန်နေဆဲဖြစ်သည်။ ဟော်တူက ဤမြင်ကွင်းကို ဘေးမှနေ၍ အေးစက်စွာ စောင့်ကြည့်နေသည်။ သူက မလှုပ်မယှက် ရပ်နေရုံတင်မက လင်းဝမ်နင်ကို တားဆီးရန် မည်သူ့ကိုမျှ ရှေ့သို့ တိုးမလာစေခဲ့ပေ။

'ဒီလူက သူ့ဘဝမှာ တစ်စုံတစ်ယောက်အပေါ် တကယ်ပဲ ခံစားချက် ရှိခဲ့ဖူးလားဆိုတာ ငါ မြင်ချင်သေးတယ်...'

နောက်ဆုံးတွင် ဟော်ချန်ယွင်က ဒေါသထွက်သွားပြီး လင်းဝမ်နင်၏ လက်ကောက်ဝတ်ကို အတင်းအကျပ်ညှစ်ကာ သူမလက်ထဲမှ ဓားမြှောင်ကို လုယူလိုက်သည်။ သို့သော် မမျှော်လင့်ထားဘဲ လင်းဝမ်နင်က ရုတ်တရက် ရှေ့သို့ ခုန်ဝင်လိုက်ပြီး သူမ၏ ရင်ဘတ်ကို ဓားဖျားဆီသို့ အားကုန်တိုးဝင်လိုက်သည်။ ထက်ရှသော ဓားဦးက အသားထဲသို့ တိုးဝင်သွားပြီး သွေးများ ချက်ချင်း ပန်းထွက်လာသည်။

တစ်ချိန်တည်းမှာပင် ဟော်ချန်ယွင်လည်း ပါးစပ်မှ သွေးများ အန်ထွက်လာတော့သည်။

“ဟား... ဟား...”

လင်းဝမ်နင်က အရူးအမူး ရယ်မောရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ထုံရှင်းကူကောင်... အရှင်မင်းမြတ်အတွက် ဒီအဆိပ်ကို ကျွန်မ ပျိုးထောင်ထားတာ ကြာလှပြီ၊ ရှင် ကျွန်မနဲ့အတူ အသက်ရှင်ပြီး အတူတူ သေရမယ်... ဟား ဟား”

(T/N: ထုံရှင်းကူကောင်ဆိုတာကလေ သိပ်မသေချာပေမယ့် အမသေရေ အဖိုပါလိုက်သေတဲ့ ကူအဆိပ်ကောင်လို့တော့ ထင်တာပဲ၊ အဲ့တာကို လူနှစ်ယောက်ဆီမှာ ခပ်ထားရင် အမကိုယ်လက်ခံထားတဲ့သူသေရင် အဖိုကောင် ရှိနေတဲ့ သူပါ သေတယ်တဲ့)

ခဏအကြာတွင် လင်းဝမ်နင် အသက်ရှူရပ်သွားသည်။ ဟော်ချန်ယွင်က နောက်ဆုံးထွက်သက်ကို အသုံးပြုကာ ဟော်တူ၏ ဘောင်းဘီစကို ဆွဲယူရန် ကြိုးစားရင်း ကြမ်းပြင်ပေါ်သို့ ခွေခေါက်လဲကျသွားသည်။

“တူအာ... စိတ်မဆိုးပါနဲ့... တာ... တာ့ချီကို မင်းနဲ့ ထားခဲ့မယ်...”

ဟော်တူက ဒူးထောက်ထိုင်ချလိုက်ပြီး သေဆုံးသွားသော လူကို စိုက်ကြည့်နေမိသည်။ သူ၏ မျက်ဝန်းများထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်သည်။

'ဘယ်လောက်တောင် ရယ်စရာကောင်းပြီး ဝမ်းနည်းစရာ ကောင်းလိုက်သလဲ... သူ ကွယ်လွန်သွားတဲ့အချိန်အထိ သူ ဘာမှားခဲ့သလဲဆိုတာကို လုံးဝ မသိသွားခဲ့ဘူးပဲ'

“လာကြစမ်း... ဒီနန်းတွင်းအရာရှိတွေကို သူတို့ရဲ့ အိမ်တော်တွေဆီ ပြန်ပို့ပေးလိုက်”

ခဏအကြာတွင် ကြီးမားကျယ်ဝန်းလှသော ပလ္လင်ခန်းမကြီးထဲ၌ ဟော်တူနှင့် အလောင်းနှစ်လောင်းသာ ကျန်ရှိတော့သည်။ သွေးနံ့နှင့် ယမ်းနံ့များ ရောထွေးနေသော လေထုက ဟင်းလင်းပြင်ထဲသို့ ပျံ့လွင့်စိမ့်ဝင်နေသည်။ ဟော်တူက ကြမ်းပြင်ပေါ်ရှိ လူများကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်လိုက်သည်။

'နောက်ဘဝဆိုတာ ရှိခဲ့ရင်တောင်... ဒီလူတွေနဲ့ ငါ ဘာပတ်သက်မှုမှ မရှိသင့်တော့ဘူး။'

ထို့နောက် သူက တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အပြင်ဘက်ရှိ တောက်ပသော နေရောင်ခြည်ကို ငေးကြည့်ရင်း တစ်စုံတစ်ခုကို တွေးကာ နှုတ်ခမ်းအစုံကို ကွေးညွတ်အောင် ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူက သူ့အင်္ကျီလက်ဝမှ မီးစာတံကို ထုတ်ယူလိုက်သည်။ ဤနေရာက အချိန်တိုအတွင်း ပြာအဖြစ်သို့ ပြောင်းလဲပျက်စီးသွားတော့မည် ဖြစ်သည်။

