အခန်း (၉၇-၉၉)
Vol. 9 Ch. 97-99
အခန်း ၉၇ (အချပ်ပို ၁) ပူရှိန်းသကြားလုံး ချိုချိုလေး
ဟော်တူ ထီးနန်းဆက်ခံပြီးနောက် တာ့ချီတိုင်းပြည်၏ အမည်ကို ‘တာ့ရှင်း’ ဟု ပြောင်းလဲခဲ့ကာ နန်းစံနှစ်အမည်ကိုလည်း ‘ရှင်းဟယ်’ ဟု သတ်မှတ်ခဲ့သည်။
ထိုအချိန်မှစ၍ တာ့ရှင်းပြည်ထောင်၏ သမိုင်းစာမျက်နှာသစ် စတင်ဖွင့်လှစ်ခဲ့သည်။ အတိတ်ကာလမှ ပြင်းထန်လှသော စစ်မီးတောက်များနှင့် တိုက်ပွဲအမျိုးမျိုးတို့လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ နန်းတော်ကလည်း အခွန်အတုတ်များကို လျှော့ချပေးကာ ပြည်သူ့အကျိုးကို ရှေးရှုပေးခဲ့သောကြောင့် တိုင်းသူပြည်သားများ အေးချမ်းသာယာစွာ နေထိုင်နိုင်ခဲ့ကြသည်။
ရှင်းဟယ် တတိယမြောက်နှစ်တွင် တာ့ရှင်းပြည်က အခြားတိုင်းပြည်သုံးခုနှင့် မဟာမိတ်ဖွဲ့ကာ ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ခဲ့သဖြင့် တိုင်းပြည် ပိုမိုအင်အားတောင့်တင်းကာ ကြွယ်ဝချမ်းသာလာသည်။ အိမ်နီးချင်းတိုင်းပြည်များကပင် မရပ်မနား ချီးကျူးဂုဏ်ပြုကြရပြီး အဝေးတစ်နေရာမှ လူမျိုးခြားများပင် လာရောက်ခြေချ နေထိုင်ကြသည်။
ထိုနှစ်မှာပင် လဲ့ယု ထီးနန်းဆက်ခံခဲ့သည်။ အသက် ရှစ်နှစ်အရွယ်သာ ရှိသေးသော်လည်း ငယ်ရွယ်နုပျိုသော ဧကရာဇ်အသစ်လေး၏ ထက်မြက်မှုက လူတိုင်းကို ဆွဲဆောင်ညှို့ယူနိုင်ခဲ့သည်။
ဤသည်မှာ တာ့ရှင်းမင်းဆက်၏ အထွန်းတောက်ဆုံး ကာလများဆီသို့ ဦးတည်ရာ အစပျိုးခြင်းပင် ဖြစ်လာလေသည်။
.......။......။.......
တောင်ဘက်အရပ်ရှိ ဖန်အန်းမြို့လေး...
တစ်နှစ်ပတ်လုံး နွေဦးရာသီကဲ့သို့ နွေးထွေးသော ရာသီဥတုရှိပြီး ပန်းမျိုးစုံ ဖူးပွင့်ကာ ငှက်ငယ်များ ရွှင်မြူးစွာ တေးဆိုနေတတ်သည့် ဤတောင်ပိုင်းမြို့ငယ်လေးက အလွန်အေးချမ်းရုံသာမက လှပသော ရိုးရာဓလေ့ထုံးစံများဖြင့် ပြည့်နှက်နေလေသည်။
ယခုအခါ ထိုမြို့ထဲတွင် ဆန်းသစ်လှပသည့် သကြားလုံးဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားသည်။ ထိုဆိုင်မှ ရောင်းချသော သကြားလုံးများက အရသာထူးကဲလှရုံတင်မကဘဲ မြင်ရသူတိုင်း ငေးလောက်အောင်လည်း လှပလွန်းသည်။ သကြားလုံးများကို ပုံသဏ္ဍာန်အမျိုးမျိုး ဖန်တီးထားသဖြင့် မြို့ထဲရှိ ကလေးငယ်များ ထိုဆိုင်ရှေ့မှ မခွာနိုင်ကြတော့ချေ။
သာမန်သကြားလုံးများဟု ထင်ပါက မှားပေလိမ့်မည်။ သကြားလုံးတွင် အသုံးပြုထားသော ပါဝင်ပစ္စည်းများက အလွန်ကောင်းမွန်သဖြင့် အများအပြား စားမိလျှင်ပင် သွားပိုးစားမည်ကို စိုးရိမ်စရာမလိုပေ။ ထိုအချက်ကြောင့်ပင် မိဘများက သူတို့ကလေးငယ်များအတွက် စိတ်ချလက်ချ ဝယ်ယူပေးနေကြခြင်း ဖြစ်သည်။
ဆိုင်တွင် အရောင်းရဆုံးကတော့ လန်းဆန်းအေးမြသည့် ‘ယိလဲ့’ အမှတ်တံဆိပ် ပူရှိန်းသကြားလုံး ဖြစ်သည်။
“ဒါလေးက တကယ်ကို စားကောင်းတာပဲ”
အမျိုးသမီးတစ်ဦးက စက္ကူဖြင့် သပ်ရပ်စွာ ထုပ်ပိုးထားသော သကြားလုံးများကို လှမ်းယူရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
“မင်းတို့ မသိလို့... ငါ့အိမ်က ကလေးက အရမ်းဆိုးတာ၊ ဒီဆိုင်က ပူရှိန်းကလွဲရင် တခြားဘာမှ မလိုချင်ဘူး၊ ဒီရက်ပိုင်း သူ ဆေးသောက်ဖို့ ငြင်းနေလို့ ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေတာ... တော်သေးတာပေါ့၊ ဒီနေ့ ဒီသကြားလုံးကို အချိန်မီ ဝယ်နိုင်ခဲ့လို့ပဲ”
“ကလေးက ကြိုက်တယ်ဆိုတော့လည်း ဝယ်ရကျိုးနပ်တာပေါ့ရှင်”
နူးညံ့သိမ်မွေ့သော အသံပိုင်ရှင်လေးက ပြန်လည်တုံ့ပြန်လိုက်သည်။
ထိုအမျိုးသမီး ထွက်သွားပြီးနောက် အခြားမိသားစုတစ်ခုကလည်း ကလေးနှင့်အတူ သကြားလုံးဝယ်ရန် ရောက်လာပြန်သည်။ သို့သော် ပူရှိန်းသကြားလုံးများ ကုန်သွားပြီဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ကလေးငယ်၏ မျက်ဝန်းအစုံက ချက်ချင်း နီမြန်းလာတော့သည်။
“ဝူး... ဝူး... သကြားလုံး စားချင်တယ်လို့... ဝူး...”
ကလေးငယ်က အသံကုန်ခြစ်ကာ ငိုနေပြီး မိဘများက မည်သို့ပင် ချော့မော့ပါစေ၊ လုံးဝ အသုံးမဝင်ဘဲ ပို၍ ငိုယိုနေလေသည်။
ထိုအချိန်တွင် ကျောက်စိမ်းဖြူရောင်ကဲ့သို့ ဝင်းပနေသော လက်တစ်ဖက်က သကြားလုံးသီတံတစ်ချောင်းကို ကမ်းပေးလာသည်။ ရေပြာရောင်ဝတ်စုံကို ဆင်မြန်းထားသော ထိုသူ၏ အသားအရေက နေရောင်အောက်တွင် ပိုတောက်ပဝင်းလက်နေပြီး ထိုသူ၏ဟန်ပန်က အလွန် နူးညံ့သိမ်မွေ့နေသည်။
ထိုသူ ပေးလာသည့် သကြားလုံးသီတံက သာမန်နှင့်မတူဘဲ ထူးခြားနေသည်။ အသီးအနှံမျိုးစုံကို ပျားရည်ဖြင့် လှပစွာ ဖုံးအုပ်ထားသဖြင့် ကလေးငယ်က ငိုနေသည်ကိုပင် မေ့သွားကာ တောက်ပသော မျက်လုံးများဖြင့် ငေးကြည့်နေလေသည်။
“ဒီနေ့ ဒါလေး စားကြည့်ရင်ရော...”
ကလေးငယ်က မျက်ရည်စများဖြင့် ခေါင်းငုံ့ထားရာမှ တိုးတိုးလေး ပြန်ပြောလာသည်။
“ဟုတ်ကဲ့”
ထို့နောက် သူက သကြားလုံးများကို ချက်ချင်း ယူပြီး ပါးစပ်ထဲ အားရပါးရ ထည့်ကာ ဝါးစားနေသည်။
ထိုအခြင်းအရာကို မြင်နေရသည့် ဘေးနားရှိ မိဘများက စိတ်သက်သာရာရစွာ ပြုံးလိုက်ကြပြီး ပြောနေကြသည်။
“ဆိုင်ရှင်လေးကို ကျေးဇူးတင်ပါတယ်ကွယ်၊ မဟုတ်ရင်တော့ ဒီကလေးကို ဘယ်လိုချော့ရမှန်းတောင် မသိတော့ဘူး”
“ဟုတ်ပါ့ရှင်... ဟုတ်ပါ့”
ကလေးအမေက သက်ပြင်းတစ်ချက်ချရင်း မေးလိုက်ပြန်သည်။
“မင်းရဲ့ သကြားလုံးဆိုင်က ဘာလို့ ဒီလောက်တောင် ရောင်းကောင်းနေရတာလဲ၊ ခဏလေးအတွင်းမှာတင် ကုန်သလောက် ဖြစ်နေပြီ၊ နည်းနည်းလေး နောက်ကျတာနဲ့ကို ဝယ်မရတော့ဘူး”
ဆိုင်ရှင်အမျိုးသမီးလေးက နှုတ်ခမ်းလေး ကွေးရုံမျှ ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
“ဒါဆိုရင်တော့ နောက်တစ်ခါ ကျွန်မ အများကြီး ပိုပြင်ဆင်ထားပေးပါ့မယ်ရှင်”
ထိုမိသားစုကို နှုတ်ဆက်ပြီးနောက် လဲ့ကျစ်က ဆိုင်ထဲတွင် ကျန်ရှိသည့် သကြားလုံးများကို စစ်ဆေးကြည့်ရင်း ကျေနပ်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ သူမ ဆိုင်ပိတ်ရန် ကောင်တာဆီသို့ ပြန်လာပြီး စာရင်းဇယား ရေးမှတ်ရန် အာရုံစိုက်နေသဖြင့် ဆိုင်ထဲသို့ အရိပ်တစ်ခု ဝင်လာသည်ကို သတိမထားမိလိုက်ချေ။
“ဒေါက်... ဒေါက်...”
သွယ်လျအေးစက်သည့် လက်ချောင်းဖြူဖြူတို့က ကောင်တာကို နှစ်ကြိမ်မျှ ခေါက်လိုက်ရင်း မေးလာခဲ့သည်။
“သခင်မလေး... မင်းဆီမှာ သကြားလုံး ကျန်သေးလား”
လဲ့ကျစ် မော့ကြည့်လိုက်ရာ သူမရှေ့တွင် မီးခိုးရောင်ဖျော့ဖျော့ ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ အင်္ကျီလက်ဝများတွင် ငွေချည်ဖြင့် ပန်းထိုးထားသော ဒီဇိုင်းများက ထင်ထင်ရှားရှား ရှိနေပြီး သူ၏ မက်မွန်ပွင့်ပုံ မျက်ဝန်းတစ်စုံက သူမကို အပြုံးဖြင့် စိုက်ကြည့်နေသည်။
“မရှိတော့ပါဘူးရှင့်”
လဲ့ကျစ်က တစ်ချက် တုန်လှုပ်သွားသော်လည်း အပြုံးဖြင့် ထပ်ပြောလိုက်သေးသည်။
“မနက်ဖြန်မှ ထပ်လာခဲ့ပါနော်”
“ဟက်...”
ဧည့်သည်ဖြစ်သူက သဘောကျသလို ရယ်မောလိုက်ပြီး ကောင်တာပေါ်သို့ အနည်းငယ် ငုံ့ကိုင်းလာကာ ပြောလာပြန်သည်။
“ကောင်းပြီလေ... မင်းဆီမှာ သကြားလုံး မရှိရင်လည်း ကိုယ်က ဆိုင်ရှင်မလေးကိုပဲ စားလိုက်တော့မယ်”
လဲ့ကျစ်က သူ့စကားများ ဆက်ထွက်မလာစေရန် ပါးစပ်ကို လက်ဖြင့် အမြန်လှမ်းပိတ်လိုက်သည်။ သူမ၏ ပါးပြင်နှစ်ဖက်က နီမြန်းလာပြီး နားရွက်ထိပ်လေးများပင် ပူနွေးလာရသည်။
'ဒီလူကတော့... နေ့ခင်းကြောင်တောင်ကြီးမှာတောင် အရှက်မရှိလိုက်တာ'
သူမ ထင်သည့်အတိုင်းပင် ထိုလူ၏ မက်မွန်ပွင့်ပုံ မျက်ဝန်းထဲမှ အရောင်များက ပိုနက်မှောင်လာကာ ပြုံးစိစိဖြင့် သူမကို ကြည့်နေခဲ့သည်။ ရုတ်တရက် သူ့ပါးစပ်ကို ပိတ်ထားသည့် သူမ၏ လက်ဖဝါးပေါ်တွင် စိုစွတ်စွတ် အထိအတွေ့တစ်ခု ခံစားလိုက်ရသည်။
သူက လျှာဖျားဖြင့် သူမလက်ကို တမင်သက်သက် ထိလိုက်ခြင်းပင်။
လဲ့ကျစ်က သူမလက်ကို အမြန်ပြန်ဆွဲလိုက်ပြီး မျက်လွှာချထားလိုက်သည်။ သူမ၏ မျက်နှာက ပို၍နီမြန်းပူထူလာရသည်။
ဤအခြေအနေကို မြင်နေရသည့် ဧည့်သည်က ပိုသဘောကျစွာ ရယ်မောရင်း ကောင်တာတစ်ဖက်သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ ထို့နောက် သူမ၏ နီရဲနေသော နားရွက်လေးကို အသာအယာ ဆွဲလိုက်ပြီး မေးလိုက်ပြန်သည်။
“ဘာလို့ ဒီလောက်တောင် ရှက်နေရသေးတာလဲ”
'အကြင်လင်မယားအဖြစ် ပေါင်းသင်းလာခဲ့တာ လေးနှစ်နီးပါး ရှိနေပြီ၊ ဒါပေမယ့် သူ့ဇနီးငယ်လေးက သူ့ရဲ့ နောက်ပြောင်မှုတွေကို မခံနိုင်သေးဘူး၊ စကားအနည်းငယ် ပြောလိုက်ရုံနဲ့ ရှက်သွေးဖြာနေတုန်းပဲ၊ တကယ်ပါပဲ... အရမ်းချစ်ဖို့ ကောင်းလွန်းတယ်'
“ရှင်ကတော့ အရမ်း စိတ်ရှုပ်ဖို့ကောင်းတာပဲ...”
လဲ့ကျစ်က စိတ်ဆိုးသယောင်ဖြင့် သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး စာရင်းများကိုသာ ဆက်ရေးမှတ်နေသည်။
'သူ့ကို လျစ်လျူရှုထားလိုက်တာပဲ ကောင်းမယ်...'
