အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း (၉၃) - အဆင့်ကျော်သတ်ခြင်း
ဂူအတွင်း၌ ချန်အန်သည် သူ၏ သိုလှောင်အိတ်ထဲမှ လောင်ကျွမ်းလွယ်သော ဆေးမှုန့်များကို အရူးအမူး ကြဲပက်နေတော့သည်။
ခဏအတွင်းမှာပင် ကျဉ်းမြောင်းသော ဂူတစ်ခုလုံးမှာ အမျိုးမျိုးသော ဆေးမှုန့်များဖြင့် ပြည့်နှက်သွားပြီး ဖုန်မှုန့်တိမ်တိုက်ကြီးများသဖွယ် ဖြစ်ပေါ်နေသည်။
ဂိုဏ်းချုပ်ကျူးသည် ဓားကိုကိုင်ကာ ဂူထဲသို့ လှမ်းဝင်လာစဉ် သူ၏ရှေ့၌ ပျံ့လွင့်နေသော ဆေးမှုန့်များကို မြင်လိုက်ရသော်လည်း သူ၏မျက်နှာတွင် ကြောက်ရွံ့မှု အလျဉ်းမရှိပေ။
ချန်အန်သည် ဆေးဖော်စပ်သူတစ်ဦးဖြစ်ကြောင်း သူသိသည်။ သူကိုယ်တိုင် ချန်အန်နောက်သို့ လိုက်ရန် ဆုံးဖြတ်ကတည်းက 'အဆိပ်ဖြေဆေးလုံး' ကို ကြိုတင်သောက်သုံးထားပြီးသား ဖြစ်သည်။ ထိုဆေးလုံးမှာ အဆင့် (၂) မြင့်မားသော ဆေးလုံးဖြစ်ပြီး အဆင့် (၃) အထက် အဆိပ်မဟုတ်ပါက သူ့ကို မည်သို့မျှ မလုပ်နိုင်ပေ။
ချန်အန်မှာမူ အဆင့် (၂) ဆေးဖော်စပ်သူအဖြစ် စတင်ခြေချရုံသာ ရှိသေးရာ အဆင့် (၃) အဆိပ်မျိုး ရှိနိုင်မည်မဟုတ်ကြောင်း သူ အပိုင်တွက်ထားသည်။
ဒီလူက ဓားစီးပြီး မပျံတတ်ပေမယ့် ပြေးတာကတော့ တကယ်ကို မြန်တာပဲ..
ဂိုဏ်းချုပ်ကျူးသည် သူ၏ စိတ်အာရုံဖြင့် စမ်းသပ်ကြည့်ရာ ချန်အန်မှာ သူနှင့် အကွာအဝေးတစ်ခုကို အမြဲထိန်းထားနိုင်သည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားမိသည်။
ချန်အန်၏ စွမ်းအားမှာ အလွန်ထူးဆန်းလှသည်။ သူသည် မည်သည့်မှော်အတတ်ကိုမျှ မသိသော်လည်း သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သာမန်ကျင့်ကြံသူများနှင့် မတူပေ။ ဝိညာဉ်စွမ်းအားကို သုံးတတ်သော်လည်း မှော်အတတ်ကို မသုံးတတ်သည့် ကိုယ်ခံပညာရှင်တစ်ယောက်နှင့်ပင် တူနေတော့သည်။
"မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာပါစေ၊ မှော်အတတ်ကို မတတ်ရင်တော့ အလကားပဲ"
ဂိုဏ်းချုပ်ကျူးက ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။
ထို့နောက် သူသည် 'မြေလျှိုးအတတ်'ကို အသုံးပြုကာ မြေပြင်နှင့် တစ်သားတည်းဖြစ်အောင် လုပ်ပြီး ချန်အန်ထံသို့ အလွန်မြန်သော အရှိန်ဖြင့် ချဉ်းကပ်သွားတော့သည်။
သူ၏ ရှေ့တွင်မူ ချန်အန်သည် လောင်ကျွမ်းလွယ်သော ဆေးမှုန့်များကို ဆက်လက် ကြဲပက်နေဆဲ ဖြစ်သည်။
ထိုစဉ် သူ့အနောက်ဘက် မြေအောက်မှ စွမ်းအင်မြင့်မားသောအရာတစ်ခု အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်ကို ချန်အန် ရုတ်တရက် အာရုံခံမိလိုက်သဖြင့် မျက်နှာပျက်သွားတော့သည်။
ဂိုဏ်းချုပ်ကျူး လိုက်မီလာပြီ..ဒါက မြေလျှိုးအတတ်ပဲ။
ချန်အန် ဤသည်ကို သိလိုက်သည်နှင့် လက်ထဲမှ ဆေးမှုန့်များကို ကြဲပက်ခြင်းကို ချက်ချင်းရပ်လိုက်သည်။ သူသည် ဆေးမှုန့်များပါသော ပုလင်းအားလုံးကို ထုတ်ယူကာ မြေပြင်ပေါ်သို့ အကုန်ပစ်ချလိုက်ပြီး ဂိုဏ်းချုပ်ကျူးနှင့် ဝေးရာသို့ အစွမ်းကုန် ပြေးထွက်လိုက်တော့သည်။
သို့သော် သူ၏ ခြေထောက်များမှာ မှော်အတတ်ကို မယှဉ်နိုင်ပေ။
