← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

၄၇။ သူမကိုသွားမေးမယ်

အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြီးနောက်မှာတော့...

ထိုနေ့မွန်းလွဲပိုင်းတွင် ချန်ချင်းယွီသည် ပိုင်ဖုန်းရှန်းအား ကွမ်ထင်းထင်းနှင့် တရားဝင်မိတ်ဆက်ပေးရန် ခေါ်ဆောင်လာခဲ့သည်။

၎င်းတို့နှစ်ဦး မည်သို့မည်ပုံ ဆက်ဆံကြမည်ကို သူမ ဂရုမစိုက်ပေ။ ကွမ်ထင်းထင်းသည်လည်း သူတို့နှစ်ကြိမ်ဆုံပြီးနောက် သူမ၏ အဘိုးအဘွားများကိစ္စကို ထပ်မံမဟတော့သဖြင့် ချန်ချင်းယွီ စိတ်အေးသွားရ၏။ ချန်ချင်းယွီသည် ယနေ့ခေတ်၌ သူမအဘိုးအဘွားများ၏ လူမှုရေးနောက်ခံမှာ အခြေအနေမကောင်းခဲ့သဖြင့် အမြဲတစေ သတိကြီးစွာ ထားနေရသည်။

၎င်းတို့ ကွယ်လွန်သွားသည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း သူမသည် သတိနှင့်ပင် နေထိုင်ဆဲဖြစ်၏။ လွန်ခဲ့သော နှစ်အနည်းငယ်ကဲ့သို့ စက်ရုံများပိတ်၊ ကျောင်းများပိတ်နှင့် ပရမ်းပတာအခြေအနေမျိုး မဟုတ်တော့သော်လည်း မူဝါဒဆိုသည်မှာ ရှိနေဆဲဖြစ်ရာ ပေါ့ဆ၍မရကြောင်း သူမနားလည်သည်။

ထို့ကြောင့်လည်း ချန်ချင်းယွီမှာ ကြွက်ကလေးတစ်ကောင်လို အမြဲကျုံ့ကျုံ့လေး နေထိုင်နေရခြင်းတည်း။

အံ့သြစရာကောင်းသည်မှာ ပိုင်ဖုန်းရှန်း၏ အလုပ်လုပ်နှုန်းပင် ဖြစ်၏။ သူမသည် ကွမ်ထင်းထင်းနှင့် တွေ့ဆုံပြီးပြီးချင်းမှာပင် ကြင်ဖက်တွေ့ဆုံပွဲတစ်ခုကို ချက်ချင်းစီစဉ်လိုက်တော့သည်။ သို့သော် နှစ်ဦးသားစလုံး အလုပ်ရှိကြသဖြင့် လာမည့်တနင်္ဂနွေနေ့ကိုသာ သတ်မှတ်လိုက်ကြ၏။

ချန်ချင်းယွီ : "ဟား... ဝါး... ဝိုး…မိုက်လိုက်တာ!"

တကယ်ကို မြန်ဆန်လွန်းလှသည်!

ဝမ်တာ့ချွေတစ်ယောက် နောက်ထပ် ကြင်ဖက်တွေ့ပွဲတစ်ခု ရှိပြန်ပြီဟူသော သတင်းကြောင့် ဝင်းထဲရှိ လူအားလုံး ဆွံ့အသွားကြသည်။ သူသည် ဤမျှအထိ ရေပန်းစားနေသူမှန်း ယခင်၌ မသိခဲ့ကြပေ။ ကြည့်ရသည်မှာ သူသည် ကြင်ဖက်တွေ့ချင်သူများ တသီတတန်းကြီး ရနေသည့်နှယ်။

အားလုံး အံ့သြနေကြသဖြင့် မေးမြန်းစပ်စုလိုက်ကြရာ ပိုင်ဖုန်းရှန်းမှာ "နောက်အပတ်ကျရင် သိရမှာပေါ့" ဟုသာ အဓိပ္ပာယ်ပါပါ ပြုံးလျက် ဝှက်ဖဲချန်ထားခဲ့၏။

ယခုမူ ပိုင်ဖုန်းရှန်းသည် ထိုကြင်ဖက်တွေ့ပွဲကို စီစဉ်ပေးနေသူဖြစ်ကြောင်း အားလုံး သိသွားကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မိသားစုအချို့မှာ မကျေမနပ် ဖြစ်နေကြကာ ရှီကျန့်ရှန်းသည်လည်း တစ်ဦးအပါအဝင် ဖြစ်၏။ သူမ၏သားမှာ အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်နေပြီဖြစ်ရာ ပိုင်ဖုန်းရှန်းတွင် သင့်တော်သူရှိပါက သူမသားအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်သည်ဟု ထင်မြင်နေသည်။

အဘွားကြီးဟွမ်မှာလည်း မကျေမနပ်ဖြစ်ကာ ဒေါသတကြီး ဖြစ်နေ၏။ သူမသားသည် အတော်ဆုံးဖြစ်သည်ဟု သူမ ယုံကြည်ထားပြီး၊ ယခုအခါ သူမသားမှာ ကွာရှင်းထားသူ ဖြစ်သော်လည်း၊ သူမသည် ဝင်းကြီး၏ စီမံခန့်ခွဲသူဇနီး ဖြစ်သည့်အားလျော်စွာ အိမ်ထောင်ဖက် မိတ်ဆက်ပေးသည့်ကိစ္စတွင် ဦးစားပေးသင့်သူကို ဦးစားပေးရမည်ဟု ယူဆထားလေသည်။

ဝမ်တာ့ချွေက ဘာမို့လို့ ဒီလောက် အခွင့်အရေးတွေ ရနေရတာလဲ?

မကျေမနပ်ဖြစ်နေသူများထဲတွင် အစ်မဖန်ကြီးလည်း ပါဝင်နေပြီး၊ သူမမှာ အလုပ်ရှာသော်လည်း မရသဖြင့် အလွန်အမင်း စိုးရိမ်ပူပန်နေရသူဖြစ်၏။ ဝမ်တာ့ချွေ၏ အောင်သွယ်ကိစ္စမှာ သူမအတွက် လမ်းစသစ်တစ်ခု မြင်လာစေသည်။

လီချန်ရွှမ်းနှင့် လင်းစန်းရှင်း တို့ကဲ့သို့ပင် သူမ၏သားသာ အလုပ်ရှိသည့် မိန်းကလေးတစ်ဦးနှင့် အိမ်ထောင်ကျခဲ့လျှင် သူမသား ကျေးလက်ဘက်သို့ ဆင်းသွားစရာ မလိုတော့ပေ။ ပိုင်ဖုန်းရှန်း မိတ်ဆက်ပေးသော အမျိုးသမီးမှာ အလုပ်ရှိပြီးသား ဖြစ်ကြောင်းထင်ရှားလှ၏။

"ဒါဆို ငါ့သားကျတော့ ဘာလို့ မိတ်ဆက်မပေးနိုင်ရတာလဲ? အသက်ကြီးတာကိစ္စမရှိဘူး၊ အဓိကက ငါ့သား အလုပ်ရဖို့ပဲ"

အစ်မကြီးဖန်လည်း မချိမဆန့် ငါးရံ့ပြာလူး ဖြစ်နေရရှာသည်။

ပိုင်ဖုန်းရှန်းမှာ ဝမ်တာ့ချွေကို ကူညီပေးရုံသာရှိသေးသည်၊ မိသားစုအတော်များများ၏ ငြိုငြင်မှုကို ခံနေရပြီဖြစ်၏။

စိတ်ထဲမကျေနပ်သည့်အခါ အမူအရာမှာလည်း ပေါ်လွင်လာစမြဲပင်။ အဘွားကြီးကျောက်မှာ ချန်ချင်းယွီအား တိုးတိုးတိတ်တိတ်ဖြင့်

"တွေ့လား? ငါ ပြောသားပဲ... လူကောင်းလုပ်ဖို့ မလွယ်ပါဘူးဆိုတာ။ ပိုင်ဖုန်းရှန်းကတော့ ဝမ်တာ့ချွေအတွက် စေတနာနဲ့ လုပ်ပေးတာပါပဲ၊ ဒါပေမဲ့ ကြည့်စမ်း... လူဘယ်နှစ်ယောက်ကို အမြင်ကတ်အောင် လုပ်မိသွားပြီလဲ"

ချန်ချင်းယွီလည်း ခေါင်းညိတ်

ထောက်ခံရင်း မှတ်ချက်ချလနုက်မိ၏။

"တစ်ယောက်ယောက်က ဒီအခွင့်အရေးကို ကြားဖြတ်လုယူဖို့ ကြိုးစားမလားတောင် မသိဘူးနော်"

အဘွားကြီးကျောက် ကြောင်ကြည့်ကာ

"အဲဒီလောက်အထိတော့ မဖြစ်နိုင်ပါဘူးနော်?"

ချန်ချင်းယွီ : "ဘာလို့ မဖြစ်နိုင်ရမှာလဲ? တကယ်လို့ အခွင့်အရေးလုဖို့ မဟုတ်ရင် ကျန်းရှင်းဖှက ဘာလို့ ဆေးရုံက ဆင်းလာရတာလဲ?"

သူသည် ဆေးရုံနှင့် အိမ်ကို အခေါက်ခေါက်အခါခါ ကူးလူးနေခဲ့ပြီး၊ ဒဏ်ရာမှာလည်း မကျက်သေးဘဲနှင့် ကိုယ့်ဒုက္ခကိုယ် ရှာနေခြင်းပင်။

အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးပြီး

"အို... တကယ်လို့ တစ်ယောက်ယောက်ကသာ ကြားဖြတ်လုမယ်ဆိုရင်တော့ ပွဲက ကြည့်ကောင်းပြီပဲ! ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေ၊ ဖြစ်မှာမဟုတ်ပါဘူး။ ငါတို့က တစ်ဝင်းတည်းသားတွေပဲဟာ၊ အားလုံးက သိက္ခာတော့ ငဲ့ကြမှာပါ"

ချန်ချင်းယွီမှာမူ အားလုံးသည် သိက္ခာကို အလေးထားမည်ဟု သိပ်မယုံကြည်သဖြင့် ခပ်ဖွဖွလေးသာ ရယ်မောနေလိုက်သည်။

ရယ်စရာကောင်းသည်မှာ အဘွားကြီးကျောက် ကိုယ်တိုင်သည်လည်း မိမိငြင်းဆို ပြောသည့်စကားကို မိမိကိုယ်တိုင် သိပ်မယုံကြည်ခြင်းပင်။ သို့သော် ဤကိစ္စသည် သူမမိသားစုနှင့် မပတ်သက်သဖြင့် အပြင်လူအနေနှင့် ပွဲကြည့်ရသည်မှာ သူမအတွက် ပျော်စရာပင်ဖြစ်၏။

ပွဲက ပိုဆူလေ၊ သူမ ပိုသဘောကျလေပဲ…

"တစ်ယောက်ယောက်က ပြဿနာရှာရင် ကောင်းမှာပဲ၊ ဒါမှ ငါ ထမင်းစားဆောင် ပြန်ရောက်တဲ့အခါ လူတွေကို ဖောက်သည်ချလို့ ရမှာ"

အဘွားကြီးကျောက်မှာ ထမင်းစားဆောင်၏ နံပါတ်တစ် အတင်းအဖျင်း ဘုရင်မ မဟုတ်လော့။

သူမထက် သတင်းစုံသူ မရှိသလောက်ပင်၊ ထို့ကြောင့်လည်း သူမသည် အမြဲတမ်း နံပါတ်တစ်အဖြစ် ရေပန်းစားနေ၏။

မှန်ပေသည်၊ နောက်တစ်နေ့ အလုပ်တက်သည့်အခါ အဘွားကြီးကျောက်၏ ပထမဆုံး လုပ်သည့်

အလုပ်မှာ အောင်သွယ်တော်များ၏ လှည့်ကွက်များအကြောင်းကို လူတိုင်းအား ပြောပြခြင်းပင်။

ထိုသို့ သတင်းဖြန့်ဝေခြင်းမှာ အကျိုးကျေးဇူး အနည်းငယ်တော့ ရှိသွား၏။ လူကွယ်ရာတွင် လှည့်စားတတ်သည့် အောင်သွယ်တော်အချို့မှာ သိသိသာသာ ငြိမ်ကုပ်သွားကြသည်။ ယခုခေတ်တွင် သိက္ခာမရှိသည့် အောင်သွယ်တော်များသည်လည်း ပေါလှပေ၏။

ဝမ်တာ့ချွေ၏ အဖြစ်အပျက်ကဲ့သို့ပင် နှစ်ဦးနှစ်ဖက်လုံးမှာ အပေါ်ယံ ဟန်ဆောင်ကောင်းဖို့ အဓိက ဖြစ်နေသည်။

ဤအတင်းအဖျင်းသတင်းများကြောင့် အဘွားကြီးကျောက်မှာ ထမင်းစားဆောင်တွင် ပို၍ပင် နာမည်ကြီးလာတော့၏။

သူမမှာ သတင်းထူးတွေ အများကြီး ရှိနေသည်ကိုး!

ချန်ချင်းယွီအတွက်မူ ဤတစ်ပတ်မှာ ကံကောင်းသော ရက်သတ္တပတ်တစ်ခု ဖြစ်ခဲ့သည်။ သူမသည် ရပ်ကွက်ရုံးမှ အိမ်တွင်းမှုလက်မှုအလုပ်အချို့ကို လက်ခံရရှိခဲ့၏။ အမှန်စင်စစ် ချန်ချင်းယွီမှာ ထိုငွေအနည်းငယ်ကို မက်မောလှသည်တော့မဟုတ်၊ သို့သော်လည်း လူအများအမြင်တွင် အလုပ်အကိုင်ရှိသူတစ်ဦးအဖြစ် ထင်ပေါ်စေရန် လုပ်ပြနေခြင်းသာ ဖြစ်သည်။ ထို့ကြောင့်ပင် အိမ်နီးနားချင်းများထံ အလည်အပတ်သွားတိုင်း လက်ထဲ၌ အလုပ်ကလေးတစ်နိုင်တစ်ပိုင် ပါလာတတ်စမြဲပင်။

လီလင်းလင်းသည်လည်း သူမနှင့်အလုပ်ချင်းတူတူပင် ရရှိထားသော်လည်း အလုပ်လက်စသတ်ရာတွင်မူ ချန်ချင်းယွီထက် များစွာပို၍ လျင်မြန်လှ၏။

ဤသည်မှာလည်း အံ့သြဖွယ်ရာတော့မဟုတ်ပေ။ လီလင်းလင်းသည် ထိုအလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်နိုင်သော်လည်း ချန်ချင်းယွီမှာမူ အိမ်မှုကိစ္စများကိုပါ စီမံရသည့်အပြင် ယခုလက်ရှိ၌ ညနေတိုင်း ကလေးများကိုခေါ်၍ စက်ဘီးအရောင်းကောင်တာသို့ သွားရောက်ကြည့်ရှုရသေးသောကြောင့်တည်း။ စက်ဘီးတစ်စီး ဝယ်ယူလိုသော သူမ၏ဆန္ဒမှာ အလွန်ပင် သိသာလွန်းနေအောင် သရုပ်ဆောင်ပြနေရ၏။

သို့သော် ချန်ချင်းယွီသည် သွားကြည့်ရုံသက်သက်သာမဟုတ်ဘဲ လိုအပ်သော အခြားပစ္စည်းများကိုလည်း တစ်ခါတစ်ရံ ဝယ်ယူတတ်သည်။ နေ့စဉ်ရက်ဆက် လာကြည့်လွန်းသဖြင့် အရောင်းကောင်တာမှ ဝန်ထမ်းများပင် သူမကို မှတ်မိနေကြပြီဖြစ်၏။သို့သော်လည်း ချန်ချင်းယွီသည် အခြားသူများကဲ့သို့ ဟိုမေးဒီမေးဖြင့် ဂျီမကျဘဲ ခေတ္တမျှကြည့်ရှုပြီးနောက် ပြန်သွားတတ်သဖြင့် အရောင်းဝန်ထမ်းများမှာ စိတ်မဆိုးသည့်အပြင် ရက်အနည်းငယ်အတွင်းမှာပင် သူမကို စိတ်ဝင်စားလာကြသည်။ ထိုနေ့တွင်မူ အရောင်းဝန်ထမ်းအမျိုးသမီးမှာ မနေနိုင်တော့ဘဲ မေးမြန်းလိုက်မိ၏။

"ရှင်ကလည်း နေ့တိုင်းလာကြည့်နေတာ၊ ကြည့်ရုံနဲ့တော့ စက်ဘီးက ပန်းပွင့်လာမှာ မဟုတ်ဘူးနော်။ တကယ်လို့ ဝယ်ချင်တယ်ဆိုရင်လည်း အမြန်သာ ဆုံးဖြတ်လိုက်ပါတော့၊ မဟုတ်ရင် ရှင်မျက်စိကျထားတဲ့ စက်ဘီးက သူများလက်ထဲ ပါသွားဦးမယ်"

ချန်ချင်းယွီ ပြုံးပြုံးလေးနှင့် နူးညံ့ချိုသာစွာ ပြန်ပြောလိုက်သည်။

"ကျွန်မလည်း ဝယ်ချင်တာပေါ့ရှင်၊ ဒါပေမဲ့ စက်ဘီးဝယ်ခင့်လက်မှတ်က မစုမိသေးလို့ပါ။ အခုတော့ လောလောဆယ် ကြည့်ပြီးတော့ပဲ အာသာဖြေနေရတာပေါ့"

တစ်ချိန်ကဆိုလျှင်... စက်ဘီးတစ်စီးဝယ်ရန်ပင် ဤမျှအထိ ခက်ခဲခဲ့ရသည်မှာ တကယ်ပင် သနားစရာကောင်းလှ၏။

သို့သော် ယခုခေတ်တွင် စက်ဘီးတစ်စီးရှိခြင်းမှာ နောင်နှစ်ပေါင်းများစွာကြာသောအခါ ကားတစ်စီးပိုင်ဆိုင်ရသကဲ့သို့ပင် အဆင့်အတန်းရှိလှရာ ချန်ချင်းယွီအနေဖြင့် ရှက်နေစရာမလိုပေ။

"ရှင့်စကားကလည်း ဟုတ်တာပါပဲ။ လူအတော်များများက ပိုက်ဆံသာ စုမိကြတာ၊ လက်မှတ်မရှိလို့ ဆက်စောင့်နေကြရတာလေ။ စက်ဘီးဝယ်ခွင့်လက်မှတ်ဆိုတာ ရဖို့က လွယ်တာမှ မဟုတ်တာ။ ကြည့်လေ... ကျွန်မကိုယ်တိုင် ဒီကောင်တာမှာ အလုပ်လုပ်နေတာတောင် စက်ဘီးတစ်စီး မရှိဘူး၊ လက်မှတ်မရှိလို့ပဲ"

ချန်ချင်းယွီ လာကြည့်သည်မှာ လေးငါးရက်မျှသာရှိသေးသော်လည်း သူမ၏ စိတ်အားထက်သန်မှုသည် လူတိုင်းကို မှတ်မိစေရန် လုံလောက်လှသည်။

အရောင်းဝန်ထမ်းသည်လည်း သူမအား ရင်းရင်းနှီးနှီး စကားဆိုလာ၏။ ထိုခေတ်က အရောင်းဝန်ထမ်းများ ဆက်ဆံရေးမကောင်းဟု သတင်းထွက်လေ့ရှိသော်လည်း လူတိုင်းတော့ ထိုသို့မဟုတ်ပေ။ အားလုံးမှာ သာမန်လူသားများသာဖြစ်ရာ ပုံမှန်အားဖြင့်တော့ အလွန်အမင်း မောက်မာနေခြင်းမျိုး မရှိကြပေ။

ချန်ချင်းယွီ : "ကျွန်မလည်း အတူတူပါပဲရှင်။ ဒီနှစ်ထဲမှာ ကျွန်မယောက္ခမသာ 'စံပြဝန်ထမ်း' ဆုရရင်တော့ စက်ဘီးဝယ်နိုင်မှာပါ။ မဟုတ်ရင်တော့ အိမ်နီးနားချင်းတွေဆီက လက်မှတ်ရမလားလို့ စောင့်နေရမှာ၊ ဘယ်တော့မှရမှန်းလည်း မသိနိုင်ဘူး"

"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျွန်မလည်း အိမ်ကလူတစ်ယောက်ယောက် နှစ်ကုန်ရင် ဆုတစ်ခုခု ရမလားလို့ မျှော်နေတာပဲ"

စက်ဘီးဝယ်လိုသူချင်း ကိုယ်ချင်းစာသွားကြ၏။

ပိုက်ဆံရှိသော်လည်း လက်မှတ်မရှိကြသူများပင်!!!

ချန်ချင်းယွီသည် သူမတွင် ပိုက်ဆံမရှိသည့်အကြောင်းကိုမူ တစ်ခွန်းမျှမဟပေ။ လင်းကျန့်ဝမ် ကွယ်လွန်စဉ်က နစ်နာကြေးများ ရရှိခဲ့သည်ကို လူတိုင်းသိသဖြင့် ပိုက်ဆံမရှိဟု ဟန်ဆောင်လျှင်လည်း မည်သူမျှယုံမည်မဟုတ်ကြောင်း သူမ နားလည်သည်။

"ဒါဆို ဘယ်သူ အရင်ဝယ်နိုင်မလဲ ပြိုင်ကြည့်ကြမလား?"

အရောင်းဝန်ထမ်းမှာ နောက်ပြောင်လိုက်၏။

ချန်ချင်းယွီ : "ကျွန်မက ရှင့်ကို ဘယ်ယှဉ်နိုင်ပါ့မလဲရှင်။ ရှင်တို့က ကုန်တိုက်မှာ အလုပ်လုပ်တာဆိုတော့ အခွင့်အရေး ပိုများတာပေါ့။ ကြည့်ရုံနဲ့တင် ရှင်က ကြိုးစားတဲ့သူမှန်း သိသာပါတယ်။ ကျွန်မမှာကတော့ ဘာလမ်းစမှ မရှိပါဘူး၊ နှစ်ကုန်ပိုင်းလောက်မှာ ဝယ်နိုင်ရင်ပဲ တော်လှပါပြီ"

အရောင်းဝန်ထမ်းမှာ သဘောကျကာ ရယ်မောလိုက်၏။ ချီးကျူးစကားကို မနှစ်သက်သူဟူ၍ မရှိပေ။

"အော်... ရှင့်နာမည်က ဘယ်သူလဲ?"

"ချန်ချင်းယွီပါ။ ရှင့်ကိုကော ဘယ်လိုခေါ်ရမလဲ?"

"ကျွန်မနာမည်က ထန်ယွီ့ချန်ပါ"

နှစ်ဦးသား မိတ်ဆက်လိုက်ကြပြီး အသိအကျွမ်းများ ဖြစ်သွားကြသည်။

"ရှင်က တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ။ အမျိုးသမီးတစ်ဦးက နေ့တိုင်းလာကြည့်နေပြီး မရှက်မကြောက် နေနိုင်တာမျိုးက မြင်ရခဲတယ်"

မြင်ရခဲသည်မဟုတ်၊ တစ်ခါမျှမမြင်ဖူးခြင်းသာဖြစ်သည်။ ယောက်ျားရင့်မာကြီးများပင် နေ့စဉ်လာကြည့်ရန် ရှက်တတ်ကြသည် မဟုတ်ပါလား…

"သူတို့က ကျွန်မလောက် စိတ်မထက်သန်လို့ ဖြစ်မှာပါ"

ချန်ချင်းယွီ ပြန်ပြောရာ ထန်ယွီ့ချန် တဟီးဟီး ရယ်လိုက်ပြီး၊

"ဒါဆို နောက်မှ ရှင်စက်ဘီးဝယ်တဲ့အခါ ကျွန်မ အကောင်းဆုံးတစ်စီး ရွေးပေးမယ်လေ"

ချန်ချင်းယွီ ပြုံးပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်ပြီး၊ စကားအနည်းငယ် ပြောဆို နှုတ်ဆက်ပြီးနောက် သူများအလုပ်ကို မနှောင့်ယှက်တော့ဘဲ ကလေးများကိုခေါ်ကာ ပြန်လာခဲ့၏။ ယနေ့လည်း သူမ အချည်းနှီးထွက်လာခြင်းမဟုတ်ပေ။ စားသောက်ကုန်ဆိုင်သို့ ဝင်၍ ကြက်သွန်မြိတ်တစ်စည်း ဝယ်ယူခဲ့သေးသည်။ ဤအချိန်ပေါ်သော ကြက်သွန်မြိတ်မှာ အလတ်ဆတ်ဆုံးဖြစ်ရာ သူမ အလွန်နှစ်သက်၏။

ကြက်သွန်မြိတ်ကို မည်သို့ပင် ချက်ပြုတ်စားသောက်သည်ဖြစ်စေ အလွန်အရသာရှိလှသည်။ ကြော်စားသည်ဖြစ်စေ၊ ပေါက်စီထဲထည့်သည်ဖြစ်စေ၊ ကြက်သွန်မြိတ်ကိတ် လုပ်စားသည်ဖြစ်စေ အကုန်လုံးမှာ ထူးရှယ်ပင်။

ချန်ချင်းယွီသည် ကြက်သွန်မြိတ်သာမကဘဲ စားသောက်ကုန်ဆိုင်သို့ ကြက်ဥသစ်များ ရောက်ရှိလာခြင်းနှင့်လည်း တိုက်ဆိုင်သွားသဖြင့် သူမတို့ အိမ်ခွဲတမ်း ရပိုင်ခွင့်အတိုင်း ဝယ်ယူလိုက်သည်။ သူတို့အိမ်အတွက် တစ်လလျှင် ကြက်ဥတစ်ကျင်း သို့မဟုတ် သတ်မှတ်ချက်အတိုင်းသာ ရရှိရာ စုစုပေါင်း ကြက်ဥ ၇ လုံးမျှသာ ရရှိ၏။

"နှမြောစရာပဲ၊ ငါတို့အိမ်မှာ နေရာသာရှိရင် အိမ်ရှေ့မှာ ကြက်နှစ်ကောင်လောက် မွေးပြီး ဥစားရရင် သိပ်ကောင်းမှာပဲ"

ချန်ချင်းယွီ နှမြောတသ ရေရွတ်လိုက်မိသည်။

ရှောင်ကျားနှင့် ရှောင်ယွမ်မှာလည်း ကလေးပီပီ စိတ်အားထက်သန်စွာဖြင့် အော်ဟစ်ကြ၏။

"မေမေ... ကြက်မွေးမယ်၊ ကြက်မွေးမယ်"

ကြက်ဥစားရမည်ဟူသော အသိဖြင့် ကလေးနှစ်ဦးလုံး စိတ်လှုပ်ရှားသွားကြသည်။ ချန်ချင်းယွီ ရယ်မောရင်း

"သားတို့ကလည်း စိတ်ကူးကတော့ ယဉ်တာပဲ၊ ဒါပေမဲ့ နေရာမှ မရှိတာ"

ဝင်းအတွင်း လူအများအပြား နေထိုင်ကြပြီး အိမ်တိုင်းမှာ ကျပ်ကျပ်တည်းတည်း ဖြစ်နေသည့်အပြင် အပြင်ဘက်တွင်လည်း ပစ္စည်းများ အပြည့်ဖြစ်နေသဖြင့် ကြက်ခြံခတ်ရန် နေရာဟူ၍ မရှိသလောက်ပင်။

ရှောင်ကျားမှာ အတန်ငယ် စိတ်ပျက်သွားပြီး ခေါင်းလေးငိုက်စိုက်ဖြင့်

"နေရာမရှိဘူးလား"

"မရှိဘူးလေ!"

ချန်ချင်းယွီ ပြန်ပြောစကားကြောင့် ရှောင်ကျားမှာ "ဟင်း..." ဟု သက်ပြင်းအကြီးကြီး တစ်ချက် ချလိုက်လေ၏။

ရှောင်ယွမ်မှာမူ မျက်လုံးလေး ကလည်ကလည်ဖြင့် "အိမ်ထဲမှာ မွေးမယ်၊ အိမ်ထဲမှာ မွေးမယ်" ဟု အကြံပေးပြန်သည်။

ချန်ချင်းယွီ တဟားဟား ရယ်မောလိုက်ပြီး

"မရဘူးလေ၊ အိမ်ထဲမှာ မွေးလို့မရဘူး။ အိမ်ထဲမှာက ပိုတောင် နေရာမရှိသေးတာ။ ပြီးတော့ ညစ်ပတ်တာပေါ့၊ အိမ်ထဲမှာ မွေးလို့မရပါဘူး"

ရှောင်ယွမ်လည်း ခေါင်းလေး ငိုက်စိုက်ကျသွားရှာသည်။

"သားတို့က ကြက်မွေးချင်နေတာလား?"

ချန်ချင်းယွီ မေးလိုက်မိ၏။

အမှန်စင်စစ် သူမသည် လွှတ်ခနဲ ပြောလိုက်ခြင်းသာဖြစ်သော်လည်း ကလေးများမှာ ဤမျှအထိ လိုချင်နေကြလိမ့်မည်ဟု မထင်ထားပေ။

ရှောင်ကျားသည် လူကြီးလေးတစ်ဦးကဲ့သို့ နားလည်စွာဖြင့်

"ကြက်မွေးရင် ကြက်ဥစားရမှာလေ"

ဤအရွယ်လေးနှင့်ပင် ကြက်ဥသည် အကောင်းဆုံးအရာဖြစ်ကြောင်း သူ သိနေရှာလေသည်။

အကောင်းဆုံးက ကြက်ဥပဲလေ!

ချန်ချင်းယွီ : "ဒါဆိုလည်း မေမေ ထပ်စဉ်းစားကြည့်ဦးမယ်၊ ငါတို့မှာ နေရာအလွတ်လေး ဘယ်နားညှပ်ထုတ်လို့ရမလဲဆိုတာ ကြည့်ရတာပေါ့။ ရမယ်ဆိုရင်တော့ နှစ်ကောင်လောက် မွေးကြတာပေါ့"

မြို့ပြတွင် ကြက်မွေးရန်မှာ မလွယ်ကူလှပေ၊ အထူးသဖြင့် လူနေထူထပ်သော ဝင်းကြီးများအတွင်း နေထိုင်ရသူများအတွက် ပို၍ပင် ခက်ခဲသည်။

သို့သော် အိမ်ထောင်စုတစ်စုလျှင် ကြက်နှစ်ကောင်နှုန်းသာ မွေးမြူခွင့်ရှိသည့် သတ်မှတ်ချက်လည်း ရှိသေး၏။ ထိုထက်ပို၍ မွေးမြူခွင့်မရှိပေ။ အကယ်၍ ပို၍မွေးပါက ဝိသမလောဘဖြင့် စီးပွားရှာနေသည်ဟု စွပ်စွဲခံရနိုင်ကာ အပြစ်ပေးခံရမည်ပင်။

"အိမ်ပြန်ရင် အဘွားနဲ့လည်း တိုင်ပင်ကြည့်ဦးမယ်လေ"

"ဟုတ်ကဲ့!"

