အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း ၁၀၁ - သမီးဖြစ်သူ၏ အစွမ်းအစများ
အချိန်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဒုတိယမြောက်နေ့ကို ရောက်ရှိလာခဲ့သည်။
အရုဏ်တက်ချိန်မှာတော့ ချန်အန် ဟာ အိပ်ရာကနေ ထထိုင်လိုက်ပြီး သူ့ရှေ့က အသိပေးချက်တွေကို ကြည့်လိုက်သည်။
[ဆေးဖော်စပ်မှု အတွေ့အကြုံ +၄] x ၈
[ရွှေလက်ချောင်း ကျွမ်းကျင်မှု +၄] x ၈
[စိတ်ဝိဉာဥ်အာရုံ အစွမ်း +၃] x ၃၅
[ရွှေလက်ချောင်း ကျွမ်းကျင်မှု +၃] x ၂၁
အင်း... တော်တော်လေး အကျိုးအမြတ် ရခဲ့တာပဲ။ နေ့တိုင်း နည်းနည်းစီ တိုးတက်နေတာက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းနေသည်။
နောက်တော့ သူက စိတ်ကူးနဲ့တင် သူ့ရဲ့ အစွမ်းအစပြ ဇယားကို ဖွင့်ကြည့်လိုက်မိသည်။
[အမည် - ချန်အန်]
[ကျင့်စဉ်အဆင့် - အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ၁]
[ဆေးဖော်စပ်မှု အတတ်ပညာ - အဆင့် ၂ အခြေခံ (၄၃၉၆/၁၂၅၀၀)]
[စိတ်ဝိဉာဥ်အာရုံ - အဆင့် ၂ အခြေခံ (၃၈၇၉/၁၂၅၀၀)]
[ရွှေလက်ချောင်း - ကျွမ်းကျင်သူ (၄၂၁၁/၁၂၅၀၀)]
[အိပ်မွေ့ချအတက် - ကျွမ်းကျင် (၅၅၅/၂၅၀၀)]
[မီးဓာတ် ဝိညာဉ်အမြစ် - အလယ်အလတ် (၃၈၈/၅၀၀)]
[ဇနီးများ - ဆောင်ဟွာယင်း (၄ ကြယ်ပွင့်)၊ ဂူရှင်းယွဲ့ (၃ ကြယ်ပွင့်)၊ ဝမ်ကျိယန် (၃ ကြယ်ပွင့်)]
[ရင်သွေး - ချန်ယုကျန်း၊ အမည်မမှည့်ရသေးသူ (ငါးလ)]
သူ သေချာကြည့်လိုက်မိသည်။ ဇယားပေါ်က အစွမ်းအားလုံးနီးပါးဟာ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ လိုအပ်ချက်တွေ အများကြီး လိုနေသေးတာကို တွေ့နေရသည်။ အဲဒီအထဲမှာ နောက်တစ်ဆင့်တက်ဖို့ အနီးစပ်ဆုံးကတော့ မီးဓာတ် အစွမ်းပဲ ဖြစ်သည်။ ဒါပေမဲ့ ဝမ်ကျိယန် က ကိုယ်ဝန်ငါးလပဲ ရှိသေးတာမို့ သူ ထပ်စောင့်ရဦးမှာပါ။
"မစစ်ဆေးဖြစ်တာ ကြာပြီပဲ။ ငါ့ဇနီးတွေ ဘယ်လောက်အထိ တိုးတက်နေပြီလဲ မသိဘူး..."
ချန်အန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ ပြီးနောက် စိတ်ကူးနဲ့ပဲ သူ့ဇနီးသုံးယောက်ရဲ့ အချက်အလက်တွေကို ဖွင့်ကြည့်လိုက်သည်။
[အမည် - ဆောင်ဟွာယင်း]
[ကျင့်စဉ် - မရှိ]
[ဆက်ဆံရေး - ၄ ကြယ်ပွင့် (၂၆၀၃/၁၂၅၀၀)]
[အမည် - ဂူရှင်းယွဲ့]
[ကျင့်စဉ် - ချီကျင့်ကြံခြင်း အဆင့် ၁]
[ထူးခြားချက် - စင်ကြယ်သန့်ရှင်းခြင်း၊ သစ္စာရှိတည်ကြည်ခြင်း]
[အမည် - ဝမ်ကျိယန်]
[ကျင့်စဉ် - ချီ ကျင့်ကြံခြင်း အဆင့် ၈]
[ထူးခြားချက် - အလွန်အမင်း လှပခြင်း၊ ထူးချွန်သော မွေးရာပါ ပါရမီ]
[ဆက်ဆံရေး - ၃ ကြယ်ပွင့် (၅၈၈/၂၅၀၀)]
ဟင်..ကျင့်စဉ်အဆင့်တွေကိုပါ မြင်နေရပြီလား.
