အထွတ်အထိပ်ဟူသည့် အဓိပ္ပါယ်
Vol. 40 Ch. 399
ရှန်ဖေး၏ခန့်မှန်းချက်ကို အတည်ပြုရန် ဖြစ်ကောင်းဖြစ်နိုင်ပြီး လှိုဏ်ဂူအတွင်းမှ ကြည်လင်ပြီး မောက်မာထောင်လွှားသော ဖိတ်ကြားသံတစ်သံ ထွက်ပေါ်လာသည်။
"ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ..."
ကျုံးချင်သည် လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားကာ ရှန်ဖေးသည် သူ၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။
ဤသတ္တုတွင်းလှိုဏ်ဂူသည် မကြီးမားဘဲ တစ်ဆယ်စတုရန်းမီတာခန့်သာ ရှိပေ၏။
လှိုဏ်ဂူအတွင်းရှိ အပြင်အဆင်များမှာ ရိုးရှင်းသော်လည်း ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။
အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးသည် ကျောက်တုံးတစ်တုံးပေါ်တွင် အချိန်ကြာမြင့်စွာ ကျင့်ကြံပါက သူ၏အောက်ရှိ သာမန်ကျောက်တုံးအတွင်းသို့ သူ၏ချီများ စိမ့်ဝင်သွားပြီး အသိဉာဏ်နှင့်ဉာဏ်ရည်ကို ရရှိလာမည်ဟု ဒဏ္ဍာရီများတွင် ဆိုထားကြ၏။
သေချာသည်မှာ ဤအချက်ကို အောင်မြင်ရန်အတွက် ထိုလူသည် အလွန်မြင့်မားသော ကျင့်ကြံဆင့်ရှိသည့် တည်ရှိမှုတစ်ခု ဖြစ်ရပေမည်။
ယခုအချိန်တွင် ဤလှိုဏ်ဂူသည် အသိဉာဏ် မရရှိသေးသော်လည်း တာအိုစည်းချက် အရိပ်အယောင်တစ်ခု စိမ့်ဝင်နေခဲ့သည်။
လျှူယွင်သည် ဤနေရာတွင် ကျင့်ကြံနေခဲ့ကြောင်း ထင်ရှားပြီး အချိန်ကြာလာသည်နှင့်အမျှ ထိုနေရာသည် သူမ၏ချီအနည်းငယ်ကို စုပ်ယူသွားခဲ့သဖြင့် ဤထူးခြားသော သဘာဝလွန်ဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။
အကယ်၍ တစ်ယောက်ယောက်က သေချာစွာ လေ့လာကြည့်မည်ဆိုပါက လှိုဏ်ဂူအတွင်းရှိ တာအိုအသံများကိုပင် ကြားနိုင်ပေ၏။
ကျုံးချင်က သူ၏အနာဂတ်တပည့်ကို ဂရုတစိုက် စူးစမ်းလေ့လာလိုက်သည်။
သူမက မြက်ဖျာတစ်ခုပေါ်တွင် ထိုင်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
သူမ၏ကိုယ်ဟန်အမူအရာမှာ သွက်လက်နေပြီး သူမ၏ဆံပင်ရှည်များသည် ရေတံခွန်အလား သူမ၏ကျောပြင်ပေါ်တွင် ဖြာကျနေသည်။ သူမ၏ရှည်လျားသော မျက်တောင်များ အောက်တွင် ကြယ်တာရာ ကောင်းကင်ယံအလား နက်ရှိုင်းသောမျက်လုံးများ ရှိနေပေ၏။
သူမ၏ချီသည် ကောင်းကင် မြေပြင်တို့နှင့် ဟန်ချက်ညီနေသည့်အလား နတ်မိမယ်တမျှ သန့်စင်နေသည်။
သူမသည် ထိုနေရာတွင် ထိုင်နေကြောင်း ထင်ရှားသော်လည်း သူမ ပေးစွမ်းသော ခံစားချက်မှာ သူမသည် ဤလောကနှင့် မသက်ဆိုင်သည့်အလားပင်။
"ငါ့ရဲ့တပည့်... သူက တကယ့်ကို သာမန်ထက် လွန်ကဲတာပဲ..."
