အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
၄၉။ သမီးယောက္ခမပေါင်းစည်းခြင်း
အဘွားကြီးကျောက် လူရိုက်နေချိန် ချွေးမဖြစ်သူ ချန်ချင်းယွီ ကူပြီးကျင်းတူးပေး…အဲ အဲ..မဟုတ်.. ကူပြီး အိမ်သာကျင်းအဖုံးဖွင့်ပေး!!
"ဒါ... ဒါတွေက နားလည်မှုလွဲတာပါ! နားလည်မှု အကြီးအကျယ် လွဲနေတာ! ခင်များတို့ ဒီလိုမလုပ်ကြပါနဲ့ဦး! ကယ်ကြပါဦးဗျို့! ဘုရားရေ... ကယ်တော်မူကြပါဦး!"
အဘိုးကြီးကျန်းတစ်ယောက် အသံကုန်ဟစ်အော်နေတော့သည်။ အဘွားကြီးကျောက် သူ့ကို အိမ်သာကျင်းထဲ တကယ်ပစ်ထည့်မည်ဆိုသည်ကို သူ အနည်းငယ်မျှပင် မသံသယဖြစ်မိပေ။ ဤမိန်းမကြီးမှာ တကယ့် ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး ဘာမဆို လုပ်ရဲကိုင်ရဲရှိသူ မဟုတ်လော့။
"ငါ့စကားကို နားထောင်ပြီး... မဟုတ်ဘူး၊ ငါရှင်းပြတာကို နားထောင်ပါဦး! လွှတ်ပါဦးဗျ!"
သူသည် အတင်းအဓမ္မ ရုန်းကန်သော်လည်း ယနေ့တွင် အဘွားကြီးကျောက်၏ ခွန်အားမှာ အဘယ်ကြောင့် ဤမျှကြီးမားနေသည်ကို သူစဉ်းစား၍မရပေ။ ထို့ကြောင့်ပင် ဤရူးကြောင်ကြောင် မိန်းမကြီးကို သူ ပို၍ပင် ကြောက်လန့်နေမိ၏။
"နင် လာပြီး ဗျာများမနေနဲ့! နင် ဘယ်လိုကောင်လဲဆိုတာ ငါမသိဘူးများ မှတ်နေလား။ နင်က လူကောင်းမဟုတ်ဘူး။ အိမ်နီးချင်းချင်းကို ဒီလောက်အထိ ဒုက္ခပေးရက်တယ်၊ နင်က အသိတရားမရှိတဲ့ကောင်ပဲ! ပြီးတော့ နင်... နင်လည်း အသေယောင်ဆောင်ပြီး လွတ်မယ်မမှတ်နဲ့၊ ဒီနေ့တော့ နင့်အရေခွံကို ငါခွာပစ်မယ်။ နေ့တိုင်း လူကောင်းလိုလို ဘာလိုလိုနဲ့၊ နင်လုပ်နေတာတွေက လူလုပ်ရပ်တွေလား? ငါနဲ့ နင်နဲ့ ဘာရန်ငြိုးရှိလို့လဲ? ငါ့ကို ဒီလောက်တောင် ကြံစည်ရအောင်! ငါတို့အိမ်က မုဆိုးမနဲ့ သားအမိတွေ ဆင်းဆင်းရဲရဲ နေထိုင်နေရတာ။ အရင်က ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ် ကိစ္စမရှိပေမဲ့၊ အခုတော့ ငါ့အလုပ်ကိုပါ လာဖျက်ဆီးဖို့ ကြံစည်တာလား။ နင် ဘယ်လောက်တောင် ယုတ်မာသလဲ! လူမျက်နှာကြည့်ပြီး စိတ်မသိနိုင်ဘူးဆိုတာ ဒါမျိုးပဲ။ ပြီးတော့ ဝမ်တာ့ချွေလည်းရှိသေးတယ်၊ သူက နင့်ကို ဘာလုပ်မိလို့လဲ? သူ အောင်သွယ်ထားတာ အဆင်ပြေခါမှ၊ နင်က သူ့မိန်းကလေးကို လုဖို့ ကြံစည်တယ်ပေါ့။ နင်
လူရော ဟုတ်ရဲ့လား!”
အဘွားကြီးကျောက်သည် အားရပါးရ အော်ဟစ်ဆဲဆိုနေလေသည်။ ဤသည်မှာ ချန်ချင်းယွီ သင်ကြားပေးထားသည့် နည်းလမ်းပင် ဖြစ်၏။ မကြာသေးမီက အဘွားကြီးကျောက်၏ ရန်တွေ့နိုင်စွမ်း ရုတ်တရက် တိုးတက်လာရခြင်းမှာ ချန်ချင်းယွီမှ "ရန်တွေ့တဲ့အခါ ဆဲရုံသက်သက်နဲ့ မပြီးဘူး၊ ငိုယိုပြီး မခံချင်စိတ်ပြနေရုံနဲ့လည်း မရဘူး၊ တစ်ဖက်လူရဲ့ ယုတ်မာမှုတွေကို အားလုံးသိအောင် ချဲ့ကားပြောရမယ်!" ဟု အမြဲတစေ ပြောလေ့ရှိသောကြောင့်ပင်။
အစွမ်းကုန် ချဲ့ကားပစ်လိုက်စမ်း!
အဘွားကြီးကျောက် တွေးတောကာ ထိုနည်းလမ်းကို အလွန်သဘောကျနေမိ၏။ သူမသည် ယွမ်ရှောင်ချွေကို ဆွဲကိုင်ကာ
"နင်တို့လည်း အကုန်ကြားတယ်မလား?"
ဤဖြစ်ရပ်သို့ ဝမ်မေ့လန်မှာ နောက်ကျမှ ရောက်လာသဖြင့် မသိလိုက်သော်လည်း ယွမ်ရှောင်ချွေတို့မှာမူ အကုန်ကြားလိုက်ရလေသည်။ ယွမ်ရှောင်ချွေသည် ကျောက်ရုံ၏ မျက်ရိပ်မျက်ကဲကိုပင် သတိမထားမိတော့ဘဲ ခေါင်းကို တရစပ်ငြိမ့်ပြရင်း ချက်ချင်းပင် အိုက်တင်အပြည့်ဖြင့် ပြန်လည်သရုပ်ပြလေတော့၏။
"ကြားတယ် ကြားတယ်! ကျွန်မ ကြားလိုက်ပါတယ်။ သူက သူ့သားကို ဟိုအမျိုးသမီးနဲ့ အောင်သွယ်ပေးချင်လို့ ဦးလေးကျန်းနဲ့ လဲလှယ်ဖို့..."
လူအုပ်ထဲတွင် ကြည့်နေသော ဝမ်တာ့ချွေမှာမူ မျက်နှာကြီး မည်းမှောင်နေပြီး သူသည် မူလကတည်းကပင် ခေါင်းမာပြီး တည့်တိုး ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သူ ဖြစ်သည်။ ချန်ချင်းယွီ၏ ခေါင်းမာမှုမှာ အိုက်တင်ဖြစ်သော်လည်း ဝမ်တာ့ချွေမှာမူ တကယ့်အစစ်ပင်။ သူသည် ခြေလှမ်းကျဲကြီးဖြင့် ရွှီကောင်းမင်ထံသို့ ပြေးသွားကာ လည်ပင်းကို ဆွဲဆုပ်လိုက်ပြီးနောက် ဘာမပြောညာမပြောနှင့် မျက်လုံးကို လက်သီးဖြင့် တစ်ချက် ဆော်ထည့်လိုက်ရာ ရွှီကောင်းမင်၏ မျက်ကွင်းမှာ ချက်ချင်းပင် ညိုမည်းသွားရှာ၏။
"ဦးလေးရွှီ... ကျွန်တော်က ခင်ဗျားကို လူကောင်းမှတ်နေတာ၊ ဒီလောက် ယုတ်မာလိမ့်မယ်လို့ မထင်ထားဘူး။ ခင်ဗျား ကျွန်တော့်အပေါ် လုပ်ရက်လေခြင်း!"
ဝမ်တာ့ချွေသည် ဒေါသထွက်လွန်းသဖြင့် ရင်ထဲတွင် ပေါက်ကွဲမတတ် ခံစားနေရသည်။ သူသည် အစောပိုင်း၌ ကြင်ဖက်တွေ့ရန် စိတ်မကူးခဲ့သည်မှာ မှန်သော်လည်း၊ စိတ်ကူးမိသည့်အခါတွင်မူ အောင်မြင်လိုစိတ် ရှိခဲ့သည်သာ။ သို့သော် သူသည် အဘယ်မျှ ကံဆိုးသနည်း။ ပထမတစ်ခါတွင် အိမ်ထောင်ရေးလိမ်လည်သူနှင့် တွေ့ခဲ့ရပြီး၊ ဒုတိယတစ်ခါတွင်မူ လူချင်းပင် မတွေ့ရသေးမီ ကြားဖြတ်နှိုက်ရန် ကြံစည်သူနှင့် တွေ့နေရပြန်ပြီ။
ငါ ဝမ်တာ့ချွေက ဒီလောက်တောင် အနိုင်ကျင့်လို့ လွယ်တယ်ထင်နေလား?
သူတွေးတောကာ ပို၍ပင် ဒေါသထွက်လာ၏။
"ဖြောင်း! ဖြောင်း!" ဆိုသော လက်သီးသံများနှင့်အတူ
"အား... အား... အား!!!" ဟူသော ရွှီကောင်းမင်၏ အော်သံကြီးမှာ ဟိန်းထွက်လာတော့သည်။ ဝမ်တာ့ချွေမှာ နေ့စဉ်နှင့်အမျှ တူကြီးကို ကိုင်၍ အလုပ်လုပ်နေရသူဖြစ်သဖြင့် ခွန်အားမှာ သာမန်လူနှင့် မနှိုင်းသာပေ။ ဝမ်တာ့ချွေ ရွှီကောင်းမင်ကို လက်တစ်ဖက်တည်းဖြင့် မချီလိုက်ပြီးနောက် ဘုန်းခနဲ လေထဲသို့ ပစ်ပေါက်လိုက်၏။
"ဟား... အုန်း!!”
"အမေရေ!"
"အိုး... သတိထား! လူပေါ်မကျစေနဲ့!"
ဘုန်းခနဲ မြေကြီးပေါ်သို့ ပြုတ်ကျသွားသော ရွှီကောင်းမင်မှာ နာကျင်လွန်းသဖြင့် ထပ်မံအော်ဟစ်ပြန်သည်။
"မိန်းမရေ! လာကယ်ပါဦး! ဝမ်တာ့ချွေ မင်း ရူးနေပြီလား၊ မင်း…”
"ပါးစပ်ပိတ်ထားစမ်း! ငါ မိန်းမတွေကို လက်ဖျားနဲ့တောင် မတို့ဘူး၊ခင်များ လစ်တော့!"
ဝမ်တာ့ချွေ ဒေါသတကြီး တုံ့ပြန်လိုက်သည်။
အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့မှာလည်း ထိုပွဲကို ကြည့်ရှုရင်း ကိုယ်တိုင် ရန်လုပ်ရန်ပင် မေ့လျော့နေကြ၏။ အဘိုးကြီးကျန်းမှာ အခြေအနေမဟန်သည်ကို မြင်သောအခါ ထွက်ပြေးရန် ပြင်လေသည်။ ထိုစဉ် ချန်ချင်းယွီ ကျောက်ခဲလေးတစ်လုံးကို ခပ်ဆဆလေး ကန်ထုတ်လိုက်ရာ အဘိုးကြီးကျန်းမှာ မှောက်ရက်ကြီး လဲကျသွားရ၏။
"ကောင်းတယ်၊ နင်က ထွက်ပြေးဦးမလို့လား! ဒီနေ့ နင်တို့ နှစ်ယောက်လုံးကို အိမ်သာကျင်းထဲ ပစ်ထည့်မယ်၊ မစင်တွင်းထဲမှာ ရေကူးရတာ ဘယ်လိုအရသာလဲဆိုတာ သိစေရမယ်!"
အဘွားကြီးကျောက်သည် ရှေ့သို့တိုးကာ သူမ၏ လက်သည်းများဖြင့် အားရပါးရ ကုတ်ခြစ်ပစ်လိုက်သည်။ အဘိုးကြီးကျန်းနှင့် ရွှီကောင်းမင်တို့၏ အော်သံများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်နေပြီး ယုတ်မာသော အဘိုးကြီးနှစ်ဦးမှာ ယနေ့တွင် ကြမ္မာတူများ ဖြစ်နေကြရှာ၏။ ထိုစဉ် အဘွားကြီးဟွမ် ပြေးထွက်လာကာ အော်ဟစ်၍
"နင်... ငါ နင့်ကို သေအောင်ရိုက်ပစ်မယ်”
အဘိုးကြီးကျန်းမှာ ဖောက်ပြန်တတ်သော်လည်း အဘွားကြီးဟွမ်၏ စိတ်ထဲတွင်မူ သံယောဇဉ်ကြီးမားနေဆဲပင်။ သို့သော် သူမသည် ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးသည်၊ "ဘုန်း" ဆိုကာ လဲကျသွားပြန်၏။ သူမ ရုန်းကန်၍ ပြန်ထသော်လည်း ထပ်မံလဲကျသွားပြန်ရာ -
"ဘယ်သူလဲ! ဘယ်သူ ငါ့ကို တမင်တကာ တိုက်တာလဲ!"
အဘွားကြီးဟွမ်က အော်ဟစ်ရှာဖွေလိုက်သည်။
ဘေးမှကြည့်နေသူများမှာမူ အံ့ဩတုန်လှုပ်ကုန်ကြ၏။ ဆိုရသော် သူမ၏အနားတွင် မည်သူမျှမရှိပေ။ ယနေ့ညတွင် လူများ ခဏခဏ လဲကျနေသည်မှာ ကြောက်စရာပင် ကောင်းလှသည်။
ဒီလောက်ကတော့ အပျော့ပါပဲ!
ချန်ချင်းယွီ တွေးကာ ဂုဏ်ယူနေ၏။ နေ့ခင်းဘက်တွင်မူ လူမြင်ကွင်းဖြစ်သဖြင့် သတိထားနေရသော်လည်း ညဘက်တွင်မူ သူမအတွက် အရာအားလုံးမှာ လွယ်ကူလှသည်။
ဟိဟိ…ကျွန်မက မှောင်မည်းနေတဲ့ ညအချိန်ကို အကြိုက်ဆုံးပဲ!
ဓာတ်မီးတွေလား?
နားလိုက်စမ်းပါ! အဲ့ဒါတွေက အသုံးမဝင်ဘူး!
ကျွန်မ လှုပ်ရှားမှုတွေကို ဘာသက်ရောက်မှုမှမရှိဘူး!!
ချန်ချင်းယွီမှာ အနည်းငယ်မျှပင် အားမနာပေ။ သူမအနေဖြင့် အားနာစရာ အကြောင်းလည်းမရှိပေ။ မိမိခေါင်းပေါ်နင်း၍ အနိုင်ကျင့်ချင်သူများကို ပြန်လက်တုံ့မပြန်လျှင် လူအဟုခေါ်ရမည်သာ။ သူမသည် သူတစ်ပါး အနိုင်ကျင့်နှိပ်စက်တိုင်း ငိုယိုပြ၍ အောင်းအီးသည်းခံမည့် ဝတ္ထုထဲမှ ကြာပန်းဖြူဇာတ်လိုက်မင်းသမီးလည်း မဟုတ်ပေ။
သူမ ဝါဒမှာ တစ်ချက်ရိုက်လျှင် သုံးချက်ပြန်ရိုက်၍ နောက်ထပ်နှစ်ချက် အတိုးတောင်း လက်တုံ့ပြန်ခြင်းပင်။
တည့်တည့်ပြောရလျှင် အိမ်နီးချင်း အတော်များများ သူတို့အိမ်ကို မကြာခဏ လာရောက်ရန်စနေခြင်းမှာ အိမ်တွင် အမျိုးသားတစ်ဦးမျှ မရှိခြင်းကြောင့်ပင်။
သူတို့က မကောင်းတဲ့ အကြံအစည်နဲ့ ရန်စရဲမှတော့ သူမကလည်း လက်ရဲဇက်ရဲ တုံ့ပြန်ရဲရမှာပဲ!
ဟင်း... ကိုယ့်အပြစ်နဲ့ကိုယ်ပဲလေ!
ချန်ချင်းယွီ တွေးတောကာ ထောင့်တစ်နေရာတွင် ရပ်လျက် အဘွားကြီးကျောက်ကို အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးနေသည်။
ယခုအချိန်တွင် သူမတို့နှစ်ဦး၏ ရည်မှန်းချက်မှာ ထပ်တူကျနေသဖြင့် သူမမှာ အဘွားကြီးကျောက်ကို အစွမ်းကုန် ကာကွယ်ပေးထား၏။ အဘွားကြီးကျောက်သည်လည်း အခြေအနေပေးလာသည်နှင့်အမျှ ပို၍ပင် အားတက်သရော တိုက်ခိုက်လေသည်။
ရန်ဖြစ်တယ်ဆိုတာ ဒီလိုမှပေါ့! အားရစရာကြီး!
သူတို့နှစ်ဦး၏ အတွဲအဖက်မှာ အလွန်ညီလှသည်။ အဘွားကြီးဟွမ်မှာ မြေကြီးပေါ်မှ မထနိုင်တော့သည်ကို မြင်သောအခါ အဘွားကြီးကျောက် သူမကို ဂရုမစိုက်တော့ဘဲ အဘိုးကြီးကျန်းကိုသာ ဆက်လက်၍ ကုတ်ခြစ်ရင်း အော်ဟစ်လေ၏။
"နင်က အကူအညီရှိတယ်ဆိုပြီး ငါက ကြောက်မယ်မှတ်နေလား။ ငါကတော့ နင့်မိန်းမကို လက်နဲ့တောင် မတို့ဘူး၊ လူဆိုတာ ကိုယ်လုပ်ရင် ကိုယ်ပဲ ခံရမယ်။ နင်က အကျင့်မကောင်းတာဆိုတော့ ငါက နင့်ကိုပဲ ရှာမှာ!"
"အား... အား! မကုတ်ပါနဲ့တော့၊ ငါ့မျက်နှာကြီး ပျက်စီးကုန်ပြီ၊ လူကြားထဲ ဘယ်လိုထွက်ရတော့မလဲ! ကယ်ကြပါဦး! မာကျန့်ယီ! မာကျန့်ယီရေ... ကယ်ပါဦး!"
အခြားသူများကို အော်ခေါ်နေသော်လည်း အပိုသာဖြစ်ပြီး မာကျန့်ယီတစ်ဦးတည်းသာ အသုံးဝင်မည်ကို အဘိုးကြီးကျန်း ကောင်းကောင်းရိပ်မိသွားပုံရသည်။
မာကျန့်ယီမှာ အလုပ်လုပ်ရာတွင် တာဝန်ကျေသူဖြစ်သော်လည်း အမြဲတစေ နောက်ကျမှ ရောက်လာတတ်သူ ဖြစ်၏။ ကိုယ်တိုင်သည်လည်း "ရပ်ကွက်ရုံးက တစ်ပြားတစ်ချပ်မှ မပေးဘဲနဲ့ လူတွေရဲ့ ပြဿနာတွေကို နေ့တိုင်း ဖြေရှင်းပေးနေရတာ ငါ့မှာ လွယ်တယ်ထင်သလား" ဟု တွေးကာ မကျေမချမ်း ဖြစ်နေတတ်သေးသည်။
"မာကျန့်ယီရေ!"
"လာပြီ လာပြီ! ဦးလေးမာ လာနေပြီ။"
"မအော်နဲ့တော့၊ နင့်ရဲ့ ကယ်တင်ရှင်ကြီး လာနေပြီ!"
ဤဝင်းကြီးအတွင်းတွင် မာကျန့်ယီမရှိလျှင် အရာအားလုံး ပြိုကွဲပျက်စီးသွားနိုင်သည်ကို လူတိုင်း သိထားကြသည်။ မာကျန့်ယီ ကိစ္စအဝဝကို ပြေလည်အောင် ဖြေရှင်းပေးနိုင်သဖြင့်သာ အချိန်အတော်များများတွင် ဝင်းကြီးအတွင်း၌ ဆူပူမှုများ အကြီးအကျယ် မဖြစ်ပွားခြင်းပင်။
မာကျန့်ယီသည် သူ၏ ဖိနပ်ပါးကြီးကို တရွတ်တိုက်စီးကာ ရောက်ရှိလာပြီး "ဘာဖြစ်ကြပြန်တာလဲ?" ဟု မေးမြန်းလိုက်၏။
"ဦးလေးမာ... ကျွန်မ ပြောပြမယ်..."
"မဟုတ်ဘူး... ကျွန်တော့်ကို ပြောခွင့်ပေးဦး..."
ထိုစဉ် ယွမ်ရှောင်ချွေ ကြားဖြတ်လိုက်ကာ
"အားလုံး ဖယ်ကြစမ်း၊ ကျွန်မပြောမယ်၊ ကျွန်မက အသိဆုံး၊ ကျွန်မထက်သိတဲ့သူ မရှိဘူး!"
လူတိုင်း အပြိုင်အဆိုင် ပြောဆိုနေကြသဖြင့် ရွှီကောင်းမင်နှင့် အဘိုးကြီးကျန်းတို့ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"အကုန် ပါးစပ်ပိတ်ကြစမ်း!!! ငါတို့ကို အရင်ကယ်ကြပါဦး!"
ဝမ်တာ့ချွေမှာမူ ရွှီကောင်းမင်ကို လွှတ်မပေးဘဲ လက်သီးဖြင့် အဆက်မပြတ် ထိုးနှက်နေဆဲပင်။ အဘွားကြီးကျောက်သည်လည်း အဘိုးကြီးကျန်းကို ဆွဲထားကာ အားရပါးရ ကုတ်ခြစ်နေ၏။
မာကျန့်ယီခမျာ "လက်လွှတ်ကြစမ်း၊ အမြန်လွှတ်လိုက်ကြ!" ဟု အမိန့်ပေးသော်လည်း မည်သူမျှ နားမထောင်သဖြင့် နောက်ဆုံးတွင် မျက်လုံးကိုမှိတ်ကာ အားကုန်ဟစ်အော်လိုက်ရသည်။
"အကုန် ပါးစပ်ပိတ်ကြစမ်း!"
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွား၏။ မာကျန့်ယီက ဝဲယာတစ်ခွင်ကို ကြည့်ရှုပြီးနောက် "အားလုံး အခုရပ်ကြ!" ဟု ဆိုကာ ချန်ချင်းယွီကို လှမ်းကြည့်လိုက်သည်။
"ကျန့်ဝမ်မိန်းမ၊ ညည်းပဲ ပြောပြစမ်း။"
သူမသည် လူအေးလေးဖြစ်ပြီး ပြဿနာအစ၌ပင် ရှိနေသူဖြစ်သဖြင့် အဘယ်ကြောင့် ရန်ဖြစ်ရသည်ကို သိနိုင်မည်ဟု သူ ယူဆထားသည်။ ဝမ်တာ့ချွေမှာ အဘွားကြီးကျောက်နှင့် တစ်ဖက်တည်းဖြစ်ကာ လူရိုက်နေသည်မှာလည်း အံ့သြဖွယ်ပင် မဟုတ်လော့။
မာကျန့်ယီ အသံကို အနည်းငယ်လျှော့ကာ
"ကျန့်ဝမ်မိန်းမ၊ ဘာတွေဖြစ်ကုန်တာလဲဆိုတာ ညည်းသိတယ်မလား၊ ပြောပြပါဦး"
ချန်ချင်းယွီ ခေါင်းညိမ့်ပြကာ နှုတ်ခမ်းကို ဖိကိုက်ထားလျက် အားငယ်သနားစဖွယ် အမူအရာဖြင့် စိုးရိမ်တကြီး မေးမြန်းလိုက်၏။
"ကျွန်မ အမှန်အတိုင်းပြောရင် တစ်ယောက်ယောက်က လာပြီး လက်စားမချေဘူးမလား?"
မာကျန့်ယီနှင့် ဘေးလူများမှာ ခဏမျှ ဆွံ့အသွားကြပြီးနောက် မာကျန့်ယီမှာ အခိုင်အမာ ကတိပေးလိုက်လေသည်။
"မလုပ်ပါဘူး၊ စိတ်ချ၊ ဘယ်သူကများ ညည်းကို အနိုင်ကျင့်ရဲလို့လဲ၊ ငါ တာဝန်ယူပေးမယ်"
ချန်ချင်းယွီက ခေါင်းညိမ့်ကာ ပြန်ပြောင်းပြောပြလေတော့သည်။
"ကျွန်မတို့ တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်တာပါ။ ဦးလေးကျန်းက ဦးလေးရွှီဆီမှာ ကျွန်မယောက္ခမကို ဘယ်လိုဒုက္ခပေးရမလဲဆိုပြီး အကြံလာတောင်းနေတာ။ ဦးလေးရွှီကလည်း သူ့သားငယ်မှာ အောင်သွယ်
စရာ မရှိသေးလို့၊ အကယ်၍ ဦးလေးကျန်းက ဝမ်တာ့ချွေရဲ့ အောင်သွယ်မှုကို ဖျက်ဆီးပေးပြီး ဟိုအမျိုးသမီးကို သူ့သားနဲ့ မိတ်ဆက်ပေးရင် ကျွန်မယောက္ခမကို ဒုက္ခပေးဖို့ ကူညီမယ်လို့ ပြောပါတယ်။ အဲ့ဒါနဲ့ သူတို့က ကျွန်မယောက္ခမကို အိမ်သာကျင်းထဲ တွန်းချဖို့ တိုင်ပင်လိုက်ကြတာပါ..."
"ခင်များတို့... ခင်များတို့!"
ဝမ်တာ့ချွေ ဒေါသတကြီး အော်ဟစ်ကာ ရွှီကောင်းမင်ကို ထပ်မံထိုးနှက်ပြန်ရာ ရွှီကောင်းမင်မှာ အန်ဖတ်များပင် ထွက်လာရ၏။
"ရပ်ကြပါဦး၊ အေးအေးဆေးဆေး ဖြေရှင်းကြတာပေါ့။ အဘိုးကြီးရွှီက မကောင်းတာလုပ်တာ မှန်ပေမဲ့ မင်းက လူသေအောင် ရိုက်လို့မဖြစ်ဘူးလေ၊ မဟုတ်ရင် မင်းပဲဒုက္ခရောက်မှာပေါ့"
မာကျန့်ယီ တားမြစ်လိုက်ရသည်။ တစ်ဖက်တွင်လည်း ရွှီကောင်းမင်ကို အပြစ်တင်လိုက်ကာ
"အဘိုးကြီးရွှီ... ခင်ဗျား ဘယ်လိုများ ဒီလိုကိစ္စမျိုး လုပ်ရက်ရတာလဲ၊ သူတစ်ပါးရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးဖို့ ကြံစည်တာက တကယ်ကို အတ္တကြီးလွန်းရာ ကျတယ်ဗျာ"
ရွှီကောင်းမင်မှာ အထိုးခံရလွန်းသဖြင့် သတိလွင့်မတတ် ဖြစ်နေရပြီး ပါးစပ်ထဲတွင်လည်း သွေးညှီနံ့များဖြင့် ပြည့်နှက်နေသည်။ သက်သေများ များပြားလှသဖြင့် သူ လိမ်လည်၍ မရတော့ပေ။
"ကျုပ် ခဏတာ စိတ်မှောက်သွားလို့ပါ။ ဒါက ကျုပ်ရဲ့ မှားယွင်းမှုပါ၊တာ့ချွေ... ဦးလေး မှားသွားပါတယ်၊ တကယ် မှားသွားတာပါ။ မင်း ဦးလေးကို အပြစ်တင်တာ မှန်ပါတယ်၊ ဟီး..."
ရွှီကောင်းမင်မှာ ပြောဆိုကာ ငိုယိုတောင်းပန်တော့သည်။ သူ
အလျှော့မပေးလျှင် ဝမ်တာ့ချွေ၏ လက်ချက်ဖြင့် အသက်ပျောက်နိုင်သည်ကို သူ သိနေ၏။
"ဟွန်း!"
