အတွင်းပိုင်းအမြုတေ
Vol. 40 Ch. 392
လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်း၌...
နံပါတ်တစ်ဆယ်ခု သတ္တုတွင်းမှ သတ္တုတွင်း ကျွန်များအတွက် ဤရက်အနည်းငယ်မှာ သူတို့ သတ္တုတွင်းသို့ ရောက်ကတည်းက သက်တောင့်သက်သာအရှိဆုံး အချိန်ပင်။
ရှန်ဖေးသည်လည်း ချွင်းချက်မဟုတ်ချေ။
သို့သော် ယခင်က အဆုံးမရှိ အမြတ်ထုတ်ခံရစဉ်က များစွာမခံစားခဲ့ရသော သူတို့ကဲ့သို့ လူများကမူ ယခုအားလပ်နေချိန်တွင် ရည်ရွယ်ချက်မရှိသကဲ့သို့ အနည်းငယ် ခံစားနေကြရသည်။
လွတ်လပ်မှုကို သဘာဝကျကျ တောင့်တသော ရှန်ဖေးသည် သတ္တုတွင်းတွင်နေထိုင်စဉ် အတောအတွင်း၌ ရူးသွပ်သွားသကဲ့သို့ ခံစားရသဖြင့် သူသည် ရွေ့လျားနိုင်သော အကွာအဝေးအတွင်း ရည်ရွယ်ချက်မရှိဘဲ လှည့်လည်သွားလာနေခဲ့၏။ အကြောင်းအရင်းမှာ ကြေးနီ ကွင်း၏တည်ရှိမှုက သူ၏ ကျင့်ကြံလိုသောစိတ်ဆန္ဒကိုလည်း ဖြတ်တောက်လိုက်သောကြောင့် ပင်။
ရှန်ဖေးတွင် ထူးခြားသော ပါရမီ တစ်ခု ရှိကြောင်း ဆိုရပေမည်။
ထိုအရာမှာ သူ၏အလွန်အမင်း ထက်မြက်သော အနံ့ခံနိုင်မှုပင်။
သုံးကျန်းအတွင်း သူသည် ရတနာ၏အနံ့ကို အနံ့ခံနိုင်ပေ၏။
သူ၏အသက်အရွယ်တွင် ယင်သုံးပါးနယ်ပယ် တတိယအဆင့်အထိ ကျင့်ကြံနိုင်စေရန် သူ၏ အောင်မြင်မှုများမှာ သက်တူရွယ်တူများထက် များစွာသာလွန်သွားစေခဲ့သည်မှာ ဤပါရမီကို အားကိုးခြင်းဖြင့်ပင်။
ပြိုလဲကျနေသော စိတ်ဝိညာဉ်သတ္တုတွင်းတွင် ရတနာတစ်ခု၏အရှိန်အဝါ စီးဆင်းနေသည်ကို သူ ဝိုးတဝါး ခံစားမိသည်။
သူသည် များစွာတွန့်ဆုတ်မနေဘဲ ရှေ့သို့ အလျင်အမြန် လျှောက်လှမ်းသွားကာ ပြိုလဲကျနေသော သတ္တုတွင်း ဥမင်လိုဏ်ခေါင်းကို စတင်၍ တူးဖော်လိုက်သည်။
မကြာမီမှာပင် နတ်ဆိုးအမြုတေတစ်ခုက သူ၏ မျက်လုံးများရှေ့တွင် ထင်ရှားစွာ ပေါ်လွင်လာသည်။
ထိုနတ်ဆိုးအမြုတေသည် လက်သီးဆုပ် အရွယ်အစားရှိပြီး တလက်လက် တောက်ပနေကာ ထူးခြားသော အလင်းတန်းတစ်ခု ဖြာထွက်နေသည်။
ထိုအရာတွင် လှိုင်းထနေသော စွမ်းအားတစ်ရပ်ပါဝင်ပြီး တစ်ချက်ရှူရှိုက်လိုက်ရုံဖြင့် လူတစ်ယောက်၏စိတ်ဝိညာဉ်ကို တုန်ယင်သွားစေနိုင်ပေ၏။
ထိုနတ်ဆိုးအမြုတေသည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး အမှန်တကယ်ကို သာမန်ထက် သာလွန်ထူးကဲသည်။
"ဒါက နတ်ဆိုးသားရဲရဲ့အမြုတေပဲ ဖြစ်ရမယ်..."
