နန်ယန်စစ်သူကြီး၏ ပထမဆုံး စစ်ဆင်ရေး ၂
Vol. 105 Ch. 1041
ဤအရာကိုစုပ်ယူရန်အတွက် ဗောဓိဂိုဏ်းဖြစ်စေ မသေမျိုးသုံးပါးဂိုဏ်းဖြစ်စေ နတ်ဝိညာဉ်ကိုတည်ငြိမ်စေရန် မိုးမြေရတနာများအမြောက်အမြား လိုအပ်မည်ဖြစ်ပြီး သူတို့၏ဘေးတွင် အကြီးအကဲများ၏အကူအညီဖြင့် နှလုံးသားကပ်ဘေးကိုဖြတ်ကျော်ရကာအန္တရာယ်များကို အနည်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းကြရပါလိမ့်မည်။
သို့သော် ရှန်းယီကမူ ကွဲပြားနေခဲ့၏။
သူက ဆေးဖော်စပ်ခြင်းတွင်ကျွမ်းကျင်ပြီး အထူးသဖြင့်ဆေးလုံးများအတွင်းသို့ ကပ်ဘေးစွမ်းအားကို ပေါင်းစပ်ထည့်သွင်းရာတွင် အလွန်ကျွမ်းကျင်လှရာ အကျိုးအမြတ်အချို့ဆုံးရှုံးနိုင်သော်လည်း ရိုးရှင်းလွယ်ကူမှုတွင် အသာစီးရလေသည်။
သူဖတ်ရှုခဲ့ဖူးသော ဆေးကျမ်းများထဲမှ ထိုက်ရွှီတာအိုကျင့်စဉ်ကိုကျင့်ကြံရာတွင် အထောက်အကူပြုမည့် သာမန်ဆေးလုံးတစ်မျိုးကို သူပေါ့ပေါ့ပါးပါး ရွေးချယ်လိုက်သည်။
ကပ်ဘေးဆေးလုံးတစ်လုံးကို ဖော်စပ်ရန် ပါဝင်ပစ္စည်းများမှာ အမှန်တကယ်ပင် အဖိုးတန်လှသော်လည်း ရှန်းရွှီတောင်၏အမွေအနှစ်များကို ထည့်သွင်းစဉ်းစားပါက ဤကဲ့သို့သော သာမန် မိုးမြေရတနာများမှာ ရှားပါးနေခြင်းမရှိပေ။
ရှန်းယီက သူထွက်ခွာလာစဉ်က ၎င်းတို့အသုံးဝင်မည်မဝင်မည်ကို ဂရုမစိုက်ဘဲ လက်တစ်ဆုပ်စာမျှ ကောက်ယူကာ ထွက်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်မှာတော့ သူက ဆေးမီးဖိုကို ထုတ်ယူလိုက်ပြီးဆေးဖော်စပ်ရန်အတွက် မီးတောက်ကို ဆင့်ခေါ်လိုက်၏။
ဆေးဖော်စပ်ခြင်းက အပြင်ပန်းအားဖြင့် အနုပညာဆန်သောအရာတစ်ခုဖြစ်သော်လည်း ရှန်းယီ၏လက်ထဲတွင်မူ အနည်းငယ် ကျောချမ်းစရာကောင်းလှပေသည်။
တူညီသောလှုပ်ရှားမှုများကို အဆုံးအစမရှိ ထပ်ခါတလဲလဲပြုလုပ်နေခဲ့၏။
အကြိမ်တိုင်းတွင် သူ၏လက်ချောင်းထိပ်လေးများမှ ရေးဆွဲလိုက်သောမျဉ်းကွေးကပင်လျှင် မီလီမီတာအထိ တိကျနေခဲ့သည်။
ဤသို့ ဆယ်ရက်နှင့် ဆယ်ညကျော်ကြာ ထပ်ခါတလဲလဲပြုလုပ်ပြီးနောက် ရွှေရောင်ဆေးလုံးမှာ နောက်ဆုံးတွင် ဆေးလုံးများအသုတ်တိုင်းထဲသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့၏။
