← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း။ ၉၃

"နောက်တစ်ခုကတော့ နဂါးနီနတ်ဘုရားနန်းတော်ပေါ်ထွက်လာတော့မယ့် ကိစ္စပဲ။ အဲဒါ ပေါ်လာပြီဆိုရင်တော့ လောကကြီးတစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ်။ ကောင်းကင်ဘုံလူသားအဆင့် မရှိတဲ့သူတွေဆိုရင် ဘယ်လိုသေလို့ သေသွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး..."

အဘိုးကြီးချန်က သူ့ကို တစ်ချက်ကြည့်လိုက်ကာ "ငါ ပြောစရာရှိတာ ဒါပါပဲ... ငါတို့ရဲ့ ပတ်သက်မှုက ဒီမှာတင် လမ်းခွဲပြီ။ ကံကောင်းပါစေ... ငါ သွားတော့မယ်..."

စကားဆုံးသည်နှင့် သူ၏ကိုယ်ဟန်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ညမှောင်မှောင်အတွင်းသို့ တဟုန်ထိုး ပျံသန်းကာ လုံးဝကွယ်ပျောက်သွားတော့သည်။

ကုယွမ်သည် ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေပြီးနောက် အဘိုးကြီးချန် ထွက်ခွာသွားရာဘက်သို့ ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။ အဘိုးကြီးချန်သည် သူ့အပေါ် အချို့သောအရာများကို ဖုံးကွယ်ခဲ့သော်လည်း တစ်ခါမျှ မတရားမလုပ်ခဲ့ပေ။

ထို့ပြင် လမ်းညွှန်မှုများစွာ ပေးခဲ့သဖြင့် ကုယွမ်အတွက်မူ သူသည် ဆရာတစ်ဝက်ခန့်ပင် ဖြစ်နေခဲ့ရာ စိတ်ထဲ၌ ရှုပ်ထွေးသော ခံစားချက်များ ရှိနေမိသည်။

ယခုလေးတင် အဘိုးကြီးချန်သည် နတ်မိစ္ဆာလမ်းစဉ် ဝိညာဉ်သိမ်းပိုက်ခြင်းအတတ်ကို သုံး၍ အသွင်ပြောင်းလဲလိုက်ပြီးနောက် ကုယွမ်အတွက် ပို၍ စိမ်းသက်သွားသကဲ့သို့ ခံစားရသည်။ ယခင်က အဘိုးကြီးချန်မှာ အိုမင်းရင့်ရော်ကာ ကျင့်ကြံမှုအခြေခံ ပျက်စီးနေသည့် ဒုက္ခိတတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ယခုမူ အခြားလူ၏ ခန္ဓာကိုယ်ကို ငှားရမ်းကာ မိစ္ဆာလမ်းစဉ်သို့ ဝင်ရောက်ပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်ရာ ယခင်နှင့် လုံးဝတူတော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူ၏ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်သဖြင့် အဘိုးကြီးချန်သည် ကျောက်စိမ်းအိုးတိုက်သို့ ပြန်လာတော့မည် မဟုတ်သည်မှာ သေချာသည်။ နောင်တစ်ချိန်တွင် မည်သည့်အခါမှ ပြန်လည်ဆုံတွေ့ကြမည်ကို မည်သူမျှ မသိနိုင်တော့ပေ။

ကုယွမ်သည် အနည်းငယ် ဝမ်းနည်းသကဲ့သို့ ခံစားလိုက်ရသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ ထို့နောက် မြေပြင်ပေါ်ရှိ ပျက်စီးနေသော အရိုးဖြူယင်မိစ္ဆာဓားနှင့် ဝိညာဉ်သတ်အလံ အပိုင်းအစများကို ကောက်ယူကာ တာအိုအနှစ်သာရအမှတ် ရာဂဏန်းခန့်ကို ထပ်မံသိမ်းဆည်းလိုက်သည်။

ထို့နောက် သူသည် အားဟွမ်၊ အားဝူ နှင့် ပါးစပ်ကြီးတို့ကို ခေါ်ဆောင်ကာ တောင်နက်ကြီးအတွင်းသို့ ဆက်လက်ဝင်ရောက်သွားတော့သည်။

ကုယွမ်သည် အဘိုးကြီးချန်နောက်သို့ လိုက်ခြင်းမဟုတ်ပေ။ အမှန်စင်စစ် ပါးစပ်ကြီးမှာ ကြီးထွားမှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ အဆင့်မြှင့်တင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ပါးစပ်ကြီး၏ အဆင့်မြှင့်တင်မှု အောင်မြင်စေရန်အတွက် ဦးစွာပထမ သင့်တော်သော နေရာတစ်ခုကို ရှာဖွေရန်သာ လိုအပ်တော့သည်။

ကုယွမ်သည် အခြားဂူတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် မီးဖိုတစ်ခုကို ဖော်လိုက်သည်။ ထို့နောက် သံကျောကုန်းကင်းခြေများနှင့် အားဟွမ်တို့ကို ဂူပေါက်ဝတွင် ကင်းစောင့်ခိုင်းထားပြီး ပါးစပ်ကြီးကို အထဲသို့ ခေါ်လိုက်တော့သည်။