ရှန်ဖေးက ထိုအရာကို တခဏကြာမျှ စစ်ဆေးပြီးနောက် သူ၏မျက်လုံးများ တောက်ပလာသည်။
သတ္တုတွင်းဥမင်လိုဏ်ခေါင်းများ အတွင်းတွင် လူသား သတ္တုတွင်း ကျွန်များသာမက သတ္တုရိုင်းတူးရန် ဖမ်းဆီးခံထားရသော ထူးဆန်းသည့် နတ်ဆိုးသားရဲတချို့လည်း ရှိနေပေ၏။
တစ်စုံတစ်ယောက်သည် ထိုအမြုတေကို ရယူရန် နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖြတ်ခဲ့မည် ဖြစ်သော်လည်း ချက်ချင်း အသုံးမပြုခဲ့သည့်အပြင် ဝှက်ထားရန် နေရာလည်း မရှိသဖြင့် ထိုအရာကို ဤနေရာတွင် ထားခဲ့ခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်၏။
မည်သို့ပင်ဆိုစေကာမူ သတ္တုတွင်းကျွန်တစ်ယောက်၏သိုလှောင်အိတ်တွင် လျှို့ဝှက်ချက် ဟူသော သဘောတရား မရှိချေ။
ဖုန်းယွီဂိုဏ်းအဖွဲ့ဝင်များသည် ရိုးရှင်းသော စုံစမ်းစစ်ဆေးမှုတစ်ခုဖြင့် သိုလှောင်အိတ်အတွင်း၌ ဖုံးကွယ်ထားသည့် အရာမှန်သမျှကို အလွယ်တကူ အာရုံခံနိုင်ကြသည်။
ရှန်ဖေးသည် တောက်ပနေသော ရွှေရောင်နတ်ဆိုးအမြုတေကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများ လိုအင်ဆန္ဒကြောင့် တောက်ပသွားသည်။
"ကံကောင်းလိုက်တာ..."
"ဒီလို ရတနာမျိုးကို ရှာတွေ့လိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး..."
ဤနတ်ဆိုးအမြုတေသည် အဆင့်နိမ့် မဟုတ်ချေ။
အကယ်၍ သူသာ ထိုအရာကို ဝါးမျိုပြီး သန့်စင်လိုက်ပါက ဤစွမ်းအားဖြည့်တင်းမှုက သတ္တုတွင်းဧရိယာတွင် သူ၏ နေ့ရက်များကို များစွာပို၍ လွယ်ကူသွားစေပေလိမ့်မည်။
အနည်းငယ် ချဲ့ကားပြောရလျှင် ဤနတ်ဆိုးအမြုတေသည် ဤကဲ့သို့ နေရာမျိုးတွင် အရေးကြီးသော အချိန်၌ သူ၏အသက်ကိုပင် ကယ်တင်နိုင်ပေ၏။
ရှန်ဖေးက သူ၏ပါးစပ်ကိုဟကာ အတွင်းပိုင်းအမြုတေကို ထည့်လိုက်ပြီးနောက် ထိုအရာကို သန့်စင်ရန် ရည်ရွယ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ရတနာတစ်ခုသည် မည်မျှထိ ကောင်းမွန်နေပါစေ ထိုအရာကို သန့်စင်ပြီးမှသာ သူ၏အပိုင် အမှန်တကယ် ဖြစ်လာပေမည်။
သို့သော် ထို့နောက် သူ၏စိတ် ပြောင်းလဲသွားပေ၏။
"မဟုတ်ဘူး... အစ်ကိုကျုံးအတွက် တစ်ဝက် ချန်ထားရမယ်..."
"ငါတို့က အခက်အခဲတွေကို အတူတူ မျှဝေခံစားခဲ့ကြတာ... အခု အကျိုးကျေးဇူးတစ်ခု ရလာတော့ သူ့ကို ငါ မေ့ထားလို့မရဘူး.."
ထိုအတွေးဖြင့် သူက နတ်ဆိုးအမြုတေကို တိုက်ရိုက်သိမ်းဆည်းလိုက်သည်။
သူသည် ထိုအရာကို ကျုံးချင်နှင့် မျှဝေရန် စီစဉ်ထားသည်။
သို့သော် သူ မထွက်ခွာမီ တစ်စုံတစ်ယောက်က သူ့ကို တားဆီးလိုက်၏။
"ကောင်လေး... မင်း ဘာတွေဖုံးကွယ်ထားတာလဲ... ပေးစမ်း..."
