← Chapters

အခန်း (၉၅-၉၆)

Vol. 9 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 9 Ch. 95-96

အခန်း ၉၅ ချစ်ခင်စုံမက်ခြင်း

လဲ့ကျစ်က အံ့အားသင့်သွားပုံရပြီး သူမ၏ မျက်ဝန်းအစုံတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ ဟော်တူကတော့ သူမကို နူးညံ့သော အပြုံးဖြင့် ကြည့်နေပြီး မေးနေပြန်သည်။

“မယုံဘူးလား”

အခန်းတွင်းရှိ အပူပေးမီးဖိုက တောက်လောင်နေသဖြင့် လဲ့ကျစ်က သူမ၏ ခန္ဓာကိုယ် ပိုပူလာကာ ခေါင်းပင် အနည်းငယ် မူးဝေလာသလို ခံစားလိုက်ရသည်။ ဤသည်က အဖျားကြောင့်လား သို့မဟုတ် သူ၏ စကားကြောင့်လားဆိုသည်ကိုတော့ သူမ ဝေခွဲမရတော့ပေ။

'ဒါက ငါ့ရဲ့ ပူလောင်နေတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ရှုပ်ထွေးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ထင်ယောင်ထင်မှားတစ်ခု မဟုတ်ဘူးလား...'

လဲ့ကျစ်က စိတ်ရှုပ်နေဟန်လေးဖြင့် ခေါင်းညိတ်ပြလိုက်ပြီးမှ နောက်တစ်ကြိမ် ခေါင်းခါပြလိုက်ပြန်သည်။ ဟော်တူ၏ မျက်လုံးများထဲမှ အရောင်က တဖြည်းဖြည်း နက်မှောင်လာပြီး သက်ပြင်းတစ်ချက်ချကာ လဲ့ကျစ်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူက သူမ၏ ပျော့ပျောင်းသော ဆံနွယ်များကို လက်ဖဝါးဖြင့် အသာအယာ ပွတ်သပ်ပေးနေကာ နွေးထွေးသော နှုတ်ခမ်းများကို သူမ၏ နားရွက်ဖျားဆီသို့ ဖိကပ်သည်။

“ဒါကို မင်းယုံကြည်သွားအောင်... နေ့တိုင်းနေ့တိုင်း တစ်နေ့တစ်ခါ ပြောပေးလို့ ရပါတယ်”

သူ၏ အသက်ရှူသံ နွေးနွေးက သူမကို လွှမ်းခြုံသွားချိန်မှသာ လဲ့ကျစ်က ဤအရာအားလုံး အစစ်အမှန်ဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူမက သူမ၏ ပါးပြင်လေးကို သူ၏ လည်ပင်းကြားတွင် မြှုပ်နှံလိုက်ရင်း ပြန်ပြောလိုက်သည်။

“ဒီနေ့ ရှင်က ကျွန်မကို တကယ် ကြောက်လန့်စေခဲ့တာပဲ...”

သူမ၏ အသံက တုန်ယင်နေပြီး ကြေကွဲမှုများ ပြည့်နှက်နေသည်။

“ဒါတွေအားလုံးက ကိုယ့်အမှားပါ”

ဟော်တူက သူမကို နောက်ကျောမှ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပေးလိုက်ပြီး နွေးထွေးသော လေသံဖြင့် ချော့မော့နေသည်။

“ဘယ်တော့မှ ထပ်မဖြစ်စေရဘူးလို့ ကိုယ် ကတိပေးပါတယ်”

အတန်ကြာပြီးနောက် လဲ့ကျစ်က “အင်း...” ဟု ပြန်ပြောကာ သူ၏ လည်ပင်းကို သူမ၏ နူးညံ့သော ပါးပြင်ဖြင့် ညင်သာစွာ ပွတ်သပ်နေသည်။ ဟော်တူ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ထင်ဟပ်လာပြီး မေးလာပြန်သည်။

“ဒါဆို ကိုယ့်ကို ခွင့်လွှတ်ပေးမှာလား... ဟမ်”

လဲ့ကျစ်က သူ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး ပြန်မဖြေဘဲ တိုးတိုးလေး နှာမှုတ်လိုက်သည်။ ထို့နောက် နီရဲနေသော မျက်လုံးများကို ပွတ်သပ်ကာ တိုးတိုးလေး ညည်းတွားလိုက်သည်။

“နာတယ်...”

‘တစ်နေ့လုံးနီးပါး ငိုထားတာ မနာဘဲ နေပါ့မလား’

ဟော်တူက ဘေးနားရှိ စိုစွတ်နေသော လက်ကိုင်ပုဝါကို ကောက်ကိုင်လိုက်ပြီး ရေနွေးအိုးရှိရာသို့ လျှောက်သွားရန် ပြင်လိုက်သည်။ သို့သော် သူ၏ လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မျက်လုံးနီရဲရဲဖြင့် ကြည့်နေသည့် လဲ့ကျစ်ကို မြင်လိုက်ရလိုက်ရချိန်တွင် သူက ပြုံးမိပြန်သည်။

“ကိုယ် မင်းကို ရေနွေးဝတ်လေး အုပ်ပေးမလို့လေ... ဒါမှ သက်သာသွားမှာပေါ့”

သို့သော်လည်း လဲ့ကျစ်က ခေါင်းခါယမ်းကာ သူ၏လက်ထဲမှ လက်ကိုင်ပုဝါကို လုယူပြီး ဘေးသို့ လွှင့်ပစ်လိုက်သည်။

“ဒါကို မလိုချင်ဘူး...”

“ကျွန်မကို... နမ်းပေးရုံပဲ”

သူမ၏ အသံက တိုးဝင်သွားပြီး ပါးပြင်များလည်း ရဲရဲနီလာသည်။ ထို့နောက် သူမရှေ့မှ လူကို တိုက်ရိုက်မကြည့်ဝံ့တော့ဘဲ ရှက်ကိုးရှက်ကန်းဖြင့် အဝေးသို့ လှမ်းကြည့်နေသည်။

နောက်အခိုက်အတန့်တွင်တော့ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သူမ သတိပြန်ဝင်လာချိန်တွင် သူမတစ်ကိုယ်လုံး နူးညံ့သော ကုတင်ထက်၌ လဲလျောင်းနေချေပြီ။ ဟော်တူက သူမ၏ ရှေ့မှောက်တွင် မားမားမတ်မတ် ရပ်နေကာ ဖယောင်းတိုင်မီးရောင်များကိုပင် ကွယ်ထားခဲ့သည်။

“မျက်လုံးမှိတ်ထား...”

သူ၏ နွေးထွေးသော နှုတ်ခမ်းများက သူမ၏ မျက်ခွံများကို အသာအယာ ထိတွေ့လိုက်ရချိန်တွင် လဲ့ကျစ်က မသိစိတ်ဖြင့် နှုတ်ခမ်းလေးကို တွန့်ကွေးကာ ပြုံးနေလိုက်သည်။

'အခုလို ခံစားချက်မျိုးက... အရမ်းကို ကောင်းတာပဲ...'

တဖြည်းဖြည်းနှင့် ဟော်တူ၏ အနမ်းများက သူမ၏ နှုတ်ခမ်းပေါ်သို့ ကျရောက်လာသည်။ နှုတ်ခမ်းနှစ်စုံ တစ်သားတည်း ရောထွေးသွားချိန်တွင် လဲ့ကျစ်က သူမ၏ နှလုံးသားထောင့်စွန်းများအထိ နွေးထွေးမှုများ ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။ နှစ်ယောက်သား ချိုမြိန်သော ရသကို အတူတကွ ခံစားရင်း ပွေ့ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။

.......။........။........

ညတွင်းချင်းမှာပင် တာ့ချီ၏ ဧကရာဇ်နှင့် ဧကရီနှစ်ဦးစလုံး ကွယ်လွန်သွားကြသည်။ တော်ဝင်နန်းတော်တစ်ခုလုံး အကြီးအကျယ် ထိခိုက်ခဲ့ရပြီး တိုင်းပြည်တစ်ခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။

သို့သော် အိမ်ရှေ့စံဖြစ်သည့် ဟော်တူက အရာရာကို ကြိုတင်ပြင်ဆင်ထားပုံရသည်။ စစ်သည်များနှင့် စစ်ဗိုလ်ချုပ်များက တော်ဝင်နန်းတော်နှင့် မြို့တော်ကို စောင့်ကြပ်နေခဲ့ပြီး မည်သည့်သတင်းမှ မပေါက်ကြားစေရန် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသည်။ ရလဒ်အနေဖြင့် နယ်စပ်ဒေသများတွင် မတည်ငြိမ်မှုများ မဖြစ်လာခဲ့ပေ။ ပို၍ အရေးကြီးသည်မှာ ယခုအချိန်တွင် အိမ်နီးချင်းတိုင်းပြည်များက နယ်မြေကျူးကျော်ရန် ရည်ရွယ်ချက် မရှိကြခြင်းပင်။

တာ့ချီတိုင်းပြည်တစ်ခုလုံး ယခင်ဧကရာဇ်ရှိစဉ်ကထက်ပင် ပိုမိုအားကောင်းလာပုံရသည်။ ဤအချက်ကြောင့် မှူးမတ်များလည်း သက်သာရာရသွားကြသည်။

ဟော်တူ၏ ဂရုစိုက်မှုအောက်တွင် လဲ့ကျစ် အလွန်အလျင်အမြန် ကျန်းမာလာခဲ့သည်။ သူမ အအေးမိပြီး အဖျားကြီးခဲ့ခြင်းက စိတ်အခြေအနေကြောင့် ဖြစ်ပြီး ယခု သူမ၏ နှလုံးသားတွင် ချည်နှောင်ထားသော ရောဂါများက သဘာဝအတိုင်း သက်သာပျောက်ကင်းသွားလေပြီ။

“လဲ့ကျစ်...”

