အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
၄၁။ ငါစက်ဘီးလိုချင်တယ်
ကမ္ဘာပေါ်မှာ သရဲဆိုတာ မရှိဘူး!
လူတွေရဲ့ ခြောက်ခြားမှုကနေ မွေးဖွားလာပြီး စိတ်ထဲထင်ချင်ရာထင်နေတာ!!
ဤအဖြစ်မှာ ချန်ချင်းယွီ တမင်တကာ ခြောက်လန့်လိုက်ခြင်း မဟုတ်ပေ။ အဘွားကြီးဝမ်မှာ မိမိဘာသာ စိတ်ခြောက်ခြား ကြောက်လန့်နေခြင်းသာတည်း။
သို့သော် ဝမ်ကျန့်ကော်သည် ကျန်းမိသားစုများကဲ့သို့ ဉာဏ်မနည်းပေ။ သူသည် စက်ရုံ၏ဝယ်ယူရေးဌာနတွင် အလုပ်လုပ်သူဖြစ်ပြီး ဗဟုသုတကြွယ်ဝကာ အမြင်ကျယ်၊ အတွေ့အကြုံများသည့်အပြင် အလုပ်လုပ်ရာတွင်လည်း ပြတ်သားသူဖြစ်၏။ သူ့မိခင်တစ်ယောက် လူကြားထဲတွင် အရှက်ကွဲမည့်အဖြစ်ကို လက်မခံနိုင်၍ အခြေအနေပိုဆိုးမလာခင် မိခင်ကို အမြန် ဖမ်းဆွဲထားလိုက်လေသည်။
ဝမ်ကျန့်ကော်; "အားလုံးကို ဒုက္ခပေးမိပြီဗျာ။ ကျွန်တော့်အမေက တိုက်ခန်းမှာနေတုန်းက ညဘက်ဆို အပြင်မထွက်ဖူးတော့ အခုလည်း ကြောက်ကြောက်လန့်လန့်နဲ့ ကိုယ့်ဘာသာကိုယ် လန့်နေတာပါ။ လူကြီးမင်းတို့အားလုံးကိုလည်း အနှောင့်အယှက် ဖြစ်သွားစေပြီ ထင်တယ်။ တကယ်ကို အားနာပါတယ်ဗျာ။ လာကူညီပေးကြတဲ့ ရပ်ဆွေရပ်မျိုးတွေကို ကျေးဇူးအများကြီးတင်ပါတယ်"
"ရပါတယ်ဗျာ၊ ခင်ဗျားအမေ ဘာမှမဖြစ်ရင် ပြီးတာပါပဲ။ ခုနက အော်လိုက်တဲ့အသံကြီးကတော့ တကယ်ပဲ သရဲခြောက်ပြီမှတ်တာ။"
"ဒီလောကမှာ ဘယ်မှာ သရဲရှိလို့လဲဗျာ။ အခုက နွေဦးဆိုတော့ လေတိုက်တာ ပြင်းတယ်လေ၊ လေတိုးတဲ့အသံကြားပြီး အဘွားကြီးက လန့်သွားတာနေမှာပေါ့။"
"အေး... အဲဒါဖြစ်မှာပါ။ ကဲ ကဲ... အားလုံးပဲ လူစုခွဲကြရအောင်။"
"သွားစို့၊ သွားစို့။"
ချန်ချင်းယွီသည်လည်း အိမ်သို့ပြန်ဝင်သွား၏။ အဘွားကြီးဝမ် အဘယ်ကြောင့် ကြောက်လန့်သွားသည်ကို သူမ ကောင်းကောင်းကြီး သိနေလေသည်။ စောစောလေးတင် အော်ဟစ်နေသည် မဟုတ်လော့။ သို့သော် ဤမျှအသက်အရွယ်ကြီးဖြင့် လောကအတွေ့အကြုံလည်း များနေပြီဖြစ်ရာ ဤမျှလောက် အသည်းငယ်လိမ့်မည်ဟု ထင်မထားမိပေ။
တော်တော်လေးကို သတ္တိနည်းတာပဲ!!
ချန်ချင်းယွီ အိမ်ထဲပြန်ဝင်လာသောအခါ အဘွားကြီးကျောက်မှာ “အု…အု” နှင့် အသံပြု အသနားခံနေရှာ၏။
သို့တိုင် ချန်ချင်းယွီမှာ သူမကို လျစ်လျူရှု၍ အေးအေးဆေးဆေးပင် အိပ်ရာဝင်ရန် ပြင်ဆင်နေသည်။
"အု... အု..."
ငါ့ကို လွှတ်ပေးစမ်းပါ၊ လွှတ်ပေးကြပါဦး၊ ငါမှားသွားပါပြီ ဟုတ်ပြီလား?
နင်က ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ?
အပြင်မှာ ဘာတွေဖြစ်နေတာလဲ? ငါ့ကို လွှတ်ပေး! လွှတ်ပေးစမ်းပါ!
အဘွားကြီးကျောက် ရင်ထဲ အကြီးအကျယ် ဒရာမာခင်းနေသော်ငြား ချန်ချင်းယွီမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေပြီဖြစ်၏။ အပြင်တွင် လေမည်မျှ တိုက်ခတ်နေသည်ဖြစ်စေ သူမနှင့် မဆိုင်သည့်အလားပင်။
အဘွားကြီးကျောက်; “…”
အု!
ငါ့ပါးစပ်ကလည်း သေနာမလေး၊ ချန်ချင်းယွီက ဘယ်လိုလူစားမျိုးလဲဆိုတာ ဘာလို့ မေ့သွားရတာလဲ…
အရူးမပဲ၊ ဒါက တကယ့်ကို အရူးမစစ်စစ်ပဲ!
ဒါနဲ့... ငါ မနက်ဖြန် အလုပ်သွားရမှာလေ! အလုပ်စဝင်ကတည်းက ငါ တစ်ခါမှ အလုပ်မနောက်ကျဖူးဘူးဟဲ့!
အဘွားကြီးကျောက်မှာ ကောင်းကင်ကြီးကို မော့ကြည့်၍ မျက်ရည်ဖြိုင်ဖြိုင်ကျနေမိလေသည်။
အမယ်လေး သနားစရာ ငါ့ဘဝလေးပါလား!
ဒီဘုရားသခင်ကလည်း ဒုက္ခရောက်နေတဲ့လူကိုမှ ရွေးပြီး နှိပ်စက်ရတာလဲ?!
သူမ ဘာလို့များ ဒီလို ချန်ချင်းယွီမျိုးနဲ့ လာတိုးရတာလဲ?!
အဘွားကြီးကျောက်မှာ ဝမ်းနည်း၊ နာကျည်းမှုများပေါင်း၍ ခွေခွေလေး ဖြစ်နေရှာ၏။
အဟမ်း!! မခွေလို့မရဘူးဟဲ့…
ချမ်းတယ်ဟဲ့!!
တကယ်ကို အသိတရား မရှိတဲ့ ကောင်မလေး….
အဘွားကြီးကျောက်မှာ ဒေါသအိုးပေါက်ကွဲမတတ် ခံပြင်းနေသော်လည်း ချန်ချင်းယွီမှာမူ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကာ မိုးလင်းခဲ့၏။ အဘွားကြီးကျောက် အလွန်စိုးရိမ်နေသည့် အလုပ်နောက်ကျမည့် အရေးမှာလည်း ဖြစ်မလာခဲ့ပေ။ နံနက်စောစော အပြင်ဘက်မှ ဆူညံသံများကြောင့် ချန်ချင်းယွီ နိုးလာပြီး သမ်းဝေရင်း အဘွားကြီးကျောက် ကိုယ်ပေါ်မှ ကြိုးများကို ဖြေပေးကာ သတိပေးစကား ဆိုလိုက်သည်။
“နောက်ဆိုရင် ကျွန်မကို လာမဆွနဲ့”
အဘွားကြီးကျောက်မှာ ပါးစပ်ထဲမှ ခေါင်းအုံးစွပ်ကို အတင်းဆွဲထုတ်ကာ အသက်ဝဝရှူလိုက်ရ၏။ သူမ၏ ရုပ်သွင်မှာ လောကဓံကို အလူးအလဲ ခံစားထားရသူအလား အိုစာသွားသယောင် ရှိသော်လည်း၊ ပါးစပ်မှ ဆူပူကြိမ်းမောင်းရန် ပြင်ပြီးမှ ချက်ချင်းပင် ငြိမ်ကျသွားကာ တိုးတိုးလေးသာ ဆိုနိုင်ရှာသည်။
"ဘာပဲဖြစ်ဖြစ် အလုပ်ကိုတော့ အထိခိုက်မခံနိုင်ဘူး"
ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။
အဘွားကြီးကျောက် တတွတ်တွတ် ရေရွတ်ရင်း
"နင်ကလည်း ဒေါသကြီးလှချည်လား။ ငါ... ငါက စကားမှားသွားတာ မှန်ပေမဲ့ နင် ငါ့ကို ရိုက်နှက်ရင်တောင် ခံဦးမယ်၊ အခုလို တစ်ညလုံး တုပ်နှောင်ထားတော့ မသက်သာဘူးပေါ့အေ"
ထို့နောက် ညည်းညည်းညူညူဖြင့် ရေဘုံဘိုင်နားသို့ မျက်နှာသစ်ရန် ထွက်လာခဲ့၏။
"ဟော... ဒေါ်လေးကျောက်ပါလား၊ ဒီနေ့တော့ အစောဆုံး မဟုတ်တော့ဘူးနော်။"
"ဖယ်ကြစမ်း၊ ဖယ်ကြစမ်း။ လူကြီးကို ရိုသေ၊ လူငယ်ကို သနားရမယ်ဆိုတာ မသိကြဘူးလား။ ဝင်းထဲက လူတွေပဲဟာ၊ ငါ အလုပ်စောစောသွားရမှန်း သိရက်နဲ့၊ ငါ့ကို အရင်ပေးသစ်ကြစမ်း!"
အဘွားကြီးကျောက် အော်ဟစ်လိုက်သည်။
ဤမိန်းမကြီးမှာ သင်ခန်းစာယူတတ်သူ မဟုတ်သော်လည်း ဝင်းထဲရှိ လူများမှာမူ သူမ၏ ထိုသို့သော စရိုက်ကို အသားကျနေကြပြီ ဖြစ်၏။
အဘွားကြီးကျောက်မှာ အမှန်တကယ်ပင် အလုပ်သွားရန် နောက်မကျခဲ့ပေ။ သူမသည် အလုပ်စဝင်ကတည်းက တစ်ခါမျှ ပျက်ကွက်ခြင်း မရှိခဲ့ဖူးရာ၊ အလုပ်မပျက်စံချိန် တင်ထားသည့် ဝမ်တာ့ချွေ၏ ပျော်ရွှင်မှုကို အခုမှပင် နားလည်
နိုင်တော့သည်။ ဤသည်မှာ သာမန်ပျော်ရွှင်မှုမျိုး မဟုတ်ဘဲ မည်သည့်အကြောင်းနှင့်မျှ အပျက်မခံနိုင်သော ဂုဏ်ယူမှုတစ်ရပ် ဖြစ်နေပေပြီ။
အဘွားကြီးကျောက်တစ်ယောက် နံနက်စောစော အလျင်အမြန် ပြင်ဆင်နေစဉ်၊ အစ်မကြီးဖန်မှာ မကောင်းကြံလိုသော အမူအရာဖြင့် ကပ်သီးကပ်သပ် မေးခွန်းထုတ်လေသည်။
"ကြားတာတော့ အဘွားကြီးဝမ်က ရှင့်ချွေးမအတွက် အိမ်ထောင်သစ် ရှာပေးနေတယ်ဆို။ သူသာ နောက်အိမ်ထောင်ပြုသွားရင် ရှင့်မြေးနှစ်ယောက်က ဘယ်လိုလုပ်မလဲ"
အဘွားကြီးကျောက်မှာ ထိုစကားကို ကြားသည်နှင့် ညမှ သူမ ခံစားခဲ့ရသည့် ဒုက္ခများကို ပြေးမြင်ကာ ဒေါသအဟုန်သည် အစ်မကြီးဖန်ဆီသို့ ဦးတည်သွားတော့၏။ သူမသည် အစ်မကြီးဖန်ကို စူးစိုက်ကြည့်ကာ စူးရှသော အသံဖြင့်
"ငါ့ချွေးမက ဘယ်တော့မှ နောက်အိမ်ထောင်မပြုဘူး၊ အဲဒီစိတ်ကို အခုကတည်းက ဖျောက်ပစ်လိုက်တော့။ ငါ့သား ဆုံးတာမကြာသေးဘူး၊ နင်တို့က ကွယ်ရာမှာ ဒီလိုအကြံပက်စက်တွေ ကြံနေကြတာလား၊ ဝဋ်လိုက်လိမ့်မယ် သတိထား! အဘွားကြီးဝမ်တို့ မိသားစုနဲ့ ငါတို့နဲ့ ဘာမှမပတ်သက်ဘဲ သူက ဘာကိစ္စ ငါ့ချွေးမကို အောင်သွယ်ပေးရမှာလဲ? နင်ကပဲ ကွယ်ရာမှာ မြှောက်ပေးနေတာ မဟုတ်လား? ဘာလဲ... ငါတို့ မိသားစု ကွဲပြားသွားမှ နင်တို့က ပျော်မှာလား? နင်တို့ ဘာကြံနေလဲဆိုတာ ငါမသိဘူး ထင်နေလား? ငါ့ချွေးမသာ အိမ်ထောင်ပြုသွားရင် ငါက အိမ်မှာ ကလေးထိန်းရင်း အလုပ်နေရာကို ရောင်းစားရတော့မှာလေ၊ နင်က အဲဒီအလုပ်နေရာကို ချောင်းနေတာ မဟုတ်လား? ဒါကြောင့်လည်း ဝမ်မိသားစုကို မြှောက်ထိုးပင့်ကော် လုပ်နေတာပေါ့။ ဖန်မျိုးရိုးကောင်မ... နင် မှတ်ထားလိုက်၊ နင့်သား ကျေးလက်ဆင်းရတော့မှာမို့ နင် လမ်းပျောက်ပြီး အကြံယုတ်တွေ ကြံနေတာ ငါသိတယ်။ ဒါပေမဲ့ ငါပြောလိုက်မယ်... ကိုယ့်အကျိုးအတွက် သူတစ်ပါး မိသားစု ပျက်စီးအောင် ကြံစည်တဲ့ နင်တို့လို လူစားမျိုးက စောစောစီးစီး ဝဋ်လိုက်လိမ့်မယ်။ လူက မစီရင်ရင်တောင် ကောင်းကင်က စီရင်လိမ့်မယ်!"
အစ်မကြီးဖန်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာပြီး ပြန်လည်အော်ဟစ်လိုက်၏။
"ရှင်... ရှင်! ဘာကို ဆိုလိုတာလဲ! ကျွန်မ ဘာမှမပြောရသေးဘူး၊ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး…ကျွန်မကို လာပြီး အပုပ်မချနဲ့၊ ကျွန်မသားကိစ္စက လည်း ရှင်နဲ့မဆိုင်ဘူး!"
သူမ စိတ်ထဲတွင် ထိုသို့သော အကြံအစည် ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း အဘွားကြီးဝမ် အောင်သွယ်ကိစ္စမှာမူ သူမနှင့် လုံးဝမသက်ဆိုင်ပေ။ ယခုကဲ့သို့ အခြေအမြစ်မရှိ အစွပ်စွဲခံရခြင်းကို သူမ အလွန်မခံမရပ်နိုင် ဖြစ်ရသည်။
"ညည်း လာပြီး ဗြောင်မလိမ်နဲ့။ အခု အဝတ်လျှော်ကန်မှာ ရေရှိသားပဲ၊ ညည်းရဲ့ ယုတ်မာတဲ့ မျက်နှာကြီးကို သွားကြည့်လိုက်ဦး။ ဘယ်သူက ညည်းအကြံကို မသိဘဲ နေမလဲ? ညည်းက စိတ်ပုပ်မ! ငါပြောလိုက်မယ်၊ ဒါတွေက လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတွေပဲ။ ညည်းသာ ငါ့ချွေးမနာမည်ကို ဖျက်ဆီးပြီး ကိုယ့်အကြံအောင်အောင် ထပ်လုပ်ဦးမယ်ဆိုရင်တော့ ငါနဲ့တွေ့ပြီသာမှတ်။ ညည်းက စက်ရုံရုံးခန်းမှာ အလုပ်လုပ်ရုံနဲ့ လူရာဝင်တယ် ထင်နေလား? ငါသာ စက်ရုံမှူးဆီ သွားတိုင်လိုက်ရင် ညည်းတို့လို ကိုယ်ကျင့်တရား ပျက်ပြားတဲ့သူတွေ ဘယ်လိုလုပ် ရုံးခန်းထဲမှာ ထိုင်နေနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့!"
အစ်မကြီးဖန်မှာ ဒေါသကြောင့် တဆတ်ဆတ်တုန်နေရှာကာ
"နင်ကတော့ တကယ့်ကို အကျိုးအကြောင်းမသိတဲ့ အဘွားကြီးပဲ။ ငါက အမှန်အတိုင်း ပြောတာလေ၊ မနေ့က အဘွားကြီးဝမ်ကိုယ်တိုင် ပြောတာကို..."
"ညည်း ပါးစပ်ပိတ်ထားစမ်း! ဒီဝင်းထဲမှာ ငါတို့မိသားစုကို ဝိုင်းပြီး ကြံစည်နေကြတာ ဘယ်သူတွေလဲဆိုတာ တစ်ယောက်ချင်းစီ ငါသိတယ်။ ညည်းတို့ မိသားစုပဲဖြစ်ဖြစ်၊ တခြား အရှက်မရှိတဲ့သူတွေပဲဖြစ်ဖြစ်၊ ဘာတွေ မျှော်လင့်နေကြလဲဆိုတာ ငါအကုန်သိတယ်။ ငါပြောလိုက်မယ်၊ ငါ့အလုပ်နေရာကိုတော့ ဘယ်သူမှ မရစေရဘူး။ ငါတို့ကို တစ်ဆင့်ခံပြီး အလုပ်နေရာကို ချောင်းနေတာလား? အိပ်မက်ယောင်နေလိုက်ကြ! အဲဒီယုတ်မာတဲ့ စိတ်တွေကို ရုပ်သိမ်းလိုက်ကြစမ်း! ဖျက်ဆီးတတ်တဲ့ အောက်တန်းစားတွေ!"
သူမသည် ရှီကျန့်ရှန်းကို တစ်ချက်ကြည့်၊ ဒုတိယဝင်းမှ မျက်နှာသစ်ရန် လာသည့် ကျောက်ရုံကို တစ်ချက်ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ ဤလူများမှာ စိတ်စေတနာကောင်းသူ တစ်ဦးတစ်ယောက်မျှ မပါချေ။
"ဘယ်သူမဆို ငါ့မိသားစုကို ထပ်ပြီး ကြံစည်ဦးမယ်ဆိုရင် သူတို့အိမ်ကိုပါ ငါအကုန် ဖျက်ဆီးပစ်မယ်။ ဘယ်သူ့ကို လာအနိုင်ကျင့်နေတာလဲ? ငါ့ကို အနိုင်ကျင့်ရလွယ်တယ် မှတ်နေလား? အယုတ်တမာတွေ!"
အဘွားကြီးကျောက်မှာ ဆဲဆိုပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့ကာ အခန်းထဲပြန်ဝင်၊ မျက်နှာကို ကမန်းကတန်း သုတ်ပြီး အပြင်သို့ ပြန်ထွက်လာသည်။ သူမ၏ ခြေလှမ်းများမှာ ရဲရင့်ပြတ်သားနေပြီး "ငါ့အလုပ်ကို ငါချစ်တယ်ဟေ့!" ဟု ကြွေးကြော်ကာ ထွက်ခွါသွားတော့၏။
နံနက်ခင်း၏ လန်းဆန်းသော လေထုထဲတွင် အဘွားကြီးကျောက်တစ်ယောက် ကျေနပ်အားရနေလေသည်။
မနေ့ညက တစ်ညလုံး အောင့်သက်သက် ဖြစ်ခဲ့သမျှ အခုမှပဲ ရင်ထဲ၌ ပွင့်ထွက်သွားတော့တယ်…
ချန်ချင်းယွီ သူမကို နှိပ်စက်လျှင် သူမမှာ အပြင်လူကို ပြန်နှိပ်စက်မည်သာ။ ဘယ်သူလာရှုပ်ရှုပ် ဂရုမစိုက်၊ သူမမှာ ကြောက်ရွံ့ခြင်း အလျှင်းမရှိ…
စိတ်ထွက်ပေါက် ရသွားသော အဘွားကြီးကျောက်မှာ လန်းဆန်းတက်ကြွစွာဖြင့် ခပ်သွက်သွက် လျှောက်လှမ်းရင်း သီချင်းပင် ဆိုနေလိုက်၏။
"ရဲရင့်တက်ကြွစွာနဲ့ ယန်စီမြစ်ကို ဖြတ်ကျော်မယ်~~~"
လမ်းသွားလမ်းလာများမှာ "ဒီအဘွားကြီး နောက်တစ်ခါ ပြန်စပြီ" ဟု ကြည့်နေကြစဉ်၊ လီချန့်ရွှမ်းမှာမူ စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူနေမိသည်။
"ငါ့နှယ်... ကံဆိုးလိုက်တာ၊ ဘာလို့ ဒီအဘွားကြီး နောက်က ထပ်ပါလာရပြန်တာလဲ"
အဘွားကြီးကျောက်: "ဟဲ့... ခြေမခိုင်တဲ့ကောင်၊ နင်က ဘာလို့ ဒီလောက်တောင် နောက်ကျနေပြန်တာလဲ။ အမလေး... နင့်မျက်ကွင်းညိုနေတာကိုလည်း ကြည့်ဦး၊ ညဘက်ကျရင်လည်း လျှော့ဦးမှပေါ့အေ။ ပင်ပန်းပြီး သေသွားတဲ့ နွားအကြောင်းပဲ ကြားဖူးတယ်၊ ထွန်ယက်လို့ ပျက်စီးသွားတဲ့ လယ်ကွင်းအကြောင်းတော့ မကြားဖူးဘူး။ နင်ကိုယ်နင်လည်း ကြည့်ဦး၊ ခြေတွေလက်တွေတောင် မခိုင်တော့ဘူး။ ဒါတောင် မလျှော့နိုင်သေးဘူးလား၊ ဒီမျက်ကွင်းညိုကြီးက အဘွားကြီးရှီနဲ့တောင် တူနေပြီ။"
လီချန်ရွှမ်း : "..."
ဒီအဘွားကြီး... ဘာလို့ ချော်လဲပြီး သေမသွားတာလဲ မသိဘူး!
အဘွားကြီးကျောက် ခြေချော်သွားလေသည်။
လီချန်ရွှမ်း : "!!!"
သူ ထိတ်လန့်သွားပြီး တုန်တက်သွားကာ အဘွားကြီးကျောက် သူ့ကို လှမ်းဆွဲလိုက်သဖြင့် နှစ်ယောက်သား အတူတူ လဲကျမည့်ဘေးမှ ကံကောင်းထောက်မစွာ လွတ်သွား၏။
ငါ့ပါးစပ်က ဒီလောက်တောင် စီးတာလား?
အဘွားကြီးကျောက် : "ခြေမခိုင်တဲ့ကောင်၊ နင်လည်း အသုံးတည့်သားပဲ။"
သူမသည် ယခင်ည တစ်ညလုံး အချည်ခံထားရသဖြင့် ခြေထောက်များ အမှန်တကယ်ပင် ထုံကျင်နေခြင်း ဖြစ်သည်။ ချန်ချင်းယွီတစ်ယောက် လူမဆန်ပုံကိုလည်း စိတ်ထဲမှ ထပ်မံညည်းတွားလိုက်မိ၏။
လီချန်ရွှမ်း စဉ်းစားဟန်ဖြင့်
"မနေ့ညက ဝင်းထဲမှာ ဒီလောက် ဆူညံနေတာ၊ ကျွန်တော် ဘယ်လိုလုပ် အိပ်ပျော်မလဲ။ ကျန်းရှင်းဖှမိန်းမကိစ္စကို တွေးနေတုန်းရှိသေး၊ ဒေါ်ကြီးဝမ်က သရဲတွေ့တယ်ဆိုပြီး အော်တော့တာပဲ။ ကျွန်တော့်မိန်းမက ကြောက်တတ်တော့ တစ်ညလုံး မအိပ်ရဘူး။"
"သရဲခြောက်တယ်?"
အဘွားကြီးကျောက်သည် အပြင်ဘက်မှ ဆူညံသံများကို ကြားခဲ့သော်လည်း ထိုစဉ်က အချည်ခံထားရသဖြင့် ဘာဖြစ်မှန်း မသိခဲ့ပေ။
"ခင်များ မသိဘူးလား?"
အဘွားကြီးကျောက် ချက်ချင်းပင် လေလုံးထွားလိုက်ကာ
"သိတာပေါ့၊ ငါက ဘာလို့ မသိဘဲ နေမလဲ။ ဒါပေမဲ့ ငါက အိပ်နေပြီဆိုတော့ ထမကြည့်လိုက်တာ။"
တကယ်က အချည်ခံထားရလို့ ထွက်မရတာ…
'သြော်... ခုနက ကောင်မဖန် ပြောတာ ဒါကိုး' ဟုလည်း သူမ စဉ်းစားမိသွားသည်။
လီချန်ရွမ်း အဘွားကြီးကျောက်ကို တစ်ချက်ကြည့်ပြီး
"ဒေါ်ကြီးဝမ်က အိမ်သာသွားရင်း သရဲတွေ့တယ်လို့ အော်တာလေ၊ အဲဒီသရဲက ခင်များသား လင်းကျန့်ဝမ် တဲ့။"
အဘွားကြီးကျောက်: "အမလေး... တကယ်ကြီးလား!"
ဒီလောကမှာသာ တကယ် သရဲရှိရင် သူမတို့မိသားစု ဘဝက ဒီလိုဖြစ်နေပါ့မလား…
သူမကတော့ သရဲရှိတယ်ဆိုတာ လုံးဝမယုံကြည်ပေ…
"ဒေါ်ကြီးဝမ်က ခင်များချွေးမကို အောင်သွယ်ပေးချင်လို့ ခင်များသားက လာခြောက်တာတဲ့။"
အမှန်အတိုင်းပြောရလျှင် လီချန်
ရွှမ်းလည်း မယုံပေ။
တကယ်သာ သရဲရှိရင် တစ်ဝင်းလုံး ပွက်လောရိုက်နေလောက်ပြီပေါ့…
သူ့ယောက္ခမတွေတောင် သူ့ဆီ လာဦးမယ်!!
သုံးဆက်မြောက်ရင် မျိုးရိုးပြန်ပြောင်းပေးမယ်လို့ ကတိပေးထားပြီးမှ လူကွယ်လွန်တာနဲ့ မျိုးရိုးနာမည် ပြောင်းလိုက်တာကိုး!
တကယ်သရဲရှိရင် ယောက္ခမတွေက သူ့ကို အရင်လာပြီး ဂုတ်ချိုးမှာပေါ့!
ဒါကြောင့် သရဲရှိတယ်ဆိုတာ သူလည်း မယုံပေ…
"ကျွန်တော်ကတော့ သရဲရှိတယ်လို့ မယုံပါဘူး၊ ဒါပေမဲ့ မိန်းမသားတွေက ကြောက်တတ်တော့ ကျွန်တော့်မိန်းမလည်း နည်းနည်းတော့ လန့်နေတာပေါ့။ မနေ့ညက အိပ်မပျော်တာနဲ့ စတုတ္ထဝင်းထဲက ကျန်းရှင်းဖှ လင်မယားအကြောင်း ထိုင်ပြောနေကြတာ။"
အဘွားကြီးကျောက် နှုတ်ခမ်းမဲ့ကာ
"သူတို့မိသားစုကလည်း ဦးနှောက်မရှိဘူးလို့ ငါပြောတာပေါ့။ ကွာရှင်းပြီးပြီဆိုရင်လည်း အဲဒီမိန်းမကို အိမ်မှာ ဆက်မထားသင့်တော့ဘူး။ ဘာလဲ... အတူအိပ်မယ့်လူ ရှိနေတာကို မက်နေတာလား? အခုတော့ ကြည့်ဦး၊ လူလည်း ထွက်သွားတယ်၊ အိမ်က ပစ္စည်းတွေလည်း ပါသွားသေးတယ်။ နောက်ပြီး ခေါင်းပေါ်မှာဦးချိုကြီး အတပ်ခံရတာ တစ်မြို့လုံး သိသွားပြီ၊ အရှက်ကွဲလိုက်တာအေ။ ကွာရှင်းပြီးမှ နောက်အိမ်ထောင်ပြုတာက ဘာမှမဖြစ်ပေမဲ့၊ ကွာရှင်းပြီးမှ အတူတူ အိပ်နေတုန်းမှာ နောက်တစ်ယောက်နောက် ပါသွားတာကတော့ သိသိသာသာကြီး အစိမ်းရောင် ဦးချို အတပ်ခံရတာပဲ မဟုတ်လား။"
အဘွားကြီးကျောက်သည် ကျန်းမိသားစု နာမည်ပျက်လေ ပျော်လေပင်။
သို့သော်လည်း အဘွားကြီးကျောက် စိတ်ထဲတွင် လေးလေးနက်နက် သံသယဖြစ်မိသည်မှာ... မနေ့ညက သရဲခြောက်တဲ့ကိစ္စသည် ချန်ချင်းယွီဆိုသည့် အရူးမ လက်ချက် ဖြစ်နိုင်သည်ဟူ၍ပင်။
ဆူညံသံများ ထွက်လာပြီးမှ ချန်ချင်းယွီ ထွက်လာသည် မှန်သော်လည်း၊ ထိုအရူးမ လုပ်ရပ်များမှာ ခန့်မှန်း၍ ရသည်မှ မဟုတ်ပေ။ မီးလောင်ရာ လေပင့်တတ်သည့် အကျင့်လည်း သူမမှာ ရှိပြီးသားတည်း။ သူမကိုယ်တိုင် ပထမဆုံး အကြိမ် အရိုက်ခံရချိန် ချန်ချင်းယွီ အပြင်ကိစ္စကို အသုံးချပြီး သူမကို တွန်းထုတ်ခဲ့ကာ နောက်ဆုံး အဘွားကြီးဟွမ်ကို အပြစ်ပုံချခဲ့သည် မဟုတ်လော့။
ဖြစ်နိုင်တယ်… ဒါ ဒီကောင်မလက်ချက်ပဲ ဖြစ်မယ်!
