← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

၄၅။ လိမ်လည်ထားသော ကြင်ဖက်တွေ့ပွဲ ၂

အားလုံး မထင်မှတ်ထားမိပေ။အောင်သွယ်တော်မာသည် လူအုပ်ထဲသို့ အရှိန်ပြင်းစွာ တိုးဝင်တိုက်မိသွားလေသည်။

လူအပေါင်း၏ အမြင်တွင်မူ အောင်သွယ်တော်မာသည် ဝမ်တာ့ချွေကို ဝင်တိုက်မိပြီးနောက် ကျောက်ရုံကိုပါ ထပ်ဆင့်တိုက်မိကာ လဲကျသွားစေခဲ့ခြင်း ဖြစ်၏။ သုံးဦးသား ဘုန်းခနဲ လဲကျသွားကြပြီးနောက် ကျောက်ရုံ၏ "အား!!!" ဟူသော အော်ဟစ်သံမှာ ပဲ့တင်ထပ်သွားသည်။

အောင်သွယ်တော်မာမှာမူ ကျောက်ရုံ၏အပေါ်သို့ ပိကျသွားသဖြင့် ထိခိုက်မှုမရှိဘဲ လူသားမွေ့ယာလေး ရရှိသွားသကဲ့သို့ ဖြစ်သွား၏။

ဝမ်တာ့ချွေ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကာ

"အောင်သွယ်တော်မာ၊ ခင်ဗျား ဘာလုပ်တာလဲ! အမြန်ထစမ်း!"

သူသည် အောင်သွယ်တော်မာကို အားဖြင့် တွန်းဖယ်လိုက်ပြီး အပြင်းအထန်ထကာ ကျောက်ရုံကို ကူညီတွဲထူရင်း စိုးရိမ်တကြီး မေးမြန်းရှာသည်။

"မမကျောက်၊ မမကျောက်၊ အဆင်ပြေရဲ့လား?"

အောင်သွယ်တော်မာမှာမူ ဝမ်တာ့ချွေ၏ တွန်းထုတ်မှုကို မခံနိုင်ဘဲ ဘေးသို့ လွင့်ထွက်သွားကာ ရေဆေးကန်အောက်ခြေနှင့် "ဒုန်း" ခနဲ ရိုက်မိသွားသဖြင့် ညည်းတွားအော်ဟစ်လိုက်၏။

"အား... နာလိုက်တာ!"

"မမကျောက်၊ အမြန်ထပါ၊ ထိခိုက်သွားသေးလား?"

ဝမ်တာ့ချွေသည် ကျောက်ရုံ ထိခိုက်မိမည်ကို အမှန်တကယ် စိုးရိမ်နေခြင်း ဖြစ်သည်။ ဤကဲ့သို့ ဖြစ်ပျက်လာမည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

"နေလို့ အဆင်ပြေရဲ့လား? မသက်သာရင် ဆေးရုံသွားရအောင်! အစ်ကိုယွမ်၊ အစ်ကိုယွမ်! ခင်ဗျားမိန်းမ လဲကျသွားပြီဗျ!"

အောင်သွယ်တော်မာ၏ အခြေအနေကိုမူ မည်သူမျှ ဂရုမစိုက်ကြချေ။

"အစ်ကိုယွမ်၊ အစ်ကိုယွမ်!"

ယွမ်ဟောက်မင် သည် မျက်နှာပျက်ပျက်ဖြင့် "အခုမှ ငါ့ကို ခေါ်ဖို့ သတိရသလား? မသိရင် ဒါက မင်းမိန်းမကျနေတာပဲ" ဟု စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲလိုက်မိ၏။

ယွမ်ဟောက်မင်၏ အမူအရာမှာ အလွန်ပင် ဆိုးရွားနေသည်။ သူသည် ဇနီးဟောင်းအပေါ် ကျေးဇူးကန်းခဲ့သော်လည်း၊ နောက်အိမ်ထောင်ပြုပြီးမှ ဇနီးဟောင်းနှင့် ပြန်လည်ပတ်သက်ခဲ့သော်လည်း၊ မိမိကိုယ်ကိုမူ ဂုဏ်သိက္ခာကို အလေးထားသော ပညာတတ်တစ်ဦးအဖြစ်သာ ရှုမြင်ထား၏။ ထို့ကြောင့် ဝမ်တာ့ချွေ ကျောက်ရုံအပေါ် အလွန်အမင်း ဂရုတစိုက်ရှိနေသည်ကို မြင်သောအခါ သူ မကျေမနပ် ဖြစ်ရလေသည်။

သူ့မျက်နှာမှာ အေးစက်ခက်ထန်နေတော့၏။

ကျောက်ရုံ တအိအိဖြင့် တိုးညှင်းစွာ ဆိုလိုက်ကာ

"ကျွန်မ... ကျွန်မ ဘာမှမဖြစ်ပါဘူး~"

"နင်က ဘာမှမဖြစ်ပေမဲ့ ငါက ဖြစ်နေပြီ!"

အောင်သွယ်တော်မာသည် သွေးထွက်နေသော နဖူးကို အုပ်ကိုင်ရင်း ဝမ်တာ့ချွေကို ဒေါသတကြီး စိုက်ကြည့်ကာ

"ဝမ်တာချွေ့၊ နင်! ငါက စေတနာနဲ့ လူမိတ်ဆက်ပေးတာကို ကျေးဇူးမတင်တဲ့အပြင် ငါ့ကိုတောင် ရိုက်ရဲတယ်ပေါ့! ကြည့်ရတာ နင် ဒီမိန်းမနဲ့ ဖောက်ပြန်နေတာပဲ! နင်လို လူမိုက်၊ ငါ့ကို လက်ပါရဲတယ်ပေါ့? နင့်ကို အလွတ်မပေးဘူး!"

အောင်သွယ်တော်မာ အော်ဟစ်ကာ ဝမ်တာ့ချွေကို ကုတ်ခြစ်ရန် ကြိုးပမ်းသည်။ သို့သော် ဝမ်တာ့ချွေသည် သူမ၏လက်ကို ဖမ်းကိုင်ကာ အားဖြင့် တွန်းထုတ်လိုက်ပြီး ပြန်လည်အော်ဟစ်လိုက်၏။

"ခင်ဗျားလို လူလိမ်အိုမကြီး! လူတကာရဲ့ အရှက်သိက္ခာကို ဘယ်လိုတောင် စော်ကားရဲတာလဲ! မမကျောက်နဲ့ ကျုပ်က လုံးဝ အပြစ်ကင်းစင်တယ်! ခင်ဗျားက မဟုတ်မတရား စွပ်စွဲနေသေးတယ်! ကျုပ် မိန်းမတွေကို မရိုက်ဘူးလို့ မမှတ်နဲ့!"

အမှန်တကယ်တွင် သူသည် အမျိုးသမီးများကို လက်ပါလေ့ရှိသူ မဟုတ်သော်လည်း အရှိန်ဖြင့် တွန်းလိုက်သောကြောင့် အောင်သွယ်တော်မာမှာ နောက်ပြန်လဲကျသွားပြန်သည်။ ဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း ကျောက်ရုံကဲ့သို့ အတိုက်ခံရမည်ကို စိုးရိမ်သဖြင့် အမြန်နောက်ဆုတ်ပေးလိုက်ကြ၏။

"ဘုန်း!"

အောင်သွယ်တော်မာ တစ်ဖန် လဲကျသွားပြန်လေပြီ။

အောင်သွယ်တော်မာသည် ဒေါသကြောင့် တုန်ရင်နေပြီး၊ သူမ၏ အောင်သွယ်တော် သက်တမ်းတစ်လျှောက်တွင် ဤမျှ အရှက်ရမှုမျိုး တစ်ခါမျှ မကြုံဖူးပေ။ ဤ ဝမ်တာ့ချွေသည် သူမအပေါ် လက်ပါရဲသည်ဖြစ်ရာ ဝမ်တာ့ချွေ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် သူမ ဆုံးဖြတ်လိုက်သည်။ သူမ၏ လှည့်ကွက်များ ပေါ်သွားမည်ကိုလည်း ဂရုမစိုက်တော့ပေ။

နှစ်ပေါင်းများစွာအတွင်း သူမ လိမ်ညာခဲ့သော အမျိုးသားများသည် လက်ထပ်ပြီးမှသာ အမှန်တရားကို သိရှိကြခြင်း ဖြစ်၏။ အကျိုးအမြတ်ရှိလျှင် သူမသည် လူပေါင်းများစွာကို လိမ်ညာရန် ဝန်မလေးပေ။

သူမသည် အောင်သွယ်တော် တစ်ဦး ဖြစ်သဖြင့် အသိုင်းအဝိုင်းအတွင်း စကားလွှင့်လိုက်လျှင် ဝမ်တာ့ချွေအတွက် နောက်နောင်တွင် အိမ်ထောင်ဖက်ရှာရန် အလွန်ခက်ခဲသွားမည်ဖြစ်ကြောင်း သူမ သိသည်။ ထို့ကြောင့်ပင် သူမသည် ဖော်ကောင်လုပ်ခံရမည်ကို မကြောက်ဘဲ ဝမ်တာ့ချွေကိုသာ ကျေးဇူးကန်းသူအဖြစ် ပုံဖော်နေခြင်း ဖြစ်၏။

"နင်လို လူအိုကြီး၊ ဒီအရွယ်ထိ မိန်းမတောင် ရှာမရတဲ့ အမှိုက်ကောင်! ငါ့ကိုတောင် လက်ပါရဲတယ်ပေါ့? ဘုရားရေ... အမြန်လာကြပါဦး၊ ဒီလူက အဘွားကြီးကို နှိပ်စက်နေပါတယ်!"

အောင်သွယ်တော်မာသည် မြေကြီးပေါ်တွင် ခြေပစ်လက်ပစ်ဖြင့် လူးလိမ့်ကာ အော်ဟစ်ငိုယိုလေတော့သည်။

ဤမြင်ကွင်းကို မြင်သောအခါ ယွီမေကျွမ်းသည် ဘေးဘီကို ဝေ့ကြည့်ကာ ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေနေ၏။

ယွီမေကျွမ်းသည် ဤကဲ့သို့သော လုပ်ရပ်မျိုးကို ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း ဖြစ်သည့်အပြင် မိမိအမြဲ အထင်သေးခဲ့သော ချန်ချင်းယွီ၏ ရှေ့တွင် အရှက်ကွဲနေရသဖြင့် အလွန်ပင် စိတ်ပျက်နေမိသည်။ သူမသည် မိခင်ဖြစ်သူ၏ စကားကို နားထောင်မိသည့်အတွက် နောင်တရနေမိ၏။

သူမသည် တိတ်တဆိတ် နောက်သို့ ဆုတ်ခွာနေစဉ် ချန်ချင်းယွီ လှမ်းကြည့်လိုက်ရာ ယွီမေကျွမ်းသည် ရန်တွေ့သည့် အကြည့်ဖြင့် ပြန်လည်စိုက်ကြည့်ကာ "နင် ငါ့အကြောင်း သိရင် ပါးစပ်ပိတ်ထားတာ ကောင်းမယ်" ဟူသော သဘောဖြင့် ခြိမ်းခြောက်ကြည့် ကြည့်လိုက်သည်။

အိမ်တွင်ရှိစဉ်၌ သူမသည် ချန်ချင်းယွီကို အမြဲတစေ အန်ုင်ကျင့်ခဲ့သူ ဖြစ်ပြီး၊ သူမ၏ ပထွေးနှင့် မိခင်ဖြစ်သူမှာ သူမဘက်မှ အမြဲရပ်တည်ပေးသဖြင့် ယွီမေကျွမ်းမှာ ရဲတင်းနေခြင်းပင်။ သို့သော် ချန်ချင်းယွီ မျက်ခုံးပင့်လိုက်ပြီး ယွီမေကျွမ်း၏ အင်္ကျီကို သေချာစွာ ကြည့်ရှုကာ အားငယ်သည့် လေသံဖြင့် ရေရွတ်လိုက်၏။

"ဒီအင်္ကျီက ကျွန်မဟာ..."

အဘွားကြီးကျောက်မှ "ဘာ?" ဟု လှမ်းမေးလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်သည် ချန်ချင်းယွီထံသို့ ရောက်ရှိသွားသည်။ ချန်ချင်းယွီက ငိုတော့မည့် အမူအရာဖြင့် လှမ်းပြောလိုက်၏။

"ယွီမေကျွမ်း ဝတ်ထားတဲ့ အင်္ကျီက ကျွန်မဟာပါ"

သူမသည် ဝမ်းနည်းပန်းနည်းဖြင့်

"ကျွန်မ အိမ်ထောင်ပြုတုန်းက ဖေဖေနဲ့ ဒေါ်လေးဝေက ကျွန်မရဲ့ ကိုယ်ပိုင်အဝတ်အစားတွေကို ယူခွင့်မပေးခဲ့ဘူး။ အဲဒါတွေ အားလုံး နင့်ကို ပေးလိုက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ဒီအင်္ကျီက သိသိသာသာကြီး ကျွန်မဟာပါ"

"နင် လျှောက်ပြောမနေနဲ့! ဒါ ငါ့ဟာ!"

ယွီမေကျွမ်း အော်ဟစ်ကာ ငြင်းဆိုလိုက်လေသည်။

"ဒီအင်္ကျီက ရှန်ဟိုင်းမှာ ဝယ်ထားတာ၊ အဲဒီတုန်းက ခေတ်အမီဆုံး စတိုင်ပဲ။ ကျွန်မ အဘိုး အလုပ်ကိစ္စနဲ့ သွားတုန်းက ကျွန်မအတွက် ဝယ်လာပေးတာ။ အဲဒီတုန်းက ၂၅ ယွမ်တောင် ပေးရတာ"

ချန်ချင်းယွီ အချက်အလက်နှင့်တကွ ပြန်ပြောလိုက်၏။

ယွီမေကျွမ်း တစ်ယောက် ပျာပျာသလဲဖြင့် "ပါးစပ်ပိတ်စမ်း!" ဟု ဆဲဆိုလိုက်ရာ အဘွားကြီးကျောက်မှာ ကြားဖြတ်၍ အားရပါးရ ရန်တွေ့လေတော့သည်။

"နင်ပဲ ပါးစပ်ပိတ်စမ်း! နင်လို ကံမကောင်းတဲ့ဟာမ၊ ဘာလဲ? နင့်အမေ မြေခွေးမ ရှိနေတိုင်း အိမ်မှာ ဗိုလ်ကျသလို အပြင်မှာပါ ဗိုလ်ကျလို့ ရမယ် ထင်နေလား? ငါတို့ ဝင်းထဲမှာ လာပြီး ပြဿနာရှာရဲတယ်ပေါ့? နင်က ဘယ်သူမို့လို့လဲ!"

အဘွားကြီးကျောက်သည် ခါးထောက်လျက်

"အမေတူ သမီးပဲ။ သူများ အမေသေတာ ရက်တစ်ရာတောင် မပြည့်သေးဘူး၊ နင့်အမေကတော့ ချက်ချင်း ဝင်လာတာပဲ။ ခုနစ်လနဲ့ နင့်မောင်ကို မွေးတယ်၊ လမစေ့ဘဲ မွေးတာလား ဘာလား ဘယ်သူသိမှာလဲ? သူက တကယ့် မိန်းမကောင်း မဟုတ်တာ သေချာတယ်။ ရက်စက်ပြီး ကောက်ကျစ်တဲ့ မြေခွေးမပဲ။ နင်လည်း ဘာမှ လူကောင်းမဟုတ်ဘူး။ လူပျိုကြီးကို အကျင့်မကောင်းတဲ့ ဒီလိမ်လည်တဲ့ အောင်သွယ်တော် အဘွားကြီးနဲ့ပေါင်းပြီး လိမ်နေတာ! ဘာလဲ? ဝမ်တာ့ချွေက ရိုးအအမို့လို့ နင်တို့က လာအနိုင်ကျင့်တာလား? ဘာတဲ့... အရာရှိ မိသားစုလား? ဖူး! နင့်အဖေက အလုပ်ရုံက လက်ထောက်ခေါင်းဆောင်ပဲ ရှိတာ။ အလုပ်ရုံ တစ်ခုလုံးမှာ ခြောက်ယောက်ပဲ ရှိတာကို ခေါင်းဆောင်တစ်ယောက်၊ လက်ထောက်တစ်ယောက်နဲ့။ လေးယောက်ပဲ ရှိတာကို အရာရှိ မိသားစုလို့ ခေါ်ရဲတာ တကယ်ကို အရှက်မရှိဘူး။ အလုပ်လည်း မရှိဘဲနဲ့ အထည်စက်ရုံမှာ လုပ်တယ်လို့ လိမ်သေးတယ်။ ငါတို့ ဝင်းထဲမှာ အထည်စက်ရုံမှာ လုပ်တဲ့သူ မရှိဘူး ထင်နေလား? နင့်ရဲ့ လိမ်လည်မှုကို ခဏလေးနဲ့ ဖော်ထုတ်လို့ ရတယ်! နင်က လူလိမ်မကြီးပဲ! အလုပ်ရှိတယ်လို့ လိမ်ပြောတယ်၊ ဪ... ဟုတ်သားပဲ၊ နင်က ကျေးလက် အလုပ်ဆင်းရတဲ့ လူငယ် မဟုတ်လား? နင့်အိမ်ထောင်စုစာရင်းက ကျေးလက်မှာမလား? ဒါကြောင့်လည်း မှတ်ပုံတင် မပြရဲတာပေါ့! လူတွေ့စကားပြောတာမှာ တစ်ခွန်းမှ အမှန်မပါဘူး! ဒီအောင်သွယ်ပေးသူကလည်း လိမ်ဖို့ ကူညီပေးသေးတယ်။ စက်ဘီးတောင် ခန်းဝင်ပစ္စည်း ပါမယ်လို့ ပြောသေးတယ်၊ ဟားဟား၊ အားလုံး ကြည့်ကြပါဦး၊ ငါ့ချွေးမက ချန်မိသားစု သမီးအရင်းပဲလေ! သမီးအရင်းကိုတောင် ဘာမှ ယူခွင့်မပေးဘဲ သူ့အဝတ်အစားတွေကိုတောင် သိမ်းထားတဲ့သူက ဒီလင်ပါသမီးကို ခန်းဝင်ပစ္စည်းတွေ ပေးလိုက်ပါ့မလား? နင်တို့ကော ယုံကြလား?"

အဘွားကြီးကျောက်မှာ ပတ်ဝန်းကျင်သို့ လှည့်၍ မေးမြန်းလိုက်လေသည်။

လူတိုင်း ခေါင်းများတယမ်းယမ်း ဖြစ်ကုန်ကြ၏။

ငါ့ဖင်ကြီးပဲ ယုံလိုက်!!! အလိမ်တွေ!

ယခု လူတိုင်း သူတို့နှစ်ယောက် လိမ်ညာနေကြမှန်း အသေအချာ သိသွားကြလေပြီ။ အထူးသဖြင့် ကျန်းရှင်းဖှတစ်ယောက် ဒေါသအထွက်ဆုံး ဖြစ်နေ၏။

တောက်! မနေ့ညက သူ တော်တော်လေး နာကျင်နေတာတောင် တစ်ပါးသူရဲ့ ကူညီတွဲမှုနဲ့ ဘာလို့ ပြန်လာခဲ့တာလဲ? တစ်ခုခု အမြတ်ထွက်မလားလို့ မဟုတ်ဘူးလား? အကောင်းဆုံးကတော့ ထိုမိန်းကလေးကို သူ ခိုးယူသွားဖို့ မဟုတ်လား?

ဒါပေမဲ့ သူ ဘာရလိုက်သလဲ?

သူမက လူလိမ်မကြီးလို့ ပြောခံရတာလား?

သူ့ရဲ့ အချိန်တွေ၊ အားထုတ်မှုတွေ အားလုံး အလဟဿ ဖြစ်သွားရပြီ။ ဒါကို လုံးဝ သည်းမခံနိုင်ဘူး!

"ခင်များတို့ လူလိမ်မကြီးတွေ၊ ရုပ်ဆိုးပန်းဆိုးနဲ့ အရှက်မရှိတဲ့ ကိုယ်ကျင့်တရားပျက်ပြားသူတွေ! ပြီးတော့ အဘွားကြီး... ခင်များ ကျုပ်တို့ဝင်းထဲက လူတွေကိုတောင် လိမ်ရဲတယ်ပေါ့၊ ခင်များတို့လို အကုသိုလ်မတွေ! ခင်များတို့နှစ်ယောက်လုံး မိုးကြိုးပစ်ခံရမှာ၊ အပြစ်ကင်းတဲ့ လူငယ်တွေကို လိမ်ညာရက်တယ်၊ ယုတ်မာလိုက်တာ၊ လူမဆန်တဲ့မိန်းမတွေ။ နှလုံးသားမရှိတဲ့ လူလိမ်မတွေ။ ရွံစရာကောင်းလိုက်တာ..."

ကျန်းရှင်းဖှမှာ ခုန်ဆွခုန်ဆွနှင့် အသားကုန် ဆဲဆိုနေလေသည်။

အောင်သွယ်တော်မာ : "???"

နင်က ဘယ်သူလဲ?

ယွိမေကျွမ်း : "???"

နင်နဲ့ ဘာဆိုင်လို့လဲ?

ဝမ်တာ့ချွေ "???"

ငါတို့က အဲ့လောက်တောင် ရင်းနှီးလို့လား? ငါ့ဘက်က မင်းက မားမားမတ်မတ် ရပ်တည်ပေးနေတာလား?

အခြားသူများ: "???"

သနားစရာ ကျန်းရှင်းဖှ၊ သူ အလိမ်ခံလိုက်ရတာပဲ!

အင်... နေဦး၊ အလိမ်ခံရတာ ဝမ်တာ့ချွေ မဟုတ်ဘူးလား!

ကျန်းရှင်းဖှ ဘာလို့ ဒီလောက် ဖြစ်ပျက်နေရတာလဲ? ဒါက... သူတစ်ပါး ခံစားချက်ကို ကိုယ်ချင်းစာနာမိတာလား?

ဖြစ်နိုင်တယ်၊ တကယ်ကို ဖြစ်နိုင်တယ်!

ချန်ချင်းယွီခမျာ ခေါင်းကုတ်ရင်း ကျန်းရှင်းဖှ အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသည်ကို လုံးဝ စဉ်းစားမရဖြစ်နေ၏။

သူ့ရဲ့ ပစ်မှတ်ကို လက်လွတ်လိုက်ရလို့ အလိမ်ခံရသလို ခံစားနေရတာများလား?

ဆိုရလျှင် ချန်ချင်းယွီ၏ ခန့်မှန်းမှုမှာ သွေးထွက်အောင် မှန်ကန်နေသည်။

ယင်းမှာ ကျန်းရှင်းဖှ တကယ်တွေးနေသည့် အချက်ပင်တည်း။

ကျန်းရှင်းဖှ တစ်ယောက်တည်း ခုန်ဆွခုန်ဆွ ဖြစ်နေခြင်း မဟုတ်ဘဲ အဘွားကြီးဟွမ်ပါ ဖြစ်နေခြင်းပင်!

သားဖြစ်သူသာ ထိုသ်ို့တွေးနေသည်မဟုတ် မိခင်ဖြစ်သူသည်ပါ ထပ်တူတွေးနေ၏။

သားအမိနှစ်ယောက် အပေးအယူမျှမျှဖြင့် အော်ဟစ်ငိုယို နေကြသည်မှာ ဝမ်တာ့ချွေကို မျက်ရည်ကျလုနီးပါး ဖြစ်သွားစေသည်။

တကယ့် သူငယ်ချင်းကောင်းဆိုတာ ဒုက္ခရောက်ချိန်မှ သိရတာပဲ…

သူတို့ ပုံမှန်ဆိုရင် သာမန်ကာလျှံကာ ဆက်ဆံကြသော်လည်း၊ ယခုကဲ့သို့ အရေးကြီးသည့် အချိန်၌ ကျန်းရှင်းဖှ၏ ကာကွယ်ပေးမှုကို ကြည့်ပြီး ဝမ်တာ့ချွေမှာ ကျန်းရှင်းဖှအား တကယ်ကို အားကိုးထိုက်သူဟု ထင်သွားတော့၏။

တကယ်ကို အားကိုးထိုက်သူပါပဲ!

တစ်ဖက်တွင် ဆဲဆိုခံနေရသည့် အောင်သွယ်တော်မာသည် ရုတ်တရက် ဘာတွေဖြစ်နေမှန်း သဘောပေါက်သွားပြီး ပြန်အော်ဟစ်လိုက်သည်။

"နင်က ဘယ်ကောင်လဲ? နင်နဲ့ ဘာဆိုင်လို့လဲ? နင်က ဘာကောင်မို့လို့ ငါ့ကို စော်ကားရဲရတာလဲ? နင်လို ရုပ်မျိုးနဲ့ကတော့ သားသမီး မထွန်းကားမယ့် ကံပါပဲ၊ နင်... အား!"

ကျန်းရှင်းဖှ ဒဏ်ရာများ မပျောက်သေး​သော်ငြား သူ့မှာ အကူရှိနေသည်။

အဘွားကြီးဟွမ် ချက်ချင်းပြေးတက်သွားပြီး အောင်သွယ်တော်မာကို ခွစီးကာ ဆံပင်ကိုဆွဲပြီး ကုတ်ဖဲ့တော့၏။

"ငါ့သားကို ဆဲရဲတယ်ပေါ့! သင်ခန်းစာ ပေးရမယ်! သားသမီး မထွန်းကားဘူး ဟုတ်လား? နင်လို နှလုံးသားမရှိတဲ့ ကောင်မကမှ သားသမီးမရှိမယ့်သူ! အဘွားကြီး! ငါ့သားအကြောင်းကို နင် ကောင်းကောင်း သိသွားစေရမယ်!"

"နင်နဲ့ ဘာဆိုင်လို့လဲ? နင့်အလုပ် နင်လုပ်စမ်းပါ၊ နင်တို့တွေ ရူးနေကြတာလား..."

"နင်ကမှ..."

သူတို့နှစ်ယောက် သတ်ပုတ်ကြလေပြီ။ အဘွားကြီးဟွမ်မှာ ပုံမှန်အားဖြင့် အဘွားကြီးကျောက်ကို မနိုင်သော်လည်း၊ အောင်သွယ်တော်မာကိုမူ အေးအေးဆေးဆေး ချေမှုန်းနိုင်၏။

ဟွန့်! ဒီလိုကိစ္စမျိုးက အသက်နဲ့မဆိုင်ဘူး၊ တကယ့် လက်တွေ့တိုက်ပွဲ အတွေ့အကြုံနဲ့ပဲ ဆိုင်တာ!

အဘွားကြီးကျောက်မှာ သူတို့နှစ်ယောက် တိုက်နေသည်ကို ကြည့်ပြီး အကြံပေးနေသေးသည်။

"နင်တို့နှစ်ယောက် အသုံးမကျလိုက်တာ၊ ရန်ဖြစ်တာ တော်တော် ညံ့တာပဲ! ရန်ဖြစ်ရင် မြန်ရမယ်၊ တိကျရမယ်၊ ပြီးတော့ ရက်စက်ရမယ်။ နင် သူ့ကို မထိုးရင် သူက နင့်ကို ထိုးမှာပဲ။ တိုက်နိုင်ရင် တိုက်၊ မတိုက်နိုင်ရင် နောက်ကနေ ချောင်းရိုက်! ကိုယ့်ဘက်က ရှစ်ရာလောက် အထိနာရင်တောင် အနိုင်ရအောင် တိုက်ရမယ်! မဟုတ်ရင် နောင်ကျရင် ဘယ်သူက နင့်ကို ကြောက်တော့မှာလဲ?"

သူမ လက်ပိုက်ပြီး ဘေးမှ ထိုင်ကြည့်နေသည်မှာ ကိတ်မုန့်စားရင်း ရုပ်ရှင်ကြည့်နေသကဲ့သို့ပင်။

ချန်ချင်းယွီ အဘွားကြီးကျောက် ဘေးနားသို့ တိုးကပ်သွားပြီး အဘွားကြီးကျောက် ပြောတာ မှန်ကန်ကြောင်း ထောက်ခံနေသည်။ သူမကိုယ်တိုင်လည်း ရန်ဖြစ်ခြင်း၏ အနှစ်သာရကို ကောင်းကောင်း နားလည်ထား၏။

အဘွားကြီးကျောက်ကို ကြည့်ဦး!

တရားဝင်ဖြစ်စေ၊ တရားမဝင်

ဖြစ်စေ သူမ အကြိမ်ကြိမ် ရန်ဖြစ်ဖူးသည်။ ‘ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ်၊ ဒဏ်ရာ ဘယ်လောက်

ပြင်းပါစေ’ သူမမှာ ဇွဲမလျှော့ပေ။

အနိုင်ရဖို့အတွက် စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်သည်လေ!