ရှန်းယီက လက်တစ်ဆုပ်စာယူလိုက်ပြီး ပါးစပ်ထဲတွင် ဝါးစားလိုက်ပါသည်။
တစ်ပြိုင်နက်တည်းမှာပင် ချေဖျက်မှုကို အထောက်အကူပြုရန် သူ၏စနစ်မျက်နှာပြင်ကို ဖွင့်လိုက်လေ၏။
ကပ်ဘေးတစ်ရာစာ ရွှေရောင်ဆေးလုံးမှ ကပ်ဘေးရှစ်ဆယ်ကျော်ခန့်က သူ၏ခန္ဓာကိုယ်အတွင်းရှိ မိုးပြာရောင်သစ်သားထဲသို့ဝင်ရောက်သွားပြီး ပိုမိုပြည့်စုံလာကာရှုပ်ထွေးသော ပုံစံများပါရှိသည့် တာအိုအသီးအပွင့်(အနှစ်သာရ)က တဖြည်းဖြည်းပုံပေါ်လာခဲ့သည်။
"ကပ်ဘေး တစ်ရာ့လေးဆယ့်ခုနစ်ခု"
ရှန်းယီက ပြောင်းလဲမှုများကို တိတ်တဆိတ် တွက်ချက်လိုက်ရာ ထိုက်ရွှီတာအိုအသီးအပွင့်(အနှစ်သာရ)ကို အပြည့်အဝရိတ်သိမ်းနိုင်ရန် ကပ်ဘေးလေးဆယ်ကျော်ခန့်သာ လိုအပ်တော့သည်။
ထိုအခိုက်အတန့်တွင် သူသည် ထိပ်သီးဆယ်ခုစာရင်းဝင် ဤတာအိုအသီးအပွင့်၏သီးခြားလုပ်ဆောင်ချက်များကို နောက်ဆုံးတွင် စတင်နားလည်လာခဲ့၏။
ထိုက်ရွှီထဲတွင် လှည့်လည်သွားလာနိုင်ပြီး တိကျသော ပုံစံမရှိပေ။
ဤမိုးမြေကို ကျော်လွန်ကာသီးခြားကင်းမဲ့မှုတစ်ခုထဲသို့ အပြည့်အဝရောနှောသွားသကဲ့သို့ပင်။
[ပဉ္စမအဆင့်။ထိုက်ရွှီတာအိုကျင့်စဉ် - မဟာအောင်မြင်မှုအဆင့်]
ရှန်းယီက အောက်သို့ငုံ့ကြည့်လိုက်ပြီး သူ၏လက်ကို ဖြည်းညှင်းစွာဆန့်ထုတ်လိုက်ရာ ဖြူဝင်းသော လက်ချောင်းထိပ်လေးများက သူ၏ရင်ဘတ်ထဲသို့ အသာအယာဝင်ရောက်သွားသော်လည်း မည်သည့် အစိုင်အခဲကိုမျှမခံစားရပေ။
သူသည် ဤကျင့်စဉ်၏လုပ်ဆောင်ချက်ကို နားလည်သော်လည်း ၎င်းနှင့် သိပ်မရင်းနှီးသေးပေ။
ရှန်းယီတွင် စဉ်းစားတွေးတောရန် အချိန်သိပ်မရှိခဲ့ချေ။
ထိုစဉ် အစိုးရရုံးမှသံတမန်များက လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျောက်စားပွဲပေါ်တွင်ချထားခဲ့သော ကျောက်စိမ်းပြားတစ်ခုက ရုတ်တရက် တဖျပ်ဖျပ် လက်လာခဲ့သည်။
သူ၏လက်ယမ်းလိုက်မှုနှင့်အတူ ကျောက်စိမ်းပြားက မျက်စိလှည့်စားသည့်နည်းလမ်းဖြင့် မဟုတ်ဘဲ ဤနယ်ပယ်မှ အမှန်တကယ်ထွက်ခွာသွားကာ မည်သည့် တည်ရှိမှုအရိပ်အယောင်မျှမရှိတော့ဘဲ လေထဲသို့ ပျောက်ကွယ်သွားလေသည်။
၎င်း ပြန်လည်ပေါ်လာသောအခါ ကျောက်စိမ်းပြားသည် ရှန်းယီ၏လက်ဖဝါးထဲတွင် တိတ်ဆိတ်စွာ ရှိနေခဲ့လေပြီ။
...
