အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အပိုင်း (၉၁) - အကုန်သတ်
ဂိုဏ်းချုပ်ကျူးသည် ရှန်းချင်းယီကို သူသေချာပြင်ဆင်ထားသည့် ထောင်ချောက်ထဲသို့ လှည့်ဖြားခေါ်ဆောင်ရန်အတွက် ထိုနေရာတစ်ဝိုက်တွင် အထူးအစီရင်တစ်ခုကို တည်ဆောက်ထားခဲ့သည်။
ထိုအစီရင်မှာ စိတ်စွမ်းအင်နှင့် စိတ်ဝိဉာဥ်ခံစားမှုအားလုံးကို ပိတ်ဆို့ဖြတ်တောက်နိုင်စွမ်းရှိသည်။
ယခုအခါ ထိုအစီရင်ကြောင့်ပင် ချန်အန်သည် သူ၏ ဇနီးနှင့် သမီးကို ခေါ်ဆောင်ရင်း အမှတ်မထင် ဝင်ရောက်လာခဲ့မိခြင်း ဖြစ်သည်။
ချန်အန်သည် လက်ထဲတွင် ပိုးကောင်တစ်ကောင်ကို ကိုင်ထားသည့် ဂိုဏ်းချုပ်ကျူးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဂိုဏ်းချုပ်ကျူး၏ ရှေ့ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ရှန်းချင်းယီကို ကြည့်လိုက်သည်။
ဆက်လက်၍ ဘေးနားရှိ ဝါးရွက်ဂိုဏ်း ကျင့်ကြံသူများနှင့် မြေပြင်ပေါ်ရှိ ပြတ်တောက်နေသော ခေါင်းနှစ်လုံးကို ကြည့်ရှုလိုက်ရာ အခြေအနေမှာ လုံးဝမဟန်တော့ကြောင်း ချက်ချင်း ရိပ်မိသွားတော့သည်။
"ကျိယန်... မြန်မြန်၊ သမီးကိုခေါ်ပြီး ပြေးတော့ ကိုယ် သူတို့ကို ခုခံပြီး အချိန်ဆွဲထားမယ်"
ချန်အန်သည် သူ့နောက်တွင် ရှိနေသည့် ဝမ်ကျိယန်ကို ချက်ချင်း အော်ပြောလိုက်သည်။
ဝမ်ကျိယန်သည် ယခုကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် တုံ့ဆိုင်းနေ၍ မဖြစ်ကြောင်း ကောင်းစွာနားလည်သည်။ သူမသည် စကားတစ်ခွန်းမှ မဆိုဘဲ ချန်ယုကျန်းကို ချီပိုးကာ ချက်ချင်းပင် လှည့်ပြေးတော့သည်။ သူမသည် ထုံးစံအတိုင်းပင် သူမ၏ ခင်ပွန်းကို အကြွင်းမဲ့ ယုံကြည်သည်။
"ဘာတွေ ကြည့်နေတာလဲ မြန်မြန် သွားဖမ်းကြစမ်း"
ဂိုဏ်းချုပ်ကျူးက ဘေးရှိ အကြီးအကဲနှင့် ဒေဝီတပ်မှူးများကို အော်ဟစ် အမိန့်ပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ အားအင်ပြည့်ဝစပြုနေသော 'ချီ' သန့်စင်ခြင်း အဆင့် (၉) ရှိသည့် တပ်မှူးတစ်ဦးသည် မျက်နှာသာရရန်အတွက် ရှေ့သို့ ချက်ချင်း တက်လာခဲ့သည်။
"ဂိုဏ်းချုပ်... ကျွန်တော့်ကို လွှတ်လိုက်ပါ..."
