← Chapters

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

အခန်း (၄၃-၄၄)

Vol. 5 Ch. 43-44

၄၃။ ဒီလိုကြင်ဖက်တွေ့ခြင်း?

မုဆိုးမတစ်ယောက် အိမ်ရှေ့မှာ အတင်းအဖျင်းတွေ ပေါများလှတယ်…

၇၀ ပြည့်လွန်နှစ်များအတွင်း ဤစကားသည် မည်မျှ အရေးပါသည်ကို ချန်ချင်းယွီ ကောင်းကောင်းကြီး နားလည်နေသည်။ ထို့ကြောင့် သူစိမ်းများအပေါ်တွင် သူမ၏ သဘောထားမှာ အမြဲလိုလို သတိအပြည့်နှင့် ဆက်ဆံခဲ့၏။

ယွမ်ဟောက်ဖုန်းတွင် မည်သည့်အကြံအစည်မျိုး ရှိနေသည်ကို သူမ မသိသော်လည်း ‘အချစ်စစ်အချစ်မှန်’ ဆိုသည်ကို သူမ အယုံအကြည် မရှိပေ။

ဟ… ဒီလိုခေတ်ကြီးထဲမှာ ဘယ်က အချစ်စစ်ဆိုတာရှိမှာလဲ!!

ခြံဝင်းတစ်ခုတည်း အိမ်နီးချင်းဖြစ်လာတာ ကြာလှပြီ…အခုမှ အချစ်အတွက် အရာရာပေးဆပ်မယ့်သူ ဘာညာနဲ့ ခွေးပဲသွားလိမ်!!!

လာပြီး ဟန်ဆောင်မနေနဲ့!

မည်သို့ပင်ဖြစ်စေ၊ မည်သူပြောပြော ချန်ချင်းယွီမှာ ဂရုမစိုက်ပေ။ နေ့ခင်းတွင် အလုပ်မရှိသည့်အတွက် သူမသည် ကလေးနှစ်ယောက်ကို ခေါ်၍ သမဝါယမကုန်တိုက်သို့ သွားရန် ပြင်ဆင်လိုက်သည်။ ရှောင်ကျားလေးမှာ စပ်စုချင်စိတ်ဖြင့် ချန်ချင်းယွီကိုကြည့်ကာ

“မေမေ… သားတို့ သမဝါယမကုန်တိုက်မှာ ဘာသွားလုပ်ကြမှာလဲ”

ချန်ချင်းယွီ; “စက်ဘီး သွားကြည့်မလို့ပေါ့”

ရှောင်ကျား အံ့ဩသွားပြီး မျက်လုံးလေးများပြူးကာ

“သားတို့အိမ်က စက်ဘီးဝယ်တော့မလို့လား”

ချန်ချင်းယွီ; “မဝယ်သေးပါဘူး ဝယ်စရာလက်မှတ်မှ မရှိဘဲ၊ အခု အရင်သွားကြည့်ထားကြတာပေါ့၊ လက်မှတ်ရမှ ဝယ်ကြမယ်လေ”

“ဪ”

ရှောင်ကျားမှာ လူကြီးလေးနှယ် ခေါင်းတညိမ့်ညိမ့် လုပ်နေ၍ ချန်ချင်းယွီ ရယ်မောလိုက်မိပြီး

“ဒါနဲ့ ဘီစကစ်တစ်ဘူးလည်း ဝယ်ဦးမယ်… ဘီစကစ်ကစားလို့ကောင်းကြလား”

“စားလို့ကောင်းပါတယ်!!”

"ဒါက ဝယ်ခွင့်လက်မှတ်မလိုလို့ တော်သေးတာပေါ့၊ တကယ်လို့ လက်မှတ်သာလိုရင် သိပ်အများကြီး ဝယ်နိုင်မှာမဟုတ်ဘူး"

ချန်ချင်းယွီ ပြောရင်းဖြင့် ကလေးနှစ်ယောက်ကို ဦးဆောင်ကာ သမဝါယမ ကုန်တိုက်သို့ ရောက်ရှိသွား၏။ ကလေးနှစ်ယောက်မှာ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဟုတ်ပေ။ ယခင် ချန်ချင်းယွီ ခေါ်ဆောင်ခဲ့ဖူးသဖြင့် ရောက်ရှိဖူးကြရာ ဟိုငေးဒီငေး ဖြစ်မနေတော့ပေ။ ချန်ချင်းယွီသည် မုန့်ကောင်တာသို့ သွားကာ ဘီစကစ်တစ်ဘူး ဝယ်လိုက်ပြီးနောက် စက်မှုပစ္စည်းကောင်တာဖြစ်သော စက်ဘီးများချိတ်ဆွဲပြသထားသည့် နေရာသို့ လည်ပတ်ကြည့်ရှု့တော့သည်။

သူမသည် တခြားသူများကဲ့သို့ မေးခွန်းများ မေးမနေဘဲ ကြည့်ရုံသာကြည့်ခြင်းဖြစ်၍ အရောင်းစာရေးမသည်လည်း သူမအား ဂရုမစိုက်ပေ။

ရှောင်ကျား; "မေမေ၊ ဒါက စက်ဘီးလားဟင်။ ဒီမှာ စက်ဘီးတွေ အများကြီးပဲ!"

"ဟုတ်တယ်၊ အများကြီးပဲနော်။ တစ်နေ့ကျရင် တို့တွေလည်း တစ်စီးဝယ်ကြမယ်"

ချန်ချင်းယွီ ပြန်ပြောလိုက်သောအခါ ရှောင်ကျားမှာ မိခင်ကိုကြည့်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိမ့်ပြကာ

“အင်း… သားတို့အိမ်က ဝယ်ကြမယ်!”

ရှောင်ယွမ်; “ပိုက်ဆံစုမယ်”

“လက်မှတ်လည်း လိုသေးတယ်နော်”

သုံးနှစ်အရွယ် ကလေးနှစ်ဦးမှာ မိမိတို့ဘာသာ တိုင်ပင်နေကြသည်ကို ကြည့်ကာ ချန်ချင်းယွီ တဟီးဟီး ရယ်မောမိ၏။

"တို့အိမ် စက်ဘီးဝယ်ပြီးရင် မေမေက သားတို့ကို နေ့တိုင်း တင်ပေးမယ်နော်"

“ဟုတ်ကဲ့ပါ”

ကလေးနှစ်ဦးမှာ သံပြိုင်ဖြေ၍ အလွန်ပျော်ရွှင်နေကြသည်။

အရောင်းစာရေးမသည် မျက်လုံးတစ်ချက်လှန်၍ ကြည့်လိုက်သော်ငြား ချန်ချင်းယွီတို့မှာ ကောင်တာသို့လာ၍ ‘ဟိုဟာဘာလဲ၊ ဒါဘာလဲ’ မေးကာ လာရှုပ်နေခြင်း မဟုတ်သည့်အတွက် လျစ်လျူရှုထားလိုက်၏။

ကြည့်ပြီးရင် ပြန်ထွက်သွားမှာပဲလေ!

ချန်ချင်းယွီ; “သားတို့ဘယ်ဟာကြိုက်လဲ”

“သားက အပြာရောင်လေး”

“သမီးက အနီရောင်၊ အနီက အလှဆုံးပဲ”

ကလေးများမှာ တစာစာနှင့် ငြင်းခုံ ဆွေးနွေးနေကြစဉ် ချန်ချင်းယွီ ကြားဖြတ်၍

"အေး... ဒါနဲ့ အပြင်ထွက်လာတာနဲ့ အတူတူ မေမေ သားတို့ကို စာအုပ်

ဆိုင်ခေါ်သွားပြီး ရုပ်ပြစာအုပ်လေးတွေ ဝယ်ပေးမယ်လေ၊ ဟုတ်ပြီလား? လိုချင်ကြလား?"

“လိုချင်တယ်!”

ကလေးနှစ်ဦးစလုံးမှာ အကျယ်ကြီး အော်ဟစ်မိကာ မိခင်ဖြစ်သူအား မယုံကြည်နိုင်ဟန် ကြည့်နေမိကြသည်။ ရုပ်ပြစာအုပ်ဆိုသည်မှာ ကလေးတိုင်းအတွက် အိပ်မက်ပင် မဟုတ်လော့။ ခြံဝင်းထဲတွင် နာ့နာတို့ညီအစ်မများထံ၌သာ ရုပ်ပြစာအုပ်များ ရှိပြီး တခြားကလေးများတွင် မရှိကြချေ။ ထို့ကြောင့် သူတို့အား ဝယ်ပေးမည်ဆိုသောအခါ ကလေးနှစ်ဦးမှာ ပျော်ရွှင်လွန်း၍ ခြေလှမ်းများပင် မှားကုန်ကြ၏။

“သွားကြစို့”

ချန်ချင်းယွီ ဦးဆောင်၍ ကလေးများကို ခေါ်သွားလေသည်။ ကလေးများမှာ စာမဖတ်တတ်သော်ငြား ရုပ်ပြစာအုပ်ဖြစ်၍ အရုပ်ကြည့်၍ရသည်ပင်။

"သိပ်ကောင်းတာပဲ"

"ရုပ်ပြစာအုပ်လေးတွေက အရမ်းကောင်းတာ"

ချန်ချင်းယွီ ပြုံးလိုက်မိပြီး စာအုပ်ဆိုင်သို့ ဦးတည်လိုက်၏။ သူမသည် စွန့်ပစ်ပစ္စည်းများရှိသော အဟောင်းရုံသို့ မသွားပေ၊ ထိုနေရာများသည် ညစ်ပတ်ပြီး ရှုပ်ပွနေမည်ကို စိုးရိမ်မိသည်။ ကလေးများအတွက်ဖြစ်၍ အသစ်ကိုသာ ဝယ်ပေးချင်မိ၏။

စွန့်ပစ်ပစ္စည်းအဟောင်းရုံများတွင် ရတနာပစ္စည်း သွားရှာရန်လည်း သူမ မစဉ်းစားပေ။ ၎င်းမှာ ဝတ္ထုစာအုပ်များမှ ပေါက်ကရရေးထားခြင်းသာ။

ဘယ်သူကရော.. ပစ္စည်းအကောင်းကို အလကားနေရင်း စွန့်ပစ်မှာလဲ!!

လူတိုင်းကို ငတုံးလို့ထင်နေလား?

လူမမြင်အောင် ကိုယ့်ဘာသာပဲသိမ်းထားမှာပေါ့!! လူတိုင်း အ နေကြတာမှ မဟုတ်ဘဲ…

အကယ်၍ ပစ္စည်းကောင်းကို မသိ၍ စွန့်ပစ်မိသူများ ရှိလျှင်ပင် သွားရှာရန်မှာ မဖြစ်နိုင်ပေ။

ရူးနေလား!! ဒါက ပေကျင်းမြို့တော်လေ…

ပစ္စည်းကို အကောင်းအဆိုးမှန်း ခွဲခြားနိုင်တဲ့သူတွေ အများကြီးပဲ!

အမယ်လေး…ကိုယ့်အလှည့်တောင် ရောက်မှာ မဟုတ်ဘူး!

ထို့ကြောင့် ချန်ချင်းယွီမှာ အဟောင်းရုံသို့ မသွားပေ။

ရတနာရှာဖို့လား!! ထားလိုက်ပါတော့!!

ငါ့မှာ အဲ့လို အရည်အချင်းမရှိဘူး..

ဇာတ်လိုက် ကံကြမ္မာမှ မရှိတာ… ဘယ်က ရတနာပစ္စည်းကို ရှာမှာလဲ!! သောက်ကျိုးနည်း!

ချန်ချင်းယွီ ကလေးနှစ်ယောက်ကို လက်တွဲ၍ စာအုပ်ဆိုင်သို့ တန်းသွားခဲ့သည်။ ယနေ့ခေတ်တွင် စာအုပ်ဆိုင်များမှာ အလွန်ရှားပါးလှ၏။ အကြောင်းအရင်းသည်ကား ပြောနေရန်ပင်မလိုချေ၊ လူများလည်း နည်းပါးလှပြီး စာအုပ်များမှာလည်း နည်းပါးလှသည်။ ချန်ချင်းယွီ လှည့်ပတ်ကြည့်ရှု့ပြီး ယနေ့ခေတ် ခေတ်စားနေသော ရုပ်ပြစာအုပ်တချို့ကို ဝယ်ယူလိုက်၏။

မီးလျှံမင်းသား နဲကျား…

အနောက်ဘက်သို့ ခရီးသွားခြင်း…

စစ်သားလေး ကျန်းကာ..

ရုပ်ပြစာအုပ်များလည်း အမျိုးအစားမှာ အလွန်ရှားပါလှသည်။ ချန်ချင်းယွီ ပိုက်ဆံရှင်းလိုက်ပြီး စာအုပ်များကို ကလေးနှစ်ယောက်လက်ထဲ ထည့်ပေးလိုက်ကာ

"ဒါက သားတို့ နှစ်ယောက်အတွက်၊ အတူတူ သိမ်းထားကြနော်"

ကလေးများမှာ စိတ်လှုပ်ရှားပျော်ရွှင်နေကြ၏။ ရှောင်ကျားမှာ စိတ်လှုပ်ရှားလွန်း၍ အာမေဍိတ်သံလေးများထွက်ကာ ရှောင်ယွမ်ကို ဖက်ထား၍ ခုန်ပေါက်နေရှာသည်။ ရှောင်ယွမ် မျက်လုံးလေးများမှာလည်း အရောင်တလက်လက်ဖြင့် အော်ဟစ် ရေရွတ်နေရှာ၏။

“သမီးတို့ဟာ! သမီးတို့ဟာ”

ရှောင်ကျား “မေမေ့ကို အချစ်ဆုံးပဲ”

“မင်းတို့တွေ လိူချင်တာဝယ်ပေးမှ အချစ်ဆုံး ဖြစ်သွားတာလား”

ချန်ချင်းယွီ ကျီစယ်လိုက်ရာ

"မဝယ်ပေးလည်း အချစ်ဆုံးပါပဲ၊ မေမေက အကောင်းဆုံးပဲ၊ ရှောင်ကျားက မေမေ့ကို အကြိုက်ဆုံးပဲ"

"ရှောင်ယွမ်လည်း တူတူပဲ"

ချန်ချင်းယွီ ကလေးနှစ်ဦး၏ ပါးလေးများကို အသာဆွဲဖျစ်လိုက်ကာ

"လိမ္မာလိုက်တာ၊ သားတို့က အရမ်းလိမ္မာတာပဲ။ မေမေလည်း သားတို့ကို အရမ်းချစ်တယ်"

သူမ ကလေးနှစ်ယောက်ကို ခေါ်ပြီး အိမ်ပြန်လာခဲ့သည်။ ကလေးများမှာ တစ်လမ်းလုံး ပျော်နေကြပြီး ခဏအကြာ၌ ချန်ချင်းယွီ ရုတ်တရက် ရပ်တန့်သွားမိ၏။ သူမ

အဝေးမှ လူရိပ်တစ်ခုကို ကြည့်ပြီး အလွန်အံ့ဩသွားသည်။

ရှောင်ကျား- "မေမေ၊ ဘာဖြစ်လို့လဲဟင်"

ချန်ချင်းယွီ- "မေမေ လူတစ်ယောက်ကို မြင်လိုက်လို့ပါ၊ ဘာမှမဖြစ်ဘူး၊ သွားကြစို့"

သူမ ကလေးနှစ်ယောက်ကို ဆွဲပြီး ဆက်လျှောက်သွားခဲ့သော်လည်း စိတ်ထဲတွင် အလွန်ပင် အံ့သဩနေမိသည်။

ယွီမေကျွမ်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ယွီမေကျွမ်းဆိုတာ ဘယ်သူလဲ?

သူမမှာ တခြားသူမဟုတ်ပေ။ ချန်ချင်းယွီ မိထွေး ဝေရှု့ဖန်း သူမ အဖေ့ကိုလက်ထပ်စဉ် ပါလာခဲ့သော ကလေး၊ ဝေရှု့ဖန်းနှင့် သူမ ခင်ပွန်းဟောင်း၏ သမီးဖြစ်၏။

ယွီမေကျွမ်း သူမအမေနှင့် အတူ နောက်မှရောက်လာခဲ့သော်လည်း အရင်းဖြစ်သည့် ချန်ချင်းယွီထက် ပိုပြီး မျက်နှာပွင့်ခဲ့သည်။ ဝေရှု့ဖန်းမှာ သူမ ကိုယ်ပိုင်သမီးဘက်မှ အမြဲပါနေခဲ့ပြီး ဝေရှု့ဖန်း၏ သွေးထိုးပေးမှုကြောင့် ပထွေးဖြစ်သူ ချန်ရိကျွင်းသည်လည်း ယွီမေကျွမ်းကို သမီးအရင်းထက် ပိုချစ်၏။

ထို့ကြောင့် ယွီမေကျွမ်းသည် ချန်မိသားစုအိမ်မှာ တော်တော်လေး ကောင်းကောင်းမွန်မွန် နေခဲ့ရသည်။

အမှန်တကယ်တွင်မူ နောက်ပိုင်းမွေးလာသော သားများလောက် ကောင်းကောင်းမနေခဲ့ရပေ။ သို့တိုင် ချန်ချင်းယွီထက် သာလွန်သော ဘဝတွင် နေထိုင်ခဲ့ရခြင်းမှာ ယွီမေကျွမ်းအတွက် ဂုဏ်ယူဝင့်ကြွားဖွယ် ဖြစ်နေခဲ့၏။

ယွီမေကျွမ်းသည် ချန်ချင်းယွီထက် သုံးနှစ်ကြီးပြီး အလုပ်စောစောဝင်ခဲ့သူ ဖြစ်သည်။ အလုပ်လုပ်သည်မှာ နှစ်နှစ်ကျော်ရုံမျှသာ ရှိသေးသော်လည်း "ပညာတတ်လူငယ်များ ကျေးလက်သို့ဆင်းခြင်း" လှုပ်ရှားမှု အရှိန်အဟုန်ပြင်းနေချိန်နှင့် ကြုံကြိုက်ခဲ့၏။ ချန်ရိကျွင်းနှင့် ဝေရှု့ဖန်းတို့မှာ သူတို့၏သားကြီး ကျေးလက်သို့ အပို့ခံရမည်ကို စိုးရိမ်သဖြင့် ယွီမေကျွမ်းကို သူမ၏အလုပ်နေရာအား မောင်ဖြစ်သူကို ပေးလိုက်ရန် ဖိအားပေးခဲ့ကြသည်။

အဘယ်ကြောင့်မှန်းမသိသော်လည်း ယွီမေကျွမ်းသည် မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ လွယ်လွယ်ကူကူပင် သဘောတူခဲ့၏။ အလုပ်လက်မဲ့ဖြစ်သွားပြီး အရွယ်ရောက်ပြီးသူလည်း ဖြစ်နေသဖြင့် သူမသည် ကျေးလက်သို့ ဆင်းခဲ့ရလေသည်။ နောက်ပိုင်းတွင် ချန်မိသားစု၏ သားလတ် (ဒုတိယမောင်) သည်လည်း ဘွဲ့ရပြီးနောက် အလုပ်မရှိသဖြင့် ကျေးလက်သို့ ဆင်းခဲ့ရပြန်ရာ တစ်ဦးကိုတစ်ဦး စောင့်ရှောက်နိုင်ရန် ယွီမေကျွမ်းရှိရာ ရွာသို့ပင် ပို့ဆောင်ခြင်း ခံခဲ့ရ၏။

ချန်ချင်းယွီမှာမူ ကျေးလက်သို့ အပို့မခံရစေရန် အိမ်ထောင်စုစာရင်းစာအုပ်ကို ခိုးယူကာ အမြန်အိမ်ထောင်ပြုလိုက်သဖြင့် သူမ၏ မိသားစုနှင့် အဆက်အသွယ် ပြတ်သလောက် ဖြစ်သွားခဲ့ပြီး ယွီမေကျွမ်း၏ ကျေးလက်ဘဝအကြောင်းကိုလည်း အသေအချာ မသိရှိပေ။

သို့သော် ချန်မိသားစု၏ သားလတ်မှာ ထိုရွာတွင် ပြဿနာတော်တော်ရှာခဲ့ကြောင်းကိုမူ သူမ သိရှိထားသည်။

"ဟင်း... အရင်က ဘိုးဘိုးတို့အိမ်ဟောင်းမှာတုန်းက ချန်ရိကျွင်း တစ်ယောက်တည်း ရေရွတ်နေတာကို ငါကြားဖူးသားပဲ။"

ယွီမေကျွမ်းပါ အဲဒီကိစ္စတွေထဲ ပါဝင်ပတ်သက်နေမလား မသိဘူး…

သို့သော် ယွီမေကျွမ်း ဘယ်လိုကြောင့် ပြန်ရောက်နေခြင်းဖြစ်သည်ကို သူမ တကယ်ကို သိချင်မိ၏။

အလုပ်ပြောင်းစာနဲ့ ပြန်လာတာလား?

ချန်ချင်းယွီကတော့ လုံးဝမယုံပေ…

ယခုအချိန်တွင် လူငယ်များကို ကျေးလက်သို့ အလုံးအရင်းနှင့် ပို့နေချိန်ဖြစ်ပြီး ပြန်လာနိုင်သူဟူ၍ သူမ တစ်ခါမျှ မတွေ့ဖူးသေးချေ။ သာမန်အဆက်အသွယ်မျှဖြင့် ပြန်လာနိုင်ရန် မလွယ်ကူသည့်အပြင်၊ အထူးသဖြင့် မြို့တော်သို့ ပြန်လာနိုင်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။

ချန်ချင်းယွီ ယွီမေကျွမ်းကို တစ်ချက် ပြန်ကြည့်လိုက်မိ၏။ ယွီမေကျွမ်းသည် သူမ မှတ်မိနေသော ပုံစံနှင့် အတော်လေး ကွာခြားသွားသော်လည်း တစ်ချက်ကြည့်ရုံနှင့် မှတ်မိနိုင်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီး ဝတ်ထားသည်မှာ သူမ၏ အဝတ်ဟောင်းများ ဖြစ်နေသောကြောင့်ပင်။

ချန်ချင်းယွီ အိမ်ထောင်ပြုစဉ် သူမ၏ အယုတ်တမာ ဖခင်နှင့် မိထွေးဖြစ်သူတို့သည် သူမ၏ အဝတ်အစားများကို ယူခွင့်မပေးခဲ့ကြချေ။ ထိုစဉ်က "သူမ" မှာ သတ္တိနည်းလွန်းသဖြင့် သူတို့ကို မတော်လှန်ရဲခဲ့ကာ၊ အိမ်မှ ထွက်သွားရရန်မှာ အရာရာထက် အရေးကြီးနေသဖြင့် စုတ်ပြတ်နေသော အဝတ်အနည်းငယ်နှင့်သာ အိမ်ထောင်ပြုခဲ့ရ၏။

နောက်ပိုင်းတွင် သူမ၏ မိထွေးဖြစ်သူသည် သူမ၏ အဝတ်အစားအားလုံးကို ကျေးလက်သို့ ရောက်နေသည့် သမီးဖြစ်သူထံ ပို့ပေးလိုက်သည်ဟု ကြားသိခဲ့ရသည်။

ယခု ယွီမေကျွမ်း ဝတ်ထားသည်မှာ ထိုအဝတ်များပင် ဖြစ်၏။ ယခင်က အိမ်တွင် အခွင့်ထူးခံဖြစ်ပြီး သန့်သန့်ပြန့်ပြန့် နေခဲ့သော ယွီမေကျွမ်းမှာ ယခုအခါ အသားများ မည်းညစ်ကာ ပိန်ချောင်နေပြီး ဆံပင်များမှာလည်း ကောက်ရိုးအလား ဖြစ်နေသည်။ ဝတ်ထားသော အဝတ်များသည်လည်း ဟောင်းနွမ်းစုတ်ပြတ်နေ၏။

မဟောင်းဘဲ နေပါမည်လော! ထိုအဝတ်များသည် ချန်ချင်းယွီ အိမ်ထောင်မပြုမီက အဝတ်များ မဟုတ်ပါလား…

သူမ အိမ်ထောင်ပြုခဲ့သည်မှာ လေးနှစ်ကျော်ပင် ရှိနေပြီဖြစ်၏။

ချန်ချင်းယွီ စိတ်ထဲတွင် တစိမ့်စိမ့်

ခံစားရကာ ခနဲ့ပြုံးပြုံးရင်း တွေးလိုက်မိသည်။

"ယွီမေကျွမ်းတစ်ယောက် သူမရဲ့အလုပ်ကို မောင်အကြီးဆုံး ကို ပေးလိုက်မိတာ နောင်တရနေမလား"

သာမန်လူဆိုလျှင်တော့ နောင်တရမှာ အသေအချာပဲ…

အရင်က အလုပ်ရှိစဉ်တုန်းက ဂါဝန်လေးဝတ်၊ သားရေဖိနပ်လေးစီးပြီး ဘယ်လောက်တောင် ဝင့်ကြွားခဲ့သလဲ…

အခုတော့ အဲဒီလို မဟုတ်တော့ဘူး!

ဒါနဲ့ စကားမစပ်၊ ယွီမေကျွမ်း အဲဒီတုန်းက အလုပ်ဘယ်လိုရခဲ့လဲဆိုတာ သူတို့ ပြောတာ တစ်ခါမှ မကြားဖူးဘူး။ အဲဒီနောက်ကွယ်မှာ တစ်ခုခုများ ရှိနေမလားမသိဘူး..?!

ယွီမေကျွမ်း အလယ်တန်းအောင်ပြီးကတည်းက ပျံကျအလုပ်များ လုပ်နေခဲ့ရပြီး၊ ပုံမှန်အလုပ်ဟူ၍ တစ်ခါမှ မရှိခဲ့ဘဲ ရုတ်တရက်ကြီး အလုပ်ရသွားခြင်းကို သူမ မှတ်မိနေသည်။ ထိုစဉ် ချန်ချင်းယွီသည် အဘိုးအဘွားတို့အိမ်၌သာ အနေများသဖြင့် အသေးစိတ်ကို မသိခဲ့ရပေ။

"မေမေ? ဘာလို့ ငေးနေတာလဲဟင်"

ရှောင်ကျားက ခေါင်းလေးစောင်းပြီး တိုးတိုးလေး မေးလိုက်၏။

ချန်ချင်းယွီ; "ဘာမှမဟုတ်ပါဘူး၊ အိမ်ပြန်ကြစို့"

သူမ ခေါင်းခါလိုက်ပြီး ယွီမေကျွမ်းအကြောင်းကို ဆက်မတွေးတော့ပေ။ ယွီမေကျွမ်း ဘာဖြစ်ဖြစ် သူမနှင့် မဆိုင်ပေ…

"ညီအစ်မ" ဟု ခေါ်ကြသော်လည်း ချန်ချင်းယွီ အိမ်မှာ အနေနည်းသဖြင့် ငယ်စဉ်ကတည်းက အဆက်အသွယ် သိပ်မရှိခဲ့ကြကာ၊တစ်ဦးအကြောင်းတစ်ဦး သေချာပင် မသိကြချေ။

သူမကိစ္စ သူမအပိုင်းပဲလေ!

ချန်ချင်းယွီသည် ယွီမေကျွမ်းနှင့် ဆုံခဲ့သော်လည်း မမြင်ချင်ယောင်ဆောင်ကာ သူမလမ်းသူမ ဆက်လျှောက်သွားသည်။ ကလေးများကို ခေါ်ပြီး ထိုနေရာမှ သူမ အမြန်ထွက်ခွါခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယွီမေကျွမ်း လှမ်းကြည့်လိုက်သော်လည်း ချန်ချင်းယွီကို မမှတ်မိပေ။ ချန်ချင်းယွီ၏ ကျောပြင်နှင့် ကလေးနှစ်ယောက်ကိုသာ မြင်လိုက်ရသဖြင့် ထိုသူမှာ ချန်ချင်းယွီဖြစ်ကြောင်း ယွီမေကျွမ်း သတိမထားမိလိုက်ချေ။

ယွီမေကျွမ်းသည် ဆံပင်ညှပ်ဆိုင်သို့ တစ်ယောက်တည်းသွားပြီး သူမ၏ ဆံပင်များကို ရောင်းလိုက်သည်။ ဆံပင်များမှာ ခြောက်သွေ့ကာ ဝါကျင့်ကျင့် ဖြစ်နေသဖြင့် ဈေးကောင်းမရသည့်တိုင် ယွီမေကျွမ်း မညည်းညူရဲပေ။ သူမမှာ တကယ်ပင် ပိုက်ဆံပြတ်နေ၏။ ဆံပင်ညှပ်ပြီးနောက် အပြင်ထွက်လာစဉ် သူမကို လိုက်ရှာနေသည့် အမေဖြစ်သူနှင့် တွေ့လေသည်။

ဝေရှု့ဖန်း မကျေမနပ်ဖြင့်

"ဘာလို့ ဆံပင်ညှပ်လိုက်တာလဲ၊ ကြည့်လို့မကောင်းဘူး။ ကြင်ဖက်တွေ့ပွဲကျမှ အဆင်မပြေဖြစ်နေဦးမယ်"

"သမီးဆံပင်တွေက ခြောက်ပြီး ဝါနေတာလေ။ ဆံပင်အရှည်ကြီးနဲ့ဆိုရင် လူက နုံးချိနေသလိုပဲ။ အခုလို သပ်သပ်ရပ်ရပ် ညှပ်လိုက်တာကမှ ပိုကောင်းသေးတယ်။ အခု လူတွေ အများကြီး ဒီလိုပဲ ညှပ်နေကြတာပဲ၊ သန့်ရှင်းသပ်ရပ်ပြီး ဘာမှလည်း အပြစ်ပြောစရာ မရှိဘူး။ ပြီးတော့ အမေပဲ ပြောတယ်မလား၊ အဲဒီလူက အသက်နည်းနည်းကြီးပြီဆိုတော့ အိမ်ထောင်မှုကို ကျွမ်းကျင်လိမ္မာတဲ့သူမျိုးပဲ လိုချင်မှာပေါ့။ နွဲ့နွဲ့နှောင်းနှောင်း ဖြစ်နေလို့ ဘယ်ဖြစ်မလဲ။"

"အေးပါ... နင့်မှာကတော့ အမြဲတမ်း ဆင်ခြေရှိတာပဲ"

ဝေရှု့ဖန်း ပျစ်တောက်ပျစ်တောင် ပြောနေစဉ် ယွီမေကျွမ်း စကားဆိုလိုက်ပြန်၏။

"အမေ၊ သမီးကို အဝတ်အစားလေး တစ်စုံလောက် ဝယ်ပေးပါဦးလား။ ဒီအဝတ်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အဝတ်တွေ။ ဒီလိုကြီးနဲ့ ကြင်ဖက်တွေ့ပွဲ ဘယ်လိုသွားရမလဲ"

ဝေရှု့ဖန်း; "ဟဲ့... ဘယ်လိုဖြစ်ရတာလဲ! နင်ကတော့ သုံးဖြုန်းဖို့ပဲ သိတယ်! ဒီအဝတ်တွေက ဘာဖြစ်လို့လဲ၊ ဝတ်လို့ကောင်းနေတာပဲကို။ အိမ်က အခြေအနေကို နင်မသိဘူးလား၊ နင့်အတွက် အဝတ်အသစ်ဝယ်ဖို့ ပိုက်ဆံ ဘယ်ကရမှာလဲ။ အခု နင့်အတွက် အိမ်ထောင်ဖက် ရှာပေးနိုင်တာတောင် အမျိုးတွေမို့လို့။ မဟုတ်ရင် နင့်လို အသက် ၂၆၊ ၂၇ အရွယ် ကျေးလက်ဆင်း ပညာတတ်လူငယ်တစ်ယောက်ကို ဘယ်သူက လိုချင်မှာလဲ။ အခု အောင်သွယ်ပေးတဲ့သူက ငါ့ရဲ့ သုံးယောက်မြောက် အဒေါ်မို့လို့ အဲဒီဘက်က မိသားစုကို နားချနိုင်ခဲ့တာ။ ငါက သူတို့ကို အောင်သွယ်ခတောင် ပေးရဦးမှာ၊ ငါ့ကိုများ ကပ်စေးနည်းတယ်လို့ ထင်နေတာလား။ အဝတ်အသစ် ဝယ်ပေးရမယ် ဟုတ်လား? နင်လည်း အသက်ကြီးပြီ၊ အဝတ်အစားကို ဂျီကျမနေနဲ့၊ သန့်သန့်ရှင်းရှင်း ရှိရင် ရပြီ"

"သိပါပြီ... သိပါပြီ"

ယွီမေကျွမ်း မကျေမနပ် ငြီးတွားသလိုက်၏။

"နင်ကတော့ စိတ်မရှည်လိုက်တာ! ငါက ဘယ်သူ့အတွက် ကြံစည်ပေးနေတာလဲ? နင်ကတော့ ဘာမှကို မသိဘူး..."

