အာဟတ်နှင့်ထိုက်ယီ နှစ်ထပ်ကွမ်း ပဉ္စမအဆင့်
Vol. 105 Ch. 1050
ဆီးနှင်းများထူထပ်စွာကျဆင်းနေသောအဓိကလမ်းမကြီးပေါ်တွင် ဆက်တိုက်ဆိုသလိုသွားလာနေသော မြင်းလှည်းယာဉ်တန်းကစနစ်တကျ တန်းစီ၍ ခရီးဆက်နေခဲ့ပေသည်။
သူတို့က အနောက်တောင်စီရင်စုဆီသို့ ချီတက်နေကြခြင်းဖြစ်ပြီး ပြင်းထန်ကာပုပ်ဟောင်နေသော အနံ့ဆိုးကြီးကအာရုံများကို ရိုက်ခတ်နေကာ နှင်းခဲများဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် သွေးကွက်များစွန်းထင်းညစ်ညမ်းနေချေ၏။
သူတို့ သယ်ဆောင်လာသော ကုန်စည်များမှာ ကြမ်းကြုတ်ပြီး ရုပ်ဆိုးအကျည်းတန်သော အသွင်အပြင်ရှိသည့် ဧရာမနတ်ဆိုးများ၏အလောင်းကောင်ကြီးများဖြစ်ပြီး သူတို့၏ သေဆုံးမှုမှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင် အလွန်တရာဆိုးရွားလှကာ အသက်ရှင်စဉ်က ငရဲပြည်၏ညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးမျိုးကို ခံစားခဲ့ရသကဲ့သို့ပင်။
ယာဉ်တန်းက အနောက်တောင်စီရင်စု အတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် ကျယ်ဝန်းလှသော စီရင်စုမြို့တော်အတွင်း၌အံ့အားသင့်စွာ အာမေဍိတ်သံများတစ်ခဲနက်ထွက်ပေါ်လာခဲ့ချေ၏။
နတ်ဘုရားနယ်မြေမှ နိုင်ငံသားများက ဗဟုသုတကြွယ်ဝကြသော်လည်း အင်ပါယာခုံရုံး၏ကာကွယ်စောင့်ရှောက်မှုအောက်တွင် ဤမျှကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလှသော နတ်ဆိုးများကို ကိုယ်ပိုင်မျက်စိဖြင့်မြင်တွေ့ရခြင်းမှာ အလွန်တရာ ရှားပါးလှပေသည်။
မကြာမီမှာပင် အစိုးရရုံး မှ အသိပေးစာရွက်များကို ထုတ်ပြန်ခဲ့ပြီး လမ်းမများနှင့် လမ်းကြားများတစ်လျှောက် အနှံ့အပြားကပ်ထားခဲ့ချေ၏။
သာမန်ပြည်သူများ၏အံ့အားသင့်မှုများနှင့် နှိုင်းယှဉ်ပါက စီရင်စုမြို့တော်အတွင်း နေထိုင်ကြသောကျင့်ကြံသူများက လတ်တလောဖြစ်ရပ်အချို့ကို ဝိုးတဝါး နားလည်သဘောပေါက်နေကြပေသည်။
လတ်တလောတွင် အခြေအနေများမှာ တော်တော်လေးပရမ်းပတာဖြစ်နေခဲ့ပြီး လူများ၏ရင်ထဲတွင် မသက်မသာဖြစ်မှုများကိုဖြစ်ပေါ်စေခဲ့၏။
အင်ပါယာခုံရုံးက မိစ္ဆာနတ်ဆိုးများကို ဟန့်တားရန်နှင့် ပြည်သူများ၏စိတ်နှလုံးကို ငြိမ်သက်စေရန် ကြိုးပမ်းခဲ့ရာ မိုးကြိုးကဲ့သို့ ပြင်းထန်သော နည်းလမ်းများကိုအသုံးပြုခြင်းမှာ မရှိမဖြစ်လိုအပ်ပေသည်။ ထို့ကြောင့် ဤမြင်ကွင်းကို နားလည်သဘောပေါက်ရန် သိပ်ပြီးမခက်ခဲလှချေ။