ဆိုင်ကလေးအတွင်း ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် ဧည့်သည်ဖြစ်သူက သူမကို လှောင်ပြောင်ကျီစယ်နေခြင်းကို ရပ်တန့်လိုက်သည်။ သူက သကြားလုံးသေတ္တာများရှိရာသို့ လျှောက်သွားပြီး သန့်ရှင်းရေးကူလုပ်ပေးနေသည်။ လဲ့ကျစ်က ဖြည်းညှင်းစွာ မော့ကြည့်လိုက်မိပြီး အလုပ်ရှုပ်နေသော သူ့ပုံစံက ဝန်းကျင်မှ အလင်းရောင်များကြားတွင် ထူးခြားစွာ တောက်ပနေသယောင် ထင်နေမိသည်။
သူ့ထံသို့ မျက်တောင်မခတ်တမ်း ငေးကြည့်နေမိရာမှ လဲ့ကျစ်က ပါးပြင်ပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းလိုက်ပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။
“ဟော်သမားတော်က ဒီနေ့ ဘာလို့ ဒီလောက်တောင် အားနေရတာလဲ”
မေးပြီးသည်နှင့် သူမ စိတ်ထဲ၌ တစ်မျိုး ဖြစ်သွားရပြန်သည်။
ယခုအချိန်တွင် ဟော်တူက မနီးမဝေးတွင် ဆေးခန်းဖွင့်ထားခဲ့သည်။ မြို့ငယ်လေးဖြစ်သဖြင့် ဖျားနာသူလည်း နည်းပါးလှပြီး သူ အလုပ်မရှုပ်သည်ကလည်း မဆန်းလှပေ။
သူမ၏အမေးကို ကြားလိုက်ရချိန်တွင် ဟော်တူက သူ့အလုပ်ကို ခေတ္တရပ်လိုက်ပြီး သူမအနီးသို့ ချက်ချင်း ရောက်ရှိလာသည်။ ထို့နောက် သူမ၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးရင်း အပြုံးဖြင့် ပြောလိုက်သည်။
“ကိုယ်က ကိုယ့်ရဲ့ အိမ်ရှင်မလေးကို လွမ်းနေလို့ပေါ့”
လဲ့ကျစ်က ပြုံးလိုက်ပြီး သူမ၏ဦးခေါင်းပေါ်ရှိ သူ၏လက်ကို ပြန်ဖမ်းကိုင်လိုက်သည်။
'ကျွန်မလည်း ရှင့်ကို လွမ်းနေတာပါ'
သူမ စိတ်ထဲမှ တိုးတိုးလေး ပြောလိုက်သည်။
“ဒါဆိုလည်း အိမ်ပြန်ကြမယ်လေ”
နှစ်ယောက်သား ဆိုင်ပိတ်လိုက်ကြပြီး အိမ်အပြန်လမ်းတွင် လက်ချင်းချိတ်ကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့ကြသည်။
“ရှင် ဒီည ဘာဟင်းချက်မှာလဲ”
လဲ့ကျစ်က သူ့လက်ကို ဆွဲခါရင်း မျက်တောင်လေးများ ပေကလပ် ပေကလပ်လုပ်ကာ မေးလိုက်သည်။ သူတို့နှစ်ဦး နန်းတော်မှ ထွက်ခွာပြီး ဤမြို့ငယ်လေးသို့ ရောက်ရှိလာကတည်းက ဟင်းချက်ရန် တာဝန်က ဟော်တူ၏ တာဝန်သာ ဖြစ်သည်။
အမှန်စင်စစ် သူက အရာရာကို အကောင်းဆုံး လုပ်ဆောင်နိုင်သူ ဖြစ်သည်။ လဲ့ကျစ် စဉ်းစားမိသည်က သူသာ သမားတော် မလုပ်ဖြစ်ခဲ့လျှင် နာမည်ကြီး စားသောက်ဆိုင်တစ်ခု၌ စားဖိုမှူးလုပ်လျှင်ပင် ရနိုင်လောက်သည်။ သူ၏ လက်ရာက ထင်ရှားသော စားဖိုမှူးကြီးများထက်ပင် သာလွန်နေသေးသည်။
“အိမ်ပြန်ရောက်ရင် သိရမှာပေါ့”
'ဟင်း... ငါ့ကို အသည်းယားအောင် တမင်လုပ်နေပြန်ပြီ'
လဲ့ကျစ်က နှာခေါင်းလေးရှုံ့ကာ မကျေနပ်သလို လုပ်ပြနေသော်လည်း သူမဘေးနားရှိ အမျိုးသား၏ မျက်ဝန်းထဲတွင် လင်းလက်သွားသော အပြုံးရိပ်ကိုတော့ သတိမထားမိလိုက်ချေ။
သူတို့နှစ်ဦးက ဤမြို့ငယ်လေးတွင် သာယာလှပသော ခြံဝင်းငယ်လေးတစ်ခုကို ဝယ်ယူနေထိုင်ခဲ့ကြသည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် မွှေးပျံ့လှသော ဟင်းချိုနံ့ကို လဲ့ကျစ် ရှူရှိုက်လိုက်ရသည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာသွားပြီး ထမင်းစားခန်းထဲသို့ အပြေးအလွှား သွားကာ ဟင်းအိုးအဖုံးကို ဖွင့်ကြည့်လိုက်သည်။
သူမ ခန့်မှန်းထားသည့်အတိုင်း သူမ အလွန်တရာ တောင့်တနေသော စွန်ပလွန်ဟင်းချိုပင် ဖြစ်သည်။ မြည်းအရေခွံမှရသော ကျောက်ကျော၊ နှင်းဆီပျားရည်နှင့် စွန်ပလွန်ခြောက်တို့ကို ရောချက်ထားသည့် ဟင်းချို ဖြစ်ပြီး ဤသည်က လဲ့ကျစ် အကြိုက်ဆုံးသော အာဟာရဖြည့် ဟင်းချိုတစ်မျိုး ဖြစ်သည်။
သို့သော်လည်း ဟော်တူက သူမ နေ့တိုင်း သကြားလုံး အများအပြား စားသည်ဟု ယူဆသဖြင့် ဤကဲ့သို့ ချိုမြိန်သော ဟင်းချိုကို ချက်ပေးခဲလှသည်။ သူမ၏ ဓမ္မတာစက်ဝန်း မတိုင်မီ တစ်လလျှင် တစ်ကြိမ်သာ လုပ်ပေးလေ့ရှိသည်။
ယနေ့က သူမ၏ ဓမ္မတာစက်ဝန်း ပြီးဆုံးသွားသည့် ဒုတိယမြောက်နေ့ ဖြစ်သဖြင့် သူက တမင်သက်သက် သူမ အံ့သြသွားအောင် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။
လဲ့ကျစ်က ဝမ်းသာအားရ ပြုံးလိုက်ရင်း တောင်းဆိုလိုက်သည်။
“ဟင်းချို သောက်တော့မယ်နော်”
လဲ့ကျစ် ဟင်းအိုးဖုံးကို လှမ်းအဖွင့်တွင် ဟော်တူက သူမလက်ထဲမှ အဖုံးကို ဆွဲယူကာ ဘေးသို့ ချလိုက်သည်။ ထို့နောက် သူမ၏လက်ကို ဆွဲယူကာ အနီးကပ် ကြည့်ပေးနေသည်။ ပူနွေးနေသော အိုးဖုံးကို ကိုင်လိုက်မိသဖြင့် သူမ၏ နုနယ်သော လက်ချောင်းထိပ်လေးနှစ်ခု နီရဲတက်လာသည်။
“သွားထိုင်နေတော့”
သူက မျက်မှောင်ကြုတ်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ ဟော်တူ၏ မျက်နှာ ရုတ်တရက် တင်းမာညိုမှောင်သွားရသည့် အကြောင်းရင်းကို လဲ့ကျစ် ကောင်းကောင်းသိနေသည်။
'သူ စိတ်ဆိုးသွားပြန်ပြီလား...'
သူမက မျက်လုံးလေး ကလည်ကလည်လုပ်ရင်း လက်ကို မြှောက်ကာ နီမြန်းနေသော လက်ချောင်းထိပ်လေးများကို သူ့နှုတ်ခမ်းဆီသို့ ဖိကပ်လိုက်သည်။
“ဒီလိုဆို မနာတော့ဘူးလေ... နော်”
ထိုစကားကို ပြောလိုက်သည်နှင့် သူမရှေ့မှ အမျိုးသား၏ မျက်ဝန်းအစုံက ရီဝေမှိုင်းညှို့သွားကာ လဲ့ကျစ်၏ ခါးသိမ်လေးကို ဆွဲဖက်လိုက်သည်။ သူမ၏ ကျောပြင်က အေးစက်နေသော စားပွဲစောင်းနှင့် ထိကပ်သွားချိန်တွင် လဲ့ကျစ်တစ်ကိုယ်လုံး တုန်လှုပ်သွားရသည်။ ရုတ်တရက် စိတ်ထဲတွင် တစ်စုံတစ်ခုကို မြင်ယောင်လာမိပြီး မျက်နှာတစ်ခုလုံး ပူထူနီမြန်းလာရသည်။
“ဟင်းချို မသောက်ချင်တော့ဘူးလား... ဟမ်...”
ဟော်တူက သူမ၏ လည်ပင်းနားသို့ တိုးကပ်မှီတွယ်ရင်း တိုးတိုးလေး မေးလိုက်သည်။ လဲ့ကျစ်က စိတ်ထဲမှ နောင်တရသလို ခံစားလိုက်ရပြီး သူ့ကို တွန်းထုတ်ရန် လက်ကို အားယူလိုက်မိသည်။
“ကျွန်မ... ကျွန်မ မှားပါတယ်”
သူမက အသံတုန်တုန်လေးဖြင့် ဝန်ခံလိုက်သည်။
လွန်ခဲ့သည့်ရက်များက သူ၏ ခံနိုင်ရည်နှင့် အားအင်ကို သူမ ကောင်းကောင်းကြီး သိထားပြီးဖြစ်ကာ ယခုလိုမျိုး သူ့ကို သွားဆွပေးမိသည်က အမှန်တကယ် မိုက်မဲရာကျလှသည်။ ထိုအပြင် သူမ အမှန်တကယ် ဗိုက်ဆာနေပြီ ဖြစ်ကာ အကယ်၍ သူနှင့် တစ်ခန်းရပ် နပန်းလုံးနေရဦးမည်ဆိုလျှင် သူမ လမ်းတစ်ဝက်၌ မေ့မျောသွားနိုင်သည်။
'ဟက်! ဘာတွေ လမ်းတစ်ဝက်မှာ မူးလဲမှာလဲ... ငါတော့ တကယ်ကို သူ့ကြောင့် အတွေးတွေ ပျက်စီးကုန်ပြီ'
ရုတ်တရက်ပင် ဟော်တူက သူမ၏ခါးကို လွှတ်ပေးလိုက်ပြီး ထမင်းစားပွဲတွင် အသာတကြည် ထိုင်ခိုင်းသည်။ ထို့နောက် ဟင်းချိုခပ်ရန် ပြန်လှည့်သွားသည်။
'ဟင်... ဒါက ဘယ်လိုဖြစ်တာလဲ။ ဒီအတိုင်း လွှတ်ပေးလိုက်တာလား။ သူနဲ့ လုံးဝ မတူဘူးပဲ'
လဲ့ကျစ်က ထိုအကြောင်းကို တွေးလေလေ ထူးဆန်းလေလေ ဖြစ်နေရှာသည်။ သူမ အလွန်ကြိုက်သည့် ချိုမြိန်သော ဟင်းချိုရနံ့ကပင် သူမအတွက် ဆွဲဆောင်မှု မရှိတော့သလို ဖြစ်နေခဲ့သည်။ သူမက ဟင်းချိုကို မော့သောက်နေရင်းမှ ဘေးနားရှိ အမျိုးသားကို မကြည့်ဘဲ မနေနိုင်တော့ပေ။
“ဘာလဲ... ကြာကြာ မသောက်ချင်တော့ဘူးလား”
ဟော်တူက စိတ်မရှည်သလို ဖြစ်နေသော သူမကို ကြည့်ကာ ရယ်မောလိုက်သည်။
“မင်း ကြာကြာ မသောက်ချင်ဘူးဆိုရင်တော့...”
သူ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို လဲ့ကျစ် ရိပ်မိသွားပြီး နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ကာ ဆက်မသောက်တော့ချေ။
'လူဆိုးနဲ့ နီးစပ်ရင် လူဆိုးပဲ ဖြစ်တတ်တယ်' ဆိုတဲ့အတိုင်းပဲ၊ အခုတော့ ငါလည်း သူ့လိုပဲ အတွေးဆိုးတွေ ဝင်ကုန်ပြီ။’
“ကဲပါ... ပါးစပ်ဟ”
ဟော်တူက ဟင်းချိုပန်းကန်ကို ယူကာ တစ်ဇွန်းချင်း ခပ်ပြီး သူမ၏ပါးစပ်နားသို့ ကမ်းပေးလာသည်။
“နည်းနည်းလောက် ထပ်သောက်ဦးနော်”
သူ့အသံက အလွန်ကြည်လင်နေပြီး ချိုသာသော အရိပ်အမြွက်များ ဝေဆာနေသည်။ ထိုအသံ၏ ဆွဲဆောင်မှုနောက်သို့ ပါသွားသော လဲ့ကျစ်ကလည်း ပါးစပ်လေး ဟကာ သူခွံ့သမျှကို နာခံစွာဖြင့် သောက်နေမိသည်။
နွေရာသီ၏ ညချမ်းအချိန် ဖြစ်သော်လည်း ပုစဉ်းရင်ကွဲများ၏ တေးဆိုသံက ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေဆဲပင်။ နှစ်ယောက်သား ရေမိုးချိုး သန့်စင်ပြီးနောက် ညဝတ်အင်္ကျီကိုယ်စီဖြင့် ကြယ်ကြည့်ရန် ခြံဝင်းထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့ကြသည်။
“ဟေး...”
ခြံဝင်းထဲတွင် အသင့်ရှိနေသော လွှဲဒါန်းတစ်ခုကို ရုတ်တရက် တွေ့လိုက်ရသဖြင့် လဲ့ကျစ်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။
“ရှင်... ဒါကို ဘယ်တုန်းက လုပ်ထားလိုက်တာလဲ”
လွှဲဒါန်းလေးက အလွန်လှပသည်။ မဟော်ဂနီရောင် သစ်သားဖြင့် ပြုလုပ်ထားပြီး အပေါ်တွင် နူးညံ့သော သိုးမွှေးစောင်နှင့် ခေါင်းအုံးနှစ်လုံးကို အဆင်သင့် တင်ထားပေးသည်။
ဟော်တူက သူမ၏ခါးကို အနောက်မှ သိုင်းဖက်လိုက်ပြီး သူ၏နွေးထွေးသော နှုတ်ခမ်းလွှာကို သူမ၏ နားရွက်ဖျားဆီသို့ ဖိကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
“ကြိုက်လား...”
“အင်း... ကြိုက်တာပေါ့”
သူမ ပြန်ဖြေလိုက်သည်နှင့် ဟော်တူက သူမကို ပွေ့ဖက်ကာ လွှဲဒါန်းပေါ်တွင် အတူတူ ဝင်ထိုင်လိုက်သည်။ သူက သူ၏အတွင်းအားကို အသုံးပြုပြီး ဒါန်းလေးကို လေထဲတွင် လွှဲယမ်းနေသည်။
နွေည၏ လေပြည်များက ပူနွေးနေသော်လည်း သူမ၏ ပါးပြင်ကို တိုက်ခတ်လာချိန်တွင် လဲ့ကျစ်၏ နှလုံးသားကိုပင် နွေးထွေးသွားစေသည်။ အချိန်အတော်ကြာအောင် ဒါန်းစီးပြီးနောက် လဲ့ကျစ်၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်။
“ဒီလောက် ပူပြင်းတဲ့နေ့တွေမှာ ရှင်က ဘာလို့ လွှဲဒါန်းပေါ်မှာ သိုးမွှေးစောင်ကြီး တင်ထားတာလဲ”
သူမက စိတ်ရှုပ်ထွေးဟန်ဖြင့် ရေရွတ်နေပြန်သည်။
“မင်း ပူနေလို့လား...”
သူ့ထံမှ ထွက်ပေါ်လာသော သင်းပျံ့သည့် ရနံ့နှင့် နွေးထွေးသော အသက်ရှူသံများက သူမကို စွဲဆောင်နေပြန်သည်။ လဲ့ကျစ်၏ ပခုံးလေးများ အနည်းငယ် တုန်ခါသွားပြီး သူမက လှည့်ပြောလိုက်သည်။
“ခဏရပ်လိုက်ဦး၊ ပြီးတော့ ဒီသိုးမွှေးစောင်ကို ဖယ်လိုက်လေ”
'ရပ်ရမှာလား... ရပ်လို့ ဘယ်ဖြစ်ပါ့မလဲ'
ဟော်တူ၏ နှုတ်ခမ်းများပေါ်တွင် နူးညံ့သော အပြုံးများ ပြည့်လျှံလာပြီး ချော့မော့လိုက်သည်။
“ခဏနေရင် ပိုအေးလာတော့မှာ”
လဲ့ကျစ် ပို၍ ဇဝေဇဝါ ဖြစ်သွားရသည်။
'ဒီလောက် ပူလောင်နေတဲ့ နွေရာသီမှာ ဘယ်လိုလုပ်ပြီး အေးလာနိုင်မှာလဲ'
သို့သော် သူမ၏ ခါးဝတ်ကြိုးကို အဖြုတ်ခံလိုက်ရပြီး ဝတ်စုံလေး ဖြည်လျှော့ခြင်း ခံလိုက်ရသည့် အချိန်တွင် လဲ့ကျစ်၏ မျက်လုံးများ လှုပ်ရှားသွားကာ နှလုံးခုန်သံများလည်း ကျယ်လောင်သွားရသည်။ သူမက သူမ၏ရင်ဘတ်လေးကို တင်းတင်းကျပ်ကျပ် ဖိကိုင်ထားရင်း အနားရှိ အမျိုးသားကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများကတော့ အေးအေးဆေးဆေးပင် ရှိနေသေးသည်။
သူ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေချေပြီ။
“ရှင်... ရှင်... ဒါကို စဉ်းတောင်မစဉ်းစားနဲ့နော်”
ဟော်တူက ရုတ်တရက် သူမ၏ခါးကို အားဖြင့် ဖက်လိုက်ပြီး သူ့ပေါင်ပေါ်သို့ ခွထိုင်စေလိုက်သည်။ သူက အေးဆေးစွာ ပြုံးနေရင်း မေးလာပြန်သည်။
“စောင့်ကြည့်လေ... ကိုယ် ဘာတွေ တွေးနေမယ်လို့ မင်း ထင်နေတာလဲ”
လဲ့ကျစ် သူ့ပေါင်ပေါ်တွင် သေသေချာချာ ထိုင်လိုက်မိသည်နှင့် သူမ၏ ခြေထောက်များက တစ်စုံတစ်ခုနှင့် ထိတွေ့မိကာ ရွစိရွစိ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ သူမ၏ အရေပြားတစ်ခုလုံး ထုံကျင်သွားသယောင် ခံစားနေရပြီး လွှဲဒါန်းကတော့ ရပ်တန့်ရန် အစီအစဉ်မရှိဘဲ ဆက်လက် လွှဲနေဆဲပင်။
“ရပ်... ရပ်လိုက်တော့!”
လဲ့ကျစ်က ထိတ်လန့်တကြားဖြင့် သူ့အဝတ်အစားများကို အမှတ်တမဲ့ လှမ်းဆွဲထားမိသည်။
'ဒီအရူးကောင်... တကယ်ပဲ ဒါန်းပေါ်မှာ လုပ်တော့မှာလား'
'ဘယ်လိုတောင် ရူးသွပ်လိုက်တာလဲ... ခြံဝင်းထဲမှာတင်... လွှဲဒါန်းပေါ်မှာကြီးလား...'
လဲ့ကျစ်တစ်ယောက် အံ့ဩလွန်း၍ စကားလုံးပင် မထွက်နိုင်တော့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဟော်တူကတော့ သူမ၏ ကျောပြင်ကို လက်ဖဝါးဖြင့် ခိုင်မြဲစွာ အုပ်ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ရောက်လာအောင် ဆွဲဖက်လိုက်သည်။ သူက တခစ်ခစ် ရယ်မောရင်း ကျီစယ်နေသေးသည်။
“စမ်းကြည့်ရအောင်လေ...”