သူ အနည်းငယ်မျှပင် မပြေးရသေးမီမှာပင် ဂိုဏ်းချုပ်ကျူးမှာ သူ၏ရှေ့ရှိ မြေပြင်ပေါ်သို့ ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် ရှည်လျားသော ဓားကို ကိုင်ဆောင်ကာ လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
"ဆေးဖော်စပ်သူ ချန်... ဆက်ပြေးပါဦး။ မင်းရဲ့ ခြေထောက်တွေက ပိုမြန်မလား၊ ငါ့ရဲ့ မြေလျှိုးအတတ်က ပိုမြန်မလားဆိုတာ ကြည့်ရသေးတာပေါ့"
ချန်အန် ဘာမှပြန်မပြောဘဲ ဂူဝဘက်သို့ လှည့်ပြေးပြန်သည်။
သူ၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း ဂိုဏ်းချုပ်ကျူးမှာ မရယ်ဘဲ မနေနိုင်တော့ပေ။
"ပြေးစမ်းပါ ချန်အန်... မြန်မြန်ပြေး မင်းမှာ ကျန်ရှိနေတဲ့ အချိန်လေးကို တန်ဖိုးထားစမ်းပါ ဂူဝကို မင်းအရင်ရောက်အောင် လွှတ်ပေးထားမယ်၊ ပြီးမှ မြေလျှိုးအတတ်နဲ့ မင်းရဲ့ ခြေထောက်တွေကို ဖြတ်ပစ်မယ် စိတ်ပျက်အားငယ်ရတာ ဘယ်လိုလဲဆိုတာ မင်းကို ငါ သိအောင်လုပ်ပေးမယ်"
ဂိုဏ်းချုပ်ကျူးသည် သူ၏ဓားကို ကိုင်ကာ ဂူဝဘက်သို့ အေးအေးဆေးဆေးပင် လမ်းလျှောက်သွားသည်။ ချန်အန်ကို သူနှင့် အလှမ်းဝေးသွားအောင် လွှတ်ပေးထားခြင်း ဖြစ်သည်။
သူသည် ပြိုင်ဘက်၏ စွမ်းအားကို မသိရသေးခင်တွင် သတိကြီးစွာ ထားတတ်သော်လည်း၊ ပြိုင်ဘက်က သူ့ထက် အဆပေါင်းများစွာ ညံ့ဖျင်းသည်ကို သိလိုက်ရလျှင်မူ ကြောင်က ကြွက်ကို ကစားသကဲ့သို့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှိပ်စက်ပြီး စိတ်ပျက်အားငယ်အောင် လုပ်ရသည်ကို နှစ်သက်သူ ဖြစ်သည်။
အသက်ရှူကြိမ် အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ချန်အန် ဂူဝသို့ ရောက်တော့မည့်အချိန်တွင် သူသည် မြေလျှိုးအတတ်ကို ထပ်မံအသုံးပြုကာ မြေအောက်သို့ ဝင်လိုက်သည်။
သူ စိတ်ကူးလိုက်ရုံဖြင့် ချန်အန်ကို လိုက်မီသွားပြီး သူ၏ ခြေထောက်များကို ဖြတ်ပစ်ကာ လုံးဝ စိတ်ပျက်အားငယ်သွားအောင် လုပ်လိုနေသည်။
သို့သော် သူ မြေအောက်သို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဂိုဏ်းချုပ်ကျူးသည် သူ၏ရှေ့ရှိ လေထုမှာ အလွန်လျင်မြန်စွာ ပူနွေးလာပြီး ပြန့်ကားလာသည်ကို ခံစားလိုက်ရသည်။
သူ မတုံ့ပြန်နိုင်ခင်မှာပင် နောက်တစ်စက္ကန့်၌ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။
တုနှိုင်းမရသော ကြောက်မက်ဖွယ်ကောင်းသည့် ထိုးနှက်ချက်ကြီးမှာ ဂူအတွင်းမှ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ဂူတစ်ခုလုံးမှာ မီးတောက်များဖြင့် ချက်ချင်း ပြည့်နှက်သွားတော့သည်။ မြေနံရံများ ပြိုကျကုန်ပြီး ကျောက်ဆောင်များ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကုန်သည်။
"ဒါ... ဒါက..."
ဂိုဏ်းချုပ်ကျူးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် စကားတစ်ခွန်းမျှသာ ဆိုနိုင်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မီးပင်လယ်ကြီးအတွင်းသို့ တခဏချင်း နစ်မြုပ်သွားတော့သည်။
အခြားတစ်ဖက်ရှိ ဂူဝတွင်မူ...