သူမ အစကတည်းက တော်နေခြင်းမဟုတ်ဘဲ အကြိမ်ကြိမ် အရိုက်ခံရပြီး သင်ခန်းစာများ ရခဲ့ခြင်းဖြစ်သည်။

ချန်ချင်းယွီ ဆယ်ကျော်သက်အရွယ် ဆန်ဒါစတင်လေ့ကျင့်စဉ်၌ အကြိမ်ကြိမ် အရိုက်ခံခဲ့ရ၏။ ရည်ရွယ်ချက်ရှိရှိ မဟုတ်သော်လည်း ဤသို့ တိုက်ပွဲမျိုးသည် ချက်ချင်း ရပ်တန့်ရန် ခက်ခဲတတ်သည်။

ဘယ်ချန်ပီယံမှ လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာ မဟုတ်ဘူးလေ!

ချန်ချင်းယွီအနေဖြင့် ထိုအဘွားကြီး နှစ်ယောက်၏ တိုက်ပွဲမှာ တော်တော်လေး ပရမ်းပတာနိုင်ပြီး စနစ်တကျမရှိဘူးဟု ထင်နေမိ၏။

လုံးဝ မကောင်းဘူး၊ တကယ်ကို မကောင်းဘူး!

ဒါပေမဲ့လည်း လူတွေ ရန်ဖြစ်တာ ကြည့်ရတာကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေဆဲပင်…

ခြံဝင်းထဲမှ မိသားစုအားလုံးမှာ အောင်သွယ်တော်မာနှင့် အဘွားကြီးဟွမ် အဘယ်ကြောင့် ရန်ဖြစ်နေကြသည်ကို တကယ် အံ့သြနေကြပြီး မည်သို့စတက်ခဲ့သည်ကိုလည်း မသိကြပေ။

ဒါပေမဲ့ ဝမ်တာ့ချွေကတော့ တကယ့်ကို စိတ်လှုပ်ရှားသွားရသည်!

သူသည် ကျောက်ရုံကို ဂရုမစိုက်တော့ဘဲ အောင်သွယ်တော်မာကို သွားဖမ်းပြီး အော်ဟစ်လိုက်ကာ

"ခင်များလို လူလိမ်မ၊ အဒေါ်ဟွမ်ကိုတောင် အနိုင်ကျင့်ရဲတယ်ပေါ့? ကျုပ် ဒီမှာရှိနေတာကို ခင်များ တကယ်ပဲ မမြင်ဘူးလား?"

အဘွားကြီးဟွမ်မှာ သူ့ဘက်က ကာကွယ်ပေးနေခြင်းဟု ဝမ်တာ့ချွေထင်မှတ်နေရှာ၏။

အဘွားကြီးဟွမ်: "???"

ဘာ? နင်က ဘာလို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကို အထင်ကြီးနေရတာလဲ?

သို့သော် အဘွားကြီးဟွမ်ဆိုသည်မှာ စားနေကျ အံ့တိုနေသော ကြောင်ပါးကြီး၊ ပေကျင်းမြို့ဟောင်း လမ်းကြားမှ ဝါရင့် အဒေါ်ကြီးတစ်ယောက်ပင်။

ဒီလို အခွင့်အရေးကို သူမ ဘယ်လက်လွှတ်ပါ့မလဲ?

လုံးဝ လက်လွှတ်မှာ မဟုတ်ဘူး!

ဝမ်တာ့ချွေ အောင်သွယ်တော်မာ၏ လက်မောင်းကို ဖမ်းထားသည့် အချိန် အဘွားကြီးဟွမ် "ဟား" ခနဲ အော်ပြီး ရှေ့ကို ပြေးတက်ကာ တရစပ် ကုတ်ဖဲ့လေတော့သည်။

အောင်သွယ်တော်မာ တစ်ယောက် "အား!" ခနဲ အော်ရုံသာ တတ်နိုင်ရှာ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အောင်သွယ်တော်မာ၏ မျက်နှာမှာ အဖတ်အဖတ်နှင့် အရေပြားများ လန်သွားရလေသည်။

"သေချင်းဆိုးတွေ! နင်တို့ ငါ့ကို အနိုင်ကျင့်ကြတယ်ပေါ့! နေကြဦး၊ ငါ လူခေါ်ပြီး နင်တို့အားလုံးကို နှိပ်ကွပ်ခိုင်းမယ်! ငါ အောင်သွယ်တော်ကိုတောင် လက်ပါ ပြန်ရိုက်ရဲတယ်ပေါ့၊ ငါ့နာမည်ကို စုံစမ်းကြည့်ဦး၊ နင်တို့ကို ငါ အလွတ်မပေးဘူး..."

"ခင်များက ပြောရဲသေးတယ်ပေါ့? ခင်များလို အောင်သွယ်တော်က တော်တယ်ဆိုရင် ကျုပ် ဝမ်တာ့ချွေကလည်း အချဉ်မဟုတ်ဘူး သိထားလိုက်!"

ဝမ်တာ့ချွေသည် စဉ်းစားဉာဏ် များများစားစား ရှိသူမဟုတ်ဘဲ ခေါင်းမာသူဖြစ်သည်။ အောင်သွယ်တော်မာ လိမ်ညာထားသည်မှာလည်း အထင်အရှားပင်။ သူမ မသိဘူးဟု ပြောနေခြင်းကို ဘယ်သူမှ မယုံကြပေ။ သူမ၏ မသင့်တော်သော အကြံအစည်များနှင့် လှည့်ဖျားထားသော အလိမ်အညာစကားများမှာ လူများအတွက် ဟာသဖြစ်သွားရ၏။

ဝမ်တာ့ချွေ အောင်သွယ်တော်မာ၏ ဆံပင်ကို ဆွဲကိုင်ပြီး ပြောလိုက်ကာ

"ကျုပ် ခင်များနဲ့ စကားအများကြီး မပြောချင်ဘူး၊ လာ... ကျုပ်နဲ့အတူ ရဲစခန်းကို လိုက်ခဲ့၊ ခင်များလို လူလိမ်မကြီး!"

ဝမ်တာ့ချွေတစ်ယောက် လူပျိုကြီးဘဝနှင့် နှစ်အတော်ကြာ နေလာခဲ့ရပြီး ယခု အိမ်ထောင်ပြုဖို့ စိတ်ကူးရှိလာကာမှ လူလိမ်နှင့်တိုးရ၍ သူ တော်တော်လေး ပေါက်ကွဲနေ၏။

"ခင်များ လာခဲ့စမ်း!"

သူ ဆွဲခေါ်သွားရာ အောင်သွယ်တော်မာခမျာ ဝမ်တာ့ချွေသည် ဤမျှ အားသန်ပြီး ကြမ်းတမ်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ ရုန်းကန်နေသော်လည်း ဦးရေပြား ကျွတ်ထွက်မတတ် ခံစားနေရသောကြောင့် အော်ဟစ်နေရသည်။

"လွှတ်ပါဦး၊ လွှတ်ပါဦး... ကောင်းကောင်း စကားပြောကြရအောင်ပါ!"

ဝမ်တာချွေး: "စကားပြောစရာမလိုဘူး! ခင်များက လူလိမ်မပဲ။"

"ငါ မသိဘူး၊ ဘာတွေဖြစ်နေတာလဲ ငါ တကယ်မသိဘူး! ငါကိုယ်တိုင်

လည်း မတရားခံရတာပဲ! အားလုံးက သူမ... ဟုတ်တယ်၊ အားလုံးက ယွိမေကျွမ်းကြောင့်၊ ညည်း မြန်မြန် ပြောစမ်းပါဦး! ညည်းပဲ ငါ့ကို လိမ်ခဲ့တာ မဟုတ်လား!"

အောင်သွယ်တော်မာသည် အစောပိုင်း မောက်မာနေသော်လည်း ယခု ဝမ်တာ့ချွေ တကယ် ဒေါသထွက်နေမှန်း သိသွားပြီး ပြန်မပြောရဲတော့ပေ။ အသေအရိုက်ခံရမှာကို သူမ ကြောက်နေ၏။

"ငါ တကယ် ဘာမှမသိပါဘူး၊ ဒါတွေအားလုံးက ဒီမိန်းကလေးနဲ့ သူမရဲ့ အမေ ပြောတာတွေပဲ၊ သူတို့က လူလိမ်တွေမှန်း ငါ လုံးဝမသိဘူး..."

လူတိုင်း ယွီမေကျွမ်းထံ အကြည့်လွှဲလိုက်ကြရာ သူမလည်း ကြောက်လန့်တကြား နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။ အောင်သွယ်တော်မာမှာ တစ်မျက်နှာလုံး ကုတ်ဖဲ့ခံထားရသည်ကို မြင်သောအခါ သူမလည်း ရုပ်ပျက်ဆင်းပျက် မဖြစ်ချင်ပေ။ ယွီမေကျွမ်း ပျာပျာသလဲဖြင့်

“မဟုတ်ဘူး၊ မဟုတ်ဘူး! အဲ့ဒါ အဲ့လိုမဟုတ်ပါဘူး! ဘာတွေဖြစ်ကုန်တာလဲဆိုတာ ကျွန်မ တကယ်မသိဘူး! ကျွန်မမှာ အလုပ်မရှိဘူးလို့ သူမကို ပြောပြီးသားပါ။ ကျွန်မအပြစ်မဟုတ်ပါဘူး! သူမကပဲ ဒီလက်ထပ်ပွဲကို အောင်မြင်အောင် လုပ်ပေးမယ်လို့ အတင်းပြောနေတာ။ အောင်သွယ်ခအတွက် ငွေ၂၀ ယွမ် တောင်းလို့၊ ကျွန်မအမေက အရင် ၁၀ ယွမ် ပေးထားတာပါ!”

“ဟား!”

လူတိုင်း အံ့အားသင့်ကာ မယုံနိုင်ဖြစ်သွားကြ၏။

ဖြစ်ရလေ... သူတို့ရပ်ကွက်ထဲက အောင်သွယ်တော်တွေဆို လူမိတ်

ဆက်ပေးရင် ၁ ယွမ်ပဲ ယူကြတာ၊ ၂ ယွမ် ဆိုရင်တောင် အတော်များလှပြီဟု သတ်မှတ်ကြတာ…

အခုတော့ ၂၀ ယွမ် တဲ့လား? အောင်သွယ်လုပ်ရတာ ဒီလောက်တောင် တွက်ခြေကိုက်တာလား?

အမလေး... ငါလည်း အလုပ်ပြောင်းမှ ဖြစ်တော့မယ်!

အဘွားကြီးဟွမ်၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားကာ အော်ဟစ်လိုက်မိ၏။

“အမလေး... အိမ်ထောင်ဖက် မိတ်ဆက်ပေးတာက ဒီလောက်တောင် အမြတ်ထွက်တာလား!”

သူမ စိတ်လှုပ်ရှားကာ ရင်တွေပင် တုန်လာလေသည်။

ခြံဝင်းတာဝန်ခံ မာကျန့်ယီမှာ ဦးဆောင်သူပီပီ အဓိကအချက်ကို ချက်ချင်း သဘောပေါက်လိုက်၏။

“သူ ဒီလောက်အများကြီး တောင်းတာက လူတွေကို လိမ်ညာနေလို့ မဟုတ်လား? မဟုတ်ရင် ဘာလို့ ဒီလောက်များနေရတာလဲ? ဒါက ပေါက်စျေးမှ မဟုတ်တာ။”

“ဟုတ်တယ်၊ ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ်။”

“ဒါက တကယ့်ကို ကိုယ်ကျင့်တရား မရှိတာပဲ! အိမ်ထောင်ရေးဆိုတာ တစ်သက်လုံးစာ ကိစ္စလေ။ လူတွေကို ဒီလိုလိမ်ရတာ ငရဲကြီးမှာ မကြောက်ဘူးလားမသိဘူး။”

လူတိုင်း မျက်မှောင်ကြုတ်ကာ အော့နှလုံးနာနေကြသည်။ မိသားစုတိုင်းမှာ သားသမီးများရှိကြပြီး တစ်နေ့ကျရင် အရွယ်ရောက်ကာ အိမ်ထောင်ပြုကြရမည်ဖြစ်ရာ၊ အကယ်၍ ယခုကဲ့သို့ အောင်သွယ်မျိုးနှင့် တိုးခဲ့လျှင် သူတို့လည်း လိမ်လည်ခံရနိုင်သည် မဟုတ်လော့။

မိမိနှင့်မဆိုင်စဉ် ရယ်နိုင်မောနိုင်သော်လည်း မိမိနှင့် ပတ်သက်လာလျှင်မူ ဇာတ်လမ်းမှာ တစ်မျိုးဖြစ်သွားလေပြီ။

ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်လိုက်ကာ သွေးထိုးလှုံ့ဆော်ပေးလိုက်၏။

“ကြည့်ရတာ အတော်လေး ဝါရင့်နေပုံပဲ၊ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်လောက်ဘူး။”

လူတိုင်း ချက်ချင်း သဘောပေါက်သွားကြကာ သူမပြောသည်မှာ အကျိုးအကြောင်း ဆီလျော်သည်ဟု ထင်မြင်လာကြသည်။

ချန်ချင်းယွီ ထပ်မံ ရေရွတ်ပြန်ကာ

“ဘယ်သူသိမှာလဲ၊ သူမက ကိုယ့်သိက္ခာကို ကာကွယ်ဖို့အတွက် ကျွန်မတို့ ဝင်းကို နာမည်ဖျက်ဖို့ ကြိုးစားရင် ကြိုးစားနေဦးမှာ။”

လူတိုင်း ချက်ချင်းပင် ပို၍ သတိထားမိလာကြပြီး

“ဟုတ်တယ်၊ ခုနကတောင် သူမက အော်ဟစ်နေတာ။ ဒီအောင်သွယ်တော်မာ ကတော့ လုံးဝ မကောင်းဘူး။”

“ဟုတ်ပ၊ ကလဲ့စားချေဦးမယ်လို့တောင် ပြောနေသေးတာ။”

“အမလေး... ငါတို့ဝင်းထဲက လူတွေက နေ့ခင်းဘက်ဆို အလုပ်သွားကြတာ၊ ကျန်ခဲ့တဲ့သူတွေကလည်း မိန်းမသားတွေ များတာ။ အကယ်၍ သူမက တစ်ခုခု မကောင်းကြံရင် ဘယ်လိုလုပ်မလဲ?”

“ကျွန်မကတော့ ရဲစခန်းကိုပဲ ပို့သင့်တယ်လို့ ထင်တယ်။”

“ဟုတ်တယ်၊ ရဲစခန်း ပို့လိုက်! ဒီလူလိမ်အဘွားကြီး၊ သူများအိမ်ထောင်ရေးကို ဖျက်ဆီးနေတာ၊ မိုးကြိုးပစ်မှာ မကြောက်ဘူးလား?”

“ဒီလောက် ယုတ်မာတဲ့သူက ကြောက်ပါ့မလား! နှလုံးသားမှ မရှိတာ!”

လူတိုင်း ဒေါသထွက်နေကြသည်။ အောင်သွယ်တော်မာမှာ အခြေအနေများ လက်လွန်ကုန်မှန်း သိသွားသော်လည်း၊ ကိစ္စမှာ ဘယ်လိုလုပ်ပြီး ဤအဆင့်ထိ ရောက်သွားမှန်း စဉ်းစားမရဖြစ်နေ၏။

အိမ်ထောင်ဖက် မိတ်ဆက်ပေးရုံလေးကို ဘာလို့ ရဲစခန်းအထိ ပတ်သက်နေရတာလဲ..!

ထိုနေရာမှာ လူတိုင်း သွားချင်သည့် နေရာမဟုတ်ပေ။

“ငါ မသွားဘူး! ငါ မသွားဘူး! ငါက လုံးဝ အပြစ်မရှိဘူး!”

“ဟန်မဆောင်နဲ့တော့! နင်တို့တွေ တစ်ဖွဲ့တည်းဆိုတာ သိသာနေတာပဲ။ တကယ့်ကို နှလုံးသားမရှိတဲ့သူတွေ! ရဲစခန်းကိုသာ ခေါ်သွားကြ!”

အစ်မကြီးဖန် ဝင်အော်လေသည်။ သူမသားသည် အသက် ၁၈ နှစ်ရှိပြီဖြစ်ပြီး မြို့၌နေနိုင်ရန် ချမ်းသာသည့် မိန်းကလေးတစ်ဦးနှင့် လက်ထပ်ပေးချင်နေသည်။

အကယ်၍ ဒီအဘွားကြီးက သူမသားရဲ့ နာမည်ကို ဖျက်ဆီးလိုက်ရင် ဘယ်လိုလုပ်မလဲ?

ဒါ့အပြင် အောင်သွယ်တွေအားလုံးကသာ ဒီလိုမျိုးဆိုရင် သူတို့လည်း အလိမ်ခံရနိုင်တယ် မဟုတ်လား…

အစ်မကြီးဖန်မှာ ဝမ်တာ့ချွေနေရာမှ ကိုယ်ချင်းစာကြည့်မိသည်၊ မည်သို့ပင်ဖြစ်ဖြစ် သူမ၌လည်း လူပျိုပေါက် သားတစ်ယောက် ရှိသည်လေ…

“အားလုံး နားထောင်ကြဦး! ဒီလူကို ရဲစခန်း ခေါ်သွားရမယ်။ ဘာပဲဖြစ်ဖြစ် ဒီအောင်သွယ်ဟာ အိမ်ထောင်ရေးလိမ်လည်သူဆိုတာကို လူတိုင်းသိအောင် လုပ်ရမယ်။ မဟုတ်ရင် သူမက ပါးစပ်သရမ်းပြီး သတင်းအမှားတွေ လျှောက်ဖြန့်နေရင် ငါတို့ဝင်းထဲကလူတွေ အိမ်ထောင်ဖက်ရှာရတာ ပိုခက်ကုန်လိမ့်မယ်။ ဒါကိုတော့ လက်မခံနိုင်ဘူး!”

“မှန်တယ်၊ မှန်တယ်!”

“သူမကို ရဲစခန်း ခေါ်သွားတဲ့အခါ တခြားသူတွေကိုပါ အသိပေးရမယ်။ ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားရမယ်လေ။ လူတွေကို လိမ်ညာပြီး အိမ်ထောင်ရေးကို ဖျက်ဆီးရင်တော့ အပြစ်ပေးခံရမှာပဲ။”

“ရဲစခန်း ပို့လိုက်! ရဲစခန်း ပို့လိုက်!”

ယွီမေကျွမ်း: “!!!!”

သူမ ရုတ်တရက် လှည့်ပြေးရန် ကြိုးစားသော်လည်း ဝမ်တာ့ချွေတစ်လှမ်းတည်းနှင့် လှမ်းဖမ်းလိုက်ကာ

“နင်လို လူလိမ်မလေး၊ ပြေးလို့ရမယ် ထင်နေတာလား? အဘွားကြီးရော၊ အငယ်ရော နှစ်ယောက်လုံးက အိမ်ထောင်ရေးလိမ်လည်မှုမှာ ပါဝင်နေတာပဲ၊ ဘယ်သူမှ လွတ်မှာမဟုတ်ဘူး!”

ယွီမေကျွမ်း: “ကျွန်မနဲ့ မဆိုင်ဘူး!”

အောင်သွယ်တော်မာ: “ငါနဲ့လည်း မဆိုင်ဘူး!”

နှစ်ယောက်လုံး အပြစ်လွတ်အောင် ရုန်းကြသော်လည်း အခြေအနေအရ ခက်ခဲနေပုံရသည်။ အောင်သွယ်တော်မာမှာ တကယ်ပင် ဒေါသထွက်နေပြီဖြစ်၏။ သူမ အောင်သွယ်လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး လူပေါင်းများစွာကို မိတ်ဆက်ပေးခဲ့သော်လည်း ယခုကဲ့သို့ အရှက်ရဖွယ် ကျရှုံးမှုမျိုးနှင့် ပထမဆုံးအကြိမ် တိုးဖူးခြင်းဖြစ်သည်။

သူမ ဒေါသတကြီး အော်ဟစ်

လိုက်ကာ

“နင်... ယွီမေကျွမ်း! ငါတို့က အမျိုးတွေမို့လို့ နင့်ကို ကူညီခဲ့မိတာ မှားတာပဲ! နင်လို ကျေးဇူးကန်းတဲ့ အကောင်မ! ငါက နင့်အတွက်ကြောင့်သာ လိမ်ပေးခဲ့တာကို အခုတော့ အပြစ်အားလုံးကို ငါ့အပေါ် ပုံချနေတာပေါ့။ ငါ အရိုက်ခံနေရတာကိုတောင် ဘေးကနေ ကြည့်နေတယ်! နင်ဟာ တကယ့်ကို ကျေးဇူးမသိတဲ့ မိန်းမပဲ!”

အောင်သွယ်ပွဲ အောင်မြင်စေရန်အတွက် နှစ်ဖက်လုံး၏ အခြေအနေများကို လိမ်ညာပြောဆိုခြင်း၊ ချဲ့ကားပြောဆိုခြင်းများကို သူမ အမြဲလုပ်လေ့ရှိကြောင်း ဝန်ခံလိုက်ခြင်းပင်။ သို့သော်လည်း ယခုအကြိမ်သည်ကား သူမအနေနှင့် ရှားရှားပါးပါး အမျိုးချင်းဖြစ်၍ ကူညီပေးခဲ့ခြင်းသာ ဖြစ်သည်။ ယွီမေကျွမ်း၏ မိခင် ဝေရှူ့ဖန်းသည်လည်း သူမကို မြှောက်ပင့်ပြောဆိုခဲ့သည် မဟုတ်လော့။

ဒါပေမဲ့ သူမ လုံးဝ မထင်ထားခဲ့တာကတော့! ဒီကောင်မက ဒီလောက်အထိ အရှက်မရှိလိမ့်မယ်လို့ သူမ လုံးဝ မထင်ထားခဲ့တာပဲ!

“နင်လို ကျေးဇူးမသိတဲ့အကောင်မ! နင်ကတော့ တောမှာပဲ ဒုက္ခရောက်နေဖို့ ထိုက်တန်တာ။ နင်လို တောပို့ခံထားရတဲ့သူက ရွာထဲက လူတစ်ယောက်နဲ့ပဲ လက်ထပ်သင့်တာ။ မြို့ကို ပြန်လာချင်သေးတယ် ဟုတ်လား? အိမ်မက်ပဲ မက်နေလိုက်!”

ယွီမေကျွမ်း၏ မျက်လုံးများ ချက်ချင်း နီမြန်းလာတော့သည်။ ကျေးလက်တွင် နေရသည်မှာ မည်မျှ ခက်ခဲကြောင်း သူမကိုယ်တိုင် သိသည်၊ ထို့ကြောင့် ထိုစကားကို ကြားသောအခါ သူမ မအောင့်နိုင်တော့ဘဲ ကန်လိုက်ကာ

“နင် ဘာပြောလိုက်တာလဲ အဘွားကြီး? ငါက နင့်ကို မိတ်ဆက်ပေးပါလို့ တောင်းပန်ခဲ့လို့လား? ဒါတွေအားလုံးက နင်နဲ့ ငါ့အမေ စီစဉ်ခဲ့တာပဲလေ။ ငါက နင်တို့ပြောတာကို နားထောင်ခဲ့ရုံပဲလေ! ငါ မပြောခဲ့ဘူးလား သာမန်လူဆိုရင် လုံလောက်ပါတယ်၊ လုံလောက်ပါတယ်လို့! ဒါပေမဲ့ နင် ဘာပြောခဲ့လဲ ၊ ဒီနေ့ခေတ် ယောကျာ်းတွေက ရုပ်ဝတ္ထုပဲကြည့်တာဆို! ကြင်ဖက်တွေ့တာ အောင်မြင်ချင်ရင် နည်းနည်းပါးပါးတော့ လှည့်စားရမှာလို့ နင်ပဲ ပြောခဲ့တာလေ သောက်အဘွားကြီးရဲ့!! ပြောစမ်း! အဲ့ဒါ နင်ပြောခဲ့တာ မဟုတ်လို့လား!! နင် ပြောခဲ့တာ မဟုတ်လို့လား! ခွေးမကြီး!”

“ကောင်မ.. ငါ့ကိုပြန်ပြောနေတယ် ငါကရော နင့်အတွက် လုပ်ခဲ့တာ မဟုတ်ဘူးလား!! ခွေးမရဲ့ !

နင့်အမေ ကိုယ်တိုင် ငါ့ကို တောင်းပန်ခဲ့တာလေ!”

"ကျွန်မ ဂရုမစိုက်ဘူး!"

"အား... နင်လို ကောင်မစုတ်၊ နင်နဲ့ ငါနဲ့ အသေအကျေပဲ!"

"အား... ငါ့မျက်နှာကို မရိုက်နဲ့လေ..."

သူတို့နှစ်ယောက်ကြားမှာတင် အချင်းချင်း သတ်ပုတ်ကြလေသည်။

ဟုတ်ပါသည်၊ သူတို့နှစ်ယောက် အချင်းချင်းကို ပြန်ချနေကြခြင်းပင်။

ဝမ်တာ့ချွေ နှစ်ဦးလုံး၏ ဆံပင်ကို ဆွဲကိုင်ထားသော်လည်း ထိုအချက်သည် သူတို့နှစ်ယောက် ရန်ဖြစ်နေခြင်းကို ဘာမှ အဟန့်အတား မဖြစ်စေပေ။

ဝမ်တာ့ချွေ: "...???"

ဒါက ဘာတွေဖြစ်နေတာလဲ!

ထိုနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တရစပ် ထိုးနှက်နေကြ၏။

ချန်ချင်းယွီ : "သူတို့က အပြစ်ကို ဖုံးကွယ်ဖို့ တမင် ရန်ဖြစ်ချင်ယောင် ဆောင်နေကြတာလား မသိဘူးနော်"

သူမ အသံသည် တိုးတိုးလေး ဖြစ်သော်လည်း အနီးနားရှိ လူအချို့မှာ ကြားသွားကြသည်။

"ဟုတ်သားပဲ၊ ဝမ်တာ့ချွေ... မင်း သူတို့ကို ဖမ်းထားလိုက်။ ဘယ်သူသိမှာလဲ၊ ဒီနှစ်ယောက်က လွတ်အောင် ပြေးဖို့အတွက် တမင် ရန်ဖြစ်ချင်ယောင် ဆောင်နေတာလည်း ဖြစ်နိုင်တယ်! ဒီလူလိမ်တွေက တော်တော် ဉာဏ်များတာ။"

"ဟုတ်တယ်၊ ဟုတ်တယ်။"

မြင်ကွင်းတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေ၏။

အောင်သွယ်မာခမျာ တော်တော်လေး ဒေါသထွက်နေလေပြီ…

ဒီလောကထဲမှာ လုပ်သက် ဒီလောက်ကြာတာတောင် တစ်ခဏအတွင်းမှာပဲ လူမိပြီး နာမည်ပျက်သွားရသည်ဆိုတော့ သူမ ဘယ်လိုလုပ် စိတ်မတိုဘဲ နေပါ့မလဲ?

"နင်တို့ ပါးစပ်တွေကို ပိတ်ထားစမ်း!"

"နင်လို အကုသိုလ်ကောင်က လိမ်တာတောင် မှန်တယ်လို့ ထင်နေတာလား?"

"သေချာတာပေါ့!"

အဘွားကြီးကျောက် : "သူတို့ကို ရဲစခန်းကို ခေါ်သွားကြ၊ ရဲစခန်းကိုပဲ ပို့ရမယ်။ သူတို့က တော်တော် မောက်မာတာ၊ အလွယ်တကူ ကိုင်တွယ်လို့ရမယ့်သူတွေ မဟုတ်ဘူး။"

"သေချာပေါက်ပဲ!"

ဤဝင်းထဲမှ လူများ ဤမျှလောက်အထိ တညီတညွတ်တည်း ရှိနေသည်မှာ မြင်ရခဲလှ၏။

ယွီမေကျွမ်းမှာ တကယ်ကို ကြောက်လန့်နေပြီဖြစ်သည်။ အကယ်၍ သူမကို ရဲစခန်း ခေါ်သွားမည်ဆိုလျှင် သူမ ချက်ချင်း ကျေးလက်သို့ ပြန်ပို့ခံရလိမ့်မည်။ သူမ ခွင့်ယူပြီး ပြန်လာခြင်းဖြစ်သော်လည်း၊ ယခုကဲ့သို့ အဖမ်းခံရပြီး ပြန်ပို့ခံရလျှင် ကျေးရွာကော်မတီသည် သေချာပေါက် သိသွားမည်သာ။

အရှက်ရမည် ထားပါဦး၊ အဓိက ပြဿနာသည် ဘယ်အရှက်ရှိသည့် မိန်းကလေးမှ ရဲစခန်း မရောက်ဖူးခြင်းပင်။

သူမ မြို့မှာ ဆက်နေခွင့်မရလျှင် ကျေးလက်ရှိ လူနေမှုဘဝသည် တကယ်ကို ခက်ခဲသွားလိမ့်မည်။ သူမ ရုတ်တရက် ပျာပျာသလဲ ဖြစ်သွားပြီး

"ချန်ချင်းယွီ၊ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး! ငါ့ကို ကူညီပါ! ငါတို့က အမျိုးတွေလေ! ငါမှားသွားပါတယ်၊ ငါမှားမှန်း သိပါတယ်၊ ဒါပေမဲ့ အဲ့ဒီအောင်သွယ်တော်က လိမ်နေမှန်း ငါ တကယ်မသိခဲ့ဘူး! ငါ မြို့မှာ နေချင်တာက အပြစ်လား? ကျေးလက်ဘက်က ဘဝက အရမ်းခက်ခဲလွန်းလို့ပါ၊ တကယ်ကို ခက်ခဲလွန်းလို့ အိမ်ထောင်ပြုမယ့်သူ ရှာခဲ့တာပါ။ အောင်သွယ်တော် လိမ်နေတာကို ငါ တကယ်မသိဘူး!"