ဟော်တူက သူမကို ကျွမ်းကျင်စွာ အင်္ကျီဝတ်ဆင်ပေးနေရင်း နောက်ဆုံး ကြိုးစကလေးကို ချည်နှောင်ပြီးမှ စကား စပြောလိုက်သည်။

“ခဏနေရင် သူငယ်ချင်းဟောင်းနဲ့ တွေ့ဖို့ အဆင်သင့်ဖြစ်ပြီလား”

လဲ့ကျစ်က အနည်းငယ် ထိတ်လန့်သွားသော်လည်း သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။

'သူငယ်ချင်းဟောင်းတစ်ယောက်... ဟုတ်သားပဲ၊ သူနဲ့ တွေ့ဖို့ အချိန်တန်ပြီ။'

ထိုနေ့က ဟော်တူ ဟော်ရှကို ချက်ချင်း အပြစ်မစီရင်ခဲ့သည့် အကြောင်းရင်းက လဲ့ကျစ်အတွက် ချန်ထားပေးခြင်း ဖြစ်သည်။

‘အဲ့အကြွေးကို ဟော်ရှကိုယ်တိုင် ဆပ်သင့်တာ မဟုတ်ဘူးလား’

လဲ့ကျစ်က ခိုင်မာသော အမူအရာဖြင့် ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့”

ဟော်ရှကို ရှဖေးထိုင်တွင် ချုပ်နှောင်ထားသည်။ ယခင်က တာ့လီ၏ တော်ဝင်ဆွေမျိုးများ အကျဉ်းချခံခဲ့ရသော ထောင်တိုက်တွင် ယခုအခါ သူတစ်ယောက်တည်းသာ ရှိနေတော့သည်။

အခြေအနေများက အမှန်တကယ် ပြောင်းလဲသွားခဲ့ချေပြီ။

ရှဖေးထိုင်တွင် ကျယ်ပြန့်သော နေရာအချို့ ရှိသော်လည်း ယခင်က တစ်ခါမှ အသုံးမပြုခဲ့ဖူးသည့် ဆူးပင်များဖြင့် ဖုံးအုပ်ထားသော အကျဥ်းခန်းတစ်ခုလည်း ရှိနေသည်။ ယခု ဟော်ရှက ထိုနေရာတွင် ရက်အတော်ကြာ ချုပ်နှောင်ခံထားရသည်။

ထိုဆူးပင်များက အလွန်တိုလွန်းသောကြောင့် လူကို ချက်ချင်း မသေစေနိုင်သော်လည်း ခန္ဓာကိုယ်အနှံ့ သွေးထွက်သံယို ဖြစ်အောင်တော့ ပြုလုပ်နိုင်သည်။ ဟော်ရှ၏ ကျောပြင်၊ ခြေထောက်များနှင့် လက်များ၌ သွေးများ ရွှဲနစ်နေပြီး သူ့မျက်နှာပေါ်တွင်ပင် သွေးများ ပြည့်နှက်နေလေသည်။ သူက ခေါင်းကို ငိုက်စိုက်ချထားရင်း မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။

ယနေ့ထက်တိုင် သူ၏ခမည်းတော်က ဟော်တူကို ဘာကြောင့် ရွေးချယ်ခဲ့သည်ကို သူ အဖြေရှာမရသေးပေ။

‘ဟော်တူကို ရွေးချယ်ခဲ့တယ်ဆိုရင်တောင် သူ့ကို ဒီလိုဆက်ဆံသင့်တာတော့ မဟုတ်ဘူးလေ။

'မဟုတ်ဘူး... အဲဒါ ခမည်းတော်ဧကရာဇ်ရဲ့ အလိုဆန္ဒ မဖြစ်နိုင်ဘူး။ အရာအားလုံးက ဟော်တူရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။'

ခန္ဓာကိုယ်ထဲမှ နာကျင်မှုများက စိတ်ထဲရှိ နာကျည်းမှုများနှင့် ပေါင်းစပ်သွားကာ ဟော်ရှက လက်သီးကို တင်းတင်းဆုပ်ပြီး အံကြိတ်ထားလိုက်သည်။ ထိုစဉ်မှာပင် ခြေသံတိုးတိုးလေးတစ်ခု ပေါ်ထွက်လာသည်။

‘တစ်စုံတစ်ယောက် လာနေပြီ။’

ဟော်ရှက မျက်လုံးများကို ပင့်ကြည့်လိုက်သည်။ ပထမဆုံး တုံ့ပြန်မှုအနေဖြင့် ဟော်တူ လာနေပြီဟု သူ ထင်ခဲ့သော်လည်း ခြေသံက သာမန်လူတစ်ယောက်၏ ခြေသံကဲ့သို့ မဟုတ်ဘဲ အနည်းငယ် ပျော့ပျောင်းနေသည်။

ဟော်ရှ၏ နှလုံးသားက အနည်းငယ် တင်းမာသွားသည်။ ပန်းရောင်ဖျော့ဖျော့စကတ်က သူမနှင့် အမြဲတမ်း လိုက်ဖက်နေပြီး နူးညံ့သိမ်မွေ့သော အလှတရားကို အပြည့်အဝ ပေါ်လွင်စေသည်။ သူ၏ အတွေးများက သူမ၏ ဆံထိုးတင်အခမ်းအနား ကျင်းပသည့်နေ့ဆီသို့ လွင့်ပျံသွားသည်။ ထိုနေ့တုန်းကလည်း သူမ ပန်းနုရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ ထိုအချိန်တုန်းက သူတို့အားလုံး အလွန်ကို ပျော်ရွှင်ခဲ့ကြရသည်။

“ကျစ်ကျစ်...”

ဟော်ရှက သူမကို နူးညံ့သိမ်မွေ့စွာ ခေါ်လိုက်မိပြီး သူ့နှလုံးသားတွင်လည်း နူးညံ့မှုများ ပြည့်နှက်နေသည်။

'မိတ်ဆွေစစ်ဆိုတာ ဒုက္ခရောက်ချိန်မှ သိနိုင်တာပဲ။'

‘သူရဲ့ ကျစ်ကျစ်က သူ့ကို ကယ်တင်ဖို့ ရောက်လာခဲ့ပြီ’

ထို့နောက် လဲ့ကျစ် သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည်ကို ဟော်ရှ တွေ့လိုက်ရသည်။ သူမက သူ့ရှေ့သို့ လှမ်းလာရင်း နှုတ်ခမ်းလေးကို ကွေးညွတ်ကာ အရင်ကလို ချိုချိုသာသာ ပြုံးပြနေသည်။ ထို့နောက် သူမက သူမ၏လက်ကို သူ၏ပုခုံးပေါ်သို့ အသာအယာ တင်လိုက်သည်။

ရုတ်တရက်... လဲ့ကျစ်၏ မျက်ဝန်းထဲ၌ ပြင်းထန်သော အမုန်းတရားတစ်ခု အရိပ်ထင်လာသည်။ သူမက ဟော်ရှကို ထောင်နံရံဆီသို့ အားကုန်သုံးကာ တွန်းထုတ်လိုက်သည်။

“အား...”

ကျယ်လောင်သော အော်ဟစ်သံက ရှဖေးထိုင် တစ်လျှောက်လုံး ပဲ့တင်ထပ်သွားသည်။ ဆူးပင်များက ဟော်ရှ၏ အသားများထဲသို့ နက်ရှိုင်းစွာ မြုပ်ဝင်သွားပြီး ဟော်ရှ၏ တစ်ကိုယ်လုံးက နာကျင်လွန်းသဖြင့် တုန်ယင်နေသလို သူ၏ နှလုံးသားကလည်း ထိုထက်မက ပိုနာကျင်သွားရသည်။

သူ မော့ကြည့်လိုက်ချိန်တွင် လဲ့ကျစ်က သူ့ထံမှ ဖြည်းဖြည်းချင်း လှည့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ဟော်ရှ မယုံကြည်နိုင်သေးပေ။

'ဘာကြောင့်လဲ... ကျစ်ကျစ်က ဘာဖြစ်လို့ ငါ့အပေါ် ဒီလိုလုပ်ရတာလဲ...'

ထိုအချိန်တွင် ဟော်တူက ဓားတိုတစ်ချောင်းကို ကိုင်ဆောင်လျက် အခန်းထဲသို့ ဝင်လာပြီး လဲ့ကျစ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားနေသည်။

“ဘာလို့ ဒီလောက်တောင် မြန်မြန် လျှောက်သွားရတာလဲ”

ဟော်တူက ဟော်ရှကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လဲ့ကျစ်ဘက်သို့ ပြန်လှည့်လိုက်သည်။ သူက နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်ပြီး သူ၏လက်ထဲမှ ဓားကို လဲ့ကျစ်ထံသို့ ကမ်းပေးလိုက်သည်။

“ကဲ... သူ့ကို သတ်လိုက်တော့၊ မင်း စိတ်တိုင်းကျေနပ်တဲ့အထိ အချက်ပေါင်းများစွာ ထိုးနိုင်တယ်”

ဟော်ရှကတော့ သူရှေ့မှ မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်လွန်းသဖြင့် ဘာကိုမျှ ဆက်မတွေးတောနိုင်တော့ပေ။

သို့သော် ဟော်တူကတော့ ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသည့် လဲ့ကျစ်၏လက်ကို အပေါ်မှ ထပ်မံအုပ်ကိုင်လိုက်ပြီး ရုတ်တရက် ကစားချင်စိတ် ပေါ်လာပုံရသည်။ သူက ဟော်ရှကို ဦးတည်ထားသည့် ဓားဖျားကို ပြောင်းပြန်လှည့်လိုက်ပြီး သူ၏ နှလုံးသားရှိရာသို့ တိုက်ရိုက် ဦးတည်လိုက်သည်။

‘သူ့ရဲ့ မြေခွေးလေးက မယုံနိုင်စရာမှ မဟုတ်တာ။

သူ သူမကို အမြဲ ဒီလိုယုံကြည်နိုင်တယ်။

သူက သူ့အသက်ကို သူမလက်ထဲ အမှန်တကယ် အပ်နှံထားနိုင်တယ်လေ။’

ဟော်တူ၏ အပြုံးက ပိုနက်ရှိုင်းလာပြီး ဟော်ရှကို တစ်ချက်စိုက်ကြည့်ကာ ထပ်ပြောလိုက်ပြန်သည်။

“ဒါမှမဟုတ်... မင်း ကိုယ့်ကို အရင် သတ်ချင်တာလား၊ ဒါလည်း အဆင်ပြေတာပဲလေ”

ဟော်ရှ၏ မျက်ဝန်းများက မယုံကြည်နိုင်လောက်အောင် ကျဉ်းမြောင်းသွားသည်။

'ငါ ကြားတာ မှားနေတာလား... ဒါမှမဟုတ် ဟော်တူက ရူးနေတာလား။ ဒါမှမဟုတ် ငါ အခု အိပ်မက်မက်နေတာလား'

လဲ့ကျစ်က ဟော်တူ အသက်နှင့်ပတ်သက်ပြီး ပေါ့ပေါ့ပါးပါး နောက်ပြောင်နေသည်ကို မနှစ်သက်သဖြင့် ရုတ်တရက် မျက်နှာပျက်သွားကာ ပြန်မေးလိုက်သည်။

“ရှင် ကစားလို့ ဝပြီလား”

သူမ မကျေမနပ် ဖြစ်သွားသည်ကို မြင်လိုက်သည်နှင့် ဟော်တူက သူမလက်ကို ချက်ချင်း ပြန်လွှတ်ပေးလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ကိုယ် မကစားတော့ပါဘူး”

လဲ့ကျစ်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေဆဲပင်။ သူမ၏ မျက်ဝန်းထဲမှ အဓိပ္ပာယ်က သိသာထင်ရှားနေသည်။

