အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း (၁၁၁) - ရှန်းချင်းယီ၏ ရင်ဖွင့်ချက်
အိမ်ထဲတွင် တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံစွာ ပိတ်ထားသည်။
ဧည့်ခန်းမဆောင်အတွင်း ချန်အန်၊ ရှန်းချင်းယီ၊ နှင့် ချန်အန်၏ ဇနီး၊ သမီးတို့ ထိုင်နေကြသည်။ အိမ်ထဲတွင် တိတ်ဆိတ်နေသော်လည်း အပြင်ဘက်၌မူ ကမ္ဘာပျက်မတတ် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။
လမ်းကြားတစ်ခုလုံးတွင် "ဝါးမြိုပိုးကောင် တစ်ထောင်" များ ပြည့်နှက်နေပြီး ၎င်းတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြက်ပင်တစ်ပင်ပင် မကျန်အောင် ပျက်စီးပြုန်းတီးနေ၏။
အခန်းထဲတွင် ချန်အန်သည် စားပွဲပေါ်ရှိ ဖန်ပုလင်းကြည်လေးကို ကြည့်နေသည်။ ထိုပုလင်းထဲတွင် မည်းနက်နေသော ပိုးကောင်တစ်ကောင် ရှိနေသည်။ ၎င်းမှာ သူခြံတံခါးနားအထိ စွန့်စားသွားရောက် ဖမ်းဆီးခဲ့သော ဝါးမြိုပိုးကောင် ဖြစ်သည်။ ထိုပိုးကောင်၏ ပါးစပ်တွင် သွေးစွန်းနေသော အစွယ်များရှိပြီး ခေါင်းပေါ်တွင် မီးအိမ်သဏ္ဌာန် မျက်လုံးနှစ်လုံး ပါရှိသည်။
ကျောပေါ်တွင် ထူထဲသော အတောင်ပံအမည်းများရှိကာ ခြေထောက်များတွင်လည်း ချွန်ထက်သော ဆူးများဖြင့် ပြည့်နှက်နေပြီး သူ၏ ယခင်ဘဝက ကျိုင်းကောင်နှင့် ခပ်ဆင်ဆင် တူသော်လည်း အရွယ်အစားမှာမူ လက်သီးဆုပ်ခန့် ကြီးမားလှသည်။
"ကျင့်ကြံသူရှန်း... ဒါက ဘယ်လိုသတ္တဝါမျိုးလဲ"
ချန်အန်က ရှန်းချင်းယီကို မေးလိုက်သည်။
"နာမည်အတိုင်းပါပဲ... သူက လမ်းမှာတွေ့သမျှ အရာအားလုံးကို ဝါးမြိုတတ်တဲ့ မိစ္ဆာပိုးကောင်ပါ။ အသားပဲဖြစ်ဖြစ်၊ ဝိညာဉ်ခန္ဓာပဲဖြစ်ဖြစ် စားလို့ရသမျှ အကုန်စားပစ်တာ။ အဆိုးဆုံးက သူတို့ရဲ့ မျိုးပွားနှုန်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်စွမ်းပဲ။ တစ်ခါလာရင် သောင်းနဲ့ချီပြီး လာတတ်ကြတယ်"
ရှန်းချင်းယီက ရှင်းပြသည်။
"သူတို့ရဲ့ ကျင့်စဉ်အဆင့်က ချီသန့်စင်အဆင့်လောက်ပဲ ရှိပေမဲ့ အရေအတွက်က အရမ်းများတယ် အခြေခံအုတ်မြစ်နောက်ဆုံးအဆင့် ကျင့်ကြံသူတွေတောင် သူတို့နဲ့တွေ့ရင် အိမ်ထဲကအိမ်ပြင် မထွက်ရဲကြဘူး။ မဟုတ်ရင် အရိုးပဲကျန်တဲ့အထိ အစားခံရမှာပဲ"
