အခန်း (၁၀၀၁-၁၀၀၂)
Vol. 101 Ch. 1001-1002
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၁)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
(အပိုင်း ၁၀၀၀ အထိ Ongoing ဖတ်ရှုအားပေးလာတဲ့ စာဖတ်သူများကို ကျေးဇူးတင်တဲ့ အနေနဲ့ စာစဥ် ၁၀၁ လေးကို ၃ ရက်အခမဲ့ထားပေးမယ်နော်။ ဖတ်ချိန်မရသေးဘူးဆိုရင်တောင် Download ပြီး သိမ်းထားဗျ။ လက်ရှိ အချိန်အထိ အားပေးလာတဲ့အတွက် ကျေးဇူးအများးးကြီးးး တင်ပါတယ်ဗျို့ 🤠🤎)
တုပိုင်က မသေမျိုးအရှင်သခင်ကြီး၏ ခေါင်းပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ထိုအကောင်ကြီး၏ ပါးစပ်ကြီးမှာ ချက်ချင်း ပိတ်ကျသွားတော့၏။
ရလာဒ်အနေဖြင့် အာကာသယာဉ် ဆယ့်ခြောက်စင်းမှာ ချက်ချင်းပင် လေဟုန်ခွဲ အရှိန်တင်လိုက်ကြကာ မသေမျိုးအရှင်သခင်ကြီး၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားနိုင်လိုက်ကြသည်။
ထိုအခိုက် တောင်တန်းများနှင့် လွင်ပြင်များရှိ မသေမျိုးများအားလုံး အစအနမကျန် ပျောက်ကွယ်သွားလေပြီ။
ထိုမြင်ကွင်းကြောင့် တုပိုင် လုံးဝမှင်တက်သွားရ၏။
၃၅ သန်းရှိသည့် မသေမျိုးတပ်မတော်ကြီးမှာ ဤနည်းဖြင့် အကုန်အစင် သုတ်သင်ခံလိုက်ရကာ ခုခံနိုင်စွမ်းကင်းမဲ့စွာဖြင့် မသေမျိုးအရှင်သခင်ကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
မိုဟန်က ခနဲ့လိုက်သည်။ “တုပိုင်... နင်က အခုထိ တုံးအပြီး စိတ်ကူးယဉ်ဆန်နေတုန်းပဲကိုး။ နင့်လက်အောက်က ပုရွက်ဆိတ်တွေအတွက် နင့်ကိုယ်နင် ထပ်ပြီး စတေးလိုက်ပြန်ပြီပေါ့”
ထပ်ပြီး စတေးလိုက်သည်လား... သူမက တာ့နင်အင်ပါယာ ကမ္ဘာလောကတွင် တစ်ကမ္ဘာလုံးကို ကယ်တင်ရန် သူ့ကိုယ်သူ စတေးခဲ့သည်ကို ရည်ညွှန်းနေမှန်း တုပိုင် ချက်ချင်းပင် နားလည်လိုက်၏။
မိုဟန်၏ လှပသည့် မျက်လုံးထဲ၌ လှောင်ပြောင်မှုများ ပြည့်နှက်နေလေပြီ။ “လူဆိုတာ ကိုယ့်အတွက်ကိုယ် မကြည့်ရင် သေဖို့ပဲရှိတယ်။ တုပိုင်... နင် ဘာလို့ ဒီလိုလုပ်ရတာလဲ”
မိုဟန်နှင့် ပထမဆုံး စတင်တွေ့ဆုံချိန်မှစ၍ သူမသည် အလွန်တရာ တစ်ကိုယ်ကောင်းဆန်ကာ မည်သူ့ကိုမျှ ဂရုမစိုက်တတ်ချေ။
ပိုင်ဆယ်စီရင်စု၌ ရှိနေစဉ်က သူမ၏ လက်အောက်၌ လူထောင်ဂဏန်းသာ ရှိခဲ့ပြီး ထိုသူများအားလုံးမှာ အကြွင်းအကျန် သွေးဂိုဏ်းဟု ခေါ်သော မိုစော်ဘွား၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြ၏။