ဝမ်တာ့ချွေ နှာခေါင်းရှုံ့ကာ ဒေါသတကြီး ကြည့်နေသည်။ အဘိုးကြီးကျန်းသည်လည်း အခြေအနေကို ကြည့်ကာ အပြစ်ကို ဝန်ခံတောင်းပန်ပြီး ရွှီကောင်းမင်ပေါ်သို့ အပြစ်အားလုံး ပုံချလေ၏။
"ကျုပ် မှားမှန်း သိပါတယ်၊ ဒါပေမဲ့ ကျိန်ပြောရဲပါတယ်၊ ကျုပ်မှာ မကောင်းတဲ့ စိတ်မျိုး မရှိပါဘူး။ ခင်ဗျားကို ကျုပ်က ခိုးချစ်နေတယ်လို့ ပြောလို့ စိတ်တိုပြီး ပညာပေးချင်ရုံတင်ပါ။ ဒါပေမဲ့ ရွှီကောင်းမင်က ဒီလောက်အထိ ယုတ်မာမယ်လို့ မထင်ထားဘူး၊ သူက ခင်ဗျားကို အိမ်သာကျင်းထဲ တွန်းချဖို့ ပြောတာပါ။"
အဘိုးကြီးကျန်းမှာ သူကိုယ်တိုင် အိမ်သာကျင်းထဲ အတွန်းခံရမည်ကို စိုးရိမ်သဖြင့် အစွမ်းကုန် ငြင်းဆိုနေလေသည်။ မာကျန့်ယီ
ထိုအဘိုးကြီးနှစ်ဦးကို ကြည့်ကာ
အလွန်ပင် စိတ်ပျက်လက်ပျက် ဖြစ်နေရ၏။
"ခင်ဗျားတို့လည်း အသက်အရွယ်ရနေပြီ၊ ဘာလို့ ဒီလိုကိစ္စတွေ လုပ်နေကြတာလဲ"
ဤမျှ တုံးအသောသူများရှိနေသည်ကို သူ မယုံနိုင်အောင်ပင် ဖြစ်နေရသည်။
မာကျန့်ယီ အိမ်သာကျင်းကို တစ်ချက်ကြည့်လိုက်ပြီး၊ ချန်ချင်းယွီအိမ်သာကျင်းအဖုံးကို အချိန်အတော်ကြာအောင် မနေသော်လည်း အားမရှိသဖြင့် ပွင့်မသွားခဲ့ပေ။ အကယ်၍သာ သူမ၏အားအနည်းငယ်ပိုကြီးပြီး အဖုံးပွင့်သွားခဲ့လျှင် ယခုအချိန်၌ ဤအဘိုးကြီးနှစ်ဦးမှာ ကျင်းထဲသို့ ရောက်နေလောက်ပြီ ဖြစ်၏။
မာကျန့်ယီ အလေးအနက်ထား၍ ပြောလိုက်လေသည်။
"အားလုံး အတူတူနေကြတာဆိုတော့ ပွတ်တိုက်မှုလေးတွေ ရှိမှာပါ၊ ဒါပေမဲ့ တစ်ခုတော့ သတိပေးချင်တယ်။ ခင်များတို့ ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ်၊ ရိုက်နှက်ကြရင်တောင် ကိစ္စမရှိဘူး၊ ဒါပေမဲ့ ဒီလို အိမ်သာကျင်းထဲ တွန်းချတာမျိုးကိုတော့ ဘယ်တော့မှ မလုပ်ကြနဲ့! ဒါက တကယ့်ကို မလုပ်အပ်တဲ့အရာပဲ။ တစ်ယောက်ယောက်က ဒီလိုမျိုး လုပ်တာကို သိရင် ကျုပ်ကိုယ်တိုင် ရပ်ကွက်ရုံးကို တိုင်ပြီး ဒီလိုလူမျိုးတွေကို ဝင်းထဲကနေ နှင်ထုတ်ပစ်မယ်။ ဒီလို အိမ်နီးချင်းမျိုးနဲ့တော့ ကျုပ် အတူမနေနိုင်ဘူး။"
သူ ရွှီကောင်းမင်ကို စူးစိုက်ကြည့်လိုက်ရာ ရွှီကောင်းမင် မျက်နှာလွှဲသွား၏။
"တကယ့်လို့ လူတစ်ယောက်ယောက် အိမ်သာကျင်းထဲ ပြုတ်ကျသွားရင် တခြားလူတွေက ကယ်ရဦးမှာလေ။ ဒီလို ညစ်ပတ်တဲ့အရာတွေကို သုံးပြီး လူကို ဒုက္ခပေးတာက မကောင်းဘူး။ ပြီးတော့ ခင်များတို့ စဉ်းစားကြည့်ဦး၊ ဝင်းကြီးတစ်ခုလုံး နံစော်နေရင် ခင်များတို့ ဂုဏ်ယူမှာလား? လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမှတ် ၁ စက်ရုံ တခြားရပ်ကွက်မှာ ကလေးတစ်ယောက် အိမ်သာကျင်းထဲ ပြုတ်ကျတာ၊ သတင်းက ပေကျင်းမြို့အနှံ့ ပြန့်သွားပြီး ထျန်းကျင်းထိ ရောက်တာ ခင်များတို့ မှတ်မိသေးတယ်မလား? အဲ့ဒီတုန်းက အိမ်သာတံခါးဝမှာ 'ရေမကူးရ' ဆိုတဲ့ ဆိုင်းဘုတ်တောင် ချိတ်ထားရတယ်။ ကျုပ်တို့ အမှတ် ၂ စက်ရုံက ခင်များတို့လည်း အဲ့ဒီလိုမျိုး အရှက်ကွဲချင်ကြတာလား?"
မာကျန့်ယီ၏ စကားကြောင့် လူတိုင်း ခေါင်းကို တရစပ် ခါယမ်းကြတော့သည်။ သူတို့၏ စက်ရုံသည်လည်း တစ်ဖက်စက်ရုံနှင့် အမြဲတစေ ပြိုင်ဆိုင်နေရသဖြင့် ထိုသို့သော အရှက်ကွဲမှုမျိုးကိုတော့ သူတို့ အဖြစ်မခံနိုင်ကြပေ။
လူတိုင်းက စက်မှုစက်ရုံဟုသာ ခေါ်နေကြသော်လည်း အမှန်စင်စစ် သူတို့သည် စက်ရုံအမှတ် (၂) သာ ဖြစ်၏။ ပေကျင်းတွင် စက်ရုံအမှတ် (၁) ဟု အခြားတစ်ခု ရှိသေးရာ ထိုစက်ရုံနှစ်ခုကြားတွင် အမြဲတစေ ပြိုင်ဆိုင်မှု ရှိနေလေသည်။
ယခင်က သူတစ်ပါးကို လှောင်ပြောင်ခဲ့ကြသော်လည်း ယခုမူ မိမိတို့ကိုယ်တိုင် လှောင်ပြောင်စရာ အဖြစ်မခံနိုင်ကြပေ။ ဆိုရသော် ထိုသို့ဖြစ်ရခြင်းသည် အလွန်အရှက်ရစရာ ကောင်းလှ၏။ သူတို့သည် ပေကျင်းမြို့ဟောင်းသားများ ဖြစ်ကြသဖြင့် မိမိတို့၏ ဂုဏ်သိက္ခာကို အလွန်အလေးထားကြသည်။
"အားလုံးပဲ ကျုပ်ပြောတာကို မှတ်ထားကြ။ ဒါက ကျုပ်တို့ဝင်းရဲ့ နောက်ဆုံးစည်းပဲ။ ဘယ်တော့မှ၊ ဘယ်တော့မှ၊ ဘယ်တော့မှ၊ ဘယ်တော့မှ မလုပ်ရဘူး!"
မာကျန့်ယီသည် လူများ မေ့သွားမည်ကို စိုးရိမ်သဖြင့် "ဘယ်တော့မှ" ဟူသော စကားကို လေးကြိမ်တိုင်တိုင် ထပ်ကာထပ်ကာဖြင့် ပြတ်ပြတ်သားသား သတိပေးလိုက်၏။
တောက်... ငါတော့ အတည်ပေါက် ပြောမှဖြစ်မယ်!
သူသည် အိမ်သာကျင်းနှင့် ပတ်သက်သည့် ကိစ္စများတွင် ပါဝင်ပတ်သက်သူအဖြစ် နာမည်မထွက်ချင်သလို၊ ဤသတင်းမှာ ထျန်းကျင်းမြို့အထိ ပြန့်သွားမည်ကိုလည်း အဖြစ်မခံနိုင်ပေ။ မာကျန့်ယီသည် သူနှင့်မဆိုင်သည့်တိုင်အောင် အိမ်သာကျင်း ကိစ္စရပ်များတွင် နာမည်ပျက်မည်ကို အလွန်စိုးရိမ်နေမိသည်။
"အဘွားကြီးကျောက်၊ ကျုပ် သိပါတယ်။ ခင်များ အဘိုးကြီးရွှီကို စိတ်တိုလွန်းလို့ ခြောက်ရုံပဲ တွန်းမယ်ပြောတာ မဟုတ်လား။ ဒါပေမဲ့ တကယ်တော့ မလုပ်လိုက်ပါနဲ့။ ခြောက်တယ်ဆိုရင်တောင် ဒီနားအထိ ဆွဲမလာပါနဲ့ဦး။ တော်ကြာ တစ်ခုခုဖြစ်သွားရင် တကယ် ညစ်ပတ်ကုန်မှာ"
မာကျန့်ယီ အဘွားကြီးကျောက်ကို ချော့မော့ပြောဆိုလိုက်သည်။
စင်စစ် မာကျန့်ယီသည် ဤမိန်းမကြီး တစ်ဖက်လူကို တကယ်တွန်းချချင်နေသည်ကို ရိပ်မိနေ၏။ အဘွားကြီးကျောက်ဆိုသည်မှာ အငြိုးအတေးကြီးပြီး စိတ်တိုလွယ်သူ တစ်ယောက် မဟုတ်လော့။ သူမသည် တစ်ပါးသူက မိမိအပေါ် ယုတ်မာလာလျှင် လက်စားချေရန်သာ စဉ်းစားတတ်သူ ဖြစ်သည်။ သို့သော် မာကျန့်ယီ ထိုသို့ တည့်တည့်မပြောဝံ့ပေ။ လက်ရှိတွင် သူမသည် နစ်နာသူဖြစ်နေသဖြင့် သူမ စိတ်ကျေနပ်စေရန် ချော့မော့ပြောဆိုနေရခြင်း ဖြစ်၏။ မဟုတ်လျှင် ဤကိစ္စမှာ ပြီးဆုံးနိုင်မည်မဟုတ်ပေ။
မာကျန့်ယီသည် ရပ်ကွက်ကော်မတီ၏အလုပ်ကို မလုပ်ချင်သော်လည်း ကော်မတီက သူ့ကို အလွှတ်မပေးခြင်းမှာ လူအများကို စည်းရုံးသိမ်းသွင်းရာတွင် သူသည် အလွန်ကျွမ်းကျင်သောကြောင့် ဖြစ်၏။ အကယ်၍ ရွှီကောင်းမင်ကဲ့သို့ အမြဲတစေ မီးလောင်ရာလေပင့်တတ်သူနှင့်သာ တွေ့ခဲ့လျှင် အခြေအနေမှာ ပို၍ ဆိုးရွားသွားနိုင်ပေသည်။
မာကျန့်ယီ၏ ဖျောင်းဖျမှုကြောင့် အဘွားကြီးကျောက်မှာ ဆူပူခြင်းမပြုတော့ဘဲ ငြိမ်သက်သွားသည်။
"ဟွန်း၊ ကျုပ်က အဲ့ဒီလို လူစားမျိုး မဟုတ်ပါဘူး။ ကျုပ်ကို သူတို့လို လူယုတ်မာတွေနဲ့ တူတယ်မှတ်နေလား။ တစ်ဝင်းတည်းနေပြီးတော့ ဘယ်သူ့ကို လာညစ်ပတ်နေတာလဲ။ ကျုပ်က ထမင်းစားဆောင်မှာ အေးအေးဆေးဆေး အလုပ်လုပ်နေတာကို သူက မကောင်းတဲ့ အကြံတွေနဲ့ လာနှောင့်ယှက်နေတာ။ တကယ် ယုတ်မာတဲ့လူပဲ!"
"သူ့အမှားပါ၊ သူ့အမှားပါ"
မာကျန့်ယီ အဘွားကြီးကျောက်ကို နှစ်သိမ့်ပေးလိုက်ပြီးနောက် ရွှီကောင်းမင်ဘက်သို့ လှည့်လိုက်ကာ
"အဘိုးကြီးရွှီ၊ ခင်ဗျားလည်း တကယ်ကို တွေဝေသွားတာပဲ။ အခုတော့ ဘာဖြစ်ခဲ့လဲဆိုတာ ကျုပ် ကောင်းကောင်းနားလည်သွားပြီ။ ဒါက ဝမ်တာ့ချွေနဲ့ အဘွားကြီးကျောက်တို့ရဲ့ အမှားမဟုတ်ဘူး၊ ခင်ဗျားတို့ နှစ်ယောက်လုံးရဲ့ လက်ချက်ပဲ။ ပြီးတော့ ခင်ဗျားတို့ သုံးတဲ့နည်းလမ်းက တကယ်ကို ရွံစရာကောင်းတယ်။ ခင်ဗျားတို့လည်း ဒီဝင်းထဲမှာပဲ နေတာလေ။ အဘွားကြီးကျောက်သာ အိမ်သာကျင်းထဲ ပြုတ်ကျသွားရင် ဘာဖြစ်ကုန်မလဲဆိုတာ မစဉ်းစားမိဘူးလား။ ခင်ဗျား တကယ်ကို မှားသွားပြီ"
ရွှီကောင်းမင်မှာ အံ့ဩမှင်သက်၍ ငြိမ်သက်သွားကာ
တောက်... ငါ ဒါကို လုံးဝမေ့သွားတယ်!
သူသည် အဘွားကြီးကျောက်၏ အလုပ်ကို ဖျက်ဆီးရန်သာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်ပြီး အိမ်ဝင်းကြီး၏ သိက္ခာကို မေ့လျော့နေသည်။ သူသည် ချက်ချင်းပင် အမူအရာပြောင်းကာ လူကောင်းတစ်ဦးကဲ့သို့ ဟန်ဆောင်လိုက်၏။
"ကျုပ်အမှားပါဗျာ၊ ဘာလို့ ဒီလောက်တောင် လောဘဇောတက်သွားမိလဲ မသိပါဘူး။ ကျုပ် တကယ် မရည်ရွယ်ပါဘူး... သားဖြစ်သူရဲ့ အိမ်ထောင်ရေးကိစ္စကို စိတ်ပူနေမိလို့ စိတ်လွတ်သွားတာပါ။ ကျုပ်ရဲ့ ဂုဏ်သိက္ခာလည်း ပျက်စီးကုန်ပါပြီ! စိတ်ချပါ၊ စိတ်ချပါ၊ နောက်နောင် ဒီလိုမျိုး လုံးဝမဖြစ်စေရပါဘူး။ ကျုပ် အမှားဝန်ခံပါတယ်။ နောက်ရက်ကျရင် အစ်မကြီးကျောက်ကို ထမင်းဖိတ်ကျွေးပြီးတော့ ကိုယ်တိုင် တောင်းပန်ပါ့မယ်"
"ဖွီ! ဒီလို အပိုစကားတွေ လာမပြောနဲ့။ ဘာလဲ... ထမင်းကျွေးမှ တောင်းပန်မှာလား၊ အခုတော့ ဒီအတိုင်း လွတ်အောင်ရုန်းချင်တာလား။ နင်ကတော့ တကယ့် သရုပ်ဆောင်ကောင်းပဲ"
အဘွားကြီးကျောက် ခါးထောက်၍ ပြန်လည်ပြောဆိုလိုက်၏။
ထိုစဉ် ချန်ချင်းယွီ ရှေ့သို့တိုးလာကာ သူမ၏ ယောက္ခမဘက်မှ ကူပြောပေးလိုက်သည်။
"ဦးလေးရွှီ၊ ဦးလေး ထမင်းကျွေးမယ်ဆိုရင်လည်း ကျွန်မတို့ကတော့ လာမှာမဟုတ်ပါဘူး။ ဦးလေး ပြောခဲ့တာတွေကို ကျွန်မတို့ အကုန်ကြားပါတယ်။ ဦးလေးရဲ့ အစီအစဉ်ထဲမှာ ကျွန်မတို့ကို ထည့်ထားတာမှ မဟုတ်တာ။ ကျွန်မတို့ကတော့ အဲ့ဒီလောက်အထိ မျက်နှာပြောင်ပြောင်နဲ့ လာစားနိုင်မှာ မဟုတ်ဘူး"
"ကျန့်ဝမ်မိန်းမ၊ ဒါကတော့..."
မာကျန့်ယီ ကြားထဲမှ ဝင်ရောက်ညှိနှိုင်းရန် ကြိုးစားလိုက်၏။
ချန်ချင်းယွီ မော့ကြည့်လိုက်ရာ မျက်လုံးအစုံတွင် မျက်ရည်များ ဝဲနေပြီး အသံမှာလည်း တုန်ရီနေသည်။
"ဦးလေးမာ၊ ဘာမှ ထပ်မပြောပါနဲ့တော့။ ကျွန်မတို့အိမ်မှာ အမျိုးသား မရှိဘူးဆိုပေမဲ့ ကျွန်မယောက္ခမက အလုပ်လုပ်နေတာပဲ၊ လျော်ကြေးငွေလည်း ရထားပါတယ်။ ကျွန်မတို့က ထမင်းတစ်နပ်လောက်ကို ငတ်မွတ်နေတဲ့သူတွေ မဟုတ်ပါဘူး။ ဒီလောက်အထိ အရှက်ခွဲခံရပြီးမှတော့ မျက်နှာပြောင်ပြီး ထမင်းသွားမစားနိုင်ဘူး။ အကယ်၍ ကျန့်ဝမ်သာ ရှိနေရင်လည်း ကျွန်မတို့ကို သွားခိုင်းမှာ မဟုတ်ဘူး။ ဒီလို အနိုင်ကျင့်ခံရတာကိုတောင် သွားစားနေမယ်ဆိုရင် ကျွန်မနဲ့ ယောက္ခမက ကျန့်ဝမ်အပေါ် မျက်နှာပျက်ရပါလိမ့်မယ်"
သူမ၏ စကားကြောင့် မာကျန့်ယီမှာ ဆက်လက်ဖျောင်းဖျရန် ခက်ခဲသွားတော့သည်။
ချန်ချင်းယွီ ရှိုက်ကြီးတငင်ဖြင့် ဆက်လက်ပြောဆိုလိုက်ကာ
"ရှင်တို့က ကျွန်မတို့အိမ်မှာ ယောကျ်ားသားမရှိလို့ အနိုင်ကျင့်နေကြတာပဲ။ ဒါပေမဲ့ ယောကျာ်းသားမရှိလို့လည်း ကျွန်မတို့က ရှင်တို့ကို ကြောက်မနေပါဘူး။ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ကျွန်မ ဘာမှမပြောတော့ဘူး။ ရပ်ကွက်ရုံးကို တိုက်ရိုက်သွားပြီး ခေါင်းဆောင်တွေကို တိုင်မယ်။ ရပ်ကွက်ရုံးက ဂရုမစိုက်ရင် ခရိုင်ရုံးအထိ သွားမယ်၊ အဲ့ဒါမှ မရသေးရင် အဆင့်ဆင့် တက်သွားမယ်။ လူတွေမှာ ကျိုးကြောင်းဆီလျော်တဲ့ နေရာတစ်ခုတော့ ရှိမှာပါ။ ပြီးတော့ စက်ရုံကိုလည်း မေးရဦးမယ်။ ကျွန်မ အမျိုးသားက စက်ရုံကြောင့် ကွန်လွန်သွားရုံနဲ့ ကျွန်မတို့က ဒီလို အနိုင်ကျင့်ခံရရမှာလား။ ဒီဝင်းထဲက လူတိုင်းက စက်ရုံမှာ အလုပ်လုပ်နေကြတာပဲ၊ ကျွန်မတို့ အခြေအနေကို သိကြပါတယ်။ ကျွန်မ ယောက္ခမကြီးရော၊ ကျွန်မ အမျိုးသားရော စက်ရုံအတွက်နဲ့ပဲ အသက်ဆုံးရှုံးခဲ့ရတာ။ အဲ့ဒါကိုတောင် ကျွန်မတို့ကို ဆက်ပြီး အနိုင်ကျင့်နေမယ်ဆိုရင် စက်ရုံကရော ဂရုမစိုက်တော့ဘူးလား။ ဒါတွေကို သိရက်သားနဲ့ ဘာလို့ ဒီလိုတွေ လုပ်ကြတာလဲ။ ရှင်တို့က ကျွန်မတို့ မုဆိုးမသားအမိတွေကို တကယ်ပဲ အထင်သေးနေကြတာလား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေလို့လား။ ဘာလို့ ကျွန်မယောက္ခမရဲ့ အလုပ်ကို လာဖျက်ဆီးချင်ရတာလဲ။ ကျွန်မယောက္ခမ ရထားတဲ့ အလုပ်က ကျွန်မ အမျိုးသားရဲ့ အလုပ်ကို ဆက်ခံထားတာလေ။ အဲ့ဒါက တခြားသူတွေနဲ့ ဘာဆိုင်လို့လဲ။ ဘာဖြစ်လို့ ကျွန်မတို့ကို ဒီလောက်အထိ ကြံစည်နေကြတာလဲ။ ကျွန်မတို့ မိသားစုက အမြဲတမ်း ပစ်မှတ်ထားပြီး အနိုင်ကျင့်ခံနေရဦးမှာလား"
သူမ၏ မျက်ဝန်းမှ မျက်ရည်တစ်စက် ကျဆင်းလာသော်လည်း သူမက ဆက်မငိုမိအောင် အစွမ်းကုန် ထိန်းထားလေသည်။
ချန်ချင်းယွီ၏ အားငယ်သနားစဖွယ် "ကြာပန်းဖြူလေး" သရုပ်ဆောင်ချက်မှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှပေသည်။
လူတိုင်း ခဏမျှ တိတ်ဆိတ်သွားကြရ၏။ မာကျန့်ယီ သက်ပြင်းတစ်ချက်ချကာ ကတိစကားဆိုလိုက်လေသည်။
"စိတ်မပူပါနဲ့၊ ငါ မာကျန့်ယီ ဒီဝင်းထဲမှာ ရှိနေသရွေ့တော့ ဘယ်သူ့ကိုမှ မင်းတို့ကို ဒီလိုလာပြီး အနိုင်ကျင့်ခွင့် မပေးစေရဘူး"
သူသည် လင်းမိသားစုမှ သားအဖနှစ်ဦးကို သတိရမိသွားသည်။ သူတို့သည် နိုင်ငံပိုင်ပစ္စည်းများကို ကာကွယ်ရင်း အသက်ပေးခဲ့ကြသူများ မဟုတ်လော့။ အဘွားကြီးကျောက် မည်မျှပင် ကျိုးကြောင်းဆင်ခြင်မှု ကင်းမဲ့သူဖြစ်ပါစေ၊ ယခုကိစ္စတွင်မူ ကျန်းမိသားစုနှင့် ရွှီမိသားစု၏ လုပ်ရပ်မှာ လုံးဝကို သိက္ခာမဲ့လွန်းလှ၏။
သူ လေသံကို တင်းမာလိုက်ပြီး
"ငါ မာကျန့်ယီ အပြတ်ပြောမယ်။ ဒီဝင်းရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ ငါ တရားမျှတမှုကို ဖော်ဆောင်ရမယ်။ ဒါဟာ နောက်ဆုံးအကြိမ်ပဲ။ နောက်တစ်ခါ မုဆိုးမနဲ့ မိဘမဲ့တွေကို တမင်တကာ ပစ်မှတ်ထားတာ၊ အနိုင်ကျင့်တာမျိုး ငါသိရင်တော့ သူတို့က ဘာမှပြောစရာမလိုဘဲ ငါကိုယ်တိုင် စက်ရုံခေါင်းဆောင်တွေဆီ သွားမယ်။ အဲ့ဒီအခါကျရင်တော့ တာဝန်ယူမှုရှိတဲ့ အဖြေတစ်ခု ရစေရမယ်! လင်းမိသားစု သားအဖတွေက စက်ရုံအတွက်နဲ့ သေခဲ့ရတာ။ မင်းတို့လုပ်ရပ်တွေက တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ကိုယ့်မိသားစုသာ ဒီလိုအခြေအနေမျိုး ရောက်နေရင် ကိုယ့်လူတွေကို တပါးသူက အနိုင်ကျင့်တာ ခံချင်ကြမလား? နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ငါ မာကျန့်ယီ လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး"
"ဦးလေးမာ ပြောတာ မှန်တယ်!"
ဝမ်ကျန့်ကော် အော်ဟစ်ထောက်ခံလိုက်ပြီး
"ကျွန်တော် ဝမ်ကျန့်ကော်လည်း ဒီအတိုင်း ကြည့်မနေနိုင်ဘူး!"
ဝင်းအတွင်းရှိ လူများမှာ ဝမ်ကျန့်ကော်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။ သူသည် ဝင်းအတွင်းရှိ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်လေ့ သိပ်မရှိပေ။
ငါ့ကို အဲ့ဒီလို ကြည့်မနေကြနဲ့လေ!
ဝမ်ကျန့်ကော် တွေးတောရင်း ပြန်လည်ပြောဆိုလိုက်၏။
"ကျွန်တော်က အရောင်းဝန်ထမ်းဆိုတော့ အပြင် ခဏခဏသွားနေရလို့ ဒီကိစ္စတွေမှာ သိပ်မပါဖြစ်တာ မှန်ပေမဲ့ အမှားအမှန်ကိုတော့ ခွဲခြားတတ်ပါတယ်။ လင်းမိသားစု သားအဖတွေက စက်ရုံအတွက်နဲ့ အရာအားလုံး ဆုံးရှုံးခဲ့ရတာ။ သူတို့ကို အခုလို ကြံစည်နေတာကတော့ တကယ်ကို မလုပ်သင့်တဲ့အရာပဲ!"
ဝမ်ကျန့်ကော်သည် စိတ်ကောင်းဝင်၍ ရုတ်တရက် ပေါ်လာခြင်းမဟုတ်ပေ။ သူသည် အတ္တကြီးသူဖြစ်သော်လည်း လူနုံတစ်
ယောက် မဟုတ်ပေ။ ဤကိစ္စမှာ မြို့အနှံ့ ပြန့်သွားမည်ကို သူသဘောပေါက်လေသည်။
ဘယ်သူက နာမည်ပျက်ချင်ပါ့မလဲ!
"ကျွန်တော်လည်း စက်ရုံမှာပဲ အလုပ်လုပ်နေတာပါ။ တခါတလေ နယ်ဘက်တွေဆီ ပစ္စည်းသွားရောင်းရတာက သိပ်ပြီး ဘေးမကင်းဘူး၊ ဓားပြတွေလည်း ရှိတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲနေတာ မဟုတ်ပေမဲ့ ဘယ်သူက အမြဲတမ်း ဘေးကင်းမယ်လို့ အာမခံနိုင်မလဲ။ အကယ်၍ ကျွန်တော့်မှာ တစ်ခုခုဖြစ်သွားရင် ကျွန်တော့်အမေနဲ့ ဇနီးသည်ကို သူများတွေက အခုလိုမျိုး လာပြီး အနိုင်ကျင့်နေတာကိုတော့ ကျွန်တော် မမြင်ချင်ဘူး"
"ကျန့်ကော်ရယ်..."
ဝမ်မေ့လန် စိတ်လှုပ်ရှားစွာဖြင့် ဝမ်ကျန့်ကော်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး
"မပြောကောင်းတာတွေ မပြောပါနဲ့၊ ရှင် ဘာမှမဖြစ်ရပါဘူး"
ဝမ်ကျန့်ကော်သည်လည်း ဇနီးသည်၏ လက်ကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
ထိုအခါမှ ကျန်ရှိနေသော လူများမှာလည်း အခြေအနေကို သဘောပေါက်သွားကြပြီး ဝိုင်းဝန်း ထောက်ခံကြ၏။
"ဟုတ်တယ်! ကျန့်ကော် ပြောတာ မှန်တယ်!"
"ဒါမျိုး နောက်တစ်ခါ ထပ်မဖြစ်စေရဘူး!"
"အဘွားကြီးကျောက်က ပြဿနာရှာတတ်တာ မှန်ပေမဲ့ လင်းကျန့်ဝမ် မရှိတော့ကတည်းက ဖြစ်တဲ့ကိစ္စတွေမှာ သူမက အမှားမလုပ်ခဲ့ဘူး။ တခြားလူတွေကသာ သူမကို လာပြီး ဆွနေကြတာ"
"အေးလေ၊ အဲ့ဒါ အမှန်ပဲ"
"ဒါပေါ့၊ သူတို့အိမ်မှာ ယောကျာ်းသားမရှိလို့ အနိုင်ကျင့်နေကြတာ မဟုတ်လား"
"တကယ်ကို ရှက်စရာကောင်းလိုက်တာ"
"ဘယ်သူက ငြင်းမှာလဲ? ကျန်းမိသားစုနဲ့ ရွှီမိသားစုက အသံအကျယ်ဆုံးပဲလေ"
လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြန်သည်။
"နင်တို့လည်း သိကြတာပဲမလား? အဘွားကြီးကျောက်က အခုဆို အလုပ်လုပ်နေရပြီဆိုတော့ ပြဿနာရှာဖို့ အချိန်မရှိတော့ဘူး။ တစ်နေကုန် အလုပ်လုပ်ရတာနဲ့တင် ပင်ပန်းနေရတဲ့ကြားထဲ အိမ်ပြန်လာမှ ရန်ဖြစ်နေရဦးမလား? တကယ်တော့ သူမက ပျင်းနေမှသာ ရန်ရှာချင်တာပါ။ အခုတော့ အလုပ်မှာတင် အင်အားတွေ ကုန်နေပြီပဲ"
"အဲ့ဒါလည်း ဟုတ်တာပဲ..."
ဤကိစ္စရပ်များသည် သူတို့ဝင်းအတွင်း၌သာမက ပတ်ဝန်းကျင်ရှိ ဝင်းများ၌ပါ အပြောများနေသည့် သတင်းများ ဖြစ်နေသည်။ လူတိုင်းစက်ရုံတစ်ခုတည်းတွင် အလုပ်လုပ်နေကြသဖြင့် အတင်းအဖျင်းစကားမှာ မြန်မြန်ဆန်ဆန် ပြန့်နှံ့လေ့ရှိ၏။ ယခုလည်း အခြေအနေကို ရိပ်မိသူတစ်ဦးမှ ထောက်ပြလိုက်သောအခါ အားလုံးက လက်ခံသွားကြခြင်းဖြစ်သည်။
အဘွားကြီးကျောက်မှာ ပြဿနာရှာရာတွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်မှာ မှန်ပါ၏။
သို့သော်... သို့သော်... သို့သော်လည်း!
