အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
အခန်း။ ၉၁
"မင်း... မင်း... ဖူး"
မြေပြင်ပေါ်တွင် နှစ်ပိုင်းပြတ်ကာ ကြေမွနေသည့် ဓားစုတ်ကို ကြည့်ရှုရင်း မိစ္ဆာအိုကြီး ရွှမ်းယိုသည် ပါးစပ်အပြည့် သွေးဟောင်းများကို အန်ထုတ်လိုက်ရတော့သည်။
၎င်းမှာ သူကိုယ်တိုင် အချိန်အကြာကြီး အားစိုက်ထုတ်၍ ဝိညာဉ်နှင့်ပါ ချိတ်ဆက်သန့်စင်ထားသော ပျံလွှားဓားအတွင်းရှိ ဝိညာဉ်အာရုံအမှတ်အသား ဖျက်ဆီးခံလိုက်ရသောကြောင့် ဖြစ်
သလို တစ်ဖက်တွင်လည်း ရင်ထဲ၌ နှမြောတသလွန်းလှသဖြင့် အသည်းခိုက်ကာ သွေးအန်ရခြင်းလည်း ဖြစ်သည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အပင်ပန်းခံ အကွက်ချစီစဉ်ပြီးမှ အောင်မြင်ခါစရှိသေးသည့် အပြည့်အဝမဟုတ်သေးလျှင်တောင် နောင်တွင် ပြန်လည်ပြုပြင်ယူ၍ရနိုင်သော မှော်ပစ္စည်းတစ်ခုမှာ ယခုမူ အဘိုးကြီးချန်၏ ယင်လျှပ်စီးပုလဲကြောင့် တစ်စစီ ပျက်စီးသွားခဲ့ရခြင်းပင်။
ငါ့ရဲ့ အရိုးဖြူယင်မိစ္ဆာဓားကြီး……
ဤအချိန်တွင် အဘိုးကြီးချန်၏ အသက်ရှူသံမှာ ပိုမိုအားနည်းလာခဲ့သည်။ ကျောကလည်း ပို၍ကုန်းသွားသလို မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း ပိုမိုနက်ရှိုင်းလာသည်။ သူသည် အသက်ကို အလုအယက်ရှူနေရပြီး အလွန်အိုမင်းမစွမ်းဖြစ်နေသည့်ပုံစံ ပေါက်နေပြီဖြစ်သည်။
သူ၏ကျင့်ကြံမှုများအားလုံး ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဆိုသည်ကို မည်သူမဆို မြင်တွေ့နိုင်သည်။ သို့သော် အဘိုးကြီးချန်၏ မှုန်ရီနေသော မျက်လုံးအစုံမှာမူ တစ်ခါမျှမရှိဖူးသည့် အရောင်အဝါများဖြင့် တောက်ပနေဆဲပင်။
"ရွှမ်းယို မိစ္ဆာအိုကြီး... ဒီနှစ်တွေတစ်လျှောက်လုံး ငါ မင်းအကြောင်း မစဉ်းစားမိတဲ့ တစ်ရက်မှ မရှိခဲ့ဘူး"
"မင်းကြောင့်ပဲ... တစ်ချိန်က သူတော်စင်အဆင့်ကို တက်လှမ်းနိုင်တဲ့ အရည်အချင်းရှိခဲ့တဲ့ ငါက လူစဉ်မမီတဲ့ ဒုက္ခိတတစ်ယောက် ဖြစ်ခဲ့ရတယ်။ အရင်က ဂုဏ်သရေတွေလည်း ပျောက်
ကွယ်ခဲ့ရသလို ဆွေမျိုးမိတ်ဆွေတွေလည်း ငါ့ကို စွန့်ခွာကုန်ကြတယ်။ ဂုဏ်ပုဒ်တွေလည်း မရှိတော့ဘဲ ဒုက္ခအမျိုးမျိုးကို ခံစားရင်း အရာအားလုံးကို ဆုံးရှုံးခဲ့ရတယ်"
အဘိုးကြီးချန်၏ အသံမှာ ထူးထူးခြားခြား တည်ငြိမ်နေသည်။ သို့သော် ထိုတည်ငြိမ်မှုကပင် ရွှမ်းယို၏ စိတ်ထဲ၌ မလုံခြုံသည့်ခံစားချက်ကို ပိုမိုဖြစ်ပေါ်စေသည်။
အဘိုးကြီးချန်က ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်ရင်း "ဒါပေမဲ့ ကံကောင်းတာက... အခုတော့ ငါ အားလုံးကို ပြန်ယူနိုင်တော့မယ်..."