အကြွင်းအကျန် သွေးဂိုဏ်းမှ တပည့်ထောင်ပေါင်းများစွာသည် သူမ၏ ဘုရင်မ ကစားပွဲ၌ နောက်လိုက်လုပ်ကာ အသေအလဲ တိုက်ခိုက်ပေးခဲ့ကြသော်လည်း သူမက ထိုသူများ၏ နာမည်များကိုပင် မမှတ်ထားခဲ့ကြချေ။
“မင်းအမေရဲ့ မွေးစားသားနာမည်ကိုရော မှတ်မိသေးရဲ့လား။ အဲဒီအချိန်က အကြွင်းအကျန် သွေးဂိုဏ်းမှာ မင်း ဘုရင်မ ကစားပွဲကို စိတ်အေးလက်အေး ကစားနိုင်အောင် အစစအရာရာ လိုက်လုပ်ပေးခဲ့တဲ့သူလေ”
မိုဟန်က မောက်မာစွာဖြင့် ဆိုသည်။ “ငါက မူလကတည်းက ဘုရင်မလေ။ ဘုရင်မ ဖြစ်လာဖို့ မွေးဖွားလာတာပဲ။ အဲဒီလူရဲ့ နာမည်ကိုတော့ ငါ တကယ် မေ့သွားပြီ”
ထိုသူမှာ မိုယဲ့ပင်။
မိုဟန်က တုပိုင်အား စိုက်ကြည့်လိုက်ရာ သူမ၏ အေးစက်ပြီး ခံစားချက်မဲ့နေသည့် မျက်နှာထက်၌ ခံစားချက် အနည်းငယ် ပေါ်လာကာ လှောင်ပြုံးပြုံးလိုက်သည်။ “တုပိုင်... ပြီးခဲ့တဲ့အကြိမ်က တာ့နင်အင်ပါယာမှာ နင့်ကိုယ်နင် စတေးခဲ့ပေမဲ့ ကမ္ဘာမြေမှာ ပြန်နိုးလာခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် နင် သေသွားရင်တော့ ဘယ်တော့မှ ပြန်ရှင်လာတော့မှာ မဟုတ်ဘူး”
“ဟီးဟီး...” တုပိုင်ကမူ သူမ၏ အပြောကြောင့် အေးစက်စွာ ရယ်မောလိုက်သည်။
သူသည် မသေမျိုးအရှင်သခင်ကြီး၏ ခေါင်းပေါ်၌ ရပ်နေရသော်လည်း ဧရာမ မြေပြန့်လွင်ပြင်ကြီးပေါ်၌ ရပ်နေရသကဲ့သို့ ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် မသေမျိုးအရှင်သခင်ကြီးမှာ အလွန်တရာ ကြီးမားလွန်းလှသောကြောင့်ပင်။
ဤသည်မှာ တုပိုင် လုပ်ခဲ့ဖူးသမျှ အရာအားလုံးထဲတွ၌င် အရူးသွပ်ဆုံး လုပ်ရပ် ဖြစ်လောက်ပေမည်။
မိုဟန်သည် မိစ္ဆာနယ်စားတစ်ပိုင်းအဆင့်ဖြစ်သလို မသေမျိုးအရှင်သခင်ကြီးသည်လည်း အလွန်တရာ အစွမ်းထက်လှ၏။
ယခု သူက ထိုနှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း စိန်ခေါ်ရလေမည်။
မိုဟန်သည် အစမှအဆုံးတိုင် မသေမျိုးအရှင်သခင်ကြီးနှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ သူ၏အထက်၌သာ ရပ်နေခဲ့ကြောင်း တုပိုင် သတိပြုမိခဲ့သည်။ သူမက ဤမသေမျိုးအရှင်သခင်ကြီးကို တစ်နည်းနည်းဖြင့် ထိန်းချုပ်ထားသည်မှာ သေချာလှ၏။
စစ်သည်အင်အား တစ်သောင်းကျော်လျှင်ပင် အဆုံးအစမဲ့သကဲ့သို့မြင်ရပြီး တစ်သိန်းကျော်လျှင်မူ မိုးကုပ်စက်ဝိုင်းအထိတိုင် ပြည့်နှက်နေပေလိမ့်မည်။