ဘေးကင်းစေရန်အတွက် ချန်အန်သည် ဂူထဲမှ ထွက်မပြေးမီ သူ၏နောက်သို့ ဆေးဖော်စပ်ရာတွင်သုံးသော မီးတောက်တစ်ခုကို ပစ်လွှတ်လိုက်ရာ ဂူဝရှိ ဆေးမှုန့်တိမ်တိုက်များကို လောင်ကျွမ်းသွားစေသည်။
ဆေးမှုန့်များ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အားပြင်းသော ရိုက်ခတ်မှုက သူ့ကို ဂူပြင်ပသို့ လွင့်စင်သွားစေသည်။ သူသည် ဂူပြင်ပရှိ မြေပြင်ပေါ်တွင် မီတာ ဒါဇင်ပေါင်းများစွာအထိ လိမ့်ထွက်သွားပြီး မြင့်မားသော သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ကို တိုက်မိမှသာ ရပ်တန့်သွားတော့သည်။
ဘုန်း—!
သူ၏နောက်ရှိ ဂူအတွင်းမှ နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံကြီး နှစ်ကြိမ် ထပ်မံ ထွက်ပေါ်လာပြန်သည်။ ၎င်းက မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
မူလက ခိုင်ခံ့သော ဂူမှာ ယခုအခါ အပျက်အစီးများအဖြစ် ပြိုကျပျက်စီးသွားပြီ ဖြစ်သည်။ အပျက်အစီးများကြားမှ မီးတောက်များ ထွက်ပေါ်နေဆဲဖြစ်ပြီး အငွေ့ဖြူများ တက်နေသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ချန်အန်သည် ဆေးပုလင်းအားလုံးကို မြေပေါ်သို့ ပစ်ချခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းက ဖုန်မှုန့်များ အကြိမ်ကြိမ် ပေါက်ကွဲရန် အခြေအနေ ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းချုပ်ကျူး အသက်ရှင်သေးရဲ့လား မသိဘူး
ငါ အသက်ရှင်နေရင်ပဲ တော်ပါပြီ
အခု အရေးကြီးဆုံးက ငါ့ရဲ့ ဇနီးတွေနဲ့ သမီးဆီကို မြန်မြန်သွားဖို့ပဲ
ချန်အန်သည် ဂိုဏ်းချုပ်ကျူး သေမသေ သိရအောင်နှင့် အလောင်းကို ရှာဖွေနိုင်ရန် အပျက်အစီးများဆီသို့ ချဉ်းကပ်ရန် တွေးမိသော်လည်း ထိုအတွေးကို တစ်စက္ကန့်အတွင်းမှာပင် ဖျောက်ပစ်လိုက်သည်။ ဤကဲ့သို့ စွန့်စားရန် မလိုအပ်ပေ။
အကယ်၍ ဂိုဏ်းချုပ်ကျူး မသေဘဲ ပြင်းထန်စွာ ဒဏ်ရာရနေရုံသာဆိုလျှင် သူကိုယ်တိုင် သွားရောက်ခြင်းမှာ သေတွင်းထဲ တိုးဝင်ခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ထို့ကြောင့် သူ၏ မိသားစုကို အမြန်ရှာပြီး အတူတူ ထွက်ပြေးခြင်းကသာ အကောင်းဆုံး ဖြစ်သည်။
"အဟွတ်... အဟွတ် အဟွတ်"
ချန်အန် ထွက်ခွာရန် ပြင်နေစဉ်မှာပင် အပျက်အစီးများကြားမှ သေလုမြောပါး ချောင်းဆိုးသံအချို့ ထွက်ပေါ်လာသည်။
သူ လှည့်ကြည့်လိုက်သောအခါ ခုနကပင် တက်ကြွနေသော ဂိုဏ်းချုပ်ကျူးမှာ အင်္ဂါအစိတ်အပိုင်းများ ကျိုးပဲ့ပြီး တစ်ကိုယ်လုံး မီးလောင်ကျွမ်းလျက် အပျက်အစီးများ၏ အပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာမှာ အသက်မဲ့နေပြီး ခန္ဓာကိုယ်ထဲမှ ဇီဝစွမ်းအားများမှာ တရိပ်ရိပ် လျော့နည်းနေသည်။
သူသည် ဖုန်မှုန့်ဗုံး၏ ဒဏ်ကို ပြင်းထန်စွာ ခံလိုက်ရသော်လည်း လုံးဝ သေဆုံးသွားခြင်း မရှိဘဲ သူ၏ နောက်ဆုံးထွက်သက်ကို သုံးကာ မြေလျှိုးအတတ်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။
ဂိုဏ်းချုပ်ကျူးသည် ဒဏ်ရာ အနည်းငယ်မျှပင် မရရှိထားသော ချန်အန်ကို မြင်လိုက်ရသောအခါ ဂူအတွင်း ဖြစ်ပျက်ခဲ့သမျှမှာ ချန်အန်၏ လက်ချက်ဖြစ်ကြောင်း သိသွားပြီး နောက်ဆုံးအနေဖြင့် မေးလာသည်။
"မင်း... ဒါက ဘာမှော်အတတ်လဲ..."