ပြန်ယူမယ်…
ရွှမ်းယို ကြောင်သွားသည်။
"ဒီလိုအရာမျိုးတွေကို ဘယ်လိုနည်းနဲ့များ ပြန်ယူနိုင်မှာလဲ"
သူ ကြောင်အမ်းနေစဉ်မှာပင် အဘိုးကြီးချန်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။ ရွှမ်းယို၏ မျက်စိရှေ့မှာပင် အဘိုးကြီးချန်၏ ကိုယ်ခန္ဓာမှာ လျင်မြန်စွာ ပုပ်သိုးခြောက်သွေ့သွားပြီး အနက်ရောင်ပြာပုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူက တကယ်ပဲ သေသွားတာလား။
ရွှမ်းယို ပိုမိုဇဝေဇဝါ ဖြစ်သွားသည်။ ကုယွမ်လည်း မှင်တက်သွားရ၏။
မဖြစ်နိုင်တာ အဘိုးကြီးချန်က ဒီအတိုင်းကြီး သေသွားတာလား။ ဒါဆိုရင် ငါ့ရဲ့ လိပ်နက်ချပ်ဝတ်ကျင့်စဉ်နောက်ကွယ်က အပိုင်းတွေက ဘယ်လိုလုပ်မလဲ။ ပြီးတော့ မင်း ငါ့ကို ကတိပေးထားတဲ့ စစ်မှန်တဲ့ တာအိုကျင့်စဉ်ကကော….
သို့သော် ထိုအချိန်မှာပင် အဘိုးကြီးချန်၏ ပြာပုံထဲမှ အနက်ရောင်အလင်းတန်းတစ်ခု ပျံထွက်လာပြီး ရွှမ်းယိုထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ ဤအနက်ရောင်အလင်းသည် ထူးဆန်းသောအရှိန်အဝါရှိပြီး အလွန်လည်း မြန်ဆန်လှရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှမ်းယို၏အနားသို့ ရောက်ရှိသွားတော့သည်။
ရွှမ်းယိုဆိုသည်မှာ ထိုကဲ့သို့သော အမည်မသိ ဝိညာဉ်အငွေ့အသက်မျိုးကို သူ့အနား အကပ်ခံမည့်သူမဟုတ်ပေ။
သူသည် လက်ကိုမြှောက်လိုက်ပြီး စိမ်းဖန့်ဖန့်မီးလျှံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဤစိမ်းဖန့်ဖန့်မီးလျှံမှာ ယုတ်မာညစ်ထမ်းပြီး အပူဓာတ်လုံးဝမရှိဘဲ အရိုးထဲထိ အေးစိမ့်သွားစေသည့် မိစ္ဆာမီးလျှံဖြစ်သည်။ ဤအနက်ရောင်အလင်းမှာ အဘိုးကြီးချန်၏ ဝိညာဉ်ဖြစ်ပြီး ဝိညာဉ်များက ယင်မီးလျှံကို အကြောက်ဆုံးဖြစ်သည်ဟု ရွှမ်းယိုက တွက်ဆထားခြင်းပင်။
အဘိုးကြီးချန်က သေပြီးသည်တိုင် ပြဿနာရှာချင်နေသေးသည်ဆိုလျှင်လည်း သူ့ကို လုံးဝဇာတ်သိမ်းပေးလိုက်မည်ဟု သူ ကြံစည်လိုက်သည်။
စိမ်းဖန့်ဖန့်မိစ္ဆာမီးလျှံက အနက်ရောင်အလင်းကို ဖုံးအုပ်သွားသော်လည်း နောက်တစ်စက္ကန့်၌မူ ထိုမီးလျှံများသည် နေရောင်အောက်မှ နှင်းများကဲ့သို့ အရည်ပျော်သွားပြီး အနက်ရောင်အလင်းသည် ရွှမ်းယို၏ ခန္ဓာကိုယ်အတွင်းသို့ အရှိန်ဖြင့် တိုးဝင်သွားတော့သည်။
"ဟင်"
ရွှမ်းယိုသည် လျှပ်စီးအပစ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး အလွန်အံ့အားသင့်သွားသည်။ သူ၏ကိုယ်ခန္ဓာမှာ ဓာတ်လိုက်သကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး နဖူးပေါ်တွင် အကြောများ ထောင်ထလာကာ မျက်နှာတစ်ခုလုံးလည်း သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ရှုံ့မဲ့ကာ ပုံပျက်သွားတော့သည်။