ချန်အန် ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် စိတ်သက်သာရာရဟန်ဖြင့် "တော်သေးတာပေါ့... ချင်ကုန်သွယ်ရေးကနေ အစီအရင်စာအုပ် နှစ်အုပ် ဝယ်ထားမိလို့။ ဒါတွေက အခြေခံအုတ်မြစ်အဆင့်အောက်က သတ္တဝါမှန်သမျှကို တားဆီးနိုင်တယ်" ဟု ပြောလိုက်သည်။
ဆောင်ဟွာယင်းကလည်း စိုးရိမ်စိတ်များ လျော့ကျသွားကာ "အမျိုးသားက အမြော်အမြင် ရှိတာပဲ" ဟု ချီးကျူးရှာသည်။
ရှန်းချင်းယီကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြီး
"ဆေးဆရာချန်... အပြင်မှာ ဒီလိုဖြစ်နေတော့ ကျွန်မ ရှင့်အိမ်မှာ ခဏလောက် တည်းခိုလို့ ရမလား။ အိမ်ငှားခ ပေးပါ့မယ်" ဟု ခွင့်တောင်းသည်။
ရှန်းချင်းယီမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအလယ်အလတ်အဆင့်သာ ရှိသေးသဖြင့် ယခုအခြေအနေတွင် ချန်အန်၏ အိမ်ကသာ သူမအတွက် အလုံခြုံဆုံး ဖြစ်နေသည်။
ချန်အန်က ပြုံးလျက်
"ကျွန်တော်တို့က လူစိမ်းတွေမှ မဟုတ်တာ။ အိမ်လခဆိုတာတွေ မပြောပါနဲ့။ တကယ်လို့ အားနာတယ်ဆိုရင် ကျွန်တော့်ကို ကျင့်စဉ်လေးတွေ ပြန်သင်ပေးပေါ့" ဟု အပေးအယူ လုပ်လိုက်သည်။
ရှန်းချင်းယီကလည်း သဘောတူသဖြင့် ဆောင်ဟွာယင်းက သူမကို အခန်းလိုက်ပြရန် ခေါ်သွားလေသည်။ ထိုသို့ဖြင့် ရှန်းချင်းယီသည် ချန်အန်တို့အိမ်တွင် အတူနေထိုင်ဖြစ်သွားသည်။
နောက်ရက် နံနက်တွင် ချန်အန်သည် ဇနီးသည် ဆောင်ဟွာယင်း နိုးမည်စိုး၍ အသာအယာ ထပြီး မျက်နှာသစ်ကာ အလုပ်လုပ်ရန် ပြင်ဆင်သည်။ မီးဖိုချောင်သို့ အသွားတွင် ဂူရှင်းယွဲ့က နံနက်စာ ပြင်ဆင်နေသည်ကို တွေ့ရသည်။
ဂူရှင်းယွဲ့မှာ ယခင်ကကဲ့သို့ အေးစက်မနေတော့ဘဲ နွေးထွေးစွာ ပြုံးပြသဖြင့် ချန်အန်မှာ ခေတ္တမျှ ငေးမောသွားပြီး သူမကို အနားသို့ ဆွဲခေါ်ကာ ချစ်ခင်ကြင်နာမှု ပြလိုက်သေးသည်။
ထို့နောက် ချန်အန်သည် ဆေးဖော်ဆောင်သို့သွားကာ "အသက်ဓာတ်စွမ်းအားဖြည့်ဆေး"ကို တစ်နေကုန် ကြိုးစားဖော်စပ်သည်။ နောက်ဆုံးတွင် သူ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် နောင်တွင် ဝင်ငွေ ပိုတိုးလာတော့မည်ဟု တွေးကာ ပျော်ရွှင်နေမိသည်။
ညဘက်တွင် သူသည် ချင်ကုန်သွယ်ရေးမှ ဝယ်လာသော "အသက်ရှူအရှိန် ထိန်းချုပ်ခြင်းကျင့်စဉ်" ကို သင်ယူသည်။ ၎င်းမှာ မိနစ်ပိုင်းအတွင်း တတ်မြောက်သွားပြီး မိမိ၏ ကျင့်စဉ်အဆင့်နှင့် အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သည့် အလွန်အသုံးဝင်သော နည်းလမ်းဖြစ်သည်။