ယှက်နွှယ်နေသော သတ္တုတွင်းဥမင်လိုဏ်ခေါင်းများအတွင်းတွင် ဥမင်လိုဏ်ခေါင်းတစ်ခု၏ ထောင့်မှ သတ္တုတွင်းကျွန်လေးဦး ထွက်လာသည်။
ထို့နောက် သူတို့က ရှန်ဖေးကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ကြည့်လိုက်ကြသည်။
ရှန်ဖေး၏နှလုံးသား တင်းကြပ်မသွားဘဲ မနေနိုင်ခဲ့ချေ။ သို့ရာတွင် သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဘာပစ္စည်းလဲ... ဘာမှမရှိဘူး..."
"အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့..."
သတ္တုတွင်း ကျွန် လေးဦးမှာ နံပါတ် ၃၄၂၃၊ ၃၄၂၄၊ ၃၄၂၅ နှင့် ၃၄၂၆တို့ အသီးသီး ဖြစ်ကြသည်။
သူတို့သည် အရပ်မရှည်ကြဘဲ မီးခိုးရောင် ပိတ်ချောထည်ကို ဝတ်ဆင်ထားကာ ဒုက္ခသည်များနှင့် တူညီနေသည်။
ဤသည်မှာ သတ္တုတွင်းကျွန်များကြားတွင် အများဆုံးတွေ့ရသော လက္ခဏာရပ်တစ်ခုပင်။
ကွာခြားသည်မှာ သူတို့၏မျက်လုံးများက ရက်စက်ကြမ်းတမ်းပြီး သူတို့သည် နတ်ဆိုးဆန်သောချီကို ထုတ်လွှတ်ထားခြင်းပင်။ သူတို့သည် ကိုင်တွယ်ရန် မလွယ်ကူသော ရက်စက်သည့် လူသတ်သမားများ ဖြစ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေပေ၏။
သတ္တုတွင်း ကျွန် နံပါတ် ၃၅၂၄၏ မျက်လုံးများက ၃၅၂၃ကို စကားပြောနေစဉ် တောက်ပနေသည်။
"အစ်ကိုကြီး... ခုဏက ကျွန်တော် အမြင်မမှားဘူးဆိုရင် အဲ့ဒီကောင်လေး သူ့ရဲ့ရင်ဘတ်ကြားထဲမှာ ဖုံးကွယ်ထားတာက နတ်ဆိုးသားရဲအမြုတေ ဖြစ်ရမယ်..."
ထိုစကားများကို ပြောလိုက်သည်နှင့် တပြိုင်နက် တခြားလူသုံးဦး၏ မျက်လုံးများ ချက်ချင်းတောက်ပလာသည်။
သူတို့၏အသက်ရှူနှုန်းများလည်း အနည်းငယ် မြန်ဆန်လာပေ၏။
ဤသတ္တုတွင်း ဥမင်လိုဏ်ခေါင်းတွင် နတ်ဆိုးသားရဲအမြုတေတစ်ခု၏ တန်ဖိုးမှာ တန်ဖိုးမဖြတ်နိုင်ကြောင်း ဆိုနိုင်သည်။
ထိုအရာသည် အရေးကြီးသောအချိန်တွင် သူတို့၏အသက်များကိုပင် ကယ်တင်နိုင်ပေလိမ့်မည်။
"ကောင်လေး... နတ်ဆိုးသားရဲအမြုတေကို ပေးစမ်း... ပြီးရင် မင်းရဲ့အသက်ကို ငါတို့ ချမ်းသာပေးမယ်..."
၃၅၂၃၏အသံသည် စိတ်လှုပ်ရှားမှုကြောင့် ပြောင်းလဲသွားပေ၏။
ရှန်ဖေးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။
နတ်ဆိုးသားရဲအမြုတေကိစ္စ ရှာဖွေတွေ့ရှိသွားကြောင်း မြင်သောအခါ သူသည် ငြင်းခုံရန် မကြိုးစားတော့ချေ။
ထိုအစား သူသည် ထိုလူလေးဦးကို ကြည့်ကာ တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
"မိတ်ဆွေတို့... ဒီအရာကို ကျွန်တော် ရှာတွေ့ခဲ့တာပါ...သတ္တုတွင်းထဲမှာ ကျွန်တော်တို့ အချင်းချင်း ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်..."
"ခင်ဗျားတို့က သတ္တုတွင်းရဲ့ စည်းမျဉ်း တွေကို မချိုးဖောက်ချင်ဘူး မဟုတ်လား..."
