ငါးဆယ်...ငါးဆယ်
Vol. 40 Ch. 394
ကျုံးယင်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"အရှင့်ကို ကျွန်တော်တို့က အခက်တွေ့စေခဲ့လို့လား...အဲဒီလိုဆိုရင်တော့ ကျွန်တော့်အစ်ကိုကြီးရဲ့ကိုယ်စား အရှင်ကို တောင်းပန်ပါတယ်..."
ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ပြောလို့ မရတဲ့အရာ မရှိပါဘူး... တကယ်တော့ ငါက အရမ်းဝေးကွာတဲ့ နေရာတစ်ခု ကနေ လာခဲ့တာပါ... လောလောဆယ်တော့ ငါ့မှာ အတည်တကျ နေထိုင်စရာ နေရာ မရှိသေးဘူး..."
သူ ထိုစကားကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် တခြားသူများအားလုံး ချက်ချင်း နားလည်သွားကြသည်။
ကျုံးချင်သည် လောကကြီးတွင် လှည့်လည်သွားလာနေသူတစ်ယောက်ဟု သူတို့ ထင်မှတ်လိုက်ကြသည်။
ကျင့်ကြံသူအများစုသည် သတ်မှတ်ထားသော ကျင့်ကြံဆင့်နယ်ပယ်တစ်ခုသို့ ရောက်ရှိပြီးနောက် သူတို့၏အမြင်များကို ကျယ်ပြန့်စေရန်အတွက် ခရီးသွားရခြင်းကို နှစ်သက်ကြသည်။
လွန်ခဲ့သော နှစ်များစွာအကြာက သူတို့သည်လည်း ထိုကျင့်ကြံသူများနှင့် မည်သည့်ကွာခြားချက်မျှ မရှိခဲ့ချေ။
နောက်ပိုင်းတွင် သူတို့သည် အတည်တကျ နေထိုင်စရာ မရှိသော ဘဝကို ငြီးငွေ့လာသဖြင့် ဖုန်းလိုင်မြို့တွင် သီးသန့်နေထိုင်ရန် သူတို့ ရွေးချယ်ခဲ့ကြ၏။
နှစ်ဖက်လုံးသည် တူညီသော အတွေ့အကြုံများကို မျှဝေခံစားဖူးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး စားသောက်ပွဲအခြေအနေမှာ ပို၍ပင် သဟဇာတဖြစ်လာသည်။
စားသောက်ပွဲကို နောက်တစ်နေ့ မနက်ခင်းအလင်းရောင် ရလာသည်အထိ ဆက်လက်၍ ကျင်းပခဲ့သည်။
ကျုံးချင်၏ အရက်ဒဏ် ခံနိုင်ရည်ဖြင့်ပင်လျှင် သူသည် အနည်းငယ် မူးယစ်နေသကဲ့သို့ ခံစားမိပေ၏။
မိုးကုတ်စက်ဝိုင်းရှိ အနီရောင်နေလုံးကြီးကို သူ တစ်ချက် ကြည့်လိုက်သည်။
မူလက သူသည် အရက်တစ်ခွက် သောက်ပြီး ပြန်ရန်သာ ရည်ရွယ်ခဲ့သော်လည်း မမျှော်လင့်ဘဲ သူ စိတ်အားထက်သန်သွားပြီး တစ်ညလုံး သောက်ခဲ့မိသည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျုံးချင်သည် နှုတ်ဆက်ရန် ဟန်ပြင်လိုက်၏။
သူသည် ညီအစ်ကိုသုံးဦးထံ ဦးတည်၍ သူ၏လက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
"မနေ့က မင်းတို့ရဲ့ ရက်ရောတဲ့ ဧည့်ဝတ်ကျေပွန်မှု အတွက် ကျေးဇူးတင်ပါတယ်... အခု မနက် ရောက်နေပြီဆိုတော့ ငါ့ကို ခွင့်ပြုပါအုံး..."
ဝူကျောက်က သူ၏မူးယစ်ရီဝေနေသော ခေါင်းကို ခါယမ်းလိုက်သည်။
"အရှင် ဒီနေရာကို ထပ်ပြီးလာလည်ဖို့ဆိုတာ မလွယ်ဘူးလေ... ဘာလို့ နောက်ထပ် ရက်နည်းနည်းလောက် ထပ်မနေတာလဲ... ဖြစ်နိုင်တာက ကျွန်တော်တို့ရဲ့ ဧည့်ခံမှုက မကောင်းလို့များလား..."
ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"မင်းတို့ကြောင့် မဟုတ်ပါဘူး... ငါ့မှာ အရေးတကြီး လုပ်စရာကိစ္စတွေ ရှိနေလို့ အရမ်းကြာကြာ နေလို့မရလို့ပါ..."