သို့သော် သူတို့က စာရွက်များထဲရှိ တိုတုတ်ရှင်းလင်းသော ဖော်ပြချက်တစ်ခုကို သတိပြုမိသွားသောအခါ ကျင့်ကြံခြင်းအဆင့်အတန်း မည်သို့ပင်ရှိစေကာမူ ကျင့်ကြံသူအားလုံးနီးပါးက ဆွံ့အသွားပြီး စကားမပြောနိုင်အောင်ဖြစ်သွားကြပေ၏။
"အင်ပါယာခုံရုံးကို ဆန့်ကျင်ခြင်း၊ နတ်ဆိုးများနှင့် ပူးပေါင်းကြံစည်ခြင်း၊ အနောက်တောင်စီရင်စု၏ ခရိုင်များစွာအပေါ် ကပ်ဘေးများ ကျရောက်စေခြင်းတို့ကိုကျူးလွန်ခဲ့သည့် မိမိကိုယ်ကိုယ် အနှစ်သာရအဆင့်ဟု ကြေညာထားသော ဗောဓိဂိုဏ်းမှ ဘုန်းကြီးဟွေ့ကျန်းအား ငြင်းဆို၍မရနိုင်သော ခိုင်လုံသည့် သက်သေအထောက်အထားများဖြင့် ၎င်းတို့နှင့်အတူ ကွပ်မျက်လိုက်သည်"
စာရွက်တွင် သူ့ကို ဂိုဏ်း၏အဖွဲ့ဝင်တစ်ဦးအဖြစ်သာရည်ညွှန်းထားသော်လည်း မည်သည့် ကျင့်ကြံသူကမျှမမြင်ဘဲနေမည်နည်း။ မိမိကိုယ်ကိုယ် အနှစ်သာရအဆင့်ဟု ကြေညာထားခြင်းဆိုသည်မှာ အာဟတ်တစ်ပါးကို ဆိုလိုခြင်း မဟုတ်လော။
ရွှေရောင်ခန္ဓာဖြင့် ဘဝပေါင်းများစွာကိုဖြတ်သန်းကာ နတ်ဆိုးများကိုချွတ်ခဲ့ကြသော ထိုကြည်ညိုလေးစားဖွယ်ကောင်းသည့် သက်ရှိအုပ်စုက မကောင်းဆိုးဝါးများနှင့် ပူးပေါင်းကြံစည်သည့် လုပ်ရပ်များကို အမှန်တကယ်ပင်ကျူးလွန်နိုင်ပါသည်လော။
ကျင့်ကြံသူများကို ပို၍ အံ့အားသင့်စေခဲ့သောအရာမှာ လမ်းစဉ်သုံးသွယ် နှင့် ကိုင်တွယ်ဖြေရှင်းရာတွင် အင်ပါယာခုံရုံး၏ခိုင်မာပြတ်သားသော ရပ်တည်ချက်ပင်ဖြစ်ပြီး ၎င်းမှာ အတိတ်က စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ခဲ့သော အရာတစ်ခု ဖြစ်ပေသည်။
ဗောဓိဂိုဏ်းဖြစ်နေစေကာမူ အာဟတ်တစ်ပါးပင် ဖြစ်နေစေကာမူ နတ်ဘုရားမင်းဆက်၏နယ်မြေအတွင်းပြစ်မှုများ ကျူးလွန်သရွေ့ သူတို့ကလည်း ကွပ်မျက်ခံရမည်သာဖြစ်ပေ၏။
အင်ပါယာခုံရုံး က ဤလုပ်ရပ်လမ်းကြောင်းကို အလေးအနက်ထား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
အချိန်တိုအတွင်းမှာပင် သတင်းက အနောက်တောင်စီရင်စုမှ ပြင်ပသို့ ပြန့်နှံ့သွားခဲ့ပြီး မဟာတောင်ပိုင်းတိုက်ကြီး တစ်ခုလုံးကို နီးပါး လွှမ်းခြုံသွားခဲ့ချေ၏။
"အစ်ကိုယန် ဘာတွေလုပ်နေတာလဲ"
စံအိမ်တစ်ခုအတွင်း၌ အမည်ခံစစ်သူကြီးများ အုပ်စုတစ်စုဝန်းရံထားလျက် လူနှစ်ဦးက ပခုံးချင်းယှဉ်ကာ ရပ်နေကြချေသည်။