'ဒီစာရင်းကို နောက်မှ သေသေချာချာ ရှင်းမယ်'

သူတို့နှစ်ဦးကြားမှ အကြည့်ချင်းဖလှယ်မှုနှင့် တုံ့ပြန်မှုများအားလုံးကို ဟော်ရှ မြင်တွေ့နေရပြီး အခြေအနေကို ရိပ်မိလာရသည်။

“ဘာကြောင့်လဲ၊ မင်းက ငါ့အစား သူ့ကိုတောင်မှ ရွေးချယ်ခဲ့တာလား”

ဟော်ရှက အသည်းကွဲမတတ် ခံစားလိုက်ရပြီး လက်မခံနိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

“မင်း အတင်းအကျပ် ဖိအားပေးခံရတာ မဟုတ်လား၊ ကျစ်ကျစ်... ဒါက မဟုတ်ဘူးလို့ ပြောပါဦး၊ ငါတို့က ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိလာတာလေ။ မင်းရဲ့ နှလုံးသားထဲမှာ တခြားတစ်ယောက် ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ”

“ဟော်ရှ... ရှင့်အကြောင်းကို စောစောစီးစီး ရှင်းရှင်းလင်းလင်း မသိခဲ့မိတာကိုပဲ ကျွန်မ တကယ် စိတ်မကောင်းဖြစ်မိတယ်”

လဲ့ကျစ်က သူ့ကို အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ ထပ်ပြောလိုက်သည်။

“ရှင်က... လူအသွင်နဲ့ တိရစ္ဆာန်ပဲ”

'တိရစ္ဆာန်လား... ကျစ်ကျစ်က ငါ့ကို တိရစ္ဆာန်လို့ ပြောနေတာလား'

ဟော်ရှက သူ၏ ဦးနှောက်ထဲတွင် တစ်ခုခု ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်မှုက မခံမရပ်နိုင်လောက်အောင် ပြင်းထန်လာသည်။

လဲ့ကျစ်က သူ့ကို ဘာကြောင့် ဤမျှအထိ မုန်းတီးနေသည်ကို သူ မသိနိုင်သော်လည်း ထပ်ပြောလိုက်သေးသည်။

“ငါ့အခက်အခဲတွေကို မင်း နားလည်ပေးနိုင်တယ်လို့ အရင်က ပြောခဲ့တယ်လေ။ အရာအားလုံးက အတိတ်ပဲလို့ မင်း ရှင်းရှင်းလင်းလင်း ပြောခဲ့တာပဲ”

'မင်း ငါ့ကို ဘာလို့ ဒီလောက်တောင် လိမ်ညာရက်ခဲ့တာလဲ'

လဲ့ကျစ်က ထိုလူကို ထပ်ပင် မကြည့်ချင်တော့သဖြင့် ခေါင်းကို လွှဲလိုက်သည်။ သူမ၏ စိတ်ထဲတွင် အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေမိသည်။ သူမ၏ ထိုအမူအရာကို ဟော်ရှ မြင်လိုက်ရပြီး သူ၏ စိတ်ခံစားချက်များက ပို၍ပင် ဆူပွက်လာတော့သည်။

'အဲဒါ မဟုတ်ဘူး... ကျစ်ကျစ်က ဟော်တူရဲ့ လှည့်ဖြားမှုကို ခံနေရတာပဲ။ အားလုံးက သူ့အပြစ်တွေပဲ!'

‘ဟော်တူက သူရဲ့ ထိုက်ဇီရာထူးကို ရယူသွားရုံသာမက သူ ပိုင်ဆိုင်သင့်တဲ့ ကျစ်ကျစ်ကိုပါ သိမ်းပိုက်သွားခဲ့ပြီ။’

“ငါက တိရစ္ဆာန်လား...”

ဟော်ရှက ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်ပြီး အော်မေးလိုက်သည်။

“ဟား ဟား... ဒါဆို မင်း အနားကလူကရော လူကောင်းလို့ မင်း ထင်နေတာလား”

သူက ပို၍ ကျယ်လောင်စွာ ရယ်မောနေရင်း သူ့မျက်ဝန်းမှ မျက်ရည်များပင် ကျဆင်းလာသည်။ သို့သော် သူ၏ မျက်လုံးများထဲတွင်မူ အမုန်းတရားများ ပြည့်နှက်နေပြီး ဟော်တူကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်။

“ငယ်ငယ်က မင်းကို အလွတ်ပေးလိုက်မိတာကို ငါ တကယ် နောင်တရတယ်”

ဟော်တူ၏ မျက်ဝန်းအစုံက အနည်းငယ် လှုပ်ရှားသွားပြီး စိုးရိမ်စိတ်ဖြင့် လဲ့ကျစ်၏ နားရွက်များကို ဖုံးအုပ်ရန် ချက်ချင်း လက်လှမ်းလိုက်သည်။

“ဟား ဟား... မင်းလည်း ဟော်ရှောင်းလိုပဲ ဖြစ်သင့်တာ။ အသားစ တစ်ခုမှ မကျန်အောင် တောရိုင်းတိရစ္ဆာန်တွေရဲ့ အစားခံခဲ့ရမှာ... ဟား ဟား...”

ဘုန်း!

ဓားဖျားက မြေပြင်သို့ ထိမှန်သွားသည့် အသံနှင့်အတူ ဟော်တူ၏ နှလုံးသားလည်း တုန်ယင်သွားရသည်။

‘သူမ ကြားသွားပြီဆိုသည်ကို သူ သိလိုက်ရပြီ။’

ဟော်တူက လဲ့ကျစ်၏ ရှေ့သို့ လျှောက်လာရင်း သူမ၏မျက်ဝန်းလေးများ တဖြည်းဖြည်း နီရဲလာသည်ကို တွေ့လိုက်ရသည်။ သူမကို ဤနေရာသို့ လိုက်လာခွင့် ပေးလိုက်မိသည်ကို သူ ရုတ်တရက် နောင်တရသွားမိသည်။

'ငါ... ဒီကောင်... ဟော်ရှရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်ခဲ့သင့်တာ'

“သူက ပေါက်ကရတွေ ပြောနေတာပါ”

ဟော်တူက လဲ့ကျစ်ကို ကြည့်ရင်း ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

“နားမထောင်နဲ့တော့နော်...”

လဲ့ကျစ်က သူ့ကို ငေးကြည့်နေပြီး သူမ၏ နှလုံးသားကို ဓားနှင့် ထပ်ခါထပ်ခါ အထိုးခံရသလို ပြင်းပြင်းထန်ထန် နာကျင်နေရသည်။ ခဏအကြာတွင် သူမက အသက်ကို ပြင်းပြင်းရှူလိုက်ကာ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများ ထားရှိရာသို့ လျှောက်သွားပြီး လေးတစ်လက်ကို ကောက်ကိုင်လိုက်သည်။

သူမက ဟော်ရှနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး သူ၏ ပြစ်မှုများကို တစ်ခုချင်းစီ ထုတ်ဖော်ပြောဆိုနေသည်။

“ဟော်ရှ... နင်က ငါ့ရဲ့ တာ့လီပြည်ကို ဖျက်ဆီးခဲ့တယ်၊ ငါ့ရဲ့ မိသားစုနဲ့ ဆွေမျိုးတွေကို သတ်ခဲ့တယ်၊ ငါ့ရဲ့ အစ်မတော်ကို အရှက်ရစေခဲ့သလို... ငါ့ရဲ့ ခင်ပွန်းကိုလည်း နှိပ်စက်ခဲ့တယ်၊ ဒီအကြွေးတွေကို အခု ပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ”

ထို့နောက် သူမက တုံ့ဆိုင်းမနေဘဲ သူ၏ ခြေထောက်ကို ချိန်ရွယ်ကာ ငွေရောင်မြှားကို ပစ်လွှတ်လိုက်သည်။

နာကျင်လွန်းသဖြင့် စူးစူးရှရှ အော်ဟစ်သံနှင့်အတူ ဟော်ရှ၏ ခြေထောက်နှစ်ဖက်စလုံးမှ သွေးများက နေရာအနှံ့သို့ စီးကျသွားသည်။ လဲ့ကျစ်က သူ့ကို ချက်ချင်း မသတ်ချင်တော့ပေ။ သေခြင်းတရားက သူ့အတွက် အလွန် စျေးပေါလွန်းသည်ဟု သူမ တွေးလိုက်မိသည်။

'သူက ဒီနာကျင်မှုတွေနဲ့အတူ အသက်ရှင်နေရမယ်... တတ်နိုင်သမျှ ပိုကြာကြာ ခံစားနေရမယ်'

‘ဟော်တူက မသန်စွမ်းတဲ့ ခြေထောက်ရဲ့ ဝေဒနာကို ဆယ်နှစ်ကျော်ကြာ ခံစားခဲ့ရတယ်။ ဟော်ရှအနေနဲ့လည်း အဲ့နာကျင်မှုကို အကြိမ်ပေါင်း ရာနဲ့ချီပြီး ပြန်ပေးဆပ်ဖို့ လိုအပ်တယ်။’

လဲ့ကျစ်က လေးကို ပစ်ချလိုက်ပြီး နောက်သို့ ပြန်လှည့်လာကာ ဟော်တူ၏ လက်ကို ဆွဲကိုင်လိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းများကြားတွင် သူမ၏ လက်ချောင်းကလေးများကို ယှက်နွှယ်လျက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

ဟော်ရှကတော့ သေမင်းတံခါးဝသို့ ရောက်လုနီးပါး ဖြစ်နေသော်လည်း ဝေးကွာသွားသော ပန်းရောင်ဝတ်စုံ၏ ထောင့်စွန်းကလေးကို မျက်ရည်များဝဲလျက် လှမ်းကြည့်နေသေးသည်။ ခေတ္တအကြာတွင် သူက မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ချလိုက်ပြီး မျက်ရည်များကို ဖုံးကွယ်လိုက်သည်။

'ကျစ်ကျစ်... ငါ တကယ်ပဲ အစကနေ ပြန်စချင်တယ်... တကယ်ကို အစကနေ ပြန်စချင်ခဲ့တာပါ...'

........။.........။..........