အရင်ကလည်း သူမ သရဲယောင်ဆောင်ပြီး ကျန်းရှင်းဖှကိုခြောက်လှန့်ခဲ့ဖူးသေးတယ်..
အခုလည်း တစ်ယောက်လောက် ထပ်တိုးခြောက်တာ ဘာခက်မှာလဲ..
သူမချွေးမ နောက်အိမ်ထောင်မပြုချင်သည်မှာ သေချာသဖြင့်၊ ဤသို့သော ကိစ္စမျိုး ဖြစ်သွားလျှင် နောက်နောင် မည်သူမှ အောင်သွယ်ဝံ့တော့မည် မဟုတ်ပေ။ သရဲခြောက်မည်ကို မည်သူ မကြောက်ဘဲ နေမည်နည်း။
စဉ်းစားလေ ချန်ချင်းယွီ လက်ချက်ဖြစ်မည်ဟု ပိုယုံကြည်လေ ဖြစ်လာ၏။
အဘွားကြီးကျောက်သည် နှုတ်ခမ်းကို မဲ့လိုက်ကာ၊ နောက်နောင် ထိုအရူးမကို မစမိအောင် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်မိသည်။ တခြားလူများ ပုံမှန်ဖြစ်သော်လည်း ထိုမိန်းမသည်ကား တကယ်ပင် အရူးမ ဖြစ်၏။
မတတ်နိုင်ဘူး!
သူမ ကျောက်တာ့ရာကတော့ အရှုံးပေးရုံသာ ရှိတော့တယ်…
အဘွားကြီးကျောက် ပုခုံးလေးတွန့်ကာ
"သရဲရှိတာ၊ မရှိတာကတော့ ပြောရခက်တာပေါ့အေ။ ဒါနဲ့... ကျန်းရှင်းဖှရဲ့ မိန်းမက ရွှီကောင်းမင်ရဲ့ သားသုံးယောက်စလုံးနဲ့ ပတ်သက်နေတာ တကယ်များလား..."
လီချန်ရွှမ်း : "ကျွန်တော် ထင်တာကတော့... အဟမ်း... ဖြစ်နိုင်ပါတယ်။"
"ဟင်? နင်လည်း အဲဒီလို ထင်တာလား? ငါလည်း အဲဒီလိုပဲ ထင်တယ်။ သူမကလည်း လိမ်ပြောစရာ အကြောင်းမှ မရှိတာ။"
"ဟုတ်တယ်၊ ဟုတ်တယ်..."
နှစ်ယောက်သား စကားတပြောပြောဖြင့် ပေါ့ပါးစွာ လျှောက်လာကြသည်။ ထမင်းချက်ဆောင်သို့ အမြန်ရောက်ပြီး သတင်းများကို လူတိုင်းကို ဖြန့်ဝေချင်လှပြီဖြစ်၏။
ဒီလို ဦးချိုအစိမ်းရောင် တပ်ခံရတဲ့ ကိစ္စမျိုးက ကြုံရခဲတယ် မဟုတ်လား..
နှမြောစရာ ကောင်းသည်မှာ ကျန်းရှင်းဖှ တစ်ယောက် ယခုတလော အလုပ်ခွင့်ယူထားခြင်းပင်။ မဟုတ်လျှင်မူ ထမင်းသွားယူသည့် အပေါက်သို့ သွားကာ ကျန်းရှင်းဖှအတွက် အစိမ်းရောင်ရှိသော ဟင်းလျာများကိုသာ ရွေးပြီး ထည့်ပေးလိုက်ချင်ပါသေးသည်။
သူ့အတွက် အစိမ်းရောင်က အလွန်လိုအပ်နေသည် မဟုတ်လား!
အဘွားကြီးကျောက်မှာ စိတ်အားထက်သန်စွာဖြင့် စကားဖောင်ဖွဲ့နေလေသည်။ အမှန်စင်စစ် အဘွားကြီးကျောက်ကဲ့သို့သော အမျိုးသမီးမျိုးမှာ အသက် ရာကျော်ရှည်မည်ဆိုလျှင်ပင် အံ့ဩစရာမဟုတ်ပေ။ သူမ၏ စိတ်နေစိတ်ထားမှာ အလွန်ပင် ထူးခြားလှပြီး ခင်ပွန်းဖြစ်သူ သို့မဟုတ် သားဖြစ်သူ ကွယ်လွန်သွားပါစေဦး၊ သူမသည် တစ်ဝုန်းဝုန်း ငိုကြွေးပြီးသည်နှင့် ထိုအဖြစ်အပျက်ကို မေ့ပျောက်ကာ ရှေ့လျှောက်ရမည့် နေ့ရက်များကို ချက်ချင်းပင် လက်ချိုးရေတွက်တော့၏။
သူမ၏ အဓိကနည်းဗျူဟာမှာ မိမိကိုယ်ကိုယ် စိတ်ဆင်းရဲအောင် မပြုဘဲ သူတစ်ပါးကိုသာ ဒုက္ခပေးရန် ဖြစ်သည်။ သူမသည် မည်သည့်အခါမျှ အမှားမလုပ်ဘဲ အမြဲတမ်း သူတစ်ပါးသည်သာ မှားသည်ဟု အစဉ်တစိုက် အခိုင်အမာ ပြောလေ့ရှိ၏။
ရိုက်နှက်ခံရလျှင်ပင် သူမ ဂရုမစိုက်ပေ။ ထိုဒေါသအာဃာတကို ဖောက်ထွက်ရန် အခြားတစ်ယောက်ကို ချက်ချင်း ရှာဖွေတတ်ပြီး သူမသည် တစ်ကိုယ်ကောင်းဆန်သော်လည်း အရာရာကို အစွဲအလမ်းမထားဘဲ ဖြတ်တောက်နိုင်သည့် စရိုက်ရှိသည်။
ဥပမာအားဖြင့် - မနေ့ညက အလွန်ပင် ဆိုးရွားသော အခြေအနေနှင့် ကြုံခဲ့ရသော်လည်း ယနေ့တွင်မူ သူမသည် အရာရာကို မေ့ပျောက်ကာ လန်းဆန်းစွာ နိုးထနေခြင်းမျိုးပင်။
သူမသည် မည်သည့်အရာကိုမျှ အလေးအနက်မထားသကဲ့သို့ တိုက်ဆိုင်စွာပင် ချန်ချင်းယွီသည်လည်း အလားတူပင် ဖြစ်၏။ ချန်ချင်းယွီကဲ့သို့ စိတ်ဓာတ်ခိုင်မာပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူမျိုးမှသာ အဘွားကြီးကျောက်ကဲ့သို့သော လူစားမျိုးကို ကိုင်တွယ်နိုင်ပေလိမ့်မည်။ သာမန်လူတစ်ယောက်သာဆိုလျှင် အဘွားကြီးကျောက်ကြောင့် ဘာမျှမလုပ်ရသေးခင်မှာပင် ရူးသွပ်သွားနိုင်ပေသည်။
ထို့ပြင် တိုက်ဆိုင်မှုတစ်ခုမှာ ချန်ချင်းယွီသည်လည်း မိသားစုတွင်း ပြဿနာများကို စိတ်ရှုပ်ခံတတ်သူ မဟုတ်ပေ။ ယနေ့တွင် သူမသည် အိပ်ရာမှ နောက်မကျဘဲ စောစီးစွာ နိုးထကာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေလေ၏။
ဤသည်မှာ ချန်ချင်းယွီအတွက် ပထမဆုံးအကြိမ် စိုက်ပျိုးခြင်း ဖြစ်ပြီး အဒေါ်ကြီးမေ့မှာ သူမကိုမြင်လျှင်
"စောလှချည်လား! နေဦး... ငါ လာကူညီပေးမယ်"
ချန်ချင်းယွီ ပြုံး၍
"ကျေးဇူးတင်ပါတယ်”
"တို့တွေက တစ်ဝင်းတည်းသားတွေပဲ၊ အားနာနေစရာမလိုပါဘူး။ ဒါနဲ့ နင် သိပြီးပြီလား? ဒီမနက် နင့်ယောက္ခမကြောင့် အစ်မကြီးဖန် စိတ်မကောင်းဖြစ်ပြီး ငိုသွားတယ်လေ"
"တကယ်လား? ကျွန်မတော့ မယုံပါဘူး"
ချန်ချင်းယွီ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"ဘာလို့ မဟုတ်ရမှာလဲ၊ တကယ်
ဖြစ်တာပေါ့။ အစ်မကြီးဖန်ဆိုရင် မျက်ရည်တွေနဲ့ အလုပ်သွားရရှာတာ။ နင့်ယောက္ခမရဲ့ တိုက်ခိုက်လိုစိတ်ကတော့ တကယ်ပြင်းထန်တာပဲ။ အဲဒီလိုလူမျိုးနဲ့ နီးစပ်ရတာ နင့်အတွက်တော့ ကံဆိုးတာပဲ"
ချန်ချင်းယွီ; "မဟုတ်ပါဘူး၊ သူမက တကယ့်ကို သဘောကောင်းတဲ့သူတစ်ယောက်လို့ ကျွန်မ ထင်ပါတယ်"
ငါက သူမကို ရိုက်နှက်ခဲ့တာမှန်ပေမဲ့ သူမကတော့ ဘယ်အရာက ကိုယ့်အတွက် ကောင်းမလဲဆိုတာ ကောင်းကောင်း သိရှာသားပဲ…
"နင်ကတော့ သူဘက်ကပဲ အမြဲကာကွယ်ပြောနေတော့တာပဲ။ သူ ဘယ်လိုလူလဲဆိုတာ နင် မသိသေးလို့ပါ။ ငါကတော့ သူနဲ့ အိမ်နီးချင်းဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ ဘယ်သူက ဘာလဲဆိုတာ ငါ အကုန်သိတယ်"
အဒေါ်ကြီးမေ့၏ အကူအညီဖြင့် ပန်းအိုးများထဲတွင် အပင်စိုက်ပျိုးခြင်းမှာ မကြာမီပင် ပြီးစီးသွားသည်။ ချန်ချင်းယွီသည် ပန်းအိုးများကို ပြတင်းပေါက်အောက်တွင် အစီအရီချထားလိုက်ပြီး မှိုများကို ထုတ်၍ အခြောက်လှန်းလိုက်၏။ ယခင် ခူးထားသော မှိုများကို သိုလှောင်ရန်မှာ သေချာစွာ ခြောက်သွေ့နေရန် လိုအပ်လှသည်။
အဒေါ်ကြီးမေ့ : "ဒါတွေ အခုထိ မစားရသေးဘူးလား?"
ချန်ချင်းယွီ : "သိပ်မစားဖြစ်လို့ပါ”
"ခဏနေရင် မြို့ပြင်က ကျုံးနားမှာ မုန့်ညှင်းပေါက်ပင် သွားတူးမလို့၊ ဒေါ်လေး လိုက်ဦးမလား?"
နွေဦးရာသီတွင် မုန့်ညှင်းပေါက်ပင်ဖြင့် ပြုလုပ်သော ဖက်ထုပ်ကို စားရခြင်းမှာ အလွန်ပင် မွေ့လျော်ဖွယ် ကောင်းလှသည်။
"ငါတော့ မလိုက်တော့ဘူး။ ရပ်ကွက်ကော်မတီက ပေးထားတဲ့ အလုပ်တစ်ခု မပြီးသေးလို့"
အဒေါ်ကြီးမေ့၏ မိသားစုမှာ ကျောင်းတက်နေသည့် ကလေးငယ်များစွာရှိပြီး တစ်ဦးချင်းဝင်ငွေမှာ ၅ ယွမ်အောက်သာ ရှိသဖြင့် ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုအဖြစ် သတ်မှတ်ခြင်းခံရကာ အလုပ်ရရှိရန် ဦးစားပေးခံရသူ ဖြစ်၏။ ချန်ချင်းယွီ၏ မိသားစုမှာ လူဦးရေ နည်းပါးသဖြင့် ထိုစာရင်းဝင် မဝင်ချေ။
ချန်ချင်းယွီ စိတ်ဝင်တစားဖြင့် စပ်စုလိုက်ကာ
"အခုတလော ရပ်ကွက်ကော်မတီက ဘာအလုပ်တွေ ပေးနေတာလဲ"
"မီးခြစ်ဆံတွေ ကပ်တဲ့အလုပ်လေ"
ထို့နောက် အဒေါ်ကြီးမေ့မှာ အသံကိုနှိမ့်၍
"ဟဲ့... နင် ငါးမျှားတံ ဝယ်မလို့လား?"
ချန်ချင်းယွီက ခေါင်းညိတ်ပြရာ အဒေါ်ကြီးမေ့မှာ သူမအား ကမ်းလှမ်းလာ၏။
"ငါ့သားအငယ်ဆုံးက ငါးမျှားတံ လုပ်တတ်တယ်။ မဝယ်ပါနဲ့၊ ငါ သူ့ကို တစ်ခု လုပ်ပေးခိုင်းလိုက်မယ်။ ဆိုင်က ဝယ်တာတွေထက် မညံ့စေရဘူး စိတ်ချ"
ချန်ချင်းယွီ အခြေအနေကို နားလည်သဖြင့်
"ဘယ်လောက်ကျမလဲဟင်? ငါးမျှားကြိုးတွေကလည်း ပိုက်ဆံပေးရတာဆိုတော့ ကျွန်မ အလကားတော့ မယူချင်ဘူး"
"ပိုက်ဆံ မယူပါဘူးအေ။ နင် ငါးရတဲ့အခါ ငါတို့ကို နှစ်ကောင်လောက် ပေးရင် ရပါပြီ၊ ဘယ်လိုလဲ?"
ချန်ချင်းယွီ ပြုံးလိုက်ပြီး
"ဒေါ်လေးက ကျွန်မ ငါးမရမှာကို မစိုးရိမ်ဘူးလား?"
"ဟဲ့... နင့်လက်ရည်ကို ငါ ယုံပြီးသားပါ။ ပြီးခဲ့တဲ့တစ်ခေါက်က ငါးက တော်တော်ကြီးတယ်။ အဲဒီလောက် အကြီးကြီး ပေးစရာမလိုပါဘူး။ ငါးအကြီးဆိုရင် တစ်ကောင်၊ အငယ်ဆိုရင် နှစ်ကောင်ပေး၊ ဒါဆိုရင် အဆင်ပြေပြီ"
"ကောင်းပါပြီ၊ ကျွန်မအတွက် အဆင်ပြေပါတယ်"
ချန်ချင်းယွီ သဘောတူလိုက်လေသည်။ မည်သူ့ထံမှ ဝယ်ယူသည်ဖြစ်စေ သူမအတွက် ထူးခြားမှုမရှိပေ။
"ဒါဆို သဘောတူပြီနော်"
"ဟုတ်ကဲ့ပါ"
ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ အိမ်တံခါးကို သေချာစွာ ပိတ်၍ အပြင်သို့ ထွက်လာခဲ့သည်။
“အဲ့ဒါဘယ်သွားကြမလို့ပါလိမ့်”
ရှီကျန့်ရှန်း တိုးတိုးမေးမြန်းလိုက်ရာ အဒေါ်ကြီးမေ့မှာ
“မုန်ညှင်းပင်ပေါက် သွားတူးကြမလို့တဲ့”
ချန်ချင်းယွီမှာ ရှီကျန့်ရှန်းအား အေဖာ်စပ်၍ မေးမြန်းလိုက်၏။
“ဒေါ်လေးရှီရော လိုက်ဦးမလား”
အဘွားကြီးကျောက်မှာ တစ်ဝင်းလုံးရှိ လူများကို ရန်ရှာနေသော်လည်း ချန်ချင်းယွီမှာမူ လူတိုင်းကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သဖြင့် စိတ်ထဲတွင် မည်သို့ပင်ရှိစေကာမူ လူတိုင်းသည် သူမအပေါ် နှုတ်ဖြင့်တော့ ရုန့်ရင်းကြမ်းတမ်းစွာ မပြောကြပေ။ အမှန်စင်စစ် အဘွားကြီးကျောက်သည် သူမအပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံသည်မဟုတ်ရာ သူမသည် ပို၍ပင် အနိုင်ကျင့်ခံနေရသူဟု လူအများမှာ ယူဆနေကြသည်။
ထိုသို့ နှိုင်းယှဉ်ကြည့်မိကြသဖြင့် လူတိုင်း သူမအပေါ် သဘောထားမဆိုးသည့်အပြင် အနည်းငယ်ပင် သနားမိကြ၏။ သို့သော်လည်း "လူကို အပြင်ပန်းဖြင့် ဆုံးဖြတ်၍မရ" ဟူသော စကားကိုမူ သူတို့ သတိမူမိကြပုံမပေါ်ပေ။
ရှီကျန့်ရှန်း ; "ငါတော့ မလိုက်ပါဘူးအေ၊ ငါတို့အိမ်က ဒါလေးတစ်လုပ်အတွက်နဲ့တော့ အပင်ပန်းမခံနိုင်ဘူး”
သူမ၏ခင်ပွန်းမှာ လစာ ၉၀ ကျော် ရရှိသူဖြစ်သဖြင့် ဟင်းတစ်ခွက်စာအတွက်နှင့် သွားရောက်လုပ်ကိုင်ရန် မလိုအပ်ဟု ယူဆထားလေသည်။
ချန်ချင်းယွီသည် ကလေးများကို ခေါ်ဆောင်၍ အပြင်သို့ ထွက်လာရာ ရှေ့ဝင်းတွင် အဘွားကြီးဝမ်နှင့် ဆုံမိ၏။ ချန်ချင်းယွီ နှုတ်ဆက် စကားတစ်ခွန်းဆိုရန် ပြင်လိုက်သော်လည်း အဘွားကြီးဝမ်သည် သူမကို မြင်သည်နှင့် အိမ်ထဲသို့ သုတ်ခြေတင် ပြေးဝင်သွားတော့သည်။
ချန်ချင်းယွီ : "..."
ကျွန်မက အဲဒီလောက်တောင် ကြောက်စရာကောင်းနေလို့လား!
လင်စန်းရှင်းသည်သာ ချန်ချင်းယွီကို လှမ်းပြောလေ၏။
"ချင်းယွီ... ငါ့ကို ခဏစောင့်ဦး၊ ငါလည်း နင်နဲ့အတူ လိုက်ခဲ့မယ်"
ချန်ချင်းယွီက ခေါင်းညိတ်ပြသော်လည်း
"ကျွန်မက ကလေးနှစ်ယောက်ပါတော့ ဘတ်စ်ကားစီးသွားမလို့လေ၊ လမ်းလျှောက်သွားဖို့က အဆင်မပြေလို့"
လင်စန်းရှင်း ချက်ချင်း မျက်နှာပျက်သွားသော်လည်း အိန္ဒြေဆယ်လိုက်ကာ
"ကားခက အသွားအပြန်ဆိုတော့ အကုန်အကျ များမှာပေါ့၊ ဒါက မတန်ပါဘူးအေ"
“ကျွန်မသိပါတယ်၊ ဒါပေမဲ့ ကလေးတွေပါတော့ အသွားအပြန် လမ်းလျှောက်ဖို့က မလွယ်ဘူးလေ။ ပြီးခဲ့တဲ့တစ်ခေါက် မြို့ပြင်ကို မှိုသွားခူးတုန်းက လမ်းလျှောက်သွားတာ၊ ကလေးကို ချီပြီး လျှောက်ရတာ တော်တော်လေး ပင်ပန်းခဲ့တယ်။ အခုတော့ အားကို မရှိတော့လို့ပါ"
သူမသည် သူတစ်ပါးအတွက်နှင့် မိမိကိုယ်ကိုယ် အပင်ပန်းခံရန် အစီအစဉ်မရှိပေ။
လင်စန်းရှင်း; "အင်း... ဒါဆိုရင်လည်း နင်တို့ အရင်သွားနှင့်ကြပေါ့။ ငါကတော့ ခဏနေမှ လာခဲ့မယ်၊ ကျုံးနားမှာပဲ မဟုတ်လား"
"ဟုတ်ကဲ့၊ မနေ့က မြေကြီးသွားတူးရင်း ကြည့်ခဲ့တာ အဲဒီမှာ မုန်ညှင်းပင်ပေါက်တွေ အများကြီးပဲ"
"အေးအေး... ဒါဆို နင်တို့ အရင်သွားနှင့်၊ ငါလည်း လင်းလင်းနဲ့အတူ ခဏနေရင် လိုက်ခဲ့မယ်။"
နှစ်ဖက် ခွဲခွာသွားကြပြီးနောက် ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ ဘတ်စ်ကား စီးခဲ့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ခြေတိုလေးများဖြင့် တက်ကြွစွာ လျှောက်လှမ်းနေကြ၏။ သူတို့သည် မိခင်နှင့်အတူ အပြင်ထွက်ရသဖြင့် အလွန်ပင် ပျော်ရွှင်နေကြကာ၊ နာ့နာတို့ မိဘများသည်ပင် သူတို့အမေကဲ့သို့ အမြဲတစေ အတူခေါ်ဆောင်သွားလေ့ မရှိ၍ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အနည်းငယ် ဂုဏ်ယူနေကြသည်။ ကလေးငယ်များမှာ မိခင်နှင့်အတူ ရှိနေရခြင်းကို အနှစ်သက်ဆုံး မဟုတ်လော့။
“ထိုင်ခုံလွတ်တွေ ရှိသေးတယ် ဒီမှာထိုင်ကြ”
“ဟုတ်ကဲ့”
ချန်ချင်းယွီ ပြောလိုက်သောအခါ ကလေးလေးများမှာ ချစ်စဖွယ် တုံ့ပြန်ကြ၏။
ဘတ်စ်ကားဖြင့် သွားရသဖြင့် မြို့ပြင်သို့ မကြာမီပင် ရောက်ရှိသွားသည်။ အားလပ်ရက် မဟုတ်သဖြင့် ကျုံးနားတွင် ငါးမျှားသမား အနည်းငယ်သာ ရှိပြီး လူသိပ်မများပေ။ သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ယခင် ငါးရောင်းခဲ့သည့် ဆရာယွီကိုမူ မတွေ့ရပေ။
ချန်ချင်းယွီသည် ကလေးများကို ခေါ်ဆောင်၍ တောအုပ်ထဲသို့ ဝင်ကာ ဟင်းရွက်များ စတင်တူးလေသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း လက်ထဲတွင် ပေါက်တူးလေးများ ကိုင်ဆောင်ကာ ကူညီနေကြ၏။
“မေမေ... ကြည့်ပါဦး၊ ဒီအပင်လားဟင်"
“ဟုတ်တာပေါ့”
ရှောင်ကျား ပြသသော အပင်များကို မြင်သောအခါ ချန်ချင်းယွီ သူ့ကို ချီးမွမ်းလိုက်သည်။ ထို့နောက် သူမသည် ရှောင်ယွမ်လေးကိုလည်း ကြည့်ကာ
“သမီးလေးလည်း မှန်တယ်၊ သားတို့ သမီးတို့က တော်လိုက်တာ"
ကလေးငယ်များမှာ ဝမ်းသာအားရ ပြုံးပျော်သွားကြရှာ၏။
"သားတို့က တကယ်တော်တာပဲ။ အမေ ငယ်ငယ်တုန်းကဆိုရင် သားတို့လောက် မလိမ္မာဘူး။ ဘယ်အပင်က စားရလဲဆိုတာ မခွဲခြားတတ်လို့ လျှောက်စားမိတာ ခါးလိုက်တာမှ လွန်ရော။ မေမေက တော်တော်လေး ညံ့ခဲ့တာ မဟုတ်လား"
“မေမေက မညံ့ပါဘူး”
ချန်ချင်းယွီ စကားကို ကလေးနှစ်ယောက်မှာ ငြင်းဆိုကြသည်။ ချန်ချင်းယွီ ရယ်မောလိုက်ပြီး
"မေမေက ငယ်ငယ်တုန်းက ညံ့ခဲ့ပေမဲ့ အခုတော့ တော်နေပြီလေ၊ ဘာလို့လဲ သိလား"
“ဘာဖြစ်လို့လဲ”
ကလေးလေးများမှာ စူးစမ်းသော အကြည့်များဖြင့် ဝိုငိးစက်နေ၏။
"ဘာလို့လဲဆိုတော့ မေမေက စာသင်ခဲ့ရလို့လေ။ နောက်နှစ်အနည်းငယ် ကြာလို့ သားတို့ သမီးတို့ ကြီးလာရင် ကျောင်းတက်ရမယ်။ အဲဒီအခါ အများကြီး သင်ယူရရင် ပိုပြီးတော့ တော်လာလိမ့်မယ်။ တကယ်တော်တဲ့ ကလေးတွေကမှ စာကို အကြာကြီး သင်နိုင်တာ။ မတော်တဲ့သူတွေကတော့ ခဏပဲ သင်ပြီး အိမ်ပြန်လာကြရတယ်"
ချန်ချင်းယွီမှာ ကလေးများ ကျောင်းတက်ချင်အောင် စတင်ဦးနှောက်ဆေးတော့သည်။
“ဒေါ်လေးဟောက်ရွှယ်က အကြာကြီးသင်တယ် ဒေါ်လေးလင်းလင်းက အကြာကြီး မသင်ဘူး”
ရှောင်ကျား ဥပမာပေး၍ ဆိုလိုက်ရာ ချန်ချင်းယွီမှာ တောင်ကြည့်မြောက်ကြည့်ဖြင့် အမြန်တားမြစ်လိုက်ရ၏။
"သားလေး... အဲဒီလို မပြောရဘူးလေ။ ဒေါ်လေးလင်းလင်း ကြားသွားရင် စိတ်မကောင်း ဖြစ်လိမ့်မယ်။ တို့တွေက လိမ္မာတဲ့ကလေးတွေဆိုတော့ သူတစ်ပါး စိတ်ဆင်းရဲအောင် မလုပ်ရဘူး၊ ဟုတ်တယ်မလား"
ချန်ချင်းယွီမှာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမသည် ကလေးများကို ဆုံးမသွန်သင်ရာတွင် ကျွမ်းကျင်သူ မဟုတ်ပေ။ နောင်တစ်ချိန် ကျောင်းတက်ရန် အခြေခံကောင်းအောင် ပြောပြလိုက်မိသော်လည်း ကလေးငယ်များမှာ ဤမျှအထိ တွေးတောမိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လင်စန်းရှင်းနှင့် လီလင်းလင်းတို့သာ ရှိနေပါက စိတ်ခုသွားကြပေလိမ့်မည်။
လီလင်းလင်းမှာ မည်သည့်အရာတွင်မျှ ထူးထူးခြားခြား မရှိသော်လည်း စိတ်ခံစားလွယ်သူ တစ်ဦး ဖြစ်၍ စကားပြောရာတွင် စကားလုံး အနည်းငယ် မှားယွင်းသွားသည်နှင့် စိတ်အားငယ်တတ်သည့် ပုံစံရှိသည်။ ချန်ချင်းယွီသည် ဘဝကို ရုန်းကန်လှုပ်ရှားနေသူများနှင့်သာ ထိတွေ့ခဲ့ဖူးသဖြင့် ဤကဲ့သို့ စိတ်နုနယ်သူများနှင့် မည်သို့ ဆက်ဆံရမည်ကို မသိဘဲ ဖြစ်နေရ၏။
"သူမအကြောင်းကို မပြောကြနဲ့တော့နော်"
“ဟုတ်ကဲ့ပါ”
ချန်ချင်းယွီ မှာကြားလိုက်ရာ ကလေးငယ်များမှာ ပြိုင်တူ ခေါင်းညိမ့်ပြကြသည်။
"ခဏနေရင် သူတို့လည်း လာကြလိမ့်မယ်၊ အခု ဘယ်နား ရောက်နေပြီလဲ မသိဘူး"
"မေမေ... အိမ်ပြန်ရင် ဟင်းရွက်ဖက်ထုပ် လုပ်စားမှာလား"
ရှောင်ကျား မေးလိုက်၍ ချန်ချင်းယွီ ခေါင်းညိမ့်ပြကာ
"ဟုတ်တာပေါ့၊ မုန့်ညှင်းပင်ပေါက်ကို ဖက်ထုပ်လုပ်စားရင် အရမ်းအရသာရှိတာ။ တို့အိမ်မှာ အသားနည်းနည်း ရှိသေးတယ်၊ အဲဒါလေးပါ ထည့်လိုက်ရင် ပိုပြီးတော့ ကောင်းသွားမှာ"
ကလေးနှစ်ယောက်မှာ သရေများကျလာကြပြီး တစ်ဦးနှင့်တစ်ဦးကြည့်၍ "ဒါဆိုရင် သားတို့တွေ အများကြီး တူးကြမယ်၊ ဒါမှ ဖက်ထုပ်တွေ အများကြီး စားရမှာ" ဟု ဆိုကာ စိတ်အားထက်သန်စွာဖြင့် ဆက်လက် တူးဆွနေကြလေသည်။
ရှောင်ယွမ် ခေါင်းကို အားပါပါညိတ်ပြပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပုံမှာ ‘ဒီဘက်တစ်ကြောက မုန့်ညှင်းပင်တွေကို ငါတစ်ယောက်တည်း အပိုင်သိမ်းလိုက်ပြီ’ ဆိုသည့် အထာမျိုးပင်။
ချန်ချင်းယွီမှာ ရယ်မောမိ၏။
"ချင်းယွီ... ချင်းယွီ..."
ချန်ချင်းယွီ အသံလာရာသို့မော့ကြည့်လိုက်တော့ လင်စန်းရှင်း ဖြစ်နေသည်။
လာတာ တော်တော်မြန်သားပဲ!