ရေချိုးပြီးနောက် သူသည် ဂူရှင်းယွဲ့၏ အခန်းသို့ သွားရောက်အနားယူသည်။ ဂူရှင်းယွဲ့မှာ ယခင်က "ရေခဲဘုရင်မ" ဟု တင်စားရလောက်အောင် အေးစက်ခဲ့သော်လည်း ယခုအခါတွင်မူ မိန်းမပီသစွာ နူးညံ့လာခဲ့သည်။
ညဉ့်နက်ပိုင်းတွင် ချန်အန်သည် "အရိပ်သတ်ဖြတ်ခြင်းကျင့်စဉ်" ကို ဆက်လက်လေ့ကျင့်သည်။ ဤကျင့်စဉ်မှာ အရိပ်များအတွင်းမှ တစ်နေရာမှ တစ်နေရာသို့ ချက်ချင်းကူးပြောင်းနိုင်ပြီး ရန်သူကို အလစ်အငိုက် တိုက်ခိုက်နိုင်သည့် အစွမ်းထက် ကျင့်စဉ်ဖြစ်သည်။ နံနက်မိုးလင်းခါနီးတွင် ချန်အန်သည် ဤကျင့်စဉ်ကို ကောင်းစွာ တတ်မြောက်သွားသည်။
သူ့ဘာသာ ဂုဏ်ယူနေစဉ် ရှန်းချင်းယီ အခန်းထဲမှ ထွက်လာသည်ကို တွေ့ရသည်။
"ကျင့်ကြံသူရှန်း... စောစောစီးစီးပါလား"
"ညက မအိပ်ဖြစ်ဘူး... ကျင့်စဉ်ကျင့်နေတာနဲ့ အခုမှ ခဏနားတာ"
ရှန်းချင်းယီက ပြန်ဖြေသည်။
ချန်အန်က သူအသစ်တတ်ထားသော "အရိပ်သတ်ဖြတ်ခြင်းကျင့်စဉ်" ကို ရှန်းချင်းယီနှင့် စမ်းသပ်ကြည့်ချင်ကြောင်း ပြောလိုက်သည်။ သူတို့နှစ်ဦး ဧည့်ခန်းထဲတွင် မီးခွက်ထွန်းကာ အမှောင်ရိပ်ဖန်တီးပြီး စမ်းသပ်ကြရာ ချန်အန်သည် ရှန်းချင်းယီ၏ အရိပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူမ၏ လည်ပင်းကို ဓားဖြင့်ထောက်သကဲ့သို့ လက်ဖြင့် တို့လိုက်နိုင်သည်။
ရှန်းချင်းယီမှာ အလွန်အံ့အားသင့်သွားပြီး ဤကျင့်စဉ်ကို သူမကိုပါ သင်ပေးရန် တောင်းဆိုသည်။ ချန်အန်ကလည်း လိုလိုလားလားပင် သင်ပေးလိုက်သည်။
နောက်ရက်များတွင် အပြင်၌ ပိုးကောင်များ ရှိနေသေးသဖြင့် မည်သူမျှ အပြင်မထွက်ကြချေ။ ချန်အန်သည် ရှန်းချင်းယီထံမှ "ခန္ဓာကိုယ်ခွဲထုတ်ခြင်း"၊ "အတွင်းဖောက်မြင်ခြင်း" နှင့် "ရုပ်ဖျက်ခြင်း" အစရှိသော အခြေခံကျင့်စဉ်များကို သင်ယူသည်။ ကျင့်စဉ်တစ်ခု တတ်မြောက်တိုင်း သူက ရှန်းချင်းယီကို ကျေးဇူးဆပ်သည့်အနေဖြင့် အနှိပ်ပေးလေ့ရှိသည်။
တစ်ညတွင် ရှန်းချင်းယီကို အနှိပ်ပေးနေစဉ် သူမက ရုတ်တရက် မေးခွန်းတစ်ခု ထုတ်လာသည်။
"ဆေးဆရာချန်... ကျွန်မ ရှင့်ကို မေးချင်တာ တစ်ခုရှိတယ်"
"မေးပါ ကျင့်ကြံသူရှန်း"
"ရှင်... ကျွန်မရဲ့ ခန္ဓာကိုယ်ကို မက်မောနေတာလား"
ရှန်းချင်းယီ၏ စကားကြောင့် ချန်အန်၏ လက်အစုံမှာ လေထဲတွင် တန့်သွားတော့သည်။
.......................................................