အစွမ်းထက်သည့် စစ်သေနာပတိတစ်ဦးအနေဖြင့် စစ်သည် တစ်သိန်းရှိသည့် တပ်မတော်တစ်ခုကို တိုက်ရိုက်ကွပ်ကဲနိုင်စွမ်း ရှိခြင်းမှာ အလွန်ပင် ကြီးကျယ်ခမ်းနားလှပြီ ဖြစ်သည်။
သို့သော် ယခု မိုဟန်က စစ်သည်အင်အား ၃၅ သန်းကို ကွပ်ကဲနေသည်လော။ သူမက ဉာဏ်ကြီးရှင် စစ်သေနာပတိလောဟု မေးရလျှင် သေချာပေါက် မဟုတ်ပေ။ သူမသည် ရှောင်လုံနွီထက်ပင် ပို၍ အေးစက်လှပပြီး စိတ်ပုံမှန်မဟုတ်သည့် မိန်းမတစ်ယောက်သာ ဖြစ်သည်။
မသေမျိုးအရှင်သခင်ကြီး၌ ခန္ဓာကိုယ်မရှိဘဲ ခေါင်းနှင့် လက်တံများသာ ရှိနေ၏။ ဤသည်က မည်သည်ကို သက်သေပြနေသနည်း။ မသေမျိုးဖုတ်ကောင်များကို ထိန်းချုပ်ရန် စိတ်စွမ်းအင်သာ လိုအပ်ကြောင်း သက်သေပြနေခြင်းပင်။
ထို့နောက် မိုဟန်က ဤမသေမျိုးအရှင်သခင်ကြီးကို ထိန်းချုပ်ပြီးမှတစ်ဆင့် ၃၅ သန်းသော မသေမျိုးတပ်မတော်ကို ထိန်းချုပ်ခဲ့ခြင်းပင် ဖြစ်ရပေမည်။
တုပိုင်က ခနဲ့လိုက်သည်။ “ဦးနှောက်မရှိတဲ့ကောင်မ... မင်းရဲ့ မသေမျိုးအရှင်သခင်ကြီးက ပြိုင်ဘက်ကင်းလောက်တဲ့အထိ အားကောင်းတဲ့ စိတ်စွမ်းအင် ရှိတယ်လို့ ငါ ကြားထားတယ်”
မိုဟန်က ဂုဏ်ယူဝင့်ကြွားစွာ တုံ့ပြန်၏။ “ဒါပေါ့... သူ့ရဲ့ စိတ်စွမ်းအင်က နင့်ထက် အဆတစ်ထောင်ကျော် ပိုအားကောင်းတယ်”
တုပိုင်က ထပ်မံ၍ ဆိုလိုက်သည်။ “ဘယ်သူမှ သူ့မျက်လုံးကို မကြည့်ရဲဘူးလို့ ကြားတယ်။ သူ့အကြည့်ခံရတာနဲ့ကို ဦးနှောက်တစ်ခုလုံး ပေါက်ကွဲသွားမှာမလား”
မိုဟန်က အထင်တသေးဖြင့် ပြုံး၏။ “သေချာတာပေါ့။ နင့်လို အသေးအမွှား သူတော်စင်အဆင့်လောက်ကို ပြောမနေနဲ့တော့။ ငရဲနယ်ပယ်ရဲ့ ထိပ်သီးတွေဖြစ်တဲ့ ဧကရာဇ်ထိုက်ခန်နဲ့ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိဆိုတာတို့တောင် တစ်ချက်လောက် အကြည့်ခံရတာနဲ့ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲသွားမှာပဲ”
ဤသည်မှာ အကြွင်းမဲ့ အမှန်တရား ဖြစ်သည်။
ထိုက်ခန်အင်ပါယာ မြို့တော်သို့ ပျံသန်းပြန်လာစဉ်က ဧကရာဇ်ထိုက်ခန်မှာ တုပိုင်အား ဤအကြာင်း ပြောပြခဲ့ဖူးသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားဖြင့်ပင် မသေမျိုးအရှင်သခင်ကြီးကို မကြည့်ရဲဟု ဆိုခဲ့၏။