လဲ့ကျစ်၏ မျက်နှာလေးက ခရမ်းချဉ်သီးကဲ့သို့ နီရဲတွတ်နေပြီး သူမက သူနှင့် အနည်းငယ် ဝေးကွာသွားစေရန် သူ့ပခုံးကို တွန်းထုတ်လိုက်သည်။ သူ့အင်္ကျီရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း ခေါင်းကို အတွင်တွင် ခါယမ်းနေသည်။
“ဟင့်အင်း... မစမ်းဘူး”
လဲ့ကျစ် အားအလွန်အကျွံသုံးကာ တွန်းထုတ်လိုက်မိသဖြင့် သူ့အင်္ကျီရင်ဘတ်ကို ဆွဲဖယ်လိုက်သလို ဖြစ်သွားပြီး ဟော်တူ၏ ရင်အုပ်ကို ပေါ်သွားစေသည်။ ဤသည်ကို မြင်လိုက်ရချိန်တွင် ဟော်တူက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ထပ်ပြုံးလိုက်ကာ သူမကို တင်းတင်းကျပ်ကျပ် ဖက်နမ်းလိုက်သည်။
သူတို့နှစ်ဦး၏ အသက်ရှူသံများ ရောယှက်နေစဉ် သူက တမင်တကာ ကျီစယ်လိုက်ပြန်သည်။
“မင်းက အရမ်းကို စိတ်မရှည်ဖြစ်နေတာပဲ... အဲ့ဒါကို ဘာလို့ ဟန်ဆောင်ပြီး ငြင်းနေသေးတာလဲ”
လဲ့ကျစ်၏ နှုတ်ခမ်းလွှာများက သူ့အနမ်းများအောက်၌ ဖုံးအုပ်ခံထားရပြီး သူမ ငြင်းဆန်လိုလျှင်ပင် စကားလုံးများက လည်ချောင်းဝတွင်သာ တစ်နေရတော့သည်။ သူမ၏ ညဝတ်ဝတ်စုံလေးက ခါးအထိ တွန်းတင်ခံလိုက်ရသဖြင့် အေးမြသော ခံစားချက်ကို ခံစားလိုက်ရသည်။ သူမ စိတ်ရှုပ်ထွေးကာ တုန်လှုပ်နေမိသော်လည်း လွှဲဒါန်းက လှုပ်နေသဖြင့် အာရုံမပြန့်နိုင်တော့ဘဲ သူမရှေ့မှ လူကိုသာ အားကိုးတကြီး ဆုပ်ကိုင်ထားမိသည်။
“မကြောက်နဲ့နော်... စိတ်ကို လျှော့ထား...”
ဟော်တူက သူမ၏ လည်ပင်းသားလေးများကို နမ်းရှုံ့ရင်း တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။ လွှဲဒါန်းက အပေါ်အောက် စည်းချက်ကျကျ ရွေ့လျားနေသည်နှင့်အမျှ လဲ့ကျစ်၏ မျက်လုံးထောင့်လေးများလည်း ပိုနီရဲလာသည်။ သူမက နှုတ်ခမ်းကို တင်းတင်းကိုက်ထားသော်လည်း ညည်းညူသံတချို့ကတော့ မလွဲမသွေ လွတ်ထွက်သွားရသည်။ သူမ စိတ်ကျေနပ်သွားချိန်တွင် သူမ၏ ခန္ဓာကိုယ်လေး တုန်ယင်သွားကာ တရားခံ၏ ပခုံးကို ကိုက်ရန် ခေါင်းငုံချလိုက်သည်။
အရာအားလုံး ပြီးဆုံးသွားချိန်တွင် ဟော်တူက ပင်ပန်းနွမ်းနယ်နေသော ဇနီးငယ်လေးကို သိုးမွှေးစောင်ဖြင့် သေချာပတ်ကာ အိပ်ခန်းထဲသို့ ပြန်ပွေ့ချီသွားခဲ့သည်။ သိုးမွှေးစောင်က ယခုထိ အသုံးဝင်နေဆဲပင်။
.........။..........။........
နောက်တစ်နေ့ ညနေစောင်းအချိန်...
မိသားစုတစ်စုက သကြားလုံးဝယ်ရန် ဆိုင်သို့ ရောက်လာပြန်သည်။ ယနေ့တွင် ‘ယိလဲ့’ ပူရှိန်းသကြားလုံးများ အလုံအလောက် ရှိနေသဖြင့် ကလေးငယ်က သကြားလုံးရသည်နှင့် ပျော်ရွှင်စွာ ရယ်မောနေသည်။
“မမလှလှလေး... ဘာလို့ မျက်လုံးတွေက ညိုမဲနေတာလဲဟင်”
ကောင်လေးက လဲ့ကျစ်၏ မျက်လုံးများကို စူးစူးစိုက်စိုက် ကြည့်ရင်း လက်ညှိုးထိုးကာ မေးလိုက်သည်။
“အော်... သိပြီ! မမလည်း ကျွန်တော့်လိုပဲ ဖြစ်မှာပဲ၊ မမ ညက ကောင်းကောင်းမအိပ်ရဘူး မဟုတ်လား”
ထိုကလေးငယ်က ညဘက်တွင် မိဘများနှင့်အတူ အိပ်စက်ရသော်လည်း ဆော့ကစားရန် ခိုးထွက်လေ့ရှိသဖြင့် နောက်တစ်နေ့တွင် မျက်ကွင်းညိုလေ့ရှိသည်။
လဲ့ကျစ်က အံ့အားသင့်သွားပြီး မျက်နှာလေး နီရဲတက်လာရသည်။ သူမ ကောင်းကောင်း မအိပ်စက်နိုင်ခဲ့သည်မှာ မှန်သော်လည်း ဆော့ကစားနေ၍ မဟုတ်ဘဲ လူဆိုးတစ်ယောက်က သူမကို အိပ်ခွင့်မပေးသောကြောင့် ဖြစ်သည်။
'လူဆိုးကောင်ကြီး'
“ရှောင်ကျန်... မမက မင်းလို မဆိုးပါဘူးကွယ်” ဟု ကလေးအမေက ပြုံးကာ ကလေး၏နဖူးကို အသာအယာ ပုတ်လိုက်လေသည်။
“အိုး...”
ရှောင်ကျန်လေးက ခဏမျှ စဉ်းစားနေပြီးနောက် သူ့အမေ၏ စကားများက အဓိပ္ပာယ်ရှိလှသည်ဟု ခံစားလိုက်ရသည်။
'ဟုတ်သားပဲ... ဒီမမက အရမ်းတော်တာလေ'
ထိုအကြောင်းကို တွေးမိသည်နှင့် သူ၏မျက်လုံးလေးများ တောက်ပလာသည်။
“မမ... မကြာသေးခင်က မြို့ပြင်မှာ လွှဲဒါန်းတွေ လုပ်ထားတယ်ဗျ၊ ကျွန်တော်တို့ အတူတူ သွားကစားကြမလားဟင်”
‘လွှဲဒါန်း’ ဟူသော စကားလုံးကို ကြားလိုက်ရုံမျှဖြင့် လဲ့ကျစ်၏ ခြေထောက်များ မသိစိတ်ကြောင့် အားနည်းသွားရကာ စားပွဲကိုပင် ဝင်တိုက်မိလုနီးပါး ဖြစ်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် ကလေးအမေက လဲ့ကျစ်ကို လက်တစ်ဖက်ဖြင့် လှမ်းထိန်းပေးလိုက်သည်။
“ပင်ပန်းနေပြီလား၊ မင်းရဲ့ဆိုင်က ရောင်းကောင်းလွန်းတော့ တစ်ယောက်တည်းလုပ်ရတာ မလွယ်ဘူးလေ၊ ဟိုနေ့က သမားတော်ဟော်ကိုတောင် တွေ့လိုက်သေးတယ်၊ သူ့ကို အကူအညီတောင်းပေါ့”
“အဲ့ဒါက မှန်တယ်”
ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း၏ အကြည့်များက ဆိုင်တံခါးဝဆီသို့ တစ်ပြိုင်နက် ရောက်ရှိသွားသည်။ ဟော်တူက ပြုံးရွှင်သော မျက်နှာဖြင့် ဆိုင်ထဲသို့ ဝင်လာသည်။
“သခင်မလျန် ပြောတာ မှန်တယ်၊ ဒါက ကျွန်တော့်ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့မှုကြောင့်ပါပဲ”
ကလေးအမေက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ရှင် သိတာ ကောင်းတာပေါ့၊ အလုပ်သမားတစ်ယောက်လောက် အမြန်ရှာငှားလိုက်ပါဦး သမားတော်ဟော်ရယ်”
ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ထိုအမျိုးသမီးက ကလေးကိုချီကာ နှုတ်ဆက်ပြီး ပြန်သွားသည်။ တံခါးဝသို့ ရောက်သည့်တိုင် ကလေးငယ်က မိခင်ဖြစ်သူ၏ ပခုံးကို မှီထားရင်း လှမ်းအော်ပြောနေသေးသည်။
“မမ... အတူတူ ကစားရအောင်နော်၊ လွှဲဒါန်းက တကယ် ပျော်စရာကောင်းတာဗျ”
“ဟောဒီ ငတုံးလေးကတော့... မမက ကစားချင်ရင် သူ့အမျိုးသားနဲ့ သူ ကစားမှာပေါ့ကွယ်...”
သားအမိနှစ်ယောက်၏ စကားသံများက တဖြည်းဖြည်းနှင့် ဝေးကွာသွားသော်လည်း လဲ့ကျစ်ကတော့ ‘လွှဲဒါန်း’ အကြောင်း ပြောနေကြသည်ကို သိသဖြင့် အပြစ်ရှိသော စိတ်ကြောင့် မျက်နှာလေး နီရဲတွတ်နေသည်။ သူမက ဘေးတွင် ချထားသော လက်များကို အင်္ကျီလက်ဝထဲသို့ အမြန်ထည့်ကာ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
ထိုအချိန်တွင် ဘေးနားရှိ အမျိုးသားက အပြုံးဖြင့် သူမ၏ ပခုံးကို ဖက်ကာ အနားသို့ တိုးကပ်လာသည်။ ထို့နောက် စိတ်အားထက်သန်သည့် ဟန်ပန်ဖြင့် တိုးတိုးလေး မေးလာခဲ့သည်။
“သခင်မလေး... မင်းက လွှဲဒါန်း သွားစီးချင်သေးတာလား”
........။.......။........
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ကျစ်ကျစ် : “သားရဲကောင်ကြီး”
ဟော်တူ : “ဟင်... မကြိုက်ဘူးလား၊ မင်း ပျော်နေတာ အသိသာကြီးကို....”
ကျစ်ကျစ် : “တော်လိုက်တော့.....”
အခန်း ၉၈ (အချပ်ပို ၂) သက်တံသကြားလုံး
လဲ့ကျစ်က သူမ၏လက်ကို မြှောက်လိုက်ပြီး ဟော်တူ၏ပါးစပ်ကို အတင်းဖိပိတ်ကာ ရန်တွေ့လိုက်သည်။
“ဟော်တူ... ရှင်ကတော့ တကယ့်ကို သားရဲကောင်ပဲ”
သူက အပြင်ပန်းတွင် အေးစက်တည်ငြိမ်ပြီး လူသားတို့ထက် သာလွန်သော မသေမျိုးအသွင်သဏ္ဍာန် ရှိနေသည်မှာ သိသာလှသော်လည်း နောက်တစ်ဖက်ခြမ်းတွင်တော့ ယခုကဲ့သို့ စနောက်ကျီစယ်တတ်သော အကျင့်များ ရှိနေခဲ့သည်။
'တကယ်ပါပဲ... အရမ်းကို ရိုင်းစိုင်းလွန်းတယ်'
“ရှင့်ပါးစပ်ကို ကျွန်မ အပ်နဲ့ချုပ်ရတော့မှာလား”
“အပ်နဲ့ချုပ်မှာလား...”
ဟော်တူက လဲ့ကျစ်၏ နီမြန်းပူနွေးနေသော ပါးပြင်ကို အသာအယာ ငုံ့ကိုက်လိုက်ပြီး နားရွက်နားသို့ တိုးကာ တိုးတိုးလေး ပြောလာပြန်သည်။
“ရှင်”
လဲ့ကျစ်၏မျက်နှာက မီးလောင်ခံရသလိုမျိုး ပူလောင်နေပြီး မကျေမနပ်ဖြစ်ကာ သူ့ကို တွန်းထုတ်လိုက်သည်။
'သူနဲ့ ဘယ်တော့မှ စကားမပြောတော့ဘူး... ဟွန်း။ အရမ်းကို စိတ်အနှောင့်အယှက်ပေးတဲ့ လူကြီး'
လဲ့ကျစ်က သူ့ကို တစ်ချက်စိုက်ကြည့်ရင်း အတွင်းခန်းသို့ဝင်ရန် ကောင်တာကို ပတ်ကာ လျှောက်သွားလိုက်သည်။ သို့သော် သူမနောက်မှ အမြီးကလေးသဖွယ် ကပ်ပါလာသူကလည်း ကျန်ရစ်မနေခဲ့ပေ။ သူက သူမနောက်သို့ တကောက်ကောက် လိုက်လာပြန်သည်။
လဲ့ကျစ် အမြင့်တစ်နေရာတွင် ရှိသော စာရင်းစာအုပ်ကို ယူရန် ကြိုးစားနေသည်ကို မြင်လိုက်ရချိန်တွင် ဟော်တူက သူမနားသို့ အမြန်သွားကာ လှမ်းယူပေးလိုက်သည်။ သူက ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူမကို အနောက်မှ သိုင်းဖက်လိုက်ရင်း မေးနေပြန်သည်။
“မင်း စိတ်ဆိုးနေတာလား...”
နွေးထွေးသော အသက်ရှူသံများက သူမ၏ လည်ပင်းနောက်ဘက်သို့ တိုးညှင်းစွာ ထိတွေ့လာသည်။ လဲ့ကျစ်၏ နှလုံးသားလေး တုန်ယင်သွားရပြီး အလောတကြီး ပြန်ဖြေလိုက်သည်။
“မဆိုးပါဘူး”
သူမ၏နောက်မှ နူးညံ့သော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် သူမ၏ နူးညံ့သော ဆံပင်များပေါ်သို့ သူ့နှုတ်ခမ်းများ ဖိကပ်လာသည်ကို လဲ့ကျစ် ခံစားလိုက်ရသည်။
“ကိုယ့်ရဲ့ ကျစ်ကျစ်က လူဆိုးတွေကို အကြိုက်ဆုံးဆိုတာ ကိုယ် သိသားပဲ”
လဲ့ကျစ်က မငြင်းတော့ဘဲ ညည်းညူသံလေး တစ်ချက်ပြုကာ သူမခါးမှ သူ့လက်မောင်းကို တွန်းဖယ်လိုက်သည်။ ထို့နောက် စားပွဲဆီသို့ ပြန်လျှောက်သွားပြီး ဝင်ထိုင်လိုက်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း သူ့လေသံကို အတုယူကာ ပြန်ပြောလိုက်သည်။
“ရှင်ကတော့ တကယ်ကို တွယ်ကပ်တတ်တဲ့ တစ္ဆေကြီးပဲ”
ဟော်တူက တည်ငြိမ်စွာ ပြုံးနေဆဲဖြစ်ပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။
“အဲ့ဒါတော့ ကိုယ်လည်း မတတ်နိုင်ဘူးလေ... ဘယ်သူက ကျစ်ကျစ်ကို လူယုတ်မာတွေကို ကြိုက်ခိုင်းလို့လဲ”
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ မျက်ဝန်းများ အနည်းငယ် တုန်လှုပ်သွားရသည်။ သူမ ခေါင်းကို ပြန်လှည့်ကာ မျက်နှာကို ငုံ့ထားရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ချေ။
'အိုက်ယား... ဒီယောင်္ကျားကတော့ တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်'
ဟော်တူက သူမ ခိုးရယ်နေသည်ကို မြင်နေရသော်လည်း သူမ ရှက်ရွံ့ကာ ထပ်မံပေါက်ကွဲမည်ကို စိုးရိမ်သဖြင့် မထုတ်ဖော်တော့ပေ။ သို့သော် သူက ရုတ်တရက် အရေးကြီးသောအရာတစ်ခုကို သတိရသွားပြီး သူ၏အင်္ကျီလက်ဝထဲမှ စာတစ်စောင်ကို ထုတ်ယူကာ သူမရှေ့သို့ တွန်းပို့လိုက်သည်။
“မြို့တော်က ပေးပို့တဲ့စာ...”
