အခန်း (၇၈၅-၇၈၇)
Vol. 53 Ch. 785-787
အခန်း ၇၈၅ - ယှဉ်ပြိုင်တိုက်ခိုက်ခြင်း
အမှန်တကယ်တွင် တုန်းဟူတို့အုပ်စုသည် အခြားအစေခံတပည့်များ ကြောက်လန့်တကြား နောက်ဆုတ်သွားသည်ကို မြင်လိုက်ရကတည်းက မြေကမ္ဘာမီးလျှံခန်းမ စာမေးပွဲမှာ အလွန်ခက်ခဲလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
သို့သော် ခက်ခဲတော့ဘာဖြစ်သနည်း။ ကျင့်စဉ်လမ်းဆိုသည်မှာ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ရခြင်း မဟုတ်ပါလော။
သူတို့သည် လော့မျိုးနွယ်စု စစ်ပွဲအပြီး လူအင်အား ပြန်လည်ဖြည့်တင်းချိန်တွင် ဂြိုဟ်ပေါင်းရာချီထဲမှ ရွေးချယ်ခံခဲ့ရသည့် ပါရမီရှင်များ ဖြစ်ကြသည်။ တုန်းဟူ၊ ပိုင်ဝေနှင့် ဆန်းလီတို့မှာ သူတို့ကိုယ်သူတို့ ယုံကြည်မှု အပြည့်ရှိနေကြသည်။
ယီယွင်မှာမူ ဝါးနက်နတ်သမီးကိုသာ အာရုံစိုက် စောင့်ကြည့်နေမိသည်။ ဝါးနက်နတ်သမီးမှာ မီးဓာတ်ကျင့်စဉ်ကို ကျင့်ကြံထားခြင်းဖြစ်သော်လည်း သူမထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်မှာ ရေခဲကဲ့သို့ အေးစက်နေသည်မှာ ထူးဆန်းလှသည်။ မီးဓာတ်ကို ဒီလိုပုံစံနဲ့ ကျင့်လို့ရတာလား... တကယ်ကို ထူးခြားတာပဲ ဟု ယီယွင် တွေးနေမိသည်။
ကန့်ကွက်သူမရှိရင် စာမေးပွဲအသေးစိတ်ကို ကြေညာမယ်။ ပထမဆုံး မြေကမ္ဘာမီးလျှံခန်းမအကြောင်း ပြောပြမယ်။ အဲဒီမှာ လူပေါင်း တစ်ထောင်လောက်ရှိတယ်။ စာမေးပွဲဝင်ဖြေမယ့်သူတွေက တောင်ပေါင်း ၁၀၈ တောင်က အုပ်ချုပ်ရေးတပည့်တွေတင်မကဘူး၊ အပြင်စည်းတပည့် တွေလည်း ပါဝင်တာမို့ စုစုပေါင်း တစ်သိန်းကျော်ရှိတယ်
ဝါးနက်နတ်သမီး၏ စကားကြောင့် ယုံကြည်မှု အပြည့်ရှိနေသော တုန်းဟူတို့ပင် ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။ တစ်သိန်းကျော်ထဲမှ လူတစ်ထောင်ထဲ ပါရန်ဆိုသည်မှာ မလွယ်ကူလှပေ။
ဝါးနက် နတ်သမီးက ဆက်ပြောသည်မှာ မြေကမ္ဘာမီးလျှံခန်းမ စာမေးပွဲမှာ အမျိုးအစား နှစ်မျိုးရှိတယ်။ ပထမတစ်ခုက ဆေးလုံးခန်းမကို လိုက်ခဲ့ပြီး ပျက်စီးခြင်းကောင်းကင်အတတ်ပညာ စစ်ဆေးခံရမှာ ဖြစ်တယ်။ ဒုတိယတစ်ခုကတော့ ဒီနေရာမှာတင် ခွန်အားစစ်ဆေးခံရမှာ ဖြစ်တယ်။ ကိုယ်တိုင်ဖော်စပ်ထားတာ မဟုတ်တဲ့ အဆောင်လက်ဖွဲ့တွေ၊ ဆေးလုံးတွေ၊ ရုပ်သေးရုပ်တွေနဲ့ ပြင်ပစွမ်းအားတွေကို သုံးခွင့်မရှိဘူး။ အရည်အချင်းမရှိတဲ့သူတွေ အခုကတည်းက နောက်ဆုတ်သွားတာ ပိုကောင်းမယ်။ ငါ့အချိန်ကို လာမဖြုန်းကြနဲ့
ကဲ... ဘယ်စာမေးပွဲကို ရွေးမလဲ
ခွန်အားစစ်ဆေးတာကို ရွေးပါတယ်
ဒုတိယတစ်ခုပါ
တုန်းဟူတို့ အုပ်စုက ချက်ချင်းဖြေလိုက်သည်။ ဆေးပညာမှာ အလွန်ခက်ခဲလှသဖြင့် သူတို့ မရွေးရဲကြပေ။ တုန်းဟူသည် ယီယွင် ဘာရွေးမလဲဆိုသည်ကို လှောင်ပြုံးဖြင့် စောင့်ကြည့်နေသည်။
ဝါးနက် နတ်သမီးသည်လည်း ယီယွင်ကို ကြည့်လိုက်သည်။ ယီယွင်သည် မေးစေ့ကို ပွတ်ရင်း စဉ်းစားလိုက်သည်။ ဆေးပညာစာမေးပွဲက တခြားနေရာသို့ သွားရမည်လား။ ယီယွင်သည် အလုပ်ရှုပ်ရသည်ကို မကြိုက်သဖြင့် ကျွန်တော်လည်း ခွန်အားစစ်ဆေးတာကိုပဲ ယူပါမယ် ဟု ပြောလိုက်သည်။
ထိုစကားကြောင့် တောင်အာ ကြောင်သွားသည်။ အစ်ကိုယီက ဆေးပညာနဲ့ ဖြေရမှာ မဟုတ်ဘူးလား သူ့ရဲ့ ဆေးပညာက သေချာပေါက် အောင်မှာပဲလေ။ ခွန်အားစစ်ဆေးတာကျတော့... သူက ဒဏ်ရာရထားတာ အခုမှ ပြန်ကောင်းကာစပဲ ရှိသေးတာ၊ အဆင်ပြေပါ့မလား။
ဝါးနက် နတ်သမီးက ဆက်ပြောသည်မှာ ကောင်းပြီ၊ အားလုံးက ခွန်အားစစ်ဆေးတာကို ရွေးရင်တော့ အချိန်ကုန် သက်သာတာပေါ့။ မင်းတို့ရဲ့ အရိုးသက်တမ်းကို အရင်ပြော၊ ပြီးရင် ငါ့ရှေ့မှာ ခွန်အားကို ပြသရမယ်။ ဥပဒေသ အမြင်တွေဖြစ်ဖြစ်၊ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ ကိုယ်တတ်ထားတဲ့ နည်းစနစ်တွေကို ကြိုက်သလို ပြနိုင်တယ်။ တစ်ခုခုမှာ ငါ့စိတ်ကို ဆွဲဆောင်နိုင်ရင် အရည်အချင်းပြည့်မီပြီလို့ သတ်မှတ်မယ်