"သမီးက ဘာမသိလို့လဲ၊ အမေပြောတာ အမြဲနားထောင်နေတာပဲကို!"

ဝေရှု့ဖန်း : "နားထောင်ရမှာပေါ့။ နားမထောင်ရင် နင့်မှာ ဘယ်တော့ အနာဂတ်ရှိမှာလဲ? ကဲ... မှတ်ထားဦး၊ ကြင်ဖက်တွေ့ပွဲသွားရင် လက်မှတ်မထိုးရသေးခင်အထိ အမှန်အတိုင်း တစ်လုံးမှ မပြောနဲ့။ ငါ အကုန်သင်ပေးထားတယ်နော်၊ အောင့်ထားရမယ်။ လက်ထပ်ပြီးမှ နင်က အလုပ်မရှိတဲ့ ကျေးလက်ဆင်းလူငယ်ဆိုတာ သူသိသွားလည်း ဘာမှပြောင်းလဲလို့ မရတော့ဘူး..."

"မေမေ၊ သူက သမီးတို့ကို လက်ထပ်မှု လိမ်လည်လှည့်ဖြားတယ်ဆိုပြီး ရဲတိုင်ရင် ဘယ်လိုလုပ်မလဲ?"

"ဘာကို လိမ်တာလဲ? သူကရော သိက္ခာမရှိဘူးလား? ပြီးတော့ လက်ထပ်ပြီးမှ နင့်ကို ကွာရှင်းမယ်ဆိုရင် သူက လူယုတ်မာပဲ ဖြစ်မှာပေါ့။ စိတ်မပူနဲ့၊ ငါ အကုန်သင်ပေးထားပြီးသား..."

စသည်ဖြင့်... စသည်ဖြင့်...

ထိုသားအမိနှစ်ယောက်သည် စကားတပြောပြောနှင့် ထွက်ခွါသွားကြလေသည်။

ယွီမေကျွမ်း ကြင်ဖက်တွေ့မည့်သူမှာ တခြားသူမဟုတ်ဘဲ မိမိတို့ခြံဝင်းထဲမှ ဝမ်တာ့ချွေ ဖြစ်နေသည်ကိုသာ ချန်ချင်းယွီ သိရှိခဲ့လျှင် ခိုးကြောင်ခိုးဝှက် ချောင်းမြောင်းနားထောင်မိပေလိမ့်မည်။

ဤသည်မှာ ရေစက်ဟု ဆိုရမည်လားမသိပေ…

သို့သော် ယခုအချိန်တွင်မူ ချန်ချင်းယွီသည် ထိုအကြောင်းကို လုံးဝမသိရှိသေးကာ၊ ယွီမေကျွမ်း တစ်ခေါက်ပြန်လာခြင်းမှာလည်း ကြင်ဖက်တွေ့ခြင်း ပြုလုပ်ရန်အတွက်ဖြစ်မည်ဟုလည်း ထင်မှတ်မထားခဲ့မိပေ။

ချန်ချင်းယွီသည် အိမ်အပြန်လမ်းတစ်လျှောက်လုံးတွင် မိမိအနေဖြင့် ကျေးလက်သို့ ဆင်းမသွားမိခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု တွေးတောကာ သက်ပြင်းချနေမိသည်။

ယွီမေကျွမ်းကို ကြည့်ပါဦး!!!

သူမထက် သုံးနှစ်မျှသာကြီးသော်လည်း ယခုအခါ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးကဲ့သို့ အိုစာနေပြီဖြစ်၏။

အလုပ်လုပ်နေသည့် ကျောက်ရုံတို့ကဲ့သို့ အမျိုးသမီးများ ပြင်ပြင်ဆင်ဆင်နေထိုင်ခြင်းသည်ပင် ယွီမေကျွမ်းထက် ပို၍နုပျိုသည်ဟု ဆိုလျှင် အနည်းငယ် ပိုရာကျနိုင်သော်လည်း၊ ယွီမေကျွမ်း၏ ရုပ်သွင်မှာ အသက်အစစ်အမှန်ထက် ၁၀ နှစ်ခန့် ပိုအိုနေသည်ဟု ဆိုလျှင် လုံးဝပိုပြောခြင်း မဟုတ်ပေ။

လင်းကျန့်ဝမ်ကို ကျေးဇူးတင်ရမည်!

မိမိ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကိုလည်း ပို၍ပင် ကျေးဇူးတင်ရပေဦးမည်။

ချန်ချင်းယွီ ခြံဝင်းထဲသို့ ပြန်ရောက်လာချိန်တွင် ငါးဟင်းချက်သည့်နံ့က သင်းပျံ့နေပြီဖြစ်သည်။ ကလေးငယ်အချို့မှာလည်း အရှေ့ခြံထဲတွင် လှည့်ပတ်ဆော့ကစားနေကြပြီး လင်းစန်းရှင်းမှာ မိမိအိမ်တွင် ငါးဟင်းချက်နေသည်ကို လူအများသိစေရန် မီးဖိုချောင်ပြတင်းပေါက်ကို ဖွင့်လှစ်ကာ အလုပ်ရှုပ်နေလေသည်။

ချန်ချင်းယွီမှာ သူတို့ကိုကြည့်ကာ စိတ်ထဲမှ ကျိတ်၍ ပြုံးမိရုံသာ တတ်နိုင်၏။

"ဟေ့... ရှောင်ချန်လေး၊ ဘယ်တွေသွားနေတာလဲ။ တစ်မွန်းလွဲလုံး မမြင်မိပါလား။"

လင်းစန်းရှင်းမှာ မုန်ညှင်းပင်ပေါက်များဖြင့် ငါးကို လဲလှယ်နိုင်ခဲ့သဖြင့် စိတ်လက်ကြည်သာနေကာ လှမ်း၍ နှုတ်ဆက်လေသည်။

"သမဝါယမကုန်တိုက် ခဏသွားတာပါ၊ စက်ဘီး သွားကြည့်မလို့လေ"

ချန်ချသ်းယွီ ပြန်ပြောလိုက်သောအခါ လင်းစန်းရှင်းအံ့အားသင့်သွားကာ မေးလိုက်မိ၏။

"နင် တကယ်ကြီး သွားတာလား"

ချန်ချင်းယွီ ပြုံးရယ်လျက်

"အင်းလေ၊ ဒါက တကယ်မဟုတ်ဘဲ ဘာဖြစ်ရမှာလဲ။ အကုန်ကြည့်ထားပြီးပြီ၊ စက်ဘီးတွေက အများကြီးပဲနော်၊ တကယ့်ကို အကောင်းစားတွေပဲ"

လင်းစန်းရှင်းမှာ ချန်ချင်းယွီ၏ အတွေးအခေါ်ကို လုံးဝလိုက်မမီတော့သဖြင့် "ဆိုင်ကလူတွေက နင့်ကို မမောင်းထုတ်ကြဘူးလား" ဟုသာ မေးနိုင်တော့သည်။

"ဘယ်ကလာ မောင်းထုတ်ရမှာလဲ"

ချန်ချင်းယွီ ထိုသို့ခဏမျှ စကားစမြည်ပြောပြီးနောက် အိမ်ထဲသို့ ဝင်ခဲ့ပြီး၊ အိမ်ထဲသို့ ရောက်

သောအခါ အဘွားကြီးကျောက်မှာ ပြန်ရောက်နေပြီဖြစ်ပြီး တတွတ်တွတ်နှင့် ဗျစ်တောက်ဗျစ်တောက် ပြောနေ၏။

"နင် ဘယ်သွားနေတာလဲ။ ဒါကတော့ တကယ်ကိုပဲ... အယ်!"

အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ အကြည့်နှင့် ဆုံသွားသောအခါ အပြစ်တင်စကားများကို ချက်ချင်း မျိုချလိုက်ရသည်။

မိမိအနေဖြင့် ချန်ချင်းယွီကို မစော်ကားရဲတော့ပေ…

ထို့နောက် အဘွားကြီးကျောက်မှာ

"နင်က ဘာလို့ စက်ဘီးဝယ်ဖို့ စဉ်းစားရတာလဲ။ ငါ့ကိုလည်း ကြိုမပြောထားဘူး။ ငါပြန်လာတော့ လူတော်တော်များများက လာမေးကြတယ်။ တော်သေးတာပေါ့၊ ငါက မရိပ်မိအောင် အလိုက်သင့် ပြောလိုက်နိုင်လို့။ တကယ်ပါ၊ ငါလို ပါးနပ်တဲ့ အဘွားကြီးမို့လို့ပေါ့၊ တခြားသူသာဆိုရင် နင့်အကြောင်း အကုန်ပေါ်ကုန်မှာ။ ငါကပဲ တော်လွန်းလို့ ဘာပြောရမလဲဆိုတာ ချက်ချင်းသိတာ။ ကြည့်စမ်း... ငါ တော်တယ်မလား။ နင် မနေ့ညက ငါ့ကို အဲဒီလိုလုပ်တာတောင် ဒီနေ့ ငါက နင့်ကို ပြဿနာမရှာဘူး။ ငါ့ရဲ့ အသိတရားက မဆိုးဘူးမလား"

ချန်ချင်းယွီ အဘွားကြီးကျောက်ကို ခပ်စောင်းစောင်း ကြည့်လိုက်ကာ

“ရှင်က အသိတရားကောင်းတယ်ဆိုရင် ကျွန်မကရော အသိတရား ညံ့လို့လား။ ကျွန်မလည်း အသားပေါက်စီ လုပ်ထားတာပဲလေ"

ချန်ချင်းယွီ ပြန်တုံ့ပြန်လိုက်ရာ

အဘွားကြီးကျောက် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားလေပြီး

"အေးပါ... နင်ကလည်း သိတတ်တဲ့သူပါပဲ။ ဒါနဲ့... နင် ဘာလို့ စက်ဘီးဝယ်ဖို့ စဉ်းစားရတာလဲ"

"သွားရလာရ လွယ်အောင်လို့ပါ"

ထိုသို့ ပြန်ပြောပြီးနောက် အဘွားကြီးကျောက်ကို ချန်ချင်းယွီ သတိပေးလိုက်၏။

"အမေက ကျွန်မပြောတဲ့အတိုင်းပဲ လိုက်ပြောပေးရင် ရပါပြီ"

အဘွားကြီးကျောက်သည် အားနည်းချက်များစွာ ရှိသော်လည်း ဤကဲ့သို့ ကိစ္စရပ်များတွင်မူ အလိုက်သင့် ပူးပေါင်းဆောင်ရွက်တတ်သည်။

ချန်ချင်းယွီ; "ခဏနေရင် အဘိုးကြီးကျန်းတို့အိမ်ကို သွားပြီး ပြဿနာသွားရှာလိုက်ဦး"

သူမ ခိုင်းလိုက်စဉ် အဘွားကြီးကျောက် အံ့အားသင့်၍

"ဟင်? ဘာလို့လဲ"

"သူတို့အိမ်က ကလေးမလေးက နေ့လယ်က စားစရာလာတောင်းတာ၊ မပေးလို့ဆိုပြီး ကျွန်မကို ဆဲသွားတယ်။ ကျွန်မတို့အိမ်ကို လာအနိုင်ကျင့်နေတာ၊ အမေ သွားပြီး လူကြီးတွေကို ဆဲပေးလိုက်"

အဘွားကြီးကျောက် နှုတ်ခမ်းကို စူလိုက်ကာ

"နင်ကတော့ ငါ့ကို ကောင်းတဲ့အလုပ် တစ်ခုမှ မခိုင်းဘူး၊ ဒီလို လူဆိုးလုပ်ရတဲ့ အလုပ်တွေပဲ ခိုင်းနေတော့တာပဲ"

သူမစကားကြောင့် ချန်ချင်းယွီ မှ "မုန်ညင်းစိမ်း အသားပေါက်စီ" ဟု ဆိုလိုက်သောအခါ အဘွားကြီးကျောက်တစ်ယောက် ချက်ချင်း ငြိမ်ကျသွားလေသည်။

"နင်ကိုယ်တိုင်လည်း ရန်ပွဲကြိုက်တဲ့ မိန်းမကြီးလို သရုပ်ဆောင်နိုင်တာကို၊ ငါ့ကိုပဲ လူဆိုးလုပ်ခိုင်းနေတယ်..."

"မုန်ညင်းစိမ်း အသားပေါက်စီ"

"အမေ မစားချင်ဘူးဆိုရင်လည်း..."

ချန်ချင်းယွီ ထပ်ပြောမည်ပြုရာ၊

"နေဦးလေ! သွားဆဲပေးမယ်! ဆဲရုံတင်မလား။ အဲဒါက ငါ့အတွက် ခက်လို့လား။ ကြည့်နေလိုက်၊ သူတို့အိမ်ကို သွားပြီး နှိပ်ကွပ်ပြမယ်။ တကယ်ပဲ... သူတို့က လွန်လာပြီ"

အဘွားကြီးကျောက်သည် ပြောဆို၍ အိမ်ပြင်သို့ အင်တိုက်အားတိုက် ထွက်သွား၏။

"အဘွားကြီးဟွမ် ဟိုကျန်းဆိုတဲ့ လူတွေ၊ အကုန်ထွက်ခဲ့ကြစမ်း။ နင်တို့ အိမ်ထဲမှာရှိနေတာ ငါသိတယ်၊ ထွက်ခဲ့ကြစမ်း။ နင်တို့ မိသားစုက အရှက်မရှိတဲ့ အကောင်တွေ။ ဘာလဲ? နင်တို့အိမ်က ငတ်ပြတ်နေလို့လား။ ကိုယ့်အိမ်က ကလေးကို ငါ့အိမ်မှာ လာတောင်းစားခိုင်းရအောင်။ ငါပြောလိုက်မယ်၊ ငါ့အိမ်က မာကျန့်ယီအိမ် မဟုတ်ဘူးနော်၊ မျက်နှာကြည့်ပြီး သည်းခံနေမှာ မဟုတ်ဘူး။ နင်တို့က ဘာကောင်မို့လို့လဲ၊ ကိုယ့်အခြေအနေကိုယ် ပြန်ကြည့်ဦး၊ ငါတို့အိမ်က ပေါက်စီကို စားချင်နေသေးတယ်၊ အိပ်မက်မက်နေလိုက်"

အဘွားကြီးကျောက်သည် ခါးထောက်လျက် ပက်ပက်စက်စက် ဆဲဆိုလိုက်ကာ

"နင်တို့က စိတ်ကောင်းမရှိတာပဲ၊ ကလေးကို အတင်းလာတောင်းခိုင်းတယ်။ နင်တို့အိမ်က ဘာလို့ ဆင်းရဲပြီး မသေတာလဲ။ ပြီးတော့ နင်တို့အိမ်က ကလေးက ဘာတွေ လျှောက်ပြောသွားသေးလဲ။ ငါ့ချွေးမကို ငါပဲ ဆဲလို့ရတယ်! အဲဒီကလေးမက ဘာမို့လို့ လာစွက်ဖက်ရတာလဲ။ နင်တို့ အိမ်မှာ အဲဒီလိုပဲ သင်ထားတာလား။ မထူးဆန်းပါဘူး…မိန်းမက ထွက်ပြေးသွားတာတောင် ဒီကလေးကို လိုချင်နေကြသေးတယ်။ ဒီလိုကလေးမျိုးကို ဘယ်သူက လိုချင်မှာလဲ"

အဘွားကြီးဟွမ်သည် မအောင့်နိုင်တော့ဘဲ အပြင်သို့ ထွက်လာကာ

“ဟဲ့! ကျောက်တာ့ရာ၊ နင် ဘယ်လိုစကားမျိုး ပြောနေတာလဲ။ ငါ့အိမ်တံခါးဝအထိ လာပြီး အနိုင်ကျင့်နေတာလား။ ငါ့သားနဲ့ ချွေးမက အေးအေးဆေးဆေး ကွာရှင်းထားတာလေ၊ လျှောက်မပြောနဲ့"

အဘွားကြီးကျောက်သည်လည်း အလျှော့မပေးဘဲ

"ဘာလို့ မဟုတ်ရမှာလဲ။ အရင်က အတူနေခဲ့တာ မဟုတ်ဘူးလား။ ငါ့ကို အဲဒါတွေ လာမပြောနဲ့၊ နင်တို့ ကလေးကို ဘယ်လိုသင်ထားလဲဆိုတာပဲ ပြောစမ်း။ ဒီကလေးက ဘာလဲ၊ တစ်နေ့တစ်နေ့…တစ်ခြံလုံး ပတ်ကြည့်နေတာ၊ ငါတို့က သူ့ကို ကျွေးရမှာလား။ ငါပြောလိုက်မယ်၊ ကလေးမို့လို့ ငါ အလျော့ပေးလိုက်မယ်၊ ဒါပေမဲ့ နောက်တစ်ခါ နင်တို့ ကလေးကို ငါ့အိမ်မှာ လာတောင်းစားခိုင်းရင်တော့ နင်တို့နဲ့ ငါနဲ့ တွေ့ပြီသာမှတ်။ အမေအဘွားဖြစ်တဲ့သူကလည်း... နင်တို့အိမ်က တကယ်ပဲ ငတ်နေတာလား။ လူကြီးနှစ်ယောက်လုံး လစာရနေပြီးတော့ လာတောင်းစားနေတာ၊ အရှက်မရှိတဲ့ အကောင်တွေ"

အဘွားကြီးဟွမ် ဒေါသထွက်လွန်းသဖြင့်

"ငါ့အိမ်က ကလေးက ငယ်သေးတာပဲ၊ စားစရာလေး တောင်းတာ ဘာဖြစ်လို့လဲ။ နင်က ဘာလို့ ဒီလောက်တောင် ကပ်စေးနှဲပြီး စိတ်ပုပ်နေရတာလဲ"

"ဟယ်... လူတွေ ကြည့်ကြပါဦးရှင်၊ ဒီအဘွားကြီးက ဘယ်လောက်တောင် အရှက်မရှိလဲဆိုတာ။ ငါ့ကို စိတ်ပုပ်တယ်တဲ့လား။ စိတ်ပုပ်တယ်ဆိုတာ ဘာလဲ နင့်ကို ငါပြောပြမယ်"

အဘွားကြီးကျောက်သည် အရှေ့သို့ ပြေးတက်သွားပြီး အဘွားကြီးဟွမ်၏ ပါးကို ရိုက်ချလိုက်လေသည်။

အဘွားကြီးကျောက်သည် တစ်ရပ်ကွက်လုံးတွင် "ကျားမကြီး" ဟု လူသိများသူဖြစ်ပြီးအကျိုးအကြောင်းမရှိ လက်ပါတတ်သည့် သူမ၏ရန်လိုသောသဘာဝကြောင့် လူတိုင်းက လန့်ကြရ၏။ သူမသည် တကယ်လည်း ရိုက်ရဲသလို၊ ရိုက်လျှင်လည်း လုံးဝညှာတာခြင်းမရှိပေ။

အဘွားကြီးဟွမ်မှာ အငိုက်မိသွားပြီး အော်ဟစ်ဆဲဆိုလေသည်။

"နင်... နင်ကတော့ တကယ်ကို အကျိုးအကြောင်းမသိတဲ့ မိန်းမပဲ!"

"အကျိုးအကြောင်းမသိတာက ငါလား၊ နင်လား! နင်တို့က သူများဆီက အခွင့်အရေးနှိုက်ဖို့ ဒီလောက် ဗြောင်ကျနေတာကို ငါက ပညာမပေးဘဲ နေရမလား။ ငါက ကပ်စေးနည်းတယ် ဟုတ်လား၊ စိတ်ပုပ်တယ် ဟုတ်လား။ နင်တို့ကိုယ်တိုင်က တောင်းရမှာ ရှက်လို့ ကလေးကို လွှတ်ပြီး တောင်းခိုင်းတာမလား။ တခြားလူတွေကတော့ မျက်နှာထောက်ပြီး အိမ်နီးချင်းချင်း သည်းခံကြလိမ့်မယ်၊ ငါကတော့ ဂရုမစိုက်ဘူးဟေ့။ နင် ပြောချင်ဦးမလား! ထပ်ပြောဦးမလား!"

အဘွားကြီးကျောက်သည် အဘွားကြီးဟွမ်၏ ဆံပင်ကို ဆွဲဆောင့်

လိုက်ရာ အဘွားကြီးဟွမ်ခမျာ "ဒီအရူးမ... လွှတ်စမ်း" ဟု အော်နေရရှာ၏။

"အေး... ငါက အရူးမဆိုရင် နင်တို့တစ်အိမ်လုံးလည်း အရူးတွေပဲ။"

ထိုအဘွားကြီးနှစ်ဦးသည် တစ်ဦး၏ဆံပင်ကို တစ်ဦး အပြန်အလှန် ဆွဲဆောင့်နေကြပြီး အဘွားကြီးကျောက်မှာ ပါးစပ်မှလည်း အားရပါးရ ဆဲဆိုနေ၏။

"နင့်တစ်အိမ်လုံးက အပုပ်နံ့နံတဲ့ သူတောင်းစားတွေ။ ကိုယ့်ကလေးကို ကိုယ်မဆုံးမနိုင်ရင် သူများက ဆုံးမတာကို လာမပြောနဲ့။ တကယ့် အမှိုက်တွေပဲ။ ဒီခြံဝင်းထဲမှာ ကလေးတွေ အများကြီးရှိတာ နင့်မြေးလို ကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး။ အဆင့်မရှိတဲ့ ကလေးမ၊ အစားမက်လှရင် ချီးပဲသွားစားလိုက်!"

ကလေးများသည် အနာဂတ်၏ ပန်းကလေးများဖြစ်၍ ပြုစုပျိုးထောင်သင့်သည်ဟူသော အသိမျိုး အဘွားကြီးကျောက်တွင် မရှိပေ၊ နုနုနယ်နယ် ကလေး၏စိတ်တွင် ဒဏ်ရာရသွားမည် ဟူသော အတွေးလည်း ရှိမနေပေ။ ရှိနေလျှင်ပင် ဂရုစိုက်မည် မဟုတ်ပေ!

ငါ့ကလေးမှ မဟုတ်တာ! ချီးကို ဂရုစိုက်ရမှာလား!!

"နင်... နင်ကတော့လေ၊ ကလေးက ဘာသိမှာလဲ။ နင်က ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ နင့်မှာ ဂရုဏာတရားဆိုတာ လုံးဝမရှိဘူးလား..."

"ငါ့မှာမရှိဘူးဆိုရင် နင့်မှာရော ရှိလို့လား။ ရှိရင်လည်း နင့်ပစ္စည်းတွေကို အားလုံးကို ဝေပေးလိုက်လေ။"

"အား... နာတယ်!"

"ရော့... ဒါလည်း ယူဦး!"

အဘွားကြီးနှစ်ဦးသည် အပြင်းအထန် သတ်ပုတ်နေကြရာ လူအများသည်လည်း စတုတ္ထမြောက်ခြံဝင်းအတွင်းသို့ စုရုံးရောက်ရှိလာကြသည်။ အမှန်အတိုင်းပြောရလျှင် ရှေ့ခြံနှင့် နောက်ခြံမှာ အတော်အတန် အေးဆေးသော်လည်း၊ ဒုတိယခြံနှင့် စတုတ္ထခြံမှာမူ တကယ့်ကို ငရဲခန်းပင် ဖြစ်၏။

ထိုနေရာများသည် နေ့စဉ်နှင့်အမျှ ပြဿနာဖြစ်ပွားရာ ဗဟိုချက်မများပင် ဖြစ်နေလေသည်။

အဘွားကြီးကျောင်မှာ ဆံပင်ကိုဆွဲလျက် ခြိမ်းခြောက်လိုက်၏။

“ဟင်း... နင်တို့ ကလေးကို သေချာမကြည့်ရင် ငါ အိမ်အထိ လာဦးမှာနော်"

အဘွားကြီးဟွမ်သည်လည်း ပြန်ပက်လိုက်ကာ

"နင့်ကို ငါက ကြောက်နေမယ် ထင်လား"

"လာလေ... လာခဲ့လေ"

အပြန်အလှန် အော်ဟစ်နေကြစဉ် မာကျန့်ယိ ရောက်ရှိလာပြီး ကိစ္စကို ဖြေရှင်းပေးရပြန်သည်။

ခက်တော့တာပဲ... ခြံဝင်းတာဝန်ခံ မလုပ်ချင်တော့သည့် နေ့ရက်များထဲတွင် ယနေ့လည်း တစ်ရက်အပါအဝင်တည်း…

ဤလူများမှာ တစ်ရက်ကလေးမှ ငြိမ်ငြိမ်မနေကြပေ။

မနေ့ကရော၊ တစ်နေ့ကရော၊ အဲဒီမတိုင်ခင်ကရော...

ဘယ်နေ့မှာမှ အေးအေးဆေးဆေး မရှိခဲ့ချေ။

မာကျန့်ယိမှာ "ငါ့ဘဝကတော့ တကယ်ကို ဆိုးလှချည်ရဲ့" ဟု စိတ်ပျက်လက်ပျက် တွေးနေမိ၏။

"ကဲ... တော်ကြတော့၊ တော်ကြတော့။ မသတ်ကြနဲ့တော့။"

ထိုသို့ပြောလိုက်သည်နှင့် အဘွားကြီးနှစ်ဦးမှာ တစ်စက္ကန့်အတွင်း လက်ကို လွှတ်လိုက်ကြသည်။

"ကျွန်မက ရှင်တို့မျက်နှာကို ထောက်လို့နော်"

အဘွားကြီးကျောက်မှာ ပြောလိုက်ပြီး ရပ်လိုက်၏။

သင်ခန်းစာပေးရုံဆိုလျှင် ဤမျှနှင့် လုံလောက်ပြီဖြစ်သည်။ ဆက်ရိုက်နေလျှင် ထိုအဘွားကြီး တကယ်ထိခိုက်သွားမှာ စိုးရ၏။ သူမ ချန်ချင်းယွီကို လှမ်းကြည့်လိုက်ရာ ချန်ချင်းယွီဘက်မှ ထူးခြားသည့် တုံ့ပြန်မှုမရှိသည်ကို မြင်ရသဖြင့် ဤမျှနှင့် တော်ပြီဟု သိလိုက်သည်။

'ဒီအရူးမကတော့ လူကောင်းလိုလို၊ နုနုရွရွလေးလိုလိုနဲ့ တကယ်တော့ ဘာမှမဟုတ်ဘူး။ ဘုရားရေ... နင်တို့တွေ အိမ်နီးချင်းတွေ မျက်စိကန်းလိုက်ကြတာ…လူဆိုးအစစ်အမှန်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လုံးဝမသိကြသေးဘူး'

အဘွားကြီးကျောက် စိတ်ထဲမှ တွေးတော ငြီးတွားမိလေသည်။

"ဟွန်း! နောက်တစ်ခါ ဒီလိုမျိုး ထပ်မဖြစ်စေနဲ့"

"နင်လို ရန်ပွဲကြိုက်တဲ့ မိန်းမကြီး ငါ့အိမ်ကို ထပ်လာရှုပ်ရင်တော့ ငါ့သားနဲ့ တွေ့ရမယ်သာ မှတ်တော့"

"အို... ငါကများ နင့်သားကို ကြောက်နေမယ် ထင်လား။ လာခိုင်းလိုက်လေ! လာခိုင်းလိုက်! ငါကပဲ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်။ သူက ငါ့ကို ခြိမ်းခြောက်ချင်သေးတယ်လား။ သွားစမ်းပါ... အလကားဟာပဲ!"