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က ခေါင်းကို အမြန်ပြန်လှည့်လိုက်ပြီး စာကို ကောက်ယူကာ သေသေချာချာ ဖွင့်ဖတ်လိုက်သည်။
သူမတို့ တောင်ပိုင်းသို့ ရောက်ရှိနေလျှင်ပင် မြို့တော်ရှိ သူငယ်ချင်းဟောင်းများနှင့် အဆက်အသွယ် ဖြတ်တောက်ရန် မဖြစ်နိုင်ခဲ့ပေ။ ကျင့်ရှင်း၊ လီယောင်နှင့် လင်းယွဲ့တို့က သူမနှင့် အပြန်အလှန် စာများပေးပို့ကြပြီး သူမတို့၏ အခြေအနေများကို အချင်းချင်း အကြောင်းကြားလေ့ရှိသည်။ ပွဲတော်ချိန်များတွင်ဖြစ်စေ၊ ကုန်ပစ္စည်းများ ဝယ်ယူသည့်အခါတိုင်းတွင်ဖြစ်စေ သူမနှင့်တွေ့ဆုံရန် ယာဉ်တန်းများနှင့်အတူ လိုက်ပါလာလေ့ ရှိကြသည်။
ထို့ကြောင့်ပင် လဲ့ကျစ်က သူမတို့က သူမအနားမှ ဘယ်သောအခါမှ ထွက်ခွာသွားခြင်း မရှိဟု အမြဲ ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် သူငယ်ချင်းများအားလုံးလည်း ကောင်းမွန်သော ဘဝများကိုယ်စီ ပိုင်ဆိုင်နေကြပြီ ဖြစ်သည်။
ဤကဲ့သို့ အဆက်အသွယ်မပြတ်ဘဲ သတင်းစကားများ ကြားသိနေရခြင်းက အမှန်တကယ် စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။ ယနေ့ရောက်ရှိလာသော စာက ကျင့်ရှင်းထံမှ ပေးပို့ခြင်း ဖြစ်သည်။
ကျင့်ရှင်း၏စာထဲတွင် မြို့တော်ရှိ အခြေအနေအရပ်ရပ်ကို ပြောပြထားပြီး အရာအားလုံး အဆင်ပြေချောမွေ့နေကြောင်း ဖော်ပြထားသည်။ လဲ့ကျစ်တို့ဇနီးမောင်နှံ ထွက်ခွာသွားပြီးနောက် အန်းရွှယ်က တော်ဝင်စစ်တပ်၏ တပ်မှူးရာထူးကို လက်ခံခဲ့သည်။ ဧကရာဇ်ငယ်လေး 'ယုအာ' အနားတွင် အန်းရွှယ်ရှိနေသဖြင့် လဲ့ကျစ်လည်း အများကြီး စိတ်သက်သာရာရခဲ့သည်။
လီယောင်နှင့် လင်းယွဲ့တို့က မြို့တော်ရှိ ဆိုင်များကို ကျွမ်းကျင်စွာ စီမံခန့်ခွဲနေကြသည်။ ထိုမိန်းကလေးနှစ်ဦးလုံးက မနှစ်က အိမ်ထောင်ပြုခဲ့ကြပြီး သူမတို့၏ ခင်ပွန်းသည်များကလည်း နူးညံ့သိမ်မွေ့ကာ စာနာတတ်သူများ ဖြစ်ကြသည်။ ယခုနှစ်တွင် သူမတို့နှစ်ဦးစလုံး ကိုယ်ဝန်ရှိနေကြပြီ ဖြစ်ပြီး ကျင့်ရှင်းနှင့် အန်းရွှယ်တို့၏သားလေးကတော့ လမ်းပင် ကောင်းကောင်းလျှောက်နေပြီ ဖြစ်သည်။ ဤစာကို ရေးနေသည့်အချိန်တွင် ကျင့်ရှင်းကလည်း ဒုတိယမြောက်ရင်သွေးကို လွယ်ထားရပြန်ပြီ ဖြစ်သည်။
ထို့အပြင် ရှန်းချင်းယန်ကလည်း သူမ၏ အလွန်ကောင်းမွန်လှသော ပန်းထိုးပညာရပ်ဖြင့် မြို့တော်တွင်သာမက အခြားတိုင်းပြည်များအထိပါ နာမည်ကျော်ကြားလာခဲ့သည်။ တာ့နင်တိုင်းပြည်မှ ချမ်းသာကြွယ်ဝသော ကုန်သည်လူငယ်လေးတစ်ဦးက သူမကို အချိန်အတော်ကြာ စိတ်ကူးယဉ်စွဲလမ်းနေခဲ့သော်လည်း သူမကတော့ အိမ်ထောင်ထပ်ပြုရန် ရည်ရွယ်ချက်မရှိသဖြင့် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ သို့သော် ထိုလူငယ်လေးကလည်း ယခုထက်ထိ လက်လျှော့မည့်ပုံ မပေါ်သေးပေ။
လဲ့ကျစ်ကို အံ့အားသင့်စေဆုံးအချက်က 'ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး' ဟု အမြဲတမ်း ကြုံးဝါးနေခဲ့သည့် ဟော်ချင်းယွီ အမှန်တကယ် စေ့စပ်လိုက်ခြင်းပင်။ တိုင်းပြည်အချင်းချင်း ကုန်သွယ်မှုများ ပြုလုပ်လာကြပြီးနောက် ယဉ်ကျေးမှုချင်း ဖလှယ်မှုများလည်း ပိုမိုများပြားလာခဲ့သည်။
ယမန်နှစ်က တာ့ကျင်းတိုင်းပြည်တွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီး ကျောက်ဟမ့်ချီက သူ၏ကိုယ်ပိုင်အင်အားကို အသုံးပြုကာ ပြန်လည်ဖိနှိပ်ခဲ့သည်။ သူက သစ္စာမဲ့သော ဆွေမျိုးများကို ဖြောင့်မတ်စွာ ပြစ်တင်ရှုတ်ချပြီး တာ့ကျင်းတိုင်းပြည်၏ အုပ်ချုပ်ရေးယန္တရားမှ ဖယ်ရှားပစ်ခဲ့ကာ ထိုက်ဇီငယ်လေး ထီးနန်းဆက်ခံနိုင်ရန် ကူညီပေးခဲ့သည်။ မကြာသေးမီက သူလည်း ကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးရန် သံတမန်အဖြစ် တာ့ရှင်းသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။
မည်သည့်အရာများ ဖြစ်သွားသည်ကို မသိနိုင်ကြသော်လည်း အတိုချုပ်ပြောရလျှင် ကျောက်ဟမ့်ချီက တာ့ရှင်း၏မင်းသမီး ဟော်ချင်းယွီကို လက်ထပ်နိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူ၏ ချဉ်းကပ်ပုံ နည်းလမ်းများက လူတိုင်းကို ထိတ်လန့်စေခဲ့သော်လည်း နောက်ဆုံးတွင် မင်းသမီးလေးကိုယ်တိုင်က သဘောတူခဲ့သည်။
ဤစာရှည်ကြီးကို ဖတ်ပြီးနောက် လဲ့ကျစ်က အနည်းငယ် ရင်မောသွားသည်။ သူမက ဟော်တူကို ကြည့်ရန် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး မေးလိုက်သည်။
“ကျောက်ဟမ့်ချီနဲ့ ချင်းယွီ... ဟိုလေ... ချင်းယွီကို တစ်ယောက်ယောက်လွှတ်ပြီး ထပ်မေးသင့်လားဟင်၊ တကယ်လို့ သူက မလိုချင်ဘဲနဲ့ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
“ချင်းယွီက ဘယ်လိုစိတ်ထားမျိုးရှိလဲဆိုတာ မင်း မသိဘူးလား”
ဟော်တူက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြန်ပြောလိုက်သည်။
“သူသာ ဆန္ဒမရှိဘူးဆိုရင် ဘယ်သူက အတင်းအကျပ် လုပ်ရဲမှာလဲ”
သူ့ညီမက အလွန်သတ္တိရှိသူ ဖြစ်သည်။ မူလက ဟော်တူ စဉ်းစားခဲ့သည်မှာ သူမ ကံကြမ္မာဆိုးနှင့် မတွေ့သရွေ့၊ သူမ၏ စိတ်ကူးအတိုင်း တစ်သက်လုံး ဘာကိုမှ ဂရုစိုက်စရာမလိုဘဲ လွတ်လပ်စွာ နေထိုင်သွားနိုင်လျှင်ပင် ကောင်းလှပြီဟု သူ တွေးခဲ့ဖူးသည်။
ယခုအခါ သူမ ခင်ပွန်းကောင်းတစ်ဦးကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ခင်ပွန်းက သူမ၏ ဘဝတစ်ခုလုံးကို ကာကွယ်ပေးနိုင်ပြီး သူမ၏ စိတ်ဆန္ဒများကို ထာဝစဉ် ဖြည့်ဆည်းပေးနိုင်မည့် အရည်အချင်းလည်း ရှိနေသဖြင့် ဟော်တူလည်း အလွန် စိတ်သက်သာရာရသွားမိသည်။
'ကျောက်ဟမ့်ချီက အရာရာကို စေ့စပ်သေချာသူ ဖြစ်သလို ခံစားချက်တွေအပေါ်မှာလည်း အလွန်အကျွံ နှစ်မြုပ်ခံစားတတ်သူတော့ မဟုတ်ဘူးလေ။ အခု ပြန်စဉ်းစားကြည့်တော့ သူက မှန်ကန်တဲ့လူနဲ့ မဆုံဖူးသေးလို့ ဖြစ်နိုင်သလို၊ ဒါမှမဟုတ် အခုမှပဲ သူရဲ့ ဆင်ခြင်တုံတရားတွေ ပျောက်ဆုံးသွားလို့ များလား'
တာ့ရှင်းနှင့် တာ့ကျင်းတို့၏ လက်ထပ်ထိမ်းမြားမှုတွင် တာ့ရှင်းပြည်ဘက်က ပိုအမြတ်ထွက်သည်ဟု ဆိုရပေမည်။ လဲ့ကျစ်က ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် ဟော်တူ၏စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ သူမက နှုတ်ခမ်းလေးကို အသာဖိကာ သက်ပြင်းချလိုက်သည်။
“ကောင်းပါပြီလေ... အားလုံး အဆင်ပြေပြေ ရှိနေကြတာပဲ”
သူမက စာကို အသာအယာ ခေါက်သိမ်းလိုက်ပြီးနောက် နှစ်ယောက်သား ဆိုင်ပိတ်လိုက်ကြသည်။ လဲ့ကျစ်က စိတ်ထဲတွင် အနည်းငယ် ရှက်ရွံ့နေမိသော်လည်း ဟော်တူနှင့်အတူ မြို့စွန်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
နွေရာသီဖြစ်သဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီးစ အချိန်ဖြစ်ရာ မြို့ပြင်ရှိ မြက်ခင်းပြင်ပေါ်တွင် မိုးရေစက်များ ကျန်ရှိနေသေးသည်။ လေထဲတွင် ပန်းရနံ့များလည်း သင်းပျံ့မွှေးကြိုင်နေသည်။ ရှောင်ကျန်လေး ပြောခဲ့သည့်အတိုင်း မြို့ပြင်တွင် လွှဲဒါန်းများစွာ ရှိနေလေသည်။ မိဘများက သူတို့၏ သားသမီးများကို ဤနေရာသို့ လာရောက်ဆော့ကစားစေသဖြင့် ကလေးငယ်များ၏ ပျော်ရွှင်ရယ်မောသံများက လဲ့ကျစ်၏ နှလုံးသားကို အနည်းငယ် လှုပ်ခတ်သွားစေသည်။
သူမက စာထဲတွင် ဖတ်ခဲ့ရသော သတင်းစကားများကိုလည်း အမှတ်တမဲ့ သတိရမိသွားပြန်သည်။ ကျင့်ရှင်းနှင့် အခြားသူများအားလုံးက တစ်စုံတစ်ခုကို မျှော်လင့်နေကြသလို၊ သိပ်မကြာခင်ကလည်း သူမ၏အစ်မဖြစ်သူက သူမထံမှ သတင်းကောင်းတစ်ခုခု ကြားရလိမ့်မည်ဟု မျှော်လင့်နေကြောင်း စာရေးပို့ခဲ့သေးသည်။
'ဘာကြောင့် လူတိုင်းက ဒီလောက်တောင် မျှော်လင့်နေကြတာလဲ...'
သကြားလုံးဆိုင်လေးကို စတင်ဖွင့်လှစ်ခဲ့ကတည်းက လဲ့ကျစ် ချစ်စရာကောင်းသော ကလေးငယ်များကို နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသည်။ အချိန်ကြာလာသည်နှင့်အမျှ သူမ၏ နှလုံးသားထဲတွင်လည်း မျှော်လင့်ချက်ကလေးအချို့ ပေါ်ပေါက်လာခဲ့သည်။
ဟော်တူနှင့် လက်ထပ်ပြီးကတည်းက သူတို့နှစ်ဦး တော်ဝင်နန်းတော်အတွင်း နန်းတွင်းရေးရာကိစ္စရပ်များဖြင့် နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်နေခဲ့ကြသည်မှာ အမှန်ဖြစ်သည်။ ထိုစဉ်က အခြေအနေမှာလည်း ကလေးယူရန် အချိန်အခါကောင်း မဟုတ်ခဲ့ပေ။ သို့သော် ယခုအခါတွင် သူမတို့၏ဘဝလေး အေးချမ်းတည်ငြိမ်နေပြီဖြစ်သောကြောင့် ရင်သွေးလေးတစ်ဦး ယူရန် အချိန်တန်ပြီဟု လဲ့ကျစ် တွေးနေမိသည်။
သို့သော်လည်း ဟော်တူ၏ ဟန်ပန်က ထိုကဲ့သို့သော အစီအစဉ်မျိုး ရှိပုံမပေါ်ပေ။
'အရင်က မေးမြန်းခဲ့စဉ်ကအတိုင်း သူ ကလေးတွေကို တကယ်ပဲ မနှစ်သက်ဘူးလား’
‘ဒါပေမယ့် သူက ယုအာကို ကောင်းကောင်း သင်ကြားပေးနိုင်ပြီး ဖန်အန်းမြို့က ကလေးတွေကလည်း သူ့ကို အရမ်းသဘောကျကြတယ်လေ။’
လဲ့ကျစ်တစ်ယောက် စဉ်းစား၍ မရနိုင်တော့ပေ။
'သူ... အတိအကျ ဘာတွေ တွေးနေတာလဲ...'
သူမ၏ အမူအရာ တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသွားသော ဟော်တူက မေးနေပြန်သည်။
“ဘာဖြစ်လို့လဲ... တစ်ခုခု ဖြစ်နေလို့လား”
“ကျွန်မ...”
လဲ့ကျစ် စကားပြောရန် ပြင်လိုက်သော်လည်း ခပ်လှမ်းလှမ်းမှ ကလေးတစ်ယောက်၏ အော်ဟစ်သံကြောင့် စကားစပြတ်သွားရသည်။
“ဟေး... ကြည့်ကြစမ်းပါဦး၊ ကောင်းကင်မှာ သက်တံကြီး ပေါ်နေပြီဟေ့”
လူတိုင်း၏ အကြည့်များက ထိုစွဲမက်ဖွယ်ရာ ကောင်းကင်ထက်သို့ ရောက်ရှိသွားကြသည်။ လဲ့ကျစ်လည်း စကားပြောနေသည်ကို ရပ်တန့်လိုက်ပြီး အခြားသူများနည်းတူ သက်တံကို မော့ကြည့်လိုက်သည်။ မိုးအကုန် လွင်ပြင်ထက်တွင် ပေါ်ပေါက်လာသော သက်တံက အလွန်ပင် ပြိုးပြိုးပြက်ပြက်နှင့် လှပလွန်းနေသည်။ သို့သော် နာရီဝက်ခန့် ကြာလိုက်ရချိန်တွင် ထိုသက်တံက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ လှပသော အရာဝတ္ထုများ တစ်စစ ပျောက်ကွယ်သွားသည်ကို မြင်ရသည်မှာ လူတို့၏ နှလုံးသားကို ဝမ်းနည်းရိပ် သန်းစေတတ်မြဲပင်။
“မင်း သက်တံကို အရမ်းကြိုက်တာလား”
ဟော်တူက သူမကို သိုင်းဖက်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲမှ စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို စူးစမ်းနေသည်။ သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေသည်ကိုလည်း သူ ခံစားမိနေသေးသည်။
လဲ့ကျစ်က နှုတ်ခမ်းလေးဆူကာ တိုးတိုးလေး ညည်းတွားလိုက်သည်။
“သက်တံပေါ်လာတဲ့ အချိန်က အရမ်းတိုတာပဲနော်”
“မင်း သက်တံကို ဖမ်းဆုပ်နိုင်ဖို့အတွက် ဒီခင်ပွန်းက ဘယ်လိုကူညီပေးရမလဲ ပြောပါဦး”
လဲ့ကျစ်က ပြုံးလိုက်ပြီး သူ့ကို ပြန်လည်ပွေ့ဖက်ရင်း တိုးတိုးလေး ပြန်ဖြေလိုက်သည်။
သက်တံကို ဖမ်းယူရန် လုံးဝမဖြစ်နိုင်မှန်း သူမ သိနေသော်လည်း သူမ၏ခင်ပွန်းသည်ကတော့ ဘာမဆို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ အကြွင်းမဲ့ ယုံကြည်နေမိသည်။
.........။.......။.........
နောက်နေ့ ညစာစားပြီးနောက်...