ချန်ချင်းယွီသည် ကြက်သွန်မြိတ်နှင့် ကြက်ဥများကို ကိုင်ဆောင်၍ ပြန်လာရာ ဝင်းတံခါးဝသို့ ရောက်သည်နှင့် အဘွားကြီးဝမ်နှင့် တိုးလေ၏။

အဘွားကြီးဝမ်သည် ဤဝင်းအတွင်း နေထိုင်သူမဟုတ်သော်လည်း ဝင်းကြီး၏ သစ္စာရှိသော ဂိတ်စောင့်ကြီးတစ်ဦးနှယ် ဖြစ်နေပြီး၊ သူမသည် ရှေ့ဝင်းရှိ သစ်ပင်အောက်တွင် နေ့စဉ်ထိုင်ကာ လူအဝင်အထွက်ကို စောင့်ကြည့်လေ့ရှိသည်။

"ချင်းယွီ... ညည်း ဒီနေ့လည်း စက်ဘီးသွားကြည့်ပြန်ပြီလား?"

အဘွားကြီးဝမ် လှမ်းမေးလိုက်၏။

ချန်ချင်းယွီသည် ပြီးခဲ့သည့် ရက်အနည်းငယ်လုံး နေ့စဉ်မပျက် ညနေတိုင်း ထိုသို့သွားနေခဲ့ရာ အဘွားကြီးဝမ်မှာပင် ပြောစရာစကား ဆွံ့အနေရသည်။ ချန်ချင်းယွီထက် ပို၍ ဇွဲကောင်းသူမျိုး သူမ တစ်ခါမျှ မတွေ့ဖူးပေ။

"ဟုတ်ကဲ့"

သူမ ခပ်ပြုံးပြုံးလေးနှင့်ပင် သတင်းစကားဆိုလိုက်၏။

"စားသောက်ကုန်ဆိုင်မှာ ကြက်ဥတွေ ရောက်နေတယ်နော်။ အဒေါ်ကြီးတို့ ဒီလအတွက် မဝယ်ရသေးရင် အမြန်သွားကြည့်လိုက်ဦး"

"ဟယ်! ကြက်ဥတွေလား? ငါတို့ မဝယ်ရသေးဘူး၊ အခုချက်ချင်း သွားမှဖြစ်မယ်"

"နေဦး... ငါလည်း လိုက်မယ်! ပြီးခဲ့တဲ့တစ်ခေါက် သွားတုန်းက နည်းနည်းပဲ ကျန်တော့တာ၊ ကြက်ဥတွေကလည်း သေးသေးလေးတွေဆိုတော့ ငါ မဝယ်ခဲ့ဘူး"

ရှေ့ဝင်းရှိ စကားဝိုင်းလေးမှာ ချက်ချင်းပင် အလုပ်ရှုပ်သွားကြသည်။ ကြက်ဥရောက်မည့်အချိန်မှာ ခန့်မှန်းရခက်လှသဖြင့် စောစောသွားဝယ်နိုင်ခြင်းမှာ အမြဲတမ်း ပိုကောင်း၏။ စောစောရောက်လျှင် ကြက်ဥအလုံးကြီးကြီးများကို ရွေးချယ်နိုင်သည်သာ။ အလေးချိန်နှင့် ချိန်ရောင်းသည်ဆိုသော်လည်း လူတိုင်းမှာ အလုံးကြီးသည်ကိုပင် ပို၍ သဘောကျကြသည်။

"ကြက်သွန်မြိတ် ဝယ်လာပြန်ပြီလား?"

ရှီကျန့်ရှန်း မေးလိုက်ရာ ချန်ချင်းယွီ ခေါင်းညိမ့်၍ ဖြေလိုက်၏။

"ဟုတ်ကဲ့၊ အတော်လေး လတ်ဆတ်ပုံရလို့ ဝယ်လာတာ"

ဤသို့သော ဟင်းသီးဟင်းရွက်မျိုးမှာ သတ်မှတ်ချက်ဖြင့် ရောင်းချခြင်းမျိုး မဟုတ်ပေ။

ရှီကျန့်ရှန်း ; "ငါလည်း သွားကြည့်ဦးမှပဲ၊ ဒီည ကြက်သွန်မြိတ်ကြော် စားရမယ်"

ချန်ချင်းယွီသည် အပြုံးလေးဆင်မြန်းလျက် သူမ၏ပစ္စည်းများကို သယ်ဆောင်ကာ အိမ်ထဲသို့ အရင်ဝင်ခဲ့သည်။ အိမ်ရှေ့သို့ ရောက်သောအခါ ကျန်းမုန့်မုန့်တစ်ယောက် အိမ်ထဲသို့ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် ချန်ချင်းယွီ ပြန်လာသည်ကို မြင်လျှင်မြင်ချင်းပင် အမြန်ပြေးထွက်သွားလေသည်။ ပြီးခဲ့သည့်တစ်ခေါက် အစားအစာ လာတောင်းရာတွင် မအောင်မြင်သည့်အပြင် သူမ၏အဘွားမှာလည်း အရိုက်ခံခဲ့ရပြီးနောက် ကျန်းမုန့်မုန့်မှာ အဘွားအို၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရ၏။

ထို့ကြောင့် ဤတစ်ကြိမ်တွင်မူ ကျန်းမုန့်မုန့်သည် သူမအား ထိပ်တိုက်မတွေ့ဝံ့တော့ပေ။ အမှန်စင်စစ် ကလေးများသည် လူကြီးများထက်ပင် မျက်နှာရိပ်မျက်နှာကဲ ကြည့်ရာတွင် ပို၍ ကျွမ်းကျင်ကြသည်။

ချန်ချင်းယွီ သူမကို မနှစ်သက်၍ အဘွားကြီးကျောက်ကို တိုင်တန်းထားကြောင်း သူမ ရိပ်မိနေ၏။ မကျေမနပ် ဖြစ်သော်လည်း ထိပ်တိုက်မရင်ဆိုင်ဝံ့သဖြင့် ထိုကောင်မလေးမှာ ပြေးထွက်သွားလေသည်။ ချန်ချင်းယွီသည် အိမ်တံခါးမှ သော့ခလောက်ကို စစ်ဆေးကြည့်လိုက်၏။ တော်သေးသည်မှာ သူမသည် အိမ်ထဲသို့ အတင်းဝင်ရန်အထိတော့ မကြိုးစားခဲ့ပေ။

ချန်ချင်းယွီသည် အိမ်တံခါးကိုဖွင့်ကာ ဝင်လိုက်သည်။ ရှောင်ကျားမှာ ကျန်းမုန့်မုန့် နောက်ကျောကို လှမ်းကြည့်ရင်း

"မမမုန့်မုန့်က ခိုးကြောင်ခိုးဝှက်နဲ့"

ထိုသို့သော အခြေအနေကို ကလေးငယ်များလည်း သိကြသည်သာ။

ချန်ချင်းယွီ : "သူ့ကို ဂရုမစိုက်ပါနဲ့။ သားတို့ မေမေ့ကို ကြက်သွန်မြိတ်လေးတွေ ကူသင်ပေးပါဦးလား"

"ဟုတ်ကဲ့!"

ချန်ချင်းယွီ မုန့်စိမ်းနယ်နေစဉ် ကလေးနှစ်ဦးလုံးသည် တံခါးဝတွင် အလိုက်တသိ ထိုင်ကာ အလုပ်လုပ်နေကြသည်။ ယနေ့ခေတ်တွင် ဤအရွယ်ကလေးများ အိမ်မှုကိစ္စ ကူလုပ်ခြင်းမှာ မဆန်းလှပေ။ ကျန်းမုန့်မုန့်ကဲ့သို့ ကလေးမျိုးပင် သုံးလေးနှစ်သမီးအရွယ်ကတည်းက အိမ်တွင်းအလုပ်လေးများကို ကူလုပ်ခဲ့ရသည်သာ။

ချန်ချင်းယွီသည် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ကို စောင့်ရှောက်ရာတွင် မင်းသားလေး၊ မင်းသမီးလေးများကဲ့သို့ ထားမည်ဟု မရည်ရွယ်ထားပေ။ သူတို့အားလုံးမှာ မိသားစုဝင်များဖြစ်ကြရာ အိမ်မှုကိစ္စများကို အတူတကွ လုပ်ကိုင်ကြရမည်

ဖြစ်ပြီး၊ သို့မှသာ မိသားစုဝင်ဟု ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သူမ နားလည်သည်။ ချန်ချင်းယွီသည် မုန့်စိမ်းနယ်ပြီးနောက် ခေတ္တနှပ်ပေးထားစဉ် ကလေးများနှင့်ပူးပေါင်းကာ သုံးယောက်သား အတူတကွ အလုပ်လုပ်ကြ၏။

"ချင်းယွီ... ဝယ်လာတာ များလှချီလား။ မကုန်ရင် ပုပ်ကုန်လိမ့်မယ်၊ ကြက်သွန်မြိတ်က အကြာကြီး အထားမခံဘူးနော်"

အဒေါ်ကြီးမေ့ ဖြတ်သွားရင်း လှမ်းပြောလိုက်၏။

ချန်ချင်းယွီ "ကျွန်မတို့အိမ်က ကြက်သွန်မြိတ်ပန်ကိတ် လုပ်စားမလို့ပါ၊ မနက်ဖြန်အထိ ဆိုရင်တော့ ကုန်သွားမှာပါ"

ဘာ?!

တစ်ရက်တည်းနဲ့ ကုန်သွားမယ် ဟုတ်လား?! တကယ့်ကို အစားကြီးတဲ့သူတွေပဲ!

"ဒါနဲ့ ဒေါ်လေးမေ့... ဦးလေးရွှီတို့အိမ်က ဘယ်တော့ကျွေးမှာလဲဟင်?"

ချန်ချင်းယွီ အသံကိုနှိမ့်ကာ မေးလိုက်သည်။

သူတို့ ထမင်းကျွေးမည်ဟု ပြောထားသည်မှာ အတော်ပင် ကြာနေပြီဖြစ်ပြီး ဆယ်ငါးရက်နီးပါး ရှိနေပြီ မဟုတ်လော့။

အဒေါ်ကြီးမေ့သည်လည်း လေသံကိုနှိမ့်ကာ

"မကြာခင် ဖြစ်မှာပါ။ ဦးလေးရွှီရဲ့ ခြေထောက်ကလည်း သက်သာနေပြီဆိုတော့ မကြာခင် ကျွေးတော့မှာပေါ့။ စိတ်မပူပါနဲ့၊ ရက်သိရတာနဲ့ ငါ လာပြောမယ်"

ထိုသို့ဆိုပြီးနောက် သိနားလည်သည့် ပုံစံဖြင့်

"ညည်းယောက္ခမက ကျွေးမွေးပွဲ မတိုင်ခင် ရက်အနည်းငယ်လောက် ညည်းကို ဗိုက်ဆာအောင် အငတ်ထားဦးမလားပဲ?"

ချန်ချင်းယွီ "...???"

ဗုဒ္ဓေါ! တကယ်ပဲ အဲဒီလောက်အထိ လိုအပ်လို့လား?

အဒေါ်ကြီးမေ့မှာ ဂုဏ်ယူဝံ့ကြွားသော လေသံဖြင့်

"ငါဆိုရင် ငါ့မိသားစုဝင်တွေကို အကုန်မှာထားတာ၊ ကျွေးမွေးပွဲရက် သတ်မှတ်ပြီးတာနဲ့ အဲဒီမတိုင်ခင် တစ်ရက်အလိုမှာ ဘာမှမစားကြနဲ့လို့။ အဲဒါမှ အိမ်က ထမင်းအနပ်တိုင်း အများကြီး သက်သာမှာ"

"အော်... ဟုတ်ကဲ့!"

သောက်ကျိုးနည်း! ပညာတွေလည်း ရပါတယ်!

အဒေါ်ကြီးမေ့ : "သူတို့က လူမြင်ကောင်းအောင် လုပ်ချင်ကြတာဆိုတော့ ဟင်းကောင်းတွေတော့ ပါမှာ သေချာပါတယ်"

ချန်ချင်းယွီ : "ဒါဆိုရင်တော့ ကောင်းတာပေါ့!"

အမှန်အတိုင်းပြောရလျှင် သူမသည် ထိုမိသားစု၏ စရိုက်ကို သိပ်ပြီး အထင်မကြီးလှပေ၊ သူတို့ချက်သည့် ဟင်းများမှာ စား၍ဖြစ်ပါ့မလားဟု တွေးနေမိသည်။ ပြီးခဲ့သည့်တစ်ခေါက်ကဲ့သို့ နံစော်နေသော အရိုးများကို သုံးမည်မထင်သော်လည်း တကယ်တမ်း ဘာဖြစ်လာမည်ကိုခန့်မှန်းရ ခက်လှ၏။

အဒေါ်ကြီးမေ့ : "ငါပြောမယ်... ညည်း ငါတို့ဝိုင်းမှာ လာမထိုင်နဲ့။ ဟိုမိန်းကလေးတွေ ဝိုင်းမှာပဲ သွားထိုင်။ သူတို့က လက်နှေးတော့ ညည်း ပိုနှိုက်လို့ရလိမ့်မယ်။ ငါတို့နဲ့ လာထိုင်ရင်တော့ ပန်းကန်ပြားတောင် မြင်ရမှာမဟုတ်ဘူး၊ ငါတို့ကို ညည်း မယှဉ်နိုင်ပါဘူးအေ။ ဒါတွေက ငါ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေပဲ"

ချန်ချင်းယွီ၏ မျက်လုံးအစုံမှာ အရောင်တောက်သွားပြီး ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

အဒေါ်ကြီးမေ့ : “ဒါနဲ့ ညည်းပြောတာလည်း ဟုတ်သားပဲ။ အချိန်တွေ ဒီလောက်ကြာနေပြီ၊ ဘာလို့ သူတို့က ဘာသံမှ ထပ်မထွက်ကြတာလဲ? ငါ ပြန်မေးကြည့်ဦးမယ်။ ဒီအတိုင်းတော့ အလျှော့ပေးလို့ မဖြစ်ဘူး။ ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူးလေ၊ ငါတို့က သူ့ကို ဖိတ်ပါလို့ အတင်းတောင်းပန်နေတာမှ မဟုတ်တာ။ သူတို့ဘာသာ သူတို့ ဖိတ်မယ်လို့ ပြောထားတာပဲ၊ အခုကျမှ စကားပျက်လို့ ဘယ်ဖြစ်ပါ့မလဲ"

"ဟုတ်ကဲ့... ဟုတ်ကဲ့၊ အဲဒါ အမှန်ပဲ"

ချန်ချင်းယွီမှာ ပွဲကြည့်ရမည်ဆိုလျှင် အမြဲတမ်း အားတက်သရော ရှိနေတတ်၏။

ထို့ပြင် အခမဲ့ကျွေးမည့် ထမင်းတစ်နပ်ကို မည်သူက ငြင်းပယ်ပါမည်နည်း။

"ဟဲ့... ငါ နောက်ဝင်းက ပိုင်ဖုန်းရှန်းဆီ သွားမေးကြည့်ဦးမယ်၊ ဘယ်တော့ ကျွေးမှာလဲဆိုတာ သူသိမလားလို့"

အဒေါ်ကြီးမေ့မှာ ဤကိစ္စကို တွေးမိသည်နှင့် မနေနိုင်မထိုင်နိုင် ဖြစ်လာတော့သည်။

ဟင်း... ဘယ်လိုပြောရမလဲ?

တစ်ယောက်ယောက် ကြင်ဖက်တွေ့ပွဲ သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ သူမတို့နှင့် မဆိုင်ပေ။ သူတို့ ရန်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေလည်း သူမတို့နှင့် မဆိုင်။ သို့သော် ဤကျွေးမွေးဧည့်ခံပွဲ ကိစ္စမှာမူ သူမတို့နှင့် တိုက်ရိုက် သက်ဆိုင်နေသည်သာ။

အဒေါ်ကြီးမေ့သည် စိတ်လှုပ်ရှားစွာဖြင့် ထွက်သွား၏။

ချန်ချင်းယွီသည် ကြက်သွန်မြိတ်များကို ဆက်လက်သင်နေပြီး အရွက်ပုပ်များကို ဖယ်ရှားကာ ရေဆေးရန် ရေကန်ရှိရာသို့ သယ်ဆောင်လာခဲ့သည်။ သူမတို့ အလုပ်ရှုပ်နေစဉ်မှာပင် ရှီရှောင်ဝေနှင့် အခြားသူများ ကျောင်းမှ ပြန်လာသည်ကို တွေ့လိုက်ရ၏။ ချန်ချင်းယွီ၏ အမြင်တွင်မူ ဤခေတ်၌ အထက်တန်းကျောင်း တက်နေခြင်းနှင့် မတက်ခြင်းမှာ မထူးမခြားနားလှပေ။

နေ့စဉ်ရက်ဆက်ဆိုသကဲ့သို့ ရက်အနည်းငယ်ခြားလျှင် ကျောင်းပိတ်ရက် ပါလာတတ်ပြီး ကျောင်းသွားလျှင်လည်း တစ်ဝက်တစ်ပျက်နှင့် ပြန်လာတတ်ကြသည်။

တစ်ဝက်တစ်ပျက်နှင့် ပြန်မလာလျှင်ပင် ကျောင်းမှာ အစောကြီး ဆင်းတတ်ရာ ဘာပညာမှ သင်ယူနေရသည့်ပုံ မပေါက်ပေ။

ယွမ်ဟောက်ရွှယ်သည် ချန်ချင်းယွီအား ယဉ်ကျေးစွာ နှုတ်ဆက်ပြီး အလယ်ဝင်းဘက်သို့ လျှောက်သွားသော်လည်း ရှီရှောင်ဝေမှာမူ ဘာမှပြန်မပြောဘဲ မောက်မာသည့်ပုံစံနှင့်ပင် ရှိနေ၏။ သူသည် ယွမ်ဟောက်ရွှယ်နောက်သို့ တကောက်ကောက်လိုက်ရင်း တတွတ်တွတ် မေးနေတော့သည်။

"ဟောက်ရွှယ်... တစ်ခုခု ပြောပါဦး! ငါတို့ နောက်ပိုင်းလအနည်းငယ်ကြာရင် ကျောင်းဆင်းတော့မှာ၊ နင် ဘာတွေးထားလဲ? တကယ်ပဲ ကျေးလက်ကို ဆင်းသွားချင်လို့လား?"

“အခြေအနေပေါ် မူတည်တာပေါ့ စောင့်ကြည့်ရမှာပဲ”

"ဒါက စောင့်ကြည့်ရမှာပဲလို့ ပြောလို့ရတဲ့ ကိစ္စမှ မဟုတ်တာ၊ ဘယ်လိုလုပ် အဲဒီလို ပြောနိုင်ရတာလဲ? နင့်အိမ်မှာ ဘာလမ်းကြောင်းရှိလို့လဲ?"

ရှီရှောင်ဝေ ဇွတ်မေးနေ၏။

သူသည် တကယ်ပင် စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။ သူ့အမေသည် သူ့ကို အလုပ်ရှိသည့် မိန်းကလေးတစ်ဦးနှင့် ချိန်းတွေ့ခိုင်းနေ၍ အဘယ်မှာ စိတ်ချမ်းသာမည်နည်း။ သူ တကယ်နှစ်သက်သူမှာ ဟောက်ရွှယ် တစ်ဦးတည်းသာတည်း။

"တကယ်လို့ နင့်အိမ်မှာ အလုပ်ရနိုင်တဲ့ လမ်းကြောင်းရှိရင် ငါ့ကို မဖုံးကွယ်ပါနဲ့"

သူ့စိတ်ထဲတွင် အကြံတစ်ခု ရှိနေသည်။ အကယ်၍ ဟောက်ရွှယ်သာ အလုပ်ရခဲ့လျှင် သူ ကြင်ဖက်တွေ့ဆုံပွဲများ သွားစရာ မလိုတော့ပေ။ ထို့ပြင် ဟောက်ရွှယ်အား ထိုအလုပ်ကို စွန့်လွှတ်ခိုင်းပြီး သူမနှင့် သူ လက်ထပ်လိုက်လျှင် အဆင်ပြေသွားမည် မဟုတ်လော့။

၎င်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ကိစ္စဟု သူ ယူဆထားသည်။

မည်သို့ပင်ဖြစ်စေ သူအနေဖြင့် အလုပ်မရှိသော ဟောက်ရွှယ်ကို အထင်သေးမည် မဟုတ်ပေ။

ဟောက်ရွှယ် အလုပ်လက်မဲ့ ဖြစ်သွားခဲ့လျှင်ပင် အလုပ်သမားတစ်ဦးနှင့် လက်ထပ်လိုက်ခြင်းဖြင့် ကျေးလက်သို့ ဆင်းသွားရမည့် ဘေးမှ လွတ်ကင်းနိုင်သည် မဟုတ်လော့။

ရှီရှောင်ဝေ : "နင်သာ အလုပ်မရရင် ငါ့အမေက ငါ့ကို အတင်း ချိန်းတွေ့ခိုင်းတော့မှာ"

ယွမ်ဟောက်ရွှယ်၏ မျက်ဝန်းထဲတွင် မကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း အပြင်ပန်းတွင်မူ

"ရှောင်ဝေ... ငါ့မှာ လမ်းကြောင်းရှိတယ်လို့ မပြောပါနဲ့။ ရှိခဲ့ရင်တောင် ငါ အလုပ်ရခြင်း၊ မရခြင်းက နင် ကြင်ဖက်တွေ့ပွဲ သွားခြင်း၊ မသွားခြင်းနဲ့ ဘာမှမဆိုင်ဘူးလေ။ ငါက နင့်ကို အမြဲတမ်း ငါ့အစ်ကိုလိုပဲ သဘောထားခဲ့တာ”

ရှောင်ဝေမှာ ပျာယာခတ်သွားပြီး

"ဘာအစ်ကိုလဲ? ငါက နင့်အစ်ကို မဟုတ်ဘူး၊ ဒါကို နင် သိသားပဲ။ ငါ နင့်ကို အမြဲချစ်ခဲ့တာကိုလည်း နင် သိပါတယ်၊ ငါ..."

သူသည် ဝင်းထဲတွင် လူရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ယွမ်ဟောက်ရွှယ်၏ လက်မောင်းကို လှမ်းဆွဲလိုက်ရာ၊ ၎င်းတို့နှစ်ဦးမှာ ဒုတိယဝင်းနှင့် တတိယဝင်းကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေကြ၏။

ချန်ချင်းယွီ၏ စိတ်ထဲမှမူ

ငါ့မျက်လုံးတွေက သိမ်းငှက်မျက်လုံးတွေလိုပဲဟေ့ (အကုန်မြင်နေရတယ်)!

ယွမ်ဟောက်ရွှယ် : "ဒီလိုမျိုး လာမဆွဲပါနဲ့၊ လူတွေ အထင်လွဲကုန်ရင် ဘယ်လိုလုပ်မလဲ? ငါကတော့ ကိစ္စမရှိပေမဲ့ နင်က အိမ်ထောင်ဖက်သွားတွေ့ရတော့မယ့်သူလေ၊ သတင်းထွက်သွားရင် မကောင်းဘူး။ ငါတို့က အတူတူ ကြီးပြင်းလာကြတာ၊ ငါက နင့်ကို ဘယ်လိုလုပ် ယောက်ျားတစ်ယောက်လို မြင်နိုင်မှာလဲ? ငါ့နှလုံးသားထဲမှာ နင်က အကောင်းဆုံး အစ်ကိုတစ်ယောက်ပဲ။ နင့်ရဲ့ အိမ်ထောင်ဖက်ရှာတဲ့ ကိစ္စမှာ ငါက အဟန့်အတား ဖြစ်နေမယ်ဆိုရင် ငါ့ကိုယ်ငါ တကယ် အပြစ်တင်မိမှာ"

ရှီရှောင်ဝေ : "ငါ မကြောက်ဘူး၊ သူများတွေ ပြောမှာကို ငါ မကြောက်ဘူး။ ဟောက်ရွှယ်... နင်က ငါ့ကို အစ်ကိုလို သဘောထားပေမဲ့ ငါကတော့ အဲဒီလို မဟုတ်ဘူး၊ ငါ နင့်ကို တကယ် ချစ်တာပါ"

ယွမ်ဟောက်ရွှယ် ခေါင်းခါရင်း လေးနက်စွာ ဆိုလိုက်ကာ

"ရှောင်ဝေ... နင် ဒီလိုလုပ်လို့ မရဘူး၊ နင့်အမေ စကားကိုပဲ နားထောင်လိုက်ပါ။ တစ်ယောက်ယောက်နဲ့ လက်ထပ်ပြီး မြို့မှာပဲ နေနိုင်အောင် ကြိုးစားပါ။ ငါတို့က တကယ် မလိုက်ဖက်ကြပါဘူး။ ငါ့အိမ်မှာလည်း အခု လမ်းကြောင်းမရှိဘူး၊ ငါလည်း ကျေးလက်ကို ဆင်းသွားရနိုင်တယ်။ ငါနဲ့ ပတ်သက်နေတာက နင့်အတွက် အလကားပဲ။ ကျေးလက် ဆင်းစရာမလိုရင်တောင် ငါတို့က မောင်နှမတွေလို ဖြစ်နေပြီလေ၊ ဘယ်လိုလုပ် အတူတူ နေလို့ရမှာလဲ? မဟုတ်သေးဘူး... လင်းလင်းက နင့်ကို ကြိုက်နေတာ ငါသိတယ်။ နင်တို့နှစ်ယောက်သာ အဆင်ပြေသွားရင် ငါ အရမ်းဝမ်းသာမိမှာ။ တစ်ယောက်က ငါ့ရဲ့ အစ်ကိုကောင်း၊ နောက်တစ်ယောက်က ငါ့ရဲ့ ညီမကောင်းပဲလေ။ အဲဒါကမှ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မှာပါ"

ချန်ချင်းယွီမှာမူ ခေါင်းငုံ့ကာ ဟင်းသီးဟင်းရွက်များကို ဆေးကြောနေရင်း၊ ဆေးရင်းဆေးရင်းဖြင့် ကြက်သွန်မြိတ်များမှာ ပန်းပွင့်ထွက်လာလုနီးပါး ဖြစ်နေချေပြီ။ သူမသည် ရေကန်နားမှ လုံးဝ မခွာပေ။

သူမ၏ ယုန်နားရွက်သဏ္ဌာန် နားနှစ်ဖက်မှာလည်း အစွမ်းကုန် ထောင်နေတော့သည်။ ဝန်ခံရလျှင် ယွမ်ဟောက်ရွှယ်မှာ စကားပြော အလွန်ကောင်းလှ၏။ သူမတွင် ပရိယာယ်အနည်းငယ် ရှိသော်လည်း ရှီရှောင်ဝေကဲ့သို့ လူမျိုးကိုမူ ငြင်းပယ်သင့်သည်သာ။ ဦးနှောက်ရှိသူ မည်သူမဆို သူ့ကို ရွေးချယ်မည် မဟုတ်ပေ။

ချန်ချင်းယွီသည် ရှီရှောင်ဝေ၏ အတွေးအခေါ်ကို ပြန်လည်သုံးသပ်ကြည့်မိ၏။

ယွမ်ဟောက်ရွှယ် အလုပ်ရလျှင် သူ ကြင်ဖက်တွေ့စရာ မလိုတော့ခြင်း၊ ယွမ်ဟောက်ရွှယ်၏ အလုပ်ကို သူက ယူလိုက်ခြင်း၊ ပြီးလျှင် ယွမ်ဟောက်ရွှယ်နှင့် လက်ထပ်ခြင်း။ သို့သော် ပြဿနာမှာ ယွမ်ဟောက်ရွှယ်မှာ လက်ထပ်ရန် အသက်မပြည့်သေးခြင်းပင်!

ထို့ကြောင့်လည်း သူမသည် ကျေးလက်သို့ မဖြစ်မနေ ဆင်းသွားရမည်သာ ဖြစ်၏။

ယွမ်ဟောက်ရွှယ်သာ ကျေးလက်ဘက်မှာ နှစ်နှစ်လောက် မြေကြီးလက်ခတ်ပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်နေရမယ်ဆိုရင် ရှီရှောင်ဝေက သူမအပေါ် သစ္စာရှိဦးမလားဆိုတာ မေးနေစရာတောင် မလိုတော့ဘူး!!

ယွမ်ဟောက်ရွှယ်ရဲ့ ဖခင်အရင်းကတောင် အဲဒီလိုလူစားမျိုးလေ၊ သူမက ရှီရှောင်ဝေကို ယုံကြည်ပါ့မလား!!

သူမက ဦးနှောက်ရေဝင်နေတဲ့ ထုံအတဲ့သူမှ မဟုတ်တာ!

ချန်ချင်းယွီ တွေးမိသည်မှာ ရှီရှောင်ဝေသည် လူလည်မကို လူအ,အမှတ်နှင့် လိမ်ရန် ကြိုးစားနေခြင်းပင်!!

ယွမ်ဟောက်ရွှယ်က ဘာလို့ သူ့ကို "အစ်ကို" လို့ပဲ ခေါ်ပြီး ချစ်သူမဖြစ်ချင်ရသလဲဆိုတာ မဆန်းပါဘူး။ ဘယ်သူက သူနဲ့ မိသားစုဖြစ်ချင်ပါ့မလဲ၊ သူက အရမ်းကို အကွက်ချ တွက်ချက်လွန်းတာကိုး!!

ချန်ချင်းယွီ နှုတ်ခမ်းလေးစူကာ နောက်တစ်ခေါက် ထပ်ကြည့်

လိုက်စဉ် ယွမ်ဟောက်ရွှယ်၏ မျက်လုံးထဲမှာ စိတ်မရှည်သည့်အရိပ်အယောင်များကို အချိန်ကိုက် မြင်လိုက်ရပြန်၏။

တွေ့လား? တွေ့လား!

ငါ သိသားပဲ!

ရှီရှောင်ဝေက တခြားလူတွေကို လူအတွေလို့ တကယ်ထင်နေတာပဲ၊

ဒါပေမဲ့ တစ်ဖက်လူကကော သူ့အလိုကျ ပူးပေါင်းဆောင်ရွက်ပါ့မလားဆိုတာ ကြည့်ရဦးမှာပေါ့!!