ထိုတပ်မှူး စကားပင် မဆုံးသေးမီမှာပင် ရုတ်တရက် ပေါ်ထွက်လာသော ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ ဦးခေါင်းကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ပစ်ခတ်လိုက်သည်။
ပေါက်ကွဲသွားသော ဖရဲသီးတစ်လုံးကဲ့သို့ပင် သူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ကျလာပြီး ဦးနှောက်နှင့် သွေးများမှာ နေရာအနှံ့ ပျံ့လွင့်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးမှာ မှင်တက်သွားကြသည်။
ဒါက ဘာလဲ သူ ဒီလိုပဲ သေသွားတာလား။
သူက 'ချီ' သန့်စင်ခြင်း အဆင့် (၄) သာရှိတဲ့ ဆေးဖော်စပ်သူ မဟုတ်ဘူးလား။
'ချီ' သန့်စင်ခြင်း အဆင့် (၉) ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်းမှာ သူ ဘယ်လို သတ်လိုက်တာလဲ...။
"ဖျတ်"
"ဖျတ်"
"ဖျတ်"
ထိုသူများ ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပင် ချန်အန်သည် စကားတစ်ခွန်းမှ မပြောဘဲ သူ၏ 'ရွှေလက်ချောင်း' ကျင့်စဉ်ကို သုံးကာ ထပ်မံ ပစ်ခတ်လိုက်သည်။
'ချီ' သန့်စင်ခြင်းအဆင့် (၉) သာရှိသော အခြားသောကျင့်ကြံသူသုံးဦးမှာလည်း အချိန်မီ မတုံ့ပြန်နိုင်ဘဲ ဦးခေါင်းများ ပေါက်ကွဲကာ ရှေ့ကလူ၏ ခြေရာအတိုင်း လိုက်သွားကြတော့သည်။ သွေးမိုးများမှာ ကောင်းကင်ယံတွင် ပျံ့နှံ့သွားသည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (၁) ရှိသော အကြီးအကဲ နှစ်ဦးမှာမူ လျင်မြန်စွာ တုံ့ပြန်နိုင်သဖြင့် ရွှေရောင်အလင်းကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရောက်ရှိနေသူများထဲမှ အချို့မှာ ဤတိုက်ကွက်ကို မှတ်မိကြသည်။
ဒါက 'ရွှေလက်ချောင်း' ကျင့်စဉ်ရဲ့ ဒုတိယအဆင့်ပဲ။
ရွှေရောင်အလင်း လွှတ်ထုတ်ခြင်း..။
သူတို့အားလုံး အလွန် အံ့အားသင့်သွားကြသည်။ ထိရောက်မှု အလွန်နည်းပါးလှသည့် ဤကျင့်စဉ်ကို လေ့ကျင့်မည့်သူ တကယ်ရှိနေသည်လား..။
ထို့ပြင် သူက ဒုတိယအဆင့်အထိတောင် ကျွမ်းကျင်နေပြီ။
ဒါက တကယ်ကို မယုံနိုင်စရာပဲ။
"အားလုံး အတူတူ တိုက်ကြစမ်း၊ သူ့ကို သတ်ကြ"
အကြီးအကဲ တစ်ဦးက အော်ဟစ်ကာ ချန်အန်ထံသို့ စတင်တိုက်ခိုက်လိုက်သည်။
ထိုအခါ ကျန်ရှိသော အကြီးအကဲများနှင့်ကျင့်ကြံသူများမှာလည်း အနောက်မှ ကပ်လျက် လိုက်ပါလာကြသည်။
ချန်အန် ယခုလေးတင် ပြသခဲ့သော စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူတို့ လုံးဝ မပေါ့ဆရဲတော့ပေ။
"ဖျတ်!"
"ဖျတ်!"
"ဖျတ်!"
ချန်အန်သည် နောက်သို့ ဆုတ်ခွာရင်း ပစ်ခတ်လိုက်ရာ ကံဆိုးသူအချို့မှာ ဦးခေါင်းများ ပွင့်ထွက်ကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။
ဤသည်ကို မြင်သောအခါ အကြီးအကဲများက လှမ်းအော်လိုက်သည်။
- "အားလုံး နောက်ဆုတ်ကြ ငါတို့ အကြီးအကဲတွေပဲ သူ့နောက်ကို လိုက်မယ်!"
ကျန်ရှိနေသူများမှာ ထိုစကားကို ကြားသောအခါ ချက်ချင်းပင် လိုက်လံဖမ်းဆီးခြင်းကို ရပ်လိုက်ကြသည်။
သူတို့၏ ဘေးတွင် ခေါင်းမရှိသော အလောင်းများစွာ လဲလျောင်းနေသည်ကို မြင်သောအခါ သူတို့၏ ရင်ထဲတွင် ကြောက်စိတ်များ ဝင်လာပြီး ခြေထောက်များပင် တုန်ယင်လာတော့သည်။
ခုနက တိုက်ခိုက်ချိန်တွင် ဘာမှ သတိမထားမိခဲ့သော်လည်း ယခုမှ သူတို့၏ ညီအစ်ကိုများစွာ သေဆုံးသွားသည်ကို သိလိုက်ရသည်။
ဒီဆေးဖော်စပ်သူ ချန်အန်က ဘယ်လိုလူလဲ။
သူ့ရဲ့ ခွန်အားက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။
ထိုသူများအားလုံး သူတို့ကိုယ်သူတို့ပင် မယုံနိုင်အောင် ဖြစ်နေကြသည်။