ဟော်တူက လဲ့ကျစ်ကို သကြားလုံးအခန်းထဲသို့ ခေါ်ဆောင်သွားသည်။ ဤအခန်းက အထူးသဖြင့် သကြားလုံးအမျိုးအစားသစ်များကို စမ်းသပ်ဖန်တီးရန်အတွက် သီးသန့်အသုံးပြုသော အခန်းဖြစ်သည်။
“ရှင် သကြားလုံးအသစ်တွေ ထပ်စမ်းကြည့်နေတာလား”
ဟော်တူက ပြုံးလိုက်ပြီး သကြားလုံးသေတ္တာလေးကို သူမထံသို့ ကမ်းပေးလိုက်သည်။
“ဖွင့်ကြည့်လိုက်လေ”
လဲ့ကျစ်က သော့ကို ဖွင့်ကာ အဖုံးကို မလိုက်ပြီး အံ့ဩလွန်းသောကြောင့် မျက်လုံးလေးများ ဝိုင်းစက်သွားရသည်။ သေတ္တာထဲတွင် အရောင်ခုနစ်ရောင် ဖြာထွက်နေသော သကြားလုံးပုံသဏ္ဍာန် အမျိုးမျိုးရှိနေပြီး တစ်ခုချင်းစီကို သက်တံငယ်လေးများအလား အလှဆင်ထားသည်။
သူမ၏ ခင်ပွန်းသည်က သူမအတွက် သက်တံကို တကယ်ပင် ဖမ်းယူပေးခဲ့ချေပြီ။ ထိုသက်တံကို ချိုမြိန်သော သကြားလုံးများအဖြစ်သို့လည်း ပြောင်းလဲပေးခဲ့သေးသည်။
ဟော်တူက ခေါင်းညိတ်ပြရင်း တိုက်တွန်းလိုက်သည်။
“မြည်းကြည့်ဦးလေ”
လဲ့ကျစ်က တစ်လုံး ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ချိုမြိန်သော အရသာက လျှာဖျားပေါ်တွင် အရည်ပျော်သွားပြီး တစ်ကိုယ်လုံးကို ချိုမြိန်သွားစေသည်။ ဤမျှအထိ ချိုမြိန်နေရသည်က သကြားကြောင့်လား သို့မဟုတ် သူ့ကြောင့်လားဆိုသည်ကိုတော့ သူမ မဝေခွဲနိုင်တော့ချေ။
“အရသာရှိရဲ့လား”
ဟော်တူက ရယ်မောလိုက်ပြီး သူကိုယ်တိုင်လည်း မြည်းကြည့်ရန် လက်လှမ်းလိုက်သည်။ သို့သော် သူ့လက်က သကြားလုံးကို မထိခင်မှာပင် လဲ့ကျစ်က သကြားလုံးသေတ္တာကို အမြန်ဖယ်ထုတ်ကာ ဘေးသို့ ချထားလိုက်သည်။
“ဟင်... အရမ်းတွန့်တိုတာပဲ”
သူ၏ ကျီစယ်စကား မဆုံးသေးမီမှာပင် နူးညံ့သော နှုတ်ခမ်းလွှာတစ်စုံက သူ့နှုတ်ခမ်းထက်သို့ ဖိကပ်လာသည်။ ဟော်တူ ခဏမျှ အံ့အားသင့်သွားရသော်လည်း သူ့မျက်လုံးများကို မှိတ်လိုက်ချိန်တွင် သူမ၏သွားလေးများက ညင်ညင်သာသာ ဖွင့်ဟလာသည်ကို ခံစားလိုက်ရသည်။
သူ၏ မျက်ဝန်းများ နက်ရှိုင်းသွားကာ သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး ပိုမိုနက်နဲသော အနမ်းများကို စတင်လိုက်သည်။ နှုတ်ခမ်းများ ရောယှက်နေစဉ် လျှာဖျားမှ သကြားအနည်းငယ်က အရည်ပျော်သွားခဲ့သည်။ သို့သော် သူတို့နှစ်ဦးစလုံး ရပ်တန့်လိုစိတ် လုံးဝ မရှိကြဘဲ ရှုပ်ထွေးနေသော အသက်ရှူသံများက ပိုမိုပြင်းထန်လာသည်။
လဲ့ကျစ်က ရုတ်တရက် သတိပြန်ဝင်လာပြီး တိုးတိုးလေး တောင်းဆိုလိုက်သည်။
“ပြန်သွားမယ်... အိပ်ခန်းထဲကို ပြန်ကြမယ်နော်”
ကံကောင်းထောက်မစွာဖြင့် သကြားလုံးအခန်းနှင့် အိပ်ခန်းက မဝေးလှပေ။ ဟော်တူက သူမကို ပွေ့ချီကာ နမ်းရှုံ့ရင်း အိပ်ခန်းဆီသို့ အမြန်လျှောက်လှမ်းသွားခဲ့သည်။
ကုတင်ပေါ်သို့ ရောက်ရှိသွားချိန်တွင် လဲ့ကျစ်တစ်ယောက် နူးညံ့သော အိပ်ယာလေးပေါ်သို့ ပြိုလဲကျသွားရသည်။ သိပ်မကြာခင်မှာပင် ဟော်တူ၏ လက်ဖဝါးက သူမ၏ လက်ဖမိုးကို အုပ်ကိုင်လာပြီး သူတို့နှစ်ဦး၏ လက်ချောင်းဆယ်ချောင်းက ဖြည်းညှင်းစွာ ယှက်နွှယ်သွားသည်။
အချိန်အတော်ကြာပြီးနောက်တွင်မှ ထွက်ပေါ်နေသော ညည်းညူသံလေးများက တဖြည်းဖြည်း ပြန်ပျောက်ကွယ်သွားပြီး တိတ်ဆိတ်သွားပြန်သည်။
ဟော်တူက သူ့ရင်ခွင်ထဲရှိ အမျိုးသမီးလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားရင်း စောင်ပါးလေးကို ဆွဲကာ အသာအယာ လွှမ်းခြုံပေးလိုက်သည်။
လဲ့ကျစ်၏ ပါးပြင်ပေါ်မှ နီရဲနေသော အစက်အပြောက်များ မှေးမှိန်သွားခဲ့ပြီ ဖြစ်သော်လည်း ပြင်းထန်လွန်းလှသော နှလုံးခုန်သံများ ငြိမ်သက်စေရန်အတွက် သူမက တိုးညှင်းစွာ ညည်းတွားနေသေးသည်။ ထို့နောက် သူမက သူ၏ရင်ဘတ်ကို နူးညံ့သော ပါးပြင်ဖြင့် ပွတ်သပ်ရင်း အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။
“ဒီနေ့ကစပြီး... ကျွန်မ ဆေးမသောက်တော့ဘူးဆိုရင် ရမလားဟင်”
သူမကို ပွေ့ဖက်ထားသော ဟော်တူ၏ ခန္ဓာကိုယ်က သိသိသာသာ တောင့်တင်းသွားသည်။ လဲ့ကျစ် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ၊ သူကလည်း သူမကို စိုက်ကြည့်နေသည်နှင့် ဆုံသွားရသည်။ သူ၏မျက်ဝန်းများထဲတွင် သူမ နားမလည်နိုင်သော ခံစားချက်များစွာ ကိန်းအောင်းနေသည်။
လဲ့ကျစ်က အလျင်စလို မပြုဘဲ သူ့အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ အချိန်အတော်ကြာမှ ဟော်တူ၏ အနည်းငယ် အက်ရှနေသော အသံ ထွက်ပေါ်လာသည်။
“ကိုယ်တို့နှစ်ယောက်တည်းပဲ ဆိုရင်ရော... မကောင်းဘူးလား”
သူတို့နှစ်ဦးလုံးက ဉာဏ်ရည်ထက်မြက်သူများ ဖြစ်ကြရာ ထိုစကားလုံးများတွင် ငြင်းဆိုခြင်း၏ အဓိပ္ပာယ် ထင်ထင်ရှားရှား ပါဝင်နေမှန်း သူမ သိလိုက်သည်။
လဲ့ကျစ်က ခေတ္တမျှ မှင်တက်သွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမ၏မျက်နှာကို သူ့ရင်ခွင်ထဲတွင် ပြန်လည်မြှုပ်နှံကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“အင်းပါ”
သူနှင့် အချိန်အတော်ကြာ လက်တွဲလာခဲ့သည့် လဲ့ကျစ်က သူ၏အချစ်အပေါ်တွင်တော့ လုံးဝ သံသယဖြစ်မိမည် မဟုတ်ပေ။ ထို့ကြောင့် သူ 'ကလေးမလိုချင်ဘူး' ဟု ဆိုနေခြင်းမှာ သူ ကလေးများကို အမှန်တကယ် မနှစ်သက်ကြောင်း သက်သေပြနေခြင်းပင်။
'ကိစ္စမရှိပါဘူး...'
လဲ့ကျစ်က သူမကိုယ်သူမ ပြန်လည်နှစ်သိမ့်လိုက်သည်။
'ဒီကမ္ဘာပေါ်မှာ ကလေးတွေကို ချစ်တဲ့လူရှိသလို၊ မချစ်တဲ့လူလည်း ရှိတာပဲ။ ငါက ကလေးတွေကို သဘောကျပေမယ့်၊ ဒီအတွက်ကြောင့်နဲ့ သူ့ကို အတင်းအကျပ် မလုပ်ချင်ဘူး။ သူ မကြိုက်ဘူးဆိုရင်လည်း... မေ့လိုက်တာပေါ့'
သို့သော်ငြားလည်း သူမ၏ နှလုံးသားထဲတွင်တော့ ဝမ်းနည်းကြေကွဲမှု အရိပ်အယောင်အချို့ ကျန်ရစ်နေဆဲပင်။ လဲ့ကျစ်က ဟော်တူ၏ရင်ခွင်ထဲသို့ ပိုတိုးဝင်ကာ သူမ၏ခံစားချက်များကို ပြန်လည်ထိန်းညှိလိုက်သည်။ ကောင်းကင်ယံတစ်ခွင်၌ နုပျိုသော အလင်းရောင်များ စတင်ဖြာကျလာသည်အထိ သူမ အိပ်မပျော်နိုင်ခဲ့ပေ။ သူမနည်းတူပင် ဟော်တူလည်း တစ်ညလုံး မျက်မှိတ်မရဘဲ ရှိနေခဲ့သည်။
အခန်းထဲသို့ နေရောင်ခြည်များ တောက်ပစွာ ဝင်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင်မှ လဲ့ကျစ်က အိပ်ရာမှ ထပြီး ရေချိုးခန်းထဲသို့ ဝင်သွားသည်။ သူမ ပြန်ထွက်လာသည့်တိုင် ကုတင်ပေါ်တွင် လှဲနေသော ဟော်တူက ထရန် ရည်ရွယ်ချက်မရှိသေးဘဲ မှိန်းနေဆဲပင်။
အမှန်တကယ်တွင် လဲ့ကျစ်က သူမ၏ ခံစားချက်များကို အတော်အတန် ထိန်းညှိနိုင်ခဲ့ပြီ ဖြစ်သည်။
'ဒါက ကလေးတစ်ယောက် ရတာ၊ မရတာထက် မပိုပါဘူး... ကြီးကြီးမားမား အမှားတစ်ခုလည်း မဟုတ်ဘူး'
ဆန့်ကျင်ဘက်အနေဖြင့် ဟော်တူ၏ ငြင်းဆန်မှုက မှန်ကန်သည်ဟုပင် သူမ ခံစားမိလာသည်။ သူက သူမ၏ ဆန္ဒမှန်သမျှကို လိုက်လျောခဲ့သူ ဖြစ်ရာ၊ သူ့ဆန္ဒမပါဘဲ ကလေးယူခြင်းထက်စာလျှင် ယခုအခြေအနေက ပို၍ကောင်းမွန်သည်ဟု သူမ တွေးနေမိသည်။ ထိုသို့မဟုတ်လျှင် နောင်တစ်ချိန်၌ သူမ နောင်တရနေရပေလိမ့်မည်။
ထိုသို့တွေးတောရင်း လဲ့ကျစ်က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။ သူမက အိပ်ရာဘေးသို့ လျှောက်သွားပြီး ကုတင်ဘေးတွင်ရှိသော ဆေးပုလင်းလေးကို ကောက်ယူကာ ဆေးတစ်လုံးကို ခံတွင်းထဲသို့ ပစ်ထည့်လိုက်သည်။ ဂျင်ဆင်းနီ၏ အရသာက ခါးသက်နေသော်လည်း ချိုမြိန်မှုကလည်း ရောယှက်နေဆဲပင်။
ထို့နောက် သူမက ကုတင်ဘေးတွင် ထိုင်လိုက်ပြီး ဟော်တူ၏ နားရွက်ကလေးကို အသာဆွဲကာ စနောက်လိုက်သည်။
“ထတော့လေ၊ ကလေးမမွေးတာက ကြီးကြီးမားမား ကိစ္စမဟုတ်ပေမယ့် မနက်စာ မစားရတာကတော့ ကြီးကျယ်တဲ့ ကိစ္စပဲနော်၊ မြန်မြန်ထ... ကျွန်မနဲ့အတူ မနက်စာ သွားစားကြမယ်”
သူ့နားရွက်ကို ဆွဲထားသော လက်ကလေးက အောက်သို့ လျှောကျသွားကာ သူ၏လက်ကို ဆွဲယူလိုက်သည်။ ဟော်တူကလည်း သူမ ဆွဲခေါ်ရာနောက်သို့ လိုက်ပါကာ ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။
“ဒါပေါ့... မှန်တယ်”
လဲ့ကျစ်က သူ၏ရှေ့မှ ဦးဆောင်ကာ လျှောက်သွားသော်လည်း ရုတ်တရက် ဟော်တူက သူမ၏ ညာလက်ကို တင်းတင်းကျပ်ကျပ် ဆွဲယူကာ သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ လဲ့ကျစ်လည်း သူ့ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားခြင်း ခံလိုက်ရပြီး နှလုံးသားထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
'ငါ့ရဲ့ ခင်ပွန်းသည်က ဘာကြောင့် ဒီလောက်တောင် အထိမခံနိုင် ဖြစ်နေရတာလဲ...'
သူမ ခက်ခက်ခဲခဲ ကိုယ်ကိုပြန်လှည့်ကာ သူ့ကို ပြန်လည်ပွေ့ဖက်လိုက်ပြီးနောက် သူ့နား နားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ရှင်သာ ကျွန်မအနားမှာ ရှိနေရင်... ကျွန်မအတွက် လုံလောက်ပါပြီ”
လဲ့ကျစ်က သူမ၏ နှလုံးသားထဲမှ စကားအစစ်အမှန်ကို ပြောလိုက်ခြင်းပင်။ သူမအတွက်တော့ သားသမီးများထက် သူ့ကို ပို၍ချစ်မြတ်နိုးမိသည်။
“ကိုယ်က ကလေးတွေကို မကြိုက်တာ မဟုတ်ပါဘူး”
ဟော်တူက သူမ၏ နားရွက်ဖျားကလေးကို အသာအယာ ဖိကပ်ပြီး ဖြည်းညှင်းစွာ ထပ်ပြောနေသည်။
“မလိုချင်တာလည်း မဟုတ်ဘူး...”
“ဒါဆို... ဘာဖြစ်လို့လဲဟင်”
လဲ့ကျစ်က စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
“လဲ့ကျစ်...”
သူက သူမကို ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး သူမ၏မျက်လုံးများကို စိုက်ကြည့်ကာ ညည်းတွားလိုက်သည်။
“ကိုယ်... ကိုယ်က ဖခင်ကောင်းတစ်ယောက် မဖြစ်နိုင်လောက်ဘူး”
သူက တော်ဝင်မိသားစုတွင် မွေးဖွားလာသူဖြစ်ပြီး သူ၏ဖခင်က ဤကမ္ဘာပေါ်တွင် အဆိုးဆုံး ခင်ပွန်းနှင့် အဆိုးဆုံး ဖခင်ဖြစ်ခဲ့သူ ဖြစ်သည်။ ‘ကလေးဆိုသည်မှာ မိဘတို့၏ ကြေးမုံပြင်’ ဟု ဆိုကြရာ လဲ့ကျစ်က အကောင်းဆုံး မိခင်တစ်ဦး ဖြစ်လာမည်ကို သူ သိနေသည်။ သို့သော် သူဘက်ကိုတော့ သူ ပြန်ပြီး သံသယဖြစ်နေမိသည်။
‘ဒါပေမယ့် သူ့အကြောင်းကရော... သူ့ခန္ဓာကိုယ်ပေါ်မှာ ဟော်ချန်ယွင်ရဲ့ သွေးတွေနဲ့... သူက ငယ်ငယ်လေးကတည်းက ဒီလို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့သူလေ... သူက ဖခင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား။’
ဟော်တူကိုယ်တိုင်လည်း ၎င်းကို မဝေခွဲနိုင်ဖြစ်နေခဲ့ရသည်။ လဲ့ကျစ်ကို သူ အလွန်အမင်း ချစ်မြတ်နိုးသလောက်၊ သူမကို စိတ်ပျက်သွားစေမည့် အခြေအနေမျိုးကိုလည်း သူ အလွန် ကြောက်ရွံ့နေမိသည်။
တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသော မျက်ဝန်းများကြားတွင် လဲ့ကျစ်က ဟော်တူ၏ မျက်လုံးများထဲမှ နာကျင်မှုများကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ သူက ဤကိစ္စကို အလွန်ပင် ဂရုတစိုက်ရှိနေကြောင်း ပေါ်လွင်နေသည်။
သူမ၏ မျက်ဝန်းအိမ်လေးများက တဖြည်းဖြည်း နီမြန်းလာပြီး သူ၏ရင်ခွင်ထဲသို့ မှီချလိုက်ရင်း စကားတစ်လုံးချင်းစီကို ခိုင်မာစွာ ပြောလိုက်သည်။
“ရှင်က အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်လာမှာ”
သူမ လုံးဝ သေချာနေသည်။
‘သူက တကယ်ကို ဖခင်ကောင်းတစ်ယောက် ဖြစ်လာမှာ ကျိန်းသေတယ်’
“ဘာဖြစ်လို့လဲ”
လဲ့ကျစ်က သူ့လည်ပင်းကို အသာအယာ နမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဘာလို့လဲဆိုတော့... ရှင်က အခုကတည်းက အကောင်းဆုံး ခင်ပွန်းတစ်ယောက် ဖြစ်နေလို့လေ”
'သူ့ထက် ပိုကောင်းတဲ့လူကတော့ ဘယ်သူမှ ရှိနိုင်မှာ မဟုတ်တော့ဘူး'
ဟော်တူက ခေတ္တမျှ မှင်တက်နေပြီး လဲ့ကျစ်၏ စကားများက သူ၏စိတ်ထဲတွင် ယုံကြည်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
‘ကလေးတစ်ယောက်… ကလေးလေး... သူမ သဘောကျပြီး စောင့်မျှော်နေတဲ့ အရာတစ်ခုလေး....’
“အင်း...”
သူ၏ ခွင့်ပြုချက် စကားအဆုံးတွင် သူတို့နှစ်ဦးစလုံး၏ နှုတ်ခမ်းထောင့်များ တညီတညွတ်တည်း ကွေးညွတ်သွားသည်။
“အင်း”
လဲ့ကျစ်က ရုတ်တရက် သူ့ကို လွှတ်ပေးလိုက်ပြီးနောက် နှုတ်ခမ်းလေးဆူကာ ညည်းတွားလိုက်သည်။
“စောစောကသာ သိရင် ကျွန်မ အဲ့ဒါကို မစားပါဘူး”
‘ဘယ်လိုတောင် အခွင့်အရေးကို ဖြုန်းတီးပစ်မိတာလဲ’
“စိတ်မပူပါနဲ့”
ဟော်တူက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“မင်း ဆက်စားနေလည်း အဆင်ပြေပါတယ်”
“ဘာကို ဆိုလိုတာလဲ”
လဲ့ကျစ် အနည်းငယ် စိတ်ရှုပ်ထွေးသွားရပြန်သည်။ ဟော်တူက ရေချိုးခန်းဆီသို့ လျှောက်သွားရင်း လှမ်းပြောလိုက်သည်။
“အဲ့ဒါက သန္ဓေတားဆေး မဟုတ်ဘူးလေ... မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ကျန်းမာစေဖို့ ဖော်စပ်ထားတဲ့ ဆေးဖက်ဝင် သကြားလုံးတွေ”
လဲ့ကျစ်၏ အမူအရာက အံ့အားသင့်မှုကြောင့် ကြောင်တောင်တောင်လေး ဖြစ်သွားရပြီး သူမ သတိပြန်ဝင်လာရန် အချိန်အတော်ကြာခဲ့သည်။
'အံ့ဩစရာ မရှိတော့ဘူး'
ဤဆေးက ဘာကြောင့် ဤမျှတောင် ချိုနေရသနည်းဟု သူမ တွေးမိခဲ့ဖူးသည်။ ဆေးသောက်ပြီးနောက်ပိုင်းတွင်လည်း သူ ပြောခဲ့သလို ခန္ဓာကိုယ်ကို ထိခိုက်စေခြင်းမျိုး လုံးဝမရှိခဲ့ပေ။ ဟော်တူက သန္ဓေတားဆေးကို အဆင့်မြှင့်တင်ထားခြင်းဟု သူမ ထင်မှတ်ခဲ့သော်လည်း ၎င်းက သန္ဓေတားဆေး လုံးဝမဟုတ်ဘဲ အားဆေးဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပေ။
ထို့ကြောင့်ပင် နှစ်များကြာလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်က ပိုကျန်းမာလာပြီး အသားအရေလည်း ပိုစိုပြည်နီမြန်းလာခြင်း ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိသည်နှင့် လဲ့ကျစ်က ရေချိုးခန်းထဲသို့ အမြန်ပြေးဝင်သွားကာ ရေချိုးနေသော အမျိုးသားကို အနောက်မှ ခုန်အုပ်ပြီး လည်ပင်းကို သိုင်းဖက်လိုက်သည်။
“လူလိမ်ကြီး”
သူမက နှာခေါင်းလေးရှုံ့ကာ သူ့ကို ရန်တွေ့လိုက်သည်။ ဟော်တူကတော့ ပြုံးနေရုံမှတစ်ပါး ဘာမှပြန်မဖြေပေ။ သူမ ပြောသည်ကလည်း မမှားချေ။
လဲ့ကျစ်က သူမ၏မျက်နှာကို သူ၏လည်ပင်းသားများနှင့် ပွတ်သပ်နေမိသည်။ နှစ်တွေအကြာကြီး သူမက သန္ဓေတားဆေးကို မသောက်ခဲ့ပါဘဲနှင့် ဘာကြောင့် ကောင်လေးတစ်ယောက်မှ မရခဲ့သနည်းဟူသော အဖြေမှာ ယခုတော့ ရှင်းသွားခဲ့ပြီ။ သေချာသည်မှာ သူကိုယ်တိုင်သာ ဆေးသောက်ခဲ့ခြင်းပင် ဖြစ်လိမ့်မည်။
“ဒါပေမယ့်လည်း... ကျွန်မက ဒီလူလိမ်ကြီးတစ်ယောက်တည်းကိုပဲ သဘောကျတာ”
ထိုစကားကို ပြောပြီးနောက် သူမက သူ့ကျောပေါ်မှ ဆင်းကာ သူ၏လက်ကို ကိုင်လျက် မှန်ဆီသို့ လျှောက်သွားလိုက်သည်။ သူမက မှန်ထဲတွင် မြင်နေရသော သူ၏ ရှားပါးလှသည့် မသေမျိုးအသွင်အပြင်ကို ဂရုတစိုက် ကြည့်နေရင်း နှလုံးသားထဲမှ အတွေးများကို ဖွင့်ဟလိုက်သည်။
“ကျွန်မတို့ရဲ့ သားသမီးလေးတွေက ဘယ်လောက်တောင် လှနေလိမ့်မလဲနော်...”