'အညစ်အကြေးတွေအားလုံးကို... ငါကပဲ သူမအတွက် ရှင်းလင်းပေးခဲ့မယ်'

ဟော်တူက တာ့ချီတိုင်းပြည်ကို 'လဲ့ယု' လက်သို့ လွှဲပြောင်းပေးရန် အစီအစဉ်များလည်း ပြုလုပ်ထားပြီးဖြစ်သည်။ သူမကို ကူညီရန်အတွက် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကိုပါ စနစ်တကျ စီစဉ်ပေးခဲ့သည်။

'ငါ့ရဲ့ မြေခွေးလေးက ဉာဏ်ကောင်းလွန်းတယ်လေ၊ ဒါတွေက သူမအတွက် ခက်ခဲမှာ မဟုတ်ပါဘူး။'

ဤသည်က လဲ့ကျစ်အတွက် ဟော်တူ ပေးအပ်ခဲ့သည့် နောက်ဆုံးလက်ဆောင် ဖြစ်သည်။ ယခုမှစ၍ သူမ၏ ကမ္ဘာကြီးက သန့်ရှင်းတောက်ပနေပေလိမ့်မည်။

ဟော်တူ မီးစာတံကို ကိုင်ကာ လက်ကို မြှောက်လိုက်ပြီး မီးစတင်ရှို့ရန် ပြင်လိုက်စဉ်....

“ဟော်တူ.... ကျွန်မအတွက် ထွက်လာပေးပါ”

ရင်းနှီးနေကျ အသံတစ်ခုက ကျယ်လောင်အက်ရှစွာ ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် မကြုံစဖူးသော ဒေါသများအပြင် ငိုသံများပါ ရောယှက်နေလေသည်။

.......။.......။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟင့်အင်း... တစ်ယောက်ယောက်ရဲ့ခြေထောက် ကျိုးသွားလိမ့်မယ်။

အခန်း ၉၄ ကတိပေးတယ်

အတန်ကြာသည်အထိ ဟော်တူ ဝေခွဲမရ ဖြစ်နေဆဲပင်။ သူမ သူ့ရှေ့တွင် တကယ်ရှိနေသည်လား သို့မဟုတ် သူ၏ စိတ်အာရုံ လှည့်စားမှု ဖြစ်နေသည်လားကို သူ မသေချာသေးပေ။

သို့သော် မကြာခင်မှာပင် သူ သေချာသွားခဲ့သည်။ သူ့လက်ထဲမှ မီးစာတံ ရုတ်တရက် ဆွဲယူခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။ သူမ၏ လက်ချောင်းထိပ်လေးများက သူ့ကို ခပ်ဖွဖွသာ ထိမိသွားသော်လည်း ဟော်တူကတော့ ထိုလက်ချောင်းလေးများဆီမှ အေးစက်မှုကို ခံစားလိုက်ရသည်။ သူမ၏လက်က နှင်းခဲကဲ့သို့ အေးစက်နေပြီး နွေးထွေးမှု အရိပ်အယောင်လေးပင် မရှိချေ။

လဲ့ကျစ်က မီးစာတံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော်လည်း သူမ၏ ညာလက်ကတော့ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခဲ့သည်။

ယမ်းနံ့များ၊ မီးစာတံ၊ ထို့အပြင် ဟော်တူက အဝေးသို့ နှင်လွှတ်ထားသည့် စစ်သည်များ...

'တကယ်လို့ ငါသာ နောက်ထပ် နည်းနည်း‌လောက် နောက်ကျပြီးမှ ဒီနေရာကို ရောက်လာခဲ့ရင်... ဒီပလ္လင်နန်းဆောင်နဲ့ သူ..... '

ထိုအတွေးကြောင့် လဲ့ကျစ်၏ နှလုံးသားက နာကျင်လွန်းလှသဖြင့် ဘာကိုမျှ ဆက်မတွေးနိုင်လောက်အောင် ဖြစ်သွားရသည်။

သူမ အမုန်းဆုံး ရန်သူ၏ အလောင်းက မနီးမဝေး ကြမ်းပြင်ပေါ်တွင် လဲကျနေသော်လည်း လဲ့ကျစ် လုံးဝ မပျော်နိုင်တော့ပေ။ ကြီးစွာသော အမုန်းတရားအတွက် လက်စားချေနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဝမ်းမြောက်မှုက ဖြတ်ထုတ်ခံလိုက်ရသော နှလုံးသား၏ အစိတ်အပိုင်းတစ်ခုအတွက် အစားထိုး မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။

လဲ့ကျစ်က မီးစာတံကို ရှေ့သို့ မြှောက်လိုက်ပြီး ဟော်တူ၏ မျက်လုံးများကို စိုက်ကြည့်ကာ အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။

“ရှင်က အရာရာကို သေချာတွေးထားပြီးပြီပေါ့”

ဟော်တူက သူ့နှလုံးသားကို ရုတ်တရက် ဓားဖြင့် ထိုးဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး မြေခွေးမျက်လုံးလေးများလည်း နီရဲနေသည်။ သို့သော် သူမက မျက်ရည်မကျအောင် အစွမ်းကုန် ထိန်းထားဆဲပင်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်...