သူ့ရှေ့က ဇယားကို ကြည့်ပြီး ဇနီးသည်တွေရဲ့ ကျင့်စဉ်အဆင့်တွေကို မြင်နိုင်ပြီဆိုတာ သိလိုက်ရတဲ့အခါ ချန်အန် ပြုံးလိုက်မိပါတယ်။
"ကောင်းတယ်၊ မဆိုးဘူးပဲ။"
ဒီစနစ်က တော်တော်လေး ဉာဏ်ကောင်းပုံရသည်။
နောင်မှာ အခြား ဘာဇယားတွေ ထပ်ပေါ်လာဦးမလဲဆိုတာ သူ သိချင်မိပါတယ်။ ဥပမာအားဖြင့် သက်တမ်းလား.. ဒါက တကယ့်ကို အရေးကြီးသည်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သက်တမ်းကိုသာ မြင်နိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ သူ့ဇနီးနဲ့ သမီးရဲ့ သက်တမ်းကို တိုးအောင် ဘာလုပ်ပေးရမလဲဆိုတာ သူ သေသေချာချာ သိနိုင်မှာမို့ပါ။
"မင်္ဂလာနံနက်ခင်းပါ ယောက်ျား။"
ဂူရှင်းယွဲ့ နိုးလာပြီး ချန်အန်ကို ပြုံးပြရင်း နှုတ်ဆက်သည်။ ချန်အန်ကလည်း ပြန်ပြုံးပြပြီး
"မင်္ဂလာနံနက်ခင်းပါ ယွဲ့အာ"
"ယောက်ျား ဗိုက်ဆာပြီလား ကျွန်မ မနက်စာ သွားလုပ်ပေးမယ်လေ။"
"အလိုက်တာ ယွဲ့အာရာ၊ မနက်စာ လုပ်ဖို့ လိုသေးလို့လား. အခု တည်းခိုခန်းမှာဆိုတော့ မနက်စာ လာပို့ပေးမှာပေါ့။ ခဏလောက် ထပ်အိပ်လိုက်ဦး။ မနေ့ညက တော်တော် နောက်ကျမှ အိပ်ရတာ မဟုတ်လား။"
"ဪ ဟုတ်သားပဲ၊ ကျွန်မတို့ အိမ်မှာ မဟုတ်ဘူးပဲ။"
ဂူရှင်းယွဲ့က ရိုးရိုးသားသားလေး ပြန်ပြောတာက တကယ့်ကို ချစ်စရာ ကောင်းနေပြန်သည်။
ချန်အန်က ခုနက ဂူရှင်းယွဲ့ရဲ့ ဇယားမှာ တွေ့ခဲ့တဲ့ အချက်အလက်တွေကို ပြန်စဉ်းစားလိုက်မိသည်။ ဆက်ဆံရေး ၄ ကြယ်ပွင့် ဖြစ်ဖို့ တစ်မှတ်ပဲ လိုတော့တာပါ။ ဒါကြောင့် သူက ဂူရှင်းယွဲ့ရဲ့ ဘေးမှာ သွားထိုင်ပြီး နူးနူးညံ့ညံ့ ပြုံးရင်း ပြောလိုက်တော့သည်။
"လာပါ ယွဲ့အာ၊ အိပ်ဖို့ မလောပါနဲ့ဦး။ မင်းက ဒီမိသားစုအတွက် အလုပ်တွေ အများကြီး လုပ်ပေးခဲ့တာပဲ။ မင်း ခန္ဓာကိုယ်လေး လန်းဆန်းသွားအောင် ကိုယ် နှိပ်ပေးမယ်လေ။"
"ဟုတ်ကဲ့၊ ယောက်ျားကို အားနာလိုက်တာ။"
သူတို့က အကြင်လင်မယားတွေ ဖြစ်နေတာ ကြာပြီမို့ ဂူရှင်းယွဲ့က အားနာမနေတော့ပါဘူး။ ပြောပြောဆိုဆိုနဲ့ပဲ အိပ်ရာပေါ်မှာ ဆွဲဆောင်မှုရှိရှိ မှောက်အိပ်လိုက်ပြီး ချန်အန်ရဲ့ အနှိပ်ကို ငြိမ်ငြိမ်လေး စောင့်နေလေသည်။
အမွှေးတိုင်တစ်ဝက်လောက် ကုန်ဆုံးသွားတဲ့ အချိန်မှာတော့...
[သင်သည် ဇနီးသည် ဂူရှင်းယွဲ့အား ခင်ပွန်းဖြစ်သူ၏ မေတ္တာကို ခံစားရစေရန် နှိပ်နယ်ပေးခဲ့သည်။ ဆက်ဆံရေး +၁]
[အမည် - ဂူရှင်းယွဲ့]
[ကျင့်စဉ် - ချီကျင့်ကြံခြင်း အဆင့် ၁]
[ထူးခြားချက် - စင်ကြယ်သန့်ရှင်းခြင်း၊ သစ္စာရှိတည်ကြည်ခြင်း]
[ဆက်ဆံရေး - ၄ ကြယ်ပွင့် (၂၅၀၀/၁၂၅၀၀)]
အရမ်းကောင်းတယ်။ အခုဆိုရင် ၄ ကြယ်ပွင့်အဆင့်ရှိတဲ့ ဇနီး နောက်တစ်ယောက် ရပြီ။
ချန်အန်က သူ့ရှေ့က အချက်အလက်တွေကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ အရင်တုန်းက ဆောင်ဟွာယင်း ၄ ကြယ်ပွင့်ဖြစ်တုန်းက စနစ်က အရိပ်အမြွက် ပေးခဲ့ဖူးသည်။
လင်မယားကြား ဆက်ဆံရေး ၅ ကြယ်ပွင့်အဆင့်ကို ရောက်ရင် 'ကောင်းတူဆိုးဖက် ကံကြမ္မာ' ဆိုတဲ့ အနှောင်အဖွဲ့ကို တည်ဆောက်နိုင်ပြီး လျှို့ဝှက်ဆုလာဘ်တွေ ရလိမ့်မယ်လို့ ဆိုထားတာပါ။ ချန်အန် အဲဒီအချိန်ကို တကယ့်ကို မျှော်လင့်နေမိသည်။
နှစ်နာရီကျော် ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဇနီးတွေနဲ့ သမီးလေး နိုးလာကြတော့သည်။
အေးချမ်းနေတဲ့ အခန်းလေးဟာ ချက်ချင်းဆိုသလို သက်ဝင်လှုပ်ရှားလာသည်။ ဧည့်သည်ဆောင်မှာ တည်းနေရတာမို့ ဇနီးသည်တွေဟာ အိမ်အလုပ်တွေ လုပ်စရာ မလိုဘဲ ချန်ယုကျန်း လေးနဲ့ ဆော့ကစားရင်း ပျော်ရွှင်နေကြသည်။
"မေမေဝမ်... ဘာလို့ မေမေ့ဗိုက်က ဒီလောက်တောင် ကြီးနေတာလဲဟင်"
ချန်ယုကျန်းလေးက ဝမ်ကျိယန်ရဲ့ အနည်းငယ် ပူထွက်နေတဲ့ ဝမ်းဗိုက်ကို ကြည့်ပြီး သိချင်စိတ်နဲ့ မေးသည်။
ဝမ်ကျိယန်က ကလေးမလေးကို စနောက်ဖို့အတွက်
"အဲဒါက မေမေဝမ်က ပျင်းလို့လေ။ နေ့တိုင်း စားလိုက်၊ သောက်လိုက်၊ ဆော့လိုက်ပဲ လုပ်နေပြီး ကျင့်စဉ်လည်း မကျင့်တော့ ဗိုက်က ဖောယောင်လာတာပေါ့။ သမီးလေးသာ ပျင်းနေပြီး ကျင့်စဉ်ကို ကြိုးကြိုးစားစား မကျင့်ရင်တော့... ဟဲဟဲ..."