ဘေးနားရှိ ဂိုဏ်းချုပ်ကျူးသည်လည်း ချန်အန်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် တုန်လှုပ်သွားရသည်။
သူ့စိတ်ထဲတွင် ထိတ်လန့်စရာ အတွေးတစ်ခု ဝင်လာသည်။
အကြီးအကဲ ကျောက် သေသွားပြီ။
သူ့ကို ဒီဆေးဖော်စပ်သူ ချန်အန်က သတ်လိုက်တာ ဖြစ်နိုင်တယ်။
ထိုသို့တွေးမိသည်နှင့် ကျန်ရှိနေသည့် ကျင့်ကြံသူများကို မှာကြားလိုက်သည်။
- "ဒီမိန်းမကို သေချာစောင့်ကြည့်ထားကြ မင်းတို့ သူ့ကို လွှတ်ပေးလိုက်တာပဲဖြစ်ဖြစ်၊ ရမ္မက်ဇောနဲ့ ထိပါးတာပဲဖြစ်ဖြစ် လုပ်ခဲ့ရင် ငါပြန်လာတဲ့အခါ မင်းတို့အားလုံးကို သတ်ပစ်မယ်"
ထိုသို့ ပြောပြီးနောက် သူသည် ဓားကိုကိုင်ကာ ချန်အန်နောက်သို့ ချက်ချင်း လိုက်သွားတော့သည်။ သူသည် အကြီးအကဲများနှင့် ပူးပေါင်းပြီး ချန်အန်ကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် လူအင်အားဖြင့် အနိုင်ကျင့်လို၍ မဟုတ်ဘဲ၊ ချန်အန်၏ စွမ်းအားမှာ အလွန် ထူးဆန်းနေသဖြင့် မတော်တဆမှုများ ဖြစ်မည်ကို စိုးရိမ်သောကြောင့် ကိုယ်တိုင် ပါဝင်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လူအများက လူတစ်ဦးတည်းနောက်သို့ လိုက်လံ ဖမ်းဆီးနေကြသည်။
ချန်အန်သည် အပြင်းအထန် နောက်ဆုတ် ပြေးလွှားနေသည်။
ဝါးရွက်ဂိုဏ်းမှ အကြီးအကဲများကလည်း နောက်မှ အသည်းအသန် လိုက်နေကြသည်။
သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် သစ်ကိုင်းနှင့် သစ်ရွက်များမှာ တရှဲရှဲ အသံများထွက်ကာ မြေပေါ်သို့ ကြွေကျကုန်သည်။
ချန်အန်သည် ဝါးရွက်ဂိုဏ်းမှ အကြီးအကဲများနှင့် တိုက်ခိုက်ရင်း ဆုတ်ခွာနေစဉ်အတွင်း သူ၏ နတ်ဘုရားအာရုံကို အသုံးပြုကာ သူ၏ ဇနီးနှင့် သမီးရှိရာ နေရာကို အမြဲ အာရုံခံနေသည်။ သူတို့နှင့် အလွန်အမင်း နီးကပ်မသွားစေရန်နှင့် ရန်သူများကို သူတို့ဆီသို့ မခေါ်ဆောင်သွားမိစေရန် သတိထားနေရသည်။ တစ်ချိန်တည်းမှာပင် သူတို့ဆီသို့ အချိန်မရွေး သွားရောက် ကူညီနိုင်ရန်အတွက် အလွန်အမင်း ဝေးကွာမသွားအောင်လည်း ထိန်းညှိထားသည်။
"ဒီဆေးဖော်စပ်သူ ချန်အန်က ဘာဖြစ်နေတာလဲ"
"သူက ဘယ်လိုဖြစ်လို့ ဒီလောက် မြန်နေရတာလဲ"
"ငါတို့ အခြေခံအုတ်မြစ် တည်ဆောက်သူတွေတောင် သူ့ကို မမီနိုင်ဘူးလား"
ဝါးရွက်ဂိုဏ်း အကြီးအကဲများအားလုံး အံ့ဩနေကြသည်။ သူတို့ အုပ်ချုပ်မှုအောက်တွင် ရှိသော ဝါးတောထဲ၌ ဤမျှ အစွမ်းထက်သော လူတစ်ယောက် ရှိနေသည်ကို သူတို့ မယုံနိုင်အောင် ဖြစ်နေရသည်။
"သူ့နောက်ကို မလိုက်တော့ရင်ရော သူ သွားချင်ရင် သွားပါစေ ငါတို့ အသက်နဲ့ ရင်းပြီး သူ့ကို တားစရာ မလိုပါဘူး။"
"အကြီးအကဲ ချိုက် ပြောတာ မှန်တယ် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်အထိ ရောက်ဖို့ မလွယ်ဘူး ကိုယ့်အသက်ကို ကိုယ် တန်ဖိုးထားရမယ်။"
"ဒါဆို ဂိုဏ်းချုပ်ကို ဘယ်လို ပြန်ပြောမလဲ"
"အသက်ဆုံးရှုံးမယ့် အန္တရာယ်ထက်စာရင် ဝေဝေဝါးဝါးပဲ ပြန်ပြောပြီး အပြစ်ပေးတာကို ခံယူလိုက်တာက ပိုကောင်းပါတယ်။"
"ဒါဆိုရင်တော့ ငါတို့ သူ့နောက်ကို ထပ်မလိုက်တော့ဘူး။"
တိုင်ပင်ပြီးနောက် ဝါးရွက်ဂိုဏ်း အကြီးအကဲများသည် ချန်အန်နောက်သို့ လိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။
သူတို့ကို သူရဲဘောကြောင်သည်ဟု အပြစ်တင်၍ မရပေ။ ချန်အန်၏ စွမ်းအားမှာ အလွန် ထူးဆန်းလှသဖြင့် သူတို့ အသက်ကို မရင်းရဲကြခြင်း ဖြစ်သည်။
ထိုအကြီးအကဲများ လာရာလမ်းအတိုင်း ပြန်လှည့်ရန် ပြင်နေစဉ်မှာပင်၊ ဘေးနားရှိ သစ်ရွက်များကြားမှ ရှူးခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြန်သည်။
ရှူး...