ကျုံးချင်သည် ပို၍စောင့်ကြည့်မိလေလေ သူ ပို၍ဝမ်းမြောက်လာလေလေပင်။
သူ၏တပည့် ပို၍အစွမ်းထက်လေလေ သူမကို လက်ခံပြီးနောက် သူ၏ရရှိမှုများမှာ ပို၍ကြီးမားလေလေ ဖြစ်ပေလိမ့်မည်။
အကယ်၍ သူသာ သူမကို တပည့်အဖြစ် လက်ခံနိုင်ပါက သူ၏ကိုယ်ပိုင်စွမ်းအားမှာ အရည်အသွေးပိုင်းဆိုင်ရာ ခုန်ပျံကျော်လွှားမှု တစ်ခုကို မလွဲမသွေ ဖြတ်သန်းရလိမ့်မည်ဟု သူ ကြိုတင်ခံစားမိနေသည်။
ကျုံးချင်သည် လျှူယွင်ကို စောင့်ကြည့်နေသကဲ့သို့ သူမသည်လည်း သူ့ကို အလားတူ စောင့်ကြည့်နေပေ၏။
သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာသွင်ပြင်များမှာ နက်ရှိုင်းကာ သေသပ်လှပသည်။ သူသည် ငယ်ရွယ်ကာ တက်ကြွနေပြီး သန့်စင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားသည်။
သူသည် သပ်ရပ်ပြီး သန့်ရှင်းနေကာ စုတ်ပြတ်နေသော တခြားသတ္တုတွင်းကျွန်များနှင့် မတူဘဲ လူအများကို သူ့အား ပထမဆုံးအကြိမ် မြင်လိုက်ရုံဖြင့် သူ့အပေါ် ရင်းနှီးမှုခံစားချက်တစ်ခုအား ပေးစွမ်းနိုင်ပေ၏။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူမက စကားပြောဆိုလိုက်သည်။
သူမ၏အသံသည် ဆီးနှင်းများ ကျဆင်းနေသော ကောင်းကင်ယံမှ ရေခဲစမ်းရေအိုင်တစ်ခုအလား ကြည်လင်ပြတ်သားသည်။
"ငါ့ရဲ့နာမည်က လျှူယွင်... ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို နင့်ကို ပေးသနားဖို့ ဒီနေ့ နင့်ကို ငါ ဒီနေရာဆီ ခေါ်လိုက်တာပဲ..."
ထိုစကားကိုကြားချိန်၌ ရှန်ဖေးသည် မနာလိုမှုတစ်ခုကို ခံစားမိပေ၏။
ဤလေးစားရသောပုဂ္ဂိုလ်၏ စွမ်းအားကို သူ ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရဖူးသည်။
အော်ငေါက်သံတစ်ချက်တည်းဖြင့် သူမသည် ယန်သုံးပါးနယ်ပယ် အစွမ်းထက်ကျင့်ကြံသူလေးဦးကို ဖယ်ရှားခဲ့ရာ သူမ၏စွမ်းအားသည် အနည်းဆုံးအနေဖြင့် ဓမ္မသောင်းချီနယ်ပယ်တွင် ရှိနေကြောင်း ဆိုလိုခြင်းပင်။
ထိုကဲ့သို့ လူတစ်ယောက်က ကျုံးချင်အား အခွင့်အရေးတစ်ခု ပေးသနားချင်သည်ဟု ပြောနေသဖြင့် သူနှင့်ကျုံးချင်အကြားတွင် ကောင်းမွန်သောဆက်ဆံရေး ရှိလျှင်ပင် ဤအခိုက်အတန့်တွင် ကျုံးချင်အပေါ် ထားရှိသော သူ၏အကြည့်တွင် မနာလိုအားကျမှုများနှင့် ပြည့်နှက်နေသည်။