ဤအချိန်အတောအတွင်း ရှန်ဖေးသည် သတ္တုတွင်း၏ စည်းမျဉ်းအမြောက်အများကို နားလည်လာခဲ့သည်။
ထို့ပြင် ဤနေရာတွင် စည်းမျဉ်းတစ်ခု ရှိနေပြီးသတ္တုတွင်းကျွန်များကြားတွင် တိုက်ခိုက်မှုများကို တင်းကြပ်စွာ တားမြစ်ထားသည်။
ထိုပြစ်မှုကျူးလွန်မှုမျိုးကို တစ်ကြိမ်ရှာဖွေတွေ့ရှိပါက ပြင်းထန်သော အပြစ်ပေးမှုအား ရှောင်လွှဲ၍ မရနိုင်ချေ။
လျှပ်စီးကြာပွတ်ဖြင့် အချက်ရေအနည်းငယ် ရိုက်ခံရခြင်းကို ပေါ့ပါးသည့်ပြစ်ဒဏ်ဟု မှတ်ယူနိုင်သည်။
ပြင်းထန်သော အခြေအနေများတွင် သူတို့ကို သွေးပေါက်ကွဲမှု ဆေးလုံးပင် တိုက်ကျွေးနိုင်ပြီး သတ္တုရိုင်း တူးဖော်ရန်အတွက် ပေါက်ကွဲစေတတ်သော အရာများအဖြစ် အသုံးပြုနိုင်ပေ၏။
တာဝန်ခံတစ်ယောက်အတွက် မည်သူ မှန်သည် မှားသည် ဆိုသည်မှာ အရေးမကြီးသည့်အပြင် သူတို့သည် တစ်စုံတစ်ယောက်အတွက် တရားမျှတမှုကိုလည်း ရှာဖွေပေးမည် မဟုတ်ချေ။ ဤကိစ္စ၌ လှုပ်ရှားသော မည်သူမဆို ပါဝင်သူ အားလုံးကို ပြင်းထန်သော ပြစ်မှုကျူးလွန်သူများအဖြစ် မှတ်ယူကြပေမည်။
သတ္တုတွင်းကျွန်များတွင် ဤဧရိယာ၌ မည်သည့်လူ့အခွင့်အရေးမျှ လုံးလုံးလျားလျား မရှိကြချေ။
သူတို့၏ အသက်များမှာလည်း အချိန်မရွေး ယူဆောင်ခြင်း ခံရနိုင်သည့် အခြေအနေတွင် ရှိနေကြ၏။
ဤစည်းမျဉ်း တစ်ခုပြီးတစ်ခုကို မရေမတွက်နိုင်သောလူများ၏ အသက်များအပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းပင်။
သတိထားနေသော ရှန်ဖေးကို ရင်ဆိုင်ရချိန်တွင် ထိုလေးဦးအနက် ဝတ်စုံတွင် နံပါတ် ၃၅၂၄ တပ်ထားသော အမျိုးသားက လှောင်ပြောင်လိုက်သည်။
"ကောင်လေး... သတ္တုတွင်းစည်းမျဉ်းတွေနဲ့ ငါ့ကို ဖိအားပေးဖို့ မကြိုးစားနဲ့..."
"ဒီအဘိုးကြီးက သတ္တုတွင်း ထဲမှာ ရှိနေတာ ဆယ်စုနှစ်ချီပြီး ကြာနေပြီ... စည်းမျဉ်း တွေနဲ့ ပတ်သက်လာရင် မင်းထက် ပိုသိတယ်..."
"မင်းကို ဒီနေရာမှာ သတ်နိုင်သရွေ့ မင်းက အလုပ်လုပ်ရင်း ဒဏ်ရာရတဲ့ သားကောင် တစ်ယောက်ပဲ ဖြစ်သွားမှာ..."
"မင်းရဲ့ တန်ဖိုးမရှိတဲ့ အသက်အတွက် တရားခံအစစ်ကို တစ်ယောက်ယောက်က စုံစမ်းစစ်ဆေးမယ်လို့ မင်း ထင်နေတာလား...မင်းက ရိုးအလွန်းတယ်..."
"ငါ ထပ်ပြောမယ်... နတ်ဆိုးအမြုတေကို ပေးစမ်း... ပြီးရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးမယ်..."
"မဟုတ်ရင် လာမယ့်နှစ် ဒီအချိန်က မင်းရဲ့ သေဆုံးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်လာလိမ့်မယ်..."