နှစ်ယောက်သား ထိုက်ဇီအိမ်တော်သို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ကြသည်။ ဟော်တူက အားအင်ကုန်ခမ်းနေသော လဲ့ကျစ်ကို အိပ်ရာပေါ်သို့ ပွေ့ချီသယ်ဆောင်လာပေးသည့် အချိန်အထိ သူမ နွမ်းလျနေဆဲပင် ဖြစ်သည်။

“ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိရင် ကိုယ် မင်းကို သွားခွင့်ပြုခဲ့မှာ မဟုတ်ဘူး”

ဟော်တူက စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ လဲ့ကျစ်က သူမ၏ မျက်ရည်များကို အတင်းအကျပ် ထိန်းထားပြီး သူမ၏မျက်လုံးထောင့်များ နီရဲနေရှာသည်။

‘ငါ ထပ်ပြီး မငိုချင်တော့ဘူး။’

'ငါ ငိုနေတာကို မြင်ရင် သူ ဝမ်းနည်းရလိမ့်မယ်။ သူ့ကို ထပ်ပြီး စိတ်မကောင်းအောင် မလုပ်ချင်တော့ဘူး'

ထိုအတွေးကြောင့် လဲ့ကျစ်က ငိုချင်စိတ်ကို အတတ်နိုင်ဆုံး မျိုသိပ်ထားခဲ့သည်။

ဟော်တူကလည်း သူမ မျက်ရည်များကို အတင်းထိန်းထားမှန်း နားလည်နေပြီး ပိုစိတ်မသက်မသာ ခံစားလာရသည်။ သူက သူမ၏ ဦးခေါင်းကလေးကို အသာအယာ ကိုင်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

“ငိုလိုက်ပါ...”

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ မျက်ရည်များက ရုတ်တရက် ပိုရစ်ဝဲလာသည်။ သူမက လက်ကလေးကို မြှောက်ကာ အလျင်အမြန် မျက်ရဉ်သုတ်လိုက်ရင်း ငြင်းဆိုလိုက်သည်။

“ကျွန်မ... မငိုပါဘူး...”

သို့သော်လည်း သူမ ပိုသုတ်လေလေ မျက်ရည်များက ပိုစီးကျလာလေလေ ဖြစ်နေသည်။ ဟော်တူက သူမကို သူ့ရင်ခွင်ထဲသို့ နူးညံ့စွာ ဆွဲသွင်းလိုက်ပြီး ကျောပြင်ကလေးကို ထပ်ခါတလဲလဲ ပုတ်ပေးကာ နှစ်သိမ့်ပေးနေသည်။

အချိန်အတန်ကြာပြီးနောက် သူ့ရင်ခွင်ထဲမှ လဲ့ကျစ်က အငိုရပ်သွားတော့သည်။ ရုတ်တရက် သူမ သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း နှုတ်ခမ်းကလေးကို သူ့နားရွက်နားသို့ ကပ်ကာ တိုးတိုးလေး တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ်...”

'သူ ငယ်ငယ်ကတည်းက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဒဏ်ရာတွေ ဘယ်လောက်တောင် ရခဲ့မလဲ။ အဲ့ဒါတွေက အရမ်းကို နာကျင်ခဲ့ရမှာပဲ'

'ပြီးတော့ အဲဒီနေ့က ငါက သူ့ကို တမင်တကာ နာကျင်အောင် လုပ်ခဲ့မိသေးတယ်'

“ငတုံးလေး...”

ဟော်တူက သူမကို တင်းတင်းကြပ်ကြပ် ပြန်လည်ပွေ့ဖက်လိုက်ပြီး ခေါင်းကို စောင်းကာ သူမ၏ လည်ပင်းတိုင်ကလေးကို နမ်းလိုက်သည်။

“မနာတော့ပါဘူး”

'မင်းနဲ့ အတူရှိနေမယ်ဆိုရင်... ကိုယ့်မှာ ဘာနာကျင်မှုမှ ရှိတော့မှာ မဟုတ်ဘူး'

“ဒါပေမယ့်... ကျွန်မက နာကျင်နေရတယ်...”

လဲ့ကျစ်၏ အသံက ခြင်တစ်ကောင်၏ အော်သံကဲ့သို့ တိုးလျနေသလို သူမကိုယ်တိုင်လည်း များစွာ စိတ်မကောင်းဖြစ်နေပုံရသည်။

ယခုတစ်ကြိမ်တွင်တော့ ဟော်တူက သူမ ဘာကို ဆိုလိုမှန်း ချက်ချင်း သဘောပေါက်သွားသည်။ သူက သူမကို ပျော့ပျောင်းသော ကုတင်ထက်သို့ လက်နှစ်ဖက်ဖြင့် ညင်သာစွာ ပြန်လှဲလျောင်းစေပြီး သူမ၏ အဝတ်အစားများကို အနည်းငယ် ဆွဲချလိုက်သည်။ သူ၏ နူးညံ့သောအကြည့်တို့က သူမ၏ နီရဲနေသော မျက်လုံးထောင့်များပေါ်သို့ ကျရောက်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“မင်းရဲ့ ခင်ပွန်းက မင်းကို နမ်းလိုက်တာနဲ့ နာကျင်တာတွေ အားလုံး ပျောက်သွားမှာပါ”

ထို့နောက် သူက ရှေ့သို့ ငုံ့ကာ သူမ၏ နှလုံးသား တည်ရှိရာ နေရာလေးကို မြတ်မြတ်နိုးနိုး နမ်းရှိုက်လိုက်သည်။ ၎င်းက နက်နက်ရှိုင်းရှိုင်းနှင့် ရှည်လျားသော အနမ်းတစ်ခု ဖြစ်နေလေသည်။

........။........။..........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

နမ်း! နမ်း... တစ်ညလုံးသာ နမ်းကြ....

အခန်း ၉၆ လက်ချင်းတွဲလျက်...

ဆောင်းရာသီ ကုန်ဆုံးပြီး နွေဦးပေါက်လာပြီ ဖြစ်သောကြောင့် မြေပြင်တစ်ခွင်တွင် ပြန်လည်သစ်လွင်စိုပြေလာချေပြီ။ နွေးထွေးသော နွေဦးနေရောင်ခြည်က ခဲနေသော နှင်းထုများကို အရည်ပျော်သွားစေပြီး တောင်တန်းများ၊ သစ်ပင်များနှင့် လယ်ကွင်းပြင်များတွင်လည်း စိမ်းလန်းစိုပြေသော သစ်လွင်မှုများ ပြည့်နှက်နေသည်။

သို့သော်လည်း တာ့ချီတိုင်းပြည်တွင် ဧကရာဇ်မင်းမြတ် မရှိသေးပေ။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိအားလုံးက တညီတညွတ်တည်း တောင်းဆိုနေကြသော်လည်း ဟော်တူကတော့ လျစ်လျူရှုထားဆဲဖြစ်ကာ ထီးနန်းတက်ရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ သာမန်နှင့် အရေးကြီးသော အစီရင်ခံစာအားလုံးကို အရှေ့နန်းတော်သို့ ပေးပို့ကြရပြီး သူက ပြဿနာတစ်စုံတစ်ရာမရှိစေရန် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ပေးခဲ့သည်။

ကြီးမြတ်လှသော တိုင်းပြည်ကြီးတစ်ခုတွင် ဘုရင်ဟူ၍ မရှိခြင်းက အလွန် ထူးဆန်းအံ့ဩဖွယ် ဖြစ်နေလေသည်။

အိမ်ရှေ့စံကို နန်းတက်ရန် ဖြားယောင်းသွေးဆောင်ရန် မဖြစ်နိုင်တော့မှန်း သိလိုက်ကြလိုက်ရချိန်တွင် နန်းတွင်းအရာရှိများက အိမ်‌ရှေ့စံကြင်ယာတော် လဲ့ကျစ်မှ တစ်ဆင့် သွယ်ဝိုက်တောင်းဆိုရန် ကြံစည်ကြတော့သည်။ ထို့ကြောင့် လဲ့ကျစ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသော ဝန်ကြီးချုပ်ရှန်းဟွိုက်ကို အထူးကိုယ်စားလှယ်အဖြစ် အဆိုပြုစေလွှတ်ခဲ့ကြသည်။

ရှန်းဟွိုက်နှင့် တွေ့ဆုံပြီးနောက် လဲ့ကျစ်က သူမ၏ နာကျင်နေသော နားထင်လေးကို အသာအယာ ပွတ်သပ်ရင်း စာဖတ်ခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းတွင်း၌ ဖယောင်းတိုင်မီးများ တောက်ပစွာ ထွန်းလင်းနေပြီး သစ်မွှေးရနံ့ကလည်း သင်းပျံ့စွာ လွင့်မျောနေလေသည်။

သူမက ခြေလှမ်းကို ဖွဖွလေးနင်းကာ စားပွဲပေါ်ရှိ အစီရင်ခံစာများအား အာရုံစိုက် စစ်ဆေးနေသူထံသို့ လျှောက်သွားလိုက်သည်။ သူ၏ဘေးနားတွင် ခေါင်းကလေး ငိုက်စိုက်ကျကာ အိပ်ပျော်နေသော ကလေးငယ်တစ်ဦးရှိပြီး သူလည်း အလွန် ပင်ပန်းနေပုံရသည်။ ထော့ကျိုးလေးဟော်ကလည်း ဟော်တူ၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသည်။

မူလက အစီရင်ခံစာများကို အာရုံစိုက်နေသူက သူမ ရောက်ရှိလာသည်ကို ကြိုတင်သိရှိပုံရပြီး သူမကို ကြည့်ရန် မျက်လုံးများကို ပင့်တင်လိုက်သည်။ နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးပြလိုက်ကြပြီး တိတ်ဆိတ်သော နားလည်မှုများဖြင့် စကားတစ်ခွန်းမျှ မဆိုကြပေ။ ဟော်တူက သူ၏ စာရေးတံကို ချလိုက်ကာ အသာအယာ ထရပ်ပြီး လဲ့ယုကို ပွေ့ချီလျက် လဲ့ကျစ်နှင့်အတူ အိပ်ခန်းဆီသို့ ပြန်ပို့ပေးလိုက်သည်။

လဲ့ယု၏ အိပ်ခန်းမှ ထွက်လာပြီးနောက် သူတို့နှစ်ယောက် လက်ချင်းယှဥ်တွဲကာ လရောင်အောက်တွင် အိပ်ခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။ နွေဦးပေါက်စ ဖြစ်သော်လည်း ညအပူချိန်က အနည်းငယ် အေးမြနေသေးသည်။

ဟော်တူက သူမကို အအေးဒဏ်မှ ကာကွယ်ပေးရန် သူ၏ ရင်ခွင်ထဲတွင် တစ်ဝက်တစ်ပျက် ပွေ့ဖက်ထားလိုက်သည်။

“ဒီနေ့ လူအိုကြီးတွေက မင်းကို ထပ်ပြီး နှောင့်ယှက်ပြန်ပြီလား”

လဲ့ကျစ်က အပြုံးဖြင့် ရေရွတ်လိုက်သည်။

“ဒါက သိပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာတော့ မဟုတ်ပါဘူး”

ဟော်တူက သူမ၏ လက်ခုံကလေးကို သူ့လက်ချောင်းများဖြင့် ဖြည်းညှင်းစွာ ပွတ်သပ်ပေးနေရင်း မေးလိုက်သည်။