ဟော်တူ ပြန်မဖြေမီမှာပင် လဲ့ကျစ်က ရုတ်တရက် ရယ်မောလိုက်သည်။

“ကောင်းပြီ”

ထိုစကားလုံးနှစ်လုံးက ဟော်တူ၏ နားထဲသို့ ရှင်းရှင်းလင်းလင်း လွင့်ပျံဝင်ရောက်သွားသည်။ သူ့ရှေ့တွင် ရှိနေသော သူမ၏ မျက်နှာထက်၌ တိတ်ဆိတ်မှုနှင့်အတူ စိတ်ပျက်အားငယ်နေသော အပြုံးတစ်ခု ရှိနေသည်။

ဟော်တူတစ်ယောက် နားမလည်နိုင်လောက်အောင် တုန်လှုပ်သွားကာ လဲ့ကျစ်၏ လက်ကို ဆုပ်ကိုင်ရန် ရှေ့သို့ တစ်လှမ်းတိုးလိုက်မိသည်။

သို့သော် သူမက ကြိုတင်သိထားသည့်အလား နောက်သို့ ဆုတ်သွားခဲ့သည်။ ထို့နောက် သူမက မီးစာတံ၏ အဖုံးကို ပြတ်ပြတ်သားသား ဖွင့်လိုက်သည်။ လေထဲတွင် ကခုန်လာသော မီးတောက်များက ဟော်တူ၏ မျက်လုံးများကို ချက်ချင်း လောင်ကျွမ်းသွားစေသည်။

“လဲ့ကျစ်”

ထိုအခိုက်အတန့်...

သူမက မီးစာတံကို ပစ်ချလိုက်သည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် ကြောက်ရွံ့မှုများက ဟော်တူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သူက သူမ၏လက်ကို ရုတ်တရက် ဆွဲယူလိုက်ပြီး မီးစာတံကို အလျင်အမြန် လုယူကာ အစွမ်းကုန် ပစ်ထုတ်လိုက်သည်။

အပြင်ဘက်တွင် နေ့တစ်ဝက်ခန့် နှင်းများ ကျနေခဲ့ခြင်းကြောင့် မြေပြင်ပေါ်၌ နှင်းဖြူများ အထပ်လိုက် စုပုံနေသည်။

မီးစာတံက နှင်းပုံပေါ်သို့ ပြုတ်ကျသွားပြီး တောက်လောင်နေသော မီးတောက်ကလေးလည်း ချက်ချင်း ငြိမ်းသွားသည်။ မကြာမီမှာပင် ကျဆင်းနေသော နှင်းဖြူများက ထိုမီးစာတံလေးကို ဖုံးလွှမ်းသွားသည်။

“သေသေချာချာကို တွေးထားပြီးပြီပေါ့... ဟုတ်လား”

လဲ့ကျစ်က ဟော်တူ၏ စိုးရိမ်ပူပန်မှုကြောင့် နီမြန်းနေသော မျက်ဝန်းများကို စိုက်ကြည့်ကာ စကားလုံးတစ်လုံးချင်းစီကို ဖိပြောနေသည်။

'ရှင်က သေချင်နေတာ မဟုတ်ဘူးလား။'

'ရှင်က ကျွန်မကို ထားခဲ့ဖို့ ကြံစည်နေတာ မဟုတ်ဘူးလား။'

'အခုမှ ဘာကို ကြောက်နေတာလဲ။'

နှစ်ဦးသား မျက်လုံးချင်း ဆုံလိုက်ကြလိုက်ရချိန်တွင် နှစ်ယောက်လုံး၏ ရင်ထဲမှ နာကျင်မှုများက ရှောင်လွှဲ၍မရဘဲ တစ်ဖက်သား၏ မျက်ဝန်းများထဲသို့ အပြန်အလှန် စိမ့်ဝင်သွားကြသည်။ လဲ့ကျစ် မျက်လွှာချလိုက်ချိန်တွင် ဟော်တူ၏ လက်ဖမိုးပေါ်သို့ သူမ၏ မျက်ရည်များ တစ်စက်ချင်း တလိမ့်လိမ့် ကျဆင်းလာသည်။

ယခုအချိန်တွင် သူက သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း ခဏအတွင်းမှာပင် သူ သူမ၏ မျက်စိရှေ့မှ ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဟု လဲ့ကျစ် ခံစားနေရဆဲပင်။ သူမ၏ တိုင်းပြည်ကို ဆုံးရှုံးခဲ့ရသည့်နေ့က ခံစားခဲ့ရသော နာကျင်မှုမျိုးက သူမဆီသို့ တဖန် ရောက်ရှိလာပြန်သည်။ နောက်ဆုံးတွင် သူမက ကျန်ရစ်ခဲ့ရသူတစ်ဦးသာ ဖြစ်နေမြဲပင်။ ဆွေမျိုးသားချင်းများက သူမကို စွန့်ပစ်ခဲ့ကြသလို ယခုလည်း သူက သူမကို တစ်ဦးတည်း ချန်ထားရစ်ခဲ့ရန် ကြိုးစားနေပြန်သည်။

“မငိုပါနဲ့တော့...”