ထို့ကြောင့် ဤမသေမျိုးအရှင်သခင်ကြီး၏ စိတ်စွမ်းအင်က တုပိုင်ထက် အဆတစ်ထောင် ပိုအားကောင်းနေသည်ဆိုခြင်းမှာ အာချောင်နေခြင်းတော့ မဟုတ်ပေ။
သေချာသည်မှာ မသေမျိုးအရှင်သခင်ကြီး၏ စိတ်စွမ်းအင်ကျင့်ကြံခြင်းအဆင့်က တုပိုင်ထက် အဆင့်ထောင်ပေါင်းများစွာ မြင့်မားနေသည်ဟုတော့ မဆိုလိုပေါ
သူ၏ စိတ်စွမ်းအင် ကျင့်ကြံခြင်းအဆင့်က တုပိုင်ထက် သေချာပေါက် အဆင့်များစွာ ပိုမိုပြီး မြင့်မားနေသော်လည်းပဲ ပို၍အရေးကြီးသည်မှာ စိတ်စွမ်းအင် ပမာဏ စုစုပေါင်းသာ ဖြစ်သည်။
စိတ်စွမ်းအင်အဆင့် ဆိုသည်မှာ ရေ၏ အပူချိန်နှင့် တူသည်။ ရေအပူချိန် စင်တီဂရိတ် ၈၀ က ၄၀ ထက် ပိုများသည်။ ဤသည်မှာ အဆင့် ဖြစ်သည်။
မသေမျိုးအရှင်သခင်ကြီး၏ စိတ်စွမ်းအင် စုစုပေါင်းက ရေလှောင်ကန်ကြီး တစ်ကန်နှင့် ညီမျှသည်ဆိုလျှင် တုပိုင်၏ စိတ်စွမ်းအင်က ရေကူးကန်ငယ်လေး တစ်ခုနှင့်သာ ညီမျှသည်။ ထိုသည်မှာ စုစုပေါင်း ပမာဏ ကွာခြားချက် ဖြစ်သည်။
ထို့ကြောင့် တုပိုင်က အရှင်သခင်ကြီးအား ကြည့်လိုက်မည်ဆိုပါက သူ၏ ဦးနှောက်တစ်ခုလုံး တိုက်ရိုက် ပေါက်ကွဲသွားမည်မှာ သေချာလှသည်။
တုပိုင်က ပြုံးကာ စိန်ခေါ်လိုက်သည်။ “ဦးနှောက်မရှိတဲ့ကောင်မ... ငါ့ရဲ့ စိတ်စွမ်းအင်က မင်းရဲ့ မသေမျိုးအရှင်သခင်ကြီးထက် ပိုများတယ်ဆိုတာကို ယုံလား ၊ မယုံဘူးလား”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ဦးနှောက်မရှိသော မိုဟန်မှာ မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိတော့ချေ။ တုပိုင်က အလွန်အမင်း ကြွားလုံးထုတ်နေသောကြောင့် သူမ ယာယီ မှင်သက်သွားရခြင်းပင်။
သို့သော် အစွမ်းထက်လှသည့် မသေမျိုးအရှင်သခင်ကြီးကမူ ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်၏ ရန်စခြင်းကို ခံလိုက်ရသကဲ့သို့ ပေါက်ကွဲတော့မတတ် ဖြစ်သွားရ၏ယ
မသေမျိုးအရှင်သခင်ကြီးက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။ “သေးငယ်တဲ့ လူသား... မင်းက စွမ်းအားနဲ့ ပတ်သက်ပြီး ဘာမှ နားမလည်ပါလား”
ထိုအခါမှသာ ဦးနှောက်မရှိသော မိုဟန်က အသိပြန်ဝင်လာပြီး လှောင်ပြောင်လိုက်သည်။ “တုပိုင်... နင် သေရတော့မယ့် အချိန်အထိ ဒီလိုစကားမျိုး ပြောနေရတာ ရူးသွားပြီမလို့လား”
တုပိုင်ကမူ မိုဟန်အား လျစ်လျှူရှုလိုက်၏။ “မသေမျိုးအရှင်သခင်ကြီး... ဘယ်လူသားမှ မင်းရဲ့ မျက်လုံးကို မကြည့်ရဲဘူးမလား”