“ယုအာကို နေ့တိုင်း နောက်ကျတဲ့အထိ စာသင်နေလို့ ကိုယ့်ကို အပြစ်တင်နေတာလား”

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က ခြေလှမ်းများကို ရပ်လိုက်ပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်သည်။ လရောင်အောက်မှ သူ့မျက်နှာကို ဂရုတစိုက် ကြည့်လိုက်မိချိန်တွင် သူလည်း အများကြီး ပင်ပန်းနွမ်းနယ်နေပုံရသည်။

ယခုအချိန်တွင် သူက တိုင်းပြည်ရေးရာများကို ကိုင်တွယ်နေရရုံသာမက လဲ့ယုကိုပါ သူကိုယ်တိုင် သင်ကြားပေးနေသောကြောင့် တစ်နေ့တာတွင် သူ့အတွက် အနားယူရန် အချိန်အနည်းငယ်မျှသာ ကျန်တော့သည်။ သူက လဲ့ယုကို ဧကရာဇ်မင်းမြတ်၏ တာဝန်များကို တတ်နိုင်သမျှ မြန်မြန် သင်ယူတတ်မြောက်စေပြီး ထီးနန်းကို အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရန် ရည်ရွယ်နေကြောင်း လဲ့ကျစ် သိထားပြီး ဖြစ်သည်။

ဤသည်မှာ သူကိုယ်တိုင် နန်းတက်ရန် အချိန်အတော်ကြာ ငြင်းဆန်နေခဲ့သည့် အဓိက အကြောင်းရင်းလည်း ဖြစ်သည်။ သို့သော် ဤကဲ့သို့ အနားမယူဘဲ ဆက်လက် လုပ်ဆောင်နေပါက သူ၏ ကျန်းမာရေး ထိခိုက်ပျက်စီးသွားမည်ကို လဲ့ကျစ် စိုးရိမ်နေမိသည်။

“အဲဒီ နန်းတွင်းက လူအိုကြီးတွေ ပြောတဲ့ စကားတွေကလည်း လုံးဝ ယုတ္တိမရှိတာတော့ မဟုတ်ပါဘူး”

လဲ့ကျစ်က သူ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း ထပ်ပြောလိုက်သည်။

“ထီးနန်းကို ယုအာပဲ ဆက်ခံရမယ်လို့ ကျွန်မ ဘယ်တုန်းကမှ အတင်းအကျပ် မတွေးခဲ့ဖူးဘူး”

သူမအတွက် ကလဲ့စားချေခြင်း၏ အဆုံးစွန်သော ရည်ရွယ်ချက်က ကမ္ဘာကြီးအား လီမျိုးနွယ်၏ လက်ထဲသို့ ပြန်လည် ရယူရန် မဟုတ်ခဲ့ပေ။ တာ့လီပြည်ကို စတင် တည်ထောင်ချိန်မှစ၍ အာဏာရှိသူတိုင်းကလည်း အာဏာကို မက်မောတွယ်တာခဲ့ကြသူများ မဟုတ်ခဲ့ကြပေ။

“လဲ့ကျစ်...”

ဟော်တူက သူ၏ အမူအရာကို တည်တည်တံ့တံ့ ပြင်လိုက်ပြီး ပြန်မေးလိုက်သည်။

“မင်း ကမ္ဘာကြီးကို ဘယ်လို မြင်သလဲ”

'ကမ္ဘာကြီးလား...'

လဲ့ကျစ်က မျက်တောင်လေး ခတ်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“သဘာဝတရားအရဆိုရင်တော့ ကမ္ဘာကြီးဆိုတာ လူသားအားလုံး ပိုင်ဆိုင်တာပေါ့၊ အဲ့လိုဆိုမှတော့ ဒီပလ္လင်ကို ဘယ်သူကပဲ ယူယူ ဘာထူးခြားတော့မှာလဲ”

ဟော်တူက ခပ်ဖွဖွ ရယ်မောလိုက်သည်။

‘အရင်တုန်းက ဟော်ချန်ယွင်က အာဏာကို အလွန်အမင်း မက်မောခဲ့ပြီး ကမ္ဘာကြီးကို ဟော်မျိုးနွယ်စုရဲ့ ပိုင်နက်လို့ သတ်မှတ်ခဲ့တယ်။ အဲဒါက ကြီးမားလွန်းတဲ့ အမှားတစ်ခုပဲ။

သူကတော့ အမြင့်ဆုံး ရာထူးကို သိမ်းပိုက်မယ့်သူက မျိုးရိုးတူတဲ့သူ ဖြစ်နေဖို့ မလိုဘဲ ထိုက်တန်သူပဲ ဖြစ်သင့်တယ်လို့ ယူဆတယ်’

“ဒါပေမဲ့ ရှင် တိုင်းပြည်ကို ကောင်းကောင်း အုပ်ချုပ်နိုင်မယ်လို့ ကျွန်မ ထင်တယ်”

လဲ့ကျစ်က တိုးတိုးလေး ပြောလိုက်သည်။

ဟော်တူက သူ၏လက်ကို မြှောက်ကာ သူမ၏ ဦးခေါင်းကလေးကို ပွတ်သပ်ပေးလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် နူးညံ့သော အရောင်အဝါများ တဖြည်းဖြည်း တောက်ပလာပြီး ထပ်ပြောလိုက်သည်။

“ယုအာက... ပိုပြီး သင့်တော်ပါတယ်”

မျိုးရိုးမတူသူတစ်ဦးအား ထီးနန်းအပ်နှင်းလိုသည့် သူ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ တော်ဝင်မိသားစုများနှင့် မှူးမတ်များက ပေါ်ပေါ်ထင်ထင် မကန့်ကွက်ရဲကြသော်လည်း အားလုံးက ကွယ်ရာတွင် တီးတိုး ဝေဖန်နေကြသည်။ အားလုံးက သူ ရူးသွားပြီဟုပင် ထင်နေကြသည်။ အမျိုးသမီးတစ်ဦးအပေါ် ထားရှိသည့် အချစ်ကြောင့် ထီးနန်းကို အခြားသူတစ်ဦးထံ လွယ်လွယ်ကူကူ အပ်နှင်းလိုက်သည်ဟု ယူဆနေကြသည်။

သို့သော် တကယ်တမ်းတွင် ထိုသို့ မဟုတ်ချေ။ ဟော်တူက သေသေချာချာ စဉ်းစားချင့်ချိန်ပြီးမှသာ လဲ့ယုကို ထီးနန်းအပ်နှင်းရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။ လဲ့ကျစ် ပြောသလို သူကိုယ်တိုင်လည်း ကောင်းကောင်း အုပ်ချုပ်နိုင်သည်။ သို့သော်လည်း သူက အာဏာကို စိတ်မဝင်စားပေ။ သူ၏ ဘဝ ပထမ နှစ်နှစ်ဆယ်အတွင်း ဟော်ချန်ယွင်ကို ဖြုတ်ချရန်မှ လွဲပြီး သူ့စိတ်ထဲတွင် အခြားဘာမှ မရှိခဲ့ဖူးပေ။

ယခု သူ့ဘဝတစ်လျှောက်လုံးအတွက် အခြားသော အစီအစဉ်များ ရှိနေပြီ ဖြစ်သည်။ သူက သာမန်လူသားများကဲ့သို့ ပျော်ရွှင်မှုမျိုးကို သူမနှင့်အတူ မျှဝေခံစားရန် ဆန္ဒရှိနေခဲ့သည်။

ဟော်ရှန့်မှ လွဲပြီး ကျန်နေသည့် ဟော်မိသားစုဝင်များက တိုင်းပြည်အတွက် အသုံးမဝင်ကြပေ။ ဟော်ရှန့်၏ ရည်မှန်းချက်ကလည်း စစ်တပ်ထဲသို့ ဝင်ပြီး စစ်မှုထမ်းရန်သာ ဖြစ်သည်။ လွန်ခဲ့သည့် ရက်များအတွင်း သူက လဲ့ယုကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခဲ့ပြီး ယုအာက ငယ်ရွယ်သော်လည်း ဧကရာဇ်မင်းမြတ်၏ အရှိန်အဝါများ ထင်ရှားနေပြီ ဖြစ်ကြောင်း သူ တွေ့ရှိခဲ့ရသည်။ စူးစမ်းလိုစိတ်နှင့် စိတ်ကူးစိတ်သန်းများ ပြည့်နှက်နေသော လဲ့ယု၏ တွေးခေါ်ပုံက သာမန်ငါးနှစ်အရွယ် ကလေးတစ်ဦးနှင့် လုံးဝ မတူညီနေခဲ့ပေ။

လမ်းကြောင်းမှန်ကို ညွှန်ပြပေးနိုင်သရွေ့ လဲ့ယုက အနာဂတ်တွင် ထိုက်တန်သော ဘုရင်တစ်ပါး ဖြစ်လာပေလိမ့်မည်။

“ဒါပေမဲ့ ယုအာက အရမ်းငယ်ပါသေးတယ်”

လဲ့ကျစ်က သူ ဘာကို ရည်ရွယ်နေမှန်း သိသော်လည်း ယခုအချိန်တွင် သူမတို့နှစ်ဦး လိုချင်သည့်ဘဝအတွက် သူမ၏တူလေးကို ပစ်မထားရက်နိုင်ပေ။ ထို့ကြောင့် သူမက အနည်းငယ် ထပ်တောင်းဆိုလိုက်သည်။

“နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်ပြီး စောင့်ကြည့်ပေးရင် မကောင်းဘူးလား”

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟော်တူက ခေါင်းညိတ်ပြကာ ရယ်မောရင်း ပြန်ဖြေလိုက်သည်။

“ရတာပေါ့”

သူ သဘောတူလိုက်သည်ကို မြင်သည်နှင့် လဲ့ကျစ်၏ နှုတ်ခမ်းဖျား၌ အပြုံးတို့ ပွင့်လန်းသွားကာ သူ၏ အင်္ကျီလက်ဝကို ဆွဲရင်း အလောတကြီး မေးလိုက်သည်။

“ဒါဆို ရှင် ဘယ်တော့ နန်းတက်မှာလဲ”

“ဟက်...”

