သေသည်အထိ တိုက်ခိုက်ခြင်း
Vol. 40 Ch. 400
ကျုံးချင် လှိုဏ်ဂူအတွင်းမှ ထွက်ခွာခဲ့သည်။ ဤတပည့်မှာ ချဉ်းကပ်ရ လွယ်ကူပုံ ရသော်လည်း အမှန်အားဖြင့် နက်ရှိုင်းစွာ အမြှစ်တွယ်နေသော မာန်မာနတစ်ခုကို သိုဝှက်ထားပေ၏။
ထိုအရာမှာ အောက်ရှိ သက်ရှိများအားလုံးကို ငုံ့ကြည့်ကာ တိမ်တိုက်တစ်ခုပေါ်တွင် မတ်တတ်ရပ်နေရခြင်းမှ လာသော မာနထောင်လွှားမှုမျိုးပင်။
"ဒီတပည့်ကို လက်ခံရမယ့် လမ်းကြောင်းက ရှည်လျားပြီး ခက်ခဲတဲ့ပုံပဲ... အရင်ဆုံး သူ့ရဲ့မာန်မာနကို လျှော့ချဖို့ လိုတယ်..."
ကျုံးချင် ပြန်လည်၍ လျှောက်လှမ်းလာစဉ် သူ၏ မျက်လုံးများ တောက်ပလာပြီး တီးတိုးရေရွတ်လိုက်၏။
သူ၏နံဘေးတွင် ရှိနေသော ရှန်ဖေးက ထိုစကားကိုကြားချိန်တွင် ထိတ်လန့်သွားသည်။
သူ မည်ကဲ့သို့လူမျိုးကို မိတ်ဆွေဖွဲ့ထားမိသနည်း ဟု တွေးတောမိသည်။
အစ်ကိုကျုံးသည် ထိုကဲ့သို့ စကားမျိုးကို အမှန်တကယ် ပြောရဲပေ၏။ သူသည် ပြောရဲရုံသာမက လက်တွေ့လုပ်ရန်လည်း ရဲဝံ့သည်။ သူ၏သတ္တိသည် အကန့်အသတ် မရှိလှချေ။
လောကကြီးသည် အလွန်ရူးသွပ်လွန်းသည်ဟု ရှန်ဖေး ခံစားလိုက်ရသည်။
ယနေ့ဖြစ်ရပ်များက သူ့အပေါ် သက်ရောက်မှု ကြီးမားလွန်းလှသည်။
သူ တည်ငြိမ်ရန်လိုအပ်ပြီး ကျုံးချင်နှင့် ထိုလေးစားရသော ပုဂ္ဂိုလ်ကြားရှိ ကိစ္စများနှင့် ပတ်သက်၍ သူ လုံးလုံးလျားလျား ဝင်မပါရဲချေ။
ထိုသို့မဟုတ်ပါက သူ၏စိတ်နှလုံးသားသည် ထိုအရာကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
နောက်ဆက်တွဲ နေ့ရက်များတွင် ကျုံးချင်သည် သူ၏နေ့စဉ် တာဝန်ခွဲတမ်းကို ပြီးမြောက်ခဲ့ပြီးနောက် ဝူကျောက်တို့ညီအစ်ကိုသုံးဦးနှင့်အတူ အရက်သောက်ကာ စကားပြောဆိုခဲ့သည်။
လျှူယွင်ထံသို့ သူ၏အထောက်အထားကို အသိပေးရန် သူ အလျင်မလိုခဲ့ချေ။ ကိစ္စများစွာအတွက် သဘာဝကျသော ချဉ်းကပ်မှုတစ်ခု လိုအပ်ပေ၏။
အကယ်၍ တစ်စုံတစ်ယောက်က အလွန်အမင်း တမင်သက်သက် လုပ်ဆောင်လွန်းပါက ထိုအရာသည် တစ်ဖက်လူ၏ မနှစ်သက်မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုတို့ကို မလွဲမသွေ ဖိတ်ခေါ်မိပေလိမ့်မည်။
ယခင်က ဦးတည်ချက် မရှိခြင်းနှင့် နှိုင်းယှဉ်ပါက သူ တပည့်လက်ခံမည့် လမ်းကြောင်းမှာ ချောမွေ့မှု မရှိသော်လည်း နောက်ဆုံးတွင် ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိလာခဲ့လေပြီ။
...