ချန်ယုကျန်းလေးက ကြောက်သွားပြီး ချက်ချင်းပဲ တင်ပလ္လင်ခွေထိုင်ကာ ကျင့်စဉ်ကို ကြိုးစားကျင့်ပါတော့သည်။ ဝမ်ကျိယန်လို ဖြစ်သွားမှာကို တကယ် ကြောက်နေပုံရသည်။ ချန်အန်ကတော့ ဒါကို ကြည့်ပြီး ရယ်ရမလား ငိုရမလား မဝေခွဲနိုင် ဖြစ်နေသွားမိသည်။
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံ ထွက်ပေါ်လာသည်။ တံခါးဖွင့်ကြည့်လိုက်တော့ တည်းခိုခန်းက အစေခံ ရောက်နေတာပါ။ သူက မနက်စာ လာပို့တာ ဖြစ်သည်။ ချန်အန်က ယူလိုက်ပြီး ကြည့်လိုက်တော့ သာမန် မနက်စာတွေပါပဲ။ ဝိညာဉ်ဆန်ပြုတ်၊ ဝိညာဉ်ဥတွေနဲ့ ဝိညာဉ်ပဲနို့ စတာတွေ ဖြစ်သည်။
မကြာခင်မှာပဲ မိသားစု ငါးယောက် ထိုင်ပြီး မနက်စာ စားကြသည်။
"ယောက်ျား... ဒီမနက်စာက အရသာရှိပေမဲ့ တစ်ခုခု လိုနေသလိုပဲ။ အဲဒီလောက်ကြီး မကောင်းဘူး။"
ဆောင်ဟွာယင်း က ဆန်ပြုတ်ကို နည်းနည်းမြည်းကြည့်ပြီး မှတ်ချက်ပေးလာသည်။ ချန်အန်ကလည်း
"ဟုတ်တယ်"
ဂူရှင်းယွဲ့ကတော့ နည်းနည်း ဇဝေဇဝါ ဖြစ်သွားရသည်။ သူမအတွက်တော့ အရသာရှိတာပဲ။ ဘာလို့ ယောက်ျားနဲ့ ဟွာယင်းက မကျေနပ်ကြတာလဲ ပြီးတော့ ဘာနံ့ကို ပြောတာလဲ
ဂူရှင်းယွဲ့က နားမလည်တာကြောင့်
"ခင်ပွန်း... ဟွာယင်း... ဘာနံ့ကို ပြောတာလဲဟင်"
လို့ မေးလိုက်မိသည်။
ဘေးက ဝမ်ကျိယန်က ဒါကို ကြားတော့ ပြုံးပြီး အစ်မကြီးတစ်ယောက်လို စနောက်တော့သည်။
"သြော် ယွဲ့အာရယ်၊ မေးနေဖို့ လိုလို့လား..အဲဒါက မင်းရဲ့ လက်ရာ မပါလို့ပေါ့။ အပြင်က လုပ်တဲ့ မနက်စာက ငါတို့အိမ်က လက်ရာကို ဘယ်မီပါ့မလဲ။"
"အစ်မဂူ... အစ်မက ကျွန်မတို့ ဗိုက်တွေကို အကျင့်ပျက်အောင် လုပ်ထားတာပဲ။ အစ်မ တာဝန်ယူရမယ်နော်။"
ချန်ယုကျန်းလေး သူ့အမေကို အတုခိုးပြီး
"မေမေဂူ... မေမေဂူ... သမီး မေမေ့ရဲ့ ဝိညာဉ်ကြက်စွပ်ပြုတ် သောက်ချင်တယ်"
ချန်အန်ကလည်း ပြုံးပြီး
"ယွဲ့အာရဲ့ လက်ရာက တကယ် ထူးချွန်တာပါ။ ကိုယ်တို့ မိသားစုရဲ့ ဗိုက်တွေကို အလိုလိုက်ထားတာဆိုတော့ နောင်ဆိုရင် မင်း မပါလို့ကို မဖြစ်တော့ဘူး။"
ဂူရှင်းယွဲ့ဟာ တကယ့်ကို ဝမ်းသာပီတိ ဖြစ်သွားရသည်။ မိသားစုဝင်တွေက သူမရဲ့ လက်ရာကို ဒီလောက်အထိ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မထင်ထားမိပေ။ အခုလို မိသားစုရဲ့ အားကိုးတကြီး ဖြစ်မှုကို ခံစားရတဲ့အခါမှာတော့ သူမဟာ တစ်ခါမှ မရဖူးတဲ့ ပျော်ရွှင်မှုနဲ့ ကျေနပ်မှုကို ခံစားမိစေသည်။ ပုံမှန်ရှိနေကျ အေးစက်တည်ငြိမ်တဲ့ အမူအရာတွေ ပျောက်ဆုံးသွားပြီး ကြည်နူးမှုတွေ ပြည့်နှက်နေတဲ့ အပြုံးမျိုးနဲ့
"အားလုံးက ကြိုက်ကြတယ်ဆိုရင် နောင်လည်း နေ့တိုင်း ချက်ကျွေးပါ့မယ်"
၁၅ မိနစ်လောက် ကြာတဲ့အခါမှာတော့ အချိန်ဆွဲစားနေတဲ့ ချန်ယုကျန်းလေးကလွဲလို့ ကျန်တဲ့သူတွေ အားလုံး ဗိုက်ဝသွားကြပါပြီ။ ကလေးမလေးက အေးအေးဆေးဆေး စားနေတာကို မြင်တော့ ဆောင်ဟွာယင်းက