ဝူကျောက်က ပြောဆိုသည်။
"အဲဒီလိုဆိုရင်လည်း အရှင် ခဏလောက် စောင့်ပါအုံး... အနာဂတ်မှာ အရှင်သောက်ဖို့အတွက် အရက်နည်းနည်း ပြင်ဆင်ပေးဖို့ တစ်ယောက်ယောက်ကို ကျွန်တော် ခိုင်းလိုက်ပါ့မယ်..."
ဤအချိန်တွင် မနက်ခင်းနေမင်းကြီးသည် အပြည့်အဝ ထွက်ပေါ်နေလေပြီ။
နေရောင်ခြည်များ တလက်လက် တောက်ပနေပြီး လောကကြီးသည် လင်းထိန်နေကာ အရာအားလုံး သက်ရှိစွမ်းအားများဖြင့် တက်ကြွနေပေ၏။
ဝူကျောက်တို့ ညီအစ်ကိုသုံးဦးသည် ကျုံးချင် အတွက် အရက် ပြင်ဆင်ပေးခဲ့ပြီး သူ့ကို မြို့ အပြင်ဘက်အထိ လိုက်ပါပို့ဆောင်ခဲ့သည်။
"မင်းတို့ ဒီအထိပဲ လိုက်ပို့ကြတော့..."
ကျုံးချင်က သူ၏လက်ကိုပူးဆုပ်ပြီး သူတို့ကို ပြောဆိုသည်။
"တောင်တန်းတွေ ရှိနေပြီးတော့ မြစ်တွေက စီးဆင်းနေတုန်းပဲ... ကံကြမ္မာက ခွင့်ပြုရင် ကျွန်တော်တို့ ပြန်တွေ့ကြတာပေါ့..."
"အရှင်... လမ်းခရီးမှာ ဂရုစိုက်ပါ..."
နေရာတွင် မတ်တတ်ရပ်ကျန်ခဲ့သော လူသုံးဦးက သူတို့၏နှုတ်ဆက် စကားများကို ပြောဆိုလိုက်ကြ၏။
ကျုံးချင်၏ပုံရိပ် မိုးကုတ်စက်ဝိုင်းအတွင်းသို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်ကို မြင်တွေ့ချိန်၌ သူတို့သုံးဦးသား အချင်းချင်း ကြည့်လိုက်ကြသည်။
ဝူကျောက်က ပြောဆိုသည်။
"အခု အရှင် ထွက်သွားပြီဆိုတော့ ငါတို့လည်း ဒီနေရာကနေ ထွက်ခွာဖို့ အချိန်တန်ပြီ..."
"အစ်ကိုကြီး... ကျွန်တော်တို့ ဘယ်နေရာမှာ အခြေချသင့်လဲ..."
ကျုံးယင်က မေးမြန်းလိုက်၏။
ဖုန်းယွီဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးသည် ဤမြို့တွင် သေဆုံးသွားခဲ့ရာ ထိုအရာမှာ ကြီးမားသော အဖြစ်အပျက်တစ်ခုပင်။
တစ်နေ့နေ့တွင် တစ်ဖက်လူများက ဤနေရာကို သေချာပေါက် ရှာတွေ့သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသော သူတို့သည် ဖုန်းယွီဂိုဏ်းနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
ထို့ကြောင့် အာဏာရှင်ကျီးမန် သေဆုံးချိန်မှစ၍ သူတို့သုံးဦးထံတွင် ထွက်ခွာသွားရန် ရည်ရွယ်ချက် ရှိနေလေပြီ။
သို့သော် သူတို့ မည်သည့်နေရာသို့ သွားရမည်နည်း။
ဤသည်က သူတို့သုံးဦးကို အခက်တွေ့စေသော အရာပင်။
...