ထိုမသေမျိုးအရှင်သခင်ကြီး၏ မျက်လုံးများမှာ မီတာခြောက်ဆယ်ကျော် ရှည်လျားပြီး သူ၏ မျက်နှာတစ်ဝက်ခန့်အား နေရာယူထားသည်။
ယခုလက်ရှိ၌မူ သူ၏မျက်လုံးတို့သည် မီတာ ငါးရာ ၊ ခြောက်ရာကျော်အထိ ကြီးမားနေလေပြီ။ လွန်ခဲ့သည့်အချိန်လေးကမှ သန်းဆယ်နှင့်ချီသော မသေမျိုးများ၏ သွေးသားများ ၊ စွမ်းအင်များနှင့် စိတ်ဝိညာဉ်များကို ရူးသွပ်စွာ ဝါးမျိုခဲ့သည် မဟုတ်ပါလော။
သူ၏ လက်အောက်ငယ်သား သန်းဆယ်နှင့်ချီ ဆုံးရှုံးသွားသော်လည်း သူ၏ စိတ်စွမ်းအင်မှာ အဆမတန် တိုးပွားလာကာ စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် အစွမ်းထက်လာပြီ ဖြစ်တော့၏။
မသေမျိုးအရှင်သခင်ကြီးက ကြွားဝါလိုက်သည်။ “သေချာတာပေါ့... ငါ့ရဲ့ စိတ်စွမ်းအင်က ဧရာမ သမုဒ္ဒရာကြီးတစ်ခုလိုပဲ။ မင်းတို့ လူသားတွေရဲ့ စိတ်စွမ်းအင်က မြစ်ငယ်လေးတစ်ခုလို လုံးဝ အသုံးမဝင်ဘူး”
တုပိုင်က ထပ်မံအတည်ပြုလိုက်သည်။ “မင်းကို ကြည့်တဲ့သူတိုင်းရဲ့ ဦးနှောက် တိုက်ရိုက် ပေါက်ကွဲသွားမှာမလား”
“တစ်ယောက်တည်းကို ပြောမနေနဲ့... လူအယောက် တစ်ရာ ၊ တစ်ထောင် ၊ တစ်သောင်း ငါ့ကို လာကြည့်ရင်တောင် သူတို့ရဲ့ ခေါင်းတွေ တိုက်ရိုက် ပေါက်ကွဲသွားမှာပဲ”
တုပိုင်က ရဲတင်းစွာ ဆိုလိုက်သည်။ “ငါ့ရဲ့ စိတ်စွမ်းအင်က မင်းထက် ပိုအားကောင်းတယ်။ ငါ မင်းကို ကြည့်ချင်တယ်။ ဒါပေမဲ့ ဦးနှောက်ပေါက်ကွဲသွားမှာက ငါ မဟုတ်ဘူး... မင်းပဲ”
“အဓိပ္ပာယ်မရှိလိုက်တာ ၊ ရယ်စရာကောင်းလိုက်တာ ၊ အရှက်မရှိလိုက်တာ...” မသေမျိုးအရှင်သခင်ကြီးမှာ အမျက်ချောင်းချောင်း ထွက်သွားရတော့၏။
“ရွံစရာကောင်းတဲ့ ကြွားလုံးပဲ” မိုဟန်ကလည်း ချက်ချင်းပင် ဝင်ပြောလိုက်သည်။
တုပိုင်တစ်ယောက် အချိန်တိုင်း အံ့ဖွယ်အရာများကို ဖန်တီးပြကာ အမြဲတမ်း ဇာတ်လိုက်ဖြစ်နေသကဲ့သို့ ဟန်လုပ် ကြွားလုံးထုတ်နေခြင်းကို သူမ အမုန်းဆုံးပင် ဖြစ်၏။
သူမသည် အရာရာတိုင်းကို ဖြောင့်တန်းစွာသာ တွေးခေါ်တတ်သော မိန်းမတစ်ယောက်သာ ဖြစ်သည်။
တုပိုင်က သိပ်ကြွားလွန်းလှသဖြင့် မြေမြှုပ်စရာ နေရာပင်မရှိအောင် သတ်ဖြတ်ခြင်စိတ်များ သူမထံ၌ ပြင်းပြနေတော့သည်။ သို့မဟုတ်ပါက သူမ ညဘက်၌ အိပ်ပျော်နိုင်မည် မဟုတ်ချေ။