သူတို့အနက်မှ တစ်ဦးမှာ တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ် ရန်မင်လီဖြစ်ပြီး စကားပြောဆိုသူမှာ လူလတ်ပိုင်းအရွယ်ခန့်ရှိတောက်ပသော ဂါဝန်ရှည်ကိုဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ သူမ၏အသွင်အပြင်မှာ တော်တော်လေး ထင်ရှားပေါ်လွင်နေချေ၏။
သို့သော် သူမအင်ပါယာခုံရုံးသို့ ပြန်လည်ရောက်ရှိလာသောအခါ သူမ၏မျက်နှာပေါ်တွင် မည်သည့် ပေါ်လွင်ထင်ရှားမှုမျိုးကိုမျှ မတွေ့ရတော့ဘဲ ၎င်းအစားကြောက်ရွံ့ဖွယ်ကောင်းသော အာဏာစက်တစ်ခုကို ထုတ်လွှတ်နေခဲ့ချေသည်။
ဤအမျိုးသမီးမှာ မဟာတောင်ပိုင်းတိုက်ကြီး၏နတ်ဆိုးသုတ်သင်ရေးဌာနကို တာဝန်ယူရသောနောက်ဆုံး တောင်ပိုင်းကာကွယ်ရေးစစ်သူကြီးချုပ် ဖြစ်သည့် ဖုန်းရှီပင်။
သူမက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ အနောက်တောင်စီရင်စုတွင် ဖြစ်ပျက်နေသော ဖြစ်ရပ်များကို သူမသိပ်ပြီး နားမလည်ကြောင်း ထင်ရှားနေပြီးအထူးသဖြင့် ဤကိစ္စနှင့်ပတ်သက်၍ အစိုးရရုံး၏လုပ်ရပ်များကို နားမလည်နိုင်ဖြစ်နေပေသည်။
၎င်းကို ကြားလိုက်ရသောအခါ ရန်မင်လီ၏မျက်နှာမှာ ညှိုးနွမ်းသွားပြီး သူ၏အသံတွင် မည်သည့် အတက်အကျမျှမရှိဘဲ ပြောလိုက်၏။
"တောင်ပိုင်းတိုက်ကြီးရဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ကျွန်တော် အင်ပါယာမြို့တော်ကို အစီရင်ခံပြီးပါပြီ။ လူတိုင်းက ကိုယ့်တာဝန်ကိုယ်ယူသင့်ပြီး အဓိပ္ပါယ်မရှိတဲ့ကိစ္စတွေကို မေးမြန်းတာကနေ ရှောင်ကြဉ်သင့်တယ်"
ယန်ဟု အမည်ရသော လူအိုကြီးက သူ၏ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများအပေါ်မကျေနပ်ခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုအခါ သူနောက်ဆုံးတွင် ခွဲထွက်သွားပြီဖြစ်သဖြင့် သဘာဝကျစွာပင် သူ၏ခြေလက်များကို ဆန့်တန်းလိုပေလိမ့်မည်။
၎င်းကို တွေးမိသောအခါ ရန်မင်လီက သူ၏နှုတ်ခမ်းထောင့်ကို အေးစက်စွာတွန့်ကွေးလိုက်ချေ၏။
'ရူးသွပ်လိုက်စမ်းပါ အကျိုးဆက်တွေကို ရိတ်သိမ်းရမယ့် အချိန်ရောက်လာမှာပါ။ အဲဒီအချိန်ကျရင် အဲဒီလူအိုကြီးရဲ့မျက်နှာပေါ်က နောင်တတွေကို တကယ်ပဲကြည့်ရှုခံစားနိုင်မယ့် အခွင့်အရေးတစ်ခု ရှိလာနိုင်ပါတယ်လေ'
"ဟူး...ရှင်တို့နှစ်ယောက် ဘာတွေရန်ဖြစ်နေကြမှန်းကို မသိတော့ပါဘူး။ ဘယ်ဘက်မှာ ပြဿနာရှိရှိ ဒါက မဟာတောင်ပိုင်းတိုက်ကြီး ရဲ့ ကိစ္စပဲလေ။ နောက်ဆုံးတော့ ကျွန်မတို့သုံးယောက်ထဲမှာ ဘယ်သူကလက်ပိုက်ကြည့်နေနိုင်မှာမို့လို့လဲ"