ထိုအရာများမှာ အရင်ကသာ ဖြစ်သည်။
မကြာသေးမီက လင်းကျန့်ဝမ် မရှိတော့သည့်နောက်ပိုင်း၊ အထူးသဖြင့် အဘွားကြီးကျောက် အလုပ်စဝင်
ချိန်မှစ၍ သူမ ယခင်ကဲ့သို့ ပြဿနာ အရင်မရှာတော့ပေ။ တစ်ပါးသူ လာရောက်ရန်စမှသာ သူမက ပြန်လည်တုံ့ပြန်ခြင်း ဖြစ်၏။
သူတစ်ပါးက ရန်စလာတာကို ပြန်မချဘဲ နေရမယ်တဲ့လား?!
အခြားသူတွေကတော့ အောင့်အည်းသည်းခံကြလိမ့်မယ်…
ဒါပေမဲ့ အဘွားကြီးကျောက်က သာမန်လူမျိုးမှမဟုတ်ဘဲ!
သူမ၏ ချွေးမဖြစ်သူ ချန်ချင်းယွီမှာ နူးညံ့သိမ်မွေ့သော်လည်း သူမမှာမူ ထိုသို့မဟုတ်ပေ။ ထို့ကြောင့် ရန်ပွဲဖြစ်ပွားခြင်းမှာ သာမန်ကိစ္စတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
လူအုပ်ကြီး၏ တိုးတိုးတိတ်တိတ် ဝေဖန်သံများသည် ရွှီကောင်းမင်နှင့် အဘိုးကြီးကျန်းတို့ကို အလွန်အရှက်ရစေ၏။ အမှန်အတိုင်းပြောရလျှင် အဘိုးကြီးကျန်းမှာမူ ကိစ္စမရှိပေ။ သူ၏ နာမည်မှာ မူလကတည်းကပင် အပျော်အပါးမက်သူအဖြစ် နာမည်ပျက်နေပြီးသားတည်း။ သို့သော် ရွှီကောင်းမင်မှာမူ ယခင်က နာမည်ကောင်းရှိသူ ဖြစ်သဖြင့် ယခုအခါတွင်မူ သူ၏ မျက်နှာမှာ အလွန်ပင် မည်းမှောင်နေတော့သည်။
"ကဲ... အားလုံး စိတ်အေးအေးထားကြပါ။ ဒီနေ့တော့ ငါ အပြတ်ပဲ ဆုံးဖြတ်လိုက်မယ်။ ဒီကိစ္စက ဒီမှာတင် ပြီးပြီ။ အဘိုးကြီးရွှီနဲ့ အဘိုးကြီးကျန်း... ခင်ဗျားတို့နှစ်ယောက်လုံးက အမှားလုပ်ခဲ့တာဆိုတော့ တစ်ယောက်ကို ပစ္စည်းလေးမျိုးစီ ဝယ်ပြီး တောင်းပန်လိုက်ကြ"
မာကျန့်ယီ အသံကို မြှင့်၍ ပြောလိုက်ကာ
"အဘွားကြီးကျောက်၊ ဒီတစ်ခါတော့ ကျုပ်မျက်နှာကို ထောက်ပြီး ကျေနပ်လိုက်ပါဦး။ သူတို့ တောင်းပန်ပြီးရင် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်။ ကျုပ် ဒီမှာတင် ခင်များတို့ သမီးယောက္ခမကို ကတိပေးပါတယ်။ နောက်နောင် ဒီလိုမျိုး ထပ်မဖြစ်စေရဘူး။ အကယ်၍ ထပ်ဖြစ်လာရင် ကျုပ်ကိုယ်တိုင် ဖြေရှင်းပေးမယ်။ ကျုပ်တို့ဝင်းထဲမှာ ဒီလို မရိုးသားတဲ့လူတွေကို လုံးဝ လက်ခံမှာမဟုတ်ဘူး"
အဘွားကြီးကျောက် ခေတ္တမျှ ဝေခွဲမရဖြစ်နေစဉ် ချန်ချင်းယွီသူမ၏ကျောပြင်ကို ခပ်ဖွဖွလေး ကုတ်ခြစ်ပေးလိုက်သည်။ ထိုအခါမှ အဘွားကြီးကျောက်တစ်ယောက် မာန်တင်းကာ ပြောလိုက်၏။
"ကောင်းပြီလေ! ကျွန်မ သဘောတူတယ်!"
သူမ ဆက်လက်၍ "အဘိုးကြီးမာ၊ ဒါက ရှင့်မျက်နှာကို ထောက်လို့သာ ကျုပ်လုပ်ပေးတာနော်။ ရှင့်ကြောင့်သာ မဟုတ်ရင် ဒီအဘိုးကြီးနှစ်ယောက်ကို ကျုပ် သတ်ပစ်လိုက်တာ ကြာလှပြီ!"
ထိုသို့ ခက်မာမာ ပြောလိုက်ရာ ဘေးလူများမှာလည်း တွေးတောကာ ဆွံ့အကုန်ကြ၏။
ဒါကတော့ တကယ်ဖြစ်နိုင်တယ်!
မည်သို့ပင်ဆိုစေကာမူ ဦးလေးမာ၏ ဩဇာမှာ ဝင်းကြီးအတွင်း၌ အရှိန်အဝါ အရှိဆုံးပင် ဖြစ်သည်။
"ဟွန်း!"
အဘွားကြီးကျောက် နှာခေါင်းရှုံ့လိုက်ရာ အဘိုးကြီးမာသည်လည်း ပြန်လည်နှစ်သိမ့်ပေးလိုက်၍
"ကျုပ်ကို မျက်နှာသာပေးလို့ ကျေးဇူးတင်ပါတယ် အဒေါ်ကြီးကျောက်ရာ။ စိတ်ချပါ၊ ဒါမျိုး နောက်တစ်ခါ လုံးဝမဖြစ်စေရဘူး"
အဘွားကြီးကျောက် ခေါင်းညိတ်ပြပြီးနောက် "ချွေးမရေ၊ သွားစို့" ဟု ခေါ်ကာ ခေါင်းကို မော့၊ ရင်ကို ကော့လျက် မာန်ပါပါဖြင့် ထွက်ခွာသွားလေသည်။ သူမ၏ ဘေးတွင်မူ ချန်ချင်းယွီမှာ အလိုက်တသိဖြင့် တွဲကူပေးနေပြီး ယောက္ခမအပေါ် ရိုသေကိုင်းညွတ်သည့် အစေခံမလေးတစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့နေ၏။
ဤ "မိန်းမကြမ်း" ကြီး ထွက်သွားသည်ကို မြင်မှပင် ကျန်ရှိနေသော လူများမှာလည်း သက်ပြင်းချနိုင်ကြတော့သည်။
အမှန်စင်စစ် အဘွားကြီးကျောက်၏ စိတ်ထဲတွင်မူ မျက်နှာနှစ်မျိုးရှိပြီး စိတ်ကြီးကာ အိုက်တင်ကောင်းလှသည့် ချန်ချင်းယွီမှာသာ တကယ့် "မိန်းမကြမ်း" ဖြစ်သည်။ သို့သော် အခြားသူများ၏ အမြင်တွင်မူ နေ့ခင်းဘက် အလုပ်လုပ်၍ ညဘက်တွင် မည်သူ့ကိုမျှ အရှုံးမပေးဘဲ ရန်တွေ့တတ်သည့် အဘွားကြီးကျောက်သည်သာ တကယ့် "မိန်းမကြမ်း" ကြီး ဖြစ်နေရ၏။
ဤသို့ဖြင့် တစ်အိမ်တည်းနေ "မိန်းမကြမ်း" နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အပေးအယူတည့်စွာဖြင့် ဝင်းအတွင်းမှ ထွက်ခွာသွားကြသည်။ ဝမ်တာ့ချွေသည်လည်း မြေကြီးပေါ်သို့ တံတွေးတစ်ချက် အားရပါးရ ထွေးပစ်လိုက်ပြီးနောက် ခေါင်းကိုမော့ကာ ထွက်သွား၏။
သူ၏ အောင်သွယ်မှုကို ဖျက်ဆီးသူ မည်သူမဆိုသည် ဝမ်တာ့ချွေ၏ ရန်သူပင် ဖြစ်သည်။ အစောပိုင်း၌ အောင်သွယ်ကိစ္စကို သိပ်မမှုသော်လည်း ယခုအချိန်တွင်မူ ဝမ်တာ့ချွေ၏ စိတ်ထဲ၌ တစ်ခုတည်းသော အတွေးသာ ရှိတော့၏။
ဒီအောင်သွယ်မှုကတော့ အောင်မြင်ကို အောင်မြင်ရမယ်! ဒါမှ ဒီလူတွေရဲ့ မျက်နှာကို ဖြတ်ရိုက်နိုင်မှာ!
ဝမ်တာ့ချွေ ထွက်သွားမှပင် အချို့သော လူများမှာလည်း စိုးရိမ်စိတ်များ လျော့ပါးသွားကြသည်။ ခွန်အားကြီးမားသော ဝမ်တာ့ချွေကဲ့သို့ လူမျိုး အနားတွင် ရှိနေခြင်းမှာ အလွန်ပင် ဖိအားများလှပေသည်။
မာကျန့်ယီ သက်ပြင်းချလိုက်ပြီး
"အဒေါ်ဟွမ်၊ ရှီကျန့်ရှန်း... ခင်ဗျားတို့ ယောင်္ကျားတွေကို အမြန်လာကူကြဦး။ ကိုယ့်ဘာသာ အိမ်ပြန်နိုင်ရင် ပြန်၊ မပြန်နိုင်ရင်တော့ ဆေးရုံကို အမြန်သွားကြတော့။ သူတို့ ဒီဒဏ်ရာတွေကို ခံနိုင်မှာ မဟုတ်ဘူး"
"ကျွန်မ ယောင်္ကျား!"
"ယောင်္ကျားရယ်... မျက်နှာကြီးက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အကုတ်ခံထားရတာလဲ။ အဲ့ဒီ ကျောက်တာ့ရာ တကယ်ကို အနိုင်ကျင့်လွန်းတာပဲ!"
အဘွားကြီးဟွမ်မှာ မာကျန့်ယီ၏ သတိပေးစကားများကို ချက်ချင်းပင် မေ့လျော့သွားပြီး အကျင့်အတိုင်း အော်ဟစ်ဆဲဆိုပြန်သည်။
သို့သော် အဘိုးကြီးကျန်းသည်ကား သူမကဲ့သို့ မဟုတ်ပေ။ သူသည် မာကျန့်ယီနှင့် အိမ်နီးချင်းအဖြစ် ဆယ်စုနှစ်များစွာ နေလာခဲ့သူ ဖြစ်သဖြင့် မာကျန့်ယီမှာ နောက်ပြောင်တတ်သူ မဟုတ်ကြောင်း ကောင်းကောင်းသိသည်။ အဘွားကြီးဟွမ် ဆက်လက်အော်ဟစ်နေသဖြင့် သူသည် လက်ဖြင့် အားရပါးရ ရိုက်လိုက်ပြီး ဟိန်းဟောက်လိုက်၏။
"ပါးစပ်ပိတ်စမ်း! နင် ငါ့ကို ဒုက္ခပေးတာ မဝသေးဘူးလား? မာကျန့်ယီက အနိုင်မကျင့်ဖို့ အခုတင် ပြောသွားတာကို နင်က ဆဲနေသေးတယ်။ နင် ဒီမှာ မနေချင်တော့ဘူးဆိုရင်လည်း နယ်ဘက်ကိုပဲ ပြန်တော့။ ငါ့ကို အရှက်လာမခွဲနဲ့!"
အဘွားကြီးဟွမ်မှာ ရုတ်တရက် အရိုက်ခံလိုက်ရသဖြင့် မှင်တက်သွားပြီးမှ ခင်ပွန်းဖြစ်သူ၏ စကားကို နားလည်သွားကာ ပြာပြာသလဲ တောင်းပန်တော့သည်။
"ကျွန်မ မသွားဘူး၊ မသွားဘူး၊ အဘိုးကြီးကျန်းရယ်... ကျွန်မကို မနှင်ထုတ်ပါနဲ့! ကျွန်မ မှားမှန်းသိပါပြီ။ ကျွန်မ ထွက်သွားရင် ရှင့်ကို ဘယ်သူပြုစုမလဲ၊ ဘယ်သူ ထမင်းချက်ကျွေးမလဲ၊ ဘယ်သူ အဝတ်လျှော်ပေးမလဲ။ ကျွန်မက ရှင့်အပေါ် တကယ်ကို စေတနာအပြည့်နဲ့ပါ..."
သူမသည် နှပ်ရည်၊ မျက်ရည်များဖြင့် ရှိုက်ကြီးတငင် ငိုကြွေးလိုက်ကာ
"ကျွန်မ ပြဿနာမရှာတော့ဘူး ဟုတ်ပြီလား? ရှင့်ကို စိတ်ပူလို့ပါ။ ဒီဒဏ်ရာတွေက ရှင့်ကိုယ်ပေါ်မှာ ဆိုပေမဲ့ နာတာက ကျွန်မရဲ့ ရင်ထဲမှာပါ!"
ဤဝင်းကြီးအတွင်း၌ အမျိုးသားအပေါ် အနှစ်နာခံဆုံးနှင့် အချစ်ကြီးဆုံး အမျိုးသမီးကို ပြပါဆိုလျှင် အဘွားကြီးဟွမ်မှာ ထိပ်ဆုံးမှ ဖြစ်ပေလိမ့်မည်။ သူမသည် အမျိုးသားကို ဘယ်သောအခါမှ ပြန်မပြောသလို၊ တစ်ဖက်သတ် အချစ်ကြီးသူလည်း ဖြစ်သည်။
"ကြည့်ပါဦး... ရှင့်ကို ကြည့်ရတာ ကျွန်မ ရင်ကွဲတော့မှာပဲ..."
အသက်ကြီးပိုင်း အမျိုးသမီးများမှာ ကိစ္စမရှိသော်လည်း ဘေးမှ ကြည့်နေသည့် လူငယ်စုံတွဲများမှာမူ ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ လူငယ်လေးများ ချစ်ပြသည်မှာ ကြည့်ကောင်းသော်လည်း ဤအဘွားကြီး ချစ်ပြနေပုံမှာမူ
အု... အန်ချင်စရာကြီး!
သူတို့တွေးကာ လည်ချောင်းထဲမှ ပျို့တက်လာကြ၏။
"အိမ်မှာနေလို့ မဖြစ်တော့ဘူး၊ ဆေးရုံသွားမှရမယ်။ လာ... ကျွန်မ လိုက်ပို့မယ်"
အဘွားကြီးဟွမ် ဆိုကာ ဘေးလူများကို လှမ်း၍ အော်ဟစ်လိုက်ပြန်သည်။
"နင်တို့က ဘာရပ်ကြည့်နေကြတာလဲ? လက်တွန်းလှည်းတစ်စီးလောက် သွားငှားပေးကြလေ။ လူကြီးသူမတွေ ဒုက္ခရောက်နေတာကို ဒီအတိုင်း ကြည့်နေတာ အားမနာကြဘူးလား?"
ဘေးလူများ "???"
ခင်များက ဘယ်သူမို့လို့ ဒီလောက် အမိန့်ပေးနေရတာလဲ?
"ငါပြောတာ မကြားဘူးလား? လာကူကြလေ! နင်တို့တွေ လူကြီးသူမကို ရိုသေရမှန်းလည်း မသိကြဘူး။ နင်တို့ကို အကူအညီတောင်းတာက နင်တို့ကို အခွင့်အရေးပေးနေတာပဲ"
အဘွားကြီးဟွမ် ပြန်လည်ဟောက်လိုက်ရာ
ရှူး... ခနဲ လူတစ်ဝက်ခန့်မှာ ချက်ချင်းပင် ထွက်သွားကြတော့သည်။ ကျန်ရှိနေသော လူများမှာလည်း လှောင်ပြောင်သော မျက်နှာထားများဖြင့် မလှုပ်မယှက် ရပ်နေကြ၏။
ရှီကျန့်ရှန်းမှာမူ ပါးနပ်သူဖြစ်သဖြင့် သူမ၏ သားငယ်ကို လက်တွန်းလှည်းသွားငှားရန် ချက်ချင်းစေခိုင်းလိုက်သည်။ ဝမ်တာ့ချွေ၏ လက်ချက်မှာ တကယ်ကို ပြင်းထန်လှသဖြင့် ရွှီကောင်းမင်မှာ နာကျင်စွာဖြင့် ညည်းညူနေရ၏။
"ဒါတွေက ငါ့အမှားတွေပါ။ ငါက လူရိုးလူကောင်းတစ်ယောက်ပါ၊ အခုတော့ အသက်ကြီးလို့ ဦးနှောက်က မကောင်းတော့ဘူး ထင်တယ်။ ငါ ဘာလို့ ဒီလိုတွေ လုပ်မိပါလိမ့်။ ငါ့အမှားပါ၊ အားလုံး ငါ့အမှားပါ!"
အဘိုးကြီးကျန်းနှင့် မတူသည်မှာ သူသည် သူတစ်ပါးအပေါ် အပြစ်ပုံမချဘဲ မိမိကိုယ်ကိုသာ အပြစ်တင်ကာ နောင်တရနေသည့် ပုံစံဖမ်းလိုက်ခြင်း ဖြစ်သည်။
ရှီကျန့်ရှန်းသည်လည်း ဘေးမှ နှစ်သိမ့်ကာ
"ယောင်္ကျားရယ်... အဲ့ဒီလို မပြောပါနဲ့။ ရှင်က ဒီလိုလူစားမျိုး မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ခဏတာ မှားသွားတာပါ။ အခု ဆေးရုံ အရင်သွားကြစို့၊ မနက်ကျမှ ဝမ်တာ့ချွေနဲ့ အဒေါ်ကျောက်ဆီ သွားပြီး တောင်းပန်လိုက်ရင် သူတို့လည်း ခွင့်လွှတ်မှာပါ"
ထိုစဉ် အဘွားကြီးဟွမ်မှာ ခပ်တည်တည်ဖြင့် လာရောက်ပြောဆိုလေသည်။
"ရှီကျန့်ရှန်း၊ နင့်သားကို ငါ့ယောင်္ကျားကိုပါ ကူပြီး ဆေးရုံပို့ခိုင်းလိုက်ဦး"
ရှီကျန့်ရှန်းမှာ ဒေါသထွက်သွားပြီး ပြတ်ပြတ်သားသား ပြန်ပြောလိုက်၏။
"ကိုယ့်ဘာသာကိုယ် စီစဉ်ပါလား! နင့်ယောင်္ကျားက ငါ့ယောင်္ကျားဆီမှာ အကြံမတောင်းရင် ဒါတွေ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အခုတော့ အားလုံးက ငါတို့အိမ်ကိုပဲ အပြစ်ပုံချနေကြပြီ။ ဒါက အနိုင်ကျင့်တာပဲ မဟုတ်လား။ ပြီးတော့ နင်က အခုထိ မာန်မလျှော့သေးဘူး။ နောက်ဆို ငါတို့ မိသားစုချင်း ဝေးဝေးနေကြတာ ပိုကောင်းလိမ့်မယ်"
သူမသည် သားဖြစ်သူအား အဘိုးကြီးရွှီကို တွန်းခိုင်းကာ ထွက်ခွာသွားတော့သည်။ ရွှီကောင်းမင်မှာမူ ခေါင်းကို ငိုက်စိုက်ချလျက် နာကျင်ခံစားနေရသည့် ပုံစံဖြင့် ပါသွားရှာ၏။ သူ၏ စိတ်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသော်လည်း ယခုအခါတွင်မူ သူ၏ နာမည်ကောင်းမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နာမည်ပြန်ကောင်းရန်အတွက် ကောင်းမှုအချို့ကို လုပ်ဆောင်ရဦးမည်ဟု သူက တွေးတောနေ၏။နောက်နောင်တွင်မူ ပြဿနာရှာရန်ကို သူ လုံးဝ စိတ်မကူးရဲတော့ပေ။ နာမည်ထပ်ပျက်လျှင် သူ အသက်ရှင်ရန် ခက်ခဲသွားမည် မဟုတ်လော့။
ရွှီကောင်းမင်သည် ထိုအချိန်တွင် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အလွန်နောင်တရနေသည့်ပုံစံဖြင့် ဟန်ဆောင်၍ ခေါင်းကို အသာအယာ ငိုက်စိုက်ချထားတော့သည်။
ရွှီကောင်းမင်တို့ မိသားစု ထွက်ခွာသွားသည်ကို မြင်သောအခါ အဘွားကြီးဟွမ်မှာ ဟစ်အော်လိုက်ကာ
"ဟေ့... ဟေ့! နင်တို့က ဘာလို့ ဒီလောက်တောင် အတ္တကြီးရတာလဲ? ဘာလို့ ထွက်သွားတာလဲ? ကူညီပေးသင့်တာပေါ့!"
ဘယ်သူကများ ကူညီချင်မှာလဲ!
လူတိုင်း ချက်ချင်းပင် လူစုခွဲလိုက်ကြတော့သည်။ အားလုံးအိမ်နီးချင်းများဖြစ်သဖြင့် ကိစ္စရပ်တစ်ခုကို သေသေချာချာ ပြောဆိုကြလျှင် သဘာဝကျကျပင် ကူညီကြမည်သာ။ သို့သော် သူမ၏ အထက်စီးဆန်သော အမူအရာမျိုးနှင့်ဆိုလျှင်တော့ မည်သူမျှ ကူညီလိမ့်မည်မဟုတ်ပေ။ မည်သူမှ လူနုံမဟုတ်သလို၊ တစ်ပါးသူ၏ အဟောက်ခံရရန်လည်း မည်သူကမှ အားထုတ်မည်မဟုတ်ပေ။
လူတိုင်း ထွက်သွားသည်ကို မြင်သောအခါ အဘွားကြီးဟွမ် ဒေါသတကြီး ဆဲဆိုနေပြီး အဘိုးကြီးကျန်းမှာ ပို၍ပင် ဒေါသထွက်နေ၏။ အိမ်နီးချင်းများကို စိတ်ဆိုးခြင်းမဟုတ်ဘဲ အဘွားကြီးဟွမ်ကို စိတ်တိုနေခြင်းသာတည်း။
ဖြောင်း! ဖြောင်း! ဖြောင်း!
အဘွားကြီးဟွမ်၏ မျက်နှာပေါ်သို့ လက်သီးချက်အချို့ ကျရောက်သွားရာ သူမမှာ ရှိုက်ကြီးတငင် ငိုကြွေးလေသည်။ မာကျန့်ယီ မတတ်သာသည့်အဆုံး ခေါင်းကို ခါယမ်းကာ ထွက်ခွါသွားခဲ့၏။ ဤသည်မှာ မိသားစုအတွင်းရေး ကိစ္စသာ ဖြစ်၍ သူလည်း ဂရုမစိုက်တော့ပေ။
တစ်ဦးက ရိုက်ချင်နေပြီး တစ်ဦးက အရိုက်ခံချင်နေမှတော့လည်း ဘာတတ်နိုင်မှာလဲ!…
အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေဆဲဖြစ်သော်လည်း ချန်ချင်းယွီတို့ အိမ်ပြန်ရောက်သောအခါ ကလေးနှစ်ဦးမှာ အိပ်ပျော်နေကြပြီဖြစ်သည်။ လူကြီးများမရှိသဖြင့် ထိုကလေးငယ်နှစ်ဦးမှာ အနည်းငယ် ကြောက်လန့်နေပုံရပြီး စောင်အောက်တွင် လက်ချင်းချိတ်ကာ တစ်ဦးနှင့်တစ်ဦး ကပ်လျက် ခွေခွေလေး အိပ်နေကြရှာ၏။
ချန်ချင်းယွီသည် ကလေးများကို မနှိုးဘဲ ရေဇလုံကိုယူကာ မျက်နှာသစ်ရန် ဝင်းထဲသို့ ထွက်လာခဲ့သည်။ အဒေါ်ကြီးမေ့သည်လည်း ထိုနေရာတွင် မျက်နှာသစ်နေရင်း အကြံပေးစကား ပြောလေ၏။
"အရမ်းကြီး စိတ်မပူပါနဲ့တော့။ အဘိုးကြီးမာ တကယ် စိတ်တိုသွားပြီဆိုတော့ သူတို့ နောက်နောင် ပြဿနာရှာရဲမှာ မဟုတ်တော့ဘူး"
ချန်ချင်းယွီ အသာအယာ ခေါင်းညိတ်ပြကာ
"ကျွန်မတို့က အိမ်နီးချင်းတွေပဲလေ၊ အားလုံး သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ကြဖို့ပဲ မျှော်လင့်ပါတယ်။ လူတွေ ခဏခဏ ရန်ဖြစ်နေကြတာကို မြင်ရတာလည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့... ဟင်း!"
သူမ သက်ပြင်းချရင်း တိုးတိုးလေး ဆက်ပြောလိုက်ကာ
"ကျွန်မယောက္ခမရဲ့ အလုပ်က သူတို့အတွက် အဟန့်အတား ဖြစ်နေပုံရတယ်"
အဒေါ်ကြီးမေ့ ခဏမျှ ငြိမ်သက်သွားပြီး စဉ်းစားကြည့်သောအခါ ထိုစကားမှာ အမှန်ပင် ဖြစ်နေသည်။
သူမ ချန်ချင်းယွီကို ပြန်လည်
နှစ်သိမ့်ပေးကာ
"နင့်ယောက္ခမက အမြဲတမ်းဝန်ထမ်းပဲလေ။ တစ်ယောက်ယောက်က လှည့်ကွက်တွေ သုံးရုံနဲ့ သူ့ကို အလုပ်ထုတ်ပစ်လို့ မရပါဘူး။ စိတ်မပူပါနဲ့။ အမြဲတမ်းဝန်ထမ်းအလုပ်က ဒီလောက်အထိ အလွယ်တကူ ပြုတ်သွားမယ်ဆိုရင် စက်ရုံက ဘယ်လိုလုပ် လည်ပတ်နိုင်တော့မှာလဲ။ အလုပ်သမားတွေ ဆူပူကုန်မှာပေါ့။ စိတ်အေးအေးထားပါ"
ချန်ချင်းယွီ အသာအယာ ခေါင်းညိတ်ပြပြီး အနည်းငယ် စကားစမြည်ပြောဆိုကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။
အဘွားကြီးကျောက်မှာ အိပ်ရာဝင်ရန် ပြင်ဆင်နေပြီဖြစ်၏။ ချန်ချင်းယွီ သူမကို တစ်ချက်ကြည့်လိုက်သော်လည်း မျက်နှာသစ်ရန် အတင်းအကျပ် မခိုင်းတော့ပေ။
သို့သော် သူမ သတိပေးလိုက်ကာ
"ဘာပဲဖြစ်ဖြစ် အမေက အမေ့စောင်ကို အမေကိုယ်တိုင်ပဲ လျှော်ရမှာဆိုတော့ အမေ့ဘာသာပဲ ဆုံးဖြတ်ပါ"
"ရတယ်"
ငါက ညစ်ပတ်မှာကို ကြောက်တတ်တဲ့လူ မဟုတ်ဘူး!
သို့သော်လည်း သူမ၏စိတ်ထဲတွင်မူ ဤချွေးမမှာ တကယ့်ကို အလိုက်မသိသူဟု တွေးတောနေမိသည်။
အလုပ်လည်းမလုပ်ဘဲ သူမဆီက ပိုက်ဆံတွေကိုလည်း အများကြီးယူထားပြီး အိမ်အလုပ်တွေကိုလည်း အကုန်လုံး မလုပ်ဘူး!!
တကယ်ကို ချွေးမကောင်းတစ်ယောက် မဟုတ်ပေ။
သို့သော် ထိုသို့ တွေးတောနေသော်လည်း အဘွားကြီးကျောက်မှာ ချန်ချင်းယွီကို မငြိုငြင်ရဲပေ။ အစောပိုင်း၌ ချန်ချင်းယွီ အိပ်ပျော်နေစဉ် သူမကို အခွင့်ကောင်းယူရန် စဉ်းစားခဲ့သော်လည်း ဤမိန်းမသည် စိတ္တဇဆန်လှပြီး၊ သူမအား တစ်ခါတည်း သတ်ပစ်ရန်မှာလည်း မိမိတွင် ထိုမျှအထိ သတ္တိမရှိပေ။ အသက်ရှင်နေသရွေ့တော့ တစ်နေ့နေ့တွင် သူမကို သင်ခန်းစာ ပေးနိုင်လိမ့်မည်ဟုသာ တွေးထားသည်။
ငါက သူ့ကို ပြန်မချနိုင်ဘူးဆိုတော့လည်း... ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။
အဘွားကြီးကျောက် သူမကိုယ်သူမ ပြန်လည်သတိပေးရင်း ဆင်ခြင်လိုက်ရသည်။
"ဟေ့... နင့်အဘိုးအဘွားတွေက နင့်ကို တကယ်အလိုလိုက်တာပဲ"
အတွင်းလူအဖြစ် အသုံးချခဲ့သည်အထိ ဆိုမှတော့ အလိုလိုက်သည်မှာ သေချာလှပေသည်!