မာကျန့်ယီမှာ နားထင်ကို ပွတ်လိုက်မိရင်း ဖြောင့်ဖျ ဖြန်ဖြေပေးလိုက်ရ၏။

"ကဲပါ... တစ်ယောက်နဲ့တစ်ယောက် အလျှော့ပေးလိုက်ကြပါ"

ဖြစ်ပျက်သမျှကို သိရှိပြီးဖြစ်၍ သူ အမြဲလုပ်နေကျအတိုင်း နှစ်ဦးနှစ်ဖက် မျှတအောင် စတင်ပြောဆိုလေသည်။

"အဘွားကြီးဟွမ် ခင်များလည်း ကလေးကို သေချာမဆုံးမနိုင်ရင် မူကြိုကျောင်း ပို့လိုက်လေ။ ဒီအရွယ်ဆို ကျောင်းက လက်ခံပါတယ်။ သူများအိမ်မှာ စားစရာ လိုက်တောင်းနေတာကတော့ တကယ်ကို မကောင်းဘူး။ ခင်များတို့အနေနဲ့ ကလေးကို ဆုံးမရမယ်၊ မဟုတ်ရင် ဘယ်သူက ခင်များတို့နဲ့ ပတ်သက်ရဲတော့မှာလဲ။ ခင်များသား ကျန်းရှင်းဖှကလည်း နောက်အိမ်ထောင်ပြုဖို့ ပြင်နေတာလေ။ ကလေးကို ဒီလိုပုံစံအတိုင်း ထားမယ်ဆိုရင် ဘယ်သူက ခင်များတို့အိမ်ကို လာရဲတော့မှာလဲ။ ခင်များမြေးအတွက် မဟုတ်ရင်တောင် ခင်များသားအတွက် စဉ်းစားဦး။"

သားဖြစ်သူ၏အရေးနှင့် ပတ်သက်လာသောအခါ အဘွားကြီးဟွမ်မှာ ငြိမ်ကျသွားပြီး လေသံတိုရတိုးဖြင့်

"အဲဒီလောက်လည်း မဆိုးပါဘူး"

ခဏအကြာတွင်မှ

"ကောင်းပါပြီ၊ ကျွန်မ ကလေးကို ဆုံးမပါ့မယ်"

ထို့နောက် မာကျန့်ယီ အဘွားကြီးကျောက်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြန်သည်။ အမှန်ပင် ဤအဘွားကြီးကြောင့် ပြဿနာမှာ တစ်ဆုံးမရှိ ဖြစ်နေရ၏။ သူမသည် အမြဲတမ်း ပြဿနာကို စတင်သူဖြစ်သဖြင့် မာကျန့်ယီအတွက် ခေါင်းခဲစရာ ဒုက္ခအိုးကြီးပင်။

သို့သော် အဘွားကြီးကျောက် တစ်ဦရတည်းကိုသာ လုံးဝအပြစ်ပုံချ၍လည်း မရပေ။

အဘယ်ကြောင့်ဆိုသော် မကြာသေးမီ ဖြစ်ပျက်ခဲ့သည့် ပြဿနာအများစုမှာ တခြားသူများဘက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး အဘွားကြီးကျောက်တို့ မိသားစုမှာ ဆိုးဆိုးရွားရွား အမှားအယွင်း မရှိခဲ့သောကြောင့်ပင်။

မာကျန့်ယီ သက်ပြင်းချကာ

"အဘွားကြီးကျောက်၊ ကျန့်ဝမ် ဆုံးသွားပြီးကတည်းက ခင်များတို့ မိသားစုအတွက် အခြေအနေတွေ ခက်ခဲနေမယ်ဆိုတာ ကျုပ်သိပါတယ်။ ပြဿနာရှိရင် ကျုပ်ကိုလာပြောပါ။ ကျုပ်တတ်နိုင်သလောက် ကူညီပေးပါ့မယ်။ ဒါပေမဲ့ ကိစ္စသေးသေးလေးတွေနဲ့ ခဏခဏ မသတ်ပါနဲ့ဦး။ အခုလိုတွေ ဖြစ်တော့ ခင်များပဲ နာမည်ပျက်ရတာလေ။ တော်လိုက်ပါတော့"

အဘွားကြီးကျောက်; “ကိစ္စတိုင်းက ငါ့အမှားမှ မဟုတ်ဘဲ”

မာကျန့်ယီ; "သိပါတယ်၊ အကုန်လုံးက ခင်များအမှား မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ခင်များကပဲ အရင်စပြီး လက်ပါတတ်တာကတော့ မကောင်းဘူးလေ။ တော်ကြရအောင်လား။ အခုကတော့ မျက်နှာပြောင်တိုက်ပြီး ပြောနေလို့ ဘာမှမဖြစ်သေးတာ၊ တကယ်တမ်း ထိခိုက်မှုတွေရှိလာရင် မကောင်းဘူး။ ကိုယ့်ကိုယ်ကိုယ် နည်းနည်း ထိန်းပါဦး"

"အေးပါ!"

တကယ်တော့ သူမကရော ရန်ဖြစ်ချင်ပါ့မလား…

အရူးမ ချန်ချင်းယွီက သွေးထိုးခိုင်းစေလို့ မဟုတ်ဘူးလား..

ဘယ်သူကရော အားတိုင်း ဆဲဆိုချင်နေမှာလဲ…

သို့သော် ချန်ချင်းယွီ ခိုင်းသလို ပြဿနာရှာလိုက်ခြင်းသည် မှန်ကန်သည်ဟု သူမ ယူဆသည်။ သူမတို့မိသားစုသည်သာ ငြိမ်ခံနေလျှင် တခြားသူများမှာ အမြဲလာပြီး အနိုင်ကျင့်နေကြမည် မဟုတ်လော့။ မုဆိုးမနှစ်ဦးရှိသည့် သူမတို့မိသားစုအနေဖြင့် ရိုးသားအေးဆေးနေ၍ မဖြစ်ပေ။ ယနေ့ခေတ်တွင် ရိုးသားလှသော မုဆိုးမများမှာ အနိုင်ကျင့်ခံရဖို့သာ ရှိ၏။

တကယ်ကို ခက်ခဲတာပဲ! ငါတို့မိသားစုအနေနဲ့ တကယ်ကို ခက်ခဲလွန်းပါတယ်!!

အဘွားကြီးကျောက်; "ကဲ... ကောင်းပါပြီ၊ အဘိုးကြီးမာ မျက်နှာကို ထောက်ပြီး ငါ နားထောင်ပါ့မယ်။ သူက လူကောင်းတစ်ယောက်မို့လို့ ငါ ဒီတစ်ခါတော့ အလျော့ပေးလိုက်မယ်”

မာကျန့်ယီ; "အားလုံး နားလည်သွားကြရင် တော်ပါပြီ။ ကဲ... ကိုယ့်အိမ်ကိုယ်ပြန်ပြီး ထမင်းစားကြတော့"

ဘေးမှ ကြည့်နေကြသူများသည်

လည်း အသီးသီး မှတ်ချက်ပေးကာ ပြန်သွားကြလေသည်။

"ဦးလေးမာက တကယ်ကို စွမ်းတာပဲ၊ တခြားသူဆိုရင် ဒီလို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"

"ဟုတ်ပ၊ အဘွားကြီးကျောက်နဲ့ အဘွားကြီးဟွမ်ကိုတောင် နားဝင်အောင် ပြောနိုင်တာပဲ၊ သူ့မှာ အရည်အချင်းရှိတယ်"

ရွှီကောင်းမင်နှင့် ဇနီးဖြစ်သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ဖြူဖျော့သွားကြသည်။ ၎င်းတို့သည် အာဏာရယူလိုသူများဖြစ်၍ ဤစကားမှာ ၎င်းတို့နားအတွင်း မလိုလားဆုံး စကားပင်ဖြစ်၏။ အကယ်၍ မာကျန့်ယီသည်သာ အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်နေပါက ၎င်းတို့အတွက် ဘာအခွင့်အရေး ကျန်တော့မည်နည်း။ ထို့ကြောင့် ၎င်းတို့ဇနီးမောင်နှံမှာ အလွန်ပင် မကျေမနပ် ဖြစ်သွားကြလေသည်။

"ခင်များတို့တွေ ဒီမှာ ဘာလုပ်နေကြတာလဲ။ ဘာလို့ ပြန်စုရုံးနေကြတာလဲ"

ဝမ်တာ့ချွေသည် ထုပ်ပိုးထားသော အထုပ်အပိုးများကို ကိုင်ဆောင်ကာ ပြန်ရောက်လာပြီး သူ၏ဘေးတွင် ကျောက်ရုံလည်း ပါလာ၏။

"ရှင်တို့တွေ ဒီမှာ ဘာလုပ်နေကြတာလဲ"

ကျောက်ရုံ; "စက်ရုံဆင်းပြီမလား။ ဝမ်တာ့ချွေက မနက်ဖြန် ကြင်ဖက်တွေ့ဖို့ရှိတယ်လေ၊ အိမ်နီးချင်းတွေလည်း ဖြစ်တာနဲ့ အပြင်အဆင်တွေ ကူလုပ်ပေးမလို့ လာခဲ့တာ"

"ဟင်? မနက်ဖြန် ကြင်ဖက်တွေ့မှာလား။ ဂုဏ်ယူပါတယ်ဟေ့!"

"တာ့ချွေ၊ ကြင်ဖက်တွေ့တာအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အိမ်ထောင်ရက်သား ကျသင့်နေပြီလေ၊ အသက်က ၃၀ ကျော်နေပြီ၊ တစ်ယောက်တည်းပဲ နေလို့ ဘယ်ဖြစ်မလဲ"

"ဒါပေါ့... ဟုတ်တာပေါ့"

"ဟေး... ဘယ်လိုမိန်းကလေးမျိုးကို မိတ်ဆက်ပေးတာလဲ"

ချန်ချင်းယွီ အပါအဝင် လူတိုင်း သိချင်စိတ်ဖြင့် တစာစာ မေးမြန်းကြလေသည်။ ဝမ်တာ့ချွေ မည်ကဲ့သို့ မိန်းကလေးမျိုးကို ရှာနေသလဲဆိုသည်ကို သူမလည်း သိလိုလှ၏။

ဝမ်တာ့ချွေမှာ သာမန်တည့်တိုးပြောတတ်သည့် ဘွင်းဘွင်းရှင်းရှင်း အမျိုးသားတစ်ဦးသာဖြစ်သည်။

ကျောက်ရုံတစ်ယောက် အဘယ်ကြောင့် ပါဝင်ပတ်သက်နေရသနည်း။

ကျောက်ရုံ၏ စရိုက်အမှန်ကို သိရှိပြီးကတည်းက ချန်ချင်းယွီသည် သူမတွင် တစ်ခုခု ကြံစည်ထားသည့် ရည်ရွယ်ချက်ရှိလိမ့်မည်ဟု ခံစားနေရ၏။

"နင်တို့ ဘယ်လိုတွေ ထုပ်ပိုးနေတာလဲ၊ ငါလည်း ကူပေးမယ်လေ။"

ပိုင်ဖုန်းရှန်းသည် မဆိုင်းမတွပင် ပြေးထွက်လာသည်။ ခြံဝန်းတာဝန်ခံသူ၏ ဇနီးသည်အနေဖြင့် သူမ ကူညီရန် ငြင်းဆန်၍ မရပေ။

သူမ ပြုံးလိုက်ပြီး

"ကျောက်ရုံတစ်ယောက်တည်းကိုပဲ အလုပ်တွေ အကုန်ခိုင်းလို့ ဘယ်သင့်တော်မလဲ… ငါလည်း ကူပါ့မယ်"

ထိုသို့ပြောနေစဉ် သူမသည် ကျောက်ရုံကို သတိကြီးစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ ကျောက်ရုံသည်လည်း နေရာရယူလိုပြီး ရွှီကောင်းမင်ကဲ့သို့ပင် တာဝန်ခံရာထူးကို လိုချင်နေသည်ဟု သူမ ထင်မြင်နေ၏။ မဟုတ်လျှင် အဘယ်ကြောင့်များ ယခုကဲ့သို့ တက်တက်ကြွကြွ ကူညီနေရပါမည်နည်း။

ပိုင်ဖုန်းရှန်းမှာ ဆက်ပြောလိုက်ကာ

"ဒီလိုကိစ္စမျိုးမှာ ငါလည်း မပါလို့ မရဘူးလေ။ ဝမ်တာ့ချွေက လူပျိုကြီးပဲ၊ အိမ်ထောင်ပြုဖို့ အချိန်တန်ပြီ။ စိတ်မပူနဲ့၊ နင့်ကို အမြန်ဆုံး အိမ်ထောင်ကျသွားအောင် ငါ သေချာပေါက် ကူညီပေးမယ်"

"ကောင်းပါပြီဗျာ!"

ဝမ်တာ့ချွေ ပြန်တုံ့ပြန်လိုက်ရာ

အဘွားကြီးမှာ မအောင့်နိုင်တော့စဖြင့် စတင်စပ်စုတော့သည်။

"နင်က ဘယ်လိုလူစားမျိုးကို ရှာနေတာလဲ"

ချန်ချင်းယွီသည်လည်း ဝမ်တာ့ချွေကို စူးစမ်းစွာ ကြည့်လိုက်၏။ ဝမ်တာ့ချွေမှာ အိမ်ထောက်ဖက် ရှာမရခြင်း မဟုတ်ဘဲ မိမိဘာသာ မရှာချင်ခဲ့ခြင်းသာ ဖြစ်သည်။ ယခုနှစ်များအတွင်း သူသည် ကြင်ဖက်တွေ့ခြင်းမျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။ အခြားသူသာဆိုလျှင် ကြင်ဖက်တွေ့ပွဲပေါင်း ရှစ်ရာလောက် ရှိနေပြီဖြစ်နိုင်သော်ငြား သူသည် အမြဲတမ်း တစ်ဦးတည်းနေတတ်သူ ဖြစ်ကာ၊ ခြံဝင်းထဲမှ ခိုင်းသမျှကိုမူ လိုက်နာဆောင်ရွက်တတ်သူ ဖြစ်၏။

သို့သော် သူသည် မည်သူနှင့်မျှ ရင်းနှီးမှုမရှိပေ။ သူနှင့် အနည်းငယ် ရင်းနှီးသူဟူ၍ ကျောက်ရုံတစ်ဦးသာ ရှိပြီး၊ ၎င်းမှာလည်း လွန်ခဲ့သော နှစ်အနည်းငယ်က သူ မှိုအဆိပ်မိစဉ် ကျောက်ရုံ၏ အဝတ်များကို ဝတ်ခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။

ကျောက်ရုံမှာ ထိုကိစ္စကို အမှုမထားသဖြင့် ၎င်းတို့မိသားစုများကြား အဆက်အသွယ် အနည်းငယ် ရှိလာခဲ့ခြင်းပင်။ သို့သော်လည်း အမှန်တကယ်တွင်မူ အပြန်အလှန် ဆက်ဆံမှု သိပ်မရှိလှချေ။

လူတိုင်းမှာ ဝမ်တာ့ချွေ၏ စရိုက်ကို နားမလည်နိုင်ကြသဖြင့် သူရွေးချယ်ထားသော အိမ်ထောင်ဖက်အကြောင်းကို အလွန်ပင် သိချင်နေကြ၏။

"ဟုတ်တယ် တာ့ချွေ၊ ပြောစမ်းပါဦး။ ဘယ်သူ့သမီးလဲ၊ ရုပ်ရည်ကရော ဘယ်လိုရှိလဲ"

"သူ့ရဲ့ အခြေအနေတွေကရော ဘယ်လိုလဲ။ နင့်မှာ မိဘတွေ မရှိဘူးဆိုပေမဲ့ နင့်အခြေအနေက မဆိုးပါဘူး။ တစ်လကို လစာ ၅၀ နီးပါး ရတာဆိုတော့ နည်းတဲ့ပမာဏ မဟုတ်ဘူး။ လူအများစုနဲ့ ယှဉ်ရင် တော်တော်သာတယ်"

ဝမ်တာ့ချွေ၏ လစာမှာ အမှန်တကယ်ပင် မနည်းလှပေ၊ ယွမ် ၅၀ ပြည့်ရန် အနည်းငယ်သာ လိုပြီး၊ သူသည် မိမိဘာသာ ရပ်တည်နိုင်ကာ မိသားစုဝန်ထုပ်ဝန်ပိုးလည်း မရှိသဖြင့် အခြေအနေမှာ အလွန်ပင် ကောင်းမွန်လှသည်။ လစာ ၅၀ ရနေသော်လည်း အဝတ်အစား၊ အနေအထိုင်ကို ဂရုမစိုက်သဖြင့် သူသုံးစွဲရန်မှာ ပိုလျှံနေလေ၏။

ဝမ်တာ့ချွေ; "ကျွန်တော်တို့ရပ်ကွက်က အောင်သွယ်တော်မာ က မိတ်ဆက်ပေးတာပါ"

"နင် အစက အောင်သွယ်တော်လျို ဆီမှာ သွားအပ်ထားတာ မဟုတ်ဘူးလား"

"သူ့ဆီမှာက သင့်တော်တဲ့သူ မရှိလို့လေ၊ အဲဒါနဲ့ အောင်သွယ်တော်မာ က ကျွန်တော့်ဆီ လာပြောတာ"

"ဟဲ့... စကားကို လွှဲမနေနဲ့ဦး၊ အဓိကအချက်ကို ပြောစမ်းပါ။ ဘယ်သူက မိတ်ဆက်ပေးတာလဲ၊ ဘာတွေနဲ့ ပတ်သက်နေတာလဲ။ အိမ်ထောင်ဖက်ရှာပုံလေး ပြောပါဦး"

"ဟုတ်တယ်၊ ဟုတ်တယ်"

လူတိုင်း အလွန်ပင် သိချင်စိတ် ပြင်းပြနေကြ၏။

"အောင်သွယ်တော်မာ မိတ်ဆက်ပေးတဲ့ မိန်းကလေးက ဒီနှစ်မှာ ၂၆ နှစ်ခွဲ ရှိပါပြီ။ ပေကျင်းသူဖြစ်ပြီး ချည်မျှင်နှင့် အထည်စက်ရုံမှာ အလုပ်လုပ်ပါတယ်။ မိဘတွေကတော့ အရာရှိမိသားစုပါ၊ သူ့ရဲ့ မိခင်အရင်းနဲ့ ပထွေးတို့ပေါ့။ ဒါပေမဲ့ ကြားရတာတော့ သူ့ပထွေးက သူ့အပေါ် အရမ်းကောင်းပြီး အိမ်ကလည်း အခြေအနေ တော်တော်ပြည့်စုံတယ်လို့ ဆိုပါတယ်။ လက်ထပ်မယ်ဆိုရင် ခန်းဝင်ပစ္စည်းအပြင် စက်ဘီးတစ်စီးပါ ပေးဦးမှာတဲ့။ သူ့မှာ မောင်လေးတွေလည်း ရှိပေမဲ့ သူ့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။ မောင်တစ်ယောက်က အလုပ်လုပ်နေပြီ၊ နောက်တစ်ယောက်ကတော့ ကျောင်းတက်နေတုန်းပဲ။ အရပ်က ၁၆၅ စင်တီမီတာ ရှိပြီး ရုပ်ရည်လည်း တော်တော်လှတယ်လို့ ကြားတယ်၊ အသားနည်းနည်း ညိုပေမဲ့ အရမ်းကို အလုပ်ကြိုးစားပြီး တော်တဲ့သူပါတဲ့။ အသက် ၂၀ ကျော်တဲ့အထိ အိမ်ထောင်မပြုသေးတာက သူက ရည်မှန်းချက်ကြီးပြီး အလုပ်အကိုင် အတည်တကျဖြစ်မှ အိမ်ထောင်ဖက် ရှာချင်လို့ပါတဲ့"

ဝမ်တာ့ချွေမှာ အကျယ်တဝင့် ရှင်းပြလေသည်။

"ဒါဆိုရင်တော့ တကယ့်ကို ကိုက်ညီတဲ့ အဖော်ပဲ"

"တကယ်ကို ကောင်းတယ်"

"ကောင်းရုံတင် ဘယ်ကမလဲ၊ အရမ်းကို ကောင်းတာ! စက်ဘီးတစ်စီးတောင် ခန်းဝင်ပစ္စည်းအဖြစ် ပေးဦးမှာဆိုတော့ တော်ရုံမိသားစုတွေနဲ့ မယှဉ်နိုင်ဘူး"

"တာ့ချွေ၊ နင်တော့ တကယ် ကံကောင်းတာပဲ။ အဲဒီမိန်းကလေးရဲ့ အရည်အချင်းတွေက တကယ့်ကို ထိပ်တန်းပဲ။ ဒီအခွင့်အရေးကို လက်လွှတ်မခံနဲ့ဦး။

များသောအားဖြင့် ဒီလိုအရည်အချင်းရှိတဲ့သူတွေက ရည်မှန်းချက်လည်း အရမ်းကြီးတတ်ကြတယ်"

ယနေ့ခေတ်တွင် အိမ်ထောင်ဖက်ရှာရာ၌ အရေးကြီးဆုံးမှာ အလုပ်အကိုင်ပင် ဖြစ်သည်။ အလုပ်ရှိခြင်းမှာ အလွန်

ကြီးမားသော အားသာချက်ဖြစ်ပြီး ယနေ့ခေတ်မှာ အလုပ်ရရန်မှာလည်း အလွန်ခက်ခဲလှ၏။ ထို့အပြင် သူမ၏ မိသားစုသည် စက်ဘီးတစ်စီးပါ လက်ဆောင်ပေးမည်ဟု ဆိုခြင်းမှာ သာမန်မိသားစုများအတွက် အလွန်ပင် ထူးခြားကောင်းမွန်လှပေသည်။

အချို့သော ပါးနပ်သူများမှာ ထပ်မံ စဉ်းစားကြည့်ရာတွင် ဤမိန်းကလေးမှာ အခြေအနေ အလွန်ကောင်းသော မိသားစုမှ လာသည်ဟု ပို၍ ခံစားမိလာကြ၏။ သူမသည် အိမ်ထောင်မပြုမီ အလုပ်အရင်ရှာချင်သည်ဟု ဆိုခြင်းမှာ ယခင်က အလုပ်မလုပ်ခဲ့ဖူးဟု ဆိုလိုခြင်း ဖြစ်သည်။ သူမသည် အသက် ၂၀ အလယ်ပိုင်းသို့ ရောက်နေသော်လည်း ပုံမှန်အလုပ်မရှိဘဲ ကျေးလက်သို့လည်း အပို့မခံရခြင်းမှာ သူမ၏ မိသားစုတွင် အဆက်အသွယ် ကောင်းကောင်းရှိသည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။

ထို့ပြင် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် အလုပ်တစ်ခု ရရှိရန်မှာ ပို၍ပင် သြဇာအာဏာ ရှိနေခြင်းကို ပြသနေသည်။

ဆိုရလျှင် သူမသည် ယခင်က ယာယီအလုပ်သမား ဖြစ်ကောင်းဖြစ်နိုင်ပြီး ယခုမှ အမြဲတမ်းအလုပ်သမားအဖြစ် ရာထူးတိုးခြင်းလည်း ဖြစ်နိုင်၏။ သို့သော် ယခုအချိန်တွင် ရာထူးတိုးရန်မှာလည်း မိသားစုအဆက်အသွယ် ရှိရန် လိုအပ်ပေသည်။

ကျောက်ရုံ အဘယ်ကြောင့် ဤမျှ တက်ကြွနေရသနည်းဆိုသည်မှာ ရှင်းလင်းလှသည်….

သူမတွင် တစ်ခုခု ကြံစည်ထားသည့် ရည်ရွယ်ချက် ရှိနေခြင်းပင်။ ကျောက်ရုံသည် ယွမ်ဟောက်ရွှယ်အတွက် အစွမ်းကုန် ကြိုးပမ်းနေသည်ကို လူတိုင်း သိကြသည် မဟုတ်လော့။

"ဒါဆို မနက်ဖြန် ဒီမှာပဲ လူတွေ့ပွဲလုပ်မှာပေါ့"

"ဟုတ်ပါတယ်"

အဘွားကြီးကျောက်; "ချည်မျှင်နှင့် အထည်စက်ရုံ... ချည်မျှင်နှင့် အထည်စက်ရုံ... ဝမ်မေ့လန် လည်း အဲဒီစက်ရုံမှာ အလုပ်လုပ်တာပဲမလား။ ငါများ သိနေမလား မသိဘူး"

အဘွားကြီးကျောက်၏ ဆက်စပ်တွေးခေါ်နိုင်စွမ်းမှာ လျင်မြန်လှ၏။

"ဝမ်မေ့လန်က ဒီနေ့ စက်ရုံမှာ အချိန်ပိုဆင်းနေရလို့ အခုထိ ပြန်မလာသေးဘူး။"

"သြော်... အခြေအနေတွေက တကယ်ကောင်းတာပဲ။ အရင်ဆုံး တွေ့ကြည့်လိုက်ဦးလေ၊ အဆင်ပြေတယ်ဆိုမှ ဝမ်မေ့လန်ကို စုံစမ်းခိုင်းတာပေါ့။ တို့တွေ ချည်မျှင်နှင့် အထည်စက်ရုံမှာ လူရှိတာပဲ။"

"ဒါပေါ့!"

ကျောက်ရုံ; "လာလေ၊ သွားပြီး ပြင်ဆင်စရာရှိတာ သွားပြင်ကြရအောင်"

"ကောင်းပြီ။"

အဘွားကြီးကျောက်မှာ အလုပ်မလုပ်ချင်သော်လည်း အခြေအနေကို စပ်စုချင်သဖြင့် လိုက်သွားလေသည်။ ချန်ချင်းယွီသည်လည်း သိချင်စိတ်ဖြင့် တိတ်တဆိတ် နောက်မှ လိုက်သွားခဲ့၏။

ချန်ချင်းယွီမှာ ဤခေတ်ကာလ၏ ကြင်ဖက်တွေ့ အောင်သွယ်ပေးပုံကို တစ်ခါမျှ မမြင်ဖူးသဖြင့် စိတ်ဝင်တစား ရှိနေသည်။

သူမသည် အိမ်ထဲသို့ ဝင်မသွားဘဲ ပြတင်းပေါက်နားတွင် ရပ်ကာ အခြေအနေကို စပ်စုနေ၏။

ချန်ချင်းယွီသာမက တခြားသူများလည်း မပြန်ကြသေးပေ။ လူတိုင်းမှာ ညစာစားရန်ပင် မလောကြဘဲ ဘာတွေဖြစ်လာမည်ကိုသာ စောင့်ကြည့်ချင်နေကြသည်။

ဒါက အတင်းအဖျင်းပြောတာမဟုတ်ဘူးလေ!

တကယ်ပါ…အတင်းပြောချင်လို့ မဟုတ်ဘဲ နွေးထွေးပျူငှါလှတဲ့ အိမ်နီးချင်းမေတ္တာတွေကို ဖော်ပြချင်လိုပါ… အဟမ်း! အဟမ်း!

အိမ်နီးချင်းအချင်းချင်း ဂရုစိုက်တာက ဘာမှားလို့လဲ…အဟမ်း!

အဘွားကြီးဟွမ် မျက်လုံးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီး

"ဝမ်တာ့ချွေ၊ နင်တွေ့မယ့် မိန်းကလေးက စက်ဘီးပါ လက်ဆောင်ပေးမယ် ဟုတ်လား"

ဝမ်တာ့ချွေ ခေါင်းညိတ်ပြကာ

"အောင်သွယ်တော်မာ ပြောတာတော့ အဲဒီအတိုင်းပဲ။ အိမ်က ဝယ်ပေးထားတဲ့ စက်ဘီး ဖြစ်လိမ့်မယ်ထင်တယ်။ သူက အဲဒီစက်ဘီးနဲ့ပဲ အလုပ်သွားအလုပ်ပြန် လုပ်နေတာဆိုတော့၊ လက်ထပ်ရင်လည်း အဲဒီစက်ဘီးကိုပဲ ယူလာမှာပေါ့"

"တကယ်ကို ကောင်းတာပဲ။ သာမန်မိသားစုဆိုရင် ဒါမျိုး ဘယ်ပေးနိုင်ပါ့မလဲ။"

အဘွားကြီးဟွမ်မှာ စိတ်လှုပ်ရှားသွားလေသည်။

သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ထပ်မေးလိုက်ပြန်၏။

"အဲဒီမိန်းကလေးရဲ့ မိသားစုက ဘာလုပ်တာလဲ"

ဝမ်တာ့ချွေ; "သူ့အဖေက အလုပ်ရုံက ကြီးကြပ်ရေးမှူးအငယ်စားလေးပါ၊ အမေကတော့ အိမ်ရှင်မပါပဲ"

လူချင်းမတွေ့ရသေးသော်လည်း ဝမ်တာ့ချွေမှာ အချို့သောအချက်အလက်များကို သိရှိထားပြီးဖြစ်သည်။ အောင်သွယ်တော်သည်လည်း သတင်းကောင်းများကို ပြောပြထားသည် မဟုတ်လော့။

အဘွားကြီးဟွမ်၏ မျက်လုံးများမှာ ကျီးကန်းတောင်းမှောက် ဝေ့ဝဲနေပြီး လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ တစ်ခုခုကို ကြံစည်နေသည့် ပုံစံမျိုး ဖြစ်နေသည်။

ချန်ချင်းယွီ ထိုအမူအရာကို သတိထားမိလိုက်စဉ်မှာပင် အဘွားကြီးဟွမ်တစ်ယောက် ဆင်ခြေရှာ ထွက်သွားသည်ကို မြင်လိုက်ရ၏။

"နင်တို့ဘာသာ နင်တို့ လုပ်စရာရှိတာ ဆက်လုပ်ကြ၊ ငါ ငါ့သားဆီကို ထမင်းသွားပို့ဦးမယ်"

သူမ၏ သားဖြစ်သူ ဆေးရုံတက်နေရသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး သူမမှာ အချိန်တစ်ဝက်ခန့်သာ အိမ်ပြန်လာနိုင်သူဖြစ်သည်။ ယမန်နေ့ည၌ အိမ်ပြန်ရောက်ခဲ့သော်လည်း ယနေ့ ဆေးရုံသို့ ပြန်သွားရပြန်၏။

ချန်ချင်းယွီမှာ အရင်တစ်ခေါက် သူမ ထိုလူကို ရိုက်နှက်ခဲ့သည်မှာ မလုံလောက်သေးဟု ခံစားလိုက်ရသည်။

ကြည့်ပါဦး... သူက လျှောက်သွားနိုင်နေသေးတယ် မဟုတ်လား!!

ငါ့လက်ဆတွေလျော့သွားတာပဲ…

ဒီထက်ကို ဆော်ခဲ့သင့်တာ!