ဖုန်းရှီက ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်၏။
"ဂရုစိုက်တာ မစိုက်တာက တစ်ပိုင်းပေါ့၊ ဒါပေမယ့် ဒီကောင်ရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေကို ငါတို့ မဖိနှိပ်ဘူးဆိုရင် တောင်ပိုင်းတိုက်ကြီးက နောက်ဆုံးမှာ သူ့လက်ထဲမှာပျက်စီးသွားလိမ့်မယ်"
ရန်မင်လီက ရုတ်တရက် သူ၏ဝတ်ရုံလက်စများကို ခါယမ်းလိုက်ပြီးပြတ်သားစွာ မျက်လုံးများကို မှိတ်ထားလိုက်ပေသည်။
အခြေအနေပိုပြီး ပရမ်းပတာဖြစ်လေလေ တည်ငြိမ်မှု ပိုလိုအပ်လေလေပင်။ လုံလောက်သော တည်ငြိမ်မှုရှိမှသာပြဿနာများကို တားဆီးနိုင်ပါလိမ့်မည်။
လူအိုကြီးယန်က ဤအခြေခံသဘောတရားကို နားမလည်နိုင်ပေ။ သူက လမ်းစဉ်သုံးသွယ်၏တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားမည် သို့မဟုတ် ကြီးလေးသောအမှားတစ်ခုကို ကျူးလွန်မိပြီး အင်ပါယာခုံရုံး၏အပြစ်ပေးခြင်းကို ခံရမည်သာ ဖြစ်ချေ၏။
'အဲဒီကောင် သေသွားရင်လည်းသေပါစေ ဒါပေမယ့်စီရင်စုနှစ်ဆယ့်ခုနစ်ခုက လူတွေရဲ့အသက်တွေကိုတော့ သူ့ကြောင့် ဒုက္ခမရောက်ပါစေနဲ့။'
...
ကျန်းယန်စီရင်စု ၊ ရှန်းစံအိမ်
ခြံဝင်းအတွင်းလွင့်ဝဲနေသော ဆီးနှင်းများကြားတွင် လူငယ်လေးတစ်ဦးက တင်ပျဉ်ခွေထိုင်နေပြီး သူ၏အမူအရာမှာ စူးစိုက်ကာတည်ငြိမ်နေပြီး တရားထိုင်နေသကဲ့သို့ ဖြစ်နေသော်လည်း ပတ်ဝန်းကျင်တွင် မည်သူမျှမရှိချေ။
နယ်ပယ်အသစ်တစ်ခုသို့ ကူးပြောင်းရန်အတွက် ကြီးမားလှသော နတ်ဆိုးသက်တမ်းပမာဏ လိုအပ်ပြီး မည်သည့်အခါမျှ လုံလောက်ပုံမပေါ်သောကြောင့် နန်ယန်မှထွက်ခွာလာပြီးနောက် မိမိကိုယ်ကိုယ်မြှင့်တင်ခြင်းနှင့် နှိုင်းယှဉ်ပါက နတ်ဆိုးတစ်ကောင်၏ဝိညာဉ်ကို ပြန်လည်တည်ဆောက်ခြင်းမှာ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် မကာမိသောကိစ္စတစ်ခုဖြစ်လာခဲ့ချေသည်။
သို့သော် ချွင်းချက်များရှိနေခဲ့၏။
ဥပမာအားဖြင့် ဗောဓိဂိုဏ်း၏ အစစ်အမှန်အာဟတ် တစ်ပါးကဲ့သို့ပင်။
ပဉ္စမအဆင့်အထက် ရာထူးသို့ ဝင်ရောက်ပြီးနောက် တာအိုအသီးအပွင့် နှင့် အနှစ်သာရအဆင့် တို့ တည်ရှိနေခြင်းကြောင့် နတ်ဆိုးဝိညာဉ် တစ်ခုကို ပြန်လည်တည်ဆောက်ခြင်း၏ကုန်ကျစရိတ်နှင့် အကျိုးအမြတ် အချိုးအစားမှာ သိသိသာသာမြင့်တက်လာခဲ့ပေသည်။