အခန်း (၁၁၂) - ရှန်းချင်းယီ၏ ဆုံးဖြတ်ချက်
ချန်အန်သည် မိမိနားကြားမှားသလားဟုပင် ထင်မှတ်သွားပြီး မသေချာသဖြင့် ပြန်မေးလိုက်သည်။
"ကျင့်ကြံသူရှန်း... ဘယ်လိုပြောလိုက်တာလဲ။ ကျွန်တော် သေချာမကြားလိုက်လို့ပါ"
ရှန်းချင်းယီသည် ကုတင်ပေါ်တွင် ကိုယ်ကိုလှည့်ကာ ချန်အန်ဘက်သို့ မျက်နှာမူ၍ ထိုင်လိုက်သည်။ သူမက ချန်အန်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်၏။
"ဆေးဆရာချန်... ရှင်က ညတိုင်း အနှိပ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မအပေါ် အခွင့်အရေး ယူနေတာပဲ။ ရှင် ကျွန်မရဲ့ ခန္ဓာကိုယ်ကို မက်မောနေတာ မဟုတ်ဘူးလား"
ဤမေးခွန်းမှာ တိုက်ရိုက်ဆန်လွန်းလှသဖြင့် ချန်အန် ဘာပြန်ပြောရမှန်း မသိဘဲ ခေတ္တဆွံ့အသွားသည်။
သူ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ရှန်းချင်းယီက ဆက်ပြောသည်။
"အရင်က ရွှမ်ဟွမ်ဂိုဏ်းမှာ ရှိစဉ်တုန်းက ဆရာက ကျွန်မကို အမြဲသတိပေးတယ်။ ကျင့်စဉ်လမ်းမှာ ခရီးဝေးဝေး သွားချင်ရင် အချစ်ရေးတွေမှာ မပတ်သက်ရဘူးတဲ့။ ဒါပေမဲ့ အခုတော့ ကျွန်မ ဝေခွဲမရဖြစ်နေပြီ။ ကျွန်မရဲ့ ဖခင်အရင်းလို အမြဲအားကိုးခဲ့တဲ့ ဆရာက တကယ်တော့ ကျွန်မရဲ့ မိဘတွေကို သတ်ခဲ့တဲ့ လူသတ်သမား ဖြစ်နေတယ်။"
"ဆေးဆရာချန်... ရှင်က အချိန်ရတိုင်း ဇနီးသည်တွေနဲ့ ချစ်ရည်လူးနေတာတောင် ရှင့်ရဲ့ ကျင့်စဉ်အဆင့်၊ ဆေးဖော်စပ်တဲ့ အဆင့်နဲ့ ကျင့်စဉ်တွေ သင်ယူနိုင်စွမ်းက တခြားသူတွေထက် အများကြီး သာလွန်နေတယ်။ ဒါက ဆရာပြောခဲ့တာတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ နောက်ပိုင်းမှာ ရှင့်ရဲ့ ကျင့်စဉ်အဆင့်က ကျွန်မကိုတောင် ကျော်တက်သွားဦးမှာ။ ကျွန်မ တကယ် စဉ်းစားမရတော့ဘူး။ ကျင့်စဉ်လမ်းဆိုတာ တကယ်ပဲ ကာမဂုဏ်တွေကို စွန့်လွှတ်ရမှာလား။ ယောကျ်ားနဲ့ မိန်းမ ကြားက ပတ်သက်မှုတွေ မရှိရတော့ဘူးလား"
"ဒါနဲ့ ဆေးဆရာချန်... ရှင်က ဘာလို့ အိမ်ထောင်ပြုတာ၊ မယားငယ်ယူတာနဲ့ ကလေးယူတာတွေကို ဒီလောက် စိတ်အားထက်သန်နေရတာလဲ။ ဒါတွေက ရှင့်ရဲ့ ကျင့်စဉ်တိုးတက်မှုကို နှောင့်နှေးစေမှာ မစိုးရိမ်ဘူးလား"