ဤအချိန်တွင် ပါးစပ်ကြီးမှာ ကိုးပေခန့် ရှည်လျားနေပြီး ကိုယ်လုံးမှာ ကြက်ဥတစ်လုံးခန့် တုတ်ခိုင်နေပြီဖြစ်သည်။ ၎င်း၏ မီးခိုးဖြူရောင် အကြေးခွံများမှာ အတော်ပင် မာကျောလှပြီး အနီးရှိ မီးရောင်အောက်တွင် ထူးဆန်းသော အလင်းတန်းများ ဖြာထွက်နေ၏။

ယခုမူ ပါးစပ်ကြီးသည် ကိုယ်လုံးကို ခွေလျက် ခေါင်းကို ထောင်ကာ သူ၏မျက်လုံးငယ်လေးများဖြင့် ကုယွမ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ၎င်းမှာ တစ်စုံတစ်ခုကို မျှော်လင့်တောင့်တနေသည့် ပုံစံမျိုးပင်။

...

[သားရဲအရှင် - ကုယွမ်]

[အခြေအနေ - ပုံမှန်]

[သားရဲအဖော် - ရတနာရှာကြွက်ငယ် ရတနာရှာကြွက်အဖြစ် အဆင့်မြှင့်နိုင်ရန် တာအိုအနှစ်သာရအမှတ် ၆၈၀၀ လိုအပ်သည်။ သံကျောကုန်းကင်းခြေများမှ ငွေကျောကုန်းကင်းခြေများ

အဖြစ် အဆင့်မြှင့်နိုင်ရန် တာအိုအနှစ်သာရအမှတ် ၅၆၀၀ လိုအပ်သည်။ ပါးစပ်ကြီးမှ မျိုဟပ်မြွေအဖြစ် အဆင့်မြှင့်နိုင်ရန် တာအိုအနှစ်သာရအမှတ် ၁၀၀၀ လိုအပ်သည်။ လိပ်နက်မှ လိပ်နက်နတ်ဘုရားအဖြစ် အဆင့်မြှင့်နိုင်ရန် တာအိုအနှစ်သာရအမှတ် ၁၂၀၀ လိုအပ်သည်]

[ယဉ်ပါးအောင် ပြုလုပ်နိုင်သော သားရဲအရေအတွက် - ၁ ကောင်]

[ကျင့်ကြံမှုအဆင့် - မွေးရာပါအဆင့်လွန် သိုင်းပညာရှင် အရိုးသန့်စင်ခြင်းအဆင့်]

[တာအိုအနှစ်သာရအမှတ် - ၂၇၉၀]

...

ကုယွမ်သည် သူ၏ စွမ်းဆောင်ရည်ပြကွက်ကို ခေါ်ယူလိုက်ပြီးနောက် စိတ်ထဲမှ ကြံစည်နေမိသည်။

"ပါးစပ်ကြီးမှာ အရင်က ကိုယ်လုံးခွေအတတ်ဆိုတဲ့ ပါရမီ ပါဝင်ခဲ့တယ်။ အခု အဆင့်မြှင့်လိုက်ရင် ဘယ်လို ပါရမီသစ်တွေ ထပ်ပေါ်လာမလဲ မသိဘူး..."

ထို ကိုယ်လုံးခွေအတတ်ကြောင့် ပါးစပ်ကြီးသည် ပျော့ပြောင်းသော ကြွက်သားအစွမ်းကို ရရှိခဲ့သလို သူ၏ ခန္ဓာကိုယ် အခြေခံမှာလည်း ပိုမိုခိုင်မာလာခဲ့သည်။

ပါးစပ်ကြီး၏ အဆင့်မြှင့်ထားသော ပုံသဏ္ဌာန်ဖြစ်သည့် မျိုဟပ်မြွေဟူသော အမည်ကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ပါးစပ်ကြီးနှင့် မျိုးရိုးတူဖြစ်ပြီး အစာစားခြင်းနှင့်ပင် သက်ဆိုင်နေပုံပင်။ သို့သော် ပါရမီအစွမ်းများကော တူညီနိုင်ပါ့မလားဆိုသည်မှာ မသေချာသေးပေ။

...

[ပါးစပ်ကြီးကို မျိုဟပ်မြွေအဖြစ် အဆင့်မြှင့်ရန် တာအိုအနှစ်သာရအမှတ် ၁၀၀၀ အသုံးပြုမည်။ အတည်ပြုပါသလား]

ကုယွမ်၏ မျက်လုံးများမှာ နက်ရှိုင်းနေပြီး မြေပြင်ပေါ်တွင် မျှော်လင့်ချက်အပြည့်နှင့် စိုးရိမ်စိတ်အချို့ ရောပြွမ်းနေသည့် ပါးစပ်ကြီးကို ကြည့်ကာ စိတ်ထဲမှ "အတည်ပြုသည်" ဟု အမိန့်ပေးလိုက်တော့သည်။

သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် စွမ်းဆောင်ရည်ပြကွက်ပေါ်ရှိ ၂၇၉၀ ဆိုသော ကိန်းဂဏန်းမှာ ၁၇၉၀ သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ပါးစပ်ကြီး၏ ခန္ဓာကိုယ်ထက်မှ တောက်ပသော အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။

ထိုအဖြူရောင်အလင်းမှာ အလွန်ပင် စင်ကြယ်သန့်ရှင်းလှပြီး တက်ကြွသော အသက်စွမ်းအားများ ပြည့်နှက်နေသည်။ ၎င်းမှာ နွေဦးမြေဆီလွှာအောက်မှ ရုန်းထွက်လာသည့် သစ်ပင်ငယ်လေးများ သို့မဟုတ် ကောင်းကင်ယံမှ ဟိန်းဟောက်လိုက်သော နွေဦးမိုးကြိုးသံကဲ့သို့ပင်။

အဖြူရောင်အလင်းတန်းများမှာ ပါးစပ်ကြီး၏ ခန္ဓာကိုယ်အတွင်းသို့ တစ်စစ စိမ့်ဝင်သွားသည်နှင့်အမျှ ၎င်း၏ ကိုယ်ဟန်မှာလည်း စတင်ပြောင်းလဲလာတော့သည်။

မီးခိုးဖြူရောင် အကြေးခွံများမှာ ကြောင်တစ်ကောင်၏ အမွှေးများ ထောင်ထလာသကဲ့သို့ မတ်တပ်ထရပ်လာကြ၏။ ထို့ပြင် ၎င်း၏ ရှည်လျားသွယ်လျသော ခန္ဓာကိုယ်ပေါ်ရှိ နေရာအချို့တွင်လည်း အရွယ်အစားမျိုးစုံရှိသော အဖုအထစ်များ ပေါ်ထွက်လာသည်။

"ရှူး... ရှူး ရှူး... ရှူး"

ပါးစပ်ကြီးသည် နာကျင်လွန်းသဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး လျှာကို ထုတ်ကာ ကိုယ်လုံးကိုလည်း ရုန်းကန်နေတော့သည်။ ၎င်းသည် ကျောက်တုံးများနှင့် အတင်းပွတ်တိုက်ပြီး ၎င်း၏ အကြေးခွံဟောင်းများကို တစ်ခုပြီးတစ်ခု ခွာချနေ၏။

အကြေးခွံများ ကွာကျသွားသည့် အကြိမ်တိုင်းတွင် ပါးစပ်ကြီးမှာ နာကျင်စွာ အော်ဟစ်နေပြီး ကျောက်တုံးများပေါ်တွင် သွေးစက်များနှင့် အသားစအချို့ပင် ကျန်ရစ်ခဲ့တော့သည်။

ကုယွမ်သည်ပင် ထိုနာကျင်မှုကို ကိုယ်တိုင်ခံစားနေရသကဲ့သို့ပင်။

ကံကောင်းထောက်မစွာပင် အဖုအထစ်များမှာ မြန်ဆန်စွာ ပြန်လည်ကျုံ့ဝင်သွားသည်။ ထို့ပြင် အဖြူရောင်အလင်းတန်း၏ ပြုစုပျိုးထောင်မှုအောက်တွင် အကြေးခွံဟောင်းများ ကွာကျသွားသည့် နေရာတိုင်း၌ အကြေးခွံသစ်များ လျင်မြန်စွာ ပြန်လည်ပေါက်ဖွားလာပြီး ခဏချင်းမှာပင် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။

ဤအကြေးခွံသစ်များမှာ ရွှေညိုရောင်သန်းပြီး ပြောင်လက်နေကာ ပိုမိုစိပ်ပြီး ကျစ်လျစ်လာသည့်အပြင် သတ္တုကဲ့သို့ မာကျောသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ပါးစပ်ကြီး၏ ရှည်လျားသွယ်လျသော ခန္ဓာကိုယ်မှာလည်း တိုဝင်သွားပြီး ပို၍ပင် ပိန်ပါးသွားသည်။

အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ ရွှေညိုရောင် မြွေငယ်လေးတစ်ကောင်မှာ ကုယွမ်၏ ရှေ့မှောက်တွင် လဲလျောင်းနေတော့သည်။ ယခင် ပါးစပ်ကြီးနှင့် နှိုင်းယှဉ်ပါက ဤမြွေငယ်မှာ အလွန်သေးငယ်လှပြီး ခန္ဓာကိုယ်အရှည်မှာ နှစ်ပေကျော်ရုံမျှသာ ရှိကာ တုတ်တစ်ချောင်းခန့်သာ တုတ်ခိုင်တော့သည်။ တစ်ကိုယ်လုံး ရွှေညိုရောင် တောက်ပနေသည့် ၎င်း၏ပုံစံမှာ အလွန်မာကျောပြီး အေးစက်စက်နှင့် အန္တရာယ်ရှိလှသော အသွင်ကို ဆောင်နေသည်။

[အဆင့်မြှင့်တင်မှု အောင်မြင်သည်။ သင်သည် မျိုဟပ်မြွေအမည်ရှိ သားရဲအဖော်ကို ရရှိပါသည်။]