ယွီမေကျွမ်း အပြစ်အားလုံးကို အောင်သွယ်တော်မာ အပေါ် ပုံချဖို့ ဆုံးဖြတ်လိုက်သည်၊ မဟုတ်ရင် သူမ ဘာလုပ်နိုင်မှာလဲ?…

"ငါက အပြစ်မရှိပါဘူး! ကျေးဇူးပြုပြီး ကူညီပါ! ငါ တကယ်ဘာမှမသိဘူးလို့ ကတိပေးတယ်! ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး!"

သူမ ငိုယိုနေသည်ကို မြင်သောအခါ ချန်ချင်းယွီ၏ စိတ်ထဲတွင် ငယ်စဉ်အခါက ယွီမေကျွမ်း သူမအပေါ် မောက်မောက်မာမာ အနိုင်ကျင့်ခဲ့သည့် ပုံရိပ်များ အလိုလို ပေါ်လာ၏။

သူမ တိုးတိုးလေးပင်

"နင့်အကြောင်း ငါ ဘာမှမသိသလို၊ ငါတို့ကလည်း အဲ့လောက် မရင်းနှီးကြဘူးလေ။ ငါက ဘယ်လိုလုပ်ပြီး တစ်ခုခု ပြောရဲပါ့မလဲ?"

သူမ အသံမှာ မျက်ရည်စများနှင့် တုန်ရီနေပြီး

"တကယ်လို့ နင်က တစ်ယောက်ယောက်ကို ထပ်လိမ်လို့ သူတို့က ငါ့ဆီ လာရှာရင် ဘယ်လိုလုပ်မလဲ?"

ချန်ချင်းယွီအား မြင်လိုက်ရသည်မှာ သနားစရာကောင်းနေသောကြောင့် လူတိုင်း သူမမှာ အမှန်တကယ် မတရား အနိုင်ကျင့်ခံနေရသည်ဟု ထင်သွားကြသည်။

မာကျန့်ယီ : "နင်က ဘာဖြစ်နေတာလဲ မိန်းကလေး? ဘာလို့ သူမကို အကျပ်ကိုင်နေတာလဲ!"

မာကျန့်ယီ ယွီမေကျွမ်း၏ စကားကို မယုံပေ။ မာကျန့်ယီ တင်မက တခြားလူများလည်း မယုံကြချေ။

တကယ်လို့ သူတို့နှစ်ယောက်သာ ကြိုတင်မတိုင်ပင်ထားရင် ဝမ်တာ့ချွေကို ဒီနေ့ ဘယ်လိုလုပ် လိမ်နိုင်ပါ့မလဲ?

အခုတော့ လူမိသွားလို့သာ အချင်းချင်း ပြန်ကိုက်နေကြတာ!!

"နင်လို ကောင်မစုတ်၊ ငါ့ချွေးမကို ဘာလို့ အနိုင်ကျင့်နေတာလဲ! ဘာလဲ? သူတို့ မယူရသေးခင် နင့်မှာ မြေခွေးလို အမေရှိလို့ လူတွေကို အနိုင်ကျင့်ခဲ့ပြီး၊ အခု ငါတို့က သပ်သပ် မိသားစု နှစ်ခု ဖြစ်နေတာတောင် နင်က အနိုင်ကျင့်ချင်သေးတာလား? ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ? နင်က ဘယ်လို လူစားလဲ!"

အဘွားကြီးကျောက် ဟိန်းဟောက်ပြီး ရန်ပွဲထဲကို ပြေးဝင်သွားတော့သည်!

"နင့်မိသားစုရဲ့ မသန့်ရှင်းတဲ့ လျှို့ဝှက်ချက်တွေကို ငါ သိတာ ကြာပြီ။ သနားစရာ ကောင်းချင်ယောင် ဆောင်မနေနဲ့။ နင်တို့နှစ်ယောက်လုံးက တစ်လှေတည်းစီး တစ်ခရီးတည်း သွားတွေပဲ။"

"ဟုတ်တယ်!"

အဘွားကြီးဟွမ်သည်လည်း ခါးထောက်ပြီး

"နင်တို့နှစ်ယောက်လုံးက လူကောင်းမဟုတ်ဘူး။"

သူမသားရဲ့ နောက်အိမ်ထောင်ပြုမယ့် အစီအစဉ် ပျက်သွားပြီလေ!

သူမမိသားစုက ဝမ်တာ့ချွေနေရာကို လုချင်နေတာကို!

ဝါး... ဒါတွေအားလုံး သူတို့ကြောင့်ပဲ!! လူလိမ်မတွေ!! အောက်တန်းစားမတွေ!!

အောင်သွယ်တော်မာ : "နင်လို ကံမကောင်းတဲ့အကောင်မ၊ ဒီမှာ ဘာလာရှုပ်နေတာလဲ! ဘာလို့ ဒီလောက် ခုန်ဆွခုန်ဆွ ဖြစ်နေရတာလဲ?"

ဤလူများမှာ ပြဿနာရှာရန် တကယ် ဆုံးဖြတ်ထားကြမှန်း အောင်သွယ်တော်မာ သဘောပေါက်သွား၍ သူမလည်း ဒေါသထွက်လာ၏။ အထူးသဖြင့် သူမရှေ့ရှိ ဤအဘွားကြီးပင်!!

တခြားသူတွေဆိုရင်တော့ သူမ အလျှော့ပေးရင် ပေးဦးမယ်…ဒါပေမဲ့ ဒီအဘွားကြီးက ဘာလို့ သူမကို ဒီလို လာပြောရတာလဲ? ဒီကောင်မစုတ်!

ဝမ်တာ့ချွေ ခဏတာ သတိလွတ်သွားသည့် အခိုက်အတန့်ကို အသုံးချပြီး သူမ ရုတ်တရက် ရုန်းထွက်လိုက်ကာ အဘွားကြီးဟွမ်ကို အလျင်အမြန် ကုတ်ဖဲ့လိုက်သည်။

အဘွားကြီးဟွမ်: "အား!"

"နင် ဘာလုပ်တာလဲ! နင်က လူတွေကို လိမ်တာတောင် မကဘူး၊ ငါ့ကိုတောင် ရိုက်ရဲသေးတယ်ပေါ့?"

"ရပ်လိုက်ကြစမ်း!"

အောင်သွယ်တော်မာသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ အနားရောက်လာသည့်သူ မှန်သမျှကို ကုတ်ဖဲ့လေတော့သည်။

ဝမ်တာ့ချွေ : "တောက်! ခင်များက ပြဿနာ ထပ်ရှာချင်သေးတာလား?"

သူသည် ကန်ထည့်လိုက်ရာ အောင်သွယ်တော်မာမှာ "အား!" ခနဲ အော်ပြီး ရှေ့ကို မှောက်ခုံ လဲကျသွားကာ တိုက်တိုက်ဆိုင်ဆိုင် ကျောက်ရုံကို လှမ်းဆွဲမိသွားသည်—ဘုန်း!

ချန်ချင်းယွီ၏ မျက်လုံးများချက်ချင်း ပြူးကျယ်သွား၏။

ဒါက သူမလုပ်တာ မဟုတ်ပါဘူး!!

ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်!!

ဒါက ကျောက်ရုံရဲ့ ကံဆိုးမှု သက်သက်ပဲ..

ဒါပေမဲ့ ဒါက လူတိုင်းကို သင်ခန်းစာ ပေးလိုက်တာပဲ၊ ဘေးကနေ ကြည့်တာက ပြဿနာမရှိပေမဲ့ ရှေ့ဆုံးတန်းမှာ ရပ်ကြည့်တာကတော့ အန္တရာယ် များလိုက်တာ!!

ကြည့်လေ၊ ကျောက်ရုံက သာဓကတစ်ခုပဲ!!

"အား... ငါ့ကျော..."

ဝမ်တာ့ချွေ: "ဘုရားရေ၊ မမကျောက်၊ အဆင်ပြေရဲ့လား?"

ကျောက်ရုံ မျက်နှာပျက်ပျက်နှင့်

"ငါ... ငါ အဆင်ပြေပါတယ်!"

ကြည့်ရတာ အဆင်ပြေတဲ့ ပုံပေါက်လို့လား ခွေးကောင်ရဲ့!!

သူမ မိမိ၏ကျောကို ကိုင်ပြီး အော်ဟစ်လိုက်ကာ

"အဘိုးကြီးယွမ်၊ ကျွန်မကို ဆေးရုံ ပို့ပေးပါဦး၊ ငါ့ကျောက... အား..."

ခုနကတင် အဆင်ပြေပါတယ်လို့ ပြောပြီး အခုတော့ ဆေးရုံသွားရတော့မည်!!

ယွမ်ဟောက်မင် တော်တော် ဒေါသထွက်နေပြီး ယွမ်မိသားစုမှ ကလေးများလည်း ရှေ့ကို ပြေးတက်လာကြသည်။ ယွမ်ဟောက်ရွှယ်

စိုးရိမ်တကြီးနှင့်

"မေမေ၊ ဘယ်လိုနေသေးလဲ? ကိုကို... ကိုကို!"

သူမ ငိုယိုပြီး

"အောင်သွယ်တော်မာ…ကျွန်မ အမေသာ တစ်ခုခုဖြစ်ရင် ရှင့်ကို လုံးဝ အလွတ်မပေးဘူး!"

အပြင်တွင် ပွက်ပွက်ညံအောင် ဆူညံနေသည့်တိုင် ယွမ်ဟောက်ဖုန်း အပြင်ကို ထွက်မလာသေးပေ။

"ကိုကို... ကိုကို..."

ယွမ်ဟောက်ဖုန်း နောက်ဆုံးထွက်လာခဲ့ရကာ

"ဘာဖြစ်လို့လဲ?"

လူတိုင်း သူ့အတွက် လမ်းဖယ်

ပေးလိုက်ကြပြီး လမ်းဖယ်

ပေးလိုက်သည်နှင့် ယွမ်ဟောက်ဖုန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားကာ

"အမေ၊ ဘာဖြစ်တာလဲ?"

သူ အမြန်ပြေးလာပြီး ကျောက်ရုံကို ထူပေးရင်း

"ကျွန်တော် အမေကို ပိုးသွားမယ်!"

"ယွမ်ဟောက်ဖုန်း? ယွမ်ဟောက်ဖုန်း၊ ရှင့်မှာ ကျွန်မကို မှတ်မိသေးလား? ကျွန်မ ယွီမေကျွမ်းလေ! ကျွန်မတို့ ရထားပေါ်မှာ တွေ့ခဲ့ကြပြီး အကြာကြီး စကားပြောခဲ့ကြသေးတယ်လေ။ မှတ်မိလား?"

ယွီမေကျွမ်း ယွမ်ဟောက်ဖုန်းနှင့် ထပ်တွေ့ရလိမ့်မည် မထင်ထားခဲ့ပေ။

သူမ အမြန်ပင်

"ကျေးဇူးပြုပြီး ကျွန်မအတွက် ရှင်းပြပေးပါဦး၊ ကျွန်မက လူကောင်းပါလို့။"

ယွမ်ဟောက်ဖုန်း: "ကျွန်တော်က ရထားဝန်ထမ်း တစ်ယောက်ပါ။ ရထားပေါ်မှာ လူတွေအများကြီးနဲ့ တွေ့ဖူးတာဆိုတော့ ခင်များကို သိပ်မမှတ်မိတော့ဘူး။ ကျွန်တော့်အမေ နေမကောင်းဖြစ်နေလို့ အရင်ဆုံး ဆေးရုံ သွားလိုက်ဦးမယ်။"

သူသည် သူ့အမေကို ပိုးပြီး အမြန်

ထွက်သွားကာ ကျန်သည့် ယွမ်မိသားစုများလည်း နောက်က လိုက်သွားကြသည်။

ယွီမေကျွမ်း: "ဟဲ့... ဟဲ့... ဟဲ့! ယွမ်ဟောက်ဖုန်း! မသွားနဲ့ဦးလေ! ရှင်က ဘယ်လိုလုပ်ပြီး ကျွန်မကို မမှတ်မိရတာလဲ? လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင်ကပဲဟာကို။"

ချန်ချင်းယွီ မျက်ခုံးလေး ပင့်လိုက်ပြီး ယွီမေကျွမ်းကို တစ်လှည့်၊ အမြန် ထွက်ပြေးသွားသော ယွမ်ဟောက်ဖုန်းကို တစ်လှည့် ကြည့်ရင်း မျက်လုံးများ ဝင်းလက်သွား၏။

အဘွားကြီးကျောက်: "ဘုရားရေ၊ သူတို့က ဘယ်လိုလုပ် သိနေကြတာလဲ?"

ချန်ချင်းယွီ: "ကျွန်မလည်း မသိဘူး။"

ဆေးရုံသွားရသူရှိသည်ကို မြင်လိုက်ရသောအခါ အောင်သွယ်တော်မာသည် အကြံတစ်ခုရသွားပြီး အော်ဟစ်ငိုယိုလေတော့သည်။

"ဘုရားရေ... ကျွန်မက အပြစ်မရှိပါဘူး၊ ကျွန်မက အပြစ်မရှိပါဘူး! ကျွန်မလည်း ထိခိုက်မိလို့ ဆေးရုံသွားဖို့ လိုတယ်! အား... ငါ့ကျော! ငါလည်း ဆေးရုံသွားရမယ်..."

ဝမ်တာ့ချွေ : "ထွက်သွားစမ်း! နင်က ဆေးရုံသွားဖို့ ပြောရဲသေးတယ်ပေါ့? ပါးစပ်ပိတ်ထား!"

"အား... နာလိုက်တာ! ငါ့ကို မနှိပ်စက်ကြပါနဲ့ဦး၊ နင်တို့..."

အောင်သွယ်တော်မာတစ်ယောက် အော်ဟစ်မြည်တမ်းနေသည်။ ဝမ်တာ့ချွေ အကူအညီတောင်းခံသည့်နှယ် မာကျန့်ယီကို လှမ်းကြည့်

လိုက်၏။ မာကျန့်ယီမှာ ပြတ်ပြတ်သားသားပင်

"သူမကို အရင်ဆုံး ရဲစခန်းကို ခေါ်သွား၊ ပြီးမှ ကျန်တာတွေ ဆက်ရှင်းမယ်"

အောင်သွယ်တော်မာ : "တောက်! နင်တို့က..."

"ပါးစပ်ပိတ်ပြီး လိုက်ခဲ့စမ်း!"

ဝမ်တာ့ချွေမှာ သူ၏ "လက်သီးပုန်း" ဆိုသည့် နာမည်နှင့်အညီ ထိုအဘွားကြီးနှင့် ယွီမေကျွမ်း၏ ဆံပင်ကို ဆွဲကိုင်ကာ တစ်ဖက်တစ်ယောက်စီ မြှောက်မပြီး အပြင်ကို တန်းတန်းမတ်မတ် ဆွဲခေါ်သွားလေသည်။

မာကျန့်ယီ: "သူတို့က ဒီလိုတွေ လျှောက်လုပ်ပြီး တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်နေရင် အိမ်နီးနားချင်း ဆက်ဆံရေးကို ထိခိုက်နိုင်တယ်။ ရဲစခန်းကို ခေါ်သွားပြီး ဘာဖြစ်တာလဲဆိုတာ ရှင်းအောင် လုပ်သင့်တယ်။ အသေးအဖွဲ ကိစ္စပဲ ဖြစ်ဖြစ်၊ နောက်ကျရင် သူတို့က မင်းကို ပြန်ပြီး အကွက်ဆင်မှာ စိုးလို့ ၊ရဲစခန်းမှာ အနည်းဆုံးတော့ မှတ်တမ်းတင်ထားသင့်တယ်။ ဒါ့အပြင် ကျောက်ရုံရဲ့ ဆေးကုသစရိတ်ကိုလည်း သူတို့ ပေးရမှာပဲ!"

ဝမ်တာ့ချွေ; "မှန်တယ်၊ မှန်တယ်!"

"ငါ့ကို လွှတ်! ငါ့ကို လွှတ်ကြဦး!"

"တာ့ချွေ... ငါတို့လည်း မင်းနဲ့အတူ လိုက်ခဲ့ပြီး သက်သေအဖြစ် လုပ်ပေးမယ်။ မင်းက စကားသိပ်မပြောတတ်ဘူး၊ ဒီမိန်းမနှစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ထပ်မခံရအောင် ငါတို့ လိုက်ခဲ့ပေးမယ်။"

"ဟုတ်တယ်၊ ဟုတ်တယ်!"

လူတိုင်း မခံမရပ်နိုင် ဖြစ်နေဟန်ပေါ်၏။

အမှန်မှာ….

ဇာတ်လမ်းကို ဆက်ကြည့်ချင်တဲ့ သူတို့ရဲ့ ဆန္ဒကတော့ ပေါက်ကွဲထွက်လုနီးပါးပင်…

ချန်ချင်းယွီ အဘွားကြီးကျောက်ကို ဖမ်းထားပြီး

"အမေ အိမ်မှာပဲ နေခဲ့ပါ။ ကျွန်မပဲ လိုက်သွားလိုက်မယ်"

အဘွားကြီးကျောက် မျက်လုံးအပြူးသားဖြင့်

"!!!"

နင် ဘာတွေ လျှောက်ပြောနေတာလဲ!

ငါလည်း ကြည့်ချင်တာပေါ့!

နင်က ငါ့လို အဘွားကြီးဆီကနေ ဒီအခွင့်အရေးကို လုယူရဲတယ်ပေါ့?

ချန်ချင်းယွီ: "ကျွန်မ ချက်ချင်း ပြန်လာခဲ့ပါ့မယ်။"

အဘွားကြီးကျောက်: "!!!"

သူ မကျေမနပ်နှင့် ခံပြင်းနေရ၏။

အဘွားကြီးကျောက်: "အားလုံး အတူတူ သွားကြမယ်လေ၊ ကလေးတွေကိုပါ ငါ ခေါ်ခဲ့မယ်။"

သူမက အိမ်မှာနေပြီး ကလေးထိန်းရမှာလား? ခေါ်သွားမှာပေါ့!

ချန်ချင်းယွီ တစ်ချက် တွေဝေသွားလေသည်။

အဘွားကြီးကျောက်: "ကလေးတွေလည်း ဗဟုသုတရအောင် လိုက်ကြည့်သင့်တယ်၊ မဟုတ်ရင် ကြီးလာတဲ့အခါ အလိမ်ခံရလိမ့်မယ်။ ဒါမျိုးတွေ ကြုံဖူးလေလေ၊ ကြောက်စိတ်နည်းလေလေပဲ။"

ချန်ချင်းယွီ: "ဒါလည်း ဟုတ်တာပဲ။"

ရှောင်ကျားနဲ့ ရှောင်ယွမ် "!!!"

သူတို့လည်း လိုက်လို့ရတယ်ပေါ့?

ကလေးနှစ်ယောက်မှာ လိုက်ချင်သောကြောင့် လူကြီးများအနားသို့ ချက်ချင်း စုရုံးလာကြသည်။

ကလေးတွေလည်း ရန်ပွဲကြည့်ရတာကို ဝါသနာပါတယ်လေ!

အဘွားကြီးကျောက်က တံခါးကို အမြန်သော့ခတ်လိုက်လေသည်။

ဝမ်တာ့ချွေ ထိုနှစ်ယောက်ကို အပြင်ကို ဆွဲထုတ်သွား၏။ ယခုဆိုရင် ဝင်းတံခါးဝ၌ ဘေးမှ ကြည့်နေသောသူများ အတော်များနေပြီဖြစ်သည်။

သူတို့က ဒီလောက်အထိ ဆူညံအောင် လုပ်ခဲ့တာလေ…ပြီးတော့ ဒီနေ့က တနင်္ဂနွေနေ့ ကြီး…

လူတိုင်း အိမ်မှာ ရှိနေကြ၏။ ထို့ကြောင့်လည်း လူပိုများနေခြင်းပင်။

"ဘာတွေဖြစ်နေတာလဲ? ဘာလို့ ဒီလူနှစ်ယောက်ကို ဖမ်းထားတာလဲ?"

"ဟုတ်ပ၊ ဒီနေ့မနက် စောစောစီးစီး နင်တို့ဝင်းထဲမှာ တော်တော် ဆူညံနေတယ်လို့ ကြားမိတယ်။ ဘာဖြစ်ကြတာလဲ?"

အဒေါ်ကြီးမေ့ : "အို... ရှင်တို့ မသိသေးဘူးပဲ။ ဒီလူလိမ်နှစ်ယောက်က တာ့ချွေကို လိမ်လိုက်ကြတာ! တာ့ချွေက ဒီနေ့ အောင်သွယ်နဲ့ တွေ့တာလေ၊ အဲ့ဒီအဘွားကြီးက အောင်သွယ်တော်၊ သူမက ပြောတာက..."

အဒေါ်ကြီးမေ့မှာ တစ်တွတ်တွတ်နှင့် ရှင်းပြလေတော့သည်။

လူတိုင်း ဆွံ့အ အံ့အားသင့်ကုန်ကြကာ

"ဟာ... ဒါက တကယ့် လူလိမ်တွေပဲ မဟုတ်လား?"

"ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ?"

ဤကိစ္စမျိုးသည် လက်တွေ့ဘဝတွင် ဖြစ်ပျက်နေ၍ လူတိုင်း တော်တော်လေး ရွံရှာကြသည်။

စဉ်းစားကြည့်ပါဦး၊ အောင်သွယ်နဲ့တွေ့တုန်း ဒီလိုလူစားမျိုးနဲ့ တိုးပြီး အိမ်ထောင်ပြုဖို့ အလိမ်ခံရမယ်ဆိုရင်...

အောင်သွယ်တော်နဲ့ ယွိမေကျွမ်းကို ကြည့်ရတာလည်း တကယ့်ကို လူကောင်းပုံမပေါက်ဘူး..

ဤသို့မိသားစု နောက်ခံကို လိမ်ညာပြောဆိုပြီး အောင်သွယ်တွေ့ခြင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း၊ ဤမျှလောက်အထိ အတိုင်းအထက်အလွန် လိမ်ခြင်းမျိုးမှာ တွေ့ရခဲလှသည်။ လူတိုင်း လက်ညှိုးထိုးပြီး တိုးတိုးတိုးတိုး ဝေဖန်ပြောနေကြ၏။

အောင်သွယ်တော်မာ : "ကျွန်မက အပြစ်မရှိပါဘူး... နင်တို့က ငါ့ကို စွပ်စွဲနေကြတာ!"

"ဟန်ဆောင်မနေနဲ့တော့။ အခုလို အခြေအနေအထိ ရောက်နေပြီပဲ။ နင်က လုပ်သက်လည်း ရင့်နေပြီဆိုတော့ ဒါက ပထမဆုံးအကြိမ် မဟုတ်လောက်ပါဘူး။"

"ဟုတ်တယ်၊ ဘာလို့ အပြစ်မရှိသလို ဟန်ဆောင်နေတာလဲ?"

"ငါ့သားသာ ကျေးလက်က အိမ်ထောင်စုစာရင်းရှိတဲ့သူနဲ့ လက်ထပ်ရမယ်ဆိုရင် ငါ ဒေါသထွက်လို့ သေမှာပဲ။ ဒါက တကယ့်ကို လူကိုလိမ်တာပဲ။"

"မှန်တယ်..."

လူတိုင်း တောက်လျှောက် ဝေဖန်နေကြပြီး အောင်သွယ်တော်မာနှင့် ယွီမေကျွမ်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချနေကြသည်။ ချန်ချင်းယွီတစ်ယောက် ဘေးမှ ကြည့်ရင်း အနည်းငယ် နားလည်သွား၏။ နောက်ပိုင်း ဆယ်စုနှစ်များနှင့် ယှဉ်ရင် ယခုအချိန်မှာ မြို့ပြနှင့်ကျေးလက်ကြား ကွာဟချက်သည် တော်တော်လေး ကြီးမားလှသည်။ ခေတ်သစ်၌ တချို့ ချမ်းသာသည့် ကျေးလက်ဒေသများမှာ မြို့ထက် ပိုပြီး ချမ်းသာခြင်းမျိုး ရှိနိုင်သော်လည်း လက်ရှိမှာ မတူပေ၊ ယင်းမှာ တကယ့်ကို ကွာခြားချက်ကြီး တစ်ခုပင်။ အရေးကြီးဆုံးမှာ မိန်းကလေး၏ အိမ်ထောင်စုစာရင်းသည် ကျေးလက်မှာ ဖြစ်နေလျှင် ကလေးများသည်လည်း ကျေးလက် အိမ်ထောင်စုစာရင်း ဖြစ်သွားမည်ဖြစ်ပြီး၊ ယင်းမှာ မြို့ပေါ်မှ ရိက္ခာဝေစု မရနိုင်သည်ကို ဆိုလို၏။

အကယ်၍ သူတို့သည်သာ မှောင်ခိုဈေးတွင် ဆန်ဝယ်စားရခြင်းမျိုး သို့မဟုတ် တခြားသူများနှင့် လဲလှယ်ပြီး စားသောက်ရမည်ဆိုလျှင် ဘဝ ဖိအားသည် ပိုပြီး ကြီးမားလာပေမည်။

ကလေး များလေလေ၊ ဘဝမှာ ပိုပြီး ခက်ခဲလေလေ ဖြစ်မည်ဖြစ်ပြီး လွယ်လွယ်ကူကူနှင့် ဆင်းရဲသွားနိုင်လေသည်။ ထို့ကြောင့် ယေဘုယျအားဖြင့် ကျေးလက်မှ မိန်းကလေးများကို လက်ထပ်သူ အလွန်နည်းလှ၏။ သူတို့ဝင်းတွင် အိမ်ထောင်စု ဒါဇင်ပေါင်းများစွာ ရှိသော်လည်း မျိုးဆက်သစ်များမှာ ကျေးလက်မှလာသူ မရှိပေ။

လူတိုင်း ကိုယ့်ဘဝကို ရုန်းကန်နေကြရတာလေ….

ထို့ကြောင့်လည်း အောင်သွယ်တော်နှင့် ယွီမေကျွမ်း၏ လိမ်ညာမှုသည် လူတိုင်းကို ဒေါသထွက်စေခြင်းတည်း။

ဘယ်သူက အလိမ်ခံရမှာကို မကြောက်ဘဲ နေပါ့မလဲ?

ဤဝန်းကျင်မှာ အများအားဖြင့် စက်ရုံအလုပ်သမား မိသားစုများနေထိုင်ကြသည့်အတွက် လက်ရှိ အခြေအနေကို သူတို့ ကောင်းကောင်း နားလည်ကြသည်။

လူများ တဖြည်းဖြည်း ပိုများလာပြီး ရှေ့လူများသည် နောက်လူများကို ဇာတ်လမ်းအစအဆုံး ပြန်ပြောပြနေကြသောကြောင့် မကြာခင်မှာပင် လူအုပ်ကြီးမှာ ပိုပြီး ကြီးလာ၏။ လူတိုင်းလည်း ဒေါသထွက်နေကြပြီး၊ ချန်ချင်းယွီမှာရှောင်ယွမ်ကို ပွေ့ချီထားပြီး၊ အဘွားကြီးကျောက်မှာ ရှောင်ကျားကို ပွေ့ချီကာ လူအုပ်ထဲ ရောယောင်ပါသွားလေ၏။

လူအုပ်ကြီးသည် များလွန်းလှပြီး၊ ကလေးငယ်များမှာ သေးသေးကွေးကွေးလေးများ ဖြစ်ကြသဖြင့် လမ်းလျှောက်ရာတွင် လူနင်းမိရန် အလွန်လွယ်ကူလှသည်။

လူအုပ်ကြီးမှာ ရဲစခန်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြ၏။ ချန်ချင်းယွီအဖို့ အမျိုးသားနေ့ အားလပ်ရက်တွင် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာနေရာသို့ ရောက်ရှိနေသကဲ့သို့ ခံစားရပြီး လူများမှာလည်း အလွန်ပင် တိုးဝှေ့နေသည်။ လူတိုင်း ဘုံရန်သူကို နာကျည်းနေကြသည့်နှယ် ရှိကြ၏။ ချန်ချင်းယွီသည် အဘွားကြီးကျောက် ၏ ဘေးမှ ကပ်လိုက်ရင်း တိုးတိုးလေး ပြောလိုက်ကာ

"လူတိုင်း ကြည့်ရတာ ပျော်နေကြပုံပဲနော်။"

အဘွားကြီးကျောက်သည်လည်း တိုးတိုးလေး ပြန်ပြောကာ

"ပျော်နေကြတာ မဟုတ်ပါဘူးအေ၊ ဒီလိုမျိုးနဲ့ ကြုံရမှာကို လူတိုင်းက ကြောက်နေကြတာ။"

၎င်းတို့မှာ မြို့နေလူထုများ ဖြစ်ကြပြီး အောင်သွယ်တော်မာ ကဲ့သို့ မသန့်ရှင်းသည့် အလုပ်များ လုပ်တတ်သော အောင်သွယ်မျိုးနှင့် တွေ့ဆုံရမည်ကို ထိတ်လန့်နေကြခြင်း ဖြစ်သည်။ အောင်သွယ်တော်မာမှာ ယခင် ဤမျှ အတင့်မရဲခဲ့ခြင်းကြောင့်သော်လည်းကောင်း၊ သို့မဟုတ် လူတို့၏ အားနည်းချက်ကို ဆုပ်ကိုင်ထားပြီး နှုတ်ပိတ်ထားနိုင်ခဲ့ခြင်းကြောင့်သော်လည်းကောင်း ယခုအချိန်ထိ လူမမိခဲ့ခြင်း ဖြစ်ပေမည်။

သို့သော် ယခုတစ်ကြိမ်မှာမူ မတူတော့ပေ။

အဘွားကြီးကျောက် : "သူတို့က ဝမ်တာ့ချွေဘက်က ရပ်တည်ပေးနေတယ်လို့ ထင်နေသလား? တကယ်တော့ သူတို့က ကိုယ့်အတွက်ကိုယ် လုပ်နေကြတာ။"

အာ!!