"...ဖျတ်"
ချန်အန်က သူ့ကို စကားဆုံးအောင် ပြောခွင့်မပေးတော့ပေ။ သူက အရှေ့သို့ တက်လှမ်းလိုက်ပြီး တစ်ချက်တည်းဖြင့် သူ၏ ခေါင်းကို ပိုင်းချကာ အသက်ကို အဆုံးသတ်ပေးလိုက်တော့သည်။
ထို့နောက် ဂိုဏ်းချုပ်ကျူး၏ အလောင်းမှ သိုလှောင်အိတ်ကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး သူ၏ ဇနီးများနှင့် သမီးဆီသို့ သွားရောက် တွေ့ဆုံရန် ထွက်ခွာခဲ့တော့သည်။
မကြာမီမှာပင် ချန်အန်သည် သူ၏ မိသားစုနှင့် အောင်မြင်စွာ ပြန်လည် ဆုံတွေ့ခဲ့သည်။
ဆောင်ဟွာယင်းသည် သူ့ကို မြင်လိုက်ရသောအခါ ဝမ်းသာမျက်ရည်များ ကျလာပြီး သူ့ထံသို့ ပြေးဝင်လာတော့သည်။ သူမသည် ငိုယိုရင်း ပြောလာသည်။
- "ယောက်ျား... ကျမ တကယ် ကြောက်နေခဲ့တာ ယောက်ျားကို ပြန်မတွေ့ရတော့ဘူးလားဆိုပြီး တကယ် ကြောက်နေခဲ့တာ။ ဟီး..."
"ဟွာယင်း... မငိုပါနဲ့တော့။ ကိုယ် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီ မဟုတ်လား"
ချန်အန်က ဆောင်ဟွာယင်း၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း အေးဆေးစွာ ပြောသည်။
ဂူရှန်းယုသည် ချန်အန်၏ ကျောပြင်တွင် မီးခိုးများ ပေကျံနေသည်ကို တွေ့သောအခါ စိုးရိမ်တကြီးဖြင့် ကြည့်ရှုပြီး မေးသည်။
"ယောက်ျား... နောက်ကျောမှာ ဘာလို့ ပြာတွေ ပေနေတာလဲ နာနေလား"
"ရှန်းယု... စိတ်မပူပါနဲ့။ ကိုယ့်ကျောက နည်းနည်းပဲ လောင်သွားတာပါ။ ခဏနေရင် သက်သာသွားမှာပါ"
"ယောက်ျား... ဒါတော့ မဖြစ်ဘူး။ မြန်မြန်... ကုသပေးတဲ့ ဆေးမှုန့်တွေ ပေးပါ။ကျမ ဆေးထည့်ပေးမယ်"
"ဆေးတွေက အကုန်လုံး မရှိတော့ဘူး။ ခုနက လူသတ်တဲ့နေရာမှာ အကုန်သုံးလိုက်ပြီ"
"ဟင်"
ဂူရှန်းယုမှာ မှင်တက်သွားတော့သည်။
ထိုစဉ် ဝမ်ကျိယန်က ရှေ့သို့ တက်လာပြီး မေးသည်။
- "ယောက်ျား.. အခု အခြေအနေက ဘယ်လိုလဲ"
ချန်အန်က တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။
"လောလောဆယ်တော့ ဘာအန္တရာယ်မှ မရှိနိုင်တော့ပါဘူး။ ဝါးရွက်ဂိုဏ်းချုပ်၊ သူ့အောက်က အကြီးအကဲ ငါးယောက်နဲ့ ခေါင်းဆောင်အချို့ကို ကိုယ်တစ်ယောက်တည်း ရှင်းပစ်လိုက်ပြီ။ ဒီနေ့ကစပြီး ဝါးရွက်ဂိုဏ်းဆိုတာ နာမည်ပဲ ကျန်ပါတော့မယ်"
"ဒါ... ဒါက..."
ထိုသတင်းကို ကြားလိုက်ရသောအခါ ဇနီးသုံးဦးလုံးမှာ မယုံနိုင်လောက်အောင် ထိတ်လန့်အံ့ဩကာ ချန်အန်ကို ကြည့်နေကြတော့သည်။
ချန်အန်သည် သူတို့ကို အများကြီး ရှင်းမပြတော့ဘဲ .
- "တောနက်ထဲကို ပြန်သွားကြစို့။ ဝါးရွက်တောထဲက ထွက်တဲ့လမ်းမှာ မိတ်ဆွေရှန်းချင်းယီကို တစ်ခါတည်း ကယ်ထုတ်သွားပေးရမယ်"
"ကောင်းပါပြီ... ကျမတို့ ယောက်ျားစကားအတိုင်း လိုက်နာပါ့မယ်"
ရိုးရှင်းသော စကားပြောဆိုမှုအပြီးတွင် ၎င်းတို့အားလုံး တောနက်အတွင်းသို့ ထပ်မံ ထွက်ခွာခဲ့ကြတော့သည်။
......................................................