သူမ၏ မျက်ရည်စက်များက သူ၏လက်ကိုသာမက သူ၏နှလုံးသားကိုပါ အပေါက်ကြီးတစ်ခု ဖြစ်သွားစေလောက်အောင် လောင်ကျွမ်းစေသည်။ ဟော်တူက သူမ၏ မျက်နှာလေးကို ကူကယ်ရာမဲ့ မော့စေလိုက်ပြီး သူမ၏ပါးပြင်ပေါ်မှ မျက်ရည်များကို သူ့လက်ချောင်းလေးများဖြင့် အသာအယာ သုတ်ပေးလိုက်သည်။

သို့သော် လဲ့ကျစ်က သူ့ကို အဝေးသို့ တွန်းထုတ်လိုက်သည်။ သူမ၏ မျက်ဝန်းများက မျက်ရည်များကြောင့် မှုန်မှိုင်းနေသော်လည်း ထိုမက်မွန်ပွင့်ပုံ မျက်လုံးအစုံထဲမှ နာကျင်မှု မြူခိုးများကိုတော့ ထင်ထင်ရှားရှား မြင်နေရဆဲပင်။

“ဟော်တူ... ရှင် ဘာမှမသိဘူး”

ထိုသို့ ပြောပြီးနောက် လဲ့ကျစ်က ပြတ်ပြတ်သားသား ကျောခိုင်းလှည့်ထွက်သွားသည်။ သူမက ပလ္လင်တော်နန်းဆောင်ကြီးအတွင်းမှ ထွက်လာခဲ့ပြီး အဆက်မပြတ် ကျဆင်းနေသော နှင်းပွင့်များနှင့် အေးစက်လှသော ရေခဲပြင်ထဲသို့ တိုးဝင်သွားသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်လွန်းလှသဖြင့် နှင်းပွင့်ကလေးများ မြေပေါ်သို့ သက်ဆင်းသံကိုပင် ကြားနေရသည်။ လဲ့ကျစ်က နှင်းများအထပ်လိုက်ရှိသော မြေပြင်ပေါ်သို့ အားနည်းသော ခြေလှမ်းများဖြင့် နင်းကာ နန်းတော်လမ်းတစ်လျှောက် ဦးတည်ရာမဲ့ လျှောက်လှမ်းနေသည်။

သူမ၏နောက်မှ ခြေသံများက သူမ၏ ခြေလှမ်းစည်းချက်အတိုင်း လိုက်ပါလာနေသည်။ တစ်ခါတစ်ရံ မြန်လာလိုက်၊ တစ်ခါတစ်ရံ နှေးသွားလိုက် ဖြစ်နေသည်။

သူ သူမနောက်သို့ သေချာပေါက် လိုက်လာလိမ့်မည်ကိုလည်း လဲ့ကျစ် သိနေခဲ့သည်။

နှင်းများမှာ ပို၍ ပို၍ သိပ်သည်းလာသည်။ တော်ဝင်ဥယျာဉ်ထဲသို့ ရောက်သွားချိန်တွင်တော့ လဲ့ကျစ်တစ်ယောက် အားအင်ကုန်ခန်းလုနီးပါး ဖြစ်နေချေပြီ။ လမ်းဘေးရှိ ကျောက်တုံးခုံတန်းလျားတစ်ခုပေါ်တွင် နှင်းအလွှာများ ထူထပ်စွာ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရချိန်တွင် သူမက ပြုံးလိုက်ပြီး ထိုခုံပေါ်သို့ တိုက်ရိုက် ထိုင်ချလိုက်သည်။

ဟော်တူကတော့ ထိတ်လန့်သွားပြီး သူမ၏ရှေ့သို့ အလျင်အမြန် ပြေးသွားကာ သူ့ကိုယ်ပေါ်ရှိ အပေါ်ရုံအင်္ကျီကို ချွတ်လိုက်သည်။ ထို့နောက် သူမ၏ ပါးလွှာသော ခန္ဓာကိုယ်လေးကို ထိုအင်္ကျီဖြင့် နွေးထွေးစွာ ရစ်ပတ်ပေးလိုက်သည်။ သူက သူမ၏ရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး အေးစက်နေသော သူမ၏လက်ကလေးများကို ဆုပ်ကိုင်လိုက်သည်။

ဟော်တူက သူမ၏ သွေးရောင်လွှမ်းနေသော ပါးပြင်လေးများကို နာကျင်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း တိုးညင်းစွာ ပြောလိုက်သည်။

“စိတ်မဆိုးပါနဲ့တော့... အိမ်တော်ကို အရင်ပြန်ကြမယ်လေ”

လဲ့ကျစ်က သူ့မျက်နှာကို အသာအယာ ပွတ်သပ်ရန် လက်ကို မြှောက်လိုက်သော်လည်း အပြုံးဖြင့် ခေါင်းခါပြလိုက်သည်။

'မဟုတ်ဘူး... ဒါက ငါ ကြားချင်တဲ့ စကားမျိုး မဟုတ်သေးဘူး။'

အေးစက်လှသော ဆောင်းလေပြင်းများက တိုက်ခတ်နေသော်လည်း ဟော်တူ၏ နှလုံးသားထဲတွင် မီးတောက်များ လောင်မြိုက်နေသလို ခံစားနေရသည်။ သူက ရေခဲပြင်နှင့် မီးတောက်ကြားတွင် ပိတ်မိနေသည့်အလား အသက်ရှူပင် ကျပ်နေရှာသည်။