မျက်စိတစ်မှိတ်အတွင်း အချိန်များ ကုန်လွန်သွားခဲ့သည်။
ဤကာလအတွင်း လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းရှိ သတ္တုတွင်းကျွန် အများအပြား အတွက် အခြေအနေမှာ ယခင်နှင့် နှိုင်းယှဉ်ချက်အရ ငြိမ်းချမ်းနေသည်။
သို့သော် သတ္တုတွင်း၏ အဆင့်မြင့်အရာရှိများအတွက်မူ ထိုကာလသည် နှစ်ပေါင်းများစွာ ကြာမြင့်သကဲ့သို့ ခံစားခဲ့ရပေ၏။
ဖုန်းယွီဂိုဏ်းသည် ဂိုဏ်း၏နတ်ဘုရားငှက်ကို ဆုံးရှုံးခဲ့ရပြီး ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အပြည့်အဝ စွမ်းအားဖြင့် ရှာဖွေနေခဲ့သည်။
ထိုသို့ဆိုသည့်တိုင် မျက်စိတစ်မှိတ်အတွင်း လဝက်နီးပါး ကုန်လွန်သွားခဲ့ပြီး နတ်ဘုရားငှက်၏ သတင်းအစအနကိုပင် မရရှိသေးချေ။
အကယ်၍ တစ်လသတ်မှတ်ရက်သို့ ရောက်လာပြီး နတ်ဘုရားငှက်၏ တည်နေရာကို မသိရသေးပါက သူတို့ အပြစ်ပေးခံရပေလိမ့်မည်။
ထို့ပြင် ထိုပြစ်ဒဏ်မှာလည်း ပေါ့ပေါ့ပါးပါးဖြစ်မည် မဟုတ်ချေ။
ဤအချက်ကြောင့် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ အဆင့်မြင့် အရာရှိအသီးသီးထံတွင် တစ်နေ့လုံး မှုန်ကုပ်နေသော မျက်နှာများ ရှိနေကြပြီး သူတို့၏စိတ်အခြေအနေများ အလွန်အမင်း ဆိုးရွားနေသည်။
ကြီးမားကျယ်ပြန့်သော လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏အထက်တွင်...
ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ပုံရိပ်တစ်ခုက ပလ္လင်ခွေထိုင်နေလေ၏။
ဤလူသည် အရပ်ခုနစ်ပေမြင့်ပြီး ဝက်ဝံတစ်ကောင်အလား တောင့်တင်းသန်မာကာ ခမ်းနားထည်ဝါသော ရွှမ်ဝူဝတ်ရုံကို ဝတ်ဆင်ထားကာသူ၏ခါးတွင် အနက်ရောင် သစ်သားတံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားသည်။
ထိုသစ်သားတံဆိပ်ပြားမှာ အထောက်အထား သင်္ကေတတစ်ခုပင်။
တံဆိပ်ပြား၏အရှေ့ဘက်တွင် မဟာ အာဏာရှင်ဟူသော ရှေးဟောင်းစာလုံးတချို့ ပါရှိသည်။ အနောက်ဘက်တွင်မူ သူ၏အမည်ဖြစ်သော လုဖုန်းဟု ပါရှိလေ၏။
ဤလူသည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ မဟာအာဏာရှင်ပင်။
မဟာအာဏာရှင်သည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတစ်ခုလုံးတွင် အမြင့်ဆုံး အဆင့်အတန်း အစွမ်းအထက်ဆုံး စွမ်းအားနှင့် အမြင့်မြတ်ဆုံး ရာထူးရှိသူပင်။
သူသည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ ကိစ္စရပ်များအားလုံးကို စီမံခန့်ခွဲပြီး အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ထားသည်။
လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတစ်ခုလုံးသည် သူ၏အမိန့်ပေးမှုအောက်တွင် ရှိသည်ဟု ဆိုနိုင်ပေ၏။
သို့သော် ဤအချိန်အခိုက်အတန့်တွင် လုဖုန်း၏မျက်နှာ ဖြူရော်နေပြီး သူ၏အခြေအနေအလွန်အမင်း ဆိုးရွားနေသည်။ သူ ဒဏ်ရာရနေကြောင်း သိသာထင်ရှားသည်။ ထို့ပြင် သူ၏ဒဏ်ရာများမှာ နည်းပါးခြင်း မရှိချေ။
"သေသင့်တဲ့ ဖန်းငှက်ကြီး... မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့... တစ်နေ့နေ့ကျရင် အဲ့ဒီအတွက် ဆယ်ဆ ပြန်ပေးဆပ်ခိုင်းမယ်..."