ရှန်းချင်းယီသည် သူမ၏ ရင်ထဲ၌ အောင်းထားသမျှကို ဖွင့်ဟလိုက်လေသည်။
ချန်အန်က ခေတ္တစဉ်းစားပြီးနောက်
"ကျင့်ကြံသူရှန်း... တစ်ခါတလေ ကံတရားက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့အခါ တားလို့မရပါဘူး။ ကျွန်တော်ကတော့ ကျွန်တော့်နှလုံးသားရဲ့ စေခိုင်းချက်အတိုင်းပဲ နေထိုင်တာပါ" ဟု ဖြေလိုက်သည်။
"နှလုံးသားရဲ့ စေခိုင်းချက်"
ရှန်းချင်းယီသည် ခေါင်းငုံ့ကာ အတွေးနက်သွားသည်။ ခေတ္တအကြာတွင် သူမက ချန်အန်ကို ပြန်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"ဆေးဆရာချန်... ရှင်က နည်းနည်းတော့ နှာဘူးကျပေမဲ့ တကယ်တော့ ရိုးသားတဲ့သူတစ်ယောက်ပါ။ ကျွန်မ ရှင့်ကို မမုန်းပါဘူး။ တကယ်လို့ ရှင် ကျွန်မရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ်ဆိုရင် ကျွန်မ ပေးဖို့အသင့်ပါပဲ။ ဒါပေမဲ့ ကျွန်မမှာ အချစ်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ အဲဒီလို ခံစားချက်လေးတွေ ပေါ်ပေါက်လာအောင် ကျွန်မကို အချိန်နည်းနည်းလောက် ပေးနိုင်မလား။ တစ်လဆိုရင် ရပါပြီ"
ရှန်းချင်းယီက အလေးအနက် ပြောနေခြင်းဖြစ်ကြောင်း မြင်သဖြင့် ချန်အန်မှာ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်သွားသည်။ နှစ်ပေါင်းများစွာ အပျိုစင်ဘဝကို ထိန်းသိမ်းလာသော မိန်းကလေးတစ်ယောက်က ယခုကဲ့သို့ အလွယ်တကူ ပေးဆပ်မည်ဟု ဆိုလာခြင်းမှာ အံ့ဩစရာပင်။
ချန်အန် တိတ်ဆိတ်နေပြန်သဖြင့် ရှန်းချင်းယီက
"ဆေးဆရာချန်... ကျွန်မ အထင်မှားသွားတာ ဖြစ်မှာပါ။ ခုနက စကားတွေကို မကြားခဲ့သလိုပဲ သဘောထားပေးပါ" ဟု ကမန်းကတန်း ပြန်ပြောသည်။
ထိုအခါမှ ချန်အန် သတိပြန်ဝင်လာပြီး ရှန်းချင်းယီ၏ နူးညံ့လှသော လက်ကလေးများကို လှမ်းကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မဟုတ်ဘူး... အထင်မှားတာ မဟုတ်ပါဘူး။ ကျင့်ကြံသူရှန်း... မင်းက အဲဒီလို ပြောလာမှတော့ ငါလည်း လူကြီးလူကောင်းယောင် ဆောင်မနေတော့ဘူး။ မင်းကို ငါ့ရဲ့ မယားငယ်အဖြစ် သိမ်းပိုက်ချင်တယ်။ 'ရတနာခန်းမ' မှာ မင်းကို စတွေ့ကတည်းက ငါ့စိတ်ထဲမှာ ဒီအတိုင်းပဲ ရှိခဲ့တာ"