ဤစာမေးပွဲစနစ်မှာ အလွန်ပင် ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။ ယီယွင်အတွက်မူ ဤနည်းလမ်းက ဆန်းသစ်နေသည်။
တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်လို့ ရတယ် ဟုတ်လား တုန်းဟူ၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် တိုက်ခိုက်ရသည်ကို အလွန်ဝါသနာပါသူ ဖြစ်သည်။ သူသည် ကျားမျိုးနွယ်ဝင် ဖြစ်သဖြင့် ဥပဒေသများထက် ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွင် ပိုမိုအားသာသည်။
သူသည် ယီယွင်ကို အမဲလိုက်ခွေးက သားကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။ ဤသည်မှာ ကောင်းကင်ဘုံက ပေးသော အခွင့်အရေးပင်။
နတ်သမီး... တိုက်ခိုက်ရင်းနဲ့ တစ်ဖက်လူကို ဒဏ်ရာရအောင် လုပ်မိရင် ဘာဖြစ်မလဲ တုန်းဟူက လက်ဆစ်များကို ချိုးရင်း မေးလိုက်သည်။
လက်နက်ဆိုတာ မျက်စိမရှိဘူး၊ အစွမ်းမရှိလို့ ဒဏ်ရာရတာကတော့ မလွဲသာတဲ့ ကိစ္စပဲ ဝါးနက် နတ်သမီးက အေးစက်စွာ ပြောလိုက်သည်။ ထိုစကားက တုန်းဟူကို ပို၍ပင် အားတက်သွားစေသည်။ သူသည် ယီယွင်၏ သွေးကြောများကို ဖြတ်တောက်ပြီး ဒဏ်ရာဟောင်းများ ပြန်ပွင့်လာအောင် လုပ်ကာ အိပ်ရာထဲ ခြောက်လလောက် လှဲနေအောင် လုပ်ရန် ကြံစည်လိုက်တော့သည်။
အစ်ကိုဟူ၊ အစ်ကိုက ယီယွင်နဲ့ တိုက်မလို့လား ကျွန်တော်ပဲ အရင်တိုက်ပါရစေ ဆန်းလီက စိုးရိမ်တကြီး ပြောလိုက်သည်။ ယီယွင်မှာ အောက်လောကသား လူသားဖြစ်ပြီး လဝက်ခန့်က သေလုမျောပါး ဖြစ်ခဲ့သူဖြစ်ရာ တုန်းဟူက အရင်လက်ဦးသွားပါက သူ လက်စားချေရန် အခွင့်အရေး ရတော့မည် မဟုတ်ပေ။
အစ်ကိုဆန်၊ အစ်ကိုဟူ... အစ်ကိုတို့ နှစ်ယောက်က အစွမ်းချင်း တူတူပဲဆိုတော့ အချင်းချင်း တိုက်တာက ပိုကြည့်ကောင်းမှာပါ။ ဒီညီမလေးက အားနည်းတော့ ယီယွင်ကိုပဲ ကျွန်မကို ပေးလိုက်ပါ ပိုင်ဝေကလည်း ကြားဖြတ်လုပြန်သည်။
သူတို့သုံးဦးစလုံးမှာ ယီယွင်နှင့် အငြိုးရှိနေကြသဖြင့် ယီယွင်ကို အလုအယက် တိုက်ချင်နေကြသည်။ ဤသည်မှာ အခြားတပည့်များနှင့် တောင်အာအတွက် သိသာလွန်းလှသည်။ ယီယွင်အတွက်မူ ဤအခြေအနေမှာ အားနည်းချက် ဖြစ်နေသော်လည်း သူက ဝါးနက် နတ်သမီးကိုသာ မေးလိုက်သည်။
ယှဉ်ပြိုင်တိုက်ခိုက်မယ်ဆိုရင် ဘယ်လိုလုပ်မှ အရည်အချင်း ပြည့်မီမှာလဲ
နောက်ဆုံး မတ်တတ်ရပ်ကျန်တဲ့သူက တိုက်ပွဲကို မြန်မြန်အဆုံးသတ်နိုင်ရင် အရည်အချင်း ပြည့်မီမယ် ဝါးနက် နတ်သမီးက ဖြေလိုက်သည်။
ဤစကားကြောင့် အားလုံး အံ့ဩသွားကြသည်။ နောက်ဆုံး မတ်တတ်ရပ်ကျန်ရမည် ဆိုသည်မှာ အနိုင်ရသူက လူအားလုံးကို လဲကျသွားအောင် တိုက်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
နားလည်ပါပြီ
ယီယွင်က ပြောလိုက်သည်။
တုန်းဟူတို့ အုပ်စုလည်း အံ့ဩသွားကြသည်။ ဆိုလိုသည်မှာ သူတို့ သုံးဦးစလုံးသည်လည်း အချင်းချင်း ပြန်တိုက်ရမည် ဖြစ်သည်။ သို့သော် အရင်ဆုံး ယီယွင်ကို ရှင်းထုတ်ရန် သူတို့ သဘောတူထားကြသည်။
ယီယွင်... လာစမ်း တုန်းဟူက အော်ဟစ်လိုက်ပြီး ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများ မြည်ဟည်းလာပြီး ကိုယ်လုံးမှာ ကြီးထွားလာသည်။ အင်္ကျီများ ဆုတ်ပြဲသွားကာ မျက်နှာကြွက်သားများ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပြီး ကိုယ်ပေါ်တွင် ကျားသစ်ကွက်များ ပေါ်ထွက်လာတော့သည်။
အခန်း ၇၈၆ - ဆီးနှင်းကဲ့သို့ ပျံသန်းနေသော ဓားမြှောင်များ
ဝူး... ဝူး... ဝူး...