လင်စန်းရှင်းတို့ သားအမိသည် သူတို့ချည်း လာကြသည်မဟုတ်ဘဲ သူတို့ဘေးတွင် ယွမ်ဟောက်ဖုန်းလည်း ပါလာသေး၏။ ယွမ်ဟောက်ဖုန်းသည် စက်ဘီးပေါ်မှာ လူနှစ်ယောက်တင်ပြီး နင်းလာခြင်းဖြစ်သည်။
ချန်ချင်းယွီ "!!!"
ဒီစက်ဘီးကတော့ အရည်အသွေး တော်တော်ကောင်းတာပဲ..
ယွမ်ဟောက်ဖုန်း စက်ဘီးနင်းပြီး ရှေ့မှာ လင်စန်းရှင်း၊ လင်စန်းရှင်း၏ ပေါင်ပေါ်မှာမှ လီလင်းလင်းထိုင်လိုက်လာခြင်းဖြစ်၏။
လူကြီးနှစ်ယောက်ကို ဒီလိုမျိုး သယ်လာနိုင်တာကတော့ တကယ့်ကို မခေလှပါလား…
ချန်ချင်းယွီ မျက်လုံးများ အံ့ဩမှင်သက်နေသော်လည်း လင်စန်းရှင်းနှင့် လီလင်းလင်းမှာ တော်တော်လေး ပျော်ရွှင်နေပုံရ၏။
"ဒီ 'ထာဝရ' တံဆိပ် စက်ဘီးကတော့ တကယ့်ကို အကြမ်းခံတာပဲ။ တို့နှစ်ယောက်လုံးကို တင်ထားတာတောင် လုံးဝမယိုင်သွားဘူး၊ ငြိမ်နေတာပဲ။ ဟောက်ဖုန်းကလည်း စက်ဘီးနင်းတာ တော်တယ်၊ တော်တော်လေး တည်တည်ငြိမ်ငြိမ် ရှိတယ်။ အင်း... ဒီလိုပစ္စည်းမျိုးဆိုတော့လည်း လူတိုင်းက လိုချင်ကြတာပေါ့၊ လမ်းတစ်လျှောက်လုံး လူတွေအများကြီး ဝိုင်းကြည့်နေကြတာ"
ချန်ချင်းယွီမှာ နှုတ်ခမ်းတစ်ချက် တွန့်သွားမိသည် …
အဒေါ်ကြီး ရှင်..သေချာလို့လား? သူတို့ကြည့်နေတာက စက်ဘီးကိုပဲ မဟုတ်လောက်ဘူး၊ လူကြီးနှစ်ယောက်ကို တင်နင်းလာတာ ဆန်းကြယ်လို့ ကြည့်နေကြတာ မဟုတ်ဘူးလား?!!
"စက်ဘီးက တော်တော်မြန်တာပဲ၊ သိပ်ကောင်းတာပဲ။ ဒါက အစ်ကိုဟောက်ဖုန်း အသစ်ဝယ်ထားတဲ့ စက်ဘီးလေ၊ သူကိုယ်တိုင်တောင် သိပ်မစီးရသေးဘူး၊ ဟောက်ရွှယ်တောင် မစီးရသေးဘူး"
လီလင်းလင်းမှာ ပြောဆိုရင်း နှုတ်ခမ်းလေး ပြုံးစိစိ ဖြစ်နေလေသည်။
ချန်ချင်းယွီ : "ကြည့်ရတာ တော်တော်ကောင်းပုံပဲ။ ဒါနဲ့ ဘယ်လိုလုပ် အတူတူ ရောက်လာကြတာလဲ? ယွမ်ဟောက်ဖုန်း... ရှင်ရော ဟင်းရွက်လာတူးတာလား?"
ယွမ်ဟောက်ဖုန်း ခေါင်းခါပြပြီး
"ကျွန်တော်က ငါးလာမျှားတာပါ။ ဒီဘက်ကို လာမှာနဲ့ အတူတူမို့ ဒေါ်လေးလင်တို့ကို တစ်ခါတည်း ခေါ်လာတာ။ ဟင်းရွက်တူးလို့ ပြီးသွားရင် အတူတူ ပြန်ကြတာပေါ့၊ ကလေးနှစ်ယောက်ကို ကျွန်တော် တင်ပေးပါ့မယ်"
ထို့နောက် သူသည် ပြုံးလိုက်ပြီး
"ရှောင်ကျားနဲ့ ရှောင်ယွမ်... စက်ဘီးစီးချင်လား?"
ရှောင်ကျားနှင့်ရှောင်ယွမ်မှာ ချန်ချင်းယွီကို လှမ်းကြည့်ကြသည်။ ချန်ချင်းယွီ စကားမပြောရသေးခင်မှာတင် လီလင်းလင်း နှုတ်ခမ်းကို ဖိကိုက်လိုက်သည်ကို မြင်လိုက်ရပြီး၊ လင်စန်းရှင်း၏ မျက်နှာမှာလည်း အနေခက်ဟန် တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
ဒီခေတ်မှာ စက်ဘီးဆိုတာ တကယ့်ကို ရှားပါးပစ္စည်းဖြစ်ပြီး လူတိုင်းက မက်မောကြတာ မဟုတ်လား…
လင်စန်းရှင်းတို့ သားအမိမှာ အပြန်လမ်းကိုလည်း စက်ဘီးနှင့်သာ ပြန်ချင်ပုံရသည်။
ချန်ချင်းယွီ မလုချင်ချင်ပေ၊ သူမမျက်ခုံးတစ်ချက် ပင့်လိုက်ပြီးမှ
"ရပါတယ်၊ တို့တွေ အပြန်ချိန် တူချင်မှ တူမှာပါ။ ငါးမျှားတာက အကြာကြီး နေရမှာ မဟုတ်လား? ငါတို့က တူးပြီးတာနဲ့ ပြန်မှာ၊ ဘတ်စ်ကားပဲ စီးသွားမယ်။ ကလေးတွေကလည်း လက်မှတ်ဝယ်စရာ မလိုပါဘူး"
လင်စန်းရှင်းတို့ သားအမိ မျက်နှာ ဝင်းပသွားကြသည်။ ချန်ချင်းယွီ ရိပ်မိလိုက်သည်မှာ အမှန်တည်း။ သူတို့သည် အပြန်ကိုလည်း စက်ဘီးစီးချင်နေကြခြင်းပင်။ သူမအနေဖြင့် လုယူဖို့ စိတ်ကူးမရှိပေ။ ယွမ်ဟောက်ဖုန်းနှင့်လည်း ထူးထူးခြားခြား ရင်းနှီးမှုမရှိ၍ အနီးကပ်လည်း မနေချင်ပေ။
အတင်းအဖျင်း စကားများကို ကြောက်၍မဟုတ်၊ ချန်ချင်းယွီကိုယ်တိုင် သူတစ်ပါးကို အကွာအဝေးတစ်ခုမှာ ထားတတ်ပြီး သတိကြီးကြီးနှင့် နေတတ်သည့် စရိုက်
ရှိ၍ပင်။ ယွမ်မိသားစု၏ ကိုယ်ကျင့်တရားကိုလည်း သူမ အနည်းအကျဉ်း သိထားသဖြင့် ယွမ်ဟောက်ဖုန်းကိုလည်း ခပ်ကွာကွာမှသာ ဆက်ဆံချင်၏။
အဘွားကြီးဟွမ်တို့လို လူမျိုးသည် အရာရာကို ဗြောင်ပြပြီး လုပ်
တတ်သော်ငြား ယွမ်မိသားစုသည်ကား လူကောင်းမျက်နှာဖုံး စွပ်ပြီးမှ မကောင်းမှုကို လုပ်တတ်သော လူစားမျိုးများသာတည်း။
အဝေးကနေတာပဲ အကောင်းဆုံး…
"ကဲ... အလုပ်လုပ်ကြရအောင်!"
သူမ လက်ဝှေ့ယမ်းပြပြီး
"ရှောင်ကျား၊ ရှောင်ယွမ်... လာ၊ ဟင်းရွက်တူးကြမယ်!"
"ဟုတ်ကဲ့!"
ကလေးနှစ်ယောက်မှာ အလုပ်လုပ်ရသည်ကို အလွန်ပျော်နေကြပုံရသည်။
လင်စန်းရှင်း; "တို့လည်း တူးကြမယ်။ ဟောက်ဖုန်း... စက်ဘီးကို ဒီနားမှာပဲ သော့ခတ်ထားလိုက်ပေါ့၊ တို့တွေ ကြည့်ပေးမယ်။ နင်ကတော့ ငါးသွားမျှားတော့လေ။ တို့တွေ ပြန်တော့မယ်ဆိုရင် နင့်ကို လှမ်းခေါ်လိုက်မယ်"
ယွမ်ဟောက်ဖုန်း ချန်ချင်းယွီကို တစ်ချက်ကြည့်ပြီးမှ လင်စန်းရှင်းတို့ကို ပြုံးပြကာ
"ကောင်းပါပြီ"
ထို့နောက် ငါးမျှားတံကို ကိုင်ပြီး မြစ်ကမ်းပါးဘက်သို့ လျှောက်သွား၏။ လီလင်းလင်း ယွမ်ဟောက်ဖုန်းရဲ့ ကျောပြင်ကို ကြည့်ရင်း မျက်နှာလေး နီမြန်းနေလေသည်။
လင်စန်းရှင်းမှာ ထိုအချင်းအရာကို မြင်သောအခါ
"တွေ့လား၊ ဒီလိုအမျိုးသားမျိုးကမှ သမီး စိတ်ဝင်စားဖို့ ထိုက်တန်တာ။ စာလည်း တတ်တယ်၊ အလုပ်လည်း ရှိတယ်၊ တိုးတက်ချင်တဲ့ စိတ်လည်း ရှိတယ်။ သမီးသာ ဒီလိုလူမျိုးကို ကြိုက်မယ်ဆိုရင် အမေက ဘာပြောစရာ ရှိဦးမှာလဲ? အခုကြတော့ ရှီရှောင်ဝေကိုပဲ စွဲလမ်းနေတယ်။ ရှီရှောင်ဝေက ဘာကောင်မို့လဲ၊ အလုပ်တောင် မရှိတဲ့ဟာ။ သူ့မိသားစုက အလုပ်တစ်ခု ရှာပေးနိုင်မယ်ဆိုတာ အမေတော့ လုံးဝမယုံဘူး။ သမီးတို့ အတူတူနေကြရင်ကော... နှစ်နေရာခွဲနေကြမှာလား? သမီး ဘယ်လိုနေမလဲ? ပြီးတော့ သူ ကျေးလက်ဆင်းသွားရင် တောသားလေး ဖြစ်သွားတော့မှာ၊ သမီးကတော့ ကျေးလက် ဆင်းစရာ မလိုတဲ့သူလေ။ သမီးတို့က ဘယ်လိုမှ မလိုက်ဖက်ဘူး။ နောက်ပြီး... အဲဒီ အစ်မဖန်ရဲ့ အကျင့်ကိုလည်း ကြည့်ဦး။ ကိုယ့်အရင်းခေါက်ခေါက် သမီးကိုတောင် ဂရုမစိုက်တဲ့သူက၊ သမီးသာ အဲဒီလို ယောက္ခမမျိုး လက်ထဲ ရောက်သွားရင်တော့ ဒုက္ခရောက်ဖို့သာ ပြင်ထားတော့"
လီလင်းလင်း : "ရှောင်ဝေက လူကောင်းပါ၊ အမေက ဘာလို့ သူ့အကြောင်းကိုပဲ ပြောနေရတာလဲ!"
"ငါက ဘာလို့ မပြောနိုင်ရမှာလဲ? ငါပြောလိုက်မယ်၊ သူ့မိသားစုကို လူကောင်းတွေလို့ မထင်နဲ့။ ဖြစ်နိုင်တာက အဲဒီ အစ်မဖန်က ညည်းအဖေရဲ့ ဒီအလုပ်နေရာကို ချောင်းနေတာလည်း ဖြစ်နိုင်တယ်"
လီလင်းလင်း : "???"
နားစွင့်နေတဲ့ ချန်ချင်းယွီ : "???"
ဟ!... သူမက ရှင့်အိမ်က အလုပ်နေရာကို ဘယ်လိုများ ကြံစည်မှာပါလိမ့်? နားထောင်ချင်လိုက်တာ!
"အမေကတော့ လျှောက်ပြောနေပြန်ပြီ။"
"ငါက ဘာလို့ လျှောက်ပြောရမှာလဲ? ညည်းလည်း စဉ်းစားကြည့်ဦး၊ ရှီရှောင်ဝေက အလုပ်မရှိရင် ကျေးလက် ဆင်းရမှာလေ။ ဒါပေမဲ့ အလုပ်ရှိရင်တော့ ဆင်းစရာ မလိုတော့ဘူး။ သူသာ ညည်းကို လက်ထပ်ပြီးရင် ညည်းအဖေကို အလုပ်နေရာ ပေးခိုင်းဖို့ ဖိအားပေးလာရင်ကော? ညည်းက ငါတို့ရဲ့ တစ်ဦးတည်းသော သမီးဆိုတော့ သူက ညည်းကို သုံးပြီး ငါတို့ကို ခြိမ်းခြောက်မှာပေါ့။ အလုပ်မပေးရင် ပြဿနာရှာမယ်၊ ဒါမှမဟုတ် ညည်းမှာ ကိုယ်ဝန်ရအောင် လုပ်ပြီးမှ အလုပ်နေရာ မပေးရင် လက်မထပ်ဘူးလို့ လုပ်ရင်ကော? ဒါတွေအားလုံးက ဖြစ်နိုင်တာပဲ။ အရင်ကတော့ သူတို့ ဒီလိုလုပ်လိမ့်မယ်လို့ ငါမတွေးမိဘူး၊ ဒါပေမဲ့ ညည်းအဖေ ပြောတာ မှန်တယ်၊ သူတို့သား မြို့မှာ ကျန်ခဲ့ဖို့အတွက်ဆိုရင် သူတို့ ဘာမဆို လုပ်ကြမှာ"
လီလင်းလင်း : "!!!"
ချန်ချင်းယွီမှာ ဘေးကနေ အကုန်ကြားလိုက်ရသည်။
ဟား... တကယ့်ကို 'လူလည်' ကြီးတွေပါပဲ။
အိမ်ပါသားမက် လီချန်ရွှမ်းအတွေးအခေါ်ကတော့ တကယ့်ကို အံ့မခန်းပါပဲ!
ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အစ်မကြီးဖန်တို့ မိသားစုကလည်း ဒီလိုမျိုး မလုပ်ဘူးလို့တော့ အာမမခံနိုင်ဘူးလေ!
ဒါပေမဲ့ လီချန်ရွှမ်းက ဒီလောက်အထိ ကြိုတွေးနိုင်တာကတော့ တကယ့်ကို မခေလှဘူးပဲ…
လင်စန်းရှင်း : "သမီးက ငယ်သေးတယ်၊ ယောက်ျားတွေရဲ့ ကောက်ကျစ်စဉ်းလဲပုံကို မသိသေးဘူး၊ ငါ..."
သူမမှာ သမီးဖြစ်သူ နားနားကပ်ပြီး တတွတ်တွတ်နှင့် တိုးတိုးလေး ပြောနေပြန်၏။
ချန်ချင်းယွီ တကယ့်ကို မထင်ထားပေ။ သူမ နားရွက်လေးများမှာ လှုပ်ခတ်နေပြီး ယုန်ကလေးတစ်ကောင်အလား နားရွက်အရှည်ကြီး ရှိရင် ကောင်းမှာပဲလို့ တွေးနေမိသည်။
ကြားချင်လိုက်တာ! တကယ်ကို ကြားချင်လိုက်တာ!
တစ်ခွန်းလောက်ပဲ ဖြစ်ဖြစ် ကြားခွင့်ပေးပါ!
သို့သော် ချန်ချင်းယွီ တွေးမိသည်မှာ လင်စန်းရှင်းဆိုသည့် လူစားမျိုးကို သူမ တကယ်ကို နားမလည်နိုင်ခြင်းပင်…
သူမ အသိတရား ရှိသည်ဟု ဆိုရမည်ဆိုလျှင်လည်း သူမသည် လီချန်ရွှမ်းအပေါ် အလွန်အမင်း သစ္စာရှိပြီး၊ စကားပြောရင်လည်း ရှေးဆန်သော မိန်းမသားပီပီ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး သူတစ်ပါးကို အလင်းပေးမယ့်သူမျိုး ဖြစ်နေပြန်သည်။ သို့သော် သမီးဖြစ်သူ လီလင်းလင်းနှင့် ပတ်သက်လာလျှင်မူ သူမသည် မထင်မှတ်လောက်အောင် အသိတရား ရှိနေပြန်၏။
"ယောက်ျားတွေဟာ ကောက်ကျစ်စဉ်းလဲတတ်တယ်" ဆိုတဲ့ စကားမျိုးတောင် ပြောနိုင်တာပဲလေ!!
ဒီမိန်းမရဲ့ အပြုအမူတွေက လူနှစ်ယောက်လိုမျိုး ကွဲပြားခြားနားနေတာက တကယ့်ကို နားလည်ရ ခက်လှချည်ရဲ့!!
ချန်ချင်းယွီ လင်စန်းရှင်းတို့ နားကို တရွေ့ရွေ့နှင့် နည်းနည်း တိုးကပ်သွားသည်။
ဒါပေမဲ့ မရဘူး၊ မကြားရပြန်ဘူး…
သူမမှာ ဒီလောက်ကလေးပဲ သိချင်
စိတ် ရှိတာပါ…
နည်းနည်းလေးပါ နည်းနည်းလောက်!!
လင်စန်းရှင်း မည်သို့ ပြောလိုက်သည်မသိပေ၊ လီလင်းလင်းခမျာ နှုတ်ခမ်းကို ကိုက်ပြီး
"အမေကလည်း လျှောက်မပြောပါနဲ့၊ သမီးက အဲဒီလို လူမျိုးမဟုတ်ပါဘူး။ ရှောင်ဝေကလည်း အဲဒီလို လူမျိုးမဟုတ်ဘူး"
လင်စန်းရှင်း : "ရှီရှောင်ဝေက ဘာကောင်မို့လဲ၊ နင် အိမ်ထောင်ဖက် ရှာမယ်ဆိုရင် ဟောက်ဖုန်းလို လူမျိုးကိုပဲ ရှာရမှာ"
လီလင်းလင်း နှုတ်ခမ်းကို ကိုက်ပြီး အဝေးမှ ယွမ်ဟောက်ဖုန်း၏ ကျောပြင်ကို တစ်ချက် ထပ်ကြည့်သည်။ သဘောတူသည်ဟုလည်း မပြော၊ ငြင်းလည်း မငြင်းဆိုကာ "သမီး ဟင်းရွက်သွားတူးတော့မယ်" ဟုသာ ဆို၏။
သူမ လှည့်ကြည့်လာသောအခါ ချန်ချင်းယွီသည် ချက်ချင်းပင် ခေါင်းငုံ့ပြီး ဟင်းရွက်များကို အပတ်တကုတ် တူးနေလေသည်။
တကယ်ပါ... ကျွန်မ ခိုးနားမထောင်ပါဘူး၊ တကယ်ကို မကြားလိုက်ပါဘူး…
ချန်ချင်းယွီမှာ တကယ့် အရေးကြီးကိစ္စကြီး တစ်ခုကို လုပ်ဆောင်နေသလိုမျိုး အလေးအနက်ထားပြီး ဟင်းရွက်တွေကိုသာ တူးနေ၏။
လင်မိသားစု သားအမိမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဟင်းရွက်များ စတင်တူးကြလေသည်။
လင်စန်းရှင်းမှာ ချန်ချင်းယွီ၏ တောင်းထဲသို့ လှမ်းကြည့်လိုက်ပြီး
“ရှောင်ချန် တော်တော်ရနေပြီပဲ”
ချန်ချင်းယွီ ခေါင်းညိမ့်ပြကာ
“ဟုတ်တယ် ဒီနားတစ်ဝိုက်မှာက ဟင်းရွက်တွေ တော်တော်ပေါတယ်လေ”
"အေးလေ၊ ဒီနေရာက မြို့နဲ့လည်း ဝေးသလို ပတ်ဝန်းကျင်မှာ အိမ်ခြေလည်း သိပ်မရှိဘူး။ စက်ဘီးမရှိရင် ဘယ်သူမှ ဒီအထိ မလာချင်ကြဘူးလေ။ ဟင်းရွက်တူးတယ်ဆိုတာကလည်း ပိုက်ဆံချွေတာချင်လို့ဟာကို၊ ကားခအကုန်ခံပြီး လာမယ်ဆိုရင်တော့ ဘယ်တန်ပါ့မလဲ"
ထို့ကြောင့်ပင် ဤနေရာ၌ လူသူကင်းရှင်းနေခြင်း ဖြစ်ပေလိမ့်မည်။
သူမသည် ချန်ချင်းယွီကို တစ်
ချက်ကြည့်ကာ
"နင်က ကားစီးလာတာဆိုတော့ နင့်ယောက္ခမက စိတ်မဆိုးဘူးလား"
"မဆိုးပါဘူး၊ ကျွန်မယောက္ခမကပဲ ကားစီးသွားဖို့ ပြောလိုက်တာပါ။ အိမ်မှာ စက်ဘီးလည်း မရှိဘူးလေ။ လမ်းလျှောက်သွားရင် ကလေးတွေ ပင်ပန်းမှာစိုးလို့ သူမက မြေးတွေကို သနားနေတာ"
မျက်နှာသေဖြင့် လိမ်ညာပြောဆိုလိုက်၏။ တစ်ခါတစ်ရံ အဓိပ္ပာယ်မရှိသော စကားများသည် ဒုက္ခမှကင်းဝေစေသည် မဟုတ်လော့။ ချန်ချင်းယွီ၏ ပေါက်ကရစကားများကြောင့် လင်စန်းရှင်း နှုတ်ခမ်းများ တွန့်လိမ်သွားမိကာ
"သူမက ဒီလောက်အထိ သဘောကောင်းဖူးတာ မဟုတ်ပါဘူး။ အခုတော့ သားဖြစ်သူ မရှိတော့မှ မြေးကိုပဲ ဖိပြီး ချစ်နေတာပေါ့၊ တကယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့ လူစားမျိုးပဲ"
ချန်ချင်းယွီ ကြားသော်လည်း တုံ့ပြန်မနေပေ။ သို့သော် လင်စန်းရှင်းမှာ ဆက်လက်၍
"ဒါကြောင့် ငါပြောတာပေါ့၊ မိန်းမဆိုတာ သားတစ်ယောက်တော့ ရှိရစမြဲပဲ။ နင့်မှာသာ ရှောင်ယွမ် (သမီး) တစ်ယောက်တည်း ရှိမယ်ဆိုရင် အခြေအနေက အခုလို ဖြစ်လာမှာ မဟုတ်ဘူး။ သားလေးရှိလို့သာ နင့်ယောက္ခမ သဘောထား ပြောင်းသွားတာ။ မိန်းမတစ်ယောက်အတွက်တော့ ဘာပဲဖြစ်ဖြစ် သားရှိတာက အားကိုးရဆုံးပဲ"
ချန်ချင်းယွီမှာ ထိုအယူအဆကို လုံးဝလက်မခံနိုင်ပေ။
အဘွားကြီး..ရှင်ကရော မိန်းမမဟုတ်လို့လား!
ခုနကတင် ယောက်ျားတွေက ကောက်ကျစ်တယ်လို့ ပြောပြီး အခုကျတော့ သားမရှိရင် မဖြစ်ဘူးတဲ့လား!!
ခြောက်လပိုင်း မိုးတိမ်လိုပဲ အပြောင်းအလဲ မြန်လှချည်လား!!
စိတ်ထဲမှ ဝေဖန်နေမိသော်လည်း နှုတ်ကမူ
“သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် အတူတူပါပဲ။ ကျွန်မရဲ့ သားသမီးတွေမို့လို့ အကုန်လုံးကို ချစ်ပါတယ်။ ရှောင်ကျားနဲ့ ရှောင်ယွမ်က ကျွန်မရင်ထဲမှာ အတူတူပါပဲ။ ကျွန်မမှာ တစ်ယွမ်ရှိရင် သူတို့ကို တစ်ဝက်စီခွဲပေးမှာပါ။ သားမို့လို့ ပိုချစ်တာမျိုး မရှိပါဘူး"
လင်စန်းရှင်းမှာ သဘောမတူဘဲ
“နင့်အပြောက မဟုတ်သေးဘူး။ သားကမှ မျိုးရိုးကို ဆက်နိုင်တာလေ။ နင့်မှာ သားရော သမီးရော ရှိနေလို့သာ အခုလို ပြောနိုင်တာ။ သမီးတစ်ယောက်တည်းသာ ရှိကြည့်ပါလား၊ နင် သောကရောက်ရလိမ့်မယ်"
သူမ၏ အကြီးမားဆုံးသော သောကမှာ သမီးတစ်ယောက်တည်း ရှိနေခြင်းပင် ဖြစ်သည်။ သမီးဖြစ်သူသည် တစ်ဦးတည်းသော သမီးဖြစ်သဖြင့် ကျေးလက်ဆင်းစရာ မလိုသည်မှာ ကောင်းသော်လည်း၊ သူမမှာ သမီးကို တစ်ဦးတည်းသော သမီးအဖြစ် မရှိစေချင်ဘဲ ကျေးလက်ဆင်းရလျှင်ပင် သားတစ်ယောက် ရှိချင်နေမိ၏။ သားမရှိဘဲ သူမ မည်သို့ စိတ်ချနိုင်
မည်နည်း။ နောင်တစ်ချိန် လင်းလင်းကို မည်သူက အားပေးကူညီပါ့မည်နည်း။
"ငါ့လင်းလင်း အိမ်ထောင်ပြုရင်တော့ သားတစ်ယောက်ကို စောစောစီးစီး ရအောင်ယူရမယ်။ သားရှိမှ ဘဝက ခိုင်မာမှာ၊ တခြားဘာမှ ပူစရာမလိုတော့ဘူး"
ချန်ချင်းယွီ နှုတ်ခမ်းမဲ့လိုက်ကာ တိတ်တိတ်သာနေလိုက်လေသည်။ အမြင်ချင်း မတူသူနှင့် စကားအရှည်ကြီး ပြောနေခြင်းမှာ အကျိုးမရှိပေ။ သူမသည် လင်စန်းရှင်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သော်လည်း အငြင်းမပွားတော့ပေ။ လူတိုင်းတွင် ကိုယ်ပိုင်အယူအဆ ရှိကြသဖြင့် ဖျောင်းဖျနေရန် မလိုအပ်ဟု သူမ ယူဆ၏။ ထို့ကြောင့် စကားလမ်းကြောင်းကို ပြောင်းကာ
"စက်ဘီးတစ်စီးကို ဘယ်လောက်ကျမလဲဟင်? အိမ်မှာ စက်ဘီးတစ်စီး ရှိရင်တော့ တော်တော်လေး အဆင်ပြေမှာပဲ"
လင်စန်းရှင်း အံ့အားသင့်စွာဖြင့်
"နင်က စက်ဘီးဝယ်ချင်လို့လား?"