"အဘွားကြီးဟွမ် ခင်များကနေ့လယ်ကမှ ဆေးရုံသွားတာ မဟုတ်လား။ ညနေမှ ပြန်ရောက်တာကို အခု ဘာလို့ ထပ်သွားမှာလဲ"

"ငါ့သားကို ငါစိတ်ပူလို့ သွားတာလေ၊ နင်နဲ့ ဘာဆိုင်လို့လဲ"

"ဟဲ့... နင့်အပြောကလည်း ဆိုးလှချည်လား။"

အဘွားကြီးဟွမ်မှာ"ဟွန်း!" ဟုသာ တုံ့ပြန်ပြီး၊ ဘာမှထပ်မပြောဘဲ သူမခင်ပွန်းကို မျက်စိတစ်မှိတ်ပြကာ အပြင်သို့ အမြန်ထွက်သွားလေသည်။ အဘိုးကြီးကျန်းမှာ ဘယ်အချိန်က ပြန်ရောက်နေသည်မသိပေ။ အဘွားကြီးဟွမ် အရိုက်ခံရသည်ကို မြင်သွားခြင်းရှိမရှိ မသိသော်လည်း အဘိုးကြီးကျန်းကဲ့သို့ ကိုယ်ကျိုးကြည့်တတ်သူ တစ်ဦးအနေဖြင့် မမြင်ချင်ယောင်ဆောင်နေလိမ့်မည်သာ။

သို့သော် ယခု အဘွားကြီးဟွမ်နှင့် အဘိုးကြီးကျန်းတို့ တစ်ဦးကိုတစ်ဦး အချက်ပေးကာ တိုးတိုးတိုးတိုးနှင့် တိုင်ပင်နေကြ၏။ ချန်ချင်းယွီ လှမ်းကြည့်လိုက်သောအခါ တစ်ခုခုကို ကြံစည်နေကြမှန်း သူမ ခံစားလိုက်ရသည်။

ဖြစ်နိုင်သည်မှာ... သူတို့က ဒီသားကောင်ကို ကြားဖြတ်လုဖို့ ကြိုးစားနေကြတာလား…

ချန်ချင်းယွီ ထိုသို့ သံသယဝင်သည်မှာ မဆန်းပေ၊ ယုတ္တိတန်သော အတွေးမျိုးပင် ဖြစ်၏။

အမှန်ပင်! အဘွားကြီးဟွမ်မှာ အိမ်ထဲသို့ ခဏဝင်သွားပြီးနောက် အပြင်သို့ အမြန်ပြန်ထွက်ကာ အလောတကြီး ထွက်ခွာသွားလေသည်။

ချန်ချင်းယွီ အနည်းငယ် သံသယဝင်မိ၏။ ဤအဘွားကြီးမှာ ဆေးရုံသို့ သွား၍ သားဖြစ်သူ ကျန်းရှင်းဖှနှင့် သူများ ကြင်ဖက်ကို ကြားဖြတ်လုရန် တိုင်ပင်နေခြင်း ဖြစ်ပေလိမ့်မည်။

အဘွားကြီးဟွမ်နှင့် ဆုံရသည်မှာ မကြာသေးသော်လည်း သူမသည် အလွန်အတ္တကြီးကာ လောဘတက်တတ်သူဖြစ်မှန်း ချန်ချင်းယွီ သိရှိထားသည်။ အကယ်၍ တစ်ဖက်အခြေအနေများသာ ကောင်းမွန်နေပါက သူမသည် သေချာပေါက် တစ်ခုခု ကြံစည်ပေလိမ့်မည်။

ချန်ချင်းယွီ သူမကို တစ်ချက်ကြည့်လိုက်ပြီး၊ ဝမ်တာ့ချွေကို သတိပေးသင့်သလားဟု စဉ်းစားနေမိ၏။

ထိုစဉ် ကျောက်ရုံ၊ ပိုင်ဖုန်းရှန်းနှင့် အခြားအမျိုးသမီးအချို့သည် ဝမ်တာ့ချွေ၏အိမ်ကို ဝိုင်းဝန်းသန့်ရှင်းပေးနေကြသည်။ ဝမ်တာ့ချွေအိမ်မှာ စတုရန်းမီတာ ၃၀ ခန့်ရှိပြီး ချန်ချင်းယွီ၏အိမ်နှင့် အကျယ်အဝန်းတူညီ၏။ ဤခြံဝင်းအတွင်းရှိ အိမ်အများစုမှာ စတုရန်းမီတာ ၃၀ ခန့်သာရှိကြပြီး အိမ်ဖွဲ့စည်းပုံချင်းလည်း ဆင်တူကြသည်။

ဝမ်တာ့ချွေမှာ သန့်သန့်ပြန့်ပြန့်နေတတ်သူတစ်ဦး မဟုတ်ပေ။ ယနေ့ မနက်ကပင် သူသည် အိပ်ရာမသိမ်းခဲ့ဘဲ အိပ်ရာခင်းနှင့် စောင်များမှာ အုတ်ခုတင်ပေါ်တွင် လိပ်ခဲပတ်ခဲ ဖြစ်နေ၏။ ခြေအိတ်နံစော်စော်များမှာလည်း ခုတင်ခြေရင်းတွင် ပစ်ထားလျက်ရှိသည်။ ထိုခြေအိတ်များကို မည်မျှကြာအောင် ဝတ်ထားသည်မသိ၊ တောင့်တင်းနေပြီး မတ်တတ်ပင် ရပ်နိုင်တော့မည်လား ထင်ရသည်။

ဟုတ်သည်... တကယ်ကို တောင့်တင်းနေခြင်းပင်!

ခြေအိတ်တစ်ခု ဤမျှဖြစ်သွားရန်မှာ အနည်းဆုံး တစ်လခန့် ဆက်တိုက်ဝတ်ထားရပေလိမ့်မည်။ တစ်လဝတ်ရုံနှင့်ပင် ဤသို့မဖြစ်နိုင်သေးဘဲ ပုပ်စော်နံသောအနံ့ဆိုးများပင် ထွက်နေလေ၏။

ဗီဒိုများပေါ်တွင် မုန့်ဖတ်ဗူးခွံများ ပြန့်ကျဲနေပြီး ကြမ်းပြင်ပေါ်တွင်လည်း နေကြာစေ့ခွံနှင့် မြေပဲခွံများဖြင့် ပြည့်နေသည်။ ဆိုဖာပေါ်တွင်မူ အထွေထွေပစ္စည်းများ စုပုံနေပြီး တစ်အိမ်လုံးမှာ ရှုပ်ပွနေ​လေသည်။လူပျိုကြီးတစ်ဦး၏ အခန်းဖြစ်၍ လွတ်လပ်ပေါ့ပါးလွန်းနေသည်ဟုသာ ခေါင်းစဉ်တပ်ရမည်။ အမှန်ကား ကြွက်သိုက်ထက်ပင် ဆိုးလှ၏။

သူ၏အိမ်မှာ ချန်ချင်းယွီတို့နှင့် ပုံစံတူသော်လည်း အုတ်ခုတင်၏ တစ်ဖက်တွင် ဟောင်းနွမ်းနေသော သစ်သားဆိုဖာအသေးလေးတစ်လုံး ရှိနေသည်။ သို့သော် အနည်းဆုံးတော့ တစ်အိမ်လုံးတွင် သစ်သားဆိုဖာတစ်လုံး ရှိနေသည်ဟု ဆိုရပေမည်။

ကျောက်ရုံသည် ထိုနေရာတွင်ရပ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး

"ကဲ... အလုပ်စကြရအောင်။ ဒါတွေပြီးသွားရင် ကြင်ဖက်တွေ့တာ အောင်မြင်ပြီး နင့်မှာ မိန်းမရတော့မှာ"

"ယောက်ျားတွေကတော့ အမြဲတမ်း ဒီလိုပဲ ပေါ့ပေါ့ဆဆနေတာပဲ။"

"ဒါပေါ့... အမှန်ပဲ!"

...

ချန်ချင်းယွီသည် လူတိုင်း တစာစာပြောနေကြသည်ကို ကြည့်ကာ လုံးဝပင် နားမလည်နိုင်တော့ပေ။

ယောက်ျားတွေက ပေါ့ဆတတ်တယ်ဆိုပြီး ဘာတွေလျှောက်ပြောနေကြတာလဲ….

ယောက်ျားတွေဘက်ကနေ ဆင်ခြေလိုက်ပေးဖို့တော့ တကယ်ကို တော်ကြပါပေတယ်…

သို့သော် သူမသည် ပွဲကြည့်ပရိသတ်အဖြစ်သာ ရပ်ကြည့်နေပြီး ဘာမှဝင်မပြောပေ။

ကျောက်ရုံနှင့် ပိုင်ဖုန်းရှန်းတို့အပြင် ရှီကျန့်ရှန်းပါ ကူညီရန် ရောက်လာသည်။ ဤကဲ့သို့ကိစ္စမျိုးတွင် သူမမှာ မည်သို့ ပျက်ကွက်ပါမည်နည်း။ သူမသည်လည်း ခြံဝင်းအတွင်း နာမည်ကောင်းရလိုပြီး ခြံဝင်းတာဝန်ခံဖြစ်ချင်နေသည့် သူမခင်ပွန်းအတွက်လည်း ဂုဏ်သတင်းကောင်း တစ်ခု တည်ဆောက်ပေးလိုခြင်း ဖြစ်၏။

လင်းစန်းရှင်းလည်း ထိုနေရာတွင် ရှိနေသည်။ လူတိုင်း ကူညီနေကြရာ သူမအနေဖြင့် မကူညီဘဲနေရန် မဖြစ်နိုင်ဟု ခံစားနေရ၏။ သူမသည် ဂရုမစိုက်ဘဲ နေတတ်သည့်သူမျိုး မဟုတ်ပေ။ အစ်မကြီးဖန်လည်း ရောက်ရှိလာပြီးခြံဝင်းအတွင်းရှိ ထင်ရှားသောအမျိုးသမီးများ အကုန်ရောက်နေသဖြင့် သူမလည်း မပါလျှင် မပြီးပေ။

သို့သော် အဘွားကြီးကျောက်ကတော့ မပါဝင်ပါ!

သူမသည် မိမိအိမ်အလုပ်ကိုပင် မလုပ်ချင်သူဖြစ်ရာ သူတစ်ပါးကို ကူညီရန်ဆိုသည်မှာ ဝေးလေစွ။

သူမက ဒီလောက်အထိ အားနေတယ်လို့ ထင်နေသလား…

အဘွားကြီးကျောက်မှာ အိမ်ထဲတွင် ရှိနေသော်လည်း မည်သည့်အလုပ်မျှမကူဘဲ ကြည့်ရုံသာ ကြည့်နေလေသည်။

ကျောက်ရုံ; "ဒီဗီဒိုက နည်းနည်းဟောင်းနေတော့ ကြည့်လို့သိပ်မကောင်းဘူး။ တာ့ချွေ၊ နင့်မှာ ဗီဒိုပေါ်ခင်းတဲ့ အခင်းရှိလား"

ဝမ်တာ့ချွေက ခေါင်းခါပြကာ

"မရှိပါဘူး"

ကျောက်ရုံ ခဏစဉ်းစားပြီး

"တခြားအဝတ်စရော မရှိဘူးလား။ အဲဒီအစနဲ့ ဗီဒိုကို အုပ်လိုက်ရင် ပိုကြည့်ကောင်းသွားမှာ"

ဝမ်တာ့ချွေ; "အုပ်နေဖို့ မလိုပါဘူး။ ကျွန်တော့်ဗီဒိုက နည်းနည်းဟောင်းတာပဲ ရှိတာပါ၊ အရည်အသွေးကတော့ ကောင်းပါသေးတယ်။ ဖုံးကွယ်ထားဖို့ မလိုပါဘူး"

ကျောက်ရုံ; "နင် ဒီအိမ်ကို စပြောင်းလာတဲ့နှစ်က ဝယ်ထားတာမလား။ အဲဒီတုန်းကတည်းက တစ်ပတ်ရစ်ဗီဒိုလေ၊ အခုဆို ၁၃ နှစ်၊ ၁၄ နှစ်တောင် ရှိနေပြီ။ ဒါက တကယ်ကို မသင့်တော်ဘူး။ ဒီလိုလုပ်လေ... ငါ့အိမ်က ဗီဒိုအခင်းကို ခဏလာယူပြီး အုပ်ထားလိုက်၊ တွေ့ဆုံပွဲပြီးမှ ပြန်ပေးပေါ့"

ဝမ်တာ့ချွေ: "အာ... အဲဒါက မသင့်တော်ပါဘူး။"

ကျောက်ရုံ: "ဘာမှမဖြစ်ပါဘူး။ ကြင်ဖက်တွေ့ဆုံပွဲမှာ ဘယ်သူက အမြင်မတင့်တယ်ဘဲ နေချင်မှာလဲ။"

"ဟုတ်တယ်! နင့်မမကျောက် ပြောတာနားထောင်စမ်းပါ၊ လူတွေ့ပွဲဆိုတာ အမြင်တင့်တယ်ဖို့ လိုတယ်လေ။"

"ဒီဆိုဖာကလည်း အဆင်မပြေဘူး။ တော်သေးတာပေါ့၊ ငါက အဆင်သင့် ပြင်လာလို့။"

ကျောက်ရုံ သူမ၏အိတ်ကို ဖွင့်လိုက်သောအခါမှ လူတိုင်း သူမတို့ပစ္စည်းများ ယူလာခဲ့မှန်း သတိပြုမိကြတော့သည်။ ကျောက်ရုံမှာ ဝမ်တာ့ချွေကို ခိုင်းစေလိုက်ကာ

"ဒီပူဖောင်းတွေကို မှုတ်လိုက်စမ်းပါ”

ဝမ်တာ့ချွေ: "ဟုတ်ကဲ့!"

ချန်ချင်းယွီ: "???"

ပူဖောင်းများ ပါလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော်လည်း ပူဖောင်းဆိုသည်မှာ ရှားပါးလှသည်တော့ မဟုတ်ပေ။ အရင်းအမြစ်များ ရှားပါးသော်လည်း လုံးဝငတ်ပြတ်

နေသည့် ၁၉၆၀ အစောပိုင်း မဟုတ်တော့ပေ။

ဒါပေမဲ့ ဘာလို့ ပူဖောင်းမှုတ်ခိုင်းတာလဲ။ အိမ်မှာ ချိတ်မလို့လား!!

ကြင်ဖက်တွေ့တာမှာ ဒါတွေ မလိုလောက်ပါဘူး မဟုတ်လား!!

ချန်ချင်းယွီ နားမလည်!!

ချန်ချင်းယွီ သိချင်နေသည်!!

ချန်ချင်းယွီ ဆက်ကြည့်ချင်သည်!!

ဒီအချိန်မှာ ဘာကြီးပဲဖြစ်ဖြစ် ငါ့ကို ဒီနေရာက ဖယ်ထုတ်နိုင်မယ် မထင်နဲ့!!

ဝမ်တာ့ချွေ ပူဖောင်းမှုတ်လိုက်ပြီးနောက်၊ ကျောက်ရုံသည် ဆိုဖာပေါ်ရှိ အဝတ်အစားများကို ကောက်ယူကာ ခုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် ပူဖောင်းကို ဆိုဖာပေါ်တွင် တင်လိုက်ပြီး

"နင့်မှာ ဆိုဖာအဖုံးစ မရှိဘူးမလား။ တော်သေးတာပေါ့၊ ငါ အစည်းအဝေးခန်းမကနေ တစ်ခု ခဏချေးလာလို့။ သဘက်ခါ အလုပ်သွားမှ ပြန်ပေးလိုက်မယ်"

ထို့နောက် ဆိုဖာကို အုပ်လိုက်လေသည်။ ထိုအခါ ဟောင်းနွမ်းနေသော သစ်သားဆိုဖာလေးမှာ ရုတ်တရက်ဆိုသလို အဆင့်မြင့် "စပရိန်ဆိုဖာ" အဖြစ် ပြောင်းလဲသွားရှာ၏။

ပူဖောင်း၏ အခုံးပုံစံမှာ ဆိုဖာကို ကြည့်ကောင်းအောင် ပင့်တင်ပေးထားသဖြင့် အပေါ်မှ အဝတ်အုပ်လိုက်သောအခါ ပူဖောင်းမှန်း လုံးဝမသိသာတော့ပေ။

ကတ္တီပါအနီရောင်စကြောင့် ကြည့်ရသည်မှာ လူတိုင်း လက်နှင့် စမ်းကြည့်ချင်စရာပင်။

"ဒါ တကယ်ကို လှတာပဲ။"

"ဘုရားရေ... ဒီဆိုဖာက ကြည့်လို့ အရမ်းကောင်းတာပဲ! သာမန်အရာရှိမိသားစုတွေမှာတောင် ဒီလို စပရိန်ဆိုဖာမျိုး မရှိကြဘူး။"

ချန်ချင်းယွီ စိတ်ထဲမှ

"ဘုရားရေ! ဒါကတော့ အံ့သြစရာပဲ!"

သူမ တကယ်ကို အံ့သြသွားရသည်။ ပူဖောင်းကို ဘာလုပ်ဖို့လဲဟု တွေးနေမိရာမှ၊ စပရိန်ဆိုဖာအဖြစ် ဖုံးကွယ် သရုပ်ပြရန် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမ ပါးစပ်ပင် မစိနိုင်တော့ပေ။ အတွင်းထဲမှာ ပူဖောင်းပဲ ရှိနေလိမ့်မည်ဟု ဘယ်သူထင်ပါမည်နည်း။

အံ့သြစရာပါပဲ!

ချန်ချင်းယွီမှာ မနေနိုင်တော့ဘဲ မေးလိုက်မိ၏။

"ကြင်ဖက်တွေ့ပွဲလာတဲ့သူက အဲဒီမှာ ဝင်ထိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ"

သူမသာ ဗုန်းခနဲ ဝင်ထိုင်လိုက်လို့ ပူဖောင်းက ဖောက် ဆိုပြီး ပေါက်သွားရင်ကော?

စပရိန်ဆိုဖာကြီးက ပြားချပ်သွားမှာလား?

"ဒါက တကယ်ကို ကြောက်စရာကြီး မဟုတ်လား"

ကျောက်ရုံတစ်ယောက် ဝမ်တာ့ချွေကို သေချာမှာကြားလေသည်။

"မနက်ဖြန် သူတို့လာရင် အုတ်ခုတင် အစွန်းမှာပဲ ထိုင်ခိုင်း၊ အောင်သွယ်တော်နဲ့ မိန်းကလေးကို ဆိုဖာပေါ် လုံးဝပေးမထိုင်နဲ့ဦး။"

ဒီဆိုဖာက တကယ့်ကို "ဆိုဖာ" အတုကြီး ဖြစ်နေသည် မဟုတ်ပါလား…

သောက်ကျိုးနည်း!!

တကယ်ကို မယုံနိုင်စရာပါပဲ!

"နင်ကတော့ အချက်အလက်လေးတွေ နည်းနည်း ပိုပြင်ထားပေါ့၊ မနက်ဖြန် ငါလည်း လာခဲ့မယ်၊ နင့်ကို ကူညီပြီး ကိုင်တွယ်ပေးမယ်လေ။"

ကျောက်ရုံမှာ တကယ့်ကို အလိုက်သိတတ်လွန်းလှ၏။

ပိုင်ဖုန်းရှန်းသည်လည်း မဆိုင်းမတွပင် ဝင်ပြောလိုက်ကာ

"ငါလည်း လာခဲ့မယ်။ စိတ်မပူနဲ့၊ တို့တွေရှိနေရင် နင့်ဆိုဖာအကြောင်း ပေါ်မသွားစေရဘူး။ အမယ်လေး... ကြည့်စမ်းပါဦး! ပူဖောင်းတွေထည့်ပြီး အုပ်လိုက်တာ၊ အရင်က ဆိုဖာအဟောင်းမှန်း လုံးဝမသိသာတော့ဘူး။ နိုင်ငံခြားသွင်းကုန်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်က အဆင့်မြင့် ပရိဘောဂတွေနဲ့တောင် တူနေသေးတယ်။ ပရိဘောဂတွေက ပြင်လိုက်ရင် ဈေးကွာသွားတာ အမှန်ပဲနော်။"

"ဒါပေါ့၊ မဟုတ်ရင် ဘာလို့ ဒီလောက် အပင်ပန်းခံ ပြင်နေရမှာလဲ။"

ကျောက်ရုံ ဆက်၍

"ဟေ့... အစ်မပိုင်၊ ကျွန်မကို တစ်ခုလောက် ကူညီပေးပါဦး”

ပိုင်ဖုန်းရှန်း; "ရတာပေါ့၊ ပြောသာပြောပါ။ ဝမ်တာ့ချွေရဲ့ ကြင်ဖက်တွေ့တာသာ အောင်မြင်သွားမယ်ဆိုရင် အားလုံးထက် ကောင်းတာပေါ့။ ငါ တတ်နိုင်တာဆိုရင် သေချာပေါက် ကူညီမှာပေါ့"

ကျောက်ရုံ; "အစ်မပိုင်တို့အိမ်မှာ ရေဒီယိုရှိတယ်လို့ ကျွန်မ မှတ်မိနေတယ်။ ခဏလောက် ငှါးပေးလို့ ရမလား။ အမြင်တင့်တယ်အောင်လို့ပါ။ ကြင်ဖက်တွေ့ပြီးရင် ချက်ချင်းပြန်ပေးပါ့မယ်။ ဟိုဘက်က မိန်းကလေးအိမ်က အခြေအနေကောင်းတော့ တို့ဘက်ကလည်း စိတ်ရင်းရှိတာ ပြရမယ်လေ။ ဝမ်တာ့ချွေက အိမ်မှာ ဘယ်သူမှရှိတာ မဟုတ်ဘူး။ အိမ်နီးချင်းအချင်းချင်း မကူညီရင် ဘယ်သူက ကူညီမှာလဲ၊ ဟုတ်တယ်မလား"

"ရတာပေါ့!"

ပိုင်ဖုန်းရှန်း ဝန်မလေးပေ။

"ခဏငှါးတာပဲဟာ။ မနက်ဖြန် မနက်ကျရင် ငါ ယူလာပေးမယ်၊ စိတ်မပူနဲ့။"

ဝမ်တာ့ချွေခမျာ ခေါင်းကိုသာ ကုတ်နေမိတော့သည်။

ချန်ချင်းယွီ: ‘ဘုရားရေ... ငါတော့ တကယ်ကို အံ့သြလွန်းလို့ ဘုရားပဲ တနေရတော့မယ်!’

ရှင်တို့တွေက အိမ်ထောင်ပြုဖို့အရေး လူလိမ်ပွဲကြီး လုပ်နေကြတာလား…

ချန်ချင်းယွီမှာ တကယ်ကို တုန်လှုပ်သွားရ၏။

သို့သော် လူတိုင်းမှာ ဘာမှမဖြစ်သလို အေးဆေးနေကြသည်ကို မြင်သောအခါ…

'ငါကပဲ အူကြောင်ကြောင်ဖြစ်နေတာလား၊ လူတိုင်း ကြင်ဖက်တွေ့ပွဲဆိုရင် ဒီလိုပဲ လုပ်ကြတာလား' ဟု သူမ အလေးအနက် တွေးတောမိသွားသည်။

သို့သော်လည်း! ဒါကတော့ လွန်လွန်းလှသည်!

အားလုံးက အတုတွေချည်းပဲ မဟုတ်လား!!!

အဆင့်မြင့်ဆိုဖာကလည်း အတု၊ ဗီဒိုကောင်းကောင်းကလည်း အတု၊ ရေဒီယိုတောင် အတုဆိုတော့...

ကျန်တာက လူတစ်ယောက်ပဲ အစစ်ရှိတာပေါ့!! လခွမ်း!

လိမ်ရဲလှချည်လား!!

ကျောက်ရုံ ဆက်ပြောပြန်လေသည်။

"နင့်အဝတ်အစားတွေကလည်း မဖြစ်သေးဘူး။ ခဏနေရင် ငါနဲ့ လိုက်ခဲ့၊ ငါ့ယောက်ျား အဘိုးကြီးယွမ် ရဲ့ အဝတ်အစားတွေထဲက ရှာပေးမယ်။ ကြင်ဖက်တွေ့တယ်ဆိုတာ လူပုံလယ်မှာ တင့်တယ်နေဖို့ လိုတယ်လေ။ ကဲ... သွား၊ ရေသွားချိုးပြီး သန့်သန့်ရှင်းရှင်း လုပ်လိုက်ဦး"

"သြော်... အဲဒါက အဆင်ပြေပါ့မလား။"

"ပြေတာပေါ့။ နင့်ဆံပင်တွေကို ကြည့်ဦး၊ ဆီတွေနဲ့ ကပ်နေတာပဲ။ အဲဒါတွေ အရင်ပြင်ရမယ်။ နင့်မှာ ရှပ်အင်္ကျီရှိလား။ ကျုံးရှန်းဝတ်စုံအောက်မှာ ရှပ်အင်္ကျီဝတ်ရင် ပိုပြီးတော့ သပ်ရပ်သွားတာပေါ့။"

"ဟုတ်... ဟုတ်ကဲ့။"

ဝမ်တာ့ချွေ;"ကျွန်တော့်မှာ ရှပ်အင်္ကျီအဖြူ မရှိဘူး..."

အစ်မကြီးဖန်မှာ သက်ပြင်းချလျက်

"ငါ ငှါးပေးမယ်။ ငါ့ယောက်ျား ရှီရှန်း မှာ တစ်ထည် ရှိတယ်"

"ကျုံးရှန်းဝတ်စုံဝတ်ရင် သားရေဖိနပ်နဲ့မှ လိုက်တာ၊ တခြားဟာဆို မကြည့်ကောင်းဘူး။"

"ငါ့ယောက်ျား ဖိနပ်ကတော့ ရှိတယ်၊ ဒါပေမဲ့ ဆိုဒ်မတော်လောက်ဘူး။ ဝမ်တာ့ချွေက ခြေထောက် အကြီးကြီးလေ"

အစ်မကြီးဖန် ဆိုလိုက်ရာ ကျောက်ရုံသည်လည်း

"ကျွန်မအိမ်ကဟာလည်း မတော်ဘူး"

ရှီကျန့်ရှန်း; "ငါ့ယောက်ျားဟာဆိုရင်တော့ တော်လောက်မယ်။ လုံးဝကြီး ကွက်တိမကျပေမဲ့ ဝတ်လို့တော့ ရမှာပါ"

"ကဲ... ဒါဆိုရင်တော့ အကုန်အဆင်ပြေသွားပြီ။"

ချန်ချင်းယွီ: "............................................"

တကယ်ပါပဲ၊ ခုနကတော့ ပစ္စည်းတွေပဲ အတုလို့ ထင်ထားတာ၊ အခုတော့ တစ်ကိုယ်လုံး အတုတွေ ဖြစ်ကုန်ပြီ…

ဒါကတော့ တကယ်ကို...

ချန်ချင်းယွီသည် ဝမ်တာ့ချွေနှင့် ကြင်ဖက်တွေ့မည့်သူကိုပင် သနားမိသွားသည်။

ဒီလိုပွဲမျိုးနဲ့ တိုးရတာ တကယ်ကို သနားစရာကောင်းလှချည်လား!!

ရှင်တို့ ပြောကြည့်စမ်းပါဦး၊ ဒီလို အလိမ်အညာတွေအပေါ်မှာ အခြေခံထားတဲ့ ကြင်ဖက်တွေ့ပွဲက အဆင်ပြေသွားခဲ့ရင်တောင် နောက်ကျရင် အကုန်ပြိုကွဲကုန်မှာ မဟုတ်ဘူးလား!!

ချန်ချင်းယွီမှာ နားမလည်နိုင်သလို၊ အကြီးအကျယ်လည်း တုန်လှုပ်နေမိ၏။

အမှန်ပင် သူမသည် ဤခေတ်ကာလအကြောင်းကို သိရှိနားလည်မှု အလွန်နည်းပါးနေသေးသည်။

"ကဲ... လူတွေ ထပ်ခေါ်ရအောင်။ အိမ်ကို တစ်ခေါက် ထပ်ရှင်းကြမယ်။ တာ့ချွေ၊ နင် ငါတို့ကို ယုံရင် အိမ်ကို တို့လက်ထဲမှာပဲ ထားခဲ့လိုက်။ နင် အခု ချက်ချင်း ရေသွားချိုးတော့၊ အချိန်မဆွဲနဲ့"

ကျောက်ရုံမှာ တကယ့်ကို ကျွမ်းကျင်ပိုင်နိုင်စွာ စီစဉ်နေလေသည်။

သူမသည် လင်းစန်းရှင်းကိုလည်း အကူအညီတောင်းပြန်၏။

"ရှောင်လင် ဒီအဝတ်ညစ်ပတ်တွေကို လျှော်ပေးလို့ ရမလား။ တို့တွေက အိမ်ရှင်းနေကြတာဆိုတော့၊ ဘယ်သူမှ မခိုကြပါဘူး၊ ဝမ်တာ့ချွေရဲ့ မင်္ဂလာကိစ္စအတွက် အားလုံး ဝိုင်းကူနေကြတာလေ၊ ဒါကြောင့် ကူညီပေးပါဦးနော်။"

လင်စန်းရှင်း: "ရတာပေါ့!"

လင်စန်းရှင်းက အသံတိုးတိုးလေးဖြင့် အားတက်သရောပြောကာ

"ဒါက ကိစ္စအသေးအမွှားလေးပါ၊ ဘာမှမဖြစ်ပါဘူး၊ ကျွန်မ လျှော်ပေးပါ့မယ်"

အားလုံး ဝိုင်းကူနေကြသော်လည်း အဘွားကြီးကျောက်မှာ မကူပေ။ မကူသည့်အပြင် တိုးတိုးလေးပင် ဝေဖန်ပြောဆိုနေ၏။

"တကယ့် တုံးအတဲ့ဟာမပဲ၊ ကိုယ့်အိမ်ကိစ္စတောင် နိုင်အောင်မလုပ်နိုင်ဘဲ သူများအလုပ်တွေ လိုက်လုပ်ပေးနေတယ်"

သူမကတော့ လုံးဝမကူဘူး!! စိတ်တောင်မကူးနဲ့…

"ချွေးမရေ... ချွေးမ!"

ချန်ချင်းယွီ: "ရှင်!"

အဘွားကြီးကျောက်: "လာ... လာ... အိမ်ပြန်ပြီး ထမင်းစားရအောင်။"

ချန်ချင်းယွီ: "ဟုတ်ကဲ့။"

အိမ်ရှင်းသည်ကို ဆက်ကြည့်ရသည်ဖြစ်စေ၊ မကြည့်ရသည်ဖြစ်စေ သူမ ဂရုမစိုက်တော့ပေ။ သို့သော် မနက်ဖြန် ကြင်ဖက်တွေ့ပွဲကိုမူ သူမ သေချာပေါက် လာကြည့်ရမည်။ ချန်ချင်းယွီသည် ယနေ့ခေတ်၏ အသစ်အသစ်သော အသိပညာများကို ရရှိခဲ့ပြီး၊ အိမ်အပြန်လမ်းတွင်လည်း မိန်းမောနေမိကာ...

'လစာနဲ့ အိမ်ကလွဲရင် ကျန်တာ ဘာက အစစ်အမှန် ရှိဦးမှာလဲ?!'

ဒီကြင်ဖက်တွေ့ပွဲက... ဒီကြင်ဖက်တွေ့ပွဲက…တကယ့် လူလိမ်ပွဲကြီး!!

အလိမ်အညာကြီး!! သောက်ကျိုးနည်း!!