လုဖုန်းသည် သူ၏ ဒဏ်ရာများကို ကုသနေစဉ် မှုန်ကုပ်နေသော အမူအရာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်၏။
နတ်ဘုရားငှက်ကို ရှာဖွေရန်အတွက် သူသည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ အပြင်ဘက်ရှိ ကျယ်ပြန့်သော တောင်တောင်များ အတွင်းသို့ သူကိုယ်တိုင် ဝင်ရောက်ခဲ့သည်။
သို့သော် အစွမ်းထက်သော ရှေးဟောင်းသန္ဓေပြောင်းသားရဲ အမြောက်အများ ထိုနေရာတွင် နေထိုင်ကြသည်။
သူ၏ ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံမှုဖြင့်ပင် သူသည် ထိုနေရာတွင် ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူသည် သူ၏ ဒဏ်ရာများမှ ပြန်လည်နာလန်ထူရန်အတွက် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းသို့ ပြန်၍ဆုတ်ခွာလာရုံသာ တတ်နိုင်ခဲ့သည်။
"ဝုန်း..."
လုဖုန်းသည် သူ၏ချီကို လှည့်ပတ်လိုက်သည်နှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဒီရေလှိုင်းအလား ကျယ်လောင်သောအသံတစ်သံက သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။
ထိုအရာမှာ သူ၏သွေးချီစွမ်းအားများ မရပ်မနား လှုပ်ရှားနေသည့်အသံပင်။
အချိန်အတော်ကြာပြီးနောက်...
လုဖုန်း၏မျက်နှာ ပို၍ပင် ဖြူရော်လာပေ၏။ ထို့နောက် 'ဝေါ့' ဟူသော အသံနှင့်အတူ သူသည် ညစ်ညမ်းသောသွေး အမြောက်အများကို အန်ထုတ်လိုက်သည်။
"မဖြစ်ဘူး... ငါ့ရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်... ဒီအတိုင်း ကုသမယ်ဆိုရင် အပြည့်အဝ ပြန်ကောင်းလာဖို့ နှစ်အတော်ကြာ အချိန်ယူရလိမ့်မယ်... အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး..."
သူ၏အဆင့်တွင် နှစ်တစ်ထောင်ကြာ တံခါးပိတ်ကျင့်ကြံခြင်းမှာ သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပင်။
သို့သော် ယခုအချိန်သည် အထူးအချိန်ကာလတစ်ခု ဖြစ်နေပေ၏။
ဖုန်းယွီဂိုဏ်း၏ နတ်ဘုရားငှက် ပျောက်ဆုံးသွားသဖြင့် ထိုကိစ္စမှာ ဂိုဏ်းတစ်ဂိုဏ်းလုံး၏ ကံကြမ္မာနှင့် သက်ဆိုင်သော ကြီးမားသည့် အဖြစ်အပျက်တစ်ခုပင်။
ဂိုဏ်းတွင် နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ် ကျင့်ကြံခြင်းကို ပြုလုပ်နေခဲ့ကြသော မျိုးဆက်ဟောင်း ပုဂ္ဂိုလ်အများအပြားပင်လျှင် အချက်ပေးသံကြောင့် ထွက်လာခဲ့ရသည်။
သူသည် ဤအချိန်တွင် ပြန်လည် နာလန်ထူရန် ရှည်လျားသော တံခါးပိတ် ကျင့်ကြံခြင်း အတွင်းသို့ သဘာဝကျစွာပင် မဝင်ရောက်နိုင်ချေ။
"ငါ အဲ့ဒါကိုသုံးမှ ရတော့မယ့်ပုံပဲ..."