ခန္ဓာကိုယ် အသွင်ပြောင်းလဲသွားသည့်အပြင် တုန်းဟူ၏ လက်ဖဝါးများသည်လည်း ကျားခြေသည်းများအဖြစ် ပြောင်းလဲသွားပြီး လေတိုးသံများနှင့်အတူ တိုက်ခိုက်လာတော့သည်။ သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာသော လေပြင်းများကြားတွင် မှိန်ဖျော့ဖျော့ ကျားဟိန်းသံတစ်ခု ပါဝင်နေသည်။
နဂါးများက တိမ်တိုက်များမှ ဆင်းသက်လာသကဲ့သို့ ကျားများကလည်း လေပြင်းများကြားမှ ခုန်ထွက်လာကြသည်။ တုန်းဟူသည် တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူ၏ ခွန်အားအားလုံးကို အသုံးချလိုက်သည်။ သူ၏ ကျားခြေသည်းများမှာ ထန်းရွက်ယပ်တောင်ကဲ့သို့ ကြီးမားလှပြီး အလွန်အမင်း ပြင်းထန်သော လေဖိအားကို ထုတ်လွှတ်နေသည်။
သူ၏ သာမန်ရိုက်ချက်တစ်ခုမှာပင် ကျောက်တုံးကြီးများကို အမှုန့်ဖြစ်စေနိုင်ရာ လူသားတစ်ဦးကို ထိမှန်ပါက အရိုးများကို ကြေမွစေပြီး သွေးကြောများကို ပြတ်တောက်သွားစေမည်မှာ သေချာလှသည်။
ဖေးမျိုးနွယ်စု အများစုမှာ တိုက်ပွဲဝင်သည့်အခါ သူတို့၏ ဘိုးဘေးများထံမှ အမွေဆက်ခံထားသော ခန္ဓာကိုယ်သွင်ပြင်လက္ခဏာများကို ထုတ်ဖော်လေ့ရှိကြသည်။ ၎င်းမှာ ဖေးမျိုးနွယ်၏ သွေးစွမ်းအားကို လှုံ့ဆော်ခြင်းဖြင့် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ခြင်း ဖြစ်သည်။
ယခင်က တုန်းဟူနှင့် နဂါးရွှေစင်ရုပ်ထု တို့ တိုက်ခိုက်စဉ်က ရုပ်ထုမှာ အလွန်ပင် အစွမ်းထက်လွန်းလှသဖြင့် တုန်းဟူမှာ သွေးစွမ်းအားကိုပင် မလှုံ့ဆော်နိုင်ဘဲ ချက်ချင်းပင် အလဲထိုးခံခဲ့ရခြင်း ဖြစ်သည်။
တုန်းဟူသည် မည်သည့်စကားမျှ မပြောဘဲ ယီယွင်ကို တိုက်ခိုက်လိုက်သော်လည်း ယီယွင်၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ သူ အလွန်ဒေါသထွက်သွားသည်။ ယီယွင်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်မှုများကို သူ မြင်လိုသော်လည်း ယီယွင်၏ တည်ငြိမ်လွန်းသော အသွင်အပြင်က သူ့ကို အလွန်ပင် စိတ်တိုစေသည်။
ယီယွင်သည် သူ့ထံသို့ ရိုက်ချလာသော တုန်းဟူ၏ လက်ဖဝါးများကို ကြည့်ရင်း သူ၏ ညာလက်ရှိ သိုလှောင်လက်စွပ်ကို တစ်ချက်ပွတ်လိုက်သည်။
ရှူး... ရှူး... ရှူး... အေးစက်သော အလင်းတန်းအချို့ ယီယွင်၏ လက်စွပ်အတွင်းမှ ပျံထွက်လာတော့သည်။
ဤပျံသန်းနေသော ဓားမြှောင်အနည်းငယ်မှာ ပေါ်လာသည်နှင့်တစ်ပြိုင်နက် တုန်းဟူ၏ လက်ဖဝါးများကို တားဆီးရန် ထွက်ခွာသွားကြသည်။ ၎င်းတို့မှာ သာမန်ဓားမြှောင်ကလေးများကဲ့သို့ ထင်ရသော်လည်း အလွန်ပင် လျင်မြန်လှသည်။
ဖူး... အေးစက်သော အလင်းတန်းက လေဟာနယ်ကို ဖြတ်သန်းကာ တုန်းဟူ၏ လက်ဖဝါးများဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
တုန်းဟူသည်လည်း ထိုဓားမြှောင်အနည်းငယ်ကို သတိပြုမိသည်။ ၎င်းတို့မှာ အမြန်နှုန်းကို အခြေခံသော လက်နက်များဖြစ်သဖြင့် ခွန်အား လုံလောက်မှုမရှိဟု သူ ယူဆလိုက်သည်။ သေးငယ်သော ဓားမြှောင်လေးတစ်စင်းတွင် မည်မျှလောက်သော ခွန်အား ရှိနိုင်မည်နည်း။
တုန်းဟူ၏ ကျားခြေသည်းများမှာ အလွန်ခိုင်မာသော ခုခံမှုစွမ်းအားရှိပြီး သူ အမြတ်နိုးဆုံး လက်နက်များလည်း ဖြစ်သည်။ သူသည် ထိုဓားမြှောင်ကလေးများကို အမှုန့်ဖြစ်အောင် ရိုက်ချပြီးနောက် ယီယွင်၏ အရိုးများကို တစ်ချက်တည်းဖြင့် ချိုးပစ်ရန် စီစဉ်ထားသည်။
သို့သော် တုန်းဟူသည် ဓားမြှောင်ကို ရိုက်ချလိုက်သည့်အခါ ဗြိ ခနဲ မြည်သံတစ်ခုသာ ထွက်ပေါ်လာပြီး သူ၏ ကျားခြေသည်းတစ်ခုမှာ ချက်ချင်းပင် သွေးချင်းချင်းနီသွားတော့သည်။
ဤသေးငယ်သော ဓားမြှောင်လေးမှာ အလွန်ပင် ထက်မြက်လွန်းလှသည်။
ယီယွင်မှာ မည်သည့်အမူအရာမျှ မပြပေ။ သူ၏ နှင်းတစ်ထောင်နယ်မြေ မှာ ကောင်းကင်ဘုံ ၁၂ ဘုံတွင်ပင် ထိပ်တန်းဓားလမ်းစဉ်တစ်ခု ဖြစ်သည်။ ဓားမြှောင်တိုင်းမှာ အရင်းအမြစ်တစ်ခုတည်းမှ လာခြင်းဖြစ်ပြီး သူ၏ စိတ်အာရုံနှင့် ယွမ်ချီများကို ဓားမြှောင်တိုင်းတွင် ထည့်သွင်းထားရာ မည်သို့လျှင် အားနည်းနိုင်ပါမည်နည်း။
တုန်းဟူသည် သူ့ကို လျှော့တွက်ခဲ့ပြီး မိမိကိုယ်ကိုယ် အယုံအကြည် လွန်ကဲခဲ့ခြင်း ဖြစ်သည်။