ဟော်တူ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးက ပိုပီပြင်လာကာ လဲကျစ်ကို စနောက်နေပြန်သည်။

“အင်း... ကိုယ့်ဇနီးလေးက ဧကရီဖြစ်ဖို့ တော်တော် စိတ်စောနေပုံရတယ်”

လဲ့ကျစ်က အံ့အားသင့်သွားပြီး သူ့ကို မျက်စောင်းခဲကာ လှည့်ထွက်သွားတော့သည်။ သူမ သူ့ကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သော်လည်း ရုတ်တရက်ဆိုသလို သူမ၏ လက်ကောက်ဝတ်ကို အဆုပ်ကိုင်ခံလိုက်ရသည်။ ထို့နောက် သူမ၏ ခြေထောက်များ လေထဲသို့ မြောက်တက်သွားကာ သူ့လက်မောင်းများထဲ၌ ပွေ့ချီခြင်း ခံလိုက်ရသည်။ လဲ့ကျစ်က လန့်ပြီး အော်ဟစ်ကာ မသိစိတ်ဖြင့် သူ၏ လည်ပင်းကို တင်းတင်းဖက်ထားလိုက်သည်။

ထိုစဉ် သူက သူမ၏ နှုတ်ခမ်းလေးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။ လဲ့ကျစ်က ရှက်ရွံ့သွားပြီး တိုးတိုးလေး ညည်းညူကာ ခေါင်းကို ပြန်လှည့်လိုက်သော်လည်း သူကတော့ ခပ်တိုးတိုး ဆက်ရယ်နေပြန်သည်။

“မင်းရဲ့ ဒေါသက တကယ်ကို တနေ့တခြား ပိုကြီးလာတာပဲ”

လဲ့ကျစ်ကလည်း အရှုံးမပေးဘဲ ပြန်ပြောလိုက်သည်။

“လူဆိုးတစ်ယောက်နဲ့ နီးနီးကပ်ကပ် နေရဖန်များရင် လူက ဆိုးလာတတ်တာပဲလေ”

“အဲဒါလည်း အဓိပ္ပာယ်ရှိသားပဲ”

ဟော်တူက သူမ၏ အနားသို့ တိုးကပ်လာပြီး ထပ်မေးလိုက်သည်။

“ဒါပေမယ့်... ဘယ်လောက်အထိ နီးနီးကပ်ကပ် နေရမှာလဲ”

သူ့စကားကြောင့် လဲ့ကျစ်က အံ့ဩလွန်းသဖြင့် နှုတ်ခမ်းလေး အနည်းငယ် ပွင့်ဟသွားရသည်။

‘ဒီလူက တကယ်ကို အရှက်ကင်းမဲ့လွန်းတယ်’

နောက်တစ်ခဏမှာပင် သူက သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်ရန် ခေါင်းငုံ့လာပြီး သူမ၏ အသက်ရှူသံများအားလုံးကို သိမ်းပိုက်လိုက်သည်။ ၎င်းက သူ၏ မေးခွန်းအတွက် အသံတိတ် အဖြေတစ်ခု ဖြစ်သည်။

........။........။......

လဲ့ကျစ် ဖျက်ခနဲ နိုးလာချိန်တွင် သူမ၏ ဘေးနားမှ လူက လက်ထောက်လျက် ထလာပြီး သူမကို ကြည့်ကာ ပြုံးပြနေသည်။ သူမ စိတ်တိုတိုဖြင့် သူ့ကို ဝေးဝေးသို့ တွန်းထုတ်လိုက်သည်။

“ဘာလဲ... ဝေးဝေးနေချင်လို့လား”

သူ့စကားကြောင့် သူမ၏ ခေါင်းထဲတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။ လဲ့ကျစ်၏ ပါးပြင်များက နီရဲလာပြီး သူမ၏ ခန္ဓာကိုယ်လေးကို စောင်ထဲသို့ ကျုံ့ဝင်အောင် လုပ်ထားလိုက်သည်။

အနီး..... အဝေး…

ပျက်စီးနေသော ဇာတ်ဝင်ခန်းများကို ပြန်လည် စုစည်းနေစဉ်အတွင်း သူ၏ ရယ်မောသံက သူမ၏ နားထဲသို့ ဝဲလည်နေဆဲပင်။ သူက သူမ၏ ဆံနွယ်များကို နမ်းရှိုက်ရင်း ပြောနေပြန်သည်။

“လူဆိုးနဲ့ နီးရင် လူက ဆိုးလာတတ်တယ်ဆိုတော့... ကိုယ်တို့က ဘယ်လောက်အထိတောင် နီးစပ်ဖို့ လိုဦးမှာလဲ”

'ဒီလူ... တကယ်ကို အရှက်မဲ့တာပဲ'

ထိုအမူအရာကို မြင်လိုက်ရချိန်တွင် ဟော်တူက သူမ၏ ဒေါသကို ချော့မြှော့သည့်အနေဖြင့် ပြုံးပြလိုက်ပြီး သူမကို စောင်ထဲမှ ဆွဲထုတ်လိုက်သည်။ သူက သူမ၏ ဆံပင်များကို နမ်းရှိုက်ရင်း ထပ်ပြောလာသည်။

“နန်းမတက်ခင်မှာ ကိုယ် မင်းကို တစ်နေရာရာကို ခေါ်သွားချင်တယ်”

လဲ့ကျစ်ကတော့ အလွန်အိပ်ငိုက်နေသဖြင့် ယောင်ဝါးဝါးဖြင့် အသံပြုကာ သူ့ခါးကို ဖက်လျက် တစ်ဖက်သို့ ပြန်လှည့်ပြီး ဆက်အိပ်မောကျသွားတော့သည်။

.......။......။........

ဟော်တူက သူမကို မြို့တော်အတွင်းရှိ တစ်နေရာရာသို့သာ ခေါ်ဆောင်သွားမည်ဟု လဲ့ကျစ် ထင်မှတ်ခဲ့သော်လည်း ရထားလုံးက မြို့တော်ပြင်ပသို့ ထွက်ခွာလာခဲ့သည်။ လှည်းအတွင်း၌ အဝတ်အစားနှင့် အသုံးအဆောင်များစွာ ရှိနေသည်ကို မြင်လိုက်ရမှသာ သူက သူမကို အဝေးတစ်နေရာသို့ ခေါ်ဆောင်သွားတော့မည်ဖြစ်ကြောင်း လဲ့ကျစ် သိလိုက်ရသည်။

သူတို့ တောင်ဘက်အရပ်သို့ တလျောက်လုံး ခရီးနှင်ခဲ့ကြသည်။ ညပေါင်းများစွာ လမ်းမထက်တွင် ပြေးလွှားနေခဲ့သော ရထားလုံးက ယခုအခါ ခရီးပန်းတိုင်သို့ နီးကပ်လာချေပြီ။

ရထားလုံး ပြတင်းပေါက်မှတစ်ဆင့် မြင်တွေ့နေရသော ရင်းနှီးလှသည့် ရှုခင်းများကို ကြည့်ရင်း သူ သူမကို ခေါ်ဆောင်လာသည့်နေရာက မည်သည့်နေရာဖြစ်သည်ကို လဲ့ကျစ် အတိအကျ သိရှိလာရသည်။ သို့သော်လည်း မိမိ၏ မွေးရပ်မြေဟောင်းသို့ ပြန်လည်ရောက်ရှိရခြင်းအပေါ် ရှုပ်ထွေးလှသော ခံစားချက်များကြောင့်လားမသိဘဲ ယခင်က ပျက်စီးယိုယွင်းနေခဲ့သည့် မြို့တော်၏ ပုံရိပ်ဆိုးများက သူမ၏ အာရုံထဲတွင် တစ်ဖန် ပြန်ပေါ်လာပြန်သည်။

လဲ့ကျစ်၏ စိတ်ထဲတွင် ရုတ်တရက် အနည်းငယ် ကြောက်လန့်သွားမိသည်။

'လီတိုင်းပြည်က အသက်ရှင်ကျန်ရစ်သူတွေရော... အခုအချိန်မှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြပါဦးမလား'

သူမ မွေးရပ်မြေသို့ ပြန်မလာချင်သည်မဟုတ်သော်လည်း ရင်ထဲမှ ကြောက်ရွံ့စိတ်များကြောင့် နောက်တွန့်နေမိပြီး ရှေ့ဆက်ရန်ပင် မဝံ့မရဲ ဖြစ်နေရှာသည်။ ဟော်တူက သူမ၏ ထိုစိတ်အခြေအနေကို သိရှိနားလည်သည့်အလား အားပေးနေသည်။

“မကြောက်ပါနဲ့...”

ဟော်တူက သူမ၏လက်ကို နူးညံ့စွာ ဆုပ်ကိုင်လိုက်ရင်း တိုးတိုးလေး ပြောလိုက်သည်။ သူ၏ အသံတွင် စွမ်းအားတစ်မျိုး ရှိနေသည့်အလား လဲ့ကျစ်၏ ရင်ထဲမှ ကြောက်ရွံ့မှုများ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသည်။

နောက်ဆုံးတွင် ရထားလုံးက မြို့တံခါးဝ၏ အပြင်ဘက်တွင် ရပ်တန့်သွားသည်။ လဲ့ကျစ်က ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး ယခင်နှင့်မတူဘဲ အသစ်တဖန် ခန့်ညားလာသော မြို့တံခါးရှိ “ဖန်းလီမြို့” ဟူသော စာလုံးသုံးလုံးကို ကြည့်ကာ မျက်လုံးအစုံလည်း ရုတ်တရက် နီရဲလာရသည်။

'ဒါ... တာ့လီရဲ့ မြို့တော်ဟောင်းပဲ။ ငါ တကယ် ပြန်ရောက်လာခဲ့ပြီ'

သူမ မြို့ထဲသို့ ဝင်ရန် တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရချိန်တွင် ဟော်တူက သူမ၏လက်ကို ဆွဲလျက် မြို့ထဲသို့ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

နွေးထွေးသော လေနုအေးများ တိုက်ခတ်နေပြီး ပန်းရနံ့များလည်း သင်းပျံ့မွှေးကြိုင်နေသည်။ မြို့အတွင်း၌ ဆူညံစည်ကားလျက် ရှိနေပြီး လမ်းဘေးစျေးသည်များဖြင့် စည်ကားနေသလို ခမ်းနားသော စျေးဆိုင်ကြီးများနှင့် ပျော်ရွှင်စွာ သွားလာနေကြသော စျေးဝယ်သူများကလည်း လူစုလူဝေးကြီးများ ဖြစ်နေစေသည်။

လဲ့ကျစ် အံ့အားသင့်လွန်းသဖြင့် သူမ၏ မျက်လုံးလေးများ မယုံနိုင်လောက်အောင် ပြူးကျယ်သွားရသည်။ လီယောင်က သူမ၏ စျေးဆိုင်များအတွက် ကုန်ပစ္စည်းများကို ဤမြို့မှ မှာယူခိုင်းခဲ့သည်ကို သိနေသဖြင့် မြို့သူမြို့သားများ အနည်းငယ် ပြေလည်သော ဘဝဖြင့် နေထိုင်နိုင်ကြလိမ့်မည်ဟု သူမ ထင်ခဲ့မိသည်။ သို့သော် ယခု မြင်တွေ့နေရသော မြင်ကွင်းက တာ့လီ မပျက်စီးမီက အခြေအနေနှင့် ဘာမှ မကွာခြားလှချေ။

'ဒါ... ဘယ်လိုဖြစ်ရတာလဲ'

သူမ အံ့ဩ၍ မဆုံးနိုင်သေးခင်မှာပင် လမ်းသွားလမ်းလာအချို့က သူမကို မှတ်မိသွားကြသည်။

“မင်းသမီးလေး... မဟုတ်လား”

“ဒါ မင်းသမီးလေးပဲ... တကယ်ကြီး ပြန်လာတာလား”

“မင်းသမီးလေး ပြန်ရောက်ပြီဟေ့...”