“တုပိုင်... နင်က လှည့်ကွက်တွေ သုံးပြီး သာမန်လို အသေမခံချင်ဘူးဆိုတာ ငါသိတယ်။” မိုဟန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဒါပေမဲ့ နင့်ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။ နင်က ခေါင်းတိုက်ရိုက် ပေါက်ကွဲပြီး သေချင်နေတာဆိုတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့”
သူမ အပြင်းအထန် ဒေါသထွက်နေချိန်၌ ရင်ဘတ်မှာ အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ပြားချပ်နေသော သူမ၏ ရင်ဘတ်မှာ တောင်ကုန်းလေးတစ်ခုအလား ဖောင်းကြွလာတော့၏။
“ဒါပေမဲ့ တုပိုင်... ငါ့ကို ဒေါသထွက်အောင် လုပ်ရင် တန်ဖိုးပေးရမယ်ဆိုတာ နင့်ကို ပြောချင်တယ်။ အလွန် ဆိုးရွားတဲ့ တန်ဖိုးပဲ။” မိုဟန်က ခြိမ်းခြောက်လိုက်သည်။ “နင်နဲ့ မသေမျိုးအရှင်သခင်ကြီးတို့ အချင်းချင်း ကြည့်ပြီး နင့်ခေါင်း ပေါက်ကွဲသွားတဲ့ နောက်မှာတောင် နင့်ရဲ့ အလောင်းကို အပိုင်းပိုင်း ခုတ်ထစ်ပြီး ခွေးကျွေးပစ်မယ်။ ဒါတင်မကဘူး... နင့်သမီးကိုပါ အရေခွံဆုတ်ပစ်မယ်”
တုပိုင်က လှောင်ပြုံးပြုံးကာ တုံ့ပြန်လိုက်သည်။ “ငါ ပြောတယ်လေ... ငါ နိုင်မှာပဲ။ ငါ့ရဲ့ စိတ်စွမ်းအင်က မင်းရဲ့ မသေမျိုးအရှင်သခင်ကြီးထက် ပိုများတယ်”
“ချီးပဲ... ပါးစပ်ပိတ်ထားစမ်း” မိုဟန်က စူးရှစွာ အော်ဟစ်လိုက်သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၁) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
(အဟမ်း။ အချိန်ဆွဲနေတာကို နည်းနည်းတော့ သည်းခံပြီး ဖတ်ပေးဗျာ။ ဒါတောင် မူရင်းမှာ ဒီထက်ပိုဆိုးတယ်။ ကျွန်တော် လိုက််ဖြုတ်ထားလို့ဗျ။ 🤧)
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၂)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
"မသေမျိုးအရှင်သခင်ကြီး... ဟောဒီက လူရွှင်တော် တုပိုင်ရဲ့ ဦးနှောက်ကို ပွင့်ထွက်သွားအောင် ဖောက်ခွဲပစ်ဖို့ ငါအရှင်မ အမိန့်ပေးတယ်။"
မသေမျိုးအရှင်သခင်ကြီးက ဟိန်းဟောက်လိုက်၏။ "လူသား... မင်းက ဘုရင်မကို ဒေါသထွက်စေရုံသာမက ငါ့ကိုပါ အမျက်ထွက်အောင် လုပ်တဲ့အတွက် ပေးဆပ်ရမယ်။ ငါနဲ့ ရင်ဆိုင်ပြီးသွားရင် မင်းရဲ့ လူသားအင်ပါယာက လူတွေအားလုံးကို အရိုးမကျန် ဝါးမြိုပစ်မယ်။ ငါ့ကို ရန်စတဲ့ အကျိုးဆက်အနေနဲ့ မင်းကို ထိုက်တန်တဲ့ အပြစ်ပေးမယ်။"
တုပိုင်ကမူ အသာအယာ ပြုံးလိုက်ဆဲပင်။ "ငါ နိုင်မှာပါဆို။"