ပုံမှန်အားဖြင့် သိုသိုသိပ်သိပ် နေလေ့ရှိသော သူ၏အစ်ကိုကျုံးထံတွင် ထိုမျှထိ ကျယ်ပြန့်သော အဆက်အသွယ်များ ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
သူသည် သတ္တုတွင်းတာဝန်ခံများနှင့် ရင်းနှီးရုံသာမက ဤလေးစားရသော ပုဂ္ဂိုလ်ကပင် သူ့ကို အထင်ကြီးလေးစားနေပေ၏။
သေချာသည်မှာ သူသည် ကျုံးချင်အတွက် ပို၍ပျော်ရွှင်နေခဲ့ခြင်းပင်။
အထက်မှ ကာကွယ်ပေးထားသော တာဝန်ခံများအပြင် သူ့ကို လျှို့ဝှက်စွာ ဂရုစိုက်ပေးနေသော ဤအစွမ်းထက်ပုဂ္ဂိုလ်တို့ရှိနေသဖြင့် သတ္တုတွင်းအတွင်း၌ပင် ကျုံးချင်၏ အနာဂတ်မှာ တောက်ပနေပေမည်။
သို့သော် ကျုံးချင်တွင် ရှန်ဖေးကဲ့သို့ ရှုပ်ထွေးသော အတွေးများ မရှိခဲ့ချေ။
သူသည် လျှူယွင်ကိုကြည့်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။
"မိန်းကလေးက ဘယ်လို အခွင့်အရေးမျိုးကို ငါ့ကို ပေးသနားချင်တာလဲလို့ မေးခွင့်ပြုပါ..."
ဤှအချိန်အခိုက်အတန့်တွင် လျှူယွင်သည် မတ်တတ်ထရပ်လိုက်၏။
သူမသည် သူမ၏အသက်အရွယ်နှင့် မလိုက်ဖက်သော ရှေးဟောင်းအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ကာ သူမ၏လက်ကို နောက်ပစ်ပြီး ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
နောက်ဆုံးတွင် သူမက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"တကယ်တော့ ငါက ပြန်လည်ဝင်စားတဲ့သူ တစ်ယောက်ပါ... မကြာသေးခင်ကမှ ငါ့ရဲ့အတိတ်ဘဝမှတ်ဉာဏ်တွေ နိုးထလာခဲ့တယ်... အခု ငါက ဒီသတ္တုတွင်းထဲမှာ ပိတ်မိနေတာကြောင့် နင့်ရဲ့ အကူအညီကို ငါ လိုအပ်တယ်... အချိန်ကျလာရင် သတ္တုတွင်းကနေ ငါ နင့်ကို ခေါ်ထုတ်သွားနိုင်တယ်... ပြီးတော့ နင့်ကို ငါ့ရဲ့နောက်ကို လိုက်ခွင့်တောင် ပေးနိုင်တယ်..."
သူမ စကားပြောနေစဉ် ထိုကတိစကားမှာ အနည်းငယ် ဗလာသက်သက်ဖြစ်နေသည်ဟု သူမ ခံစားရသဖြင့် ရှင်းပြလိုက်သည်။
"ငါ့ရဲ့ အတိတ်ဘဝမှာ ငါက လောကကြီးကို ကြီးစိုးခဲ့တုန်းက ငါ့ရဲ့နောက်ကို လိုက်ဖို့ ကံကောင်းခဲ့တဲ့သူတွေရဲ့ အနိမ့်ဆုံး ကျင့်ကြံမှု အဆင့်က အထွတ်အထိပ်နယ်ပယ်ပဲ... တစ်နည်းပြောရရင် နင်က ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ရင် ဒီဘဝမှာ နင့်ရဲ့အောင်မြင်မှုက အနည်းဆုံး အထွတ်အထိပ်နယ်ပယ် မှာ ရှိလိမ့်မယ်..."