"ချန်ချီ... မင်း... မင်းက ငါ့ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်တာလား။ မင်း အိပ်မက်မက်နေတာပဲ ဖြစ်ရမယ် ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး"
သူ စကားပြော၍ပင် မဆုံးသေးမီမှာပင် ရွှမ်းယို၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး ထူးဆန်းသော အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် အခြားလူတစ်ယောက်၏ အသံဖြင့် ပြန်လည်ပြောဆို လိုက်သည်။
"ခန္ဓာကိုယ်ကို သိမ်းပိုက်တယ်ဆိုတာကတော့ တကယ်ကို မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ငါက မင်းကို သိမ်းပိုက်မယ်လို့ ဘယ်သူပြောလို့လဲ"
ထိုအသံမှာ အထင်အရှားပင် အဘိုးကြီးချန်၏ အသံပင်။
ထိုစဉ် အဘိုးကြီးချန်က ကုယွမ် ပုန်းအောင်းနေသည့်ဘက်သို့ လှည့်ကြည့်ကာ "ကုယွမ်... မြန်
မြန်လာစမ်း ဒီမိစ္ဆာအိုကြီးကို အပြတ်ရှင်းဖို့ ငါ့ကို ကူညီပါဦး"
"ဘာ... နောက်ထပ် တစ်ယောက် ရှိသေးတာလား"
ရွှမ်းယိုမှာ အလွန်အံ့အားသင့်ကာ ထိတ်လန့်သွားပြီး အသည်းအသန် ရုန်းကန်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အဘိုးကြီးချန်၏ ထိန်းချုပ်မှုကို ခံထားရသဖြင့် လုံးဝ လှုပ်ရှား၍မရပေ။
မကြာမီမှာပင် ကျောက်ဆောင်ကြီးတစ်ခု၏ နောက်ကွယ်မှ ဓားတစ်လက်ကို ကိုင်စွဲထားသည့် ခန့်ညားသော လူငယ်တစ်ဦး ထွက်လာသည်ကို သူ မြင်လိုက်ရသည်။
"အဘိုးကြီးချန်... ခင်ဗျား တကယ်ပဲ ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
ကုယွမ်သည် ရွှမ်းယို သို့မဟုတ် အဘိုးကြီးချန်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် စိုက်ကြည့်နေမိသည်။ အဘိုးကြီးချန်သည် ကလဲ့စားချေချင်ရုံသက်သက်ဟု သူ ထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ဤအဘိုးကြီးတွင် အခြားသော ရည်ရွယ်ချက်များ ရှိနေသည်မှာ ထင်ရှားလှသည်။
"ကုယွမ်... ငါ အခု ရှင်းပြနေဖို့ အချိန်မရှိဘူး။ ဒါပေမဲ့ ငါပြောတဲ့အတိုင်းသာ လုပ်မယ်ဆိုရင် နောက်ပိုင်းမှာ မင်းကျေနပ်လောက်မယ့် အဖြေတစ်ခု ငါပေးမယ်။ ပြီးတော့ မင်းကို ငါကတိပေးထားတဲ့ အရာအားလုံးကိုလည်း အပြည့်အဝ ပေးပါ့မယ်"
အဘိုးကြီးချန်၏ အသံမှာ အနည်းငယ် အရေးကြီးနေပုံရသော်လည်း တည်ငြိမ်မှု ရှိနေဆဲပင်။
"ကဲ... မင်းရဲ့ဓားကို ထုတ်ပြီး ဒီမိစ္ဆာအိုကြီးရဲ့ နှလုံးသားကို တည့်တည့်ထိုးစိုက်လိုက်စမ်း"
"ကောင်းပြီလေ"
ကုယွမ်သည်လည်း ဗီဇအရ ပြတ်သားသူဖြစ်ရာ ယခုအချိန်တွင်တွေဝေနေရမည့်အစား ဆုံးဖြတ်ချက်ချရန်သာ လိုအပ်ကြောင်း နားလည်လိုက်သည်။
ချွမ်း….