သက်တမ်းကပ်ဘေးဒါဇင်ပေါင်းများစွာက ကပ်ဘေးစွမ်းအားရာဂဏန်းသာရှိသောရှိသည့် လက်အောက်ငယ်သားတစ်ဦးကို ရရှိစေနိုင်ပြီး အခြားသောအကျိုးအမြတ်များလည်း ရှိနေသေးချေ၏။
ဤတိမ်တိုက်နွားလားကို နတ်ဆိုးကျောက်တုံး တစ်ခုအဖြစ်စုစည်းရန်အတွက် ရှန်းယီ အနေဖြင့် ကပ်ဘေးအခုသုံးဆယ်တိတိ အချိန်ယူခဲ့ရပေသည်။ ၎င်း၏သင်ကြားပြသမှုအောက်တွင် စနစ်မျက်နှာပြင်ကလည်း ပြောင်းလဲသွားခဲ့၏။
[ပဉ္စမအဆင့် ။ ကျားနဂါးတောင်ဖြိုတံဆိပ်တော် - ပြီးပြည့်စုံသောအဆင့် ]
ကျားနဂါးအာဟတ်များအတွက် အထူးသီးသန့် ပြင်ဆင်ထားသော လမ်းစဉ်သုံးသွယ်၏အစစ်အမှန်နည်းလမ်းတစ်ခုအနေဖြင့် ရှန်းယီက ၎င်း၏စွမ်းအားကို ပထမဆုံးတစ်ကြိမ် ကိုယ်တိုင်ကိုယ်တွေ့ခံစားဖူးခဲ့ပေသည်။
၎င်းသည် နည်းစနစ်တစ်ခုဖြစ်နေခြင်းထက် ကျားနဂါးရွှေရောင်ခန္ဓာ၏မွေးရာပါ အကျိုးသက်ရောက်မှုကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းနှင့် ပိုတူပေ၏။
လေ့ကျင့်မှုတွင် သက်တမ်းများစွာ အကုန်ကျခံစရာမလိုပေ။ အခြေခံသဘောတရားများကို နားလည်သဘောပေါက်သရွေ့ ၎င်းကိုကျွမ်းကျင်ပိုင်နိုင်ရန်မှာ အလွန်လွယ်ကူကြောင်း တွေ့ရချေ၏။
ဗောဓိဂိုဏ်း၏နည်းစနစ်များမှာ အမှန်တကယ်ပင် ထူးချွန်ပြောင်မြောက်လှပေသည်။
ရှန်းယီက သူ၏ရင်ထဲတွင် အလွန်ကျေးဇူးတင်မိသောကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
ယခုအချိန်မှ ကျားနဂါးအာဟတ်ကိုယ်တိုင်တွင် နဂါးနှင့် ကျား၏အစစ်အမှန်အသွင်အပြင်မရှိနိုင်ကြောင်းကို သူနောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့၏။ ၎င်းက မိုးမြေ၏အနှစ်သာရများကို စုဆောင်းရန် နဂါးနှင့်ကျားစွမ်းအားကိုငှားရမ်းကာ နောက်ဆုံးတွင် ကိုယ်ပိုင်အတွက်အသုံးပြုရန်ပေါင်းစပ်ရသော ခက်ခဲသည့်ကနဦးကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို ရည်ညွှန်းခြင်းသာဖြစ်ပေသည်။
ထို့ပြင် သူ၏ထို မလိုအပ်သောလုပ်ရပ်များက အနည်းငယ်ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း မရည်ရွယ်ဘဲအကျိုးကျေးဇူးများကို ဆောင်ကြဉ်းလာပေးခဲ့ချေ၏။
ပဉ္စမအဆင့်မှ စတုတ္ထအဆင့်သို့ တက်လှမ်းရန် နည်းလမ်းမှာ မိမိ၏ကိုယ်ပိုင်လမ်းကြောင်းတစ်ခုကိုရှာဖွေပြီးနောက် ထိုလမ်းကြောင်းကိုတည်ဆောက်ရန်ကပ်ဘေးစွမ်းအားကို အသုံးပြုရခြင်းဖြစ်ကြောင်း ယဲ့လန် က တစ်ခါက ပြောဖူးခဲ့ပေသည်။