အနောက်တောင်စီရင်စု၊ခေါင်ဖျားသော မြို့နယ်တစ်ခုအတွင်း
အရပ်ရှည်သူတစ်ဦးနှင့် အရပ်ပုသူတစ်ဦးရှိသော ညီအစ်ကိုနှစ်ဦးက ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော အသားအရေရှိကြပြီး ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ရုပ်ထွက်ဆင်တူကြ၏။
သူတို့နှစ်ဦးစလုံးက လက်ထဲရှိကျောက်စိမ်းပြားများကိုချထားလိုက်ကြပြီး အနက်ရောင်ဝတ်စုံနှင့် ဖြူဝင်းသောခါးရှိကာရင်ဘက်တောင့်တောင့်တင်းတင်းနှင့် အမျိုးသမီးတစ်ဦးဆီသို့ကြည့်လိုက်ကြသည်။
"သခင်မ၊ ကျွန်တော်တို့ စစ်သူကြီးကို အကြောင်းကြားပြီးပါပြီ"
အခြားနေရာမှ အသစ်ပြောင်းရွှေ့လာသော ကျောက်ညီအစ်ကိုကရောက်ရှိပြီးမကြာမီမှာပင် မဟာတောင်ပိုင်းတိုက်ကြီး၏နတ်ဆိုးသုတ်သင်ရေးဌာနအခွဲတစ်ခု၏သတင်းကို ကြားသိခဲ့ရသည်။
စိတ်ထဲတွင် အနည်းငယ်ရှုပ်ထွေးနေသော်လည်း သူတို့၏တိုက်ရိုက်အထက်လူကြီးဖြစ်သော ကျန်းမေ့က ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်း၏ယခင် ပျက်စီးမှုကြီးမှ အသက်ရှင်ကျန်ရစ်ခဲ့သော နတ်ဆိုးသုတ်သင်ရေးအရာရှိတစ်ဦးဖြစ်ကြောင်း သိရခြင်းကသာ တစ်ခုတည်းသော ဖြေသိမ့်စရာဖြစ်ခဲ့သည်။
သူမက သူတို့ကို ဦးဆောင်မည်ဆိုလျှင် သူတို့သည် အနောက်တောင်စီရင်စု၏တည်ငြိမ်မှုကို မယိုင်မလဲ ထိန်းသိမ်းထားနိုင်စွမ်းရှိသေး၏။
"အဟွတ် အဟွတ်"
ကျန်းမေ့က သူမ၏ပါးစပ်ကို လက်ဖြင့် ကာထားလိုက်ရာ သူမ၏အသားအရေမှာ အနည်းငယ်နေမကောင်းပုံရပြီးပြင်းထန်သော ဒဏ်ရာများမှ ပြန်လည်သက်သာလာဆဲဖြစ်ကြောင်း ထင်ရှားနေသည်။
"စစ်သူကြီး ဝူရှန်းဘယ်တော့ ရောက်လာမှာလဲ"
"စစ်သူကြီး ဝူရှန်းလား"
ညီအစ်ကိုနှစ်ဦးမှာ တစ်ခဏမျှ အံ့အားသင့်သွားကြပြီး တွေဝေစွာဖြင့် ပြန်ဖြေလိုက်ကြ၏။
"ကျွန်တော်တို့ရဲ့အနောက်တောင်စီရင်စုက အသစ်ခန့်အပ်လိုက်တဲ့ နန်ယန်စစ်သူကြီးရဲ့စီမံအုပ်ချုပ်မှုအောက်မှာ မဟုတ်ဘူးလား"
၎င်းကို ကြားလိုက်ရသောအခါ ကျန်းမေ့၏မျက်နှာမှာ ပို၍ ဖြူလျော့သွားခဲ့၏။ သူမက နောက်သို့ လှည့်ကာ သူတို့ကိုအချိန်အတော်ကြာအောင် ခံစားချက်ကင်းမဲ့စွာစိုက်ကြည့်နေပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်လေသည်။
"သူက အသစ်ခန့်အပ်ခံထားရတာဆိုတာကို နင်တို့လည်း သိတာပဲမဟုတ်လား။ ဒီကိစ္စကဘယ်လောက်တောင် ဒုက္ခများလဲဆိုတာ နင်တို့ သဘောမပေါက်ကြဘူးလား"