[မျိုဟပ်မြွေ - အနီရောင်အဆင့်]

ဖော်ပြချက် ရှေးဦးခေတ် သားရဲဆိုးကြီးဖြစ်သော ကောင်းကင်မျိုမြွေကြီး၏ သွေးမျိုးဆက် အစအနအချို့ ပါဝင်သည်။ ခန္ဓာကိုယ် သေးငယ်သော်လည်း ၎င်း၏အတွင်း၌ ထူးခြားသော ဟင်းလင်းပြင်တစ်ခု ပါရှိရာ အမျိုးမျိုးသော ဝိညာဉ်ပစ္စည်းများကို ဝါးမြိုနိုင်ပြီး ၎င်းတို့ကို ခန္ဓာကိုယ်အတွက် အာဟာရအဖြစ် ပြောင်းလဲနိုင်သည်။

၎င်း၏ ကိုယ်ထည်မှာ ထူးကဲစွာ မာကျောသန်စွမ်းပြီး အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ရွှေနှင့် သံမဏိတို့ကိုပင် ထိုးဖောက်နိုင်သည်။ အရွယ်ရောက်လာပါက မှော်လက်နက်များကိုပင် ခုခံနိုင်စွမ်း ရှိလိမ့်မည်။

ကောင်းကင်မျိုမိစ္ဆာမြွေကြီးအဖြစ် အဆင့်မြှင့်တင်ရန် မျိုဟပ်မြွေ၏ အရွယ်ရောက်အဆင့်သို့ ရောက်ရှိရန်နှင့် တာအိုအနှစ်သာရအမှတ် ၈၂၀၀ လိုအပ်သည်။

[အခြေအနေ - ပုံမှန်]

[ကြီးထွားမှုအဆင့် - ကြီးထွားဆဲအဆင့် ၁ ရာခိုင်နှုန်း]

...

[သင်သည် မျိုဟပ်မြွေ၏ မွေးရာပါနတ်ဘုရားအတတ်ဖြစ်သော ဝိညာဉ်ဝါးမြိုခြင်းအစွမ်းကို ရရှိပါသည်။]

...

"ဝိညာဉ်ဝါးမြိုခြင်းဟုတ်လား"

ကုယွမ်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း မျိုဟပ်မြွေ၏ အသေးစိတ် ဖော်ပြချက်တွင် ပါဝင်သော အမျိုးမျိုးသော ဝိညာဉ်ပစ္စည်းများကို ဝါးမြိုနိုင်ပြီး ၎င်းတို့ကို ခန္ဓာကိုယ်အတွက် အာဟာရအဖြစ် ပြောင်းလဲနိုင်သည်ဆိုသည့် စာသားကို မြင်လိုက်ရသောအခါ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

ဂလု... ဂလု...

ထိုစဉ် ကုယွမ်သည် သူ၏ အစာအိမ်နှင့် အူလမ်းကြောင်းများမှာ ပိုမိုမြန်ဆန်စွာ လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။ သူစားထားသော အစာများမှာ လုံးဝဥဿုံ အစာကြေသွားပြီး အစာအိမ်နှင့် အူလမ်းကြောင်းများ ကျုံ့ညှစ်လိုက်သောအခါ အကြွင်းအကျန်များသာ ကျန်တော့သည်။

ထို့နောက်တွင် လောဘတကြီး ဖြစ်လာလောက်အောင် ပြင်းထန်လှသော ဆာလောင်မှုတစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာတော့သည်။

ဆာလိုက်တာ…

အရမ်းဆာတာပဲ…..

တကယ့်ကို သည်းမခံနိုင်လောက်အောင် ဆာလောင်နေပြီ….

ကုယွမ်သည် သူ၏အစာအိမ်မှာ ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဆာလောင်မှုဆိုသည့် အသိစိတ်မှာ သူ၏ ဆင်ခြင်တုံတရားကိုပင် လွှမ်းမိုးလုနီးပါး ဖြစ်လာသည်။ အခြားသော အတွေးအမြင်များအားလုံးမှာ ဘေးဖယ်ခံလိုက်ရပြီး ကုယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်တော့သည်။

ငါ စားချင်တယ်။

အမဲသားအာလူးချက်၊ ငါးတန်ခရမ်းသီးနှပ်၊ ကြက်သားမှိုချက်၊ ဝက်သားချိုချဉ်၊ ငန်းကင်၊ ဆိတ်သားဟင်း... စသည့် အရသာရှိလှသော ဟင်းလျာအမည်များစွာမှာ ကုယွမ်၏ ခေါင်းထဲတွင် အစီအရီ ပေါ်လာတော့သည်။

အခန်း။ ၉၄

ထိုအကြောင်းကို စဉ်းစားလိုက်ရုံနှင့်ပင် ကုယွမ်မှာ သွားရည်များကျလာပြီး ပါးစပ်ထောင့်တွင် ကြည်လင်နေသည့် သွားရည်စက်များပင် တွဲခိုလာတော့သည်။