ချန်ချင်းယွီ ဤသို့ တွေးဝံ့သည်ကိုပင် သူမ မယုံနိုင်ပေ။ ဝင်းတစ်ခုလုံးတွင် စက်ဘီးသုံးစီးသာ ရှိပြီး ယွမ်ဟောက်ဖုန်း၏ အသစ်တစ်စီးအပါအဝင်မှ လေးစီးသာ ရှိ၏။ အိမ်ထောင်စုပေါင်း ဒါဇင်နှင့်ချီ ရှိသည့်အနက် စက်ဘီးရှိသူမှာ အလွန်ရှားပါးလှသည်။ ချန်ချင်းယွီတို့ မိသားစု အခြေအနေနှင့် ဝယ်နိုင်ခြင်းမရှိဟု သူမ သံသယဖြစ်မိ၏။
ချန်ချင်းယွီ; "ကလေးတွေကို အမြဲခေါ်သွားရတာဆိုတော့ စက်ဘီးရှိရင် ပိုအဆင်ပြေမှာပေါ့။ ဝယ်ချင်ပေမဲ့ ပိုက်ဆံ ဘယ်လောက်အထိ စုရမလဲ မသိလို့ပါ"
လင်စန်းရှင်း ပို၍ပင် အံ့အားသင့်သွားပြီး ချန်ချင်းယွီကို အပေါ်အောက် အကဲခတ်၍ တွေးလိုက်မိလေသည်။
'ဒီမိန်းမ တကယ်ကို ရဲတင်းလှချည်လား၊ စက်ဘီးဝယ်ဖို့အထိ စိတ်ကူးယဉ်ဝံ့တယ်'
"စက်ဘီးတစ်စီးကို ယွမ်နှစ်ရာနီးပါး ကျတယ်လေ။ ယွမ်ဟောက်ဖုန်း စီးလာတဲ့ 'ထာဝရ' တံဆိပ်ဆိုရင် တစ်ရာ့ရှစ်ဆယ်လောက် ကျတယ်။ 'ဖီးနစ်' ဆိုရင် ဆယ်ယွမ်လောက် ပိုဈေးကြီးတယ်။ တခြား တံဆိပ်သေးတွေဆိုရင်တော့ တစ်ရာ့ငါးဆယ်ကျော်နဲ့ ရနိုင်ပေမဲ့၊ တံဆိပ်ကြီး ဝယ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ တံဆိပ်သေးတွေက အကြမ်းမခံဘူး။ စက်ဘီးဆိုရင်တော့ ဖီးနစ်၊ ထာဝရ နဲ့ ချိုးငှက်
တံဆိပ်တွေကမှ တကယ်အဆင့်မီတာ"
"ဈေးတော်တော်ကြီးတာပဲ"
ချန်ချင်းယွီ ထိုငွေလောက်ကို ဂရုမစိုက်သည့်အလား ဆိုလိုက်သော်လည်း လင်စန်းရှင်းမှာ သတိမမူမိပေ။ သူမ၏ စိတ်ထဲတွင် စက်ဘီးကို မကြိုက်သူ မရှိဟု ထင်နေသဖြင့် မျှော်လင့်ချက်ကြီးစွာဖြင့်
"ဒါတင်မကသေးဘူး၊ နင့်မှာ စက်ဘီးဝယ်ခွင့်လက်မှတ် ရှိလို့လား"
ချန်ချင်းယွီမှာ ငိုင်ကျသွားတော့သည်။ ယခုခေတ်တွင် ပစ္စည်းဝယ်ယူရန် လိုအပ်သည့် လက်မှတ်မျိုးစုံအကြောင်း ကြားရသည်မှာ သူမအတွက် အလွန်ပင် ခက်ခဲလှ၏။ ခေတ်သစ်လူသားတစ်ဦးအဖို့ ငွေရှိလျှင် အရာရာဝယ်နိုင်သည်ဟု ထင်ထားသော်လည်း ဤနေရာ၌မူ ထိုသို့မဟုတ်ပေ။ အရာအားလုံးမှာ လက်မှတ်လိုပြီး သူမတွင် ပိုက်ဆံအမြောက်အမြား ရှိသော်လည်း ပစ္စည်းဝယ်ရန်မှာ မလွယ်ကူဘဲ မှောင်ခိုဈေးကွက်ကိုသာ အားကိုးနေရသည်။ ထို့ကြောင့်ပင် ဝတ္ထုထဲမှ ဇာတ်လိုက်မများမှာ မှောင်ခိုဈေးကွက်သို့ မသွားဘဲ မနေနိုင်ကြခြင်း ဖြစ်ပေလိမ့်မည်။
ချန်ချင်းယွီသည်လည်း အလားတူပင်၊ ကောင်းကောင်းစားချင်လျှင်ဖြစ်စေ၊ ပစ္စည်းကောင်း သုံးချင်လျှင်ဖြစ်စေ မှောင်ခိုဈေးကွက်သို့သာ သွားရမည် ဖြစ်၏။ အလုပ်မှပေးသော လက်မှတ်များမှာလည်း စုဆောင်းရန် အချိန်အကြာကြီး လိုအပ်လှသည်။ အထူးသဖြင့် စက်ဘီးလက်မှတ်ဆိုသည်မှာ အလွန်ရှားပါးလှသဖြင့် ရရှိရန်မှာ မလွယ်ကူပေ။
သူမ သက်ပြင်းချလျက်
"ကျွန်မတို့အိမ်မှာသာ စက်ဘီးတစ်စီး ရှိရင် ကောင်းမှာပဲ"
"ဟုတ်ပါရဲ့၊ ဒါပေမဲ့ စိတ်ကူးမယဉ်ပါနဲ့အေ။ စက်ရုံကဝေတဲ့ လက်မှတ်တွေက ထမင်းချက်ဆောင်ဘက်ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး"
လင်စန်းရှင်းမှာ လက်လျော့စကားဆိုလိုက်သည်။
“လူဆိုတာ အိပ်မက်တော့ ရှိရမှာပေါ့"
ချန်ချင်းယွီ ပြန်တုံ့ပြန်လိုက်ပြီး လင်းကျန့်ဝမ် ချန်ထားခဲ့သော လျော်ကြေးငွေများ ရှိသဖြင့် ငွေအတွက် မပူရသော်လည်း လက်မှတ်ကိုမူ မည်သို့ရယူရမည်ကို သူမ စဉ်းစားနေမိ၏။
သူမ ရုတ်တရက် သတိရသွားပြီး
"ယွမ်ဟောက်ဖုန်းက အဲဒီလက်မှတ်ကို ဘယ်ကရတာလဲ"
"နင် မေ့နေတာလား? ကျောက်ရုံက မနှစ်က စက်ရုံမှာ စံပြအလုပ်သမား ဖြစ်ခဲ့လို့ ဆုရခဲ့တာလေ။ ကျောက်ရုံက တကယ်ကို တော်တာပဲ၊ အားကျဖို့ ကောင်းလိုက်တာ။ ငါလည်း သူမရဲ့ တစ်စိတ်တစ်ဒေသလောက် တော်ရင် ကောင်းမှာပဲ"
“မေ့တာမဟုတ်ပါဘူး၊ လုံးဝမသိခဲ့တာပါ။ ကျွန်မက အိမ်မှုကိစ္စတွေနဲ့ပဲ အချိန်ကုန်နေတော့ အပြင်ကိစ္စတွေ သိပ်မသိလိုက်ဘူး။ ကြားဖူးရင်တောင် မေ့သွားတာ ဖြစ်မှာပါ"
လင်စန်းရှင်း ထိုအကြောင်းကို ဆက်မပြောတော့ဘဲ
"ဟောက်ဖုန်းက တကယ်ကို လိမ္မာတဲ့ကလေးပဲ။ သူ အလုပ်သွားရင် စက်ဘီးကို ဟောက်ရွှယ်ကို စီးခိုင်းသတဲ့။ ကြည့်စမ်း... သူ့အစ်ကိုက ဘယ်လောက်တောင် ကောင်းလဲ! ဒီလိုကလေးမျိုးက တို့ဝင်းထဲမှာတော့ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး"
“ဘယ်သူပြောလဲ!! ကျွန်မရဲ့ ကိုကိုကျန့်ဝမ်က သူ့ထက်အများကြီး ပိုတော်တယ်!”
ချန်ချင်းယွီမှာ ပြတ်သားစွာ ခွန်းတုံ့ပြန်လိုက်၏။
"ကျွန်မ ကိုကို ကျန့်ဝမ်ကလည်း တကယ့်ကို တော်တဲ့သူပါ။ ကျောင်းတုန်းကလည်း စာတော်သလို စက်မှုစက်ရုံထဲကိုလည်း ကိုယ်ပိုင်အရည်အချင်းနဲ့ ဝင်နိုင်ခဲ့တာ။ သူ့အရည်အချင်းနဲ့သူ ရိုးရိုးသားသား ရခဲ့တာလေ၊ တခြားလူတွေလို အဆက်အသွယ်တွေ သုံးပြီး အလုပ်ရှာခဲ့တာ မဟုတ်ဘူး"
ချန်ချင်းယွီ၏ မျက်လုံးများမှာ ဝင်းပသွားပြီး ဂုဏ်ယူစွာ ဆိုလေသည်။
လင်စန်းရှင်း : "............................................................"
ချန်ချင်းယွီ : "ကျွန်မ ကိုကိုကျန့်ဝမ်ကလေ..."
လင်စန်းရှင်း အလျင်အမြန်ပင်
"အေးပါ... အေးပါ... လင်းကျန့်
ဝမ်ကလည်း တော်တဲ့သူပါ"
သူမ စကားလမ်းကြောင်းကို အမြန်ပြောင်းကာ
"နင်က စက်ဘီးဝယ်ချင်တယ်ဆိုတော့ နင့်ယောက္ခမက သဘောတူပါ့မလား"
ချန်ချင်းယွီမှာ မူလအကြောင်းအရာသို့ အာရုံပြန်ရောက်သွားဟန်ဖြင့်
"ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ကျွန်မယောက္ခမက သေချာပေါက် သဘောတူမှာပါ။ ကိုကိုကျန့်ဝမ် ရှိစဉ်တုန်းကလည်း စက်ဘီးအကြောင်း ခဏခဏ ပြောလေ့ရှိတယ်။ စိတ်မကောင်းစရာက သူ မရှိတော့ ဒီအိပ်မက်က ကျန်ခဲ့တာပေါ့။ တွေးကြည့်ရင် တကယ့်ကို ဝမ်းနည်းစရာပါပဲ။ သူ့ရဲ့ ဆန္ဒကို ကျွန်မ ဖြည့်ဆည်းပေးရမယ်၊ ကျွန်မယောက္ခမလည်း သဘောတူလိမ့်မယ်လို့ ယုံကြည်တယ်”
လင်စန်းရှင်း : "..."
ဘာလို့ လင်းကျန့်ဝမ်ဆီကိုပဲ ပြန်ပြန်ရောက်နေတာလဲ။ ဘယ်သူကမှ သေသွားတဲ့သူအကြောင်း မကြားချင်ကြဘူးလေ…
"အင်း... အဲဒါကတော့..."
ချန်ချင်းယွီ : "ဟုတ်တယ်၊ ကိုကိုကျန့်ဝမ်ရဲ့ ဆန္ဒမှန်သမျှကို ကျွန်မ အကုန်ဖြည့်ဆည်းပေးရမယ်။"
သူမ၏ မျက်နှာမှာ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေ၏။
လင်စန်းရှင်း : "..."
ချန်ချင်းယွီ : "ကိုကိုကျန့်ဝမ်ကလေ..."
လင်စန်းရှင်း အလျင်အမြန်ပင်
"တို့တွေ ဒီမှာ ဟင်းရွက်တူးနေတာ သိပ်မကျန်တော့ဘူး။ ငါနဲ့ လင်းလင်းက ဟိုဘက်မှာ သွားကြည့်လိုက်ဦးမယ်၊ နင်နဲ့ ကလေးတွေက ဒီမှာပဲ နေခဲ့ကြ။ တူးပြီးသွားရင် လှမ်းခေါ်လိုက်နော်"
ချန်ချင်းယွီ : "ဟင်? ဒေါ်လေးတို့ သွားတော့မလို့လား?"
လင်စန်းရှင်း ခေါင်းကို အပြင်းအထန် ညိတ်ပြကာ
“ဟိုဘက်ကို သွားကြည့်မလို့ပါ၊ သိပ်မဝေးပါဘူး။ ခွဲတူးရင် ပိုမြန်တာပေါ့!"
"သွားပြီနော်"
သူမသည် နှုတ်ဆက်၍ အမြန်ထွက်ခွါသွားလေသည်။ ချန်ချင်းယွီမှာ နှမြောတသဟန်ဖြင့် ကျန်ရစ်သော်လည်း လင်စန်းရှင်းမှာမူ သုတ်ခြေတင် ပြေးလေ၏။ ယခုမှ မပြေးလျှင် မည်သည့်
အချိန်တွင် ပြေးရမည်နည်း။ သူမသည် ဤမိန်းမပျိုကို ဆက်၍ မရင်ဆိုင်နိုင်တော့ပေ။ လင်းကျန့်ဝမ်အကြောင်း မပြောသရွေ့ စကားပြော၍ ရသေးသော်လည်း၊ ယခုမူ ခဏခဏ ထည့်ပြောနေသဖြင့် သူမ တောင့်မခံနိုင်တော့ပေ။
လင်စန်းရှင်းသည် သမီးဖြစ်သူ လင်းလင်းကို ဆွဲကာ အမြန်ထွက်ခွာသွားရာ လီလင်းလင်းသည်လည်း ပုံမှန်ထက်ပို၍ လျှင်မြန်စွာ လျှောက်လှမ်းနေသည်။
ချန်ချင်းယွီသည် သူတို့ အမြန်ထွက်ခွာသွားသည်ကို ကြည့်ကာ နှုတ်ခမ်းလေး တွန့်ရုံ ပြုံးလိုက်ပြီးနောက် ခေါင်းငုံ့၍ စဉ်းစားခန်း ဝင်လေ၏။
အမှန်စင်စစ် သူတို့မိသားစုတွင် စက်ဘီးတစ်စီး ရှိသင့်သည်မှာ အမှန်ပင်။ ယခုခေတ်တွင် စက်ဘီးရှိခြင်းမှာ အလွန်ပင် အဆင်ပြေလှပြီး ကလေးနှစ်ယောက်နှင့် အပြင်ထွက်လျှင် စက်ဘီးရှိခြင်းသည် လမ်းလျှောက်ရခြင်းထက် အဆင်ပြေစေမည်သာ။ သို့သော်လည်း သူတို့၏ အခြေအနေအရ စက်ဘီးဝယ်ယူခြင်းမှာ လူအများ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။ ဝင်းထဲတွင် သူတို့သည် အပေါ်ယံအားဖြင့် အလွန်ပင် သာမန်ဆန်သော မိသားစုတစ်ခုသာ ဖြစ်ပြီး ရုတ်တရက် စက်ဘီးဝယ်လိုက်လျှင် ပွက်လောရိုက်သွားပေလိမ့်မည်။ ချန်ချင်းယွီသည် ထိုသို့ အာရုံစိုက်ခံရခြင်းကို မလိုလားပေ။ ယောက္ခမဖြစ်သူမှာ လူအများကို ရန်တွေ့ပေးနိုင်သော်လည်း စက်ဘီးဝယ်ခြင်းမှာမူ တစ်ကဏ္ဍ ဖြစ်နေ၏။
လက်မှတ်များကို မှောင်ခိုဈေးကွက်တွင် ဝယ်ယူနိုင်သော်လည်း အရင်းအမြစ်ကို ဖော်ပြ၍ မရနိုင်သကဲ့သို့ အိမ်နီးချင်းများ၏ ထင်မြင်ချက်ကိုလည်း ထည့်တွက်ရပေမည်။ သူမသည် အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်သော်လည်း လင်းကျန့်ဝမ်၏ ဆန္ဒဟု အကြောင်းပြကာ ချက်ချင်းဝယ်လိုက်လျှင်လည်း အလုပ်ဖြစ်မည် မထင်ပေ။
"မေမေ... ဘာဖြစ်လို့လဲဟင်?"
ရှောင်ကျား ပန်းရောင်ပန်းလေးတစ်ပွင့်ကို ကိုင်ဆောင်ကာ အနားသို့ တိုးကပ်လာသည်။
"လှတဲ့ ပန်းလေး... မေမေ့အတွက်"
ချန်ချင်းယွီမှာ ခဏတာ မှင်သက်သွားပြီးနောက် ဝင်းပစွာ ပြုံးလိုက်မိပြီး သူမသည် ရှောင်ကျားကို ပွေ့ဖက်ကာ ပါးကို နမ်းလိုက်၍
"ကျေးဇူးပါ ရှောင်ကျား၊ မေမေ အများကြီး ကြိုက်တယ်"
သူမသည် ကလေးစိတ်တိုင်းကျ
“ဒီလောက်လှတဲ့ ပန်းလေးကို မေမေ ပန်ထားချင်တယ်"
ချန်ချင်းယွီသည် ယခင်က ဆံပင်နှစ်ဖက် ကျစ်လေ့ရှိသော်လည်း၊ ဤခေတ်သို့ ကူးပြောင်းလာပြီးနောက် ဆံပင်ကျစ်ခြင်းကို အဆင်မပြေဟု ယူဆသဖြင့် ဆံပင်ကို စုစည်းကာ ခပ်နိမ့်နိမ့် ထုံးနှောင်ထားလေ့ရှိသည်။ ထိုသို့ပြုလုပ်ခြင်းမှာ သူမကို ပို၍ နုနယ်သိမ်မွေ့စေသကဲ့သို့ ဆံပင်များ လှုပ်ခါနေခြင်းမှလည်း ကင်းဝေးစေ၏။
ချန်ချင်းယွီသည် ပန်းရောင်ပန်းလေးကို ဆံနွယ်များကြားတွင် ထိုးစိုက်လိုက်ပြီး ခေါင်းလေးစောင်းကာ မေးမြန်းလိုက်သည်။
"လှရဲ့လား"
"လှတယ်!"
ရှောင်ကျား လက်ခုပ်တီးကာ
"မေမေက အရမ်းလှတယ်"
ချန်ချင်းယွီ ရှောင်ကျား၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ရာ ရှောင်ယွမ်သည်လည်း အားကျသော မျက်ဝန်းများဖြင့် ပန်းလေးကို ဆွဲကိုင်ကာ
"ရှောင်ယွမ်မှာလည်း ရှိတယ်"
"ရှောင်ယွမ်က ဒါကို မေမေ့ကို ပေးမလို့လား"
ချန်ချင်းယွီ စနောက်လိုက်ရာ ရှောင်ယွမ်မှာ တုံ့ဆိုင်းစွာဖြင့်
"မဟုတ်ပါဘူး၊ ဒါက မေမေ့အတွက် မဟုတ်ဘူး၊ ကိုကိုက ရှောင်ယွမ်ကို ပေးတာ"
ရှောင်ကျား ခေါင်းညိတ်၍
"မေမေလည်း တစ်ပွင့်၊ ညီမလေးလည်း တစ်ပွင့်"
ချန်ချင်းယွီ ပြုံးလိုက်မိပြီး
“လာပါဦး၊ မေမေ ရှောင်ယွမ်ကိုလည်း ပန်ပေးမယ်။ ရှောင်ယွမ်လေးက အလှဆုံး မိန်းကလေးပဲ"
ရှောင်ယွမ်၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး အားတက်သရော ဆိုလေသည်။
"သမီးက လှတယ်"
"ဒါပေါ့! မေမေက ဒီလောက်လှတာ၊ ရှောင်ယွမ်လေးက မလှဘဲ နေပါ့မလား။ ရှောင်ယွမ်က အရမ်းလှတယ်"
ချန်ချင်းယွီသည် ရှောင်ယွမ်၏ ဆံပင်နှစ်ဖက်တွင် ပန်းလေးများ ပန်ပေးလိုက်ပြီး "အရမ်းလှသွားပြီ!" ဟု ချီးကျူးလိုက်၏။
"ညီမလေးက ချစ်စရာအကောင်းဆုံးပဲ"
ရှောင်ကျားသည်လည်း ထောက်ခံလေရာ ရှောင်ယွမ်မှာ ချိုသာစွာ ပြုံးပျော်နေတော့သည်။
ထို့နောက် ရှောင်ယွမ်မှာ အလေးအနက်ဟန်ဖြင့်
"ရှောင်ယွမ် မေမေ့အတွက် တစ်ပွင့် ထပ်ရှာပေးမယ်"
“ကောင်းပါပြီ၊ သားတို့ သမီးတို့ ရှာကြပေါ့။ ဒါပေမဲ့ အရမ်းဝေးဝေး မသွားရဘူးနော်၊ အနားမှာပဲ နေမှ မေမေ စိတ်ချရမှာ"
"ဟုတ်ကဲ့ပါ~"
ချန်ချင်းယွီသည် ရယ်မောလျက် ခေါင်းကို ခါလိုက်မိသည်။
"ပန်းလေး... ပန်းလေး ရှာမယ်!"
"ပန်းလေး... ပန်းလေး~"
ကလေးနှစ်ယောက်မှာ တတွတ်တွတ် ရေရွတ်နေကြသည်ကို ကြည့်ကာ ချန်ချင်းယွီမှာ ပို၍ပင် ရယ်မောမိ၏။ ထိုစဉ် သူမ၏ စိတ်ထဲတွင် ကောင်းမွန်သော အကြံတစ်ခု ရုတ်တရက် ရရှိသွားလေသည်။
သူမ စက်ဘီးဝယ်ချင်သည်မှာ အကြံဆိုးမဟုတ်ပေ။ သူမသည် စက်ဘီးဝယ်ချင်ကြောင်းကို လူတိုင်းအား အမြဲတစေ ပြောကြားခြင်းဖြင့် "စက်ဘီးဝယ်ချင်လွန်းသူ" ဟူသော ပုံရိပ်ကို ဖန်တီးနိုင်ပြီး အစပိုင်းတွင် လူအများသည် ကွယ်ရာ၌ လှောင်ပြောင်ကြမည် ဖြစ်သော်လည်း၊ သူမ အမြဲတစေ ပြောဆိုနေလျှင် လူတို့၏ စိတ်ထဲတွင် တဖြည်းဖြည်း စွဲထင်သွားပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ သူမသည် စက်ဘီးဝယ်ချင်ရုံသာမက အမှန်တကယ်ပင် ဝယ်ယူတော့မည်ဟူသော အထင်အမြင်မျိုး သက်ရောက်သွားပေလိမ့်မည်။
ထိုအခါ သူမ အမှန်တကယ် ဝယ်ယူသည့်အချိန်တွင် လူအများမှာ အံ့ဩခြင်း မရှိတော့ပေ။ ဤသည်မှာ ကလေးငယ်များက ပန်းလေးများအကြောင်း တတွတ်တွတ် ပြောနေခြင်းနှင့် အလားသဏ္ဍာန်တူပေ၏။
သူတို့ ပန်းခူးလာလျှင်ပင် သူမ အံ့ဩမည်မဟုတ်ပေ။ 'ရှန့်လင်၏ ဇနီး' ကဲ့သို့ အရာရာကို ထပ်ခါတလဲလဲ ပြောဆိုခြင်းမှာ ထိရောက်မှု ရှိနိုင်ပေလိမ့်မည်။
ချန်ချင်းယွီ : "ကျေးဇူးပါပဲ ရှန်လင်ရဲ့ ဇနီးရယ်!"
ဤပုံစံမှာ သူမအတွက် အလွန်ပင် သင့်လျော်လှသည်။ သူမသည် အရှက်ကွဲမည်ကို မကြောက်ပေ။ မည်သို့ပင်ဆိုစေ ဝင်းထဲရှိ အခြားသူများလောက်တော့ အရှက်မကွဲနိုင်သည်မှာ အမှန်ပင်။
မဆိုးပေ၊ တကယ့်ကို မဆိုးလှပေ!
ယနေ့မှစ၍ ချန်ချင်းယွီသည် စက်ဘီးအပေါ်ထားရှိသော သူမ၏ စိတ်အားထက်သန်မှုကို 'ရှန့်လင်၏ ဇနီး' ကဲ့သို့ အမြဲတစေ ထုတ်ဖော်ပြောဆိုခြင်းဖြင့် သူမ မည်မျှဝယ်ယူချင်ကြောင်း လူတိုင်းသိအောင် ပြုလုပ်တော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။
ချန်ချင်းယွီ : "ဟိဟိဟိ!"
ရှောင်ကျား နှင့် ရှောင်ယွမ် : "???"
(မေမေ တော်တော် ပျော်နေတာပဲ!)
ရှောင်ကျား နှင့် ရှောင်ယွမ် : "မေမေ့အတွက် လှတဲ့ ပန်းလေးတွေ အများကြီး ထပ်ရှာပေးမယ်!"
ချန်ချင်းယွီ ပြုံးလျက်
"အင်း!"
အမှန်အတိုင်း ဆိုရရင်တော့ မေမေက ပန်ဒါပန်းကလေးတွေကို ပိုကြိုက်တာ!!!
အဲ့ဒါတွေ ပေးလို့ရမလား!!
[xiong mao xiao hua hua ဆိုတာ အင်္ဂလိပ်လို တိုက်ရိုက်ဆို ပန်ဒါပန်းလို့ဆိုပေမဲ့ တကယ်က ပိုက်ဆံ/ ငွေစက္ကူကိုပြောတာပါ၊ တရုတ်မှာက ၁၉၆၀/၇၀ ခုနှစ် ငွေစက္ကူတချို့မှာ ပန်ဒါကိုရိုက်နှိပ်ထားတာမျိုးရှိပြီး ပန်ဒါတွေက နိုင်ငံရဲ့သင်္ကေတပါ အဲ့ဒါကြောင့် ချန်ချင်းယွီက ပန်းထက်ပိုက်ဆံကို ပိုလိုချင်တာမို့ တင်စားပြီးပြောလိုက်တာပါ]
၄၂။ သူ့ကိုလေးစားနေတာလား!
ချင်ချင်းယွီနှင့် သူမ၏ ကလေးနှစ်ယောက်မှာ စောစောစီးစီး ရောက်ရှိနေကြသော်လည်း ကလေးငယ်များမှာ ဘာမျှမယ်မယ်ရရ မကူညီနိုင်ကြပေ။
ထို့ကြောင့် လင်းစန်းရှင်းနှင့် သူမ၏သမီးဖြစ်သူလောက် အလုပ်မတွင်ကြချေ။ လင်းစန်းရှင်းမှာ အနားသို့ လျှောက်လာပြီး
"ချင်းယွီ... ငါတို့တော့ အလုပ်သိမ်းတော့မယ်၊ နင်ကော ဘယ်တော့ပြန်မှာလဲ"
ချင်ချင်းယွီ ပြန်တုံ့ပြန်လိုက်ကာ
"ကျွန်မ နောက်ထပ်ခဏလောက် ထပ်စောင့်ဦးမယ်"
"အေးအေး... ဒါဆိုရင် ဟောက်ဖုန်းကို သွားမေးလိုက်ဦးမယ်၊ သူ မပြန်သေးဘူးဆိုရင်တော့ ငါတို့လည်း နည်းနည်းလောက် ထပ်တူးကြသေးတာပေါ့"
လင်းစန်းရှင်း၏ စကားကို ချင်ချင်းယွီက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
စက်ဘီးတစ်စီး၏ ဆွဲဆောင်မှုမှာ အမှန်တကယ်ပင် ကြီးမားလှပေသည်။
လင်းစန်းရှင်း၏ မျက်လုံးများမှာ စက်ဘီးပေါ်မှ မခွာနိုင်အောင် ဖြစ်နေ၏။ သို့သော် ချင်ချင်းယွီကမူ ယွမ်ဟောက်ဖုန်းနှင့် မပတ်သက်ချင်ပေ။ သူ သူမကို စိုက်ကြည့်နေသည်ကို သူမ သိနေကာ သူမကိုယ်သူမ လှပသည်ဟု သိထားသော်လည်း ထိုသူမှာ သူမကို လက်ထပ်ချင်နေသည်ဟု ထင်ရလောက်အောင်အထိ သူမ မမိုက်မဲပေ။
ယောကျ်ားဟူသည်မှာ မိုက်မဲသူများ မဟုတ်ကြဘဲ အခြေအနေကို အကဲခတ် ကျွမ်းကျင်သူများသာ ဖြစ်ကြသည်။
ထို့ကြောင့် ချင်ချင်းယွီ၏ အတွေးထဲတွင်မူ ဤလူသည် တစ်စုံတစ်ခုသော ရည်ရွယ်ချက် မရှိလျှင် သူမအပေါ် အမြတ်ထုတ်ရန် ကြံစည်နေခြင်းသာ ဖြစ်ရပေမည်။ သူ၏ ရိုးသားမှုဆိုသည်ကို သူမ လုံးဝမယုံကြည်ပေ။ သူမနှင့် သိကျွမ်းခဲ့သည်မှာ မနေ့တစ်နေ့ကမှ မဟုတ်ဘဲ ဤဝင်းထဲတွင် နေထိုင်လာခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်ပြီး၊ သူသည် တစ်ခါမှ ဤသို့ မပြုမူခဲ့ဖူးဘဲ ယခုမှ ရုတ်တရက်ကြီး ပြောင်းလဲသွားခြင်းမှာ ယုံကြည်စရာ မရှိပေ။
သူ တစ်ခုခု ကြံစည်နေခြင်းသာ ဖြစ်နိုင်၏။
ချင်ချင်းယွီသည် သူတစ်ပါးကို အဆိုးဘက်မှ တွေးတောရန် ဘယ်သောအခါမှ ဝန်မလေးတတ်သူပင်။
သူမ၏ ပင်ကိုယ်စရိုက်အမှန်ကို ထုတ်ပြပြီး ရန်ဖြစ်မနေချင်သောကြောင့် ခပ်ကွာကွာနေခြင်းသည်သာ အကောင်းဆုံး အဖြေဖြစ်သည်ဟု သူမ ယူဆသည်။
ဤကဲ့သို့သော လူမျိုးနှင့် ပတ်သက်နေမည့်အစား သူမ၏ ကိုယ်ပိုင်ကိစ္စများကိုသာ အာရုံစိုက်လို၏။
ကလေးနှစ်ယောက်နှင့် လီလင်းလင်းကို ကြည့်ရင်း ချင်ချင်းယွီ စကားစလိုက်လေသည်။
"လင်းလင်း... ငါတို့ဝင်းထဲမှာ ဘယ်သူက အလုပ်အကြိုးစားဆုံးလဲဆိုတာ နင်သိလား"
လီလင်းလင်းမှာ ကြောင်သွားပြီး "..."
သူမ ခဏမျှ စဉ်းစားပြီးနောက်
အလိုက်သင့်ဖြေလိုက်၏။
"အားလုံးလည်း ကြိုးစားကြတာပဲလေ"
သူမသည် မည်သူ့ကိုမျှ အကောင်းအဆိုး ဝေဖန်ပြောဆိုလိုသူ မဟုတ်ပေ။
ချင်ချင်းယွီ ဆက်၍ မေးခွန်းထုတ်ပြန်သည်။
"ဒါဆို နှစ်ကုန်ရင် ဘယ်သူက ဆုရမှာလဲ၊ အားလုံးတော့ ဆုမရနိုင်ဘူး မဟုတ်လား"
လီလင်းလင်း; "ကျွန်မလည်း မသိဘူးလေ၊ ဦးလေးရွှီ ဒါမှမဟုတ် ဦးလေးမာ တို့ ရနိုင်တာပေါ့၊ ဪ... ပြီးတော့ ဟိုပန်းပဲထုတဲ့ ဝမ်တာ့ချွေလည်း ရနိုင်တယ်၊ ဒေါ်လေးကျောက်ရုံကတော့ မနှစ်က ရထားတော့ ဒီနှစ်တော့ မသေချာဘူး၊ တခြားလူတွေကတော့ ပြောရခက်တယ်"
"ဒါနဲ့ အစ်မက ဒါကို ဘာလို့ မေးနေတာလဲ"
လီလင်းလင်းမှာ ပြန်ဖြေပေးရင်း သိချင်စိတ်ဖြင့် ပြန်မေးလိုက်မိ၏။
ချင်ချင်းယွီ ရှက်ပြုံးလေး ပြုံးလျက်
"ဆုရတဲ့လူတွေက စက်ဘီးဝယ်ခွင့်လက်မှတ် ရကြတယ်လို့ ကြားလို့ပါ"
လီလင်းလင်းမှာ ထပ်မံ ကြောင်အသွားပြန်သည်။ "..."
ဒါက ဘာကို ဆိုလိုတာပါလိမ့်!