တုန်းဟူမှာ ဒဏ်ရာရသွားသော သူ၏ ကျားခြေသည်းကို ကြည့်ရင်း မျက်နှာပျက်သွားသည်။ ဤဓားများမှာ အလွန်ပင် ထက်မြက်လှသည်။ အနိုင်ရရှိရန်အတွက် သူသည် ထိုဓားမြှောင်များကို ရှောင်တိမ်းပြီး ယီယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် တိုက်ခိုက်ရန် လိုအပ်သည်။
ဝုန်း
တုန်းဟူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည့်အခါ သူ၏ နောက်ကွယ်တွင် ပေတစ်ရာခန့်ရှိသော ကျားရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ရှူး... ရှူး... ရှူး...
ယီယွင်သည် သိုလှောင်လက်စွပ်ကို တစ်ဖန်ပြန်လည် ပွတ်လိုက်ပြန်ရာ အေးစက်သော အလင်းတန်းပေါင်း တစ်ရာကျော် ထပ်မံ ထွက်ပေါ်လာပြန်သည်။
ဤမျှများပြားသော အလင်းတန်းများကို မြင်လိုက်ရသည့်အခါ တုန်းဟူ၏ မျက်လုံးသူငယ်အိမ်များမှာ ချက်ချင်းပင် ကျုံ့သွားတော့သည်။
ဘယ်လိုဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ။
ထိုအချိန်တွင် ယီယွင်က သူ၏လက်ကို ဆန့်ထုတ်ကာ သွားစမ်း ဟု အမိန့်ပေးလိုက်သည်။
အေးစက်သော အလင်းတန်းပေါင်း တစ်ရာကျော်မှာ တုန်းဟူထံသို့ ပြေးဝင်သွားရာ တုန်းဟူမှာ ပြန်လည်တိုက်ခိုက်ရန် အချိန်မရှိတော့ဘဲ ခုခံရန်သာ တတ်နိုင်တော့သည်။
သို့သော် သူ၏ ခွန်အားအားလုံးကို သုံး၍ ခုခံနေသည့်တိုင်အောင် ပျံသန်းနေသော ဓားမြှောင်များက သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစုတ်ရာပေါင်းများစွာကို ချန်ရစ်ထားခဲ့သည်။
ဓားမြှောင်တွေက အရမ်းများတာပဲ
တုန်းဟူ ကြောက်လန့်လာသည်။
ဓားမြှောင် တစ်ရာကျော်ကိုပင် သူ အနိုင်နိုင် ခုခံနေရသည်။
ဒါပေမဲ့ ဒီလောက်များတဲ့ ဓားတွေကို ထိန်းချုပ်ရတာက သူ့ရဲ့ စိတ်အာရုံနဲ့ ယွမ်ချီကို အများကြီး ကုန်ခမ်းစေမှာပဲ။ ဒီကောင် သိပ်ကြာကြာ ခံမှာ မဟုတ်ဘူး
တုန်းဟူသည် ဓားမြှောင်များကို ခုခံရင်း ဤတိုက်ခိုက်မှုလှိုင်းကို ကျော်ဖြတ်နိုင်ရန် သူ့ကိုယ်သူ အားပေးနေမိသည်။
သို့သော် ထိုခဏ၌ပင် ယီယွင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပိုမိုများပြားသော အေးစက်သည့် အလင်းတန်းများကို တုန်းဟူ မြင်လိုက်ရပြန်သည်။
၎င်းတို့အားလုံးမှာ ပျံသန်းနေသော ဓားမြှောင်များဖြစ်ပြီး တုန်းဟူ ရင်ဆိုင်နေရသည်များနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ဓားမြှောင် ၉၉၉ စင်း ရှိပေသည်။
ဓားမြှောင် တစ်ထောင်နီးပါးက ယီယွင်၏ နှင်းတစ်ထောင်နယ်မြေ ကို ဖွဲ့စည်းလိုက်သည်။ တစ်ခဏချင်းမှာပင် အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားပြီး ကောင်းကင်ယံတွင် နှင်းပွင့်များ ကခုန်နေသကဲ့သို့ ဖြစ်သွားသည်။ တုန်းဟူမှာ မည်သို့မျှ မခုခံနိုင်တော့ဘဲ ဆီးနှင်းမုန်တိုင်းအတွင်း လုံးလုံးလျားလျား ပိတ်မိသွားတော့သည်။
ဤလှပသော မြင်ကွင်းမှာ တောင်တန်းများပေါ်တွင် နှင်းကျနေသကဲ့သို့ ရှိသော်လည်း ၎င်းအတွင်း၌ သေစေနိုင်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ကိန်းအောင်းနေသည်။
နှင်းတစ်ထောင်နယ်မြေအတွင်း ဓားမြှောင်တိုင်း၏ ပျံသန်းပုံမှာ မတူညီကြသော်လည်း အဆုံးမရှိသော ဓားလမ်းစဉ်တစ်ခုအဖြစ် ပြီးပြည့်စုံစွာ ပေါင်းစပ်ထားကြသည်။ တစ်ဖက်မှ ပျက်စီးသွားလျှင်ပင် ထိုအပေါက်ကို ချက်ချင်းပင် ပြန်လည် ပြုပြင်လိုက်သည်။
ဤဓားလမ်းစဉ်မှာ စိတ်အာရုံကို များစွာ ကုန်ခမ်းစေမည်ဖြစ်သဖြင့် ယီယွင်မှာ ကြာရှည်ခံမည်မဟုတ်ဟု တုန်းဟူ ထင်မှတ်ခဲ့သော်လည်း ယီယွင်မှာ ကောင်းစွာ ထိန်းချုပ်နိုင်ရုံသာမက ဓားမြှောင်အရေအတွက်မှာလည်း ပိုမိုတိုးပွားလာနေသည်ကို သူ မမျှော်လင့်ထားခဲ့ပေ။
အဆုံးမရှိသော ဓားမြှောင်များ အရှိန်မြင့်လာသည်ကို မြင်ရသည့်အခါ တုန်းဟူ၏ ဦးရေပြားမှာ ထုံကျင်သွားတော့သည်။ သူသည် အစပိုင်းတွင် အနိုင်နိုင် ခုခံနေရသော်လည်း ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ များပြားလာသည်နှင့်အမျှ တုန်းဟူ၏ စွမ်းအင်များမှာလည်း ကုန်ခမ်းလာပြီး တုံ့ပြန်မှုနှုန်းမှာလည်း နှေးကွေးသွားသည်။