ချန်ချင်းယွီ ပါးစပ်အဟောင်းသားဖြင့် အာမေဍိတ်သံ တိုးတိုးလေး ရေရွတ်လိုက်မိ၏။

အောင်သွယ်တော်မာမှာ လမ်းတစ်လျှောက်လုံး အော်ဟစ်ငိုယိုလာပြီး ယွီမေကျွမ်းမှာမူ ကြောက်လန့်တကြား မျက်နှာဖြူလျော့ကာ ငိုကြွေးနေတော့သည်။ သူမသည် ယခင်ကဲ့သို့ မောက်မာနိုင်ခြင်း မရှိတော့ဘဲ အမှန်တကယ်ပင် ထိတ်လန့်နေချေပြီ။

ယွီမေကျွမ်း : "ကျွန်မ မှားပါပြီ၊ ကျွန်မ မှားမှန်း သိပါပြီ၊ တမင်လိမ်တာ မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးကြပါဦး! ဝါး... ဒါတွေ အားလုံးက အောင်သွယ်တော်မာရဲ့ အကြံတွေပါ! သူက အကုန်စီစဉ်ပြီးမှ ကျွန်မဆီ စာရေးပြီး အိမ်ထောင်ဖက်တွေ့ဖို့ ပြန်လာခဲ့ပါလို့ ခေါ်ခဲ့တာပါ! ကျွန်မ တကယ် ဘာမှ မသိခဲ့ပါဘူး! တံခါးဝရောက်မှ အားလုံးကို သိရတာပါ၊ ဒါတွေ အားလုံးက သူ့အပြစ်တွေပါ။ ကျွန်မနဲ့ ဘာမှ မဆိုင်ပါဘူး! အူးဝါး... ကျွန်မ သူ့ကို တိုင်ပါ့မယ်၊ ကျွန်မ တိုင်မှာပါ! သူက အကျင့်စာရိတ္တကောင်းတဲ့ မိန်းကလေးတွေကို လောင်းကစားသမားတွေနဲ့ တမင် ပေးစားတတ်တာ၊ အဲ့ဒီ လောင်းကစားသမားက သူ့ကို အကျိုးအမြတ် ပေးနိုင်လို့လေ..."

ဤအချက်မှာ သူမ၏ မိခင်ဖြစ်သူ ဝေရှု့ဖန်းပြောပြထားခြင်း ဖြစ်၏။

"နောက်ပြီးတော့ အပျိုစင်ပါလို့ ဟန်ဆောင်ပြီး အိမ်ထောင် သုံးဆက် ရှိဖူးတဲ့ မိန်းမကို လူပျိုလေး တစ်ယောက်နဲ့ ပေးစားခဲ့သေးတယ်။ လက်မှတ်တောင် ထိုးပြီးသွားကြပြီ၊ အဲ့ဒီ လူငယ်လေးက အဲ့ဒီမိန်းမမှာ အိမ်ထောင် သုံးဆက် ရှိခဲ့တာကို လုံးဝ မသိလိုက်ဘူး။"

ယွိမေကျွမ်း အော်ဟစ်ဖော်ထုတ်နေကာ

"ကျွန်မ တိုင်ပါ့မယ်! ကျွန်မမှာ အပြစ်မရှိပါဘူး..."

"ဘုရားရေ! ဒါက တကယ့်ကို နှလုံးသား မရှိတာပဲ! အောင်သွယ်တစ်ယောက်က ဒီလိုမျိုး ဘယ်လိုလုပ်ရက်တာလဲ!"

"ဒါပေါ့၊ ဘယ်သူက ငြင်းမှာလဲ!"

"ကိုယ်ကျင့်တရား လုံးဝ မရှိတာပဲ! အမလေး... ကျွန်မတောင် သူ့ကို သိနေသေးတယ်။ ကျွန်မရဲ့ အမေဘက်က အမျိုးတစ်ယောက်က သူ့ကို အောင်သွယ်ခိုင်းမလို့ပဲ၊ ဒါပေမဲ့ သူ့နာမည်က မကောင်းဘူးလို့ ကြားတာနဲ့ လက်လျှော့လိုက်တာ။ သူက ဒီလောက်တောင် လူလိမ်မကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး..."

"ဒီလောက်အထိ အရှက်မရှိတာပဲ!"

လူအုပ်ထဲတွင် လိုက်ပါလာသော ချန်ချင်းယွီသည် အလွန်ပင် ဒေါသထွက်သွားပြီး သူမကို လက်သီးဖြင့်ပင် ထိုးပစ်ချင်စိတ် ပေါက်လာသည်။ ဤအောင်သွယ်တော်သည်

တကယ်ပင် ယုတ်မာလှ၏။

ပိုက်ဆံရလျှင်ပြီးရော လူတွေ၏ ဘဝကို ဖျက်ဆီးနေခြင်း မဟုတ်ပါလော?

ယခုခေတ်တွင် လင်မယားကွဲရသည်မှာ အလွန်ပင် ရှားပါးလှသည်ဖြစ်ရာ လူတိုင်းမှာ အံ့ကြိတ်သည်းခံနေကြရမည်သာ။

"ဒါက တကယ့်ကို အဓမ္မကိစ္စပဲ!"

ရုတ်တရက် ရွှံ့ခဲတစ်ခဲ လွင့်လာပြီး အောင်သွယ်တော်မာကို တည့်တည့်မှန်သွားသည်။

"အား!"

"နင်လို အရှက်မရှိတဲ့ အဘွားကြီး၊ ဒါမျိုးနဲ့ တန်တာ!"

"ဟုတ်တယ်၊ တန်တယ်!"

ချန်ချင်းယွီသည် သူမ၏ ယောက္ခမကို အမြန်ပင် ဆွဲထုတ်လိုက်ရသည်။ လူအုပ်ကြီးထဲတွင် ရောပါပြီး ရွှံ့ခဲများ၊ ဟင်းသီးဟင်းရွက် ပုပ်များဖြင့် အပေါက်ခံရမည်ကို သူမ မလိုလားပေ။

"အမလေး..."

ချန်ချင်းယွီသည် လူအုပ်နှင့် ပို၍ ဝေးရာသို့ တိုးလိုက်သည်။ အဘွားကြီးကျောက် တိုးတိုးလေး ဆိုသကာ

"နင့်ရဲ့ အစ်မလည်း ဒီကိစ္စကနေ လွတ်မှာ မဟုတ်ဘူး။"

ချန်ချင်းယွီ အနားတွင်ရှိသော အဘွားကြီးကျောက်ပင် မနည်းကြားရသည့် အသံတိုးတိုးဖြင့်

"ခံလေ တန်တာပေါ့!"

ဤကဲ့သို့သော အိမ်ထောင်ရေး လိမ်လည်မှုမှာ လူတစ်ယောက်၏ ဘဝကို ဖျက်ဆီးနိုင်သဖြင့် ဝမ်တာ့ချွေ ဒေါသထွက်သည်မှာ နားလည်ပေးနိုင်စရာ ရှိပေသည်။

ပြန်စဉ်းစားကြည့်လျှင် ယခင်နေ့မှ ဝမ်တာ့ချွေတွင် မရှိသည်များကို ရှိသယောင် ဟန်ဆောင်ခြင်းမှာ အိမ်ထောင်ရေး လိမ်လည်မှုဟု သူမ ထင်ခဲ့သော်လည်း လူတိုင်း ထိုအချက်ကို အရေးတယူ မလုပ်ခဲ့ကြပေ။ ယခုမူ အထင်အရှားပင်။

ယခင်က ဤမျှ ရုပ်ဆိုးလှသော ကိစ္စမျိုး မရှိခဲ့သည်မှာ အမှန်ပင် ဖြစ်၏။

ယခုကိစ္စနှင့် နှိုင်းယှဉ်လျှင် ထိုအချက်မှာ ဘာမှ မဟုတ်တော့ပေ။

ရဲစခန်းမှာ အတော်ပင် နီးလှသဖြင့် ၎င်းတို့၏ ဆူညံပွက်လောရိုက်မှုကြောင့် အတွင်းထဲသို့ပင် မဝင်ရသေးမီ ရဲအရာရှိများ ထွက်လာကြသည်။ အောင်သွယ်တော်မာ ငိုရှိုက်

ရင်း

"ရဲဘော်ကြီးတို့ရယ်၊ ကျွန်မ တကယ် အပြစ်မရှိပါဘူး! ကျွန်မ တစ်သက်လုံး အောင်သွယ်လုပ်လာတာ ကောင်းတာတွေပဲ လုပ်ခဲ့တာပါ! သူတို့က ကျွန်မကို တကယ် အထင်သေးကြတာ! ကျွန်မကို အနိုင်ကျင့်နေကြတာပါ!"

"နင်လို အဘွားကြီး၊ ပါးစပ်ပိတ်ထားစမ်း!"

ဝမ်တာ့ချွေ ဒေါသတကြီး ဟောက်လိုက်ပြီး

"သူက ကျွန်တော့်ကို လိမ်တာ၊ သူက..."

ဝမ်တာ့ချွေသည် ပို၍ပင် ခံပြင်းလာပြီး စိတ်မကောင်း ဖြစ်လာမိ၏။ သူသည် အရည်အချင်း မဆိုးသော လူကောင်းတစ်ယောက် ဖြစ်ပြီး အဖော်ရှာရန်လည်း လောနေသူ မဟုတ်ပေ။ တစ်ယောက်တည်း နေရသည်မှာ တစ်ပါးသူနှင့် နေရသည်ထက် အမြဲပင် ပို၍ သက်သောင့်သက်သာ ရှိလှသည်။ ဝမ်တာ့ချွေသည် ဝင်းထဲရှိ ကိစ္စရပ်များတွင် မပါဝင်ဘဲ အေးအေးဆေးဆေး နေတတ်သူ ဖြစ်သော်လည်း မာကျန့်ယီ သူ့ကို ခေါ်သည့်အခါတွင် မငြင်းဆန်ခဲ့ပေ။ သို့သော် သူသည် အိမ်ထောင်ပြုရန် မည်သူကမျှ လာရောက် နားပူနားဆာ မလုပ်သဖြင့် အလျင်မလိုခဲ့ခြင်းလည်း ဖြစ်၏။

ခြံဝင်းထဲတွင်ရှိသော အဘွားကြီးအချို့၏ ကဲ့ရဲ့ရှုတ်ချမှုကိုသာ မခံရလျှင် သူသည် အိမ်ထောင်ပြုရန် အမှန်တကယ်ပင် အလျင်လိုမည် မဟုတ်ပေ။ သူ၏ အမြင်တွင် တစ်ယောက်တည်း ရှာ၍ တစ်ယောက်တည်း သုံးရသည်မှာ ကောင်းလှသော်လည်း၊ နှစ်ယောက် ရှာပါက မိသားစုကိုပါ ထောက်ပံ့ရဦးမည် ဖြစ်ရာ သူနှင့် မကိုက်ညီဟု ထင်မြင်မိသည်။

သူသည် အစားအသောက် ပက်စက်သူ ဖြစ်သဖြင့် နောက်ထပ် ဇနီးတစ်ယောက် ထပ်ရှာပါက ဘဝမှာ ရုန်းကန်ရမည်မှာ အမှန်ပင်။

ယခုကဲ့သို့ ရက်အနည်းငယ်ခြားတိုင်း အရက်နှင့် အသားကို စားသောက်နိုင်ပြီး တစ်လလျှင် ငွေ ၅၀ နီးပါး ရရှိနေသည်မှာ အကောင်းဆုံးပင် ဖြစ်၏။ သူသည် အဝတ်အစားနှင့် ပစ္စည်းဥစ္စာများကို သိပ်ဂရုမစိုက်သဖြင့် အတော်ပင် အဆင်ပြေနေသူတည်း။

မူလက မိမိ၏ ဘဝကို ကျေနပ်နေသူ ဖြစ်သဖြင့် မဖျက်ဆီးလိုသော်လည်း ကဲ့ရဲ့ခံရပြီးနောက်တွင်မူ အိမ်ထောင်ပြုသင့်ပြီဟု ခံစားခဲ့ရသည်။ ထို့ကြောင့် အောင်သွယ် ရှာခဲ့ခြင်း ဖြစ်သော်လည်း အလုပ်ရှိသူကိုသာ ရှာပေးရန် သူ အတပ်ပြောခဲ့၏။ အလုပ်ရှိခြင်းမှာ ပိုက်ဆံရခြင်း ဖြစ်သဖြင့် သူ၏ ဘဝမှာ ပို၍ ဆိုးမသွားနိုင်ပေ။ အကယ်၍ ထိုသူမှာ အလုပ်ကြိုးစားပြီး အိမ်မှုကိစ္စ ကျွမ်းကျင်ပါက ပို၍ပင် ကောင်းဦးမည်။ သူ၏ အိမ်မှာ ဝက်ခြံကဲ့သို့ ဖြစ်နေသဖြင့် မိန်းမတစ်ယောက် ရှိလျှင် အကူအညီ ရနိုင်ပေလိမ့်မည်။ ထို့ပြင် ဟင်းချက်လည်း ကောင်းသူဆိုလျှင် သူကိုယ်တိုင် ချက်ရသည့် ဒုက္ခမှ ကင်းဝေးသွားမည် ဖြစ်ပေသည်။ သူသည် မိမိလိုချင်သည့် အချက်များကို လမ်းကြားထဲမှ အောင်သွယ်တော်လျှိုကို ပြောပြသည့်အခါတွင် သူမ၏ မျက်နှာမှာ ဖြူလျော့သွားခဲ့ရ၏။

အစ်ကိုကြီး!! ဘာလို့များ မိုးပေါ်က နတ်သမီးကို မရှာတာလဲ!!

သို့သော် ဝမ်တာ့ချွေမှာမူ အောင်သွယ်တော်လျှိုတစ်ယောက် သူ့ကို ဂျီကျလွန်းသည်ဟု ထင်မှတ်နေကာ သင့်တော်သောသူ မရှာပေးနိုင်သေးဘဲ သတင်းကိုသာ လွှင့်ထားသည်ကို မသိရှိခဲ့ပေ။ ထိုအချိန်တွင် အောင်သွယ်တော်မာသည် နွားလုပ်မည့် လူအ တစ်ယောက်ကို ရှာဖွေရင်း သူ၏ တံခါးဝသို့ အလိုလို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေ၏။

ထိုသို့ဖြင့် ဝမ်တာ့ချွေ၏ အလိမ်ခံရသည့် ဇာတ်လမ်း ဖြစ်ပေါ်လာရသည်။ ဝမ်တာ့ချွေတစ်ယောက် ပထမဆုံးအကြိမ် အိမ်ထောင်ဖက်တွေ့ခြင်းမှာ အလိမ်ခံလိုက်ရ၍ အမှန်တကယ် စိတ်မကောင်းဖြစ်နေပြီး သူခမျာ ရဲစခန်း၌ ပြောရင်းပြောရင်းဖြင့် ပိုပြီး ခံပြင်းလာကာ ငိုချင်းချလေတော့၏။

"ကျွန်တော့်မှာ ဘာတောင်းဆိုချက်မှ အများကြီးမရှိပါဘူး၊ အလုပ်ရှိတဲ့သူ၊ အိမ်အတွက် ကူညီပေးပြီး၊ စားဝတ်နေရေး ပူပန်စရာမလိုတဲ့သူမျိုးပဲ ရှာချင်တာလေ၊ ဒါက မှားလို့လား? ဘာလို့ ကျွန်တော့်ကိုမှ ရွေးပြီး လိမ်ကြတာလဲ? ကျွန်တော်က ကြည့်ရတာ လူအပုံ ပေါက်နေလို့လား?"

ရဲဘော်များ: "..."

"ကျွန်တော့်လစာက တစ်လ ၄၉ ယွမ်ခွဲ၊ ၅၀ ပြည့်တော့မယ်။ အိမ်လည်းရှိတယ်၊ ဘာဝန်ထုပ်ဝန်ပိုးမှလည်း မရှိဘူး။ အလုပ်ရှိတဲ့သူတစ်ယောက်ပဲ ရှာချင်တာကို ဘာလို့ လာလိမ်ကြတာလဲ? ဒါ ကျွန်တော့်ကို လူအလို့ သတ်မှတ်လိုက်တာ မဟုတ်ဘူးလား? ဒီလောက်အထိ ယုတ်မာရသလား? နောက်ပြီး လိမ်မယ်ဆိုရင်တောင် ချောတဲ့သူနဲ့ လာလိမ်ပါလား၊ သူမကို ကြည့်ဦး၊ အသက် ၃၀ ကျော် ၄၀ နီးပါး ရုပ်ပေါက်နေတာကို!"

ဝမ်တာ့ချွေ မကျေမနပ် ပြောဆိုနေသဖြင့် ယွီမေကျွမ်းလည်း စိတ်မရှည်တော့ပေ။ သူမ အမုန်းဆုံးအရာမှာ သူမကို အိုသည်ဟု ပြောခြင်းပင်။ တောဘက်တွင် လယ်လုပ်ခဲ့ရပြီး၊ နေပူမိုးရွာထဲ နေခဲ့ရ၍သာ သူမ ရုပ်မှာ ရင့်သွားရခြင်း မဟုတ်လော့။

"နင် ပါးစပ်ပိတ်ထားစမ်း၊ နင်ကရော ဘာအကောင်းစားမို့လို့လဲ! နင့်ရုပ်ကလည်း မငယ်ပါဘူး၊ အိုစာနေတာကိုများ၊ ငါက ပုံမှန်အတိုင်း အောင်သွယ်တွေ့ဖို့ လာတာ။ နင့်လို အခြေအနေမျိုးကို ငါကတောင် ပြန်ကြည့်မှာ မဟုတ်ဘူး။ အသက် ၃၀ ကျော်တဲ့အထိ အောင်သွယ်မတွေ့ဖူးဘူးဆိုတော့ တစ်ခုခုတော့ ချို့ယွင်းချက် ရှိလို့နေမှာပေါ့!"

"နင် လျှောက်မပြောနဲ့! နင်က မစမ်းသပ်ဖူးဘဲ ငါ့မှာ ချို့ယွင်းချက်ရှိတယ်လို့ ဘယ်လိုပြောနိုင်ရတာလဲ? ငါ အရင်က အိမ်ထောင်မပြုတာက ငါ့အစားအစာတွေကို တစ်ယောက်ယောက်နဲ့ လုမစားချင်လို့ကွ၊ နင်လို လူလိမ်မက ငါ့ကို စော်ကားရဲသေးတယ်! ရဲဘော်ကြီးတို့ ကြည့်ပါဦး၊ ဒီလူလိမ်မက ဘယ်လောက်တောင် မောက်မာနေသလဲဆိုတာ။ ပြီးတော့ ဒီအဘွားကြီး လူလိမ်မကြီးကလည်း ကျွန်တော်တို့ဝင်းထဲက မမကျောက်ရုံကို ဝင်တိုက်လို့ ဆေးရုံ ရောက်သွားပြီ။ ဒီအဘွားကြီးက တခြားမကောင်းတာတွေလည်း အများကြီး လုပ်ထားသေးတာ။ ကြည့်တော့သာ အောင်သွယ်တော်၊ တကယ်တော့ အကုသိုလ်နဲ့ ဝမ်းကျောင်းနေတဲ့ လူလိမ်မကြီးဗျ..."

သူတို့တစ်သိုက်မှာ တတွတ်တွတ်မရပ်မနား ပြောဆိုနေကြလေသည်။

ချန်ချင်းယွီအဖို့ ရဲစခန်းသို့ ရောက်ဖူးသည်မှာ ယခု ပထမဆုံးအကြိမ်ပင်။ ဤနေရာမှာ ခေတ်သစ်ကဲ့သို့ မဟုတ်ဘဲ ခေတ်ဟောင်းအငွေ့အသက်များ နေရာအနှံ့ ထုံလွှမ်းနေသည်။

ဪ... မဟုတ်သေးဘူး၊ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး…

တစ်ခါက ရောက်ဖူးသေးတယ်၊ ဒါပေမဲ့ အထဲကိုတော့ မဝင်ခဲ့ဘူး။

အဲ့ဒီတုန်းက ဓားပြတိုက်တဲ့သူတွေကို တံခါးဝအထိ တုပ်နှောင်ပြီး လာပို့ခဲ့တာလေ၊ ဒါကို ရောက်ဖူးတယ်လို့ ပြောလို့ရမလား? !!

အဲ့ဒီလူတွေ ဘာဖြစ်သွားပြီလဲတော့ သူမ မသိပေ..

ချန်ချင်းယွီ စပ်စုမနေတော့ပေ…

"ကဲ ကဲ... အားလုံး မဆူကြနဲ့တော့၊ တစ်ယောက်ချင်းစီ ပြောကြ။ သူတို့ကို အထဲခေါ်သွားလိုက်။ အကြောင်းစုံ သိတဲ့သူတွေကတော့ သက်သေထွက်ဆိုဖို့ လာခဲ့ကြ၊ မသိတဲ့သူတွေကတော့ မြန်မြန် ပြန်ကြတော့။ ရန်ပွဲ လာမကြည့်ကြနဲ့တော့။"

ရဲဘော်များ ထိုသို့ ပြောသော်လည်း မည်သူမျှ မပြန်ကြပေ။

ချိန်ချင်းယွီလည်း မပြန်ပေ။

"ချန်ချင်းယွီ?"

ချန်ချင်းယွီ လှည့်ကြည့်လိုက်သောအခါ ဆံပင်ကျစ်ဆံမြီး နှစ်ဖက်ကျစ်ထားသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည်လည်း ဤနေရာမှ ရဲမေတစ်ယောက်ပင်။

"နင် ဘာလို့ ဒီကို ရောက်နေတာလဲ?"

ချန်ချင်းယွီ: "...?"

ဒါ ဘယ်သူပါလိမ့်?

ချန်ချင်းယွီ ကြောင်တောင်တောင် ဖြစ်နေသည်ကို မြင်သောအခါ ထိုမိန်းကလေးမှာ ရင်းရင်းနှီးနှီးဟန်ဖြင့်

"ငါလေ၊ ငါတို့ အထက်တန်းတုန်းက တစ်နှစ်တည်းသားတွေလေ၊ နင် မမှတ်မိတော့ဘူးလား? ငါ ကွမ်ထင်းထင်းလေ! အခန်း (၂) ကလေ၊ ဆံပင်အတိုပဲ အမြဲညှပ်ပြီး ယောင်္ကျားလေးလို နေတတ်တဲ့ ကွမ်

ထင်းထင်းလေ၊ မှတ်မိပြီလား?"

ချန်ချင်းယွီ ပြန်စဉ်းစားကြည့်လိုက်ရာ ထိုကဲ့သို့သောသူ တစ်ယောက်ရှိခဲ့ဖူးသလိုလို ရှိသော်လည်း သေချာ မမှတ်မိပေ။

ထို့ကြောင့် သူမ ရှက်ပြုံးလေး ပြုံးပြလိုက်၏။

ချန်ချင်းယွီသည် အမြဲတမ်း ဟန်ဆောင်ရာတွင် အတော်ဆုံး ဖြစ်သည်။ အထူးသဖြင့် သိပ်မရင်းနှီးသောသူများရှေ့တွင် အမြဲပင် နုနယ်အားငယ်ဟန် ပေါက်အောင် အထူးသရုပ်ဆောင်တတ်၏။

ဘာပဲဖြစ်ဖြစ် သူမရဲ့ "နုဖတ်နွမ်းလျလျလေး" ပုံစံကိုတော့ ပျက်လို့မဖြစ်ဘူး!!!

ကွမ်ထင်းထင်း : "နင်က ဘာလို့ ဒီကို ရောက်နေတာလဲ?"

ချန်ချင်းယွီ: "ရန်ပွဲ လာကြည့်ရင်း ပါလာတာ။ အဲ့ဒီ အောင်သွယ်တော်ရဲ့ အလိမ်ခံရလုနီးပါး ဖြစ်သွားတဲ့သူက ငါတို့ဝင်းထဲကပဲလေ။"

ကွမ်ထင်းထင်း : "ဪ... ဒါကြောင့်ကိုး။ အိုး... ဒါက နင့်ကလေးလား?"

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ကာ

"ဒါက ငါ့သမီးလေး၊ ဟိုဘက်ကတော့ ငါ့သားလေး။ ရှောင်ကျား၊ ရှောင်ယွမ်... ဒေါ်လေးကို နှုတ်ဆက်လိုက်ဦးလေ။"

ကလေးနှစ်ယောက်မှာ တညီတည်းပင်

"ဒေါ်လေး…. မင်္ဂလာပါ"

ကလေးငယ်များမှာ အနည်းငယ် ရှက်နေသော်လည်း မိခင်

စေခိုင်းသည်ကို အမြဲ နားထောင်ကြသည်။

ကွမ်ထင်းထင်း ပြုံးပြုံးလေးဖြင့် သကြားလုံးနှစ်လုံး ထုတ်ပေးကာ

"မင်္ဂလာပါကွယ်၊ လာ... ဒေါ်လေးက သကြားလုံး ကျွေးမယ်နော်"

ကလေးငယ်နှစ်ယောက်မှာ ချန်ချင်းယွီကို လှမ်းကြည့်ကြ၍ ချန်ချင်းယွီကြားဖြတ်ကာ

"မယူတော့ဘူး၊ ကျေးဇူးတင်ပါတယ်၊ နင်ပဲ ပြန်သိမ်းထားလိုက်ပါ"

ကွမ်ထင်းထင်း ထုတ်ပေးသည်မှာ "ယုန်ဖြူတံဆိပ်" နို့အရသာ သကြားလုံး ဖြစ်ပြီး ဈေးမချိုပေ။ အကြောင်းမဲ့သက်သက် အဖိုးတန်ပစ္စည်းကို သူမ မယူချင်ပေ။

ချန်ချင်းယွီ: "နင်က ဒီမှာ အလုပ်လုပ်တာလား။"

"အင်း ဟုတ်တယ်၊ ရော့... ယူလိုက်ပါ၊ နင်က ဒီလိုမျိုး အားနာနေရင် ငါ စိတ်မကောင်းဖြစ်ရလိမ့်မယ်။ မြန်မြန်ယူလိုက်ပါ၊ ငါ့ရဲ့ စေတနာပါပဲ။ ချန်ချင်းယွီ... အားမနာပါနဲ့။"

ကွမ်ထင်းထင်းမှာ အလွန်ပင် ရင်းရင်းနှီးနှီး ရှိလှသည်။ မသိလျှင် ကျောင်းတက်စဉ် သူတို့နှစ်ယောက်သည် အလွန်ခင်ခဲ့ကြသည့်အတိုင်းပင်။

ချိန်ချင်းယွီ တွန့်ဆုတ်နေပြီးမှ "ဒါဆိုလည်း ကျေးဇူးတင်ပါတယ်နော်" ဟု ဆိုလိုက်၏။

ကွမ်ထင်းထင်း : "မလိုပါဘူးဟယ်၊ ကျေးဇူးတင်စရာ မရှိပါဘူး! နင်က အိမ်ထောင်ပြုတာ တော်တော် စောတာပဲ။ နင် အလုပ်ရော လုပ်လား? နင့်ယောင်္ကျားက ဘာလုပ်တာလဲ? ငါ မှတ်မိသလောက်ဆိုရင် နင် ကျောင်းတုန်းက ဟိုလူနဲ့... အဲ့ဒီ... နာမည်က လင်းကျန့်ဝမ် ထင်တယ်၊ နင်တို့နှစ်ယောက်က တော်တော် သံယောဇဉ်ကြီးကြတာ မဟုတ်လား။"

ချန်ချင်းယွီ: "ငါ အလုပ်မလုပ်ပါဘူး၊ အထက်တန်းပြီးတာနဲ့ လင်းကျန့်ဝမ်နဲ့ အိမ်ထောင်ပြုလိုက်တာ။ ဒါပေမဲ့ ဒီနှစ်ထဲမှာပဲ ငါ့ယောင်္ကျား ဆုံးသွားပြီ၊ အခုတော့ ယောက္ခမကအလုပ်ကို ဆက်ခံပြီး ယောက္ခမနဲ့ပဲ အတူနေနေတာ။"

အဘွားကြီးကျောက်မှာ ကွမ်ထင်းထင်းကို ပြုံးပြလိုက်၏။

ကွမ်ထင်းထင်း အံ့သဩသင့်သွားကာ

"ဟင်? လင်းကျန့်ဝမ် သေသွားပြီလား?"