သို့သော် ယွမ်မေကျွမ်းသည်ကား တကယ့်ကို ပါရမီရှင်တစ်ဦးပင် ဖြစ်သည်။ သူမ၏ မိခင်အရင်းကိုပင် သစ္စာဖောက်ခဲ့သည် မဟုတ်လော့။
"နင့်အဘိုးအဘွားတွေက တကယ် လက်ဖွာတာပဲ။ တစ်ခါပေးရင် တစ်ယွမ်တောင် ပေးတာ၊ အသားတစ်ပေါင်တောင် ဝယ်လို့ရတယ်"
"သူတို့က ကျွန်မကို အရမ်းချစ်တာ"
ချန်ချင်းယွီ ပြန်ပြောလိုက်မိ၏။သူမ၏ အနက်ရှိုင်းဆုံးသော အမှတ်ရစရာမှာ မိဘမဲ့ဂေဟာပင် ဖြစ်ပြီး၊ ထိုနေရာတွင် လူတိုင်း စိတ်ကောင်းရှိကြသော်လည်း အခြေအနေအရ မည်သူမျှ အထူးအခွင့်အရေး မရရှိခဲ့ကြပေ။ သူမသည် အစားအသောက် အလွန်စားတတ်သူဖြစ်သဖြင့် ဘဝမှာ အနည်းငယ် ခက်ခဲခဲ့သည်။ ဂေဟာမှ အမှတ်ရစရာများနှင့် နှိုင်းယှဉ်လျှင် သူမ၏မှတ်ဉာဏ်ထဲရှိ "ချန်ချင်းယွီ" ၏ ဘဝမှာ အလွန်သာယာနေပြီး သိသိသာသာ ကွဲပြားနေ၏။ သူမသည် အဘိုးအဘွားများ၏ အသည်းကျော်လေး ဖြစ်ခဲ့သည်မှာ သေချာလှသည်။ သူမတွင် ဦးလေးတစ်ဦးရှိသော်လည်း အဘိုးအဘွားများမှာ မိန်းကလေးဖြစ်သည်ကို အကြောင်းပြကာ အဆင့်အတန်း ခွဲခြားခြင်းမျိုး မရှိခဲ့ပေ။ ဦးလေးရသမျှ အရာအားလုံးကို သူမလည်း ရခဲ့သည်။ သူမ လိုချင်ခဲ့သည့်အရာမှာ အထူးအခွင့်အရေးများထက် စစ်မှန်သော မေတ္တာနှင့် ဂရုစိုက်မှုသာ ဖြစ်၏။
သူမအား ထိုသို့ ချစ်ပေးမည့်သူရှိသည့် ချန်ချင်းယွီကို သူမ အလွန်အားကျမိသည်။
"မေးဖို့ မေ့နေလို့၊ နင့်အဘိုးအဘွားတွေက ဘာအလုပ်လုပ်ကြတာလဲ?"
အဘွားကြီးကျောက်မှာ ဤအကြောင်းအရာများကို အမှန်တကယ်ပင် မသိရှိခဲ့ပေ။ သူမသည် ချွေးမဖြစ်သူအပေါ် အထူးတလည် ဂရုစိုက်သူမဟုတ်သော်လည်း သားဖြစ်သူ ရုတ်တရက် အိမ်ထောင်ပြုလိုက်သဖြင့် အထွေထွေအချက်အလက်အချို့ကို စပ်စုထားခဲ့ဖူးသည်။ ထို့ကြောင့် ချန်မိသားစု၏ အခြေအနေကို အတော်အသင့် သိထားသော်လည်း သူတို့၏ အတိတ်ဘဝ အကြောင်းအရာများကိုမူ သူမ မသိခဲ့ပေ။
ဥပမာအားဖြင့် ချန်ချင်းယွီ၏ အဘိုးနှင့်အဘွားမှာ ကွယ်လွန်သွားကြပြီဖြစ်ရာ သူမသည်လည်း အသေးစိတ် ထပ်မံစပ်စုခြင်း မပြုခဲ့ပေ။
"ကျွန်မ အဘိုးနဲ့အဘွားက တက္ကသိုလ် ဆရာ၊ ဆရာမတွေပါ။ ဗိသုကာပညာရပ်ကို လေ့လာခဲ့ကြပြီး တက္ကသိုလ်မှာ စာသင်ခဲ့ကြတာ"
ချန်ချင်းယွီက ပြောပြလိုက်၏။
"ဪ... ဒါကြောင့်ကိုး!"
အဘွားကြီးကျောက် ရေရွတ်မိသည်။
ဒါကြောင့်လည်း သူတို့က ဒီလိုမျိုး သတင်းပေးတဲ့အလုပ်တွေကို လုပ်နိုင်ကြတာပေါ့။ တက္ကသိုလ်ဆရာတွေဆိုတာ ဝင်ငွေကောင်းကြတာပဲလေ!!
သို့သော် အဘွားကြီးကျောက် မပြောဝံ့သည့် စကားတစ်ခွန်း ရှိနေ၏။ ၎င်းမှာ ထိုသူတို့ အစောကြီး ကွယ်လွန်သွားခြင်းမှာ ကံကောင်းခြင်းပင် ဖြစ်သည်ဟူသော အချက်ပင်။ မဟုတ်လျှင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းအခြေအနေများကြောင့် သူတို့သည် ကျေးလက်သို့ အပို့ခံရမည်မှာ သေချာပြီး၊ အသက်ရှင်နိုင်ရန် မည်မျှ ခက်ခဲမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ သို့သော် သူမက ထိုစကားကို ထုတ်မပြောဝံ့ချေ။
"နင့်အဘွားဘက်က မိသားစုကလည်း တော်တော်လေး ချမ်းသာပုံရတယ်။ သူက ငါ့ထက် အများကြီးကြီးပေမဲ့ ငါ့က မျိုးဆက်တစ်ခုလောက်ပဲ ငယ်တာ။ ငါက ကလေးနောက်ကျမှ ရတာဆိုတော့ ငါတို့ကြားမှာ အသက်ကွာခြားချက်က အများကြီးပဲ။ အဲ့ဒီခေတ်တုန်းက ကျောင်းတက်နိုင်တယ်ဆိုကတည်းက သူ့မိသားစုရဲ့ ငွေကြေးအခြေအနေက တော်တော်ကောင်းရမယ်။ အရင်တုန်းက ချမ်းသာတဲ့အိမ်က မိန်းကလေးတွေပဲ ကျောင်းတက်ခွင့် ရကြတာလေ"
အဘွားကြီးကျောက်မှာလည်း ဗဟုသုတ အတော်အသင့်ရှိပုံရသည်။
"ကျွန်မ အဘွားမိသားစုက အစောပိုင်းနှစ်တွေမှာ တော်တော်လေး ချမ်းသာခဲ့ကြတာပါ။ အဘွားက နိုင်ငံခြားမှာ ပညာသင်ခဲ့တာ၊ အဘိုးနဲ့က အဲ့ဒီမှာပဲ ကျောင်းနေဖက်တွေ ဖြစ်ခဲ့ကြတာ။ ဒါပေမဲ့ အဲ့ဒီတုန်းက အခြေအနေတွေက တော်တော်လေး ရှုပ်ထွေးခဲ့တော့ မိသားစုက နောက်ဆုံးမှာ ပြိုကွဲသွားခဲ့တာပါ"
ချန်ချင်းယွီ အကျဉ်းချုံး ပြောပြလိုက်သည်။
အဘွားကြီးကျောက်မှာ မိမိဘက်သား ဖြစ်သော်ငြား ဤကိစ္စကို တိုက်ရိုက် မပြောဝံ့ပေ။
ဒီမိန်းမကြီး ပါးစပ်လုံမလုံ ဘယ်သူသိမလဲ!!
"ဒါပေါ့လေ၊ လွတ်လပ်ရေး မရခင်တုန်းက အဲ့ဒီလိုတွေ ဖြစ်ခဲ့တာမဟုတ်လား။ အဲ့ဒီတုန်းက ငါက ငယ်သေးပေမဲ့ အများကြီး မြင်ခဲ့ရတယ်။ လူယုတ်မာတွေက သူများပိုင်ဆိုင်တာတွေကို အတင်းလုယူကြတာ၊ ငါတို့ဆီကလည်း အများကြီး အခိုးခံခဲ့ရတာပဲ။ ဟွန်း!"
ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်မိသည်။
"အခုမှပဲ ငါတို့တွေ ကောင်းကောင်းမွန်မွန် နေရတော့တာ။ မဟုတ်ရင် စားဖို့သောက်ဖို့ နေနေသာသာ၊ ဘယ်နေ့ ခေါင်းပြတ်မလဲတောင် မသိနိုင်ဘူး"
အဘွားကြီးကျောက် ဆက်ပြော၍ ချန်ချင်းယွီသည်လည်း ခေါင်းညိတ်ထောက်ခံလိုက်၏။
"ဪ... ဒါနဲ့၊ သူတို့တွေ တောင်းပန်ဖို့ ဘာတွေ ယူလာသင့်တယ်လို့ နင်ထင်လဲ?"
"အနည်းဆုံးတော့ ပစ္စည်းလေးမျိုးပေါ့။ သူတို့က တောင်းပန်တာဆိုတော့ ကျွန်မတို့က လက်ခံရမှာပေါ့။ တစ်ဝင်းတည်းမှာ အတူနေနေကြတာဆိုတော့ အဆက်အသွယ် လုံးဝဖြတ်ထားလို့မှ မရတာ။ ရသင့်တာကိုတော့ ကျွန်မတို့ လက်ခံရမယ်"
ချန်ချင်းယွီ အကြံပေးလိုက်သည်။
"နင်ပြောတာ မှန်တယ်။ ငါကတော့ သူတို့ ပြဿနာအများကြီး ရှာတာကိုပဲ မျှော်လင့်မိတယ်။ ကြည့်စမ်း... သူတို့ ပြဿနာရှာလို့ ငါတို့မှာ လျော်ကြေးတွေ အများကြီး ရထားတာ"
မကြာသေးမီက သူမ၏ မိသားစုမှာ လျော်ကြေးငွေများစွာ ရရှိထားသဖြင့် အဘွားကြီးကျောက်မှာ ညလယ်ကောင်တွင်ပင် စဉ်းစားရင်း ရယ်မိတော့သည်။
"ဟီးဟီး... တကယ့်ကို တွက်ခြေကိုက်တဲ့ကိစ္စပဲ! သူတို့ ပြဿနာရှာလေလေ ပိုကောင်းလေလေပဲ"
"သူတို့ မကြာခဏ ပြဿနာလာရှာရင် ကောင်းမှာပဲ"
အဘွားကြီးကျောက် စိတ်ရင်းအတိုင်း ပြောလိုက်မိ၏။
ချန်ချင်းယွီမှာမူ ခေါင်းခါရင်း သုံးသပ်ပြလိုက်လေသည်။
"ကျွန်မတော့ အဲ့ဒီလို မထင်ဘူး။ ဒီတစ်ခါတော့ ဦးလေးမာက ပြတ်ပြတ်သားသား သတိပေးလိုက်ပြီဆိုတော့ သူတို့ အဲ့ဒီလောက်အထိ ထပ်လုပ်ရဲမှာ မဟုတ်တော့ဘူး။ အနည်းဆုံးတော့ အပေါ်ယံမှာတော့ အေးအေးဆေးဆေး နေကြလိမ့်မယ်။ ကွယ်ရာမှာ ကြံစည်ရင်တောင် အရင်ကထက် ပိုပြီး ပါးနပ်လာကြလိမ့်မယ်"
"ဟွန်း... ဒီလူတွေက မျက်နှာပြောင်ကြတာ။ သူတို့ ရပ်သွားမယ်လို့ ငါတော့ မယုံဘူး။ နောက်ပိုင်းမှာလည်း ထပ်ရှိနေဦးမှာပဲ။ ငါတို့က ဂရုစိုက်ရုံပေါ့"
"ဒါကတော့ သေချာပါတယ်။ ဒါပေမဲ့ အမေ သိပ်ပြီးတော့ စိုးရိမ်မနေပါနဲ့။ ခဏတဖြုတ်တော့ သူတို့ ငြိမ်နေကြမှာပါ။ ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့ပြီဆိုတော့ သူတို့လည်း သိတတ်သင့်တာပေါ့။ ဘယ်သူက အမြဲတမ်း အရှုံးခံနေမလဲ။ ကြည့်စမ်း... ရွှီကောင်းမင်ရော ကျန်းမိသားစုပါ ကျွန်မတို့ဆီကို ပိုက်ဆံတွေ အများကြီး ပေးလိုက်ရတာပဲ။ ဒါပေမဲ့ ဒီတစ်ခါ တောင်းပန်တဲ့အခါမှာတော့၊ အမေ... ရွှီကောင်းမင်ရဲ့ ထမင်းဖိတ်ကျွေးတဲ့ပွဲကို လုံးဝ မသွားဖို့ သတိရနော်"
"ဘာဖြစ်လို့လဲ! ဘာလို့ အခမဲ့ရတာကို လက်မခံရမှာလဲ? ပိုက်ဆံကုန်တာလည်း မဟုတ်ဘဲနဲ့!"
အဘွားကြီးကျောက် ရုတ်တရက် ထထိုင်လိုက်သည်။ ချန်ချင်းယွီမှာ ပိုက်ဆံစီမံခန့်ခွဲရာတွင် သူမလောက် မကျွမ်းကျင်ဟု သူမ တွေးတောလိုက်မိ၏။
"အမေက သူတို့ကျွေးတာ သွားစားမှာဆိုတော့ စားမှာပေါ့။ ဒါပေမဲ့ အဲ့ဒီအစားအစာတွေ စားလို့ နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?"
"မဖြစ်နိုင်တာ! နင် ဘာတွေ ကြံစည်နေတာလဲ? နင် သူတို့ကို အဆိပ်ခတ်ဖို့များ ကြံနေတာလား?"
အဘွားကြီးကျောက် ချွေးမဖြစ်သူကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဤရူးကြောင်ကြောင် မိန်းမမှာ ဘာမဆို လုပ်နိုင်သည်ဟု သူမ ယူဆထား၏။
"..."
ချန်ချင်းယွီ၏ နှုတ်ခမ်းများမှာ မတတ်သာသည့်အလား တွန့်သွားကာ
"အမေ့စိတ်ထဲမှာ ကျွန်မက အဲ့ဒီလို လူစားမျိုးလား? ကျွန်မက ရူးနေလို့လား? သူတို့နဲ့ ပြဿနာဖြစ်တာက ဖြစ်တာပဲ၊ ဝင်းကြီးတစ်ခုလုံးကိုတော့ ကျွန်မ အပျက်စီးမခံပါဘူး။ ကျွန်မက အဲ့ဒီလောက်အထိ တုံးအတယ်လို့ ထင်နေတာလား?"
အဘွားကြီးကျောက် အနေခက်စွာ ပြုံးလိုက်ပြီး
"ငါက... နင့်ကို သံသယရှိတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ နင်ပြောပုံက ငါ့ကို..."
ချန်ချင်းယွီ ဆက်လက်ရှင်းပြလိုက်ကာ
"ပြီးခဲ့တဲ့ တစ်ခါက သူတို့ဝယ်တဲ့ အရိုးတွေဆိုရင် ဝင်းကြီးတစ်ခုလုံး နံစော်နေတာပဲ။ ဒီတစ်ခါတော့ သူတို့က ကောင်းကောင်းကျွေးမယ်လို့ အမေ ထင်နေတာလား? ပြီးတော့ စဉ်းစားကြည့်ဦး၊ လူတိုင်း စိတ်ကျေနပ်အောင် ကျွေးမယ်ဆိုရင် အသားပါရမှာပဲ။ ဝင်းထဲက လူကုန်ဖိတ်မယ်ဆိုရင် ဝိုင်း ၁၀ ဝိုင်းလောက် ရှိမှာပေါ့။ အဲ့ဒီလောက် အသားတွေကို သူတို့ ဘယ်ကနေ ရမှာလဲ? ဝယ်နိုင်ရင်တောင် အကောင်းစားတွေ ဝယ်ဖို့ ဘယ်လောက်ကုန်မလဲ။ မလတ်ဆတ်တဲ့ အသားဆိုရင်တော့ ဈေးသက်သာမှာပေါ့။ သူတို့ ပိုက်ဆံကလည်း သစ်ပင်က သီးနေတာမှ မဟုတ်တာ။ အကောင်းစားတွေ ဝယ်ကျွေးမယ်လို့ အမေ ထင်လား? အသားက မကောင်းရင်ရော အမေက စားရဲလား?"
"နေမကောင်းမဖြစ်ရင် ရတာပဲလေ"
အဘွားကြီးကျောက် ဆိုလိုက်မိ၏။
သူတို့အရွယ် လူများမှာ ကြုံတွေခဲ့သည်များ များလွန်း၍ မစားဖူးသည့်အရာမရှိ အကုန်စားခဲ့ဖူးပြီးသား ဖြစ်သည်။ မလတ်ဆတ်သော်လည်း နေမကောင်းမဖြစ်လျှင် သူမအတွက် ကိစ္စမရှိပေ။
"နေမကောင်းမဖြစ်ရင် ရတာပဲဆိုတာ သိပါတယ်။ ဒါပေမဲ့ ဖြစ်သွားရင်ရော ဘယ်လိုလုပ်မလဲ? ကျွန်မက နိမိတ်ဖတ်နေတာ မဟုတ်ပါဘူး၊ တကယ် စိတ်ပူလို့ပါ။ ပြီးခဲ့တဲ့ တစ်ခါက အနံ့ဆိုးက ကျွန်မကို တော်တော် စွဲသွားစေတာ။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ လုံးဝမစားဘူး။ ရှောင်ကျားနဲ့ ရှောင်ယွမ်ကိုလည်း ပေးမစားဘူး။ အမေက သွားမယ်လို့ သဘောတူလိုက်ရင် ကျွန်မတို့က မသွားလို့ မရတော့ဘူးလေ။ ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ်ရော၊ ကလေးတွေကိုရော အန္တရာယ် မပေးချင်ဘူး"
သတိထားတာ အကောင်းဆုံးပဲလေ!
သို့သော် အဘွားကြီးကျောက်မှာသိပ်ပြီး စိုးရိမ်ပုံမရပေ။
"တကယ်တော့ ဒါက ဘာမှမဟုတ်ပါဘူး။ ငါ့ရဲ့ အစာအိမ်က သံမဏိလိုပဲ။ ၁၉၆၀ ခုနှစ်တွေတုန်းက ဘဝက ဘယ်လောက် ခက်ခဲခဲ့လဲ။ လွတ်လပ်ရေး မရခင်တုန်းကဆိုရင် စားသောက်ဆိုင်တွေက သွန်ပစ်တဲ့ စားကြွင်းစားကျန်တွေအတွက်တောင် လုစားခဲ့ရတာ။ နေမကောင်းဖြစ်မှာကို ငါကတော့ လုံးဝမကြောက်ဘူး။ ချွေးမရေ... ငါကို သွားစားခွင့်ပေးပါဟယ်… မစားရရင် ငါ နစ်နာသလို ခံစားရလို့ပါ။ ပြီးတော့ သူတို့က တောင်းပန်တာကိုမှ မပါဝင်ဘူးဆိုရင် အရှက်ရစရာကြီး ဖြစ်နေဦးမယ်"
အဘွားကြီးကျောက် အကြံတစ်ခု ထုတ်လိုက်ကာ
"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ နင် တကယ် မပါဝင်ချင်ဘူးဆိုရင် မနက်ခင်းမှာ ငါတို့ နှစ်ယောက် ရန်ဖြစ်ကြမယ်လေ။ ပြီးရင် ငါက နင့်ကို စားပွဲမှာ လာမထိုင်ခိုင်းဘူးပေါ့။ ဘယ်လိုလဲ?"
"..."
ချန်ချင်းယွီမှာ ဤမိန်းမကြီး၏ စကားနားမထောင်ပုံကို စိတ်ပျက်သွားမိသည်။
သို့သော် ချန်ချင်းယွီ ပြန်စဉ်းစားကြည့်သောအခါ အဘွားကြီးကျောက် ပြောသည်မှာလည်း ဟုတ်သလိုရှိ၏။ သူတို့အရွယ်များမှာ ဆင်းရဲတုန်းက မြက်ပင်၊ သစ်ခေါက်၊ မြေကြီးများပင် စားခဲ့ရသည့်အတွက် အစားအသောက် လတ်မလတ်ကို တကယ် ဂရုစိုက်ကြမည် မဟုတ်ပေ။ သူမ တစ်ယောက်တည်းသာ အများကြီး တွေးနေပုံရသည်။
"ဒါဆိုရင်... ကျွန်မတို့ ရန်ဖြစ်ကြမယ်ပေါ့?"
အဘွားကြီးကျောက် ချက်ချင်း ခေါင်းညိတ်ကာ
"ကောင်းပြီလေ၊ မနက်ကျရင် ရန်ဖြစ်ကြမယ်။ ပြီးရင် နင် အိမ်မှာ... ဪ မဟုတ်သေးဘူး၊ နင် အိမ်မှာ ရှိနေရင် တခြားမိန်းမတွေက နင့်ကို လာဖျောင်းဖျကြလိမ့်မယ်။ နင် ကလေးတွေကိုခေါ်ပြီး ငါးသွားမျှားပါလား။ နင် အမြဲတမ်း ငါးမျှားသွားချင်တယ်ဆို။ နင် အပြင်သွားနေရင် သူတို့တွေ လူကောင်းလာလုပ်ချင်ရင်တောင် နင့်ကို ရှာတွေ့မှာ မဟုတ်တော့ဘူး"
"ကောင်းပြီလေ..."
ယောက္ခမနှင့် ချွေးမမှာ သဘောတူညီချက် ရရှိသွားကြသည်။
"သတိထားပါဦးနော်။ သူတို့ကျွေးတာ မကောင်းရင် မစားပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးပါနဲ့ဦး၊ ဝမ်းလျှောလို့ ဆေးရုံတက်ရရင် ပိုက်ဆံတွေ အလဟသ ကုန်မှာ"
"သိပါတယ်၊ သိပါတယ်၊ ငါ့အစာအိမ်က သံမဏိလိုပါဆို!"
"ဟီးဟီး!"
မီးပိတ်၍ လဲလျောင်းနေကြသော်လည်း အဘွားကြီးကျောက်မှာ အိပ်မပျော်သေးဘဲ တတွတ်တွတ် ပြောနေဆဲပင်။
"ဟေ့... နင် သိလား၊ ငါတို့နှစ်ယောက် ပေါင်းလိုက်ရင် သူတို့ကို ကောင်းကောင်း နှိမ်နင်းနိုင်တာပဲ။ သူတို့တွေ အကုန် လဲကျသွားတာ မြင်ကတည်းက ဒါ နင့်လက်ချက်ဆိုတာ ငါ သိတယ်..."
ချန်ချင်းယွီ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်ကာ
"သူတို့ ခြေထောက်တွေက အားမရှိလို့ ဖြစ်မှာပါ။ ကယ်လ်ဆီယံ ဓာတ်ချို့တဲ့နေလို့နေမှာ၊ ကျွန်မနဲ့ ဘာမှမဆိုင်ပါဘူး"
"..."
ဟုတ်ပြီ..ဟုတ်ပြီ…နင် လျှောက်ပြောနေတာတွေကို ငါ ငြိမ်ပြီး ကြည့်နေပါတယ်!
ကယ်လ်စီယံ ဓာတ်ချို့တဲ့တာ ဟုတ်လား?
ဟဟ!
၅၀။ အစကောင်းပေမဲ့အဆုံးမှာပျက်!
ဝမ်တာ့ချွေ တစ်ဖန်ပြန်၍ ကြင်ဖက်တွေ့ရပြန်ပြီ…
မိုးမလင်းမီကတည်းက ကျောက်ရုံသည် ဝမ်တာ့ချွေအိမ်၌ အလုပ်ရှုပ်လျက်ရှိသည်။
ချန်ချင်းယွီ အကဲခတ်မိသလောက်မူ ၎င်းတို့၏ ဝင်းကြီးအတွင်း၌ ဟန်ဆောင်အကောင်းဆုံး ပုဂ္ဂိုလ်နှစ်ဦးရှိရာ အမျိုးသားထဲတွင် ရွှီကောင်းမင်ဖြစ်ပြီး အမျိုးသမီးထဲတွင်မူ ကျောက်ရုံပင် ဖြစ်၏။
အခြားသူများမှာမူ ကောင်းခြင်း၊ ဆိုးခြင်းကို အပြင်ပန်း၌ပင် မြင်သာသော်လည်း ဤနှစ်ဦးမှာမူ "လူကောင်း" အရေခွံကို ခြုံထားကြသဖြင့် လူများမှာ အလစ်အငိုက် မိကြရသည်။ မကြာသေးမီက ရွှီကောင်းမင်မှာ ဖုံးကွယ်ထားသမျှ ပေါ်ပေါက်နေပြီ ဖြစ်သော်လည်း ကျောက်ရုံမှာမူ လူကောင်းတစ်ဦးကဲ့သို့ ရှိနေဆဲပင်။
ယွမ်ရှောင်ချွေအပေါ် ကျောက်ရုံ၏ ကြံစည်တွက်ချက်မှုများကို သူမကိုယ်တိုင် ခိုးနားမထောင်ခဲ့မိပါက ကျောက်ရုံသည် ဤကဲ့သို့သော လူမျိုးဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
ယခုမူ ကျောက်ရုံသည် မိမိ၏ ခါးဒဏ်ရာပင် လုံးဝသက်သာခြင်း မရှိသေးသော်လည်း ဝမ်တာ့ချွေ၏ နေအိမ်၌ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းတို့ကို အားသွန်ခွန်စိုက် ပြုလုပ်ပေးနေသည်မှာ မသိနားမလည်သူများအဖို့ ဝမ်တာချွေ၏ ဇနီးသည်ဟုပင် ထင်မှတ်မှားဖွယ် ရှိပေသည်။
ချန်ချင်းယွီသည် အခြေအနေကို စပ်စုရန် စတုတ္ထဝင်းဘက်သို့ ရောက်ရှိသွားရာ ဝမ်တာ့ချွေတို့အိမ်သည် တစ်ဖန်ပြန်၍ အသစ်စက်စက်ကဲ့သို့ ဖြစ်
နေသည်ကို တွေ့ရှိရ၏။ ယခင်တစ်ခေါက် ပြင်ဆင်ထားသည့် ပစ္စည်းများမှာလည်း တစ်ဖန်ပြန်လည် နေရာယူထားကြသည်။ ချန်ချင်းယွီ တွေးမိသည်မှာ
"ယွီမေကျွမ်းက အိမ်ထောင်ရေးလိမ်လည်တာဆိုရင် ဝမ်တာ့ချွေက အိမ်မှာ မရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို ရှိသယောင် ဟန်ဆောင်ပြတာကရော လိမ်လည်တာ မဟုတ်ဘူးလား"
ဒါကတော့ ဝေဖန်ရ တော်တော်ခက်တဲ့ ကိစ္စပါပဲ…
လူတိုင်း ဤသည်ကို သာမန်ကိစ္စဟု ထင်မြင်နေကြပြီး ချန်ချင်းယွီကိုယ်တိုင်သည်လည်း သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်လိုသူ မဟုတ်ပေ။ ယနေ့သည် လတစ်လ၏ ပထမဆုံး တနင်္ဂနွေနေ့ ဖြစ်သဖြင့် ဝင်းအတွင်းရှိ လူများမှာလည်း အိမ်၌ပင် ရှိနေကြပြီး မည်သူမျှ အပြင်မထွက်ကြပေ။ အားလုံးကြင်ဖက်တွေ့ဆုံမှုကို စောင့်ကြည့်ရန် ပြင်ဆင်နေကြခြင်းတည်း။
သိကြသည့်အတိုင်းပင် ဤတစ်ခေါက် လာရောက်မည့် မိန်းကလေးမှာ လူမရောက်မီကတည်းက လုယူလိုသူများပြားနေသဖြင့် လူတိုင်းစပ်စုလိုစိတ် ပြင်းပြနေကြ၏။
၎င်းတို့ဝင်းအတွင်းရှိ လူများတင်မကဘဲ အနီးအနားရှိ ဝင်းများမှ လူများပါ ရောက်ရှိနေကြသည်။ အိမ်သာသွားလိုဟန်ပြုကာ လမ်းကြားအတွင်း ဟိုဟိုဒီဒီ သွားလာနေကြသည်မှာ ဆီးအောင့်နေကြသည့်အလား ထင်မှတ်ရ၏။ လူတိုင်း အခြေအနေကို စောင့်ကြည့်နေစဉ် ကျန်းရှင်းဖှလည်း ပြန်လည်ရောက်ရှိလာသည်။
ဒီလူက ပြန်ရောက်လာပြန်ပြီ!
သို့သော် ဤတစ်ခေါက်တွင်မူ ခိုးကြောင်ခိုးဝှက် ပြန်လာခြင်းမဟုတ်ဘဲ ဆေးရုံတက်ရသည့် ကာလပြည့်မြောက်သွားသဖြင့် သက်သာပျောက်ကင်းခြင်း မရှိသေးသော်လည်း အိမ်၌သာ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ သူနှင့် သူ၏ဖခင်ဖြစ်သူ လူမမာနှစ်ဦးသည် အိမ်ရှေ့ရှိ ထိုင်ခုံပုလေးများပေါ်တွင် ထိုင်လျက် ဝမ်တာ့ချွေ၏ အိမ်ကို စိုက်ကြည့်နေကြသည်။ သားအဖနှစ်ဦးစလုံး၏ မျက်လုံးစွေစွေများနှင့် မနာလိုဖြစ်နေသည့် ပုံစံမှာ တစ်ထေရာတည်းပင်တည်း!!