ရလဒ်အနေဖြင့် နှင်းတစ်ထောင်နယ်မြေ၏ ထူထပ်သော ဆီးနှင်းပွင့်များက သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအသစ်များကို ချက်ချင်းပင် ပွင့်ထွက်သွားစေသည်။ ဖြူဖွေးသော ဆီးနှင်းများနှင့် နီရဲသော သွေးများ ရောယှက်နေပြီး တုန်းဟူမှာ ဓားလမ်းစဉ်အတွင်း ရုန်းကန်နေရသည်။
တုန်းဟူမှာ ကျားမျိုးနွယ်ဝင် ဖြစ်သဖြင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ အခြားသူများထက် များစွာ သာလွန်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် စိုရွှဲလာသည်နှင့်အမျှ သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးလာသည်။ သူ၏ ကိုယ်ပေါ်ရှိ ကျားသစ်ကွက်များနှင့် အမွှေးအမျှင်များမှာလည်း ဒဏ်ရာများကြောင့် ပျက်စီးယိုယွင်းကုန်သည်။
ယီယွင်၏ ဓားလမ်းစဉ်မှာ အားပျော့မသွားဘဲ ပျံသန်းနေသော ဆီးနှင်းများမှာ ပိုမို၍ပင် ပြင်းထန်လာပုံရသည်။
တုန်းဟူသည် ဓားလမ်းစဉ်ကို ဖြတ်ကျော်ကာ ယီယွင်ကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း အပြင်သို့ ထွက်မရနိုင်ပေ။ ဆီးနှင်းမုန်တိုင်းအတွင်း ပိတ်မိနေသကဲ့သို့ပင် ဖြစ်နေသည်။ ယီယွင်၏ စိတ်အာရုံက ဓားမြှောင်တိုင်းကို ထိန်းချုပ်ထားရာ တုန်းဟူကို မည်သို့လျှင် ထွက်သွားခွင့် ပြုပါမည်နည်း။
ပျံသန်းနေသော ဓားမြှောင် တစ်ထောင်မှာ ရုတ်တရက် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး တုန်းဟူ၏ ရင်ဘတ်တည့်တည့်ကို တိုက်ရိုက် ထိုးနှက်လိုက်သည်။
ဘန်း........
သွေးများ ပန်းထွက်သွားပြီး တုန်းဟူ၏ ညာဘက်ရင်ဘတ်မှာ လုံးလုံးလျားလျား အဖောက်ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာ ဓားမြှောင်များ၏ အရှိန်ကြောင့် လွင့်ထွက်သွားပြီး အားမလိုအားမရ ဟိန်းဟောက်သံတစ်ခု ပြုလုပ်ပြီးနောက် သူ၏ ကြီးမားသော ကိုယ်လုံးကြီးမှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ အပေါက်ပေါင်း ရာနှင့်ချီ၍ ဗရပွ ဖြစ်နေပြီဖြစ်သည်။ ကျားမျိုးနွယ်ဝင် တစ်ဦး၏ ခန္ဓာကိုယ်ပင်လျှင် ဤမျှပြင်းထန်သော ဒဏ်ရာများကို မခံနိုင်ပေ။
တုန်းဟူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီးနောက် ဓားမြှောင် ၉၉၉ စင်းမှာ လမ်းကြောင်းပြောင်းကာ တောင်ပေါ်ရှိ ကျောက်ဆောင်တစ်ခုအတွင်းသို့ စိုက်ဝင်သွားကြသည်။
ဒင်... ဒင်... ဒင်... ဒင်...
တောင်တန်းများပေါ်တွင် သွေးများ စွန်းထင်နေပြီး ဓားမြှောင်များမှာ ကျောက်ဆောင်အတွင်း စိုက်ဝင်နေကြသည်။ လဲကျနေသော တုန်းဟူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် တောက်ပနေသော ဓားမြှောင်များစွာ ရှိနေသည်။
ဤမြင်ကွင်းက လူများကို ကြက်သီးထသွားစေသည်။ အထူးသဖြင့် တောင်အာမှာ မယုံနိုင်လောက်အောင်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အမြဲတမ်း နူးညံ့ပြီး ယဉ်ကျေးပုံရသော ဤအစ်ကိုကြီးမှာ တိုက်ပွဲဝင်သည့်အခါ ဤမျှအထိ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
သို့သော် ပျံသန်းနေသော ဓားလမ်းစဉ်မှာ သေစေနိုင်လောက်သော သတ်ဖြတ်လိုစိတ်များ ရှိနေသည့်တိုင်အောင် အလွန်ပင် လှပလွန်းလှသည်မှာ ငြင်းမရပေ။ ၎င်းမှာ စွမ်းရည်နှင့် ခွန်အားကို အနုပညာတစ်ခုကဲ့သို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ဓားလမ်းစဉ်ကို ထိန်းချုပ်ထားသော ယီယွင်မှာမူ အစမှ အဆုံးအထိ တစ်လှမ်းပင် မရွေ့ခဲ့ပေ။ ၎င်းမှာ မိုင်ပေါင်းထောင်ချီ အကွာအဝေးမှ ရန်သူကို သတ်ဖြတ်နိုင်ရန် စစ်သေတ္တာအတွင်းမှ ဗျူဟာခင်းကျင်းနေသကဲ့သို့ပင်။
ဤသည်မှာ သူ၏ ခွန်အားနှင့် ခန္ဓာကိုယ်ကို သုံးကာ ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့သော တုန်းဟူနှင့် များစွာ ကွာခြားလှသည်။
ဒီဓားလမ်းစဉ်က... အစေခံတပည့် အများစုမှာ ဤတိုက်ပွဲကို မြင်ပြီးနောက် မှင်တက်သွားကြသည်။ ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။ လူသားတစ်ဦးအနေဖြင့် ယီယွင်မှာ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
တုန်းဟူ အဆင်ပြေရဲ့လား သူ သေတော့မှာ မဟုတ်ဘူးမလား...