ထိုရုတ်တရက်ကြားလိုက်ရသော သတင်းကြောင့် ရှန်ဖေး မှင်တက်သွားသည်။
အထွတ်အထိပ်နယ်ပယ်ဆိုသည်မှာ မည်ကဲ့သို့တည်ရှိမှုမျိုး ဖြစ်သနည်း....
အလယ်ပိုင်းဒေသတစ်ခုလုံးကို ကြည့်လျှင် အထွတ်အထိပ်နယ်ပယ် ကျင့်ကြံသူများသည် ဒဏ္ဍာရီလာပုဂ္ဂိုလ်များပင်။
ထိုကဲ့သို့ လူများသည် ကြယ်များကို ခူးဆွတ်ရန်နှင့် လမင်းကို ဖမ်းဆုပ်ရန် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားကြ၏။ ထိုအဆင့် ကျင့်ကြံသူတစ်ယောက်သည် ထိပ်သီးအင်အားစုတစ်ခုကို တည်ထောင်နိုင်ပြီး သူတစ်ယောက်တည်းဖြင့် ရှေးဟောင်းအင်ပါယာမြို့တော်တစ်ခုကို ဖယ်ရှားရှင်းလင်းနိုင်သည်။
သို့သော် ထိုကဲ့သို့ လူများက သူမ၏ နောက်လိုက်သက်သက်သာ ဖြစ်နေသည်။
ထို့ပြင် နောက်လိုက်များစွာထဲတွင် ထိုလူများသည် အနိမ့်ဆုံး ကျင့်ကြံဆင့်ရှိသူများပင်။
သူမ၏အထွတ်အထိပ် အခြေအနေတွင် သူမသည် မည်မျှထိ အစွမ်းထက်ခဲ့သနည်း...
ရုတ်ချည်းဆိုသလိုပင် ရှန်ဖေး၏အမူအယာ ပြောင်းလဲသွားပြီး သူ၏နှလုံးသားငယ် အထိန်းအကွပ်မဲ့စွာ ကဆုန်စိုင်းခုန်ပေါက်နေပေ၏။
"သူက ရှေးဟောင်းဧကရီတစ်ပါး ပြန်လည်ဝင်စားတဲ့သူ ဖြစ်နေမလား..."
စစ်မှန်သော ဧကရီတစ်ပါးသာလျှင် ဤမျှထိ ကြီးကျယ်ခမ်းနားသော စကားများနှင့် လွှမ်းမိုးနိုင်သော အမူအရာကို ပိုင်ဆိုင်ထားပေမည်။
လျှူယွင်က စကားပြောဆိုပြီးနောက် ကျုံးချင်၏အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းလိုက်သည်။
သူမ ကမ်းလှမ်းသော အခြေအနေများကို မည်သူမျှ ငြင်းဆန်နိုင်မည် မဟုတ်ကြောင်း သူမ ယုံကြည်ထားသည်။
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင် တိတ်ဆိတ်နေသည်ကို မြင်တွေ့ချိန်၌ ရှန်ဖေးသည် စိုးရိမ်ပူပန်သွားပေ၏။
သူသည် ကျုံးချင်ကိုယ်စား ဝင်ဖြေပေးချင်စိတ်ပင် ပေါက်သွားခဲ့သည်။
ထိုအရာမှာ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးတစ်ခုပင်။
မရေမတွက်နိုင်သောလူများ တောင့်တသော်လည်း မရရှိနိုင်သော အခွင့်အရေးတစ်ခု ဖြစ်သည်။
တစ်စက္ကန့်မျှ တုံ့ဆိုင်းနေခြင်းကပင် ထိုအခွင့်အရေးကို မလေးစားခြင်း ဖြစ်ပေ၏။
သို့သော် နောက်တခဏတွင် ကျုံးချင်က သူ၏ခေါင်းကို ခါယမ်းပြီး ပြောဆိုလိုက်သည်။
"တောင်းပန်ပါတယ်... ငါ ငြင်းတယ်..."