တောက်ပသော ဓားအလင်းတန်းသည် ဓားအိမ်အတွင်းမှ လျှံထွက်လာပြီး အဆုံးမဲ့ ထက်မြက်မှုများနှင့်အတူ စီးဆင်းနေသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရွှမ်းယို၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်၊ စိတ်လှုပ်ရှားမှု၊ တုန်လှုပ်မှုတို့နှင့်အတူ နာကျည်းမှု၊ မုန်းတီးမှုနှင့် ကြောက်ရွံ့မှုတို့ ရောပြွမ်းနေသည့် ရှုပ်ထွေးသော အကြည့်များအောက်၌ပင် ထိုဓားသည် သူ၏ရင်ဘတ်ကို စွပ်ခနဲ အသံနှင့်အတူ ထိုးဖောက်သွားတော့သည်။
ဓားအလင်းမှာ ထက်မြက်လှသလို ပေါက်ကွဲထွက်လာသော ဝဲကယက်အင်အားက သူ၏နှလုံးသားကိုပင် အပိုင်းပိုင်းအစစ ဖြစ်သွားစေကာ လက်ဖက်ရည်ခွက်ခန့် ရှိသော သွေးပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူများသည် ခိုင်မာသော အသက်စွမ်းအား ရှိကြသော်လည်း နှလုံးသားမှာမူ အကြီးမားဆုံးသော အားနည်းချက်တစ်ခု ဖြစ်နေဆဲပင်။ နှလုံးသား ကြေမွသွားလျှင် မည်သူမဆို သေဆုံးရမည်သာ ဖြစ်သည်။
သာမန်လူတစ်ယောက်ဆိုလျှင် ချက်ချင်း ပွဲချင်းပြီး သေဆုံးသွားမည်ဖြစ်သော်လည်း ကောင်းကင်ဘုံလူသားအဆင့် ကျင့်ကြံသူမှာမူ အနည်းဆုံး ခေတ္တမျှ ခံနိုင်ရည် ရှိပေလိမ့်မည်။ အကယ်၍ ထူးဆန်းသော နည်းလမ်းများ ရှိသည့် ကျင့်ကြံသူများ၊ ဥပမာအားဖြင့် စစ်မှန်သောချီကို သုံး၍ နှလုံးသား၏ လုပ်ဆောင်ချက်ကို အစားထိုးခြင်း သို့မဟုတ် အသက်ဓာတ်ကို ထိန်းသိမ်းသည့် နတ်ဘုရားအတတ်များ ရှိနေပါက ရက်အနည်းငယ်ကြာအောင် အသက်ရှင်နေနိုင်ခြင်းမှာလည်း အံ့ဩစရာ မဟုတ်ပေ။
သို့သော် ရွှမ်းယိုမှာမူ ထိုကဲ့သို့သော လူစားမျိုး မဟုတ်သည်မှာ အသေအချာပင်။
"ချန်ချီ... နောက်ဆုံးတော့လည်း ငါ မင်းကို ရှုံးနိမ့်ခဲ့ရပြန်ပြီပဲ..."
ရွှမ်းယိုသည် ကုယွမ်ကို စိုက်ကြည့်ရင်း ပါးစပ်ကို ဟဟလေးလုပ်ကာ မျက်လုံးများ မှေးမှိန်သွားပြီး နောက်ဆုံးသက်ပြင်းတစ်ချက်နှင့်အတူ သူ၏ အရှိန်အဝါများ ကုန်ခမ်းသွားတော့သည်။
"စိတ်အေးအေးထားပါ... မင်းရဲ့ ခန္ဓာကိုယ်၊ မင်းရဲ့ မှတ်ဉာဏ်၊ မင်းရဲ့ အတိတ်... မင်းပိုင်ဆိုင်သမျှ အရာအားလုံးကို ငါက ဝမ်းမြောက်ဝမ်းသာ လက်ခံပေးသွားမှာပါ"
နောက်တစ်စက္ကန့်တွင် ရွှမ်းယို၏ ခန္ဓာကိုယ်အတွင်းမှ အဘိုးကြီးချန်၏ အသံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရွှမ်းယို၏ ကိုယ်ပေါ်မှ မှောင်မိုက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။
အခန်း။ ၉၂
ထိုအနက်ရောင်အလင်းမှာ ယုတ်မာရက်စက်ပြီး မိစ္ဆာအငွေ့အသက်များ ပြည့်နှက်နေကာ လူကို ကြောက်လန့်တုန်လှုပ်စေသော အေးစိမ့်သည့် အရှိန်အဝါများ ရှိနေသည်။ အနက်ရောင်အလင်းအောက်တွင် ရွှမ်းယို၏ ခန္ဓာကိုယ်မှာ အရိုးနှင့် ကြွက်သားများ ပြောင်းလဲမှုဖြစ်ပေါ်နေသကဲ့သို့ တဂျောက်ဂျောက် အသံများ ထွက်ပေါ်လာ၏။
သူ၏ ရုပ်သွင်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာလည်း ရှည်ထွက်လာကာ ပုံသဏ္ဌာန် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရိုးများ ပေါ်သည်အထိ ပြင်းထန်လှသော ဒဏ်ရာများနှင့် ရင်ဘတ်မှ သွေးပေါက်ကြီးမှာလည်း အနက်ရောင်အလင်းအောက်တွင် အသားနုများ လျင်မြန်စွာ ပြန်လည်တက်လာပြီး ကျန်းမာသွားတော့သည်။