အချို့က တုန်းဟူအတွက် စိုးရိမ်နေကြသည်။ တရားမျှတသော စစ်ဆေးမှုတစ်ခုတွင် ပြိုင်ဘက်ကို သတ်မိပါက ပြစ်ဒဏ် သက်သာနိုင်သော်လည်း ပြစ်ဒဏ်မှာ ရှိနေဦးမည်သာ ဖြစ်သည်။
ဘာမှမဖြစ်ပါဘူး။ တုန်းဟူရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ထိခိုက်ပုံမရဘူး
အစေခံတပည့်များထဲတွင် အမြင်စူးရှသူအချို့ ရှိသည်။ ဓားမြှောင်များမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသကဲ့သို့ ရှိသော်လည်း တုန်းဟူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သည့်အခါ နှလုံး၊ ဦးနှောက်နှင့် အခြားအရေးကြီးသော နေရာများကို ရှောင်ရှားသွားကြသည်။
ဓားမြှောင် ၉၉၉ စင်းကို ဤမျှ တိကျသေချာစွာ ထိန်းချုပ်နိုင်ခြင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ကြီးမားသော ဇွဲလုံ့လရှိသည့် ကျားမျိုးနွယ်ဝင်များအတွက် အရေးကြီးသော နေရာများကို ဆက်တိုက် ထိမှန်ခြင်း မရှိပါက ယီယွင်က သူတို့၏ အရေခွံများ ကွာကျသွားအောင် ရိုက်နှက်လျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဟုတ်ပါတယ်၊ အိပ်ရာထဲ လှဲနေရမည်မှာတော့ သေချာလှသည်။
အခန်း ၇၈၇ - နောင်တအတွက် ဆေးမရှိ
ယီယွင်၏ လုပ်ဆောင်ချက်များကို မြင်တွေ့ရချိန်တွင် ဝါးနက် နတ်သမီးသည် အမူအရာ ကင်းမဲ့နေသော်လည်း စိတ်ထဲတွင်မူ အတော်ပင် အံ့အားသင့်သွားရသည်။ ဤကဲ့သို့ ဓားလမ်းစဉ်ကို ထိန်းချုပ်နိုင်ရန် မည်မျှလောက်သော စွမ်းအင်ထိန်းချုပ်မှု လိုအပ်သည်ကို သူမ သိသည်။ ဓားမြှောင် ၉၉၉ စင်းစလုံးတွင် စွမ်းအင်များ ထည့်သွင်းထားပြီး ထိုစွမ်းအင်များကြောင့်ပင် ဓားမြှောင်များကို စိတ်ကြိုက် လွတ်လပ်စွာ ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
တုန်းဟူ၏ အရေးကြီးသော နေရာများကို ဓားလမ်းစဉ်က ရှောင်ရှားသွားသည်ဟု ဆိုခြင်းထက် တိတိကျကျ ပြောရလျှင် ဓားလမ်းစဉ်သည် တုန်းဟူ၏ အရေးကြီးနေရာများမှလွဲ၍ ကျန်သည့်နေရာအားလုံးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တုန်းဟူ၏ ဒဏ်ရာများမှာ သာမန် အရေပြားရှုံ့ရုံမျှသာ မဟုတ်ဘဲ သူ၏ သွေးကြောမျှင်များစွာမှာလည်း ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ဤသွေးကြောပြတ်တောက်မှုများက အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း ပြန်လည်ကောင်းမွန်လာရန်မှာမူ အလွန်ခက်ခဲလှသည်။
ဒီလူငယ်က တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ။
ဝါးနက် နတ်သမီးက စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ ဖေးမျိုးနွယ်စုဝင် တစ်ဦးအနေဖြင့် လော့မျိုးနွယ်စုသည် အားနည်းသူများအပေါ် သနားညှာတာလေ့ မရှိပေ။ တပည့်ချင်း သတ်ဖြတ်ခြင်းကိုသာ ခွင့်မပြုသော်လည်း အရင်းအမြစ်များနှင့် ကျင့်စဉ်များအတွက် အချင်းချင်း ပြိုင်ဆိုင်ခြင်းကိုမူ လော့မျိုးနွယ်စုက ခွင့်ပြုထားသည်။
ဝါးနက် နတ်သမီးသည်လည်း ထိုသို့ပင် ဖြစ်သည်။ သူမသည် အေးစက်ပြီး အသက်ဘေးကို ဂရုမစိုက်တတ်သူ ဖြစ်ကြောင်း သူမ ကြီးကြပ်သော စာမေးပွဲများကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ တပည့်အများအပြားမှာ ကျရှုံးရုံသာမက ပြင်းထန်စွာပါ ဒဏ်ရာရလေ့ ရှိကြသည်။
ယခုမှသာ ဝါးနက် နတ်သမီးသည် ယီယွင်ကို စတင် သတိထားမိလာခြင်း ဖြစ်သည်။ ယီယွင်သည် တုန်းဟူကို အနိုင်ယူရန် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သည်။
ထိုခဏ၌ ယီယွင်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
ဒင်... ဒင်... ဒင်... ဒင်... ဒင်... ဒင်...