ချင်ချင်းယွီ လွမ်းဆွတ်တမ်းတနေဟန်ဖြင့်
"ကိုကိုကျန့်ဝမ် ရှိစဉ်တုန်းက သူက ကိုယ်ပိုင်စက်ဘီးလေး တစ်စီးလောက် အရမ်းဝယ်ချင်ခဲ့တာ၊ သူ စက်ဘီးကို တအားမြတ်နိုးတာလေ၊ ဒါပေမဲ့ ငါတို့မိသားစုက မတတ်နိုင်ခဲ့ဘူး၊ အခု သူ မရှိတော့ပေမဲ့ သူ့ရဲ့ဆန္ဒလေးကို ငါ ဖြည့်ဆည်းပေးသင့်တယ်လို့ ထင်တယ်"
လီလင်းလင်းမှာ အံ့အားသင့်သွားရကာ ပါးစပ်အဟောင်းသား ဖြစ်နေရှာ၏။
!!!
ချင်ချင်းယွီ; "ယွမ်ဟောက်ဖုန်းတောင် ငါ့ ကိုကိုကျန့်ဝမ်လောက် အသုံးမကျဘဲနဲ့ စက်ဘီးဝယ်နိုင်သေးတာပဲ၊ ငါ့ ကိုကိုကျန့်ဝမ်မှာလည်း စက်ဘီးတစ်စီး ရှိသင့်တာပေါ့"
သူမ အတည်ပေါက် ပြောလိုက်နေပြီး၊ စိတ်ထဲ၌ လင်းကျန့်ဝမ်ကို တောင်းပန်နေမိသည် ။
"ဆောရီးပါနော်... ရှင်မရှိတော့ပေမဲ့ ရှင့်နာမည်ကို ထပ်ပြီး သုံးလိုက်ရပြန်ပြီ။ ဒါပေမဲ့ ကျွန်မသာ စက်ဘီးဝယ်လိုက်ရင် ရှောင်ကျားနဲ့ ရှောင်ယွမ်တို့လည်း သုံးလို့ရမှာပဲလေ။ ကျွန်မကို အပြစ်မတင်ပါနဲ့။ ကျွန်မကလေးတွေကိုလည်း ကောင်းကောင်း ပြုစုစောင့်ရှောက်ထားပါတယ်"
သူမသည် စိတ်ထဲမှသာ ရေရွတ်နေသော်လည်း အပြင်ပန်းတွင်မူ လွမ်းဆွတ်တမ်းတနေသည့် အမူအရာဖြင့်
"တခြားလူတွေမှာ ရှိနေကြတော့ ကိုကိုကျန့်ဝမ်မှာလည်း မရှိဘဲ မနေစေချင်ဘူး၊ သူ မရှိတော့ပေမဲ့ သူ့အတွက် ဒီဆန္ဒလေးကို ဖြည့်ဆည်းပေးချင်တာပါ"
လီလင်းလင်းမှာမူ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားရပြန်သည်!!
ချီးပဲ!!... ဘာတွေ ပြောနေတာလဲ! အစ်မကြီးရေ ရှင်...ဘာတွေ ပြောနေတာလဲလို့!
သူတို့နှစ်ဦးက အသက်အရွယ်ချင်း သိပ်မကွာလှပါဘဲနှင့် ချန်ချင်းယွီ၏ အတွေးနောက်ကို လိုက်မမီနိုင်သလို ဘာကြောင့် ခဏခဏ ခံစားနေရသလဲ!
သူတို့နှစ်ဦးက ငါးနှစ်ပဲ ကွာတာ မဟုတ်လား!
ကွာဟချက်က တကယ်ပဲ ဒီလောက်တောင် ကြီးမားနေတာလား!! သောက်ကျိုးနည်း!
"ငါတို့ဝင်းထဲက တစ်ယောက်ယောက်တော့ ထူးချွန်ဆုရရင် ကောင်းမှာပဲ၊ အဲဒီဆုရရင် စက်ဘီးလက်မှတ် ရတယ်မလား၊ အဲဒီလူက ငါနဲ့ လဲပေးမယ် ထင်လား"
ချန်ချင်းယွီ၏ မျက်လုံးများသည် အရောင်တောက်နေပြီး အလွန်ပင် ရိုးသားဖြူစင်ပုံ ပေါက်နေသည်။
လီလင်းလင်း ခဏမျှ တုံ့ဆိုင်းသွားပြီးမှ
"အင်း... ကျွန်မလည်း မသိဘူးလေ၊ ဒါပေမဲ့ တစ်ခါတလေကျရင် စက်ဘီးလက်မှတ် မပေးဘူးလို့ ထင်တာပဲ"
တကယ်လို့ ပေးခဲ့ရင်တောင် ဘယ်သူက လဲပေးချင်မှာတဲ့လဲ။
ချန်ချင်းယွီ၏ မျက်လုံးလေးများ ခဏမျှ အရောင်မှိန်သွားသော်လည်း ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့်
"နောက်ပိုင်းကျရင် ပိုပေးလာမှာပါ၊ အဲဒီကျရင် ငါ သူတို့ဆီကနေ လဲလိုက်မယ်"
လီလင်းလင်း ချင်ချင်းယွီကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်မိ၏။
စက်ဘီးလက်မှတ်ရရင် ဘယ်သူက ကိုယ်တိုင်မသုံးဘဲ ထားမှာလဲ?!
စက်ဘီးကို ဘယ်သူက မနှစ်သက်ဘဲ နေမှာလဲ?!
အစ်မကြီး ရှင့်ဦးနှောက်ကြီးကို တကယ် လိုက်မမီတော့ဘူး!
လီလင်းလင်းကိုယ်တိုင်လည်း စက်ဘီးကို အသေအလဲ လိုချင်နေသူဖြစ်ပြီး သူမ၏ မိသားစုတွင် စက်ဘီးတစ်စီး ရှိစေချင်သည်။
သို့သော် ထိုအရာသည် စိတ်ကူးယဉ်ရုံဖြင့် မရနိုင်ပေ။
စက်ဘီးလက်မှတ်တစ်စောင်ကို မှောင်ခိုဈေးကွက်တွင် ယွမ် ၇၀ သို့မဟုတ် ၈၀ လောက် ပေးရသည်ဟု သူမ ကြားဖူး၏။
၎င်းမှာ လွန်ခဲ့သော နှစ်နှစ်ခန့်က ကြားခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် ဈေးနှုန်းများ တက်သွားပြီလား မသိနိုင်ပေ။
သူမ ခဏစဉ်းစားပြီးနောက် စိတ်ရင်းဖြင့် အကြံပြုလိုက်မိသည်။
"စက်ဘီးလက်မှတ်က တအားဈေးကြီးတာ၊ သူတို့ အစ်မကို ပေးချင်မှ ပေးမှာပါ"
ချန်ချင်းယွီ : "ငါ့ရဲ့စိတ်ရင်းကို ကြည့်ပြီး သူတို့ စိတ်လှုပ်ရှားသွားနိုင်တာပဲလေ"
သူမ မျှော်လင့်ချက်အပြည့်ဖြင့်
"ငါ တကယ်ကို ဝယ်ချင်တာ"
လီလင်းလင်း: "..."
သူမ နှုတ်ခမ်းများ တွန့်လိမ်သွားရသည်။ ချန်ချင်းယွီသည် တစ်ခါတလေတွင် အလွန်ပင် ခေါင်းမာတတ်ပြီး ရှင်းပြရခက်သည့် ခေါင်းမာမှုမျိုးဖြစ်ကာ သူမ၏ စိတ်ကူးကို ပြောင်းလဲရန် အလွန်ခက်ခဲကြောင်း လီလင်းလင်း သတိထားမိလိုက်၏။
"အစ်မ ယောက္ခမကကော ဝယ်ခွင့်ပြုမှာလား၊ ဈေးက တအားကြီးတာလေ"
ချန်ချင်းယွီ: "အင်း... ငါ့ယောက္ခမလည်း ကိုကိုကျန့်ဝမ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်မှာပါလို့ ငါ ယုံကြည်တယ်"
လီလင်းလင်း: "..."
သူမမှာ ပြောစရာ စကားလုံးများ မရေမတွက်နိုင်အောင် ပျောက်ဆုံးနေရပြီး ဤအမျိုးသမီးနှင့် မည်သို့ စကားပြောရမည်ကိုပင် မသိတော့ပေ။
"အင်းပါလေ... ဒါဆိုရင်တော့ အစ်မ ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ်"
အမှန်စင်စစ် လီလင်းလင်းသည် ချန်ချင်းယွီ စက်ဘီးဝယ်နိုင်မည်ကို လုံးဝမယုံကြည်ပေ။
ငွေရော လက်မှတ်ပါ လိုအပ်သည် မဟုတ်လား...
သူမတို့ မိသားစုက ဘယ်လိုလုပ် တတ်နိုင်မှာလဲ။
သူမ တစ်စက်ကလေးမျှ မယုံပေ...
သို့သော် ချန်ချင်းယွီနှင့် ထပ်ပြီး ငြင်းခုံမနေတော့ပေ။
အကြောင်းမှာ ဆက်ပြောနေလျှင် သူမသည် "ကိုကိုကျန့်ဝမ်" ကို ထပ်ပြီး အကြောင်းပြနေဦးမည် ဖြစ်သောကြောင့်ပင်။
လီလင်းလင်းသည်လည်း ရှီရှောင်ဝေကို သဘောကျသော်လည်း သူမ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ထိတွေ့လာလျှင်မူ လက်လွှတ်နိုင်စွမ်း ရှိသည်။ ချန်ချင်းယွီလောက် အချစ်ကြီးသည့်လူမျိုးကို သူမ တစ်ခါမျှ မတွေ့ဖူးသေးပေ။
အို... ဘယ်အဘွားကြီးက ဒီစကားလုံးကို တီထွင်ခဲ့လဲ မသိဘူး၊ တကယ်ကို ကွက်တိပါပဲ!
လင်းကျန့်ဝမ်နှင့် ပတ်သက်လာရင် သူမကတော့ တစ်ခုခု လွဲနေပြီ...
ချန်ချင်းယွီ ပြုံးလိုက်ပြီး
"လင်းလင်း... ဒီနေ့ နေ့လယ် နင် ဘာလုပ်မှာလဲ၊ သမဝါယမကုန်တိုက်ကို စက်ဘီးသွားကြည့်ရအောင်လား"
လီလင်းလင်း: "ဘာပြောတယ်"
သူမ နားကိုပင် မယုံနိုင်ဘဲ ကလော်ကြည့်မိလိုက်၏။
ချန်ချင်းယွီ : "သွားကြည့်ကြတာပေါ့၊ နေ့တိုင်း သွားကြည့်လို့ရတာပဲ၊ အဲဒီမှာ တစ်ခုခုကို ကြိုက်သွားရင် နောက်ကျ ဝယ်တဲ့အခါ ကျရင် အလွယ်တကူ ရွေးလို့ရတာပေါ့"
လီလင်းလင်းမှာ မအောင့်နိုင်တော့ဘဲ အော်ပြောလိုက်မိကာ
"အစ်မမှာ ပိုက်ဆံလည်းမရှိ၊ လက်မှတ်လည်းမရှိဘဲ ဘာသွားလုပ်မှာလဲ၊ အရှက်ရစရာကြီး!"
ချန်ချင်းယွီမှာ ထိုသို့မထင်ပေ။ သူမ၏ မျက်လုံးအဝိုင်းသားလေးများဖြင့် ကြည့်ကာ
"ကြည့်တာပဲလေ... ဥပဒေမှ မဖောက်ဖျက်တာ"
လီလင်းလင်း: "..."
ဒါက ဥပဒေ ဖောက်ဖျက်တာ၊ မဖောက်ဖျက်တာနဲ့ ဆိုင်လို့လား!!!
အရောင်းစာရေးတွေက နင့်ကို မျက်နှာသာပေးမှာ မဟုတ်ဘူး၊ မောင်းတောင် ထုတ်ကြဦးမှာ။ အဲဒါကမှ တကယ်ကို အရှက်ရဖို့ ကောင်းတာ!
သူမ စိတ်ထဲမှ အော်ဟစ်နေမိပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်နေရသည်။
"ကျွန်မ မသွားဘူး! ဘယ်တော့မှ မသွားဘူး!"
ဘာမှဝယ်စရာမရှိဘဲ ကုန်တိုက်ကို ဘယ်သူက အကြောင်းမဲ့သက်သက် သွားမှာလဲ!!
လမ်းလျှောက်ထွက်တာတောင် အဲဒီနေရာမှာ သွားမလျှောက်ကြဘူးလေ...ဘာမှမဝယ်ဘဲ ဟိုဟိုဒီဒီ လျှောက်ကြည့်နေရတာက တကယ်ကို အရှက်ရဖို့ကောင်းတာ!
"ကျွန်မတော့မလိုက်ဘူး၊ အစ်မလည်း မသွားတာ ပိုကောင်းမယ်လို့ ထင်တယ်၊ တကယ်လို့ အမောင်းထုတ်ခံလိုက်ရရင် ဘယ်လောက်တောင် အရှက်ကွဲဖို့ကောင်းမလဲ စဉ်းစားကြည့်ဦး!"
ချန်ချင်းယွီ ; "ကိစ္စမရှိပါဘူး၊ ဟိုဟိုဒီဒီ လျှောက်ကြည့်ထားမှ ဘယ်ဟာက ပိုကောင်းလဲဆိုတာ သိရမှာပေါ့"
လီလင်းလင်းသည် ချန်ချင်းယွီနှင့် တကယ်ကို စကားပြော၍မရတော့ကြောင်း ခံစားလိုက်ရသည်။ ဤအမျိုးသမီးသည် အလွန်ပင် ခေါင်းမာပြီး ထူးဆန်းလွန်းလှ၏။ သူမ အသက်ကို ဝဝရှူလိုက်ပြီး လက်လျော့လိုက်ကာ
"အင်းပါလေ... ဒါဆိုလည်း ပြီးတာပဲ"
"ကျန့်ဝမ်ကမှ မရှိတော့တာ၊ အစ်မ ဝယ်လိုက်ရင်တောင် သူသုံးရမှာ မဟုတ်ဘူး၊ အဲဒါက ဘာထူးမှာလဲ"
လီလင်းလင်း ထပ်လောင်းပြောမိသလိုက်သည်။
ချန်ချင်းယွီ : "ဒါပေမဲ့ ငါ့မိသားစုမှာ ရှိသွားပြီလေ၊ အဲဒါက သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတာပဲပေါ့"
ငါ့မျက်လုံးတွေကို ကြည့်လိုက်ပါဦး၊ တကယ်ကို ရိုးသားနေတာ!
လီလင်းလင်း: "..."
ထိုစဉ် လင်းစန်းရှင်းမှာ ပြုံးရွှင်သောမျက်နှာဖြင့် ပြန်
ရောက်လာကာ
"သမီးရေ... ငါတို့ တောဟင်းသီးဟင်းရွက်တွေ နည်းနည်းလောက် ထပ်တူးကြရအောင်၊ ရလာတာတွေကို ဟောက်ဖုန်းကို တစ်ဝက်ခွဲပေးပြီး သူတို့မိသားစုကို မြည်းကြည့်ခိုင်းရမယ်"
"ဟုတ်ကဲ့ပါ"
လီလင်းလင်း အားတက်သရော ခေါင်းညိတ်လိုက်၏။
ကောင်းပြီ၊ ကောင်းပြီ၊ ချန်ချင်းယွီနဲ့ ဒီကိစ္စကို ဆက်ပြီး မဆွေးနွေးတော့တာ အကောင်းဆုံးပဲ...
လင်းစန်းရှင်းက ပျော်ရွှင်စွာဖြင့်
"ကျောက်ရုံကတော့ ကံကောင်းလိုက်တာ၊ သူကိုယ်တိုင်လည်း အရည်အချင်းရှိသလို သူ့သားကလည်း အောင်မြင်နေတာပဲ၊ ခုနက ငါသွားကြည့်တော့ ငါးတွေအများကြီး ဖမ်းမိထားတယ်၊ အဲဒီကလေးကို ကြည့်စမ်း... ဘယ်အရာမဆို တကယ်ကို တော်တာပဲ။ စိတ်ထားလည်း သိပ်ကောင်းတာ၊ ငါတို့ကိုတောင် ဟင်းချက်စားဖို့ တစ်ကောင်ပေးချင်တယ်လို့ ပြောနေသေးတယ်"
လီလင်းလင်းမှာ မျက်လုံးများ ဝင်းလက်သွားပြီး ဝမ်းသာအားရဖြင့်
"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့!"
သိပ်ကောင်းတာပေါ့၊ ငါးဆိုတာလည်း အသားဟင်း တစ်နှပ်ပဲမဟုတ်လား...
သို့မဟုတ်ပါက ဤမျှများပြားသောလူများ ဤနေရာတွင် ငါးလာဖမ်းနေကြမည် မဟုတ်ပေ။ လီလင်းလင်း ညည်းညူပြလိုက်ကာ
"သမီးတို့အိမ်မှာ ငါးမစားရတာ အတော်ကြာပြီ"
"ဟုတ်ပါရဲ့အေ"
လင်းစန်းရှင်း ချင်ချင်းယွီကို တစ်ချက်ကြည့်ကာ တိုက်တွန်းလေသည်။
"ချင်းယွီလေး... နင်လည်း နည်းနည်းလောက် ထပ်တူးပြီး သူ့ဆီမှာ သွားလဲလိုက်ပါလား၊ ဟောက်ဖုန်းက သဘောကောင်းပါတယ်၊ နင့်မိသားစုကို ကူညီရမှာကို သူလည်း ဝမ်းသာမှာပါ"
ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ပြုံးလျက်
"နေပါစေ... ကျွန်မတို့ မနေ့ကပဲ ငါးစားပြီးပြီ၊ ဒီညတော့ မုန့်ညှင်းပင်ပေါက်နဲ့ ဖက်ထုပ်လုပ်စားမလို့"
"ကျွန်မလည်း အလုပ်သိမ်းတော့မယ်၊ ကုန်တိုက်ကိုလည်း သွားစရာရှိသေးလို့၊ ရှင်တို့ တကယ်ပဲ မလိုက်ဘူးလား"
လင်းစန်းရှင်းက စကားဝင်ပြောရန် ဟန်ပြင်စဉ် လီလင်းလင်းက သူမကို တိတ်တဆိတ် ဆွဲလိုက်သည်။ လင်းစန်းရှင်းက ရိပ်မိသွားပြီး
"ငါတို့တော့ မလိုက်တော့ပါဘူး၊ နင်လည်း အလုပ်ရှုပ်နေမှာပဲ၊ ငါလည်း နည်းနည်းလောက် ထပ်တူးဦးမယ်"
ချန်ချင်းယွီ: "ဒါဆို ကျွန်မတို့ သွားတော့မယ်နော်"
သူမသည် ကလေးနှစ်ယောက်ကို လှမ်းခေါ်လိုက်ရာ ကလေးများမှာ မိခင်ဖြစ်သူ၏ အနားသို့ ချက်ချင်းပင် ခုန်ပေါက်ပြေးလွှား ရောက်ရှိလာကြသည်။ ချန်ချင်းယွီသည် ယွမ်ဟောက်ဖုန်းကို နှုတ်မဆက်ခဲ့ဘဲ လင်းစန်းရှင်းနှင့် သမီးဖြစ်သူကိုသာ နှုတ်ဆက်ပြီး ထွက်ခွါခဲ့၏။ ကလေးနှစ်ယောက်မှာလည်း လက်ချင်းတွဲကာ ချန်ချင်းယွီ၏ ဘေးတွင် ခုန်ဆွခုန်ဆွဖြင့် လိုက်ပါသွားကြသည်။ ချန်ချင်းယွီ သတိပေးစကားဆိုကာ
"ဖြည်းဖြည်းလျှောက်ကြလေ... ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါမေမေ"
မိခင်နှင့် ကလေးနှစ်ယောက်မှာ ကားဂိတ်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ဘတ်စ်ကားစီး၍ ထွက်ခွါသွားကြလေ၏။
သူမ မသိလိုက်သည်မှာ သူမ ထွက်ခွါသွားပြီး မကြာမီ ယွမ်ဟောက်ဖုန်းသည် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုသော်လည်း ချန်ချင်းယွီနှင့် ကလေးနှစ်ဦးအား မတွေ့ရသဖြင့် သူ၏အကြည့်တို့မှာ နက်မှောင်သွားကာ အမှတ်မထင်ဟန်ဖြင့် မေးမြန်းလိုက်၏။
"ဘာလို့ ဒေါ်လေးတို့ပဲ ရှိနေတာလဲ? ချန်ချင်းယွီကရော ဘယ်မှာလဲ?"
လင်စန်းရှင်းမှာ တုံ့ပြန်ပြောဆိုလိုက်ကာ
"သူတို့ အရင်ပြန်သွားပြီ"
ယွမ်ဟောက်ဖုန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး စိတ်မသက်သာဟန်ဖြင့်
"စကားတစ်ခွန်းမှ မပြောဘဲ စောစောပြန်သွားတာပဲ၊ ကျွန်တော်က အားလုံးရှိနေကြမယ် ထင်နေတာ"
လင်စန်းရှင်း သက်ပြင်းချရင်း ကြားဝင် ရှင်းပြလိုက်လေသည်။
"အဲဒါ သူ့ပင်ကိုယ်စရိုက်ပဲလေ။ လူကြောက်တတ်ပြီး သိပ်လည်း အပေါင်းအသင်း မဝင်တတ်ဘူး၊ စိတ်ထဲမထားပါနဲ့။ အဒေါ်ကြီးကျောက်ကလည်း စိတ်ပုတ်ပြီး သူ့အပေါ် သိပ်မကြင်နာတော့ သူက ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ လူမှုရေး သိပ်မရှိတာ၊ ဒါပေမဲ့ သူက လူကောင်းတစ်ယောက်ပါ"
"သိပါတယ်၊ ကျွန်တော် စိတ်ထဲမထားပါဘူး။"
"ဒါဆိုရင်လည်း ကောင်းတာပေါ့။"
ဘေးနားရှိ လီလင်းလင်းမှာ တိုးညင်းသောလေသံဖြင့်
"အစ်မချင်းယွီက လူကောင်းပါ၊ ဒါပေမဲ့ ကျန့်ဝမ်အကြောင်းဆိုရင်တော့ နည်းနည်း စွဲလမ်းလွန်းနေသလိုပဲ၊ ခုနတင် သူပြောနေတာက..."
လီလင်းလင်းမှာ ပြောဆိုကာ စောစောမှ ဖြစ်ပျက်ခဲ့သမျှကို တတွတ်တွတ် ပြန်ပြောပြနေ၏။
ချန်ချင်းယွီမှာမူ သူတို့ မည်သို့ပင် ဆိုစေကာမူ ဂရုမစိုက်ချေ။ သူမဘက်မှ ထုတ်ဖော်ပြောကြားပြီးဖြစ်၍ သူတစ်ပါး အတင်းအဖျင်း ပြောဆိုမည်ကိုလည်း မတုန်လှုပ်ပေ။ကောလာဟလများ ပိုမိုပျံ့နှံ့လေလေ သူမအတွက် ပို၍ပင် ကောင်းမွန်လေသာတည်း။ သူတို့တစ်သိုက် ကျုံးနား၌ တီးတိုးစကား ဆိုနေကြစဉ် ချန်ချင်းယွီသည် အိမ်ဝင်းအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ရှေ့ဝိုင်းအတွင်း၌ အဒေါ်ကြီးမေ့နှင့် အခြားသူများမှာ စကားလက်ဆုံ ကျနေကြ၏။
"ဟော... ချင်းယွီ၊ ပြန်လာပြီလား?"
ချန်ချင်းယွီ - "ဟုတ်ကဲ့။"
အဒေါ်ကြီးမေ့ : "ဘာလို့ တစ်ယောက်တည်းလဲ? လင်စန်းရှင်းတို့ သားအမိ နင့်ကို လိုက်မရှာကြဘူးလား?"
ချန်ချင်းယွီက ပြုံးလျက်
"သူတို့ ခဏအလုပ်များနေလို့ ကျွန်မ အရင်ပြန်လာတာ"
သူမသည် အိမ်ထဲသို့ ချက်ချင်းမဝင်ဘဲ ထိုင်ချလိုက်ကာ တူးလာသော တောဟင်းရွက်များကို စတင်သင်တော့သည်။ ထို့နောက် လက်ဝေ့ယမ်းကာ ကလေးနှစ်ယောက်ကို နှင်လွှတ်လိုက်၏။
"မင်းတို့နှစ်ယောက် သွားဆော့ကြတော့"
"မေမေ... သမီး ရေသောက်ချင်
တယ်"
ရှောင်ယွမ် တိုးတိုးလေး ဆိုလာ၍
ချန်ချင်းယွီမှာ
"ရော့... သော့ယူသွားလေ။"
"ဟုတ်ကဲ့!"
မောင်နှမနှစ်ဦးမှာ ပျော်ရွှင်စွာဖြင့် အိမ်ထဲသို့ ပြေးဝင်သွားကြသည်။ ပိုင်ဖုန်းရှန်းမှာ ကလေးမလေးကိုကြည့်၍ မှတ်ချက်ပေးလိုက်မိ၏။
"ညည်းရဲ့ ရှောင်ယွမ်က အရင်ကထက် စကားပိုပြောလာသလိုပဲနော်"
အဆိုပါ မိန်းကလေးငယ်လေးသည် ယခင်ဆိုလျှင် အလွန်အမင်း အေးဆေးကာ အမြဲတစေ အစ်ကိုဖြစ်သူ၏ နောက်၌ ပုန်းကွယ်နေတတ်ပြီး ကြောက်ရွံ့တုန်လှုပ်နေတတ်သူ ဖြစ်သည်။
ချန်ချင်းယွီ : "သူ နည်းနည်းကြီးလာတော့ ပိုပြီး တက်ကြွလာတာပေါ့။"
သူမ ခပ်ကျယ်ကျယ် လှမ်းအော်
လိုက်ကာ
"ရှောင်ကျား ... အင်တုံတစ်ခုလောက် ယူပေးဦး!"
ရှောင်ကျား - "ဟုတ်ကဲ့~"
ချန်ချင်းယွီသည် သူတစ်ပါး မြင်တွေ့မည်ကို စိုးရွံ့ခြင်းမရှိဘဲ ဟင်းရွက်အားလုံးကို ပုံချလိုက်သည်။ ဘေးလူများမှာ ဝယ်ယူရန် ဝန်လေးနေကြသော်လည်း လတ်ဆတ်လှသော ဟင်းရွက်များကို မြင်သောအခါ စိတ်ဝင်တစား ရှိလာကြ၏။ ရှီကျန့်ရှန်းမှာ မနေနိုင်တော့ဘဲ မေးလိုက်မိလေသည်။
"ညည်း တူးလာတာ တော်တော်များသားပဲ၊ အကုန်ကုန်ပါ့မလား"
"ကုန်တာပေါ့၊ ဘာလို့ မကုန်ရမှာလဲ? ဒီည ကျွန်မတို့ မုန့်ညှင်းပင်ပေါက်နဲ့ ပေါက်စီ လုပ်စားကြမလို့၊ ဒါတောင် လောက်ပါ့မလား မသိဘူး"
တကယ်တော့ သူတို့က နည်းနည်းပေးရန် အကဲခတ်နေခြင်းကို သူမ ရိပ်မိပါသည်။
သို့သော်... ဝေးသေးလေစွ!
"ပေါက်စီ လုပ်စားမယ် ဟုတ်လား?"
ချန်ချင်းယွီ : "ဟုတ်တယ်၊ ပေါက်စီအတွက်ဆိုရင် မုန့်ညှင်းပင်ပေါက်က အလတ်ဆတ်ဆုံးပဲ။"
ရှီကျန့်ရှန်း : "ညည်းတို့မိသားစုက တကယ့်ကို ရက်ရောတာပဲ၊ ဖက်ထုပ်ဆိုရင် ဂျုံမှုန့်အဖြူ သုံးရမှာလေ၊ နှမြောစရာကြီး။"
ချန်ချင်းယွီ : "တစ်နပ်စာပါပဲ၊ ကလေးက ကြီးထွားနေတဲ့အရွယ်၊ ယောက္ခမကလည်း အသက်ကြီးပြီဆိုတော့ အာဟာရဖြစ်တာလေးတွေ ကျွေးရမှာပေါ့။"
အဘွားကြီးဝမ် ; "ဒါနဲ့ ညည်းက ဘာလို့ တစ်ယောက်တည်းလဲ? လင်စန်းရှင်းက ညည်းနဲ့အတူ ရှိနေတာ မဟုတ်လား? သူ ဘာလို့ ပြန်မလာသေးတာလဲ?"
သူမသည် မနက်ပိုင်းကဲ့သို့ ချန်ချင်းယွီကို ရှောင်ဖယ်လိုသည့် ပုံစံမျိုး မရှိတော့ချေ။ မနက်ခင်း၌မူ သူမသည် သရဲမြင်သကဲ့သို့ ထိတ်လန့်နေခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ မွန်းတည့်ချိန် နေရောင်ခြည်
အောက်တွင် ရှိနေ၍ စိတ်ငြိမ်သွားပြီ ဖြစ်ကာ သိပ်ပြီး မကြောက်တော့ခြင်းပင်။
ချန်ချင်းယွီ : "သူတို့သားအမိက ကျွန်မတို့ထက် ဟင်းရွက်တွေ ပိုတူးမိကြတယ်၊ ဒါပေမဲ့ အလယ်ဝင်းထဲက ယွမ်ဟောက်ဖုန်းအတွက်ပါ တူးပေးနေရလို့ ပြန်မလာနိုင်သေးတာ"
ထိုစကားကို ကြားသောအခါ လူအားလုံးမှာ အံ့အားသင့်သွားကြပြီး အလုအယက် မေးမြန်းကြတော့သည်။
"ယွမ်ဟောက်ဖုန်းအတွက် တူးပေးတယ် ဟုတ်လား? ဘာလို့ သူ့အတွက် တူးပေးရတာလဲ? ဘာတွေဖြစ်ခဲ့လဲ ပြောပါဦး!"
"အေးလေ... ပြောပြပါဦး၊ ညည်းတို့ အတူတူသွားကြတာ မဟုတ်ဘူးလား?"
"ဟုတ်တယ်၊ ယွမ်မိသားစုရဲ့ သားကြီးနဲ့ ဘယ်လိုများ ပတ်သက်သွားတာလဲ?"