အချိန်ကြာလာသည်နှင့်အမျှ အစာအိမ်ထဲမှ ဆာလောင်မှုမှာ ပိုမိုပြင်းထန်လာပြီး သူ၏သူငယ်အိမ်ထဲတွင်ပင် ဖျော့တော့သော အနီရောင်အသွေးများ ယှက်သန်းလာသည်။ အရသာရှိသော ဟင်းလျာများကိုသာမက ယခုအချိန်တွင် သူ၏ရှေ့မှ ကျောက်တုံးများ၊ မြေပြင်ပေါ်မှ မြေကြီးများကိုပင် ဗိုက်ပြည့်ရုံသာဆိုလျှင် တစ်ကိုက်လောက် ကိုက်စားပစ်ချင်စိတ် ပေါက်လာတော့သည်။

သူ၏ဝမ်းဗိုက်အတွင်း၌ လောဘကြီးသော မိစ္ဆာတစ်ကောင် ခိုအောင်းနေပြီး စား၍ရသမျှ အရာအားလုံးကို ဝါးမြိုရန် တိုက်တွန်းနေသကဲ့သို့ပင်။ အစာအိမ်တင်မကဘဲ အူလမ်းကြောင်းများ၊ ကြွက်သားများ၊ အရေပြားနှင့် ဆံပင်များအထိပါ လောဘတကြီး ဝါးမြိုလိုသော ဆန္ဒများဖြင့် ပြည့်နှက်နေပုံပင်။

ကံကောင်းထောက်မစွာပင် ဤယုတ်မာဆန်းပြားသော ခံစားချက်မှာ မြန်မြန်ဆန်ဆန်ပင် ပေါ်လာပြီး ပို၍ပင် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခဲ့သည်။ မကြာမီမှာပင် ကုယွမ်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွား၏။ သို့သော် သူ၏အစာအိမ်မှာမူ အလွန်အမင်း ဆာလောင်နေဆဲပင်။

ထို့ပြင် စောစောက အသွင်ပြောင်းလဲမှုကို ကြုံတွေ့ပြီးနောက် သူ၏ခန္ဓာကိုယ်တွင် သိမ်မွေ့သော ပြောင်းလဲမှုအချို့ ရှိနေကြောင်း ကုယွမ် ခံစားလိုက်ရသည်။ သူသည် အရင်က ရရှိထားသော ဝိညာဉ်ဂျင်ဆင်းကို ထုတ်ယူလိုက်သည်။

ဤဝိညာဉ်ဆေးဖက်ဝင်အပင်မှာ အတော်များများ အသုံးပြုပြီးဖြစ်သဖြင့် အနည်းငယ်သာ ကျန်တော့သည်။ သစ်သားသေတ္တာထဲမှ ထုတ်လိုက်သည်နှင့် မြက်နံ့သင်းသင်းမှာ ကုယွမ်၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။

ဂလု...

ကုယွမ်သည် သူ၏အစာအိမ်မှာ တလှုပ်လှုပ်ဖြစ်လာပြီး ပါးစပ်ထဲ၌ သွားရည်များ စတင်ထွက်လာသည်ကို ခံစားလိုက်ရသည်။ သူသည် ထိုဂျင်ဆင်းကို တစ်ကိုက် ကိုက်စားလိုက်သည်။

ခရွတ်

မုန်လာဥနီကို ကိုက်လိုက်ရသကဲ့သို့ပင်။ အရည်သိပ်မထွက်သော်လည်း ဝါးရသည်မှာ အတော်ကောင်းပြီး အချိုနှင့် အခါးဓာတ် အနည်းငယ် ရောစပ်နေသည်။ ကုယွမ်သည် သေချာစွာဝါးပြီးနောက် မျိုချလိုက်သည်။

နောက်တစ်စက္ကန့်တွင် နွေးထွေးသော ဝိညာဉ်ချီစွမ်းအင်တစ်ခုမှာ သူ၏အစာအိမ်မှ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ ခြေလက်များ၊ အရိုးအဆစ်များ၊ ကြွက်သားများ၊ အရေပြားနှင့် ကိုယ်တွင်းအင်္ဂါများမှာ ရေပူစမ်းတွင် စိမ်နေရသကဲ့သို့ အလွန်

ပင် သက်သောင့်သက်သာ ရှိလှသည်။ မကြာမီမှာပင် ဤဝိညာဉ်ချီစွမ်းအင်များအားလုံးကို အပြည့်အဝ စုပ်ယူလိုက်နိုင်တော့သည်။

ကုယွမ်သည် မျက်တောင်ခတ်ရင်း သေချာစွာ အာရုံခံကြည့်လိုက်ရာ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် ပိုမိုသန်မာလာသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ သူ၏စိတ်ထင်ခြင်း မဟုတ်ပေ။