"သတင်းကို ထပ်ပို့လိုက်စမ်း"
ကျန်းမေ့က သူမ၏အကြည့်ကို ကူကယ်ရာမဲ့စွာ ရုပ်သိမ်းလိုက်ပြီး သူတို့နှစ်ဦးကိုမြို့နယ်ရုံးစိုက်ရာဆီသို့ ဦးဆောင်ခေါ်သွားလေသည်။
ညီအစ်ကိုနှစ်ဦးက သတင်းကို စစ်သူကြီးဝူရှန်းထံသို့ အလျင်အမြန်ပေးပို့လိုက်ကြပြီးနောက် အမျိုးသမီးနောက်သို့ အမြန်လိုက်သွားကြ၏။
မြို့နယ်အစိုးရရုံးအတွင်းသို့ ဝင်ရောက်လာချိန်တွင် အစိုးရအရာရှိတစ်ဦးက ဘုန်းကြီးတစ်ပါးကို ပြုံးရွှင်စွာဖြင့် လိုက်လံနှုတ်ဆက်နေသည်ကို သူတို့ မြင်တွေ့လိုက်ပါသည်။
ကျန်းမေ့က ဘေးသို့ တစ်ချက်မျှမကြည့်ဘဲ ဖြတ်လျှောက်သွားခဲ့ပြီး ညီအစ်ကိုနှစ်ဦးကလည်း မည်သည့် ပုံမှန်မဟုတ်မှုမျိုးကိုမျှ မပြသခဲ့ကြပေ။
နတ်ဆိုးသုတ်သင်ရေးဌာနက အရေးယူဆောင်ရွက်မှုများပြုလုပ်ရာတွင် အများအားဖြင့် အစိုးရအရာရှိတစ်ဦး၏အဆင့်အတန်းဖြင့် လုပ်ဆောင်လေ့ရှိသော်လည်း အခြားသူများက ကွဲပြားခြားနားကြောင်းသတိပြုမိခြင်းမှ ကာကွယ်ရန်အတွက် စကားနည်းခြင်းနှင့် လက်ရှိတာဝန်အပေါ်၌သာ အာရုံစိုက်ခြင်းမှာ အများအားဖြင့်ပြုလုပ်လေ့ရှိသောအရာ ဖြစ်ပေသည်။
"ဆရာတော် ကျစ်ခုန်း၊ မြို့နယ်က အရမ်းအလုပ်များနေလို့ ကျွန်တော် လိုက်မပို့နိုင်တော့ဘူးနော်"
"နတ်ဘုရားမင်းဆက်ရဲ့နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီဘုန်းကြီးနဲ့ ဂိုဏ်းက အကြီးအကဲတွေအခိုးခံရတဲ့ပစ္စည်းကို ပြန်လည်ရရှိတာနဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းရာမှာ နတ်ဘုရားမင်းဆက်ကို သေချာပေါက်ကူညီပေးပါ့မယ်"
ဘုန်းကြီးလေး ကျစ်ခုန်းက စိတ်ရင်းမှန်ဖြင့် ဦးညွှတ်လိုက်ပြီး ကျန်သုံးဦးကို ယဉ်ကျေးစွာပြုံးပြကာ မြို့နယ်အစိုးရရုံးမှ ထွက်ခွာရန် လှည့်ထွက်သွားလေ၏။
"ဟွန့်"
ဘုန်းကြီးလေး ထွက်ခွာသွားပြီးမှသာလျှင် ကျန်းမေ့က အေးစက်သောနှာမှုတ်သံတစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ကျောက်စိမ်းရေကန်မသေမျိုးဂိုဏ်းမှ မျောက်နတ်ဆိုး နေရာအနှံ့ပျက်စီးယိုယွင်းအောင် လုပ်ဆောင်ခဲ့ပြီး အင်ပါယာခုံရုံး၏တုံ့ပြန်မှု နှေးကွေးခဲ့ချိန်မှစ၍ အခြားသော မဟာနတ်ဆိုးများကလည်း စိတ်ကူးများ စတင်ရရှိလာခဲ့ကြသည်။