"ဟုတ်ပါ့... ပြောပြပါဦး!"
အဘွားကြီးများနှင့် အဒေါ်ကြီးများအားလုံးမှာ သတင်းဦးသတင်းထူးကို သိလိုဇောဖြင့် ချန်ချင်းယွီကို မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။
ချန်ချင်းယွီ - "!!!"
ဘုရားရေ!
ငါကပဲ ပြန်ကြားရေး သတင်းဌာနကြီး ဖြစ်နေပြီပေါ့လေ!
သို့သော်လည်း သူမ မပြောလျှင်ပင် ထိုသူတို့ ပြန်ရောက်လာသည့်အခါ သတင်းမှာ ပျံ့နှံ့သွားမည်သာ ဖြစ်သောကြောင့် ချန်ချင်းယွီမှာ ကိုယ်တိုင်ဦးအောင် သတင်းဖြန့်ချလိုက်၏။
"ယွမ်ဟောက်ဖုန်းက မြို့ပြင်မှာ ငါးမျှားနေတာလေ၊ အဲဒါနဲ့ သူတို့က ငါးနဲ့ တောဟင်းရွက်တွေကို လဲနေကြတာ"
"ဟယ်... လင်စန်းရှင်းက တကယ့် မြေခွေးအိုမပဲ။ တောဟင်းရွက်နဲ့ ငါးနဲ့လဲတယ်ဆိုတော့ အမြတ်ကြီးပဲပေါ့။ ဒီလောက်ကောင်းတဲ့အပေးအယူမျိုးကို ဘယ်သူက မလုပ်ချင်ဘဲ နေမလဲ? သူကတော့ တကယ့်လူပဲ။"
"ကြည့်တော့သာ ရိုးသလိုလိုနဲ့ တကယ်တော့ သူက အတွက်အချက် အရမ်းများတာ။"
"ဘာတွေ တွက်ချက်နေတာလဲ? ကိုယ့်အလုပ်ပြုတ်တဲ့အထိ တွက်ချက်နေတာလား?"
"အဲဒါက တခြားစီလေ။ သူနဲ့ လီချန်ရွှမ်း က မိသားစုဝင်တွေပဲဟာ၊ အကျိုးအမြတ်ကို အိမ်ထဲမှာပဲ သိမ်းထားတာ ကောင်းတာပေါ့။"
"အေးလေ... အဲဒါတော့ ဟုတ်သားပဲ။"
ထိုအချိန်တွင် အဘွားကြီးဝမ် တစ်ယောက် လျှို့ဝှက်သော အမူအရာဖြင့် ဝင်ပြောလိုက်သည်။
"ညည်းတို့က ဒီအကျိုးအမြတ်ကလေးကိုပဲ မြင်နေတာလား? တခြား ဘာမှ မစဉ်းစားမိဘူးလား?"
"ဟင်?"
"ဘာကိုလဲ?"
ချန်ချင်းယွီပင်လျှင် အာရုံစိုက်ကာ နားထောင်နေသည့် ပုံစံမျိုး ဖြစ်သွားရ၏။
အဘွားကြီးဝမ် : "သူတို့ ထွက်သွားတာကို ငါ မြင်လိုက်တယ်။ ယွမ်ဟောက်ဖုန်းက လင်စန်းရှင်းနဲ့ သူ့သမီးကို စက်ဘီးတင်သွားတာလေ။ သားအမိနှစ်ယောက်လုံးက ပြုံးဖြီးနေတာပဲ။ ငါ့အထင်တော့ လင်စန်းရှင်းက ယွမ်ဟောက်ဖုန်းကို သမက်တော်ချင်နေတာ ထင်တယ်။"
"အာ... သူတို့ အတူတူ ထွက်သွားကြတာလား?"
"နေပါဦး... အဲဒါ မဟုတ်သေးပါဘူး။ လီလင်းလင်းက ဟိုကောင်လေးကို ကြိုက်နေတာ မဟုတ်လား? ရှီရှောင်ဝေလေ။"
"လီလင်းလင်းက ရှီရှောင်ဝေကို ကြိုက်နေတော့ ဘာဖြစ်လဲ? လင်စန်းရှင်းက သဘောမကျဘူးလေ၊ လီချန်ရွှမ်းကဆို ပိုတောင် ဆိုးသေး။ ရှီရှောင်ဝေက အလုပ်မှမရှိတာ၊ လင်စန်းရှင်းက သူ့ကို မျက်စိထဲတောင် ထည့်မှာ မဟုတ်ဘူး။"
"အင်း... အဲဒါလည်း ဟုတ်တာပဲ။ အစ်မကြီးဖန်နဲ့ ရှီရှန်းတို့ကလည်း လီလင်းလင်းကို သဘောမကျကြဘူး။ ရှီရှောင်ဝေက အနည်းဆုံး အထက်တန်းအောင်ထားတာ၊ လီလင်းလင်းကတော့ အလယ်တန်းအောင်လက်မှတ်ပဲ ရှိသေးတယ်။ ပြီးတော့ ရှီရှောင်ဝေမှာလည်း အလုပ်မရှိသလို၊ လီလင်းလင်းမှာလည်း အလုပ်မရှိဘူး။"
"ဟယ်... နေပါဦး၊ ညည်းတို့ မေ့နေကြပြီလား? ရှီရှောင်ဝေက ဟောက်ရွှယ်ကို သဘောကျနေတာလေ။"
"ဒီလူငယ်လေးတွေဟာလေ... ရှုပ်ထွေးလိုက်တာ..."
"ခဏလေး... ယွမ်ဟောက်ဖုန်းက ဘယ်က စက်ဘီး ရလာတာလဲ? အဲဒါ ကျောက်ရုံတို့ ဇနီးမောင်နှံ သုံးတဲ့ စက်ဘီး မဟုတ်လား?"
"အို... ညည်း မသိသေးဘူးလား? အဲဒါ ဟောက်ဖုန်း ဝယ်ထားတာလေ။ မနေ့ကတင် သူ ယူလာတာ၊ ဒါပေမဲ့ သူက အသံသိပ်မထွက်ဘဲ ခပ်အေးအေးပဲ နေတတ်တဲ့သူဆိုတော့ ဘယ်သူမှ သတိမထားမိကြတာ။"
"ဟယ်... သူ့မိသားစုက နောက်ထပ် စက်ဘီးတစ်စီး ထပ်ဝယ်တာလား? တကယ် အံ့ဩစရာပဲ!"
အားလုံးမှာ စုပြုံကာ တတွတ်တွတ် ဆွေးနွေးနေကြတော့သည်။
ထိုစဉ် ချန်ချင်းယွီ ကြားဖြတ်၍ ဝင်ပြောလိုက်၏။
"ဒီနေ့ ယွမ်ဟောက်ဖုန်းရဲ့ စက်ဘီးကို မြင်တော့မှ ကျွန်မ ကိုကိုကျန့်ဝမ်လည်း စက်ဘီးတစ်စီး အမြဲလိုချင်နေခဲ့တာကို သတိရသွားတယ်"
အားလုံးက ချန်ချင်းယွီထံသို့ လှည့်ကြည့်လာကြ၏။
ချန်ချင်းယွီတစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း ဆုံးဖြတ်ချက် ပြတ်သားသည့် အမူအရာမျိုးဖြင့် ပြုံးလိုက်ပြီး
"ကျွန်မလည်း စက်ဘီးတစ်စီး ဝယ်ဖို့ စီစဉ်နေတယ်။ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်လေ။ သူ ကိုယ်တိုင် မစီးနိုင်တော့ရင်တောင် ကျွန်မတို့ အိမ်မှာ စက်ဘီးတစ်စီးတော့ ရှိကိုရှိရမယ်။"
အကယ်၍ ဤစကားကို တခြားသူသာ ပြောခဲ့လျှင် လူအများမှာ ရူးကြောင်ကြောင်နိုင်လိုက်တာဟု ထင်ကြပေလိမ့်မည်။ ‘လူက သေသွားပြီ၊ နင်တို့ပဲ စီးကြမှာကို လူသေကို အကြောင်းမပြပါနဲ့’ ဟု ဆိုကြမည် ဖြစ်သည်။
သို့သော် ချန်ချင်းယွီကိုယ်တိုင် ပြောလိုက်သည့်အခါတွင်မူ အားလုံး၏ ပထမဆုံး တုံ့ပြန်မှုမှာ ‘ဘုရားရေ၊ သူ့ရဲ့ အချစ်ရူးတဲ့ စိတ်တွေ ပြန်ထလာပြန်ပြီ’ ဟူ၍သာ ဖြစ်၏။
အချိန်သိပ်မကြာသေးသော်လည်း ချန်ချင်းယွီ၏ "အချစ်ရူး" ဆိုသည့် ပုံရိပ်မှာ လူတိုင်း၏ စိတ်ထဲတွင် အမြစ်တွယ်နေဆဲပင်။
"အယ်... နင့်မှာ ပိုက်ဆံနဲ့ စက်ဘီးဝယ်ခွင့် လက်မှတ်ရော ရှိလို့လား?"
ရှီကျန့်ရှန်းမှာ အတန်ကြာမှ မေးလိုက်မိလေသည်။
"မရှိဘူးလေ"
ချန်ချင်းယွီ ခေါင်းလေးယမ်း၍ သဘာဝကျကျပင် ပြန်ဖြေလိုက်၏။
ထို့နောက် သူမမှာ ရိုးသားသော အမူအရာဖြင့် အတည်ပေါက်ကြီး ဆိုလိုက်၏။
"ဒါပေမဲ့ ကျွန်မတို့ စုလို့ရတာပဲလေ၊ ပြီးတော့ စက်ရုံက ထူးချွန်ဝန်ထမ်းတွေကိုလည်း ဆုအနေနဲ့ စက်ဘီးလက်မှတ်တွေ ပေးတယ်လို့ ကြားဖူးတယ်။ ကျွန်မတို့ ဝင်းထဲက လူတွေက မိသားစုဝင်တွေလိုပဲ စည်းလုံးကြတာပဲ။ ကျွန်မတို့ သေချာ တိုင်ပင်ကြည့်ရင် တစ်ယောက်ယောက်ကတော့ ကျွန်မတို့ မိသားစုအတွက် ဒီလက်မှတ်ကို ပေးချင်ကြမှာပါ"
"ဟဲ့…သောက်ကျိုးနည်း!!”
"ဘုရားရေ!"
"အယ်... အဲဒါက..."
နေပါဦး... နင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား?
ဘယ်သူက စက်ဘီးလက်မှတ်ကို ဒီအတိုင်း ပေးမှာလဲ?
ပြီးတော့ နင်ကတော့ အိပ်မက်တွေ ယောင်နေပြီပဲ...
ခဏမျှ လူတိုင်းပင် ဆွံ့အသွားကြသည်။ ချန်ချင်းယွီမှာမူ အပြစ်ကင်းစင်သော မျက်နှာပေး၊ အေးဆေးငြိမ့်ညောင်းသော လေသံလေးဖြင့် လူတိုင်းကို မေးမြန်းလိုက်၏။
"ဒီနေ့ နေ့လယ် ကျွန်မ အားတယ်လေ၊ အဲဒါကြောင့် သမဝါယမ ကုန်ပစ္စည်းအရောင်းဆိုင်ဘက် သွားကြည့်မလို့။ ဘယ်သူ လိုက်ဦးမလဲ?”
သူမတွင် ပိုက်ဆံရော၊ ရိက္ခာလက်မှတ်ပါ မရှိသည်ကို အားလုံး သိနေကြသဖြင့် ပြတ်ပြတ်သားသားပင် ခေါင်းခါပြကြလေသည်။
"မလိုက်တော့ဘူး၊ မလိုက်တော့ဘူး၊ ငါတို့ မသွားဘူး"
"သွားကြည့်ရုံပဲဟာ၊ ဘာမှ မဖြစ်ပါဘူး"
ချန်ချင်းယွီမှာ ရိုးရိုးသားသားပုံစံလေးဖြင့် ဆိုလိုက်သော်ငြား လူအများမှာ ကျားနှင့်တွေ့ရမည့်အလား အပြတ်ငြင်းကြကုန်၏။
"တကယ် မလိုက်တော့ပါဘူး။"
"ဟုတ်တယ်၊ ငါတို့အိမ်ကလည်း ဝယ်ဖို့ အစီအစဉ်မရှိတော့ မသွားတော့ဘူး"
"လျှောက်မကြည့်ဘဲနဲ့ ဘယ်ဟာက ကောင်းတယ်ဆိုတာ ဘယ်သိပါ့မလဲ"
ချန်ချင်းယွီ ဆိုလိုက်ပြန်ရာ အဒေါ်ကြီးမေ့မှာမနေနိုင်တော့ဘဲ ဝင်ပြောလိုက်ရ၏။
“ရှောင်ချန်! နင့်မှာ ဝယ်နိုင်တဲ့ ပိုက်ဆံရှိဖို့က ဘယ်လောက်တောင် စောင့်ရဦးမှာလဲ မသိဘူး။ အစောကြီး သွားကြည့်နေလည်း အလကားပဲ။ နင်ကြိုက်တဲ့ဟာကို သူများ ဝယ်သွားတာပဲ မြင်ရလိမ့်မယ်"
ချန်ချင်းယွီမှာ မခိုတရို့လေးပြုံးလိုက်ပြီး
"ရပါတယ်၊ ဒါဆိုလည်း နောက်တစ်စီး ထပ်ရှာတာပေါ့"
"ကိုကိုကျန့်ဝမ်က သူ့မိသားစုအတွက် စက်ဘီးတစ်စီး အမြဲလိုချင်နေခဲ့တာ။ ကျွန်မ ကြိုပြီး လျှောက်ကြည့်ထားမှ ဝယ်မယ့်အချိန်ကျရင် အထစ်အငေါ့ မရှိမှာလေ"
အမှန်အတိုင်း ပြောရလျှင် လင်စန်းရှင်း ယွမ်ဟောက်ဖုန်းကို သမက်တော်ချင်နေသည်မှာ ပို၍ ရူးကြောင်ကြောင်နိုင်သလား၊ သို့မဟုတ် ချန်ချင်းယွီက ပိုက်ဆံရော လက်မှတ်ပါ မရှိဘဲ စက်ဘီးသွားကြည့်ချင်နေသည်မှာ ပို၍ ရူးကြောင်ကြောင်နိုင်သလားဆိုသည်ကို မည်သူမျှ မဝေခွဲနိုင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဤအခြေအနေနှစ်ရပ်စလုံးကို အကဲခတ်ကာ အခွင့်အရေး ချောင်းနေသူများလည်း ရှိနေသည်။
အဒေါ်ကြီးမေ့ : "ဒါနဲ့... နင့်ယောက္ခမကရော သဘောတူပါ့မလား?"
ချန်ချင်းယွီ : "သဘောတူတာပေါ့! ကျွန်မယောက္ခမက သိပ်ကို စိတ်ထားကောင်းတဲ့သူပဲဟာ။"
အားလုံး - "..."
မယုံနိုင်စရာပဲ!
ဒီမိန်းကလေး မနက်ကတင် ရူးကြောင်ကြောင်တွေ လုပ်နေသေးတာ။
ယခင်၌ ချန်ချင်းယွီသည် လူကြားထဲတွင် ထင်ပေါ်ခြင်းမရှိသော်လည်း၊ ယခုအခါ သူမအကြောင်းကို လူတိုင်း ပို၍ သိလာကြပြီဖြစ်သည်။ သူမသည် ပုံမှန်ဆိုလျှင် နုနယ်ပျော့ပျောင်း သိမ်မွေ့သူလေး ဖြစ်သော်လည်း လင်းကျန့်ဝမ်နှင့် ပတ်သက်လာလျှင်မူ ရူးသွပ်သွားတတ်သည့် စရိုက်ရှိမှန်း အားလုံး သဘောပေါက်သွားကြ၏။
အမှန်တကယ်၌ လူတိုင်းနီးပါး အဘွားကြီးကျောက်ကို မနာလိုဖြစ်နေကြသည်မှာ အမှန်ပင်။ သားဖြစ်သူ မရှိတော့သော်လည်း ချွေးမဖြစ်သူသည် မိမိအပေါ် ယခုတိုင် သစ္စာရှိရှိ အနစ်နာခံနေသည် မဟုတ်လော့။ လင်မယားကွဲခြင်း၊ ဖောက်ပြန်သွားခြင်းတို့ထက်စာလျှင် ဤသည်မှာ ပို၍ပင် တော်သေးသည် ဆိုရပေမည်။ ကံကောင်းထောက်မစွာဖြင့် အဘွားကြီးကျောက်သည် လူအများ မည်သို့ တွေးနေသည်ကို မသိပေ။ သိသာသိလျှင် "ကောင်မတွေ! ဒီကောင်းချီးကို ညည်းတို့ပဲ ယူကြမလား?!" ဟု မေးခွန်းထုတ်မည်မှာ အသေအချာပင်။
အဘွားကြီးကျောက်တစ်ယောက် ထိုသို့ သေချာပေါက် တွေးမည်မဟုတ်သော်လည်း ကျန်သူများသည်ကား ထိုသို့ မသိကြချေ။
သူတို့သည် ဤကဲ့သို့ စိတ်ကြိုက်ခိုင်းစေ၍ရပြီး သစ္စာရှိသော ချွေးမမျိုးကို လိုချင်ကြသော်လည်း၊ မိမိတို့သားများအတွက် လက်တွဲဖော် ရှာသည့်အခါတွင်မူ ဤသို့ စဉ်းစားကြမည်မဟုတ်ပေ။ အလုပ်အကိုင်မရှိ၊ မိဘအသိုင်းအဝိုင်း နောက်ခံမရှိသည့် မိန်းကလေးမျိုးကို မည်သို့ လက်ခံနိုင်ပါ့မည်နည်း။
ချန်ချင်းယွီမှာမူ သူတို့၏ အတွေးများကို သတိမထားမိဘဲ သင်ထားပြီးသော ဟင်းရွက်များကို ကောက်သိမ်းရင်း စကားဆိုလိုက်၏။
"ကျွန်မ သင်လို့ ပြီးသလောက်ရှိပြီ၊ အိမ်ထဲ ပြန်ဝင်တော့မယ်။ ခဏနေရင် စက်ဘီးသွားကြည့်ဖို့ သမဝါယမ ကုန်ပစ္စည်းအရောင်းဆိုင်ကို သွားမလို့"
သူမ၏ တည်ငြိမ်လွန်းသော အမူအရာမှာ ဘေးလူများကို ပို၍ စိတ်ရှုပ်ထွေးစေသည်။ အဒေါ်ကြီးမေ့မှာ သူမကို မသွားရန် တားဆီးချင်သော်လည်း ချန်ချင်းယွီ၏ ခိုင်မာသော မျက်နှာပေးမှာ ပါတီဝင်အဖြစ် ကျမ်းသစ္စာဆိုတော့မည့်သူကဲ့သို့ ဖြစ်နေသဖြင့် ဖျောင်းဖျ၍ ရနိုင်မည်မထင်တော့ပေ။
ချန်ချင်းယွီ ပြုံးပြကာ မတ်တတ်ထရပ်လိုက်ပြီး ဟင်းရွက်ဆေးရန် ဒုတိယဝင်းထဲသို့ ထွက်သွားလေ၏။
သူမ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လူစုမှာ တီးတိုးတီးတိုးဖြင့် အတင်းအဖျင်း ဆိုကြတော့သည်။
"ဒီမုဆိုးမလေးကတော့ စိတ်ကူးယဉ်တာ တော်တော်လွန်နေပြီ။"
"အေးလေ... စက်ဘီးဆိုတာက ဝယ်ချင်တိုင်း ဝယ်လို့ရတာမျိုးမှ မဟုတ်တာ။ အဲလောက်သာ လွယ်နေရင် လူတိုင်း စက်ဘီးစီးနေကြမှာပေါ့။"
"ငါကတော့ သူ့ကို တကယ်ပဲ အထင်ကြီးမိတယ်ဟယ်။"
"ဒါပေါ့!"
ရှီကျန့်ရှန်းမှာမူ အဘွားကြီးဝမ်ကို စပ်စုချင်သော မျက်နှာပေးဖြင့် ကြည့်ကာ အတင်းမေးမြန်းလေ၏။
"အဘွားကြီးဝမ်၊ ရှင်က သူ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားနေတာလား"
ချန်ချင်းယွီသာ နောက်အိမ်ထောင်ပြုသွားလျှင် ကောင်းမည်ဟု သူမ တွေးနေမိကာ စိတ်ကူးယဉ်နေမိ၏။
အဘွားကြီးဝမ်မှာ ရှီကျန့်ရှန်းကို တစ်ချက်စောင်းကြည့်လိုက်ပြီး
"ငါက ဘာလို့ လုပ်ရမှာလဲ၊ လျှောက်မပြောပါနဲ့"
သူမကတော့ အမှန်အတိုင်း ဝန်ခံမည်မဟုတ်ပေ…
ဘုရားရေ... လင်းကျန့်ဝမ်သာ သရဲအဖြစ်နဲ့ လိုက်လာရင် ဒုက္ခပဲ! သူ သေတာ ရက်တစ်ရာတောင် မပြည့်သေးဘူးလေ…
အဘွားကြီးဝမ်မှာ ဆက်၍ ပြောဆိုလိုက်၏။
"တကယ်တော့ ငါ့မှာ အမျိုးတစ်ယောက်ရှိလို့ အဲဒါကို တစ်ခါနှစ်ခါတော့ စကားစပ်မိတာ ရှိပါတယ်။ ငါ့ချွေးမကတောင် အဲဒီလူက အခြေအနေကောင်းတယ်၊ ရှောင်ချန်နဲ့ မိတ်ဆက်ပေးလိုက်ပါလားလို့ အကြံပေးသေးတယ်။ ဒါပေမဲ့ ငါက မသင့်တော်ဘူးလို့ ထင်တာနဲ့ အဲဒီကိစ္စကို ဖျက်လိုက်တာ။ ဒါပဲရှိတာပါ၊ လျှောက်မပြောကြနဲ့ဦး။ ငါက မိတ်ဆက်ပေးခဲ့တာ မဟုတ်ဘူးနော်။ လင်းကျန့်ဝမ် ဆုံးတာမှ မကြာသေးတာ၊ ငါက အဲဒီလိုမျိုး ဘယ်လိုလုပ်ရက်ပါ့မလဲ။ ပြီးတော့ ငါ့အမျိုးကလည်း အခြေအနေ တော်တော်ကောင်းတာ၊ သူက မုဆိုးမတစ်ယောက်ကို ယူပါ့မလား"
အဘွားကြီးဝမ်မှာ အမှန်တစ်ဝက် အလိမ်တစ်ဝက် ရောနှောပြောဆိုနေခြင်း ဖြစ်သည်။
ကျန်သူများမှာမူ အဘွားကြီးဝမ် ပြောသည်မှာ အမှန်လား အမှားလား မဝေခွဲနိုင်ဘဲ အချင်းချင်း ကြည့်နေမိကြ၏။ ယမန်နေ့ညက သူမ သရဲမြင်သည်ဟု အော်ဟစ်ခဲ့သည်ကိုသာ သူတို့ သိထားကြခြင်း ဖြစ်သည်။
ပိုင်ဖုန်းရှန်း စပ်စုလိုစိတ်ဖြင့် မေးလိုက်ပြန်ကာ
"အဲဒီ အမျိုးရဲ့ အခြေအနေက ဘယ်လိုမျိုးမို့လို့လဲ"
"ငါ့အမျိုးက မုဆိုးဖိုလေ၊ သမီး ၅ ယောက်ရှိတယ်။ ဒါပေမဲ့ သမီးများတယ်ဆိုပြီး အထင်မသေးနဲ့ဦး။ ငါ့အမျိုးက တော်တော်လေး အရည်အချင်းရှိတာ။ သူက ကုန်ပစ္စည်းအရောင်းဆိုင်ရဲ့ ဒုတိယညွှန်ကြားရေးမှူး၊ မကြာခင်မှာ ညွှန်ကြားရေးမှူး ဖြစ်တော့မှာ။ သူ့မှာ သားက တစ်ယောက်တည်း ရှိတာ။ သူ့မိဘတွေကလည်း လစာကောင်းကောင်းရတဲ့ အငြိမ်းစား အရာရှိကြီးတွေလေ"
အဘွားကြီးဝမ် ဝင့်ကြွားစွာ ကြွားဝါနေ၏။
"အင်း... အခြေအနေကတော့ ကောင်းသားပဲ၊ ဒါပေမဲ့ သမီး ၅ ယောက်ကို ပြုစုပျိုးထောင်ရတာကတော့ သိပ်ပြီး အဆင်ပြေလှမယ် မထင်ဘူး။"
"နင်တို့က ဘာမှ မသိဘဲနဲ့။ သမီး ၅ ယောက်ရှိတော့ ဘာဖြစ်လဲ? သူက သားနောက်တစ်ယောက် ထပ်လိုချင်လို့သာ နောက်အိမ်ထောင်ပြုဖို့ စဉ်းစားတာ။ ငါ့အမျိုးနဲ့ သူ့မိန်းမတုန်းကဆိုရင် သူတို့ နှစ်ယောက်ပေါင်း ပင်စင်လစာတင် ၁၀၀ ကျော်တယ်။ အားလပ်ရက်တွေဆိုရင်လည်း လုပ်ငန်းခွင်ကနေ လက်ဆောင်ပစ္စည်းတွေ အမြဲရတယ်။ ပြီးတော့ ကုန်ပစ္စည်းအရောင်းဆိုင်ရဲ့ ဒုတိယညွှန်ကြားရေးမှူးဆိုတာ ဘယ်လောက်တောင် မျက်နှာပွင့်သလဲဆိုတာ နင်တို့ သိကြရဲ့လား?"
အဘွားကြီးဝမ် လူတိုင်း၏ သဘောထားကို မကျေနပ်သဖြင့် ချက်ချင်းပင် တုံ့ပြန်ပြောဆိုတော့၏။
“သူတို့က မြို့ပြအိမ်ထောင်စုစာရင်းရှိပြီး အထက်တန်းအောင်ထားတဲ့ မိန်းကလေးမျိုးကို လိုချင်တာ။ ကလေးပါရင်တောင် သူတို့က သဘောတူဦးမှာ။ အစကတော့ လင်းလင်းနဲ့ မိတ်ဆက်ပေးမလို့ပဲ၊ ဒါပေမဲ့ လင်းလင်းက အထက်တန်း မအောင်ထားဘူးလေ။ မဟုတ်ရင်တော့ လင်းလင်းကတော့ ကောင်းကောင်းကြီး စံနေရမှာ..."
"ငါတို့ ဝင်းထဲမှာ အထက်တန်းအောင်တာဆိုလို့ ဟောက်ရွှယ်တစ်ယောက်ပဲ ရှိတာလေ။ ရှင်သာ ဟောက်ရွှယ်ကို အိမ်ထောင်ကွဲတစ်ယောက်နဲ့ မိတ်ဆက်ပေးကြည့်ပါလား၊ ကျောက်ရုံ ကတော့ ရှင့်ကို အသေအလဲ လိုက်သတ်မှာပဲ။"
"ငါက ဟောက်ရွှယ်နဲ့ မိတ်ဆက်ပေးမယ်လို့ မပြောပါဘူး။"
"ဒါနဲ့... နေဦး၊ ကျန့်ဝမ်ရဲ့ မိန်းမက တကယ်ပဲ အထက်တန်းအောင်ထားတာနော်။ သူ့မိသားစုအိမ်က သူ့အပေါ် တော်တော်ကောင်းတာပဲ၊ ဘယ်မိန်းကလေးက ဒီလောက်အထိ ပညာသင်ခွင့် ရမှာလဲ? ဒီလိုကြည့်ရင် သူ့အဖေကလည်း သူ့အပေါ် သိပ်မရက်စက်လှပါဘူး။"
ပိုင်ဖုန်းရှန်းက ထိုအကြောင်းကို သိထားသဖြင့် တိုးတိုးလေး ဝင်ရှင်းပြလိုက်၏။
"ဘာပြောတာလဲ? မဟုတ်တာအေ! သူ့အဖေက သူ့ကို လုံးဝ ဂရုမစိုက်တာ။ ငါ့ယောက်ျား ပြောပြတာကတော့ သူ့ အမေဘက်က အဘိုးနဲ့ အဘွားကပဲ ပညာသင်ပေးခဲ့တာတဲ့။ သူ့အဖေက သား ၃ ယောက်ကိုတောင် ထောက်ပံ့နေရတာ၊ သမီးတစ်ယောက်ကို ဘယ်လို ဂရုစိုက်နိုင်ပါ့မလဲ။ ပြီးတော့ မိထွေးကလည်း ကြားထဲက ကုန်းချောနေတော့ သူ ဘယ်လောက်တောင် ခက်ခဲခဲ့မလဲ စဉ်းစားသာကြည့်တော့။ အခု အဘိုးနဲ့ အဘွားလည်း မရှိတော့ဘူးဆိုတော့ သူ့ဘဝက တကယ်ကို ရုန်းကန်နေရတာပဲ။"
"မိထွေးဆိုတာကတော့ ဘယ်တော့မှ မကောင်းပါဘူး။ နင်တို့ပဲ ပြောကြည့်ဦး၊ ဘယ်မိထွေးက ကောင်းလို့လဲ?"
"အေးလေ... ဟုတ်သားပဲ။"
"ဟေ့... နေဦး၊ လမ်းနောက်ဘက်က အဘိုးကြီးလီရဲ့ မိသားစု နောက်အိမ်ထောင်ပြုကြတာ ကြားပြီးပြီလား? အို... နင်တို့ မသိကြဘူးလား? ဟို အပေါ်ထပ်က လင်မယားလေ..."