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့၏ မျက်နှာတွင် အပြုံးများ အနည်းငယ် ပျောက်ကွယ်သွားရသည်။

"ဒါဆိုရင် နင် တော်တော် ကံဆိုးတာပဲနော်? နင့်အမေကလည်း စောစောစီးစီး ဆုံးသွားတာ မဟုတ်လား? အေးလေ... နင့်မှာ အခြေအနေ တော်တော်ကောင်းတဲ့ အဘိုးနဲ့ အဘွား ရှိတယ် မဟုတ်လား?"

သူမ စကားပြောနေစဉ် ချန်ချင်းယွီကို စူးစူးစိုက်စိုက် ကြည့်နေ၏။

ချန်ချင်းယွီ၏ မျက်နှာတွင် အပြုံးများ လုံးဝ ပျောက်ကွယ်သွားပြီး

"သူတို့ ဆုံးသွားတာ နှစ်အတော်ကြာပါပြီ"

ကွမ်ထင်းထင်း အံ့ဩသွားပြန်ကာ

"ဟင်... ဒါက..."

"ထပ်ပြီး သေကုန်ကြပြီလား? နင့်ကံက တော်တော်လေး ဆိုးတာပဲနော်!"

အဘွားကြီးကျောက် မနေနိုင်တော့ဘဲ

"ဟဲ့ မိန်းကလေး၊ နင်က ဘာဖြစ်နေတာလဲ၊ သကြားလုံး နှစ်လုံး ပေးထားရုံနဲ့ နင်က ဘာလို့ တစ်ပါးသူရဲ့ ဒဏ်ရာကို လာပြီးနာအောင် လုပ်နေတာလဲ? နင်က မပြောသင့်တာကိုပဲ ရွေးပြောနေတာလား! ဘယ်လို လူစားလဲ မသိဘူး"

ချန်ချင်းယွီမှာမူ ခေါင်းလေးငုံ့ပြီး အလွန်ပင် ဝမ်းနည်းနေသည့် ပုံစံဖြင့်.….

အထူးသရုပ်ဆောင်နေ၏!!

၄၆။ သူငယ်ချင်းဟောင်း

ချန်ချင်းယွီတစ်ယောက် ကျောင်းနေဘက် သူငယ်ချင်းနှင့် တိုးမိသော်လည်း အချင်းချင်းမှာ ထင်သလောက် မရင်းနှီးလှပေ။

သို့သော် အိမ်နီးနားချင်းများမှာမူ ငြူစူမနာလို ဖြစ်နေကြလေသည်။ အကြောင်းမူကား ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ရရှိထားသော 'ယုန်

ဖြူတံဆိပ်' နို့သကြားလုံးများမှာ ထိုခေတ်အခါက အလွန်အဖိုးတန်လှသောကြောင့် ဖြစ်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း ထိုနို့သကြားလုံးကို တစ်ခါမျှ မစားဖူးကြသဖြင့် လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အားရဝမ်းသာ ရယ်မောနေကြ၏။

ကွမ်ထင်းထင်းသည် အဘွားကြီးကျောက်၏ စကားကြောင့် အနည်းငယ် မျက်နှာပျက်သွားသော်လည်း ချက်ချင်းပင် ဟန်ကိုယ်ဖို့ ပြန်ပြင်လိုက်၏။

ထိုစဉ် ရဲအရာရှိတစ်ဦး ထွက်လာပြီး "ချန်ချင်းယွီ... ဘယ်သူလဲ ချန်ချင်းယွီဆိုတာ" ဟု လှမ်းခေါ်လေသည်။

ချန်ချင်းယွီ ချက်ချင်းပြန်တုံ့ပြန်လိုက်ကာ

"ကျွန်မပါ"

"ခဏလောက် အထဲဝင်ခဲ့ပါဦး"

ရဲအရာရှိ ပြောလိုက်ရာ ချန်ချင်းယွီလည်း အမြန်ပင် ခေါင်းငြိမ့်ပြလိုက်၏။ ရဲအရာရှိသည် မျက်နှာထား တည်ကြည်သော်လည်း ဆက်ဆံရေးမှာ ပြေပြစ်မှုရှိ၏။

"ထိုင်ပါ၊ ကျွန်တော် မေးတာကိုပဲ ဖြေနော်"

ချန်ချင်းယွီသည် ခေါင်းငြိမ့်လိုက်ကာ၊ မိမိသည် သက်သေတစ်ဦးအနေနှင့် လာရောက်ခြင်းဖြစ်ပြီး သူခိုးမဟုတ်သဖြင့် အလွန်အမင်း ကြောက်ရွံ့ခြင်း မရှိပေ။

"မင်းနဲ့ ယွီမေကျွမ်းနဲ့က ဘာတော်တာလဲ"

ချန်ချင်းယွီ : "သူက ကျွန်မရဲ့ အဖေ နောက်အိမ်ထောင်ကပါတဲ့ မယားပါသမီးပါ၊ ကျွန်မအမေ ဆုံးပါးသွားပြီးနောက် သူ့အမေက ကျွန်မအဖေနဲ့ အိမ်ထောင်ကျတဲ့အခါ သူပါ ပါလာတာပါ"

ရဲအရာရှိ : "သူ့ရဲ့ အခြေအနေကို အကျဉ်းချုပ်လောက် ပြောပြနိုင်မလား"

ချန်ချင်းယွီသည် ခါးသီးသော အပြုံးဖြင့်

"ကျွန်မက ငယ်စဉ်ကတည်းက အမေဘက်က အဘိုးအဘွားတွေအိမ်မှာပဲ ကြီးပြင်းခဲ့တာပါ။ နောက်ပိုင်း ကျွန်မ အရွယ်ရောက်လာတော့ သူက ကျေးလက်ဘက်ကို ဆင်းသွားတယ်၊ ကျွန်မကလည်း အိမ်ထောင်ကျသွားတယ်ဆိုတော့ သူ့အကြောင်း သိပ်မသိတော့ဘူးရှင့်။ သူ ကျေးလက်ကိုသွားတယ်ဆိုတာလောက်ပဲ သိတာပါ"

ရဲအရာရှိသည် ချန်ချင်းယွီအား ပထမဆုံး မေးမြန်းခြင်းမဟုတ်သဖြင့် ထိုအဖြေကို မျှော်လင့်ထားပုံရသည်။

ထို့နောက် ရဲအရာရှိမှ

“အောင်သွယ်တော်မာ ဆိုတာကိုရော သိလား၊ သူက ယွီမေကျွမ်းရဲ့ ဆွေမျိုးလေ၊ သူ့ကို တွေ့ဖူးလား"

ချန်ချင်းယွီ : "မတွေ့ဖူးပါဘူး၊ ဒီနေ့မှပဲ မြင်ဖူးတာပါ"

"သူက မင်းမိထွေးရဲ့ ဆွေမျိုးဆိုတော့ မင်းရဲ့ အိမ်ထောင်ရေးကိုလည်း သူပဲ စီစဉ်ပေးတာ မဟုတ်ဘူးလား"

ရဲအရာရှိ မေးလိုက်ရာ ချန်ချင်းယွီသည် အံ့အားသင့်သွားသော အကြည့်ဖြင့် ရဲအရာရှိကို မော့ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းအစုံမှာ တောက်ပနေပြီး

"မဟုတ်ရပါဘူးရှင်၊ ကျွန်မနဲ့ ကျွန်မအမျိုးသားက ကျောင်းနေဖက်တွေပါ။ ကျောင်းတုန်းက သိခဲ့ကြပေမဲ့ အဲဒီတုန်းက တွဲခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ တစ်ယောက်ပေါ်တစ်ယောက် ခံစားချက်လေးတွေ ရှိခဲ့ကြတာပါ။ နောက်ပိုင်းမှ လွတ်လပ်စွာ ချစ်ကြိုက်ခွင့်ကို အားပေးတဲ့အတိုင်း ကျွန်မတို့ဘာသာ တွဲခဲ့ကြတာပါ"

သူမ ထပ်မံ၍ တိုးတိုးလေး ရေရွတ်လိုက်ကာ

"အို... ကျွန်မမှာ အောင်သွယ် ဘာလိုလို့လဲရှင်!"

ရဲအရာရှိမှာ ဆွံ့အသွားရရှာ၏။ သို့သော် တာဝန်အရ ဆက်လက်၍

"ဒါဆို သူက ရည်ရွယ်ချက်ရှိရှိနဲ့ အိမ်ထောင်ရေးလိမ်လည်မှု လုပ်လိမ့်မယ်လို့ မင်းထင်လား"

ချန်ချင်းယွီ : "ကျွန်မလည်း မသိဘူးလေ! အရင်တုန်းကဆိုရင်တော့ သူ ဒါမျိုးလုပ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မ သူ့ကို မတွေ့ရတာလည်း အတော်ကြာပြီဆိုတော့ ဘယ်သူက အမြဲတမ်း တစ်သမတ်တည်း ရှိနေမှာလဲ။ သူ ကျေးလက်ကိုဆင်းသွားတုန်းက ကျွန်မ အိမ်ထောင်တောင် မကျသေးဘူး၊ အခုဆို ကျွန်မကလေးတောင် အတော်ကြီးနေပြီလေ"

ရဲအရာရှိသည် ခေါင်းငြိမ့်ရင်း

"ကောင်းပြီ၊ မင်း သွားလို့ရပြီ"

ချန်ချင်းယွီသည် သက်သေများထဲမှ တစ်ဦးဖြစ်သော်လည်း အမှန်တကယ်တွင် အရေးမပါသကဲ့သို့ ရှိနေ၏။ ယနေ့ ပြဿနာဖန်တီးနေသူမှာ သူမ မဟုတ်သောကြောင့်လည်း ဖြစ်သည်။ အဘွားကြီး ဟွမ်တို့တစ်သိုက်သည်သာ တကယ့်သောင်းကျန်းနေကြခြင်း ဖြစ်၏။

ချန်ချင်းယွီ ထသွားရန် ပြင်ဆင်စဉ် ရဲအရာရှိမှာ လှမ်းပြောလိုက်လေသည်ခ

"မင်းမိထွေးကိုလည်း လာခဲ့ဖို့ ပြောလိုက်ဦး"

ချန်ချင်းယွီသည် ချက်ချင်းပင် ခေါင်းငုံ့သွားပြီး သနားစဖွယ် လေသံဖြင့်

"မ... မပြောရဲပါဘူးရှင်"

ရဲအရာရှိ အများအပြား သူမအား တပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြ၏။

ချန်ချင်းယွီ : "တကယ်ပါရှင်၊ ကျွန်မ သွားမပြောရဲပါဘူး။ မဟုတ်ရင် ကျွန်မမိထွေးက ကျွန်မ တမင်သက်သက် ပြဿနာဖြစ်အောင် လုပ်တယ်လို့ ထင်သွားပါလိမ့်မယ်။ ကျွန်မကတော့ သူ့ကို ရန်မမူပါဘူး၊ ဒါပေမဲ့ သူက ကျွန်မအဖေအပေါ် ရန်ငြိုးထားမှာကို ကြောက်တာပါ။ အိမ်မှာဆိုရင် သူက အဖေကို ခိုးပြီး ရိုက်နှက်နေကျလေ။ ကျွန်မက အဖေ့ဘက်က ကူညီနေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဖေ့အတွက် ပြဿနာမဖြစ်စေချင်လို့ပါ၊ ဟုတ်တယ်မလား? အရာရှိတို့ တခြားတစ်ယောက်ယောက်ကိုပဲ ခေါ်ခိုင်းပေးပါနော်"

သူမသည် အခွင့်အရေးရခိုက် သတင်းလွှင့်လိုက်လေသည်။

ဤသို့ သတင်းလွှင့်ခြင်းသည် ဝေရှု့ဖန်း၏ သိက္ခာကိုသာ ထိခိုက်စေသည်မဟုတ်၊ ချန်ရိကျွင်းကိုလည်း 'မယားကြောက်' ဟူသော နာမည်ဆိုး ရစေရန် ရည်ရွယ်ခြင်း ဖြစ်၏။ ပေကျင်းမြို့ရှိ အမျိုးသားများမှာ သိက္ခာကို အလွန်တန်ဖိုးထားကြသူများမဟုတ်လော့။

ကဲ... သိစေချင်တာနဲ့ လျှောက်ပြောလိုက်ဦးမယ်!

တစ်မြို့လုံးကို ပြန့်သွားစေရမယ်!

ရဲအရာရှိများမှာမူ ဆွံ့အလျက် ရှိနေကြသည်။

"မင်းမိထွေးက အိမ်မှာ အမျိုးသားဖြစ်သူကို ရိုက်တယ် ဟုတ်လား"

ရဲတစ်ဦးမှာ မနေနိုင်ဘဲ ဝင်မေးလေ၏။

ချန်ချင်းယွီ : "ကျွန်မတို့ ရပ်ကွက်ထဲမှာ စုံစမ်းကြည့်လို့ ရပါတယ်ရှင်၊ ဒါက ကျွန်မ ဝင်ပါရမယ့်ကိစ္စ မဟုတ်လို့ပါ၊ တောင်းပန်ပါတယ်နော်"

ချန်ချင်းယွီမှာ စကားပြောရင်း အင်္ကျီနားလေးကို ဆွဲလိမ်ကာ စိတ်မကောင်းဖြစ်ဟန် ဆောင်လိုက်သည်။

ရဲအရာရှိ : "ကဲ... ထားလိုက်ပါတော့၊ မင်း လုပ်စရာမရှိတော့ပါဘူး၊ သွားနိုင်ပါပြီ"

ချန်ချင်းယွီသည် ရှက်ပြုံးလေး ပြုံးပြရင်း နှုတ်ဆက်ကာ ထွက်ခဲ့၏။

"ဒါဆို ကျွန်မ သွားတော့မယ်နော်"

ချန်ချင်းယွီ အပြင်ရောက်သည်နှင့် အဘွားကြီးကျောက်ကို အတွင်းသို့ လှမ်းခေါ်လေသည်။ သူမတို့ဝန်းထဲမှ လူအများအပြားမှာ အဖြစ်အပျက်ကို အတည်ပြုရန် အထဲသို့ ရောက်ရှိနေကြပြီ ဖြစ်၏။ ချန်ချင်းယွီ အပြင်ထွက်လာသောအခါ ကွမ်ထင်းထင်းမှာ ရှိနေဆဲပင်။

ကွမ်ထင်းထင်း ; "ဝိုး... နင်တို့ဝန်းထဲမှာ တကယ်ကို ဖြစ်ရပ်တွေ စုံပါလား"

ချန်ချင်းယွီ ; "တကယ်တော့ သိပ်လည်း မဆိုးပါဘူး"

"ခုနကကိစ္စအတွက် တောင်းပန်ပါတယ်ဟာ၊ နင့်အဘိုးနဲ့ အဘွားလည်း ဆုံးသွားကြပြီဆိုတာ ငါမသိလို့ပါ။ သူတို့ ဆုံးသွားတာ ဘယ်နှနှစ်ရှိပြီလဲ"

"ငါးနှစ်ရှိပြီ၊ အဲဒီအကြောင်းတွေကို ငါ ထပ်မပြောချင်တော့ဘူး"

ချန်ချင်းယွီ ပြောရင်း ဝမ်းနည်းဟန် ပြလိုက်၏။

ကွမ်ထင်းထင်း သနားဟန်ဖြင့် အာမေဍိတ်သံပြုလိုက်ပြီး ထပ်မေးမြန်းပြန်သည်။

"ခုနကမိန်းမကြီးက နင့်ယောက္ခမလား"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြရင်း "အင်း... ဟုတ်တယ်" ဟု ဆိုလိုက်ရာ၊

ကွမ်ထင်းထင်းမှာ မှတ်ချက်ပြုလေတော့သည်။

"ကြည့်ရတာ ယောက္ခမဆိုးကြီးနဲ့ တူတယ်နော်၊ နင် တော်တော်လေး ဒုက္ခရောက်နေမှာပဲ"

ချန်ချင်းယွီသည် တုံ့ပြန်ခြင်း မပြုပေ။ ၎င်းကို မြင်သော ကွမ်ထင်းထင်းမှာ ဆက်၍

"ဘယ်သူက ထင်မှာလဲ၊ နင် ကျောင်းတုန်းက အတော်လေး အဆင်ပြေခဲ့တာ ငါမှတ်မိသေးတယ်။ အခုတော့ ဒီလိုပုံစံမျိုး ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားဘူး၊ ငါ့လောက်တောင် အခြေအနေ မကောင်းတော့ဘူးပဲ"

ချန်ချင်းယွီသည် ယခုမှ သဘောပေါက်သွား၏။ ကွမ်ထင်းထင်းသည် မိတ်ဆွေဟောင်းအဖြစ် နှုတ်ဆက်ခြင်းမဟုတ်ဘဲ မိမိထက် သာလွန်ကြောင်း လာရောက်ဝါကြွားခြင်းသာ ဖြစ်သည်။

သူမ ဝမ်းနည်းသော လေသံဖြင့်

"အဲဒီတုန်းက အဘိုးနဲ့ အဘွားက ရှိသေးတာကိုး။ ငါ့မှာ အမေမရှိတော့တာကို သူတို့က သနားလို့ အကောင်းဆုံးတွေပဲ ပေးခဲ့ကြတာပါ။ သူတို့ကိုယ်တိုင် ကြမ်းတမ်းတဲ့ အစားအစာတွေ စားရပါစေဦး၊ ငါ့ကိုတော့ အပင်ပန်းမခံစေခဲ့ဘူး။ ဒါပေမဲ့ သူတို့ခမျာ ချမ်းသာသုခ မခံစားရခင်မှာပဲ ဆုံးပါးသွားကြရှာတယ်... ဟူး..."

"မဝမ်းနည်းပါနဲ့ဟာ"

"နင်က အဲဒီလူအကြောင်း မပြောရင် ငါ့ချွေးမက ဝမ်းနည်းနေစရာလိုမလား? နင်က တကယ့်ကို လူစိတ်မရှိတဲ့ ကောင်မလေးပဲ၊ ဘာလို့ သူများ စိတ်မကောင်းဖြစ်မယ့် အကြောင်းတွေကိုပဲ ရွေးပြောနေတာလဲ? ခုနကလည်း တစ်ခါ၊ အခုလည်း တစ်ခါ၊ နင်က မျက်စိမမြင်တာလား ဒါမှမဟုတ် တမင်သက်သက် လုပ်နေတာလား? ချွေးမ... လာ၊ သွားကြစို့။ ဒီလိုလူမျိုးတွေနဲ့ မပတ်သက်နဲ့။ တချို့လူတွေက ပျော်ပျော်နေတတ်တဲ့ ပုံစံမျိုး ဟန်ဆောင်ပြီး သူများနာကျင်အောင် တမင်ပြောတတ်ကြတယ်၊ ပြီးရင် လာကြွားနေတာ၊ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ငါ့အသက်အရွယ်အထိ ဒီလိုလူမျိုးတွေ အများကြီး တွေ့ဖူးတယ်။ သူနဲ့သာ သူငယ်ချင်းလုပ်ရင် နင့်ကို အစေခံတစ်ယောက်လို ဆက်ဆံပြီး နေ့တိုင်း လာကြွားနေမှာ။ လာ... သွားမယ်"

အဘွားကြီးကျောက်သည် မည်သူ့မျက်နှာကိုမျှ မထောက်ထားဘဲ ချက်ချင်းပင် တုံ့ပြန်လိုက်လေသည်။ အဘွားကြီးကျောက်သည် မိမိ၏ အဆင့်အတန်းအရ ကြီးမားသော အမှားမပြုသရွေ့ ဤသို့ နှုတ်သီးကောင်းသော အဘွားကြီးတစ်ဦးကို မည်သူမျှ လာရောက်ယှဉ်ပြိုင်ရဲမည်မဟုတ်ကြောင်း ကောင်းစွာ သိရှိထား၏။ သူမသည် မျိုးရိုးသန့်သော မိသားစုမှ လာသူဖြစ်ပြီး အမျိုးသားနှင့် သားဖြစ်သူတို့မှာလည်း နိုင်ငံတော်ပိုင်ပစ္စည်းများကို ကာကွယ်ရင်း ကျဆုံးသွားခဲ့ကြသဖြင့် သူမ၏ အသေးအဖွဲ ရန်ဖြစ်စကားများကို မည်သူမျှ အမှုမထားကြပေ။ အဘွားကြီးကျောက်သည်လည်း ယခုအခါ အလုပ်အကိုင်ရှိနေပြီး လောကအမြင် ကျယ်လာသဖြင့် ပို၍ သတ္တိရှိလာခြင်း ဖြစ်သည်။

သူမသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "သွားကြစို့!" ဟု ပြောကာ ချန်ချင်းယွီကို လူအုပ်ကြားမှ တွန်းထုတ်သွားလေ၏။ ကွမ်ထင်းထင်းမှာမူ နေရခက်သော အပြုံးဖြင့် ရေရွတ်ကျန်ခဲ့လေသည်။

"ဒီအဒေါ်ကြီးက ဘာဖြစ်နေတာလဲ၊ ငါ့ကို တကယ်ပဲ အထင်လွဲနေတာပဲ”

အဘွားကြီးဟွမ် : “ဟဲ့... ရဲဘော်လေးရဲ့၊ ညည်းက မသိလို့ပါ၊ အဲဒီ ကျောက်တာ့ရာက ငါတို့ဝင်းထဲက အဆိုးဆုံး အဘွားကြီးပဲ။ သူက သူ့ချွေးမဘက်က ရပ်တည်ပေးနေတယ်၊ ချွေးမအပေါ် သိပ်ကောင်းတယ်လို့ ထင်ရပေမဲ့ ဒါတွေက လူကြားထဲ ဟန်ဆောင်နေတာအေ။ တကယ်တမ်းကလား! အလကားပါဟယ်၊ သူက ချွေးမအပေါ်မှာ မကောင်းပါဘူး။ အရင်က သူ့သားမသေခင်တုန်းကတောင် သူ့ချွေးမကို ခိုးခိုးပြီး ရိုက်သေးတာ။ အခု သားလည်း မရှိတော့ရော၊ အလုပ်အကိုင်ကိုတောင် ချွေးမကို ဆက်ခံခွင့်မပေးဘဲ သူကိုယ်တိုင် လုပ်နေတာ၊ ဘယ်လောက်အတ္တကြီးသလဲဆိုတာ ကြည့်ရုံနဲ့ သိသာတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး၊ အလုပ်သွားနေလို့ ချွေးမကို မနှိပ်စက်တော့ဘူးလို့ မထင်နဲ့ဦး၊ အိမ်ပြန်ရောက်ရင်လည်း အတူတူပဲ။ သူက ယောက္ခမဆိုးကြီးအေ။”

ကွမ်ထင်းထင်း ; “အင်... ဟုတ်လား၊ ကြည့်ရတာတော့ အဲဒီလိုပုံစံ မဟုတ်သလိုပဲနော်။”

“ဟဲ့... စုံစမ်းကြည့်ရင် သိပါလိမ့်မယ်၊ သူက လူကောင်းမဟုတ်ပါဘူးအေ။”

ကွမ်ထင်းထင်း ရယ်မောရင်း

“အဒေါ်ကလည်း တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောတတ်တာပဲနော်။”

အဘွားကြီးဟွမ် : “ဒါပေါ့၊ ငါကတော့ အဲဒီလိုလူမျိုးတွေကို အမြင်ကပ်တယ်အေ။”

သူမသည် ထိုမိန်းကလေးကို အထက်အောက် အကဲခတ်ကြည့်ရင်း အသက်အရွယ်နှင့် မိသားစုအခြေအနေ မည်သို့ရှိမည်ကို တွေးတောနေလေသည်။ အဘွားကြီးဟွမ်အတွက် ယခုအချိန်တွင် အရေးကြီးဆုံးကိစ္စမှာ သားဖြစ်သူအတွက် အိမ်ထောင်ဖက်ရှာပေးရန် ဖြစ်၏။ သားဖြစ်သူမှာ ယခင်၌ တစ်ကြိမ် ကွာရှင်းထားဖူးသော်လည်း ထိုစဉ်က လူမှုပတ်ဝန်းကျင်တွင် ကွာရှင်းခြင်းအပေါ် လက်တွေ့ကျကျ အာရုံမထားကြသေးပေ။ သို့သော် ယခုအခါ သားဖြစ်သူမှာ အသက် (၃၀) နီးပါး ရှိနေပြီဖြစ်သဖြင့် မြေးချီချင်လှသော အဘွားကြီးဟွမ်မှာ စိတ်လောနေခြင်း ဖြစ်သည်။

ဝမ်တာ့ချွေတောင်မှ မိန်းကလေး စကြည့်နေပြီဆိုလျှင် သူမတို့အိမ်က မည်သို့ ငြိမ်နေနိုင်မည်နည်း!!

“မိန်းကလေးက လင်းကျန့်ဝမ် မိန်းမရဲ့ ကျောင်းနေဖက်ဆိုတော့... ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ၊ အိမ်ထောင်ရက်သားကျပြီလား၊ အိမ်က အခြေအနေလေးတွေကကော ဘယ်လိုလဲဟင်။”

ကွမ်ထင်းထင်း “........”