အခန်း (၉၄) - ရရှိလာသည့်ပစ္စည်းများကို ရေတွက်ခြင်း
မကြာမီမှာပင် ချန်အန်သည် သူ၏ ဇနီးများနှင့် သမီးကို ခေါ်ဆောင်ကာ တောနက်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။
ကျန်ရှိနေသော ဝါးရွက်ဂိုဏ်း တပ်မှူး တစ်ဆယ်ကျော်ခန့်မှာ ချန်အန်တစ်ယောက် ဒဏ်ရာအနာတရမရှိဘဲ ပြန်လာသည်ကို မြင်လိုက်ရသောအခါ အသိစိတ် လွတ်ထွက်မတတ် ထိတ်လန့်သွားကြတော့သည်။
တုံ့ပြန်မှု မြန်ဆန်သူ အနည်းငယ်မှာ ချက်ချင်းပင် လှည့်ထွက်ကာ အမျိုးမျိုးသော ခြေလှမ်းကျင့်စဉ်များကို သုံး၍ အသည်းအသန် ထွက်ပြေးကြသည်။ သို့သော် သူတို့၏ ခြေထောက်များ မည်မျှပင် မြန်ပါစေဦးတော့၊ အလင်း၏ အလျင်ကိုမူ မယှဉ်နိုင်ပေ။
"ဖျတ်... ဖျတ်... ဖျတ်"
အသံတိုးတိုးများ ဆက်တိုက် ထွက်ပေါ်လာသည်။ 'ချီ' သန့်စင်ခြင်းအဆင့် (၉) ရှိသော ဝါးရွက်ဂိုဏ်း ခေါင်းဆောင်အချို့မှာ ရွှေရောင်အလင်းတန်းများ၏ လက်ချက်ဖြင့် မျက်စိတစ်မှိတ်အတွင်း ဦးခေါင်းများ ပွင့်ထွက်ကာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြတော့သည်။
"ချန်... ဆေးဆရာ ချန်..."
ရှန်းချင်းယီသည် သူမ၏ မျက်ခွံများမှာ အလွန်လေးလံနေသဖြင့် အားယူကာ မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမ၏ ရှေ့တွင် ရပ်နေသော ချန်အန်ကို မြင်လိုက်ရသည်။ သူမ တစ်စုံတစ်ခုကို မေးမြန်းချင်သော်လည်း အဆိပ်၏ အာနိသင်ကြောင့် နှုတ်ခမ်းများမှာ တုန်ရီနေပြီး စကားပင် မပြောနိုင်ရှာပေ။
ချန်အန်သည် ရှန်းချင်းယီ၏ အသံကို ကြားသောအခါ ဝမ်ကျိယန်နှင့် ဂူရှန်းယုတို့ကို အလောင်းများထံမှ ပစ္စည်းများ သိမ်းဆည်းခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာမူ ရှန်းချင်းယီ၏ အခြေအနေကို စစ်ဆေးရန် သူမအနားသို့ လျှောက်သွားလိုက်သည်။
ခေတ္တမျှ စစ်ဆေးကြည့်ပြီးနောက် သူမမှာ အဆိပ်မိနေကြောင်း ချန်အန် ချက်ချင်း သိလိုက်သည်။ သို့သော် သိရုံနှင့် ဘာမှလုပ်၍မရပေ။ သူ၏ လက်ရှိ ဆေးဖော်စပ်မှု အဆင့်ဖြင့် ရှန်းချင်းယီကို အဆိပ်ဖြေပေးရန်မှာ မဖြစ်နိုင်သေးပေ။ ထို့ပြင် သူကိုယ်သူ ကာကွယ်ရန်အတွက် ဖုန်မှုန့်ဗုံး ပြုလုပ်ရာတွင် သူ၏ သိုလှောင်အိတ်ထဲရှိ ဆေးမှုန့်အားလုံးနီးပါးကိုလည်း အသုံးပြုလိုက်ပြီ ဖြစ်သည်။
နေပါဦး..
ချန်အန်၏ မျက်လုံးများ ရုတ်တရက် ဝင်းခနဲ ဖြစ်သွားသည်။
ဂိုဏ်းချုပ်ကျူး၏ အလောင်းမှ သူရရှိခဲ့သော သိုလှောင်အိတ်ကို သတိရသွားခြင်း ဖြစ်သည်။ ထိုအထဲတွင် သူမအတွက် အဆိပ်ဖြေဆေး ရှိနိုင်သည်ဟု သူ ယူဆလိုက်သည်။ ထိုအတွေးဖြင့် ဂိုဏ်းချုပ်ကျူး၏ သိုလှောင်အိတ်ကို စတင် စစ်ဆေးလိုက်သည်။
ထိုအခါ အိတ်အတွင်းရှိ ပစ္စည်းမျိုးစုံကို မြင်လိုက်ရသဖြင့် သူ ချက်ချင်းပင် မှင်တက်သွားတော့သည်။
မှော်ကျင့်စဉ်များ၊ ကျင့်စဉ်စာအုပ်များ၊ လက်နက်ကိရိယာများ၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများနှင့် ယခင်က သူတစ်ခါမှ မတွေးဝံ့ခဲ့သော တန်ဖိုးရှိသည့် ပစ္စည်းမျိုးစုံ ပါဝင်နေသည်။
ချန်အန်မှာ အလွန် စိတ်လှုပ်ရှားသွားသည်။ သို့သော် သူသည် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။
သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ရေတွက်ရန် သူ မလောပေ။ ထို့အစား အဆိပ်အတွက် အဆိပ်ဖြေဆေးကိုသာ အသည်းအသန် ရှာဖွေလိုက်သည်။ မကြာမီမှာပင် 'အဆိပ်ဖြေဆေးလုံး'ကို တွေ့ရှိသွားတော့သည်။