လူအများ လမ်းတွင် ရပ်တန့်ကာ သူမကို ဝိုင်းဝန်းကြည့်နေကြသည်ကို လဲ့ကျစ် တွေ့လိုက်ရသည်။ သူမ၏ အိပ်မက်ဆိုးများထဲကလို ဒေါသတကြီး အပြစ်တင်မည့်အစား သူတို့အားလုံးက နွေးထွေးသော အပြုံးများဖြင့် သူမကို ကြည့်နေကြသည်။

လဲ့ကျစ်က သူမ၏ မျက်ဝန်းများထဲတွင် ရစ်ဝဲနေသော မျက်ရည်စများကို ဖိနှိပ်ရင်း ခေါင်းကို အသာငုံ့ကာ ပြုံးလိုက်ပြီးမှ သူတို့ကို ပြန်ကြည့်လိုက်သည်။ တစ်ချိန်က တာ့လီတိုင်းပြည်၏ တော်ဝင်မိသားစုနှင့် တိုင်းသူပြည်သားများက မိသားစုတစ်ခုကဲ့သို့ ရင်းနှီးခဲ့ကြဖူးသည်။ ယခုအချိန်တွင်လည်း သူတို့အကြားရှိ ဆက်ဆံရေးက အုပ်ချုပ်သူနှင့် လက်အောက်ခံဟူသော အသွင်မျိုး မဟုတ်တော့ဘဲ ပြန်လည်ဆုံစည်းရသည့် မိသားစုဝင်များကဲ့သို့ နွေးထွေးနေသည်။

ရုတ်တရက် လူအုပ်ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ဒီနေ့ မင်းသမီးလေးရဲ့ မွေးနေ့ပဲ”

လဲ့ကျစ်ကတော့ အံ့အားသင့်ပြီးရင်း အံ့အားသင့်နေရသည်။ များပြားလှသော ကိစ္စရပ်များကြောင့် သူမ၏ မွေးနေ့ကို သူမ အချိန်အတော်ကြာ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ်ပင် ယနေ့က သူမ၏ မွေးနေ့ ဖြစ်နေလေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် သူမ၏ မွေးနေ့အတွက် တစ်ယောက်ပြီးတစ်ယောက် ဆုမွန်ကောင်းတောင်းပေးသံများ ဖုံးလွှမ်းသွားပြီး ကလေးမလေးတစ်ဦးက ခြောက်လပန်းလေးများကို သူမ၏ လက်ထဲသို့ လာထည့်ပေးနေသည်။

“မမမင်းသမီးလေး... မွေးနေ့မှာ ပျော်ရွှင်ပါစေရှင့်”

သူမ၏ ဆယ့်ခုနစ်နှစ်မြောက် မွေးနေ့က မထင်မှတ်ထားဘဲ အလွန်ထူးခြားပြီး နွေးထွေးလှသော အမှတ်တရများ ပြည့်နှက်နေခဲ့သည်။ လူစုကွဲသွားပြီးနောက် လဲ့ကျစ်က ဟော်တူ၏ လက်ကိုဆွဲကာ လမ်းအဆုံးအထိ အတူတူ လျှောက်လှမ်းခွင့်ပေးလိုက်သည်။

လဲ့ကျစ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး မေးလိုက်ပြန်သည်။

“ဒါတွေ အကုန်လုံးကို ရှင် ကြိုတင်ပြင်ဆင်ထားတာလား”

ဟော်တူက အပြုံးဖြင့် ပြန်ဖြေနေသည်။

“တချို့ကတော့ ဟုတ်တယ်... တစ်ချို့ကျတော့လည်း မဟုတ်ဘူး”

ဤဒေသရှိ ပြည်သူများ ပြန်လည်ရှင်သန် ထွန်းကားလာစေရန် တွန်းအားပေး အကောင်အထည် ဖော်ပေးခဲ့သည်က သူ၏ အစီအစဉ်ဖြစ်ခဲ့သော်လည်း ဒေသခံလူထု၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် ကြိုးစားမှုများကြောင့်လည်း ယခုကဲ့သို့ ပိုမိုကောင်းမွန်သော ဘဝများ ရရှိလာခြင်း ဖြစ်သည်။

“လဲ့ကျစ်... ဒီနေရာတင်မကဘူး၊ တခြားမြို့တွေလည်း အနာဂတ်မှာ အခုထက်ပိုပြီး အေးချမ်းသာယာ ပျော်ရွှင်လာကြမှာပါ”

လဲ့ကျစ်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာသည်။ သူမက ရှေ့သို့ လှမ်းကာ သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး သူကလည်း သူမကို ပြန်ထွေးပွေ့ပေးနေသည်။

“ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ... ကိုယ့်ရဲ့ မင်းသမီးလေး”

ဟော်တူက လဲ့ကျစ်ကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီး သူမ၏ နားနားသို့ တိုးကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။ လဲ့ကျစ်ကတော့ သူ့လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ကို မှီတွယ်ကာ စကားတစ်ခွန်း ပြန်ပြောလိုက်သည်။

“ကျွန်မ ရှင့်ကို ချစ်တယ်...”

ဟော်တူ၏ ခန္ဓာကိုယ်က ခဏတာမျှ တောင့်တင်းသွားပြီး သူ့ဦးနှောက်ကလည်း အလုပ်မလုပ်တော့ဘဲ မှင်သက်သွားရသည်။ သူ အလွန်ကြားချင်နေခဲ့သော စကားကို သူမက ဤမျှ တိုက်ရိုက်ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သိပ်မကြာခင်မှာပင် သူကလည်း သူမ၏ နားနားသို့ ချဉ်းကပ်ကာ ပြန်တုံ့ပြန်လိုက်သည်။

“ကိုယ်လည်း မင်းကို ချစ်တယ်”

........။..........။.........

နန်းတက်ပွဲနှင့် ဧကရီအပ်နှင်းခြင်း အခမ်းအနားကို တစ်နေ့တည်း ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။ လဲ့ကျစ်ကတော့ နွေဦးပန်းများ ဖူးပွင့်ပြီး နွေးထွေးသော နေရောင်ခြည် တောက်ပနေသည့် ဤနေ့ရက်ကို သူမ၏ ဘဝတစ်သက်တာလုံး အမှတ်ရနေတော့မည် ဖြစ်သည်။

ခမ်းနားလှသော ဖီးနစ်ရထားလုံးကြီးဖြင့် မြို့တော်အတွင်း သုံးကြိမ်တိုင်တိုင် လှည့်လည် အောင်ပွဲခံခဲ့ကြပြီး ဝမ်းသာအားရ ကြိုဆိုကြသော အသံများဖြင့်သာ ဝန်းရံနေသည်။ ရထားလုံးပေါ်တွင် ထိုင်နေသော လဲ့ကျစ်က သူမ၏ မင်္ဂလာပွဲကျင်းပခဲ့သည့် နေ့ကို ရုတ်တရက် သတိရမိသွားသည်။

အတိတ်ကာလက ရှိနေခဲ့ဖူးသော နာကြည်းမှု၊ မလိုလားမှု၊ မုန်းတီးမှုနှင့် ကြောက်ရွံ့မှုတို့က ယခုအချိန်တွင် လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ချေပြီ။

လဲ့ကျစ်၏ နှလုံးသားတစ်ခုလုံးတွင်လည်း နောင်အနာဂတ်အတွက် မျှော်လင့်ချက်အသစ်များ ပြည့်နှက်နေခဲ့သည်။

‘ကျွန်မဘဝရဲ့ ကျန်ရှိနေသေးတဲ့ အချိန်တွေအားလုံးကို သူနဲ့အတူ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်’

........။........။........

မြို့တော်လမ်း၏ အမှောင်ကျသော ထောင့်တစ်နေရာတွင် ရွှံ့နွံကဲ့သို့ မြေကြီးပေါ်၌ လဲလျောင်းနေသော သူတောင်းစားနှင့်တူသည့် လူတစ်ယောက် ရှိနေသည်။ ထိုသူက မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာ တွားသွားနေရင်း ဧကရီကို နောက်ဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့မြင်လိုစိတ် ပြင်းပြနေသည်။

‘တစ်ချက်လောက် ကြည့်ခွင့်ရရုံနဲ့ အဆင်ပြေပါတယ်’

သို့သော်လည်း...

“နောက်ဆုံးတော့ နင့်ကို တွေ့ပြီ”

ခြောက်ခြားဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသဖြင့် ဟော်ရှ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားရသည်။ သူ ခက်ခဲစွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ချိန်တွင် ရင်းနှီးလှသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

ကျန်းမန်.....

“မင်း... မင်း...”

သူ့ခြေထောက်များက အားအင်ချိနဲ့နေသောကြောင့် ရုတ်တရက် ကြောက်စိတ်များ စိုးမိုးသွားရသည်။ ကျန်းမန်၏ မျက်လုံးများထဲတွင်လည်း အမုန်းတရားများသာ ပြည့်နှက်နေသည်။ သူမက ဟော်ရှကို အပေါ်မှ ငုံ့ကြည့်နေကာ သူ၏ ဆံပင်များကို ဆွဲကိုင်မြှောက်လိုက်ပြီး အရူးသဖွယ် ရယ်မောနေလေသည်။

“ဟား ဟား ဟား... နင် မမျှော်လင့်ထားဘူးမလား၊ ငါ အဲ့ဒီငရဲခန်းကနေ လွတ်မြောက်လာပြီ... ဟား ဟား”

သူမ၏ ကျယ်လောင်လှသော ရယ်မောသံကြောင့် သူမ၏မျက်နှာတစ်ပြင်လုံးပင် တုန်ခါနေသည်။ ထို့နောက် သူမက သူမ၏ကိုယ်ပေါ်တွင် ဝှက်ထားသော ဓားမြှောင်ကို ထုတ်ကာ ဟော်ရှ၏ ကျောပြင်သို့ မဆိုင်းမတွ ထိုးစိုက်လိုက်သည်။

‘လျှို့ဝှက်ပြည့်တန်ဆာလုပ်ငန်းမှာ ငါ နေခဲ့ရတဲ့ လူမဆန်တဲ့ နေ့ရက်တွေ အားလုံးအတွက် သူ့ကို ကျေးဇူးတင်ရမယ်လေ။ အဲ့အတွက် သူသေရမယ်’

“အား”

ကျောရိုးဆစ်များ ကွဲအက်သွားသည့် နာကျင်မှုကြောင့် ဟော်ရှ အော်ဟစ်လိုက်သော်လည်း မကြာမီမှာပင် ထိုနာကျင်မှုများက ထုံကျဉ်သွားသည်။ ညစ်ပတ်နေသော မြေပြင်ပေါ်သို့ သူ၏ သွေးများ စီးကျသွားသည်ကို သူ ကြည့်နေမိသည်။ နောက်ဆုံးတွင် သူ အသက်ကို ခပ်မှိန်မှိန်သာ ရှူထုတ်လိုက်ရင်း အသိစိတ်အားလုံး လွတ်ထွက်သွားတော့သည်။

“မင်း ဘာလုပ်နေတာလဲ”

အဝေးမှ ကင်းလှည့်နေသော စစ်သည်များက တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိပြီး ကျန်းမန်ကို ဖမ်းဆီးရန် ပြေးလာကြသည်။ သို့သော် ရူးသွပ်လုနီးပါး ဖြစ်နေသော ထိုအမျိုးသမီးကတော့ မျက်ရည်များကြားမှ ရယ်မောနေဆဲဖြစ်ပြီး ကြောက်ရွံ့ခြင်း သို့မဟုတ် နောင်တရခြင်း အလျဉ်းမရှိခဲ့ပေ။

........။..........။........