"ယုကျန်းလေး... ဘာလို့ ဒီလောက် နှေးနေတာလဲ..အားလုံးက ဝနေပြီ၊ သမီးက အခုထိ စားလို့ မပြီးသေးဘူး။ ကြည့်ဦး၊ ဆန်ပြုတ်တွေ အေးကုန်တော့မယ်။"
"မေမေကလည်း... ဖြည်းဖြည်းစားရမယ်ဆို။ မိန်းကလေးဆိုတာ ဖြည်းဖြည်းစားမှ ယဉ်ကျေးတာပေါ့။"
ချန်ယုကျန်းလေးက စားပွဲအောက်မှာ သူ့ခြေထောက်တိုတိုလေးတွေကို လွှဲယမ်းရင်း ကလေးသံလေးနဲ့ ပြန်ပြောလာသည်။
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဆောင်ဟွာယင်းကတော့ ဒေါသထွက်သွားသည်။ ဒီကလေးမလေးက ငယ်ငယ်လေးရှိသေးတာကို သူ့အမေကို ပြန်ပြောရဲနေပြီ။ ကြီးလာရင် ဘယ်လိုလုပ်မလဲ..
ဇနီးဖြစ်သူက ဒေါသထွက်နေပေမဲ့ ချန်အန်ရဲ့ မျက်နှာမှာတော့ ကျေနပ်ရိပ်တွေ ပြည့်နှက်နေငည်။ သူ့သမီးလေးဟာ သူ့ဇနီးရဲ့ အလှကိုတင်မကဘဲ ဉာဏ်ရည်ထက်မြက်မှုကိုပါ အမွေရထားတာပဲ။ မဆိုးဘူး၊ မဆိုးဘူး။
"ချန်ယုကျန်း... အခု ချက်ချင်း အဲဒီဆန်ပြုတ်တွေကို ကုန်အောင်စားစမ်း။ မဟုတ်ရင် မေမေ သမီးကို စကားမပြောတော့ဘူးနော်"
"ဖေဖေ... မေမေက သမီးကို ဆူနေတယ်"
ချန်ယုကျန်းလေးက သူ့အမေရဲ့ လေသံကြောင့် ကြောက်သွားပြီး သူ့အဖေကို အကူအညီလှမ်းတောင်းလာသည်။ ဆောင်ဟွာယင်းကတော့ ဒေါသကြောင့် တုန်ရင်နေပါပြီ။
နောက်တော့ သူမက ယောက်ျားဖြစ်သူကို ကြည့်ပြီး
"ယောက်ျား... ကြည့်ပါဦး၊ ယုကျန်းလေးက စကားကို မနားထောင်တဲ့အပြင် ပြန်တောင် ပြောနေသေးတယ်"
ချန်အန်ကတော့ ကြားညပ်နေလေပြီ။ တစ်ဖက်မှာက ဇနီး၊ နောက်တစ်ဖက်မှာက အသည်းကျော် သမီးလေး။ သူက ဘယ်သူ့ဘက်ကမှ မပါဘဲ ကြားဝင်ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။
သူက သမီးလေးကို ကြည့်ပြီး နူးညံ့တဲ့ အမူအရာနဲ့ ပြောသည်။
"လာပါ သမီးလေးရယ်၊ ဖေဖေ ခွံ့ကျွေးမယ်။ မြန်မြန်စားနော်၊ မေမေ စိတ်မဆိုးအောင်လို့။"
"ဟုတ်ကဲ့"
ချန်ယုကျန်းလေးက သွက်သွက်လက်လက် ပြန်တုံ့ပြန်သည်။
ချန်အန်က ဇွန်းကိုယူပြီး စိတ်ရှည်လက်ရှည် တစ်ဇွန်းချင်း ခွံ့ကျွေးနေသည်။ ခွံ့ကျွေးရင်းနဲ့လည်း
"သမီးလေး... နောင်ဆိုရင် မေမေ့စကားကို နားထောင်ရမယ်နော်။ အခုလိုမျိုး ပြန်မပြောရဘူး၊ မေမေ စိတ်မကောင်းဖြစ်အောင် မလုပ်ရဘူး၊ နားလည်လား" လို့ ဆုံးမလိုက်ရသည်။
"ဟုတ်ကဲ့" ချန်ယုကျန်းလေးက ခေါင်းညိတ်၍ ချန်အန်ရဲ့စကားကို နားထောင်လေသည်။
ဆောင်ဟွာယင်းကတော့ ဒါကိုကြည့်ပြီး မကျေနပ်သေးချေ။ ချန်အန်က သမီးကို အလိုလိုက်လွန်းတယ်လို့ သူမ ထင်နေသည်။ သမီးကို အခုလို နူးနူးညံ့ညံ့ မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ဆူပူသင့်တယ်လို့ သူမ ခံစားရသည်။
ချန်အန်က ဇနီးဖြစ်သူရဲ့ မကျေနပ်မှုကို ရိပ်မိတာကြောင့် သူမကိုလည်း နှစ်သိမ့်ရလေသည်။