ရှီရှောင်ဝေ : "ဟောက်ရွှယ်... ငါ လီလင်းလင်းကို မကြိုက်ဘူး။ ငါတို့နှစ်ယောက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ သူမက အထက်တန်းတောင် မပြီးသေးဘူး၊ ပြီးတော့ အလုပ်အကိုင် အတည်တကျလည်း မရှိဘူး။ သူမကို ယူပြီး ငါ ဘာလုပ်ရမှာလဲ? ပွင့်ပွင့်လင်းလင်း ပြောရရင် သူမက ငါနဲ့ မတန်ဘူး။ ငါ့စိတ်ကို နင် သိမှာပါနော်၊ ဟုတ်တယ်မလား?"

ယွမ်ဟောက်ရွှယ် လေးနက်တည်ငြိမ်စွာနှင့်

"ငါ့စိတ်ကိုလည်း နင် သိသင့်တာပေါ့။ ငါက နင့်ကို တကယ်ပဲ အစ်ကိုတစ်ယောက်လို သဘောထားတာပါ"

"နင် လင်းလင်းကို မကြိုက်ရင်လည်း ငါ အတင်းမတိုက်တွန်းပါဘူး။ ဒါပေမဲ့ သူမအကြောင်းကို အဲဒီလိုမျိုးတော့ မပြောပါနဲ့၊ သိက္ခာကျလွန်းတယ်"

ရှီရှောင်ဝေ အနည်းငယ် မျက်နှာပူသွားပြီး

"သူမက ငါ့ကို လာပတ်သက်နေတာလေ။ ငါက သူမအကြောင်း ဘာမှတောင် ပြောပိုင်ခွင့်မရှိဘူးလား?"

ယွမ်ဟောက်ရွှယ် : "ငါတို့အားလုံးက အတူတူ ကြီးပြင်းလာကြတာ။ နင် ဒီလိုတွေ ဆက်ပြောနေမယ်ဆိုရင် ငါ စိတ်ဆိုးတော့မှာနော်"

ရှီရှောင်ဝေ : "ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါ မပြောတော့ဘူး၊ ဟုတ်ပြီလား?"

ချန်ချင်းယွီတစ်ယောက် ရေဝ၍ မွမွကြေတော့မည် ဟင်းသီးဟင်းရွက်များကို ဆက်ဆေးနေဆဲပင်။ သူမ ဟိုဘက်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ တစ်ခုခု လာဆေးဖို့ ပြင်နေသည့် လီလင်းလင်းကို တွေ့လိုက်ရသည်။ လီလင်းလင်းမှာ ဇလုံတစ်လုံးကို ကိုင်ထားပြီး သူမ မျက်နှာမှာတွင်အရှက်ရခြင်း၊ ဒေါသထွက်ခြင်းနှင့် နာကြည်းခြင်းများ အပြည့်ဖြစ်နေရှာ၏။

"အမလေး... လီလင်းလင်း အကုန်ကြားသွားပြီပဲ"

ကံကောင်းသည်မှာ ဘေးနားတွင် မည်သူမှ မရှိ၍ သူမ ပြောစကားကို တစ်ပါးသူ ကြားသွားမှာ မစိုးရိမ်ရပေ။

ချန်ချင်းယွီ ဆက်ပြီး အတင်းချောင်းနားထောင်… မဟုတ်ပါဘူး၊ ပွင့်ပွင့်လင်းလင်းပဲ နားထောင်နေမိဆဲ…

သို့သော် ယွမ်ဟောက်ရွှယ်မှာ ဆက်ပြီး စကားမပြောချင်တော့သည့် ပုံစံဖြင့်

"ငါ့လက်ကို အမြန်လွှတ်ပါဦး၊ ငါ အိမ်ပြန်ရတော့မယ်။ ငါ့အစ်ကိုက မနက်ဖြန် ခရီးသွားမှာဆိုတော့ သူ့အတွက် အထုပ်အပိုးတွေ ကူပြင်ပေးရဦးမယ်"

ရှီရှောင်ဝေ မျက်လုံးလေး အရောင်တောက်သွားပြီး

"နင့်အစ်ကိုက သွားတော့မှာလား? ဒါဆိုရင် နင် သူ့စက်ဘီးကို စီးလို့ရပြီပေါ့ ဟုတ်လား?"

ယွမ်ဟောက်ရွှယ်၏ ရွံရှာစိတ်မှာ ပိုပြီး သိသာလာသော်လည်း အိန္ဒြေထိမ်း၍ တည်ငြိမ်စွာဖြင့်

"ဟုတ်တယ်၊ ဒါပေမဲ့ မသိသေးပါဘူး၊ ငါ စက်ဘီးစီးချင်မှ စီးမှာပါ"

"စက်ဘီးရှိနေတာပဲ၊ ဘာလို့ မစီးဘဲ နေမှာလဲ? ငါ နင့်ကို လိုက်ပို့ပေးမယ်လေ!"

အရှက်မဲ့သော ရှီရှောင်ဝေမှာတစ်ဖက်လူ ခံစားချက်ကို လုံးဝ သတိမထားမိဘဲ ပျော်ပျော်ပါးပါး ပြောနေ၏။

"ငါ စက်ဘီးစီးတတ်ပါတယ်"

ယွမ်ဟောက်ရွှယ် : "မလိုပါဘူး၊ ငါ အိမ်ပြန်တော့မယ်"

သူမ လက်ကို အတင်းရုန်းထွက်ပြီး အိမ်ထဲကို ကမန်းကတန်း ဝင်သွားတော့သည်။ ရှီရှောင်ဝေ သက်ပြင်းချရင်း တတွတ်တွတ် ရေရွတ်နေပြန်၏။

"နင်ကလည်း ဘာလို့ အလုပ်မရှိရတာလဲ"

ချန်ချင်းယွီ "..."

သူ့မျက်နှာပြောင်ချက်က ဇလုံလောက်တောင် ကြီးနေသလားပဲ!

ပွဲကြည့်ပြီးသည့်နောက် ချန်ချင်းယွီ ကြေမွနေသော ကြက်သွန်မြိတ်များကို သယ်ပြီး အိမ်ပြန်လာကာ သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်သည်။

ယွမ်ဟောက်ရွှယ်က ရှီရှောင်ဝေကို အထင်မကြီးတာ မဆန်းပါဘူး၊ သူ့စရိုက်နဲ့ဆိုရင် လီလင်းလင်းတောင် သူ့ကို လက်လျှော့သွားနိုင်တယ်!

ချန်ချင်းယွီ အမြန်ပင် ကြက်ဥ ၄ လုံး ထုတ်၊ ပန်းကန်လုံးထဲ ခေါက်ထည့်ပြီး ကြော်လိုက်ရာ ကြက်ဥကြော်နံ့သည် လေထဲမှာ ချက်ချင်း ပျံ့နှံ့သွားသည်။

ရှီရှောင်ဝေ အိမ်ထဲမှ အမြန်ပြေးထွက်လာပြီး အနံ့ခံကြည့်ရင်း ချန်ချင်းယွီတို့ အိမ်ဘက်ကို စူးစူးစိုက်စိုက် ကြည့်နေ၏။

လီလင်းလင်းပင် လှည့်ကြည့်သွားလေသည်။ ချန်ချင်းယွီဟင်းသီးဟင်းရွက်များကို စတင် လှီးဖြတ်ပြီး၊ ကြက်သွန်မြိတ် အများကြီးကို ကြက်ဥ ၄ လုံးတည်းဆိုသည်မှာ နည်းနေသော်လည်း ယနေ့ခေတ်မှာ ကြက်ဥသည် တကယ်ကို အဖိုးတန်လှ၏။ ချန်ချင်းယွီ အစာသွတ်ဖို့အတွက် အမြန်ပြင်ဆင်လိုက်သည်။ သူမသည် အချက်အပြုတ်မှာ ထူးချွန်သည့် ပါရမီရှင်ကြီး မဟုတ်သော်ငြား ဟင်းချက်ရသည်မှာ သူမအတွက် ခက်ခဲသည့်အလုပ် မဟုတ်ပေ။

ဟမ့်! နာမည်ကြီးစားဖိုမှူးတစ်ယောက်ရဲ့ လက်ရာမျိုး မရှိတာ သေချာပေမဲ့ တခြားသူတွေထက် ပိုစားကောင်းအောင် ချက်နိုင်တာတော့ အာမခံပါတယ်!

လျှို့ဝှက်ချက်က ဘာလဲဆိုတော့?

ပါဝင်ပစ္စည်းတွေကို ရက်ရက်ရောရော သုံးတတ်လို့လေ!

ဆီကိုသာ ရက်ရက်ရောရော သုံးမယ်ဆိုရင် ဘယ်ဟင်းမဆို စားလို့ကောင်းတာပါပဲ!

ချန်ချင်းယွီမှာ သူမကိုယ်သူမ တော်တော်လေး ပါရမီပါသည်ဟု ခံစားနေရသည်။

လုပ်သမျှ အကုန်ဖြစ်ထွန်းသူလေး ငါက တကယ်ကို ထူးချွန်လွန်းလှချည်လား!

ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် ချီးကျူးလိုက်တာပါ!

ချန်ချင်းယွီ အစာသွတ်ဖို့ အမြန်ပြင်ဆင်ပြီးနောက်

"နမ်းကြည့်စမ်း၊ အနံ့လေး ရလား?"

ရှောင်ကျား အမြန် ပြေးလာ၏။ ကလေးနှစ်ဦးမှာ တကယ်ကို လိမ္မာကြပြီး၊ အလုပ်ပြီးသည်နှင့် သူတို့လက်ကလေးများကို သန့်ရှင်းအောင် ဆေးကြောထားကြသည်။ ရှောင်ကျား ခေါင်းညိတ်ပြပြီး

"အရမ်း မွှေးတာပဲ"

ရှောင်ယွမ်သည်လည်း အမြန်ပငါပူးပေါင်းလာ၏။

အမြွှာတွေဆိုတော့ ရွှံ့ဗွက်ထဲ ကျရင်တောင် တစ်ယောက်တစ်လှည့် ကျကြမှာ— ဒါက သူတို့ပဲ။

ချန်ချင်းယွီ : "ရှောင်ယွမ်ကော ဘယ်လိုထင်လဲ?"

"စားလို့ ကောင်းမယ်"

ချန်ချင်းယွီ ခေါင်းညိတ်ပြ၍

တဟားဟား ရယ်လိုက်သည်။ သူမသည် နှစ်တော်တော်များများ ဟင်းမချက်ဖြစ်ခဲ့သော်လည်း အစားကောင်း အသောက်ကောင်းများအများကြီး စားဖူးပြီး အတွေ့အကြုံအများကြီး ရှိခဲ့၍ စားမကောင်းမည်ကို မကြောက်ပေ။

သူမ လုပ်နိုင်တာပေါ့!

အရင်တုန်းက သူမ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့သလို အဝတ်အစားတွေ ဘာတွေထက် အစားအသောက်မှာ တနင့်တပိုး သုံးရတာကို ပိုသဘောကျတာလေ!

ယွမ်၆၀၀ တန် ပရီမီယံ ပင်လယ်စာဆန်ပြုတ်ကို ၁၀ ခွက်လောက်အထိ ရဲရဲဝံ့ဝံ့ သောက်နိုင်တဲ့သူ မဟုတ်ပါလား…

ပိုက်ဆံရှာတယ်ဆိုတာ အစားအသောက်နဲ့ ကြွားဖို့ပဲလေ!

ဒါပေမဲ့ နွေဦးပေါက်တော့မှာဆိုတော့ မြစ်ဘက်ကို သွားပြီး မြစ်ပုစွန်လေးတွေ ရှိမလားလို့ သွားကြည့်ရင် ကောင်းမလား။

အင်း… မြစ်ပုစွန်နဲ့ ပင်လယ်စာဆန်ပြုတ်ချက်ရင် အရမ်းစားကောင်းတာလေ။ နည်းနည်းလောက် သွားရှာကြည့်ရမယ်…

ချန်ချင်းယွီ : "မနက်ဖြန်ကျရင် မေမေ သားတို့ကို ငါးမျှား၊ ပုစွန်ဖမ်း ခေါ်သွားမယ်၊ ဟုတ်ပြီလား?"

"ဟုတ်ကဲ့!"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ပျော်ရွှင်စွာနှင့်ကိုယ်လေးများ ယိမ်းနွဲ့နေကြသည်။

ပြောရမည်ဆိုလျှင် ချန်ချင်းယွီတစ်ယောက် သူမ ကူးပြောင်းလာသည့် ဘဝသစ်အတွက် ဘာအစီအစဉ်မှ သေသေချာချာ မဆွဲရသေးပေ။ ဝင်းထဲတွင် နေ့စဉ် လုပ်စရာများ အများကြီး ရှိနေ​သော်လည်း သူမအတွက် ဘာစီမံကိန်းမှ မရှိသေးချေ။

အင်း… အဓိကကတော့ ဒီဘက်ခေတ်မှာ အစီအစဉ်တွေ ဆွဲနေလို့လည်း အပိုပါပဲ။ ဒီဘက်ခေတ်မှာ မရိုးမသား နေထိုင်ခြင်းက ကိုယ့်ဒုက္ခကိုယ် ရှာတာနဲ့ အတူတူပါပဲလေ…

အခုက ၁၉၇၃ ခုနှစ်ဆိုတော့ သူမရဲ့ ပထမဆုံး ၅ နှစ် စီမံကိန်းကတော့ ရိုးရိုးလေးပါပဲ …… အသက်ရှင်သန်ဖို့၊ တကယ့်ကို အေးအေးချမ်းချမ်း ရှင်သန်နေထိုင်နိုင်ဖို့ပါပဲ!!

ရှင်သန်နေထိုင်ရင်းနဲ့ပဲ အဘိုးအဘွားတွေ ကြုံတွေ့ခဲ့ရတဲ့ "မတော်တဆမှု" အကြောင်းကို စုံစမ်းရမှာပဲ…

အလုပ်ရုံက လူတွေက ဘာလို့ လင်းကျန့်ဝမ်ကို ပစ်မှတ်ထားခဲ့ကြတာလဲဆိုတာကိုလည်း ရှာဖွေရဦးမယ်!!

သူ မရှိတော့ပေမဲ့ သူမကတော့ ဒီအတိုင်း လွှတ်မထားနိုင်ပါဘူး…

ဘာလို့ ငါ့ရဲ့လူတွေကို လာပြီး အနိုင်ကျင့်ရမှာလဲ!

အနိုင်ကျင့်ရလွယ်တယ် ထင်နေတယ်ပေါ့!

ချန်ချင်းယွီသည် သူမကိုယ်သူမ ခေတ်ကူးပြောင်းလာသူဖြစ်စေ၊ မဖြစ်စေ ဂရုမစိုက်ပေ။ သူမသည် ထိုယုတ်မာသော လူစားမျိုးများကို သင်ခန်းစာ ပေးချင်ရုံသာ ဖြစ်ပြီး၊ သို့မှသာ "ချန်ချင်းယွီ" ၏ ခန္ဓာကိုယ်ထဲတွင် သူမ ရောက်ရှိနေရသော အချိန်များသည် အလကားမဖြစ်မည်တည်း။

အဓိကအချက်မှာမူ ဘဝကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ရန်ပင်။

မည်သို့သော ကိစ္စကိုမဆို ကောင်းမွန်သော ဘဝတစ်ခုကို အာမခံနိုင်မှသာ သူမ ထည့်သွင်းစဉ်းစားမည် ဖြစ်၏။

"ချင်းယွီ... ဘာတွေချက်နေတာလဲ? အနံ့က တော်တော်လေး မွှေးနေတာပဲ"

ဝင်းထဲမှ ပြန်လာသော အဒေါ်ကြီးမေ့ လှမ်းကြည့်ရင်း မေးလိုက်သည်။

ချန်ချင်းယွီ : "ကြက်သွန်မြိတ် ပန်ကိတ်လုပ်နေတာပါ၊ ကြက်ဥတစ်လုံး ထည့်ထားလို့ပါ"

"တကယ်ကို မွှေးတာပဲအေ"

ချန်ချင်းယွီ ပြုံးကာ

"ကြက်သွန်မြိတ်တွေက အများကြီးဆိုတော့ ကြက်ဥတစ်လုံးတည်းနဲ့က သိပ်မလောက်ချင်ဘူး။ ရိက္ခာကလည်း ဒီလောက်ပဲရှိတာဆိုတော့ နည်းတာပေါ့။ ကျွန်မတို့မှာသာ ကြက်မွေးဖို့ နေရာလေးရှိရင် သိပ်ကောင်းမှာပဲ၊ ကြက်မနှစ်ကောင်လောက် မွေးထားရင် နေ့တိုင်း ကြက်ဥစားရမှာ"

"ဟင်း... ကြက်မတွေကလဲ လဲဖို့ မလွယ်ပါဘူးအေ၊ လူတိုင်းလည်း မရနိုင်ကြဘူး။ ပြီးတော့ မွေးစရာ နေရာကလည်း မရှိဘူးလေ"

အဒေါ်ကြီးမေ့ သက်ပြင်းချရင်း ဆို၏။

သူမကကော မမွေးချင်ဘဲ နေပါ့မလား…

နေရာမရှိ၍သာ မဟုတ်လော့။

ချန်ချင်းယွီ ခေါင်းညိတ်ထောက်ခံသော်လည်း အဒေါ်ကြီးမေ့မှာ ဆက်၍

"တကယ်လို့ ညည်းသာ ကြက်မနှစ်ကောင် လဲနိုင်တဲ့ အခွင့်အရေးရှိရင်တော့ သိပ်ကောင်းမှာပေါ့။ ညည်းမှာ ကလေးတွေရှိတာပဲ၊ ကြက်စာအတွက် ပိုးကောင်လေးတွေ ဖမ်းခိုင်းလို့ ရတာပေါ့"

ချန်ချင်းယွီ : "ဟုတ်ကဲ့... ကျွန်မလည်း အဲဒီလိုပဲ တွေးမိတာ၊ ဒါပေမဲ့ နေရာက သိပ်မရှိဘူး ဖြစ်နေတာ"

ပြတင်းပေါက်နားတွင် မွေးနိုင်သော်လည်း ကြက်များကို လှောင်အိမ်နှင့်သာ ထားရမည် ဖြစ်သည်။ ကြက်ခြံခတ်ရန်မှာ မဖြစ်နိုင်သလို၊ လှောင်အိမ်နှင့် မွေးလျှင်လည်း ကြက်ဥ၊ ဥမည် မဥမည်မှာ မသေချာပေ။ ကြက်ဆိုသည်မှာ ဥ၊ ဥရန် သင့်တော်သော ပတ်ဝန်းကျင် လိုအပ်သည်သာ။

"ဒါနဲ့ အဒေါ်ကြီးမေ့... လှောင်အိမ်နဲ့ မွေးရင်ကော အဆင်ပြေနိုင်မလား?"

"သိပ်တော့ အဆင်မပြေလောက်ဘူး၊ သူတို့ လှုပ်လှုပ်ရှားရှား နေဖို့ နေရာမရှိဘူးလေ"

"ဒါကိုတော့ ကျွန်မလည်း သိပါတယ်၊ ဒါပေမဲ့ ကြက်ခြံဆောက်ဖို့ကျတော့လည်း မဖြစ်နိုင်ဘူးလေ"

"အဲဒါကတော့ လုံးဝ မဖြစ်နိုင်တာပေါ့"

သူတို့နှစ်ဦး ဆွေးနွေးနေသည်ကို လီလင်းလင်း စိတ်ဝင်တစား နားထောင်နေသည်။ သူမ၏ မျက်နှာအမူအရာမှာ စောစောကထက် များစွာ ပို၍ ကောင်းမွန်လာချေပြီ။

“ရှင်တို့ ကြက်မွေးချင်လို့လား? နောက်ဖက် လမ်းကြားမှာနေတဲ့ ကျွန်မသူငယ်ချင်းတစ်ယောက်ကို သိတယ်။ သူမက ယုန်မွေးတာ၊ တော်တော်လေး အဆင်ပြေတယ်"

"ယုန်လား? ယုန်မွေးတာလည်း ကြက်မွေးသလိုပဲ နေရာတော့ လိုတာပဲလေ"

လီလင်:လင်: ; "ဟုတ်တယ်၊ ဒါပေမဲ့ သူမအိမ်ဘေးက ထောင့်လေးမှာ ယုန်တွေကို ခြံခတ်ထားလို့ ရလောက်အောင် နေရာရှိတယ်။ ယုန်မွေးတာက ကြက်မွေးတာထက် ပိုကောင်းတယ်လို့ ကြားဖူးတယ်။ ယုန်တွေက ပွားတာ အရမ်းမြန်တာလေ။ နှစ်ကောင်လောက် မွေးထားရင် အဆက်မပြတ် ရနေမှာပဲ။ သူမဆိုရင် ယုန်သားတွေ အများကြီး စားရတယ်"

"ဒါပေမဲ့ ကြက်ဥက ပိုကောင်းတာပေါ့။ ကြက်ဥက နေ့တိုင်းနီးပါး ရနိုင်တာလေ၊ ယုန်ကျတော့ အမြဲတမ်း သတ်စားနေလို့မှ မရတာ"

"ဒါပေမဲ့ အသားလေ!"

အားလုံး ဝိုင်းဝန်း ဆွေးနွေးကြ၏။ယနေ့ခေတ်၏ ဘဝဆိုသည်မှာ ဤသို့ပင်၊ အနည်းငယ်မျှသော အခွင့်အရေးကိုပင် အလဟဿ အဖြစ်မခံလိုကြပေ။

အားလုံးတွင် ထိုကဲ့သို့ အကြံအစည်များ ရှိကြသော်လည်း သင့်တော်သော နေရာမရှိသဖြင့် နှမြောတသစွာဖြင့်သာ လက်လျှော့လိုက်ကြရသည်။ ချန်ချင်းယွီ တစ်ဦးတည်းသာ စမ်းသပ်ကြည့်လိုစိတ် ပြင်းပြနေဆဲ ဖြစ်၏။

ကြက်ခြံမဆောက်ဘဲ လှောင်အိမ်နှင့်သာ မွေးလျှင်ကော?

တကယ်ပဲ အဆင်ပြေနိုင်ပါ့မလား?

ချန်ချင်းယွီကိုယ်တိုင်လည်း မသိပေ။ သူမတွင် ကြက်မွေးမြူရေး အတွေ့အကြုံလည်း မရှိချေ။

သို့သော် ထိုသို့ အတွေ့အကြုံ မရှိခြင်းကြောင့်ပင် သူမမှာ ပို၍ ရဲတင်းနေခြင်း ဖြစ်သည်။

ဝိုင်းဖွဲ့ စကားပြောပြီးနောက် ချန်ချင်းယွီသည် အိမ်ထဲသို့ဝင်ကာ ကြက်သွန်မြိတ် ပန်ကိတ်များကို ကြော်လိုက်၏။ ထိုပန်ကိတ်များမှာ ဆီလိုသဖြင့် ချန်ချင်းယွီသည် ဆီကို ရက်ရက်ရောရောပင် သုံးလိုက်သည်။ ဤကဲ့သို့ အရာမျိုးတွင် ကပ်စေးနှဲ၍ မဖြစ်ပေ။ အိမ်ထဲသို့ ဝင်သွားပြီးဖြစ်သော ရှီရှောင်ဝေမှာ အပြင်သို့ တစ်ခေါက် ပြန်ထွက်လာပြီး တံခါးဝတွင် တံတွေးတစ်ချက် ထွေးလိုက်၏။

သူသည် အလွန်ပင် စားချင်နေသော်လည်း အိမ်ထဲသို့ တိုက်ရိုက်ဝင်ကာ တောင်းစားရန်မှာမူ ရှက်ရွံ့နေခြင်း ဖြစ်သည်။ ကလေးများပင် ထိုသို့ မလုပ်သင့်ရာ လူကြီးတစ်ဦးအဖို့ ပို၍ပင် ဆိုဖွယ်ရာ မရှိပေ။ သို့သော် ရှီရှောင်ဝေမှာ မကျေမနပ် ဖြစ်နေဆဲပင်။

လမ်းတစ်ဖက်ရှိ အိမ်နီးနားချင်းများက ဘာကြောင့် သူ့ထက် ပို၍ ကောင်းမွန်စွာ စားသောက်နေရသနည်း?

အဲ့ဒီ မုဆိုးမ ယောက္ခမနှင့် ချွေးမ မိသားစုက ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ထိုက်လို့လား!

ရှီရှောင်ဝေမှာ မနာလိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။ သူသည် လှည့်ထွက်သွားရင်း နှာမှုတ်ကာ အိမ်ထဲသို့ ပြန်ဝင်သွား၏။ အခန်းထဲသို့ ရောက်သောအခါ သူ၏ ရုပ်ပြစာအုပ်လေးကို ပြန်ထုတ်၍ စောင်ထဲတွင် ကွေးကာ ဖတ်နေတော့သည်။ အဓိကမှာ ပျော်ရွှင်မှု ရရှိရန်ပင် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ၊ ပျော်ရွှင်မှုဆိုသည်မှာ ရှိနေစမြဲ မဟုတ်လား!

ချန်ချင်းယွီတို့ မိသားစု၏ ညစာမှာ ကောင်းမွန်လှသည် ဆိုသော်လည်း အလွန်အမင်း ထူးခြားနေသည်မဟုတ်ပေ။ ပြီးခဲ့သည့်တစ်ခေါက် ငါးပေါင်းမှာ ငါးကို ဝယ်ယူခဲ့ခြင်းမဟုတ်ဘဲ ကိုယ်တိုင် ဖမ်းလာခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ အရသာ ကောင်းမွန်သော်လည်း ကြက်သွန်မြိတ် များပြီး ကြက်ဥမှာ တစ်လုံးတည်းသာ ပါသဖြင့် သိပ်ပြီး မသိသာလှပေ။ ထို့ကြောင့် အနံ့မွှေးနေသော်လည်း မည်သူမျှ​သိပ်ပြီး မနာလို မဖြစ်ကြပေ။

"မေမေ... ကြက်သွန်မြိတ် ပန်ကိတ်က စားလို့ ကောင်းလား?"

"ကောင်းတာပေါ့! မေမေ့လက်ရာက ဘယ်မှာ စားမကောင်းလို့လဲ။ သားတို့ အပြင်ထွက် မဆော့ကြဘူးလား?"

"မဆော့တော့ဘူး!"

"စားဖို့ပဲ စောင့်နေတာ"

ချန်ချင်းယွီ တဟားဟား ရယ်မောမိ၏။

ကလေးနှစ်ဦးမှာ သူမ ငယ်ငယ်ကဲ့သို့ပင် အစားအလွန် မက်ကြသည်။

ချန်ချင်းယွီသည် ပန်ကိတ်များကို အမြန်ကြော်ကာ ကလေးများ၏ ပန်းကန်ထဲသို့ နှစ်ခုစီ ထည့်ပေးလိုက်ပြီး

"ရော့... မြည်းကြည့်ကြဦး။ တကယ်တော့ ဒါက မေမေ ပထမဆုံးအကြိမ် လုပ်ဖူးတာပဲ"

"ဟုတ်ကဲ့!"

ကလေးနှစ်ဦးမှာ သူတို့၏ ပန်းကန်လုံးလေးများကို ပိုက်ကာ မျှော်လင့်တကြီး ရှိနေကြ၏။

"သတိထားဦးနော်... ပူမယ်!"

"ဟုတ်ကဲ့ပါ မေမေ~"

ရှောင်ကျားသည် သူ၏ ပန်းကန်လုံးလေးကို မှုတ်ပြီးနောက် သတိထားကာ တစ်လုပ် ကိုက်လိုက်သည်။ သူ့မျက်လုံးလေးများမှာ အရောင်တောက်သွားပြီး ညီမဖြစ်သူကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ရေရွတ်လိုက်ကာ

"အရမ်း စားကောင်းတာပဲ!"

ချန်ချင်းယွီ : "စားလို့ကောင်းရင် ပြီးတာပါပဲ။ မေမေက စားမကောင်းမှာ စိုးရိမ်နေတာ"

ရှောင်ကျား ; "မေမေက တကယ့်ကို တော်တာပဲ၊ အရမ်းကို စားကောင်းတယ်!"

"စားလို့ အရမ်းကောင်းတယ်!"

ရှောင်ယွမ်သည်လည်း ပူးပေါင်းလိုက်၏။

ချန်ချင်းယွီ ပြုံးရယ်ရင်း

"ဒါဆိုလည်း သားတို့ နှစ်ယောက်လုံး အဝစားကြ"

"ဟုတ်ကဲ့!"

အဘွားကြီးကျောက် ပြန်ရောက်လာချိန်တွင် ကလေးနှစ်ဦးမှာ စား၍မပြီးသေးပေ။ သူမသည် ခေတ္တမျှ ရပ်ကြည့်နေပြီးမှ

"အလိုလေး... ငါတို့အိမ်က အစားအသောက်က တော်တော်လေး ဟန်ကျနေပါလား"

ချန်ချင်းယွီ : "အခုတော့ အမေ ပေးရတဲ့ စရိတ်စကတွေက တန်သွားပြီလို့ ရုတ်တရက် မခံစားရဘူးလား?"

အဘွားကြီးကျောက် : "..."

သိပ်တော့ မခံစားရပါဘူးအေ၊ ငါ့လစာကို ညည်းတို့နဲ့ ခွဲသုံးနေရတာကိုက ငါ့မှာ ရင်နာနေရတာ! ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲ! ဟင်း!

ရှုံးမသွားစေရန်အတွက် သူမသည်လည်း ပို၍များများစားမှ ဖြစ်မည်။

သူမသည် စားပွဲတွင် အမြန်ဝင်ထိုင်ကာ စတင်စားသောက်တော့သည်။

“ကြက်မအိုတွေကို ဘယ်မှာ လဲလို့ရမလဲ သိလား? ကျွန်မ နှစ်ကောင်လောက် မွေးချင်လို့"

"ဟင်? ဘယ်နားမှာ မွေးမှာလဲ?"

ချန်ချင်းယွီ : "လှောင်အိမ်တစ်ခု လုပ်လိုက်မယ်လေ၊ ဘယ်လိုလဲ?"