စက္ကန့်ပိုင်းအတွင်းမှာပင် အကြီးအကဲတစ်ဦးမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ လည်ပင်းတွင် ပူခနဲ ခံစားလိုက်ရသည်။ ထို့နောက် သူ၏ ဦးခေါင်းမှာ လည်ပင်းမှ ပြုတ်ထွက်ကာ မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသွားတော့သည်။
ချန်အန်သည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အကြီးအကဲတစ်ဦးကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ခြင်း ဖြစ်သည်။
"ပြေးကြ..."
အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်ပြီး အသည်းအသန် ထွက်ပြေးတော့သည်။
ကျန်ရှိသော အကြီးအကဲများမှာလည်း စကားတစ်ခွန်းမှ မဆိုဘဲ လှည့်ပြေးကြတော့သည်။
ယခုအခါ သူတို့၏ စွမ်းအားမှာ ချန်အန်နှင့် အလှမ်းဝေးလွန်းနေပြီဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။ ဆက်နေလျှင် သေဖို့သာ ရှိတော့သည်။
"ပြေးမလို့လား.. ဘယ်ကို ပြေးနိုင်မလဲ ကြည့်ကြသေးတာပေါ့"
ချန်အန်သည် ပြောပြောဆိုဆိုဖြင့် ထွက်ပြေးနေသော ဝါးရွက်ဂိုဏ်း အကြီးအကဲများနောက်သို့ လိုက်လံ အမဲလိုက်တော့သည်။
ခြံဝင်းအတွင်း၌ အကြီးအကဲ ကျောက်ကို တစ်ချက်တည်းဖြင့် သတ်လိုက်ကတည်းက သူ၏ စွမ်းအားကို သူ ကောင်းစွာ နားလည်ထားသည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် (၁) ရှိသော ဤအကြီးအကဲများကို သူ အလွယ်တကူ သတ်ဖြတ်နိုင်သည်။
ခုနက သူ ထွက်ပြေးခဲ့ရခြင်းမှာ အဆင့် (၃) ရှိသော ဂိုဏ်းချုပ်ကျူးကို ကြောက်ရွံ့သောကြောင့်သာ ဖြစ်သည်။
ယခုအခါ ဤအကြီးအကဲများကို သီးသန့် ခေါ်ထုတ်လာနိုင်ခဲ့ပြီ ဖြစ်ရာ သူတို့အားလုံးကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့ရဲ့ အလောင်းတွေကို စစ်ဆေးပြီး ပစ္စည်းတွေကို သိမ်းယူရမယ်။
မည်သို့ပင်ဆိုစေကာမူ သူတို့မှာ လူဆိုးများသာ ဖြစ်သဖြင့် သူတို့ကို သတ်ခြင်းမှာ ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဖော်ဆောင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူ၏ စိတ်ထဲတွင် လုံးဝ အပြစ်မရှိပေ။
ရှူး...
လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားသော အကြီးအကဲတစ်ဦးမှာလည်း ချန်အန်၏ လက်ချက်ဖြင့် အလွယ်တကူ ခေါင်းပြတ်သွားပြန်သည်။
"ဆေးဖော်စပ်သူ ချန်... ငါတို့ ကောင်းကောင်း စကားပြောရအောင်..."