အမှန်စင်စစ် ဝိညာဉ်ဝါးမြိုခြင်းပါရမီမှာ အလုပ်လုပ်သွားခြင်းဖြစ်ပြီး ဝိညာဉ်ဂျင်ဆင်းမှ ဆေးချီစွမ်းအင်များကို အကုန်အစင် သန့်စင်စုပ်ယူလိုက်ခြင်းပင်။ ယခင်ကဆိုလျှင် ကုယွမ်သည် ဝိညာဉ်ဆေးဝါး အစအနလေးတစ်ခုကို စားပြီးလျှင်ပင် ဆေးချီစွမ်းအင်များကို စုပ်ယူနိုင်ရန်အတွက် လက်ဝှေ့သိုင်းကျင့်ခြင်း၊ သွေးလေလှည့်ပတ်ခြင်းတို့ကို အချိန်အတော်ကြာ အားစိုက်၍ လုပ်ဆောင်ခဲ့ရသည်။

ထိုသို့လုပ်ဆောင်သည့်တိုင်အောင် ဆေးချီစွမ်းအင်များ၏ အနည်းဆုံး ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်မှာ စုပ်ယူနေစဉ်အတွင်း အလဟဿဖြစ်သွားခြင်း သို့မဟုတ် လွင့်စင်သွားခြင်းတို့ အမြဲဖြစ်ပေါ်လေ့ရှိသည်။ ကုယွမ်သာမက လူအတော်များများမှာလည်း ဤပြဿနာနှင့် ရင်ဆိုင်ကြရသည်။ ၎င်းမှာ အသုံးချနိုင်စွမ်း ထိရောက်မှုနှင့်ဆိုင်ခြင်းပင်။

ချီစွမ်းအင်အချို့ ကုန်ဆုံးသွားခြင်း သို့မဟုတ် လေလွင့်သွားခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း ဝိညာဉ်ဝါးမြိုခြင်းပါရမီအောက်တွင်မူ ဆေးဝါးများ စားသုံးခြင်း၏ ဤအားနည်းချက်မှာ ပြဿနာမဟုတ်တော့ပေ။

စောစောက ဝိညာဉ်ဂျင်ဆင်းမှ ရရှိသော ဆေးချီစွမ်းအင် အစအနတိုင်းမှာ ကုယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ အပြည့်အဝ စီးဝင်သွားပြီး သူ၏ ကြံ့ခိုင်မှုကို မြှင့်တင်ပေးသည့် အာဟာရများ ဖြစ်သွားတော့သည်။

ထို့ပြင် သူ၏ ကြံ့ခိုင်မှုသာမက ကိုယ်တွင်းအင်္ဂါများပါ အနည်းငယ် ပိုမိုသန်မာလာခဲ့သည်။ ဤသည်မှာ ဝိညာဉ်ဆေးဝါးသာ လုံလောက်အောင် ရှိမည်ဆိုလျှင် ကုယွမ်သည် ခန္ဓာကိုယ်ကို သန့်စင်မြှင့်တင်နိုင်ရုံတင်မကဘဲ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အဆင့်ကိုပါ တိုက်ရိုက် မဟာအောင်မြင်မှု ရရှိသွားစေနိုင်ပြီး မွေးရာပါအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာနိုင်သည်ဟု ဆိုလိုခြင်းပင်။

ဝိညာဉ်ဝါးမြိုခြင်းပါရမီမှာ တကယ့်ကို ကြောက်ခမန်းလိလိ ကောင်းသည်။

ခရွတ်... ခရွတ်...

ဤအချက်ကို တွေးမိသည်နှင့် ကုယွမ်သည် ကျန်ရှိနေသော ဝိညာဉ်ဂျင်ဆင်းကိုပါ နှစ်ကိုက် သုံးကိုက်ဖြင့် အကုန်ဝါးစားပစ်လိုက်တော့သည်။ ဝိညာဉ်ဝါးမြိုခြင်း ပါရမီ၏ အစွမ်းကြောင့် ထိုဆေးချီစွမ်းအင်များသည် နွေးထွေးသော စမ်းရေအလား ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးသို့ စီးဝင်ကာ ကိုယ်တွင်းအင်္ဂါနှင့် ကြွက်သားများကို ဖြည့်တင်းပေးလိုက်သည်။

"ပစ္စည်းကတော့ ကောင်းသား... နည်းနည်းလေး နည်းနေတာပဲ"

မကြာမီမှာပင် ကုယွမ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး နှမြောတသစွာ သက်ပြင်းချလိုက်သည်။ ဝိညာဉ်ဂျင်ဆင်း၏ ဆေးချီစွမ်းအင်မှာ စင်ကြယ်သော်လည်း ပမာဏမှာ အလွန်နည်းပါးနေသည်။

အကယ်၍ ဤကဲ့သို့သော အဆင့်တူ ဝိညာဉ်ဆေးဝါးမျိုး နောက်ထပ် လေးငါးခုခန့်သာ ရှိမည်ဆိုလျှင် သူသည် ကိုယ်တွင်းအင်္ဂါများကို အပြည့်အဝ သန့်စင်ပြီး မွေးရာပါအဆင့် သိုင်းပညာရှင် နယ်ပယ်သို့ ခြေလှမ်းနိုင်မည်မှာ သေချာသည်။

ထို့ပြင် အပြင်အားကျင့်စဉ်ဖြစ်သော လိပ်နက်ချပ်ဝတ်ကျင့်စဉ်ကိုပါ တစ်ပြိုင်နက်တည်း လေ့ကျင့်ပြီး မွေးရာပါအဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းနိုင်ပေလိမ့်မည်။

"နောက်ရက်တွေမှာတော့ တောင်ထဲမှာပဲ လှည့်လည်သွားလာရတော့မယ် ထင်တယ်..."