အဘွားကြီးကျောက် : "လှောင်အိမ်ထဲမှာ ကြက်မွေးမယ် ဟုတ်လား? အဲဒါက နည်းနည်းတော့ လွန်မနေဘူးလားအေ"

"ဘာလို့ မရရမှာလဲ? စမ်းကြည့်မှ သိမှာပေါ့။ တကယ်လို့ မွေးလို့ရသွားရင် ကျွန်မတို့ ကြက်ဥ စားရတာပေါ့"

အဘွားကြီးကျောက် ခေတ္တမျှ စဉ်းစားပြီးမှ

"ဒါဆိုလည်း ငါ အပြင်ထွက်ရင် စပ်စုကြည့်ပေးမယ်။ ပုံမှန်ဆိုရင် ဥ၊ ဥနိုင်သေးတဲ့ ကြက်မအို ရှာဖို့က မလွယ်ဘူး။ ငါ ဟိုဟိုဒီဒီ မေးမြန်းကြည့်လိုက်ဦးမယ်"

“ကောင်းပြီလေ”

ချန်ချင်းယွီ ခေါင်းညိမ့်ပြ၍ နှစ်ဦးသား သဘောတူညီချက် ရသွားကြပြီးနောက် အဘွားကြီးကျောက်သည် မုန့်ကို အားရပါးရ တစ်လုပ် ကိုက်လိုက်ကာ "အင်း... စားလို့ကောင်းသားပဲ" ဟု ဆို၏။

ချန်ချင်းယွီ : "ကောင်းမှာပေါ့၊ ကျွန်မက ကြက်ဥကော ဆီကော အပြည့်ထည့်ထားတာလေ"

ယခုခေတ်တွင် လူများသည် ဟင်းချက်ရာ၌ ဆီကို အလွန်ပင် ချွေတာကြသည်။ ချန်ချင်းယွီသည်လည်း သူမကိုယ်သူမ ထိန်းချုပ်ရန် ကြိုးစားသော်လည်း အခြားသူများထက် ပို၍ ထည့်ဖြစ်နေဆဲပင်။

ဆီပါမှ အစားအသောက်က ပိုပြီး အရသာရှိတာ မဟုတ်လား…

ချန်ချင်းယွီသည် ပန်ကိတ်အများအပြား လုပ်ထားသဖြင့် ပန်းကန်လုံးအကြီးကြီး တစ်လုံးပင် ပြည့်နေ၏။

"သာမန်မိသားစုတွေဆိုရင်တော့ ညည်းကို ကျွေးနိုင်မှာ မဟုတ်ဘူး။ အရင်တုန်းက ညည်း ဘယ်လောက်တောင် စားခဲ့တာလဲ?"

အဘွားကြီးကျောက်မှာ တတွတ်တွတ် ရေရွတ်နေသည်။

ချန်ချင်းယွီ ပြုံးစိစိဖြင့်

"အများကြီး စားခဲ့တာပေါ့။ အရင်က ဒီအိမ်မှာ ကျွန်မ ဗိုက်ဆာခဲ့ရတာလေ။ အခုတော့ အရာရာကို ကိုယ့်ဘာသာကိုယ်ပဲ အားကိုးနေရပြီဆိုတော့ ဗိုက်ဝအောင် စားထားမှ ဖြစ်မယ်၊ မဟုတ်ရင် ခွန်အားတောင် ရှိမှာမဟုတ်ဘူး"

အဘွားကြီးကျောက် : "..."

ဒါဆို ညည်းက ဗိုက်ဝသွားလို့ ငါ့ကို ထိုးကြိတ်ချင်နေတာလား?!

သို့သော် ချန်ချင်းယွီကို ကြည့်ရသည်မှာ သန်မာနေခြင်းမှာလည်း မဆန်းလှပေ။ ဤမျှအထိ စားသော်လည်း သူမသည် အရပ်လည်း ပိုမရှည်လာသလို၊ ဝလည်း မဝလာချေ။ ထိုအားအင်အားလုံးကို သူမ၏ ခွန်အားများအဖြစ် ပြောင်းလဲပစ်လိုက်ပုံရသည်။

"အော်... ဒါနဲ့၊ ဒီနေ့ စက်ရုံမှာ အတင်းအဖျင်း သတင်းတစ်ခု ကြားခဲ့တယ်။ ညည်းရဲ့ မိထွေးပါသမီးလေ... သူမ လွတ်လာပြီတဲ့"

ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး

"လွတ်လာပြီ ဟုတ်လား?"

"အေးလေ၊ ဒီတစ်ခေါက်တော့ သူတို့ ဒီကိစ္စကို ဆက်မလိုက်တော့ဘူးထင်တယ်။ ဒါပေမဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပြီး ကျေးလက်ကနေ ဆွေမျိုးကန်တော့ဖို့ ပြန်လာတာကို ဒီလောက်အထိ ပြဿနာရှာတာဆိုတော့ ရပ်ကွက်ကော်မတီက သူမကို ဆက်နေခွင့် မပေးတော့ဘူး၊ အပြင်ကို မောင်းထုတ်လိုက်ပြီ။ ငါ ကြားတာတော့ တရားဝင် စာရွက်စာတမ်းတွေပါ ထုတ်လိုက်တယ်တဲ့၊ အဲဒါက သူမအပေါ် သက်ရောက်မှု ရှိနိုင်တယ်။ သူမရဲ့ ရထားက မနက်ဖြန် ထွက်မယ်လို့ ကြားတယ်"

“ရှင်ကတော့ မသိတာမရှိတဲ့ ရွာဆော်ကြီးလိုပါပဲလား”

အဘွားကြီးကျောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့်

"ညည်းက ဒါတွေကို မသိသေးဘူးလား? ငါက သတင်းအရမ်းစုံတာ။ ဒါ့အပြင် အခု ဒါက စက်ရုံထဲမှာ အပြောအများဆုံး သတင်းပဲလေ။ ငါတို့အားလုံးက အလုပ်သမားတွေပဲ၊ ဘယ်သူက အိမ်ထောင်ရေး အလိမ်အညာ ခံရမှာကို မကြောက်ဘဲ နေမှာလဲ? လူတိုင်းက အာရုံစိုက်နေကြတာပဲ"

လူတိုင်းနှင့် သက်ဆိုင်နေသော ကိစ္စဖြစ်သဖြင့် သတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားပြီး လူတိုင်း စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်း ဖြစ်၏။

ချန်ချင်းယွီသည် ကြက်သွန်မြိတ် ပန်ကိတ်ကို တစ်လုပ်ကိုက်ရင်း ခေါင်းညိတ်လိုက်မိသည်။ သူမသည် ယွီမေကျွမ်းနှင့် စကားကောင်းကောင်း သွားပြောသင့်သည်ဟု စိတ်ထဲမှ တွေးလိုက်မိ၏။ မဟုတ်လျှင် ယွီမေကျွမ်းသည် ယခုတစ်ခေါက် ထွက်သွားပြီးပါက နောက်တစ်ခေါက် ဘယ်တော့ပြန်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ ချန်ချင်းယွီအနေဖြင့် ယွီမေကျွမ်းသည် သူမ၏ အလုပ်ကို မည်သို့ ရရှိခဲ့သနည်းဆိုသည်ကို မဖြစ်မနေ စုံစမ်းရန် လိုအပ်သည်။

သို့သော် ယွီမေကျွမ်း၏ ရှေ့တွင်မူ သူမသည် အမြဲတမ်း အပြစ်ကင်းသော ယုန်ကလေးတစ်ကောင် ဖြစ်ခဲ့၍ အစွမ်းပြ၍ မရချေ။ သူမသည် အဘွားကြီးကျောက်ကို လှမ်းကြည့်လိုက်၏။

အဘွားကြီးကျောက် "???"

သူမသည် ပုခုံးတစ်ချက် တွန့်လိုက်ပြီး

"ညည်းက ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ? ငါက နည်းနည်း ပိုစားမိတယ် ဆိုပေမဲ့ စရိတ်စကတော့ ပေးထားတာပဲ။ ငါ့ကိုတော့ လာပြီး လက်မပါနဲ့ဦး"

ချန်ချင်းယွီမှာ ဆွံ့အသွားကာ…

"...ရှင်က ကျွန်မကို အဲဒီလိုပဲ မြင်တာလား? ကျွန်မက တကယ့်ကို ယဉ်ကျေးတဲ့သူပါ"

ငါ ကျောက်တာ့ရာကတော့ လုံးဝ မယုံဘူးဟေ့!

လုံးဝကို မယုံကြည်ဘူး!

ချန်ချင်းယွီ : "ဒါဆို အောင်သွယ်တော် ကျတော့ကော?"

"အောင်သွယ်တော်ကတော့ တခြား ရှင်းလင်းစရာတွေ ရှိသေးလို့ မလွတ်သေးဘူး။ ဒါပေမဲ့ အောင်သွယ်တော်ဆိုတာ ဘယ်သူကများ စကားကို လျှောက်မပြောဘဲ နေမှာလဲအေ? သူမကတော့ အဆင်ပြေသွားမှာပါ"

ချန်ချင်းယွီသည် ထိုအချက်ကို သေချာမပြောနိုင်ပေ၊ သူမသည် လက်ရှိမူဝါဒများ၏ အသေးစိတ်ကို နားမလည်သော်လည်း အောင်သွယ်တော်မာ လွတ်လာလျှင်ပင် ကောင်းစားမည်မဟုတ်ကြောင်း ကြိုတင်မြင်နေမိသည်။ သူမ၏ နာမည်ဂုဏ်သတင်းမှာ ပျက်စီးသွားချေပြီ။ ဤမျှအထိ လိမ်ညာလှည့်ဖြားတတ်သော အောင်သွယ်မျိုးမှာ တွေ့ရခဲလှ၏။ ယခုတစ်ကြိမ်တွင်မူ သူမ ကောင်းသောနိဂုံးနှင့် တွေ့ရမည်မဟုတ်ပေ။ ဤလုပ်ငန်းနယ်ပယ်တွင် ဆက်လက်ရပ်တည်နိုင်ရန်မှာလည်း မဖြစ်နိုင်တော့ချေ။

ချန်ချင်းယွီသည် အောင်သွယ်တော်မာကို စိတ်မဝင်စားပေ၊ သူမကိုယ်တိုင်သည်

လည်း အိမ်ထောင်ဖက် ရှာနေသူမဟုတ်ပေ။ သူမ၏ ပစ်မှတ်မှာ ယွီမေကျွမ်းသာဖြစ်သည်။ ချန်ချင်းယွီ လက်ညှိုးလေးဖြင့် ဝေ့ယမ်းကာ

"ကျွန်မကို အကူအညီတစ်ခုလောက် ပေးပါဦး"

အဘွားကြီးကျောက် : "ဘာလဲအေ?"

"အလကား ခိုင်းမှာမဟုတ်ပါဘူး"

ချန်ချင်းယွီ ဆိုလိုက်ကာ လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ပြီး

"တစ်ယွမ် ပေးမယ်"

အဘွားကြီးကျောက် မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားပြီး သူမအနားသို့ တိုးကပ်လာကာ

"ညည်းက အရှေ့လို့ပြောရင် ငါ အနောက်ကို မသွားဘူး၊ တောင်လို့ပြောရင် မြောက်ကို မလှည့်ဘူး"

ချန်ချင်းယွီ : "ဒါဆိုရင် ရပြီလေ"

"ဟင်း... ငွေရှိရင် အကုန်ဖြစ်တယ်အေ၊ ငါက သရဲထက်တောင် လက်တွေ့ကျသေးတယ်"

ချန်ချင်းယွီက ရက်ရက်ရောရော ပေးမှတော့ သူမကလည်း အလိုက်သင့် နေရမည်မဟုတ်ပါလား!

သူမသည် ကိုယ်ကျင့်တရားမရှိဘဲ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်ချင်ဖြစ်မည်၊ သို့သော် သူမသည် လက်တွေ့ကျသူဖြစ်၏။ အဘွားကြီးကျောက်သည် မိမိကိုယ်မိမိ အလွန်ပင် ကောင်းစွာ သိနားလည်ထားသူတည်း။

"ပြောစမ်းပါဦး၊ ညည်းက ဘာလို့ ဒီလောက်တောင် အကုန်အကျခံနေရတာလဲ!"

ချန်ချင်းယွီ : "ယွီမေကျွမ်းကို ထိုးကြိတ်ဖို့ ကူညီပေးပါ။ တကယ်တမ်း ထိုးကြိတ်ခိုင်းတာ မဟုတ်ပါဘူး၊ အရင်တုန်းက ကျွန်မ အဘိုးအဘွားတွေရဲ့ အလုပ်တွေကို ဘယ်လိုနည်းနဲ့ လိမ်ညာယူခဲ့တာလဲဆိုတာကိုပဲ မေးပေးပါ"

"ဘာ!”

အဘွားကြီးကျောက် ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး

"အဲဒီလိုကိစ္စမျိုး ရှိတာလား?"

ချန်ချင်းယွီ လက်ဝါးကာပြရင်း သတိပေးလိုက်ရ၏။

"အသံတိုးတိုးလုပ်ပါဦး"

အဘွားကြီးကျောက် : "ညည်း အဘိုးအဘွားတွေကလည်း တကယ်ကို အစွမ်းအစ မရှိတာပဲအေ! အဲဒီလောက်အထိ အလိမ်ခံရတယ်လို့လား? ယွီမေကျွမ်းကလည်း ကြည့်ရတာ သိပ်ပြီး ဉာဏ်ကောင်းတဲ့ပုံ မဟုတ်ပါဘူး။ သူမက ငတုံးမပဲဟာကို။ စာအုပ်တွေ အများကြီး ဖတ်လွန်းတဲ့ ပညာတတ်တွေက စာဖတ်လွန်းပြီး ဦးနှောက်မဲ့သွားကြတာပဲလို့ ငါ အမြဲပြောခဲ့သားပဲ"

ချန်ချင်းယွီ၏ မျက်နှာပျက်သွားသည်ကို မြင်သောအခါ သူမသည် စကားလမ်းကြောင်းကို အမြန်ပင် လွှဲလိုက်ရ၏။

"ဒါပေမဲ့ ညည်း အဘိုးအဘွားတွေကတော့ မတူပါဘူး။ သူတို့က တကယ့်ကို ထက်မြက်တဲ့ ပညာတတ်တွေ ဖြစ်မှာပါ။ ယွီမေကျွမ်းကပဲ အရမ်း ပါးနပ်လွန်းလို့ ဖြစ်လိမ့်မယ်။ သူမက ပရိယာယ်များတဲ့သူလေ။ သူမသာ မပါးနပ်ရင် ဝမ်တာ့ချွေကို လိမ်နိုင်ပါ့မလား? ဟုတ်တယ်မလား? ဟုတ်တယ်မလား?"

ချန်ချင်းယွီ နှာခေါင်းရှုံ့ကာ တုံ့ပြန်လိုက်၏။

ချန်ချင်းယွီသည် ဤအဘွားကြီးပါးစပ်ကို မသိသည်မဟုတ်ပေ။ သူမသည် အဘွားကြီးကို တစ်ချက်ကြည့်လိုက်သော်လည်း အကြံဉာဏ်များစွာ မပေးတော့ပေ။ ဤအဘွားကြီးသည် အခြားကိစ္စများတွင် မတော်သော်လည်း ဤကဲ့သို့သော ရှုပ်ထွေးပွေလီသော ကိစ္စရပ်များတွင်မူ မွေးရာပါ ပါရမီရှင်ပင် ဖြစ်သည်။

"စိတ်မပူပါနဲ့၊ ညည်းပေးတဲ့ တစ်ယွမ်ကိုတော့ ငါ အလကား မယူပါဘူး။ အရာရာကို သေသေချာချာ ကိုင်တွယ်ပေးမယ်လို့ အာမခံတယ်။ ဒီမြေခွေးမလေးကတော့ တကယ်ပဲ... သက်ကြီးရွယ်အိုကိုတောင် လိမ်တယ်ဆိုတော့ ကိုယ်ကျင့်တရား လုံးဝမရှိတာပဲ။ ဒီတစ်ခါတော့ ညည်းအတွက် အမှန်တရားကို မရရအောင် ဖော်ထုတ်ပေးမယ်၊ စိတ်ချထားလိုက်။ အကုန်လုံး အဆင်ပြေသွားစေရမယ်"

ချန်ချင်းယွီ ယုံကြည်စွာ ခေါင်းညိတ်လိုက်ပြီး

"မှောင်တဲ့အထိ စောင့်နေစရာ မလိုပါဘူး၊ ခဏနေရင်ပဲ သွားကြတာပေါ့"

“ကောင်းပြီလေ"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမ မဝံ့မရဲ မေးလိုက်မိ၏။

"တကယ်လို့ ငါတို့ လက်ပါလိုက်ရင် သူမက ရဲတိုင်မှာ မဟုတ်ဘူးလားအေ?"

ချန်ချင်းယွီ : "မတိုင်ပါဘူး၊ သူမက အခုတလော ပြဿနာတွေ တက်ထားပြီး မနက်ဖြန်လည်း ထွက်သွားရတော့မှာ။ သူမက ကိစ္စတွေ အကြီးအကျယ် ဖြစ်အောင် လုပ်ရဲမှာ မဟုတ်ပါဘူး"

ယွီမေကျွမ်း ထွက်သွားတော့မည်ဟူသော သတင်းကိုသာ မကြားခဲ့လျှင် သူမ ဤမျှအထိ အလောတကြီး လုပ်နေမည်မဟုတ်ပေ။ ဟင်း... တကယ်ကို ခက်ခဲလှပါတကား!!

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ အတူတူထွက်သွားကြသဖြင့် ကလေးနှစ်ဦးမှာ အိမ်တွင်သာ ကျန်ရစ်ခဲ့ရသည်။ သို့သော် ဤကဲ့သို့ အတွေ့အကြုံမှာ နှစ်ခါမက ရှိဖူးနေပြီဖြစ်သဖြင့် ဤတစ်ကြိမ်တွင်မူ ကလေးငယ်နှစ်ဦးမှာ စကားပြောရ အလွန်လွယ်ကူလှပြီး "ဟုတ်ကဲ့" ဟု တတွတ်တွတ် ဆိုကာ ခေါင်းညိတ်ပြကြ၏။

ချန်ချင်းယွီ : "သားတို့နှစ်ယောက် အိမ်မှာပဲနေပြီး ရုပ်ပြစာအုပ်တွေ ကြည့်နေကြနော်။ အိပ်ချင်ရင်လည်း စောစောအိပ်နှင့်တော့"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ကလေးနှစ်ဦးမှာ ခေါင်းလေးများကို တပြိုင်နက်တည်း ဆတ်ဆတ်ညိမ့်ပြကာ၊ မျက်နှာလေးများတွင်လည်း အလွန်ပင် တည်ကြည်လေးနက်နေကြသည်။

ဤတစ်ကြိမ်တွင်မူ ချန်ချင်းယွီသည် အပြင်ဘက်မှ သော့ခတ်ခဲ့၏။ သူတို့နှစ်ဦး အတူတူ ထွက်လာကြရာ မြင်သွားသော အဒေါ်ကြီးမေ့မှာ လှမ်းမေးလေသည်။

"ဘယ်သွားမလို့လဲ?"

ချန်ချင်းယွီ ယုံကြည်မှုအပြည့်နှင့် ပြတ်သားစွာပြန်တုံ့ပြန်လိုက်၏။

"မိဘတွေအိမ်ဘက် သွားမလို့ပါ။ ယွီမေကျွမ်း လွတ်လာပြီဆိုတာကြားလို့၊ မနက်ဖြန်လည်း ကျေးလက်ကိုပြန်တော့မှာဆိုတော့ သွားကြည့်လိုက်ဦးမယ်"

ယွီမေကျွမ်းဟူသော အမည်ကို ကြားလိုက်ရသည်နှင့် အဒေါ်ကြီးမေ့မှာ နှုတ်ခမ်းကိုမဲ့လိုက်သော်လည်း

"သွားလေ၊ သွား။ စောစောပြန်လာခဲ့ဦးနော်၊ ညဘက် လမ်းမတွေပေါ်မှာ သိပ်မလုံခြုံဘူး။ ညည်းတို့အိမ်ကို ငါ ကြည့်ပေးထားမယ်။ ကလေးတွေ အိမ်မှာရှိတယ်မလား? စိတ်မပူနဲ့၊ ငါ အကုန်လုံးကို မျက်စိဒေါက်ထောက် ကြည့်ပေးထားမယ်"

"ကျေးဇူးတင်ပါတယ်ရှင်"

ချန်ချင်းယွီ နှုတ်ဆက်၍ ကျေးဇူးတင်စကားဆိုလိုက်၏။

ယောက္ခမနှင့် ချွေးမတို့ အတူတူ ထွက်သွားကြသည်ကို မြင်သောအခါ အဒေါ်ကြီးမေ့မှာ တစ်ကိုယ်တည်း ရေရွတ်မိလေသည်။

“အဘွားကြီးကျောက် တကယ်ပဲ အဲဒီလောက် စိတ်ကောင်းရှိသွားတာလား? ဖြစ်နိုင်တာကတော့ ဘာတွေဖြစ်နေလဲဆိုတာ သွားပြီး စပ်စုတာပဲ ဖြစ်မှာပါ"

သို့သော် သူမကိုယ်တိုင်လည်း တကယ်ပင် မျှော်လင့်နေမိ၏။

အကောင်းဆုံးကတော့ သတင်းသစ်တစ်ပုဒ် ကြားရဖို့ပဲ…

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့မှာ အဒေါ်ကြီးမေ့ ဘာတွေးနေသည်ကို မသိကြသော်လည်း ချန်ချင်းယွီသည် ယောက္ခမ၏နောက်မှ ကပ်ကာ မိဘများအိမ်ဘက်သို့ အမြန်လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် အဘွားကြီးကျောက်မှာ တတွတ်တွတ် နားပူနေ၏။

"ညည်းက သူမရဲ့အလုပ်အကြောင်းကို ဘယ်လိုသိတာလဲ?"

"ငါတို့က သူမကို ဘယ်လိုလုပ် အပြင်ကို ခေါ်ထုတ်မှာလဲ? အိမ်ထဲအထိ ဇွတ်ဝင်ပြီး သောင်းကျန်းလို့မှ မရတာ"

"သူမကကော ညည်းစကား နားထောင်ပြီး အပြင်ကို ထွက်လာပါ့မလား?"

"ဒီအတိုင်း မေးရုံနဲ့ကော အလုပ်ဖြစ်ပါ့မလား? အလုပ်ကို ပြန်ရနိုင်ပါ့မလား?"

"သူမက ငြင်းနေရင်ကော ဘယ်လိုလုပ်မလဲ?"

အဘွားကြီးကျောက်မှာ တကယ်ပင် တတွတ်တွတ် မေးခွန်းထုတ်နေသဖြင့် ချန်ချင်းယွီ ခေါင်းကိုက်လာကာ ထုတ်ပြောလိုက်မိတော့၏။

"အဘွားကြီး ရှင် ပြောနေတာတွေ ကြားရတာ ကျွန်မ ခေါင်းတောင် ကိုက်လာပြီ"

အဘွားကြီးကျောက် : "..."

အေးလေ... ညည်းကတော့ ငါ့ကို တစ်ကိုယ်လုံး နာကျင်အောင် လုပ်ထားတာပဲ!

ယခုမူ သားဖြစ်သူ ရှိစဉ်ကအချိန်ကို ပြန်တွေးမိလျှင် ခါးသီးမှုသာ ခံစားရတော့သည်။ ထိုစဉ်က ချန်ချင်းယွီဆိုသော အရူးမကြီးမှာ အလွန်ပင် ရိုးသားခဲ့သော်လည်း ……

အခု သူမကိုကြည့်ဦး၊ ဒီလောက်အထိ ဆိုးသွမ်းနေတာ။ ဘယ်သူ ခံစားနေရတာလဲ? ငါပဲပေါ့!

သူမမှာ ယောက္ခမဖြစ်ပါလျက်နှင့် သိက္ခာဟူ၍ လုံးဝမရှိတော့ရာ တကယ်ပင် ခါးသီးလှသည်။

သူမမှာ တကယ့်ကို အခြေအနေ ဆိုးနေရရှာ၏။

အဘွားကြီးကျောက်မှာ ဘုရားသည် မျက်စိမရှိ၍သာ ဤမြေခွေးမလေး ဤမျှအထိ တန်ခိုးထွားနေခြင်းဖြစ်သည်ဟု ကိုယ့်ဘာသာ မြည်တမ်းနေတော့သည်။ သို့သော် သူတို့သည် ချန်ချင်းယွီ မိဘများအိမ်သို့ အမြန်ပင် ရောက်ရှိလာခဲ့ကြ၏။ ချန်ချင်းယွီသည် မုန့်နှစ်ခုကို ထုတ်လိုက်ပြီး လူခေါ်ခိုင်းရန် ကလေးတစ်ယောက်ကို ရှာလိုက်၏။

အဘွားကြီးကျောက် : "..."

ဒီကလေးကတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူး၊ ဒီလောက်လွယ်လွယ်လေးနဲ့ အဝယ်ခံလိုက်ရတယ်ပေါ့?

အသုံးမကျတာ!

ဒီလောက် အစားမက်တဲ့ကလေး၊ အသုံးကိုမကျဘူး!

ဒါပေမဲ့... ဟင်း... ဘာလို့ သူ့ကို နှစ်ခုတောင် ပေးလိုက်ရတာလဲ? နှမြောစရာကြီး!

အဘွားကြီးကျောက်၏ စိတ်ကူးထဲတွင်မူ အတွေးများက ဝေဆာနေပြီး တတွတ်တွတ် နားပူရန် အဆင်သင့် ဖြစ်နေသည်။

သို့သော် အဘွားကြီးကျောက် တတွတ်တွတ် ရေရွတ်နေစဉ်မှာပင် မျှော်လင့်ထားသည့်အတိုင်း ယွီမေကျွမ်းသည် လှေကားထစ်များမှ ဆင်းလာပြီး၊ ကလေးဖြစ်သူမှာ လမ်းပြကာ အပြင်ဘက်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့၏။

အဘွားကြီးကျောက် : "ဒီကလေးကတော့ စွမ်းသားပဲ၊ ယွီမေကျွမ်းကိုတောင် ထွက်လာအောင် လုပ်နိုင်တယ်ပေါ့? ဆုလာဘ်က ကောင်းမှတော့ သူရဲကောင်းတွေ ပေါ်လာတာ မဆန်းပါဘူး!"

ချန်ချင်းယွီ၏ နှုတ်ခမ်းများ တွန့်သွားကာ

"ရှင်သုံးတဲ့ စကားလုံးကလည်း..."

သူမမှာ စာတော်သူ မဟုတ်သော်လည်း ဤနေရာတွင် ထိုစကားလုံးကို သုံးရန် မသင့်တော်မှန်းတော့ သိလေသည်။

ယွီမေကျွမ်းသည် မည်သူ သူမကို ရှာနေသလဲဆိုသည်ကို အမှန်တကယ် မသိသော်လည်း ထွက်လာခဲ့၏၊ သူမတွင် လူကို သတိထားတတ်သည့် အသိ လုံးဝမရှိပေ။ သူမသည် ပြေးထွက်လာပြီးနောက် ချန်ချင်းယွီနှင့် သူမ၏ ယောက္ခမကို တွေ့လိုက်ရသောအခါ ချက်ချင်းပင် မျက်နှာပျက်သွားပြီး ခနဲ့လိုက်၏။

"ဘာလဲ၊ ညည်းတို့လား? ဟက်... ဘာလဲ? ပွဲကြည့်လို့ မဝသေးဘူးလား? ငါ့အိမ်အထိ လာကြည့်ရတယ်လို့"

ပြီးခဲ့သည့် ရက်အနည်းငယ်က သူမမှာ အရှက်တကွဲ ဖြစ်ခဲ့ရသည့်အပြင် သူမ၏ အမေမှာလည်း အဖမ်းခံရလုနီးပါး ဖြစ်ခဲ့သဖြင့် လူတကာ၏ အကြည့်မှာ မကောင်းလှပေ။ သူမ လွတ်လာသည်မှာ ယနေ့မှ ဖြစ်သော်လည်း သူမ၏ မိသားစုသည် သူမအား တစ်ညချင်း ထွက်သွားစေလိုကြသည်။

သူမ၏ လေသံမှာ မဖော်ရွေလှပေ။

"ဘာလာလုပ်တာလဲ? ခိုးကြောင်ခိုးဝှက်နဲ့။ ချန်ချင်းယွီ... နင်ကတော့ သတ္တိမရှိတဲ့သူပဲ၊ ငါ့အိမ်ထဲတောင် မဝင်ရဲဘူးလား။ နင်က ငါ့ထက်တောင် အခြေအနေ ဆိုးပါသေးတယ်၊ ဟဲဟဲ... ဟဲဟဲဟဲဟဲ!"

ထိုသို့ တွေးမိသည်နှင့် သူမ ပို၍ ပျော်သွားပြန်သည်။

ချန်ချင်းယွီက "ဒီဘက်ကို လာဦး၊ ငါ နင်နဲ့ စကားပြောစရာ ရှိတယ်"

သူမသည် ဘေးဘက်လမ်းကြားတစ်ခုသို့ လျှောက်သွားရာ ယွီမေကျွမ်းသည်လည်း ချက်ချင်းပင် နောက်မှ လိုက်သွား၏။

"ဘာကိစ္စလဲ?"

ချန်ချင်းယွီ : "..."

အစ်မကြီးရယ်... ညည်းကတော့ သတိထားရကောင်းမှန်း လုံးဝမသိဘူးပဲ!!

အခုက မှောင်တော့မှာလေ၊ အဝေးကဆို လူကိုတောင် သဲသဲကွဲကွဲ မြင်ရတာ မဟုတ်ဘူး။ ညည်းက ငါ့နောက်ကို လမ်းကြားထဲအထိ လိုက်ရဲတယ်ပေါ့?..

ဤခေတ်မှ လူများသည် စရိုက်မည်သို့ပင်ရှိစေကာမူ တစ်ပါးသူကို သတိထားတတ်သည့် အသိဉာဏ် လုံးဝမရှိကြကြောင်း ချန်ချင်းယွီ ခံစားလိုက်ရသည်။

"ဘာပြောချင်တာလဲ ပြောစမ်းပါ"

ယွီမေကျွမ်းမှာ ချန်ချင်းယွီကို စကားရှည်နေသည်ဟု ထင်နေပုံရ၏။

ချန်ချင်းယွီ တည်ငြိမ်စွာပင် စကားစလိုက်ကာ

"ဘာဖြစ်လို့ ငါ့အဘိုးအဘွားတွေက နင့်အတွက် အလုပ်တစ်ခု စီစဉ်ပေးခဲ့ရတာလဲ?"

ယွီမေကျွမ်းမှာ ဆွံ့အသွားပြီး ရှေးဟောင်းနှောင်းဖြစ် ကိစ္စမျိုးကို ပြန်မေးလိမ့်မည်ဟု မမျှော်လင့်ထားပုံရသည်။ သူမ ခေတ္တမျှ ငြိမ်သက်သွားပြီးမှ

“နင် နဲ့ ဘာဆိုင်လဲ? ဒါ နင့်ကိစ္စ မဟုတ်ဘူး! နင့်လို အသုံးမကျတဲ့သူက... အား!"