လူတစ်စုမှာ တစ်ယောက်တစ်ပေါက်ဖြင့် စကားဝိုင်း ဖြန့်လိုက်ကြလေသည်။ ချန်ချင်းယွီသည် ခဏမျှ အာရုံစိုက် နားထောင်ပြီးမှ ဟင်းရွက်များကို သယ်ကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့၏။ သူမတွင် မှောင်ခိုဈေးမှ ဝယ်ထားသော အသားအချို့ ရှိနေသဖြင့် ၎င်းတို့ကို စတင် စဉ်းနှီတော့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အပြင်ထွက် မဆော့ကြတော့ဘဲ ခုံပုလေးများပေါ်တွင် ထိုင်ကာ ထမင်းစားချိန်ကို စောင့်မျှော်နေကြ၏။
ချန်ချင်းယွီ : "ရော့... ခဏနေမှ ထမင်းစားရမှာဆိုတော့ ဒါလေးကို အရင် စားထားကြဦး။ ဟင်းချက်ဖို့က နည်းနည်း ကြာဦးမှာ။"
"ဟုတ်ကဲ့!"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ယခင်၌ ဘီစကစ်ဆိုသည်ကို တစ်ခါမှ မစားဖူးကြပေ။ မကြာသေးမီအချိန်မှစတင်၍ အစားအသောက် ကောင်းကောင်း စားလာကြရပြီး သူတို့မှာ အလွန်ပင် စနစ်တကျနှင့် ဂရုတစိုက် စားကြရှာ၏။
ရှောင်ကျား - "မေမေ... ဘီစကစ်က သိပ်စားလို့ကောင်းတာပဲ!"
ချန်ချင်းယွီ - "ဟုတ်လား နောက်ခါကျရင် ပိုဝယ်ပေးမယ်နော်။"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မျက်လုံးလေးများ ပြူးသွားကြသည်။
"ဘီစကစ်က ဈေးကြီးတယ်လေ!"
ချန်ချင်းယွီမှာ ပြုံးလျက် ကလေးလေးများကို ချစ်ခင်စွာကြည့်ပြီး
"မင်းတို့ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့က ဘာထက်မဆို ပိုအရေးကြီးပါတယ်"
ထို့နောက် သူမ ကလေးများကို မေးမြန်းလိုက်၏။
"အပြင်ထွက် မဆော့ကြဘူးလား"
ရှောင်ကျားနှင့် ရှောင်ယွမ် နှစ်ယောက်လုံးမဗာ ခေါင်းခါပြကြကာ
"မသွားတော့ဘူး၊ ဒီမှာပဲ ထမင်းစောင့်စားမယ်။"
ကလေးငယ်တို့အဖို့ ဆော့ကစားခြင်းထက် အာဟာရဖြည့်တင်းခြင်းက ပို၍အရေးပါသဖြင့် အပြင်သို့ ထွက်မဆော့လိုကြပေ။ စတုတ္ထဝင်းအတွင်း၌ နေထိုင်သော ကျန်းမုန့်မုန့်တစ်ယောက် ရှေ့ဝိုင်းရှိ နာ့နာတို့ သူငယ်ချင်းတစ်သိုက်ထံသို့ ပြေးလွှားသွားသည်ကို ချန်ချင်းယွီ လှမ်းမြင်လိုက်ရသည်။ ဝမ်မိသားစုမှာ စားဝတ်နေရေး ပြည့်စုံကြသူများ ဖြစ်ကြပြီး ဝမ်ကျန့်ကော်မှာ ပစ္စည်းဝယ်ယူရေးကိုယ်စားလှယ် ဖြစ်သဖြင့် ရှားပါးပစ္စည်းများကို ရအောင်ရှာဖွေနိုင်ကာ သူတို့မိသားစုမှာ အမြဲတစေ အစားကောင်းသောက်ဖွယ်များ စားသုံးရလေ့ရှိ၏။
ဝမ်ကျန့်ကော်မှာ သားဦးလိုချင်သော စိတ်ဆန္ဒရှိသော်လည်း သားယောက်ျားလေး မရရှိသေး၍ သူ၏သမီးသုံးဦးကိုမူ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားမည်သာပင်။ ထိုသမီးငယ်သုံးဦးမှာ အစားအသောက် ဝဝလင်လင် စားရသူများဖြစ်၍ ဝင်းအတွင်းရှိ ကလေးများနှင့် အနီးအနားရှိ ကလေးများအားလုံး သူတို့နှင့် လာရောက်ကစားရန် နှစ်သက်ကြသည်။
အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိစေကာမူ ကလေးငယ်တို့မှာ တစ်ဖက်အိမ်တွင် ဘာများထူးခြားသနည်းဟု ချောင်းကြည့်ရုံဖြင့်ပင် ပျော်ရွှင်နေကြ၏။ ဥပမာအားဖြင့် ကျန်းမုန့်မုန့်သည် ဝမ်နာ့နာ၏ နောက်သို့ အမြဲတစေ တကောက်ကောက် လိုက်ပါနေတတ်သည်။ သို့သော် ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ သူတို့နှင့် သိပ်ပြီး မရောနှောဖြစ်ကြပေ။ ဝမ်နာ့နာသည်လည်း သူမထက် သုံးနှစ်ခန့် ငယ်ရွယ်သော ဤကလေးငယ်နှစ်ဦးအား အဖက်မလုပ်သကဲ့သို့ သူတို့ချင်းမှာလည်း အသက်အရွယ်အရ ကစားဖော်ကစားဖက် မဖြစ်နိုင်ကြပေ။
ကံကောင်းသည်မှာ သူတို့မှာ အမြွှာမောင်နှမများ ဖြစ်ကြသဖြင့် တစ်ဦးနှင့်တစ်ဦး အဖော်ရနေခြင်းပင်။ ကလေးငယ်နှစ်ဦးမှာ ဘီစကစ်များကို စားသုံးပြီးနောက် ခုံပုလေးများပေါ်တွင် မေးတင်လျက် သူတို့မေမေ အလုပ်လုပ်နေသည်ကို ငြိမ်သက်စွာ ထိုင်ကြည့်နေကြသည်။ ခဏအကြာ၌ လူများအားလုံး မိမိတို့အိမ်သို့ ပြန်သွားကြသဖြင့် ချန်ချင်းယွီလည်း ပေါက်စီ စတင်ပေါင်းလိုက်လေ၏။ သူမသည် ပြီးခဲ့သည့်အကြိမ်က အသား (၅) ကျင်း ဝယ်ယူထားသော်လည်း ယခုထက်တိုင် များများစားစား မစားရသေးချေ။ ပထမဆုံးတစ်နပ်၌ အသားကင် စားခဲ့ခြင်းမှလွဲ၍ နောက်ပိုင်းတွင် ဟင်းလျာများအတွင်း၌ အနည်းငယ်စီသာ ထည့်သွင်းကာ အလွန်အမင်း ချွေတာစားသုံးခဲ့ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် ချန်ချင်းယွီသည် အသားတစ်ကျင်းခန့်ကို လှီးဖြတ်လိုက်ပြီး ပေါက်စီ နှစ်ခါပေါင်းစာခန့် ပြင်ဆင်လိုက်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ သူတို့မေမေ အစားမည်မျှ စားနိုင်သည်ကို သိရှိထားကြသဖြင့် အံ့ဩခြင်းမရှိဘဲ တည်ငြိမ်စွာ စောင့်ဆိုင်းနေကြသည်။ မကြာမီမှာပင် ပေါက်စီအတွင်းရှိ အသားနံ့မှာ လေထဲတွင် သင်းပျံ့လာလေတော့၏။
ဒေါက်... ဒေါက်... ဒေါက်!
ကျန်းမုန့်မုန့်မှာ ပြေးလွှားရောက်ရှိလာပြီး တံခါးဝတွင် ရပ်လျက် ချက်ချင်းပင် အမိန့်ပေးသလို တောင်းဆိုလေသည်။
"ငါ အသားပေါက်စီ စားချင်တယ်၊ ငါ့ကို နှစ်လုံးပေး!"
"အိမ်ပြန်ပြီး နင့်အဘွားကို လုပ်ခိုင်းလိုက်လေ"
ချန်ချင်းယွီမှာ သူမကို လျစ်လျူရှု၍ ပြန်ပြောလိုက်၏။ သူမသည်လည်း ဖော်ရွေခြင်းမရှိဘဲ အေးစက်စက် မျက်နှာပေးဖြင့်သာ တုံ့ပြန်လိုက်၏။
ကျန်းမုန့်မုန့်မှာ မကျေမနပ် ဖြစ်သွားပြီး
"ငါ စားချင်လို့ပါ၊ အရင်ဆုံး တစ်လုံးပေးဦးလေ၊ ငါ မြည်းကြည့်ချင်လို့"
ဤကလေးမလေးမှာ သူ့နေရာသူမသိဘဲ သူတစ်ပါးပစ္စည်းကို အားမနာတမ်း တောင်းဆိုနေခြင်းမှာ အဘွားကြီးဟွမ်နှင့်ပင် များစွာတူညီနေလေသည်။ မျိုးနှင့်ရိုးနှင့် ဆင်းသက်လာခြင်းဆိုသည်မှာ ဤသို့ပင် ဖြစ်ပေလိမ့်မည်။
ချန်ချင်းယွီ ရယ်မောလိုက်သော်လည်း မျက်ဝန်းတို့မှာမူ အေးစက်နေဆဲပင်။ သူမ မျက်ခုံးပင့်လိုက်ကာ
"အဲဒီလိုတော့ မစဉ်းစားနဲ့လေ။ အိမ်မှာ ပေါက်စီက အကန့်အသတ်နဲ့ပဲ ရှိတာ။ နင့်ကို ပေးလိုက်လို့ ငါ အဆူခံရရင် ဘယ်လိုလုပ်မလဲ? နင့်အဘွားကျောက် ကလည်း ဒါမျိုးကို လုံးဝ သဘောတူမှာ မဟုတ်ဘူး၊ ငါက ဒီအိမ်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူ မဟုတ်ဘူးလေ။ နင် အခုပဲ ပြန်သွားတာ ကောင်းလိမ့်မယ်။"
အမြဲတစေ အပြစ်ပုံချခံရသည့် ဓားစာခံကြီးမှာ အဘွားကြီးကျောက်သာ ဖြစ်သည်။ သို့သော် အဘွားကြီးကျောက်ကိုယ်တိုင်သည်လည်း ဤကဲ့သို့ အပြစ်တင်ခံရခြင်းကို လိုလိုလားလားပင် လက်ခံထားသူ ဖြစ်၏။
"ကလေးတွေဆိုတာ ထမင်းစားချိန်ရောက်ရင် အိမ်ကို အမြန်ပြန်ရတယ်၊ တခြားအိမ်တွေကို လျှောက်မသွားရဘူး"
ချန်ချင်းယွီမှာ ဆက်လက်၍ ပြောဆိုကာ တံခါးကို ဝုန်းခနဲ ပိတ်လိုက်လေတော့သည်။
သူမသည် မိမိ၏ကလေးများကိုပင် ကောင်းစွာ မကျွေးနိုင်သေးသည့်အချိန်တွင် သူတစ်ပါးကလေးက လာရောက်အခွင့်အရေး ယူသည်ကို လုံးဝ လက်မခံနိုင်ချေ။ သူမသည် ထိုမျှအထိ ထူတုံး အ့တိအ့ချာ တစ်ဦးမဟုတ်ပေ။
ချန်ချင်းယွီကို အတ္တကြီးသည်ဟု မဆိုသာပေ။ ယခုကဲ့သို့ ခေတ်ကာလတွင် မည်သူမျှ ထမင်းစားချိန်၌ သူတစ်ပါးအိမ်သို့ သွားရောက်ကာ အစားအသောက် မတောင်းဆိုကြချေ။ ဤခေတ်သည် လူတိုင်း အစားအသောက် ရှားပါးနေသည့် ခေတ်ဖြစ်၏။ အလွန်အမင်း ရင်းနှီးသည့် ဆက်ဆံရေးမျိုး မဟုတ်ပါက သူတစ်ပါးကို ကူညီရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။
ကျန်းမုန့်မုန့်တို့ မိသားစုမှာလည်း ငတ်ပြတ်နေသည့် မိသားစု မဟုတ်ချေ။ ထို့ကြောင့် သူမအနေဖြင့် လူကောင်းလုပ်ပြရန် မလိုအပ်လှပေ။
ချန်ချင်းယွီ တံခါးပိတ်လိုက်သည်ကို အဒေါ်ကြီးမေ့ မြင်တွေ့သွားသော်လည်း သူမသည်လည်း ထိုလုပ်ရပ်ကို အမှားဟု မယူဆပေ။ ယခုကဲ့သို့ ခေတ်ကာလတွင် သူတစ်ပါးအိမ်၌ အစားအသောက် လိုက်လံတောင်းဆိုခြင်းမှာ ထုံးစံမှ မဟုတ်သည်တည်း။ အဒေါ်ကြီးမေ့မှာ ခေါင်းကိုသာ ခါလိုက်မိလေသည်။
ဤမိန်းကလေး ကျန်းမုန့်မုန့်သည် တစ်နေကုန် အိမ်ဝင်းအတွင်း၌ စားစရာ လိုက်လံရှာဖွေနေတတ်ပြီး မည်သည့်အိမ်က မည်သည့်ဟင်းကောင်းချက်ချက် ထိုအိမ်သို့ ရောက်ရှိသွားတတ်ခြင်းမှာ အမှန်တကယ်ပင် လူမုန်းများစရာ ဖြစ်နေလေ၏။
အမှန်တကယ်ဆိုလျှင် ကျန်းမိသားစုမှာ စားဝတ်နေရေး အခြေအနေ မဆိုးလှပေ။ ကျန်းရှင်းဖှ၏ ဇနီး မထွက်ပြေးမီမှဆိုလျှင် မိသားစုတွင် လူကြီးလေးဦးရှိပြီး သုံးဦးမှာ အလုပ်လုပ်ကိုင်ကြသည်။ ယခုအခါ ဇနီးဖြစ်သူ ထွက်ပြေးသွားစေကာမူ နှစ်ဦးမှာ အလုပ်လုပ်ကိုင်နေဆဲဖြစ်သဖြင့် အခြားမိသားစုများထက် အခြေအနေ ပိုမိုကောင်းမွန်နေဆဲ ဖြစ်၏။
သို့သော် ကျန်းမုန့်မုန့်မှာမူ... ထားလိုက်ပါတော့လေ။
အဒေါ်ကြီးမေ့ တစ်ယောက် ထိုအကြောင်းကို တွေးတောနေစဉ်မှာပင် ကျန်းမုန့်မုန့်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"နင်က အရမ်းကပ်စေးနှဲတာပဲ! ငါ့ကို ပေါက်စီမပေးရင် ငါ့အဘွားကိုပြောပြီး နင်အဆူခံရအောင် လုပ်မယ်!"
ချန်ချင်းယွီ စကားပင်မဆိုနိုင်တော့ဘဲ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
ငါ့ လက်သီးတွေယားလာပြီ!
"ပေါက်စီစားချင်တယ်... ပေါက်စီစားချင်တယ်... ပေါက်စီပေးဦး..."
ကျန်းမုန့်မုန့်တစ်ယောက် အော်ဟစ်ငိုယိုကာ သောင်းကျန်းနေလေ၏။
ချန်ချင်းယွီသည် စိတ်ကိုအတတ်နိုင်ဆုံး ထိန်းချုပ်ကာ တည်ငြိမ်အောင် ကြိုးစားနေ၏။
ရပါတယ်! စိတ်ငြိမ်ငြိမ်ထား! မဟုတ်ရင် ဒီကလေးမလေးကို ရိုက်သတ်မိသွားမယ်!!
သူမဘက်က အလောတကြီး လုပ်စရာမလိုပေ။ အဘွားကြီးကျောက် ပြန်လာသည်အထိ သူမ စောင့်လိုက်သည်။ သူမအနေဖြင့် သူမ၏ ပုံရိပ်ကို အပျက်မခံနိုင်သော်လည်း သူမအိမ်တွင်မူ ဘာဘာလာဒေါင်းသည့် လူဆိုးမကြီးတစ်ယောက် ရှိနေသည် မဟုတ်လော့။
"မေမေ~"
"သူ့ကို ဂရုမစိုက်နဲ့။ သူ့ကို အတုမယူကြနဲ့နော်။ သူများအိမ်မှာ ပစ္စည်းလိုက်တောင်းတာက အရမ်းရိုင်းတဲ့ အပြုအမူပဲ။ မင်းတို့ အဲဒီလို လုံးဝမလုပ်ရဘူး"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ခေါင်းညိတ်ပြကြသည်။
ကျန်းမုန့်မုန့်တံခါးဝတွင် ငိုယိုသောင်းကျန်းနေသဖြင့် ချန်ချင်းယွီ အသံကျယ်ကျယ်ဖြင့် လှမ်းပြောလိုက်ကာ
"ရှောင်ကျားနဲ့ ရှောင်ယွမ်၊ စိတ်မပူနဲ့။ မင်းတို့အဘွား ပြန်လာရင် သူပဲ ဖြေရှင်းပါလိမ့်မယ်။ ငါတို့ကတော့ သူ့ကို မနိုင်ပေမဲ့ မင်းတို့အဘွားကတော့ သေချာပေါက် နိုင်ပါတယ်။ ဒီလိုမျိုး လာပြီး အနိုင်ကျင့်လို့ ဘယ်ရပါ့မလဲ!"
ကျန်းမုန့်မုန့်သည် အသက် ၆ နှစ်သာ ရှိသေးသော်လည်း မိုက်မဲသူတော့ မဟုတ်ချေ။ သူမသည် အတ္တကြီးပြီး လောဘရမ္မက် ရှိသော်လည်း မည်သူ့ကို ကြောက်ရမည်၊ မည်သူမှာ အနိုင်ကျင့်ရလွယ်သည် ဆိုသည်ကို ကောင်းစွာ သိရှိသည်။ သူမ ယခုကဲ့သို့ တံခါးဝတွင် လာရောက်သောင်းကျန်းနေခြင်းမှာ ဤအမျိုးသမီးသည် နုနယ်ပျော့ပျောင်း သိမ်မွေ့သူဟု ထင်မှတ်နေသောကြောင့် ဖြစ်၏။
သို့သော် သူမသည် အဘွားကြီးကျောက်ကိုမူ အလွန်ကြောက်ရွံ့လေသည်။ အဘွားကြီးကျောက်မှာ သူမကို ဘယ်တုန်းကမှ အပြုံးမျက်နှာမျိုး မပြခဲ့ဖူးပေ။
သူမ၏ အဘိုးအဘွားများပင်လျှင် အဘွားကြီးကျောက်ကို မယှဉ်နိုင်ကြချေ။
ကလေးများက ဘာမှမသိဟု မည်သူဆိုသနည်း။ အမှန်တကယ်တမ်းတွင် ကလေးငယ်များမှာ လူကြီးများ၏ မျက်နှာရိပ်မျက်နှာကဲကို အလွန်ကြည့်တတ်ကြသူများ ဖြစ်သည်။ ယခုပင် ချန်ချင်းယွီတစ်ယောက် အဘွားကြီးကျောက်အကြောင်းကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကလေးမလေးမှာ ချက်ချင်းပင် ငြိမ်ကျသွားရ၏။ သူမသည် နှုတ်ခမ်းကို စူကာ မကျေမနပ်ဖြင့် တစ်တွတ်တွတ် ရေရွတ်ရင်း ထွက်ခွာသွားလေတော့သည်။
ချန်ချင်းယွီ နှာခေါင်းတစ်ချက် ရှုံ့ကာ အေးစက်စွာ ရယ်မောလိုက်မိ၏။
တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ ကလေးပဲ။
ရှောင်ကျား - "သူ သွားပြီ။"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"သူက မင်းတို့အဘွားကို ကြောက်တာလေ!"
ဤပတ်ဝန်းကျင်၌ အဘွားကြီးကျောက်၏ ဂုဏ်သတင်းမှာ မည်သည့်ကလေးကိုမဆို ခြောက်လှန့်ရန် လုံလောက်လှပေသည်။
ချန်ချင်းယွီ - "ကဲ... အားလုံး ပြီးသလောက်ရှိပြီ၊ ထမင်းစားဖို့ ပြင်ကြရအောင်။"
"ဟုတ်ကဲ့~"
နွေဦးပေါက်၌ ထွက်သော မုန်ညှင်းပင်ပေါက် ဟင်းရွက်သည် အလွန်လတ်ဆတ်လှသည့်အပြင် အသားပါ ထည့်သွင်းထားသဖြင့် အရသာမှာ ပြောစရာမလိုအောင်ပင် ကောင်းမွန်လှသည်။
"ထမင်းစားလို့ရပြီ!"
ချန်ချင်းယွီ ဟစ်ကြွေးလိုက်၏။
နေလယ်ခင်းစာမှာ အနည်းငယ် နောက်ကျသွားသော်လည်း ထူးထူးခြားခြားပင် အရသာရှိလှပေသည်။ ချန်ချင်းယွီသည် ဒုတိယအသုတ်ကို ပေါင်းအိုးထဲ ထည့်ပြီးမှ ထမင်းစားပွဲ၌ ဝင်ထိုင်လိုက်သည်။ သားအမိ သုံးဦးစလုံးမှာ ဖြူဖြူ ဖွေးဖွေး ဖောင်းဖောင်းအိအိ ပေါက်စီလုံးကြီးများကို ကြည့်ကာ တံတွေးများပင် မြိုချလိုက်မိကြ၏။
ချန်ချင်းယွီ - "ကဲ... စားကြရအောင်!"
သူတို့ သုံးဦးစလုံး မြိန်ရည်ယှက်ရည် စတင်စားသုံးကြပြီး ချန်ချင်းယွီသည် ဦးစွာ တစ်လုပ်ကို မြည်းစမ်းလိုက်သည်။
အို... တကယ်ကို အရသာရှိလှချည်လား!
သူမသည် တကယ်ပင် အရည်အချင်းရှိသူ ဖြစ်၏။ ဤကမ္ဘာသို့ မကူးပြောင်းမီက နှစ်ပေါင်းများစွာ ဟင်းမချက်ခဲ့ရသော်လည်း သူမ၏ လက်ရာမှာ အဆင့်အတန်း တစ်ခု၌ ရှိနေဆဲပင်။ ဟင်းချက်စွမ်းရည်ဆိုသည်မှာ ပါရမီပေါ်တွင် မူတည်သည်ဖြစ်ရာ သူမတွင် ပါရမီအပြည့်ရှိသည်ဟု ဆိုရပေလိမ့်မည်။
ဟင်းရွက်များသည် အသားထက် ပိုများနေသဖြင့် အသားကို သိသိသာသာ မမြင်ရသော်လည်း အသားအရသာကိုမူ ကောင်းစွာ ခံစားနေရ၏။
"တကယ်ကို အရသာရှိတာပဲ!"
ချန်ချင်းယွီ အရသာခံရင်း ရေရွတ်မိသည်။
“စားလို့ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်!"
ကလေးနှစ်ဦးမှာလည်း ခေါင်းညိတ်ကာ ထောက်ခံကြ၏။
"မေမေ... တကယ်ကို စားလို့ကောင်းတယ်!"
ကလေးငယ်များမှာ ပါးစပ်အပြည့်ဖြင့် မြိန်မြိန်ယှက်ယှက် စားသုံးနေကြသည်။
တံခါးကို ပိတ်ကာ သားအမိ သုံးဦး ပျော်ရွှင်စွာ စားသောက်နေကြသော်လည်း ဒုတိယဝင်းအတွင်းရှိ အခြားသူများမှာမူ ဒုက္ခရောက်နေကြ၏။ ဟင်းနံ့များမှာ ချက်ချင်းပင် ပျံ့နှံ့သွား၍ပင်။ ရှီကျန့်ရှန်းမှာ အိမ်ထဲ၌ တစ်ယောက်တည်း ရေရွတ်ကာ မကျေမနပ် ဖြစ်နေရှာသည်။
"တကယ့်ကို ကပ်စေးနှဲလိုက်တာ။ လူကြီးလူကောင်းကို ဘယ်လို ရိုသေရမယ်၊ ကလေးသူငယ်ကို ဘယ်လို ချစ်ခင်ရမယ်ဆိုတာ လုံးဝ နားမလည်တဲ့သူပဲ။ ဝင်းတစ်ခုတည်းမှာ နေပြီးတော့ စားစရာကောင်းတာလုပ်တာတောင် ငါ့ကို လာမကျွေးဘူး။ ငါ သူ့အပေါ် ဂရုစိုက်ခဲ့သမျှ အလကားပဲ။"
ထို့နောက် သူမသည် ဆက်လက်၍ ကြိမ်းမောင်းနေ၏။
"အဘွားကြီးကျောက် အိမ်မှာမရှိတုန်း သူက ခိုးပြီး လုပ်စားရဲတယ်ပေါ့လေ။ အဘွားအိုကျောက် ပြန်လာရင်တော့ သူ့ကို သင်ခန်းစာ ပေးရဦးမယ်။"
ရှီကျန့်ရှန်းသည် မုန့်ကို အားရပါးရ တစ်ချက်ကိုက်လိုက်ပြီး ရေနွေးကို သောက်လိုက်သည်။ သူမသည် နေခင်းဘက်တွင် အိမ်၌ တစ်ယောက်တည်းရှိသဖြင့် ခပ်လွယ်လွယ်ပင် စားသောက်လေ့ရှိ၏။ ဤအချက်သည်ပင် ချန်ချင်းယွီအပေါ် သူမ၏ မကျေနပ်ချက်ကို ပို၍ ကြီးထွားစေသည်။
"ဒီပေါက်စီတွေထဲမှာ သေချာပေါက် အသားပါတယ်။ အသားနံ့ကို ငါ ကောင်းကောင်း ရနေတာ။ အသားမပါဘဲ ဒီလောက်အထိ မမွှေးနိုင်ဘူး။ သူတို့ အသားတွေ ဘယ်က ရလာတာလဲမသိဘူး။ အဘွားကြီးကျောက်က ထမင်းစားဆောင်ကနေ ခိုးလာတာများလား?"
ရှီကျန့်ရှန်းသည် ရုတ်တရက် စိတ်လှုပ်ရှားသွားကာ လက်ဖဝါးချင်း ပွတ်လိုက်သည်။
"ဖြစ်နိုင်တယ်၊ အတော်လေး ဖြစ်နိုင်တယ်။ အကယ်၍ သူသာ အခိုးခံရတာ မိသွားရင် အဆူခံရမှာ အသေအချာပဲ။ ငါတို့ ဒါကို အသုံးချလို့ရမယ်။ ဟုတ်တယ်... အသုံးချလို့ရတယ်..."
သူမသည် ယောက်ျားဖြစ်သူ ပြန်လာမည့်အချိန်ကို မစောင့်နိုင်တော့ပေ။ သူမအနေဖြင့် သူ၏ အကြံဉာဏ်ကို အပူတပြင်း လိုအပ်နေ၏။
ရှီကျန့်ရှန်း အခန်းထဲ၌ ဟိုဒီလမ်းလျှောက်နေစဉ် ဒုတိယဝင်းအတွင်းရှိ အဒေါ်ကြီးမေ့သည်လည်း တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
"သူတို့ ဘယ်လိုဖြစ်ပြီး အသားတွေ စားနေကြတာလဲ?"
ဤခေတ်ကာလတွင် အသားစားခြင်းမှာ သာမန်ကိစ္စတစ်ခု မဟုတ်သဖြင့် လူတိုင်းသည် စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်းပင် ဖြစ်၏။
မိမိမိသားစုအပေါ် သူတစ်ပါးတို့ မသင်္ကာ ကြံစည်နေကြသည်ကို ချန်ချင်းယွီ သိရှိခြင်းမရှိပေ။ သို့သော် ပေါက်စီအတွင်းသို့ အသားထည့်သွင်းရန် ဆုံးဖြတ်ကတည်းက သူမဘက်မှလည်း ဆင်ခြေဆင်လက်များကို အဆင်သင့် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ပေါက်စီ ဆယ်လုံးကျော်ခန့် စားသုံးပြီးနောက်တွင်မူ သူမ တော်တော်လေး ဗိုက်ဝသွားလေပြီ။
ကလေးနှစ်ဦးမှာလည်း ဗိုက်ကားနေအောင် စားသုံးထားကြသဖြင့် အုတ်ခုတင်ပေါ်တွင် ပက်လက်လှန်လျက် ဗိုက်ကလေးများကို ပွတ်ကာ ပျော်ရွှင်နေကြ၏။
ချန်ချင်းယွီက စားပွဲကို ရှင်းလင်းလိုက်ပြီး "ခုတင်ကို သုတ်လိုက်ကြဦး" ဟု ခိုင်းလိုက်သည်။
"ဟုတ်ကဲ့!"
သူမသည် ကလေးငယ်တို့ တတ်နိုင်သည့် အိမ်မှုကိစ္စလေးများကို သူတို့လက်ထဲသို့ လွှဲပြောင်းပေးလေ့ရှိ၏။ ဒုတိယအိုးရှိ ပေါက်စီများမှာလည်း ကျက်သလောက် ရှိနေပြီဖြစ်သော်လည်း သူမ အလောတကြီး မဖွင့်သေးချေ။ ဤအတိုင်း အုပ်ထားမှသာ ညနေချမ်း၌ အေးစက်မသွားဘဲ စားကောင်းမည်ဖြစ်သည်။ ယခုတစ်ကြိမ်အတွက် ဆင်ခြေတစ်ခု ရှာတွေ့ထားသော်လည်း နောင်တွင် အသားကို ပုံမှန်စားသုံးလိုပါက ခိုင်လုံသော အကြောင်းပြချက်တစ်ခု လိုအပ်မည်ကို သူမ သဘောပေါက်နားလည်နေ၏။
မဟုတ်လျှင် လူအများမှာ သူမကို အရူးအမူး စောင့်ကြည့်နေကြပေလိမ့်မည်။ သူမသည် ကလေးတို့၏ အဝတ်အစားများကို လျှော်ဖွပ်ရန် ထုတ်ယူလိုက်ရင်း နောင်တွင် အပြင်၌သာ သွားရောက်စားသောက်လျှင် ကောင်းမည်လားဟုလည်း တွေးတောနေမိလေသည်။ သူမ၏ အဘိုးနှင့် အဘွားတို့၏ အိမ်ဟောင်းလေးမှာ ထိုအတွက် အလွန်သင့်တော်သော နေရာတစ်ခုပင်။
"ရှောင်ချန်၊ နင်က ဒီလိုပဲ နေခင်းစာ စားတာလား? နင့်ယောက္ခမ ပြန်လာရင် ပြဿနာရှာနေဦးမယ်"
ချန်ချင်းယွီ မော့ကြည့်လိုက်ရာ သတင်းလာရောက်နှိုက်နေသော ရှီကျန့်ရှန်းကို တွေ့ရှိလိုက်ရသည်။
ချန်ချင်းယွီ - "ကျွန်မ အများကြီး မစားပါဘူး၊ အိုးထဲမှာ ကျန်ပါသေးတယ်။ ကလေးတွေပဲ နည်းနည်း စားကြတာပါ"
သူမသည် မျက်နှာသေလေးဖြင့် ဟန်မပျက် လိမ်ညာပြောဆိုလိုက်၏။
"ဒီလို ကောင်းတာမျိုးဆိုရင် ကျွန်မယောက္ခမကပဲ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်တာလေ"
သူမ၏ တည်ငြိမ်လှသော အမူအရာကြောင့် ရှီကျန့်ရှန်းလည်း အနည်းငယ် ယုံကြည်သွားသည်။ ဤမုဆိုးမလေးမှာ ခိုးစားဝံ့မည်မဟုတ်ဟု သူမ တွေးမိသည့်အပြင် အဘွားကြီးကျောက်မှာ လွယ်သည့်သူ မဟုတ်လှပေ။
ဟွန်း!