ဓားမြှောင် ၉၉၉ စင်းသည် ကျောက်ဆောင်ထဲမှ ပျံထွက်လာပြီး ယီယွင်၏ ဘေးပတ်လည်သို့ ကခုန်လျက် ပြန်လည် ရောက်ရှိလာကြသည်။
ထို့နောက် ယီယွင်၏ အကြည့်မှာ ဆန်းလီနှင့် ပိုင်ဝေတို့ထံသို့ ကျရောက်သွားသည်။
ဝါးနက် နတ်သမီး၏ စကားကို သူ မှတ်မိနေသည်။ အရည်အချင်း ပြည့်မီရန်အတွက် နောက်ဆုံး မတ်တတ်ရပ်ကျန်သူ ဖြစ်ရမည်။ တုန်းဟူ လဲသွားပြီဖြစ်ရာ ဤနှစ်ယောက်သည်လည်း လဲကျသွားရမည်သာ ဖြစ်သည်။
ယီယွင်၏ အကြည့်နှင့် ဆုံမိလိုက်သည့်အခါ ဆန်းလီနှင့် ပိုင်ဝေတို့မှာ ရင်ထိတ်သွားပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ နှင်းတစ်ထောင်နယ်မြေ ပေါ်ထွက်လာကတည်းက သူတို့မှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
တုန်းဟူ လဲကျသွားသည်ကို မြင်လိုက်ရသည့်အခါ ယီယွင်မှာ အနိုင်ကျင့်ခံရမည့် သိုးသူငယ် မဟုတ်ကြောင်း သူတို့ သိသွားကြပြီ။
ယခုအခါ ယီယွင်က သူတို့ကို ကြည့်နေပုံမှာ သူတို့ကသာ ပြန်မတိုက်နိုင်သော သိုးသူငယ်များ ဖြစ်နေသကဲ့သို့ပင်။
နေ... နေဦး
ပိုင်ဝေသည် ဝါးနက် နတ်သမီးကို ကြည့်ကာ စာမေးပွဲ ရပ်တန့်ပေးရန် အလျင်အမြန် တောင်းဆိုလိုက်သည်။ အခြေအနေမှာ ရှင်းလင်းနေပြီဖြစ်သည်။ ယီယွင်၏ အစွမ်းမှာ သူတို့သုံးဦးထက် များစွာ သာလွန်နေသည်။
သို့သော် ဝါးနက် နတ်သမီးမှာမူ ပိုင်ဝေ၏ အကြည့်ကို လုံးဝ လျစ်လျူရှုထားကာ စကားတစ်ခွန်းမျှ မပြောပေ။ ဆိုလိုသည်မှာ စာမေးပွဲ ဆက်လက် လုပ်ဆောင်မည်ဟူ၍ ဖြစ်သည်။
စာမေးပွဲ မစတင်မီကပင် ဝါးနက် နတ်သမီးသည် အရည်အချင်း မရှိသူများ အချိန်မဖြုန်းဘဲ အစောကြီး ထွက်သွားရန် ပြောခဲ့ပြီး ဖြစ်သည်။ စာမေးပွဲ ဖြေဆိုရန် ဆုံးဖြတ်ပြီးကတည်းက ပြင်းထန်သော ဒဏ်ရာရရှိမှုကို ပြင်ဆင်ထားရမည် ဖြစ်သည်။
ဝါးနက် နတ်သမီး၏ ကြောက်စရာကောင်းသော ဂုဏ်သတင်းကို သိကြသည့် အစေခံတပည့်များမှာ လိမ်မာစွာဖြင့် အစောကြီး နောက်ဆုတ်သွားကြသော်လည်း ဤသုံးယောက်မှာမူ လူသစ်များ ဖြစ်နေသဖြင့် ရည်မှန်းချက် ကြီးမားနေခဲ့ကြသည်။
သူတို့ကိုယ်သူတို့ အထင်ကြီးပြီး အခွင့်အရေးဟု ထင်ကာ ပါဝင်ခဲ့ကြရာ ယခုမှ ထွက်ရန်မှာ မဖြစ်နိုင်တော့ပေ။
တခြားနည်း မရှိတော့ဘူး
ပိုင်ဝေက အံကို ကြိတ်ကာ ဆန်းလီနှင့်အတူ ရပ်လိုက်သည်။
အတူတူ မတိုက်ရဘူးလို့ စည်းမျဉ်းမှာ မပါဘူး။ တစ်ပြိုင်တည်း တိုက်ကြရအောင်။ တစ်ယောက်က ဓားလမ်းစဉ်ကို ဆွဲထား၊ နောက်တစ်ယောက်က သူ့ကိုယ်ကို တိုက် ဆန်းလီက အလျင်အမြန် အသံလှိုင်းလွှင့်ကာ ပြောလိုက်သည်။
တုန်းဟူ၏ အဖြစ်ကို မြင်ပြီးနောက် သူတို့နှစ်ဦးစလုံးမှာ ယုံကြည်မှု ပျောက်ဆုံးနေပြီဖြစ်သည်။ ဤလူသားမှာ အလွန်ပင် ရက်စက်လှသည်။ ဤကဲ့သို့ ဒဏ်ရာများမှာ ပြန်ကောင်းရန် မည်မျှကြာမည်ကို မသိနိုင်ပေ။
ကောင်းပြီ ရှင်က ဓားလမ်းစဉ်ကို တားထား၊ ကျွန်မက သူ့ကိုယ်ကို တိုက်မယ် ပိုင်ဝေ ပြောပြောဆိုဆိုဖြင့် တိုက်ခိုက်လိုက်တော့သည်။
နှင်းတစ်ထောင်နယ်မြေမှာ ကြောက်စရာကောင်းလွန်းလှသဖြင့် ပိုင်ဝေမှာ ယှဉ်နိုင်မည် မဟုတ်ကြောင်း ဝန်ခံထားသည်။ ယီယွင်၏ ခန္ဓာကိုယ်မှာမူ ဒဏ်ရာများ ရှိနေသေးပြီး ပြန်မကောင်းသေးဟု သူမ ယုံကြည်နေသည်။ လူသားတစ်ဦးအနေဖြင့် သူ၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာမည် မဟုတ်ဟု သူမ ထင်နေခြင်း ဖြစ်သည်။
ပိုင်ဝေသည် ယီယွင်ကို စိတ်စွမ်းအား သုံးသူဟု ယူဆထားရာ ထိုကဲ့သို့သော စစ်သည်တော်များ၏ အားနည်းချက်မှာ ခန္ဓာကိုယ် ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်နေသည်။
ဆန်းလီသည် ဓားလမ်းစဉ်ထံသို့ ဦးတည်သွားပြီး ပိုင်ဝေမှာ ယီယွင်ထံသို့ ပြေးဝင်သွားသည်ကို မြင်သည့်အခါ ယီယွင်မှာ သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်။ သို့သော် သူသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် ဓားလမ်းစဉ်ကို ပြန်မခေါ်ဘဲ ပိုင်ဝေ ရောက်လာသည်အထိ စောင့်နေသည်။