အဘွားကြီးကျောက် : "နင်မအေ... ! ငါ ဘယ်လောက် အစွမ်းထက်လဲဆိုတာ နင် မသိသေးဘူးထင်တယ်။ ငါ့လူကိုတောင် လာပြီး အနိုင်ကျင့်တယ်ပေါ့! ကောင်းကောင်း စကားမပြောနိုင်ဘူးလား? မပြောနိုင်ရင်တော့ နင့်ပါးတွေ ရောင်ကိုင်းသွားအောင် ငါ ရိုက်ပစ်မယ်!"

သူမသည် ယွီမေကျွမ်း၏ ကျောပြင်ကို သံလက်ဝါးဖြင့် ရိုက်ချလိုက်သကဲ့သို့ပင် ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ယွီမေကျွမ်းမှာ ထိုရိုက်ချက်ကြောင့် ယိုင်သွားပြီး

"ရှင်... ရှင်!"

အဘွားကြီးကျောက် ခါးထောက်

လိုက်ရင်း

"ဘာ 'ရှင်' လဲ?!

ဒီနေ့ ငါက အာဏာပါးကွက်သားပဲဟေ့! "

၄၈။ သူတို့အကြံအစည်!

အဘွားကြီးကျောက်သည် ကြည့်ရုံမျှဖြင့် အလွန်ခက်ထန်ကြမ်းတမ်း၍ စရိုက်ဆိုးသည့်ပုံစံရှိပြီး တကယ့်ကို ရက်စက်သည့် ယောက္ခမမျိုး ဖြစ်ကြောင်း သိသာလှပေသည်။

ထိုစဉ် အဘွားကြီးကျောက် ဒေါသတကြီးဖြင့် ဟောက်လိုက်ကာ

"နင် အကောင်းပြောတုန်း အကျိုးအကြောင်း ရှင်းရှင်းလင်းလင်း ပြောစမ်း၊ မဟုတ်ရင်တော့ ငါ့လက်ဒဏ်မခံနိုင်ဘူးလို့သာ မှတ်ပေတော့။ ငါသာ စရိုက်ပြီဆိုရင် ဟို အသုံးမကျတဲ့ ချန်ချင်းယွီတောင် ငါ့ကို တားနိုင်မှာမဟုတ်ဘူး!"

ယွီမေကျွမ်းသည်လည်း ဒေါသတကြီးဖြင့် ပြန်အော်ကာ

"ရှင်က လူကိုတောင် ရိုက်ရဲသေးတာလား... အား!"

သူမ ကျောကုန်းပေါ်သို့ နောက်ထပ် လက်ဝါးချက် နှစ်ချက် ဆင့်ကျလာပြန်သည်။ အဘွားကြီးကျောက်သည် အမှန်တကယ်ပင် ညှာတာခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်လှ၏။

"ဘာလဲ? ငါက မရိုက်ရဲဘူး ထင်နေတာလား။ ငါ ကျောက်တာ့ရာရဲ့ နာမည်ကို နင် မကြားဖူးသေးလို့ ထင်တယ်။ နင်ကများ ငါ့ကို လာအော်ရဲသေးတယ်ပေါ့? ငါက အလကား ဟောက်စားလုပ်နေတာ မဟုတ်ဘူး! ငါမေးတာကိုပဲ ဖြေ။ လျှာရှည်နေရင်တော့ အသေထုမှာပဲ။ ငါ ကျောက်တာ့ရာဆိုတာ နာမည်ကြီးတဲ့ အဘွားကြီး ဟဲ့!"

သူမ လက်ဆစ်များကို ချိုးလိုက်ရင်း

"နင် ကံဆိုးသွားတယ်လို့သာ မှတ်

လိုက်တော့။ ငါလည်း နင်နဲ့ စကားမများချင်ဘူး၊ ဒါကြောင့် အမှန်အတိုင်းပဲ ပြောစမ်း။ နင်သာ ကလိမ်ကကျစ် လုပ်ဖို့ ကြံစမ်း၊ ငါ့အကြောင်း သိစေရမယ်!"

ယွီမေကျွမ်းသည်လည်း အလွယ်တကူ အလျှော့ပေးမည့်သူ မဟုတ်သဖြင့် နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။

"ရှင်ကများ ကျွန်မကို ခြောက်နေတာလား။ ဖယ်စမ်းပါ... ရှင့်လို လူယုတ်မာ အဘွားကြီးရဲ့! ...အား!"

အဘွားကြီးကျောက် ယွီမေကျွမ်း၏ ဆံပင်ကို ဆွဲကိုင်ကာ သူမ၏ သံလက်ဝါးဖြင့် ရိုက်ရန် ပြင်

လိုက်၏။ ချန်ချင်းယွီ ဘေးမှနေ၍ ကြောက်လန့်တကြား အော်ဟစ်လိုက်ကာ

"အမလေး အမေရယ်... မရိုက်ပါနဲ့တော့..."

သူမသည် တစ်ကိုယ်လုံး တုန်ရင်နေပြီး စိုးရိမ်မကင်းဖြစ်နေသော ပုံစံရှိလေသည်။

အဘွားကြီးကျောက် စိတ်ထဲမှ …

ဟင်း... သရုပ်ဆောင် ကောင်းလိုက်တာ!

သို့သော် သူမကိုယ်တိုင်မှာလည်း သရုပ်ဆောင်ရာတွင် ဝါရင့်သူပီပီ ဒေါသတကြီးဖြင့် ပြန်အော်လိုက်၏။

"ပါးစပ်ပိတ်စမ်း! နင်လို အသုံးမကျတဲ့ကောင်မ။ ဒီအလုပ်ကို သူစိမ်းတစ်ယောက်လက်ထဲ ထိုးအပ်ရတယ်လို့! ဒီမိန်းမ နင့်ကို တစ်ခုခုနဲ့ လှည့်ဖျားထားတာ သေချာတယ်။ နင် ဒီနေ့သာ အကျိုးအကြောင်း ရှင်းမပြရင် ငါ နင့်ကို အသေရိုက်မှာ!"

ယွီမေကျွမ်းမှာ ဆံပင်ဆွဲခံထားရသဖြင့် ဤအဘွားကြီး အမှန်တကယ် ရူးသွပ်နေပြီဟု ခံစားနေရသည်။

"အု!"

အဘွားကြီး၏ ပါးရိုက်ချက်များမှာ အလွန်ပြင်းထန်လှ၏။

အဘွားကြီးကျောက် ဆက်လက်၍ ဟောက်လိုက်ကာ

"နင်လို အသိတရားမရှိတဲ့ မိန်းမယုတ်! နင်ရော နင့်အမေရော အတူတူပဲ၊ တကယ့်ကို လူစိတ်မရှိတဲ့ကောင်မတွေ။ လူကြီးတွေကို လိမ်ရဲပတ်ရဲတယ်ပေါ့... နင်တို့ကလေ..."

"ကျွန်မ မလိမ်ဘူး! မလိမ်ပါဘူးဆို!"

ယွီမေကျွမ်း အော်ငိုတော့သည်။ သူမသည် စိတ်ဓာတ်ခိုင်မာသူတစ်ဦး မဟုတ်သဖြင့် အရိုက်ခံရသည်မှာ များလာသောအခါ အမှန်အတိုင်း ချက်ချင်းပင် ဖွင့်ပြောလိုက်မိ၏။

"ကျွန်မ မလိမ်ပါဘူး! ဒါ အဘွားကျန်း ကိုယ်တိုင် ပေးမယ်လို့ ကတိပေးထားတာ။ ကျွန်မ သူခိုင်းတာ တစ်ခုခု လုပ်ပေးခဲ့လို့ အလဲအလှယ် လုပ်ထားတာပါ။ ကျွန်မ မလိမ်ပါဘူး!"

ချန်ချင်းယွီမှာ ကြောင်အသွားသည်။ အဘွားကျန်း ဆိုသည်မှာ သူမ၏ မိခင်ဘက်မှ အဘွားပင် ဖြစ်၏။

"စကားတွေ လာများမနေနဲ့။ နင်က အခုထိ ဟန်ဆောင်နေတုန်းလား။ နင်က ဘာများ လုပ်ပေးနိုင်လို့လဲ? လိမ်မယ်ဆိုရင်လည်း ယုတ္တိရှိတာလေး လိမ်စမ်းပါ။ ငါ့ကို လာလိမ်လို့ရမယ် ထင်နေလား၊ ငါက အူကြောင်ကြောင် အဘွားကြီး မဟုတ်ဘူး!"

အဘွားကြီးကျောက် ငေါက်လိုက်လေသည်။

ယွီမေကျွမ်းမှာ နောက်ထပ် လက်ဝါးချက်များစွာကို ခံလိုက်ရပြီးမှ အော်ဟစ်ပြောဆိုကာ

"ချန်ချင်းယွီ! ငါ အမှန်အတိုင်း ပြောနေတာ! နင့်ယောက္ခမကြီးကို တားပေးပါဦး။ ငါ့ဆံပင်တွေ ကျွတ်ကုန်ပြီ! ငါ တကယ် မလိမ်ဘူး။ အဘွားကျန်းက တကယ် ပေးခဲ့တာ။ ငါက ဦးလေးချန်နဲ့ ငါ့အမေကို စောင့်ကြည့်ပေးမယ်၊ သူက ငါ့ကို အလုပ်ရှာပေးမယ်လို့ သဘောတူထားတာ!"

ချန်ချင်းယွီ: "???"

အဘွားကြီးကျောက်: "???"

နှစ်ဦးသား ဆွံ့အသွားကြလေသည်။ ၎င်းမှာ လုပ်ယူထားခြင်းမဟုတ်ဘဲ အမှန်တကယ် အံ့ဩသွားကြခြင်းဖြစ်၏။

ယွီမေကျွမ်း ညည်းညူရင်း

"အမလေး အဘွားကြီးရယ်၊ ရှင်ကလည်း ဘာဖြစ်နေတာလဲ? နာလိုက်တာ! ကျွန်မ တကယ်ပြောနေတာပါဆို။"

ချန်ချင်းယွီသည် သတိပြန်ဝင်လာကာ မေးမြန်းလိုက်သည်။

"စောင့်ကြည့်တယ်ဆိုတာ... သူတို့ကို စောင့်ကြည့်တာလား?"

ယွီမေကျွမ်း : "အရင် လွှတ်ဦးလေ၊ လွှတ်ဦး။"

အဘွားကြီးကျောက် : "မလွှတ်နိုင်ဘူး! အကုန်ရှင်းအောင် မပြောမချင်း တစ်ချက်ကလေးတောင် မလွှတ်ဘူး။"

ယွီမေကျွမ်းသည် ဆဲဆိုပစ်ချင်သော်လည်း လက်ရှိအခြေအနေအရ အလျှော့ပေးရမည်ဖြစ်သဖြင့် နာနာကျင်ကျင်ဖြင့်ပင် ရှင်းပြလိုက်ရ၏။

"ငါ အမေနဲ့အတူ ဒီအိမ်ကို ရောက်လာပြီး ဒုတိယနှစ်ကတည်းက အဘွားကျန်းနဲ့ အဆက်အသွယ် ရှိခဲ့တာ။ နင် အိမ်မှာ အနှိပ်စက်ခံရတိုင်း ငါ ချက်ချင်းပဲ အဘွားကျန်းအိမ်ကို ပြေးပြီး သတင်းပို့တယ်။ မဟုတ်ရင် နင် ငယ်ငယ်က အရိုက်ခံရတိုင်း နင့်အဘိုးနဲ့အဘွားက အချိန်မီ ဘယ်လိုလုပ် ရောက်လာမလဲ? အားလုံးက ငါ့ကျေးဇူးတွေပေါ့! ငါက သတင်းပေးခဲ့လို့။ နင် ငါ့ကိုတောင် ကျေးဇူးတင်သင့်သေးတယ်။"

သူမ၏ အခန်းကဏ္ဍသို့ ရောက်လာသောအခါ ယွီမေကျွမ်းမှာ ပြန်၍ လေကြီးလေကျယ် လုပ်လာပြန်သည်။

"ဖြောင်း!"

အဘွားကြီးကျောက် နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်ပေးလိုက်၏။

ယွီမေကျွမ်း: "အား!"

အဘွားကြီးကျောက် : "ကျေးဇူးတင်ရမှာ ဟုတ်လား! ချန်ချင်းယွီကသာ အူတူတူမလေးမို့၊ ငါ့ကိုတော့ လာလိမ်လို့ မရဘူး။ နင်က တစ်ခုခု ပြန်မရဘဲနဲ့ သတင်းသွားပေးမယ့် လူစားမျိုးလား? နင်က အကျိုးအမြတ်ရလို့ လုပ်တာလေ၊ ဘာလာပြီး လူကောင်းလုပ်နေတာလဲ။ ဟင်း... နင် ငယ်ငယ်ကတည်းက လူကောင်းမဟုတ်ဘူးဆိုတာ ငါ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး။"

ယွီမေကျွမ်း: "ကျွန်မက ဘာဖြစ်လို့ လူကောင်းမဟုတ်ရမှာလဲ? ကျွန်မ အမေကို လိမ်တာမှမဟုတ်တာ၊ သတင်းလေး ပေးရုံတင်ပါ။"

ချန်ချင်းယွီ ယွီမေကျွမ်းကို စိုက်ကြည့်လိုက်မိသည်။ နောက်ပိုင်းတွင် သူမ မောင်လေးမွေးလာသောအခါ ဝေရှု့ဖန်း၏ စိတ်အာရုံမှာ သားဖြစ်သူထံ၌သာ ပုံအောသွားခဲ့ပြီး ယွီမေကျွမ်းကို သူမ (ချင်းယွီ) ထက် ပိုမိုကောင်းမွန်စွာ ဆက်ဆံသည်ဆိုသော်လည်း သားဖြစ်သူနှင့်မူ မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။

ချန်ချင်းယွီ: "ဒီလောက်စောစောကတည်းကပေါ့..."

ယွီမေကျွမ်း: "အေးလေ၊ တစ်ခါ သတင်းသွားပေးရင် တစ်ယွမ်ရတယ်။ အကယ်၍ ငါ့အမေတို့က တစ်ခုခု ကြံစည်နေတာကို ကြိုသိပေးနိုင်ရင် ငါးယွမ်တောင် ရတာ။"

ချန်ချင်းယွီ: "........................"

ယွီမေကျွမ်း တိုးတိုးလေး ဆက်ပြောလိုက်ကာ

“ငါ့အလုပ်က လိမ်ပြီး ရလာတာမဟုတ်ဘူး၊ ဒါက အရောင်းအဝယ် လုပ်ခဲ့တာ။ ငါ သူတို့ကို လျှို့ဝှက်ချက် အကြီးကြီးတစ်ခု ပြောပြလိုက်လို့ သူတို့က ဒီအလုပ်ကို ရှာပေးခဲ့တာ။ ကံဆိုးတာက နောက်တော့ ငါ့အမေက ငါ့မောင်အတွက်ဆိုပြီး အတင်းအကျပ် အလုပ်ထွက်ခိုင်းတာလေ။"

ချန်ချင်းယွီ အသံတိုးတိုးဖြင့်

"ဘာလျှို့ဝှက်ချက်လဲ?"

ယွီမေကျွမ်းသည် တမင်မပြောဘဲ နေလိုသော်လည်း အဘွားကြီးကျောက်မှာ အေးစက်စက် လှောင်ရယ်ကာ လက်သီးဖြင့် ထိုးတော့မည့်ဟန် ပြလိုက်သဖြင့် ချက်ချင်းပင် ဖွင့်ပြောလိုက်ရသည်။

"အဲဒီတုန်းက ဦးလေးချန်က နင့်အဘိုးအဘွားတွေဆီကနေ ပစ္စည်းတစ်ခုခု နှိုက်ချင်နေတာ။ ဟူး... သူတို့ကလည်း ချမ်းသာပြီး နိုင်ငံခြားပြန်တွေ ဖြစ်နေတာကိုး။ ဦးလေးချန်က သူတို့ကို အရင်းရှင်တွေနဲ့ မခြားဘူးလို့ ပြောတယ်။ အဲဒါကို ငါသိသွားပြီး တိတ်တိတ်လေး သတင်းသွားပေးလိုက်တာ။ အဲဒီမှာပဲ အလုပ်တစ်ခု ရခဲ့တာပေါ့။ ငါ သတင်းပေးလိုက်လို့ ထင်တယ်၊ သူတို့ အကြံအစည်ကြီး ပျက်သွားတာ။ ဦးလေးချန်တို့ မိသားစုလည်း နှစ်နှစ်လောက် ငြိမ်သွားတယ်၊ ငါလည်း အဲဒီအလုပ်မှာ နှစ်နှစ်ကျော်ကျော် လုပ်လိုက်ရသေးတယ်။ ပြီးတော့မှ နင့်အဘိုးအဘွားတွေက မတော်တဆ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး ဆုံးသွားကြတာ။ သူတို့လည်း ဆုံးရော ဦးလေးချန်နဲ့ ငါ့အမေက ငါ့အလုပ်ကို သိမ်းလိုက်ကြတာပဲ။ ငါကရော အလုပ်ထွက်ချင်ပါ့မလား၊ သူတို့ကို မလွန်ဆန်နိုင်လို့ပေါ့။ နောက်ဆုံး ကျေးလက်ကို ဆင်းသွားရတယ်။ ကျေးလက်မှာ နေရတာ ဘယ်လောက် ပင်ပန်းလဲ နင် သိမှာမဟုတ်ဘူး။ ငါ တကယ် ဒုက္ခရောက်ခဲ့တာ၊ ငါ့ဒုတိယမောင်လေးကလည်း တကယ့် ပြဿနာရှာတဲ့ကောင်၊ အမြဲ အမှုပတ်နေတာ။ ဦးလေးချန်ကသာ ပိုက်ဆံပေးပြီး မဖြေရှင်းပေးခဲ့ရင် ဒီနှစ်နှစ်အတွင်း သူ အသေအရိုက်ခံရပြီးလောက်ပြီ!"

ချန်ချင်းယွီသည် အခြေအနေများ ဤသို့ ဖြစ်ပျက်လာလိမ့်မည်ဟု အမှန်တကယ်ပင် ထင်မှတ်မထားခဲ့ပေ။

ယွီမေကျွမ်း၏ အလုပ်မှာ အမှန်တကယ်ပင် လိမ်လည်ရယူထားခြင်း မဟုတ်ကြောင်း သိလိုက်ရလေသည်။

သူမသည် ခေါင်းငုံ့ကာ စဉ်းစားနေမိ၏။ ယွီမေကျွမ်း အလုပ်ရခဲ့သည့် အချိန်မှာ ၁၉၆၇ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၁၉၆၈ ခုနှစ်အစောပိုင်းလောက်တွင် ဖြစ်ရမည်။ သူမ၏ ဖခင်ဖြစ်သူမှာ တကယ့်ကို လူစိတ်မရှိသူပင် ဖြစ်၏။ သူသည် အဘိုးအို၊ အဘွားအို ဇနီးမောင်နှံအပေါ် အစကတည်းက ကြံစည်နေခဲ့ခြင်း ဖြစ်သည်။

သူမသည် မော့ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်

"နင် အဲဒီအလုပ်ကို လက်မလွှတ်လိုက်သင့်ဘူး။ ဒါက တကယ်တော့ နင့်အလုပ်ပဲဟာကို။"

ယွီမေကျွမ်းမှာလည်း ဒေါသထွက်လာပြီး

"ပြောတော့၊ လွယ်တာပေါ့! ဘယ်သူက ငြင်းနိုင်မှာလဲ? ဒါပေမဲ့ အမေက ငါ့ကို အတင်းအကျပ် လုပ်တာလေ။ ငါသာ အလုပ်မထွက်ရင် သူကိုယ်သူ သတ်သေပစ်မယ်လို့ ခြိမ်းခြောက်နေတာ၊ ငါက ဘယ်လိုလုပ် မထွက်ဘဲ နေနိုင်မှာလဲ? အမေက ငါ့အလုပ်ခွင်အထဲအထိ လိုက်လာပြီး ပြဿနာရှာတာဟဲ့။ ငါသာ အလုပ်မထွက်ပေးရင် ငါ့နာမည် ပျက်တော့မှာ။ ငါက တကယ်တော့ ကြည်ကြည်ဖြူဖြူ ပေးလိုက်တာ မဟုတ်ပါဘူး၊ ဒါကို အမေက လူတကာကို လိုက်ပြောတာက ငါကမောင်လေးကို သနားလို့ ပေးလိုက်ပါတယ်ဆိုပဲ။"

အမှန်စင်စစ် ယွီမေကျွမ်းသည်လည်း အလွန်ပင် ဒေါသထွက်နေခြင်း ဖြစ်၏။ မည်သူကမှ ကျေးလက်သို့ ဆင်း၍ ဒုက္ခခံမခံလိုပေ။

သူမ နှာခေါင်းရှုံ့လိုက်ပြီး

"နင်ကတော့ အိမ်ထောင်ကျသွားပြီဆိုတော့ ကျေးလက်မှာ နေရတာ ဘယ်လောက် ပင်ပန်းလဲ သိမှာမဟုတ်ဘူး။ ရွာကလူတွေကတော့ အေးအေးဆေးဆေးပါပဲ၊ လူယုတ်မာတွေတော့ မဟုတ်ကြပါဘူး။ ဒါပေမဲ့ အသေးအဖွဲကအစ အချင်းချင်း နှိပ်ကွပ်ဖို့ ကြံနေကြတာ။ ပြီးတော့ လယ်အလုပ်တွေ၊ လုပ်လိုက်ရတဲ့ လယ်အလုပ်တွေဆိုတာ အဆုံးကို မရှိဘူး။ ငါ့ဒုတိယမောင်ကတော့ အလုပ်လုံးဝမလုပ်ဘူး၊ ငါ့ကိုပဲ အကုန်ခိုင်းတာ၊ ပြီးရင် သူလုပ်ထားတဲ့ ပြဿနာတွေကို ငါက လိုက်ရှင်းပေးရသေးတယ်!"

ယွီမေကျွမ်းနှင့် ချန်ချင်းယွီတို့၏ ဆက်ဆံရေးမှာ ငယ်စဉ်ကတည်းက မကောင်းခဲ့ကြပေ။ သို့သော် လက်ရှိအချိန်တွင် ယွီမေကျွမ်းမှာ အလွန်ပင် စိတ်ပင်ပန်းနေသဖြင့် ရင်ဖွင့်စရာ လူမရှိသောကြောင့် ချန်ချင်းယွီနှင့် မတည့်သည့်ကြားမှ မနေနိုင်ဘဲ မြည်တမ်းနေမိခြင်းတည်း။

"ငါ့မောင်ကလေ တကယ့်ကို ခေါင်းမာတဲ့ကောင်။ မြို့မှာတုန်းကတော့ အကောင်းသား၊ ရွာလည်းရောက်ရော အမြဲတမ်း ညည်းညူပြီး မကျေမနပ် ဖြစ်နေတာ။ သူက မြို့သားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အထက်တန်းလွှာလို့ ထင်နေတာ၊ တကယ်တမ်းကျတော့ တစ်နေ့ကို အလုပ်ရမှတ် သုံးမှတ်တောင် ရအောင် မလုပ်နိုင်ဘူး။ ဗိုက်ဆာရင်လည်း ငါ့ဆီလာတယ်၊ အလုပ်မပြီးရင်လည်း ငါ့ဆီလာတယ်၊ ပြဿနာတက်ရင်လည်း ငါ့ဆီပဲ လာတာ။ အဲဒါကိုတောင် ဦးလေးချန်နဲ့ အမေက သူ့ဘက်ကပဲ အမြဲပါပြီး ငါ့ကိုပဲ သူ့ကို စောင့်ရှောက်ခိုင်းနေတာ။ သူတို့ ငါ့ကို မသိဘူး ထင်နေလား? သူ့ကို တိတ်တိတ်လေး ပိုက်ဆံတွေ ပေးနေကြတာလေ။ ငါ့ကိုကျတော့ တစ်ပြားမှ မပေးဘူး၊ အဲဒီကောင့်ကိုကျတော့ ခိုးပေးတယ်။ အဲဒီကောင်က လက်ထဲ ပိုက်ဆံရှိတော့ ပိုပြီးတောင် ဘဝင်မြင့်နေသေးတယ်လေ။"

ယွီမေကျွမ်းသည် မိမိကိုယ်မိမိ အလွန်ပင် ကံဆိုးသူဟု ခံစားနေရသည်။ ချန်ချင်းယွီမှာလည်း ရက်စက်သော ယောက္ခမနှင့် ကြုံနေရသဖြင့် အခြေအနေ မကောင်းသော်လည်း အနည်းဆုံးတော့ ကျေးလက်သို့ ဆင်းစရာမလိုကာ၊မောင်ဖြစ်သူကိုလည်း ပြုစုစောင့်ရှောက်နေစရာ မလိုပေ။

"သူက ငါ့မောင်ဆိုတာ လူတိုင်းသိနေတော့ အကူအညီလိုရင် ငါ့ဆီပဲ လာကြတာ။ ငါကလည်း ငြင်းလို့မရဘူးလေ! မဟုတ်ရင် မိသားစုအချင်းချင်း မငဲ့ညှာဘူးဆိုပြီး အပြောခံရဦးမယ်၊ အဲဒီလို နာမည်မျိုးနဲ့ဆိုရင် ရွာမှာ နေရတာ ပိုတောင် ခက်ခဲဦးမယ်။ အခုလည်း အိမ်ထောင်ဖက်တွေ့ဖို့ အခွင့်အရေးရလို့ မြန်မြန်ပြန်လာခဲ့တာကို ဘာဖြစ်သွားလဲ ကြည့်ဦး! ငါက လိမ်ချင်လို့ လိမ်တာလား? ကျေးလက်က ပင်ပန်းတဲ့ဘဝကနေ လွတ်မြောက်ချင်လို့ပေါ့! ပြီးတော့ လိမ်ဖို့ကလည်း ငါ့အကြံမဟုတ်ဘူး၊ ငါက သူတို့ခိုင်းတာ လုပ်တာ။ အခုတော့ ငါ့ကို ပြန်လွှတ်လိုက်ပြီ၊ ရွာကိုတောင် စာပို့လိုက်ကြသေးတယ်။ ငါ့မှာ သူတို့ဆီ ပြန်လာလည်ဖို့ အခွင့်အရေးတောင် ရှိတော့မှာ မဟုတ်ဘူး။ တောက်... ငါ ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ! တောက်!"

ယွီမေကျွမ်းသည် ကျိန်ဆဲရင်း ပို၍ ဒေါသထွက်လာပြီး မိမိကိုယ်မိမိ ကမ္ဘာပေါ်တွင် အဆိုးဆုံးလူဟု ခံစားနေရဟန်ပေါ်၏။

ချန်ချင်းယွီသည် သူမထက် အသက်ကြီးသူ သွေးမတော်သားမစပ် အစ်မမှာ တရှူးရှူးတရှားရှားဖြင့် ညည်းညူနေသည်ကို ကြည့်ကာ အဘွားကြီးကျောက်အား လှမ်းကြည့်လိုက်သည်။ နှစ်ဦးလုံးမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေမိကြ၏။ ကြည့်ရသည်မှာ ကျေးလက်မှ ဘဝသည် ယွီမေကျွမ်းအား အမှန်တကယ်ပင် စိတ်တုန်လှုပ်ခြောက်ခြားစေခဲ့ပုံရသည်။

ယွီမေကျွမ်း ဆက်၍ မြည်ကြွေးနေပြန်၏။

"အမေလည်း အတူတူပဲ၊ အမြဲတမ်း ဘက်လိုက်တယ်။ သူ့မျက်လုံးထဲမှာ သားပဲ ရှိတာ။ ငါ့အလုပ်ကို သိမ်းပြီး သူ့ကို ပေးလိုက်တယ်၊ ငါ့ကိုကျတော့ တစ်ပြားမှ မပေးဘူး။ ဒါ ငါ့ကိုယ်ပိုင်အလုပ်လေ! ငါ့ကို ဘာလို့ ဒီလို လုပ်ကြတာလဲ! အဝတ်အစား အဟောင်းလေး တစ်ထည်နှစ်ထည် ပို့ပေးပြီးတော့ ငါ့အပေါ် ကောင်းလှပြီ ထင်နေကြတာလား? အဲဒါတွေက နင့်အဝတ်အစား အဟောင်းတွေဆိုတာ ငါ မသိဘူး ထင်နေလား၊ ငါ့ကို အသစ်တစ်ထည်တောင် မပေးဘူး။ ပိုက်ဆံလည်း တစ်ပြားမှ မပေးဘူး! အခုဆို အလုပ်တစ်ခုရဖို့က တစ်ထောင်လောက် ပေါက်နေတာ မဟုတ်လား? ပိုက်ဆံရှိရင်တောင် ဝယ်လို့ရတာ မဟုတ်ဘူး၊ ဘယ်သူမှ မရောင်းကြဘူးလေ! ဒါကို သူတို့က ငါ့ကိုကျတော့ ဘာမှ မပေးဘူး။"

ချန်ချင်းယွီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ လမ်းဘေးတွင် ကျောက်တုံးအချို့ကို တွေ့လိုက်ရ၍

"ကဲ... လာကြ၊ ဟိုမှာ ထိုင်ပြီး စကားပြောရအောင်"

ယွီမေကျွမ်းနှင့် အဘွားကြီးကျောက်တို့လည်း အတူတူ လျှောက်သွားပြီး သုံးဦးသား ထိုင်လိုက်ကြသည်။ ချန်ချင်းယွီ ယွီမေကျွမ်းကို ကြည့်ကာ

"နင် ငါ့အဘိုးအဘွားတွေကို သတင်းပေးနေတာ ဒီလောက်တောင် ကြာပြီကို ငါ့အဖေနဲ့ နင့်အမေက ဘယ်လိုလုပ် မသိကြတာလဲ?"

"သူတို့ မသိပါဘူး!"

သူမသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"ငါ သတင်းပေးတာကို သူတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ? ငါက နင်လို အူတူတူမှ မဟုတ်တာ၊ နင်ကတော့ ငယ်ငယ်ကတည်းက အူကြောင်ကြောင် အတတပဲ။"

ချန်ချင်းယွီ၏ နှုတ်ခမ်းများ တွန့်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ထားလိုက်ပါတော့... ထားလိုက်ပါတော့...

ငါ သူ့အဆင့်အထိ လိုက်ပြီး စကားများဖို့ မတန်ပါဘူး!!