၄၄။ လိမ်လည်ထားသော ကြင်ဖက်တွေ့ပွဲ

ချန်ချင်းယွီသည် ဤကြင်ဖက်တွေ့ဆုံပွဲမှာ လုံးဝဥဿုံ လိမ်လည်လှည့်ဖြားမှုကြီးတစ်ခု ဖြစ်သည်ဟု ခံစားနေရတော့သည်။

တစ်ရပ်ကွက်လုံး ဝိုင်းဝန်းကြံစည်ထားကြသော အကြီးစားလိမ်လည်မှုကြီးဖြစ်ရာ အမှန်တကယ်ပင် မကြားဝံ့မနာသာနိုင်စရာ ဖြစ်၏။

ခြံဝင်းထဲက အိမ်ထောင်စုတွေ ပေါင်းပြီး လိမ်လည်ထားတဲ့ အကြီးစား လိမ်လည်မှုကြီး!!!

အမယ်လေး! ကြောက်ဖို့ကောင်းလိုက်တာ!!

သူမသည် စိတ်မပါတပါဖြင့်ပင် အဘွားကြီးကျောက်နောက်မှ အိမ်သို့ လိုက်ပါခဲ့သည်။ မိသားစု လေးယောက်သား ထမင်းလက်ဆုံစားရာတွင်မူ အဆင်ပြေချောမွေ့ကြ၏။

ဘာပဲဖြစ်ဖြစ် ဝမ်းစာရေးက အဓိကပါပဲလေ…

သို့သော် ချန်ချင်းယွီမှာမူ ပါးစပ်မှ မနားတမ်း ပြောဆိုနေမိလေသည်။

"ကျွန်မတို့ရပ်ကွက်ထဲက ကြင်ဖက်တွေ့ဆုံပွဲတွေဆိုတာ ဒီလိုပဲ လုပ်ကြတာလားရှင်?"

အဘွားကြီးကျောက် ချန်ချင်းယွီ ဆိုလိုသည်ကို အံ့ဩစရာကောင်းလောက်အောင်ပင် နားလည်သည့်အလား ပြောလာ၏။

"ကြင်ဖက်တွေ့တယ်ဆိုတာကတော့ အနည်းနဲ့အများ ချဲ့ကားပြောဆိုကြတာချည်းပါပဲအေ။ လက်ထပ်ပြီးသွားရင်တော့ သူတို့ဘာသာသူတို့ အေးအေးချမ်းချမ်း အခြေကျသွားကြမှာပါ။"

ချန်ချင်းယွီ : "..."

ဒါကြီးက အိမ်ထောင်ရေးလိမ်လည်မှုပဲ!

"ဒါက မိန်းကလေးတစ်ယောက်ကို ဘဝကြီးနဲ့ချီပြီး ဒုက္ခပေးလိုက်တာ မဟုတ်ဘူးလား"

ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

အဘွားကြီးကျောက်မှာ သူမ ပြောချင်သည်ကို သဘောပေါက်သည့်အလား

"မဟုတ်ပါဘူးအေ၊ ဝမ်တာ့ချွေက တော်တော်လေး ချမ်းသာတာပါ။ သူ မတတ်နိုင်လို့ မဟုတ်ဘူး၊ ဒီလိုအရာတွေကို ဂရုမစိုက်လို့ပဲ။ တကယ်လို့ သူသာ ဂရုစိုက်မယ်ဆိုရင် အကုန်ဝယ်နိုင်တာပေါ့။ သူ့လစာက တစ်လကို ယွမ်ငါးဆယ်နီးပါး ရှိတာ။ လက်ထပ်ပြီးသွားရင်တော့ အတူနေမဲ့သူ ရှိလာမယ်၊ သူ့မိန်းမက အိမ်ထောင်မှုကို စီမံခန့်ခွဲပေးမယ်။ သူလိုချင်တာ မှန်သမျှ ဝယ်လို့ရပြီလေ။ ကြင်ဖက်တွေ့တဲ့ပွဲသွားခါနီး အပေါ်ယံ နံသာခြယ်တာမျိုးဆိုတာက မဆန်းပါဘူးအေ။"

ချန်ချင်းယွီ နှုတ်ခမ်းလေးစူလိုက်မိသည်။ နားထောင်လျှင် ယုတ္တိရှိသည့်နှယ်ရှိသော်လည်း ယခုခေတ်အခါတွင် ဤသို့တော့ မဟုတ်တန်ရာဟု တွေးမိ၏။

ချန်ချင်းယွီ : "ဒါက တကယ်ကို..."

သူမ ဘာပြောရမှန်းပင် မသိတော့ပေ။ ဖြစ်ရပ်မှာ အဓိပ္ပာယ်မဲ့လွန်းလှသည်! သို့ဖြစ်ရာ အဖော်ရှာမည်ဆိုလျှင် သူမကိုယ်တိုင်ကဲ့သို့ပင်— မိမိနှင့် အတန်းဖော်ဖြစ်ဖူးသူ သို့မဟုတ် မိမိကောင်းကောင်းသိကျွမ်းသူကိုသာ ရှာရမည်ဖြစ်၏။ မိတ်ဆက်ပေးသည့် ကြင်ဖက်တွေ့ဆုံမှုများမှာမူ တကယ်ပင် စိတ်မချရပေ။

ချန်ချင်းယွီသည် ပေါက်စီကို စားရင်းဖြင့်ပင် နားမလည်နိုင်နိုင်အောင် ဖြစ်နေမိတော့သည်။

ချန်ချင်းယွီ နားမလည်နိုင်သော်လည်း ၁၉၇၀ ပြည့်လွန်နှစ်များရှိ လူများအဖို့မူ လူတိုင်း နားလည်နေကြပုံရကာ၊ လူတိုင်းသည် ဤကိစ္စကို အသီးသီး စဉ်းစားနေကြ၏။ အစ်မကြီးဖန်မှာ အိမ်သန့်ရှင်းရေး ဝိုင်းကူလုပ်ပေးနေသော်လည်း စိတ်ထဲတွင်မူ သားဖြစ်သူအတွက် အတွေးပွားနေမိသည်။ သားဖြစ်သူသည် အလုပ်ရှိသည့် မိန်းကလေးတစ်ယောက်မျှ မရှာနိုင်လေခြင်းဟုလည်း ညည်းတွားနေမိ၏။ အကယ်၍ သူမသား ရှောင်ဝေမှာ အလုပ်ရှိသည့် ရည်းစားသာရှိခဲ့ပါလျှင် ချက်ချင်းပင် လက်ထပ်ပေးလိုက်မည်ဖြစ်သည်။ လက်ထပ်ပြီးလျှင် ရှောင်ဝေတစ်ယောက် မြို့မှာ ဆက်လက်နေထိုင်နိုင်ရန်အတွက် ထိုမိန်းကလေးမှာ အလုပ်ထွက်၍ ယောကျာ်းဖြစ်သူကို ပေးရမည်ဖြစ်၏။

သူမကတော့ အိမ်ရှင်မပဲလုပ်ပေါ့…ဘာအရေးလဲ?!

မိန်းမဆိုတာ ဘယ်လိုနေနေ အိမ်ထောင်မှု၊ မီးဖွား၊ ကလေးထိန်း လုပ်ရတာပဲကို! အလုပ်လေးပေးလိုက်ရလို့ ဘာဖြစ်မှာလဲ!!

သို့သော် အဘယ်ကြောင့် မည်သူမျှ သူမသားကို အလုပ်ရှိသည့် မိန်းကလေးနှင့် မိတ်မဆက်ပေးကြသနည်း။ အစ်မကြီးဖန်သည် တစ်ခဏမျှ သူမသားအတွက် လုယူရန် စဉ်းစားမိလိုက်သေးသော်လည်း သူမသားမှာ အသက် ၁၈ နှစ်သာရှိသေးပြီး ဤမိန်းကလေးမှာ ၂၆ နှစ်ခွဲ ဖြစ်နေသည်ကို သတိရသွားသည်။ "ကိုယ့်ထက် ၃ နှစ်ကြီးသည့် မိန်းမကို ယူလျှင် ကံကောင်းတတ်သည်" ဟု ဆိုရိုးရှိသော်လည်း ၈ နှစ်ကြီးသည်မှာမူ မဖြစ်နိုင်ပေ။

သူမသား ဒုက္ခရောက်မည်ကို သူမ မကြည့်ရက်နိုင်။

သို့သော် ဤသည်မှာလည်း ရွေးချယ်စရာ မဆိုးလှပေ။ သူမသားသည် ယွမ်မိသားစု၏ သမီးကြီးကို သဘောကျနေသည်ကို သူမသိသော်လည်း ထိုမိန်းကလေးသည် မည်မျှပင် အေးဆေးတည်ငြိမ်သယောင် ဟန်ဆောင်နေစေကာမူ အစ်မကြီးဖန် သဘောမတူနိုင်ချေ။ ထိုကောင်မလေးသည် မိမိအတွက်သာ လက်တွေ့ကျကျ နေထိုင်တတ်သူမျိုးနှင့် တူလှ၏။ ထို့ပြင် အလုပ်မရှိသည့် မိန်းကလေးတစ်ယောက်ဖြစ်ရာ သူမကို လက်ထပ်ရသည်မှာ အချည်းနှီးပင် ဖြစ်သည်။

သူမသားကို စိတ်ဝင်စားနေသည့် လီလင်းလင်းကိုမူ အစ်မကြီးဖန် ထည့်ပင်မစဉ်းစားပေ။ သူမသည် ရုပ်ရည်မှာလည်း သာမန်ဖြစ်ပြီး ပညာတတ်ဆိုသော်လည်း သာမန်မိသားစုမှဖြစ်ကာ အတည်တကျ အလုပ်လည်း မရှိသဖြင့် အစ်မကြီးဖန် အလွန်အမင်း အထင်သေးနေခြင်းဖြစ်သည်။ သို့သော်လည်း စဉ်းစားလေလေ၊ ဤအစီအစဉ်မှာ ပို၍ ဖြစ်နိုင်ခြေရှိလေလေဟု ထင်လာမိ၏။

ယခင်၌ သူမသားအတွက် အလုပ်ရှာပေးရန်သာ တွေးခဲ့သော်လည်း ထိုကိစ္စမှာ အလွန်ခက်ခဲလွန်းလှသည်။

လက်ထပ်လိုက်ခြင်းက ပိုအဆင်ပြေမလား?…

သို့မဟုတ် ဝမ်တာ့ချွေ လက်ထပ်ပြီးသွားပါက သူမ၏မိသားစုက ဝမ်တာချွေမိန်းမ၏ အလုပ်ကို ဝယ်လိုက်လျှင်ရော? …

လက်ထပ်ပြီးလျှင် ကလေးများ ရလာမည်ဖြစ်ပြီး ဝမ်တာ့ချွေတွင်မူ ကလေးကို ကြည့်ရှုပေးရမည့် မိအိုဖအိုကြီးများ သို့မဟုတ် ဆွေမျိုးများလည်း မရှိပေ။ ထို့ကြောင့် သူ၏မိန်းမမှာ သေချာပေါက် အလုပ်ထွက်ပေးရတော့မည် မဟုတ်လော့။

စက်ရုံသည်လည်း သူမကို မကြာခဏ ခွင့်ပေးနေမည် မဟုတ်ပေ။

သို့ဖြစ်ရာ အလုပ်ကို ပြန်ရောင်းရမည်သာ…

စောစောဖြစ်စေ၊ နောက်ကျမှဖြစ်စေ ဤအလုပ်ကို ရောင်းရမည်ဖြစ်ရာ အဘယ်ကြောင့် စောစောမရောင်းရမည်နည်း။ သူမအနေဖြင့် ဝမ်တာ့ချွေကို နားချနိုင်လိမ့်မည်ဟု ခံစားနေရသည်။

ဤသို့ တွေးမိသည်နှင့် အစ်မကြီးဖန် လန့်သွား၏။ ရုတ်တရက်ဆိုသလို ကျောက်ရုံ အဘယ်ကြောင့် ဤမျှ တက်ကြွနေရသည်ကို သူမ သဘောပေါက်သွား၏။ ကျောက်ရုံသည်လည်း သူမကဲ့သို့ပင် တွေးနေခြင်း ဖြစ်ရပေမည်!

ဟုတ်တယ်!! သူလည်း ငါ့လိုတွေးနေတာပဲ ဖြစ်ရမယ်!! မြေခွေးမ!

ကျောက်ရုံမှာ တကယ်ပင် လည်လွန်းလှသည်တကား။

အကူအညီပေးရန် ရောက်လာကြသည့် ရှီကျန့်ရှန်းနှင့် လင်းစန်းရှင်းတို့မှာလည်း ကိုယ်စီအကြံအစည်များရှိနေကြပုံရသည်။ ရှီကျန့်ရှန်းသည်လည်း သူတစ်ပါးကြင်ဖက်ကို လုယူဖို့ ကြိုးစားနေခြင်းမျိုး ဖြစ်နိုင်၏။ဆိုရသော် သူမတွင်လည်း လူပျိုလူလွတ် သားတစ်ယောက် ရှိသေးငည် မဟုတ်လော့။ လင်စန်းရှင်း၏သမီး လီလင်းလင်းမှာလည်း အလုပ်လက်မဲ့ ဖြစ်နေသူပင်။

အစ်မကြီးဖန်မှာ အတွေးများနေ၏။ အမှန်အတိုင်းဆိုလျှင် လင်စန်းရှင်း၏မိသားစုသာ လီလင်းလင်းအတွက် ဤအလုပ်ကို ဝယ်ပေးမည်ဆိုပါက သူမအနေဖြင့် လုယူတိုက်ခိုက်နေရန် မလိုတော့ပေ။ လီလင်းလင်းမှာ သူမ၏သား ရှောင်ဝေကို အလွန်စိတ်ဝင်စားနေသည်ဖြစ်ရာ လီလင်းလင်းကို အလုပ်ရသွားစေပြီးမှ ထိုအလုပ်ကို ရှောင်ဝေထံ ပြန်လည်လွှဲပြောင်းပေးခိုင်းရုံသာတည်း။

သို့ဆိုလျှင် သူမ၏မိသားစုအနေဖြင့် အလုပ်ဝယ်ရန် ငွေကုန်ကြေးကျခံစရာ မလိုတော့ဘဲ အမြဲတမ်းအလုပ်တစ်ခုကိုလည်း ရရှိမည်ဖြစ်၏။

လီလင်းလင်းနှင့် လက်ထပ်ပေးရန် ရှိ၊ မရှိမှာမူ နောက်မှစဉ်းစားရမည့် ကိစ္စပင်။

မည်သို့ပင်ဖြစ်စေ သူမသည် သူမ၏သားနှင့် တန်သည့်သူမဟုတ်ပေ။

အစ်မကြီးဖန်သည် ဤသို့တွေးတောရင်း ပိုမိုတက်ကြွလာက

"တာ့ချွေ၊ မင်း အခု ကြင်ဖက်တွေ့ရတော့မယ်၊ အောင်မြင်အောင်လုပ်ရမယ်၊ ရှုံးလို့မဖြစ်ဘူး။ ဒါနဲ့ ကျောက်ရုံ၊ နင့်မိသားစုက စက်ဘီးအသစ်တစ်စီး ဝယ်ထားတယ်မဟုတ်လား? အဲ့ဒါကို ခဏချေးပြီး တံခါးဝမှာ ထားလိုက်ပါလား? ဒါဆိုရင် တာ့ချွေအတွက် အမှတ်တွေ ပိုမရသွားဘူးလား? စက်ဘီးတစ်စီးရှိတယ်ဆိုတာ အားသာချက်အကြီးကြီးပဲလေ။"

ကျောက်ရုံ အစ်မကြီးဖန်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ကာ "ကောင်းပြီလေ" ဟု ဆိုလိုက်သည်။

ဝမ်တာချွေမှာမူ ခေါင်းကိုသာ ဆက်တိုက်ကုတ်နေမိ၏။

"တကယ်တော့ ဒီလောက်ကြီး ရှုပ်ရှုပ်ထွေးထွေး လုပ်နေစရာ မလိုပါဘူး။ ရိုးရိုးရှင်းရှင်း တွေ့လိုက်ရင် ရပါတယ်။ ကျွန်တော်က ရုပ်ရည်လည်း သင့်တင့်တာပဲ၊ ဟိတ်ဟန်တွေ မလိုပါဘူး၊ သူတို့ ကျွန်တော့်ကို သဘောကျမှာ သေချာပါတယ်။"

သူသည် ရုပ်ရည်ချောမောသူမဟုတ်သော်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှုမှာမူ အလွန်မြင့်မားနေ၏။

"ဒီလိုပြောလို့ ဘယ်ရမလဲ။ အခြေအနေ သာမန်မိန်းကလေးကို ရှာတာဆိုရင်တော့ ရိုးရိုးရှင်းရှင်း လုပ်လို့ရတာပေါ့။ ဒါပေမဲ့ အခုဟာက အရည်အချင်းရှိတဲ့သူကို ရှာတာဆိုတော့ ပိုပြီး သေချာပြင်ဆင်ရမယ်လေ။ ကေဒါ (အရာရှိ) မိသားစုက မိန်းကလေးဆိုတာ ရှားမှရှားပဲဟာ။"

"ဒါလည်း ဟုတ်တာပဲ။"

အမျိုးသမီးများစွာမှာ ကိုယ်စီအတွေးများ ရှိနေကြသော်လည်း အပြင်ပန်း၌မူ "စေတနာအပြည့်" ဖြင့် ဝိုင်းဝန်းကူညီနေကြသည်။ တစ်ဖက်တွင်လည်း အဘွားကြီးဟွမ်မှာ ဆေးရုံသို့ ရောက်ရှိနေပြီဖြစ်၏။ သူမသည် လူနာဆောင်ထဲသို့ အပြေးအလွှားဝင်သွားရာ သားဖြစ်သူမှာ သူနာပြုလေးတစ်ဦးနှင့် ကျီစယ် စနောက်နေသည်ကို တွေ့လိုက်ရသဖြင့် "ရှင်းဖှ!”ဟု လှမ်းခေါ်လိုက်သည်။

ကျန်းရှင်းဖှ : "အမေ၊ ဘာလာလုပ်တာလဲ?"

သူနာပြုလေးသည် ကျန်းရှင်းဖှကို မျက်စောင်းထိုးကာ စက်ဆုပ်ရွံရှာဖွယ် အကြည့်ဖြင့် အလျင်အမြန်ပင် ထွက်ခွါသွားလေ၏။

ကျန်းရှင်းဖှမှာမူ အခြေအနေကို သတိမမူမိဘဲ ညည်းတွားလိုက်သည်။

"အမေ ဘာလာလုပ်တာလဲ? ကျွန်တော့်အစီအစဉ်တွေကို နှောင့်နှေးကုန်ပြီ"

အဘွားကြီးဟွမ်က :"အမေ အရေးကြီးတာ ပြောစရာရှိလို့။ ဝမ်တာ့ချွေက မနက်ဖြန် ကြင်ဖက်တွေ့တော့မယ်၊ သူက..."

အဘွားကြီးဟွမ်၏ အတွေးမှာ ရိုးရှင်းပါသည်။ သားဖြစ်သူ၏ ပထမဇနီးမှာ ထွက်ပြေးသွားသဖြင့် အနှေးနှင့်အမြန် အသစ်တစ်ယောက် ရှာရမည်ဖြစ်ပြီး၊ သူမ၏သားသည် ယွမ်မိသားစုမှ ငယ်ရွယ်ချောမောသည့် သမီးကြီးကို လက်ထပ်ချင်နေသည်ကို သူမသိသော်လည်း သူမ သဘောမတူနိုင်ပေ။

ယခင်တစ်ယောက်မှည အလုပ်ရှိသေးသည်၊ ယွမ်ဟောက်ရွှယ်မှာမူ အလုပ်မရှိပေ။ ထိုကဲ့သို့သောသူကို လက်ထပ်ယူလာလျှင် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်လာမည်သာ။ ထို့ပြင် ယွမ်ဟောက်ရွှယ်သည် အေးအေးဆေးဆေး နေထိုင်မည့် အမျိုးသမီးမျိုး မဟုတ်ဘဲ ရည်မှန်းချက် အလွန်ကြီးသူဖြစ်၏။

ယောက္ခမတစ်ဦးအနေဖြင့် သူမ သဘောမတူနိုင်ပေ။ သူမသည် ချန်ချင်းယွီကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ခိုင်းရလွယ်မည့်သူမျိုးကိုသာ လိုချင်သော်လည်း နုနယ်သည်ဆိုဦးတော့ အလုပ်ရှိရန်နှင့် မိသားစုကို ထောက်ပံ့နိုင်ရန် လိုအပ်ပေသေးသည်။

အမှန်တကယ်ပင် "အရာအားလုံးကို ရချင်နေသူ" ဖြစ်၏။

ကံကောင်းသည်မှာ အဘွားကြီးကျောက် မသိခြင်းပင်။ သိသွားပါက အူတက်အောင် ရယ်လိမ့်၍ ဤသို့ဆိုပေလိမ့်မည်။

ချန်ချင်းယွီက နူးညံ့ပြီး ခိုင်းရလွယ်သည် ဟုတ်စ? ငါ့ကို လာပြီး အလကား လျှောက်ပြောမနေနဲ့!!

ရှူး!ရှူး!!

အဘွားကြီးကျောက် ဘာမှမသိဘဲ အိမ်မှာ ရှိနေချိန်တွင် အဘွားကြီးဟွမ်မှာ

"အခြေအနေတွေက တကယ်ကောင်းတာ။ အရေးကြီးဆုံးက သူတို့ဘက်က တောင်းရမ်းခတွေအပြင် စက်ဘီးပါ အမွေပေးဦးမှာတဲ့။ ပြီးတော့ အရာရှိမိသားစုကဆိုတော့ မင်းနဲ့ တကယ်ကို ထိုက်တန်တယ်လို့ အမေထင်တယ်။"

ကျန်းရှင်းဖှမှာ အလေးမထားသည့်အလား

"ဒီအခြေအနေတွေက ဘာများ ထူးခြားနေလို့လဲ?"

သူသည် ဖောက်ပြန်ခဲ့သောကြောင့် ကွာရှင်းခဲ့ရခြင်းဖြစ်သည်။ ကွာရှင်းခါစ ရန်ဖြစ်ခဲ့ကြသော်လည်း ကွာရှင်းပြီးနောက်တွင်မူ အလွန်ကောင်းသည်ဟု သူခံစားရ၏။ လူလတ်ပိုင်းအရွယ် ကွာရှင်းထားသူတစ်ယောက်အဖို့ မိမိငွေကို မိမိစိတ်ကြိုက် သုံးစွဲရသည်မှာ အလွန်ပင် စိတ်လန်းဆန်းလှ၏။

သို့ဖြစ်ရာ သူသည် နောက်အိမ်ထောင်ပြုရန် သိပ်ပြီး စိတ်မပါလှပေ။

"ကျွန်တော့်မိန်းမဟောင်းမှာလည်း အလုပ်ရှိတာပဲ၊ အခု ဒီတစ်ယောက်မှာလည်း အလုပ်ရှိတာပဲ။ သူတို့လည်း အသက်မငယ်ကြတော့ဘူး၊ ငွေလည်း အများကြီး မရှာနိုင်ကြပါဘူး။"

"ဒါက အဲ့ဒီလို မဟုတ်ဘူးလေ။ ဒါက အရာရှိမိသားစု၊ သူတို့က ချမ်းသာတယ်။ မင်းမိန်းမဟောင်းမှာ အလုပ်ကလွဲလို့ ဘာရှိလို့လဲ? မင်းက ငယ်ငယ်ချောချောလေးတွေ သဘောကျမှန်း အမေသိပါတယ်၊ ဒါပေမဲ့ ဒီတစ်ယောက်က မချောဘူးလို့ အမေမပြောပါဘူး။ ပြီးတော့ အသက်လည်းငယ်၊ အလုပ်လည်းရှိတဲ့သူကို ရှာဖို့က မလွယ်ဘူးလေ။"

အဘွားကြီးဟွမ် ဆက်၍ နားချလိုက်ကာ

"ဝမ်တာ့ချွေက မင်းရဲ့အခွင့်အရေးကို လုသွားမှာစိုးလို့ အမေတွေးနေတာ။ ဒီမိန်းကလေးက အဖော်လည်းကောင်းမယ်၊ ငွေလည်းရှာနိုင်မယ်ဆိုတော့ မိသားစုအတွက် အထောက်အကူဖြစ်တာပေါ့။ မင်း အပြင်မှာ ဘာလုပ်လုပ် သူက တားနိုင်မှာမဟုတ်ဘူး။ တကယ်လို့ သူက တားဖို့ကြိုးစားလာရင် အမေ ကိုင်တွယ်ပေးမယ်။ မင်းလည်း အသက်မငယ်တော့ဘူး၊ ပိုက်ဆံရဲ့ အရေးပါပုံကို သိသင့်ပြီ။ ရုပ်ရည်တစ်ခုတည်း ကြည့်နေလို့ မရဘူး! မင်း အပြင်မှာ တခြားလူရှိနေတာ အမေမသိဘူး မမှတ်နဲ့၊ ဒါပေမဲ့ အဲ့ဒီလိုမိန်းမမျိုးက အပျော်သဘောပဲ ကောင်းတာ။ အတည်ယူလို့ မရဘူး၊ သူတို့က မိသားစုစိတ် မရှိကြဘူး။"

"အမေကလည်း၊ အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး။"

အဘွားကြီးဟွမ်- "အမေပြောတာကိုသာ နားထောင်စမ်းပါ။"

ကျန်းရှင်းဖှ- "ဒါပေမဲ့ ကျွန်တော့်ကိုလည်း ကြည့်ဦးလေ။ ကျွန်တော် သွားလုမယ်ဆိုရင်တောင် အင်အားမရှိဘူး။ လမ်းလျှောက်ဖို့တောင် လူကူရတယ်၊ တုတ်ကောက်နဲ့ လျှောက်နေရတာ။ ဒီလိုအခြေအနေနဲ့ ဘယ်လိုလုပ် အောင်မြင်အောင် သွားလုနိုင်မှာလဲ?"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ? ငါ့သား ဘယ်လောက်တော်လဲဆိုတာ အမေသိသားပဲ။ မင်းရဲ့ ဆွဲဆောင်မှုလေး နည်းနည်းလောက် ထုတ်ပြလိုက်ရင် ဘယ်မိန်းကလေးမဆို ပါလာမှာပဲ။ ဝမ်တာ့ချွေလိုလူမျိုးက မင်းကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ မင်းရဲ့အရည်အချင်းကို အမေ သိပါတယ်။ မင်း သေချာပေါက် လုပ်နိုင်မှာပါ။"

သူမသည် အလေးအနက် ဆက်ပြောပြန်သည်။

"မင်း အမြန်ဆုံး နောက်အိမ်ထောင်ပြုပြီး အသက်ငယ်တုန်း သားတစ်ယောက် ရအောင်ယူရမယ်။ ဒါမှသာ ငါတို့မိသားစုက သူတစ်ပါးကို ယှဉ်နိုင်မှာ။ ဟို အဘွားကြီးကျောက်က ဒီနေ့လည်း လာပြီး ပြဿနာရှာသွားသေးတယ်။"

"ဘာ!"

ကျန်းရှင်းဖှ မျက်လုံးပြူးသွားကာ

"သူတို့က တကယ် သတ္တိရှိတာပဲ။ ကျွန်တော်တို့မိသားစုကိုတောင် လာပြီး စိန်ခေါ်ရဲတယ်ပေါ့။"

"ဘာကြောက်စရာ ရှိလဲ? အဘွားကြီးကျောက်က ဘယ်လောက် ရက်စက်လဲဆိုတာ မင်းသိသားပဲ။ မင်းမှာသာ သားတစ်ယောက် စောစောရခဲ့ရင် မုန့်မုန့်ကို သူ့အဘိုးအဘွားအိမ် ပြန်ပို့လိုက်ပြီ။ ဒီလို ပြဿနာကောင်မလေးကို ငါတို့ မွေးမနေဘူး။"

အဘွားကြီးဟွမ်သည် ဤမြေးမလေးကို ဂရုမစိုက်ပေ၊ ထိုကလေးမလေးသည် ကျေးဇူးမသိဘဲ အတ္တကြီးသူဖြစ်မည်ဟု သူမ အခိုင်အမာ ယုံကြည်နေသည်။

ကျန်းရှင်းဖှ : "အဲ့ဒီ အဘွားကြီးကို... ကျွန်တော် နေကောင်းတာနဲ့ သင်ခန်းစာ ပေးလိုက်မယ်။"

အဘွားကြီးဟွမ် : "မင်းက သိတတ်တဲ့ သားတစ်ယောက်မှန်း အမေသိပါတယ်။ ဒါကို သတိထားနော်။ ဒီလူက သေချာပေါက် ချမ်းသာတဲ့သူဖြစ်ရမယ်၊ မဟုတ်ရင် ကျောက်ရုံတို့က ဘာလို့ ဒီလောက် တက်ကြွပြီး ကူညီနေမှာလဲ? အို... သူတို့မိသားစုက ဘယ်လောက်တောင် ခမ်းနားလဲဆိုတာ မင်း မသိသေးလို့ပါ..."

ကျန်းရှင်းဖှ : "ဒါဆိုရင် ဒီည ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားပေး၊ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ကျွန်တော် ကြည့်ရသေးတာပေါ့။"

"ကောင်းပြီ၊ ကောင်းပြီ။"

ဤလူသည် ယနေ့နံနက်မှ ရောက်လာပြီး ယခုပင် ပြန်ထွက်သွားပြန်လေပြီ။

လူနာဆောင်ရှိ အခြားလူနာများ "..."

ဒီသားအမိကတော့ တကယ်ကို အကြံကြီးပြီး ကောက်ကျစ်ယုတ်မာလှချည်လား!!

ဒီလိုမိသားစုနဲ့ အိမ်နီးချင်းဖြစ်ရတဲ့သူတွေကတော့ တကယ်ကို ကံဆိုးတာပဲ…သူတို့က သူများရဲ့အိမ်ထောင်ဖက်ကို ခိုးဖို့ကြံနေကြတယ်!!

လူရော ဟုတ်ကြရဲ့လား! ယုတ်မာလှချည်လား!! ကျွစ်!ကျွစ်!