ဟော်တူက မှန်ထဲမှ လှပလွန်းသော အမျိုးသမီးလေးကို ကြည့်ရင်း သူမ၏ တစ်ကိုယ်လုံး တောက်ပနေသည်ဟု ခံစားနေမိသည်။ သူမ၏ စကားလုံးများက သူ၏နှလုံးသားကို နွေးထွေးမှုများဖြင့် ပြည့်နှက်သွားစေပြီး အရေးကြီးသော သဲလွန်စတစ်ခု ပေးလိုက်သလို ခံစားလာရသည်။
ထို့ကြောင့် သူက လက်ကို အားထည့်လိုက်ပြီး ဘေးနားရှိ အမျိုးသမီးလေးကို မှန်ပေါ်သို့ တွန်းတင်လိုက်သည်။ လဲ့ကျစ် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် နွေးထွေးသော နှုတ်ခမ်းတစ်စုံက သူမကို လွှမ်းမိုးသွားသည်။ သူ၏ နမ်းရှိုက်မှုက ပြင်းပြလွန်းလှသဖြင့် လဲ့ကျစ်တစ်ယောက် သူ့ပခုံးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ရုံမှတစ်ပါး အခြားဘာမှ မတတ်နိုင်တော့ပေ။
သူမ၏ နောက်ကျောနှင့် မှန်တို့ ထိကပ်သွားချိန်တွင် အေးစက်သော ခံစားချက်ကြောင့် သူမကိုယ်လေး တုန်ယင်သွားရသည်။ ရှေ့မှ အမျိုးသားက သူမ တစ်ကိုယ်လုံး တုန်ယင်သွားစေအောင် ဖန်တီးနေပြီး သူမကို သူ့အနားသို့ ဆွဲယူကာ အနေအထားကို ချိန်ညှိရင်း မှန်ဘက်သို့ ဘေးတိုက် မျက်နှာမူစေလိုက်သည်။
ဤနည်းဖြင့် သူမ မှန်ထဲတွင် မြင်နေရသော ရုပ်ပုံလွှာကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။ မှန်သားပြင်၏ အကူအညီကြောင့် သူမ၏မျက်ဝန်းထဲမှ ရှက်ရွံ့မှု အရိပ်အယောင်များကို ရှေ့မှအမျိုးသားက အထင်သား မြင်တွေ့သွားပုံရသည်။ သူက ရုတ်တရက် မော့ကြည့်လာပြီးနောက် သူမ၏ နှုတ်ခမ်းလွှာများထံသို့ ပြန်လည်ငုံ့ဆင်းကာ နမ်းရှိုက်လိုက်ပြန်သည်။
လဲ့ကျစ်၏ မှုန်ဝါးနေသော မျက်ဝန်းအိမ်များ ချက်ချင်း ပြန်ပွင့်လာသည်။ သူမ မသိစိတ်ဖြင့် သူ့နဖူးကို တွန်းဖယ်ရန် ကြိုးစားနေသော်လည်း သူက သူမ၏လက်ကလေးများကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူမ၏ ခြေဖျားများ အားအင်ကုန်ခမ်းကာ ခွေကျလုမတတ် ဖြစ်နေသော်လည်း သူကတော့ လွှတ်ပေးရန် ငြင်းဆန်နေဆဲပင်။
'ရူးတော့မှာပဲ...'
သူ၏ ပြင်းပြလွန်းသော အပြုအမူများကြောင့် လဲ့ကျစ်က ငိုချလုနီးပါး ဖြစ်နေကာ တစ်ကိုယ်လုံး တောင့်တင်းလျက် လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။ သို့သော် တဖြည်းဖြည်းနှင့် သူမလည်း သူ၏အရှိန်အဟုန် စည်းချက်အတိုင်း လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။ သူမ၏နှုတ်ခမ်းဖျားမှ ညည်းတွားသံလေးများ တိုးညှင်းစွာ ထွက်ပေါ်လာချိန်တွင် မှန်ထဲသို့ ဘေးတိုက် ချောင်းကြည့်မိသွားပြီး သူမကိုယ်သူမ မယုံနိုင်အောင် ဖြစ်သွားရသည်။
'မှန်ထဲက ရှက်သွေးဖြန်းပြီး နူးညံ့နေတဲ့ မိန်းကလေးက... တကယ်ပဲ ငါလား...'
နောက်ဆုံးတွင် သူက ပျော့ခွေနေသော သူမ၏ ခန္ဓာကိုယ်လေးကို ပွေ့ချီကာ ကုတင်ပေါ်သို့ သယ်ဆောင်သွားခဲ့သည်။ အခန်းထဲသို့ စိမ့်ဝင်လာသော နေရောင်ခြည်က သူ့ကျောပြင်ကြီးကြောင့် ကွယ်သွားရပြီး လဲ့ကျစ်ကတော့ သူခေါ်ဆောင်ရာ ကမ္ဘာသစ်တစ်ခု၏ အသစ်အဆန်း ခံစားချက်များထဲသို့ နစ်မြုပ်သွားလေသည်။
........။........။......
နောက်တစ်ကြိမ် လဲ့ကျစ် ပြန်လည်နိုးထလာချိန်တွင်တော့ မွန်းတည့်နေပြီ ဖြစ်သည်။
လဲ့ကျစ်က စိတ်ရှုပ်ထွေးစွာဖြင့် နိုးလာခဲ့ပြီး ဘေးနားတွင် သူမကို စိုက်ကြည့်နေသော အမျိုးသားကို တွေ့လိုက်ရသည်။ သူမ နိုးလာသည်ကို မြင်လိုက်ရချိန်တွင် သူက သူ၏နှုတ်ခမ်းကို အပ်နှင့်ချုပ်နေသည့် ဟန်ပန်မျိုး ပြုလုပ်ပြကာ စနောက်နေသည်။
“ဘယ်လိုလဲ... ကိုယ့်ပါးစပ်ကို အပ်နဲ့ ချုပ်ချင်သေးလား”
လဲ့ကျစ်က စောစောက သူ၏ပါးစပ်ကို အပ်နှင့်ချုပ်မည်ဟု ပြောခဲ့ဖူးသော ဟာသကို သတိရသွားသည်။
'သူ... သူကတော့ တကယ်ပါပဲ...'
သူမ၏မျက်နှာလေး ပူလောင်နီမြန်းသွားကာ အိပ်ချင်စိတ်များလည်း လုံးဝ လွင့်ပြယ်သွားရသည်။ လဲ့ကျစ်က သူ့ရှေ့တွင် အမြဲတမ်း ရှက်ရွံ့နေရသည့် အဖြစ်မျိုးကို မလိုလားတော့ပေ။ မည်သို့ပင်ဖြစ်စေ ယနေ့ အချိန်နှောင်းသွားပြီ ဖြစ်သောကြောင့် ဆိုင်ကို တစ်ရက်ပိတ်ရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့ပြင်...
ရင်သွေးလေး ယူရန် ဆုံးဖြတ်ထားသောကြောင့်...
သူမ၏နှလုံးသားထဲမှ ဆုံးဖြတ်ချက်ကြောင့် လဲ့ကျစ် ရုတ်တရက် ပိုရဲရင့်လာသည်။ လဲ့ကျစ်က သူမ၏ နူးညံ့ပျော့ပြောင်းသော ခန္ဓာကိုယ်လေးကို ရွှေ့ကာ ဟော်တူ၏ လည်ပင်းကို ဖက်လိုက်သည်။ ထို့နောက် နှုတ်ခမ်းလေးကို ကွေးညွတ်အောင် ပြုံးပြရင်း သူ၏အနားသို့ တိုးကပ်ကာ မေးလိုက်သည်။
“နောက်တစ်ကြိမ်... ထပ်လုပ်မလားဟင်”
သူမ၏ ရဲတင်းသော အပြုအမူနှင့် စကားလုံးများကြောင့် ဟော်တူ၏ မျက်ဝန်းများ မယုံနိုင်လောက်အောင် တောက်ပြောင်သွားရသည်။
သူ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် သူမက မျက်လုံးလေးများကို မော့ကြည့်ကာ ပြုံးပြလိုက်ပြီး ဟော်တူ၏ အာဒံပန်းသီးနေရာကို အသာအယာ စုပ်ယူနမ်းရှိုက်လိုက်သည်။
.......။........။.......
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : “.....”
ကျစ်ကျစ် : “ရှင် မပင်ပန်းဘူးလား”
ဟော်တူ : “.....”
အခန်း ၉၉ (အချပ်ပို ၃ - ဇာတ်သိမ်း) ထာဝရချိုမြိန်မှုလေး
နွေရာသီဖြစ်သောကြောင့် အိပ်ခန်းအတွင်း အမွှေးနံသာများ မီးရှို့ထားခြင်း မရှိဘဲ စံပယ်ပန်းအိုး အနည်းငယ်သာ ချထားသည်။ ထို့ကြောင့် အတွင်းခန်းထဲတွင် ဆွဲဆောင်မှုရှိသော စံပယ်ရနံ့တို့က သင်းပျံ့ပျံ့ ပျံ့လွင့်နေသည်။ ထိုမွှေးရနံ့များဖြင့် ဝန်းရံထားသည့် နူးညံ့သော ကုတင်ထက်တွင် လူနှစ်ဦးက တစ်ဦးကို တစ်ဦး ပွေ့ဖက်ထားရင်း အိပ်ပျော်နေကြသည်။
အချိန်အတော်ကြာပြီးနောက်တွင် ဟော်တူ နိုးလာခဲ့သည်။ နွေရာသီဖြစ်၍ အခန်းထဲတွင် အအေးဓာတ် မရှိသော်လည်း သူက ဘေးတွင် တင်ထားသည့် ညဝတ်အင်္ကျီကို လှမ်းယူကာ သူ၏ဘေးနားရှိ အမျိုးသမီးလေးကို သေသေချာချာ ဝတ်ဆင်ပေးလိုက်သည်။
ခါးစည်းကြိုးကို ချည်ပေးနေရင်း မော့ကြည့်လိုက်ချိန်တွင် လဲ့ကျစ်က သူ့ကို ငြိမ်သက်စွာ ကြည့်နေသည်နှင့် ဆုံမိသွားသည်။ ဟော်တူက သူမအတွက် ဘောင်းဘီ ဝတ်ပေးမည့်လက်ကို ခေတ္တရပ်လိုက်ပြီးနောက် ကျီစယ်လိုက်သည်။
“နောက်ထပ်... လိုချင်သေးတာလား”
လဲ့ကျစ်က တစ်ကိုယ်လုံး ကျိုးကြေသွားသလို ခံစားနေရပြီး နေရာတိုင်းတွင် နာကျင်ကိုက်ခဲနေသည်။ သူ၏စကားကို ကြားလိုက်ရမှသာ သူမ၏ ရဲတင်းလွန်းသော အပြုအမူများကို ပြန်သတိရသွားပြီး မျက်နှာလေး ချက်ချင်း နီရဲလာသည်။ သူမက စောင်ပါးလေးထဲသို့ ကိုယ်ကို အတင်းမြှုပ်နှံရန် ကြိုးစားနေရင်း ဘောလုံးလေးသဖွယ် ကွေးနေလိုက်သည်။
“မလိုချင်တော့ဘူး...”
စောင်ထဲမှ တိုးတိုးလေး ထွက်ပေါ်လာသော အသံက ရှက်ရွံ့မှုကို အထင်သား ပြနေသည်။ ဟော်တူက ပြုံးလိုက်ပြီး သူမ အသက်ရှူရ လွယ်ကူစေရန် စောင်ကို အသာဆွဲချပေးလိုက်သည်။
'ခုနက သူမက သူ့ကို အရင်စပြီး နှိုးဆော်ခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ ထိန်းချုပ်မှု ဆုံးရှုံးသွားတာကတော့ သူကိုယ်တိုင်ပါပဲ'
ပင်ပန်းနွမ်းနယ်နေသော သူမ၏ မျက်နှာလေးကို မြင်လိုက်ရချိန်တွင် ဟော်တူလည်း အနည်းငယ် သနားသွားမိသည်။
“ပြန်အိပ်တော့နော်”
ဟော်တူက လဲ့ကျစ်၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီးနောက် အပေါ်ရုံကို ယူဝတ်ကာ သူမအတွက် စားစရာတစ်ခုခု ပြင်ဆင်ရန် ထလိုက်သည်။ သို့သော် သူ မတ်တတ်ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘေးမှ လူက သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သဖြင့် နောက်သို့ ပြန်ဆုတ်လိုက်ရသည်။
“ကျွန်မနဲ့ ခဏလောက် အတူတူ အိပ်ပေးပါဦး”
ဟော်တူက သူမ၏ တောင်းဆိုမှုများကို ဘယ်သောအခါမှ ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပေ။ နှစ်ယောက်သား ပျော့ပျောင်းသော ခေါင်းအုံးပေါ်တွင် မှီတွယ်နေကြရင်း အရာရာက တိတ်ဆိတ်အေးချမ်းကာ သာယာနေသည်။ လဲ့ကျစ်က ဟော်တူ၏ လက်မောင်းကို ပွေ့ဖက်ထားပြီး သူ၏ပခုံးပေါ် မှီကာ အနာဂတ်အကြောင်းကို တွေးရင်း ပြုံးနေလေသည်။ ထို့နောက် စကားတစ်ချို့ကို ဖွင့်ဟလိုက်သည်။
“ကလေးက... ဘယ်တော့လောက် ရောက်လာမယ်လို့ ထင်လဲဟင်”
ထိုသို့ပြောပြီးသည်နှင့် သူမက အနည်းငယ် ရယ်မောနေသေးသည်။
'ဒီလိုကိစ္စမျိုးကို ဘယ်သူက သေသေချာချာ ပြောနိုင်မှာလဲ...'
သို့သော် ဟော်တူကတော့ ယုံကြည်ဟန်အပြည့်ဖြင့် ဖြေလိုက်သည်။
“နွေရာသီအကုန်လောက်ပေါ့”
“ရှင်က အဲ့ဒါကိုတောင် သိနေတာလား”
လဲ့ကျစ် အံ့ဩတကြီး ညည်းတွားလိုက်သော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေမိသည်။
'ဒီကိစ္စကိုပါ တိတိကျကျ တွက်ချက်နိုင်မယ်ဆိုရင်တော့ သူက တကယ့်ကို မသေမျိုးကြီး ဖြစ်နေမှာပဲ'
ဟော်တူကတော့ အဓိပ္ပာယ်ပါသော အပြုံးဖြင့်သာ တုံ့ပြန်ပြီး ဘာမှထပ်မပြောတော့ပေ။
......။........။.......