လုဖုန်းက သူ၏သိုလှောင်အိတ်အတွင်းမှ စိတ်ဝိညာဉ်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ဤအရာမှာ စိတ်ဝိညာဉ်စွမ်းအား ပြန်လည်ဖြည့်တင်းရေး ဆေးလုံးတစ်လုံးပင်။
ထိုဆေးလုံးသည် အကောင်းဆုံး ဧကရာဇ်အဆင့် ဆေးလုံးများကြားရှိ တည်ရှိမှု တစ်ခု ဖြစ်ပြီး အဆင့်မြင့်သော ဆေးလုံးတစ်လုံးပင်။
ထိုအရာသည် လူတစ်ယောက်၏ အခြေခံအုတ်မြစ်ကို ဖြည့်တင်းပေးနိုင်ပြီး သူ၏နတ်ဘုရား စိတ်ဝိညာဉ်ကို ခိုင်မာစေနိုင်သည်။
ဤသည်ကို ဂိုဏ်းအတွက် ကြီးမားသော အကျိုးဆောင်မှု လုပ်ဆောင်ပေးခဲ့သည့်အတွက် လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက ဂိုဏ်းထံမှနေ၍ ဆုလာဘ်တစ်ခုအနေဖြင့် သူ ရရှိခဲ့ခြင်းပင်။
မူလက ထိုဆေးလုံးသည် သူ ဓမ္မသောင်းချီနယ်ပယ်၏ နောက်တစ်ဆင့်သို့ ချိုးဖျက်ရာတွင် အသုံးပြုရန်အတွက် သူ ရည်ရွယ်ထားခဲ့သည်။
သို့သော် ယခုအချိန်၌ သူသည် ထိုဆေးလုံးကို အချိန်မတိုင်မီ အသုံးပြုရတော့ပေမည်။
လုဖုန်း၏လက်တွင် အဖိုးတန်ဆေးလုံးကို ကိုင်ထားပြီး သူ၏မျက်နှာပေါ်၌ တွေဝေတွန့်ဆုတ်မှုတချို့ကို ပြသနေသည်။
ဤဆေးလုံးမှာ အလွန်အဖိုးတန်လွန်းပေ၏။ ထိုအရာသည် အလွန်အဖိုးတန်လွန်းသဖြင့် သူ ထိုဆေးလုံးကို တိုက်ရိုက်စားသုံးရန် မလုပ်ရက်နိုင်ခဲ့ချေ။
သူ၏နှလုံးသားထဲတွင် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် အဝေးမှ အော်သံတစ်သံက သူ၏စိတ်အာရုံကို ဖမ်းစားသွားသည်။
ဤသည်မှာ ခေါင်းပြောင်နေပြီး မီးခိုးရောင်ဖြစ်ကာ ညစ်ပတ်နေသော ငှက်ရုပ်ဆိုးတစ်ကောင်က သူ၏ တောင်ပံများကိုခတ်ကာ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၏ ကျောက်တုံးကြီးများပေါ်တွင် ဆော့ကစားနေခြင်းပင်။
ဤငှက်မှာ ရှောင်ကာ ဖြစ်ပေ၏။
ယနေ့၌ သူ၏သခင်သည် တစ်စုံတစ်ယောက်နှင့် အရက်သောက်ရန် သွားခဲ့ပြီး အစ်ကိုကြီးချီလင်ကမူ သတ္တုတွင်းလှိုဏ်ဂူထဲတွင် အိပ်နေသည်။
သူသည် သတ္တုရိုင်းတူးဖော်ပြီးနောက် တစ်ယောက်တည်း အနည်းငယ် ပျင်းရိလာသဖြင့် လေကောင်းလေသန့်ရရန် တိတ်တဆိတ်ထွက်လာခဲ့ခြင်းပင်။
ငှက်များသည် သဘာဝအားဖြင့် လွတ်လပ်မှုကို နှစ်သက်ကြပြီး ရှောင်ကာသည်လည်း ချွင်းချက် မဟုတ်ချေ။
ကျယ်ပြန့်သော ကောင်းကင်ကြီးကို မြင်တွေ့ချိန်၌ သူ အလွန်ပျော်ရွှင်မသွားဘဲ မနေနိုင်ခဲ့ချေ။
သူသည် လမ်းတလျှောက်လုံး တီးတိုးသီချင်းညည်းကာ အဆက်မပြတ် တောင်ပံများကို ခတ်ပြီး သတ္တုတွင်းမှ ကျောက်စရစ်ခဲများကို ဖြန့်ကြဲ၍ အလွန်ပျော်ရွှင်စရာကောင်းသော အချိန်ကို ရရှိနေခဲ့သည်။
လူသားများ၏ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုများမှာ တူညီကြခြင်းမရှိဟူသော ဆိုရိုးစကား ရှိနေသည်။
ရှောင်ကာ ပျော်ရွှင်နေချိန်တွင် လုဖုန်း၏ စိတ်အခြေအနေမှာ အလွန်မသာမယာ ဖြစ်နေပေ၏။
"ဒီငှက်မိုက်က ဘယ်ကနေ ရောက်လာတာလဲ... အရမ်း ဆူညံတာပဲ..."