"ဟွာယင်း... ဒီတစ်ခါတော့ အလိုလိုက်လိုက်ပါဦး။ နောက်ကျရင် မင်းပြောသလို လုပ်မယ်လေ"
ဒါကို ကြားမှ ဆောင်ဟွာယင်းလည်း စိတ်နည်းနည်း ပြေသွားသည်။
ခဏအတွင်းမှာပဲ ချန်ယုကျန်းလေးက ပန်းကန်ထဲက ဆန်ပြုတ်တွေကို အကုန်သောက်လိုက်သည်။ အကုန်သောက်ပြီးတဲ့အခါ ပန်းကန်လေးက ပြောင်လက်နေပြီး ဆန်တစ်လုံးတောင် မကျန်တော့ချေ။
"ဖေဖေ... သမီး အကုန်သောက်လိုက်ပြီ။ သမီး တော်တယ် မဟုတ်လား"
ချန်ယုကျန်းက မျက်လုံးဝိုင်းလေးတွေနဲ့ သူ့ကို ချီးကျူးစေချင်တဲ့ အမူအရာမျိုး ပြလေသည်။
ချန်အန်ကလည်း သမီးလေးရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးသည်။ သူက သမီးလေးရဲ့ ခေါင်းကို ပုတ်ပေးရင်း
"ယုကျန်းလေးက တကယ် တော်တာပဲ။ ဖေဖေ ငယ်ငယ်တုန်းကလိုပဲ တော်လိုက်တာ။" လို့ ချီးကျူးသည်။
"ဟေး... သမီးက ဖေဖေ့လိုပဲ တော်တာပေါ့"
ချန်ယုကျန်းလေးဟာ ပျော်လွန်းလို့ မျက်နှာလေးတောင် နီရဲလာသည်။
[သင်သည် သမီးဖြစ်သူ ချန်ယုကျန်းအား ချီးကျူးစကားပြောဆိုကာ ပျော်ရွှင်စေခဲ့သည်။ ဖခင်နှင့်သမီး ဆက်ဆံရေး +၁]
[အမည် - ချန်ယုကျန်း]
[ထူးခြားချက် - ဉာဏ်ရည်ထက်မြက်ခြင်း၊ နားလည်သဘောပေါက်လွယ်ခြင်း]
[ဆက်ဆံရေး - ၁ ကြယ်ပွင့် (၂၃/၁၀၀)]
.........................................................
အခန်း ၁၀၂ - အရောင်းအဝယ် အောင်မြင်ခြင်း
ဟင်..ဟုတ်သားပဲ..ယုကျန်းလေး မှာလည်း အစွမ်းအစပြ ဇယား ရှိနေရမှာပေါ့။
သူ့ရှေ့က လေထဲမှာ ရုတ်တရက် ပေါ်လာတဲ့ သမီးဖြစ်သူ ချန်ယုကျန်း ရဲ့ အစွမ်းအစပြ ဇယားကို ကြည့်ပြီး ချန်အန် တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားသွားရသည်။
သူက သမီးလေး လမ်းလျှောက်တတ်တာ၊ စကားပြောတတ်တာ ဒါမှမဟုတ် ဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်ထဲ သွင်းနိုင်တာမျိုး စတဲ့ အောင်မြင်မှုတွေ ရတော့မှပဲ စနစ်ရဲ့ အကျိုးခံစားခွင့်တွေ ရမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သမီးလေးရဲ့ ဇယားက ပေါ်လာချေပြီ။
ဖခင်နဲ့ သမီးကြား ဆက်ဆံရေး အဆင့်လည်း ပါသေးတယ်..
ဒါက ဇနီးသည်တွေဆီကနေ အကျိုးခံစားခွင့်တွေ ရသလိုမျိုး သမီးလေးဆီကနေလည်း ရနိုင်တယ်လို့ ဆိုလိုတာပါ။ ဥပမာအားဖြင့် အရင်တုန်းက သမီးလေးကို သိပ်တဲ့အခါ 'အိပ်မွေ့ချဂါထာ' က အတွေ့အကြုံ တစ်မှတ်ပဲ တိုးခဲ့တာပါ။ အခုဆိုရင် ဖခင်နဲ့ သမီးကြား ဆက်ဆံရေးကို ၅ ကြယ်ပွင့်အထိ မြှင့်တင်နိုင်ရင် အတွေ့အကြုံ ၅ ဆအထိ တိုးလာနိုင်ပါသည်။
ဒါပေမဲ့ စူးစမ်းစရာ တစ်ခုတော့ ရှိပါသေးသည်။ သမီးလေးက အတတ်ပညာတစ်ခုခုကို တတ်မြောက်သွားလို့ ရလာမယ့် ဆုလာဘ်တွေကကော ဒီဆက်ဆံရေး အဆင့်အပေါ်မှာ မူတည်နေမလားဆိုတာပါပဲ။ အဲဒီအပေါ်မှာသာ မူတည်နေမယ်ဆိုရင် နောင်တစ်ချိန်မှာ သူရမယ့် ဆုလာဘ်တွေက နှစ်ဆတောင် ဖြစ်လာနိုင်တာပေါ့..