အဓိက ကိစ္စကိုပဲ ဆက်ပြောရအောင်။

သူမ စိတ်ထဲမှ တွေးလိုက်ပြီး ခပ်ရွဲ့ရွဲ့ပင် ပြောလိုက်၏။

"အော်... နင်က ငယ်ငယ်ကတည်းက ဒီလို အလုပ်တွေ လုပ်လာတာဆိုတော့ အခုဆို ပိုက်ဆံတွေ အတော်စုမိနေလောက်ပြီပေါ့။ ဘာလို့ အခုလို ဘဝမျိုးနဲ့ နေနေရတာလဲ?"

ယွီမေကျွမ်း ပြန်လည် တုံ့ပြန်ကာ

"ငါ့မှာ ဘာပိုက်ဆံ ရှိမှာလဲ? နင်ကတော့ အများကြီး ထင်နေမှာပေါ့၊ တကယ်တမ်းကျတော့ လောက်ငှတာ မဟုတ်ဘူး! နင့်အဘိုးအဘွားတွေက နင့်ကို အားလပ်ရက်မှပဲ ခေါ်သွားကြတာ၊ ပြန်လည်း မပို့ကြဘူး။ နင် မရှိတဲ့အချိန်မှာ ငါက ဘာကို သတင်းသွားပေးရမှာလဲ? ဦးလေးချန်တို့က အဘိုးနဲ့ အဘွားကျန်းအကြောင်း မကောင်းပြောတာမျိုးကတော့ ရှိတာပေါ့၊ ဒါပေမဲ့ ဒါက ကိစ္စကြီးမှ မဟုတ်တာ။ နင့်အဘွားက အဲဒီလောက်လေးနဲ့တော့ ငါ့ကို ပိုက်ဆံမပေးဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ပိုက်ဆံအချို့ ရခဲ့တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီတုန်းက ငါက ငယ်သေးတော့ စားချင်သောက်ချင်တာနဲ့ပဲ အကုန်သုံးပစ်လိုက်တာပေါ့။ အကြီးမားဆုံးကတော့..."

သူမ သက်ပြင်းချ၍

"အကြီးမားဆုံး ရခဲ့တာက ငါ့အလုပ်ပေါ့။ ဒါပေမဲ့ ငါ အလုပ်စဝင်တော့ အမေက ငါ့ကို ငါးယွမ်ပဲ ပေးတယ်၊ ကျန်တာအကုန်လုံးကို အိမ်ကို အပ်ရတာ။ ကိုယ့်အမေနဲ့ကိုယ် ဆိုတော့လည်း မငြင်းသာဘူးလေ။ နောက်တော့ ငါ့အလုပ်ကိုလည်း သိမ်းသွားကြရော ငါ့မှာ ဘာမှ မကျန်တော့ဘူး။ နင်ပဲ ကြည့်လေ၊ ငါ့မှာ ဘာပိုက်ဆံ ရှိနိုင်ဦးမှာလဲ?"

ထို့နောက် ယွီမေကျွမ်းသည် ချန်ချင်းယွီအား တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာသကဲ့သို့ အမူအရာမျိုးဖြင့် ကြည့်ကာ ပြောလိုက်၏။

"ဒါနဲ့... နင်သာ အထက်တန်းကို ခြောက်လလောက် စောပြီး အောင်ခဲ့ရင်၊ ပြီးတော့ နင့်အဘိုးအဘွားတွေလည်း မဆုံးသေးဘူးဆိုရင် သူတို့ နင့်အတွက် အလုပ်တစ်ခု ရှာပေးနိုင်မှာ သေချာတယ်။ ဒါပေမဲ့ အခုတော့ နင်လည်း ဘာမှ မရခဲ့ဘူး မဟုတ်လား?"

ချန်ချင်းယွီ၏ အဘိုးအဘွားများမှာ ကွယ်လွန်ချိန်အထိ ကျေးလက်သို့ ဆင်းမသွားခဲ့ရသည်ကို ယွီမေကျွမ်း ကောင်းကောင်းသိသည်။ ထိုစဉ်က သူမ၏ အဖေအရင်းမှာ ချန်ချင်းယွီ တစ်ခုခု ရသွားမည်ကို အလွန်စိုးရိမ်သဖြင့် သူမအား မည်သည့်အရာကိုမျှ ထိခွင့်မပေးခဲ့ပေ။ ယွီမေကျွမ်းမှာ ထိုအချက်ကို ပြန်တွေးမိရင်း ပို၍ပင် လှောင်ပြုံးပြုံးလိုက်၏။

"နင် ဘယ်လောက် ကံဆိုးလဲ ကြည့်ဦး။ နင့်ကို ကြည့်ရတာ တကယ့်ကို နိမိတ်မကောင်းတဲ့သူ ကျနေတာပဲ။"

ချန်ချင်းယွီ ဘာမှပြန်မပြောဘဲ အဘွားကြီးကျောက်ကို တစ်ချက်

လှမ်းကြည့်လိုက်သည်။ အဘွားကြီးကျောက်မှာ ယွီမေကျွမ်း၏ ကျောကို နောက်တစ်ချက် ဆော်လိုက်ရာ သူမမှာ မြေကြီးထဲ စိုက်ဝင်သွားလုနီးပါးပင်။

"သူက ငါ့မိသားစုဝင်ဟဲ့။ ငါပဲ နှိပ်စက်လို့ရတယ်၊ နင်ကတော့ လာမလုပ်နဲ့!"

ယွီမေကျွမ်းမှာ နာကျင်လွန်းသဖြင့် မျက်နှာရှုံ့မဲ့သွားကာ စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း ထွက်မသွားသေးပေ။

နာကျင်သော်လည်း သူမမှာ အလွန်ပင် စိတ်မွန်းကျပ်နေပြီး စကားပြောဖော်ပြောဖက် ရခဲလှသည့်အတွက် ထွက်မသွားနိုင်ပေ။

ချန်ချင်းယွီ : "ငါ့အဘိုးအဘွားတွေ မဆုံးခင်က ငါ့အဖေက သူတို့ကို ထပ်ပြီး ကြံစည်ဖို့ လုပ်နေသေးတာလား? အဲဒီတစ်ခေါက်ကျ နင် သတင်းမပေးဘူးလား?"

ယွီမေကျွမ်း စိတ်လှုပ်ရှားစွာဖြင့် ပြန်ပက်လိုက်ကာ

"ငါက သတင်းမပေးဘဲ နေမလားဟဲ့! ပေးတာပေါ့! ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို ငါက ဘာလို့ လက်လွှတ်ရမှာလဲ? နင့်အဘွားကဆိုရင် သူ့လက်က ရွှေလက်ကောက်ကိုတောင် ချွတ်ပြီး ငါ့လက်မှာ စွတ်ပေးခဲ့တာ။ ပြီးတော့ ငါ့ကို စက်ရုံရုံးခန်းဘက် ရာထူးတိုး အပြောင်းအလဲဖြစ်အောင် အရာရှိတွေကတစ်ဆင့် ကြိုးစားပေးမယ်လို့တောင် ပြောခဲ့သေးတယ်။ ဒါပေမဲ့ သူတို့က ဒီလောက် ကံဆိုးသွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ? ရက်ပိုင်းအတွင်းမှာပဲ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ပြီး ဆုံးသွားကြတာလေ။ မီးသွေးတွေ ဖိုနေတာကို လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်လေးတောင် မဖွင့်ထားကြဘူး! မိုက်မဲလွန်းတယ် မဟုတ်လား? နောက်ဆုံးတော့ ငါကသာ သူတို့ကို ကူညီခဲ့ရတာ၊ အကျိုးအမြတ် အကြီးကြီးတွေကိုတော့ ဘာမှ မရလိုက်ဘူး! အလုပ်ပြောင်းဖို့ကိစ္စလည်း ပျက်သွားတာပေါ့!"

ယွီမေကျွမ်းမှာ ဒေါသတကြီး ဖြစ်နေ၏။ သူမ၏ ကြိုးစားအားထုတ်မှုအားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရပြီ။

ချန်ချင်းယွီ: "..."

ယွီမေကျွမ်း: "ငါ့ရဲ့ တောက်ပမယ့် အနာဂတ်ကြီး! ငါ... အား!”

သူမ ရုတ်တရက် ခုခံကာကွယ်သည့် လေသံဖြင့်

"ဒီရွှေလက်ကောက်က နင့်အဘွားကိုယ်တိုင် ငါ့ကို ပေးခဲ့တာနော်။ နင် ပြန်ယူလို့ မရဘူး။ မဟုတ်ရင်တော့ အသက်ချင်းလဲပစ်မှာ"

၎င်းမှာ သူမ၏ တစ်ခုတည်းသော အားကိုးရာနှင့် ယုံကြည်ချက် လက်ကျန်လေး ဖြစ်နေသောကြောင့်ပင်။

ချန်ချင်းယွီ: "သူတို့က နင့်ကို ပေးခဲ့တာဆိုတော့လည်း ငါက မလိုချင်ပါဘူး။"

ဘာပဲဖြစ်ဖြစ် ယွီမေကျွမ်းက သတင်းပေးခဲ့သည် မဟုတ်ပါလား…

သို့သော် ချန်ချင်းယွီသည် အလုပ်ပြောင်းပေးမည်ဆိုသော သူမအဘွား၏ စကားကိုမူ မယုံကြည်ပေ။ သူမ၏ အဘိုးအဘွားများမှာ သာမန်ဆရာ၊ ဆရာမများသာ ဖြစ်ကြသည်။ သူတို့မိသားစု ချမ်းသာသည်မှာ မျိုးရိုးစဉ်ဆက် ကြွယ်ဝခဲ့ခြင်းကြောင့်သာ ဖြစ်ပြီး သြဇာအာဏာကြီးမား၍ မဟုတ်ပေ။ ထိုစဉ်က ပညာတတ်များမှာ အသက်ရှင်ရပ်တည်နိုင်ရန်ပင် မနည်းရုန်းကန်နေရချိန် ဖြစ်၏။

သူမ၏ အဘွားမှာ ယွီမေကျွမ်းကို လှည့်ဖြားခဲ့ခြင်း ဖြစ်မည်ဟု သူမ ခံစားမိလိုက်သည်။

သို့သော် ချန်ချင်းယွီသည် ထိုအကြောင်းကို ယခုတစ်ကြိမ်တွင် ထုတ်မပြောတော့ပေ။ သူမသည် မေးထောက်ကာ သက်ပြင်းချရင်း

"ငါ သူတို့ကို လွမ်းတယ်"

ယွီမေကျွမ်းသည်လည်း မှိုင်မှိုင်တွေ့တွေ့ဖြင့်

"ငါကရော မလွမ်းဘူး ထင်နေလား?"

သူတို့က သူမကို တကယ်ပဲ ပိုက်ဆံပေးခဲ့ကြသည် မဟုတ်ပါလား…

သူမ ငယ်ငယ်က ချန်ချင်းယွီ အဆူခံရ၊ အရိုက်ခံရလျှင် အလွန်ပျော်ခဲ့သည်။ အကြောင်းမှာ ထိုသို့ဖြစ်တိုင်း သူမ တိတ်တိတ်လေး အပြင်ထွက်ကာ သတင်းသွားပေးနိုင်သောကြောင့်ပင်။ ထိုအဘိုးကြီး၊ အဘွားကြီးများမှာ သူမကို တကယ်ပင် ပိုက်ဆံပေးခဲ့ကြသည်။ မြေးမိန်းကလေး တစ်ယောက်ကို သူတို့ အဘယ်ကြောင့် ဤမျှအထိ ဂရုစိုက်နေကြသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

ထိုစဉ်က ယွီမေကျွမ်းမှာ တကယ်ပင် မနာလိုဖြစ်ခဲ့ရ၏။

သူမ၏ ကိုယ်ပိုင် အဘိုးအဘွားများမှာ သူမကို တစ်ခါမျှ ဂရုမစိုက်ခဲ့ကြဖူးပေ။ ထို့ကြောင့်ပင် ဦးလေးချန်နှင့် သူမအမေ ချန်ချင်းယွီအား နှိပ်စက်သည်ကို သူမ ပို၍ပင် လိုလားခဲ့သည်။ ၎င်းမှာ သူမအတွက် ဒေါသဖြေရာလည်း ရောက်ပြီးအကျိုးအမြတ်လည်း ရစေခဲ့၏။

တစ်ခုတည်းသော အားနည်းချက်မှာ ချန်ချင်းယွီ၏ မိခင်ဘက်မှ အဘိုးအဘွားများသည် သူမကို အချိန်အကြာကြီး ခေါ်သွားလေ့ရှိခြင်းပင်။

ဟူး!

ချန်ချင်းယွီမှာ သူမ၏ မိခင်ဘက်မှ အဘိုးအဘွားများနှင့်အတူ ကြီးပြင်းလာခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ထိုအကျိုးအမြတ်များမှာ အမြဲတမ်းမဟုတ်သည့်တိုင် ဆယ်နှစ်ကျော်တိုင်အောင် ပုံမှန်ရရှိခဲ့သဖြင့် သူမ တကယ်ပင် အကျိုးခံစားခဲ့ရ၏။

ယွီမေကျွမ်းသည် ဦးလေးချန်နှင့် သူမအမေတို့၏ အစီအစဉ်အချို့ကိုလည်း အဘွားကျန်းထံ တိတ်တိတ်လေး ပြောပြခဲ့ဖူးသည်။ ထို့ကြောင့် ချန်ချင်းယွီမှာ လူမုန်းများသော်လည်း အမှန်တကယ် ဒုက္ခရောက်ခြင်းမျိုး မရှိခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူမက သတင်းပေးရမည်ကို သိသလို၊ အကူအညီလည်း ရခဲ့သည် မဟုတ်ပါလား!

ယွီမေကျွမ်း : "နင်ကတော့ ကံကောင်းလိုက်တာ။ ငယ်ငယ်တုန်းက အဘိုးအဘွားတွေရဲ့ ကာကွယ်မှု ရခဲ့သလို၊ အခု သူတို့မရှိတော့ပြန်တော့လည်း စောစောစီးစီး အိမ်ထောင်ကျပြီး ကျေးလက်ဆင်းရမယ့်ဘဝက လွတ်သွားပြန်ရော။ ငါကတော့ ရွာမှာ ဒုက္ခရောက်ရသလို၊ ဟို ဒုတိယမောင် ပြဿနာတွေကိုလည်း ဖြေရှင်းပေးနေရသေးတယ်။ ငါပဲ တကယ် ကံဆိုးတာပါ"

သိသာလှသည်မှာ သူမသည် ချန်ချင်းယွီထက် အိမ်တွင် ပိုမိုကောင်းမွန်စွာ နေခဲ့ရသော်လည်း သေချာပြန်စဉ်းစားကြည့်သောအခါ သူမကိုယ်တိုင်သာ ဒုက္ခရောက်နေသူ ဖြစ်နေသည်ကို သိလိုက်ရခြင်းပင်!

"ငါ တကယ် ကံဆိုးတာပါ၊ နင် ယုံမှာတောင် မဟုတ်ဘူး။ ဟို ဒုတိယမောင်က တကယ့် လူယုတ်မာပဲ! တောက်... တကယ့် အမှိုက်ကောင်..."

ယွီမေကျွမ်းသည် သူမ၏ "ချစ်လှစွာသော" မောင်လေးကို ဒေါသတကြီး ကျိန်ဆဲရင်း

"သူက အဖျင်းကောင်ပဲ! သူတို့က အမြဲတမ်း ငါ့ကိုပဲ သူ့ကို စောင့်ရှောက်ခိုင်းနေတာ။ ငါ့ဖင်ကြီးကိုပဲ စောင့်ရှောက်! ပိုက်ဆံကျတော့ တစ်ပြားမှ မပေးဘဲ လူကိုကျတော့ ပြုစုခိုင်းချင်သေးတယ်! ဦးလေးချန်က နင့်အဘိုးအဘွားတွေဆီကနေ ပိုက်ဆံတွေ အများကြီး နှိုက်ထားတာ ငါ လောင်းရဲတယ်။ မဟုတ်ရင် သူတို့ ဘယ်က ပိုက်ဆံနဲ့ ဒီလောက် ကြွားနိုင်မှာလဲ? နင်ပဲ ကြည့်လေ! ဟားဟား၊ သူ့လစာက တစ်လမှ လေးဆယ်ကျော်ပဲ ရှိတာ။ ဝမ်တာ့ချွေလောက်တောင် မရှိဘူး။ ငါက မသိဘူး ထင်နေလား?"

ချန်ချင်းယွီ: "နင်ကတော့ စိတ်ထဲရှိတာတွေ အကုန်ပြောနေတော့တာပဲ။"

ယွီမေကျွမ်း: "ဟက်! ဘာပဲဖြစ်ဖြစ် ငါ မကြာခင် ထွက်သွားရတော့မှာ။ မနက်ဖြန် မနက်စောစော ရထားစီးရမယ်။ ဒီတစ်ခါ မြို့ကို လာလည်ရတာ ပြဿနာတွေ အတော်တက်ခဲ့တော့ နောက်တစ်ခါ ပြန်လာနိုင်ဦးမလားတောင် မသိဘူး။ ဘယ်တော့ ပြန်လာရမလဲဆိုတာလည်း ငါ မသိဘူး။ တောက်... ငါ သူတို့ကို ဂရုမစိုက်ဘူး! သူတို့ ဒုက္ခရောက်နေတာကမှ ပိုကောင်းသေးတယ်။"

သူမသည် သူမ၏ ကံကြမ္မာကို လုံးဝ လက်လျှော့လိုက်ပြီ ဖြစ်၏။

"ငါ့ကို လိမ်ခိုင်းတာ အမေ့အကြံဆိုတာ သိသာနေတာပဲ။ ဒါပေမဲ့ ရဲစခန်းရောက်တော့ အပြစ်အားလုံးကို ငါ့ခေါင်းပေါ် ပုံချလိုက်တယ်! အဲဒါမျိုးကို အမေလို့ ခေါ်နိုင်ပါ့ဦးမလား? ငါ့ကို အချစ်ဆုံးပါလို့တောင် ပြောသေးတယ်။ အေးလေ၊ နင့်ထက်တော့ ငါ့ကို ပိုကောင်းကောင်း ဆက်ဆံတာပေါ့၊ ဒါပေမဲ့ ဒါကလည်း ဖြစ်သင့်တာပဲလေ။ ငါက သူ့သမီးအရင်းပဲ၊ နင်ကမှ မဟုတ်တာ! ဒါပေမဲ့ သူ ငါ့ကိုပေးတာက နင့်အဝတ်အစား အဟောင်းလေးတွေပဲလား? သူက သူ့သားကိုပဲ ဂရုစိုက်တာ။ သား... သား... သား!"

ယွီမေကျွမ်းတစ်ယောက် ဒေါသထွက်နေသော မိန်းမကြီးအဖြစ်သို့ ပြောင်းလဲသွားကာ

"ငါ ကြည့်ဦးမယ်။ ဒါမှ အဆင်မပြေရင် ရွာထဲက တစ်ယောက်ယောက်နဲ့ပဲ လက်ထပ်လိုက်တော့မယ်၊ မဟုတ်ရင်တော့ ငါ အလုပ်လုပ်ရင်းနဲ့ပဲ သေသွားလိမ့်မယ်။ ငါ့ကိုလည်း ကြည့်ဦး၊ လှပတဲ့ မိန်းမပျိုလေး တစ်ယောက်က ဒီလို ညှိုးနွမ်းသွားရတာ။ ငါ သိတာကတော့ လယ်အလုပ်တွေက တကယ်ကို ပင်ပန်းလွန်းတယ် ဆိုတာပဲ"

ချန်ချင်းယွီမှာ ဂရုမထားသော လေသံဖြင့်

"နင်က အရင်တုန်းကလည်း ငါ့လောက် မလှပါဘူး"

ယွီမေကျွမ်း : "ဘယ်သူပြောလဲ? ငါ လှတယ်!"

ချန်ချင်းယွီ ပုခုံးတွန့်ပြလိုက်၏။

ယွီမေကျွမ်း: "ငါက မြို့သားတစ်ယောက်နဲ့ လက်ထပ်ပြီး မြို့မှာပဲ နေချင်တာက မှားလို့လား? ငါက မြို့မှာ ကြီးလာတာလေ၊ ရွာက ဘဝမျိုးနဲ့ ဘယ်လိုမှ အသားမကျနိုင်ဘူး။ အခုဆို ငါးနှစ်နီးပါး ရှိတော့မယ်။ အစကတော့ ပင်ပန်းလွန်းလို့ အသားမကျခဲ့တာ၊ နောက်မှ မနည်း နေသားကျသွားတာ။ အဲဒါကိုမှ ငါ့ဒုတိယမောင်က ပါလာပြန်ရော၊ ငါက ဒီဝန်ထုပ်ဝန်ပိုးကြီးကို ဆွဲထားရဦးမယ်။ တောက်... ငါတစ်ယောက်တည်း ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ?"

ချန်ချင်းယွီ ဘာမှ ပြန်မပြောပေ။ သူမ ဘာပြောနိုင်မည်နည်း။ ယွီမေကျွမ်းအား မြို့ကို ပြန်လာခွင့်ပေးရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း ထိုမျှအထိ မကောင်းလှပေ။ ယွီမေကျွမ်း၏ အလုပ်အကြောင်း သိချင်၍သာ ယခုကဲ့သို့ သီးသန့် စကားပြောဖြစ်ခဲ့ခြင်း ဖြစ်၏။

"နင်က ကျေးလက် ဘယ်နေရာကို ရောက်သွားတာလဲ?"

"ကျိလင် "

ယွီမေကျွမ်း: "ငါနေတဲ့ ရွာကနေ မြို့ကို သွားဖို့တောင် လမ်းလျှောက်ရင် သုံးနာရီ ကြာတယ်။ တောင်ပေါ်မှာ တောကောင်လေးတွေ ရှိပေမဲ့ ငါက ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ! ဒီဘဝကတော့ တကယ်ကို..."

ချန်ချင်းယွီသည် ယွီမေကျွမ်း၏ မြည်တွန်သံများကို အနှောင့်အယှက်မပေးဘဲ နားထောင်နေရင်း၊ ထိုစဉ်က အိမ်ထောင်ပြုရန် ဆုံးဖြတ်ချက်ချခဲ့သည်မှာ တကယ်ပင် မှန်ကန်ခဲ့ကြောင်း တွေးမိကာ သက်ပြင်းချလိုက်သည်။

တော်သေးတာပေါ့!

ယွီမေကျွမ်း: "မြို့ပြဘဝက တကယ် ကောင်းတာပဲ၊ နှမြောစရာကောင်းလိုက်တာ၊ ငါ ရွာကို ပြန်သွားရတော့မယ်။"

ချန်ချင်းယွီ: "နင် ငယ်ငယ်တုန်းက ကိုယ့်အကျိုးစီးပွားအတွက် ငါ့အဘွားနဲ့တောင် ချိတ်ဆက်နိုင်ခဲ့တာပဲ၊ အခုကျတော့ ကိုယ့်အတွက်ကိုယ် အစီအစဉ်ဆွဲဖို့ ဉာဏ်မသုံးနိုင်တော့ဘူးလား? ကြည့်ရတာ နင်က ငယ်ငယ်တုန်းကလောက် မစွမ်းတော့ဘူး ထင်တယ်"

ယွီမေကျွမ်း: "..."

၎င်းမှာ အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

သူမက နှာခေါင်းရှုံ့ကာ

"ကိုယ့်ဟာကိုယ်သာ ဂရုစိုက်စမ်းပါ"

ချန်ချင်းယွီ: "ဘယ်သူကရော နင့်ကို ဂရုစိုက်နေလို့လဲ၊ ဟဟ"

ချန်ချင်းယွီ ယွီမေကျွမ်းကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပြီး အထင်သေးသည့်အမူအရာဖြင့် ဆိုလိုက်သည်။

"နင်က လူတွေကို လိမ်ညာပြီး လက်ထပ်ဖို့ကျတော့ တတ်နိုင်ပြီး၊ ပြန်ပြောဖို့ကျတော့ မတတ်နိုင်ဘဲ မြည်တွန်ရုံပဲ တတ်တာလား? ဟား! နင်က အပြောပဲရှိပြီး အလုပ်မရှိတဲ့ကောင်မပဲ!"

ထိုသို့ပြောပြီးနောက် သူမသည် ထိုင်ရာမှထကာ တင်ပါးကို ပုတ်၍ ထွက်သွားလေ၏။

ယွီမေကျွမ်း : "အမလေး... နင်က သွားတော့မလို့လား?"

"မသွားလို့ နင့်ရဲ့ ပွစိပွစိ ပြောနေတာတွေကို ထိုင်နားထောင်နေရမှာလား? တကယ့် ငတုံးမပဲ!"

အဘွားကြီးကျောက်မှာ ခနဲ့လိုက်၏။

သူမ ခါးထောက်လျက် ယွီမေကျွမ်းကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်ကာ

"နင်က အိမ်ထောင်ရေးလိမ်လည်မှုတွေတောင် လုပ်ရဲတယ်ဆိုတော့ တော်လှပြီ ထင်နေတာ၊ တကယ်တမ်းကျတော့လည်း ဒီလောက် သနားစရာကောင်းတဲ့ကောင်မ ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး၊ ဟား!"

ဤအပြောမှာ ချန်ချင်းယွီ၏ အပြစ်တင်စကားများနှင့် အတော်ပင် တူနေပေသည်။ အဘွားကြီးကျောက်သည် နှာခေါင်းရှုံ့ကာ အပြေးတစ်ပိုင်း လျှောက်သွားပြီး ချန်ချင်းယွီ၏ဘေးတွင် ယှဉ်တွဲ၍ ထွက်ခွါသွားကြ၏။

အဘွားကြီးကျောက် : "သူ့အစွမ်းနဲ့ဆိုရင်တော့ ပါးစပ်ပိတ်အောင် လုပ်ဖို့ ပါးရိုက်ဖို့တောင် မလိုပါဘူး။ တကယ်ကို အသုံးမကျတဲ့ကောင်မပဲ။ ငါတောင် လက်ဖျားနဲ့ ထိရမှာ ရှက်သေးတယ်။ ဒါမျိုးက ကြက်သတ်ဖို့ ဆင်သတ်တဲ့ဓား သုံးစရာတောင် မလိုတဲ့ကောင်မမျိုး"

ယွီမေကျွမ်း ဤမျှအထိ အသုံးမကျလိမ့်မည်ဟု ချန်ချင်းယွီ မမျှော်လင့်ထားသော်လည်း တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျှင် သူမမှာ ကျေးလက်တွင် ဒုက္ခအတော်ခံခဲ့ရသဖြင့် ဆက်၍ မခံနိုင်တော့ခြင်းလည်း ဖြစ်နိုင်ပေသည်။ လူသားဆိုသည်မှာ နုနယ်ကြသည်မဟုတ်ပါလား၊ အခက်အခဲနှင့် ကြုံလျှင် ပြိုလဲသွားတတ်ကြစမြဲပင်။

ယွီမေကျွမ်းလို အဆင့်မျိုးဆိုရင်တော့ ငါ့ တစ်ချက်ကန်လိုက်တာနဲ့တင် လွင့်ထွက်သွားမှာ သေချာတယ်!

ချန်ချင်းယွီ တွေးကာ ခပ်ဟဟ ရယ်မောရင်း ငြိမ်နေလိုက်သည်။

အမှန်စင်စစ် သူမကိုယ်တိုင် လက်ပါ၍ မဖြစ်ပေ။ ထိုသို့လုပ်ပါက သူမ၏ ယခင်ပုံစံနှင့် အလွန်ကွာခြားသွားသဖြင့် ငယ်စဉ်ကတည်းက သိလာသော ယွီမေကျွမ်းမှာ သံသယဝင်သွားနိုင်ပေ၏။ အဘွားကြီးကျောက်ကို သုံး၍ ခြိမ်းခြောက်ခိုင်းခြင်းသည်သာ အသင့်တော်ဆုံးတည်း။

အဘွားကြီးကျောက် : "အို... မဟုတ်သေးပါဘူး၊ ပညာတတ်တွေက တကယ့်ကို ကောက်ကျစ်တာပဲလို့ ပြောတာ မမှားဘူး။ နင့်အဘိုးအဘွားတွေက နင့်ထက်တောင် ကောက်ကျစ်သေးတယ်။ နင့်မိထွေးရဲ့ သမီးကိုတောင် သူတို့အတွက် သတင်းပေးဖြစ်အောင် လှည့်စားထားနိုင်တယ်လေ! ဒါကို လူတွေက ငါ့ကိုကျတော့ လူဆိုးကြီးလို လိုက်ပြောနေကြတာ။ ငါကတော့ အသံပဲ ကျယ်တာပါ၊ တကယ်တမ်းကျတော့ ဟောင်တဲ့ခွေးက လူမကိုက်ပါဘူး"

ထို့နောက် အဘွားကြီးကျောက်မှာ

"သူတို့ မတော်တဆ ဆုံးသွားတာကပဲ ကံကောင်းတယ်လို့ ပြောရမယ်။ မဟုတ်ရင် သူတို့ရဲ့ ကောက်ကျစ်တဲ့ဉာဏ်နဲ့ဆိုရင် နင့်အတွက်ပါ တစ်ခုခု ကြိုတင်စီစဉ်ပေးခဲ့မှာ သေချာတယ်"

ချန်ချင်းယွီသည် ငယ်စဉ်က အဖြစ်အပျက်များကို သေချာပြန်စဉ်းစားကြည့်ရာ အမှန်တကယ်ပင် ထိုသို့ ဖြစ်ခဲ့ဖူးသည်။ ဖခင် သို့မဟုတ် မိထွေးဖြစ်သူတို့ ပြဿနာရှာတိုင်း အဘိုးအို ဇနီးမောင်နှံမှာ အချိန်မီ ရောက်လာတတ်ကြ၏။ အမှန်တကယ်၌ အဘိုးအဘွားများမှာ ချန်ချင်းယွီကို မွေးစားရန် အမြဲဆန္ဒရှိခဲ့သော်လည်း လူယုတ်မာ ချန်ရိကျွင်းက ခွင့်မပြုခဲ့ခြင်း ဖြစ်ကြောင်း သူမ မှတ်မိနေသည်။

သူသည် ချန်ချင်းယွီ၏ အုပ်ထိန်းခွင့်ကို လက်ကိုင်ထားခြင်းမှာ အဘိုးအဘွားများထံမှ အကျိုးအမြတ် ရလိုသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ အဘိုးအဘွားများမှာ ပညာတတ်များဖြစ်ကြပြီး ဂုဏ်သိက္ခာကို အလွန်

အလေးထားကြသူများဖြစ်သည့်အပြင် သူတို့မှာ ကြွယ်ဝချမ်းသာပြီးသား ဖြစ်၍ သူမကို မွေးစားလိုက်ပါက သူတို့၏ လူမှုအတန်းအစား ပြောင်းလဲသွားချိန်တွင် သူမအား ထိခိုက်မည်ကို စိုးရိမ်သောကြောင့်လည်း ထပ်မံ၍ အတင်းအကျပ် မတောင်းဆိုခဲ့ကြခြင်း ဖြစ်ပေသည်။

"နင် ဘာတွေ စဉ်းစားနေတာလဲ?"