လုဖုန်း၏မျက်နှာ သုန်မှုန်သွားပြီး သူသည် သူ၏လက်ဝါးကို မြှောက်ကာ လေထဲတွင်ရှိနေသော ရှောင်ကာထံသို့ ဦးတည်၍ ရိုက်နှက်လိုက်သည်။
ကြီးမားသော တောင်တစ်တောင်အလား အစွမ်းထက်သော လက်ဝါးစွမ်းအားက ရှောင်ကာ၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။
ရှောင်ကာက နာကျင်စွာ အော်ဟစ်လိုက်ကာ လေထုထဲတွင် အကြိမ်အနည်းငယ် လည်ထွက်သွားပြီးနောက် မြေကြီးပေါ်သို့ ပြုတ်ကျသွားပေ၏။
သူ မတ်တတ်ထရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဖုန်များကို သူ၏တောင်ပံများဖြင့် ခါထုတ်လိုက်သည်။
ထို့နောက် သူက စူးဝါးနေသော မျက်လုံးများဖြင့် လုဖုန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
လုဖုန်း အနည်းငယ် မှင်တက်သွားသည်။ ထို လက်ဝါးရိုက်ချက်တွင် သူ စွမ်းအားများစွာ အသုံးမပြုခဲ့သော်လည်း ယန်သုံးပါးနယ်ပယ် ရက်စက်ကြမ်းကြုတ်သားရဲတစ်ကောင်သည် ထိုရိုက်ချက်ကြောင့် အရိုးများနှင့်အရွတ်များ ကျိုးပဲ့သွားပြီး သေဆုံးသွားနိုင်ခြေ ရှိပေ၏။
ဤငှက်ငယ်လေးကမူ အမှန်တကယ်ကို အဆင်ပြေနေခဲ့သည်။
လုဖုန်း တွေဝေမိန်းမောနေစဉ်...