အဆိပ်ဖြေဆေးလုံးမှာ အဆင့် (၂) အဆင့်မြင့်ဆေးလုံးဖြစ်ပြီး အဆင့် (၃) အောက်ရှိ အဆိပ်မျိုးစုံကို ပျောက်ကင်းစေနိုင်သည်။ ရှန်းချင်းယီမိထားသည့်အဆိပ်မှာလည်း ထိုအထဲတွင် ပါဝင်သည်။
ချန်အန်သည် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ သူသည် အမျိုးသားနှင့် အမျိုးသမီးကြား ထိတွေ့ရန် မသင့်တော်သည်ကို ဂရုမစိုက်နိုင်တော့ဘဲ လက်လှမ်းကာ ရှန်းချင်းယီ၏ နီမြန်းသော နှုတ်ခမ်းလွှာကို အသာအယာ ဖွင့်လိုက်ပြီး ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
သူ၏ လက်ချောင်းထိပ်များက ရှန်းချင်းယီ၏ နှုတ်ခမ်းနှင့် ထိတွေ့မိသောအခါ နွေးထွေးနူးညံ့သော အထိအတွေ့ကြောင့် ချန်အန်မှာ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး သူမကို နမ်းရှုံ့ချင်စိတ်ပင် ပေါ်လာမိသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူ၏ အသိစိတ်မှာ ချက်ချင်း ပြန်ဝင်လာပြီး ထိုအတွေးကို ဖျောက်ပစ်လိုက်သည်။
အဆိပ်ဖြေဆေးလုံး၏ အာနိသင်မှာ အလွန်မြန်လှသည်။ ရှန်းချင်းယီ ဆေးသောက်ပြီး အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ခန္ဓာကိုယ်ထဲမှ မကောင်းသော အာနိသင်များမှာ ပျောက်ကွယ်သွားတော့သည်။ သူမသည် မြေပြင်ပေါ်မှ ထထိုင်လိုက်ပြီး ချန်အန်ကို ချက်ချင်း ကြည့်လိုက်သည်။
"ဆေးဖော်စပ်သူ ချန်... ဂိုဏ်းချုပ်ကျူးနဲ့ သူ့အကြီးအကဲတွေ အခု ဘယ်မှာလဲ"
"သူတို့အားလုံး သေကုန်ကြပြီ"
ချန်အန်က တည်ငြိမ်စွာ ပြောသည်။
သေကုန်ပြီ...
ရှန်းချင်းယီမှာ နားကြားမှားသည်ဟု ထင်မှတ်ကာ မှင်တက်သွားမိသည်။
ချန်အန်က ဆက်လက်၍
"ကိုယ် သူတို့အားလုံးကို သတ်ပစ်လိုက်ပြီ ဒီလမ်းအတိုင်း သွားရင် လမ်းတစ်လျှောက်မှာ သူတို့ရဲ့ အလောင်းတွေကို တွေ့ရလိမ့်မယ်။ မင်းရဲ့ စေ့စပ်ထားသူရဲ့ အလောင်းကိုတော့ ဟိုးမှာ မီးခိုးတွေ ထွက်နေတဲ့နေရာမှာ တွေ့နိုင်တယ်"
ဟု ဆိုကာ မီးခိုးလုံးကြီးများ ထွက်နေသော အရပ်ကို ညွှန်ပြလိုက်သည်။
ရှန်းချင်းယီမှာ မယုံနိုင်အောင် ဖြစ်နေရသည်။ သို့သော် သူမသည် ချန်အန်၏ စကားကို သံသယမဝင်ပေ။ အကြောင်းမှာ ချန်အန်သည် သူမကို ကယ်တင်ရန် ပြန်လာခြင်းနှင့် ထွက်ပြေးရန် အလျင်မလိုခြင်းတို့ကပင် အဖြေကို ဖော်ပြနေသောကြောင့် ဖြစ်သည်။
သူမ၏ ယုတ်မာသော စေ့စပ်ထားသူနှင့် သူ့အောက်က အကြီးအကဲများမှာ ချန်အန်၏ လက်ချက်ဖြင့် တကယ်ပင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ သို့သော် ချန်အန်သည် ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ..။ဤမျှ စွမ်းအားကြီးပါလျက်နှင့် ဘာကြောင့် ဝါးရွက်တောထဲမှာ ပုန်းအောင်းနေခဲ့ရတာလဲ။
ရှန်းချင်းယီမှာ မည်သို့ပင် စဉ်းစားစေကာမူ အဖြေမထွက်သဖြင့် ချန်အန်ကို မေးလိုက်ပြန်သည်။
- "ဆေးဖော်စပ်သူ ချန်... တကယ်တော့ ရှင်က ဘယ်သူလဲ"
"မိတ်ဆွေရှန်း... ကိုယ်က ကိုယ်ပါပဲ၊ မင်းသိတဲ့ ဆေးဖော်စပ်သူ ချန်အန်ပါပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ကံကောင်းလို့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် (၁) ကို ရောက်ခဲ့ပြီး ခွန်အား နည်းနည်း တိုးလာတာပါ။ ဒါပါပဲ"
"အဆင့် (၁) ပဲ ရှိသေးတာကို... ဘယ်လိုလုပ်ပြီး..."