ချန်ချင်းယွီ : "ဘာမှမဟုတ်ပါဘူး၊ သွားရအောင်"

ထိုသို့ဖြင့် နှစ်ဦးသား ထွက်ခွာသွားကြလေသည်။ ယွီမေကျွမ်းမှာ ဒေါသတကြီးဖြင့် မြေကြီးကို ဆောင့်ကန်ကာ

"သောက်ကောင်မတွေ! ငါ့ကို ရိုက်ပဲ ရိုက်ပြီးတော့ တစ်ပြားမှလည်း မပေးဘူး၊ မေးခွန်းတွေကျတော့ အစုံလိုက် မေးသွားကြတာ! ကပ်စေးနှဲတဲ့ လူဆင်းရဲမတွေ! ဒီအဘွားကြီးက ငါ့ကိုတောင် ရိုက်သွားသေးတယ်။ မိုးကြိုးပဲ ပစ်ချလိုက်ပါတော့လား? ငါက ဘာလို့ ရွာကို ပြန်သွားရမှာလဲ?! အား... အား!!!"

သူမသည် ကျိန်ဆဲရင်း လမ်းဘေးက ကျောက်တုံးများကို ကန်ကျောက်ကာ အိမ်သို့ ပြန်လာခဲ့သည်။

တောက်... မနက်ဖြန်ကျရင် ရွာကို ပြန်သွားရဦးမည် မဟုတ်ပါလား!

လက်ထပ်ဖို့ လူရှာရတာ ဘာလို့ ဒီလောက် ခက်နေရတာလဲ? ယောကျ်ားတွေဆိုတာ လက်ဖျောက်တစ်ချက် တီးလိုက်ရုံနဲ့ အနားကို ဝိုင်းလာကြတာ မဟုတ်ဘူးလား?

ရွာက အဘွားကြီးတွေ ပြောတာတွေက အလကား အပိုတွေချည်းပဲ!

ယောကျ်ားတွေက ဆွဲဆောင်ရတာ အဲဒီလောက် မလွယ်ဘူး… ငါသာ သူတို့ကို အထင်မသေးခဲ့ရင် ဒီလို အရှုံးမျိုးနဲ့ ကြုံမှာ မဟုတ်ဘူး။ ဒါတွေအားလုံးက ကြားခံပေးတဲ့ အောင်သွယ်တော်မာရဲ့ အမှားတွေပဲ!

သူက လူမှန်အောင် မရွေးပေးခဲ့လို့ပေါ့!

တောက်!

ယွီမေကျွမ်းမှာ ကျိန်ဆဲရင်း အိမ်ပြန်သွားပြီး ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့လည်း ရင်ထဲတွင် ပြောစရာများဖြင့် ပြည့်နှက်ကာ အိမ်သို့ ပြန်လာခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီ တစ်ခုတော့ သဘောပေါက်သွားပြီ ဖြစ်၏။ သူမ၏ ဖခင်အရင်းမှာ တကယ့်ကို လူအနတ္တပင်။

"နင့်အဘိုးအဘွားတွေ ယွီမေကျွမ်းကို ပေးခဲ့တဲ့ အလုပ်က အခု နင့်မောင်လေး လက်ထဲ ရောက်နေတာပေါ့၊ ဟုတ်လား?"

ချန်ချင်းယွီ ခေါင်းညိတ်ကာ

"ဟုတ်တယ်"

"အဲဒါကို ပြန်ရအောင် လုပ်လို့ရမလား?"

ချန်ချင်းယွီ အဘွားကြီးကျောက်ကို သေချာစိုက်ကြည့်ကာ ခေတ္တစဉ်းစားပြီးနောက်

"ကျွန်မ ထင်တာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

မည်သို့ပင်ဖြစ်စေ ဤအလုပ်မှာ သူမနှင့် ဘာမှမသက်ဆိုင်တော့ပေ။ ယွီမေကျွမ်းကိုယ်တိုင် သွားတောင်းလျှင်ပင် ပြန်ရနိုင်တော့မည် မဟုတ်။ စာရွက်စာတမ်းများမှာ အပြီးအပြတ် ဖြစ်သွားပြီဖြစ်သဖြင့် ထင်သလောက် မလွယ်ကူလှပေ။

ချန်ချင်းယွီ : "ဒီအလုပ်အကြောင်းကိုတော့ မတွေးပါနဲ့တော့။ ကျွန်မတို့မှာ ဘာအခွင့်အရေးမှ မရှိဘူး" ဟ

အဘွားကြီးကျောက် စိတ်မကောင်းဖြစ်သွားလေသည်။

တကယ်လို့ အဲဒီအဘိုးအို ဇနီးမောင်နှံသာ နောက်မှ ဆုံးခဲ့ရင် အခြေအနေတွေက တစ်မျိုး ဖြစ်နေမှာ မဟုတ်လား?

နှစ်ဦးသား အတူတူ လျှောက်လာကြစဉ် အဘွားကြီးကျောက်မှာ ထူးထူးခြားခြား ချန်ချင်းယွီအား နှစ်သိမ့်စကား ပြောလိုက်၏။

"သိပ်ပြီး မတွေးပါနဲ့တော့။ နင့်အဖေနဲ့ မိထွေးက လူကောင်းတွေ မဟုတ်ကြပေမဲ့ နင် ဒီမှာ နေရတာတော့ အဆင်ပြေသားပဲ။ ငါလည်း နင့်အပေါ် ကောင်းပါတယ်၊ ဟုတ်တယ်မလား?"

ချန်ချင်းယွီ အဘွားကြီးကို မယုံနိုင်သကဲ့သို့ ကြည့်ကာ

"အဘွားကြီး ရှင်နဲ့ဘယ်လိုများ အဲဒီလို ပြောနိုင်ရတာလဲ?"

ပြောရဲလိုက်တာ!!

အဘွားကြီးကျောက်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း ချက်ချင်းပင်

"အေးလေ၊ နင့်ယောကျ်ား ကျန့်ဝမ်ဆုံးသွားကတည်းက ငါ နင့်အပေါ် ကောင်းခဲ့တာပဲ မဟုတ်လား?"

"အဟက်! အဲဒါက ကျွန်မက ဘာမှ ဖုံးကွယ်မထားတော့လို့ပါ၊ မဟုတ်ရင် ရှင်က ကျွန်မအပေါ် အမြဲ အနိုင်ကျင့်နေမှာပဲ!"

ချန်ချင်းယွီ လှောင်ပြုံးဖြင့် ငေါ့ပြောလိုက်၏။

သူတို့နှစ်ဦး လမ်းကြားထဲသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

"အိမ်မပြန်ခင် အိမ်သာ ခဏသွားဦးမှ"

"ကောင်းပါပြီ။"

သူတို့ အိမ်သာထဲသို့ ဝင်လိုက်စဉ် ဘေးနားရှိ အမျိုးသားအိမ်သာမှ အသံများကို ကြားလိုက်ရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားကြသည်။

ပြောနေသူများမှာ အခြားသူမဟုတ်ဘဲ ရွှီကောင်းမင်နှင့် စကားစမြည် ပြောနေသော အဘိုးကြီးကျန်းတည်း။

သူတို့ ပြောနေသူမှာလည်း အခြားသူမဟုတ်ဘဲ အဘွားကြီးကျောက် အကြောင်းပင် ဖြစ်၏။

အဘိုးကြီးကျန်း : "ရွှီကြီးရာ... ဒီအဘွားကြီးက ဝင်းထဲမှာ အမြဲ ပြဿနာရှာပြီး လူပါးဝနေတာ၊ မာကျန့်ယိကလည်း ဂရုမစိုက်ဘူး။ မင်း ငါ့ကို အကြံပေးစမ်းပါ။ ငါက သိက္ခာရှိရှိ နေလာတဲ့သူပါ၊ ဒီအဘွားကြီးက ငါ့ကို အလကားနေရင်း စွပ်စွဲနေတာ။ သူက လူတကာကို လိုက်ပြောနေတာက ငါက သူ့ကို သဘောကျနေတယ်ဆိုပဲ။ ရှက်စရာကောင်းလိုက်တာ။ သူ့ကိုယ်သူ ဘယ်သူမှန်း မသိဘူးလား? ဒီလိုသာ ဆက်ဖြစ်နေရင် ငါ ဘယ်လိုလုပ် မျက်နှာပြရဲတော့မှာလဲ? မင်း ငါ့ကို အကြံကောင်းလေး တစ်ခုလောက် ပေးစမ်းပါဦး"

ရွှီကောင်းမင်မှာ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ

"မင်းကလည်း ဂုဏ်သိက္ခာကို အရမ်း အလေးထားလွန်းနေလို့ပါ။ သူကသာ ဆက်ပြီး လျှောက်ပြောနေရင် သူ့ကို ပါးနှစ်ချက်လောက်သာ ရိုက်လိုက်စမ်းပါ၊ အဲဒါဆိုရင် နောက်တစ်ခါ မင်းကို စွပ်စွဲရဲတော့မှာ မဟုတ်ဘူး။ မင်းက လူကောင်းတစ်ယောက်ပါ၊ သူက မင်းကို ရန်ငြိုးထားမှာ မဟုတ်ပါဘူး။ ငါ ထင်တာတော့ သူက မင်းကို ပြန်လက်ထပ်ချင်နေတာ နေမှာပါ။ ဘာပဲဖြစ်ဖြစ် မင်းက အလုပ်လည်းရှိ၊ အရွယ်ကလည်း မအိုသေး၊ လစာလည်း ရနေတဲ့ ကွာရှင်းပြီးလူလွတ် မဟုတ်လား။ သူက မင်းဆီက အခွင့်အရေး ယူချင်လို့ မင်းကို အကွက်ဆင်နေတာ ဖြစ်မှာပေါ့"

"သူ ဘာတွေ တွေးနေလဲဆိုတာ ငါ သိတာပေါ့၊ ဒါပေမဲ့ သူ့ရုပ်ကိုရော သူ မကြည့်ဘူးလား? ငါနဲ့ တန်လို့လား? ငါ ငယ်ငယ်တုန်းက တကယ့် လူချောကွ။ ငါက ငါ့မိန်းမဟောင်း အဘွားကြီးဟွမ်နဲ့ ကွာရှင်းခဲ့တာက အခြေအနေတွေ မဟန်လို့ပါ၊ သူ့လို အဘွားကြီးကို ပြန်ယူဖို့ မဟုတ်ဘူး။ သူ့လို မိန်းမနဲ့ ပတ်သက်ရတဲ့သူကတော့ တကယ့် အရှက်ရစရာပဲ။ ငါတော့ တကယ်ကို မတရား ခံနေရတာ"

အဘိုးကြီးကျန်းမှာ အဘွားကြီးကျောက်ကို အလွန်ပင် စိတ်တိုနေလေသည်။ သူသည် သူမကို ပြန်တိုက်ခိုက်ချင်သော်လည်း အနိုင်ရမည် မဟုတ်ကြောင်း သိနေ၏။ သူသည် သန်မာသဖြင့် အသာစီးရနိုင်သည် ဆိုသော်လည်း အထိအခိုက်တော့ ရှိမည်မှာ သေချာသည်။ ဤအဘွားကြီးမှာ ရန်ဖြစ်လျှင် အလွန်ကြမ်းတမ်းလှပြီး၊ ထို့အပြင် ရှုံးနိမ့်သွားလျှင်လည်း ပို၍ပင် ဇွဲနပဲကြီးစွာဖြင့် ပြန်လာတတ်၏။ သူ တကယ်ပင် ကြောက်နေမိသည်။

"ညီကိုရာ... ငါ့လို ယောကျ်ားကြီးတန်မဲ့ သူ့ကို သွားရိုက်ဖို့ကျတော့လည်း မကောင်းဘူးလေ။ မင်း ငါ့ကို နည်းလမ်းလေး တစ်ခုလောက် စဉ်းစားပေးပါဦး။ သူ့ကို သင်ခန်းစာပေးနိုင်ပြီး နောက်တစ်ခါ စကား လျှောက်မပြောရဲအောင် လုပ်နိုင်ရင်တော့ ရှေ့လျှောက် ဝင်းထဲမှာ ဘာကိစ္စပဲရှိရှိ ငါ မင်းဘက်က ရပ်တည်ပေးမယ်။ မာကျန့်ယီကိုတော့ ငါ ဂရုမစိုက်ဘူး"

အဘိုးကြီးကျန်း ဆိုလိုက်လေသည်။

အဘိုးကြီးကျန်းသည် ရွှီကောင်းမင်မှာ အလွန်ကောက်ကျစ်သူမှန်း သိထားသဖြင့် သူ၏အကူအညီကို အထူးတလည် ရယူလိုခြင်း ဖြစ်၏။

ရွှီကောင်းမင်တစ်ယောက် မိမိကိုယ်မိမိ အတော်လေး ကျေနပ်နေပုံဖြင့် ဘဝင်လေဟပ်ကာ

"ကျန်းကြီးရာ... ဒါတွေ ပြောမနေပါနဲ့တော့။ မင်း ဘယ်လိုလူလဲဆိုတာ ငါသိပါတယ်။ မင်းက ငါ့ဘက်က မရပ်တည်ပေးရင်တောင် ကူညီသင့်ရင် ငါကူညီမှာပါ။ ဒါပေမဲ့ ဒီအဘွားကြီးက တကယ့်ကိုအကျိုးအကြောင်း မရှိတဲ့သူဆိုတော့ သူ့ကို ရန်သွားစရမှာ ငါနည်းနည်းတော့ တွန့်ဆုတ်နေမိတယ်"

သူသည် အလွယ်တကူ သဘောတူမည် မဟုတ်ပေ။

ဟူး... အလွယ်တကူ သဘောတူလိုက်ပါက သူ့အတွက် ဘာအကျိုးအမြတ် ထူးမည်နည်း…

အဘိုးကြီးကျန်းမှာ ရွှီကောင်းမင်၏ ဟန်ဆောင်မှုကို ရိပ်မိပြီးသားဖြစ်၍ ပြုံးလျက်ပင်

"အစ်ကိုရွှီရာ... မင်း လိုချင်တာရှိရင်သာ ပွင့်ပွင့်လင်းလင်း ပြောပါ။ ငါ ကူညီနိုင်တာမှန်သမျှ အကုန်လုပ်ပေးမယ်လို့ ကတိပေးပါတယ်"

ရွှီကောင်းမင် ချက်ချင်းမဖြေဘဲ ဝေခွဲမရသကဲ့သို့ ဟန်ဆောင်နေလေသည်။

အဘွားကြီးကျောက်သည် အိမ်သာနံရံတွင် ကပ်ကာ နားစွင့်နေရင်း ချန်ချင်းယွီကို "ရှူး~" ဟု အသံမထွက်ရန် အချက်ပြလိုက်၏။

ဒီလူယုတ်မာ အဘိုးကြီးနှစ်ယောက်က အိမ်သာထဲမှာ ငါ့ကို အကွက်ချကြံစည်ဖို့ တိုင်ပင်နေကြတာပဲ!

ဒါကို ငါ ဘယ်လိုမှ သည်းမခံနိုင်ဘူး၊ ဒီအဘိုးကြီးနှစ်ယောက်ကို အလွတ်ပေးမှာ မဟုတ်ဘူး!

အဘွားကြီးကျောက်သည် နားထောင်နေရုံသာမက သူမ၏ လက်သီးများကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် လက်ဆစ်သံများပင် ထွက်ပေါ်နေလေသည်။

ချန်ချင်းယွီသည် ဘေးတွင် ရပ်နေရင်း ခြေသံအချို့ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ကျောက်ရုံ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ကျောက်ရုံတင်မကဘဲ ယွမ်ဟောက်ရွှယ်နှင့် ယွမ်ရှောင်ချွေတို့ပါ ရောက်ရှိနေခြင်း ဖြစ်သည်။

ကျောက်ရုံသည် လွန်ခဲ့သော ရက်ပိုင်းက ခါးနာသဖြင့် ဆေးရုံတွင် သုံးရက်ကြာ တက်ခဲ့ရပြီးမှ အိမ်ပြန်ရောက်လာခြင်း ဖြစ်၏။သို့သော် ခါးနာဝေဒနာမှာ နေရထိုင်ရ ခက်ခဲသဖြင့် အိမ်တွင်ရှိစဉ် ပြဿနာမရှိသော်လည်း ဗိုက်မကောင်း၍ အပြင်ထွက်ပါက တစ်ဦးတစ်ယောက်၏ အကူအညီ လိုအပ်နေပေသည်။

သူတို့သုံးဦးလုံး အိမ်သာသို့ အတူတူလာကြရင်း အိမ်သာတံခါးဝရောက်သော် အမှောင်ပျိုးနေပြီဖြစ်သဖြင့် လူရိပ်ကိုသာ ဝိုးတဝါးမြင်ရ၍ ကြောင်သွားကြ၏။ယွမ်ဟောက်ရွှယ်တွင် ဓာတ်မီးပါသဖြင့် အလင်းဖြင့် ကြည့်လိုက်သောအခါမှ မည်သူမည်ဝါမှန်း ချက်ချင်းသိသွားကြလေသည်။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင်...

အဘွားကြီးကျောက်မှ "တိတ်တိတ်နေ" ဟု အချက်ပြလိုက်၏။

ဟား!

သေချာကြည့်လိုက်သော် အဘွားကြီးကျောက်မှာ နံရံတွင် ကပ်နေဆဲပင်။

ယွမ်ဟောက်ရွှယ်၏ နှုတ်ခမ်းများ တွန့်သွားပြီး စိတ်ထဲမှ

တကယ်ပဲ... ဒီနှစ်ယောက်မှာ ဘာဝါသနာတွေ ရှိနေကြတာလဲ?

အဘွားကြီးကျောက် ဘာလုပ်နေတာလဲ? သူက အမျိုးသားအိမ်သာထဲက လူတွေကို ချောင်းနားထောင်နေတာလား? ဒါက တကယ့်ကို အောက်တန်းကျလွန်းတယ် မဟုတ်လား!!

ယွမ်ဟောက်ရွှယ်မှာ ပြောစရာစကားပင် မရှိတော့ဘဲ ထိုအဘွားကြီး၏ ထူးကဲလှသောအကြိုက်ကို လုံးဝ နားမလည်နိုင်တော့ပေ။

သို့သော် ကျောက်ရုံမှာ ဉာဏ်ပြေးသူပီပီ အဘွားကြီးကျောက်သည် အမျိုးသားအိမ်သာထဲမှ စကားများကို ချောင်းနားထောင်နေခြင်းဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူမ ဘာပြောရမည်ကို ဝေခွဲမရဖြစ်နေစဉ်မှာပင် ရွှီကောင်းမင်၏ အသံမှာ အမျိုးသားအိမ်သာထဲမှ ထွက်ပေါ်လာ၏။

"ကျန်းကြီးရာ... ငါက မင်းကို မကူညီချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း အဲ့အဘွားကြီးက တကယ့်ကို အကျိုးအကြောင်းမရှိတဲ့သူ၊ အမြဲတမ်း ခွေးရူးတစ်ကောင်လို လိုက်ကိုက်နေတာလေ။ ငါသာ မင်းကို ကူညီလိုက်ရင် ငါ့ကိုယ်ငါ ပြဿနာရှာသလို ဖြစ်နေမှာပေါ့။ ငါ့အတွက် ဘာအကျိုးရှိမှာလဲ?"

အဘိုးကြီးကျန်း ချက်ချင်းပင်

"သူ့မိသားစုက မင်းတို့မိသားစုဆီကနေ ပိုက်ဆံတွေ နှိုက်သွားခဲ့တာပဲလေ။ ဒါကို မင်းက ဒီအတိုင်း လွှတ်ထားတော့မှာလား? အဲဒီအတိုင်းသာ မေ့ပစ်လိုက်မယ်ဆိုရင်တော့ ငါ မင်းကို တကယ်ပဲ အထင်သေးမိတော့မယ်။ ယောကျ်ားကြီးတန်မဲ့ အငွေညှစ်ခံရတာကို ဒီအတိုင်း ကြည့်နေမှာလား? ငါတို့နှစ်ယောက်သာ ပေါင်းလိုက်ရင် ဒီအဘွားကြီးကို အေးအေးဆေးဆေး နှိမ်နင်းလို့ ရပါတယ်။ အရာအားလုံးက ငါတို့လက်ထဲမှာပဲ ရှိတာပါ”

အဘိုးကြီးကျန်း ဆက်ပြောပြန်ကာ

"မင်း ဘာအကူအညီ လိုလဲဆိုတာသာ ပြောပါ၊ ငါ ကူညီပါ့မယ်။ ရွှီကြီးရာ... ငါတို့က အိမ်နီးချင်းတွေဖြစ်လာတာ နှစ်တွေ အတော်ကြာပြီလေ၊ တစ်ယောက်အကြောင်း တစ်ယောက် သိကြတာပဲ မဟုတ်လား?"

သူသည် တကယ်ပင် စိတ်တိုနေလေပြီ။

ဒီရွှီကောင်းမင်ကလည်း ဘာဖြစ်နေတာလဲ? ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောပါလား၊ ဘာလို့ ဒီလောက် ဟန်ဆောင်နေရတာလဲ? သူက လူကောင်းမဟုတ်တာ လူတိုင်းသိနေတာကို သူကပဲ မသိတာလား?!

"မင်းက အဘွားကြီးကျောက်ကို နှိမ်နင်းဖို့ ငါ့ကို ကူညီမယ်ဆိုရင် ငါက မင်းအတွက် ဘာလုပ်ပေးရမလဲ?"

နောက်ဆုံးတွင် နှစ်ဦးသား ပွင့်ပွင့်လင်းလင်း စကားပြောလာကြလေသည်။

ရွှီကောင်းမင်သည် လူကောင်းပုံစံကို ဆက်ထိန်းထားရင်း မျက်ခုံးတစ်ချက် ပင့်ကာ

"ငါက မကူညီချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲ့အဘွားကြီးကို ပစ်မှတ်ထားဖို့က မလွယ်ဘူးလေ။ ပြီးတော့ ငါ့သားအငယ်ဆုံးကလည်း အခုထိ အိမ်ထောင်မကျသေးဘူး"

အဘိုးကြီးကျန်း: "???"

နေဦး... ဒီစကားနှစ်ခွန်းက ဘာဆိုင်လို့လဲ? ဘယ်လိုလုပ်ပြီး ဟိုဘက်ကို ခုန်ကူးသွားတာလဲ?

သို့သော် သူ ချက်ချင်းပင် သဘောပေါက်သွားသည်။

"မင်းသားအတွက် ငါ အိမ်ထောင်ဖက် ရှာပေးမယ်လေ။"

ရွှီကောင်းမင် ရယ်လိုက်ပြီး

"ပိုင်ဖုန်းရှန်းက ဝမ်တာ့ချွေအတွက် မိတ်ဆက်ပေးထားတဲ့ မိန်းကလေးက အတော်လေး ကောင်းတယ်လို့ ကြားတယ်"

သူ၏ သားအငယ်ဆုံးမှာ အစ်ကိုများလောက် မထူးချွန်သဖြင့် အိမ်ထောင်ဖက်ကောင်း ရှာရန် ခက်ခဲနေခြင်းဖြစ်၏။ သို့သော် ရဲစခန်းတွင် အလုပ်လုပ်သည့် မိန်းကလေးဆိုပါက တကယ်ပင် အဆင်ပြေသည်။ ပထမအချက်မှာ ရဲစခန်းဆိုသည်မှာ ဩဇာအာဏာ ရှိသဖြင့် ဤဝင်းထဲတွင် သူ၏ လွှမ်းမိုးမှုအတွက် အထောက်အကူ ဖြစ်မည်။ ဒုတိယအချက်မှာ ပိုင်ဖုန်းရှန်း၏ အောင်သွယ်မှု ပျက်သွားပါက မာကျန့်ယီ၏ အာဏာကိုလည်း လျော့ကျစေနိုင်ပြီး ရပ်ကွက်ကော်မတီကလည်း သူ၏ စွမ်းဆောင်ရည်ကို မြင်ကာ ဝင်းတာဝန်ခံအဖြစ် ခန့်အပ်ကောင်း ခန့်အပ်နိုင်မည်။

တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်၏။

အဘိုးကြီးကျန်း ကြောင်သွားပြီး မျက်လုံးများမှာ ဟိုဟိုဒီဒီ ကြည့်နေမိသည်။ သူသည်လည်း ထိုနေရာကို မိမိသားအတွက် ရလိုရငြား ကြံစည်ချင်နေခြင်း ဖြစ်၏။

သို့သော် အဘိုးကြီးကျန်းမှာလည်း လူကောင်း မဟုတ်သဖြင့် ရွှီကောင်းမင်ကို အရင်ဆုံး ကူညီခိုင်းရန်သာ ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ၊ သူတို့ရဲ့ ကြင်ဖက်တွေ့ပွဲကို ငါ ဖျက်ဆီးပေးမယ်။ ပြီးရင် မင်းက လူတစ်ယောက်ယောက်ကို ခိုင်းပြီး သူတို့အတွက် ပြန်မိတ်ဆက်ခိုင်းလိုက်ပေါ့၊ ဘယ်လိုလဲ?"

ရွှီကောင်းမင်: "အေး... ဒါဆို အဆင်ပြေတယ်!"

သူတို့နှစ်ဦး သဘောတူညီမှု ရသွားကြလေသည်။

အဘွားကြီးကျောက် : ‘တောက်... ဒီလူယုတ်မာတွေ၊ ငါ့ကွယ်ရာမှာ ငါ့ကို ကြံစည်နေကြတာပေါ့။ ငါ ချောင်းနားထောင်မိလို့ တော်သေးတာပဲ! လူစိတ်မရှိတဲ့ကောင်တွေ! ဝမ်တာ့ချွေက နင်တို့ကို ဘာလုပ်လို့လဲ? အိမ်ထောင်ဖက်ကိုတောင် လုချင်နေကြသေးတယ်။ တကယ့်ကို တိရစ္ဆာန်တွေပဲ!

သို့သော် သူမသည် ဝမ်တာ့ချွေထက် မိမိကိုယ်မိမိသာ အရေးကြီးသည်ဟု တွေးနေမိသည်။

ထိုလူယုတ်မာနှစ်ဦး သူမအား မည်သို့ ကြံစည်ကြမည်ကို သူမ သိချင်နေမိ၏။

ကျောက်ရုံ: ‘ဒီနှစ်ယောက် လူကောင်းမဟုတ်တာ ငါ သိသားပဲ။ ဒါပေမဲ့ အများသုံးအိမ်သာထဲမှာ ဒီလို ကြံစည်နေကြလိမ့်မယ်လို့တော့ မထင်ထားမိဘူး။ သူတို့က အိမ်သာက အသံလုံတယ်လို့များ ထင်နေကြတာလား!’

ဤမျှ အဝေးမှပင် သူမ အကုန်ကြားနေရလေသည်။

ယွမ်ဟောက်ရွှယ်: ‘အပြင်ပန်းမှာ ကြင်နာတတ်ပြီး ယဉ်ကျေးပုံရတဲ့ ဦးလေးရွှီက ကွယ်ရာမှာ ဒီလိုအောက်တန်းကျတဲ့အလုပ်တွေ လုပ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ တကယ့်ကို စက်ဆုပ်စရာပဲ။’

ယွမ်ရှောင်ချွေ: ‘ဘုရားကျောင်းတစ်ကျောင်းကို ဖျက်ရင်ဖျက်၊ လူတစ်ဖက်သားရဲ့ အိမ်ထောင်ရေးကိုတော့ မဖျက်ရဘူးလို့ ရှေးလူကြီးတွေ ပြောဖူးတာပဲ။ ဒီလူက ဘာလို့ ဒီလောက်တောင် အသိတရားမဲ့ရတာလဲ?’

သို့သော် ချန်ချင်းယွီမှာမူ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေသည်။ ထိုလူများသည် မည်သို့သော လူမျိုးများဖြစ်ကြောင်း သူမ သိပြီးသား ဖြစ်၏။ သူမ ရင်ထဲတွင် တည်ငြိမ်နေသော်လည်း အပြင်ပန်းတွင်မူ အံ့ဩတုန်လှုပ်သွားဟန် ဆောင်လိုက်သည်။ ထိုအချိန်မှာပင် ဝမ်မေ့လန် ရောက်ရှိလာပြီး တံခါးဝရောက်သော် "ဒီလူတွေ အကုန်လုံး ဘာလုပ်နေကြတာလဲ?" ဟု သူမ လန့်အော်မိမတတ် ဖြစ်သွားရ၏။

ယွမ်ရှောင်ချွေ ချက်ချင်းပင် ရှေ့တိုးသွားပြီး ဝမ်မေလန်၏ ပါးစပ်ကို ပိတ်လိုက်လေသည်။

ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်ကာ

ဝိုး... တော်တော် မြန်တာပဲ!

ကြည့်ရသည်မှာ လူတိုင်းတွင် သူတစ်ပါး၏ လျှို့ဝှက်ချက်များကို စပ်စုလိုသည့် ပင်ကိုယ်ဗီဇ ရှိပုံရသည်။

ဝမ်မေ့လန် မိမိအား လွှတ်ပေးရန် ခြေဟန်လက်ဟန်ပြကာ ပါးစပ်

ပိတ်ထားမည်ဟု ကတိပေးလိုက်၍ ယွမ်ရှောင်ချွေမှာ အလေးအနက် ခေါင်းညိတ်ပြပြီးမှ လွှတ်ပေးလိုက်လေ၏။

ဝမ်မေ့လန် မျက်ခုံးပင့်ကာ "ဘာဖြစ်လို့လဲ?" ဟု တိုးတိုးလေး မေးလိုက်မိသည်။

သူမ ချန်ချင်းယွီကို ကြည့်၍ မေးခြင်းဖြစ်ပြီး အကြောင်းမှာ ထိုလူများထဲတွင် ချန်ချင်းယွီမှာ အပြစ်ကင်းစင်ဆုံးနှင့် အရိုးသားဆုံးဟု သူမ ထင်ထားသောကြောင့်ပင်။

ချန်ချင်းယွီ စကားမပြောဘဲ တစ်ဖက်သို့ လက်ညှိုးထိုးပြလိုက်၏။

ဝမ်မေ့လန်: "!!!"