လူတိုင်းမှာ ရွံရှာသွားကြ၏။

အဘွားကြီးဟွမ်သည် ကျန်းရှင်းဖှကို ဝမ်းသာအားရပင် တွဲထူပေးပြီး အပေါ်အင်္ကျီ ဝတ်ပေးလိုက်သည်။ သားအမိနှစ်ယောက်သည် အတူတကွ အလျင်အမြန်ပင် ထွက်ခွာသွားကြ၏။ သူတို့ထွက်သွားသည်နှင့် တစ်ပြိုင်နက် လူနာဆောင်တစ်ခုလုံး ဆူညံသွားပြီး ထိုယုတ်မာလှသော သားအမိကို ဝိုင်းဝန်းကဲ့ရဲ့ကြတော့သည်။ အရင်ဇနီးသည် အဘယ်ကြောင့် ဒေါသတကြီး ထွက်ပြေးသွားသနည်းဆိုသည်မှာ မဆန်းတော့ပေ။ သူတို့သည် လူကောင်းများမဟုတ်ကြရာ လင်ရှိလျက်နှင့် ဖောက်ပြန်ခြင်း ခံရသည်မှာလည်း ထိုက်တန်လှ၏။

ကျန်းရှင်းဖှသည် အဘွားကြီးဟွမ် ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာခဲ့သည်။ သူသည် အမှန်တကယ်ပင် အရှင်းမပျောက်ကင်းသေးပေ။ ယေဘုယျဆိုလျှင် သူသည် ယခုထက် ပိုမိုမြန်ဆန်စွာ သက်သာသင့်သော်လည်း ဤရက်ပိုင်းအတွင်း ဟိုဟိုဒီဒီ သွားလာနေခဲ့သဖြင့် ဒဏ်ရာမှာ လုံးဝမသက်သာဘဲ တန့်နေခဲ့၏။

ဆရာဝန်များ အမုန်းဆုံးသော လူနာမျိုးဟုပင် ဆိုရပေမည်…စကားကို လုံးဝနားမထောင်၊ အတ္တလည်းကြီးပြီးမှ ဆရာဝန်က မတော်ပါဘူးဟု အပြစ်တင်တတ်သူမျိုးဖြစ်သည်။

တကယ်ကို စိတ်ပျက်စရာကောင်းလှ၏!

ထိုစိတ်အနှောင့်အယှက်ပေးသော လူနာသည် တစ်ဖန်ပြန်ထွက်လာခဲ့ပြန်ပြီး လေတိုးသည့်ဒဏ်ကြောင့် တဟွတ်ဟွတ် ချောင်းဆိုးရင်း တတွတ်တွတ် ကျိန်ဆဲနေလေသည်။

"ငါ့ကို ဘယ်သူတိုက်ခိုက်သွားလဲဆိုတာ သိတာနဲ့ အသေသတ်ပစ်မယ်! အဟွတ် အဟွတ်... ငါသာ အတိုက်ခိုက်မခံရရင် ဒီလို ဒုက္ခရောက်နေမှာ မဟုတ်ဘူး၊ တကယ့် ခွေးသားပဲ!"

"အသည်းနှလုံးမရှိတဲ့ ခွေးစုတ်..."

ထိုသားအမိမှာ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများဖြင့် ဆက်တိုက် ကျိန်ဆဲနေကြ၏။

နေအိမ်ခြံဝင်းနားသို့ ရောက်

သောအခါ ကျန်းရှင်းဖှမှာ မေးလိုက်လေသည်။

"ဟို မုဆိုးမလေး အခုတလော အိမ်မှာ ဘာတွေလုပ်နေလဲ?"

သူသည် သူမကို စိတ်ထဲရှိနေဆဲပင်။ ယောကျ်ားတစ်ယောက်ဖြစ်သော သူအနေဖြင့် မျက်လုံးလည်း အကောင်းအတိုင်းရှိနေသေးရာ ထိုမုဆိုးမလေးအမှန်တကယ်ပင် လှပလွန်းလှသည်ကို မြင်နေရ၏။ ရုပ်ရည်တစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင် မည်သူမျှ သူမကို မယှဉ်နိုင်ပေ။ သို့သော် သူမသည် လူကြီးများအကြိုက် မျက်နှာဝိုင်းဝိုင်း၊ ကိုယ်လုံးတောင့်တောင့်နှင့် ရိုးရာအလှမျိုး မဟုတ်ပေ။

ယင်းအစား သူမသည် နုဖတ်ကြည်လင်သော အလှမျိုးရှိပြီး လူကြီးများမှ ကံမကောင်းဟု ယူဆတတ်ကြသည့် အဖြူရောင်ပန်းကလေးနှင့် တူလှသည်။

ဒါပေမဲ့ မျက်လုံးကြီးပါနေတာကို လှ၊မလှ ဘယ်သူကရော မသိဘဲနေမှာလဲ?!

အဘွားကြီးဟွမ် နှာခေါင်းရှုံ့ရင်း

"သူကတော့ တကယ့်အရူးမပဲအေ။ ဒီနေ့တင်ပဲ ကိုယ့်မိသားစုရဲ့ အခြေအနေကို ထည့်မတွက်ဘဲ စက်ဘီးဝယ်ဖို့ ပြောနေသေးတယ်။ ရယ်စရာကြီး! လင်းကျန့်ဝမ်နဲ့ ပတ်သက်လာရင် သူက ရူးသွားတာပဲ။ ဟေး... ဟုတ်တယ်၊ ဟုတ်တယ်၊ အမေပြောမယ်၊ သူ့နားကို မကပ်နဲ့။ သူက တကယ်ကို နိမိတ်မကောင်းတဲ့သူ။ မင်း အမေ့ကို မယုံဘူးလား? သူ့နားကပ်တဲ့သူတိုင်း ကံဆိုးတာချည်းပဲ။ အဘွားကြီးကျောက်က သူ့ကို နမိတ်မကောင်းတဲ့ အမင်္ဂလာမ လို့ ခေါ်တာ တကယ်မှန်တယ်။"

ရုတ်တရက် သူမ တစ်စုံတစ်ခုကို သတိရသွားကာ ပေါင်ကို ရိုက်ရင်း အော်ပြောလိုက်သည်။

"ဟုတ်သားပဲ! ငါ ဒါကို ဘာလို့ အရင်က မတွေးမိတာလဲ? မင်း ကြည့်လေ၊ မင်း သူ့နားကို စကပ်

ကတည်းက ကံဆိုးခဲ့တာ မဟုတ်လား? မနေ့ညက အရိုက်ခံရတယ်၊ ပြီးတော့ ငါတို့မိသားစု အစာအဆိပ်သင့်တယ်၊ ပြီးတော့ မင်း ဒဏ်ရာရတယ်... အဲ့ဒါ သူပဲ၊ သူပဲ၊ သေချာပေါက် သူပဲ! မင်းကို ကံဆိုးအောင်လုပ်တာ သူပဲ!"

အဘွားကြီးဟွမ်သည် သူမသား ကံဆိုးရခြင်း၏ အကြောင်းရင်းကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရ၏။

ကျန်းရှင်းဖှ : "အမေ၊ ဘာတွေ ပြောနေတာလဲ?"

"ငါဘာပြောလို့လဲ? ငါပြောတာ မှန်တယ်! ကြည့်လေ၊ သူ့နားကပ်တဲ့သူတိုင်း သေကုန်ကြတာပဲ! ငါ့သား၊ မင်း သူ့နားကို မကပ်တာ အကောင်းဆုံးပဲ။ သူက တကယ်ကို့ မင်္ဂလာမရှိ၊ နမိတ်မကောင်းတဲ့သူ၊ တကယ့်ကို သူတစ်ပါးကို ဒုက္ခပေးတဲ့သူပဲ! သူက လင်းကျန့်ဝမ်ကိုတောင် သတ်ခဲ့တာ၊ မင်းလည်း အသက်ဘေး မသင့်စေနဲ့ဦး!"

အဘွားကြီးဟွမ် ငိုချင်းချလေတော့သည်။ ကျန်းရှင်းဖှမှာ မယုံကြည်သဖြင့်

"ကျွန်တော်တို့ အစာအဆိပ်သင့်စေတဲ့ မြွေကို အမေပဲ ဖမ်းလာတာ မဟုတ်ဘူးလား?"

အဘွားကြီးဟွမ် ခဏမျှ ဆွံ့အသွားပြီးမှ

"အဲ့ဒါလည်း သူ့ကြောင့်ပဲ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အမေပြောတာနားထောင်။ မင်း အပြင်မှာ တခြားလူ ရှိနေတာပဲ မဟုတ်လား? အဲ့ဒါက အဆင်ပြေနေတာပဲကို! သူ့နားကိုပဲ မသွားနဲ့။"

အဘွားကြီးဟွမ်သည် ချန်ချင်းယွီကို နိမိတ်မကောင်းသူဟု တကယ်ပင် ထင်နေ၏။

"အမေပြောတာကို နားထောင်ပါ၊ အမေပြောတာကို နားထောင်ပါ သားရယ်..."

အဘွားကြီးဟွမ် အလေးအနက် တောင်းပန်နေသော်လည်း ကျန်းရှင်းဖှ စိတ်မရှည်စွာဖြင့် နားထင်ကို စိတ်ပျက်လက်ပျက်ဖြင့် ပွတ်လိုက်ကာ

"တော်ပြီ၊ တော်ပြီ၊ အမေပြောတာ နားထောင်ပါ့မယ် ဟုတ်ပြီလား? ဆက်မပြောပါနဲ့တော့"

အဘွားကြီးဟွမ် : "အမေပြောတာကို နားထောင်မှ ဖြစ်မှာနော်။"

ထိုသားအမိနှစ်ယောက် အိမ်ဝင်းထဲသို့ အတူတူဝင်လာရာ အဘွားကြီးဝမ်ကိုလည်း တွေ့လိုက်ရသည်။

အဘွားကြီးဟွမ် လန့်သွားပြီးမှ

"အစ်မကြီးဝမ်၊ မပြန်သေးဘူးလား?"

အဘွားကြီးဝမ် : "ဒီညတော့ မပြန်တော့ဘူး။"

သူမသည် အိမ်နောက်ဖက်မှ အခြေအနေကို စောင့်ကြည့်ချင်သဖြင့် သေချာပေါက် ပြန်မည်မဟုတ်ပေ။

သူမသာ ပြန်သွားလျှင် အတင်းအဖျင်းသတင်းများကို ဦးဆုံး သိရတော့မည် မဟုတ်ပေ။

အဘွားကြီးဟွမ် ဟန်ဆောင်ပြုံး ပြုံးလိုက်ရင်း

"ရှင်ကတော့ တကယ့်ကို အလုပ်ရှာတာပဲ"

အဘွားကြီးဝမ်သည်လည်း ပြန်ပက်လိုက်ကာ

“ညည်းလည်း အတူတူပါပဲ မဟုတ်လား? သားကိုတောင် အခြေအနေကြည့်ဖို့ ခေါ်လာသေးတာပဲ။"

ထိုသို့ပြောပြီးနောက် သူမသည် အိမ်ထဲသို့ ဝင်သွားကာ

"ဟို အဘွားကြီးဟွမ်က ငါ့ကို လာရယ်နေသေးတယ်၊ ရယ်စရာကြီး။ ငါတို့မိသားစုက ဘယ်လိုမျိုးလဲ၊ သူတို့မိသားစုက ဘယ်လိုမျိုးလဲ။ ကိုယ့်အဆင့်ကိုယ် ဘာမှ မသိကြဘူး"

ဝမ်ကျန့်ကော် အရက်ကလေး တစ်ငုံသောက်ရင်း

"သူ ဘာလို့ ပြန်လာရမှာလဲ? သေချာပေါက် စိတ်ကောင်းနဲ့တော့ မဟုတ်ဘူးပေါ့"

"ဘာကို ဆိုလိုတာလဲ?"

အဘွားကြီးဝမ် နားမလည်သလို ဝမ်မေ့လန်လည်း နားမလည်ပေ။

ဝမ်မေ့လန်မှာ အတော်လေး နောက်ကျမှ ပြန်ရောက်လာခြင်း ဖြစ်သော်လည်း အခြေအနေကိုမူ အကြမ်းဖျင်းတော့ သိထားသည်။

သို့သော် ဝမ်တာ့ချွေမှာ မည်သူနှင့် ကြင်ဖက်တွေ့မည်ကိုမူ သူမ မသိပေ။ အလုပ်ရုံတွင်လည်း အလုပ်သမားသစ် မိန်းကလေးများ ခန့်ထားသည်ကို မကြားမိသလို၊ ယာယီအလုပ်သမားများ အမြဲတမ်းအလုပ်သမား ဖြစ်သွားသည်ကိုလည်း မကြားမိပေ။

ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး၊ မနက်ဖြန် ရောက်လာရင် တွေ့ရမှာပဲ…

အဆင်ပြေသွားရင်တော့ အလုပ်ကို အတူတူ လမ်းလျှောက်သွားလို့ ရတာပေါ့၊ ဒါက ကောင်းတဲ့အချက်ပဲ…

ဝမ်မေ့လန် "ကျွန်မ နားမလည်ဘူး။ ရှင်းပြပါဦး"

ဝမ်ကျန့်ကော် နှာခေါင်းရှုံ့ရင်း

"သူ့မိသားစုက အဲ့ဒီမိန်းကလေးကို လုဖို့ ကြိုးစားနေတာလို့ ငါထင်တယ်"

“ဘာရှင်! သူတို့ ဘယ်လိုလုပ် ဒီလိုလုပ်ရဲတာလဲ!"

"ဘာလို့ မလုပ်ရဲရမှာလဲ? ကျန်းရှင်းဖှလည်း လူလွတ်ပဲဟာ"

ဝမ်ကျန့်ကော် သရော်လိုက်ကာ

"သူတို့ရဲ့ အောက်တန်းကျတဲ့ အစီအစဉ်တွေကို ငါ့မျက်စိက ဖုံးလို့မရပါဘူး။"

သူသည် ရပ်ကွက်ထဲရှိ ကိစ္စများတွင် ဝင်မပါချင်၍သာ ဖြစ်သည်၊ သူသည် အရာအားလုံးကို ဖောက်ထွင်းမြင်နေသူ ဖြစ်၏။

"စောင့်ကြည့်နေလိုက်၊ မနက်ဖြန်ကျရင် သေချာပေါက် ဒီလိုပဲ ဖြစ်လာလိမ့်မယ်။"

ဝမ်မေ့လန် စက်ဆုပ်ရွံရှာသော အမူအရာဖြင့်

"သူတို့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ? အားလုံးက တစ်ရပ်ကွက်

တည်း၊ ခြံဝင်းတစ်ခုတည်းသားတွေပဲလေ၊ ဘယ်လိုတောင် ရွံစရာကောင်းလိုက်ကြတာလဲ"

"ဒါ သူတို့ ပထမဆုံးအကြိမ် အကျင့်ယုတ်တာမှ မဟုတ်တာ။ စောင့်သာကြည့်နေ၊ သေချာပေါက် အဲ့ဒီအတိုင်း ဖြစ်လာလိမ့်မယ်။"

ကျန်းရှင်းဖှ ပြန်ရောက်လာခြင်းအပေါ် လူတိုင်း ကိုယ်စီ ဆွေးနွေးနေကြသော်လည်း ဝမ်ကျန့်ကော်ကဲ့သို့ သံသယရှိသူမှာ နည်းပါးလှသည်။ လူအများစုအထင်မှာ အတင်းအဖျင်း နားထောင်ဖို့ ပြန်လာကြသည်ဟုသာ ထင်နေကြ၏။ ဝမ်ကျန့်ကော်အပြင် ဤခြံဝင်းတွင် ချန်ချင်းယွီ တစ်ယောက်သာလျှင် ဤသို့ တွေးမိပေလိမ့်မည်။

ချန်ချင်းယွီသည် လျှို့ဝှက်တတ်သူ မဟုတ်သဖြင့် အဘွားကြီးကျောက်ကို ထိုအကြောင်း ပြောပြဖြစ်သွားသည်။

အဘွားကြီးကျောက် : "ဘုရားရေ၊ တကယ်လို့သာ အဲ့ဒီလိုဆိုရင်တော့ မနက်ဖြန်ကျရင် ပွဲကောင်းကြည့်ရတော့မှာပဲ။ ငါလည်း သူတို့ကို သေချာ စောင့်ကြည့်ရမယ်။"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ပြီး ကလေးနှစ်ယောက်ကိုလည်း "မနက်ဖြန်ကျရင် ဟိုဟိုဒီဒီ လျှောက်မပြေးကြနဲ့နော်၊ ဟုတ်ပြီလား?" ဟု မှာကြားလိုက်၏။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ လိမ်လိမ်မာမာ ပုံစံဖြင့် ပြိုင်တူ တုံ့ပြန်လိုက်ကြသည်။

"ဟုတ်ကဲ့ပါ"

ကလေးလေးနှစ်ယောက်မှာ သူတို့ခြေတံတိုတိုလေးများကို လွှဲရင်း မျက်နှာမှာ အလွန်လေးနက်နေဟန်ဖြင့် ရယ်စရာကောင်းလှ၏။

ရှောင်ယွမ် ခေါင်းညိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆံပင်စည်းထားသော ကွင်းလေး ကျွတ်ထွက်သွားပြီး ကျစ်ဆံမြီးလေး ပြေသွားကာ ဝါတာတာ ဆံပင်နုနုလေးများ ဝဲကျလာတော့သည်။ ထိုကလေးမလေးမှာ ခဏမျှ ကြောင်သွားပြီးမှ တိုးညင်းချိုသာသော အသံလေးဖြင့် ချွဲနွဲ့ကာဆိုလိုက်၏။

"ခေါင်းစီးကွင်း ကျွတ်သွားပြီ"

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"သမီးဟာက နည်းနည်း ချောင်နေလို့ပါ။ မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျရင် မေမေ အသစ်တစ်ခု သွားဝယ်ပေးမယ်နော်"

ရှောင်ယွမ်၏ မျက်လုံးလေးများမှာ ဝမ်းသာအားရဖြင့် မှေးစင်းသွားကာ

"ခေါင်းစီးကွင်း ဝယ်ပေးမလို့လား? အသစ်ကြီးလားဟင်?"

ချန်ချင်းယွီ: "ဟုတ်တယ်လေ၊ သမီး ဘယ်အရောင် လိုချင်လဲဆိုတာ စဉ်းစားထားပေါ့။"

ရှောင်ယွမ် တစ်ချက်လေးပင် စဉ်းစားမနေဘဲ ချက်ချင်းဆိုသကဲ့သို့

"အနီရောင်! သမီးက အနီရောင် လိုချင်တာ! အနီရောင် ခေါင်းစီးကွင်းလေးတွေက အလှဆုံးပဲ။ မမနာ့နာမှာလည်း တစ်ခုရှိတယ်၊ သမီးလည်း လိုချင်တယ်"

မိန်းကလေးဟူသည် မည်မျှပင် ငယ်သည်ဖြစ်စေ အလှအပကို မြတ်နိုးတတ်ကြသလို အားကျမခံလိုသော စိတ်ကလေးလည်း ရှိကြစမြဲပင်။

"သမီးလည်း လှလှလေး နေချင်တာပေါ့!"

ချန်ချင်းယွီ: "ကောင်းပါပြီရှင်! သမီးသဘောအတိုင်း ဖြစ်စေရမယ်။"

ရှောင်ယွမ် သွားလေးများ ပေါ်သည်အထိ ပါးဖောင်းဖောင်းလေးများ တုန်ခါအောင် ရယ်မောလိုက်ရာ ချန်ချင်းယွီလည်း လိုက်၍ ပြုံးမိသည်။

သူတို့သားအမိ သုံးယောက်၏ ကြည်နူးစရာ မြင်ကွင်းမှာ အဘွားကြီးကျောက်အတွက်မူ မျက်စိစပါးမွှေး စူးစရာပင်။ ထူးထူးခြားခြား တစ်ခုခုကြောင့် မဟုတ်၊ သူမတွင် သားတစ်ယောက်ပင် မရှိတော့သည့်အတွက် မြင်ပြင်းကတ်မိခြင်းသာ ဖြစ်၏။ သို့သော်လည်း သူမသည် ချန်ချင်းယွီကို မပြိုင်ရဲပေ။

သောက်ကျိုးနည်း... ထိုမိန်းမက ရူးနေတာမဟုတ်လား!

မနေ့ညမှလည်း အိပ်ရေးမဝခဲ့သဖြင့် ယနေ့ သူမကို သွားမနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်သည်။ ကောင်းကောင်းနေနိုင်ပါလျက်နှင့် မည်သူက ဒုက္ခခံချင်ပါမည်နည်း။

သူမသည် အကျိုးအကြောင်း မသိတတ်သူ မဟုတ်ပေ။

"စောစောအိပ်တော့"

ချန်ချင်းယွီ ကလေးများကို ပြောလိုက်သည်။

"ခြေထောက်လည်း ဆေးဦး။"

အဘွားကြီးကျောက် "လွန်ခဲ့တဲ့ တစ်ပတ်ကမှ ဆေးထားတာ၊ မညစ်ပတ်သေးပါဘူး..."

ချန်ချင်းယွီ ကြားဖြတ်၍ "မြန်မြန်လုပ်စမ်းပါ၊ စကားများမနေနဲ့" ဟု ဆိုလိုက်ရာ

အဘွားကြီးကျောက်ခမျာ တတွတ်တွတ် ရေရွတ်လေတော့၏။

"နင်ကတော့ တကယ့်ကို အမှုဆောင်ကြီးပဲ၊ အရာရာ လိုက်စွက်ဖက်နေတော့တာပဲ"

သူမ မကျေမနပ် ဖြစ်နေသော်လည်း မည်သူ့ကိုမျှ မပြိုင်ရဲသဖြင့် ထွက်သွားစဉ်တွင်သာ တတွတ်တွတ် ပြောနေမိသည်။

မနက်ဖြန်တွင် ကြင်ဖက်တွေ့ဆုံပွဲ ရှိသဖြင့် ယနေ့ညတွင် လူတိုင်း မအိပ်ကြသေးဘဲ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြ၏။ အခြားသူများနှင့် ယှဉ်လျှင် ချန်ချင်းယွီမှာမူ အစောဆုံး အိပ်ရာဝင်ခဲ့သူ ဖြစ်သည်။ ယခုခေတ် လူများမှာ အစောကြီး ထလေ့ရှိကြပြီး အဓိကအားဖြင့် အလုပ်မရှိလျှင် ညဉ့်နက်သည်အထိ မနေကြပေ။

တခြား ဖျော်ဖြေရေးလည်း မရှိရာ ထမင်းစားပြီးလျှင် အိပ်ရန်သာတည်း။

အစောကြီး အိပ်ရာဝင်သူအဖို့ မည်သို့လျှင် စောစောမထဘဲ ရှိပါမည်နည်း။

သူတို့၏ နေအိမ်ဝင်းမှာ အနည်းငယ် ထူးခြားသည်၊ ညဘက်တွင် အမြဲပင် ဆူညံနေတတ်ပြီး တကယ်၍ မဆူညံလျှင်လည်း လူတိုင်း ပို၍ပင် စောစောအိပ်ရာဝင်ကြသည်။

ဘာပဲဖြစ်ဖြစ် အိပ်မပျော်လျှင်လည်း ကလေးရအောင် နေကြရုံသာ ရှိ၏။ ချန်ချင်းယွီမှာမူ ထိုသို့သော လိုအပ်ချက်မျိုး မရှိသဖြင့် သူမအတွက် အိပ်စက်ခြင်းသည်သာ အကောင်းဆုံးပင်!

အစ်မကြီးဖန်နှင့် အခြားသူများ စတုတ္ထဝင်းမှ ပြန်လာချိန်တွင် ချန်ချင်းယွီတို့ မိသားစုမှာ မီးပိတ်၍ အိပ်ပျော်နေကြပြီ ဖြစ်သည်။

အစ်မကြီးဖန်; "သူတို့ကတော့ တကယ်ကို သက်သောင့်သက်သာ နေနိုင်ကြတာပဲ"

ရှီကျန့်ရှန်း ရယ်မောရင်း

"မနာလိုဖြစ်နေတာလား"

"မနာလိုဖြစ်ရမယ်? သူတို့မိသားစုကိုလား? အိပ်မက်မက်နေလိုက်ဦး။ ငါက ဘာလို့ မနာလိုဖြစ်ရမှာလဲ?"

အစ်မကြီးဖန် နှာခေါင်းရှုံ့ကာ ထွက်သွားလေ၏။

တစ်ညတာ ကောင်းမွန်စွာ အိပ်စက်ပြီးနောက် နံနက်ခင်း နေရောင်ခြည်မှာ ထူးခြားစွာပင် တောက်ပနေသည်။ ချန်ချင်းယွီလည်း စောစောနိုးလာခဲ့၏။ အားလပ်ရက်ဖြစ်သော်လည်း လူတိုင်း၏ ကျင့်သားရနေမှုမှာ ပုံမှန်အတိုင်းပင် ရှိနေကြရာ အပြင်ဘက်တွင် စောစောစီးစီးပင် ဆူညံနေတော့သည်။ လူတိုင်း စောစောနိုးနေကြပြီး အဘွားကြီးကျောက်ပင်လျှင် မျက်လုံးကို ပွတ်သပ်နေရှာ၏။

"အားလပ်ရက်မှာတောင် နည်းနည်းလောက် ပိုမအိပ်ရဘူးလား"

အဘွားကြီးကျောက် ညည်းတွားလေသည်။

ချန်ချင်းယွီ; "ဘယ်သူက မအိပ်ခိုင်းလို့လဲ?"

သို့သော် နိုးလာပြီဖြစ်ရာ အိပ်ရာထဲ ပြန်မဝင်တော့ပေ၊ ယနေ့တွင် ကြင်ဖက်တွေ့ဆုံပွဲ၏ စိတ်လှုပ်ရှားဖွယ်ရာများ ရှိနေသည်မဟုတ်ပါလော့။

“သွားပြီး ခေါက်ဆွဲလုပ်ချေဦး"

အဘွားကြီးကျောက် : "ငါက ဘာလို့ လုပ်ရမှာလဲ? နင်ကတော့ အားနာပါးနာတောင် မရှိဘူး! အလုပ်လည်း မသွားဘူး၊ အိမ်မှုကိစ္စလည်း မလုပ်ဘူးလား?"

ချန်ချင်းယွီ : "ကျွန်မပဲ အမြဲလုပ်နေတာ မဟုတ်ဘူးလား? ဒီနေ့က တနင်္ဂနွေပဲဟာ၊ ရှင် နည်းနည်းပါးပါးလေးတောင် မလုပ်နိုင်ဘူးလား?"

စကားဆိုကာ ချန်ချင်းယွီ လက်သီးကို ဆုပ်လိုက်သည်။

"ဝါး... လုပ်ပါ့မယ်၊ လုပ်ပါ့မယ် ဟုတ်ပြီလား?"

အဘွားကြီးကျောက် အော်ဟစ်ကာ အရှုံးပေးလိုက်ရတော့သည်။

တကယ့် ရက်စက်တဲ့မိန်းမ!

"ဂျုံမှုန့် နှစ်ဇွန်းနဲ့ ပြောင်းဖူးမှုန့် တစ်ဇွန်း သုံးလိုက်နော်။"

အဘွားကြီးကျောက် သဘောတူလိုက်၏။

ဂျုံမှုန့် ပေါပေါများများ ပါသည်ဖြစ်ရာ လည်ချောင်းယားစရာ အကြောင်းမရှိပေ။

"ဂေါ်ဖီထုပ် တစ်ထုပ်လည်း ထည့်ဦးမယ်၊ မဟုတ်ရင် လောက်မှာမဟုတ်ဘူး။ အခုတလော ဂေါ်ဖီထုပ်တွေကလည်း နွမ်းလာပြီ၊ ကုန်လည်း ကုန်တော့မယ်"

အဘွားကြီးကျောက် တတွတ်တွတ် ပြောရင်း အလုပ်လုပ်ရန် ထွက်သွားစဉ် ချန်ချင်းယွီလည်း မျက်နှာသစ်ရန် ထလာခဲ့သည်။

"ရှောင်ချန် ဒီနေ့ အပြင်သွားမလို့လား?"

အဒေါ်ကြီးမေ့မှ လှမ်းမေးရာ

ချန်ချင်းယွီ ပြန်ဖြေလိုက်၏။

"မစီစဉ်ရသေးပါဘူး၊ နေ့လယ်ကျမှပဲ စဉ်းစားတော့မယ်။ မနက်ပိုင်းတော့ အပြင်မသွားဖြစ်ဘူး"

အဒေါ်ကြီးမေ့ ရယ်မောကာ

"ဒီမနက်တော့ ဒီဝင်းထဲက ဘယ်သူမှ အပြင်သွားကြမှာ မဟုတ်ဘူးလို့ ငါထင်တယ်။ များသောအားဖြင့်တော့ အိမ်နောက်ဖက်က လင်မယား စုံတွဲလူငယ်လေးတွေက အားလပ်ရက်ဆို မိဘအိမ် ပြန်တတ်ကြတာ။ အခုတော့ သူတို့လည်း မသွားကြသေးဘူး၊ အကုန်လုံး ဒီမှာပဲ ရှိနေကြသေးတယ်"

ချန်ချင်းယွီ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း တိုးတိုးလေး ပြောလိုက်မိလေသည်။

"လူတိုင်းက ပွဲကောင်းကြည့်ချင်ကြတာကိုး၊ ဟုတ်တယ်မလား?"

အဒေါ်ကြီးမေ့မှာလည်း "အဲ့ဒါပေါ့!" ဟု လေသံနှိမ့်၍ ပြန်ဖြေလိုက်၏။

ထိုစဉ်မှာပင် ဝမ်တာ့ချွေသည် အိမ်နောက်ဖက်မှ အညစ်အကြေးအိုးကို ကိုင်၍ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ချန်ချင်းယွီ ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်သော်လည်း... အို... ဝမ်တာ့ချွေမှာ ပုံမှန်အားဖြင့် ဖရိုဖရဲနှင့် ပေပေတေတေ နေတတ်သူ၊ အရပ်ရှည်ပြီး ကိုယ်လုံးကြီးသော်လည်း အသားအရောင်မှာ အလွန်ညိုမဲသူ ဖြစ်သည်။ ယခုမူ သူသည် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသဖြင့် ကြည့်ကောင်းနေရုံသာမက အသားပင် အနည်းငယ် ဖြူလာသလို ထင်ရ၏။

ချန်ချင်းယွီ၏ နှုတ်ခမ်းများမှာ တွန့်သွားကာ "..."

သူ အရင်က အသားမဲနေတာ ညစ်ပတ်နေလို့ပေါ့လေ?

ဘယ်လောက်တောင် ညစ်ပတ်နေခဲ့တာလဲ!

ချန်ချင်းယွီ အံ့အားသင့်သွားရသည်။

သူမ တကယ်ကို အလွန်းခဲ့သည်!

တကယ်ကို မယုံနိုင်လောက်အောင် တုံးအလွန်းခဲ့သည်!