ကုယွမ်သည် သူ၏နှုတ်ခမ်းကို သပ်လိုက်ပြီး နောက်ရက်အနည်းငယ်အတွင်း အားဟွမ်နှင့်အတူ ဝိညာဉ်ဆေးဝါးများ ထပ်မံရှာဖွေကာ မွေးရာပါအဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ် သူသည် အပြင်ပန်းလက္ခဏာများ သိသိသာသာ ပြောင်းလဲသွားသည့် ပါးစပ်ကြီးကို ကြည့်ကာ လက်ဖျောက်တစ်ချက် တီးလိုက်သည်။

ဖျောက်

"ပါးစပ်ကြီး... မင်းရဲ့သခင်ကို မင်းရဲ့စွမ်းရည်လေး တစ်ချက်လောက် ပြလိုက်စမ်းပါဦး"

ပါးစပ်ကြီးသည် ရိုးရှင်းသော သတ္တဝါဖြစ်ရာ အမိန့်ကြားသည်နှင့် ချက်ချင်းပင် စတင် လှုပ်ရှားတော့သည်။ ၎င်း၏ အမြီးကို တစ်ချက်ခါလိုက်ရာ နှစ်ပေကျော်ရှည်သော ရွှေညိုရောင် မြွေကိုယ်ထည်မှာ အံ့အားသင့်ဖွယ် မြန်နှုန်းဖြင့် လေထဲသို့ ပျံတက်သွားပြီး ရွှေရောင်အလင်းတန်းတစ်ခုအလား အနီးရှိ ကျောက်ဆောင်တစ်ခုဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ဝူး... ဝူး... ဝူး

ဒုန်း... ဒုန်း... ဒုန်း

ထိုရွှေရောင်အလင်းမှာ အလွန်မာကျောပြီး သန်မာလှကာ မြန်နှုန်းနှင့် ပေါင်းစပ်လိုက်သောအခါ လေထဲတွင် ကန့်လန့်ဖြတ် ပျံသန်းနေသော ပျံလွှားဓားတစ်လက်ကဲ့သို့ပင်။ ဖုန်မှုန့်များနှင့် ကျောက်စင်များ လွင့်စင်သွားပြီးနောက် ခဏချင်းအတွင်းမှာပင် လူတစ်ရပ်မက မြင့်သော ကျောက်ဆောင်ကြီးမှာ မရေမတွက်နိုင်သော အပေါက်ငယ်လေးများဖြင့် ဗရပွ ဖြစ်သွားတော့သည်။

ပါးစပ်ကြီးကို ပြန်ကြည့်လိုက်သောအခါတွင်မူ ၎င်း၏ အကြေးခွံများမှာ ရွှေရောင်အလင်းများ ဖြာထွက်နေဆဲဖြစ်ပြီး အနာအဆာ တစ်ချက်ပင် မရှိဘဲ လုံးဝ အကောင်းပကတိအတိုင်း ရှိနေ၏။

"မဆိုးဘူးပဲ"

ကုယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အားဝူနှင့် အားဟွမ်တို့အပြင် ယခုကဲ့သို့ ပါးစပ်ကြီးကို အင်အားသစ်အဖြစ် ရရှိလိုက်ခြင်းက သူသည် သာမန်မွေးရာပါအဆင့် သိုင်းပညာရှင် အချို့နှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်နေစရာ မလိုတော့ဘူးဟု ဆိုလိုခြင်းပင်။

"မင်းက သားရဲတစ်သောင်းနန်းတော်က တပည့်လား"

ရုတ်တရက် ဘေးဘက်မှ သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

တစ်ယောက်ယောက် ရောက်နေတာလား။

ကုယွမ်သည် လန့်ဖျပ်သွားပြီး နေရာမှပင် ဝုန်းခနဲ ခုန်ထသွားမိတော့သည်။ ထိုအခါမှသာ တစ်စုံတစ်ယောက်သည် သူ မသိလိုက်ဘဲ သူနှင့် အနီးအနားသို့ ရောက်ရှိနေသည်ကို သတိပြုမိလိုက်သည်။

ထိုသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေပြီး အလွန်အမင်း ချောမောလှပသော အမျိုးသမီးတစ်ဦးပင်။

သူမသည် ရောင်စုံတိမ်တိုက်များအလား လှပသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မြေပြင်သို့ ထိနေသော စကတ်အရှည်မှာ ကျော့ရှင်းလှပလှသည်။ သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များကို ဦးခေါင်းနောက်တွင် ပုလဲများဖြင့် စီခြယ်ထားသော ကျောက်စိမ်းဆံထိုးဖြင့် ထုံးဖွဲ့ထား၏။