ချန်ချင်းယွီသည် အခြေအနေကို ကြည့်ရှုပြီးနောက် ထိုသူနှစ်ဦး၏ အကြည့်များကို မခံလိုသဖြင့် ချက်ချင်းပင် ရှောင်ထွက်လာခဲ့၏။
ဒုတိယဝင်းသို့ ပြန်လည်ရောက်ရှိသောအခါ အဒေါ်ကြီးမေ့မှာ မေးမြန်းလေသည်။
"ပြင်ဆင်တာတွေ ဘယ်လိုလဲ?"
"အစ်မကျောက်ရုံ ကူညီပေးနေတာ၊ ကြည့်ရတာ အားလုံး အဆင်သင့်
ဖြစ်နေပါပြီ"
ချန်ချင်းယွီ ပြန်လည်ဖြေကြားလိုက်စဉ် အဒေါ်ကြီးမေ့သည် ထူးဆန်းစွာ ပြုံးလျက် ပြောဆိုလိုက်၏။
"ကျောက်ရုံက တကယ့်ကို စိတ်စေတနာကောင်းတဲ့သူပဲနော်"
ရိုးရှင်းသော စကားလုံးများ ဖြစ်သော်လည်း ချန်ချင်းယွီ၏ နားထဲတွင်မူ ခနဲ့တဲ့တဲ့ အသံကြီးကဲ့သို့ ခံစားလိုက်ရသည်။
ဒီစကားရဲ့ အဓိပ္ပာယ်က တစ်မျိုးကြီးပဲ!!
သို့သော် ချန်ချင်းယွီ ဘာမှမသိနားမလည်ဟန်ဖြင့် အူတူတူ အပြုံးလေးပြုံးပြ တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် မေးမြန်းလိုက်သည်။
"ဒေါ်လေးမေ့၊ အရင်ကပြောထားတဲ့ ငါးမျှားတံလေ၊ လုပ်ပြီးပြီလား? ဒေါ်လေးတို့အိမ်က မပြီးသေးရင် ကျွန်မ အပြင်မှာပဲ သွားဝယ်တော့မလို့၊ တော်တော်လေး အလျင်လိုနေလို့ပါ"
သူမ နောက်ပြောင်သည့် သဘောဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်၏။
"အို... ကြည့်စမ်း၊ ငါတောင် မေ့နေတာ။ ငါ့သားလေး လုပ်ပြီးသွားပြီ။ ညည်း စောင့်နေရတာ ကြာသွားပြီလား၊ ဒါက ငါးမျှားကြိုး စောင့်နေရလို့ နှောင့်နှေးသွားတာ။ ငါးမျှားတံမှာ ငါးမျှားကြိုး ကောင်းကောင်းရှိဖို့က တကယ့်ကို အရေးကြီးတာလေ"
ထို့နောက် "နေဦး၊ ငါ သွားယူပေးမယ်" ဟု ဆိုကာ အိမ်အတွင်းသို့ ဝင်သွားပြီး ငါးမျှားတံတစ်ချောင်း ယူဆောင်လာသည်။
"ကြည့်စမ်း၊ ဘယ်လိုလဲ? အရည်အသွေး ကောင်းတယ်မလား? ဆိုင်မှာ ရောင်းတာတွေလည်း ဒီအတိုင်းပဲလေ"
ချန်ချင်းယွီ လှမ်းယူကြည့်ကာ အံ့သြသွားမိသည်။ သူမ ထင်မှတ်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေ၏။ သူမ သေချာစွာ စစ်ဆေးပြီးနောက် လက်မထောင်ပြကာ
"တကယ် မဆိုးဘူးပဲ။ ဒေါ်လေးက သူ့လက်ရာလို့ မပြောရင် ကျွန်မက ဆိုင်က ဝယ်လာတာလို့ ထင်မိမှာ။ ဆိုင်မှာ ရောင်းတာတွေထက် မနိမ့်ဘူး၊ အကောင်းစားကြီးပဲ"
အဒေါ်ကြီးမေ့ ဝမ်းမြောက်သွားပြီး
"ဒါပေါ့၊ ငါ့သားက ငယ်ပေမဲ့ အလုပ်လုပ်ရင် သေသေချာချာ လုပ်ရှာတာ။ ကဲ... ယူသွားတော့"
ချန်ချင်းယွီ ခေါင်းငြိမ့်ကာ အားမနာတမ်း လက်ခံလိုက်သည်။ အချင်းချင်းလည်း သဘောတူညီထားပြီးသား ဖြစ်၍ အားနာရန်မလိုအပ်ပေ။
ဤငါးမျှားတံမှာ အပြင်လောက၌ အမှန်တကယ် ရောင်းချနိုင်သည့် အဆင့်ရှိ၏။ သို့သော် သတိကြီးသူများမှာမူ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် မရောင်းချရဲကြပေ။ ထို့ကြောင့် ဤကဲ့သို့ ပစ္စည်းချင်း ဖလှယ်ခြင်းမှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပြီး၊ အဒေါ်ကြီးမေ့နှင့် ချန်ချင်းယွီတို့မှာလည်း ဤနည်းအတိုင်းပင် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ဘေးကင်းဖို့က အဓိကပဲ!
ချန်ချင်းယွီ ငါးမျှားတံကို ကိုင်ဆောင်ကာ အိမ်သို့ ပြန်လာစဉ် အဘွားကြီးကျောက်မှာ လှမ်းမေးလိုက်ကာ
"ဟောဟော... ကြည့်စမ်း! အဘွားကြီးမေ့ ဘယ်တုန်းက ဒီလောက် လက်ဖွာသွားတာလဲ"
ချန်ချင်းယွီ : "ကျွန်မတို့ ပစ္စည်းချင်း လဲထားတာပါ"
သူမသည် အသေးစိတ် ရှင်းပြခြင်း မပြုဘဲ တိုက်ရိုက်ပင် ပြောဆိုလိုက်ကာ
"ဝမ်တာ့ချွေက ဒီတစ်ခေါက် ကြင်ဖက်တွေ့တာကို တော်တော်လေး ခမ်းခမ်းနားနား ပြင်ထားတာပဲ။ စက်ဘီးလည်း ငှားထားတယ်၊ ရေဒီယိုလည်း ငှားထားတယ်၊ အိမ်ထဲမှာ အပ်ချုပ်စက် တစ်လုံးတောင် တွေ့ခဲ့သေးတယ်၊ ဘယ်သူ့ဆီက ငှားထားလဲတော့ မသိဘူး။ ကျွန်မ စဉ်းစားလို့မရတာက ကွမ်ထင်းထင်းက ရဲစခန်းကလေ၊ သူက အရင်တစ်ခေါက် လိမ်လည်တဲ့ ကိစ္စကို အသိဆုံးပဲ။ ဝမ်တာ့ချွေက ဒီတစ်ခေါက်မှာလည်း ဒီလိုတွေ လုပ်ရဲသေးတယ်၊ တကယ်ကို သေတွင်းတူးနေတာပဲ"
"အေးလေ၊ သူက တော်တော် သတ္တိကောင်းတာပဲ"
အဘွားကြီးကျောက် ထောက်ခံလိုက်မိ၏။
အဘွားကြီးကျောက်သည်လည်း အနည်းငယ် မယုံနိုင် ဖြစ်နေရသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းမှာ မဖြစ်နိုင်သည် မဟုတ်သော်လည်း ကွမ်ထင်းထင်းမှာ ရဲအရာရှိတစ်ဦး ဖြစ်နေ၏။ ဝမ်တာ့ချွေမှာ အမှန်တကယ်ပင် ဆင်ခြင်တုံတရား ကင်းမဲ့လှသည်။ ထို့ပြင် ကျောက်ရုံသည်လည်း ဝမ်တာ့ချွေအား အပေါ်ယံ အနှစ်မရှိသည့် အဆောင်အယောင်များ ပြင်ခိုင်းနေသည်မှာ မည်သည့်အရာအား ရည်ရွယ်သည်ကို မသိနိုင်ပေ။
"ဒါက တကယ်တော့ သူတစ်ပါးကို ဒုက္ခပေးတာပဲ၊ ဟိုစကားပုံ ဘယ်လိုရှိပါလိမ့်? ဘာမီးမီး ဆိုတာလေ"
"မင်းကြီးက မီးရှို့နိုင်ပေမဲ့ ပြည်သူကတော့ ဆီမီးတောင် မထွန်းရဘူး ဆိုတာလား"
ချန်ချင်းယွီ ဖြည့်စွက်ပေးလိုက်သည်။
"အေး အဲ့ဒါပဲ!"
"ဒါက တကယ်ကို... တကယ်ကိုပဲနော်!"
အဘွားကြီးကျောက်ပင် မသင့်လျော်ဟု ခံစားနေရပြီဆိုလျှင် အခြေအနေမှာ အမှန်တကယ်ပင် မကောင်းသည်မှာ သေချာလှ၏။
ချန်ချင်းယွီ တွေးမိသည်မှာ ဝမ်တာ့ချွေသည် ဦးနှောက်သည် တစ်လမ်းသွားသကဲ့သို့ မည်သည့်အရာကိုမျှ စဉ်းစားဆင်ခြင်ခြင်း မရှိဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်လည်း ကင်းမဲ့သူ ဖြစ်သည်ဟူ၍ပင်။
သူမသည် မကျေမနပ် နှုတ်ခမ်းကို စူလိုက်မိ၏။
ယောက္ခမနှင့် ချွေးမ နှစ်ဦး အတင်းအဖျင်း ပြောဆိုနေစဉ် ရှောင်ကျား အပြင်မှ ပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် ညီမငယ်ကို လက်ဆွဲလျက် ခြေလှမ်းတိုတိုလေးများဖြင့် အပြေးအလွှား ရောက်ရှိလာပြီး အဝေးမှပင် အော်ဟစ်လာလေသည်။
"လူတွေ လာပြီ၊ လူတွေ လာပြီ!"
ကလေးငယ်သည် သတင်းပေးရန် ပြန်လာခြင်းတည်း။
သူ၏ကလေးသံဖြင့် အော်ဟစ်သံကြောင့် ဝင်းအတွင်းရှိ လူများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြပြီး အားလုံးမှာ မိမိတို့၏ အလုပ်များ၌ အလုပ်ရှုပ်ဟန် သရုပ်ဆောင်ကြတော့၏။ အဒေါ်ကြီးမေ့သည် ထုံးစံအတိုင်း ရေတိုင်ကီနားတွင် ဦးစွာ နေရာယူလျက် အဝတ်လျှော်နေသကဲ့သို့ ရှီကျန့်ရှန်းသည်လည်း လျင်မြန်စွာ ထွက်ပေါ်လာလေသည်။
ရွှီကောင်းမင်တို့အိမ်မှ သားအငယ်ဆုံးဖြစ်သူ ရှောင်စန်းမှာမူ သူ့ဖခင် မိမိအတွက် လုယူပေးချင်သည့် မိန်းကလေးမှာ မည်သို့သောသူဖြစ်သည်ကို သိရှိလိုသဖြင့် တံခါးဝ၌ ထိုင်ခုံပုလေးချကာ ထိုင်စောင့်နေ၏။ ရွှီကောင်းမင်ကိုယ်တိုင်မူ အပြင်သို့ ထွက်မလာပေ။ မိမိ၏ဂုဏ်သိက္ခာ ကျဆင်းမည်ကို စိုးရိမ်သောကြောင့် ဖြစ်တန်ရာ၏။
ဤကိစ္စကြောင့်ပင် သူသည် လက်ဆောင်ပစ္စည်းများ ကိုယ်တိုင်ကိုင်ဆောင်ကာ တောင်းပန်ရန် နေအိမ်များသို့ သွားခဲ့ရသည်။
လက်ဆောင်လေးမျိုးမှာ မုယောနို့မှုန့်တစ်ဗူး၊ မက်မွန်သီးဆီသွပ်ဗူးတစ်ဗူး၊ သကြားလုံးတစ်ထုပ်နှင့် ဆန်စေးမုန့်ချိုတစ်ထုပ်တို့ ဖြစ်၏။
ဤသည်မှာ အကုန်အကျ အတော်ပင် များလှပြီး၊ ချန်ချင်းယွီတို့ဘက်နှင့် ဝမ်တာ့ချွေတို့ဘက်သို့ ပေးအပ်ခဲ့ခြင်းဖြစ်ရာ သူတို့မိသားစု၏ တောင်းပန်လိုသော စေတနာအစစ်အမှန်ကို လူအများ မြင်တွေ့စေခဲ့သည်။ ဤပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ အမှန်တကယ်ပင် မနည်းလှပေ။
နှိုင်းယှဉ်ကြည့်ပါလျှင် ကျန်းမိသားစု၏ တောင်းပန်မှုမှာ အားနည်းနေလေ၏။
လက်ဆောင်လေးမျိုးပင် ဖြစ်သော်လည်း မုယောနို့မုန့်ကဲ့သို့ အဆင့်မြင့်ပစ္စည်းမျိုး မပါဝင်ပေ။ သူတို့ဝယ်ယူလာသည်မှာ ဘီစကစ်
အကြေမုန့်တစ်ပေါင်၊ စည်သွပ်ဗူးတစ်ဗူး၊ ဖရုံစေ့တစ်ထုပ်နှင့် မြေပဲတစ်ထုပ်သာ ဖြစ်သည်။
တောင်းပန်သည်ချင်း တူသော်လည်း ကျန်းမိသားစုမှာ ချက်ချင်းပင် အောက်ကျသွားသဖြင့် အဘွားကြီးဟွမ်မှာ ရှီကျန့်ရှန်းကို ကြည့်ကာ ရွဲ့တဲ့တဲ့ ပြောဆိုနေ၏။
သူတို့အိမ်က လူရာဝင်အောင် လုပ်ချင်ရင်လည်း ငါတို့အိမ်နဲ့ ဘာလို့ လာနှိုင်းယှဉ်နေရတာလဲ!! တကယ်ကို စိတ်ပုပ်တဲ့လူတွေပဲ….
ဤအကြောင်းကြောင့်ပင် အဘွားကြီးဟွမ်သည် မကြာခဏဆိုသကဲ့သို့ ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့ကို တွေ့တိုင်း ရွဲ့တဲ့တဲ့ ပြောဆိုနေလေသည်။
သို့သော် ရှီကျန့်ရှန်းသည်ကား တုံ့ပြန်ခြင်း မပြုပေ။ ရွှီကောင်းမင် သူမအား ကြိုတင်မှာကြားထား၍ ရှီကျန့်ရှန်းမှာ မိမိ စိတ်သဘောထား ကြီးသယောင် သရုပ်ဆောင်ပြလေလေ၊ အဘွားကြီးဟွမ်မှာ လူမဆန်လေလေ ဖြစ်နေသဖြင့် မိမိမှာ အဆင့်အတန်းရှိသူအဖြစ် ရှုမြင်ခံရ၏။
သူတစ်ပါးကို နင်းခြေ၍ လူကောင်းလုပ်ခြင်းမှာ သူတို့မိသားစုအဖို့ ပထမဆုံးအကြိမ် မဟုတ်သဖြင့် ကျွမ်းကျင်နေပြီ ဖြစ်သည်။
သို့သော် ထိုအရာများမှာ အရေးမကြီးလှပေ။ အရေးကြီးသည်မှာ ယခုမျက်မှောက် အခြေအနေပင် ဖြစ်၏။
ယခုအချိန်သည် ကြင်ဖက်တွေ့ဆုံပွဲ၏ အရေးကြီးသော အချိန်အခါ ဖြစ်ပေသည်။
ပိုင်ဖုန်းရှန်းသည် ကွမ်ထင်းထင်းကို ခေါ်ဆောင်၍ ဝင်းကြီးအတွင်းသို့ ဝင်ရောက်လာ၏။ ပိုင်ဖုန်းရှန်းမှာ မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာလျက် ရှိနေပြီး
"အဒေါ်တို့ ဝင်းကြီးက ငါးထပ်ဝင်းကြီးလေ၊ ဘာမှမထူးခြားပေမဲ့ လူတော့ တော်တော်များတယ်။ ထင်းထင်း ကို ပြောထားတဲ့ ဝမ်တာ့ချွေက စတုတ္ထဝင်းမှာ နေတာ။ နည်းနည်းတော့ နောက်ကျကျန်နေသလို ဖြစ်ပေမဲ့ နေလို့ တော်တော်ကောင်းပါတယ်၊ ဒါက အိမ်မကြီးလေ။ ထင်းထင်း အဒေါ်နောက်ကို လိုက်ခဲ့ရင် သိရလိမ့်မယ်၊ အဒေါ်တို့ ဝင်းထဲမှာ ရေဘုံဘိုင် နှစ်နေရာရှိတယ်၊ တစ်နေရာက ဒုတိယဝင်းမှာ၊ နောက်တစ်နေရာက စတုတ္ထဝင်းမှာ။ အဝတ်လျှော်တာတို့ ဘာတို့ဆိုရင်လည်း တော်တော်လေး အဆင်ပြေတယ်"
ကွမ်ထင်းထင်းသည် ပြုံးလျက် ရှိနေသည်။ သူမ၏ မိသားစုမှာ ဤရပ်ကွက်၌ မနေသော်လည်း သူမကိုယ်တိုင်မှာ ဤအရပ်၌ အလုပ်လုပ်ကိုင်နေသူ ဖြစ်သဖြင့် ထိုညက ဖြစ်ပွားခဲ့သော ကိစ္စကြီးအကြောင်းကို ကြားသိထားပြီး ဖြစ်၏။အမှန်အတိုင်းဆိုရလျှင် ကွမ်ထင်းထင်းသည် ရှက်ရွံ့ခြင်း မရှိသည့်အပြင် ဂုဏ်ပင် ယူနေမိသေးသည်။
မိန်းမလှလေးတစ်ယောက်ကို အိမ်ခြေရာပေါင်းများစွာက တောင်းဆိုကြတယ်ဆိုတာ ဒါမျိုးပေါ့!!
လူအများမှာ မိမိအား လုယူနေကြသည်ဟူသော အသိကြောင့် ကွမ်ထင်းထင်း၏ မာန်မာနမှာ အတိုင်းထက်အလွန် တိုးပွားနေပြီး ထို့အတွက်ကြောင့်ပင် မိသားစုနှစ်ခုလုံး၏ အခြေအနေကို သေသေချာချာ စုံစမ်းထားခဲ့၏။ ဝမ်တာ့ချွေ၏ အခြေအနေကို ကောင်းစွာ သိရှိထားသကဲ့သို့ အခြားတစ်ဖက်၏ အခြေအနေမှာလည်း မဆိုးလှသည်ကို တွေ့ရသည်။
ဤသည်မှာ သူမ၏ တန်ဖိုးကို ပိုမိုပေါ်လွင်စေခြင်းပင် မဟုတ်လော့။
အလုပ်မရှိသည့် လမ်းသရဲနှစ်ယောက် မိမိကို လိုက်ခြင်းနှင့် အခြေအနေကောင်းသည့် လူငယ်
နှစ်ယောက် မိမိကို လိုက်ခြင်းမှာ အဓိပ္ပာယ်ချင်း လုံးဝကွာခြား၏။
ဒါကိုကြည့်တာနဲ့ သူမဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ သိသာနေတာပဲ!!
ကွမ်ထင်းထင်းမှာ အနည်းငယ် ဂုဏ်ယူနေမိပြီး မျက်နှာထားမှာလည်း အနည်းငယ် မော်ကြွားနေလေသည်။
"ချန်ချင်းယွီက ဘယ်မှာနေတာလဲ?"
မေးမြန်းပြီးပြီးချင်းမှာပင် တံခါးဝ၌ စပ်စုရန် ရပ်နေသော ချန်ချင်းယွီကို တွေ့ရှိသွား၏။
ကွမ်ထင်းထင်း ပြုံးပြ၍ နှုတ်ဆက်လိုက်ကာ
"ချန်ချင်းယွီ၊ နင်က ဒီမှာ နေတာလား?"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြပြီး မြူးထူးစွာ ပြန်လည်ပြောဆိုလိုက်သည်။
"ဟုတ်တယ်၊ ငါက ဒီအိမ်မှာ နေတာ။ နင့်ရဲ့ ကြင်ဖက်တွေ့ဆုံပွဲက စတုတ္ထဝင်းမှာလေ၊ ဟိုမှာ အကုန်လုံး စောင့်နေကြပြီ၊ အမြန်သွားတော့"
စကားပြောပြီးသည်နှင့် ချန်ချင်းယွီမှာ စတုတ္ထဝင်းဘက်သို့ လိုက်ပါသွားတော့သည်။ အခြေအနေကို စပ်စုလိုသည်မှာ သိသာလှ၏။
ကွမ်ထင်းထင်း အတွေးထဲတွင်
တကယ်ပဲ အိမ်ထောင်ရှင်မ ဖြစ်သွားတော့ လူက နိမ့်ကျသွားတာပဲ။ ကြင်ဖက်တွေ့တာက ဘာကြည့်စရာ ရှိလို့လဲ? အတင်းအဖျင်းပဲ ပြောတတ်တဲ့ အဘွားကြီးတွေနဲ့ ဘာကွာလို့လဲ!!
သို့သော် သူမ အပြင်ပန်း၌ ထုတ်ဖော်မပြဘဲ အပြုံးလေးကိုသာ အနည်းငယ် ခပ်ယောင်ယောင် ပြုလိုက်၏။ သူမသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝင်းအတွင်းရှိ လူငယ်အမျိုးသားများထဲတွင် မည်သူမှာ မိမိကို ကြားဖြတ်လုယူမည့်သူ ဖြစ်နိုင်ကြောင်း တွေးတောနေမိသည်။ သို့သော် ကြင်ဖက်တွေ့နေချိန် ဖြစ်သဖြင့် မဆီမဆိုင်သော စကားများကိုမူ မပြောဆိုပေ။
သူမသည် ပိုင်ဖုန်းရှန်း၏ နောက်မှလိုက်ကာ စတုတ္ထဝင်းသို့ ရောက်ရှိလာခဲ့၏။
ကြင်ဖက်တွေ့ဆုံခြင်းမှာ တစ်ဦးတည်းနှင့် ဆိုင်သော ကိစ္စဖြစ်ပြီး၊ ဝမ်တာ့ချွေတွင် ဆွေမျိုးသားချင်း မရှိသော်လည်း စပ်စုသူများမှာမူ နည်းပါးခြင်း မရှိပေ။ ချန်ချင်းယွီမှာ ပြတင်းပေါက်နားသို့ပင် မကပ်နိုင်တော့ပေ။
ပိုင်ဖုန်းရှန်း ကွမ်ထင်းထင်းကို အိမ်အတွင်းသို့ ခေါ်ဆောင်သွားရာ ဝမ်တာ့ချွေ အလောတကြီး ထွက်ကြိုပြီး အထစ်ထစ် အငေါ့ငေါ့ နှုတ်ဆက်လေသည်။
"ကွမ်... ရဲဘော်ကွမ်၊ မင်္ဂလာပါ"
သူ၏ မျက်နှာမှာလည်း နီရဲနေ၏။
ကွမ်ထင်းထင်းမှာ "မင်္ဂလာပါ" ဟု ပြန်လည်နှုတ်ဆက်လိုက်ပြီး၊
သူမမှာ ဝမ်တာ့ချွေထက် ပို၍ ရဲတင်းပုံပေါ်နေသည်။
ပိုင်ဖုန်းရှန်း : "လာလေ၊ အထဲဝင်ပြီး စကားပြောကြတာပေါ့"
လူများမှာ ပြည့်နှက်နေပြီး အခြေအနေကို ကြည့်ရှုလိုကြသည်မှာ အိမ်အတွင်းသို့ပင် တိုးဝင်သွားချင်နေကြသည့်အလား ဖြစ်နေ၏။
ချန်ချင်းယွီမှာ ခုန်ပေါက်ကြည့်သော်လည်း အိမ်အတွင်းမှ အခြေအနေကို မမြင်ရပေ။ ပြတင်းပေါက်နားတွင် လူများ ပြည့်လျှံနေလေသည်။
လူတွေ တော်တော်များတာပဲ!
အဘွားကြီးကျောက်မှာမူ အရှေ့ဆုံးတွင် နေရာယူထားပြီး ဖြစ်ကာ၊ ဝါရင့်သူပီပီ အချိန်မီပင် အချက်အချာကျသော နေရာကို ရယူထားနိုင်ခဲ့၏။
ချန်ချင်းယွီမှာမူ ခေါင်မိုးပေါ်သို့တက်၍ အပေါ်စီးမှ ကြည့်ရှုလိုစိတ်ပင် ပေါက်နေသော်လည်း မဖြစ်နိုင်ပေ။
ကြည့်ချင်လိုက်တာ၊ တကယ်ကို ဇောတောက်နေပြီ!!
ယခုအချိန်တွင် ကွမ်ထင်းထင်းမှာ အိမ်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဝမ်တာ့ချွေ၏ အိမ်မှာ သိပ်မကျယ်ဝန်းသော်လည်း သေသေသပ်သပ် ပြင်ဆင်ထားပြီး၊ ရှိသင့်ရှိထိုက်သော ပစ္စည်းများ စုံလင်နေ၏။ ကွမ်ထင်းထင်း စိတ်ထဲမှ ခေါင်းငြိမ့်မိသည်။ သူမသည် အိမ်ထောင်ပြုမည်ဆိုလျှင် အခြေအနေကောင်းသူကိုသာ ရွေးချယ်လို၏။
ချန်ချင်းယွီလိုမျိုး အိမ်ထောင်ပြုပြီးမှ ဒုက္ခခံရမှာမျိုးတော့ မလိုချင်ပါဘူး!!
ချန်ချင်းယွီနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သဖြင့် သူမ၏ အကြောင်းအချို့ကို စုံစမ်းထားရာ သူမအဖြစ်မှာ အထင်အမြင်သေးစရာပင်။
တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို ဂုဏ်ယူစိတ်လည်း ဖြစ်ပေါ်မိ၏။
ကျောင်းတက်တုန်းက အခြေအနေကောင်းခဲ့တော့ရော ဘာဖြစ်လဲ!
အခုကြတော့ ခက်ခက်ခဲခဲနဲ့ ရှင်သန်နေရတာပဲ မဟုတ်လား!
သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဆိုဖာတစ်ခုကို တွေ့ရှိသဖြင့် ပြုံးလျက် လက်ဖြင့် အသာဖိကြည့်၍
"ဆိုဖာက ဝယ်ရ တော်တော်ခက်တာ၊ ကျွန်မတို့ လူကြီးတွေအိမ်မှာ မင်္ဂလာဆောင်တုန်းကတောင်..."
"အား!"
ကွမ်ထင်းထင်း ထိုင်တော့မည့်ဆဲဆဲတွင် ပိုင်ဖုန်းရှန်း၏ အော်သံကြောင့် လန့်သွားပြီး မေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ?"
"ဟဲဟဲ... ဟဲဟဲဟဲ!"
ပိုင်ဖုန်းရှန်း တဟဲဟဲ ရယ်မောပြလိုက်၏။
ဤဆိုဖာမှာ အတုဖြစ်သဖြင့် ထိုင်၍ မရနိုင်ပေ။ ဆိုဖာအောက်တွင် ပူပေါင်းများ ထည့်ထားခြင်း ဖြစ်ပြီး ထိုင်လိုက်ပါက ပေါက်ကွဲသွားမည်မှာ သေချာလှသည်။ ပိုင်ဖုန်းရှန်းမှာ အနေရခက်စွာ ရယ်မောရင်း အမြန်ဖိတ်ခေါ်လိုက်ကာ
"လာပါ၊ ဒီဘက်မှာ ထိုင်ပါ၊ ခုတင်ပေါ်မှာ ထိုင်နော်။ မနက်ကမှ မီးဖိုထားတာဆိုတော့ နွေးနေမှာပဲ။ အခုက ဧပြီလလယ် ဆိုပေမဲ့ အတော်လေး အေးသေးတာ"
ဝမ်တာ့ချွေသည်လည်း ပျာပျာသလဲနှင့် အမြန်ထောင်ခံကာ
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီမှာလာထိုင်ပါ၊ နွေးနွေးထွေးထွေး ရှိတာပေါ့"
ကွမ်ထင်းထင်းသည် ထိုသူနှစ်ဦးကို သံသယဖြင့် ကြည့်မိသည်။ သူတို့မှာ လွန်ကဲစွာ စိုးရိမ်နေသည်ဟု ခံစားရသော်လည်း ဝမ်တာ့ချွေမှာ ပထမဆုံးအကြိမ် ကြင်ဖက်တွေ့ခြင်း ဖြစ်သည်ဟု ကြားသိထားသဖြင့် ထူးဆန်းသည်ဟု မယူဆတော့ပေ။
သူမ မျက်ခုံးပင့်လျက်
"ဒါက ရေဒီယိုမလား? ရှင်တို့အိမ်က အခြေအနေ တော်တော်ကောင်းသားပဲ။ ဒီလောက်အရွယ်နဲ့တင် ပစ္စည်းသုံးမျိုးစလုံး စုံနေပြီ။ အပ်ချုပ်စက်၊ ရေဒီယို၊ စက်ဘီး အကုန်ရှိတာပဲ၊ တကယ်ကို မလွယ်တဲ့ကိစ္စပါ။ သာမန်မိသားစုတွေဆိုရင် ဝယ်ယူခွင့်လက်မှတ်ရဖို့တောင် နှစ်အတော်ကြာ စောင့်ရတာ"
သူမသည် ရေဒီယိုကို ကိုင်ကြည့်ကာ စူးစမ်းလိုက်၏။
"ရေဒီယိုက ဈေးမနည်းဘူးမလား?"