ကျုံးချင်သည် လျှို့ဝှက်ဆန်းကြယ်နယ်မြေ သတ္တုတွင်းသို့ ပြန်ရောက်ချိန်တွင် ဖုန်းယွီဂိုဏ်း အဖွဲ့ဝင် အမြောက်အများသည် သတ္တုတွင်း၏ အပြင်ဘက် နံဘေးပတ်လည်တွင် ရှာဖွေနေကြသည်ကို သူ တွေ့ရှိခဲ့သည်။
သူတို့ မည်သည့်အရာကို ရှာဖွေနေသည်အား သူ မသိခဲ့ချေ။
သူ ထိုကိစ္စကို များစွာဂရုမစိုက်ခဲ့ပေ။
ယခုအချိန်တွင် သူ၏အဓိက ဦးစားပေးကိစ္စမှာ သူ၏ အနာဂတ်တပည့်ကို ရှာဖွေရန်ပင်။
ထိုအရာမှလွဲ၍ တခြားကိစ္စများအားလုံးမှာ သူနှင့် အနည်းငယ်မျှ မသက်ဆိုင်ချေ။
ကျုံးချင်သည် ကြီးမားသော ဝင်္ကပါအတွင်းသို့ ကျွမ်းကျင်စွာ ဝင်ရောက်သွားပြီး သတ္တုတွင်းသို့ ပြန်သွားခဲ့သည်။
သတ္တုတူးဖော်ခြင်းကို ရပ်ဆိုင်းထားသော နေ့ရက်များတွင် သူတို့သည် သတ္တုတွင်း အတွင်း၌သာ နေထိုင်ကြရပြီး ကန့်သတ်ထားသော ဧရိယာအတွင်း၌သာ သွားလာနိုင်ကြ၏။
ကျုံးချင် တိတ်တဆိတ် ပြန်ရောက်လာချိန်တွင် ရှောင်ကာထံတွင် ဖုန်များ အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေသည်ကို သူ တွေ့ရှိမိသည်။
သူသည် သတ္တုတူးဖော်ရာမှ ယခုလေးတင် ပြန်ရောက်လာကြောင်း သိသာထင်ရှားသည်။
ဤသုံးရက်အတွင်း သတ္တုရိုင်းများ ပေးအပ်ရန် မလိုအပ်သော်လည်း ထိုကောင်လေးသာ် တစ်ရက်လျှင် သတ္တုရိုင်း ကျင်တစ်သောင်း မတူးရပါက အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
သေချာသည်မှာ နံပါတ်တစ်ဆယ်ခုသတ္တုတွင်းတွင် အလုပ်ရပ်နားထားသော်လည်း သူသည် နေ့စဉ်နေ့တိုင်း အချိန်မှန်သတ္တုတူးရန် သွားနေခဲ့ပေ၏။
သေချာသည်မှာ သူသည် ဖုန်းယွီဂိုဏ်းကို ဖုံးကွယ်ကာ ချီလင်၏ လမ်းညွှန်မှုအောက်တွင် လျှို့ဝှက်စွာ သတ္တုတူးနေခြင်းပင်။
သူ့ကို အသိဉာဏ်ကင်းမဲ့သည်ဟု ဆိုရလျှင် သူ့ထံတွင် အမှန်တကယ်ကို ဇွဲလုံ့လတချို့ ရှိနေသည်။
သူ့ထံတွင် ဇွဲလုံ့လရှိသည်ဟု ဆိုရလျှင် သူသည် အမှန်တကယ်ကို အနည်းငယ် ကလေးဆန်လှ၏။
ကျုံးချင် ဝင်ရောက်လာသည်ကို မြင်ချိန်တွင်...
ကောင်လေးနှစ်ယောက်သား ကျုံးချင်ကို အလျှင်အမြန် နှုတ်ဆက်လိုက်ကြသည်။
"သခင်..."
ကျုံးချင်က ခေါင်းညိတ်ပြလိုက်သည်။
"ငါ အပြင်ထွက်နေတုန်း မင်းတို့ နှစ်ယောက် ဘာပြဿနာမှ မရှာထားဘူးမလား..."
ရှောင်ဟေးနှင့်ရှောင်ကာတို့သည် သူတို့၏ခေါင်းများကို အဆက်မပြတ် ခါယမ်းလိုက်ကြ၏။
"သခင့်ကို သတင်းပို့ပါတယ်... အရာအားလုံး အဆင်ပြေပါတယ်... ဒါပေမဲ့ သခင်နဲ့ ညီအစ်ကိုလို ဖြစ်နေတဲ့ ရှန်ဖေးက ပြဿနာတချို့ ကြုံတွေ့ခဲ့ရပုံပေါ်တယ်..."
ရှောင်ဟေး၏ စကားများက ကျုံးချင်၏ မျက်ခုံးများကို အနည်းငယ် တွန့်ကွေးသွားစေသည်။
ပြောရမည်ဆိုလျှင် သတ္တုတွင်းတွင် သတ္တုတူးဖော်ရသည့် ကျွန်အဖြစ်သို့ ရှန်ဖေး ရောက်ရှိသွားရခြင်းမှာ သူနှင့် အတိုင်းအတာတစ်ခုအထိ ဆက်စပ်မှု ရှိနေခဲ့သည်။
"သူ ဘာဖြစ်သွားတာလဲ..."