သူ၏အသံသည် အေးစက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်ကာ သူ၏မျက်လုံးများက သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒဖြင့် တလက်လက် တောက်ပနေသည်။
ကျင့်ကြံခြင်းလောကတွင် အစွမ်းထက်သူများကို ရိုသေလေးစားကြ၏။
လူအများက ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် တိုက်ခိုက်ကြသည့် ဥပမာများမှာ လောကတဝှမ်းလုံးတွင် အလွန်ပေါများသည်။
ထို့ထက်ပို၍ ဤသည်မှာ အလွန်အမင်း ရှားပါးသော အရင်းအမြစ်များရှိသည့် သတ္တုတွင်းနယ်မြေတစ်ခုပင်။
ဤသတ္တုတွင်းနယ်မြေကို မြေအောက် ငရဲခန်းဟုလည်း လူသိများကျော်ကြားသည်။
ဤနာမည်မှာ ဟန်ပြသက်သက် မဟုတ်ချေ။
ဤလူများက သတ္တုတွင်း စည်းမျဉ်းများကိုပင် လျစ်လျူရှုထားကြောင်း မြင်တွေ့ချိန်၌ ရှန်ဖေး၏အမူအရာသည်လည်း ရက်စက်ကြမ်းကြုတ်သွားသည်။
"လာစမ်းပါ..."
"ငါ ပိုင်ဆိုင်တဲ့ အရာကို ငါ့ရဲ့လက်ထဲကနေ ယူနိုင်တဲ့ စွမ်းရည်မျိုး မင်းတို့မှာ ရှိမရှိ ငါ ကြည့်ချင်တယ်..."
သူသည် အရာအားလုံးကို အလိုအလျောက် လက်ခံမည့်သူမျိုး မဟုတ်ပေ။
ဤရက်အနည်းငယ်အတွင်းရှိ သူ၏ အတွေ့အကြုံများကလည်း သူ့ကို ဖိနှိပ်ထားသော ခံစားချက်တစ်ခုအား ရရှိစေခဲ့သည်။
သူသည် ဘဝတွင် အလွန်အမင်း အသက်ရှူမွန်းကြပ်နေသည်ဟု ခံစားခဲ့ရပေ၏။
ယခုအချိန်တွင် သူသည် နောက်ဆုံး၌ ကောင်းမွန်သော အရာတစ်ခုကို ရှာတွေ့ခဲ့ပြီး သူ၏လက်ထဲတွင်ပင် မနွေးသေးမီမှာပင် တစ်စုံတစ်ယောက်က ထိုအရာကို လုယူရန် ခုန်ထွက်လာသည်။
သူ မည်သို့မျှ ဤကိစ္စကို သဘောတူမည် မဟုတ်ချေ။
သူ၏နှလုံးသားထဲရှိ နတ်ဆိုးဆန်သောချီသည်လည်း လှုံ့ဆော်ခြင်း ခံလိုက်ရပေ၏။
"ကောင်းလိုက်တဲ့ ကောင်လေး... မင်းက သေချင်နေမှတော့ ဒီအဘိုးကြီးက မင်းရဲ့ ဆန္ဒ ကို ဖြည့်ဆည်းပေးမယ်..."
"သွားစမ်း..."
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ထိုလေးဦးသား ချက်ချင်းလှုပ်ရှားလိုက်ကြသည်။
သူတို့အားလုံးက ရှန်ဖေးထံသို့ ဦးတည်၍ ပြင်းထန်သော သတ်ဖြတ်ခြင်း လှုပ်ရှားမှုများကို ပြုလုပ်လိုက်သည်။
သူတို့၏ အရပ်အမောင်းသည် နိမ့်နေသော်လည်း သူတို့သည် နဂါးတစ်ကောင်ကဲ့သို့လှုပ်ရှားကြပြီး သူတို့၏အမြန်နှုန်းမှာ လေအလားပင်။
သူတို့၏ သွေးချီများမှာ ရှေးဟောင်းရက်စက်ကြမ်းကြုတ်သားရဲများအလား အလွန်ပေါကြွယ်ဝလှ၏။
သူတို့၏လှုပ်ရှားမှုတိုင်းက တောင်များနှင့် ပင်လယ်များကို မှောက်လှန်နိုင်သော စွမ်းအားကို သယ်ဆောင်ထားသည်။
သူတို့ ထိပ်တိုက်တွေ့သည်နှင့် တပြိုင်နက် ရှန်ဖေး၏အမူအရာ ပျက်ယွင်းသွားသည်။
သူ၏ ခွန်အားနှင့် နက်နဲသိမ်မွေ့သောစွမ်းအားကို အသုံးပြုခြင်းဖြင့် တူညီသော ကျင့်ကြံဆင့်နယ်ပယ်မှ လူလေးဦး ရောက်လာလျှင်ပင် သူ အနည်းငယ်မျှ ကြောက်ရွံ့မည် မဟုတ်ချေ။
သို့သော် ဤလေးဦးသည် ယင်သုံးပါးနယ်ပယ် တတိယအဆင့်တွင် ရှိမနေပေ။
သူတို့သည် ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူများပင်။
...