သူမကို အိမ်တော်သို့ အတင်းအကျပ် ပြန်ခေါ်သွားနိုင်သည်ကို သူ သိနေသော်လည်း သူမ စိတ်မပျော်ပါက သူမကိုယ်သူမ ညှဉ်းဆဲရန် နည်းလမ်းပေါင်းစုံ ရှာဖွေနေဦးမည်ကိုလည်း သူ ကောင်းကောင်းကြီး နားလည်ထားသည်။ လဲ့ကျစ်နှင့် ပတ်သက်လာလျှင် သူ မည်သို့မျှ မတတ်နိုင်ခဲ့ကြောင်း ဝန်ခံရပေလိမ့်မည်။

သူမ၏ ပခုံးနှင့် ဆံပင်များပေါ်သို့ နှင်းများ ကျဆင်းလာသည်ကို မြင်လိုက်ရချိန်တွင် ဟော်တူထဲ၌ ရွေးချယ်စရာ မရှိတော့ပေ။ သူ ထရပ်လိုက်ပြီး သူမကိုယ်ပေါ်မှ နှင်းများကို အသာအယာ သုတ်ဖယ်ပေးလိုက်သည်။ ထို့နောက် သူမကို နှင်းဒဏ်မှ ကာကွယ်ပေးရန် သူမ၏ အထက်တွင် လက်ကို မြှောက်ပြီး အကာအကွယ် လုပ်ပေးထားမိသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ကာ လဲ့ကျစ် နန်းတော်ထဲသို့ စတင်ဝင်ရောက်လာချိန်က နေသာသော မွန်းတည့်ချိန် ဖြစ်နေသော်လည်း ယခုအခါ ကောင်းကင်ကြီးလည်း မှောင်ရိပ်သန်းလာချေပြီ။

အန်းရွှယ်က သခင်နှစ်ယောက်ကို ဤအခြေအနေဖြင့် တွေ့လိုက်ရပြီး ထိတ်လန့်လွန်းသဖြင့် မူးလဲမတတ်ပင် ဖြစ်သွားရသည်။

'သူတို့... သူတို့တွေက ကိုယ့်အသက်ကိုကိုယ် တကယ်ပဲ မနှမြောကြတော့ဘူးလား။'

သူ ထီးကို အလျင်အမြန် ဆွဲယူကာ သူတို့ရှိရာသို့ ပြေးသွားလိုက်သော်လည်း မောင်းထုတ်ခံလိုက်ရသည်။

“ပြန်သွားစမ်း”

ဟော်တူ၏ အေးစက်လှသော ငြင်းဆန်သံကြောင့် အန်းရွှယ် စိုးရိမ်တကြီး မျက်မှောင်ကြုတ်မိသော်လည်း နောက်သို့ ပြန်ဆုတ်သွားရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ပေ။

လဲ့ကျစ်က မှုန်မှိုင်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သူမ၏ စိတ်ထဲတွင် တစ်ခုခုကို ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ သူမက ဒေါသသံ ရောယှက်နေသော အသံဖြင့် မေးလိုက်သည်။

“ဟော်တူ... နာလား”

“နာတယ်...”

ဟော်တူက သူမ မေးသည့် အဓိပ္ပာယ်ကို နားလည်နိုင်သည်။

‘သူမက သူ့နှလုံးသားကို မညှာမတာ ဓားနဲ့ထိုးလိုက်တာလေ၊ သူ ဘယ်လိုမှ မနာကျင်ဘဲ နေမလဲ။’

လဲ့ကျစ်က ကျေနပ်သွားဟန်ဖြင့် သူမ၏နှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်သည်။ သူမ၏ မျက်ဝန်းများကလည်း နီရဲလာပြန်သည်။

‘နာကျင်စေတာက အမှန်ပဲလေ...’

“ဒီနေ့ အိပ်ရာနိုးတဲ့ အချိန်ကနေ နန်းတော်မှာ ရှင့်ကို တွေ့ရတဲ့ အချိန်အထိ ကျွန်မလည်း အရမ်း နာကျင်ခဲ့ရတာ”

'ဒါက ဟော်တူအတွက် တရားမျှတတဲ့ အဖိုးအခပဲ မဟုတ်လား။'

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်တူက သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်ပြီး သူမ၏ စကားလုံးများကို ထပ်ခါတလဲလဲ တွေးတောနေမိသည်။

ဤသည်က သူမ သူ့ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ရိုးသားစွာ ရင်ဖွင့်လာခြင်း ဖြစ်သည်။

‘သူသာ မရှိတော့ရင် သူမ ဘယ်လောက်အထိ နာကျင်ရမယ်ဆိုတာကို သူ သိသွားပါပြီ’

ဟော်တူက သူ့မျက်လုံးများကို ပြန်ဖွင့်ကာ လဲ့ကျစ်၏ ဆံပင်အဖျားလေးများကို ကြည့်နေပြီး သူ့မျက်ဝန်းအိမ်များတွင်လည်း နီရဲလာသည်။ ရင်ဘတ်ထဲတွင် တစ်စုံတစ်ခု ပြည့်လျှံလာသကဲ့သို့ ခံစားလိုက်ရပြီးနောက် ဟော်တူက လဲ့ကျစ်ကို ရုတ်တရက် ပွေ့ချီလိုက်သည်။ သူက အားနည်းနေသော သူမ၏ ခန္ဓာကိုယ်လေးကို ထောက်မပေးထားရင်း သူမ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။

“ဒါတွေကို မင်း ကိုယ့်ကို တစ်ခါမှ မပြောခဲ့ဖူးဘူးလေ”