ဤသူမှာ လက်ထောက်အဖွဲ့ကို တာဝန်ယူထားသော အကြီးအကဲ ဟန် ဖြစ်သည်။
သူသည် နေ့စဉ် ဆေးဖော်စပ်သူများကို ခေါင်းပုံဖြတ်ပြီး လူလိုပင် သဘောမထားခဲ့သူ ဖြစ်သည်။
"နှစ်ယောက်ပဲ ကျန်တော့တယ်"
ကျန်ရှိနေသည့် ဝါးရွက်ဂိုဏ်း အကြီးအကဲ နှစ်ဦးမှာလည်း ရှေ့ကလူများ၏ လမ်းစဉ်အတိုင်း လိုက်သွားကြရသည်။ သူတို့နှစ်ဦးလုံး ချန်အန်၏ လက်ချက်ဖြင့် ခေါင်းပြတ်ကာ သေဆုံးသွားကြတော့သည်။
ယခုအခါ စစ်မြေပြင်တွင် ရှိနေသော အကြီးအကဲတစ်ဦးမှလွဲ၍ ဝါးရွက်ဂိုဏ်းမှ ကျန်ရှိသော အကြီးအကဲ ခြောက်ဦးစလုံးမှာ ချန်အန်၏ လက်တွင် အသက်ပျောက်ခဲ့ရပြီ ဖြစ်သည်။
ဤအချိန်တွင် ချန်အန်သည် အခြေခံအုတ်မြစ် တည်ဆောက်သူ ငါးဦးကို ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့သော်လည်း မာန်တက်ခြင်း မရှိပေ။
သူသည် သူ၏ ဓားကို ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်သိမ်းလိုက်ပြီး အချိန်မဆွဲဘဲ အလောင်းများထံမှ ပစ္စည်းများကို သိမ်းယူရန် ကျွမ်းကျင်စွာပင် ထိုင်ချလိုက်တော့သည်။
..............................................................
အခန်း (၉၂) - မြေဓာတ်နှင့် သစ်သားဓာတ် အမြွှာကျင့်ကြံသူ
ချန်အန်သည် အချိန်နှောင့်နှေးသွားပါက တစ်ခုခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် အလောင်းများကို အလွန်လျင်မြန်စွာ ရှာဖွေလိုက်သည်။
သူသည် သိုလှောင်အိတ်များကို ထိလိုက်သည်နှင့် အထဲတွင် ဘာရှိသည်ကိုပင် မကြည့်တော့ဘဲ ချက်ချင်း သိမ်းဆည်းလိုက်သည်။
အခြား တန်ဖိုးရှိသည့်အရာများကို ရှာဖွေနေရန် သူ အချိန်မဖြုန်းရဲတော့ပေ။ အလွန်ဆုံးအနေဖြင့် လက်နက်အချို့ကိုသာ ကောက်ယူပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။
အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် ချန်အန်သည် ဝါးရွက်ဂိုဏ်း အကြီးအကဲငါးဦး၏ သိုလှောင်အိတ်များကို သိမ်းဆည်းပြီးသွားပြီဖြစ်သည်။ ထို့နောက် သူ ထိုနေရာတွင် ဆက်မနေတော့ဘဲ သူ၏ ဇနီးနှင့် သမီးရှိရာအရပ်သို့ အမြန်ဆုံး ပြေးထွက်ခဲ့သည်။ ရှန်းချင်းယီနှင့် ပတ်သက်၍မူ သူတို့မှာ ထိုမျှအထိ ရင်းနှီးလှသည်မဟုတ်ရာ သူမကို ကယ်တင်ရန်အတွက်နှင့် သူ၏ အသက်ကို အန္တရာယ်မပြုလိုပေ။
ဝုန်း
ချန်အန် ဆယ်မီတာပင် မဝေးသေးမီမှာပင် သူ၏နောက်မှ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်ရာ ကောင်းကင်ယံမှ စွမ်းအင်မြင့်မားသောအရာတစ်ခု အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်ကို အာရုံခံမိလိုက်သည်။
၎င်းမှာ ဂိုဏ်းချုပ်ကျူးပင် ဖြစ်သည်။
ချန်အန် ဤသည်ကို သိလိုက်သည်နှင့် သူ၏ ဝိညာဉ်စွမ်းအားများကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ သူ၏ ခြေထောက်များမှာ အရိပ်များပင် ထင်ကျန်ရစ်သည်အထိ အသည်းအသန် ပြေးတော့သည်။
သူသည် မိမိကိုယ်ကိုယ် ကောင်းစွာ သိသည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် (၃) ရှိသော ပုဂ္ဂိုလ်တစ်ဦးကို အဆင့် (၁) သာ ရှိသေးသော သူက အနိုင်ယူရန်မှာ အလှမ်းဝေးလွန်းသေးကြောင်း နားလည်ထားသည်။
"မင်း ပြေးနိုင်မယ် ထင်နေတာလား"
ဂိုဏ်းချုပ်ကျူး၏ ဒေါသတကြီး အော်ဟစ်သံမှာ အနောက်မှ ထွက်ပေါ်လာသည်။ ထိုစဉ် ချန်အန်သည် ပတ်ဝန်းကျင်ရှိ သစ်ပင်သစ်ရွက်များ လှုပ်ရှားလာသည်ကို တွေ့လိုက်ရသဖြင့် အလွန် ထိတ်လန့်သွားသည်။ ၎င်းတို့မှာ ဝိညာဉ်ဝင်စားလာသကဲ့သို့ မြေပြင်မှ ထိုးထွက်လာပြီး ထူထဲသော သစ်သားတံတိုင်းကြီးတစ်ခုအဖြစ် စုစည်းကာ သူ၏ လမ်းကို ပိတ်ဆို့လိုက်တော့သည်။
ချန်အန် ပြန်လှည့်ပြေးရန် ကြိုးစားသော်လည်း ပတ်ပတ်လည်တွင် တံတိုင်းများ ကာရံထားသဖြင့် ထွက်ပေါက်မရှိတော့ပေ။
သူက အပင်တွေကို ထိန်းချုပ်နိုင်တယ်၊ သူက သစ်သားဓာတ် ဝိညာဉ်အမြုတေရှိတဲ့ ကျင့်ကြံသူပဲ..