"မိတ်ဆွေ ရှန်း... ဒါတွေကို နောက်မှ ပြောကြတာပေါ့။ ကိုယ် ဟိုဘက်က အလောင်းတွေကို သွားစစ်ဦးမယ်"
ချန်အန်မှာ အများကြီး ထုတ်မပြောလိုသဖြင့် အကြောင်းပြချက်တစ်ခု ပေးကာ စကားစဖြတ်လိုက်သည်။ ရှန်းချင်းယီမှာ တစ်ခုခု ထပ်မေးရန် ပါးစပ်ဟလိုက်သော်လည်း ချန်အန်မှာ အဝေးသို့ ရောက်သွားပြီ ဖြစ်သည်။
မြေပြင်ပေါ်တွင် ထိုင်ကာ အလောင်းများကို စစ်ဆေးနေသော ချန်အန်ကို ကြည့်ရင်း သူမသည် လူတစ်ဦး၏ လုံခြုံရေးနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို အတင်းမေးမိခြင်းမှာ မှားယွင်းမှန်း သိလိုက်သည်။ ကျင့်ကြံခြင်းလောကတွင် လှည့်ဖြားမှုများ ပေါများလှရာ မည်သူကမျှ မိမိ၏ လျှို့ဝှက်ချက်များကို အလွယ်တကူ ထုတ်မပြောကြပေ။ ချစ်သူများပင်လျှင် အချင်းချင်း ဖုံးကွယ်ထားတတ်ကြသည် မဟုတ်ပါလား။
မကြာမီမှာပင် ချန်အန်နှင့် သူ၏ ဇနီးနှစ်ဦးမှာ အလောင်းများကို ရှာဖွေပြီးသွားကြသည်။ ရရှိသည့်အရာမှာ များလှသည်မဟုတ်ဘဲ ဝိညာဉ်ကျောက်တုံးများသာ ဖြစ်သည်။ အကြောင်းမှာ သူတို့မှာ ဝါးရွက်ဂိုဏ်းမှ တပ်မှူးများနှင့် 'ချီ' ကျင့်စဉ်သမားများသာ ဖြစ်သဖြင့် ဂိုဏ်းချုပ်နှင့် အကြီးအကဲများကဲ့သို့ ချမ်းသာနိုင်မည်မဟုတ်ပေ။
"ဆေးဖော်စပ်သူ ချန်... ဟို ဂိုဏ်းချုပ်ကျူးရဲ့ အဖေက ရွှမ်ဟွမ်ဂိုဏ်းရဲ့ 'ရွှေအမြုတေ' အဆင့်ရှိတဲ့ အကြီးအကဲတစ်ယောက်ပါ။ အခု ရှင် သူ့သားကို သတ်လိုက်ပြီဆိုတော့ နောင်မှာ အဲဒီ အကြီးအကဲရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရမှာ သေချာတယ်။ ရှေ့ဆက်ပြီး ဘာလုပ်ဖို့ စီစဉ်ထားလဲ"
ကျေးဇူးရှင်အပေါ် စိုးရိမ်စိတ်ဖြင့် ရှန်းချင်းယီက မေးလိုက်သည်။
ချန်အန်က ခါးသက်သက် ပြုံးလိုက်ပြီး
"လောလောဆယ်တော့ ဒီဝါးရွက်တောထဲကနေ အရင် ထွက်သွားဖို့ပဲ စဉ်းစားထားတယ်။ တစ်ဆင့်ချင်းစီပဲ သွားရမှာပေါ့"
ဟုဆိုသည်။
ရှန်းချင်းယီက
"ဆေးဖော်စပ်သူ ချန်... တောင်ပင်လယ်နယ်မြေက ရွှမ်ဟွမ်ဂိုဏ်းနဲ့ ကောင်းကင်မြေကမ္ဘာဂိုဏ်းတို့က ရေနဲ့မီးလိုပဲ ရှင် ကောင်းကင်မြေကမ္ဘာဂိုဏ်းဆီကို သွားကြည့်သင့်တယ် အဲဒီမှာ အခြေချနိုင်ပြီဆိုရင် ရွှမ်ဟွမ်ဂိုဏ်းက လူတွေ ရှင့်ကို လာနှောင့်ယှက်လို့ မရတော့ဘူး"
ဟု အကြံပေးလိုက်သည်။
ထို့နောက် သူမသည် သိုလှောင်အိတ်ထဲမှ စက္ကူနှင့် ကလောင်ကို ထုတ်ကာ တောင်ပင်လယ်နယ်မြေရှိ ကောင်းကင်မြေကမ္ဘာဂိုဏ်းသို့ သွားရာလမ်းကြောင်းကို မြေပုံအကြမ်းတစ်ခု ဆွဲပေးလိုက်သည်။
ချန်အန်သည် မြေပုံကို ယူကြည့်လိုက်ပြီး ပြုံးကာ တုန့်ပြန်သည်။
"ကျေးဇူးတင်ပါတယ် မိတ်ဆွေရှန်း"
"ဆေးဖော်စပ်သူ ချန်... ကျွန်မကသာ ရှင့်ကို ကျေးဇူးတင်ရမှာပါ။ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ ဟိုလူယုတ်မာ ကျူးရဲ့ လက်ထဲမှာ နှိပ်စက်ခံရပြီး သေသွားနိုင်တယ်"