‘အရင်တုန်းကတော့ သူက အချစ်ကို နားမလည်သလို အချစ်ကိုလည်း မယုံခဲ့ဘူး။ သူလိုလူတစ်ယောက်က တစ်စုံတစ်ယောက်ကို ဘယ်လိုမှ ချစ်မိသွားမှာ မဟုတ်ဘူးလို့ သူ ထင်ခဲ့မိတယ်။

တောက်ပတဲ့လမင်းလေးလို သူ့အိပ်မက်ထဲကို တိုးဝင်လာတဲ့ သူမကို မတွေ့သေးခင် အချိန်အထိပေါ့။

သူတို့ကြားထဲမှာ မဖျက်ဆီးနိုင်တဲ့ အမုန်းတရားတွေ ရှိနေခဲ့ရင်တောင် သူ သူမကိုတော့ လက်မလွှတ်ချင်ဘူး။ ဒီဘဝမှာ တစ်ခုတည်းသော ဆန္ဒလေးကို သူ ဘယ်လို လွယ်လွယ်နဲ့ လက်လွတ်နိုင်မှာလဲ။

ပြီးတော့ သူမရဲ့ နှလုံးသားက သူ့ဆီကို တဖြည်းဖြည်း နီးကပ်လာတာကိုလည်း သူ ခံစားခဲ့ရတယ်လေ’

‘ဒါပေမယ့် သူမ တစ်ခါမှ ထုတ်မပြောခဲ့ဖူးလေ။ တစ်ကြိမ်တစ်ခါလေးတောင်မှပေါ့။ သူမ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းနေပါစေ... သူကတော့ အဲ့ဒါတွေကို ဂရုစိုက်ပြီး သူလည်း အရမ်းဂရုစိုက်ခံချင်တာကို ဝန်ခံနိုင်တယ်။ သူမကို ချစ်မိသလောက် လောဘကလည်း များပြားလာခဲ့တာပေါ့။

ခံစားချက်တွေနဲ့ပဲ မလုံလောက်တော့ဘူး၊ သူမ ပြောတာကိုလည်း ကြားချင်ခဲ့တယ်။

တောင်တခြင်းကနေ....ကြောက်ရွံခြင်းတွေ အထိ....အကုန်လုံး....’

လဲ့ကျစ်က သူ၏ မျက်ဝန်းများထဲမှ ချစ်ခြင်းမေတ္တာနှင့် နာကျင်မှုတို့ကို မြင်လိုက်ရပြီး သူမ၏နှာသီးဖျားလေး ရုတ်တရက် ချဉ်တက်လာပြီး မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာပြန်သည်။

‘သူ လိုချင်တဲ့ အဖြေကို သူမ ပေးလိုက်နိုင်ပြီ။ တကယ်တော့ အရာအားလုံးက ရိုးရှင်းပါတယ်။’

သူမက လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး သူ၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ ထို့နောက် အေးစက်နေသော သူမ၏ နှုတ်ခမ်းလွှာကို သူ၏ နားရွက်ဆီသို့ တိုးကပ်ကာ တိုးတိုးလေး ရင်ဖွင့်လိုက်သည်။

“လဲ့ကျစ်က ဟော်တူကို ချစ်တယ်... ကျွန်မ ရှင့်ကို အရမ်း အရမ်းချစ်တယ်...”

သူမ၏ မျက်ရည်စက်များက ဟော်တူ၏ လည်ပင်းပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။

“ကျွန်မ ရှင့်ကို ချစ်လွန်းလို့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး”

လဲ့ကျစ်အနေဖြင့် ယခင်တုန်းက သူမ သူ့ကို ချစ်နေမိပြီဟု သိလိုက်ရချိန်တွင် ထိုအမှန်တရားကို ငြင်းဆန်ခဲ့ဖူးသည်။ ဤအချစ်ကို ဖုံးကွယ်ရန်၊ နောက်ဆုတ်ရန် သို့မဟုတ် လျစ်လျူရှုရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း အဆုံးတွင် မဖြစ်နိုင်ခဲ့ပေ။

မဖြစ်သင့်မှန်း သိနေပါလျက်... မချစ်ဘဲ မနေနိုင်သည်ကို သိနေပါလျက်... သူ၏အပေါ်တွင် လေးလေးနက်နက် ခံစားနေမိဆဲပင်။

လဲ့ကျစ် ရုတ်တရက် တစ်စုံတစ်ခုကို ရိပ်မိလာခဲ့သည်။ သူမ မသိလိုက်ခင်မှာပင် ဟော်တူက သူမ နှလုံးသား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ချေပြီ။ သူသာ မရှိလျှင် သူမ၏ နှလုံးသားလည်း ပြည့်စုံတော့မည် မဟုတ်ပေ။

'နှလုံးသား မပြည့်စုံတဲ့ လူတစ်ယောက်က အသက်ရှင်နိုင်ပါ့မလား'

လဲ့ကျစ်ကတော့ မဖြစ်နိုင်ဟုသာ တွေးလိုက်မိသည်။

သူမ၏ ခါးကို ဖက်ထားသော လက်များက ပိုပိုတင်းကျပ်လာသည်။ ဟော်တူက စကားတစ်လုံးမျှ မဆိုသော်လည်း သူ၏ ခန္ဓာကိုယ် တုန်ယင်နေမှုကို လဲ့ကျစ် ခံစားနေရသည်။ သူမ၏ လည်ပင်းနားတွင်လည်း သူ၏ နွေးထွေးသော အသက်ရှူသံများကို ခံစားနေရဆဲပင်။

“ဟော်တူ... ရှင် ကြောက်လား”

လဲ့ကျစ်က တိုးတိုးလေး ဆက်ပြောလိုက်သည်။

“ဒီနေ့သာ ရှင် သေဆုံးသွားခဲ့ပြီး... ဒီနေရာမှာ ကျွန်မတစ်ယောက်တည်း အေးခဲနေတာကို မြင်နေရရင်... ရှင် ကျွန်မကို ပွေ့ဖက်ပေးနိုင်မှာ မဟုတ်တော့ဘူး၊ အဲဒီအခါကျရင် ရှင် နောင်တရမှာလား။ ကျွန်မ အေးခဲပြီး သေသွားခဲ့ရင်....”