ဒါကို တွေးမိရင်း ချန်အန်ဟာ မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။
ချန်ယုကျန်းလေးက မျက်တောင်လေး ခတ်ခတ်နဲ့ အူလည်လည်ပုံစံလေးဖြင့် ပြောလာသည်။
"ဖေဖေ... ဖေဖေ့အပြုံးက တစ်မျိုးကြီးပဲနော်"
ဆောင်ဟွာယင်း ကလည်း စူးစမ်းတဲ့ လေသံနဲ့
"ယောက်ျား... တစ်ခုခု ပျော်စရာ တွေးမိလို့လား"
ချန်အန်က ပြုံးပြီး သားအမိနှစ်ယောက်လုံးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ
"ဟုတ်တယ်... ပျော်စရာတွေ တွေးမိလို့ပေါ့၊ မင်းတို့နှစ်ယောက်အကြောင်း တွေးလိုက်ရင်ကို ကိုယ်က အရမ်းပျော်နေတာ"
မျက်စောင်းခဲကြည့်နေတဲ့ ဝမ်ကျိယန် ကတော့
"ကြည့်စမ်းပါဦး... ယောက်ျားကတော့ 'ပျော်ရွှင်ခြင်းမျှော်စင်' က ကျင့်ကြံသူမလေးတွေအကြောင်း တွေးနေတာ နေမှာပါ"
လို့ မနာလိုသလိုနဲ့ ရန်တွေ့တော့သည်။
ဘေးက ဂူရှင်းယွဲ့ ကတော့ ဘာမှဝင်မပြောဘဲ အပြုံးလေးနဲ့ပဲ ကြည့်နေလေသည်။ မိသားစု ငါးယောက်ရဲ့ မြင်ကွင်းလေးက တကယ့်ကို နွေးထွေးစရာပါ။
ခဏလောက် အနားယူပြီးတဲ့နောက်မှာတော့ ချန်အန်က သူ့ဇနီးတွေနဲ့ သမီးကို 'ဆေးပင်ရာကျော် လမ်းကြား' ဆီ ခေါ်သွားပြီး အိမ်ကြည့်ကြသည်။ အပြင်မထွက်ခင်မှာတော့ ဇနီးသည် သုံးယောက်လုံးကို မျက်နှာနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေ ဖုံးကွယ်သွားအောင် အထူးပဲ ရုပ်ဖျက်ပေးလိုက်သည်။
သူ့ဇနီးတွေက အရမ်းကို ဆွဲဆောင်မှု ရှိလွန်းနေသည်က ပြဿနာပင်။ 'သစ်သားနီတောအုပ်' ထဲမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိသည်။ 'လူမှာ အပြစ်မရှိသော်လည်း အဖိုးတန်ပစ္စည်း ပိုင်ဆိုင်ထားခြင်းက အပြစ်ဖြစ်သည်' ဆိုတဲ့ စကားအတိုင်း သူ သတိထားရပေမည်။
တည်းခိုခန်းကနေ ဆေးပင်ရာကျော် လမ်းကြားကို သွားဖို့ ဈေးတန်းတစ်ခုကို ဖြတ်ရသည်။ လမ်းတစ်လျှောက်မှာ ဇနီးသည်တွေနဲ့ သမီးလေးဟာ ဈေးတန်းထဲက လှပတဲ့ မြင်ကွင်းတွေကြောင့် စိတ်လှုပ်ရှားနေကြသည်။ အခုဆိုရင် ချန်အန်က ချမ်းသာနေပြီမို့ သူ့ဇနီးတွေနဲ့ သမီးလေး တစ်ခုခုကို သဘောကျတာနဲ့ ဘာမှမစဉ်းစားဘဲ ဝယ်ပေးသည်။ အကုန်လုံးဟာ ပျော်လွန်းသဖြင့် ပါးစပ်မစိနိုင်အောင် ဖြစ်နေကြသည်။
တစ်နာရီလောက် လျှောက်ကြည့်ပြီးတဲ့နောက်မှာတော့ မိသားစု ငါးယောက်လုံး သူတို့သွားချင်တဲ့ နေရာကို ရောက်လာကြသည်။ ဆေးပင်ရာကျော် လမ်းကြားကို မြင်လိုက်ရတဲ့အခါ ချန်အန် အံ့သြသွားသည်။
ဆိုင်ခန်းတွေက အဆုံးမရှိအောင်ပါပဲ အကျယ်အဝန်းကလည်း အရမ်းကြီးမားပြီး လိုချင်တာ အကုန်ရနိုင်လေသည်။ ဆိုင်ခန်းလိုချင်ရင်လည်း ဆိုင်ခန်း ရှိတာပါပဲ။ ဒါကို လမ်းကြားလို့ ဘယ်လိုခေါ်မလဲ မြို့တစ်မြို့လို့ ပြောရင်တောင် မမှားတော့။
ချန်အန်က သူ့မိသားစုကို လိုက်ပို့ရင်း အိမ်တွေကိုပါ ကြည့်မိသည်။ လေးနာရီကျော်လောက် လျှောက်ကြည့်တာတောင် ဆေးပင်ရာကျော် လမ်းကြားရဲ့ အဆုံးကို မရောက်နိုင်သေး။ သူ တကယ် နားမလည်တာကြောင့် လမ်းသွားလမ်းလာ တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးပေးပြီး ဒီနေရာက ဘယ်လောက်ကျယ်လဲဆိုတာ မေးကြည့်ရသည်။