မက်မွန်သီးရောင် နှုတ်ခမ်းလွှာနှင့် ဗာဒံစေ့ပုံစံ မျက်ဝန်းများ၊ စွဲမက်ဖွယ်ကောင်းသော မျက်နှာအလှနှင့်အတူ ထွားကျိုင်းကျော့ရှင်းသော ခန္ဓာကိုယ်အချိုးအစားမှာ ကြည့်ရသူကို ရင်သပ်ရှုမောသွားစေလောက်အောင် ထူးကဲလှပနေသည်။

အထူးသဖြင့် သူမတွင် လောကီလူသားတို့နှင့် မတူဘဲ မြင့်မြတ်လှသော အရှိန်အဝါတစ်ခု ကိန်းအောင်းနေသဖြင့် ပြိုင်ဘက်ကင်းသည့် နတ်သမီးတစ်ပါးအလား ထင်မှတ်ရပေတော့သည်။

ကုယွမ်သည် လှပသော အမျိုးသမီးများကို ယခင်ကလည်း မြင်ဖူးခဲ့သည်မှာ အမှန်ပင်။

သူ၏ အရင်ဘဝကဆိုလျှင် ခွဲစိတ်ပြုပြင်ထားသော အလှအပများ သို့မဟုတ် အသားအရေ ချောမွေ့ဖြူစင်စေရန် ပြုပြင်ထားသော အမျိုးသမီးများမှာ ယခုရှေ့မှ အမျိုးသမီးနှင့် ယှဉ်လျှင် ပြောပလောက်စရာပင် မရှိတော့ပေ။

ယခုဘဝတွင်လည်း သူ မကြာခဏ တွေ့ရလေ့ရှိသော ရှမိသားစု၏ တတိယမြောက်သခင်မလေး ရှရှို့ရွှယ်မှာ အလွန်ပင် ချောမောလှပသူတစ်ဦး ဖြစ်သည်။ သူမသည် ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ပါ ထိပ်တန်းအဆင့်တွင် ရှိသည်။

သို့သော် ယခုရှေ့မှ အမျိုးသမီးနှင့် နှိုင်းယှဉ်လိုက်ပါက ရှရှို့ရွှယ်မှာပင် အရောင်မှိန်သွားသကဲ့သို့ ရှိတော့သည်။ ရှရှို့ရွှယ်မှာ လှသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမ၏ အလှမှာ အပေါ်ယံ အလှအပမျှသာ ဖြစ်သည်။

ယခုသူ့ရှေ့မှ အမျိုးသမီးမှာမူ အသားအရေ၊ အရှိန်အဝါနှင့် ဆွဲဆောင်မှုအဖြာဖြာတို့မှာ သဘာဝအတိုင်းပင် ပြည့်စုံလွန်းလှသည်။ ရင်သပ်ရှုမောဖွယ်၊ တိုင်းပြည်တစ်ခုကိုပင် မှောက်လှန်နိုင်လောက်သော အလှ သို့မဟုတ် နတ်သက်ကြွေသကဲ့သို့ လှပသော အလှဟူသည့် စကားလုံးများမှာ သူမအတွက် အလွန်ပင် ဆီလျော်သည်။

သို့သော် ကုယွမ်သည် ရာဂစိတ် ရှေ့ထားသော လူမိုက်တစ်ဦး မဟုတ်ပေ။ အစပိုင်းတွင် သူမ၏ အလှကြောင့် အံ့အားသင့်သွားသော်လည်း သူ၏ အသိစိတ်မှာ ချက်ချင်းပင် နိုးကြားလာပြီး အတွေးပေါင်းစုံမှာ သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာတော့သည်။

ဒီအမျိုးသမီးက ဘယ်သူလဲ။ သူမက ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။

"ဒါ့အပြင်... စောစောက ပါးစပ်ကြီး အဆင့်တက်နေတဲ့ မြင်ကွင်းကို သူမ မြင်သွားတာလား။

သားရဲအဖော်တွေကို အဆင့်မြှင့်ပေးနိုင်တာက ငါ့ရဲ့ အခြေခံအကျဆုံး လျှို့ဝှက်ချက်ပဲ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဒါကို သိသွားခဲ့ရင် ကြီးမားတဲ့ ဘေးဒုက္ခနဲ့ ကြုံတွေ့ရပေလိမ့်မယ်"

သို့သော်လည်း ကုယွမ်သည် စိတ်လိုက်မာန်ပါ မလုပ်ဆောင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ အချက်တစ်ချက်ကို သူ အသေအချာ သိလိုက်သည်။

ဤအမျိုးသမီးမှာ သာမန်လူတစ်ယောက်တော့ လုံးဝ မဟုတ်ပေ။

အကြောင်းမှာ ဤဂူပေါက်ဝကို အားဟွမ်နှင့် အားဝူတို့က အမြဲတမ်း စောင့်ကြပ်နေခြင်းကြောင့်ပင်။ ၎င်းတို့နှစ်ကောင် ဂူပေါက်ဝတွင် ရှိနေပါလျက်နှင့် အဘိုးကြီးချန် သို့မဟုတ် ရွှမ်းယို ကဲ့သို့သော ကောင်းကင်ဘုံလူသားအဆင့် ပညာရှင်ကြီးများပင်လျှင် မသိအောင် ခိုးဝင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

All Chapters