ဤအဘွားကြီးမှာ ထိုကဲ့သို့ ကြံစည်နေလိမ့်မည်ဟု သူမ လုံးဝမထင်ထားပေ။ သို့သော် သူမသည် ပွင့်လင်းစွာဖြင့်

“ကျွန်မ အသက် (၂၄) နှစ်ပါ၊ အခုထိတော့ တစ်ယောက်တည်းပါပဲ။”

အဘွားကြီးဟွမ်၏ အပြုံးမှာ ပို၍ပင် တောက်ပသွားတော့သည်။

လူနှစ်ဦးမှာ စကားဖောင်ဖွဲ့နေကြစဉ် ချန်ချင်းယွီတို့တစ်သိုက်မှာ အိမ်သို့ ပြန်လာကြလေပြီ။ လမ်းတစ်လျှောက်တွင် အဘွားကြီးကျောက်မှာ အားရပါးရ ဂုဏ်ဖော်ရင်း

“ဒီနေ့ကိစ္စကို ကြည့်ဦး၊ ငါ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ပြောစမ်းပါဦး။ နင့်စိတ်ကို ငါက တစ်ချက်ကြည့်တာနဲ့တင် သိတာ။ ငါတို့ တိုင်ပင်စရာမလိုဘဲ အပေးအယူ ဘယ်လောက်တည့်သလဲ။ ငါ့သိက္ခာကိုတောင် အရင်းအနှီးပြုပြီး နင့်အတွက် ရှေ့တန်းက တိုက်ပေးခဲ့တာနော်။”

ချန်ချင်းယွီ : “ကျွန်မအတွက်တင် ဘယ်ကမလဲ၊ အမေက ဒီမိသားစုအတွက် လုပ်ပေးတာပါ။”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ ရှေ့တွင် လက်ချင်းချိတ်ကာ ခုန်ပေါက်နေကြသည်။ ချန်ချင်းယွီ ပြုံးလိုက်ပြီး

“ကျွန်မတို့ တစ်မိသားစုလုံး အပေးအယူတည့်တော့ အမေလည်း နေရထိုင်ရတာ သက်သာတာပေါ့၊ ဟုတ်တယ်မလား။”

အဘွားကြီးကျောက် : “အင်း... ဒါလည်း ဟုတ်တာပါပဲ။”

“နင့်ရဲ့ အစ်မဆိုတဲ့ ကောင်မလေးကတော့ တကယ်ပဲ မလွယ်ဘူးနော်၊ မြို့မှာ နေခွင့်ရဖို့အတွက် လူတွေကိုတောင် လိမ်ရဲတယ်လေ။”

ယွီမေကျွမ်းအနေဖြင့် ဘာမှမသိပါဟု ပြောသည်ကို ချန်ချင်းယွီ လုံးဝမယုံကြည်ပေ။ ထိုနှစ်ဦးမှာ ကြိုတင်ပူးပေါင်းထားခြင်း ဖြစ်ရမည်ဖြစ်ပြီး ယခုမူ ဟန်ဆောင်နေကြခြင်းသာ ဖြစ်၏။

သို့သော်လည်း ယွီမေကျွမ်းကို ယွမ်ဟောက်ဖုန်း သိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ယွမ်ဟောက်ဖုန်း၏ သဘောထားမှာ ရုတ်တရက် ပြောင်းလဲသွားခြင်းသည် ယွီမေကျွမ်းထံမှ တစ်ခုခု ကြားသိထားသောကြောင့်လားဟု သူမ တွေးမိ၏။

ချန်ချင်းယွီသည် လူတစ်ဦးအား အကောက်ကြံသူဟု အလကားသက်သက် မစွပ်စွဲလိုသော်လည်း သူမ၌ မူလမှတ်ဉာဏ်များ ရှိနေသည်

မဟုတ်လော့။ ယခင်၌ မိမိတို့နှစ်ဦးမှာ ရိုးရိုးတန်းတန်း သိရုံသာဖြစ်ပြီး အလွန်ပင် သာမန်ဆန်ခဲ့ကြသော်လည်း ယခုအခါ ယွမ်ဟောက်ဖုန်းသည် သူမကို မကြာခဏ ခိုးကြည့်နေသည်မှာ သေချာလှသည်။

ထိုသို့ဆိုလျှင် ယွမ်ဟောက်ဖုန်းသည် ကျန်းရှင်းဖှကဲ့သို့ပင် မုဆိုးမလေးဖြစ်သော သူမအပေါ် အမြတ်ထုတ်လိုခြင်း ဖြစ်နိုင်သကဲ့သို့ တခြားသော အကြံအစည်တစ်ခုခု ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့တည်းမဟုတ် နှစ်မျိုးလုံးလည်း ဖြစ်နိုင်ပေ၏။

“ဘာတွေ တွေးနေလို့ မျက်မှောင်ကြီး ကြုံ့နေတာလဲ။”

ချန်ချင်းယွီ : “ယွမ်ဟောက်ဖုန်းနဲ့ ယွီမေကျွမ်းအကြောင်း စဉ်းစားနေတာပါ”

“အဲဒါဆိုရင်တော့ ငါက ဟောက်ဖုန်း ပြောတာကို ယုံတယ်အေ။ သူ့အခြေအနေက မဆိုးပါဘူး၊ ယွီမေကျွမ်းနဲ့ ပတ်သက်စရာ အကြောင်းမရှိပါဘူး။”

အဘွားကြီးကျောက် နှုတ်ခမ်းမဲ့ကာ

“သူ့မိသားစုက လူတွေက မာန်မာနကလည်း ကြီးကြတာကိုး။”

ချန်ချင်းယွီ ပြုံးလိုက်မိသည်။ အဘွားကြီးကျောက် သူမကို ခိုးကြည့်ရင်း

“ချွေးမ... ငါက နင့်အပေါ် ကောင်းတယ်မလားဟင်”

“ပြောစရာရှိတာ တိုက်ရိုက်ပြောပါ အဘွားကြီးရယ်၊ စကားတွေ ပတ်မနေပါနဲ့တော့။”

အဘွားကြီးကျောက်သည် ချက်ချင်းပင် လက်ကလေးနှစ်ဖက်ကို ပွတ်သပ်ကာ ဖားချင်ယောင်ဆောင်၍

“အခုနက ငါ့ရဲ့ စွမ်းဆောင်ရည်ကလည်း မဆိုးဘူးလေ၊ အခွင့်အရေးရတိုင်း ရှေ့တန်းက ထွက်တိုက်ပေးတာ။ နင့်မျက်ရိပ်ကို ကြည့်တာနဲ့ နင့်စိတ်ကိုသိပြီး အပေးအယူ တည့်တည့်နဲ့ သူတို့မျက်နှာ မကျန်အောင် ချေပပေးခဲ့တာလေ၊ နင့်ကိုယ်စား ပြောပေးခဲ့တဲ့ နှုတ်သီးကောင်းလျှာပါးဆိုလည်း မမှားပါဘူး...”

ချန်ချင်းယွီ နားကိုနှိုက်ရင်း

“တော်ပါပြီ... တကယ်ပါ၊ တိုက်ရိုက်ပဲ ပြောလိုက်ပါတော့။ ရှင့်ရဲ့ နိဒါန်းတွေက ရှည်လွန်းနေပြီ။”

“ဟီးဟီး... မနေ့က နင်ဝယ်လာတဲ့ ဘီစကစ်လေးတွေလေ၊ ငါ့ကို မြည်းကြည့်ဖို့ နည်းနည်းပေးပါလား။”

ချန်ချင်းယွီ “.......???”

'ဒါတွေ အများကြီး ပြောနေတာက စားချင်လို့ကိုး!'

အဘွားကြီးကျောက် : “မြည်းကြည့်ရုံတင်ပါ၊ အကုန်လုံး မတောင်းပါဘူး။”

သူမသည် ချန်ချင်းယွီကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ အကယ်၍ ချန်ချင်းယွီတွင် လူရိုက်တတ်သော အစွမ်းအစ မရှိပါက သူမ အတင်းလုယူမိသည်မှာ ကြာလှပြီ ဖြစ်၏။

'ဒီလို အကောင်းစားတွေကို ကလေးတွေကိုပဲ ဘာလို့ ကျွေးနေရတာလဲ!'

ကလေးတွေက ငယ်ပါသေးတယ်၊ စားဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ ဒီလို အကောင်းစားတွေကို အသက်ကြီးတဲ့လူတွေကပဲ စားသင့်တာပေါ့။ ငါကလည်း ဒီလောက် အသက်ကြီးနေပြီ၊ ဘယ်လောက်ကြာကြာ နေရဦးမလဲ မသိဘူး၊ ဒါကြောင့် ပိုပြီး ကောင်းကောင်းစားသင့်တာပေါ့!!

သို့သော်လည်း ထိုစကားများကို စိတ်ဖောက်ပြန်နေသကဲ့သို့ ပြုမူတတ်သော ချန်ချင်းယွီ၏ ရှေ့တွင်တော့ မပြောရဲပေ။

“ငါ့ကို နည်းနည်းလောက် ပေးပါနော်။”

ချန်ချင်းယွီ အဘွားကြီးကျောက်ကို စိုက်ကြည့်လိုက်ရာ အဘွားကြီးကျောက်မှာ

“ငါတို့က တစ်ဖွဲ့တည်းလေ၊ နောက်လည်း ဆက်ပြီး ပူးပေါင်းရဦးမှာ။ စိတ်ချပါ၊ လူကြားထဲရောက်ရင်တော့ နင့်ကိုယ်စား ပြောပေးမယ့် ပါးစပ်၊ လုပ်ပေးမယ့် လက်အဖြစ် ငါ တာဝန်ယူပါတယ်။ ယွီမေကျွမ်းပဲဖြစ်ဖြစ်၊ ကွမ်ထင်းထင်းပဲဖြစ်ဖြစ်၊ လာပြဿနာရှာရင်တော့ အကုန်လုံးကို အလဲထိုးပေးမယ်။”

ချန်ချင်းယွီ : “ကဲ... ထားပါတော့၊ ပေးမယ် ပေးမယ်။”

အဘွားကြီးကျောက်သည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကာ

“အိုး... တကယ်ကို ကောင်းတာပဲ။”

အဘွားကြီးကျောက်မှာ ဆက်၍

“ဒါနဲ့ ငါအမှန်အတိုင်း ပြောတာနော်၊ အဲဒီ ကွမ်ထင်းထင်းဆိုတဲ့ မိန်းကလေးနဲ့ ဝေးဝေးမှာနေ။ သူ့ရဲ့ သာလွန်တယ်ဆိုတဲ့ မျက်နှာပေးကြီးကို ငါကတော့ ကြည့်လို့ကို မရဘူး။ ငါကြည့်ရသလောက်တော့ သူက အရင်ကတည်းက နင့်ကို မနာလိုဖြစ်ခဲ့တာ သေချာတယ်။”

ချန်ချင်းယွီ ပခုံးတွန့်ကာ

“သူ့သဘောပဲပေါ့ ဘာတတ်နိုင်မလဲ”

ကွမ်ထင်းထင်းသည် စိတ်ရင်းဖြင့် လာရောက်နှုတ်ဆက်ခြင်း မဟုတ်သည်ကို သူမလည်း သိသည်သာ။

“နင်လည်း ဝမ်းနည်းမနေနဲ့၊ လူအချင်းချင်း ဆက်ဆံရေးဆိုတာ ကံတရားအပေါ်မှာလည်း မူတည်တာပဲ...”

ချန်ချင်းယွီ ရုတ်တရက် ရယ်မောလိုက်ပြီး

“ကျွန်မက စိတ်မကောင်းဖြစ်နေတဲ့ပုံ ပေါက်နေလို့လား။ သူ ဘယ်သူလဲဆိုတာတောင် ကျွန်မ မမှတ်မိတော့ဘူး၊ အရေးလည်း မထားပါဘူး။ ပြီးတော့ ကျွန်မတို့က ယုန်ဖြူနို့ခဲ သကြားလုံး နှစ်လုံးတောင် အလကား ရခဲ့သေးတယ် မဟုတ်လား။”

ထိုစကားကို ကြားသောအခါ အဘွားကြီးကျောက်၏ မျက်လုံးများ တောက်ပသွားကာ

“ဟုတ်သားပဲ၊ ငါတို့လည်း အကျိုးအမြတ် ရှိခဲ့တာပဲ။ အဲဒီမိန်းကလေးကလည်း အသုံးမကျဘူး၊ ယုန်ဖြူနို့သကြားလုံးတွေကို ဒီအတိုင်း လျှောက်ပေးနေတာပဲ၊ တကယ်ပဲ...”

စကားပြောရင်းနှင့်ပင် အိမ်ဝင်းထဲသို့ ပြန်ရောက်လာကြသည်။ ဝင်းထဲရှိ လူအားလုံးမှာ ပြဿနာကို သွားရောက်ကြည့်ရှုနေကြသဖြင့် ရှေ့ဝင်းရှိ အသက် (၇၀) အရွယ် အဘွားကြီးတစ်ဦးမှလွဲ၍ ဘယ်သူမျှ မရှိကြပေ။ သူတို့တစ်သိုက် အိမ်သို့ ပြန်လာကြစဉ် ဒုတိယဝင်းသို့ ရောက်သောအခါ အလယ်ဝင်းဘက်မှ အသံအချို့ကို ကြားလိုက်ရ၏။

အဘွားကြီးကျောက်: “မဖြစ်နိုင်တာ၊ အားလုံး ရဲစခန်းကို သွားကြတာပဲ။ ငါတို့က အစောဆုံး ပြန်လာတာလေ! ဘယ်သူ ရှိနေသေးတာလဲ။ ကျန်းရှင်းဖှတောင်မှ ယိုင်နဲ့နဲ့ ကိုယ်ခန္ဓာကြီးနဲ့ သွားကြည့်တာကို။”

ချန်ချင်းယွီ ပြတ်သားစွာဖြင့်

“အမေ ကလေးတွေကို ခေါ်ပြီး အိမ်ထဲအရင်ဝင်၊ ကျွန်မ သွားကြည့်လိုက်ဦးမယ်။”

“ကောင်းပြီ!”

သူမသည် ချန်ချင်းယွီ၏ စွမ်းဆောင်ရည်ကို အပြည့်အဝ ယုံကြည်မှုရှိ၏။

“မေမေ...”

ကလေးငယ်များမှာ မိခင်ဖြစ်သူကို စိတ်ပူစွာ ကြည့်နေကြသည်။

“ဘာမှမဖြစ်ဘူး!”

သူမသည် လက်ဟန်ပြကာ အလယ်ဝင်းသို့ ခြေသံလုံလုံဖြင့် လျှောက်သွားလိုက်သည်။

သူခိုးများ ဝင်နေတာများလား!

သူခိုးများမှာ လူအားလုံး ပြဿနာကြည့်ရန် ထွက်သွားကြသည်ကို အခွင့်ကောင်းယူ၍ ခိုးဝင်ခြင်း ဖြစ်နိုင်ပေသည်။ ဤခေတ်တွင် လူတိုင်းမှာ ဆင်းရဲကြသဖြင့် သူခိုးကို အလွန်ပင် မုန်းတီးကြ၏။ ချန်ချင်းယွီသည် လမ်းတစ်လျှောက်ရှိ တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ သူခိုးနှင့် တွေ့ပါက ချက်ချင်းပင် လက်တုံ့ပြန်ရန် အသင့်ပြင်ထား၏။

သူမသည် ခြေသံလုံလုံဖြင့် အလယ်ဝင်းသို့ ရောက်လာသောအခါ ယွမ်မိသားစု၏ တံခါးမှာ ပွင့်နေသည်ကို တွေ့လိုက်ရ၏။

ထိုအိမ်မှ လူများ ပြန်ရောက်လာခြင်းလား၊ သို့တည်းမဟုတ် သူခိုးဝင်နေခြင်းလား ဆိုသည်ကို မသေချာသဖြင့် သူမသည် ပြတင်းပေါက်နားသို့ တိုးကပ်ကာ ချောင်းကြည့်လိုက်သည်။ ထိုအခါမှ သက်ပြင်းချနိုင်တော့၏။

သူခိုး မဟုတ်ပေ။

ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့ မောင်နှမနှစ်ဦး ဖြစ်နေသည်။ ထိုနှစ်ဦးမှာ တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေကြလေ၏။

ချန်ချင်းယွီသည် သူခိုးမဟုတ်သည်ကို သိမြင်သွားသောအခါ စိတ်အေးသွားပြီး လှည့်ထွက်ရန် ပြင်လေသည်။ သို့သော် ခြေလှမ်းမကြွရသေးမီမှာပင် ယွမ်ဟောက်ရွှယ်က သူမအကြောင်းကို စတင်မြွက်ဟလိုက်သဖြင့် ချန်ချင်းယွီ၏ ခြေလှမ်းများမှာ ရုတ်ချည်းပင် တန့်ခနဲ ဖြစ်သွားတော့၏။

“အစ်ကို... ဒီနှစ်ရက်အတွင်းမှာ အစ်ကိုက လင်းကျန့်ဝမ် မိန်းမကို ဘာလို့ ဒီလောက်တောင် အာရုံစိုက်နေရတာလဲ”

ချန်ချင်းယွီ “........”

'အလို... ငါ နားထောင်ကြည့်ဦးမှ!

နင်တို့က ငါ့အကြောင်း ပြောနေကြတာဆိုတော့ ငါလည်း နားထောင်ပိုင်ခွင့် ရှိတာပေါ့'

ချန်ချင်းယွီသည် နားစွင့်ထားလိုက်၏။

ယွမ်ဟောက်ဖုန်း ; “ဘယ်ကလာ... အဲဒီလို မဟုတ်ပါဘူး”

“အစ်ကို ကျွန်မကို လိမ်လို့မရပါဘူး”

ယွမ်ဟောက်ရွှယ် မော့ကြည့်ရင်း

“ကျွန်မတို့က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာတဲ့ မောင်နှမတွေလေ၊ အစ်ကို့အကြောင်း ကျွန်မ ဘာလို့ မသိဘဲ နေမလဲ။ အစ်ကို သူချောတာကို ကြည့်ပြီး စိတ်လှုပ်ရှားနေတာ မဟုတ်လား။ သူက ရုပ်ရည်ရှိတာ မှန်ပေမဲ့ သူ့အခြေအနေက ကျွန်မတို့အိမ်ထဲ ဝင်ဖို့ လုံးဝမသင့်တော်ဘူး။ ကျွန်မတို့က ပညာတတ် မျိုးရိုးလေ။ အစ်ကို ရှာမယ်ဆိုရင်တောင် အရာရှိမိသားစုက မိန်းကလေးကောင်းတွေကို ရှာရမှာ။ ချန်ချင်းယွီက မုဆိုးမလေး ဖြစ်တဲ့အပြင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူလည်း မဟုတ်ဘူး၊ စရိုက်ကလည်း မကောင်းဘူး။ အစ်ကိုနဲ့တော့ လုံးဝ မထိုက်တန်ပါဘူး”

ယွမ်ဟောက်ဖုန်း ; “နင် တကယ်ပဲ အများကြီး တွေးနေပြီ၊ နင်တောင် သိတာကို ငါက မသိဘဲ နေမလား”

ချန်ချင်းယွီ တံခါးဝတွင် မျက်ခုံးပင့်လိုက်မိ၏။

'ကောင်းပြီ... ကောင်းပြီ... ဒီလူကြီး ငါ့အပေါ် ဘယ်လို ယုတ်ညံ့တဲ့ အကြံတွေ ရှိနေသလဲဆိုတာ နားထောင်ကြည့်ကြသေးတာပေါ့!'

ယွမ်ဟောက်ဖုန်း ; “ဒီနေ့တွေ့တဲ့ ယွီမေကျွမ်းကို ငါ တကယ်သိတယ်”

သူသည် ယနေ့တွင် ပြဿနာကို သွားရောက်ကြည့်ရှုရန် ထွက်လာခဲ့သော်လည်း အောင်သွယ်ခံရသူမှာ ယွီမေကျွမ်း ဖြစ်နေသည်ကို မြင်သောအခါ သူမ လှမ်းခေါ်မည်ကို စိုးရိမ်သဖြင့် အိမ်ထဲသို့ ပြန်ဝင်ပုန်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသူများကြောင့် မိခင်ဖြစ်သူမှာ ခါးနာသွားကာ ဆေးရုံတက်ရသည့်အထိ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူတို့ ပြန်လာကြသည်မှာ ဆေးရုံတွင် အသုံးပြုရန် ပစ္စည်းများ လာရောက် သိမ်းဆည်းခြင်း ဖြစ်၏။

ယွမ်ဟောက်ဖုန်းသည် ယွီမေကျွမ်းအပေါ် အတန်ငယ် အငြိုးထားလျက်ရှိသည်။ ညီမဖြစ်သူ၏ အံ့အားသင့်နေသော အကြည့်ကို မြင်သောအခါ

“သူ ကျေးလက်ကနေ ပြန်လာတုန်းက စီးလာတဲ့ ရထားပေါ်မှာ ငါက ရထားဝန်ထမ်းလေ။ သူ ပိုက်ဆံအိတ် ပျောက်တုန်းက ငါက ကောက်ရခဲ့တာ။ သူ့နေရာက ငါတို့ အနားယူတဲ့ ရထားတွဲနဲ့ နီးနေတော့ သူနဲ့ စကားစမြည် အနည်းငယ် ပြောဖြစ်ခဲ့တယ်”

ယွမ်ဟောက်ရွှယ် : “အစ်ကိုတို့က ချန်ချင်းယွီ အကြောင်းကို ပြောကြတာလား”

ယွမ်ဟောက်ဖုန်း ; “သူက အိမ်က ခွဲခြားဆက်ဆံခံရတဲ့အကြောင်း၊ ကျေးလက်ဘက်မှာ ပင်ပန်းဆင်းရဲခဲ့တဲ့အကြောင်းတွေ ပြောပြတယ်။ ပြီးတော့ ချန်ချင်းယွီလိုမျိုး အကွက်ချပြီး အိမ်ထောင်မပြုခဲ့မိတာကိုလည်း နောင်တရနေတာ။ အဲဒီတော့မှ သူက ချန်ချင်းယွီရဲ့ မိထွေးပါသမီး ဆိုတာကို ငါသိခဲ့တာ”

ယွမ်ဟောက်ရွှယ် နားမလည်နိုင်စွာဖြင့်

“ဒါနဲ့ ဘာဖြစ်လဲ”

ယွမ်ဟောက်ဖုန်း ; “သူပြောတာက သူရထားတဲ့ အလုပ်က ချန်ချင်းယွီရဲ့ အဘိုးအဘွားတွေဆီကနေ ရခဲ့တာတဲ့။ ငါထင်တာတော့ တောင်းတာမဟုတ်ဘူး၊ လိမ်ယူတာ ဖြစ်မယ်။ ဘယ်လိုလိမ်သလဲ ဆိုတာတော့ သူ မပြောဘူး။ ဒါပေမဲ့ ကံဆိုးတာက သူ့မိဘတွေ သိသွားပြီး အဲဒီအလုပ်ကို အတင်းအဓမ္မ ပြန်သိမ်းသွားကြတာပဲ။ ဒါပေမဲ့ ငါစဉ်းစားမိတာက နင်လည်း အခု ကျေးလက်ဆင်းရတော့မယ်၊ အလုပ်တစ်ခုတော့ လိုအပ်နေပြီလေ။ ဒီတစ်ခါ အမေ ဖြေရှင်းပေးနိုင်ရင်တောင် နောက်တစ်ခါ ညီမလေး ဟောက်ယွဲ့ကျရင်ရော... သူလည်း နောင်နှစ်အနည်းငယ်ဆို ကျေးလက်ဆင်းရတော့မှာ။ ဒါကြောင့် ချန်ချင်းယွီနဲ့ ပိုပြီး ရင်းနှီးအောင် လုပ်ကြည့်ချင်တာ။ သူ့အဘိုးအဘွားတွေက အတော်လေး စွမ်းဆောင်နိုင်ပုံရတယ်၊ သူတို့ မရှိတော့ပေမဲ့ နောက်ကွယ်ကနေ စီစဉ်ပေးထားတာမျိုးတွေ ရှိနိုင်သေးတယ်လေ။ ဒါကြောင့် ချန်ချင်းယွီနဲ့ ပိုပြီး နီးနီးကပ်ကပ် နေနိုင်ရင် အကျိုးအမြတ် တစ်ခုခု ရနိုင်မလားလို့ပါ။ သူ့ဘက်ကလည်း လူတွေကို အတော်လေး သံသယရှိတတ်တော့ တဖြည်းဖြည်းချင်းပဲ ရင်းနှီးအောင် လုပ်ရမယ်။ ဒါကလည်း ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ၊ ရရင်ရ၊ မရရင်လည်း နေပေါ့”

ချန်ချင်းယွီ “!!!”

သူမသည် ချောင်းနားထောင်ရင်းနှင့် ဤမျှ ကြီးမားသော ကိစ္စရပ်ကို ကြားသိရလိမ့်မည်ဟု မထင်ထားပေ။

ယွီမေကျွမ်း၏ အထည်စက်ရုံ အလုပ်သည် သူမ၏ အဘိုးအဘွားများမှ စီစဉ်ပေးခဲ့ခြင်း ဖြစ်နေ၏။

ထိုအကြောင်းကို သူမ အဘယ်ကြောင့် လုံးဝမသိခဲ့ရသနည်း။ သို့သော်လည်း ယွီမေကျွမ်းသည် အမှန်တကယ်ပင် အသိဉာဏ်နည်းပါးလှ၏။ ဤမျှ အရေးကြီးသော ကိစ္စကို အသစ်စက်စက် သိရုံသာရှိသေးသော အမျိုးသားတစ်ဦးအား ပြောပြလိုက်သည်မှာ အံ့ဩစရာပင်။

သူ့ ဦးနှောက်ထဲမှာ ဘာတွေများ ရှိနေပါလိမ့်… ဦးနှောက်ရေဝင်နေတာလား!!!

ယွမ်ဟောက်ဖုန်းမှာလည်း အကွက်စေ့လွန်းလှပေသည်။

ဤလူသည် အကြောင်းမဲ့ သက်သက် ရင်းနှီးအောင် လုပ်နေခြင်း မဟုတ်ဘဲ တစ်စုံတစ်ခုကို အလိုရှိနေခြင်းပင် ဖြစ်၏။ မူလ၌ မိမိအထင်မှာ မှားနေသလော့ဟု ထင်မိသေးသည်။ သို့သော် သူသည် အမှန်တကယ်ပင် အများကြီး ကြံစည်နေခြင်းတည်း။

အဘိုးအဘွားတို့မှာ သူမအတွက် မည်သည့် အစီအစဉ်မျှ မရှိပေ။

အော်... ရှိတော့လည်း ရှိပါသေးတာပဲ!!

သူမ၏ အဘိုးအဘွားများသည် သူမအတွက် ငွေကြေးအချို့ ချန်ထားပေးခဲ့သည် မဟုတ်လော့။

သို့သော် ထိုအရာသည် ယွမ်ဟောက်ဖုန်းနှင့် ဘာမှ မသက်ဆိုင်ပေ။ မသက်ဆိုင်ဘဲ သူများပစ္စည်းကို လာရောက် တွက်ချက်နေသည်မှာ တကယ်ပင် အဓိပ္ပာယ် မရှိလှချေ။ အောင်သွယ်တော်မာ ပြောခဲ့သည့် စကားတစ်ခွန်းမှာ အမှန်ပင် ဖြစ်၏။

'ဒီယောကျ်ားတွေကလည်း အတော်လေး မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်ပြီး ရုပ်ဝတ္ထုကို တွက်ကပ်တတ်ကြတာပဲ'

ချန်ချင်းယွီသည် အပြင်မှ လူလာမည်ကို စိုးရိမ်သကဲ့သို့ အတွင်းမှ လူများ သိသွားမည်ကိုလည်း ပူပန်သဖြင့် နံရံထောင့်တွင် ကပ်၍ ဆက်လက် နားစွင့်နေလေသည်။

ယွမ်ဟောက်ရွှယ် : “အစ်ကို ကျွန်မကို ချစ်တာ သိပါတယ်၊ ဒါပေမဲ့ သူ့ကို ဒီလို တွက်ကပ်နေဖို့ မလိုပါဘူး။ သူ့ဘဝကလည်း အတော်လေး ခက်ခဲနေရှာတာပါ။ ပြီးတော့ သူ အိမ်ထောင်ကျတာလည်း နှစ်အတော်ကြာပြီ၊ တကယ်လို့သာ နောက်ကွယ်က အထောက်အပံ့ ရှိနေရင် ဘာလို့ ဒီလောက်အထိ ဆင်းရဲဒုက္ခ ခံနေဦးမလဲ။ အဘွားကြီးကျောက်က ဘယ်လောက်တောင် ရက်စက်သလဲဆိုတာ ကြည့်ပါဦး၊ အရင်ကဆိုရင် သူ့ချွေးမကို အပ်နဲ့ ထိုးနေတာတောင် ကျွန်မ ခဏခဏ မြင်ဖူးတယ်။ ချန်ချင်းယွီက ဘာမှလည်း မပြောရဲဘူး၊ တိုင်တောင် မတိုင်ရဲရှာပါဘူး။ သူ့မှာသာ အင်အားရှိရင် ဒါမျိုး ခံနေပါ့မလား။ အစ်ကို အများကြီး တွေးနေတာ ဖြစ်မှာပါ”

ယင်းမှာ ယွမ်ဟောက်ရွှယ် အပေါ်ယံကြည့်ခြင်း မဟုတ်ပေ၊ ချန်ချင်းယွီ ရောက်လာသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်သဖြင့် လူတိုင်း သူမ၏ အခြေအနေကို ခန့်မှန်းမိကြသည်သာ။

“သူ့နားကို သိပ်မကပ်ပါနဲ့၊ မကောင်းတဲ့ သတင်းတွေ ထွက်လာဦးမယ်။ အစ်ကို့နာမည်က သူ့နာမည်နဲ့ တွဲပြီး ထွက်လာမှာကို ကျွန်မ မလိုလားဘူး။ ကျွန်မအစ်ကိုက အကောင်းဆုံးတွေနဲ့ပဲ ထိုက်တန်တာပါ။ မုဆိုးမလေးဖြစ်တဲ့ သူကတော့ အစ်ကိုနဲ့ မတန်ပါဘူး”

ယွမ်ဟောက်ရွှယ် အလွန်ပင် အလေးအနက် ပြောဆိုနေ၏။ ယွမ်ဟောက်ဖုန်းက ရယ်မောလျက်

“နင်ကတော့ စိုးရိမ်လွန်နေပြီ၊ ငါက နည်းနည်းပါးပါးပဲ နီးစပ်အောင် လုပ်မှာပါ။ ငါ့သိက္ခာကို ထိခိုက်မခံပါဘူး”

“ဒါတောင် မဖြစ်ပါဘူး၊ ကျွန်မကြောင့်နဲ့ အစ်ကို့သိက္ခာ အထိခိုက်မခံနိုင်ဘူး”

ယွမ်ဟောက်ရွှယ် ပြတ်သားစွာပင်

“ပြီးတော့ သူ့အိမ်က ကိစ္စကလည်း ဘာအထောက်အထားမှ မရှိဘဲ အစ်ကို့ရဲ့ ခန့်မှန်းချက်သက်သက်ပဲလေ၊ ဘာလို့ လုပ်နေမှာလဲ။ ကျွန်မအတွက် အစ်ကို စိတ်ပူနေတာ သိပေမဲ့ အရာရာကို အတင်းအကျပ်ကြီးတော့ မလုပ်ပါနဲ့”

သူမသည် ဤကိစ္စမှာ ဖြစ်နိုင်ခြေ မရှိဟု ထင်မြင်နေ၏။

ယွမ်ဟောက်ရွှယ် : “အစ်ကို... ကျွန်မစကားကို နားထောင်ပါနော်”

“ကောင်းပါပြီ... ကောင်းပါပြီ၊ ညီမလေး စကားကို နားထောင်ပါ့မယ် ဟုတ်ပြီလား”

မောင်နှမနှစ်ဦး အပေးအယူမျှနေကြသည်ကို ကြားသိရသောအခါ ချန်ချင်းယွီသည် တွေဝေခြင်း မရှိဘဲ ခြေသံလုံလုံဖြင့် ထွက်ခွာခဲ့လေသည်။ သူမသည် ဒုတိယဝင်းသို့ အမြန်ပြန်လာခဲ့၏။ အဘွားကြီးကျောက်မှာ အိမ်ထဲသို့ ရောက်နှင့်နေပြီဖြစ်ပြီး တိုးတိုးလေး မေးလိုက်ကာ

“ဘာဖြစ်တာလဲ”

“သူခိုး မဟုတ်ပါဘူး”

အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ မျက်နှာကို အကဲခတ်ကြည့်ရာ သူမ၏ မျက်နှာထားမှာ သိပ်မကောင်းလှသည်ကို တွေ့လိုက်ရ၏။ သို့သော် ချန်ချင်းယွီက ဘာမှမပြောဘဲ အိမ်ထဲသို့ ဝင်ကာ

“ဒီမှာ... ဘီစကစ်”

စကားအတိုင်း ပေးလိုက်ခြင်း ဖြစ်၏။ အဘွားကြီးကျောက်မှာ ချက်ချင်းပင် မျက်နှာဝင်းပသွားကာ

'ဟီးဟီး! ဒီစိတ်ဖောက်ပြန်နေတဲ့ မိန်းမဆီကနေ ပစ္စည်းတစ်ခုခု ရအောင် နှိုက်နိုင်ရင်ကို ငါ နိုင်တာပဲ!'