ပြောပြီးနောက် ရှန်းချင်းယီသည် သူမ၏ သိုလှောင်အိတ်ထဲရှိ ဝိညာဉ်ကျောက်တုံး အားလုံးကို ထုတ်ပေးလိုက်သည်။ စုစုပေါင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀ ရှိသည်။
"ဆေးဖော်စပ်သူ ချန်... ဒါတွေကို လက်ခံပေးပါ။ နောင်တစ်ချိန်မှာ အကူအညီ လိုအပ်လာရင် ကျွန်မဆီကို လာခဲ့ပါ"
ဟု ဆိုသည်။
သူမ၏ နေ့စဉ် ကျင့်ကြံမှုအတွက် သုံးစွဲရမှုမှာ များပြားသဖြင့် သူမမှာ စုဆောင်းထားသည်မှာ များလှသည်မဟုတ်ပေ။ လက်နက်များ၊ အဆောင်များနှင့် လိုအပ်သော ပစ္စည်းများမှလွဲလျှင် ဤဝိညာဉ်ကျောက်တုံး ၂၀ မှာ သူမတွင် အတန်ဖိုးရှိဆုံးအရာများ ဖြစ်သည်။
ချန်အန်သည် အားနာမနေဘဲ ကျောက်တုံးအားလုံးကို သူ၏ အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမကို နှုတ်ဆက်လိုက်သည်။
- "မိတ်ဆွေ ရှန်း... ကိုယ် မိသားစုနဲ့အတူ ထွက်ခွာတော့မယ် နောင်မှ ပြန်ဆုံကြတာပေါ့"
ရှန်းချင်းယီ -
"ကောင်းပါပြီ၊ ပြန်ဆုံကြတာပေါ့"
ရိုးရှင်းသော နှုတ်ဆက်မှုအပြီးတွင် ချန်အန်သည် သူ၏ ဇနီးများနှင့် သမီးကို ခေါ်ဆောင်ကာ ထွက်ခွာခဲ့သည်။ သူသည် ရှန်းချင်းယီ ဆွဲပေးလိုက်သော မြေပုံအတိုင်း တောင်ပင်လယ်နယ်မြေဘက်သို့ ဦးတည်လိုက်တော့သည်။
ရှန်းချင်းယီသည် ချန်အန်တို့ မိသားစု ငါးဦး ထွက်ခွာသွားသည်ကို ကြည့်နေရင်း၊ သူတို့ ပျောက်ကွယ်သွားမှ ချန်အန် ခုနက ညွှန်ပြခဲ့သော အရပ်သို့ လမ်းလျှောက်သွားခဲ့သည်။
သူမသည် လမ်းတစ်လျှောက်ရှိ ဝါးရွက်ဂိုဏ်း အကြီးအကဲများနှင့် သူမ၏ စေ့စပ်ထားသူ၏ အလောင်းများကို ကြည့်ရှုချင်သည်။ အလောင်းများကို ကြည့်ပြီးနောက် ရွှမ်ဟွမ်ဂိုဏ်းသို့ ပြန်သွားကာ ထိုလူယုတ်မာ ပြောခဲ့သော စကားများမှာ အမှန်ဖြစ်မဖြစ်ကို တိတ်တဆိတ် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
အခြားတစ်ဖက်တွင်မူ ချန်အန်သည် မြေပုံကို ကြည့်ရင်း သူ၏ ဇနီးများကို အမြန်ဆုံး ခေါ်ဆောင်သွားနေသည်။ ကံမကောင်းစွာဖြင့် သူသည် ရှန်းချင်းယီနှင့် ရွှမ်ဟွမ်ဂိုဏ်း၏ လက်ရှိ ဆက်ဆံရေးကို သေချာမသိသဖြင့် သူမကို သူနှင့်အတူ လိုက်ခဲ့ရန် မဖိတ်ခေါ်ခဲ့မိပေ။
အကယ်၍ သူမသာ လိုက်လာခဲ့လျှင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အလယ်ဆင့်တွင် ရှိသည့် သူမကြောင့် ခရီးလမ်းမှာ ပို၍ ဘေးကင်းနိုင်မည် ဖြစ်သည်။
ခဏအကြာတွင် ချန်အန်သည် ဂိုဏ်းချုပ်ကျူး၏ သိုလှောင်အိတ်ကို ထုတ်ယူကာ အခြားအိတ်များထဲမှ ပစ္စည်းအားလုံးကို ထိုအိတ်ထဲသို့ ပြောင်းရွှေ့ထည့်လိုက်သည်။ အကုန်လုံးကို တစ်နေရာတည်းတွင် ထားပြီးမှ သူ ရရှိခဲ့သည့် ပစ္စည်းများကို စတင် ရေတွက်ကြည့်လိုက်ရာ သူကိုယ်တိုင်ပင် အံ့အားသင့်သွားရတော့သည်။