"ဘာ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရှန်ဖေး အလွန်အမင်း ထိတ်လန့်သွားပြီး ခုန်ပေါက်လိုက်သည်။
သူ အလွန်စိုးရိမ်ပူပန်နေသဖြင့် ဇောချွေးများပင် ထွက်လာလုနီးပါး ဖြစ်နေပေ၏။
"အစ်ကိုကျုံး... ခင်ဗျား သေချာ စဉ်းစားရမယ်... စိတ်လိုက်မာန်ပါ မလုပ်နဲ့... ဒီလို အခွင့်အရေး မျိုး ကိုယ့်ဆီရောက်လာပြီးမှ တွန်းဖယ်လိုက်တာက နတ်ဘုရားတွေရဲ့ ဒေါသကို ဖိတ်ခေါ်တာပဲ..."
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံကို တုန်လှုပ်စေမည့် အခွင့်အရေးတစ်ခုကို ကျုံးချင်က ငြင်းပယ်လိုက်သည်အား သူ မြင်လိုက်ရသည့်အလားပင်။
ထိုအခွင့်အရေးကို ထိန်းသိမ်းထားရန် သူ အသည်းအသန် ကြိုးစားချင်နေခဲ့သည်။
သို့သော် သူ မည်မျှပင် ဖြောင်းဖျစေကာမူ ကျုံးချင်က 'ထပ်ပြောစရာ မလိုဘူး...ငါ ငြင်းတယ်' ဟူသော စကားကိုသာ ပြောဆိုနေပေ၏။
အချိန်တခဏမျှ လျှူယွင်သည် တိတ်ဆိတ်သွားခဲ့ကာ သူမက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ငါ အကြောင်းအရင်းကို သိချင်တယ်..."
ကျုံးချင် ပြုံးကာ ဤနေရာသို့ လာရောက်ရသည့် အစစ်အမှန် ရည်ရွယ်ချက်ကို သူ ထုတ်ဖော်ပြောဆိုလိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းကို ငါ့ရဲ့တပည့်အဖြစ် လက်ခံချင်လို့ပဲ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မျှော်လင့်ချက်မဲ့နေပြီဖြစ်သော ရှန်ဖေးသည် မိုးကြိုးပစ်ခတ်ခံရသကဲ့သို့ လုံးလုံးလျားလျား ကြက်သေသေသွားသည်။
ဤအခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သော ဆွံ့အမှုတစ်ခုကိုသူ ခံစားမိပေ၏။
ထိုခံစားချက်မှာ အဆုံးမရှိသော မြစ်ပြင်ကျယ်ကြီးတစ်စင်းအလား ဖြစ်နေပြီး ရပ်တန့်၍မရနိုင်သော မြစ်ဝါမှရေများ လျှံကျလာသည့်အလားပင်။
ရှန်ဖေးသည် ငိုချင်သော်လည်း မျက်ရည်မထွက်ခဲ့ချေ။ ကျုံးချင်ကို သူ အမှန်တကယ် တစ်စုံတစ်ခုအား ပြောချင်နေခဲ့သည်။
အစ်ကိုကြီး... ခင်ဗျား ဘယ်လောက်တောင် သောက်ထားတာလဲ...
ခင်ဗျားရဲ့ရှေ့မှာ ရပ်နေတာက ဘယ်သူလဲ...
ဒါက လောကကြီးမှာ ထိပ်တန်း အဆင့်ရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲ...
သူ့ရဲ့အတိတ်ဘဝမှာ သူက ဧကရီ တစ်ပါး ဖြစ်ဖို့တောင် အရမ်းသေချာတယ်...
သူ့ရဲ့ အားအနည်းဆုံး နောက်လိုက်တွေက အထွတ်အထိပ်နယ်ပယ် ကျင့်ကြံတွေပဲ...