ဝမ်တာ့ချွေမှာ တစ်ဖန်ပြန်၍ ကယောင်ကတမ်း ဖြစ်သွားပြီး အထစ်ထစ် အငေါ့ငေါ့ဖြင့်
"အဲဒါက... အဲဒါက... အဆင်ပြေပါတယ်"
ကွမ်ထင်းထင်းသည် ဝမ်တာ့ချွေကို သေသေချာချာ စိုက်ကြည့်လိုက်ပြီးသံသယအချို့ ဝင်လာသည်။ သူမ၏ အလုပ်မှာ ရုံးလုပ်ငန်းဖြစ်သဖြင့် ရာဇဝတ်သားများနှင့် မထိတွေ့ရသော်လည်း ဤသူ၏ အမူအရာမှာ သိသာလွန်းနေ၏။
ထို့ပြင် အိမ်ထောင်ဖက်တွေ့စဉ် ဟန်ရေးပြတတ်ကြသည်ကိုလည်း သူမ ကြားဖူးနားဝ ရှိသည်။ ထို့ကြောင့် သူမ စမ်းသပ်၍ မေးမြန်လိုက်၏။
"ရှင် ဘယ်လောက်တန်လဲဆိုတာ မသိတာတော့ မဟုတ်ပါဘူးနော်?”
ဝမ်တာ့ချွေ ချွေးစေးပြန်ပြီး ထစ်ငေါ့စွာဖြင့်
"ကျွန်တော်... ကျွန်တော်... ကျွန်တော်သိတာပေါ့၊ မြန်မြန်ထိုင်ပါ၊ မနက်စာ စားပြီးပြီလား? ဒီမှာ မုန့်တွေရှိတယ်၊ စားပါဦး"
မုန့်များမှာ အစုံအလင် သေသေသပ်သပ် ရှိ၏။ ဝမ်တာ့ချွေသည် ခုတင်ပေါ်၌ စားပွဲငယ်တစ်ခုချကာ မြေပဲ၊ ဖရုံစေ့၊ သကြားလုံးနှင့် ဆန်စေးမုန့်ချိုဟူသော ပန်းကန်လေးမျိုးကို ပြင်ဆင်ထားရာ လိုလေသေးမရှိစေရန် ဂရုပြုထားခြင်း ဖြစ်သည်။ ဤသည်မှာ မိသားစုနှစ်ခုဘက်မှ ပေးအပ်ထားသော တောင်းပန်ခြင်း လက်ဆောင်များပင် ဖြစ်၏။ ကွမ်ထင်းထင်း ထိုပန်းကန်များကို ကြည့်ရှုကာ စိတ်ထဲမှ ခေါင်းငြိမ့်မိသည်။
ဒါကတော့ အတော်လေး အဆင့်အတန်းရှိသားပဲ!!
သူမ ရယ်မောလျက် ပြောဆိုလိုက်ကာ
"ရှင်လည်း ဒီမှာလာထိုင်လေ၊ အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့၊ ရှင်က ဒီလောက် စိတ်လှုပ်ရှားနေတော့ ကျွန်မပါ လိုက်ပြီး စိတ်လှုပ်ရှားလာပြီ"
ပိုင်ဖုန်းရှန်း : "ဟုတ်တယ်၊ ဟုတ်တယ်။ လာ... အဒေါ် မိတ်ဆက်ပေးမယ်။ ဒါက ဝမ်တာ့ချွေတဲ့။ စက်မှုစက်ရုံမှာ ပန်းပဲထုတဲ့ အလုပ်လုပ်တယ်၊ သူ့နာမည်နဲ့လည်း လိုက်ဖက်တာပေါ့။ အသက်က နှစ်ဆယ့်ကိုးနှစ်ကျော်ရှိပြီ၊ လစာကတော့ လေးဆယ့်ကိုးယွမ်ခွဲ ရတယ်။ ပထမဆုံးအကြိမ် ကြင်ဖက်တွေ့တာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားနေရှာတာပေါ့၊ ဒါကပဲ သူဟာ စိတ်ထားရိုးသားပြီး အရင်က ရည်းစားတစ်ခါမှ မထားဖူးဘူးဆိုတာကို ပြနေတာလေ။ သူ့မှာ မိသားစုဝင်လည်း သိပ်မရှိတော့ ဝန်ထုပ်ဝန်ပိုး မရှိဘူး။ ထင်းထင်းလည်း သူ့ကို သဘောကျတယ်ဆိုရင် နောက်ကျရင် နှစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ ချမ်းသာအောင် နေသွားရုံပဲ"
ကွမ်ထင်းထင်း ခေါင်းငြိမ့်ပြလိုက်၏။ သူမသည် ဤအချက်အလက်များကို ကြိုတင်သိရှိထားပြီး ဖြစ်၍သာ လာရောက်တွေ့ဆုံခြင်း ဖြစ်ပေသည်။
ပိုင်ဖုန်းရှန်း ဆက်လက်၍ မိတ်ဆက်ပေးပြန်ကာ
"ဒါကတော့ ကွမ်ထင်းထင်းတဲ့။ ရဲစခန်းမှာ စာရေးမအလုပ် လုပ်တယ်၊ ဘေးကင်းပြီး အန္တရာယ်မရှိတဲ့ အလုပ်မျိုးပေါ့။ အသက်က နှစ်ဆယ့်လေးနှစ်ရှိပြီ။ မိဘတွေလည်း ရှိသလို အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်လည်း ရှိတယ်။ သူက တတိယမြောက်သမီးလေ၊ သူ့အမေရဲ့ အလုပ်ကို ဆက်ခံထားတာ။ သူ့မိသားစုကလည်း အခြေအနေ တော်တော်ကောင်းတယ်"
ဝမ်တာ့ချွေ အလျင်အမြန် ခေါင်းငြိမ့်ပြသည်။ သူသည် ကွမ်ထင်းထင်းကို အတော်ပင် စိတ်ဝင်စားပုံရ၏။
အမှန်အတိုင်း ဆိုရလျှင် ကွမ်ထင်းထင်းသည် အလွန်အမင်း လှပသူ မဟုတ်ပေ။ သူတို့ ဝင်းအတွင်း၌ပင် သူမထက် လှပသော မိန်းကလေးများစွာ ရှိသည်။ သို့သော် ကွမ်ထင်းထင်းမှာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားပြီး မျက်ခုံးချယ်ထားခြင်း၊ မျက်နှာကို ပြင်ဆင်ထားခြင်းတို့အပြင် သူမ၏ ရှည်လျားသော ကျစ်ဆံမြီးမှာလည်း မည်းနက်တောက်ပနေသဖြင့် ဝမ်တာ့ချွေ၏ အကြိုက်နှင့် ကိုက်ညီနေခြင်း ဖြစ်သည်။
အမှန်စင်စစ် ဝမ်တာ့ချွေသည် အလွန်လှပသော မိန်းကလေးများကို မနှစ်သက်ဘဲ အိမ်ထောင်ကို ကောင်းစွာ ထိန်းသိမ်းနိုင်မည့် သွက်လက်ချက်ချာသော မိန်းကလေးမျိုးကိုသာ ပိုမိုနှစ်သက်၏။
မိတ်ဆက်မှုများ ပြီးဆုံးသွားသော်လည်း ချန်ချင်းယွီသည် လူအုပ်အတွင်း၌ပင် ရှိနေဆဲပင်။ သူမသည် အရှေ့ဆုံး၌ မရှိသော်လည်း နားပါးသူဖြစ်သဖြင့် ဝမ်တာ့ချွေသည် ကွမ်ထင်းထင်းကို အတော်ပင် သဘောကျနေသည်ကို ခန့်မှန်းနိုင်သည်။
အရင်တစ်ခေါက် ယွီမေကျွမ်းနဲ့ တွေ့တုန်းကထက်စာရင် အများကြီး ပိုပြီး သဘောကျနေပုံပဲ!!
ယခင်တစ်ခေါက်၌ ယွီမေကျွမ်းသည် လိမ်လည်သူဖြစ်သည်ကိုပင် မသိရသေးမီ ဝမ်တာ့ချွေမှာ အသွင်အပြင်ကို ကြည့်ကာ ဘဝင်မကျ ဖြစ်နေခဲ့၏။
ချန်ချင်းယွီ သူမအနားရှိ အဒေါ်ကြီးမေ့ကို အသာတို့ကာ
"အဆင်ပြေသွားကြတာလား?"
"ဒါက ဘာမှမဟုတ်သေးပါဘူး"
အိမ်ထောင်ဖက်တွေ့ခြင်းမှာ ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။
ဤသည်မှာ ချန်ချင်းယွီအဖို့ ကြင်ဖက်တွေ့ဆုံပွဲကို လူကိုယ်တိုင် ပထမဆုံးအကြိမ် ကြည့်ရှုရခြင်း ဖြစ်သည်။ သူမ ကမ္ဘာမကူးပြောင်းမီက "If You Are the One" ဟူသော ရုပ်သံအစီအစဉ် ကိုသာ ကြည့်ခဲ့ဖူး၏။ ချန်ချင်းယွီသည် စပ်စုလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရာမှ ထိုင်ခုံပုလေးတစ်ခုကို တွေ့ရှိသွားပြီး အမြန်ပင် ထိုင်ခုံပေါ်သို့တက်ကာ အိမ်အတွင်းသို့ ချောင်းကြည့်လေသည်။ ကံကောင်းသည်မှာ သူမအနေဖြင့် အခြေအနေအရပ်ရပ်ကို မြင်တွေ့နေရ၏။
အပြင်ဘက်တွင်မူ ချန်ချင်းယွီသည် အတွေ့အကြုံ မရှိသည့်အလား စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသော်လည်း အိမ်အတွင်း၌မူ ကွမ်
ထင်းထင်းသည် ဖရုံစေ့များကို စားရင်း
"ရှင့်မိဘတွေ ဆုံးသွားတာ ဘယ်လောက်ကြာပြီလဲ?"
ဝမ်တာ့ချွေ အနည်းငယ် ဝမ်းနည်းဟန်ဖြင့်
"ကျွန်တော် ဆယ်နှစ်သားလောက်ကတည်းက မိဘတွေ ဆုံးသွားတာပါ။ အဲ့ဒီနောက်ပိုင်း တစ်ယောက်တည်း ရုန်းကန်ခဲ့ရတယ်။ အသက် တစ်ဆယ့်သုံး၊ တစ်ဆယ့်လေးလောက်မှာ စက်ရုံမှာ အလုပ်သင် ဝင်လုပ်ခဲ့တာ။ အဲ့ဒီတုန်းက စက်ရုံက ပုဂ္ဂလိကပိုင်လေ။ အဲ့ဒီနောက်ပိုင်းမှ အခြေအနေ ပြန်ကောင်းလာတာ။ အခုတော့ မိသားစုဝင်လည်း မရှိတော့တစ်ယောက်တည်း အေးအေးဆေးဆေး နေရပါတယ်"
ကွမ်ထင်းထင်း ထူးထူးခြားခြား တုံ့ပြန်ခြင်းမရှိဘဲ ခေါင်းငြိမ့်ပြသည်။
ပိုင်ဖုန်းရှန်း အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုကာ
"သူ့မှာ လူကြီးမိဘ မရှိလို့ ကူညီမယ့်သူ မရှိဘူးလို့ ထင်ရပေမဲ့ တကယ်တော့ ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုး မရှိဘူးလေ။ ကောင်းကွက်လည်း ရှိသလို ဆိုးကွက်လည်း ရှိတာပေါ့။ မင်းတို့နှစ်ယောက် အိမ်ထောင်ကျပြီး ကလေးရလာရင်လည်း ဒီဝင်းထဲမှာ လူတွေအများကြီးပဲ၊ ဘယ်သူမဆို ကူညီပေးမှာပါ"
ကွမ်ထင်းထင်းသည် တွေဝေသွားပြီး ထိုစကားကို သိပ်မယုံကြည်ဟန် ရှိ၏။
ဒီဝင်းထဲကလူတွေက ပြဿနာရှာတဲ့ နေရာမှာ နာမည်ကြီးပဲ!
ငါက ဘာမှမသိဘူးလို့ သူတို့ ထင်နေကြတာလား? လာမတွေ့ခင်ကတည်းက စုံစမ်းပြီးသား!!
သူမသည် ဝမ်တာ့ချွေကဲ့သို့ ဘာမှမစုံစမ်းဘဲ မျက်စိမှိတ်ယုံကာ လိမ်လည်ခံရလုနီးပါး ဖြစ်မည့်သူမျိုး မဟုတ်ပေ။
သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဗီရိုအားလုံးမှာ အဝတ်စများ ဖုံးအုပ်ထားသည်ကို တွေ့ရှိရသည်။ သူမသည် ထသွား၍ ဗီရိုတစ်ခုကို လက်ဖြင့် ထိလိုက်ရာ ပိုင်ဖုန့်ရှန်းမှာ ရင်တထိတ်ထိတ် ဖြစ်သွားပြီး ဝမ်တာ့ချွေမှာလည်း ပြန်လည် စိုးရိမ်လာပြန်၏။ သူ၏ ဗီရိုများမှာ အလွန်ပင် ဟောင်းနွမ်းနေသဖြင့် ဘာမှမတတ်နိုင်ပေ။
ထိုအရာများမှာ ကျောက်ရုံတစ်ယောက် စက်ရုံရှိ တစ်စုံတစ်ဦးထံမှ ငှားရမ်းပေးထားခြင်း ဖြစ်သည်။
ကတ္တီပါအနီစများဖြင့် ဖုံးအုပ်ထားသဖြင့် အတော်ပင် အဆင့်မြင့်သည်ဟု ထင်ရသော်လည်း ဝမ်တာ့ချွေမှာမူ တစ်စုံတစ်ဦး အမှန်တရားကို သိရှိသွားမည် စိုးရိမ်သဖြင့် ရင်တလှပ်လှပ် ဖြစ်နေရ၏။ သူ့ခမျာ ထစ်ထစ်ငေါ့ငေါ့ဖြင့်
"မြန်မြန်... မြန်မြန်ထိုင်ပါ"
ကွမ်ထင်းထင်း စားပွဲခင်းကို လက်ဖြင့်ပွတ်ရင်း အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်သည်။
"ရှင့်ရဲ့ စားပွဲခင်းက ကတ္တီပါအနီစပဲနော်။ ပုံမှန်ဆိုရင် ဒီလိုမျိုးကို စားပွဲခင်းအဖြစ် မသုံးကြဘူး။ ဒါက အင်္ကျီချုပ်ရင် တော်တော်လေး ကြည့်ကောင်းမှာ၊ တကယ့်ကို အဆင့်ရှိတဲ့ ပုံစံမျိုးပေါ့"
သို့သော် ဝမ်တာ့ချွေမှာမူ ထိုစကားကို နားမလည်ဘဲ
"ဝတ်စရာရှိရင် တော်ပြီပေါ့။ ကျွန်တော်တို့ စက်ရုံမှာလည်း အလုပ်သမားဝတ်စုံ ဝတ်ကြတာပဲ၊ ခင်များတို့လည်း ယူနီဖောင်း ဝတ်ကြတာ မဟုတ်လား? ဒါက ပိုက်ဆံကုန် သက်သာတာပေါ့"
ကွမ်ထင်းထင်းသည် ဝမ်တာ့ချွေကို အနက်အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး သူမ၏ အပြုံးများမှာ အနည်းငယ် ပျောက်ကွယ်သွားကာအပ်ချုပ်စက်နားသို့ တိုးသွားလေသည်။
ဝမ်တာ့ချွေ၏ ရင်ခုန်သံမှာ ပိုမိုမြန်ဆန်လာ၏။
ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေသော အဒေါ်ကြီးမေ့သည် ရုတ်တရက် ချန်ချင်းယွီ၏ လက်ကို တင်းကျပ်စွာ ဆွဲလိုက်သဖြင့် ချန်ချင်းယွီမှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး "ဘာဖြစ်လို့လဲ?" ဟု တိုးတိုးလေး မေးမြန်းလိုက်သည်။
အဒေါ်ကြီးမေ့ ချန်ချင်းယွီကို အနားသို့ ဆွဲကပ်ကာ သူမ၏ နားနားသို့ ကပ်၍ "သူတို့ အပ်ချုပ်စက်က အတုကြီးဟ" ဟု တိုးတိုးလေး ပြောလိုက်၏။
ချန်ချင်းယွီမှာ မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးသွားလေသည်။ သူမသည် နောက်ကျမှ ရောက်လာသဖြင့် ထိုအရာမှာ အတုဖြစ်သည်ကိုပင် မသိရှိခဲ့ပေ။
ဒီမိသားစုက တကယ်ကို ရဲတင်းလွန်းတာပဲ! အိမ်ထဲမှာ ဘာကရော အစစ်ရှိလို့လဲ? ဘယ်သူတွေ ဘာပြောပြော ငါကတော့ ဒါကို လုံးဝ ယုတ္တိမရှိဘူးလို့ပဲ မြင်တယ်!
ဤသည်မှာ ကိုယ်ကျင့်တရားနှင့်လည်း မညီပေ။
ဒိန်း!
ချန်ချင်းယွီ အတွေးထဲ နစ်နေစဉ်မှာပင် ရုတ်တရက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ချန်ချင်းယွီမှာ လန့်ဖျပ်သွားပြီး လှမ်းကြည့်လိုက်ရာ အိမ်အတွင်းရှိ လူတိုင်းမှာ မှင်တက်နေကြသည်ကို တွေ့ရ၏။
ကွမ်ထင်းထင်းသည် ဆိုဖာပေါ်သို့ ထိုင်ချလိုက်စဉ်မှာပင် ဆိုဖာမှာ ပေါက်ကွဲသွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ပူစီပေါင်းပေါက်ကွဲသည့် အသံကြီးဖြင့် ထိုနေရာ၌ပင် ပေါက်ကွဲသွားခြင်းတည်း။
ကွမ်ထင်းထင်းသည် အံ့သြမှင်တက်လျက် "ဆိုဖာ" ကို ကြည့်လိုက်၊ ပိုင်ဖုန်းရှန်းနှင့် ဝမ်တာ့ချွေကို ကြည့်လိုက် ဖြစ်နေသည်။ ဝမ်တာ့ချွေ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားပြီး ကယောင်ကတမ်းဖြင့်
"ကျွန်တော်... ကျွန်တော်... ကျွန်တော် မဟုတ်... ဟို... ညီမ ဘာဖြစ်သွားသေးလဲ?"
ကွမ်ထင်းထင်းသည် "ဆိုဖာ" ကို ဖုံးထားသည့် အဝတ်စကို ဆွဲခွာလိုက်ရာ ပူပေါင်းအချို့ကို တွေ့ရှိရပြီး တစ်လုံးမှာ သူမ ထိုင်ချလိုက်သဖြင့် ပေါက်ကွဲသွားခြင်း ဖြစ်၏။
သောက်ကျိုးနည်း! ဆိုဖာဆိုတာ ဒါမျိုးလား! အကုန်လုံးက အတုတွေချည်းပါပဲလား!
ပိုင်ဖုန်းရှန်းသည် ကွမ်ထင်းထင်း ဤသို့ ရုတ်တရက် ထိုင်ချလိုက်လိမ့်မည်ဟု မထင်မှတ်ထားသဖြင့် လှည့်ကွက်များ ပေါ်သွားသောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်သွားလေသည်။ အခန်းတွင်း၌ ထူးဆန်းသော တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားပြီးနောက် ကွမ်ထင်းထင်း ရုတ်တရက် ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး
"တခြားလူတွေကိုကျ အိမ်ထောင်ရေးလိမ်လည်မှုနဲ့ စွပ်စွဲပြီးတော့ အခုဒါက ဘာသဘောလဲ?"
သူမ၏ မျက်နှာပေးမှာ အလွန်ပင် အေးစက်နေ၏။
ဝမ်တာ့ချွေ : "ဒါက မတူပါဘူး။ ယွီမေကျွမ်းက အလုပ်တောင် မရှိတဲ့ဟာကိုး၊ ဒါက တခြားစီပါ"
သို့သော် သူကိုယ်တိုင်လည်း အတော်လေး စိတ်လှုပ်ရှားနေမိကာ ဆက်လက်၍
"ဒါတွေ ကျွန်တော်ကိုယ်တိုင် လုပ်တာပါ။ အဒေါ်ပိုင်ကို အပြစ်မတင်ပါနဲ့၊ သူက ကျွန်တော့်ကို အမှန်အတိုင်း ပြောဖို့ အကြံပေးခဲ့တာ။ ဒါပေမဲ့ ဦးလေးရွှီတို့က ကျွန်တော့်ဆီကနေ မိန်းကလေးကို ကြားဖြတ်လုဖို့ လုပ်နေကြတာလေ၊ အဲ့ဒါကြောင့် ကြင်ဖက်တွေ့ပွဲမှာ အောင်မြင်အောင် ပိုကောင်းပြရမယ်လို့ ကျွန်တော် ထင်ခဲ့တာပါ။ လိမ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး..."
ထိုအချိန်တွင် အဒေါ်ကြီးမေ့မှာ ချန်ချင်းယွီကို အသာကပ်၍
"ဘာတွေလဲ၊ ဒါတွေက သူလုပ်ချင်လို့ လုပ်တာမှ မဟုတ်တာ။ ကျောက်ရုံက ဒါမျိုးလုပ်မှဖြစ်မယ်လို့ အတင်းတိုက်တွန်းလို့၊ ဝမ်တာ့ချွေကလည်း သူများပြောသမျှ ယုံလွယ်တာကိုး..."
ချန်ချင်းယွီ ခေါင်းငြိမ့်လိုက်၏။
အဒေါ်ကြီးမေ့သည် ဤဝင်းကြီးအတွင်း သတင်းအချက်အလက် အစုံဆုံး ပုဂ္ဂိုလ်ပင် ဖြစ်ပေသည်။
"ပြီးပြီပဲ၊ ဒီပွဲကတော့
နောက်တစ်ခါ ထပ်ပျက်ပြီထင်တယ်"
အဒေါ်ကြီးမေ့ တိုးတိုးလေး ရေရွတ်လိုက်သည်။
ကွမ်ထင်းထင်း၏ မျက်နှာမှာ ပိုမိုခက်ထန်လာပြီး
"ရှင် ကျွန်မကို တခြား ဘာတွေ ထပ်လိမ်ထားသေးလဲ?"
သူမ၏ မျက်နှာမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ရေဒီယိုကို လက်ညှိုးထိုးကာ
"ဒီရေဒီယိုက ရှင့်ဟာလား?"
ဝမ်တာ့ချွေ စိတ်လျော့၍ မျက်လုံးကို ခဏမှိတ်လိုက်ပြီး
"ငှားထားတာပါ"
"ဟက်!"
ကွမ်းထင်ထင် ထပ်မံ၍
"ဒါဆို တံခါးဝက စက်ဘီးကရော? စက်ဘီးကတော့ ရှင့်ဟာ ဖြစ်ရမယ်မဟုတ်လား၊ ရှင် ဒီမှာ အလုပ်လုပ်လာတာ ဆယ်နှစ်ကျော်ပြီပဲဥစ္စာ"
ဝမ်တာ့ချွေသည် ဤတစ်ကြိမ်တွင်မူ မလိမ်ရဲတော့ပေ။ ကျောက်ရုံမှာ မည်သို့ပြန်ပြောရမည်ကို သင်ပေးထားသော်လည်း သူ၏ဦးနှောက်မှာ ဘာမှစဉ်းစား၍ မရတော့ပေ။ ထို့ကြောင့် ဝန်ခံလိုက်ရကာ
"အဲ့ဒါလည်း ငှားထားတာပါ"
ကွမ်ထင်းထင်း : "!!!"
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လှောင်ပြောင်သလို ရယ်မောရင်း ထပ်မံ၍
"ငှားထားတယ်၊ ငှားထားတယ်၊ အိမ်ထဲက ပစ္စည်းအကုန် ငှားထားတာဆိုရင် ဘာကရော အစစ်ရှိလို့လဲ? ဒီအပ်ချုပ်စက်ကရော? သိပါပြီ၊ အပ်ချုပ်စက်လည်း ငှားထားတာပဲ မဟုတ်လား"
ဝမ်တာ့ချွေ အလျင်အမြန်ပင်
"ဒါကတော့ ငှားထားတာ မဟုတ်ပါဘူး"
ကွမ်ထင်းထင်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ အနည်းဆုံးတော့ ဤမိသားစု၌ ပိုင်ဆိုင်မှုတစ်ခုခု ရှိနေသေးသည်ဟု သူမ ထင်မှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် သူမ စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်တာ့ချွေစကားကြောင့် ဆွံ့အသွားရ၏။
"ဒါက ငှားထားတာ မဟုတ်ဘူး၊ အတုကြီးပါ"
ကွမ်ထင်းထင်း : "???!!!"
သူမသည် အမြန်ပင် ရှေ့သို့တိုးကာ အပ်ချုပ်စက် အဖုံးကို ဆွဲခွာလိုက်သည်။ အဖုံးအတွင်း၌ အပ်ချုပ်စက် အစစ်မရှိဘဲ စက္ကူဖာများဖြင့် ပြုလုပ်ထားသော အပ်ချုပ်စက် အတုကြီးသာ ရှိနေ၏။
ကွမ်ထင်းထင်းမှာ နားထင်ကြောများပင် တဆတ်ဆတ် တုန်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီအဝတ်စတွေကရော? ဒါတွေလည်း ငှားထားတာလား? အမှန်အတိုင်း ပြောစမ်းပါ၊ ရှင့်အိမ်မှာ ဘာကရော အစစ်ရှိလို့လဲ? ရှင်က ဒီကြင်ဖက်တွေ့ပွဲကို တကယ်ပဲ စိတ်ပါလက်ပါ လုပ်နေတာလား? ရှင်က မကောင်းမှုကို မုန်းတဲ့ လူကောင်းတစ်ယောက်လို့ အစက ထင်ခဲ့မိတာ၊ ကျွန်မ မှားသွားတာပဲ။ ရှင်က ကိုယ်ကျိုးပဲကြည့်တဲ့ လူစားမျိုးပဲ! ဒီလိုကြင်ဖက်တွေ့တာကို ဆက်လုပ်ဖို့ မလိုတော့ဘူး ထင်တယ်"
ကွမ်ထင်းထင်းသည် ဒေါသတကြီးဖြင့် တံခါးကို ဆွဲဖွင့်၍ ပြန်မည်ပြုလိုက်၏။
ပိုင်ဖုန်းရှန်း : "ထင်းထင်း၊ ဒါက ဘယ်လိုလဲဆိုတော့..."
ပြောရန် ပြင်လိုက်သော်လည်း
"နေပါဦး၊ ကျွန်မကို လိုက်မပို့ပါနဲ့တော့၊ နောက်ထပ် ပြဿနာတွေ ထပ်မတက်ချင်တော့ဘူး။ သိသားပဲ! တိုက်တိုက်ဆိုင်ဆိုင် တွေ့တာကနေ ဘယ်လိုလုပ် အိမ်ထောင်ဖက်အထိ ဖြစ်လာမလဲလို့။ ဒါတွေ အကုန်လုံးက အကွက်ချထားတာတွေပဲ။ တကယ်ကို ရယ်စရာကောင်းလိုက်တာ"
ပိုင်ဖုန့်ရှန်းမှာ အောင်သွယ်သူဖြစ်သဖြင့် ဤအခြေအနေကို မသိဘဲ မနေနိုင်ဟု ကွမ်ထင်းထင်း ယူဆထားသောကြောင့် သူမမှာ ပို၍ ဒေါသထွက်နေခြင်း ဖြစ်သည်။
ဝမ်တာ့ချွေ နောက်မှ လိုက်လာသဖြင့် အမြန်ထွက်လိုက်ရာ အပြင်ဘက်တွင် စပ်စုနေသော လူအုပ်ကြီးကို မြင်လိုက်ရပြီး ကွမ်ထင်းထင်းမှာ အရှက်ရသွား၏။ သူမသည် ထိုသို့သော အခြေအနေမျိုးကို ရင်မဆိုင်ချင်ပေ။ သူမခပ်ထေ့ထေ့ နှာခေါင်းရှုံ့လိုက်ပြီး
"သွားပြီ၊ နောက်ဘယ်တော့မှ မတွေ့ကြရအောင်"
ဝမ်တာ့ချွေခမျာ "ကျွန်တော်... ကျွန်တော်..." ဟုသာ ထစ်ထစ်ငေါ့ငေါ့ ပြောနိုင်ရှာသည်။
"ရှင့်နဲ့ ကျွန်မနဲ့ ဘာမှမဆိုင်တော့ဘူး။ ကျွန်မက ပစ္စည်းမက်တဲ့သူ မဟုတ်ပါဘူး။ ဒီပစ္စည်းတွေ မရှိလည်း ကျွန်မ အေးအေးဆေးဆေး နေနိုင်တယ်။ ရှင့်မှာ မရှိရင် မရှိကြောင်း အစကတည်းက အမှန်အတိုင်း ပြောခဲ့ရင် ကျွန်မ အပြစ်မတင်ပါဘူး။ ဒါပေမဲ့ မရှိဘဲနဲ့ ရှိသယောင် ဟန်ဆောင်တာကတော့ ကိုယ်ကျင့်တရား ပျက်ယွင်းတာပဲ။ စိတ်မကောင်းပါဘူး၊ ရှင့်လိုလူမျိုးကို ကျွန်မ မကြိုက်ဘူး"
သူမ ဆက်လက်၍ ပြောလိုက်ကာ
"ဒီကြင်ဖက်တွေ့ပွဲအတွက် ရှင့်ကို ကျွန်မ အပြစ်မယူတော့ပါဘူး။ ဒါပေမဲ့ ရှင့်ကို အကြံပေးချင်တာကတော့ ရိုးသားပါ"
ထိုသို့ပြောကာ သူမမှာ လှည့်ထွက်သွားလေသည်။
ဝမ်တာ့ချွေမှာ ချက်ချင်းပင် မျက်နှာနီရဲသွားပြီး အရှက်ရစိတ်များဖြင့် ပြည့်နှက်သွား၏။
"သွားချော့လေ၊ သွားရှင်းပြဦး!"