ရှန်းချင်းယီမှာ ချန်အန်က သူမကို အစကတည်းက သဘောကျနေခဲ့မှန်း မသိခဲ့သဖြင့် အံ့အားသင့်သွားသည်။ သူမက နှုတ်ခမ်းလေးကို ဖိကိုက်၍
"ဆေးဆရာချန်... ကျွန်မ ပြောတာက တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ကျွန်မရဲ့ လက်ရှိဆန္ဒကတော့ ရှင့်ကို ခန္ဓာကိုယ် ပေးရုံပဲ ပေးချင်တာပါ။ အိမ်ထောင်ပြုတာတို့၊ မယားငယ်အဖြစ် အသိအမှတ်ပြုခံရတာတို့ မလုပ်ချင်ဘူး။ ကျွန်မက လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်တယ်။ ဓားတစ်လက်နဲ့ လောကအနှံ့ လှည့်လည်ပြီး မတရားတာတွေကို နှိမ်နင်းချင်တာ"
ဟု ဆိုသည်။
"ကျင့်ကြူဓရှန်း... မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ လေးစားပါတယ်"
ချန်အန်က ချက်ချင်းပင် သဘောတူလိုက်သည်။ ရှန်းချင်းယီကလည်း ချန်အန် ဤမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ချန်အန်အပေါ် ပို၍ အမြင်ကြည်လင်သွားသည်။
"ဆေးဆရာချန်... ဒီညအတွက် အနှိပ်ပေးတာ ဒီလောက်နဲ့ပဲ တော်ပါပြီ။ နောက်တစ်လအတွင်း ကျွန်မအခန်းကို လာပြီး အနှိပ်ပေးစရာ မလိုတော့ဘူး။ တစ်လပြည့်ရင် ကျွန်မကိုယ်တိုင် ရှင့်အခန်းကို လာရှာပါ့မယ်" ဟု ရှန်းချင်းယီက ပြောလိုက်သည်။
ချန်အန်လည်း အလျင်မလိုတော့ဘဲ သူမကို ကောင်းကောင်းအနားယူရန် ပြောကာ အခန်းထဲမှ ထွက်လာခဲ့သည်။
နောက်ရက်များတွင် အပြင်ဘက်၌ ပိုးကောင်ဘေးအန္တရာယ်မှာ လျော့ပါးမသွားဘဲ ပို၍ပင် ဆိုးရွားလာသည်။ အိမ်အချို့ ပြိုကျပျက်စီးသွားပြီး ကျင့်ကြံသူများမှာလည်း ပိုးကောင်များ၏ အစားခံလိုက်ရသည်။
သို့သော် ချန်အန်တို့အိမ်တွင်မူ "တိမ်တိုက်ကာကွယ်ရေးအစီအရင်" နှင့် "မိုးကြိုးပစ်အစီအရင်" တို့ကြောင့် ခြံထဲတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်သည်
ထိုအတောအတွင်း ဆောင်ဟွာယင်းသည် ရှန်းချင်းယီနှင့် ပိုမိုရင်းနှီးလာအောင် ကြိုးစားပြီး ညီအစ်မများကဲ့သို့ ခင်မင်သွားကြသည်။ ချန်အန်၏ သမီးဖြစ်သူ ချန်ယုကျန်းကလည်း ရှန်းချင်းယီကို အလွန်ခင်တွယ်ပြီး သူမအား ခြံထဲတွင် ဓားပျံစီးကာ လိုက်ပို့ပေးရန် နေ့တိုင်း ပူဆာလေ့ရှိလေသည်။
........................................................