ယီယွင် ဒီပါးရိုက်ချက်ကို ငါ ပြန်ပေးရမယ် ပိုင်ဝေသည် သူမ၏ ဘဝတွင် ပထမဆုံးအကြိမ် လူသားတစ်ဦး၏ ပါးရိုက်ခြင်းကို ခံခဲ့ရသော အရှက်ကွဲမှုကို ပြင်းပြင်းထန်ထန် မှတ်မိနေပြီး ယီယွင်ကို အဆပေါင်းများစွာ ပြန်ပေးဆပ်ချင်နေသည်။
သူမ၏ ခန္ဓာကိုယ်မှ ပန်းပွင့်ချပ်များစွာ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ အလွန်လှပသော်လည်း အနားသတ်များမှာ ဓားကဲ့သို့ ထက်မြက်လှသည်။ သူမသည် ယီယွင်ကို ပါးပြန်ရိုက်ချင်ရုံသာမက မျက်နှာကိုပါ အမာရွတ် ဖြစ်သွားစေချင်သည်။
ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ပန်းပွင့်ချပ်များကို ကြည့်ရင်း ယီယွင်၏ မျက်လုံးများ တောက်ပလာကာ သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်၍ ပန်းပွင့်ချပ်များဆီသို့ အသာအယာ တို့လိုက်သည်။
ဒွပ်.....ပလောက်........
ရေစက်ကလေး တစ်စက် ကျသွားသည့် အသံကဲ့သို့ပင် လေလှိုင်းတစ်ခု ပြန့်ထွက်သွားသည်။ ကောင်းကင်အပြည့် ရှိနေသော ပန်းပွင့်ချပ်များမှာ ထိုလေလှိုင်းကြောင့် ချက်ချင်းပင် တုန်ခါသွားကြသည်။
ဤမြင်ကွင်းမှာ ကောင်းကင်ယံတွင် မမြင်ရသော ရေမျက်နှာပြင်တစ်ခု ရှိနေပြီး ထိုပန်းပွင့်ချပ်များမှာ ရေပေါ်သို့ ကျသွားကာ ဂယက်လှိုင်းများကြောင့် လှုပ်ခါနေသကဲ့သို့ပင်။
ထိုသို့ လှုပ်ခါနေရင်း ကောင်းကင်အပြည့်ရှိသော ပန်းပွင့်ချပ်များမှာ မြင်သာသော အရှိန်ဖြင့် လျင်မြန်စွာ ညှိုးနွမ်းသွားကြတော့သည်။
ညှိုးနွမ်းခြင်း ဥပဒေသ .........
သေမင်းဝိညာဉ်သစ်သား ကို အသုံးမပြုဘဲနှင့်ပင် ယီယွင်၏ ညှိုးနွမ်းခြင်း ဥပဒေသမှာ ပိုင်ဝေကို ကိုင်တွယ်ရန် လုံလောက်လှသည်။
ညှိုးနွမ်းခြင်း နယ်မြေ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သေမင်း၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထက်မြက်လှသော ပန်းပွင့်ချပ်များမှာ သေမင်း၏ စွမ်းအားကို မတွန်းလှန်နိုင်ကြပေ။
ပိုင်ဝေက ပန်းပွင့်ချပ်အသစ်များ မည်မျှပင် ထုတ်လွှတ်ပါစေ ညှိုးနွမ်းခြင်း နယ်မြေအတွင်း ရောက်ရှိသည်နှင့် တစ်ပြိုင်နက် အရှိန်လျော့သွားပြီး ညှိုးခြောက်ကာ မြေပြင်ပေါ်သို့ ဖုန်မှုန့်များအဖြစ် ကြွေကျကုန်တော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ပိုင်ဝေမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ ဘာဖြစ်သွားတာလဲ ယီယွင်သည် ယခင်က တုန်းဟူကို ဓားလမ်းစဉ်ဖြင့် အနိုင်ယူခဲ့ခြင်းမှာ သူမ နားလည်နိုင်သော နည်းစနစ် ဖြစ်သော်လည်း ယခုမူ ယီယွင်က လက်ညှိုးဖြင့် အသာအယာ တို့လိုက်ရုံဖြင့် သူမ၏ ပန်းပွင့်ဓားများကို ပျက်စီးသွားစေခြင်း ဖြစ်သည်။
မင်းလဲကျရမယ့် အချိန်ရောက်ပြီ
ယီယွင်သည် တစ်လှမ်းလှမ်းလိုက်ရုံဖြင့် ပိုင်ဝေ၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ညှိုးနွမ်းခြင်း ဥပဒေသ ပါဝင်သော လက်ဖဝါးဖြင့် ပိုင်ဝေ၏ ဝမ်းဗိုက်ကို ရိုက်ချလိုက်တော့သည်။
ဖုန်း.....
ပိုင်ဝေ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး တစ်ခဏချင်းမှာပင် သူမ၏ နတ်အမြုတေ အတွင်းသို့ တိတ်ဆိတ်သော သေမင်းစွမ်းအင်များ စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ သူမ၏ ယွမ်ချီ၊ ငယ်ရွယ်နုပျိုမှုနှင့် အသက်စွမ်းအားများကိုပင် ဝါးမြိုနေတော့သည်။
ဤသည်မှာ လူကို မျှော်လင့်ချက် ကင်းမဲ့စေသော ကြောက်မက်ဖွယ် စွမ်းအားပင် ဖြစ်သည်။ ယီယွင်၏ လက်ဖဝါးရိုက်ချက် ခံရပြီးနောက် သူမသည် ဘဝ၏ အဓိပ္ပာယ်များ အားလုံး ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။