“ပါးစပ်ပိတ်ထား”

ဟော်တူ၏ အသံက အက်ရှနေပြီး သူမကိုယ်သူမ ကျိန်ဆဲနေသလို ဖြစ်နေသော စကားလုံးများကို ပြတ်ပြတ်သားသား တားဆီးလိုက်သည်။

သို့သော်လည်း သူ သူမကို တားဆီးရန် မလိုအပ်တော့ချေ။ လဲ့ကျစ်၏ ခန္ဓာကိုယ်လေးက ပြင်းထန်လှသော အအေးဒဏ်ကို ဆက်တောင့်မခံနိုင်တော့ဘဲ သူ့စကားပင် မဆုံးသေးခင် သူမက သူ့ပုခုံးပေါ်သို့ မှီကျလာကာ သတိလစ်သွားပြီ ဖြစ်သည်။

.......။.......။......

ဟော်တူက လဲ့ကျစ်ကို အရှေ့နန်းတော်သို့ ပြန်ခေါ်ဆောင်လာခဲ့သည်။ ညရောက်ချိန်တွင် လဲ့ကျစ် ကိုယ်အပူရှိန်များ တက်လာပြီး အဖျားပြင်းတော့သည်။

ဟော်တူက ရေနွေးအိုးများကို အိပ်ခန်းထဲသို့ အမြန်ပို့ခိုင်းလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ရေနွေးဝတ်ဖြင့် ထပ်ခါတလဲလဲ သုတ်ပေးနေသည်။ သို့သော်လည်း သူမ၏ နဖူးက ပူကျစ်နေဆဲဖြစ်သလို မျက်တောင်များကလည်း မတည်မငြိမ် တုန်ယင်နေဆဲပင်။ ဟော်တူက ကုတင်ဘေးတွင် မခွာတမ်း ထိုင်နေကာ လဲ့ကျစ်ကို စိုးရိမ်တကြီး စောင့်ရှောက်ပေးနေသည်။

ညသန်းခေါင်ယံ၏ တိတ်ဆိတ်မှုကြားတွင် ကုတင်ပေါ်၌ အိပ်ပျော်နေသော လဲ့ကျစ်က ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးလာခဲ့သည်။

“ဟင့်... ဟင့်...”

လဲ့ကျစ်၏ နဖူးပေါ်မှ ချွေးစက်များ စီးကျလာသလို မျက်လုံးထောင့်မှ မျက်ရည်များလည်း တလိမ့်လိမ့် စီးကျလာသည်။ သူမက ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခုထဲသို့ ကျရောက်နေဟန်တူပြီး မျက်ခုံးများကို တင်းတင်းကြပ်ကြပ် တွန့်ချိုးထားလျက် ဆက်တိုက် ညည်းတွားနေရှာသည်။

“အဆင်ပြေသွားမှာပါ”

ဟော်တူက သူမ၏ မျက်ရည်များကို နွေးထွေးသော လက်ကိုင်ပုဝါဖြင့် အသာအယာ သုတ်ပေးလိုက်သည်။ သူမ ကြားနိုင်မည်မဟုတ်မှန်း သူ သိသော်လည်း တိုးတိုးလေး နှစ်သိမ့်ပေးနေမိသည်။

“မငိုပါနဲ့တော့...”

ရုတ်တရက် အိပ်ပျော်နေသော လဲ့ကျစ်က သူမ၏လက်ကို မြှောက်ကာ သူ့လက်ကောက်ဝတ်ကို အတင်းအကျပ် ဆုပ်ကိုင်လိုက်ပြီး တားနေပြန်သည်။

“မသွားနဲ့... မသွားပါနဲ့...”

ယခင်က ရေပူစမ်းအိမ်ကြီးတွင် သူမ အိပ်မက်ဆိုးမက်ပြီး ငိုကြွေးခဲ့သည်ကို ဟော်တူ မြင်ခဲ့ဖူးသည်။

'သူမ... သူမရဲ့ သေဆုံးသွားတဲ့ ချစ်ခင်ရသူတွေကို အိပ်မက်ထဲမှာ ထပ်တွေ့နေပြန်ပြီလား'

သို့သော် နောက်အခိုက်အတန့်တွင်....

“ဟော်တူ...”

ဟော်တူ၏ နှလုံးခုန်သံက ရုတ်တရက် မြန်ဆန်သွားပြီး သူ အံ့ဩမှင်သက်သွားရသည်။ သူမ သူ့လက်ကို ပို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ချိန်မှသာ သူ၏ အသိတရားများ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လာသည်။

“ဟော်တူ...”