"သခင်... ကျွန်တော် သိတယ်..."
ရှောင်ကာက သူ၏တောင်ပံများကို ခတ်ကာ စကားပြောချင်နေခဲ့သည်။
သူ မပြောဆိုရသေးမီမှာပင် ချီလင်က သူ့ကို မကြည်မသာဖြင့် စိုက်ကြည့်လိုက်၏။
"အစ်ကိုကြီး စကားမပြောရသေးဘူး... မင်းက ဘာလို့ ဝင်ပြောနေတာလဲ..."
"ဟုတ်ကဲ့..."
မျက်စိတစ်မှိတ်အတွင်း ရှောင်ကာ၏ခေါင်း ငိုက်စိုက်ကျသွားပြီး အလွန်အမင်း နာကြင်ကြေကွဲနေပုံရသည်။
ဒီကောင်စုတ်လေး နှစ်ကောင်ကတော့...
ကျုံးချင်သည် သူ၏နားထင်များကို ပွတ်သပ်ပြီး ရှောင်ဟေးကို စကားဆက်ပြောရန် အချက်ပြလိုက်သည်။
ရှောင်ဟေးက ပြောဆိုသည်။
"သခင်... မနေ့ညက ရှန်ဖေး အပြင်ကနေ ဖြတ်သွားတော့ သူ့ရဲ့ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရှိနေတာကို ကျွန်တော် မြင်လိုက်ရတယ်... သူ အရိုက်ခံရတာ သေချာတယ်..."
"ဘယ်သူ လုပ်တာလဲ..."
ကျုံးချင်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။
ရှောင်ဟေးက ခေါင်းခါယမ်းလိုက်၏။
"ကျွန်တော် မသိဘူး... သူ အပြင်ထွက်သွားပြီး ပြန်လာတော့ သူ့ရဲ့ နံရိုး တော်တော်များများ ကျိုးနေတယ် ဆိုတာကိုပဲ ကျွန်တော် သိတယ်..."
ကျုံးချင်က မေးခွန်းအနည်းငယ် ထပ်မေးလိုက်သော်လည်း ရှောင်ဟေးသည် ရှင်းလင်းစွာ မပြောပြနိုင်ကြောင်း သူ မြင်တွေ့လိုက်ရသည်။
သူ အချိန်ဆွဲမနေတော့ဘဲ ရှန်ဖေး၏ အင်မော်တယ်လှိုဏ်ဂူသို့သွားရန် နောက်သို့လှည့်လိုက်၏။
သူတို့ နေထိုင်သော အင်မော်တယ်လှိုဏ်ဂူများသည် ကပ်လျက်တည်ရှိပြီး ကျန်းအနည်းငယ်သာ ကွာဝေးသည်။
အချိန်တခဏအတွင်း ကျုံးချင်သည် ရှန်ဖေး၏ အင်မော်တယ်လှိုဏ်ဂူသို့ ရောက်ရှိသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ရှန်ဖေးသည် အင်မော်တယ်လှိုဏ်ဂူအတွင်းတွင် သူ၏ဒဏ်ရာများကို ကုသနေသည်။
သူသည် ပလ္လင်ခွေထိုင်နေပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအနည်းငယ်က သူ၏ ခန္ဓာကိုယ်တလျှောက် လှည့်ပတ်နေပေ၏။
ဤသည်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများကို ဆူပွက်သွားစေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ လှည့်ပတ်မှုတစ်ကြိမ်စီတိုင်းတွင် သူ၏ အခြေအနေ အနည်းငယ်ပို၍ ကောင်းမွန်လာသည်။
ထိုအရာကို မြင်တွေ့ချိန်၌ ကျုံးချင်သည် ရှန်ဖေး၌ အသက်အန္တရာယ် မရှိကြောင်း သိလိုက်ရသဖြင့် သက်ပြင်းချလိုက်သည်။
အကယ်၍ ထိုလူမှာ သူစိမ်းတစ်ယောက်သာ ဖြစ်မည်ဆိုပါက တစ်ဖက်လူသည် သူ၏ရှေ့တွင် အပိုင်းပိုင်း ဆုတ်ဖြဲခံရလျှင်ပင် သူ၏စိတ်နှလုံးသားထဲတွင် လှိုင်းဂယက်အမြောက်အများကို ခံစားရမည် မဟုတ်ချေ။
သို့သော် ရင်းနှီးသောလူများအပေါ်တွင် ကျုံးချင်သည် လျစ်လျူရှု၍ မနေနိုင်ခဲ့ချေ။
ကျုံးချင် ဝင်လာပြီး မကြာမီမှာပင် ရှန်ဖေးသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်၏။
သူက ရှည်လျားစွာ သက်ပြင်းချလိုက်ပြီးနောက် သူ၏မျက်လုံးများကို ဖွင့်ကာ ကျုံးချင်ကို ကြည့်ပြီး ပြောဆိုလိုက်၏။
"ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ..."
ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။
"မင်းကို လာကြည့်တာ..."
နောက်တခဏတွင် သူက တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလိုက်သည်။
"ဘယ်သူ လုပ်တာလဲ..."
ရှန်ဖေးသည် သူ၏ပွန်းပဲ့နေသော မျက်နှာကို ကိုင်လိုက်ပြီး အလွန်နေရခက်နေပုံ ရပေ၏။
ကျုံးချင်နှင့်သူ၏ ဆက်ဆံရေးတွင် သူသည် တစ်ဖက်လူကို ဂရုစိုက်ပေးမည်ဟု အမြဲတစေ ပြောဆိုခဲ့သည်။
သူသည် ကျုံးချင်ကို ကာကွယ်ပေးမည်ဟုပင် တစ်ကြိမ်ထက်မက ပြောဆိုခဲ့ဖူးသည်။
သို့သော် ယခုကဲ့သို့အခြေအနေတွင် သူ ပြောဆိုခဲ့သော စကားများအတွက် အလွန်နေရခက်လှ၏။
သူက ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုလိုက်သည်။
"မမေးပါနဲ့တော့... ခင်ဗျား မေးရင်တောင်မှ ကျွန်တော်တို့ နှစ်ယောက်လုံး အဲ့ဒီကောင်တွေကို မနိုင်နိုင်ဘူး... ပြီးတော့ ကျွန်တော်က နည်းနည်း သနားစရာကောင်းနေပုံ ပေါ်ပေမဲ့ တကယ်တော့ ဆုံးရှုံးမှု ကြီးကြီးမားမား မရှိပါဘူး... ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ကြရအောင်..."
ထိုစကားများကို ကြားချိန်၌ ကျုံးချင်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"တကယ်တော့ မင်းက ငါ့ရဲ့စွမ်းအားနဲ့ ပတ်သက်ပြီး နည်းနည်းအထင်လွဲနေနိုင်တယ်... အဲ့ဒီလူတွေက ဘယ်သူလဲ ဆိုတာကိုပဲ မင်း ငါ့ကို ပြောပြဖို့ လိုတယ်... ပြီးတော့ မင်း လက်စားချေနိုင်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်း ငါ့ဆီမှာ ရှိတယ်..."
ရှန်ဖေးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"အစ်ကိုကျုံး... ကျေးဇူးပြုပြီး ဒီကိစ္စ အကြောင်း ထပ်မမေးပါနဲ့တော့... ခင်ဗျား ကျွန်တော့်ကို ဂရုစိုက်တယ် ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ဒီကိစ္စမှာ ခင်ဗျား တကယ့်ကို ပါဝင်ပတ်သက်လို့ မသင့်တော်ဘူး..."
ရှန်ဖေးသည် ကျုံးချင်၏စကားများကို အနည်းငယ်မျှ မယုံကြည်ခဲ့ချေ။
သူ၏အမြင်အရ ကျုံးချင်ထံတွင် စွမ်းအားတချို့ ရှိသော်လည်း အလွန်မြင့်မားခြင်း ရှိမည်မဟုတ်ပေ။
အများဆုံးအနေဖြင့် ကျုံးချင်သည် သူနှင့် လက်ရည်တူယှဉ်ပြိုင်နိုင်ရုံသာ ရှိပေမည်။
တစ်ဖက်လူများကမူ ယန်သုံးပါးနယ်ပယ် ကျွမ်းကျင်သူလေးဦးပင်။
အကယ်၍ သူတို့ကို ကျုံးချင် သိသွားလျှင်ပင် သူ မည်သည့်အရာအား လုပ်ဆောင်နိုင်မည်နည်း။
အရိုက်ခံရခြင်းကို သူ နောက်တစ်ကြိမ် ကြုံတွေ့ရနိုင်ခြေ ရှိသလော...
ထို့ပြင် လွန်ခဲ့သည့်တစ်ကြိမ်က သူ ကံကောင်းခဲ့ပြီး တစ်စုံတစ်ယောက်က သူ့ကို ကယ်တင်ခဲ့ပေ၏။
အကယ်၍ ကျုံးချင်သာ သူ့ကို လက်စားချေရန် ကူညီပေးမည်ဆိုပါက ကျုံးချင်ကိုယ်တိုင်ပင် အသတ်ခံရနိုင်ခြေ ရှိနေသည်။