အဖြေကတော့... ဆေးပင်ရာကျော် လမ်းကြားရဲ့ အကျယ်အဝန်းဟာ 'ဝါးရွက်တောအုပ်' တစ်ခုလုံးထက် သုံးဆမက ပိုကျယ်နေခြင်းပင်။
ဒါက လမ်းကြားလား တောအုပ်ထက်တောင် ကြီးနေပါသေးလား
စိတ်ကို ပြန်ထိန်းပြီး ချန်အန် စဉ်းစားကြည့်တော့ ဒီနေရာဟာ အစပိုင်းမှာတော့ လမ်းကြားလေး တစ်ခုပဲ ဖြစ်နိုင်သည်။ ဒါပေမဲ့ လူဦးရေ တိုးလာပြီး တဖြည်းဖြည်း တိုးချဲ့လာရာကနေ အခုလို အဆင့်ထိ ရောက်လာတာ ဖြစ်မှာပါ။
ဆေးပင်ရာကျော် လမ်းကြားလို့ ခေါ်နေကြတာကတော့ လူတွေက အဲဒီနာမည်ကိုပဲ နှုတ်ကျိုးနေပြီး မပြောင်းချင်ကြလို့ ဖြစ်မှာပါ။ မဟုတ်ရင်တော့ 'မြက်ဖြူမြို့' လို့ ခေါ်တာက ပိုဆီလျော်မှာပါ။
သူတို့မိသားစုဟာ လမ်းလျှောက်ရင်း အိမ်တော်တော်များများကို ကြည့်ခဲ့ကြသည်။
နောက်ဆုံးမှာတော့ နည်းနည်း လူသူဝေးတဲ့ နေရာက အိမ်တစ်လုံးကို သူ သဘောကျသွားသည်။ တကယ်တော့ လူသူဝေးတာ မဟုတ်ပါဘူး၊ အိမ်နီးနားချင်းတွေလည်း ရှိနေသည်။ အိမ်ချင်းကတော့ နည်းနည်းဝေးသလိုတော့ သူခံစားရသည်။၊ ဘေးအိမ်နဲ့ မီတာ တစ်ရာလောက် ကွာသည်။
အိမ်ရှင်ကတော့ အသက် ၆၀ မတိုင်ခင် 'အခြေခံအုတ်မြစ် တည်ဆောက်ခြင်း' အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တဲ့ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးပါ။ သူမက သစ်သားနီတောအုပ်က 'ရွှေရောင်အမြုတေ' အဆင့်ရှိတဲ့ မိသားစုကြီးတစ်ခုမှာ သွားရောက် ပူးပေါင်းမှာ ဖြစ်တာကြောင့် ဒီအိမ်ကို ပြန်ရောင်းတာ ဖြစ်သည်။
ဒီအိမ်က တကယ့် အိမ်ကြီးအိမ်ကောင်း တစ်လုံးပင်။ အခန်း ရှစ်ခန်း၊ ဧည့်ခန်း နှစ်ခန်း၊ ဝင်းနှစ်ဝင်း၊ ရေချိုးခန်း နှစ်ခန်း၊ အိမ်သာ နှစ်လုံး၊ မီးဖိုချောင် တစ်ခုနဲ့ ဝိညာဉ်ငါးတွေ မွေးလို့ရတဲ့ ရေကန်ငယ်လေး တစ်ခုလည်း ပါလေသည်။
ကျန်တဲ့ လိုအပ်တာမှန်သမျှ အကုန်ရှိနေသေးသည်။ အကျယ်အဝန်းကတော့ သူ ဝါးရွက်တောအုပ်မှာ ငှားနေခဲ့တဲ့ အိမ်ထက် နှစ်ဆကျော် ပိုကြီးသည်။
သူ့ဇနီးတွေနဲ့ သမီးကို လိုက်ပြပြီးတဲ့နောက် အားလုံးကလည်း ဒီအိမ်ကြီးကို သဘောကျငွားကြသည်။ ဒါကြောင့် ချန်အန်က
"ကျင့်ကြံသူ လျို... ဒီအိမ်ကို ငှားမယ်ဆိုရင် ဘယ်လောက်လဲ"
"ကျင့်ကြံသူ ချန်... အိမ်ကို ငှားမှာလား၊ ဒါမှမဟုတ် ဝယ်မှာလား"
ကျင့်ကြံသူ လျိုကတော့ လှပနွဲ့နှောင်းတဲ့ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးပါ။ စကားပြောတဲ့အခါ သူမရဲ့ မျက်လုံးတွေက ညှို့ဓာတ်အပြည့်နဲ့ ဆွဲဆောင်မှု ရှိနေသည်။ ချန်အန်ကတော့ သူမဟာ ပျော်ရွှင်ခြင်းမျှော်စင်က ကျင့်ကြံသူ တစ်ယောက်များလားလို့ သံသယဝင်မိပေမဲ့ သက်သေတော့ မရှိနေပေ။
သူက သူမကို ကြည့်ပြီး စိတ်ထဲမှာတော့ သဘောကျမိပေမဲ့ ယဉ်ယဉ်ကျေးကျေးပဲ
"ကျင့်ကြံသူ လျို... ငှားရင်ကော၊ ဝယ်ရင်ကော ဈေးနှုန်းလေး ပြောပြပေးပါဦး"
လျိုက ပြုံးပြီး