ဤထူးဆန်းသော မြင်ကွင်းကို ကြည့်ရင်း ကုယွမ်သည် ချိုးရွှေဓားကို တင်းတင်းဆုပ်ကိုင်ကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေမိသည်။ အားဟွမ်နှင့် အားဝူကိုလည်း လိုအပ်ပါက ဝင်ရောက်တိုက်ခိုက်ရန် တိတ်တဆိတ် အမိန့်ပေးထားလိုက်သည်။ ဤမြင်ကွင်းမှာ သတိမထားဘဲ မနေနိုင်လောက်အောင်ပင် ထူးခြားဆန်းပြားလွန်းလှသည်။
သိပ်မကြာမီမှာပင် အနက်ရောင်အလင်းများ ကွယ်ပျောက်သွားသောအခါ ကုယွမ်၏ ရှေ့တွင် ခန့်ညားထည်ဝါသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ပေါ်လာတော့သည်။
ဤလူသည် အရပ်ရှည်ပြီး သွယ်လျကာ ထူးခြားသော အရှိန်အဝါရှိသည်။ အထူးသဖြင့် သူ၏ ရုပ်သွင်မှာ ကုယွမ်အတွက် အကြောင်းပြချက်မရှိဘဲ ရင်းနှီးနေသကဲ့သို့ ခံစားရစေသည်။
"တကယ်လို့ အဲဒီလူသာ အိုမင်းသွားပြီး ပိုပိန်သွားမယ်၊ အရေးအကြောင်းတွေ များလာပြီး ဆံပင်တွေပါ ပါးသွားမယ်ဆိုရင် သူက သေချာပေါက် အဘိုးကြီးချန်နဲ့ တစ်ပုံစံတည်း ဖြစ်နေလိမ့်မယ်။
ဒါပေမဲ့ ဒီခန္ဓာကိုယ်က စောစောလေးတင်ပဲ ရွှမ်းယိုရဲ့ အလောင်းဆိုတာ အထင်အရှားကြီး မဟုတ်ဘူးလား။
ခေါင်းကို လဲလှယ်တာ၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို နောက်တစ်ယောက်ရဲ့ ရုပ်သွင်ဖြစ်အောင် ပြောင်းလဲတာ၊ ပြီးတော့ ဝိညာဉ်ကိုပါ အစားထိုးပစ်တာ... ဒီလိုနည်းလမ်းမျိုးကတော့ တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်"
ကုယွမ်၏ ကျောရိုးထဲတွင် အေးစိမ့်သော ခံစားချက်တစ်ခု တိုးဝင်လာတော့သည်။
"ခင်ဗျားက... အဘိုးကြီးချန်လား"
သူက မဝံ့မရဲဖြင့် လှမ်းမေးလိုက်သည်။
ထိုလူလတ်ပိုင်းအမျိုးသားသည် မျက်လုံးများကို ဖွင့်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ကာ သူ၏ ချောမွေ့တင်းရင်းသော အရေပြားကို ပြန်လည်ထိတွေ့ကြည့်သည်။ ပြောင်လက်ကာ နက်မှောင်နေသော ဆံပင်များကို ကြည့်ရှုရင်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်။
အထူးသဖြင့် သူ၏ခန္ဓာကိုယ်အတွင်း၌ လစ်ဟာနေသော်လည်း ပျက်စီးခြင်းမရှိဘဲ အကောင်းပကတိအတိုင်း ရှိနေသည့် ဒန်ထျန်ကို ခံစားမိလိုက်သောအခါ သူသည် အလွန်ပင် ကျေနပ်
အားရသွားပုံပင်။
"ကောင်းတယ်... တကယ့်ကို ကောင်းတယ်"
အတိတ်ကကဲ့သို့ ပြင်းထန်လှသော စစ်မှန်သောချီကျင့်ကြံမှုမျိုး ယခုအချိန်တွင် မရှိတော့သော်လည်း ဤခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်မှာ အကောင်းပကတိအတိုင်း ရှိနေဆဲပင်။ အရိုးအဆစ်နှင့် ကြွက်သားများမှာ သန်မာထွားကျိုင်းလှသလို ကောင်းကင်ဘုံလူသားအဆင့်၏ အငွေ့အသက် အခြေခံလည်း ပါဝင်နေသေးသည်။
နောက်ပိုင်းတွင် သူသည် အဆင့်ဆင့် ပြန်လည်ကျင့်ကြံသွားရုံဖြင့် တစ်နေ့နေ့တွင် သူ၏ကျင့်ကြံမှုများကို ပြန်လည်ရရှိနိုင်မည်မှာ သေချာသည်။ ဖြစ်နိုင်သည်မှာ သူသည် ယခင်ကထက်ပင် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ဤအခိုက်အတန့်အတွက် သူသည် မည်မျှကြာအောင် အကွက်ချစီစဉ်ပြီး စောင့်ဆိုင်းခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပေ။
ထိုစဉ် လူလတ်ပိုင်းအမျိုးသားသည် ကုယွမ်ကို လှမ်းကြည့်လိုက်ရာ သူ၏အကြည့်မှာ နက်ရှိုင်းပြီး တစ်စုံတစ်ခုကို ကြံစည်နေသကဲ့သို့ ထူးဆန်းနေသည်။
"အဘိုးကြီးချန်... ခင်ဗျား ကျွန်တော့်ကို သတ်ဖို့ ရည်ရွယ်နေတာလား"
တစ်ဖက်လူထံမှ ထွက်ပေါ်လာသော အားနည်းသည့် သတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစားမိလိုက်သဖြင့် ကုယွမ်သည် အံ့ဩမနေတော့ဘဲ သူ၏ သိုင်းပညာရပ်များကို အပြည့်အဝ စတင်လည်ပတ်လိုက်တော့သည်။
ဂျောက် ဂျောက်….
သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးနှင့် ကြွက်သားများ လှုပ်ရှားသံမှာ ရွှေနှင့် သံမဏိတို့ ထိခတ်သံပမာ ဟိန်းထွက်လာသည်။ သူ၏အရပ်မှာ ရုတ်ခြည်းပင် လက်မအတော်ကြာ မြင့်တက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိသည့် အနက်ရောင် ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ သူ၏ ကြွက်သားများမှာ လိပ်ခွံပုံစံများပမာ ဖုထွက်နေပြီး ရှေးဦးအငွေ့အသက်များကို ထုတ်လွှတ်နေ၏။
သူ၏လက်ထဲမှ ချိုးရွှေဓားသည်လည်း တုန်ခါလျက် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်နေတော့သည်။ ဤပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကြောင့် အဘိုးကြီးချန်ပင်လျှင် စိတ်လှုပ်ရှားသွားရသည်။
သူသည် ကုယွမ်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
"အရိုးသန့်စင်ခြင်း အဆင့် မဟာအောင်မြင်မှု၊ အပြင်အားကျင့်စဉ် အဆင့် အောင်မြင်မှု အနည်းငယ်၊ ပြီးတော့ ဒီလိုဓားသိုင်းမျိုး... ငါ မင်းကို တကယ်ပဲ အထင်သေးခဲ့မိတာပဲ"
"ငါ မင်းကို လိပ်နက်ချပ်ဝတ်ကျင့်စဉ်ပေးခဲ့တဲ့ အချိန်ကနေ အခုထိဆိုရင် တစ်လတောင် မပြည့်သေးဘူး မဟုတ်ဘူးလား"
အဘိုးကြီးချန်က ကုယွမ်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ရင်း "နှမြောစရာပဲ... ဒီလို မျိုးစေ့ကောင်းလေးကို... အစောတည်းကသာ သိခဲ့ရင် ဘာပဲဖြစ်ဖြစ် မင်းကို ငါ့တပည့်အဖြစ် ငါလက်ခံခဲ့မိမှာပဲ"
"ဒါက တကယ်ကို နှမြောစရာပါပဲ"
ကုယွမ်၏ မျက်နှာပေးမှာ မပြောင်းလဲပေ။
"မင်းက အရင်အတိုင်းပဲ အမြဲတမ်း သတိကြီးတာပဲ ကောင်လေး"
ကုယွမ်က အသင့်အနေအထားဖြင့် ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ အဘိုးကြီးချန်က ရယ်မောလျက် လက်ကာပြလိုက်သည်။
"စိတ်အေးအေးထားပါ... ငါ အခုလေးတင် နတ်မိစ္ဆာလမ်းစဉ် ဝိညာဉ်သိမ်းပိုက်ခြင်းအတတ်ကို သုံးထားတာဆိုတော့ ခန္ဓာကိုယ်ရဲ့ အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်နေရတုန်းပဲ။ ကျင့်ကြံမှုစွမ်းအားတွေ မရှိသေးဘူး။ ဒါကြောင့် မင်းကို ငါမသတ်နိုင်သလို သတ်ဖို့လည်း စိတ်မကူးပါဘူး။ စောစောက ထွက်ပေါ်လာတဲ့ သတ်ဖြတ်လိုစိတ်ဆိုတာကလည်း မိစ္ဆာလမ်းစဉ်ရဲ့ အခြေခံကို ငါတည်ဆောက်လိုက်လို့ ပေါ်လာတဲ့ မိစ္ဆာဗီဇစိတ်အစွဲကြောင့်ပါ။ ငါ့ရဲ့ မူလရည်ရွယ်ချက် မဟုတ်ပါဘူး"
"နတ်မိစ္ဆာလမ်းစဉ် ဝိညာဉ်သိမ်းပိုက်ခြင်းအတတ်ဟုတ်လား"
ကုယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ဤအမည်ကို ကြားလိုက်ရုံဖြင့် ရက်စက်ကြမ်းကြုတ်ပြီး သွေးညှီနံ့ နံလှသော အငွေ့အသက်ကို ခံစားလိုက်ရသကဲ့သို့ပင်။
အဘိုးကြီးချန်က ပြုံးလိုက်သော်လည်း သူ၏မျက်နှာတွင် ယုတ်မာညစ်ထမ်းသော ဆွဲဆောင်မှုတစ်ခု ကိန်းအောင်းနေသည်။
"ဟုတ်တယ်... ဒီကျင့်စဉ်က မိစ္ဆာလမ်းစဉ်ရဲ့ လျှို့ဝှက်ချက်တစ်ခုပဲ။ တစ်ကြိမ် အသုံးပြုလိုက်တာနဲ့ တခြားလူရဲ့ ခန္ဓာကိုယ်အခြေခံတင်မကဘဲ သူတစ်သက်လုံး ကျင့်ကြံထားတဲ့ အစွမ်းတွေကိုပါ သိမ်းပိုက်နိုင်စွမ်း ရှိတယ်။ ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားပေးနိုင်တဲ့ အစွမ်းရှိတာပေါ့"
ကုယွမ် မမေးမီမှာပင် သူက ဆက်ရှင်းပြလိုက်သည်။
"တကယ်တော့ ငါ့ရဲ့ မူလရည်ရွယ်ချက်က ရွှမ်းယို မိစ္ဆာအိုကြီးကို သတ်ပစ်ဖို့ပါပဲ။ ဒါပေမဲ့ ဒီလျှို့ဝှက်ကျင့်စဉ်ကို မတော်တဆ ရရှိလိုက်ပြီးတဲ့နောက်မှာတော့ ငါ့ရဲ့စိတ်ကူးက တဖြည်းဖြည်း ပြောင်းလဲသွားခဲ့တယ်"
"ရွှမ်းယိုက ငါ့ရဲ့ တာအိုလမ်းစဉ် အခြေခံကို ဖျက်ဆီးခဲ့တာဆိုတော့ ငါကလည်း သူရဲ့ လမ်းစဉ်အခြေခံကို ပြန်လည်သိမ်းပိုက်လိုက်တာက တရားမျှတတယ် မဟုတ်ဘူးလား"
ထိုသို့ပြောပြီးနောက် သူသည် ကုယွမ်ကို ကြည့်ကာ ဆက်ပြောလိုက်သည်။
"မောင်ရင်ကု... ငါ့ရဲ့ အသုံးချတာခံလိုက်ရတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ အဲဒီလိုမျိုး သဘောမထားပါနဲ့"
စကားပြောနေရင်းပင် အဘိုးကြီးချန်သည် သူ၏ခါးရှိ သိုလှောင်အိတ်ကို တစ်ချက်ပုတ်လိုက်ရာ အနက်ရောင် သားရေစာအုပ်တစ်အုပ်နှင့် ကျောက်စိမ်းပြားတစ်ခု ပျံထွက်လာသည်။ သူသည် ကျောက်စိမ်းပြားအတွင်းသို့ ဝိညာဉ်အာရုံဖြင့် အချက်အလက်အချို့ကို အလျင်အမြန် မှတ်တမ်းတင်လိုက်ပြီးနောက် ထိုပစ္စည်းနှစ်ခုလုံးကို ကုယွမ်ထံသို့ လှမ်းပေးလိုက်သည်။
"ဒီကျောက်စိမ်းပြားထဲမှာ လိပ်နက်ချပ်ဝတ်ကျင့်စဉ်ရဲ့ ဒုတိယပိုင်း ပါဝင်တယ်။ အနက်ရောင်စာအုပ်ကတော့ မိစ္ဆာအိုကြီး ရွှမ်းယို ကျင့်ကြံခဲ့တဲ့ လောရှကျမ်းစာပဲ။ ဒါက မြေကမ္ဘာအဆင့်လတ် တာအိုကျမ်းစာတစ်စောင်ဖြစ်ပြီး မပြည့်စုံပေမဲ့ အရမ်းတန်ဖိုးရှိတယ်။ ပြင်ပလောကမှာဆိုရင် သွေးချောင်းစီး တိုက်ပွဲတွေဖြစ်အောင် ဆွဲဆောင်နိုင်တဲ့အရာပဲ။ ဒါက ငါ့အတွက် အသုံးမဝင်တော့လို့ မောင်ရင့်ကို လက်ဆောင်ပေးလိုက်မယ်"
ကုယွမ်သည် ထိုပစ္စည်းနှစ်ခုလုံးကို လက်ခံရယူလိုက်သည်။
[တာအိုအနှစ်သာရအမှတ် +၆၈]
[တာအိုအနှစ်သာရအမှတ် +၅၆၉]
ပစ္စည်းများကို လက်ဝယ်ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် တာအိုအနှစ်သာရအမှတ် နှစ်ကြိမ်တိတိ တိုးလာတော့သည်။ ကုယွမ်သည် ရင်ထဲ၌ အလွန်ပင် စိတ်သက်သာရာရသွားသည်။