ကောင်းကင်ဘုံမသေမျိုး ပြီးပြည့်စုံသောအဆင့် ရှိ နတ်ဆိုးရေနဂါးတစ်ကောင်က သဘာဝအားဖြင့် မျက်လုံးသုံးလုံးအနက်ရောင်မျောက်ကဲ့သို့ မစွမ်းသော်လည်း ၎င်းမှာ မသေမျိုးတစ်ပါး၏စီးတော်ယာဉ်မဟုတ်ခြင်းကြောင့် ကွဲပြားနေခဲ့သည်။
၎င်းသည် တောင်တစ်တောင်ကို သိမ်းပိုက်ကာ ပလ္လင်အဖြစ် သတ်မှတ်ထားသော အစစ်အမှန် မဟာနတ်ဆိုးတစ်ကောင်ဖြစ်သည်။
ဤခရီးစဉ်မှာ ပရမ်းပတာဖြစ်မှုများကြားတွင် ဧကရာဇ်ချီကို ခိုးယူရန်ဖြစ်ပြီး ထို့ကြောင့် ၎င်းသည် ၎င်း၏ မိသားစုတစ်ခုလုံးအပြင် နတ်ဆိုးစစ်သည်များနှင့် နတ်ဆိုးစစ်သူကြီးများအားလုံးကိုပါ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ပုံမှန်အခြေအနေများအောက်တွင် အင်ပါယာခုံရုံးက နတ်ဆိုးငယ်များကို ကိုင်တွယ်ဖြေရှင်းလေ့ရှိပြီး နတ်ဆိုးသုတ်သင်ရေးဌာနက ပိုမိုကြီးမားသော နတ်ဆိုးများကို ကိုင်တွယ်လေ့ရှိရာ ၎င်းကို အများအားဖြင့် လျင်မြန်လွယ်ကူစွာ ဖြေရှင်းနိုင်လေ့ရှိသည်။
သို့သော် သူမ၏ဒဏ်ရာများကြောင့် ပြဿနာများ ပေါ်ပေါက်လာခဲ့ပြီး ထိုအချိန်တွင် ဗောဓိဂိုဏ်းမှ ခေါင်းတုံးတစ်သိုက် ပါဝင်ပတ်သက်လာကာ ပြဿနာရှာခဲ့ကြသည်။
"သူတို့ အခိုးခံရတယ်ဆိုတဲ့ ပစ္စည်းက၊ ငါ့ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် အနှစ်သာရအဆင့် မဟာကျမ်းစာနောက်တစ်ခုများလား"
ကျန်းမေ့၏ မျက်လုံးများတွင် ပိုမိုအေးစက်သော ရည်ရွယ်ချက်များ ပြည့်နှက်လာခဲ့၏။ အကယ်၍ ဗောဓိဂိုဏ်းက ကျမ်းစာတိုက်ပြိုကျလုနီးပါး ဆင်းရဲမွဲတေနေမည်ဆိုလျှင် သူတို့သည် ရိုးရှင်းစွာ တောင်းဆိုနိုင်ပြီး နတ်ဘုရားမင်းဆက်မှ သူတို့၏ပြုပြင်မှုများအတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည်သာဖြစ်သည်။
ဤမျှတိုတောင်းသော အချိန်အတွင်း ဤကဲ့သို့သောတန်ဖိုးကြီးပစ္စည်းများ ဘယ်နှစ်ကြိမ်တောင် ပျောက်ဆုံးခဲ့ပြီဖြစ်သနည်း။
အမြဲတမ်း ပျောက်ဆုံးနေပြီး လူတွေကို လိုက်ရှာခိုင်းနေကြတယ်။
သူတို့က အနှစ်သာရအဆင့် မဟာကျမ်းစာကို တကယ် ရှာဖွေနေကြတာလား။ ဒါမှမဟုတ် ဒီကျမ်းစာကို မတော်တဆကောက်ရပြီး အကျိုးရှိတဲ့ရလဒ်အချို့ကိုကျင့်ကြံနိုင်ခဲ့တဲ့သူတွေကို အထူးပါရမီရှင်တွေအဖြစ် မတော်တဆတွေ့ရှိသွားကြတာများလား။
သူတို့က နတ်ဘုရားမင်းဆက်အတွင်း၌တိတ်တဆိတ် သွန်သင်ချက်များကိုဖြန့်ဝေနေကြောင်း ထင်ရှားလှပေသည်။ သူတို့၏ရည်ရွယ်ချက်များမှာ အပြစ်ပေးခံရထိုက်၏။
"စစ်သူကြီး ဝူရှန်းက ဘာပြောလဲ"