"ငှားမယ်ဆိုရင် တစ်လကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးတုံး၊ ဝယ်မယ်ဆိုရင်တော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အခု ၂၀ ပါ"
ဒါကို ကြားတော့ ချန်အန် စိတ်ထဲကနေ တွက်ချက်ကြည့်သည်။ တစ်လကို အလယ်အလတ်အဆင့်သုံးတုံးဆိုရင် တစ်နှစ်ကို ၃၆ တုံး။ အဆင့်မြင့် ကျောက်တုံး ၂၀ ဆိုတာ အဆင့်လယ် ကျောက်တုံး ၂၀၀၀ နဲ့ ညီမျှပါတယ်။ ဆိုလိုတာက အရောင်းဈေးက ၅၆နှစ်စာ ငှားခနဲ့ တူနေတာပါ။
အမှန်အတိုင်း ပြောရရင် ဈေးက နည်းနည်း ကြီးသည်။ ဒါကြောင့် ချန်အန်က ဈေးဆစ်ပါတော့သည်။ ၁၅ မိနစ်လောက် ဆစ်လိုက်တော့ အဆင့်မြင့် ကျောက်တုံး ၂၀ ကနေ ၁၈ တုံးအထိ ကျသွားသည်။
လျိုက တိုးတိုးလေး ပြောရှာသည်၊
"ကျင့်ကြံသူ ချန်... အဆင့်မြင့် ကျောက်တုံး ၁၈ တုံးက ကျွန်မ ပေးနိုင်တဲ့ အနိမ့်ဆုံးဈေးပါ၊ ထပ်လျှော့လို့ မရတော့ဘူး။"
"ဒါဆိုရင်တော့ ကျွန်တော် တခြားအိမ်တွေ သွားကြည့်လိုက်ဦးမယ်"
ပြောပြောဆိုဆိုနဲ့ပဲ ချန်အန်က လှည့်ထွက်သွားသည်။ လျိုက ပျာပျာသလဲနဲ့
"၁၇ တုံး... ဒါထက်တော့ လုံးဝ မလျှော့နိုင်တော့ဘူး"
"ဈေးက ကြီးနေတုန်းပဲ"
ချန်အန်က ခေါင်းခါပြပြီး
"ကျွန်တော် မိုးကုတ်စက်ဝိုင်းလမ်းက 'ကျင်း' မိသားစု တည်းခိုခန်းမှာ တည်းနေတာပါ။ကျင့်ကြံသူ လျို... ဈေးထပ်လျှော့နိုင်ရင် အဲဒီကို လာရှာလိုက်ပါ"
ထိုသို့ ပြောပြီး သူ့မိသားစုနဲ့အတူ ထွက်လာခဲ့သည်။
သူက တခြားအိမ်ဈေးတွေကိုလည်း လိုက်မေးပြီး နှိုင်းယှဉ်ကြည့်သည်။ တစ်နေ့ကုန် မေးကြည့်တော့ ဈေးနှုန်းတွေက အတူတူလောက်ပါပဲ။ မိုးမချုပ်ခင်မှာတော့ သူတို့မိသားစု တည်းခိုခန်းကို ပြန်လာခဲ့သည်။
ချန်အန်က တည်းခိုခန်းပိုင်ရှင် ကျင်းနဲ့ စကားပြောရင်း အရင်တစ်ခါလိုပဲ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံး တစ်တုံးကို လက်ဆောင်ပေးပြီး ဆေးပင်ရာကျော် လမ်းကြားက အိမ်ဝယ်ဖို့ အကြံဉာဏ်တောင်းကြည့်သည်။ အဖြေကတော့... အဲဒီအိမ်ရဲ့ ပေါက်ဈေးက ၁၇ တုံး၊ ၁၆ တုံးဆိုရင် တန်တယ်၊ ၁၅ တုံးဆိုရင်တော့ တကယ့်ကို အမြတ်ပဲတဲ့။
နောက်တစ်နေ့ မနက်စာ စားပြီးတဲ့နောက် ချန်အန်ဟာ မိသားစုနဲ့အတူ အိမ်ဆက်ကြည့်ဖို့ ထွက်လာခဲ့သည်။ ဒါပေမဲ့ တည်းခိုခန်းရှေ့ ရောက်တာနဲ့ မနေ့က ကျင့်ကြံသူ လျိုက အပြုံးနဲ့ စောင့်ကြိုနေတာကို တွေ့လိုက်ရပါတယ်။
"ကျင့်ကြံသူ ချန်... မနေ့က ဈေးကို ကျွန်မ ပြန်စဉ်းစားပြီးပါပြီ။ အဆင့်မြင့် ကျောက်တုံး ၁၆ တုံးနဲ့ပဲ ရောင်းပါ့မယ်၊ ဘယ်လိုလဲ"
"ဈေးကြီးပါသေးတယ်"
"ကျင့်ကြံသူ ချန်ရယ်... မကြီးတော့ပါဘူး။ ကျွန်မ ပိုက်ဆံ အရေးတကြီး မလိုရင် ဒီဈေးနဲ့ လုံးဝ မရောင်းပါဘူး။"
ချန်အန်ကတော့ ဘာမှမပြောဘဲ ပြုံး၍သာနေသည်။ အဆုံးမှာတော့ ကျင့်ကြံသူလျိုက အံကြိတ်၍ စျေးထပ်လျှော့ရတော့သည်
"၁၅ တုံး..ဒါနောက်ဆုံးပဲ"
"အိုကေ... အရောင်းအဝယ်ဖြစ်ပြီ"
ချန်အန်က ပြုံးရင်း ပြောလိုက်တော့သည်။
............................................................