ဟော်တူက အမှန်တကယ် တွက်ချက်နိုင်ခဲ့ခြင်းလော သို့မဟုတ် လောကကြီးတွင် တိုက်ဆိုင်မှုများ ရှိနေခြင်းလောလား မသိနိုင်တော့ဘဲ နွေရာသီကုန်ဆုံးပြီး ဆောင်းဦးပေါက်ရာသီသို့ ကူးပြောင်းစ အချိန်တွင် လဲ့ကျစ်၌ ရင်သွေးလေး ရှိနေပြီဖြစ်ကြောင်း အတည်ပြု စစ်ဆေးတွေ့ရှိခဲ့သည်။
“ရှင်ကတော့ တကယ်ကို အံ့ဩစရာကောင်းတဲ့ လူပဲ”
လဲ့ကျစ်က အံ့ဩလွန်းသဖြင့် သူမ ကိုယ်ဝန်ရှိသည့်အတွက် ဝမ်းသာရမည်ကိုပင် ခေတ္တမျှ မေ့လျော့သွားရသည်။ သူမက ဟော်တူ၏လက်ကို ဆွဲကိုင်ကာ မေးမြန်းနေသည်။
“မြန်မြန်ပြောပြပါဦး... ရှင် ဘယ်လိုများ တွက်ချက်လိုက်တာလဲ”
ဟော်တူက သူမအတွက် အပေါ်ရုံပါးလေးကို ဂရုတစိုက် ဝတ်ဆင်ပေးပြီးနောက် သူမ၏ ပါးပြင်လေးကို အသာအယာ ဖျစ်ညှစ်ကာ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“အတွက်အချက်ကို သေချာသင်ထားရုံပါပဲကွာ”
အတူရှိခဲ့သည့် အချိန်ကာလတစ်လျှောက်လုံးတွင် လဲ့ကျစ်၏ လစဉ်ရာသီစက်ဝန်း အချိန်ဇယားမှအစ ခန္ဓာကိုယ်၏ ပြောင်းလဲမှု အသေးစိတ်အထိ ဟော်တူက သူ့လက်ဖဝါးပေါ်မှ အရေးကြောင်းများကဲ့သို့ နှံ့စပ်အောင် သိနေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုပုံစံများက သူ၏စိတ်ထဲတွင် သဘာဝအတိုင်း စွဲမြဲနေခဲ့ခြင်း ဖြစ်သည်။
လဲ့ကျစ် နွေရာသီအကုန်တွင် ကိုယ်ဝန်ရလာခြင်းကလည်း သူ၏ တွက်ချက်မှုကြောင့်ပင် ဖြစ်သည်။ ထိုသို့ဆိုပါက သူမ မီးဖွားချိန်တွင် ရာသီဥတုမှာ သာယာပြီး သက်တောင့်သက်သာ ရှိနေပေလိမ့်မည်။ အမျိုးသမီးတစ်ဦး ကလေးမီးဖွားချိန်တွင် များစွာသော ဝေဒနာများကို ခံစားရတတ်သောကြောင့် သူက တတ်နိုင်သည့် အခြေအနေအတွင်းမှ သူမ၏ ဝေဒနာအချို့ သက်သာစေရန် အကောင်းဆုံး ကြိုးပမ်းပေးခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဟော်တူ၏ အထူးတလည် ဂရုစိုက်မှုများကြောင့် လဲ့ကျစ်၏ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းနေခဲ့သည်။ ထို့ကြောင့် ကိုယ်ဝန်အစောပိုင်းတွင် ကြီးကြီးမားမား အခက်အခဲ မရှိခဲ့ပေ။ ကိုယ်ဝန်လေးလအရောက်တွင်တော့ ဟော်တူက သူမထံ၌ အမွှာရင်သွေးလေးများ ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ထိုသတင်းကြောင့် ပျော်ရွှင်ရသော်လည်း တစ်ဖက်တွင်လည်း အတိုင်းအဆမဲ့ စိုးရိမ်ပူပန်မှုများ ကျရောက်လာခဲ့သည်။ ကိုယ်ဝန်ဆောင်ရခြင်းကပင် သူမအတွက် ခက်ခဲနေပြီဖြစ်ရာ အမွှာရင်သွေးကို မီးဖွားရမည့်အချိန်တွင် အန္တရာယ် ပိုများနိုင်သည်။ ထိုနေ့မှစ၍ ဟော်တူ ညတိုင်း အိပ်မပျော်နိုင်တော့ပေ။
ကိုယ်ဝန် တဖြည်းဖြည်း ရင့်လာသည်နှင့်အမျှ အခက်အခဲအချို့ စတင်လာခဲ့သည်။ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများနှင့်အတူ လဲ့ကျစ်က လက်မောင်းများ ရောင်ရမ်းခြင်း၊ ခါးနာခြင်းတို့အပြင် အစားအသောက်တွင်လည်း အလွန်အမင်း ဇီဇာကြောင်လာခဲ့သည်။
သူမ စိတ်တိုလွယ်လာကာ အသေးအဖွဲ ကိစ္စလေးများဖြင့်ပင် ဟော်တူကို ပြဿနာရှာလေ့ရှိသည်။
‘ဟင်းချိုက ပေါ့လွန်းတယ်...’ ‘ကိတ်မုန့်က မာလွန်းတယ်...’ စသည်ဖြင့် ညည်းညူလေ့ရှိသည်။
တစ်နေ့တွင် ညစာစားပြီးနောက် ဟော်တူ ပြုလုပ်ပေးသော လက်ဖက်ရည်က အနည်းငယ် ပူနေသဖြင့် လဲ့ကျစ်က ဒေါသထွက်ကာ လက်ဖက်ရည်ခွက်ကို လွှင့်ပစ်ပြီး အိပ်ခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။
သူမက မှန်ချပ်ကြီးရှေ့တွင် ရပ်ကာ မှန်ထဲမှ ဖောင်းကားနေသော သူမကိုယ်သူမ ကြည့်ရင်း စိတ်ပျက်နေပြန်သည်။
'ငါ့ရုပ်က ဘယ်လိုမှ မလှတော့ဘူး'
သို့သော်ငြားလည်း အကယ်၍ နောက်တစ်ကြိမ် ထပ်မံရွေးချယ်ခွင့် ရဦးမည်ဆိုလျှင်လည်း ဤရင်သွေးလေးနှစ်ဦးကို သူမ လိုချင်နေမိဦးမည်သာ ဖြစ်သည်။ သူတို့ မမွေးဖွားလာသေးခင်မှာပင် သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေခဲ့ချေပြီ။ သို့သော် ရုပ်ရည်ပျက်ယွင်းလာခြင်းကတော့ လဲ့ကျစ်အတွက် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ခု ဖြစ်နေဆဲပင်။
ဤသို့ဖြင့် သူမက ကုတင်ပေါ်တွင် ဟော်တူကို ကျောပေးကာ မှုန်မှိုင်းစွာ အိပ်ပျော်သွားသည်။ ထုံးစံအတိုင်း စိုးရိမ်စိတ်များကြောင့် ကောင်းစွာ အိပ်မပျော်နိုင်ဘဲ ညသန်းခေါင်ယံတွင် ပြန်နိုးလာခဲ့သည်။ ထိုအချိန်တွင် ဟော်တူက ကုတင်စွန်းတွင် ထိုင်နေပြီး လက်ကိုင်ပုဝါနွေးနွေးတစ်ထည်ဖြင့် ရောင်ရမ်းနေသော သူမ၏ ခြေသလုံးကြွက်သားများကို ဂရုတစိုက် နှိပ်နယ်ပေးနေသည်ကို တွေ့လိုက်ရသည်။
သူ၏ လက်ချောင်းလေးများက အလွန်ပင် နူးညံ့လွန်းလှပြီး သူမ နိုးလာသည်ကိုပင် သတိမပြုမိဘဲ အာရုံစိုက်ကာ နှိပ်ပေးနေခြင်းဖြစ်သည်။
ပင်ပန်းနွမ်းနယ်နေဟန်ရှိသော သူ၏ပါးလွှာသည့် ပါးပြင်များကို ကြည့်လိုက်ရင်း လဲ့ကျစ်၏ မျက်ဝန်းထဲ၌ မျက်ရည်များ ရုတ်တရက် ဝဲတက်လာကာ ပါးပြင်ပေါ်သို့ စီးကျလာတော့သည်။
သူမ အကြောင်းပြချက်မရှိဘဲ ဂျီကျနေမိပြီး သူ့ကို ရည်ရွယ်ချက်ရှိရှိ ဒေါသထွက်နေမိသည်ကို လဲ့ကျစ် သိနေခဲ့သည်။ သို့သော်လည်း သူမ အမှန်တကယ် မထိန်းချုပ်နိုင်ခဲ့ချေ။ သူမ ကိုယ်ဝန်ရှိကတည်းက ဟော်တူ သိသိသာသာ ပိန်ပါးလာခဲ့ပြီး အဓိက အကြောင်းရင်းကလည်း သူမကိုယ်တိုင် ဖြစ်နေခဲ့သည်။
တိတ်ဆိတ်သော ညဥ့်နက်သန်းခေါင်၌ ခြေသံတိုးတိုးလေးကိုပင် ကြည်လင်စွာ ကြားနေရသည်။ လဲ့ကျစ်က သူမကိုယ်သူမ အပြစ်မကင်းသလို ခံစားရသဖြင့် နှုတ်ခမ်းကို တင်းတင်းကိုက်ထားသော်လည်း ငိုရှိုက်သံအချို့က လွတ်ထွက်သွားခဲ့သည်။
ဟော်တူက မျက်လုံးများကို မော့ကြည့်လာပြီး ဖယောင်းတိုင်မှိန်မှိန်၏ အလင်းရောင်အောက်တွင် ကုတင်ပေါ်၌ ရှိုက်ကြီးတငင် ငိုနေသော လဲ့ကျစ်ကို တွေ့သွားခဲ့သည်။ သူ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး လက်ကိုင်ပုဝါကို ချကာ သူမကို ပွေ့ချီလိုက်သည်။
သူက သူမ၏ မျက်ရည်များကို အသာအယာ သုတ်ပေးရင်း မေးလိုက်သည်။
“ဘာဖြစ်လို့လဲဟင်... ဘယ်နားက အဆင်မပြေဖြစ်လို့လဲ”
လဲ့ကျစ်က တိုးတိုးလေး ငိုရှိုက်နေရင်း သူ၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ သူမ၏ မျက်ရည်များကို သူ၏လည်ပင်းသားများနှင့် ပွတ်တိုက်ရင်း ရင်ဖွင့်နေရှာသည်။
“ကျွန်မ အခု ရုပ်ဆိုးနေပြီ... ပြီးတော့ ခဏခဏလည်း ဒေါသထွက်နေမိတယ်။ ကျွန်မကိုယ်ကျွန်မ အဲ့လိုဖြစ်နေတာကို တကယ်မကြိုက်ဘူး”
သူမ တစ်ခုခု နာကျင်နေသည်ဟု ထင်ကာ စိုးရိမ်နေသော ဟော်တူက ထိုစကားကို ကြားရမှ စိတ်သက်သာရာရသွားခဲ့သည်။ သူက လက်ကိုမြှောက်ကာ သူမ၏ ကျောပြင်လေးကို ညင်ညင်သာသာ အထပ်ထပ် ပွတ်သပ်ပေးနေသည်။ အချိန်အတော်ကြာ ပွေ့ဖက်ထားပြီးနောက်မှ သူက သူမကို နူးညံ့သော ကုတင်ပေါ်သို့ ပြန်ချပေးလိုက်ပြီး သန့်ရှင်းသော လက်ကိုင်ပုဝါဖြင့် မျက်ရည်များကို ထပ်သုတ်ပေးလိုက်သည်။
“မင်းက ရုပ်ဆိုးတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ”
ဟော်တူက ပြုံးရင်း သူမ၏ နှာသီးဖျားလေးကို အသာအယာ ဖိညှစ်ကာ စနောက်လိုက်သည်။
“မင်းလိုလူက ရုပ်ဆိုးတယ်ဆိုရင် ကျန်တဲ့သူတွေ ဘယ်လိုလုပ်ကြမလဲ”
“ပြီးတော့... အခုဟာက ဒေါသကြီးတာလား၊ အရင်တုန်းက ကိုယ်သင်ပေးခဲ့တာတွေကို မေ့သွားပြီလား၊ အိမ်တစ်လုံးလောက်တောင် မဖြိုရသေးဘဲနဲ့ ဒီလောက်လေးကို ဒေါသကြီးတယ်လို့ ပြောဖို့ မျက်နှာရှိသေးတယ်ပေါ့”
နောက်ဆုံးတွင် ဟော်တူက သူမ၏ နဖူးပေါ်သို့ အနမ်းပါးပါးလေးတစ်ခု ခြွေချလိုက်ပြီး သူမ၏ နဖူးနှင့် သူ၏နဖူးကို ထိကပ်ထားလိုက်သည်။
“မင်း ညသန်းခေါင်မှာ ဗိုက်ဆာလို့ ကိုယ့်ကို နှိုးရင်တောင် ကိုယ်က ငြင်းခုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မကြိုက်ဘူးဆိုတာမျိုးတော့ လုံးဝ မပြောရဘူး... ကိုယ်ကတော့ ကိုယ့်ရဲ့ ပေါင်ပေ့လေးကို အချစ်ဆုံးပဲ”
သူ၏ ချိုသာသော စကားများကြောင့် လဲ့ကျစ်က ပို၍ ပြင်းပြင်းထန်ထန် ငိုချလိုက်ပြန်သည်။ ဟော်တူလည်း လှဲလျောင်းလျက် သူမကို ပွေ့ဖက်ထားလိုက်ရသည်။
“ကိုယ့်ရဲ့ ပေါင်ပေ့လေးကတော့ ရေနဲ့ လုပ်ထားတာလားတောင် မသိတော့ဘူး”
သူက လက်ကိုင်ပုဝါကို မသုံးတော့ဘဲ သူမ၏ မျက်ရည်စများကို သူ၏ နှုတ်ခမ်းများဖြင့်သာ တရွေ့ရွေ့ နမ်းရှိုက်ရင်း သုတ်ပေးနေသည်။
“ဟက်... သကြားလုံးတွေ အလွန်အကျွံ စားထားလို့လားမသိဘူး၊ မျက်ရည်တွေတောင် ချိုနေတယ်”
သူက အပြုံးဖြင့် မှတ်ချက်ပေးနေသောကြောင့် လဲ့ကျစ်တစ်ယောက် မျက်ရည်များကြားမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူမ၏စိတ်ထဲတွင် သက်တောင့်သက်သာ ရှိသွားကာ သူ့ကို ဆုပ်ကိုင်ထားရင်း မျက်လုံးများကို မှိတ်ပြီး အိပ်ပျော်သွားရှာသည်။
ဟော်တူ၏ အထူးတလည် ဂရုစိုက်မှုနှင့် အလိုလိုက်မှုများကြောင့် လဲ့ကျစ်၏ ကိုယ်ဝန်ဆောင်စဥ် စိတ်မသက်မသာဖြစ်မှုများက တဖြည်းဖြည်း သက်သာလာခဲ့သည်။ သူမ၏ စိတ်အခြေအနေလည်း အများကြီး တိုးတက်ကောင်းမွန်လာခဲ့သည်။
'ငါ့ရဲ့ မြေခွေးမလေးကတော့ သူ့အသွင်အပြင်နဲ့ ပတ်သက်ပြီး ကြီးကြီးမားမားကို နားလည်မှုလွဲနေတာပဲ'
ထိုသို့ တွေးမိသည်နှင့် ဟော်တူက မြို့တော်ရှိ အလှပဆုံး ကိုယ်ဝန်ဆောင်ဝတ်စုံအားလုံးကို ဝယ်ယူခဲ့ပြီး သူမကို တစ်နေ့လျှင် သုံးစုံခန့် လဲဝတ်ရန် တောင်းဆိုခဲ့သည်။
ဟော်တူက သူမ၏ ကိုယ်ဝန်ဆောင်ကာလ အဆင့်တိုင်းကို စုတ်တံဖြင့် ပန်းချီကားချပ်များ ဖန်တီးကာ မှတ်တမ်းတင်ထားခဲ့သည်။ လဲ့ကျစ်၏ ပုံစံက မည်သို့ပင် ပြောင်းလဲနေပါစေ သူကတော့ ထိုပုံရိပ်အားလုံးကို အမြတ်တနိုး ချစ်ခင်နေခဲ့သည်။ ဤပန်းချီကားများက သူ၏ ဘဝတွင် အဖိုးတန်ဆုံးသော ရတနာများ ဖြစ်လာခဲ့သည်။
......။........။........
နောက်တစ်နှစ်၏ သာယာနွေးထွေးသော နွေဦးရာသီတွင် လဲ့ကျစ်က သားတစ်ဦးနှင့် သမီးတစ်ဦး အမွှာမောင်နှမကို မွေးဖွားခဲ့သည်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း စနစ်တကျ ပြုစုစောင့်ရှောက်မှုများကြောင့် လဲ့ကျစ် မီးဖွားပြီးနောက် အလွန် အလျင်အမြန် ပြန်လည်ကျန်းမာလာခဲ့ရာ အိမ်နီးချင်းများပင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
ယေဘုယျအားဖြင့် အမျိုးသမီးများက ကလေးမီးဖွားပြီးနောက် နုပျိုလန်းဆန်းမှုများ လျော့ပါးသွားတတ်သော်လည်း လဲ့ကျစ်ကတော့ ထူးခြားနေခဲ့သည်။ သူမ၏ အသားအရေက ယခင်ကထက် ပိုမိုစိုပြည်လာသည့်အပြင်၊ သူမ၏ တစ်ကိုယ်လုံးတွင် မိခင်တစ်ဦး၏ နူးညံ့သိမ်မွေ့မှုများကလည်း အထင်သား ကိန်းအောင်းနေပြန်သည်။
လအနည်းငယ် ကြာပြီးနောက်တွင် လဲ့ကျစ်က ပျင်းပျင်းရှိသည်နှင့် သကြားလုံးဆိုင်လေးသို့ သွားရောက်လည်ပတ်ခဲ့သည်။ ယခုအခါ ဆိုင်တွင် အကူနှစ်ယောက် ရှိနေပြီ ဖြစ်ပြီး သူမအတွက် အလုပ်ရှုပ်စရာမလိုဘဲ လွတ်လွတ်လပ်လပ် နေခွင့်ရသဖြင့် အလွန်ပျော်စရာကောင်းနေသည်။ သူမကို မတွေ့ရသည်မှာ ကြာပြီဖြစ်သော အိမ်နီးချင်းများကလည်း သူမကို မြင်သည်နှင့် ဝိုင်းအုံကာ စိတ်ပါလက်ပါ မေးမြန်းကြတော့သည်။
“အခုဆို မင်းလည်း တော်တော်အလုပ်ရှုပ်နေမှာပေါ့... ကလေးနှစ်ယောက်ကို တစ်ပြိုင်တည်း ထိန်းရတာ မလွယ်ဘူးလေ၊ အထူးသဖြင့် ညဘက်ဆို ပိုခက်မှာပဲ ဟုတ်တယ်မလား”
“ကျစ်ကျစ်ကတော့ ကြည့်ကောင်းနေတုန်းပဲနော်... လူငယ်တွေဆိုတော့ ကျန်းမာရေးက လူကြီးတွေနဲ့ မတူဘူး၊ မြန်မြန်ပြန်ကောင်းလာတာပဲ”
“သမားတော်ဟော်မှာ တစ်ခုခု လျှို့ဝှက်ချက်ရှိနေတာလား၊ ငါ့ချွေးမဆိုရင် ကိုယ်ဝန်ဆောင်တုန်းက မနက်ခင်း ဝေဒနာတွေ ခံစားရတာ ကြောက်စရာတောင် ကောင်းတယ်၊ အဲ့ဒါ သက်သာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးများ ရှိရင် တောင်းပေးပါဦး”
ဘေးပတ်ဝန်းကျင်မှ ပြောဆိုနေကြသည်ကို လဲ့ကျစ်က နှုတ်ခမ်းလေး ကွေးရုံမျှ ပြုံးလျက် နားထောင်နေသည်။
'တကယ်တော့ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး'
ရှိခဲ့လျှင်လည်း သူမကို နေ့ရောညပါ မပြတ်တမ်း စောင့်ရှောက်ပေးခဲ့သော ဟော်တူ၏ စေ့စပ်သေချာသည့် ကျေးဇူးကြောင့်သာ ဖြစ်ပေလိမ့်မည်။ သူမ ကိုယ်ဝန်ဆောင်ထားရသည့် ဆယ်လတာကာလအတွင်း သူက သူမထက်ပင် ပို၍ ကြိုးစားအားထုတ်ခဲ့ပုံရသည်။
“ကလေးနှစ်ယောက်လုံးက အရမ်းအေးပါတယ်ရှင့်... ညဘက်ဆိုလည်း ရှုပ်ရှုပ်ယှက်ယှက် မလုပ်ကြဘူးလေ၊ အဲ့ဒါကြောင့် စိုးရိမ်စရာ သိပ်မရှိပါဘူး”
လဲ့ကျစ်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။ သူမ၏ ချစ်စရာကောင်းသော ရင်သွေးလေးများကို တွေးမိသည်နှင့် သူမ၏မျက်နှာတွင် အပြုံးများ အလိုအလျောက် ပေါ်လွင်လာသည်။ သူမနှင့် ဟော်တူ၏ ကလေးများက လှပပြီး ချစ်စရာကောင်းရုံသာမက အလွန်ပင် သိတတ်နားလည်ကြသည်။ သူတို့ကို မွေးကတည်းက ညသန်းခေါင်ယံတွင် တစ်ခါမျှ ထအော်ငိုခြင်းမျိုး မရှိခဲ့ပေ။
ညတိုင်း မိုးလင်းသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်ရခြင်းကလည်း သူမ၏ ခန္ဓာကိုယ်ကို အလျင်အမြန် ပြန်လည်ထူထောင်နိုင်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်ပေသည်။
“ဟင်... ကလေးတွေက ညဘက်မှာ ပြဿနာမရှာဘူးလား၊ ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဟုတ်ပ... ဘယ်လောက်ပဲ အေးတဲ့ကလေးဖြစ်ဖြစ် ညဘက်ဆို အနည်းဆုံးတော့ ဒုက္ခပေးတတ်ကြတာပဲလေ”
အိမ်နီးချင်းများ ပြန်သွားကြပြီးနောက်တွင် လဲ့ကျစ်က တစ်ခုခုကို တွေးတောမိသွားသည်။
‘သူတို့ ပြောတာက အမှန် ဖြစ်လောက်တယ်၊ ဒါပေမယ့်...