ချန်အန် စိတ်ထဲမှ တွေးလိုက်သည်။ ထိုစဉ် ဂိုဏ်းချုပ်ကျူးသည် ဓားကိုစီးကာ ပျံသန်းလာပြီး သစ်သားတံတိုင်းပေါ်သို့ ဆင်းသက်လိုက်သည်။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ချန်အန်ကို အထက်စီးမှ ကြည့်လိုက်သည်။
"မင်းက ဘယ်သူလဲ ဘာလို့ မင်းရဲ့ စွမ်းအားကို ဖုံးကွယ်ပြီး ဝါးတောထဲမှာ ပုန်းနေတာလဲ မင်းက သံနက်အိမ်တော်က လူလား"
ဂိုဏ်းချုပ်ကျူး၏ အသံတွင် ဒေါသနှင့် ကြောက်ရွံ့မှုများ ရောပြွမ်းနေသည်။ အကြောင်းမှာ သူ လာရာလမ်းတွင် ခေါင်းပြတ်နေသော အကြီးအကဲ ငါးဦးကို တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။ သူ ဆယ်စုနှစ်များစွာ တည်ဆောက်ခဲ့သော ဝါးရွက်ဂိုဏ်း၏ တစ်ဝက်ကျော်မှာ ချန်အန်၏ လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားသဖြင့် သူ အလွန်ဒေါသထွက်နေသည်။ တစ်ချိန်တည်းမှာပင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် (၁) ရှိသော ကျွမ်းကျင်သူ ငါးဦးကို တစ်ယောက်တည်း သတ်နိုင်ခဲ့သော ချန်အန်၏ စွမ်းအားအစစ်အမှန်ကို သူ မခန့်မှန်းနိုင်သဖြင့် ကြောက်ရွံ့မိနေခြင်း ဖြစ်သည်။
ချန်အန်၏ စွမ်းအားမှာ သူ့အသက်ကိုပင် ခြိမ်းခြောက်နိုင်သည်ဟု သူ သံသယဝင်နေသည်။ ထို့ကြောင့် သူသည် လမ်းပိတ်ဆို့ရုံသာ လုပ်ပြီး အနီးကပ် တိုက်ခိုက်ရန် မဝံ့ရဲသေးပေ။
ချန်အန် ဘာမှ ပြန်မပြောဘဲ လက်ချောင်းထိပ်တွင် အလင်းဓားတစ်လက်ကို ဖန်တီးကာ ရှေ့ရှိ သစ်သားတံတိုင်းကို ပိုင်းချလိုက်သည်။
ချက်ချင်းပင် သစ်သားတံတိုင်းမှာ ပြိုကျသွားပြီး လမ်းပွင့်သွားသည်။ သူသည် တုံ့ဆိုင်းမနေဘဲ ထွက်ပြေးရန် ကြိုးစားသည်။
ဂိုဏ်းချုပ်ကျူး၏ အသံ ထပ်မံထွက်ပေါ်လာသည်နှင့် ချန်အန်၏ ပတ်ပတ်လည်ရှိ အပင်များမှာ အသက်ဝင်လာသကဲ့သို့ လှုပ်ရှားလာပြီး ထူထဲသော နွယ်ပင်များက သူ့ကို ချည်နှောင်ရန် ထိုးထွက်လာကြသည်။
ဖျတ်...