ပိုင်ဖုန်းရှန်း နှမြောတသဖြင့် တိုက်တွန်းလိုက်သည်။
ဝမ်တာ့ချွေမှာ စိတ်ပျက်
အားငယ်သွားပြီး ဆောင့်ကြောင့်ထိုင်ချကာ မျက်နှာကို လက်နှင့်အုပ်လျက်
"ဒါ ကျွန်တော့်အမှားတွေပါ။ ကျွန်တော် တကယ်ပဲ လိမ်ခဲ့မိတယ်။ ယွီမေကျွမ်း လိမ်တာတောင် ကျွန်တော် လက်မခံနိုင်ခဲ့တာ၊ အခု ကျွန်တော်ကိုယ်တိုင် ဘယ်လိုဖြစ်လို့ လိမ်ခဲ့မိတာလဲ? အကုန်လုံး ကျွန်တော့်အမှားတွေပါ!"
သူသည် ဝမ်းနည်းပက်လက် ဖြစ်သွားပြီး ကောင်းကင်ကို ကြည့်ကာ ရုတ်တရက် အော်ဟစ်လိုက်၏။
"ကျွန်တော် မှားသွားပါပြီ၊ ကျွန်တော် မှားသွားပါပြီ!"
လူအများ : "!!!"
ဝမ်တာ့ချွေသည် နံရံကို လက်ဖြင့် ထိုးနှက်နေပြီးနောက် အိမ်အတွင်းသို့ ယိုင်တိုင်တိုင်ဖြင့် ဝင်သွားလေသည်။ ပိုင်ဖုန့်ရှန်းက စိုးရိမ်တကြီးဖြင့်
"တာ့ချွေ နင် အဆင်ပြေရဲ့လား?"
ဝမ်တာ့ချွေ တံခါးကို ဝုန်းခနဲ ပိတ်လိုက်ပြီး "ကျွန်တော် ခဏလောက် အေးအေးဆေးဆေး နေပါရစေ"
ပိုင်ဖုန်းရှန်း သက်ပြင်းချလိုက်ပြီး ကွမ်ထင်းထင်းနောက်သို့ အပြေးလိုက်သွားလေသည်။
ဘာပဲဖြစ်ဖြစ် သူမအနေဖြင့် တောင်းပန်ရန် လိုအပ်သည် မဟုတ်လား…
အမှန်စင်စစ် ပိုင်ဖုန်းရှန်းသည် ကွမ်ထင်းထင်းမှာ ကိစ္စသေးသေးလေးကို အကြီးကြီးလုပ်နေသည်ဟု ခံစားရသည်။ အိမ်ထောင်ဖက်တွေ့သည့်အခါ မည်သူက မိမိမိသားစု၏ ကြွယ်ဝမှုကို ကြွားဝါခြင်း မပြုဘဲ နေပါမည်နည်း။ ကွမ်ထင်းထင်း၏ တုံ့ပြန်မှုမှာ လွန်ကဲလွန်းလှသည်။ သို့သော်လည်း မိမိတို့ဘက်မှ မှားယွင်းခဲ့သည်ကိုမူ ပိုင်ဖုန့်ရှန်း သိရှိ၏။ အားလုံးမှာ ဤသို့ပင် လုပ်ဆောင်ကြသည်ဖြစ်စေ၊ မိမိတို့လုပ်ရပ်မှာ မှားယွင်းနေသည်မှာ အမှန်ပင်။ ထို့ကြောင့် ပိုင်ဖုန်းရှန်းသည် တောင်းပန်ရန်အတွက် သူမနောက်သို့ ချက်ချင်း လိုက်သွားခြင်း ဖြစ်သည်။
ယဉ်ကျေးပျူငှာခြင်းမှာ ဘယ်သောအခါမှ အပိုမဖြစ်ပေ။
ဝမ်တာ့ချွေ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ ဆူညံသွားပြီး နှမြောတသစွာ ရေရွတ်ကြတော့သည်။ ဝမ်တာ့ချွေ၏ ကြင်ဖက်တွေ့ပွဲမှာ ဤမျှအထိ မအောင်မမြင် ဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ လူပုံအလယ်တွင် လှည့်ကွက်များ ပေါ်သွားသောကြောင့် ကျရှုံးသွားခြင်းမှာ မလွဲဧကန်ပင်။
ပြောရမည်ဆိုလျှင် လူအများ၏ အမြင်၌ ကွမ်ထင်းထင်းမှာ အမှန်တကယ်ပင် လက်ထပ်ရန် သင့်တော်သော မိန်းကလေးတစ်ဦး ဖြစ်ပေသည်။
ဤပွဲ ပျက်သွားသည်မှာ တကယ်ကို နှမြောစရာပင်။ လူအများ၏ ပြောဆိုသံများကို ကြားရပြီးနောက် ချန်ချင်းယွီလည်း ထွက်လာခဲ့၏။သူမသည် တစ်မနက်လုံး အခြေအနေကို စောင့်ကြည့်နေခဲ့သဖြင့် အိမ်သာပင် မသွားရသေးပေ။
ချန်ချင်းယွီသည် ဝင်းအတွင်းမှ ထွက်လာစဉ် ပိုင်ဖုန်းရှန်း ကွမ်ထင်းထင်းနောက်သို့ အမှီလိုက်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦး စကားပြောဆိုနေကြပြီး ပိုင်ဖုန်းရှန်း၏ မျက်နှာရိပ်မျက်နှာကဲအရ ချော့မော့ပြောဆိုနေခြင်း ဖြစ်ပေလိမ့်မည်။ အမှန်စင်စစ်လည်း မိမိတို့ဘက်က မှားယွင်းနေခြင်းသာ…
ပိုင်ဖုန်းရှန်းသည် အမှန်တကယ်ပင် တောင်းပန်နေခြင်း ဖြစ်၏။ သူမ၏ စိတ်ရင်း မည်သို့ပင်ရှိစေကာမူ အကျိုးအကြောင်းအရ သူမ၏ လုပ်ရပ်မှာ မှားယွင်းနေသည်ကို သဘောပေါက်လေသည်။ သို့သော် ပိုင်ဖုန်းရှန်းအနေဖြင့် စိတ်အလိုမကျ ဖြစ်မိသည်မှာ ဤသို့ဟန်ရေးပြရန်မှာ သူမ၏ အကြံဉာဏ်မဟုတ်ဘဲ ကျောက်ရုံ၏ အကြံဉာဏ်သာတည်း။
ကျောက်ရုံသည် စေတနာဖြင့် မိမိ၏ ပစ္စည်းများကို ငှားရမ်းပေးခြင်း၊ အိမ်သန့်ရှင်းရေး ဝိုင်းဝန်းကူညီခြင်းတို့ကို ပြုလုပ်ပေးခဲ့၏။
ထို့ကြောင့်ပင် ပိုင်ဖုန့်ရှန်းမှာ ဤသည်ကို ကောင်းမွန်သော ကိစ္စဟု ထင်မှတ်ခဲ့ပြီး အခြေအနေအရပ်ရပ် ပေါ်ပေါက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမသည် အလွန်ပင် စိတ်အခြေအနေ မကောင်းနေသော်လည်း မိသားစု၏ ဂုဏ်သိက္ခာအတွက် စိတ်ရင်းမှန်ဖြင့် တောင်းပန်လေသည်။
ကွမ်ထင်းထင်း : "အဒေါ် ပိုင်ပြန်ပါတော့။ အဒေါ်ရဲ့ တောင်းပန်မှုကို ကျွန်မ လက်ခံပါတယ်၊ ဒီကိစ္စကို ကျွန်မ စိတ်ထဲမထားပါဘူး"
"ထင်းထင်း တကယ်တော့ ဝမ်တာ့ချွေက လူကောင်းတစ်ယောက်ပါ။ အဒေါ်တို့က အိမ်ကို သေသပ်အောင် ဝိုင်းကူညီပေးကြတာပါ၊ ဒါပေမဲ့..."
"ထပ်မပြောပါနဲ့တော့။ ကျွန်မက သဘောထားကြီးလို့ အဒေါ်ကို ခွင့်လွှတ်တာပါ။ ဝမ်တာ့ချွေနဲ့ ပတ်သက်လို့ကတော့ ထပ်ပြောနေဖို့ မလိုတော့ဘူး။ ကျွန်မတို့ နှစ်ယောက်ကတော့ မဖြစ်နိုင်တော့ပါဘူး။ ပြန်ပါတော့"
ကွမ်ထင်းထင်း ဖြတ်ပြောလိုက်သည်။
ပိုင်ဖုန်းရှန်းမှာ ထပ်၍ "ဒါက..." ဟု ဆိုရန် ပြင်စဉ်
"ပြန်ပါတော့"
ကွမ်ထင်းထင်း ပြတ်သားစွာ ဆိုလေ၏။
ပိုင်ဖုန်းရှန်းမှာ သက်ပြင်းချရုံမှတစ်ပါး အခြားမရှိသဖြင့် ထွက်ခွာသွားရတော့သည်။ သူမ ထွက်သွားပြီးနောက် ကွမ်ထင်းထင်းသည် ဘာမျှမပြောတော့ဘဲ ရွံရှာဖွယ်ရာ အမူအရာဖြင့် တံတွေးတစ်ချက် ထွေးလိုက်၏။
ထိုအချိန်တွင် ချန်ချင်းယွီသည် အိမ်သာဘက်သို့ ကွေ့ဝင်သွားပြီ ဖြစ်သော်လည်း အထဲသို့ လုံးဝမဝင်ရသေး၍ သူမ၏ မျက်လုံးထောင့်မှ အဘွားကြီးဟွမ် အပြေးအလွှား လိုက်လာသည်ကို မြင်တွေ့လိုက်ရသည်။
မှန်ပေသည်၊ ၎င်းမှာ အဘွားကြီးဟွမ်ပင်!!
အဘွားကြီးဟွမ်သည် အသက်အရွယ် ရနေပြီဖြစ်သော်လည်း အလွန်ပင် လျင်မြန်စွာ လျှောက်လှမ်းလာကာ လှမ်းအော်လိုက်၏။
"ရဲဘော်ကွမ်၊ ရဲဘော်ကွမ်၊ ခဏလောက် စောင့်ပါဦး!"
"အဘွားက ဘယ်သူလဲဟင်?"
အဘွားကြီးဟွမ် ; "ငါက ဝမ်တာ့ချွေတို့နဲ့ ဝင်းတစ်ခုတည်းမှာ နေတဲ့ အိမ်နီးချင်းပါ။ စတုတ္ထဝင်းမှာပဲ နေတာ၊ လူတိုင်းက ငါ့ကို အဒေါ်ဟွမ်လို့ ခေါ်ကြတယ်"
ကွမ်ထင်းထင်း ; "အဒေါ်ဟွမ် ဘာကိစ္စရှိလို့လဲ?"
"ငါ့မှာ အသက်နှစ်ဆယ်ကျော်အရွယ် သားတစ်ယောက် ရှိတယ်၊ ဝမ်တာ့ချွေထက် နည်းနည်းငယ်တယ်၊ ဒီနှစ်ထဲမှာ နှစ်ဆယ့်ရှစ်နှစ် ရှိပြီ။ သူကလည်း လူလွတ်ပါပဲ၊ စက်မှုစက်ရုံမှာ စက်ပြင်ဆရာအဖြစ် အလုပ်လုပ်နေတာ။ ငါ့သားက ရုပ်လည်းချော၊ အလုပ်လည်း ကြိုးစားသလို အရည်အချင်းလည်း ရှိတယ်။ သူက..."
အဘွားကြီးဟွမ်မှာ ဆက်လက်၍ ကြွားလုံးထုတ်ကာ
"သူက အသက်ငယ်နေလို့သာပေါ့၊ မဟုတ်ရင် ရာထူးအမြင့်ပိုင်းအဆင့်ကို ရာထူးတိုးတာ ကြာလှပြီ။ သူက လူလွတ်အဖြစ် အကြာကြီး နေလာခဲ့တာဆိုတော့ အမေဖြစ်တဲ့သူက နည်းနည်း စိုးရိမ်နေမိတာ။ ကြည့်စမ်း... ညည်းနဲ့ ဝမ်တာ့ချွေနဲ့ အဆင်မပြေဘူးဆိုရင် ငါ့သားကို ထည့်စဉ်းစားကြည့်ပါလား။ ငါ့သားက တော်တော်လေး အခြေအနေကောင်းပါတယ်။ ဒီဝင်းထဲမှာဆိုရင် ငါ့သားက ထိပ်ဆုံးက လူငယ်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲ။ သူက အတော်ဆုံးနဲ့ အလားအလာ အရှိဆုံးပဲ။ ညည်းတို့နှစ်ယောက်သာ အကြောင်းပါမယ်ဆိုရင် ညည်းရဲ့ ဘဝက သာယာဝပြောမှာပါလို့ ငါ အာမခံတယ်"
"အဒေါ်ရဲ့ သားက..."
ကွမ်ထင်းထင်း ဆိုစဉ်
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်
တယ်"
အဘွားကြီးဟွမ် ထောက်ခံလိုက်၏။
ကျွန်မ ဘာမှတောင် မပြောရသေးဘူးလေ!! သောက်ကျိုးနည်း!!
ချန်ချင်းယွီသည် အဝေးမှနေ၍ သတိဖြင့် အကဲခတ်လျက် ခိုးနားထောင်နေမိသည်။
ကြည့်စမ်း၊ ဒါက တိုက်ဆိုင်မှု မဟုတ်ဘူးလား!!
ငါ့မှာ နောက်ထပ် အခွင့်အရေးတစ်ခု ရပြန်ပြီ!!
ကံကြမ္မာက ငါ့အတွက် အတင်းအဖျင်း နားထောင်ဖို့ အခွင့်အရေးတွေကို အမြဲတမ်း ဖန်တီးပေးနေတာပဲ၊ အံ့ဩဖို့ကောင်းလိုက်တာ!!
ချန်ချင်းယွီသည် အိမ်သာနားတွင် ခိုးကြောင်ခိုးဝှက် ဆောင့်ကြောင့်ထိုင်နေမိ၏။ အထဲ၌ နံဘေးဝင်းမှ အဘွားကြီးတစ်ဦး ရှိနေသည်။ ထိုအဘွားကြီးမှာ ချန်ချင်းယွီကို သံသယဖြင့် ကြည့်ပြီးနောက် အနားသို့ တိုးကပ်ကာ "ဘာဖြစ်လို့လဲ?" ဟု တိုးတိုးလေး မေးမြန်းလာ၏။
ချန်ချင်းယွီ "ရှုး!" ဟု တိုးတိုးလေး အချက်ပြလိုက်သည်။
ထိုအဘွားကြီးသည်လည်း စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်ရာ အဘွားကြီးဟွမ်မှာ မိန်းကလေးတစ်ဦးကို ဆွဲကိုင်ကာ မနားတမ်း ပြောဆိုနေသည်ကို တွေ့လိုက်ရ၏။
"ဝမ်တာ့ချွေကို ညည်းက မကြိုက်၊ သူကလည်း ညည်းကို မကြိုက်ဘူးဆိုတော့ သေချာစဉ်းစားကြည့်ပါဦး။ ငါ့သားက တကယ်ကို တော်တာပါ"
"အို... တကယ့်ကိုပဲ!"
အဘွားကြီးဟွမ်မှာ တရစပ် လေလုံးများ ပစ်သွင်းနေလေသည်။
ချန်ချင်းယွီ !!!!
အတူကြည့်နေသော အဘွားကြီး !!!
"ညည်းတို့နှစ်ယောက် သဘောတူမယ်ဆိုရင် အိမ်ထောင်ကျပြီးရင် အိမ်ကကိစ္စအကုန်လုံးကို ငါ တာဝန်ယူပေးမယ်။ ငါက အကောင်းဆုံး ယောက္ခမ ဖြစ်လာမှာပါ။ တခြားတော့ ငါ အာမမခံနိုင်ပေမဲ့ ညည်းရဲ့ဘဝ သာယာဖို့ကတော့ ငါ အာမခံတယ်"
ချန်ချင်းယွီနှင့် ထိုအဘွားကြီးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လျက် စကားမဆိုနိုင်ဘဲ ရှိနေကြသည်။
ဒါက ကျောက်တာ့ရာ တစ်ယောက် သူ့ကိုယ်သူ သိမ်မွေ့တဲ့ အဘွားကြီးလို့ ပြောတာထက်တောင် ပိုပြီး ယုံရခက်သေးတယ်!!!
ကွမ်ထင်းထင်း ; “အဒေါ်မှာ အကြံတစ်ခုခုရှိရင် အောင်သွယ်ကတစ်ဆင့် ကျွန်မကို ပြောပါ"
ကွမ်ထင်းထင်းသည် နုံအသူ မဟုတ်သဖြင့် ထိုအဘွားကြီး၏ စကားကို အလွယ်တကူ မယုံကြည်ပေ။ သို့သော် မိမိမှာ လူကြိုက်များနေသည်ဟု တွေးတောကာ စိတ်ထဲ၌ ဂုဏ်ယူနေမိသည်။
"အဒေါ်ပိုင်ကို ကျွန်မဆီ လာပြောခိုင်းပါလား?"
အဘွားကြီးဟွမ်မှာ ရုတ်တရက် ကြက်ဖကြီး လည်ပင်းညှစ်ခံရသည့်အလား စကားမဆိုနိုင် ဖြစ်သွားလေသည်။ အကယ်၍ ပိုင်ဖုန်းရှန်း မိတ်ဆက်ပေးမည်ဆိုလျှင် သူမ၏သားမှာ အိမ်ထောင်တစ်ကြိမ် ကျဖူးသည်ဟူသော အချက်ကို မလွဲမသွေ ပြောပြပေလိမ့်မည်။အဘွားကြီးဟွမ်တွင် ကောင်းမွန်သော အစီအစဉ်ချထား၏။ သူမ၏သားမှာ အလွန်ထူးချွန်သဖြင့် မည်သူနှင့်တွေ့တွေ့ သဘောကျမည်မှာ သေချာသည်။ ကွမ်ထင်းထင်းသည်ပင် သူမ၏သားနှင့် လက်ထပ်ရန် စိတ်အားထက်သန်နေမည်ဟု သူမ ထင်မှတ်နေ၏။
သူမ၏သားမှာ အလွန်ပင် ထူးချွန်သည် မဟုတ်လော့…
သူမှာ သူမ၏သားပင်…
အရာရှိကတော်၏ သမီးနှင့်ပင် ထိုက်တန်သူ ဖြစ်သည်။ သားဖြစ်သူ၏ ယခင်ဇနီးကိုမူ သူမ အထင်မကြီးခဲ့ပေ။ သားဖြစ်သူမှာ ငယ်ရွယ်နုံအစဉ်က ထိုမိန်းမကို လက်ထပ်မည်ဟု ဇွတ်အတင်း ပြောဆိုခဲ့၍သာ သဘောတူခဲ့ရ၏။
မြေခွေးမတွေက လူတွေကို လှည့်စားတဲ့နေရာမှာ အတော်ဆုံးပဲ!!
နောက်ဆုံးတွင်မူ သူတို့ ကွာရှင်းခဲ့ကြရသည်။
ယောကျ်ားတစ်ယောက် အရှုပ်အထွေးလေးတွေ ရှိတာက ဘာဆန်းလို့လဲ?
လွတ်လပ်ရေးမတိုင်ခင်ကဆို ယောကျ်ားတွေက မယားငယ်တောင် ယူကြတာပဲ!!
သူမအနေဖြင့် ထိုအချက်ကို လက်မခံနိုင်ပေ။ သားဖြစ်သူမှာ အိမ်ထောင်နှစ်ဆက် ဖြစ်သွားရသည်ကို တွေးမိတိုင်း သူမ ဒေါသထွက်မိသည်။ ထိုမိန်းမမှာလည်း ရက်စက်လှသည်၊ ထွက်သွားချိန်တွင် သူမ၏ သမီးကိုပင် ပစ်ထားခဲ့၏။
အဘွားကြီးဟွမ်၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်သွားသဖြင့် ကွမ်ထင်းထင်းမှာ လန့်သွားကာ နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လျက် သတိဖြင့် ကြည့်နေမိသည်။ အဘွားကြီးဟွမ်သည် အခြေအနေ မဟန်သည်ကို သိရှိသွားသဖြင့် အတင်းအကျပ် ပြုံးလျက်
"အောင်သွယ် ဘာလို့ လိုမှာလဲ? ငါတို့ အချင်းချင်း သိနေကြပြီပဲဥစ္စာ။ ငါနဲ့အတူ အိမ်လိုက်ခဲ့ပြီး ငါ့သားနဲ့ တွေ့ကြည့်ပါလား။ မြင်မြင်ချင်း ချစ်သွားမယ်လို့ ငါ အာမခံတယ်။ ငါ့သားက တကယ့်ကို ပြည့်စုံတဲ့လူပါ"
သူမ ကွမ်ထင်းထင်းကို လှမ်း၍ ဆွဲကိုင်ရန် ပြင်လိုက်ရာ ကွမ်ထင်းထင်းသည် ဤအဘွားကြီးမှာလည်း လူကောင်းမဟုတ်သည်ကို သိရှိသွားလေသည်။ သူမ အေးစက်စွာဖြင့်
"ကျွန်မကို မထိပါနဲ့! ဒါက ရယ်စရာပဲ။ လူတစ်ယောက်နဲ့ တွေ့ဖို့က ဒီလောက် လွယ်ပါ့မလား? ပြီးတော့ အဒေါ်ပြောတာတွေက အမှန်တွေလားဆိုတာ ဘယ်သူသိမှာလဲ"
"မိန်းကလေး၊ သူ့စကားကို မယုံနဲ့! သူ့သားက ကွာရှင်းထားပြီး သမီးတစ်ယောက်ရှိတာကို သူ မပြောဘူး။ သူက အိမ်ထောင်နှစ်ဆက် ဖြစ်နေပြီ"
ချန်ချင်းယွီနှင့်အတူ ခိုးနားထောင်နေသော အဘွားကြီးမှာ မအောင့်နိုင်တော့ဘဲ ထွက်၍ အဘွားကြီးဟွမ်၏ အကြောင်းကို ဖော်ထုတ်လေသည်။
သူတို့အနေဖြင့် အဘွားကြီးဟွမ်အား မိမိတို့ရပ်ကွက်၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခွင့် မပြုနိုင်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် အိမ်ထောင်ရေး လိမ်လည်မှုဖြင့် လူတစ်ဦး အဖမ်းခံခဲ့ရရာ မိမိတို့လမ်းထဲရှိ လူများ ဤကဲ့သို့ ကိစ္စမျိုး၌ ပါဝင်ပတ်သက်နေသည်ကို လက်မခံနိုင်ကြပေ။ မဟုတ်ပါက နောင်တွင် မိသားစုအတွင်းရှိ ကလေးငယ်များအတွက် အိမ်ထောင်ဖက်ရှာရန် ခက်ခဲပေလိမ့်မည်။
"ဒီအဘွားကြီး၊ နင့်သား ကွာရှင်းထားတာကို တစ်ခွန်းမှ မဟဘူးနော်။ နင့်မှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ငါ ထင်တယ်"
အဘွားကြီးဟွမ် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"ဒါက နင်နဲ့ ဘာဆိုင်လို့လဲ!"
သူမသည် အနေရခက်စွာ ပြုံးလျက်
"မိန်းကလေး၊ အထင်မမှားပါနဲ့၊ ငါက ဖုံးကွယ်ထားချင်လို့ မဟုတ်ပါဘူး။ ဒီလိုကိစ္စတွေက တွေ့ပြီးမှ ပြောရမယ့် ကိစ္စတွေလေ။ ငါက..."
"တော်ပြီ! ရှင်တို့ မိသားစု အခြေအနေကိုတောင် ရှင်ကိုယ်တိုင် မသိဘဲနဲ့ ကျွန်မကို လာပြီး ဒါတွေ ပြောမနေပါနဲ့။ ကျွန်မမှာ ဘယ်လို အခြေအနေတွေ ရှိနေလဲဆိုတာ ရှင် သိရောသိရဲ့လား! ကျွန်မအိမ်ရော ကျွန်မရောက ဆွေကြီးမျိုးကြီးရှင့်! ကျွန်မက ကွာရှင်းထားတဲ့ ယောကျ်ားတစ်ယောက်ကို ရှာရမယ့်သူလို့ ရှင် ထင်နေတာလား? ဝမ်တာ့ချွေလို လူမျိုးကိုတောင် ကျွန်မက မနည်း လက်ခံခဲ့ရတာ။ ရှင်တို့ မိသားစုက ဘာမို့လို့လဲ! တကယ်ကို ဘာမှမသိတဲ့ လူတွေပဲ"
ကွမ်ထင်းထင်း တုံ့ပြန်လိုက်လေသည်။ သူမသည် အဘွားကြီးဟွမ်ကို စက်ဆုပ်စွာ ကြည့်လိုက်ပြီး….
ဘယ်လိုတောင် စောက်ရှက်မရှိတဲ့ အဘွားကြီးလဲ!! အံ့ဩပါရဲ့!
သူမသည် အေးစက်စွာဖြင့် နှာခေါင်းရှုံ့၍ လက်ကိုခါထုတ်လိုက်ပြီး
“ဘယ်လိုတောင် အဆင့်မရှိတဲ့လူတွေလဲ!”
“မိန်းကလေးကွမ်…ရဲဘော်ကွမ်!!
သောက်ချီးပဲ!! သောက်အဘွားကြီး သေခါနီးမ နင် ငါ့ကိစ္စကိုဖျက်ဆီးတယ်ပေါ့…နင်…..”
"ကောင်မ၊ ညည်းကတော့ တကယ့်ဟာသပဲ! ကိုယ့်အိမ်အခြေအနေကိုယ်လည်း ပြန်မကြည့်ဘူး၊ လူတွေကို လိမ်ဖို့ ဝံ့ရဲသေးတယ်။ ငါပြောလိုက်မယ်၊ ညည်းသာ စက်ရုံအလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးမယ်၊ ငါ့တို့ လမ်းရဲ့ နာမည်ကို ဖျက်မယ်ဆိုရင် ငါတို့မိသားစုကတော့ ဒါကို လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ လူတွေကို လိမ်ချင်နေသေးတာလား! သွားစမ်းပါ!"
သူမသည် အဘွားကြီးဟွမ်ကို အမှုမထားဘဲ တံတွေးတစ်ချက် ထွေးလိုက်ကာ
"ညည်းအိမ်မှာပဲ ယောကျ်ားသားရှိတာ မဟုတ်ဘူးနော်"
ယနေ့တွင် ဝမ်တာ့ချွေ၏ ကြင်ဖက်တွေ့ပွဲကြောင့် လမ်းကြားအတွင်း လမ်းလျှောက်နေသူဦးရေမှာ ပုံမှန်ထက် များပြားနေသည်။ လူတိုင်း ဝိုင်းအုံကာ အတင်းအဖျင်းများကို နားထောင်ရင်း လက်ညှိုးထိုး ပြောဆိုနေကြ၏။
"နင်က ငါ့ကို ဘာလို့ ဒီလိုပြောရတာလဲ? ငါ့သားအတွက် အိမ်ထောင်ဖက်ရှာတာ နင်နဲ့ ဘာဆိုင်လို့လဲ?!"
"နင်တို့အားလုံးက ငါ့အိမ်ကိစ္စကို ဝင်ပါနေကြတာပဲ! ငါက ဘာလိမ်လို့လဲ? ငါ့သားက အရမ်းတော်တာ၊ မြင်တဲ့သူတိုင်းက ချစ်ကြတာပဲ! သူက ငါတို့အိမ်ကို လာရင် ငါ့သားကို မကြိုက်ဘဲ နေပါ့မလား? နင်တို့အားလုံးက မကောင်းတဲ့စိတ်နဲ့ ငါ့အလုပ်ကို လာနှောင့်ယှက်နေကြတာ! နင်တို့အားလုံးက အယုတ်တမာတွေပဲ"
"နင်တို့... အား!"