အဘွားကြီးကျောက်မှာ နံရံတွင် အိမ်မြှောင်တစ်ကောင်ကဲ့သို့ ကပ်နေသည်ကို သူမ မြင်လိုက်ရလေသည်။

ထိုအချိန်မှာပင် ရွှီကောင်းမင်က အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သံ ထွက်ပေါ်လာ၏။

"တကယ်တော့ အဲ့အဘွားကြီးကို နှိမ်နင်းဖို့က တကယ့်ကို လွယ်ပါတယ်။ သူ့လို ဦးနှောက်မရှိတဲ့ အဘွားကြီးအတွက်တော့ အရိုးရှင်းဆုံး နည်းလမ်းက အကောင်းဆုံးပဲ။ သူက ဘာအလုပ် လုပ်တာလဲ?"

"သူက ထမင်းချက်ဆောင်က အကူလေ။"

"ဟုတ်တယ်။ သူက ထမင်းချက်အကူဆိုတော့ မီးဖိုချောင်ထဲမှာ အမြဲတမ်း အတင်းအဖျင်း ပြောနေမှာပဲ။ လူတိုင်းက ထမင်းစားဆောင်မှာ စားကြတာဆိုတော့ မီးဖိုချောင်ဝန်ထမ်းတွေ အတင်းပြောတာကို ကြားရင် သတင်းတွေက အမျိုးမျိုး ပျံ့နှံ့ကုန်မှာပေါ့။ ဒါပေမဲ့ သူသာ မီးဖိုချောင်မှာ မရှိတော့ဘူးဆိုရင် သတင်းတွေက အရင်လို လွယ်လွယ်နဲ့ ပျံ့မှာ မဟုတ်တော့ဘူး။ ဥပမာပြောရရင် သူသာ စက်ရုံက အိမ်သာတွေကို လိုက်ဆေးနေရမယ်၊ ညစ်ပတ်ပေရေနေမယ်ဆိုရင် ဘယ်သူကများ သူ့စကားကို နားထောင်တော့မှာလဲ?"

"မင်းပြောတာ ဟုတ်တယ်။ သူသာ ထမင်းစားဆောင်ကနေ အထုတ်ခံရပြီး အိမ်သာဆေးရမယ်ဆိုရင်တော့ တကယ့်ကို ကျေနပ်စရာပဲ။ ဒါပေမဲ့ သူ့မိသားစု အခြေအနေအရ သူ့ကို ဘယ်လိုလုပ် အထုတ်ခံရအောင် လုပ်မှာလဲ?"

ရွှီကောင်းမင် ခပ်ပြုံးပြုံးဖြင့်

"သူက ဘာအလုပ်လုပ်လဲဆိုတာ မင်းမေ့နေပြီလား? သူက ထမင်းစားဆောင်မှာ လုပ်တာလေ။ ထမင်းစားဆောင်ဆိုတာ သန့်ရှင်းနေရမယ်။ တကယ်လို့ သူကိုယ်တိုင်ကသာ ညစ်ပတ်ပြီး စက်ဆုပ်စရာ ဖြစ်နေမယ်ဆိုရင် စက်ရုံဝန်ထမ်းတွေက သူ့ကို လက်ခံကြပါ့မလား?"

ရွှီကောင်းမင်မှာ ထိုအဘွားကြီးကို မည်သို့နှိမ်နင်းမည်ကို ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။ ၎င်းမှာ အခုမှ ပေါ်လာသည့် အကြံမဟုတ်ဘဲ သေချာစဉ်းစားထားသော အကြံတစ်ခု ဖြစ်၏။

"ငါ့ခြေထောက်ကလည်း သက်သာတော့မှာဆိုတော့ နောက်ရက်ပိုင်းအတွင်းမှာ ထမင်းစားပွဲလေးတစ်ခု လုပ်ဖို့ စီစဉ်ထားတယ်။ လာမယ့် တနင်္ဂနွေနေ့လောက်ပေါ့။"

အဘိုးကြီးကျန်း စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်လိုက်၏။ တစ်စုံတစ်ဦး ထမင်းစားပွဲလုပ်မည်ဆိုခြင်းမှာ တကယ်ပင် ကောင်းသောသတင်း ဖြစ်ပေသည်။

"ဒါကတော့ တကယ့်ကို ကောင်းတာပေါ့! ကဲ... ပြောပါဦး၊ ငါတို့ ဘာလုပ်ကြမလဲ? မင်းရဲ့ ထမင်းစားပွဲမှာ ပြဿနာသွားရှာရမှာလား? ဒါက သိပ်တော့ အဆင်မပြေဘူး ထင်တယ်နော်"

ရွီကောင်းမင် : "ဒါပေါ့၊ အဲဒီမတိုင်ခင်ကတည်းက ငါတို့ကိစ္စစရမှာ။ သူက ညဘက်ဆိုရင် အိမ်သာကို အမြဲလာနေကျပဲ။ အဲဒီအချိန်ကျရင် မင်းက တိတ်တိတ်လေး နောက်ကလိုက်ပြီး တစ်ခုခုလုပ်လိုက်ပေါ့။ သူက သတိထားမိမှာမဟုတ်တော့ ဒါက မခက်ခဲပါဘူး။ ပြီးရင် သူ့ကို အိမ်သာကျင်းထဲ တွန်းချလိုက်ရုံပဲ။ စဉ်းစားကြည့်လေ၊ အဲဒီလို ညစ်ပတ်လှတဲ့ အိမ်သာကျင်းထဲ ကျထားတဲ့သူက ထမင်းစားဆောင်မှာ အကူလုပ်နေတယ်ဆိုရင် သူကိုင်တွယ်တာတွေကို ဘယ်သူက စားချင်တော့မှာလဲ? ဘယ်သူမှ စားရဲမှာမဟုတ်ဘူး။ အဲဒီအချိန်ကျရင် မင်းရဲ့သားကို လူတကာလိုက်ပြောခိုင်းလိုက်"

"သတင်းတွေလွှင့်၊ လူတွေကို မြှောက်ပင့်ပေးပြီး ဝိုင်းအော်ကြရင်တော့ သူ ထမင်းစားဆောင်ကနေ အထုတ်ခံရမှာ သေချာတယ်။ အဲဒီကျမှ မင်းလည်း ကလဲ့စားချေပြီးသားဖြစ်မယ်၊ သူလည်း ဘယ်သူနဲ့မှ စကားပြောလို့ ရတော့မှာမဟုတ်ဘူး။ သူက မင်း သူ့ကို သဘောကျနေတယ်လို့ ပြောတာတွေကိုလည်း ကြာလာရင် ဘယ်သူမှ ထည့်မပြောတော့သလို အတည်လည်း ယူကြမှာမဟုတ်တော့ဘူး။ ဒါ့အပြင် အိမ်သာကျင်းထဲ ကျထားတဲ့ အဘွားကြီးကို ဘယ်သူကများ သဘောကျပါ့မလဲ? ဘယ်သူမှ ယုံမှာမဟုတ်တော့ပါဘူး"

ရွှီကောင်းမင်၏ စကားကို ကြားပြီးနောက် အဘိုးကြီးကျန်းမှာ အလွန်ပင် အထင်ကြီးသွားကာ

"ငါတို့လည်း လူအချင်းချင်းပဲ၊ ရွှီကြီး မင်းရဲ့ ဦးနှောက်က ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ! ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။ အပြစ်ပြောစရာကို မရှိဘူး!" ဟု ရေရွတ်ရင်း အလွန်ပင် ဝမ်းသာအားရ ဖြစ်နေလေသည်။

"မင်းပြောသမျှ အကုန် ငါနားထောင်မယ်၊ မင်းခိုင်းသမျှ အကုန်လုပ်မယ်"

"ဒါနဲ့... ဘာလို့ မင်းရဲ့ ထမင်းစားပွဲ မတိုင်ခင် လုပ်ရတာလဲ?"

ရွှီကောင်းမင် အဓိပ္ပာယ်ပါပါဖြင့်

"သူက အိမ်သာကျင်းထဲ ကျထားလို့ အရမ်းညစ်ပတ်နေပါတယ်ဆိုပြီး ငါက အရိပ်အမြွက် ပြောလိုက်မယ်လေ၊ အဲဒီတော့ သူ ငါ့ထမင်းစားပွဲကို လာနိုင်မှာမဟုတ်တော့ဘူး။ အဲဒီအခါကျရင် နည်းလမ်းနှစ်မျိုးနဲ့ တိုက်စစ်ဆင်လိုက်ရင် သူ့ဂုဏ်သိက္ခာကတော့ အိမ်သာကျင်းထဲက အနံ့အသက်တွေလိုပဲ ချက်ချင်း ပျက်စီးသွားလိမ့်မယ်"

အဘိုးကြီးနှစ်ဦးမှာ ယုတ်မာသော အပြုံးများဖြင့် အလွန်ပင် ကျေနပ်နေကြလေ၏။

အဘွားကြီးကျောက်မှာမူ ဒေါသတကြီးဖြင့် တုန်ရင်နေပြီး စိတ်တိုလွန်းသဖြင့် တစ်ကိုယ်လုံး အေးစက်နေသကဲ့သို့ ခံစားနေရသည်။

ဒီအဘိုးကြီးနှစ်ယောက်က ဒီလောက်အထိ စက်ဆုပ်စရာကောင်းလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားဘူး။ သူတို့ရဲ့ အကြံအစည်တွေကလည်း တကယ့်ကို ရွံစရာပဲ၊ တွေးကြည့်လို့တောင် မရဘူး!

ဝမ်မေ့လန်မှာလည်း အံ့အားသင့်လွန်းသဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။

သူမ တကယ်ကို ထိတ်လန့်သွားခြင်း ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် ဦးလေးရွှီမှာ အမြဲတမ်း လူကောင်းတစ်ဦး ဖြစ်ခဲ့၏။ ဝင်းထဲတွင် တစ်ခုခုဆိုလျှင် သူသည် အမြဲ ပထမဆုံး ကူညီတတ်သူ ဖြစ်သည်။ တကယ့်လူကောင်းတစ်ဦးဟု ထင်ခဲ့သော်လည်း ယခုကဲ့သို့ အပြင်ပန်း လူကောင်းယောင်ဆောင်၍ ဤမျှ ကြောက်စရာကောင်းသော အလုပ်ကို လုပ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ဒါကတော့ တကယ့်ကို မယုံနိုင်စရာပဲ!

ယွမ်ဟောက်ရွှယ်နှင့် ယွမ်ရှောင်ချွေတို့မှာမူ ဝမ်မေ့လန်ထက်ပင် ပို၍ ကြောင်သွားကြ၏။ သူတို့မှာငယ်ရွယ်သူများ ဖြစ်ကြသဖြင့် လောကအတွေ့အကြုံ နည်းပါးနေသေးသည်။

ကျောက်ရုံမှာမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေသည်။ သူမက ချန်ချင်းယွီကို လှမ်းကြည့်လိုက်ရာ ချန်ချင်းယွီ ရှေ့သို့ ပြေးထွက်သွားပြီး လှမ်းတားလိုက်သည်ကို မြင်လိုက်ရ၏။

"အမေ! မလုပ်ပါနဲ့..."

ထိုစကားသည် အဘွားကြီးကျောက်၏ ဒေါသကို ပို၍ပင် လောင်စာထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး သူမမှာ အော်ဟစ်ကာ ချန်ချင်းယွီကို ဖယ်ထုတ်၍ အမျိုးသားအိမ်သာထဲသို့ ဒေါသတကြီး ဝင်ချသွားလေသည်။

"အမလေး!"

လူတိုင်း တစ်ပြိုင်နက်တည်း အော်လိုက်မိ၏။

အဘွားကြီးကျောက်သည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ အမျိုးသားအိမ်သာထဲသို့ ဇွတ်ဝင်သွားသည်။ ရွှီကောင်းမင်နှင့် အဘိုးကြီးကျန်းတို့မှာ ဆေးလိပ်သောက်ရင်း စကားကောင်းနေစဉ် ထိုရင်းနှီးနေသော ဒေါသတကြီး အသံကို ကြားလိုက်ရသည်။ သူတို့ ဘာမှ ပြင်ဆင်ချိန်မရခင်မှာပင်...

အဘွားကြီးကျောက် အထဲသို့ ရောက်ရှိလာလေပြီ!!

အမျိုးသားအိမ်သာထဲတွင် ဆေးလိပ်မီးရောင်မှလွဲ၍ မှောင်မည်းနေ၏။ အဘွားကြီးကျောက်မှာ ဘယ်သူဘယ်ဝါမှန်း ဂရုမစိုက်ဘဲ တစ်ယောက်ကို ဆွဲပြီး ပါးကို အဆက်မပြတ် ရိုက်တော့သည်။

"နင်တို့လို လူယုတ်မာတွေ! အရှက်မရှိတဲ့ အောက်တန်းစားတွေ! ယောကျ်ားကြီး တန်မဲ့နဲ့ ညဘက်ကြီး လူကို ဒုက္ခပေးဖို့ ကြံစည်နေကြတယ်၊ တကယ့်ကို ယုတ်မာလိုက်တာ! နင်တို့နှစ်ယောက်က အရှက်မရှိတဲ့ အောက်တန်းစားတွေရဲ့ ပြယုဂ်ပဲ! နင်တို့ကို ငါ အသေသတ်မယ်!"

"အား? ခင်များ ဘာဖြစ်နေတာလဲ?!"

"ကျန်းကြီး၊ မြန်မြန်ကူဦးလေ!"

အဘွားကြီးကျောက်မှာ ဒေါသထွက်နေသော်လည်း သူမတစ်ဦးတည်း ယောကျ်ားနှစ်ဦးကို အနိုင်မရနိုင်မှန်း သိထားသဖြင့် ရိုက်နှက်နေရင်း သူတို့ကို အပြင်သို့ ဆွဲထုတ်လေသည်။

"နင်တို့ အဘိုးကြီးနှစ်ယောက် ငါ့ကို ဘယ်လို ကြံစည်ကြတာလဲ? ဒီနေ့တော့ နင်တို့ကို ငါ လုံးဝ ခွင့်မလွှတ်ဘူး!"

"ခင်များ ဘာတွေ လျှောက်ပြောနေတာလဲ?!"

"လျှောက်ပြောတာဟုတ်မဟုတ် အမျိုးသမီးအိမ်သာထဲမှာ လူတွေ အများကြီး ရှိတယ်၊ အကုန်ကြားကြတယ်ဟဲ့! ဘာတွေ ဟန်ဆောင်နေတာလဲ? ထွက်ခဲ့စမ်း အပြင်ကို!"

သူမ အင်တိုက်အားတိုက် ဆွဲထုတ်လိုက်ရာ ခြေထောက်ဒဏ်ရာရှိသော ရွှီကောင်းမင်မှာ အိမ်သာထဲမှ လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားလေသည်။

"ခင်များ ဘာလုပ်တာလဲ!"

အဘိုးကြီးကျန်း အော်ကာ ရွှီကောင်းမင်ကို ကူရန် ပြေးအထွက်တွင် အဘွားကြီးကျောက် သူ့အပေါ်သို့ ခုန်အုပ်လိုက်သဖြင့် အဘိုးကြီးကျန်းမှာ ရွှီကောင်းမင်၏ အပေါ်သို့ ထပ်လျက်သား ပြုတ်ကျသွားပြန်၏။

ရွှီကောင်းမင်: "အား!"

အဘိုးကြီးကျန်း : "ခင်များ ဘာလုပ်တာလဲ? ခင်များသာ ဒီလို ရူးကြောင်ကြောင် ဆက်လုပ်နေမယ်ဆိုရင် ကျုပ်လည်း ခင်များကို အားနာမှာ မဟုတ်ဘူးနော်"

အဘွားကြီးကျောက်: "နင့်ကို ငါက ကြောက်နေမယ် ထင်သလား? နင်တို့ ကွယ်ရာမှာ ဘာတွေလုပ်နေလဲဆိုတာ ငါ အကုန်ကြားတယ် … ဝမ်တာ့ချွေရဲ့ ကြင်ဖက်တွေ့ပွဲကို ဘယ်လိုဖျက်ဆီးမယ်၊ ငါ့ကို ဘယ်လို ကြံစည်မယ်ဆိုတာတွေကအစ အကုန်သိတယ်။ တစ်ချက်ကလေးမှ မမှားဘူး၊ ငါ အကုန်ကြားခဲ့တာ။ နင်တို့နှစ်ယောက်က လူစိတ်မရှိတဲ့ကောင်တွေ!"

သူမသည် ပို၍ပင် ဒေါသထွက်လာသည်။ အိမ်သာကျင်းထဲ အတွန်းခံရမည့်အရေးနှင့် ထမင်းစားဆောင်တွင် အလုပ်လုပ်နိုင်တော့မည်မဟုတ်သည့် အခြေအနေကို တွေးမိကာ ဒေါသတကြီးဖြင့် ခုန်အုပ်ကာ အော်ဟစ်ရင်း ထိုးနှက်လေတော့၏။

"ဒီရူးနေတဲ့ မိန်းမကြီး!"

"အား!"

အဘိုးကြီးကျန်း မနည်းရုန်းထကာ အဘွားကြီးကျောက်ကို တွန်းထုတ်လိုက်သည်။ ချန်ချင်းယွီချက်ချင်း ရှေ့တိုးလာကာ

"အမေ၊ အမေ အဆင်ပြေရဲ့လား?"

အဘိုးကြီးကျန်း : "ရှောင်ချန်၊ နင့်ယောက္ခမကို ကြည့်ဦး၊ သူက... အား!!! ငါ့ကို ဘယ်သူ နင်းတာလဲ!"

သူ အဘွားကြီးကျောက်ကို စိုက်ကြည့်ကာ

"နင့်ခြေထောက်ကို ဖယ်စမ်း၊ နင်က... အား!"

သူမ၏ ခြေထောက်ဖြင့် နင်းကာ ကန်လိုက်သဖြင့် သူသည် ရွှီကောင်းမင်အပေါ်သို့ ဘုတ်ခနဲ ပြန်ပြုတ်ကျသွားလေသည်။

သူတို့နှစ်ဦးလုံး အော်ဟစ်ကုန်ကြ၏။

အဘွားကြီးကျောက်: (ငါ တကယ် မနင်းမိပါဘူး! ~)

သို့သော် သူမက ထိုအပြစ်ကို ဝန်ခံရန် ဝန်မလေးပေ။ သူမ၏ ချွေးမနှင့်ကိစ္စကို ဖော်ထုတ်၍ မရနိုင်ပေ၊ တစ်ယောက်က အပေါ်ယံ၊ တစ်ယောက်က ကွယ်ရာမှ လုပ်ရမည်!

သူမ ဒေါသတကြီးဖြင့်

"နင်တို့နှစ်ယောက် ငါ့ကို ကွယ်ရာမှာ အိမ်သာထဲ တွန်းချဖို့ ကြံစည်နေကြတာ၊ တကယ့်ကို အရှက်မရှိတဲ့ကောင်တွေ! ဘာလဲ? ဘယ်သူမှ မကြားဘူး ထင်နေတာလား? အမျိုးသမီးအိမ်သာထဲမှာ လူတွေ ဘယ်လောက်တောင် ရှိနေလဲ ကြည့်လိုက်ဦး။ နင်တို့နှစ်ယောက်က တကယ့်ကို အရှက်မရှိတာ!"

ရွှီကောင်းမင်နှင့် အဘိုးကြီးကျန်းတို့ လှည့်ကြည့်လိုက်သောအခါ... အို! တကယ်ပင် လူတစ်တန်းကြီး ဖြစ်နေလေသည်။

သူတို့နှစ်ဦးလုံး ချက်ချင်းပင် မျက်နှာများ ရဲတက်သွားကြ၏။

သူတို့၏ အကြံအစည်များ ဤကဲ့သို့ ပေါက်ကြားသွားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။

"ဒါက အထင်လွဲတာပါ... ဒါက အထင်လွဲမှုတစ်ခုပါ..."

"ငါ့ဖင်ကြီးကို အထင်လွဲတာ!"

အဘွားကြီးကျောက် သူတို့အပေါ်သို့ ခုန်အုပ်ကာ ကန်ကျောက်တော့သည်။ ရွှီကောင်းမင် ယုတ်မာသော နည်းလမ်းသုံးရန် ကြိုးစားသော်လည်း အဘွားကြီးကျောက်မှာ မြွေတစ်ကောင်ကဲ့သို့ ကျင်လည်စွာ ရှောင်တိမ်းလိုက်၏။

ချန်ချင်းယွီ : ‘ကျွန်မက ဘာမှဝင်မပြောပေမဲ့ ဒီမှာရှိနေတာကိုတော့ မေ့မထားနဲ့လေ။ ရှင်တို့ရဲ့ လှည့်ကွက်လေးတွေကို ကျွန်မ မမြင်ဘူးလို့ ထင်နေတာလား?’

သူမသည် ယောက္ခမဖြစ်သူကို ကူညီတားမြစ်နေသည့် ပုံစံမျိုးဖြစ်သော်လည်း အမှန်စင်စစ်တွင်မူ အဘွားကြီးကို အကြိမ်ကြိမ် ဆွဲဖယ်ပေးနေခြင်း ဖြစ်သည်။

ချန်ချင်းယွီ၏ အချက်ပေးမှုအတိုင်း အဘွားကြီးကျောက်မှာ ဟိုပြေးဒီလွှားနှင့် သူတို့နှစ်ဦးကို တရစပ် ကန်နေ၏။

"နင်တို့လို ယုတ်မာတဲ့ အဘိုးကြီးတွေ! ငါ့ကို အိမ်သာကျင်းထဲ တွန်းချချင်တယ် ဟုတ်လား? ဒီနေ့တော့ နင်တို့ အလိုရှိတဲ့အတိုင်း ဖြစ်စေရမယ်!"

သူမသည် ခွန်အားတိုးဆေး တစ်မျိုးမျိုးကို သောက်ထားသကဲ့သို့ အော်ဟစ်ကြုံးဝါးရင်း တစ်ဖက်တစ်ချက်စီမှ သူတို့နှစ်ဦးကို ဖမ်းဆုပ်ကာ အတင်းဆွဲခေါ်သွားလေတော့သည်။

အဘိုးကြီးကျန်းမှာ အတင်းရုန်းကန်သော်လည်း...

တောက်... သူ ဘယ်လိုမှ ရုန်းမထွက်နိုင်ပါလား?

"လွှတ်စမ်း! လွှတ်!"

"စကားကောင်းကောင်း ပြောကြရအောင်ပါ၊ ခင်များ တကယ်ကြီး အထင်လွဲနေတာပါ!"

အဘွားကြီးကျောက်သည် သူတို့နှစ်ဦးကို အင်တိုက်အားတိုက် ဆွဲခေါ်ကာ အိမ်သာကျင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။

"အား... လွှတ်ပါဦး! နင် ရူးနေပြီလား!"

"မြန်မြန်... တစ်ယောက်ယောက် လာတားကြပါဦး! ရှောင်ချန်၊ နင့်ယောက္ခမကို ဖျောင်းဖျစမ်းပါဦး!"

ချန်ချင်းယွီမှာမူ ဘာမျှမသိသည့်ကလေးငယ်တစ်ဦးကဲ့သို့ အပြစ်ကင်းစင်စွာ ခေါင်းငုံ့လျက် ငြိမ်နေလေ၏။

ဟ… အဘွားကြီးကျောက်ကို ဆွဲထားသလိုနဲ့ ရှင်တို့နှစ်ယောက်ကို တကယ်ဆွဲခေါ်နေတာ ဘယ်သူဆိုတာ ခန့်မှန်းစမ်း!!

တကယ်လို့ အဘွားကြီးကျောက်သာ အဲဒီလောက် ခွန်အားရှိရင် ရှင်တို့တွေ လေထဲမှာ ပျံနေကြတာ ကြာလှပြီ!!

မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီမှာ စကားတစ်ခွန်းမှ မဟဘဲ ဘေးကနေ အော်ဟစ်ရုံသာ လုပ်နေ၏။

အဘိုးကြီးကျန်း : "ကျောက်ရုံ၊ ကျောက်ရုံ! သူတို့ကို တားစမ်းပါဦး! စကားကောင်းကောင်း ပြောကြမယ်လေ!"

ရွှီကောင်းမင်မှာလည်း အော်ဟစ် အကူအညီ တောင်းလေသည်။

"ဝမ်မေ့လန်၊ ဒီကိုလာပြီး သူတို့ကို စိတ်လျှော့အောင် လုပ်ပေးပါဦး! သူတို့သာ ငါတို့ကို အိမ်သာထဲ တွန်းချလိုက်ရင် ငါတို့ဝင်းရဲ့ ဂုဏ်သိက္ခာ ဘယ်မှာရှိတော့မှာလဲ?"

သူတို့နှစ်ဦးမှာ တစ္ဆေခြောက်ခံရသလို အော်ဟစ်နေကြသဖြင့် ဘေးပတ်ဝန်းကျင်ဝင်းများနှင့် သူတို့ဝင်းထဲမှ လူများမှာ တဖြည်းဖြည်း ထွက်လာကြ၏။

ဒီလောက်အထိ ဆူညံနေတာကိုမှ မထွက်လာကြရင်တော့ သူတို့တွေ နားမကြားတာပဲ ဖြစ်ရမယ်!!

"ဘာတွေ ဖြစ်နေတာလဲ?"

"အမလေး... အဘွားကြီးကျောက်က ထပ်ပြီး ပြဿနာရှာနေပြန်ပြီလား?"

"ဒေါ်လေးကျောက်က အမြဲတမ်း ပြဿနာရှာနေတာပဲ။ အို... ကြည့်စမ်း၊ သူ ဘာလုပ်နေတာလဲ? လူကို အိမ်သာကျင်းထဲ ပစ်ချမလို့လား?"

"ဒေါ်လေးကျောက် ဘာလုပ်နေတာလဲ?!"

လူတိုင်း အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသည်။ အဘွားကြီးကျောက် ဒေါသတကြီးဖြင့်

"အားလုံးပဲ တရားအောင်လုပ်ပေးကြပါဦး။ ဒီလူယုတ်မာတွေက လူစိတ်မရှိဘူး! သူတို့နှစ်ယောက်က ငါ့ကို အိမ်သာကျင်းထဲ တွန်းချဖို့ ကြံစည်ပြီး အဲဒါကို အကြောင်းပြချက်လုပ်၊ ငါ့ကို ထမင်းစားဆောင်ကနေ အထုတ်ခံရအောင် လုပ်မလို့တဲ့။ ဒါမျိုးက လူလုပ်တဲ့အလုပ်လား? ငါက ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်လို့ပေါ့။ မကြားလိုက်ရင် ငါ့ဘဝ ဘာဖြစ်သွားမလဲ? ပြောစမ်းပါဦး၊ သူတို့က ဒီလောက်အထိ ယုတ်မာနေတာကို သူတို့ကို ကိုယ်ဖော်တဲ့ဆေး ပြန်ပေးတာ ငါမှားလို့လား?"

ချန်ချင်းယွီသည်လည်း ဘေးမှနေ၍

"ကျွန်မတို့အားလုံး ကြားလိုက်ရတာပါ။ အစ်မကျောက်ရုံနဲ့ တခြားသူတွေလည်း အကုန်ကြားလိုက်ရတာပဲ..."

သူမ ထိုသို့ပြောလိုက်သည်နှင့်...

ယွမ်ရှောင်ချွေ ချက်ချင်း ခေါင်းညိတ်ကာ အတည်ပြုပေးလေသည်။

"ဟုတ်တယ်၊ ကျွန်မ ကြားတယ်။ အို... သူတို့က တကယ်ကို ယုတ်မာလွန်းတယ်!"

ကျောက်ရုံသည် ယွမ်ရှောင်ချွေကို စကားလျှောက်မပြောရန် လှမ်းဆွဲလိုက်၏။

ယွမ်ရှောင်ချွေ : "ဒေါ်လေးကျောက်ရုံ၊ ဘာလို့ ကျွန်မကို လှမ်းဆွဲနေတာလဲ? ဒေါ်လေးလည်း ကြားတာပဲ မဟုတ်လား?"

သူမ မေးလိုက်သဖြင့် တစ်နေရာလုံး တိတ်ဆိတ်သွားလေသည်။

ကျောက်ရုံမှာ စိတ်ထဲမှ ကျိန်ဆဲနေမိသော်လည်း မရေမရာ လေသံပျော့ပျော့ဖြင့်

"ငါက နေမကောင်းလို့ သိပ်မကြားလိုက်ရပါဘူး”

ယွမ်ရှောင်ချွေ: "အာ... ဒေါ်လေးက မကြားဘူးလား? ကျွန်မကတော့ အကုန်ကြားတယ်၊ သူတို့ပြောတာက..."

ယွမ်ရှောင်ချွေသည် ဇာတ်ကောင်နှစ်ဦးစလုံး၏ နေရာမှနေ၍ အိုက်တင်အပြည့်ဖြင့် ပြန်လည်သရုပ်ပြလေ၏။

ချန်ချင်းယွီသည် ယွမ်ရှောင်ချွေကို အလွန်ပင် ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်မိသည်။

နင်ကတော့ တကယ်ကို သရုပ်ဆောင်ကောင်းတာပဲ! ငါ ပိုတောင် ကြည့်ချင်သေးတယ်! နင်မပါရင် ငါ ပွဲကြည့်ဖို့ လက်မှတ်တောင် ဝယ်မှာမဟုတ်ဘူး!

ချန်ချင်းယွီက လက်ခုပ်တီးကာ ထောက်ခံ၍

"ရှောင်ချွေ ပြောတာ တကယ့်ကို ကွက်တိပဲ"

ကျန်တဲ့သူများ: "..."

အဘွားကြီးကျောက် : "အေး... ဒီကလေးမပြောတာ တကယ့်ကို အမှန်ပဲ။ ပြောစမ်းပါဦး၊ ငါ သူတို့ကို အပြစ်ပေးသင့်တယ် မဟုတ်လား?"

သူမသည် တွေးမိလေ ပိုစိတ်တိုလေဖြစ်ကာ လူနှစ်ဦးကို အတင်းဆွဲခေါ်သွားရင်း

"နင်တို့လို အဘိုးကြီးတွေ၊ ဒီကနေ ထွက်သွားစမ်း!"

ချန်ချင်းယွီ: "အမေ... ကျွန်မ ကူပါ့မယ်၊ ကျွန်မ အဖုံးကို ကူရွှေ့ပေးမယ်!"

သူမသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ချွေးမတစ်ဦးပင် ဖြစ်ပေသည်။

ကြည့်ပါဦး…… သူမ၏ ယောက္ခမက တစ်ခုခုကို အိမ်သာကျင်းထဲ ပစ်ချတော့မည်ဆိုတော့ သူမက အဖုံးကို ကူဖွင့်ပေးနေသည် မဟုတ်ပါလား…

"ကယ်ကြပါဦး!"

All Chapters