သို့သော် ဤလူမှာ အမှန်ပင် အသားဖြူလာသည်၊

အင်း... ရေချိုးလိုက်ရတဲ့ တန်ဖိုးကတော့ သေချာပေါက် ရှိသားပဲ…

ချန်ချင်းယွီသည် အိမ်ထဲသို့ တိတ်တဆိတ်ဝင်လာကာ အဘွားကြီးကျောက်ကို တိုးတိုးလေး ကပ်ပြောလိုက်မိ၏။

"တွေ့လား? နင့် တကယ်ကို အ,လွန်းတာပဲလို့ ငါပြောသားပဲ… တချို့လူတွေဆို တစ်နှစ်ပတ်လုံး ရေမချိုးကြဘူး! ငါတို့ ရပ်ကွက်ထဲမှာ အများသုံးရေချိုးခန်း သွားတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ? အိမ်မှာ ချိုးတာက တစ်ပိုင်းပေါ့၊ တချို့ဆို အိမ်မှာတောင် မချိုးကြဘူး။"

ချန်ချင်းယွီ : "..."

ကောင်းပါပြီလေ၊ ကျွန်မကပဲ ဗဟုသုတ နည်းပါးတာ ဖြစ်ပါလိမ့်မယ်။

အဘွားကြီးကျောက် : "ဝမ်တာ့ချွေကိုပဲ ကြည့်လေ။ သူက နှစ်သစ်ကူးကျမှပဲ စနစ်တကျ ရေချိုးတတ်တာမျိုး။"

ချန်ချင်းယွီ : "………………………………???!!!"

သူမ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားရ၏။

အဘွားကြီးကျောက် : “မယုံရင်လည်း နေပါအေ၊ ငါက လိမ်ပြောနေတာ မဟုတ်ဘူး၊ တကယ်ပြောတာ"

ချန်ချင်းယွီထက် မိမိမှာ ပို၍ အတွေ့အကြုံရှိသည်ကို သိလိုက်ရသဖြင့် သူမမှာ ကျေနပ်ပီတိ ဖြစ်နေရှာသည်။

"နင်တို့လို လူငယ်တွေကတော့ မဟုတ်သေးပါဘူးအေ။ ကိစ္စသေးသေးလေးကိုတောင် အလွန်အမင်း တုံ့ပြန်တတ်ကြတယ်။ ကျန့်ဝမ်နဲ့ နင်နဲ့ အတွဲညီတာ မဆန်းပါဘူး။ အရင်က ကျန့်ဝမ်လည်း အဲ့ဒီအကြောင်းတွေ လာညည်းဖူးတယ်။ ဒါပေမဲ့ သူတို့ကတော့ ပျော်နေကြတာပဲလေ။ ကိုယ့်အလုပ်ကိုယ် လုပ်တာ အကောင်းဆုံးပါပဲ။"

ချန်ချင်းယွီ : "ဒါဆို... သူ့မှာ သန်းတွေ ဘာတွေ မရှိဘူးလားဟင်?"

အဘွားကြီးကျောက် : "ငါလည်း ဘယ်သိမလဲ! ဒါ့အပြင် သူက အခုပဲ ခေါင်းတုံးတုံးတော့မှာ။ ဆောင်းတွင်း အေးတဲ့အချိန်မှသာ ဆံပင်မညှပ်တာ၊ ရာသီဥတု နည်းနည်း နွေးလာတာနဲ့ ခေါင်းတုံး တုံးပစ်တာပဲ။"

ချန်ချင်းယွီ : "..."

တကယ်ကို ညစ်ပတ်တာပဲ!

ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် အလိုက်သင့်နေတတ်သူဟု ထင်ခဲ့ဖူးသော်လည်း ယခုမူ သူမသည် ဤလူများကို မည်သို့မျှ မယှဉ်နိုင်ကြောင်း သိလိုက်ရတော့သည်။ သူတို့အားလုံးမှာ အံ့ဩစရာကောင်းလှ၏။ အရာရာကို လျစ်လျူရှု့နိုင်စွမ်းမှာ အံ့မခန်းတည်း။

ချန်ချင်းယွီ : "ကျွန်မကတော့ တကယ်ကို..."

ခဏမျှ သူမ ဘာပြောရမှန်းပင် မသိတော့ပေ။

အဘွားကြီးကျောက် :"သူ့ရဲ့ ကြင်ဖက်တွေ့မဲ့သူ မကြာခင် ရောက်တော့မယ် ထင်တယ်၊ အမြန်စားကြစို့"

ချန်ချင်းယွီ ခေါင်းညိမ့်ပြလိုက်၏။

တချို့ကိစ္စ၌ အဘွားကြီးကျောက်၏ စကားကို နားထောင်ခြင်းမှာ အမြဲတမ်း မှန်ကန်သော အလုပ်ပင် ဖြစ်သည်။

"သားလေး၊ ထတော့၊ နေတောင် အတော်မြင့်နေပြီ!"

"အင့်... မေမေကလည်း~"

ချန်ချင်းယွီ : "ထတော့ သားလေး၊ ဒီမနက် ခေါက်ဆွဲစားရမှာနော်"

"ဟုတ်ကဲ့!"

ကလေးငယ်မှာ စားရမည်ဆိုသည်နှင့် ချက်ချင်းပင် ထထိုင်လိုက်၏။

ထမင်းစားချိန်ကို ဘယ်အရာကမျှ နှောင့်နှေးအောင် မလုပ်နိုင်ပေ!

ကြင်ဖက်တွေ့ဆုံပွဲများမှာ စောစောစီးစီး စတင်လေ့ရှိသည်ကို လူတိုင်း သိကြပုံရသဖြင့် နံနက်စာကို စောစော စားနေကြသည်။ အချင်းချင်း လည်ပတ်သူလည်း သိပ်မရှိဘဲ အသီးသီး တိတ်တဆိတ် စားသောက်နေကြ၏။

ချန်ချင်းယွီ : "သူတွေ့မဲ့ မိန်းကလေးက ဘယ်လိုမျိုးလဲဆိုတာ ကျွန်မ တကယ် စိတ်ဝင်စားမိတယ်"

ဝမ်တာ့ချွေတွင် မိသားစုဝန်ထုပ်ဝန်ပိုး မရှိ၊ လစာလည်း မနည်းသော်လည်း၊ ဝမ်တာ့ချွေကဲ့သို့ လူမျိုးနှင့် ပေါင်းဖက်နိုင်မည့် အမျိုးသမီးမှာ အတော်ပင် စွမ်းဆောင်ရည် ရှိရမည်ဟု ချန်ချင်းယွီ ခံစားနေရသည်။ သူ၏ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထတစ်ခုတည်းနှင့်တင် မည်သူ့ကိုမဆို ရူးသွပ်သွားစေနိုင်သည် မဟုတ်လော့။

အဘွားကြီးကျောက် : "ငါ့မိသားစုထဲမှာသာ သင့်တော်တဲ့သူ ရှိရင် ဝမ်တာ့ချွေနဲ့ မိတ်ဆက်ပေးမိမှာ။ ဝမ်တာ့ချွေက မကောင်းဘူးလို့ မထင်နဲ့နော်၊ ငါ့အမြင်မှာတော့ သူက တော်တော်လေး အဆင်ပြေပါတယ်။ အလုပ်လည်း လုပ်နိုင်တယ်၊ တကယ်ကို လိုက်ဖက်တဲ့သူပဲ!"

ချန်ချင်းယွီ : "..."

သေချာသည်မှာ သူမ၏ အတွေးအခေါ်နှင့် ဤခေတ်ကြီးထဲတွင် မွေးဖွားကြီးပြင်းလာသူတို့၏ အတွေးအခေါ်မှာ များစွာ ကွာခြားနေခြင်းပင်။

သူမ မဖြစ်နိုင်ဟု ထင်သော်လည်း အခြားသူများသည်ကား အလွန်ကောင်းသည်ဟု ထင်နေကြ၏။

ချန်ချင်းယွီ : "ကျွန်မ ထင်တာကတော့..."

"အောင်သွယ်တော် ရောက်လာပြီဟေ့!"

အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ဝူးကနဲ လူတိုင်း အပြင်သို့ ပြေးထွက်သွားကြပြီး ကိုယ့်အိမ်ရှေ့မှာကိုယ် အလုပ်ရှုပ်နေသယောင် ဟန်ဆောင်ကြတော့၏။

ချန်ချင်းယွီနှင့် ယောက္ခမဖြစ်သူမှာလည်း ချွင်းချက်မဟုတ်ပေ။ ချန်ချင်းယွီ မှိုခြောက်လှန်းသယောင် ဟန်ဆောင်နေပြီး အဘွားကျောက်မှာမူ အပြင်ဘက်မှ အခြေအနေကို အကဲခတ်နိုင်ရန် ပန်းကန်ဆေးကန်သို့ ချက်ချင်းသွားကာ ပန်းကန်ဆေးနေလေသည်။

သူတို့သည် အတင်းအဖျင်း ပြောချင်ကြ၍မဟုတ်၊ အိမ်မှုကိစ္စလုပ်ရင်း အမှတ်မထင် အခြေအနေကို ကြည့်နေခြင်းသာ ဖြစ်၏!

တကယ်ပါ! ယုံကြည်ပါ!

ထိုစဉ်မှာပင် အောင်သွယ်တော်မာသည် ယွီမေကျွမ်းကို ခေါ်ဆောင်လာပြီး တိုးတိုးလေး မှာကြားနေသည်။

"ညည်း စိတ်ခိုင်ခိုင်ထားနော်။ ညည်းက အရာရှိမိသားစုက လာတာလို့ ငါပြောထားတာဆိုတော့ လုံးဝ တည်တည်ငြိမ်ငြိမ် နေရမယ်။ အိမ်ထောင်ရေးစာချုပ် ရသွားတာနဲ့ သူ နောက်ဆုတ်လို့ မရတော့ဘူး။ ဒါက ညည်းရဲ့ တစ်သက်တာလုံးအတွက် အရေးကြီးတဲ့ ကိစ္စပဲ။ ငါ့ရဲ့ ရင်းနှီးတဲ့ ဆွေမျိုးအရင်းအချာသာ မဟုတ်ရင် ဒီလောက်ထိ ကူညီမှာ မဟုတ်ဘူး။ ငါ့ကျေးဇူးကို သိဖို့ ငါမမျှော်လင့်ပါဘူး၊ ဒါပေမဲ့ ငါ့မျက်နှာကိုတော့ မပျက်စေနဲ့။ အရာရှိမိသားစုဝင်ဆိုတဲ့ ဂုဏ်ပုဒ်ကို လုံးဝ ထိန်းထားရမယ်။"

ယွီမေကျွမ်း : "ကျွန်မ သိပါတယ်ရှင်။"

ဤသည်မှာ သူမအတွက် ရရှိခဲလှသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သူမ မည်သို့လျှင် မသိဘဲ နေပါမည်နည်း။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျေးလက်တောရွာတွင် မည်မျှပင် ဒုက္ခဆင်းရဲ ခံခဲ့ရသည်ကို သူမ အသိဆုံးပင်။ မြို့ပြမိန်းကလေးများမှာလည်း ဆင်းရဲနိုင်သော်လည်း လယ်ကွင်းထဲတွင် အလုပ်လုပ်ရခြင်းနှင့်မူ မနှိုင်းသာပေ။ နေ့စဉ်နှင့်အမျှ နေပူမိုးရွာထဲတွင် အလုပ်လုပ်ခဲ့ရသဖြင့် သူမ၏ဘဝမှာ အလွန်ပင် ပင်ပန်းဆင်းရဲခဲ့ရပြီး သူမ တကယ်ပင် ဆက်လက် အောင့်အည်းသည်းမခံနိုင်တော့ပေ။ မြို့ပေါ်မှာသာ နေခွင့်ရမည်ဆိုပါလျှင် ဘာမဆို လုပ်ဝံ့၏။

သို့သော်လည်း သူမ၏ အခြေအနေနှင့် အလုပ်သမားတစ်ယောက်ကို လက်ထပ်ရန်မှာ မဖြစ်နိုင်ကြောင်း သူမသိသည်၊ ကွာရှင်းထားသည့် အမျိုးသားများပင်လျှင် သူမကို အလိုရှိကြမည်မဟုတ်ပေ။ အကြောင်းမှာ သူမ မြို့ပေါ်သို့ လက်ထပ်ရောက်ရှိသွားသည့်တိုင်အောင် သူမ၏ အိမ်ထောင်စုစာရင်းကို ပြန်လည်ပြောင်းရွှေ့၍ မရနိုင်ခြင်းကြောင့်တည်း။

ကျေးလက်အိမ်ထောင်စုစာရင်း ဖြစ်နေခြင်းမှာ အလွန်ပင် ဖိအားများလှသည်။ ကလေးများ ရလာပါက ကလေး၏ အိမ်ထောင်စုစာရင်းမှာ မိခင်နောက်သို့ လိုက်ရမည်ဖြစ်ရာ ဖိအားမှာ ပို၍ပင် ကြီးမားလာပေလိမ့်မည်။

ထို့ကြောင့် အလွန်ဆင်းရဲသော မိသားစုမှ အမျိုးသားပင်လျှင် သူမကို သဘောတူမည်မဟုတ်ပေ။ ထို့ကြောင့်ပင် သူမသည် မိသားစုချမ်းသာသယောင်၊ အလုပ်အကိုင်ရှိသယောင် လိမ်ညာပြီး နောက်မှ ငြင်းမရအောင် ဖန်တီးရခြင်းဖြစ်သည်။

အဆင်ပြေသည့် လက်ထပ်မှုမျိုး ဖြစ်နေသည့်တိုင်အောင် မြို့ပေါ်မှာ နေထိုင်ခွင့်ရရန် တစ်စုံတစ်ယောက်ကို ရအောင်ရှာရမည်ဖြစ်၏။

ယွီမေကျွမ်း : "ဒေါ်ဒေါ် စိတ်မပူပါနဲ့၊ ကျွန်မ သေချာပေါက် ဒေါ်ဒေါ့်မျက်နှာ မပျက်စေရပါဘူး။ ကျွန်မရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ဒေါ်ဒေါ် သိသားပဲ၊ ကျွန်မ အဆင်ပြေပါတယ်။ အရာအားလုံးက ကျွန်မ ထိန်းချုပ်မှုအောက်မှာပါ။ ဒါက ကျွန်မဘဝရဲ့ အရေးကြီးတဲ့ ကိစ္စပဲလေ။"

အောင်သွယ်တော်မာ : "အေး... ညည်း ဒီလိုပြောတာ ကြားရတော့ ငါ စိတ်အေးသွားပါပြီ။"

သူမ လူကို အိမ်ဝင်းထဲသို့ ဦးဆောင်ခေါ်လာရင်း

"ကြည့်စမ်း၊ ဒါက နေအိမ်ဝင်းပဲ။ ဟိုလူက စတုတ္ထဝင်းထဲမှာ နေတာ၊ သူ့မှာ ကိုယ်ပိုင်အခန်း ရှိတယ်။ သူ့ရဲ့ အခြေအနေတွေက တကယ်ကို ကောင်းပါတယ်"

"အောင်သွယ်တော်မာ၊ ဒါ တွေ့မဲ့မိန်းကလေးလား?"

အဘွားကြီးဝမ်သည် သူမ အိမ်ဝင်းထဲသို့ ဝင်လာသည်နှင့် ချက်ချင်းပင် ထွက်လာတော့သည်။ သူမသည် ယွီမေကျွမ်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်ရင်း မျက်မှောင်ကြုတ်လိုက်၏။ သူမသည် သူမ၏ ချွေးမဝမ်မေ့လန်ထက်ပင် အသက်ကြီးပုံရနေသည်!

"သူက အသက် ၂၆ နှစ်ခွဲ မဟုတ်ဘူးလား? ကြည့်ရတာ ၃၆ နှစ် ဖြစ်နေသလိုပဲ!"

အဘွားကြီးဝမ်သည် တစ်စုံတစ်ခုကို ပြောချင်သော်လည်း လည်ချောင်းထဲတွင် တစ်ဆို့နေပြီး ဘာပြောရမှန်း မဝေခွဲနိုင်အောင် ဖြစ်နေရှာသည်။

သူမ စကားမပြောနိုင်ဖြစ်နေစဉ်မှာပင် မှိုခြောက်လှန်းသယောင် ဟန်ဆောင်နေသော ချန်ချင်းယွီမှာ ဘေးတိုက်လှမ်း၍ အကဲခတ်လိုက်၏။ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမမှာ မှင်တက်သွားရကာ….

အမှန်တကယ်ပင်... လုံးဝ မှင်တက်သွားခြင်း ဖြစ်သည်!

ဤမိန်းကလေးမှာ သူမအဖေ၏ မယားပါသမီးဖြစ်သူ ယွီမေကျွမ်း ဖြစ်နေလိမ့်မည်ဟု ချန်ချင်းယွီ တစ်ခါမျှ မတွေးမိခဲ့ပေ။

ယွီမေကျွမ်း၏ အဝတ်အစားနှင့် ဆံပင်ပုံစံမှာ မနေ့ကနှင့် မတူသော်လည်း!!!!!!!!!!

ဒါ ယွီမေကျွမ်းပဲ!

ဒါ အစစ်အမှန် ယွီမေကျွမ်းပဲ!

သောက်ခွေး!! ယွီမေကျွမ်းကြီး!!

သူမ ဝတ်ထားသည့် အဝတ်အစားများမှာလည်း ချန်ချင်းယွီ၏ အဝတ်အစားများ ဖြစ်နေသည်။

အိုဟိုး…လွန်ခဲ့သော အချိန်များက သူမပိုင်ဆိုင်ခဲ့သော အဝတ်အစားများပေါ့!

ချန်ချင်းယွီမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးအဝိုင်းသား၊ ပါးစပ်အဟောင်းသားနှင့် စကားပင် မဆိုနိုင်တော့ပေ။

သို့သော် မည်သူမျှ ချန်ချင်းယွီကို သတိမထားမိကြဘဲ အားလုံး၏ အကြည့်များမှာ ယွီမေကျွမ်းထံသို့သာ ရောက်နေကြ၏။

အောင်သွယ်တော်မာ: "ဝမ်တာ့ချွေက စတုတ္ထဝင်းထဲမှာ မဟုတ်လား? တို့တွေ အခုသွားကြမယ်လေ။ ကဲ... ငါ့နောက်က လိုက်ခဲ့။"

ယွီမေကျွမ်း "အင်း" ဟု တိုးတိုးလေး ဆိုကာ အလျင်အမြန် လိုက်သွား၏။

အဘွားကြီးဝမ်မှာ မနေနိုင်ဘဲ "သူက ဘာလို့ ဒီလောက် အိုစာနေရတာလဲ?" ဟု ပြောမိသွားလေသည်။

ယွီမေကျွမ်း အဘွားကြီးဝမ်ကို မကျေမနပ်အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ပြဿနာရှာရန်မူ မဝံ့ရဲပေ။

ဘာပဲဖြစ်ဖြစ် ဤနေရာမှာ သူမ၏ နယ်မြေမဟုတ်ပေ။

ချန်ချင်းယွီ မှင်တက်နေပြီး ဝမ်မိသားစု၏ တံခါးဝတွင် ရပ်နေသော ဝမ်မေ့လန်မှာလည်း အံ့အားသင့်နေသည်။ သူမသည် ရှေ့ကလူကို ကြည့်ရင်း ဝေခွဲမရဖြစ်ကာ လုံးဝ မှတ်မိခြင်း မရှိပေ! သူမတို့ စက်ရုံတွင် လူရာပေါင်းများစွာ ရှိသော်လည်း အများစုမှာ ရင်းနှီးပြီးသား မျက်နှာများဖြစ်ရာ ဤတစ်ယောက်ကိုမူ... သူမ လုံးဝ မမှတ်မိပေ။

ဝမ်ကျန့်ကော်: "မင်း သူ့ကို မြင်ဖူးတယ်မဟုတ်လား? မင်းတို့ စက်ရုံမှာ ဘာလုပ်တာလဲ?"

ဝမ်မေလန်: "ကျွန်မ... ကျွန်မ သူ့ကို မသိဘူး။"

ဝမ်ကျန့်ကော် သူ့ဇနီးကို အံ့ဩတကြီး ကြည့်လိုက်၏။

ဝမ်မေ့လန်၏ အမူအရာမှာ ရှုပ်ထွေးနေပြီး

"ဒီအမျိုးသမီးကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး"

ဝမ်ကျန့်ကော်မှာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရ၏...

ယွီမေကျွမ်းမှာ လမ်းလျှောက်ရင်း ခြေချော်ကာ ဟန်ချက်ပျက်မလိုပင် ဖြစ်သွားသည်။ ချည်မျှင်နှင့် အထည်လုပ်ငန်းစက်ရုံမှ လူများ ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ပေ။ သူမသည် ဘေးဘီကို ထိတ်လန့်တကြား ကြည့်လိုက်သော်လည်း ဘာပြန်ပြောရမည်ကို မစဉ်းစားနိုင်ခင်မှာပင် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာ၏။

"ယွီမေကျွမ်း?"

ယွီမေကျွမ်းသည် အသံလာရာဘက်သို့ ကြည့်လိုက်ပြီး

"သောက်ကျိုးနည်း!" ဟု အော်လိုက်မိရာ အောင်သွယ်တော်မာ တစ်ယောက် လန့်သွားတော့သည်။

"ဘာလုပ်တာလဲ!"

သူမ အော်ဟစ်လိုက်ကာ

"ညည်းပဲ အရာအားလုံးကို ထိန်းချုပ်နိုင်တယ်ဆို? ဘာဖြစ်တာလဲ?"

ယွီမေကျွမ်းမှာ "ချန်ချင်းယွီ?" ဟု အော်လိုက်ပြီး

သူမ စိတ်ဓာတ်များ ပြိုလဲသွားကာ

"နင် ဒီမှာ ဘာလုပ်နေတာလဲ? နင် လက်ထပ်သွားပြီ မဟုတ်လား?"

ချန်ချင်းယွီမှာ အပြစ်ကင်းစင်ကာ ရိုးသားသော အမူအရာလေးဖြင့်

"ဟုတ်တယ်၊ ငါ လက်ထပ်လိုက်ပြီ။ ဒီမိသားစုထဲကို လက်ထပ်ဝင်လာတာလေ"

ယခုမူ အရာအားလုံး ရှင်းသွားပြီဖြစ်ရာ ယွီမေကျွမ်းသည်လည်း အိမ်ထောင်ရေးလိမ်လည်မှု လုပ်နေခြင်းဖြစ်ကြောင်း ချန်ချင်းယွီ အသေအချာ သိလိုက်ပြီဖြစ်သည်။ သူမသည် အရာရှိမိသားစုဝင် မဟုတ်သလို၊ စက်ဘီးကို အမွေပေးမည့် ကိစ္စမှာလည်း မဖြစ်နိုင်ပေ။ ချန်ရိကျွင်း သူမအပေါ် ထိုမျှအထိ ကောင်းပါမည်လော့။ အလုပ်ရှိသည်ဟု ကြွားဝါခြင်းမှာမူ ပို၍ပင် အဓိပ္ပာယ်မဲ့လှ၏။

ယွီမေကျွမ်းတွင် အမှန်ပင် အလုပ်ရှိခဲ့ဖူးသည်၊ အထည်လုပ်ငန်းစက်ရုံမှာပင် ဖြစ်သော်လည်း ထိုအလုပ်ကို လွန်ခဲ့သော ၄ နှစ်ကျော်ကတည်းက သူမမောင်အကြီးဆုံးကို ပေးခဲ့ပြီးသားဖြစ်သည်။ ရက်အနည်းငယ်အတွင်း သူမ နောက်ထပ်အလုပ်တစ်ခု ရသွားသည်ဟု ချန်ချင်းယွီ မယုံကြည်ပေ။ မောင်ဖြစ်သူ၏ အလုပ်ကို သူမ ပြန်ယူလိုက်သည်မှာလည်း ပို၍ပင် မဖြစ်နိုင်သေးပေ။

ချန်ချင်းယွီသည် ယွီမေကျွမ်းကို စူးစိုက်ကြည့်နေမိ၏။

ယွီမေကျွမ်းမှာ ရုတ်တရက်ဆိုသလို ချွေးစေးများ ထွက်လာမိသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ဤဝင်းထဲတွင် ချည်မျှင်နှင့်အထည်စက်ရုံမှ လူတစ်ယောက် ရှိနေလိမ့်မည်ဟူ၍လည်းကောင်း၊ ပို၍တိုက်ဆိုင်သည်မှာ ချန်ချင်းယွီမှာ ဤဝင်းထဲရှိ မိသားစုထဲသို့ လက်ထပ်ရောက်ရှိနေမည်ဟူ၍လည်းကောင်း မည်သူက ထင်ထားပါမည်နည်း။ ယွီမေကျွမ်းမှာ လုံးဝပင် ဆွံ့အသွားနေမိ၏။

အောင်သွယ်တော်မာသည် ချန်ချင်းယွီကို သံသယဖြင့် ကြည့်လိုက်ပြီး ရင်တုန်တုန်ဖြင့်

"နင်တို့နှစ်ယောက် သိကြတာလား?"

သူမသည် လူကို လိမ်ညာနေသူဖြစ်ရာ ဖော်ကောင်လုပ်ခံရမည်ကို အကြောက်ဆုံးပင်။ အကယ်၍ သူမ လိမ်နေသည်ကို လူတိုင်းသိသွားပါက နောင်တွင် မည်သူက သူမကို အောင်သွယ်ခိုင်းဝံ့တော့မည်နည်း။

အောင်သွယ်တော်မာမှာ ယခုမှပင် အမှန်တကယ် နောင်တရနေမိသည်။ အကျိုးအမြတ် အနည်းငယ်ကို မက်မောခဲ့မိခြင်းအတွက် ဒုက္ခရောက်ရချေပြီ…

ဤကိစ္စမှာတော့ ပျက်စီးဖို့ သေချာနေပြီ!

သူမ စကားမပြောနိုင်ခင်မှာပင် အပြင်သို့ ထွက်လာသော ရှီကျန့်ရှန်းမှာ စိတ်မရှည်စွာဖြင့်

"ဘာတွေ ဖြစ်နေတာလဲ? နင် သူ့ကို ဘယ်လို သိတာလဲ?"

အခြားသူများသည်လည်း ဝိုင်းပြောကြကာ

"ရှောင်ချန် နင်က အရာရှိမိသားစုက ကလေးတွေကိုတောင် သိတာလား?"

"ဘာပဲဖြစ်ဖြစ် လမ်းမှာ ပိတ်မနေကြနဲ့လေ! ဝမ်တာ့ချွေက မနက်စောစောကတည်းက အိမ်မှာ စောင့်နေတာ။"

"ဟုတ်တယ်၊ ဟုတ်တယ်။ နှုတ်ဆက်နေတာတွေ ခဏထားဦး၊ အရင်ဆုံး ကြင်ဖက်တွေ့တဲ့ပွဲကို စလိုက်ကြရအောင်။"

"အခြေအနေက ဘာလို့ တစ်မျိုးကြီး ဖြစ်နေတာလဲ? တစ်ခုခု ထူးဆန်းနေသလိုပဲနော်?"

"သိရင်လည်း ပြောလိုက်ကြပါ၊ ဘာမှမပြောဘဲ မနေကြနဲ့။"

လူတိုင်း တစ်ကွက်မှ မလွတ်စေရန် ထိုမြင်ကွင်းကို စူးစိုက်ကြည့်နေကြသည်။ စတုတ္ထဝင်းဘက်မှ ဆူညံသံများကို ကြားရသဖြင့် ဝမ်တာ့ချွေလည်း ရောက်လာခဲ့၏။

"ဘာတွေ ဖြစ်နေတာလဲ?"

သူသည် သံသယဖြင့် မေးလိုက်၏။

အားလုံးမှာ တိတ်ဆိတ်နေကြပြီး

သူတို့ စကားမပြောချင်၍ မဟုတ်ဘဲ ဘာဖြစ်နေမှန်း မသိကြ၍ပင်။

ဝမ်တာ့ချွေသည် အောင်သွယ်တော်မာ ဘေးမှ မရင်းနှီးသော မိန်းကလေးကို ကြည့်လိုက်မိသည်။

အင်း... သူနဲ့တွေ့မယ့် မိန်းကလေးပေါ့လေ?

ကြည့်ရသည်မှာ အသက်နှစ်ဆယ် အစောပိုင်းနှင့် မတူပေ။ ထို့ပြင်…

ဝမ်တာ့ချွေ : "အောင်သွယ်တော်မာ၊ ခင်ဗျား ဘာလို့ လိမ်တာလဲ? ဒီမိန်းကလေးက အရပ် ၅ ပေ ၅ လက်မ (၁.၆၅ မီတာ) ရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား? ခင်ဗျား လိမ်နေတာပဲ! သူက ၅ ပေ ၅ လက်မ ဘယ်မှာ ရှိလို့လဲ!"

သူမမှာ ပြောထားသည်ထက် များစွာ ပုနေ၏။

အောင်သွယ်တော်မာမှာ ပထမဆုံး ပေါက်ကွဲထွက်လာသည့် ကိစ္စသည် ဤအချက် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမ အလျင်အမြန်ပင် ဖြေရှင်းချက်ပေးကာ

"ဖိနပ်စီးထားရင် ၅ ပေ ၅ လက်မ ရှိပါတယ်အေ၊ ရှူးဖိနပ်အမြင့်လေးတွေနဲ့ တိုင်းရင် ဖြစ်နိုင်တာပေါ့"

သူမ အနေခက်စွာ ရယ်မောရင်း

"တကယ်တော့ ဖိနပ်မပါရင် နည်းနည်း ပုချင်ပုမှာပေါ့၊ ဒါပေမဲ့ ဒါက ဘာမှမဟုတ်ပါဘူး။ မိန်းမတွေရဲ့ အရပ်ဆိုတာ အမျိုးမျိုးပဲလေ၊ တစ်လက်မ နှစ်လက်မလောက် ကွာတာက ကိစ္စမရှိပါဘူး"

ဝမ်တာ့ချွေ မျက်မှောင်ကြုတ်လျက် နေရာမှမရွေ့ဘဲ

"ဒါဆို ဘာလို့ အသက်နှစ်ဆယ်အစောပိုင်းလို့ ပြောတာလဲ? ကြည့်ရတာ အသက်သုံးဆယ်နှောင်းပိုင်း၊ လေးဆယ်နားတောင် နီးနေသလိုပဲ!"