မီးတောက်လောင်သံတစ်ခု ပေါ်ထွက်လာသည်။ ချန်အန်သည် ဂရုမစိုက်ဘဲ လက်ချောင်းထိပ်တွင် ဆေးဖော်စပ်ရာတွင် သုံးသော မီးတောက်တစ်ခုကို ထွန်းညှိကာ ပတ်ဝန်းကျင်ရှိ အပင်များကို မီးရှို့လိုက်သည်။ ဤနည်းလမ်းမှာ အလွန်ထိရောက်သည်။ အပင်များမှာ ချက်ချင်း လောင်ကျွမ်းသွားပြီး ချန်အန်အနားသို့ မကပ်ရဲတော့ပေ။ သို့သော် ဤအခြေအနေမှာ ခဏသာ ခံလိုက်သည်။ ခေတ္တအကြာတွင် ထိုအပင်များသည် မီးပုံထဲ တိုးဝင်သည့် ပိုးဖလံများကဲ့သို့ သူ့ထံသို့ ထပ်မံ အလုံးအရင်းဖြင့် ရောက်ရှိလာပြန်သည်။
"အသေခံ တိုက်ရမှာပဲ"
ချန်အန်သည် ထွက်ပြေး၍ မလွတ်နိုင်တော့မှန်း သိလိုက်သဖြင့် ချက်ချင်း လှည့်ထွက်လာသည်။ သူသည် သစ်သားတံတိုင်းကို နင်းကာ ဂိုဏ်းချုပ်ကျူးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင် တိုက်ခိုက်လိုက်သည်။ မြန်လွန်းလှသဖြင့် ဂိုဏ်းချုပ်ကျူးမှာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ ခေါင်းပြတ်သွားတော့သည်။
ဟမ်..
ချန်အန် အံ့ဩသွားသည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် (၃) ရှိတဲ့ ကျွမ်းကျင်သူက ငါ့လက်ချက်နဲ့ တစ်ချက်တည်း သေသွားတာလား သူက အရမ်းညံ့တာလား ဒါမှမဟုတ် ငါက အရမ်းတော်နေတာလား။
သူ ထိုသို့ တွေးနေစဉ်မှာပင် ဂိုဏ်းချုပ်ကျူး၏ ခေါင်းပြတ်နေသော အလောင်းမှာ ရုတ်တရက် သစ်သားတုံး နှစ်တုံးအဖြစ် ပြောင်းလဲသွားပြီး တံတိုင်းပေါ်မှ ပြုတ်ကျသွားသည်။ ၎င်းမှာ မြေပေါ်သို့ ဘုတ်ခနဲ ကျသွားတော့သည်။
တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ သစ်သားတံတိုင်းပေါ်မှ ဂိုဏ်းချုပ်ကျူး၏ အသံ ထွက်ပေါ်လာသည်။
"တံတိုင်းပေါ်ကို တက်နေတာလား မင်းက ဓားစီးပြီး မပျံသန်းတတ်ဘူးလား မင်းက တကယ်ပဲ အခြေခံအုတ်မြစ် တည်ဆောက်ထားတဲ့ ကျင့်ကြံသူ ဟုတ်ရဲ့လား"
ဂိုဏ်းချုပ်ကျူး၏ မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်နေသည်။ ဓားစီးပြီး မပျံသန်းတတ်သော အခြေခံအုတ်မြစ် တည်ဆောက်သူတစ်ဦးကို သူ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ဤသည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။
ချန်အန် စကားမဆိုဘဲ လှည့်ထွက်လာကာ ဂိုဏ်းချုပ်ကျူးကို ထပ်မံ ပိုင်းချလိုက်သည်။ နောက်တစ်ကြိမ် ခေါင်းပြတ်သွားပြန်သော်လည်း ရှေ့ကအတိုင်းပင် သစ်သားတုံးများအဖြစ် ပြောင်းလဲသွားသည်။ ချန်အန် မျက်မှောင်ကြုတ်လိုက်သည်။ ဤဂိုဏ်းချုပ်မှာ ကိုင်တွယ်ရ အလွန်ခက်ခဲနေသည်။
"မင်း အကြီးအကဲ ငါးယောက်လုံးကို ဘယ်လိုသတ်လိုက်လဲ ငါမသိပေမယ့် ခုတော့ ငါသေချာသွားပြီ။ မင်း ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။"