ဒီလို မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်က နောက်လိုက်ရာထူးတစ်ခုကို ကမ်းလှမ်းတာက မရေမတွက်နိုင်တဲ့လူတွေ အိပ်မက်မက်တဲ့ အရာတစ်ခုပဲ...
ဒါပေမဲ့ ခင်ဗျား... ခင်ဗျားက ငြင်းဆန်ရုံတင်မကဘူး အဓိပ္ပာယ် မရှိတာတွေတောင် ပြောနေသေးတယ်...
အဲ့ဒါက ဘာလဲ...
ဒီလောက်ထိ ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက်ကို ခင်ဗျားရဲ့ တပည့်အဖြစ် လက်ခံဖို့ ယုံကြည်မှုကို ခင်ဗျားကို ဘာက ပေးတာလဲ...
ဒီလောက် ကြီးကျယ်တဲ့ လူတစ်ယောက်ကို ဒေါသထွက်အောင်လုပ်ပြီး သူ့ရဲ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ခင်ဗျား အသတ်ခံရမှာကို ခင်ဗျား မကြောက်ဘူးလား...
ဤအချိန်အခိုက်အတန့်တွင် ရှန်ဖေးသည် ယုံမှားသံသယဖြစ်ဖွယ် မရှိအောင်ပင် ပြိုလဲလုနီးပါး ဖြစ်နေသည်။
တခြားတစ်ဖက်တွင်....
လျှူယွင်သည် တခဏကြာမျှ မှင်တက်သွားပေ၏။
ကျုံးချင် ငြင်းဆန်သည့် အကြောင်းအရင်းများကို ထောင်သောင်းမက သူမ တွေးတောထားခဲ့သည်။
သို့သော် သူ ငြင်းဆန်ရသည့် အကြောင်းအရင်းမှာ ဤမျှထိ ယုတ္တိမတန်ဖြစ်နေမည်ကို သူမ မည်သို့မျှ ထင်မှတ်မထားခဲ့ချေ။
သူမက ကျုံးချင်ကို သူမ၏နောက်လိုက်အဖြစ် လက်ခံချင်ခဲ့သည်။ သို့ရာတွင် ကျုံးချင်က သူမကို သူ၏တပည့်အဖြစ် လက်ခံလိုခြင်းဖြင့် တုံ့ပြန်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ချေ။
သူမသည် ပြန်လည်ဝင်စားသူတစ်ယောက် ဖြစ်သော်လည်း အဓိပ္ပာယ်မရှိမှုတစ်ခုကို မခံစားဘဲ မနေနိုင်ခဲ့ချေ။
ကျုံးချင် ဤစကားကို ပြောချိန်တွင် အလွန်အမင်း တည်ကြည်လေးနက်နေသည်။
သူသည် သူမကို လှောင်ပြောင်နေခြင်း မဟုတ်ဘဲ သူမကို သူ၏တပည့်အဖြစ် အမှန်တကယ် လက်ခံချင်နေကြောင်း သိသာထင်ရှားပေ၏။
သူ၏မျက်လုံးများတွင် ရိုးသားမှုများ ရှိနေသည်။
လျူယွင်သည် ဒေါသမထွက်ခဲ့ချေ။ ဤအချက်ကြောင့် သူမသည် ကျုံးချင်ကို မုန်းတီးခြင်းလည်း မရှိပေ။
သူမသည် မွေးရာပါစရိုက်အရ အေးစက်ပြီး လူအများနှင့် ခပ်ခွာခွာ နေတတ်သူတစ်ဦးပင်။
သူမက ခေါင်းခါယမ်းလိုက်သည်။
"နင် သွားလို့ရပြီ... ဖြစ်နိုင်တာတော့ နင်က အထွတ်အထိပ်နယ်ပယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်သေးလို့ နေမှာပါ... နင် တကယ်ကြီး နားလည်သွားရင် ဒီလိုအတွေးမျိုး ရှိတော့မှာ မဟုတ်ဘူး..."