လောကမှာ ခြွင်းချက်ဆိုတာက အမြဲရှိနေတာပဲ မဟုတ်ဘူးလား။’
အမှန်တကယ်တွင်လည်း လဲ့ကျစ်က ညသန်းခေါင်ယံအချိန်များတွင် ကလေးငိုသံကို တစ်ခါမျှ မကြားခဲ့ဖူးချေ။ ထို့ကြောင့် ယနေ့ညနေတွင် လဲ့ကျစ်က တမင်တကာ အိပ်ပျော်ဟန်ဆောင်နေပြီး ညဘက်တွင် ကလေးငယ်များ အမှန်တကယ် ငို၊ မငိုကို သိနိုင်ရန် စောင့်ကြည့်နေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ညသန်းခေါင်ယံသို့ ရောက်ချိန်တွင် ကလေးတစ်ယောက်က လန့်နိုးလာပြီး စငိုနေသည်။ ထိုအချိန်တွင် သူမ၏ဘေးနား၌ ရှိနေသော အမျိုးသားက သူမကို နိုးသွားမည်ကို စိုးရိမ်ပုံဖြင့် သူမကို အသာအယာ လွှတ်ပေးကာ စောင်ကို သေသေချာချာ ခြုံပေးပြီးနောက် ကုတင်ပေါ်မှ ဆင်းသွားခဲ့သည်။
အိပ်ရာကန့်လန့်ကာကြားမှတစ်ဆင့် လဲ့ကျစ် ချောင်းကြည့်နေမိသည်။ ဟော်တူက ကလေးကို အသာအယာ ပွေ့ချီလိုက်ပြီးနောက် တံခါးကို ဂရုတစိုက် ပိတ်ကာ ဘေးခန်းသို့ ညင်သာစွာ လျှောက်သွားသည်ကို သူမ မြင်လိုက်ရသည်။ ထို့နောက်တွင် ကလေးငိုသံက ရုတ်တရက် တိတ်ဆိတ်သွားသည်။
လဲ့ကျစ်၏ နှလုံးသားထဲ၌ တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ သူမ ကန့်လန့်ကာကို ဖြည်းညှင်းစွာ ဖွင့်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ထို့နောက် အခန်းတံခါးကို အသာအယာ တွန်းဖွင့်ကာ ဘေးခန်းသို့ ချောင်းကြည့်လိုက်ပြန်သည်။
ဟော်တူက ကလေးကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားကာ လက်ထဲမှ အရုပ်ကလေးဖြင့် ကလေးငယ်အား နူးနူးညံ့ညံ့ ချော့မြူနေသည်ကို သူမ တွေ့လိုက်ရသည်။
'ကလေးတွေက လိမ္မာရေးခြားရှိလို့ ညဘက် မငိုကြတာ မဟုတ်ဘူးပဲ... ငါ မိုးလင်းတဲ့အထိ ကောင်းကောင်း အိပ်စက်နိုင်ဖို့အတွက် ဟော်တူကပဲ ညတိုင်း အကြိမ်ကြိမ်ထပြီး ကလေးတွေကို ချော့ပေးနေခဲ့တာပေါ့...'
လဲ့ကျစ်၏မျက်ဝန်းအိမ်များ နီမြန်းလာကာ တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လျက် သူ၏အနားသို့ လျှောက်သွားလိုက်သည်။ ဟော်တူက သူမကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ကိုယ်... မင်းကို နိုးမိသွားတာလား”
ကလေးကို ပွေ့ချီထားရသဖြင့် ဟော်တူက လဲ့ကျစ်ကို ပြန်မပွေ့ဖက်နိုင်ခဲ့ချေ။ သို့သော်လည်း လဲ့ကျစ်က ဂရုမစိုက်ဘဲ သူ့ခါးကို တင်းတင်းပွေ့ဖက်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးကို သူ့ရင်ခွင်ပေါ်သို့ မှီချလိုက်သည်။ သူမက ခေါင်းငုံ့ထားရင်း တိုးတိုးလေး မေးနေသေးသည်။
“ဘာလို့ ကျွန်မကို မနှိုးတာလဲဟင်...”
“ဒါက ကိုယ့်အတွက် အဆင်ပြေပါတယ်”
“ဒါပေမယ့် ကျွန်မက ကလေးအမေလေ”
လဲ့ကျစ်၏ မျက်လုံးများက မျက်ရည်များကြောင့် နီရဲလာကာ ရှိုက်သံဖြင့် ရေရွတ်လိုက်သည်။
“ရှင်တစ်ယောက်တည်းကိုပဲ အကုန်လုပ်ခိုင်းနေရင် ကျွန်မ တာဝန်မဲ့လွန်းရာ ရောက်သွားလိမ့်မယ်”
“ငတုံးလေး...”
ဟော်တူက သူမ၏နဖူးကို သူ၏နဖူးနှင့် အသာအယာ ထိကပ်လိုက်ရင်း ချော့မော့လိုက်သည်။
“မင်းသာ မရှိရင် သူတို့လေးတွေက ဒီကမ္ဘာပေါ်ကို ဘယ်လိုမျိုး ဘေးကင်းကင်းနဲ့ ရောက်လာနိုင်မှာလဲ”
'မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး ဒုက္ခတွေ အများကြီး ခံခဲ့ပြီးပြီမို့... နောင်မှာ ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်ကို ဒီထက်ပိုပြီး လုပ်ခွင့်ပေးသင့်ပါတယ်'
ကလေးကို ချော့သိပ်ပြီးနောက် ပုခက်ထဲသို့ ပြန်ထည့်သည်အထိ လဲ့ကျစ်က တိတ်တိတ်ဆိတ်ဆိတ် ငိုကြွေးနေဆဲပင်။ ဟော်တူက သူမကို တွဲခေါ်ကာ အိပ်ရာထဲသို့ ပြန်ဝင်လိုက်သည်။ သူက အသံကိုနှိမ့်ကာ ထပ်ပြောလိုက်သည်။
“အခုမှ ကလေးလေးကို ချော့ပြီးရုံရှိသေးတယ်... အခုတော့ ကိုယ့်ရဲ့ ပေါင်ပေ့လေး ကျစ်ကျစ်ကိုပါ ထပ်ချော့ရဦးမယ် ထင်တယ်”
သူက သူမ အငိုတိတ်သွားသည်အထိ သူမ၏ မျက်နှာလေးကို လက်ဖြင့် အုပ်ကိုင်ကာ အကြိမ်ကြိမ် ညင်သာစွာ နမ်းရှိုက်နေသည်။ ထိုမှတစ်ဆင့် အနမ်းများက တဖြည်းဖြည်း နက်ရှိုင်းလာပြီး သူတို့နှစ်ဦးစလုံး၏ အသက်ရှူသံများလည်း ဖရိုဖရဲ ဖြစ်လာလေသည်။
ကိုယ်ဝန်ဆောင်ချိန်မှစ၍ ရင်သွေးလေးများ ဖွားမြင်ပြီးနောက် လဲ့ကျစ် ပြန်လည်ကျန်းမာလာသည့် အချိန်အထိ တစ်နှစ်ကျော်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့ဇနီးမောင်နှံနှစ်ဦး အချိန်အတော်ကြာ ခန္ဓာကိုယ်ချင်း ဝေးကွာနေခဲ့ကြသဖြင့် ယခုကဲ့သို့ အချိန်မျိုးတွင် တစ်ဦးကိုတစ်ဦး အလောတကြီး မက်မောတွယ်တာနေမိခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ရင်းနှီးကျွမ်းဝင်ခဲ့သော အမှတ်တရများ ပြန်လည်နိုးထလာသဖြင့် လဲ့ကျစ်က ဟော်တူ၏လည်ပင်းကို သိုင်းဖက်ကာ နှုတ်ခမ်းလွှာများကို ဖြည်းညှင်းစွာ တွန့်ကွေးလျက် ပြုံးလိုက်သည်။ အိပ်ရာ၏ ကန့်လန့်ကာများ လျှောကျသွားကာ အတွင်းခန်းမှ အလှတရားအားလုံးကို ဖုံးလွှမ်းသွားသည်။ ချစ်သူနှစ်ဦးကြားမှ နူးညံ့လှသော တိုးတိုးတိတ်တိတ် စကားသံများက အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေခဲ့ပြီး မရပ်တန့်နိုင်သော သံယောဇဉ်များကတော့ အချိန်အကြာကြီး တည်တံ့နေခဲ့သည်။
..........။.........။........
ရှင်းဟယ်၏ ရှစ်နှစ်မြောက်.......
ဆောင်းဦးပေါက်ရာသီတွင်...
မိသားစုလေးယောက် အတူတူ ဆော့ကစားရန် နန်းလုံးကြိုင် ပန်းရနံ့များဖြင့် ပြည့်နှက်နေသော မြို့စွန်ဘက်သို့ အပန်းဖြေခရီး ထွက်လာခဲ့ကြသည်။ လဲ့ကျစ်က နန်းလုံးကြိုင်ပင်အောက်တွင် အနားယူကာ ထိုင်နေပြီး ဟော်တူနှင့် ကလေးနှစ်ယောက် ဆော့ကစားနေကြသည်ကို ကြည့်ကာ ကြည်ကြည်နူးနူး ပြုံးနေလေသည်။
သိပ်မကြာခင်မှာပင် ကလေးနှစ်ယောက်က သူမအနားသို့ အပြိုင်အဆိုင် ပြေးလာကြသည်။ တစ်ယောက်က ခေါင်းလေးငုံ့ကာ သူမ၏ နားနားသို့ ကပ်လျက် ကလေးဆန်သော အသံလေးဖြင့် တိုးတိုးလေး ပြောလာသည်။
“မေမေ... ဖေဖေက ပြောတယ်၊ မေမေက မနေ့ကထက် ဒီနေ့ ပိုလှနေတယ်တဲ့”
“မေမေ... ဖေဖေက ပြောတယ်၊ ဖေဖေက မေမေ့ကို အရမ်းချစ်တယ်တဲ့”
လဲ့ကျစ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အဝေးတွင် ရှိနေသော အမျိုးသားကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ လက်ကို မြှောက်ကာ ကလေးနှစ်ယောက်၏ ခေါင်းလေးများကို အသာအယာ ပုတ်ပေးလိုက်သည်။
ထန်ထန်နဲ့ ကော်ကော်...
(t/n: သကြားလုံးနှင့် အသီးဟု အဓိပ္ပာယ်ရသော ကလေးများ၏ ချစ်စနိုး နာမည်ပြောင်များ)
သူတို့၏ သားနှင့်သမီးက သူမနှင့် အလွန်တူသော်လည်း သူတို့၏ မျက်ဝန်းများကတော့ မြင်သူတိုင်း၏ နှလုံးသားကို ယိမ်းယိုင်စေနိုင်သည့် ဟော်တူ၏ မက်မွန်ပွင့်ပုံစံ မျက်လုံးများနှင့် ဆင်တူကြသည်။ ကလေးများ ပြုံးလိုက်ချိန်တွင် ထိုမျက်ဝန်းလေးများက လခြမ်းသဏ္ဍာန် ကွေးသွားတတ်ပြီး အလွန်ပင် ချစ်စရာကောင်းလှသည်။
'ကောင်းပြီလေ... သူတို့လေးတွေက ပြောတာထက်ကို ပိုပြီး ချစ်ဖို့ကောင်းနေတာပဲ'
လဲ့ကျစ်က ကလေးများ၏ နားထဲသို့ စကားအချို့ကို တိုးတိုးလေး ပြန်ပြောလိုက်ပြီး ကလေးနှစ်ယောက်က ရယ်မောကာ ဟော်တူရှိရာသို့ ပြန်ပြေးသွားကြပြန်သည်။ သူတို့နှစ်ယောက်က ဟော်တူ၏ရှေ့တွင် ရပ်ကာ အော်ပြောလိုက်ကြသည်။
“ဖေဖေ... မေမေက ပြောတယ်၊ မေမေက ဖေဖေကို အများကြီး ပိုချစ်တယ်တဲ့”
ဟော်တူ၏ မျက်ဝန်းအိမ်ထဲမှ နူးညံ့သိမ်မွေ့မှုတို့က သတိမပြုမိနိုင်လောက်အောင် နက်ရှိုင်းသွားခဲ့သည်။ သူက သစ်ပင်အောက်တွင် ထိုင်နေသော အမျိုးသမီးလေးကို လှမ်းကြည့်လိုက်ပြီး သူမကလည်း သူ့ကို အပြုံးဖြင့် ပြန်ကြည့်နေသောကြောင့် အကြည့်ချင်းဆုံသွားရသည်။
တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည့် ထိုမျက်ဝန်းနှစ်စုံထဲတွင် အပြန်အလှန် ထားရှိကြသော မေတ္တာတရားတို့ အထင်သား ပေါ်လွင်နေသည်။
ဤအခိုက်အတန့်တွင် လဲ့ကျစ်က သူမ၏ဘဝ၌ ထာဝရတည်မြဲမည့် ဤဖြစ်တည်မှုကို အလွန် ကျေနပ်မိနေသည်။
‘သူနဲ့ ကလေးတွေက သူမကို ထာဝရချိုမြိန်စေတယ်။’
ညနေခင်း နေရောင်ခြည်က ခန္ဓာကိုယ်ပေါ်သို့ နွေးထွေးစွာ ကျရောက်နေသဖြင့် လဲ့ကျစ်က သစ်ပင်ပင်စည်ကို မှီထားရင်း အိပ်ပျော်သွားခဲ့သည်။
“မေမေ အိပ်ပျော်သွားပြန်ပြီ”
ဟော်တူက သူမ၏ရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး အေးချမ်းစွာ အိပ်မောကျနေသော မျက်နှာလေးကို ကြည့်ကာ နှုတ်ခမ်းများ ကော့တက်သွားသည်အထိ ပြုံးနေခဲ့သည်။
သူမ၏အစ်မဖြစ်သူ လဲ့ကျင်း ပြောခဲ့သလိုပင် လဲ့ကျစ်က အချိန်မရွေး ပျင်းရိစွာ အိပ်ပျော်သွားနိုင်သူလေး ဖြစ်သည်။
နောက်ဆုံးတွင်တော့ သူက သူမကို အပူအပင်ကင်းမဲ့ပြီး ပေါ့ပါးလွတ်လပ်သော ဘဝတစ်ခု ပိုင်ဆိုင်စေနိုင်ခဲ့ပြီ ဖြစ်သည်။ ဟော်တူက လဲ့ကျစ်ကို ညင်သာစွာ ပွေ့ချီလိုက်ကာ သူမ၏ နဖူးပေါ်သို့ အနမ်းတစ်ပွင့် ခြွေချလိုက်ပြီးနောက် အိမ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
သူ့နောက်တွင် ကျန်ရစ်ခဲ့သော ထန်ထန်နှင့် ကော်ကော်တို့ မောင်နှမက တိုးတိုးလေး ရေရွတ်နေကြသည်။
“ကိုကို... ညီမလေးလည်း ပင်ပန်းနေပြီ”
“ဒါပေမယ့် မေမေက အိပ်ပျော်သွားပြီလေ၊ မေမေ အိပ်ပျော်သွားတိုင်း ဖေဖေက ကိုကိုတို့ကို ချီဖို့ အချိန်မရှိတော့ဘူး”
ကလေးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းယမ်းပြရင်း လက်ချင်းချိတ်လျက် ဖခင်ဖြစ်သူ၏ ခြေလှမ်းများနောက်သို့ လိုက်ပါသွားကြသည်။
နွေးထွေးတောက်ပသော နေရောင်ခြည်က မိသားစုလေးယောက်ပေါ်သို့ လှပစွာ ဖြာကျနေလေသည်။
သူတို့ဘဝ၏ လက်ကျန်အချိန်များကလည်း ဤကဲ့သို့ပင် သာယာလှပနေပေဦးမည်။
......။.......။.........
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ကျစ်ကျစ်နဲ့ အစ်ကိုတော်ဟော်တူတို့ရဲ့ဇာတ်လမ်းလေးက ဒီနေရာအထိပါပဲ။ သူတို့နှစ်ယောက်က အမြဲတမ်း ချိုမြိန်ပြီး ပျော်ရွှင်နေမှာပါ။
[Finally Ended]