ဂိုဏ်းချုပ်ကျူး၏ အသံ ထွက်ပေါ်လာပြီးနောက် ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ကာ သစ်ကိုင်းနှင့် သစ်ရွက် ထောင်ပေါင်းများစွာကို ချွန်ထက်သော ဓားမြှောင်များကဲ့သို့ ပြောင်းလဲကာ ချန်အန်ထံသို့ မြားမိုးရွာသကဲ့သို့ ပစ်ခတ်လိုက်သည်။
ချန်အန်မှာ ထိပ်တိုက်မရင်ဆိုင်ရဲသဖြင့် တံတိုင်းပေါ်မှ ခုန်ချလိုက်ပြီး အပင်များ ကျဲပါးရာအရပ်သို့ အသည်းအသန် ထွက်ပြေးတော့သည်။ ဂိုဏ်းချုပ်ကျူးမှာ သစ်သားဓာတ် ဖြစ်သဖြင့် တောအုပ်အတွင်း၌ သူ့ကို အနိုင်ယူရန် မလွယ်ကူကြောင်း ချန်အန် ကောင်းစွာ နားလည်သည်။ ဤသည်မှာ လွတ်လပ်သော ကျင့်ကြံသူတစ်ဦးနှင့် အဆက်အနွယ်ရှိသော ကျင့်ကြံသူတစ်ဦးတို့အကြား ကွာခြားချက်ပင် ဖြစ်သည်။
"ဆေးဖော်စပ်သူ ချန်... ငါ မင်းကို မသတ်ဘူး။ မင်းကို အရှင်ဖမ်းပြီး ငါ့အဖေဆီ ပို့မယ်။ မင်းရဲ့ ဝိညာဉ်ကို နှိပ်စက်ပြီး မှတ်ဉာဏ်တွေကို ထုတ်ယူမယ်။"
ဂိုဏ်းချုပ်ကျူးမှာ ဓားစီးရင်း ချန်အန်နောက်သို့ လိုက်နေသည်။ သူသည် ချန်အန်နှင့် ဘေးကင်းသော အကွာအဝေးကို ထိန်းထားပြီး အပင်များကိုသာ သုံး၍ တိုက်ခိုက်စမ်းသပ်နေသည်။ ချန်အန်၏ ဝိညာဉ်စွမ်းအားများ ကုန်ခန်းသွားချိန်မှသာ သူ ကိုယ်တိုင် ဆင်းလာရန် စီစဉ်ထားသည်။
ချန်အန်သည် သူ၏ စကားကို ဂရုမစိုက်ဘဲ ရှေ့ရှိ ဂူတစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ ထိုဂူထဲသို့ ရောက်သွားလျှင် တောအုပ်၏ အားနည်းချက်ကို ကျော်လွှားနိုင်ပြီး ဂိုဏ်းချုပ်ကျူးကို သတ်နိုင်မည့် အခွင့်အရေး ရလိမ့်မည်ဟု သူ ယူဆထားသည်။
ဂိုဏ်းချုပ်ကျူးသည်လည်း ထိုဂူကို သတိထားမိသော်လည်း သူက မတားဆီးခဲ့ပေ။
"ဆေးဖော်စပ်သူ ချန်... ဂူထဲမှာ အပင်မရှိတော့လို့ ငါ မင်းကို ဘာမှ မလုပ်နိုင်ဘူး ထင်နေလား"
"မင်း မသိသေးတာက ငါက တကယ်တော့ မြေဓာတ်နဲ့ သစ်သားဓာတ် နှစ်မျိုးလုံးရှိတဲ့ အမြွှာကျင့်ကြံသူပဲ။ ငါ့ရဲ့ မြေဓာတ်ကျင့်စဉ်တွေက သစ်သားဓာတ်ထက်တောင် ပိုအစွမ်းထက်သေးတယ်။"
ပြောပြီးသည်နှင့် ဂိုဏ်းချုပ်ကျူးသည် ဓားပေါ်မှ ဆင်းကာ ဂူထဲသို့ လှမ်းဝင်လိုက်သည်။ သူသည် ချန်အန်၏ စွမ်းအားကို အကဲခတ်မိပြီဟု ထင်နေသည်။ ၎င်းမှာ အဆင့် (၄) အထိ ရောက်နေသော 'ရွှေလက်ချောင်း' ကျင့်စဉ်နှင့် သန်မာသော ခန္ဓာကိုယ်ရှိသည့် အဆင့် (၁) ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်ဟု သူ ယူဆထားသည်။
ဂူအတွင်း၌မူ ချန်အန်သည် ကြောက်လန့်တုန်လှုပ်ခြင်း မရှိပေ။ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ ဆေးပုလင်း အမျိုးမျိုးကို ထုတ်ယူကာ အဖုံးများကို ဖွင့်ပြီး ဆေးမှုန့်များကို ဂူအတွင်း၌ ပျံ့နှံ့သွားအောင် ကြဲပက်လိုက်တော့သည်။ ဂူကဲ့သို့သော ပိတ်ထားသည့် နေရာမှာ ဖုန်မှုန့်ဗုံးများပြုလုပ်ရန် အကောင်းဆုံး နေရာပင် ဖြစ်သည်။