လဲ့ကျစ်က သူ့လက်ကို သူမ၏ နှလုံးသားတည်ရှိရာ ရင်ဘတ်နားသို့ ဆွဲယူဆုပ်ကိုင်ထားပြီး သူ့နာမည်ကိုသာ ဆက်တိုက် ညည်းတွားနေသည်။

ဟော်တူက ချက်ချင်း ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေလိုက်သည်။

“ကိုယ်... ဒီမှာ ရှိနေပါတယ်”

ထို့နောက်တွင်တော့ သူမက စိတ်လှုပ်ရှားပြီး ဆို့နင့်နေဟန်ဖြင့် သတိကြီးစွာ မေးလာခဲ့သည်။

“မသွားပါနဲ့နော်... ရမလားဟင်”

ဟော်တူ၏ အနက်ရောင်မျက်ဝန်းအစုံက တစ်ခဏချင်း နီမြန်းလာသည်။ သူက လဲ့ကျစ်၏ မျက်ဝန်းအစုံကို ခပ်ဖွဖွနမ်းရှိုက်ရင်း တိုးညင်းစွာ ကတိပေးလိုက်သည်။

“သေချာတာပေါ့... ကိုယ် ဘယ်မှမသွားဘူး”

ထို့နောက် သူက မျက်လုံးများကို မှိတ်ချလိုက်ပြီး လဲ့ကျစ်၏ ဘေးနားတွင် လှဲလျောင်းလိုက်သည်။ သူမ၏ အိပ်မက်ဆိုးကြောင့် အော်ဟစ်ညည်းတွားသံများကို ကြားနေရချိန်တွင် ဟော်တူတစ်ယောက် သူ့ကိုယ်သူ ထပ်ခါတလဲလဲ ကျိန်ဆဲနေမိသည်။

'ဟော်တူ... ဟော်တူ... မင်းက တကယ်ကို လူယုတ်မာပဲ။'

လဲ့ကျစ် နိုးလာချိန်တွင် နာကျင်နေသော ဦးခေါင်းကို အသာအယာ ပွတ်သပ်လိုက်သော်လည်း သူမကိုယ်သူမ ဘယ်နေရာ ရောက်နေမှန်း ဝေခွဲမရဖြစ်နေရှာသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ ဘေးနားတွင် ရှိနေသည့် အမြဲတစေ ရင်းနှီးနေကျဖြစ်သော အေးမြမြရနံ့ကလေးက သူမကို အများကြီး သက်တောင့်သက်သာ ဖြစ်စေခဲ့သည်။

“နိုးပြီလား”

သူမ ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် ဟော်တူက ပူလောင်နေသော မျက်ဝန်းအစုံဖြင့် သူမကို စိုက်ကြည့်နေမှန်း သိလိုက်ရသည်။ သူမ ပြန်ဖြေချင်သော်လည်း လည်ချောင်းက ခြောက်ကပ်နေပြီး အသံထွက်မလာဘဲ ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်ရသည်။

ဟော်တူက သူမ မသက်မသာ ဖြစ်နေသည်ကို ရိပ်မိလိုက်ပြီး အိပ်ရာဘေးရှိ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းဆီသို့ ခွက်ကို ကပ်ကာ ရေနွေးနွေးလေး တိုက်လိုက်သည်။ ပူနွေးသော ရေက ခြောက်ကပ်နေသော လည်ချောင်းကို သက်သာစေသဖြင့် လဲ့ကျစ်၏ စိတ်ထဲတွင် ပိုရှင်းလင်းလာပြီး အတွေးများကို ပြန်လည် စုစည်းနိုင်လာသည်။

လဲ့ကျစ်က ဟော်တူကို မော့ကြည့်လိုက်ပြီး ကြောင်တောင်တောင်လေး ငေးကြည့်နေပြန်သည်။ သူမ သူ့ကို ပြောစရာ စကားလုံးပေါင်းထောင်‌သောင်းမက ရှိနေသော်လည်း ယခုအချိန်တွင် ဘယ်က စပြောရမှန်း မသိဖြစ်နေရသည်။

“လဲ့ကျစ်...”

ဟော်တူက သူမ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း မေးလိုက်သည်။

“မင်း အခု ခေါင်းနည်းနည်း ကြည်သွားပြီလား”

လဲ့ကျစ်က အနည်းငယ် အံ့ဩသွားသော်လည်း “အင်း...” ဟုသာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“ကောင်းပြီ... ဒါဆို ကိုယ် ပြောတာကို သေချာနားထောင်နော်”

သူက သူ၏နဖူးနှင့် သူမ၏နဖူးကို အသာအယာ ဖိကပ်ထားကာ တစ်ဦးကိုတစ်ဦး မျက်လုံးချင်း ဆုံစေလျက် တိုးတိုးလေး ကတိပေးနေသည်။

“ကိုယ် မင်းကို ကတိပေးတယ်... ဒီနေ့ကစပြီး ကိုယ် နေမကောင်း မဖြစ်စေရဘူး၊ ဒဏ်ရာလည်း မရစေရဘူး၊ ပြီးတော့... မင်းကို ထားခဲ့ဖို့လည်း ဘယ်တော့မှ စိတ်မကူးတော့ဘူး”

'ဒီနေ့ကစပြီး... ကိုယ်ရဲ့ အသက်ကို မင်းအတွက်ပဲ ပေးအပ်လိုက်ပြီ'

.......။........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : “ငါ ကြောက်တယ်... တကယ်ကို ကြောက်နေမိတာပါ”

All Chapters