လိပ်နက်ချပ်ဝတ်ကျင့်စဉ်က တစ်ပိုင်းဖြစ်ပြီး လောရှကျမ်းစာမှာမူ တကယ့်စစ်မှန်သော တာအိုကျင့်စဉ်ဖြစ်ပြီး ယခင်ကျင့်စဉ်ထက် အဆပေါင်းများစွာ ပိုမိုတန်ဖိုးရှိလှသည်။
အကယ်၍ နောင်တွင် သူသည် အခြားသော စစ်မှန်သည့် တာအိုကျင့်စဉ်များကို မရရှိခဲ့လျှင်တောင် ဤကျမ်းစာကို ကျင့်ကြံခြင်းဖြင့် တာအိုလမ်းစဉ်အတွင်းသို့ ခြေလှမ်းနိုင်မည်ပင်။ ထို့ပြင် လောရှကျမ်းစာမှာ သာမန်ကျင့်စဉ်မျိုးမဟုတ်ဘဲ မြေကမ္ဘာအဆင့်လတ် တာအိုကျမ်းစာ ဖြစ်နေခြင်းက ပို၍ပင် ထူးခြားလှသည်။
စစ်မှန်သော တာအိုကျင့်စဉ် သို့မဟုတ် တာအိုကျမ်းစာများကိုလည်း သိုင်းပညာများကဲ့သို့ပင် အဆင့်အတန်း ခွဲခြားထားသည်။ ၎င်းတို့ကို မြေကမ္ဘာအဆင့် တာအိုကျမ်းစာနှင့် ကောင်းကင်ဘုံအဆင့် တာအိုကျမ်းစာဟူ၍ ခွဲခြားထားပြီး ထိုအဆင့်ကြီးများအတွင်း၌ပင် အဆင့်နိမ့်၊ အဆင့်လတ်၊ အထက်နှင့် အထွတ်အထိပ်ဟူ၍ ထပ်မံကွဲပြားသေးသည်။
မြေကမ္ဘာအဆင့်လတ် တာအိုကျမ်းစာဆိုသည်မှာ အလွန်ပင် ရှားပါးလှပြီး ၎င်း၌ အတွင်းအားသန့်စင်ခြင်းဆိုင်ရာ လျှို့ဝှက်အတတ်များ ပါဝင်လေ့ရှိသည်။ ဆေးဘုရင်တောင်ကဲ့သို့သော ထိပ်တန်းဂိုဏ်းကြီးများတွင်ပင် ဤကဲ့သို့သော ကျမ်းစာမျိုးကို အလွယ်တကူ မတွေ့နိုင်ပေ။
"ဒီပစ္စည်းနှစ်ခုကို ပေးလိုက်ပြီဆိုတော့ ငါတို့ရဲ့ သဘောတူညီချက်က ပြီးမြောက်သွားပြီ"
အဘိုးကြီးချန်သည် အတိတ်က အညှိုးအတေးများကို ဖြေရှင်းနိုင်ခဲ့သဖြင့် တစ်ကိုယ်လုံး ပေါ့ပါးသွားကာ စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းနေပုံပင်။
သူက နွေးထွေးစွာ ပြုံးပြလိုက်ပြီး
"ဒါပေမဲ့ မောင်ရင့်ကို ငါကြည့်ရတာ အမြင်ကြည်တာကြောင့် မထွက်ခွာခင် စကားအနည်းငယ် ထပ်မှာခဲ့ဦးမယ်။ နားထောင်ခြင်း၊ မနာထောင်ခြင်းကတော့ မောင်ရင့်အပေါ်မှာပဲ မူတည်တယ်"
ကုယွမ်သည် ရိုသေလေးစားသော အမူအရာဖြင့် "ပြောပါ ဆရာ... ကျွန်တော် သေချာနားထောင်နေပါတယ်" ဟု ပြောလိုက်သည်။
အဘိုးကြီးချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ရှမင်ယန်ဆိုတဲ့လူက အကွက်ချစီစဉ်တတ်ပြီး ရည်မှန်းချက်ကြီးတဲ့အပြင် အန္တရာယ်လည်း အလွန်များတဲ့သူပဲ။ နောက်ပိုင်းမှာ သူဟာ တစ်စုံတစ်ခုကို တိတ်တဆိတ် ကြံစည်နေပုံပဲ။ ငါသာ မောင်ရင့်နေရာမှာဆိုရင် သူ့ကို အတတ်နိုင်ဆုံး ဝေးဝေးက ရှောင်နေမိမှာပဲ"
ရှမင်ယန်...
ကုယွမ်က ခေါင်းညိတ်လိုက်ပြီး "နားလည်ပါပြီ... သတိပေးတာကို ကျေးဇူးတင်ပါတယ်"