နန်းတော်၏ မြင့်မားလှသော စင်မြင့်အောက်တွင် ဖီးနစ်ရထားလုံးကြီး ဆိုက်ရောက်ရပ်တန့်သွားသည်။

လီယောင်က လဲ့ကျစ်ကို ရထားလုံးပေါ်မှ ဆင်းရန် ကူညီပေးနေသည်။ လဲ့ကျစ်က သူမ မင်္ဂလာဆောင်သည့်နေ့က အခြေအနေများကို ပြန်လည်တွေးတောရင်း ပြုံး၍မဆုံးနိုင်အောင် ဖြစ်နေပြန်သည်။

‘အဲဒီတုန်းက တစ်စုံတစ်ယောက်က သူမနဲ့ မင်္ဂလာဆောင်တဲ့ပွဲကို လာဖို့ ငြင်းဆိုခဲ့တယ်လေ။’

ထိုအကြောင်းကို တွေးရင်း သူမက ပြုံးနေသော မျက်လုံးများဖြင့် မြင့်မားလှသည့် စင်မြင့်ထက်သို့ မော့ကြည့်လိုက်သည်။ သို့သော် ထူးဆန်းသည်မှာ စင်မြင့်ပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခြင်းပင်။

သို့သော် ရုတ်တရက်ဆိုသလို သူမ၏အနား၌ လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ လဲ့ကျစ် ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ဟော်တူက သူမကို အပြုံးဖြင့် ကြည့်နေမှန်း သိလိုက်ရသည်။

မင်းဆက်တိုင်းရှိ ဧကရီအပ်နှင်းခြင်း အခမ်းအနားများတွင် ဘုရင်မင်းမြတ်တို့က ဧကရီကြွလာသည်ကို စင်မြင့်ထက်မှသာ စောင့်ဆိုင်းနေလေ့ ရှိကြသည်။

သို့သော် ဟော်တူကတော့ မြင့်မားသော စင်မြင့်အောက်သို့ ဆင်းလာခဲ့ပြီး သူမ၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်လျက် စင်မြင့်ထက်သို့ အတူတူ လျှောက်လှမ်းခဲ့ကြသည်။ လှေကားအဆင့်များက များပြားလှသော်လည်း လဲ့ကျစ်ကတော့ နွေးထွေးသော လက်တစ်ဘက်၏ ဆုပ်ကိုင်မှုကို ရရှိထားပြီး လုံးဝ မကြောက်ရွံ့တော့ပေ။ သူ သူမကို အမြဲတမ်း ဤသို့ ဆုပ်ကိုင်ထားမည်ဟုလည်း သူမ ယုံကြည်နေသေးသည်။

စင်မြင့်အောက်တွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက တညီတညွတ်တည်း ဂုဏ်ပြုဆုမွန်ကောင်း တောင်းနေကြသော်လည်း စင်မြင့်ထက်မှ ဧကရာဇ်နှင့် ဧကရီတို့ကတော့ ထိုအရာများကို သိပ်ပြီး ဂရုမစိုက်ကြပေ။ သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြပြီး တစ်ဦး၏မျက်လုံးထဲတွင် အခြားတစ်ဦးကသာ တစ်ခုတည်းသော အလင်းရောင်အဖြစ် တည်ရှိနေကြသည်။

အခမ်းအနားပြီးဆုံးချိန်တွင် ကောင်းကင်တစ်ခုလုံး မှောင်မိုက်နေပြီဖြစ်သဖြင့် ဟော်တူက လဲ့ကျစ်ကို အနားယူစေချင်သော်လည်း လဲ့ကျစ်ကတော့ စိတ်လှုပ်ရှားစွာဖြင့် သူ့ကို နန်းတော်ပြင်ပရှိ ထိုက်ဇီအိမ်တော်သို့ ဆွဲခေါ်လာခဲ့သည်။ သူမ၏ စိတ်ထဲတွင် ယနေ့၌ မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

ဟော်တူက သူမနောက်သို့ လိုက်ပါလာခဲ့ပြီး ဖန်လုံအိမ်ရှေ့သို့ ရောက်မှသာ လဲ့ကျစ်က ခြေလှမ်းကို ရပ်လိုက်သည်။

“ကိုယ်တို့ ဒီကို ဘာလာလုပ်တာလဲ”

ဟော်တူက အံ့ဩတကြီး မေးလိုက်သည်။

“ဝင်ကြည့်လိုက်လေ”

လဲ့ကျစ်က သူ့ကို ဖန်လုံအိမ်တံခါးဝသို့ တွန်းပို့လိုက်သော်လည်း သူမကိုယ်တိုင်တော့ လိုက်မဝင်ခဲ့ပေ။ ဟော်တူက သံသယများဖြင့် ဖန်လုံအိမ်ထဲသို့ ဝင်သွားခဲ့ပြီး သူကိုယ်တိုင် စိုက်ပျိုးထားခဲ့သည့် ဘိန်းပန်းများအားလုံး၏နေရာတွင် နေကြာပန်းများ အစားထိုးစိုက်ပျိုးထားသည်ကို တွေ့လိုက်ရသည်။ နေကြာပန်းများက သူ့ကို ပြုံးပြနေသလို သူ့ဘက်သို့ လှည့်ကာ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်။

သူ နှုတ်ခမ်းကို တွန့်ကွေးလျက် ကြည်နူးစွာ ကြည့်နေမိသော်လည်း ပင်ကိုယ်သိစိတ်အရ ဤထက်ပိုသော အရာတစ်ခု ရှိနေသေးသလို ခံစားနေမိသည်။ ထို့ကြောင့် ဥယျာဉ်မှူး၏ စားပွဲနားသို့ လှမ်းကြည့်လိုက်ချိန်တွင် သူ မှင်သက်သွားရသည်။ ယခင်က တစ်ပိုင်းတစ်စဖြစ်နေသော ပန်းချီကားကို တစ်စုံတစ်ယောက်က လက်စသတ် ဆွဲထားပြီးချေပြီ။

ပန်းချီကားထဲရှိ လွှဲဒါန်းပေါ်တွင် လဲ့ကျစ်က ပျော်ရွှင်သော မျက်နှာထားဖြင့် ရှိနေပြီး သူမ၏အနားတွင် နောက်ထပ် လူတစ်ယောက် ရှိနေသည်။ ထိုလူက သူမကို နွေးထွေးစွာ ပွေ့ဖက်ထားပြီး ကြယ်များကို အတူတူ မော့ကြည့်နေကြသည်။ ထိုလူက အခြားသူမဟုတ်ဘဲ သူကိုယ်တိုင် ဖြစ်နေခဲ့သည်။

သူ့ရင်ထဲတွင် နွေးထွေးမှုများ ပြည့်လျှံနေသောကြောင့် ဟော်တူက ဖန်လုံအိမ်အတွင်းမှ ချက်ချင်း ပြန်ထွက်လာခဲ့သည်။ မီးရောင်များအောက်တွင် လဲ့ကျစ်က ထူးထူးခြားခြား နူးညံ့သိမ်မွေ့နေပုံရသည်။ ဟော်တူက သူမထံသို့ လျှောက်သွားပြီး သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။

လဲ့ကျစ်၏ မျက်ဝန်းနှင့် မျက်ခုံးတန်းလေးများတွင် တောက်ပသော အပြုံးရိပ်တို့ ပြည့်နှက်နေသည်။ သူမက သူ့ကို ပြန်လည်ပွေ့ဖက်ရင်း ညကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သို့သော် ယနေ့ညတွင် တိမ်ထုက အလွန်ထူထပ်လွန်းလှသဖြင့် လမင်းကို ကွယ်ထားသည်က အလွန်နှမြောစရာကောင်းနေလေသည်။

“ဒီည လမရှိဘူးပဲ...”

သူမက ဝမ်းနည်းမှုအနည်းငယ်ဖြင့် သက်ပြင်းချကာ ရေရွတ်လိုက်သည်။

သို့သော် ဟော်တူကတော့ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး လဲ့ကျစ်ကို အသာအယာ လွှတ်ပေးလိုက်သည်။ ထို့နောက် သူက သူမ၏ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် မြတ်နိုးစွာ ဆုပ်ကိုင်ပြီး နှုတ်ခမ်းချင်း နမ်းရှိုက်ရန် ခေါင်းငုံ့လိုက်သည်။ နှုတ်ခမ်းချင်း ထိကပ်သွားသော ခဏတွင် သူက တိုးတိုးလေး ပြောလာခဲ့သည်။

“ရှိတာပေါ့...”

‘ကောင်းကင်မှာ လမရှိလည်း ဘာမှ မဖြစ်ဘူးလေ.... ကြည်လင်တောက်ပတဲ့ လမင်းလေးက အခု သူ့ရင်ခွင်ထဲကို ရောက်ရှိနေပြီ မဟုတ်ဘူးလား’

*******END OF MAIN STORY*******

ကဲ... မင်္ဂလာပွဲကနေ စတင်ခဲ့တဲ့ အစ်ကိုတော်ဟော်တူနဲ့ ကျစ်ကျစ်တို့ရဲ့ ဇာတ်လမ်းလေး ဒုတိယ မင်္ဂလာပွဲဖြစ်တဲ့ ဧကရီအပ်နှင်းပွဲနဲ့ အဆုံးသတ်ခဲ့ပါပြီ....

နောက်မှာ အချိုလေး ၃ပိုင်း ကျန်နေသေးတယ်နော်....Let move to Extra 1,2,3....

All Chapters