လူတိုင်း အံ့အားသင့်သွားကြ၏။

သိနေသည့်တိုင်အောင် ကြင်ဖက်တွေ့သည့်နေ့မှာ ဤသို့ တဲ့တိုးကြီး ပြောရန် မသင့်တော်ဘူး မဟုတ်လော့။

ဒါကတော့ တကယ်ကို မဟုတ်သေးဘူး…

သို့သော် ဝမ်တာ့ချွေမှာ ဘွင်းဘွင်းရှင်းရှင်း ပွင့်လင်းလွန်းလှသည်။

"အရပ်ကို လိမ်လို့ရရင် အသက်ကိုလည်း လိမ်နိုင်တာပဲ။ ခင်ဗျားရဲ့ မှတ်ပုံတင် ထုတ်ပြစမ်း။"

ယွီမေကျွမ်းမှာ ခဏမျှ ထိတ်လန့်သွားရ၏။ သေချာသည်မှာ သူမသည် မှတ်ပုံတင် ထုတ်မပြဝံ့ပေ။ မှတ်ပုံတင်ပေါ်ရှိလိပ်စာမှာ သူမ အလုပ်သွားလုပ်ခဲ့ရသည့် ကျေးလက်ဒေသ ဖြစ်နေသည်မဟုတ်ပါလော! ပေကျင်းမြို့သား လုံးဝမဟုတ်ပေ။

သူမ၏ ထိတ်လန့်သွားသော အမူအရာသည် လူတိုင်းကို ရိပ်မိသွားစေသည်။

ဝမ်တာ့ချွေက မျက်လုံးပြူးသွားကာ

"သောက်ကျိုးနည်း၊ မင်း အသက်ကို လိမ်ထားတာ မဟုတ်လား?"

သူသည် မိမိအလှည့်ကျမှ ကံကောင်းပြီဟု ထင်နေခဲ့သော်လည်း အသက်လိမ်ထားသူနှင့် တိုးနေရသည်မဟုတ်ပါလော!

သူ ဒေါသတကြီး စိုက်ကြည့်နေစဉ် ယွီမေကျွမ်းက ချက်ချင်းပင်

"ကျွန်မ အသက်မလိမ်ဘူး။ ဒါပေမဲ့ ရှင်ကရော၊ ကြည့်ရတာ ၂၉ နှစ်နဲ့ မတူဘူး၊ ၄၀ လောက် ဖြစ်နေပြီ"

ဝမ်တာ့ချွေ : "ငါက ၂၉ နှစ်အစစ်၊ ၂၉ နှစ်ခွဲ၊ လုံးဝ သေချာတယ်။ ငါက မှတ်ပုံတင် ပြရဲတယ်၊ မင်းကော ပြရဲလား?"

"ကျွန်မက အသက် ၂၆ နှစ်ခွဲပဲ ရှိသေးတာ။ တကယ်လို့ လိမ်ရင် မိုးကြိုးပစ်ပါစေ။"

"ငါလိမ်ရင်လည်း မိုးကြိုးပစ်ပါစေ။ ဒါပေမဲ့ မင်းကတော့ မှတ်ပုံတင် မပြဝံ့ဘူး မဟုတ်လား။"

နှစ်ယောက်သား အပြန်အလှန် စိန်ခေါ်နေကြရာ အောင်သွယ်တော်မာမှာ ချွေးပြန်နေတော့သည်။ သူမသည် အောင်သွယ်လုပ်ရာတွင် တစ်ဖက်နှင့်တစ်ဖက် လိမ်ညာပေးလေ့ရှိပြီး၊ နောက်ဆုံး အဆင်ပြေသွားလျှင် ရပြီဟု မှတ်ယူထား၏။ အောင်သွယ်ခသာ အပြည့်အဝရလျှင် ကျန်တာ ဘာမှ ဂရုမစိုက်ပေ။

ဘာပဲဖြစ်ဖြစ် ဒါက သူမဘဝမှ မဟုတ်တာ… ဘာဂရုစိုက်နေရမှာလဲ?!

လက်ထပ်ပြီးရင်တော့ ဇနီးမောင်နှံချင်း သည်းခံသွားကြမှာပေါ့!!

ဒါပေမဲ့ အခုတော့ ပထမဆုံးတွေ့ဆုံမှုမှာပဲ အကြပ်အတည်း ဖြစ်နေရပြီ၊

အကြပ်အတည်းကလည်း အခြားလိမ်လည်မှုတွေကြောင့် မဟုတ်ဘဲ ရုပ်ရည်ကြောင့်တဲ့!!

သောက်ကျိုးနည်း... ဒီယောကျ်ားတွေက ဘာလို့ ရုပ်ရည်တစ်ခုတည်းကိုပဲ ကြည့်နေကြတာလဲ?

"နှစ်ယောက်လုံး စိတ်လျှော့ကြစမ်းပါ၊ မရန်ဖြစ်ကြနဲ့ဦး! တွေ့တွေ့ချင်း ဘယ်လိုလုပ် ရန်ဖြစ်နေကြတာလဲ? ဒါက မကြားဝံ့မနာသာပဲ! ဝမ်တာ့ချွေ၊ ငါ့ကို ယုံစမ်းပါ။ ငါ အောင်သွယ်တော်မာက ဒီလိုကိစ္စမျိုးမှာ မင်းကို လိမ်ပါ့မလား? သူက တကယ်ပဲ အသက်နှစ်ဆယ်အစောပိုင်းပါအေ။"

ဝမ်တာချွေ: "မဖြစ်နိုင်တာ! ကြည့်ရတာ... ကြည့်ရတာ..."

သူ့အကြည့်မှာ မှင်တက်နေဆဲဖြစ်သော ချန်ချင်းယွီထံသို့ ရောက်သွားပြီး

"သူ့ရုပ်ကိုကြည့်ရတာ လင်ကျန့်ဝမ်မိန်းမရဲ့ အမေနဲ့ တူနေပြီး အသက်က ဘယ်လိုလုပ် အသက်နှစ်ဆယ်အစောပိုင်း ဖြစ်နိုင်မှာလဲ"

ယွီမေကျွမ်းမှာ ဒေါသကြောင့် တုန်ရင်နေပြီး

"ရှင် လျှောက်ပြောနေတာပဲ!"

သူမ အသည်းအသန် မခံစားနိုင်သည်မှာ ချန်ချင်းယွီနှင့် နှိုင်းယှဉ်ခံရခြင်းပင်။ သူမက အော်ဟစ်လိုက်ကာ

"ငါက ချန်ချင်းယွီထက် ကြီးတယ်၊ သူက..."

"အသက် ၂၃ လား? ငါက ၂၆ နှစ်ခွဲလေ။ သူ့ထက် နည်းနည်း ပိုအိုသလို ထင်ရတာ ဘာမှားလို့လဲ?"

အဘွားကြီးကျောက် အံ့ဩတကြီးဖြင့်

"ဟယ်... နင်တို့ တကယ်သိနေကြတာပဲလား? သူက နင့်အသက်ကိုတောင် သိနေတယ်!"

အောင်သွယ်တော်မာမှာ အခြေအနေမဟန်တော့ကြောင်း သိသဖြင့် အလိုအလျောက်ပင် တားဆီးရန် ကြိုးစားတော့သည်။

"ကြင်ဖက်တွေ့တဲ့ပွဲမှာ ဘာလို့ တခြားလူတွေကို ဆွဲထည့်နေတာလဲ? လာ... အိမ်ထဲဝင်ပြီး စကားပြောကြရအောင်။ သေသေချာချာ ဆွေးနွေးကြတာပေါ့။ အဆင်ပြေရင်လည်း ကောင်းတာပေါ့၊ မပြေရင်လည်း ဒီမှာတင် ရပ်ကြတာပေါ့။ ကြင်ဖက်တွေ့တာကို ဒီလောက်အထိ ဖြစ်အောင် လုပ်ဖို့ မလိုပါဘူး မဟုတ်လား? ဒါက ကြည့်လို့မကောင်းဘူး။ အပြင်လူတွေသာ သိသွားရင် ကြင်ဖက်တွေ့ဖို့ လာတဲ့သူကို နင်တို့နေအိမ်ဝင်းက ဘယ်လိုဆက်ဆံလဲဆိုပြီး နောင်ကျ ဘယ်သူက အောင်သွယ်ရဲတော့မှာလဲ?"

သူမ၏ လေသံမှာ ခြိမ်းခြောက်သံ အနည်းငယ် ပါနေ၏။

သို့သော် ထိုစကားသည် အဘွားကြီးကျောက်အတွက်မူ အသုံးမဝင်ပေ။

သူမက ဘာလို့ ဂရုစိုက်ရမည်နည်း? ဘာပဲဖြစ်ဖြစ် သူမမိသားစုမှာ အိမ်ထောင်ဖက် တွေ့ရမယ့်လည်း ရှိမှမရှိ….

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ အရွယ်ရောက်ချိန်ကျလျှင် အောင်သွယ်တော်မာမှာလည်း မြေကြီးထဲ ရောက်နေလောက်ပြီ ဖြစ်၏။

ထို့ကြောင့် သူမ လုံးဝ ဂရုမစိုက်ပေ။

သူမ အလွန်သိချင်စိတ်ပြင်းပြစွာဖြင့်

"ဟေး... မဟုတ်သေးပါဘူး၊ နင်တို့ တကယ် သိကြတာလား? ဒါ ဘယ်သူလဲ?"

ချန်ချင်းယွီ: "သူက ကျွန်မ မိထွေးရဲ့ သမီးပါ။ ဆွေမျိုးတော်စပ်မှုအရ ပြောရရင်တော့ ကျွန်မရဲ့ အစ်မ သွေးမတော်သားမစပ်တဲ့ အစ်မပေါ့။"

"သောက်ကျိုးနည်း!"

"အာ!"

"ဘုရားရေ... ဒါက တကယ့် ကပ်ဘေးပဲ! အချင်းချင်း မသိကြတဲ့ ဆွေမျိုးတွေ ဖြစ်နေတာလား!"

"ဒီလိုလည်း မပြောနဲ့လေ! မေ့သွားပြီလား? ချန်ချင်းယွီက သူ့မိသားစုနဲ့ အဆင်မပြေဘူးဆိုတာလေ။"

"နေဦး... ချန်ချင်းယွီရဲ့ မိသားစုက သာမန် အလုပ်သမားမိသားစု မဟုတ်ဘူးလား? အရာရှိမိသားစု မဟုတ်ဘူးလေ?"

ယခုမူ လူတိုင်း တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ရိပ်မိသွားကြသည်။

ဝမ်မေ့လန် အလျင်အမြန်ပင်

"ကျွန်မ အထည်စက်ရုံမှာ လုပ်တာ။ ရှင့်ကို မသိဘူးနော်! ရှင်က ဘယ်အလုပ်ရုံကလဲ?"

သူမသည် စောစောကတည်းက ပြောချင်နေသော်လည်း မြင်ကွင်းမှာ အနည်းငယ် ရှုပ်ထွေးနေသဖြင့် အခွင့်အရေး မရခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူမ အလျင်အမြန်ပင် မေးမြန်းလိုက်၏။

"ရှင့်မျက်နှာက ရင်းနှီးသလိုတော့ ရှိသားပဲ၊ ဒါပေမဲ့ ရှင့်က ကျွန်မတို့စက်ရုံက ဟုတ်လို့လား?"

"ဟင်? အထည်စက်ရုံက မဟုတ်ဘူးလား?"

"ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ?"

လူတိုင်း : ကြင်ဖက်တွေ့တဲ့ပွဲမှာ အဆင်ပြေသွားရင် မုန့်လေးဘာလေး ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စုပြုံတိုးဝှေ့ ကြည့်နေကြတာပါကွာ!!

အခုတော့ အခြေအနေက ဘယ်လိုဖြစ်ပြီး ဒီလမ်းကြောင်း ရောက်သွားရတာလဲ!!!

ယွီမေကျွမ်းသည် တိတ်ဆိတ်စွာ မျက်လုံးမှိတ်ထားမိသည်။

ချန်ချင်းယွီနဲ့ တွေ့ရင်တော့ အကောင်းဖြစ်မှာမဟုတ်ဘူးဆိုတာ သူမ ကြိုသိနေခဲ့သားပဲ!!

အရာအားလုံးကို အကွက်စေ့စေ့ စီစဉ်ထားခဲ့ပေမဲ့ ဒီလောက်မြန်မြန် ဖော်ကောင်လုပ်ခံရလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး…

ဘယ်လိုလုပ်ရမလဲ! ဘယ်လိုလုပ်ရမလဲ!

ယွီမေကျွမ်း : "ကဲ... တော်ပြီ၊ ဒီပွဲကို ကျွန်မ မဆက်တော့ဘူး။ ရှင့်တို့ရပ်ကွက်ကလည်း နေစရာကောင်းတဲ့နေရာ မဟုတ်ပါဘူး။ ဒီလောက် ပြဿနာများတဲ့နေရာမျိုးကို ခွေးပဲ လက်ထပ်ချင်လိမ့်မယ်။ ကျွန်မတော့ ဒီလိုနေရာမျိုးကို မလာချင်ဘူး။ အောင်သွယ်တော်မာ၊ သွားကြစို့! ဒီပွဲကို ကျွန်မ သဘောမတူဘူး!"

သူမ အလိမ်အညာများ အကုန်အစင် ဖော်ထုတ်မခံရခင်မှာတင် ယွီမေကျွမ်း ချက်ချင်း ဆုတ်ခွါရန် ပြင်တော့သည်။

လာတုန်းကတော့ သေသေချာချာ စီစဉ်လာခဲ့ပေမဲ့ အခုတော့ မျှော်လင့်ချက်မရှိတော့မှန်း သူမ သိလိုက်ပြီ…

ချန်ချင်းယွီ ရှိနေသရွေ့တော့ သူမရဲ့ နောက်ကြောင်းကို လူတိုင်းသိကုန်မှာပဲ!! ဘယ်သူ့ကိုမှ လိမ်လို့ရမှာမဟုတ်တော့ဘူး။

အမြန်ပြေးတာက အကောင်းဆုံးပဲ၊ အဆိုးဆုံးတော့…နောက်ထပ် အရူးတစ်ယောက်ကို ပြန်ရှာရုံပေါ့!

ယွီမေကျွမ်း ထွက်သွားရန် ပြင်လိုက်သည်နှင့် အောင်သွယ်တော်မာလည်း သူမ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူမသည် အတွေ့အကြုံ ပိုရင့်ကျက်သူဖြစ်ရာ လက်ရှိအခြေအနေအရ မိမိ၏ နာမည်ဂုဏ်သတင်းနှင့် အလုပ်အကိုင်ကို အကြီးအကျယ် ထိခိုက်စေမည်ကို သိနေ၏။သူမအလျင်အမြန်ပင်

"ဟုတ်တယ်၊ ရှင့်တို့နေအိမ်ဝင်းက လူတွေကို ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေရင်တော့ ကျွန်မလည်း အလုပ်မလုပ်တော့ဘူး။ အောင်သွယ်လုပ်လာတာ ဒီလောက်ကြာပြီ၊ ရှင့်တို့နေအိမ်ဝင်းထဲက လူတွေလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ရှင့်တို့နဲ့ ဘာအလုပ်မှ မလုပ်ချင်တော့ဘူး! ဟွန်း!"

သူမသည် ကိုယ့်ကိုယ်ကိုယ် အမှန်တရားဘက်တော်သားနှယ် ဟန်ဆောင်ပြီး အပြစ်တင်စကား ပြောလိုက်ခြင်းအားဖြင့် အခြေအနေကို ဖျောက်ပစ်ဖို့နှင့် သူမ၏ဈေးကွက်တန်ဖိုးကို မထိခိုက်အောင် ကြိုးစားလိုက်ခြင်းပင်။

"ဝမ်တာ့ချွေ၊ မင်းကို ကြည့်စမ်း! ငါက ကောင်းစေချင်လို့ မိတ်ဆက်ပေးတာကို မင်းက ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်နဲ့ ချက်ချင်း လိုက်အပြစ်ပြောနေတယ်။ ဒီလိုလူမျိုးကို ဘယ်မိန်းကလေးက လက်ထပ်ရဲမှာလဲ? သွားကြစို့။"

သူတို့နှစ်ယောက် ထွက်သွားရန် ပြင်လိုက်စဉ်မှာတင် အတားခံလိုက်ရ၏။

မာကျန့်ယီ : "နေဦး အောင်သွယ်တော်မာ။ ခင်ဗျားပြောတာကို ကျွန်တော် သဘောမတူနိုင်ဘူး။ မသွားခင် အကြောင်းအရာကို ရှင်းအောင် ပြောသွားဦး!"

မာကျန့်ယီသည် ခေါင်းဆောင်တစ်ဦးဖြစ်ရာ အောင်သွယ်တော်မာ၏ ဆိုလိုရင်းကို မသိဘဲ မနေချေ။ တာဝန်ခံလူကြီးတစ်ဦးအနေဖြင့် သူတစ်ပါး မိမိ၏ နေအိမ်ဝင်းကို နာမည်ဖျက်သွားမှာကို သူ ခွင့်မပြုနိုင်ပေ၊ သူ့မှာလည်း လက်ထပ်ပေးရမည့် သားသမီးများ ရှိသေးသည်ဖြစ်၍ နာမည်ပျက် မခံနိုင်ပေ။

"ဟုတ်တယ်။ သွားလို့မရဘူး။ ဘာတွေဖြစ်နေတာလဲဆိုတာ ရှင်းပြသွား။"

"ဒါပေါ့! ခင်ဗျားကပဲ တစ်တွတ်တွတ် ပြောနေတာ၊ ဘာလဲ? အပြစ်တွေကို လွှဲချဖို့ ကြိုးစားနေတာလား?"

လူတိုင်းလည်း ဘာဖြစ်နေမှန်း နောက်ဆုံး ရိပ်မိသွားကြသည်။

သူတို့ သိပ်ပြီး ဉာဏ်မကောင်းကြသော်ငြား အောင်သွယ်တော်နှင့် ယွီမေကျွမ်းတို့ အလောတကြီး ထွက်သွားဖို့ ပြင်နေခြင်းမှာ တစ်ခုခု မှားနေပြီဖြစ်ကြောင်း သိသာလွန်းလှ၏။

"ရှင်းပြစမ်း! ခင်ဗျား ဘာတွေ ပြောခဲ့တာလဲ?"

"ဟုတ်တယ်။ မသွားရဘူး!"

လူတိုင်း လမ်းပိတ်ထားကြသဖြင့် ချန်ချင်းယွီမှာ ကြောင်အမ်းအမ်း ဖြစ်နေရသည်။ သို့သော်လည်း လူတိုင်း သူတို့ကို တားဆီးထားတာ မှန်ကန်သည်ဟု သူမ ခံစားရ၏။

ဘာတွေဖြစ်နေလဲဆိုတာ သူမတို့ သိရမည်မဟုတ်လား…

ကျောက်ရုံ : "ရှောင်ချန် ဒါ နင့်ရဲ့ အစ်မ မဟုတ်လား။ သူ့အခြေအနေကို နင်သိလား? လူတိုင်းကို ပြောပြလိုက်ပါဦး"

ဒါက ကိုယ့်မိသားစုဘက်က ရပ်တည်မလား၊ ခြံဝင်းထဲက လူတွေဘက်က ရပ်တည်မလား ဆိုတာပေါ်မှာ မူတည်နေပြီ။

ကျောက်ရုံ : "နင့်အစ်မက ခြံဝင်းထဲက လူတွေကို လိမ်တာကို နင်က ဝိုင်းကူလို့ မရဘူးနော်။ အဲ့ဒီလိုလုပ်ရင်တော့ တို့တွေ နင့်ကို သည်းခံမှာ မဟုတ်ဘူး။ ပြောစမ်းပါ။"

ချန်ချင်းယွီ အပြစ်ကင်းစင်စွာဖြင့်

"ကျွန်မ ဘာပြောရမှာလဲ? ဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ? သူ့ကို ကျွန်မတောင် မသိပါဘူး။ ကျွန်မက ဒီအိမ်မှာ ကြီးပြင်းခဲ့တာလည်း မဟုတ်ဘူး၊ နောက်မှ လက်ထပ်ဝင်လာတာလေ။ သူက ကျွန်မ မိထွေးရဲ့ ကလေးဖြစ်နေတာထားဦး၊ ကျွန်မရဲ့ အရင်းခေါက်ခေါက် အဖေနဲ့ ကျွန်မမိထွေးတို့ ရထားတဲ့ သားတွေကိုတောင် ကျွန်မ မသိပါဘူး"

သူမ နည်းနည်းလေး ဝမ်းနည်းသွားသယောင် ဟန်ဆောင်က

"သူတို့က ထွက်ပြေးသွားတာမှ မဟုတ်တာ၊ အကုန်လုံး ဒီမှာ ရှိနေကြတာပဲ။ သူတို့ကိုပဲ သွားမေးပါလား? ကျွန်မကို ဘာလို့ လာမေးနေတာလဲ? ဘာဖြစ်လို့ဖြစ်မှန်းတောင် ကျွန်မ မသိပါဘူး။ ရှင့်တို့က မနေ့ကတည်းက ကြိုသိနေကြတာပဲကို..."

"ရှင့်တို့က ကျွန်မထက်တောင် ပိုသိနေတာကို၊ ကျွန်မကို မေးနေလို့ ဘာထူးမှာလဲ?"

အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ အကြည့်နှင့် ဆုံလိုက်သည်နှင့် ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားကာ အော်ဟစ်တော့သည်။

"နင် ကျောက်ရုံ၊ ငါ့ချွေးမက ချောနေတော့ နင်က မနာလိုဖြစ်ပြီး သက်သက် ပြဿနာရှာနေတာလား? နင်က ဘာလဲ၊ လူတော်ကြီး ဟန်ဆောင်နေတာလား? ငါ့ချွေးမက နင်တို့လိုတောင် ဘာမှမသိတာကို နင်က သူ့ကို ဒီကိစ္စထဲ အတင်းဆွဲထည့်နေတယ်! ဘာလဲ? ငါ့အိမ်မှာ ယောကျ်ားသား မရှိဘူးဆိုပြီး ငါတို့အပေါ်မှာ အာဏာပြချင်နေတာလား? ဒီမှာရှိတဲ့ လူတိုင်းက ငါ့မိသားစုကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေကြတာပဲ! ငါ့ချွေးမကို ငါပဲ ဆူလို့ရတယ်! တခြားလူတွေ ဆူတာတော့ မရဘူး! ကောင်မ သေစမ်း ရော့!"

သူမ ကျောက်ရုံ၏ ဆံပင်ကို ဆွဲလိုက်လေ၏။

ကျောက်ရုံ : "အား... အဘွားကြီး၊ ရှင် ဘာလုပ်တာလဲ!"

အဘွားကြီးကျောက် : "နင်က ဘာလုပ်ချင်နေတာလဲ? ငါ့မိသားစုနဲ့ ဘာမှမဆိုင်တဲ့ ကိစ္စကို ငါတို့ကို ဆွဲထည့်ချင်နေတာ။ နင် ဘာတွေ ကြံစည်နေတာလဲ? နင်ကတော့ တကယ့် အရှက်မရှိတဲ့ မိန်းမပဲ!"

အဘွားကြီးကျောက် လက်သီးနှင့်တစ်ချက် ထိုးလိုက်ပြန်သည်။

ကျောက်ရုံ : "အား! တာ့ချွေ! တာ့ချွေ!"

ဝမ်တာ့ချွေ ရှေ့ကို ပြေးတက်လာပြီး အဘွားကြီးကျောက်ကို ကိုင်ပြီး တွန်းထုတ်လိုက်ကာ

"ဘာလုပ်တာလဲ! အစ်မကျောက်ကို ဘာလို့ အနိုင်ကျင့်နေတာလဲ?"

ချန်ချင်းယွီလည်း အဘွားကြီးကျောက်ကို အလျင်အမြန်ပင် တွဲထူလိုက်ပြီး ငိုမဲ့မဲ့ဖြင့် ပြောလိုက်၏။

"ဝမ်တာ့ချွေ၊ ရှင်က ဘယ်လိုပြောလိုက်တာလဲ? ဒါက အစ်မကျောက်က သက်သက် ပြဿနာရှာတာ သိသာနေတာပဲ။ ကျွန်မယောက္ခမက စိတ်တိုသွားလို့ လုပ်လိုက်တာကို ရှင်က..."

"ဒီလိုပဲ ဖြစ်နေမှာလား? ရှင်က အစ်မကျောက်ကို ကာကွယ်ပေးသလို ကျွန်မယောက္ခမကလည်း ကျွန်မကို ကာကွယ်ပေးတာပဲလေ! သူက တက္ကသိုလ်ဘွဲ့ရတစ်ယောက်ပဲ၊ ဒီလို ကိစ္စသေးသေးလေးမှာ အမှားအမှန်ကို မခွဲခြားနိုင်ဘူးလား? သူက ကျွန်မကို အကြောင်းပြချက်မရှိဘဲ ဆွဲထည့်တယ်၊ ကျွန်မကို တစ်ဖက်လှည့်နဲ့ အပြစ်ပုံချနေတာ၊ ဒါက အနိုင်ကျင့်တာ မဟုတ်ဘူးလား?"

သူမ မျက်ရည်အတုများနှင့် အစွမ်းကုန် သရုပ်ဆောင်၍ ဆက်ပြောကာ

“ကျွန်မ ဒီနေအိမ်ဝင်းမှာ နေလာတာ နှစ်တွေ အများကြီး ရှိပါပြီ၊ ကျွန်မက ကျွန်မမိသားစုနဲ့ လုံးဝ အဆက်အသွယ် မရှိဘူးဆိုတာ လူတိုင်း သိကြပါတယ်။ အခုတလောမှ တစ်ခါပဲ ပြန်သွားဖြစ်တာ၊ အဲ့ဒါတောင် ပြဿနာတွေ အကြီးအကျယ် တက်ခဲ့သေးတယ်။ ဒါ့အပြင် အဲ့ဒီတုန်းက သူ (ယွီမေကျွမ်း) က ရှိတောင်မရှိပါဘူး။ သူ့ကိစ္စတွေကို ကျွန်မ ဘယ်လိုလုပ် သိမှာလဲ? အစ်မကျောက်၊ ရှင်က ဒီလောက် ဉာဏ်ကောင်းတာကို ဘာလို့ ကျွန်မကို သက်သက်မဲ့ ဆွဲထည့်နေရတာလဲ?"

ယွီမေကျွမ်းနှင့် အောင်သွယ်တော်မာတို့မှာ ထိုအခွင့်အရေးကို သုံးပြီး ခြေဖျားလေးထောက်ကာ ထွက်ပြေးဖို့ ကြိုးစားနေကြသည်။

ဝမ်တာ့ချွေ ချက်ချင်း မြင်သွားပြီး အော်ဟစ်လိုက်ကာ

"ခင်များတို့ထွက်ပြေးဖို့ မကြိုးစားနဲ့! ကောင်းပြီလေ! ခင်များတို့က ကျုပ်တို့ဝင်းထဲကို လာပြီး ပြဿနာရှာနေတာပဲ မဟုတ်လား? ကျုပ်တို့ရဲ့ အေးချမ်းတဲ့ ဝင်းကြီး ခင်များတို့ကြောင့် ရှုပ်ထွေးကုန်ပြီ။ ပြောစမ်းပါဦး၊ ဘာတွေ ဖြစ်နေတာလဲ! ခင်များတို့ ကျုပ်တို့ကို လိမ်နေကြတာလား?!"

အောင်သွယ်တော်မာ : "ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်ရမှာလဲ? ကျွန်မ တကယ်..."

မာကျန့်ယီ : "ဒီမိန်းကလေးက အထည်စက်ရုံက မဟုတ်ဘူးဆိုတော့ အလုပ်လက်မဲ့ ဖြစ်နေတာများလား?"

သူက ရုတ်တရက် ပြောလိုက်ရာ လူတိုင်း အံ့အားသင့်သွားပြီးမှ စဉ်းစားကြည့်ကြသည်။

ဖြစ်နိုင်ခြေ ရှိတယ်!

အောင်သွယ်တော်မာမှာ ချက်ချင်းပင် ထိတ်လန့်သွားကာ

"ဒါကို ကျွန်မ မသိပါဘူး၊ ကျွန်မ..."

"ဘာ? ဒေါ်ဒေါ် မသိဘူးလား? ကျွန်မ အလုပ်လက်မဲ့ပါလို့ ဒေါ်ဒေါ့်ကို ပြောထားသားပဲ!"

ယွီမေကျွမ်းသည်လည်း အကြောင်းစုံ မရှင်းပြဘဲနှင့် လွတ်မည်မဟုတ်

မှန်း သိလိုက်၏။ သူမက ချက်ချင်းပင် အပြစ်ကို လွှဲချလိုက်ကာ

"အောင်သွယ်တော်မာ၊ ဒေါ်ဒေါ် သူ့ကို ဘာတွေ ပြောထားတာလဲ! ကျွန်မက အလုပ်လက်မဲ့ပါ! ဒေါ်ဒေါ် ကျွန်မကို ဘယ်လိုဖြစ်ပြီး လိမ်နိုင်ရတာလဲ?"

အောင်သွယ်တော်မာ : "ငါ့ကို လာပြီး အပြစ်ပုံချနေတာလား၊ ညည်းက ငါ့ကို ပြန်ပြီး လိမ်ချင်နေတာလား?"

"သောက်ကျိုးနည်း၊ တကယ်ပဲ အလုပ်လက်မဲ့လား?"

"ဒါဆို မိသားစု နောက်ခံကလည်း အတုပေါ့။"

"ဟယ်... ဒါဆို အမွေပေးမဲ့ စက်ဘီးဆိုတာကရော အတုများ ဖြစ်နေမလား?"

"ဘုရားရေ!"

လူတိုင်း အသက်ရှူမှားသွားကြသည်၊ ဒါကတော့ အိမ်ထောင်ရေး လိမ်လည်မှုပဲ!

ဝမ်တာချွေ ဒေါသတကြီးဖြင့်

"အောင်သွယ်တော်မာ၊ ခင်ဗျားကတော့ တကယ့် လူလိမ်မကြီးပဲ!"

ခွပ်ကနဲ ဆိုသည့် အသံနှင့်အတူ သူသာ် အောင်သွယ်တော်မာ၏ မျက်နှာကို လက်သီးနှင့် တစ်ချက် ထိုးလိုက်၏။

"အား... အား..."

ချန်ချင်းယွီ သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်မှ ကျောက်ခဲတစ်လုံးကို အမှတ်မထင် ကောက်ယူကာ အောင်သွယ်တော်မာ၏ ခြေထောက်ကို မှန်း၍ ပစ်ပေါက်လိုက်သည်။ အောင်သွယ်တော်မာသည် ရုတ်တရက် ဟန်ချက်ပျက်ကာ ရှေ့သို့ ယိုင်သွားပြီး ဝမ်တာ့ချွေနှင့်အတူ နောက်သို့ လဲကျသွားရှာ၏။ သူတို့ဘေးမှာ ရပ်နေသည့် ကျောက်ရုံကိုလည်း အောင်သွယ်တော်မာ ရမ်းသန်းပြီး ဆွဲလိုက်ရာ သုံးယောက်သား ဘုတ်ကနဲ ဆိုသည့် အသံနှင့်အတူ အတူတူ လဲကျသွားကြလေတော့သည်။

"အား!!!"

All Chapters