ချန်ချင်းယွီ : “ရှောင်ကျား... ရှောင်ယွမ်... လာ၊ သားတို့အတွက်လည်း ပေးမယ်”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ကလေးငယ်များပီပီ မိခင်ဖြစ်သူအနားသို့ အမြန်ပြေးလာကြပြီး မျက်လုံးဝိုင်းလေးများဖြင့် လိမ္မာယဉ်ကျေးစွာ ကြည့်နေကြသည်။

ရှောင်ကျားမှာ အနည်းငယ် စိုးရိမ်စွာဖြင့်

“မေမေ... သားတို့ ဒီလိုတွေ စားနေရင် ဆင်းရဲသွားမှာလားဟင်”

သူသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် မိသားစုအရေးကို ပူပန်တတ်သော ကလေးလေး ဖြစ်နေ၏။

“ဟော... သားတို့ အခု အာဟာရရှိတာတွေ များများစားထားမှ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းမှာလေ၊ အဲဒါမှ ဖျားနာမှာ မဟုတ်ဘူး။ ဖျားနာရင် ဆရာဝန်ပြရတဲ့ ပိုက်ဆံတွေကို ချွေတာပြီးသား ဖြစ်သွားတာပေါ့။ ဟိုမှာ ကြည့်ဦး၊ ရပ်ကွက်ထဲက လူတွေ အကုန်လုံး ဆေးရုံကို အစီအရီ သွားနေကြတာ၊ ဒါတွေက ပိုက်ဆံကုန်တာ မဟုတ်လား။ သားတို့ ကျန်းမာနေရင် အဲဒီပိုက်ဆံတွေ အလကား ရလာတာနဲ့ အတူတူပဲ။ ပြီးတော့ အခု ကောင်းကောင်းစားထားမှ အရပ်ကလည်း မြန်မြန်ရှည်မယ်၊ အားအင်လည်း ရှိမယ်လေ။ သားတို့ အရွယ်ရောက်လို့ အလုပ်ရှာတဲ့အခါကျရင်လည်း တခြားလူတွေထက် အခွင့်အရေး ပိုရမှာပေါ့။ အလုပ်အကိုင်ရုံးက လူတွေကလည်း သန်သန်မာမာနဲ့ အရပ်ရှည်တဲ့လူကိုပဲ ပိုပြီး လိုချင်ကြတာ မဟုတ်လား။ ဒါကလည်း အားသာချက် တစ်ခုပဲလေ”

အနာဂတ်တွင် မူဝါဒများ ပြောင်းလဲသွားမည်ကို သူမ သိရှိသော်လည်း ကလေးငယ်များကို အားပေးစကား ပြောဆိုရန်အတွက် အနှောင့်အယှက် မဖြစ်ပေ။

ရှောင်ကျားက ခေါင်းလေးစောင်းကာ စဉ်းစားပြီးမှ

“မေမေ ပြောတာ မှန်တယ်!”

ရှောင်ယွမ်သည်လည်း အမြန်ပင်

“သမီးလည်း အရပ်ရှည်ချင်တယ်”

ချန်ချင်းယွီ : “ဟုတ်တာပေါ့၊ ဒါကြောင့် အခု နည်းနည်းပါးပါး စားတာက ဘာမှမဖြစ်ပါဘူး။ ထမင်းစားလို့ ဆင်းရဲသွားတယ်ဆိုတာ မရှိပါဘူး။ ထမင်းစားလို့ ဆင်းရဲပြီး သေသွားတဲ့သူလည်း တစ်ခါမှ မကြားဖူးပါဘူး။ သားတို့ အခု များများစားထားတာက နောက်ကျရင် တကယ်ကို တွက်ခြေကိုက်တာပါ”

အဘွားကြီးကျောက် : “........”

'ထမင်းစားလို့ ဆင်းရဲမသေဘူးလို့ ဘယ်သူပြောလဲ။ စားစရာမရှိလို့ ဆင်းရဲနေတဲ့သူတွေ အများကြီးရှိတာကို'

သို့သော် ချန်ချင်းယွီကို ကြည့်ပြီးနောက် သူမကို ပြန်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

သူမသည် ဘီစကစ်ကို ငုံ့စားရင်း မျက်လုံးများ တောက်ပသွားကာ

“နင်ဝယ်လာတဲ့ ဒီဘီစကစ်က တကယ်ကို ကောင်းတာပဲ”

”စားကောင်းဆို ကျွန်မ မုန့်က စျေးကြီးတယ်လေ”

အဘွားကြီးကျောက်သည် ထိုစကားကို အလျှင်းသံသယမရှိပေ။ ပုံမှန်အားဖြင့်ဆိုလျှင် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော မုန့်များကိုသာ ဝယ်ယူလေ့ရှိသော်လည်း ယခုမုန့်မှာမူ ထူးခြားလှ၏။ သံဗူးဖြင့် ထည့်ထားသည်မှာ တကယ့်ကို အဖိုးတန်ပုံရလေသည်။ သူမသည် ချန်ချင်းယွီကို တစ်ချက်ကြည့်ကာ ဤမိန်းမသည် ငွေကို စနစ်တကျ မသုံးစွဲတတ်ဟုလည်း စိတ်ထဲမှ မှတ်ချက်ပြုနေမိ၏။

သို့သော်လည်း... တကယ်ကို စားလို့ကောင်းလိုက်တာ!

အို... အလွန်အရသာ ရှိလှပါဘိ။

ယွမ်မောင်နှမနှစ်ဦးမှာ ပစ္စည်းများသယ်ကာ ထွက်ခွာသွားကြရာ ချန်ချင်းယွီတို့ ပြန်ရောက်နေသည်ကိုပင် သတိမထားမိကြချေ။ ချန်ချင်းယွီတို့ မိသားစုမှာမူ အိမ်ထဲတွင် ဘီစကစ်များကို မြိန်ရေရှက်ရေ စားနေကြလေသည်။

ယွမ်မောင်နှမနှစ်ဦး စက်ဘီးများကို တွန်းထုတ်သွားသည်ကို မြင်သောအခါ အဘွားကြီးကျောက်မှာ

“ဟင်? ဟောက်ဖုန်းနဲ့ ဟောက်ရွှယ်တို့ မဟုတ်လား"

ချန်ချင်းယွီသည် ဘီစကစ်သုံးခုကို မြန်မြန်စားလိုက်ပြီး ခေါင်းငြိမ့်ပြကာ ကျန်ရှိသည်များကို သိမ်းဆည်းလိုက်သည်။

"တစ်ယောက်ကို သုံးခုစီပဲနော်၊ ထပ်မတောင်းကြနဲ့တော့"

အဘွားကြီးကျောက်သည် ရှိုက်ကြီးတငင်ဖြင့် ငိုချင်းချလိုက်ကာ

"ဝူး... ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေက ဘီစကစ် သုံးခုတည်းနဲ့ပဲ တန်တာလား"

ချန်ချင်းယွီ : "ဒါက အဆင့်မြင့် ဘီစကစ် သုံးခုလေ၊ 'အဆင့်မြင့်' ဆိုတဲ့ စကားလုံးကို မေ့မထားပါနဲ့ဦး"

အဘွားကြီးကျောက်သည် သက်ပြင်းချရင်း တိုးတိုးလေး မကျေမနပ် ပြောရှာ၏။

"ဒီဘီစကစ်တွေကလေ... တစ်ဗူးလုံး စားလိုက်ရင်တောင် ဘာမှန်းမသိလိုက်ရဘဲ ဗိုက်ထဲကို ဆီးသီးတစ်လုံး ကျသွားသလိုပဲဟယ်"

ချန်ချင်းယွီ မျက်ခုံးပင့်ကာ

"ဒါဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ဝယ်စားလေ၊ အမေ့မှာ ပိုက်ဆံမရှိတာမှ မဟုတ်ဘဲ"

အဘွားကြီးကျောက် : "ဘယ်ဖြစ်မလဲအေ၊ ဒါတွေက ငါ့ရဲ့ အိုစာမင်းစာ စုထားတဲ့ ပိုက်ဆံတွေပဲဟာ"

ချန်ချင်းယွီ ရယ်မောလျက်

"အမေ့မှာ အလုပ်ရှိတာပဲ၊ နောက်ကျရင်လည်း ပင်စင်ရမှာပဲ မဟုတ်လား"

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး"

"ဒါက မရဘူးလေ။ အဲဒါက ဟုတ်ပေမဲ့ ပိုက်ဆံဆိုတာ လုံးဝမစုထားလို့ ဘယ်ဖြစ်မလဲ။ ငါ့ပင်စင်မှာ တစ်ခုခု အခက်အခဲရှိခဲ့ရင် ဘယ်လိုလုပ်မလဲ"

အဘွားကြီးကျောက်သည် ဘာမျှမသိနားမလည်သော အဘွားအိုမျိုး မဟုတ်ဘဲ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် ရှိနေသူ ဖြစ်၏။

"ပင်စင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ့်လက်ထဲမှာတော့ အရေးပေါ်သုံးဖို့ ငွေစလေး တချို့တလေကို ဝှက်ထားရတာမျိုး ရှိရမယ်။"

သူမသည် ချန်ချင်းယွီကို သံသယမျက်လုံးများဖြင့် ကြည့်လျက်

"ငါ့ရဲ့ အိုစာမင်းစာ ပိုက်ဆံတွေကိုတော့ လာပြီး မကြံစည်နဲ့ဦး။ နင့်ကို တစ်ပြားတစ်ချပ်မှ ပေးမှာမဟုတ်ဘူး။ နင်ကသာ နင့်ပိုက်ဆံတွေကို အကုန်သုံးပစ်ရင်တော့ နင့်ဘာသာနင် ဖြေရှင်းပေတော့။ ငါ့ဆီက ပိုထွက်လာမှာ မဟုတ်သလို ငါ့ကို လာဖြောင်းဖျဖို့လည်း မကြိုးစားနဲ့"

ချန်ချင်းယွီ "........"

သူမသည် ဤအဘွားကြီးကို ကြည့်ကာ စိတ်ထဲမှလည်း— 'တကယ့် ဒရာမာဘုရင်မပဲ၊ အခြေအနေကို ကြည့်ပြီး ဇာတ်လမ်းတွေ ထွင်နေလိုက်တာ' ဟု တွေးနေမိ၏။

အနီးအနားတွင် ပြင်ပလူ မရှိသဖြင့် သူမသည် စိတ်မရှည်သကဲ့သို့ လက်ခါပြကာ

"သွားစမ်းပါ... ဘာတွေ လျှောက်ပြောနေတာလဲ။ သဘောတူထားတဲ့အတိုင်းပဲ ဖြစ်ရမယ်။ အမေ့ရဲ့ အဲဒီ ပိုက်ဆံစုတ်ကလေးတွေကို ကျွန်မက အလကားရရင်တောင် မလိုချင်ပါဘူး"

အဘွားကြီးကျောက် "ဟဲ့..."

'ဟန်ဆောင်နေလိုက်တာ၊ ဟန်ဆောင်နေလိုက်တာ။ တကယ်တော့ ငါ့စုဆောင်းငွေတွေကို ညှစ်ထုတ်ချင်နေပြီးတော့မှ အခုတော့ ဘာမှစိတ်မဝင်စားသလိုမျိုး ဟန်ဆောင်နေတာ။ ငါက ဒါတွေကို မသိဘူးများ မှတ်နေလား။ နင်က ကမ္ဘာပေါ်မှာ အတော်ဆုံး သရုပ်ဆောင်ပဲ။ နင့်လောက် ဘယ်သူ သရုပ်ဆောင်ကောင်းဦးမလဲ။ အိမ်ထောင်ကျတာ နှစ်တွေကြာနေပြီကို အခုထိ ယုန်ဖြူမလေးလိုလို ဘာလိုလိုနဲ့!!

'တကယ်တမ်းတော့ နင်က မြေခွေးအိုကြီးပါအေ!!

"မြေခွေးကြီး... နေ့လယ်စာ ဘာစားမလဲ။"

ချန်ချင်းယွီ ရုတ်တရက် မော့ကြည့်ကာ

"ဘာ... ဘာပြောလိုက်တာလဲ!"

ရှောင်ကျားနှင့် ရှောင်ယွမ် : "မြေခွေးကြီး? မြေခွေးကြီးက ဘာလဲဟင်? ဘယ်မှာလဲ ဘယ်လိုပုံစံမျိုးလဲဟင် မေမေ။"

အဘွားကြီးကျောက်သည် ရုတ်တရက် မျက်နှာပူသွားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့်

"မဟုတ်... မဟုတ်ပါဘူး၊ နေ့လယ်စာ ဘာစားမလဲလို့ မေးမလို့ပါအေ"

ချန်ချင်းယွီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက်

"ရှင် ခုနက 'မြေခွေးကြီး' လို့ ခေါ်လိုက်တာ ကျွန်မကိုလား"

ဤအဘွားကြီးမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ရဲတင်းလာချေပြီ။

ဘာတဲ့... သူမက မသိနားမလည်တဲ့ သူငယ်နှပ်စားနဲ့ တူနေလို့လား။

လာလှိမ့်နေတယ်ပေါ့!!

အဘွားကြီးကျောက် : "စိတ်မဆိုးပါနဲ့အေ၊ ငါ့ပါးစပ်က လွှတ်ခနဲ ထွက်သွားတာပါ။ နင့်ကိုတော့ ငါ ဘာမှမပြောရဲပါဘူး၊ တခြားအကြောင်း ပြောနေတာပါ။ ငါ့ခေါင်းထဲ ခဏလောက် ဗလာဖြစ်သွားလို့ပါ၊ ဟုတ်တယ်... ဟုတ်တယ်... ခေါင်းထဲ တစ်ခုခုဖြစ်သွားလို့"

ချန်ချင်းယွီ : "ဟဟ…”

အဘွားကြီးကျောက်သည် မိမိကိုယ်မိမိ ပြန်လည်ဖြေရှင်းနိုင်ခဲ့သည်မှာ အတော်လေး ကောင်းမွန်သည်ဟု ယူဆကာ

"ငါ ပြောမှားသွားတာပါ၊ စိတ်ထဲ မထားပါနဲ့အေ"

ချန်ချင်းယွီ သူမကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်၏။

"ဒါနဲ့... ခုနက နင် အလယ်ဝင်းဘက်ကို သွားတယ်ဆိုတော့ ယွမ်မောင်နှမတွေ အော်ဟစ်ဆူညံနေကြတာလား"

ရန်သူ့လက်မှ လွတ်အောင် စကားလမ်းကြောင်းလွှဲခြင်းဟူသော ပရိယာယ်ကို သူမ အသုံးပြုလိုက်ခြင်း ဖြစ်၏။

'ငါက တကယ်ကို ပါးနပ်တာပဲ'

ချန်ချင်းယွီ မျက်ခုံးပင့်ကာ

"ကျောက်ရုံ ဆေးရုံတက်ရမှာမို့လို့ သူတို့ ပစ္စည်းတွေ ပြန်သိမ်းနေကြတာပါ"

“အဲ့ကောင်မ ခံရမှမှတ်မှာ ခံစမ်း!”

တခြားလူများ သူမအပေါ် အမှားလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အဘွားကြီးကျောက်သည် သူမထက် အဆင်ပြေနေသော မိသားစုမှန်သမျှကို မနာလိုဖြစ်တတ်သူ ဖြစ်၏။ ထို့ပြင် ကျောက်ရုံ၏ စကားများမှာ အမြဲတမ်း အဓိပ္ပာယ်တွဲဖက် ပါရှိနေတတ်သဖြင့် သူမကို ပို၍ပင် အမြင်ကပ်နေခြင်း ဖြစ်သည်။ သူမ အားရပါးရ ရယ်မောရင်း

"ကံဆိုးတာ သူနဲ့ ထိုက်တန်ပါတယ်အေ။ သူ့ကိုကြည့်ဦး... အမြဲတမ်း လူကောင်းလိုလို ဘာလိုလိုနဲ့ ဟန်ဆောင်နေတာ၊ တကယ်တော့ အတွင်းထဲမှာ အကွက်တွေ အများကြီးနဲ့"

ချန်ချင်းယွီ : "အော်... အော်..."

အဘွားကြီးကျောက် : "ငါ မသိဘူးများ မှတ်နေလား၊ ဝမ်တာ့ချွေရဲ့ အောင်သွယ်ခံရတဲ့ မိန်းကလေးက အခြေအနေကောင်းတယ်လို့ သူတို့ကကြားလို့ ဝင်ပြီး ဝိုင်းကူညီပေးကြတာလေ။ မဟုတ်ရင်တော့... ဟဲဟဲ!"

အဘွားကြီးကျောက်က ကောက်ကျစ်သော အပြုံးဖြင့် ဆက်၍

"ဝမ်တာ့ချွေတော့ နောင်ကျရင် ဒုက္ခရောက်တော့မှာပဲ။ ဒီတစ်ခါ သူက အလိမ်ခံရသူ ဆိုပေမဲ့ အောင်သွယ်ကြောင့် ရဲစခန်းအထိ ရောက်သွားရတာဆိုတော့ နောင်ကျရင် သူ့ကို ဘယ်သူကမှ မိန်းကလေး မိတ်ဆက်ပေးရဲတော့မှာ မဟုတ်ဘူး"

ချန်ချင်းယွီ : "ဒါက သူ့အမှားမှ မဟုတ်တာ"

အဘွားကြီးကျောက် : "နင်က ငယ်သေးလို့ပါအေ။ ဒါ သူ့အမှားမဟုတ်တာ ဘယ်သူက မသိဘဲ နေမလဲ။ ဒါပေမဲ့ သူ ရဲစခန်းအထိ ပါသွားတာကတော့ အမှန်ပဲ မဟုတ်လား။ ဘယ်သူက သူ့ကို လာပြီး အောင်သွယ်ပေးရဲဦးမှာလဲ။ ငါ့အထင်တော့ သူ တစ်သက်လုံး လူပျိုကြီး ဖြစ်သွားမှာပဲ!"

"အဲဒီလောက်တော့ မဖြစ်နိုင်ပါဘူး"

ချန်ချင်းယွီသည် ထိုသို့ မဖြစ်နိုင်ဟု ထင်မြင်၏။ အမှန်တကယ်တွင် ဝမ်တာ့ချွေ၏ အခြေအနေမှာ တခြားလူများထက် ပို၍ ကောင်းမွန်နေသည်။ ဝန်ထုပ်ဝန်ပိုး မရှိဘဲ လစာယွမ် ၅၀ နီးပါး ရရှိနေခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။

ယခုခေတ်တွင် တစ်လလျှင် လစာငွေ ၅၀ ယွမ်၏ ဝယ်ယူနိုင်စွမ်းမှာ နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက် ရရှိမည့် လစာငွေ ယွမ် ၁၀,၀၀၀ ကျော်ထက်ပင် ပိုမိုအားကောင်းသည်ဟု ချန်ချင်းယွီ ခံစားရသည်။ ထို့ပြင် နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက် ဖြစ်ပေါ်လာမည့် အိမ်ဝယ်ယူရခြင်းကဲ့သို့သော ကြီးမားသည့် ငွေကြေးဖိအားများလည်း မရှိပေ။

ယခုခေတ်၏ လစာ ၅၀ ယွမ်မှာ တကယ့်ကို မြင့်မားသော ဝင်ငွေဖြစ်၏။ ဝမ်တာ့ချွေသာ အလိုရှိလျှင် အိမ်ထောင်ဖက် ရှာတွေ့နိုင်သည်မှာ သေချာသည်။

သို့သော် အဘွားကြီးကျောက်မှာမူ ထိုသို့ မထင်ပေ။

"သူသာ ရှာနိုင်ရင် ရှာတွေ့တာ ကြာလှပြီပေါ့အေ၊ ဝမ်တာ့ချွေကတော့ တွေ့ကရာလူနဲ့တော့ အခြေကျမယ့်လူ မဟုတ်ဘူး"

သူမသည် ထိုလူငယ်များ၏ အကြောင်းကို ကောင်းစွာ နားလည်သည်ဟု ယူဆထား၏။

သို့သော်လည်း ချန်ချင်းယွီကိုတော့ သူမ နားမလည်နိုင်ပေ။ ချန်ချင်းယွီမှာမူ အနည်းငယ် ထူးဆန်းလှသည်။

ယောက္ခမနှင့် ချွေးမတို့ တိုးတိုးဖော်ဖော် စကားပြောနေကြစဉ် အပြင်မှ လူများ တစ်ဖြည်းဖြည်း ပြန်ရောက်လာကြသဖြင့် အဘွားကြီးကျောက်မှာလည်း အပြင်သို့ အပြေးထွက်သွားလေသည်။ သူမသည် ပတ်ဝန်းကျင်မှ သတင်းများကို စပ်စုရန် အမြဲတမ်း အသင့်ရှိနေသူ ဖြစ်၏။ သို့သော် ဝမ်တာ့ချွေ ပြန်ရောက်လာလိမ့်မည်ဟု သူမ မထင်ထားပေ။

ပြန်ရောက်လာရုံသာမက သူ၏ မျက်နှာတွင်လည်း ဝမ်းသာအားရ ဖြစ်နေသော အရိပ်အယောင်များ ရှိနေ၏။

အဘွားကြီးကျောက် : "တာ့ချွေ... ကိစ္စတွေ အကုန်ပြီးသွားပြီလား။ အတော်လေး မြန်တာပဲနော်။ အောင်သွယ်တော်မာနဲ့ ယွီမေကျွမ်းတို့ကော ဘယ်လိုလဲ"

ဝမ်တာ့ချွေ : "သူတို့ကတော့ ရဲစခန်းမှာ ကျန်ခဲ့တုန်းပဲ။ သူတို့က လူလိမ်တွေဆိုတော့ ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး"

ထိုလူနှစ်ဦးအကြောင်း ပြောလိုက်သောအခါ ဝမ်တာ့ချွေ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး ဒေါသအရိပ်အယောင်များ ယှက်သန်းသွား၏။

ပိုင်ဖုန့်ရှန်းမှာမူ မစောင့်နိုင်တော့ဘဲ

"အဘွားကြီးကျောက်... ချင်းယွီ ရှိလားဟင်။ သူ့ကို ပြောစရာလေး ရှိလို့ပါ"

အဘွားကြီးကျောက် "???"

သူမ အံ့အားသင့်သွားကာ

"နင်က သူ့ကို ပြောစရာ ရှိတယ် ဟုတ်လား"

ပိုင်ဖုန့်ရှန်း ခေါင်းငြိမ့်ပြကာ

"ဟုတ်တယ်!”

ဝမ်တာ့ချွေသည်လည်း အဘွားကြီးကျောက်၏ အိမ်ဘက်သို့ မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

အဘွားကြီးကျောက် ???

'ဒါက ဘာအဓိပ္ပာယ်လဲ'

'နင်တို့က ငါ့ချွေးမကို သဘောကျနေတာလား'

အဘွားကြီးကျောက်၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ရွေ့လျားသွားပြီးမှ

"သူ အထဲမှာ ရှိတယ်လေ။ ဘာကိစ္စလဲ"

ပိုင်ဖုန်းရှန်း ပြုံးရုံသာ ပြုံးပြပြီး ဘာမှပြန်မပြောဘဲ အိမ်ထဲသို့ အမြန်ဝင်သွားလေသည်။ အဘွားကြီးကျောက်မှာမူ "ဘာတွေ ဒီလောက် လျှို့ဝှက်နေကြတာလဲ" ဟု ဆိုကာ သံသယအပြည့်ဖြင့် နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

ပိုင်ဖုန်းရှန်းသည် သူမ မည်သို့တွေးနေသည်ကို ဂရုမစိုက်ဘဲ "ချင်းယွီ" ဟု လှမ်းခေါ်လိုက်၏။

ချန်ချင်းယွီ : "ဘာကိစ္စလဲဟင်"

ပိုင်ဖုန်းရှန်း ; "အဒေါ် မေးစရာလေးရှိလို့ပါ။ ရဲစခန်းမှာတွေ့တဲ့ ကွမ်ထင်းထင်းနဲ့ အထက်တန်းကျောင်းတုန်းက ကျောင်းနေဖက်တွေ မဟုတ်လား။ သူ့အကြောင်း သိသလား"

ချန်ချင်းယွီ၏ မျက်ဝန်းအစုံမှာ ဝိုင်းစက်သွားပြီး အနည်းငယ် ဇဝေဇဝါဖြစ်ဟန် ပေါက်နေသော်လည်း ချက်ချင်းပင် ဖြေလိုက်၏။

"ကျွန်မ သူ့ကို မသိဘူးရှင့်။ သူက ကျွန်မနဲ့ တစ်နှစ်တည်းသား ဖြစ်ပေမဲ့ အတန်းတော့ မတူဘူးလေ"

"ဒါဆိုရင်ရော ဘာတွေသိလဲ။ သိသလောက်လေး ပြောပြပါလား"

ချန်ချင်းယွီသည် မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် အမှန်တကယ်ပင် နားမလည်နိုင်အောင် ဖြစ်နေရ၏။ ပိုင်ဖုန်းရှန်း ရယ်မောလျက်

"ဒီလိုပါ၊ ဝမ်တာ့ချွေရဲ့ အောင်သွယ်ပွဲက အဆင်မပြေဖြစ်သွားတယ် မဟုတ်လား။ အဲဒါ

ဒီခြံဝင်းရဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ လူတိုင်းကို ကူညီဖို့ ငါ့မှာ တာဝန်ရှိတယ်လို့ တွေးမိတာနဲ့... သေချာစဉ်းစားကြည့်ပါဦး။ တကယ်ကို တိုက်ဆိုင်လွန်းလို့ပါ။ ရဲစခန်းမှာ ရဲဘော်ကွမ်နဲ့ ဆုံခဲ့တုန်းက သူက လူလွတ်အပျိုလို့ ကြားခဲ့ရတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘူးလား"

ချန်ချင်းယွီ: "ဒါက ဘာများ တိုက်ဆိုင်လို့လဲဟင်"

"ဘာလို့ မတိုက်ဆိုင်ရမှာလဲ။ တာ့ချွေကလည်း တစ်ကိုယ်တော်၊ သူကလည်း တစ်ကိုယ်တော်ဆိုတော့ အတော်ပဲ မဟုတ်လား။ အဲဒါကြောင့် ညည်းကို မေးကြည့်ပြီး အောင်သွယ်တော်အဖြစ် ငါက ကြားဝင်စေ့စပ်ပေးရင် လူငယ်နှစ်ယောက်အတွက် ပျော်ရွှင်မှုကို ရှာပေးရာ ရောက်တာပေါ့"

"ရှင်?"

ချန်ချင်းယွီမှာ တကယ်ပင် အံ့အားသင့်သွားရ၏။ သူမသည် ပိုင်ဖုန်းရှန်းကို ကြည့်လိုက်ရာ နောက်ပြောင်နေသည့် အရိပ်အယောင် လုံးဝမရှိပေ။ ချန်ချင်းယွီသည် သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်မိသည်။ ယခုခေတ် အဒေါ်ကြီးများမှာ အိမ်ထောင်ဖက် မိတ်ဆက်ပေးရန် တကယ်ပင် ထက်သန်လှချေတကား!