တစ်စုံတစ်ဦးသည် အဘိုးကြီးကျန်းကို သွားခေါ်လာသဖြင့် အဘွားကြီးဟွမ် တစ်ကိုယ်တည်း ပေါက်ကရများ ပြောဆိုနေသည်ကို မြင်သောအခါ အဘိုးကြီးကျန်းသည် ရှေ့သို့တိုး၍ သူမ၏ ပါးကို အားပြင်းပြင်းဖြင့် ရိုက်နှက်လိုက်သည်။ အဘွားကြီးဟွမ်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားရ၏။
အဘိုးကြီးကျန်းမှာ "အိမ်ပြန်တော့!" ဟု ခြိမ်းခြောက်သံဖြင့် ဆိုလေသည်။
အဘွားကြီးဟွမ် : "အဘိုးကြီး..."
ဖြောင်း!
အဘိုးကြီးကျန်း နောက်တစ်ချက် ထပ်ရိုက်လိုက်ပြီး "ပြန်တော့!" ဟု အမိန့်ပေးလိုက်၏။
အဘွားကြီးဟွမ်မှာ ပါးကိုအုပ်လျက် စကားမဆိုနိုင်တော့ပေ။ အဘိုးကြီးကျန်း အသက်ကို ပြင်းပြင်းရှူကာ
"ငါတို့လမ်းရဲ့ ဂုဏ်သိက္ခာကို သူ ဖျက်ဆီးတာမျိုး ငါ ခွင့်မပြုပါဘူး။ ဒီလိုမျိုး နောက်ထပ် မဖြစ်စေရပါဘူး။ အားလုံး စိတ်မပူကြပါနဲ့၊ သူ့ကို ကျုပ် သေသေချာချာ ဆုံးမလိုက်ပါ့မယ်"
အဘိုးကြီးကျန်းသည် မကြာသေးမီက ပြဿနာများကြောင့် အလွန်အလုပ်ရှုပ်ကာ စိတ်ပင်ပန်းနေရသဖြင့် ယခုအချိန်တွင် အေးအေးဆေးဆေး နေထိုင်လိုသည်။
ရွှီကောင်းမင်ကို ကြည့်ပါလား!!
သူသည် ဘာမှဝင်မပါဘဲ အတင်းအဖျင်းများ ငြိမ်သွားစေရန် တိတ်တဆိတ် စောင့်ဆိုင်းနေသည် မဟုတ်ပါလော…
သို့သော် သူ၏ တုံးအသော ဇနီးသည်မှာမူ အပြင်ထွက်၍ လူရယ်စရာ လုပ်နေ၏။
အဘိုးကြီးကျန်းသည် အလွန်ဒေါသထွက်ကာ အဘွားကြီးဟွမ်ကို သင်ခန်းစာပေးရန် အိမ်သို့ ပြန်သွားတော့သည်။
ချန်ချင်းယွီသည် အဖြစ်အပျက်
အားလုံးကို မြင်တွေ့ခဲ့ရ၏။ သူမသည် အမျိုးသမီးများကို ရိုက်နှက်သော အမျိုးသားများကို ရွံရှာသော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ အချို့သောသူများသည် အရိပ်နေနေ အခက်ချိုးချိုး ဆိုသကဲ့သို့ ဖြစ်ကြပြီး မိမိ ကူညီလျှင်ပင် ထိုသူများမှာ မိမိအား ပြန်လည်ကိုက်ခဲတတ်သည်ကို သူမ၏ ယခင်ဘဝ အတွေ့အကြုံအရ သိရှိထားသည်။
အဘွားကြီးဟွမ်မှာ ထိုကဲ့သို့သော လူမျိုးထက်ပင် ပို၍ ဆိုးရွားပုံရသည်။ ထို့ကြောင့် ချန်ချင်းယွီသည် စေတနာထားရန် မရည်ရွယ်ပေ။
ဟက်! ဘယ်သူကမှ ငါ့အပေါ် စေတနာမရှိကြတာပဲ၊ ငါကရော ဘာလို့ စေတနာထားနေရမှာလဲ!!
ချန်ချင်းယွီသည် အိမ်သာမှ ပြန်လာခဲ့သည်။ ဝင်းအတွင်းသို့ ဝင်ဝင်ချင်းမှာပင် အတွင်းဘက်မှ ဝက်အော်သံကဲ့သို့ အော်ဟစ်သံကြီးကို ကြားလိုက်ရ၏။ ချန်ချင်းယွီမျက်လုံးကို အပေါ်သို့ လှန်လိုက်မိသော်လည်း ဘာဖြစ်သည်ကို သွားရောက်ကြည့်ရှုခြင်း မပြုပေ။ အဘိုးကြီးကျန်း အဘွားကြီးဟွမ်ကို ကိုယ်ထိလက်ရောက် ရိုက်နှက် ဆုံးမနေသည်မှာ သေချာလှသည်။ အဘွားကြီးကျောက်မှာမူ အိမ်သို့ မပြန်သေးဘဲ စတုတ္ထဝင်းရှိ အခြေအနေကို ကြည့်ရှုနေဆဲ ဖြစ်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ပင်လျှင် စပ်စုလိုစိတ်ဖြင့် အားတက်သရော ရှိနေကြသည်။
ကလေးဆိုသည်မှာလည်း စပ်စုတတ်သည်ပင်။
သို့သော် ကလေးများ အနားမကပ်မီမှာပင် အဘွားကြီးကျောက်တို့ ပြန်လည်ရောက်ရှိလာကြ၏။
အဘွားကြီးကျောက် ဝေဖန်ပြောဆိုကာ
"သူက ယောကျ်ားမဟုတ်ဘူး၊ မိန်းမကိုပဲ ရိုက်တတ်တာ၊ အသုံးမကျတဲ့လူပဲ"
ရှီကျန့်ရှန်း ; "ဒါကတော့ ဒီလိုလည်း ပြောလို့မရဘူးလေ။ အဘွားကြီးဟွမ်က ပြဿနာ ထပ်ရှာနေတာကို အဘိုးကြီးကျန်းက မဆုံးမရင် သူက တစ်ချိန်မဟုတ် တစ်ချိန်မှာ ပြဿနာ ထပ်ရှာဦးမှာပဲ"
အစ်မကြီးဖန် ခေါင်းငြိမ့်ကာ ထောက်ခံပြောဆိုလိုက်လေသည်။
"ဟုတ်တယ်။ သူက ကွမ်ထင်းထင်းက ဘာလုပ်လဲဆိုတာတောင် မစဉ်းစားဘဲ ပေါက်ကရတွေ သွားပြောနေတာ။ သူက ရဲစခန်းကလူလေ။ အကယ်၍ အိမ်ထောင်ရေးလိမ်လည်မှုနဲ့သာ အဖမ်းခံရရင် ဒီရပ်ကွက်ထဲက လူငယ်တွေ ဘယ်လိုလုပ် အိမ်ထောင်ဖက် ရှာလို့ရတော့မှာလဲ။ သူ့ကို ရိုက်တာကတော့ မှန်တယ်လို့ ငါ ထင်တယ်"
ခဏအတွင်းမှာပင် ထိုအဘွားကြီးမှာ အဘယ်ကြောင့် အရိုက်ခံရသည်ကို လူတိုင်း သိရှိသွားကြသည်။ လူအများစုမှာ အဘိုးကြီးကျန်း ရိုက်နှက်သည်မှာ မှန်ကန်သည်ဟု ယူဆကြ၏။ ကြင်ဖက်တွေ့ခြင်းမှာ ပြဿနာမရှိသော်လည်း အိမ်ထောင်ကွာရှင်းထားသည်ကိုမူ ဖုံးကွယ်၍ မရပေ။ အကယ်၍သာ စုံစမ်းစစ်ဆေးခံရပါက ဤရပ်ကွက်၏ ဂုဏ်သိက္ခာမှာ မည်သို့ရှိတော့မည်နည်း။
အဘွားကျောက်မှာမူ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ငယ်ရွယ်သေးသဖြင့် ဤကိစ္စကို သိပ်ပြီး ဂရုမစိုက်ပေ။
သို့သော်လည်း လူတိုင်း အုပ်စုလိုက် စုဝေးကာ အတင်းအဖျင်းများကို ပြောဆိုနေကြဆဲ ဖြစ်သည်။
ထူးခြားသည်မှာ အစ်မကြီးဖန်သည် ချန်ချင်းယွီကို လှမ်းခေါ်လိုက်ပြီး
"ရှောင်ချန်လေး၊ ညည်းနဲ့ ကွမ်ထင်းထင်းက အတန်းဖော်တွေ မဟုတ်လား? သူ့မိသားစုက ဘယ်လိုလဲ၊ ငါတို့ကို ပြောပြပါဦး"
ချန်ချင်းယွီ ခေါင်းခါပြကာ
"ကျွန်မတို့က အတန်းတူရုံပါ၊ အတန်းတစ်တန်းတည်း မဟုတ်ဘူး။ အချင်းချင်း သိပ်မသိကြပါဘူး"
အစ်မကြီးဖန်သည် မူလက ချန်ချင်းယွီကို မေးမြန်းရန် ခေါ်ခဲ့ခြင်းဖြစ်သော်လည်း သူမ ဘာမှမသိသည်ကို တွေ့သောအခါ အမှုမထားတော့ပေ။
"ညည်းကတော့ တကယ်ပဲ ဘာမှမသိပါလား။ ငါ့သားဆိုရင် သူ့အတန်းထဲက လူတိုင်းကို သိတာ၊ သူက တော်တော်လေး လူချစ်လူခင် များတယ်"
အစ်မကြီးဖန် သူမ၏သားကို ဂုဏ်ယူစွာ ပြောဆိုနေ၏။ သူမ၏သားသာ ချန်ချင်းယွီကဲ့သို့ ငထုံငအ ဖြစ်သွားလျှင် သူမ အလွန်စိုးရိမ်မိမည်မှာ သေချာသည်။ တော်သေးသည်မှာ သူမ၏သားမှာ ထက်မြက်ပြီး ကျောင်းတွင်လည်း သွက်လက်ချက်ချာသူ ဖြစ်နေ၏။
ချန်ချင်းယွီ မျက်တောင်ခတ်ရင်း စိတ်ထဲမှ တွေးမိသည်မှာ
ရှင့်သားက လူချစ်လူခင်များရင်လည်း မြို့မှာ နေလို့ရမယ်လို့ မဆိုလိုဘူးလေ။ ရှင်ကိုယ်တိုင်ကော အခု ပူပန်နေရပြီ မဟုတ်လား!!
ချန်ချင်းယွီ အပြင်သို့ ထုတ်မပြောသော်လည်း လင်းစန်းရှင်းသည် တိုးတိုးလေး မေးမြန်းလိုက်သည်။
"အလုပ်ရှာတာ ဘယ်လိုလဲ?"
ချန်ချင်းယွီ : "..."
သူမ မရယ်မိအောင် အတင်းအောင့်ထားရသည်။ လင်းစန်းရှင်း တမင်သက်သက် လုပ်ခြင်းဟုတ်မဟုတ်တော့ သူမ မသိပေ။
သို့သော် လင်းစန်းရှင်းသည် ရှီရှောင်ဝေကို အလွန်မုန်းတီးပြီး သူမ၏ သမီးကို ထိုကောင်လေးနှင့် ဝေးရာသို့ ပို့ဆောင်လိုသည်မှာ ထင်ရှားလှ၏။ သူမသည် အစ်မကြီးဖန် စိတ်ကို ထိခိုက်အောင် တမင်ပြောဆိုလိုက်ခြင်း ဖြစ်ပုံရသည်။ သူမ စကားပြောပြီးသည်နှင့် အစ်မကြီးဖန် မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။ အရှက်ရစိတ်ကြောင့် မျက်နှာမှာ ဖြူလိုက်နီလိုက် ဖြစ်သွားပြီး ကြည့်ရသည်မှာ အလွန်ပင် စိတ်မသက်သာဖွယ်တည်း။
ထို့နောက် စိတ်မပါလက်မပါဖြင့်
"စိတ်မပူပါနဲ့၊ သူ အလုပ်ရမှာပါ။ ငါ့သားက အရည်အချင်းရှိတော့ အလုပ်ရှာရတာ မခက်ပါဘူး"
ချန်ချင်းယွီ : "..."
ဒီဝင်းထဲက အမျိုးသမီးတွေက သူတို့သားတွေအပေါ်မှာ ဘယ်ကလာမှန်းမသိတဲ့ ယုံကြည်ချက်တွေ ရှိနေကြတာ တကယ်ကို နားမလည်နိုင်စရာပဲ!!
အံဖွယ်ပဲ!!
သို့သော် လက်တွေ့လောကမှာ သူတို့ကို သင်ခန်းစာ ပေးလိမ့်မည်ပင်။
"နင့်ရဲ့ လင်းလင်းလည်း အလုပ်မရသေးဘူး မဟုတ်လား? မိန်းကလေးတစ်ယောက်က အိမ်မှာ ဒီအတိုင်း နေနေလို့တော့ မဖြစ်ဘူးလေ"
အစ်မကြီးဖန် ပြန်လည် တုံ့ပြန်လိုက်၏။
တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ခွပ်နေကြသော ကြက်ကြီးများလိုပင်…
"မိန်းကလေးတွေလည်း အလုပ်ရှိဖို့ လိုတာပဲ၊ မဟုတ်ရင် အိမ်ထောင်ဖက်ရှာရတာ ခက်လိမ့်မယ်။ အခုနောက်ပိုင်း ကြင်ဖက်တွေ့တာတွေကို မတွေ့ဘူးလား? ယောကျ်ားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အလုပ်ရှိဖို့ လိုတယ်လေ"
အစ်မကြီးဖန်မှာ ဆရာလုပ်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။
လင်းစန်းရှင်းမှာ အနည်းငယ် အရှက်ရသွားသော်လည်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်
"သူ အလုပ်ရှာဖို့ လိုတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ငါ့လင်းလင်းက ကျေးလက်ကို ဆင်းစရာ မလိုဘူးလေ၊ အဲ့ဒါကြောင့် အေးအေးဆေးဆေး ရှာလို့ရတယ်။ ငါ့မှာ သမီးတစ်ယောက်တည်း ရှိတာဆိုတော့ သူ့အတွက် သေသေချာချာ စီစဉ်ပေးရမှာပေါ့။ နောက်မှ သားလေးရလာရင် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြတာပေါ့"
အစ်မကြီးဖန် နှာခေါင်းရှုံ့လိုက်ပြီး စိတ်ထဲမှ
ညည်းသားက ဘယ်မှာမှန်းတောင် မသိသေးဘူး။ လီလင်းလင်းက ဆယ့်ရှစ်နှစ် ရှိတော့မယ်၊ ညည်းက အခုထိ သားမမွေးနိုင်သေးတာ၊ သားရှိဖို့က ဘာမျှော်လင့်ချက် ရှိမှာလဲ!!!
သို့သော် သူမ တိုက်ရိုက်မပြောပေ။ လီချန်ရွှမ်းနှင့် လင်းစန်းရှင်းတို့မှာ သားရရန် အလွန်တမ်းတနေကြသည်ကို လူတိုင်းသိရှိကြသည်။ အစ်မကြီးဖန်မှာ ပြဿနာရှာတတ်သူဖြစ်သော်လည်း ဤကိစ္စမျိုးကိုမူ မထိရဲပေ။
ဘုရားရေ၊ ငါ့မှာ သားရှိတယ်လေ!
အကယ်၍ ဒီမိန်းမက သားမရလို့ ရူးသွားပြီး တခြားသားရှိတဲ့သူတွေကို ဓားနဲ့လိုက်သတ်ရင် ဘယ်လိုလုပ်မလဲ!!
သူမ ငယ်စဉ်က ရပ်ကွက်ထဲ၌ သားမရသဖြင့် ရူးသွပ်သွားကာ သူတစ်ပါး၏ သားများကို လိုက်လံခိုးယူသည့် အမျိုးသမီးတစ်ဦး ရှိခဲ့ဖူး၏။
သူမတွင် သားရှိသဖြင့် ဤကိစ္စကို အသုံးပြု၍ တစ်ပါးသူအား ရန်မစရန် သတိထားနေရရမည်သာ။
အစ်မကြီးဖန်သည် မိမိတွင် သားရှိသည်ကို ဂုဏ်ယူလိုသော်လည်း ထိုစိတ်ကို ထိန်းထားရလေသည်။ တံခါးဝ၌ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ကစားနေသည်ကို မြင်သောအခါ သူမက သက်ပြင်းချလျက်
"ကျန့်ဝမ်မိန်းမ၊ ငါ ညည်းကို အပြစ်ပြောတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ညည်းက ဘာလို့ သားနဲ့သမီးကို တန်းတူဆက်ဆံနေရတာလဲ? သားတွေက မိသားစုရဲ့ အခြေခံပဲလေ၊ သူတို့ကို သေသေချာချာ ပြုစုရမယ်။ သမီးတွေကတော့ အဆင်ပြေရုံပဲပေါ့၊ သူတို့က သူတစ်ပါးမိသားစုဝင် ဖြစ်သွားမယ့်သူတွေပဲဥစ္စာ..."
ချန်ချင်းယွီသည် ထိုအမျိုးသမီးကို စိတ်ပျက်သွားမိသည်။ သူမက အစ်မကြီးဖန်ကို ကြည့်ကာ စိတ်လှုပ်ရှားဟန်ဖြင့်
"အဒေါ် ဘာတွေပြောနေတာလဲ? သူတို့နှစ်ယောက်လုံးက ကိုကိုကျန့်ဝမ်ရဲ့ ကလေးတွေပဲ၊ ကျွန်မစိတ်ထဲမှာတော့ အတူတူပါပဲ။ ဘယ်သူက ပိုအရေးကြီးတယ်ဆိုတာ မရှိဘူး၊ အားလုံးက အရေးကြီးတာပဲ။ သူတို့က ကိုကိုကျန့်ဝမ် ကျွန်မအတွက် ထားခဲ့ပေးတဲ့ အဖိုးတန် ရတနာတွေလေ။ ကျွန်မကတော့ ဘက်မလိုက်နိုင်ပါဘူး!"
"အကယ်၍ ကျွန်မ ဘက်လိုက်တာကို ကိုကိုကျန့်ဝမ်သိရင် သူ တော်တော် စိတ်ပျက်မှာပဲ။ အဒေါ်… ကျွန်မ အဒေါ့်ကို အထင်မှားခဲ့တာပဲ။ အဒေါ်က ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ အဒေါ်က တကယ်ပဲ သားကို ဦးစားပေးပြီး သမီးကို နှိမ်တာလား၊ တကယ်ကို စိတ်ပျက်ဖို့ ကောင်းလိုက်တာ!"
ချန်ချင်းယွီ ပြန်လည် တုံ့ပြန်လိုက်သည်။
"ညည်းကလည်း ဘာတွေပြောနေတာလဲ? ငါက..."
ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်ကြည့်လိုက်ရာ အဘွားကြီးမှာ ချက်ချင်းပင် သဘောပေါက်သွားပြီး အော်ဟစ်
ဆဲဆိုတော့သည်။
"နင်... နင်... ဖန်မျိုးရိုးနဲ့ မိန်းမယုတ်၊ ကိုယ့်အိမ်ကိုတောင် မထိန်းနိုင်ဘဲနဲ့ ငါတို့အိမ်မှာ လာပြီး သွေးထိုးပေးနေတာလား။ နင်က မကောင်းတဲ့ စိတ်ထားရှိတာပဲ၊ နင်လိုလူစားမျိုးက ဘာလို့ မိုးကြိုးမပစ်တာလဲ မသိဘူး။ ကိုယ့်သမီးကိုကိုယ် နှိပ်စက်ပြီး တခြားလူတွေကိုပါ နင်လိုပဲ လူမဆန်စေချင်တာလား၊ အိပ်မက်မက်နေလိုက်! နင်ကတော့..."
သူမသည် အစ်မကြီးဖန်အား ဆဲနည်းမျိုးစုံဖြင့် တရစပ် ဆဲဆိုလေတော့၏။
အစ်မကြီးဖန်ခမျာ ဘာမှပြန်လည် မတုံ့ပြန်နိုင်ဘဲ ရှိနေရသည်။
ချန်ချင်းယွီ စိတ်ကျေနပ်သွား၏။အဘွားကြီးကျောက်မှာ လူကောင်းတစ်ယောက် မဟုတ်သော်လည်း အခြေအနေကို သိရှိနားလည်သူ ဖြစ်သည်။
အဘွားကြီးကျောက်အကြည့်မှာ အလွန်ပင် မဖော်ရွေလှဘဲ တတွတ်တွတ် ဆဲဆိုနေဆဲ ဖြစ်၏။
အစ်မကြီးဖန်မှာ ဒေါသကြောင့် တုန်ရင်နေသော်လည်း သူတို့အား ရန်မစသင့်သည်ကို သိရှိသဖြင့် အတင်းအကျပ် အကြောင်းအရာ ပြောင်းလိုက်လေသည်။
"ကျွန်မ မှားသွားပါတယ်၊ ဟုတ်ပြီလား? ကျွန်မက ဒီအတိုင်း ပြောလိုက်တာပါ၊ ဘာမှမရည်ရွယ်ပါဘူး။ ညည်းတို့ သဘောရှိတာ လုပ်ကြပါ။ ဒါနဲ့ ရှောင်ချန်လေး... အဒေါ်ကြီးမေ့က ညည်းကို ငါးမျှားတံ ပေးတာ ငါတွေ့တယ်၊ ညည်း ငါးသွားမျှားမလို့လား?"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ
"ဟုတ်ကဲ့"
"သူကလည်း စိတ်ထားကောင်းလိုက်တာ၊ ငါတို့ကျတော့ တစ်ချောင်းတောင် ပေးဖို့ မပြောဘူး"
အစ်မကြီးဖန် ရေရွတ်လိုက်၍
အဒေါ်ကြီးမေ့ ထိုစကားကို ကြားသွားကာ ချက်ချင်းပင် ပြန်ပက်လိုက်၏။
"ကျန့်ဝမ်မိန်းမက ငါ့ကို ငါးပြန်ပေးမယ်လို့ ကတိပေးထားလို့လေ၊ နင်က ဘာလို့ ဒီလောက် မျက်နှာပြောင်နေရတာလဲ? ငါက နင့်ကို အလကား ပေးရမှာလား? နင်က ဘာအဖိုးတန်လို့လဲ”
"နင်က ဘာလို့ ဒီလိုပြောရတာလဲ..."
အမျိုးသမီးနှစ်ဦးမှာ တစ်ဖန်ပြန်၍ ငြင်းခုံနေကြပြန်သဖြင့် ချန်ချင်းယွီသည် ပျင်းရိလာကာ အိမ်ထဲသို့ တစ်ယောက်တည်း ပြန်ဝင်ခဲ့သည်။
အမှန်စင်စစ် ချန်ချင်းယွီသည် ငါးမျှားတတ်သူဖြစ်ပြီး ချက်ပြုတ်ရာတွင်လည်း အတွေ့အကြုံရှိသူ ဖြစ်၏။ မည်မျှအထိ ရနိုင်မည်ကိုမူ မပြောနိုင်သော်လည်း ငါးမျှားရန် ဆုံးဖြတ်လိုက်ခြင်းအတွက် ပထမအချက်မှာ သူမတွင် လုပ်စရာတစ်ခု ရှိလာစေရန်ဖြစ်ပြီး ဒုတိယအချက်မှာ အစားအစာအတွက် ခိုင်မာသော အရင်းအမြစ်တစ်ခု ရရှိရန် ဖြစ်သည်။
သူမသည် နေ့တိုင်း ငါးမျှားမည်ဖြစ်ရာ မည်မျှပင် ရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ တိတ်တဆိတ် ဝယ်ယူ၍ ရနိုင်သေးသည်သာ။
မြစ်နားတွင် ငါးမျှားနေသူတိုင်းမှာ မိမိတို့အတွက်သာ မျှားနေကြခြင်း မဟုတ်ပေ၊ လူအများတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိကြ၏။
မည်သူက မိမိ၏ ဘဝအခြေအနေကို မမြှင့်တင်လိုဘဲ နေချင်မည်နည်း။ လူအများစုမှာ ရုန်းကန်နေရသည့် သာမန်လူများသာ ဖြစ်ကြသည်။ သူမတွင် ငွေအနည်းငယ် ရှိနေသဖြင့် မိမိကိုယ်ကိုယ် အငတ်ထားရန် မရည်ရွယ်ပေ။
ဒါကတော့ တကယ်ကို ရယ်စရာကောင်းတာပဲ!
သူမသည် ငွေသုံးရန် ဝန်မလေးပေ…
သူမသည် ငါးများကို တိတ်တဆိတ် ဝယ်ယူကာ မိမိကိုယ်တိုင် ဖမ်းမိသည့်အလား ဟန်ဆောင်ဦးမည်သာ
ဟိဟိ!
ချန်ချင်းယွီသည် ယခုခေတ်တွင် ရိက္ခာလက်မှတ်များ မရှိလျှင်ပင် ငွေရှိပါက ရှင်သန်ရသည်မှာ အဆင်ပြေသည်ဟု ခံစားမိ၏။ ဤသည်ကို တွေးမိသောအခါ သူမ၏ ဘိုးဘွားများ၏ ကြိုတင်စီစဉ်မှုကို အလွန်ပင် ကျေးဇူးတင်မိသည်။ ဤသည်မှာ သူမ၏ ဘိုးဘွားများ သူမအတွက် သီးသန့်ဝှက်ထားပေးခဲ့သော ပစ္စည်းများဖြစ်သည်ကို သူမ လုံးဝမယုံကြည်ဘဲ မနေနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူမ တစ်ဦးတည်းသာ သိရှိနိုင်သော နေရာဖြစ်သောကြောင့်ပင်။
အမှန်စင်စစ် ချန်ချင်းယွီသည် ပစ္စည်းများစွာ ကျန်ရှိနေသေးသည်ဟု ခံစားရသော်လည်း ယခုအချိန်တွင် မမှတ်မိသေးသဖြင့် ဖြည်းဖြည်းချင်း ရှာဖွေရဦးမည် ဖြစ်၏။ သေတ္တာ တစ်လုံး၊ နှစ်လုံး ရှိလျှင် သုံးလုံး၊ လေးလုံးလည်း ရှိနိုင်သေးသည် မဟုတ်ပါလော့။ သူမအနေဖြင့် အလျင်စလို သုံးရန် မလိုသဖြင့် ရှာဖွေရန်လည်း အားမထုတ်သေးပေ။ အကုန်လုံးကို ရှာတွေ့၍ ဝှက်ထားလျှင်ပင် လုံးဝ ဘေးကင်းမည်ဟု မဆိုနိုင်ပေ။
ဟူး!... အလျင်မလိုတာက အကောင်းဆုံးပဲ။
ချန်ချင်းယွီတွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိသော်လည်း အချို့သောအရာများမှာ ဝေးကွာကာ ဝေဝါးနေပြီး အကြောင်းရင်းကို သူမ မသိရှိပေ။ အချို့သော မှတ်ဉာဏ်များမှာ တစ်စုံတစ်ခုနှင့် ကြုံမှသာ ပေါ်လာတတ်၏။ ဥပမာ- ယခင်တစ်ခေါက်က တံခါးကို မြင်မှသာ သတိရခဲ့ခြင်းမျိုး ဖြစ်သည်။
သူမသည် နားထင်ကို အသာပွတ်လိုက်မိ၏။
"ဘာဖြစ်လို့လဲ? ခေါင်းကိုက်လို့လား?"
အဘွားကြီးကျောက် အခန်းထဲသို့ ဝင်လာပြီး သူမ ခေါင်းကို ကိုင်နေသည်ကို မြင်သောအခါ မေးမြန်းလေသည်။
ချန်ချင်းယွီ : "ဘာမှမဖြစ်ပါဘူး"
"အပြင်မှာ ပြောနေကြတုန်းလား?"
"ဟင်း!... ပြောနေကြတုန်းပဲ။ ငါ ညည်းကို ပြောပြရဦးမယ်..."
သူမသည် ချန်ချင်းယွီအနားသို့ လျှို့ဝှက်စွာ တိုးကပ်ကာ တိုးတိုးလေးပြောလိုက်၏။
"ဝမ်တာ့ချွေက ဒီတစ်ခေါက် တော်တော်လေး စိတ်ထိခိုက်သွားပုံရတယ်၊ အိမ်မှာ ငိုနေလေရဲ့"
ချန်ချင်းယွီ : "???"
ဒါက ဘာတွေလဲ?
သူမသည် မိမိကိုယ်ကိုယ် ဤဝင်းကြီးအတွင်းရှိ လူများနှင့် မတူဘဲ ထူးဆန်းနေသည်ဟု အမြဲခံစားရသည်။
ဝမ်တာ့ချွေက ငိုတယ်?
ဒီအစ်ကိုကြီးက ကွမ်ထင်းထင်းကို မြင်မြင်ချင်း ချစ်သွားတာလား?
မဖြစ်နိုင်ပါဘူး!
"ဘာလို့လဲ?"
"ဘယ်သူသိမှာလဲ? အိမ်မှာ ငိုနေတာပဲ။ ရုပ်ကြမ်းကြီးနဲ့ ငိုနေတာကို တွေးကြည့်ရင်တောင် တကယ်ကို စိတ်ပျက်ဖို့ ကောင်းတယ်"
သူမ ပခုံးတွန့်လျက်
"ငါတော့ တကယ်ကို စကားမပြောနိုင်တော့ဘူး"
ချန်ချင်းယွီလည်း အတော်ပင် ပြောစရာ စကားမဲ့သွားရသည်။
"ကျွန်မလည်း နားမလည်တော့ဘူး"
သူမသည်လည်း ရိုးသားစွာ ဝန်ခံမိ၏။
"ဒါပေါ့၊ ငါလည်း နားမလည်ဘူး!"