သူကလား?
ပျော့ညံ့ပြီး အသုံးမကျတဲ့သူပဲ!
"ငါ အသားနံ့ ရနေတယ်နော်! နင့်မှာ ဒီလအတွက် အသားလက်မှတ်တွေ ကျန်သေးလို့လား? နင့်ယောက်ျား ဆုံးတုန်းက အကုန်သုံးလိုက်ပြီ မဟုတ်လား? ငါပြောမယ်နော်၊ မှောင်ခိုဈေးကိုတော့ မသွားနဲ့၊ အဲဒါ မကောင်းဘူး"
ရှီကျန့်ရှန်းက ချန်ချင်းယွီ၏ အမူအရာကို အကဲခတ်လျက် စိုက်ကြည့်နေ၏။
ချန်ချင်းယွီ - "..."
သူမသည် ရှက်ကိုးရှက်ကန်းလေး ပြုံးလိုက်ပြီး အသံတိုးတိုးလေးဖြင့်
"ကျွန်မက အဲဒီလိုနေရာမျိုးကို ဘယ်သွားရဲပါ့မလဲ။ ကျွန်မရဲ့ အသားလက်မှတ်တွေကတော့ တကယ်ပဲ ကုန်သွားပါပြီ"
သူမ ခဏမျှ ရပ်တန့်လိုက်ပြီး ရှီကျန့်ရှန်းကို တစ်ချက်ကြည့်ကာ ပိုမိုရှက်ရွံ့သွားသည့် ပုံစံမျိုး ဖမ်းလိုက်လေသည်။
ရှီကျန့်ရှန်း - "???"
"လက်မှတ်တွေ ကုန်နေပြီဆိုတော့ နင်တို့က ဘယ်က ရတာလဲ? နင်တို့က အလကားရတဲ့ နေ့လယ်စာတွေ စားနေတာလား?"
ရှီကျန့်ရှန်း မသင်္ကာဟန်ဖြင့် ထပ်မံမေးမြန်းလိုက်၏။
ချန်ချင်းယွီ နှုတ်ခမ်းကို စေ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်ကာ
"အရင်တုန်းက နာရေးဧည့်ခံပွဲက ကျန်တဲ့ဟာတွေပါပဲ။ ကြာရင် ပုပ်သွားမှာစိုးလို့ ကျွန်မ အခု သုံးလိုက်တာ"
ရှီကျန့်ရှန်း - "ဘာပြောတယ်?"
သူမ ခဏမျှ ကြောင်အသွားပြီးမှ ဆိုလိုရင်းကို သဘောပေါက်သွားကာ အော်ဟစ်လိုက်မိလေသည်။
"ဟယ်…ငါ့နှယ်..ကြည့်စမ်း! ဟိုတစ်ခေါက် ဧည့်ခံပွဲက ကျန်တာတွေလား? ညည်းက ခိုးသိမ်းထားတာပေါ့လေ? ဒါကတော့ တကယ့်ကို ကိုယ်ကျင့်တရား မရှိတာပဲ!"
အဆိုပါ ဧည့်ခံပွဲတုန်းသည် ဝင်းအတွင်းရှိ လူအားလုံး သူတို့၏ အသားလက်မှတ်များကို စုပေါင်းပေးခဲ့ကြခြင်း မဟုတ်ပေလော့။
ဤသည်ကို သူမ ခိုးဝှက်သိမ်းဆည်းထားခြင်းလော့…
ချန်ချင်းယွီ - "အကြွင်းအကျန်တွေပါ၊ အကြွင်းအကျန်တွေ။ တမင်သိမ်းထားတာ မဟုတ်ပါဘူး"
သူမ အလောတကြီး ရှင်းပြသော်လည်း ရှီကျန့်ရှန်းမှာမူ ဘာစကားမျှ နားမဝင်တော့ချေ။ သူမသည် အလွန်အမင်း ဒေါသထွက်သွားကာ မျက်လုံးကို အကြီးအကျယ် စွေစောင်းလိုက်ကာ အပြစ်တင် ပြောဆိုလေတော့၏။
"ကျောက်တာ့ရာကတော့ ဘယ်လိုလူစားမျိုးလဲ မသိတော့ဘူး"
အဘွားကြီးကျောက် - အပြစ်ပုံချခံရမှု +၁ +၁ +၁ +၁...
သို့သော် ရှီကျန့်ရှန်းမှာမူ ထိုစကားကို တကယ်ပင် ယုံကြည်သွားရှာလေသည်။
ချန်ချင်းယွီ၏ သရုပ်ဆောင်ချက်မှာ အလွန်ပင် ပီပြင်လှသည့်အပြင် ဤကဲ့သို့သော လုပ်ရပ်မျိုးမှာလည်း အဘွားကြီးကျောက် အမှန်တကယ် လုပ်လေ့လုပ်ထရှိသည့် အပြုအမူမျိုး ဖြစ်သဖြင့် ရှီကျန့်ရှန်းမှာ မည်သည့်သံသယမျှ မရှိတော့ပေ။ အစပိုင်းတွင် သူမသည် အဘွားကြီးကျောက်မှာ ထမင်းစားဆောင်မှ ခိုးယူလာခြင်းလားဟု တွေးတောခဲ့သော်လည်း ယခုမူ ထိုအဘွားကြီးမှာ ပြီးခဲ့သည့်အကြိမ်ကတည်းက ကြားဖြတ်နှိုက်ထားခြင်း ဖြစ်ကြောင်း သိရှိသွားလေ၏။
တကယ့်ကို ယုတ်မာလိုက်တာ!
သို့သော်လည်း သူမသည် ဆက်လက်စုံစမ်းရန် မမေ့လျော့သေးချေ။
ဤတစ်ကြိမ်တွင် အဘွားကြီးကျောက်သည် ထမင်းစားဆောင်မှ ခိုးယူလာခြင်း မဟုတ်စေကာမူ သူမသည် ထိုနေရာ၌ အလုပ်လုပ်ကိုင်နေသူဖြစ်ရာ နောက်ပိုင်းတွင်လည်း အလားတူအခွင့်အရေးမျိုး ရရှိနိုင်သဖြင့် ရှီကျန့်ရှန်း ဆက်လက်သိရှိလိုနေခြင်း ဖြစ်သည်။ သူမသည် မျက်မှောင်ကို အနည်းငယ်ကျုံ့ကာ ရင်းနှီးသော အမူအရာမျိုးဖြင့် သွေးတိုးစမ်း မေးမြန်းလိုက်၏။
"ထားလိုက်ပါတော့လေ၊ ဒါက နင်တို့မိသားစုကိစ္စပဲ။ နင်တို့ အကုန်သုံးပစ်တာကို ငါတို့က ဘယ်တားလို့ ရပါ့မလဲ။ ဒါနဲ့... နင့်ယောက္ခမ ထမင်းစားဆောင်မှာ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား?"
"သိပ်ကို အဆင်ပြေတာပေါ့။ ထမင်းစားဆောင်က လူတွေအားလုံးက အရမ်းကို ဖော်ရွေကြတယ်"
"ဒီထမင်းစားဆောင်ဆိုတာ နေရာကောင်းပဲ။ အစားအသောက်အတွက် အများကြီး သက်သာတာပေါ့။ အခုရက်ပိုင်း နင့်ယောက္ခမ အလုပ်သွားအလုပ်ပြန် လုပ်နေတာကြည့်ရတာ တော်တော်လေး တက်ကြွနေသလိုပဲ၊ စိတ်အားထက်သန်မှုလည်း ရှိပုံရတယ်။ သူ ထမင်းစားဆောင်မှာ အဓိက ဘာတွေလုပ်ရတာလဲ?"
ချန်ချင်းယွီ - "ကျွန်မယောက္ခမက ထမင်းစားဆောင်မှာ မီးဖိုချောင်အကူအညီပေးသူအဖြစ် အလုပ်လုပ်တာပါ။ အခြေခံအားဖြင့်တော့ အထွေထွေအလုပ်တွေပဲ လုပ်ရတာပါ၊ ဦးလေးလီလောက်တော့ အရေးမပါပါဘူး။ ဒါပေမဲ့ စက်ရုံကကြီးပြီး လူတွေအများကြီးဆိုတော့ အလုပ်လုပ်ရင်း ဟိုဟိုဒီဒီ စကားပြောရတာနဲ့တင် တော်တော်လေး ပျော်ဖို့ကောင်းတာပေါ့။ ကျွန်မယောက္ခမကတော့ အလုပ်လုပ်ရတာကို တော်တော်လေး အသားကျနေပါပြီ။"
ရှီကျန့်ရှန်း၏ မျက်လုံးတို့မှာ ဟိုဟိုဒီဒီ ဝေ့ဝဲသွားကာ
"ရှေ့လမ်းကြားက စားဖိုမှူးဝမ်ဆိုရင် သူ့ဘာသာသူ ထမင်းဘူး ယူလာနိုင်တယ်လို့ ငါကြားဖူးတယ်။ နင့်ယောက္ခမ အိမ်ပြန်လာတာကိုတော့ ငါသတိမထားမိပါဘူး..."
ရှီကျန့်ရှန်း ဘာတွေးနေသည်ကို ချန်ချင်းယွီ သိရှိသွားသဖြင့် ဖြေရှင်းပြောဆိုလိုက်၏။
"ဟယ်... ဒေါ်လေးကလည်း၊ သူနဲ့ ဘယ်လိုသွားနှိုင်းယှဉ်လို့ ရပါ့မလဲ။ သူက စားဖိုမှူးလေ။ ထမင်းစားဆောင်မှာ စားဖိုမှူးတစ်ယောက်ရဲ့ အဆင့်အတန်းက ဘယ်လိုမျိုးလဲ? အကယ်၍ ကျွန်မယောက္ခမသာ အဲဒီအရည်အချင်းမျိုးရဲ့ တစ်စိတ်တစ်ပိုင်းလောက်ရှိရင် ပတ်ဝန်းကျင်တစ်ခုလုံးကို လိုက်ကြွားနေမှာပေါ့။ သူက ဘယ်လောက်အထိ ကြွားဝါတတ်တယ်ဆိုတာ ဒေါ်လေးလည်း သိတာပဲ မဟုတ်လား?"
ထိုသို့ပြောပြီးမှ သူမသည် မိမိယောက္ခမကို ကွယ်ရာ၌ အတင်းမပြောသင့်ကြောင်း ရုတ်တရက် သတိရသွားဟန်ဖြင့် အိုးတိုးအမ်းတမ်း ဖြစ်သွားကာ ခေါင်းကိုကုတ်လျက် စကားစဖြတ်ရန် ကြိုးစားလိုက်လေသည်။
"ဟို... ဟိုလေ...”
ရှီကျန့်ရှန်းမှာ နားလည်ပေးသည့်ပုံစံဖြင့်
“စိတ်မပူပါနဲ့၊ ငါ ဘယ်သူ့ကိုမှ မပြောပါဘူး"
ချန်ချင်းယွီ ကျေးဇူးတင်သည့်အမူအရာဖြင့် ပြုံးပြလိုက်ရှာသည်။
အားလုံးကတော့ သရုပ်ဆောင်ကောင်းတွေပါပဲ!
ရှီကျန့်ရှန်း ပြန်မသွားသေးသဖြင့် ချန်ချင်းယွီက စကားစပ်လိုက်ကာ မေးမြန်းစုံစမ်းလိုက်၏။
"ဒေါ်လေးရှီ၊ ဦးလေးရွှီက သတင်းတွေလည်း အလွန်စုံသလို အဆက်အသွယ်တွေလည်း အများကြီးရှိတယ်လို့ ကျွန်မ ကြားဖူးတယ်၊ အဲဒါ တကယ်ပဲလား?"
ရှီကျန့်ရှန်းမှာ ချက်ချင်းပင် ဂုဏ်ယူဝင့်ကြွားသွားပြီး
"ဒါပေါ့... နင်ပြောတာ မှန်တာပေါ့။ နင့်ဦးလေးက သာမန်လူ မဟုတ်ဘူး။ သူက ခေါင်းဆောင်ပိုင်း မဟုတ်ပေမဲ့ အဆင့်ရှစ် ကျွမ်းကျင်လုပ်သားတစ်ယောက်လေ၊ ဒါက တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ အဆင့်အတန်းပဲ။ နင့်ဦးလေးက တကယ့်ကို နည်းပညာပါရဂူကြီးပဲ။ အလုပ်ရုံညွှန်ကြားရေးမှူးတောင် သူ့ကို အော်မပြောရဲဘူး၊ ဘာမဆို နင့်ဦးလေးကိုပဲ တိုင်ပင်ရတာ။ နင်မမြင်ဘူးလား? သူ့ခြေထောက်မှာ ဒဏ်ရာရှိနေတာတောင် အလုပ်ကို သွားနေရတုန်းပဲ။ အလုပ်ရုံမှာ သူ မရှိလို့ မဖြစ်လို့ မဟုတ်လား? နင့်ဦးလေးက စက်ရုံမှာ တကယ့်ကို အရေးပါတဲ့ လူကြီးတစ်ယောက်ပဲ!"
ချန်ချင်းယွီ - "တကယ်ကို အထင်ကြီးစရာပါပဲ။ ဒါနဲ့ သူက ဂဟေဆော်တဲ့ အလုပ်ရုံနဲ့ရော ရင်းနှီးရဲ့လား? အဲဒီမှာ ယာယီအလုပ်သမားတွေ ခေါ်နေတယ်လို့ ကျွန်မ ကြားမိလို့ပါ?"
ရှီကျန့်ရှန်းသည်လည်း ထိုသတင်းကို လွန်ခဲ့သော ရက်အနည်းငယ်ကပင် ကြားသိထားပြီး ဖြစ်သည်။ ပိုင်ဖုန်းရှန်း သည် ထိုသတင်းကို စတင်ဖွင့်ချခဲ့ခြင်း ဖြစ်၏။
သူမသည် အနည်းငယ် မကျေမနပ် ဖြစ်သွားရပြီး၊ အမြဲတမ်း အခွင့်အရေးကို ချောင်းကာ ဩဇာလွှမ်းမိုးလိုသော ရှီကျန့်ရှန်းအဖို့ ဤသတင်းကို မိမိက အရင်မပြောလိုက်ရသည်ကို နောင်တရနေမိသည်။
အကယ်၍ သူမသာ အရင်ပြောလိုက်ရပါက သူမ၏ အဆက်အသွယ် မည်မျှကျယ်ပြန့်သည်ကို သက်သေပြရာ ရောက်မည် မဟုတ်ပါလား…
တောက်!
ဒါ ငါ့ဆီက ထွက်ရမယ့် သတင်းဖြစ်သင့်တာ!
"အိုး... ဒါကို ငါသိတာပေါ့။ ဘာလဲ? နင်က စိတ်ဝင်စားလို့လား?"
ရှီကျန့်ရှန်း မေးလိုက်ရာ ချန်ချင်းယွီ ခေါင်းခါပြ၍ ငြင်းပယ်လိုက်၏။
“မဟုတ်ပါဘူး၊ ကျွန်မက ဂဟေဆော်တဲ့ အလုပ်တွေကို ဘယ်လုပ်တတ်ပါ့မလဲ"
ထို့နောက် သူမမှာ ဆက်လက်၍ ပြောဆိုလိုက်ကာ
"ဒီရက်ပိုင်း လူတိုင်း လိုက်မေးနေကြတာ မြင်လို့ စပ်စုကြည့်တာပါ။ ကျွန်မက အိမ်ရှင်မတစ်ယောက်ပဲလေ၊ ဒါမျိုးတွေ မလုပ်နိုင်ပါဘူး။ ပြီးတော့ အဲဒီမှာက ယောက်ျားတွေချည်းပဲဆိုတော့ ကျွန်မနဲ့ မသင့်တော်ပါဘူး။ ကျွန်မရဲ့ ကိုကိုကျန့်ဝမ် အလုပ်လုပ်တုန်းက မှတ်မိသေးတယ်၊ ဂဟေဆော်တဲ့ အလုပ်ရုံက တော်တော်လေး ပင်ပန်းတာ။ သူဆိုရင် နေ့တိုင်း အားပြတ်နေတာပဲ"
အဘွားကြီးရှီ ခပ်ဖွဖွ ရယ်မောလိုက်သော်လည်း ချက်ချင်းပင် ပြန်ထိန်းလိုက်ကာ
"ဂဟေဆော်တဲ့အလုပ်ဆိုတာ ဘယ်ဟာကမှ မသက်သာပါဘူးအေ"
ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီးမှ ခေါင်းကို ရိုရိုကျိုးကျိုး ငုံ့လိုက်ကာ
"အဲဒါတော့ ဟုတ်ပါတယ်။ အခု ယာယီအလုပ်သမားတွေ ခေါ်နေတယ်ဆိုတော့ အစ်မကြီးဖန်ရဲ့ သား ရှောင်ဝေရော အဲဒီထဲ ဝင်လို့ရပါ့မလားမသိဘူး"
“သူလား? မဖြစ်နိုင်လောက်ပါဘူး။ ယာယီအလုပ်သမားဆိုပြီး အထင်မသေးနဲ့ဦး။ သူတို့က လူတိုင်းကို ခေါ်တာမဟုတ်ဘူး။ အဆက်အသွယ်မရှိဘဲ ဝင်ဖို့ မလွယ်ဘူး။ ကံကောင်းလို့ ဝင်သွားနိုင်ရင်တောင် သူတို့ ကြိုတင်သတ်မှတ်ထားတဲ့ နေရာကို ဝင်ယူသလို ဖြစ်သွားမှာဆိုတော့ သူ့ကို ဒုက္ခပေးဖို့ နည်းလမ်းတွေ ရှာကြဦးမှာပဲ"
ရှီကျန့်ရှန်း၏ အထင်သေးအမြင်သေး စကားကြောင့် ချန်ချင်းယွီ မော့ကြည့်ကာ ပြုံးလိုက်ပြီး
"အစ်မကြီးဖန်မှာလည်း အဆက်အသွယ်တွေ အများကြီး ရှိတယ်လို့ ကျွန်မ ထင်ပါတယ်"
သူမသည် "နေရာဝင်ယူခြင်း" ဆိုသည့် ကိစ္စကို ဆက်လက်မမေးတော့ဘဲ အခြားအကြောင်းအရာများကိုသာ ပြောင်းလဲပြောဆိုလိုက်သည်။
ရှီကျန့်ရှန်း နှာခေါင်းတစ်ချက် ရှုံ့ကာ ပျစ်ပျစ်နှစ်နှစ် ပြောဆိုလိုက်လေသည်။
"သူက ဒီဝင်းထဲမှာပဲ ကြွားနိုင်တာပါ။ ဘာမှ အထူးအဆန်း မဟုတ်ပါဘူး။ စက်ရုံထဲမှာဆိုရင် သူက ထိပ်တန်းစာရင်းထဲမှာတောင် မပါဘူး"
သူတို့နှစ်ဦး စကားပြောနေကြစဉ် အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရ၏။
“အို... ရှောင်ယွမ် ပြန်လာပြီလား? ငါးတွေ အများကြီး ရခဲ့ရဲ့လား? ငါးမျှားရတာ အဆင်ပြေတယ် မဟုတ်လား?"
အဘွားကြီးဝမ် နှုတ်ဆက်လိုက်သံကို အတိုင်းသားကြားနေရသည်။
ယွမ်ဟောက်ဖုန်းနှင့် လင်စန်းရှင်းတို့ သားအမိ အဖွဲ့ ပြန်ရောက်လာကြပုံရသည်။
အဘွားကြီးရှီသည်လည်း သတင်းနားစွင့်ရန် အပြင်သို့ အလျင်အမြန် ပြေးထွက်သွားလေ၏။
ချန်ချင်းယွီမှာမူ အဝတ်လျှော်၍ ပြီးသလောက် ရှိနေပြီ ဖြစ်၍ သူမသည် အဝတ်များကို လှန်းလိုက်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ခဲ့၏။ သူတစ်ပါး ငါးရခြင်း မရခြင်းအပေါ် သူမ စိတ်မဝင်စားသော်လည်း ရှီကျန့်ရှန်း ပြောသွားသည့် "နေရာဝင်ယူမိ၍ အပြစ်ပေးခံရသူ" မှာ လင်းကျန့်ဝမ် ဖြစ်နိုင်သည်ဟု သူမ သံသယဝင်နေမိသည်။
အဘွားကြီးရှီ တမင်ပြောခြင်းလား၊ သို့မဟုတ် သတိမမူမိ၍ လွှတ်ခနဲ ပြောမိခြင်းလားဆိုသည်ကို သူမ မဝေခွဲနိုင်သော်လည်း သူတို့ တစ်ခုခု သိထားကြသည်မှာမူ အသေအချာပင်။ ပြီးခဲ့သည့်အကြိမ်၌ ပြောခဲ့စဉ်ကလည်း ပိုင်ဖုန်းရှန်း၏ မျက်နှာပေးမှာ ထူးဆန်းနေခဲ့သဖြင့် သူမ တစ်စုံတစ်ရာ သိထားပုံရသည်။ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လာမည့် ရက်အနည်းငယ်အတွင်း လင်းကျန့်ဝမ်၏ ဆရာဟောင်းနှင့် သေချာပေါက် စကားပြောကြည့်ရမည်ဟု ဆုံးဖြတ်လိုက်၏။
ယွမ်ဟောက်ဖုန်းသည် ငါးများကို သယ်ဆောင်ကာ ဝင်းအတွင်းသို့ လျှောက်လာသည်။ ချန်ချင်းယွီတို့ အိမ်ရှေ့သို့ ရောက်သောအခါ သူ၏ ခြေလှမ်းများမှာ အလိုအလျောက် နှေးကွေးသွား၏။ ချန်ချင်းယွီ ထွက်မလာသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းထဲ၌ မကျေနပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသော်လည်း အပြင်ပန်း၌မူ သိသိသာသာ မပြချေ။
ယွမ်ရှောင်ချွေတစ်ယောက်မှာ ဝင့်ဝင့်ကြွားကြွားနှင့် အမေကွဲ အစ်ကိုဖြစ်သူအား
"အစ်ကို... အစ်ကိုက တကယ့်ကို တော်တာပဲ! ဒီဝင်းထဲမှာ အစ်ကိုက အတော်ဆုံးပဲ။ ဒီည ငါးချက်စားကြမလား? အဆင်ပြေရဲ့လား?"
"ရတာပေါ့!"
ယွမ်ဟောက်ဖုန်းမှာ အလိုက်တသင့် ပြန်ဖြေလိုက်၏။
သူသည် သဘောကောင်းသည့် အမူအရာမျိုးဖြင့် ပြုံးလိုက်ကာ အသံကို ခပ်မှန်မှန်ဖြင့်
"ချက်စားကြတာပေါ့။ အစ်ကို့ရဲ့ လက်ရာကလည်း မဆိုးပါဘူး။ စားပြီးရင် နောက်တစ်ခါ အစ်ကို ထပ်မျှားပေးဦးမယ်"
ယွမ်ရှောင်ချွေမှာ အလွန်ဝမ်းသာသွားကာ
"အရမ်းကောင်းတာပဲ! အစ်ကိုက အကောင်းဆုံးဆိုတာ ညီမ သိသားပဲ!"
သူမ စကားကြောင့် ယွမ်ဟောက်ဖုန်းသည်လည်း ညီမအား အလိုလိုက်အကြိုက်ဆောင်ပုံစံဖမ်း၍ ပြန်လည်ပြောဆိုလိုက်၏။
"ဒါက ဘာမှ မဟုတ်ပါဘူး။ ညီမလေး သဘောကျတယ်ဆိုရင် နောက်ခါကျရင်လည်း အစ်ကို ထပ်မျှားပေးပါ့မယ်"
ယွမ်ရှောင်ချွေသည် အလွန်ပင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝင်းပသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ သူတို့မိသားစုမှာ လင်ပါသမီးအပေါ် စိတ်ရင်းမစေတနာမရှိဟု မည်သူဆိုသနည်း။
ကြည့်ပါဦး၊ မိသားစုဝင်အားလုံးက သူမကို ကိုယ့်သွေးသားရင်းသဖွယ် ဆက်ဆံကြတာပဲ မဟုတ်ပါလား…
အိမ်မှုကိစ္စအချို့ကို သူမ ဝိုင်းဝန်းလုပ်ကိုင်ပေးရသည်မှာလည်း သူမတစ်ဦးတည်းသာ အားလပ်နေသောကြောင့်ဖြစ်ပြီး အနည်းငယ်မျှ အလုပ်လုပ်ရခြင်းမှာ သူမကို ပင်ပန်းနွမ်းနယ်စေမည် အလုပ်ကြီး မဟုတ်ချေ။
"အစ်ကို... တခြားအိမ်တွေက ပေါက်စီစားနေကြချိန်မှာ ကျွန်မတို့က ငါးစားရမှာ၊ ဒါက အကောင်းဆုံးပဲ!"
ယွမ်ဟောက်ဖုန်း; "ငါတို့လည်း ပေါက်စီစားလို့ရတာပဲလေ။ အစ်ကို့ဆီမှာ မုန့်ညှင်းပင်ပေါက် ဟင်းရွက်တွေရှိတယ်။ ညီမလေးသာ ဝိုင်းကူမယ်ဆိုရင် ပေါက်စီလုပ်စားကြတာပေါ့။ အစ်ကို့ဆီမှာ အသားလက်မှတ်တွေလည်း ရှိသေးတယ်"
"ဟယ်! အစ်ကိုက တကယ့်ကို စိတ်ထားကောင်းတာပဲ!"
ယွမ်ရှောင်ချွေမှာ အလွန်အမင်း ဝမ်းသာသွားလေ၏။
ယွမ်ဟောက်ဖုန်းသည်လည်း ဟန်ကိုယ့်ဖို့ လုပ်လိုက်ကာ
"ဒါက ဘာဆန်းလို့လဲ။ အစ်ကိုက တစ်လကို ယွမ် ၃၀ ကျော် ရတာပဲဟာ၊ အကုန်သုံးလို့တောင် ကုန်မှာမဟုတ်ဘူး။ အစ်ကိုက လူပျိုကြီးဆိုတော့ မိန်းမလည်းမရှိသေးဘူး၊ ညီမလေးကို မပေးရင် ဘယ်သူ့ကို ပေးရမှာလဲ။ ဒါပေမဲ့ နောင်ကျရင် အိမ်ထောင်ပြုဖြစ်ခဲ့ရင်တော့ အစ်ကို့လစာတွေကို ဇနီးဖြစ်သူလက်ထဲ အပ်ရမှာပေါ့"
ယွမ်ရှောင်ချွေမှာ မကျေမနပ်ဖြင့်
“အစ်ကိုက ဒီလောက်ကောင်းတာ၊ အစ်ကိုနဲ့ တန်တဲ့သူက ဘယ်မှာရှိမှာလဲ"
ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီ၏ အိမ်ဘက်သို့ တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးမှ အကြည့်ကို ပြန်လွှဲကာ ပြုံးလျက်
"အစ်ကိုကတော့ ဂုဏ်ဒြပ်တို့ ဘာတို့ကို ဂရုမစိုက်ပါဘူး၊ ကိုယ်သဘောကျတဲ့သူဆိုရင် ရပြီ..."
ရှောင်ချွေ - "ဒါဆိုရင်လည်း အစ်ကို သေချာရွေးဦးနော်၊ မကောင်းတဲ့သူနဲ့ မတိုးပါစေနဲ့။ ဒါနဲ့ အစ်ကို... မနက်ဖြန် ဝမ်တာ့ချွေက အိမ်ထောင်ဖက် သွားတွေ့မှာလေ။ အစ်ကိုလည်း အောင်သွယ်ကိုပြောပြီး အခြေအနေကောင်းတဲ့ မိန်းကလေးတစ်ယောက်လောက် မိတ်ဆက်ခိုင်းပါလား..."
"မလိုပါဘူး၊ အစ်ကိုက လူတစ်ယောက်ကို သဘောကျရင် သူ့ရဲ့ စိတ်ထားကိုပဲ ကြည့်တာ၊ အခြေအနေတွေကို ကြည့်တာမဟုတ်ဘူး။"
...
ချန်ချင်းယွီမှာ တစ်ကိုယ်တည်း တိုးတိုးလေး ရေရွတ်မိသည်။
"ဒီမောင်နှမနှစ်ယောက် ဘာတွေ တတွတ်တွတ် ပြောနေကြတာလဲ?"
ယွမ်ဟောက်ဖုန်း၏ ဤစကားများကို သူမကြားအောင် တမင်ရည်ရွယ်ပြောဆိုနေသကဲ့သို့ သူမ ခံစားနေရသည်။
ဟွန်း... သူကတော့ မရိုးသားတဲ့ အကြံတွေ ရှိနေတာပဲ!