ရှောင်ကာသည် သူ၏တောင်ပံများကို ခတ်လိုက်ပြီး သူ၏တစ်ကိုယ်လုံး အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ လုဖုန်းထံသို့ တိုက်ရိုက်ပြေးဝင်သွားသည်။
လုဖုန်း သတိပြန်ဝင်လာချိန်တွင် သူ၏လက်ထဲရှိ ဆေးလုံးမှာ ပျောက်ကွယ်သွားခဲ့လေပြီ။
နတ်ဘုရားငှက်ကိစ္စကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေပြီ ဖြစ်သော လုဖုန်းသည် ဤအချိန်အခိုက်အတန့်တွင် ဒေါသများ ပေါက်ကွဲသွားတော့သည်။
ဤအရာမှာ အကောင်းဆုံး ဧကရာဇ်အဆင့် ရတနာ ဆေးလုံးတစ်လုံးပင်။
သူ အော်ဟစ်လိုက်ပြီး ထိုငှက်ငယ်လေးနောက်သို့ လိုက်လံဖမ်းဆီးရန် ဟန်ပြင်လိုက်၏။
သို့သော် ရှောင်ကာသည် သဘာဝနတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး သူ၏ပျံသန်းမှုအရှိန်နှုန်းမှာ အလွန်အမင်း လျင်မြန်လှသည်။
သူ မွေးဖွားလာချိန်ကပင် ဖုန်းယွီဂိုဏ်းမှ အဆင့်မြင့်အရာရှိ အများအပြား၏ရှေ့တွင် ပျံသန်းကာ ထွက်ပြေးနိုင်ခဲ့ပြီး ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံသူဖြစ်သော ဖုန်းယွီဂိုဏ်းချုပ်ပင်လျှင် အမီမလိုက်နိုင်ခဲ့ချေ။
လုဖုန်းသည်လည်း ဓမ္မသောင်းချီနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်။
သူ မတ်တတ်ထရပ်လိုက်သည်နှင့် တပြိုင်နက် ရှောင်ကာသည် လုံးလုံးလျားလျား သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့လေပြီ။
"သားရဲစုတ်... မင်း ဆိုးဆိုးရွားရွား သေရအောင် ငါ သေချာပေါက် လုပ်မယ်..."
အလွန်အမင်း ဒေါသထွက်နေသော အော်ဟစ်သံတစ်သံက မိုးကောင်းကင်ကို တုန်ခါသွားစေသည်။
လုဖုန်း၏မျက်လုံးများ ဒေါသကြောင့် နီရဲနေပေ၏။
သူသည် ဓမ္မသောင်းချီနယ်ပယ် ဆဋ္ဌမအဆင့် မဟာအရှင်သခင်တစ်ဦးဖြစ်ကာ လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းတစ်ခုလုံးတွင် အငြင်းပွားဖွယ်မရှိသော ထိပ်သီးတည်ရှိမှုတစ်ခုပင်။
ယခုအချိန်၌ သူ၏ကိုယ်ပိုင်နယ်မြေတွင် သူ၏ ရတနာဆေးလုံးကို ငှက်ရုပ်ဆိုးတစ်ကောင်က ခိုးယူသွားခဲ့လေပြီ။
"မဟာအာဏာရှင်... ဘာဖြစ်လို့လဲ..."
ဤနေရာရှိ ဆူပူအုံကြွမှုက လျှို့ဝှက်ဆန်းကြယ်နယ်မြေသတ္တုတွင်းမှ အဆင့်မြင့်အရာရှိ အများအပြား၏ အာရုံစိုက်မှုကို လျှင်မြန်စွာ ဆွဲဆောင်သွားခဲ့သည်။
အရပ်မျက်နှာအဘက်ဘက်မှ အလင်းတန်းများ စုဝေးလာကြကာ သူတို့က မေးခွန်းများ မေးလိုက်ကြသည်။
လုဖုန်း၏မျက်နှာသည် ဒယ်အိုးဖင်အလား မည်းနက်နေပြီး အလွန်မှုန်ကုပ်နေပေ၏။
"ဒီနေ့ကစပြီး ခေါင်းပြောင်ငှက်တစ်ကောင်ကို ငါ့အတွက် ကူညီပြီး စောင့်ကြည့်ပေးကြစမ်း..."
သူ စကားပြောဆိုနေစဉ် ရှောင်ကာ၏ပုံရိပ်ကို ပုံဖော်ပြသရန် သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြုလိုက်သည်။
"ဒီငှက်ရုပ်ဆိုးအတွက် ဝရန်းအမိန့်တစ်ခု ထုတ်လိုက်စမ်း... သူ့ရဲ့တည်နေရာကို ပြောနိုင်တဲ့သူ ဒါမှမဟုတ် သူ့ကို ဖမ်းနိုင်တဲ့ ဘယ်သူမဆို ကြီးမားတဲ့ ဆုလာဘ် တစ်ခု ရလိမ့်မယ်... တကယ်လို့ အဲ့ဒီငှက်က ခေါင်းမာမာနဲ့ ခုခံနေရင် ဘာမှမေးမနေဘဲ သတ်ပစ်လိုက်စမ်း..."
Thank for reading.