အခွင့်အရေးရလျှင် လက်လွှတ်မခံကြသည်ကို ကြည့်၍ ချန်ချင်းယွီ တကယ်ပင် အထင်ကြီးသွားရ၏။

“ဒါက ကောင်းတဲ့ကိစ္စပဲ”

ပိုင်ဖုန်းရှန်း ; "ဟုတ်တယ်မလား။ ငါလည်း ကောင်းတဲ့ကိစ္စလို့ ထင်လို့ပါ။ တာ့ချွေကိုလည်း စမ်းပြီး ပြောကြည့်ပြီးပြီ၊ သူကလည်း တော်တော်လေး စိတ်ဝင်စားနေတာ။ အဆင်ပြေတယ် မဟုတ်လား"

ချန်ချင်းယွီ : "အော်... ဟုတ်ကဲ့ပါ"

သူမအနေဖြင့် ကန့်ကွက်စရာ မရှိသကဲ့သို့ သူမနှင့်လည်း မသက်ဆိုင်ပေ။ သို့သော် ချန်ချင်းယွီသည် ခေါင်းကို ကုတ်လျက်

"ဒါပေမဲ့ ကျွန်မ သူ့အကြောင်း ဘာမှမသိဘူးရှင့်။ ဒေါ်လေးပိုင်လည်း သိတဲ့အတိုင်း ကျွန်မက စရိုက်က အေးတော့ ကျောင်းတုန်းက သူငယ်ချင်း သိပ်မရှိဘူးလေ။ ကျွန်မအတန်းထဲက လူဆိုရင်တော့ အနည်းအကျဉ်း သိနိုင်ပေမဲ့ သူက အတန်းတူတာတောင် မဟုတ်ဘူးဆိုတော့ ဘာမှ မသိတာပဲ ရှိတာပါ"

သူမ ပခုံးတွန့်ပြလိုက်ရင်း

"ကျွန်မ ကူညီချင်ပေမဲ့လည်း မတတ်နိုင်ဘူးရှင့်"

ပိုင်ဖုန်းရှန်းသည် ချန်ချင်းယွီ၏ စရိုက်ကို သိရှိထားသူဖြစ်ရာ ယခုအခါ အနည်းငယ် အကြံအိုက်သွားပြီး ထပ်မေးလိုက်မိ၏။

"ညည်း လုံးဝကို ဘာမှမသိတာလား"

ချန်ချင်းယွီ ခေါင်းခါပြလိုက်၏။

"တကယ်ပါ!! ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်၊ ကျွန်မ သူ့ကို လုံးဝ မမှတ်မိသလို သူက ဘယ်သူလဲဆိုတာကိုလည်း စဉ်းစားလို့ကို မရပါဘူး"

ပိုင်ဖုန်းရှန်း၏ နှုတ်ခမ်းမှာ တွန့်သွားပြီး "..."

ချန်ချင်းယွီ ရှက်ကိုးရှက်ကန်း ပြုံးပြရင်း

"သူ့မိသားစု အခြေအနေကို မပြောနဲ့ဦး၊ သူ့ကိုတောင် ကျွန်မ မမှတ်မိတော့ဘူးလေ"

ပိုင်ဖုန်းရှန်းသည် သက်ပြင်းတစ်ချက်ကို မတတ်သာဘဲ ချလိုက်ရင်း

"ညည်းတို့ ဇနီးမောင်နှံက တကယ်ကို ရိုးအလွန်းတာပဲ"

ချန်ချင်းယွီသည် ချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်၏။

ဟုတ်တယ်... ဟုတ်တယ်... ကျွန်မက တကယ့် လူရိုးလေးပါ!

ပိုင်ဖုန်းရှန်းသည် ပိုမိုစုံစမ်းချင်သော်လည်း ချန်ချင်းယွီက ဘာမှမသိသဖြင့် စကားဆက်၍ မရတော့ပေ။ သို့သော် ပိုင်ဖုန့်ရှန်းမှာ လက်မလျော့သေးဘဲ

"ဒါဆိုရင်လည်း... မိတ်ဆက်ပေးဖို့လောက်တော့ ကူညီပေးနိုင်မလား"

ချန်ချင်းယွီ၏ မျက်နှာမှာ ပို၍ပင် ရိုးသားဟန်ပေါက်သွားပြီး

"ကျွန်မက ငယ်သေးတော့ အောင်သွယ်လုပ်ဖို့ မသင့်တော်ပါဘူးရှင်။ ပြီးတော့ ကွမ်ထင်းထင်းနဲ့လည်း မရင်းနှီးဘူးလေ"

ခေတ္တမျှ ရပ်နားပြီးနောက် ချန်ချင်းယွီ ဆိုလိုက်၏။

"ကျွန်မယောက္ခမက ခုနကတင် သူ့ကို မကောင်းပြောထားတာဆိုတော့... သူက ကျွန်မနဲ့ စကားပြောချင်ပါ့မလား"

ပိုင်ဖုန်းရှန်းမှာမူ ဆွံ့အသွားရပြန်သည်။

"ထားလိုက်ပါတော့လေ... ဒီကိစ္စတွေကလည်း ရှုပ်ထွေးကုန်ပြီ..."

"ဒါဆိုလည်း ငါ ထပ်ပြီး စဉ်းစားကြည့်ပါဦးမယ်"

ချန်ချင်းယွီ ခေါင်းတညိမ့်ညိမ့်ဖြင့် သူမအာရ လိုက်လံပို့ဆောင်ပေးလိုက်သည်။ သူမက မကူညီချင်သည် မဟုတ်ဘဲ အမှန်တကယ်ပင် မတတ်နိုင်ခြင်း ဖြစ်၏။

ပိုင်ဖုန်းရှန်းသည် မျှော်လင့်ချက်အပြည့်ဖြင့် လာခဲ့သော်လည်း စိတ်ပျက်စွာဖြင့် ပြန်သွားရလေသည်။ ချန်ချင်းယွီ ထိုအကြောင်းမှာ ပြီးဆုံးသွားပြီဟု ထင်မှတ်ထားသော်လည်း ပိုင်ဖုန့်ရှန်းသည် မကြာမီမှာပင် ထပ်မံရောက်ရှိလာလိမ့်မည်ဟု သူမ မထင်ထားပေ။

ပိုင်ဖုန့်ရှန်းသည် စကားမလှည့်ဘဲ ရိုးသားစွာဖြင့်

"ချင်းယွီ... ညည်း ဒေါ်လေးကို ကွမ်ထင်းထင်းနဲ့ မိတ်ဆက်ပေးလို့ မရဘူးလား။ ညည်းနဲ့ မရင်းနှီးတာကို ငါသိပါတယ်၊ ဒါပေမဲ့ ညည်းက ကြားကနေ မိတ်ဆက်ပေးရုံပဲ၊ ကျန်တာကိုတော့ ညည်း ဘာမှ စိတ်ပူစရာ မလိုပါဘူး"

ချန်ချင်းယွီ : "ဒါဆို ကျွန်မက ဘာပြောရမှာလဲဟင်။ 'ကျွန်မတို့ဝင်းထဲက အဒေါ်ပိုင်က နင့်ကို သိချင်နေတယ်' လို့ ပြောရမှာလား"

ပိုင်ဖုန့်ရှန်းသည် ချန်ချင်းယွီနှင့် စကားပြောရသည်မှာ အလွန်ပင် စိတ်ပင်ပန်းစရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။

ဤမိန်းကလေးမှာ လူမှုဆက်ဆံရေးကို အဘယ်ကြောင့် ဤမျှအထိ တုံးအနေရသနည်း!

"ကဲပါ... အဲဒီအတိုင်းပဲ ပြောလိုက်ပါ။ ကျောင်းနေဖက်ဟောင်း တစ်ယောက်အနေနဲ့ စကားပြောရင်း သူ့ကို သိချင်နေတဲ့သူ ရှိတယ်ဆိုတာမျိုး ပြောလို့ မရဘူးလား"

ချန်ချင်းယွီ : "ကျွန်မမှာ သူ့အပေါ် ဘာအမှတ်တရမှ မရှိဘူးလေ!"

ပိုင်ဖုန်းရှန်းခမျာ "ရပါတယ်... ရပါတယ်" ဟုသာ ဆိုရလေတော့သည်။ မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီ ကူညီရန် သဘောတူလျှင် ကျန်သည်မှာ အရေးမကြီးတော့ပေ။

ဤသည်မှာ ချန်ချင်းယွီ၏ တစ်စိုက်မတ်မတ် ရှိနေခဲ့သော ကြောက်ရွံ့တတ်သည့် စရိုက်ကြောင့်ပင် ဖြစ်၏။ လင်းကျန့်ဝမ်နှင့် ပတ်သက်သည့် ကိစ္စရပ်မှလွဲ၍ ကျန်အချိန်များတွင် သူမသည် အမြဲတမ်း ဝေခွဲမရဖြစ်ကာ တုန်လှုပ်နေတတ်သူ ဖြစ်သည်။ ထို့ကြောင့် ချန်ချင်းယွီ ကူညီရန် အနည်းငယ်မျှ သဘောတူလိုက်ရုံနှင့်ပင် ပိုင်ဖုန်းရှန်းမှာ များစွာဝမ်းမြောက်သွားခဲ့ရ၏။

အမှန်စင်စစ် ပိုင်ဖုန်းရှန်းအနေဖြင့် ချန်ချင်းယွီအပေါ် တစ်စုံတစ်ရာ မျှော်လင့်ထားခြင်း မရှိခဲ့ပေ။

တစ်ခါတစ်ရံတွင် ရိုးသားအေးဆေး၍ ကြောက်ရွံ့တတ်ဟန် ဆောင်ခြင်းသည် သူရဲဘောကြောင်ခြင်း မဟုတ်ဘဲ သူ့တွင်လည်း ကိုယ်ပိုင်အားသာချက်များ ရှိနေတတ်ရာ လျှော့မတွက်သင့်ပေ။

အကယ်၍ တစ်ဦးတစ်ယောက်သည် လုံလောက်စွာ "အရည်အချင်းမရှိသူ" အဖြစ် အများအမြင်တွင် တည်ရှိနေပါက လူတို့၏ မျှော်လင့်ချက်သည်လည်း အလိုအလျောက် နိမ့်ပါးသွားမည် ဖြစ်သည်။ ပိုင်ဖုန်းရှန်းမှာ ချန်ချင်းယွီ၏ စရိုက်ကို ထူးဆန်း၍ လက်ပေါက်ကပ်သည်ဟု ယူဆနေသော်လည်း ချန်ချင်းယွီ

ကူညီလိုစိတ်ရှိနေခြင်းအပေါ် ကျေနပ်နေမိသည်။ ဤမျှပင် "ကြောက်တတ်" လွန်းသော သူမထံမှ ဤထက်ပို၍ အဘယ်အရာကို တောင်းဆိုနိုင်ပါဦးမည်နည်း။

ပိုင်ဖုန်းရှန်း ; "တကယ်ပဲ ကျေးဇူးတင်ပါတယ်အေ။ ဒီကိစ္စသာ အောင်မြင်သွားရင် ညည်းကိုလည်း အောင်သွယ်ခထဲမှာ ထည့်ပေးရမှာပေါ့။"

ချန်ချင်းယွီ လက်ကို အလျင်အမြန် ဝှေ့ယမ်းလျက် ငြင်းဆိုလိုက်၏။

"မလိုပါဘူးရှင်။ ဒီလို မိတ်ဆက်ပေးတဲ့ကိစ္စတွေထဲ ကျွန်မကို ထည့်မတွက်ပါနဲ့။ ကျွန်မ ကွမ်ထင်းထင်းကို အရင်မေးကြည့်လိုက်မယ်၊ ပြီးမှ ဒေါ်လေးတို့နှစ်ယောက်ကို မိတ်ဆက်ပေးမယ်။ ဒေါ်လေးတို့ဘာသာ စကားပြောကြတာပေါ့။"

"ကောင်းပါပြီအေ။"

အဘွားကြီးကျောက်မှာ ကိုင်တွယ်ရခက်သူဖြစ်သဖြင့် ချန်ချင်းယွီအနေဖြင့် ပြဿနာမတက်လိုခြင်းမှာ အံ့သြဖွယ်ရာ မဟုတ်ပေ။

ချန်ချင်းယွီသည် အလုပ်တစ်ခုကို အချိန်ဆွဲတတ်သူမဟုတ်သဖြင့် ကူညီရန် သဘောတူပြီးသည်နှင့် အမြန်ပြင်ဆင်၍ အပြင်သို့ ထွက်ခွာခဲ့သည်။ အချိန်စောစော ထွက်နိုင်လေလေ၊ ကိစ္စရပ်များ စောစောပြီးစီးလေလေ ဟု သူမ ယူဆ၏။ သို့သော် ဝမ်တာ့ချွေ ကွမ်ထင်းထင်းကို အမှန်တကယ် စိတ်ဝင်စားသွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

ဤလူငယ်မှာ အဖော်ရှာရန် မလွယ်ကူနိုင်ဟု လွန်ခဲ့သော နာရီပိုင်းကပင် သူတို့ တွေးတောခဲ့ကြသည်ကို ပြန်လည်စဉ်းစားသော် ချန်ချင်းယွီ အံ့သြသွားခြင်းမှာ မဆန်းပေ။

မြန်လှချည်လား!! မြင်တာနဲ့ သဘောကျရောလား!!

အဘွားကြီးပိုင် ဤမျှ စိတ်အားထက်သန်နေပုံကို ကြည့်ခြင်းဖြင့် ဝမ်တာ့ချွေမှာ ကွမ်ထင်းထင်းအပေါ် အမှန်တကယ် စိတ်ဝင်စားနေကြောင်း သိသာလှသည်။

သို့သော်လည်း ချန်ချင်းယွီ ငြင်းဆိုခြင်းမပြုဘဲ ကွမ်ထင်းထင်း၏ သဘောထားကို စမ်းသပ်လိုသည့် ဆန္ဒရှိနေသည်။ သူမ၏ အဘိုးအဘွားများအကြောင်း ပြောဆိုစဉ်က ကွမ်ထင်းထင်းဂရုစိုက်ဟန်ရှိသည်ကို သတိပြုမိခဲ့သဖြင့် ယခုအခါ ပို၍ သေချာစွာ သိရှိလိုနေခြင်းတည်း။

ဤတစ်ကြိမ်တွင် ချန်ချင်းယွီ တစ်ဦးတည်း ထွက်လာခဲ့၏။ သူမ ရဲစခန်းသို့ ရောက်ရှိသောအခါ တံခါးစောင့်မှာ မှတ်မိနေသဖြင့် မေးမြန်းလေသည်။

"ဘာလို့ ပြန်လာတာလဲ။"

သူ၏ မှတ်ဉာဏ်မှာ ကောင်းမွန်လှသဖြင့် နံနက်ပိုင်း လာရောက်ကြည့်ရှုသူများအားလုံးကို မှတ်မိနေခြင်း ဖြစ်၏။

ချန်ချင်းယွီ : "ကျွန်မ ကွမ်ထင်းထင်းကို လာရှာတာပါ။"

"ဒီမှာ ခဏစောင့်၊ ငါ သွားခေါ်ပေးမယ်။"

နံနက်ခင်းကဲ့သို့ မဟုတ်တော့သဖြင့် သူမကို အတွင်းသို့ တိုက်ရိုက်ဝင်ခွင့် မပြုတော့ပေ။

ချန်ချင်းယွီ တံခါးဝတွင် စောင့်ဆိုင်းနေစဉ် မကြာမီပင် ကွမ်ထင်းထင်းထွက်လာခဲ့သည်။ ချန်ချင်းယွီ မိမိကို လာရှာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။ အကြောင်းမှာ ချန်ချင်းယွီ၏ ယောက္ခမမှာ အလွန်ရိုင်းစိုင်းခဲ့ပြီး သူတို့ကြားတွင် အဆင်မပြေမှုများ ရှိခဲ့၏။

သို့သော် ချန်ချင်းယွီမှာ အိမ်တွင် နှိပ်စက်ခံနေရသူဖြစ်ကြောင်း ကြားသိထားသဖြင့် သူမ၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားမိသည်။ သူမမှာ တောင်းပန်ရန် လာရောက်ခြင်းလောဟုလည်း သူမ တွေးတောနေမိ၏။

"ချန်ချင်းယွီ၊ နင် ငါ့ကို ရှာနေတာလား။"

သူမ ချန်ချင်းယွီ၏ အဝတ်အစားများကို တစ်ချက်ကြည့်လိုက်သည်။ အလွန်ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး ဆင်းရဲနွမ်းပါးဟန် ရှိနေ၏။ ချန်ချင်းယွီ ကွမ်ထင်းထင်းကို မမှတ်မိသော်လည်း ကွမ်ထင်းထင်းသည်ကား သူမကို ကောင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။

ကျောင်းတက်စဉ်ကာလ၌ ချန်ချင်းယွီ၏ မိသားစုမှာ အတော်အတန် ပြည့်စုံခဲ့ပြီး၊ သူမ၏ မိခင်အရင်း ကွယ်လွန်သွားပြီးနောက် ဖခင်ဖြစ်သူသည် ဂရုမစိုက်သော်လည်း မိခင်ဘက်မှ အဘိုးအဘွားများမှာကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့ကြ၏။ မြေးမလေးအပေါ် ဤမျှ ကောင်းမွန်သော မိသားစုမျိုးမှာ တွေ့ရခဲလှသည်။

ချန်ချင်းယွီသည် မိဘစုံလင်သော ကလေးများထက်ပင် ပိုမိုကောင်းမွန်စွာ နေထိုင်ခဲ့ရသည်။ သူမ၏ လှပသော ရုပ်ရည်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ လူအများမှာ သူမကို မနာလိုဖြစ်ကာ ဝိုင်းဝန်းအပယ်ခံရအောင် ပြုလုပ်ခဲ့ကြ၏။

ဤသည်မှာ "မနာလိုမှု" ကြောင့်သာ တည်း…

မိခင်မရှိသော သူတစ်ဦးက အဘယ်ကြောင့် ဤမျှ သာယာသောဘဝကို ပိုင်ဆိုင်နေရသနည်း၊ အဘယ်ကြောင့် အဘိုးအဘွားများက မြေးယောက်ျားလေးများထက် ပို၍ မျက်နှာသာပေးရသနည်း!!

စသည့် အတွေးအခေါ်များဖြင့် အစပိုင်းတွင် လူအနည်းငယ်မှ စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် အုပ်စုထဲဝင်ဆံ့နိုင်ရန်အတွက် အခြားသူများသည်လည်း လိုက်ပါလုပ်ဆောင်လာကြသည်။ အပယ်ခံမဖြစ်လိုသဖြင့် လူအများစုမှာ ချန်ချင်းယွီကို လျစ်လျူရှုထားခဲ့ကြ၏။

ထို့ကြောင့် ချန်ချင်းယွီသည် ကျောင်းတွင် တစ်ဦးတည်း နေထိုင်လေ့ရှိပြီး ရင်းနှီးသော သူငယ်ချင်း မရှိခဲ့ပေ။ သူမနှင့် အဆင်ပြေခဲ့သူမှာ လင်းကျန့်ဝမ်တစ်ဦးတည်းသာ။ ချန်ချင်းယွီတွင် မိခင်မရှိကာ လင်းကျန့်ဝမ်မှာလည်း ဖခင်မရှိပေ။ ချန်ချင်းယွီသည် မနာလိုမှုကြောင့် အပယ်ခံရချိန်တွင် လင်းကျန့်ဝမ်မှာ ဆင်းရဲနွမ်းပါးမှုကြောင့် အပယ်ခံခဲ့ရခြင်း ဖြစ်သည်။ အဘွားကြီးကျောက်၏ ပြဿနာရှာတတ်သော စရိုက်ကြောင့်လည်း လင်းကျန့်ဝမ်မှာ ကျောင်းတွင် အရှက်ရခဲ့ရဖူး၏။

အပယ်ခံရခြင်း တူညီနေကြသဖြင့် သူတို့နှစ်ဦးမှာ တဖြည်းဖြည်း ရင်းနှီးလာခဲ့ကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးစလုံးမှာ အလွန်အမင်း ထင်ရှားသူများ မဟုတ်ကြသော်လည်း အတန်းထဲရှိ လူတိုင်းသိရှိကြပြီး ကွမ်ထင်းထင်းလည်း အပါအဝင် ဖြစ်၏။

သို့သော် ယခုအခါ မိမိထက် အခြေအနေနိမ့်ပါးနေဟန်ရှိသော ချန်ချင်းယွီကို မြင်ရသည်မှာ ကွမ်ထင်းထင်းအတွက် အနည်းငယ် ကျေနပ်ဖွယ် ဖြစ်နေသည်။

"ချန်ချင်းယွီ၊ နင် တစ်ခုခု လိုအပ်လို့လား။"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ သူမ၏ စရိုက်အတိုင်းပင် ပွင့်လင်းစွာ ပြောလိုက်၏။

"ဟုတ်တယ်၊ ကိစ္စတစ်ခု ရှိလို့ပါ။ ငါတို့ ဝင်းထဲမှာ ဒေါ်လေးပိုင်ဆိုတဲ့ အဘွားကြီးတစ်ယောက် ရှိတယ်။ သူက နင့်ကို တွေ့ချင်နေလို့ မိတ်

ဆက်ပေးဖို့ ငါ့ကို အကူအညီတောင်းနေတာ။"

ကွမ်ထင်းထင်း "...???"

စကားအစပျိုးခြင်းပင် မပြုဘဲချက်ချင်း တိုက်ရိုက်ပြောဆိုလိုက်သဖြင့် ကွမ်ထင်းထင်း အံ့အားသင့်သွားရသည်။

"သူက ငါ့ကို မိတ်ဆက်ပေးချင်တာလား။"

"တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်တာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ နင်တို့က တစ်ခါပဲ ဆုံဖူးပြီး တစ်ယောက်နဲ့တစ်ယောက် မသိကြသေးတော့ သူကိုယ်တိုင် အမှတ်တမဲ့ ရောက်လာဖို့က မသင့်တော်ဘူးလေ။ ဒါကြောင့် ငါ့ကို ကြားထဲက မိတ်ဆက်ပေးဖို့ အကူအညီတောင်းတာ။ နင် ဘယ်လို ထင်သလဲ..."

ကွမ်ထင်းထင်းအနေဖြင့် ချန်ချင်းယွီ၏ ဤကဲ့သို့ ပွင့်လင်းလွန်းသော ပြောဆိုပုံကို အသားမကျသေးပေ။ သို့သော်လည်း တစ်ဦးတစ်ယောက်နှင့် မိတ်ဆက်ပေးခံရမည့်အပေါ် သူမ စိတ်ဝင်စားမိ၏။

"ကောင်းပြီလေ၊ ဒါဆို ဒေါ်လေးပိုင်ကို ခေါ်လာခဲ့ပါ။"

ကွမ်ထင်းထင်းသည် လိမ်လည်လှည့်ဖြားသူနှင့် တွေ့ရမည်ကို စိုးရိမ်ခြင်းမရှိပေ။ သူမ၏ အလုပ်ခွင်သို့ လာရောက်လိမ်လည်ရဲသူ ရှိမည်မဟုတ်ဟု ယုံကြည်နေသည်။

“ငါ ဒီနေ့ နေ့လယ်ပိုင်း အားတယ်။"

“ဒါဆို ငါတို့ ဒီနေ့ နေ့လယ် လာခဲ့မယ်။ သူ မိတ်ဆက်ပေးမှာက ဝမ်တာ့ချွေ ဖြစ်ဖို့ များတယ်။"

ကွမ်ထင်းထင်း၏ အစောပိုင်းစကားများမှာ ရွဲ့စောင်းပြောဆိုခြင်း ဖြစ်နေစေဦး၊ ချန်ချင်းယွီအနေဖြင့် ရောက်ရှိနေပြီဖြစ်ရာ အမှန်အတိုင်း ပြောပြရမည် ဖြစ်သည်။ မဟုတ်ပါက နောက်ပိုင်းတွင် မိမိပါ ပြဿနာကြားထဲ ပါဝင်သွားနိုင်သည်ဟု သူမ တွေးမိ၏။

"ဝမ်တာ့ချွေနဲ့ မိတ်ဆက်ပေးမှာလား။ ဒီနေ့ အောင်သွယ်မရဲ့ လိမ်တာ ခံလိုက်ရတဲ့ ဝမ်တာ့ချွေလား။"

“ဟုတ်လိမ့်မယ်။"

ကွမ်ထင်းထင်း ခေတ္တတိတ်ဆိတ်သွားပြီးနောက် စဉ်းစားကြည့်ရာ ၎င်းမှာ သိပ်မဆိုးလှဟု ယူဆမိသည်။ ဝမ်တာ့ချွေ၏ မိသားစုအခြေအနေမှာ မဆိုးရွားကြောင်း သူမ သိရှိထား၏။ အနှောင့်အယှက်ပေးမည့် မိဘနှင့် ညီအစ်ကို မောင်နှမ မရှိဘဲ၊ အိမ်နှင့် လစာအသင့်အတင့်ရှိသော ဝမ်တာ့ချွေမှာ ရွေးချယ်သင့်သော သူတစ်ဦး ဖြစ်နေသည်။

"ငါ နားလည်ပါပြီ၊ ငါ အဆင်သင့်ပါပဲ။"

ချန်ချင်းယွီ သက်ပြင်းချလိုက်မိသည်။

"နင်က ဘာလို့ ဒီလောက် စောစော အိမ်ထောင်ပြုလိုက်တာလဲ။"

ချန်ချင်းယွီ ရှက်ပြုံးလေး ပြုံးလိုက်၏။ ကျေးလက်သို့ တာဝန်ကျမည်ကို ကြောက်သဖြင့် ထွက်ပြေးလာခြင်းဖြစ်ကြောင်း သူမ အမှန်အတိုင်း မပြောနိုင်ပေ။ သူမသည် သရုပ်ဆောင်ကောင်းပီသစွာပင် ရှက်ရွံ့ဟန် ပြုမူလိုက်သည်။

"ကျန့်ဝမ်နဲ့ ငါက သိပ်ချစ်ကြတာကိုး။ နင်လည်း ငါ့ မိသားစုအကြောင်းကို ကြားဖူးမှာပါ... ဒါကြောင့် ကျန့်ဝမ်နဲ့ ငါက အမြန်ဆုံး လက်ထပ်ချင်ခဲ့ကြတာ။ ဘာပဲဖြစ်ဖြစ် အိမ်ကနေ ထွက်လာလိုက်ရင် မိထွေးနဲ့ ရင်ဆိုင်နေရတာမျိုး မရှိတော့ဘူးလေ။ ဒါ့အပြင် ဒီလောကကြီးမှာ ကိုယ့်ကို ဒီလောက်အထိ ချစ်တဲ့သူကို တွေ့ဖို့ဆိုတာ ခဲယဉ်းလှပါတယ်၊ ဒါကြောင့် သဘာဝအတိုင်းပဲ တန်ဖိုးထားရမှာပေါ့။ ငါကတော့ သူနဲ့ လင်မယားအဖြစ် ပေါင်းသင်းပြီး လေမုန်တိုင်းတွေကြားမှာ အတူရှိချင်တယ်၊ နေထွက်တာကို အတူကြည့်ချင်တယ်၊ ခြေလှမ်းတိုင်းကို အတူတူ လျှောက်လှမ်းချင်တယ်..."

အချစ်ကြောင့် ရူးသွပ်နေသော ချန်ချင်းယွီဟန်ဆောင်မှုမှာ ပီပြင်လှ၏။

ကွမ်ထင်းထင်းမှာ နားမလည်နိုင်ကာ

ထူးဆန်းသော အမူအရာမျိုး ပြသလာသည်။ လင်းကျန့်ဝမ် ရုပ်ရည်အသင့်အတင့်ရှိသည်မှလွဲ၍ ကျန်သည့်အချက်များတွင် ထူးခြားသူမဟုတ်ဟု သူမ သိထားသောကြောင့် တည်း။ ကျောင်းတွင် နာမည်ကြီးခဲ့သူများမှာ အရာရှိကြီးများ၏ သားသမီးများသာ ဖြစ်၏။

"အင်း..."

ချန်ချင်းယွီ : "ကျန့်ဝမ်က တကယ့်ကို လူကောင်းတစ်ယောက်ပါ။ ငါအတူရှိခဲ့တုန်းက အရမ်းပျော်ခဲ့ရတာ။ အခု သူ မရှိတော့ပေမဲ့ သူက ငါ့ နှလုံးသားထဲမှာ အမြဲရှိနေပါတယ်။ အချစ်ကတော့ နည်းနည်းလေးမှ လျော့မသွားပါဘူး။"

"အဟွတ်၊ အဟွတ် အဟွတ်! ငါ အလုပ်လုပ်စရာ ရှိသေးတယ်။"

"အာ... ဟုတ်ပါပြီ၊ ဒါဆို မနှောင့်ယှက်တော့ဘူးနော်။ ဒေါ်လေးပိုင်ကို နေ့လယ်ကျရင် ခေါ်လာခဲ့မယ်။ ကျန်တာတွေကိုတော့ နင်တို့ဘာသာ ဆွေးနွေးကြပေါ့။ ငါကတော့ ဒီကိစ္စတွေထဲ ပါလို့မဖြစ်ဘူး၊ မဟုတ်ရင် ယောက္ခမက ဆူလိမ့်မယ်။"

"... ကောင်းပါပြီ။"

ချန်ချင်းယွီ ပြုံးလျက် နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။

မစ်ရှင် ကွန်ပလိ!! ဟာဟာ!

အမယ်လေး… ငါက အတော်လေးကို ကူညီတတ်သူလေးပါလား!!

All Chapters