"ပါးစပ်ပိတ်ထားစမ်း။"
"ပါးစပ်ပိတ်ထားစမ်း။"
တုပိုင်၏ ရန်စမှုကြောင့် ဘုရင်မ မိုဟန်နှင့် မသေမျိုးအရှင်သခင်ကြီးတို့မှာ အမျက်ချောင်းချောင်း ထွက်သွားကြတော့၏။
ထို့နောက် ဘုရင်မ မိုဟန်ကမူ စိတ်စွမ်းအင်များကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက် သူမ၏ စိတ်ဝိညာဉ်ကို မသေမျိုးအရှင်သခင်ကြီးနှင့် ပေါင်းစပ်လိုက်၏။
တုပိုင်မှာ အလွန်တရာ မုန်းတီးဖွယ်ကောင်းလှသဖြင့် သူ၏ ဦးနှောက်ကို သူမ ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပစ်ချင်နေတော့သည်။
လက်ရှိအချိန်၌ ဘုရင်မ မိုဟန်မှာ မသေမျိုးအရှင်သခင်ကြီးနှင့် စိတ်ပိုင်းဆိုင်ရာအရ တစ်သားတည်း ဖြစ်သွားလေ၏။ သူမက မျက်လုံးများကို မှိတ်ကာ သူမ၏ စိတ်စွမ်းအင်များကို စတင်စုစည်းလိုက်တော့၏။
မသေမျိုးအရှင်သခင်ကြီးသည်လည်း သူ၏ ဧရာမ မျက်လုံးကြီးများကို တင်းကျပ်စွာ မှိတ်ထားလိုက်သည်။
"လူသား... မင်းက သေးလွန်းတဲ့အပြင် ပျံလည်း မပျံနိုင်ဘူး။ ဒါကြောင့် မင်းက ငါ့မျက်စိအမြင့်အထိ တက်လာပြီး ငါ့ကို ကြည့်နိုင်မှာ မဟုတ်ဘူး။"
ထို့နောက် မသေမျိုးအရှင်သခင်ကြီးက သူ၏ ဧရာမ လက်ကြီးဖြင့် တုပိုင်၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်၏။
အမှန်တကယ်ပင် ကြီးမားလှသည့် လက်ဝါးကြီးဖြစ်ပြီး ထိုလက်ဝါးထဲရှိ တုပိုင်မှာ သန်းကောင်တစ်ကောင်အရွယ်ခန့်သာ ရှိနေသည်။
ထို့နောက် မသေမျိုးအရှင်သခင်ကြီးသည် လက်ဝါးကို သူ၏ မျက်လုံးများရှေ့ မီတာငါးဆယ်ခန့်အကွာသို့ ရွှေ့ယူကာ လက်ဝါးကို ဖြန့်လိုက်၏။
တုပိုင်မှာ ဧရာမ မြေပြင်ကြီးပေါ်၌ ရပ်နေရသကဲ့သို့ ထိုလက်ဝါးပေါ်တွင် ရပ်နေရပြီး သူ၏ မြင်ကွင်းတစ်ခုလုံး၌ မသေမျိုးအရှင်သခင်ကြီး၏ ဧရာမ မျက်နှာကြီးဖြင့်သာ ပြည့်နှက်နေတော့သည်။
မသေမျိုးအရှင်သခင်ကြီးက အမိန့်ပေးလိုက်သည်။ "အောက်တန်းကျတဲ့ လူသား... ငါ ငါးအထိ ရေတွက်မယ်။ ရေတွက်လို့ ပြီးတာနဲ့ မျက်လုံးဖွင့်ပြီး မင်းကို သေခိုင်းမယ်။"
**--**--**--**--**--**--**--**
တစ်ချိန်တည်း၌ပင် ထိုက်ခန်အင်ပါယာ၏ မြို့တော်အတွင်း၌ အိမ်ရှေ့စံမင်းသမီးလေး တုရှောင်သည် နဂါးမျိုးနွယ်၏ ဆွေမျိုးဝေးဖြစ်သော မီးသားရဲဆန်းလေး ရှောင်ဟိုင်နှင့်အတူ ကစားပွဲတစ်ခုကို ကစားနေ၏။
တုရှောင်က ပြောလိုက်၏။ "ရှောင်ဟိုင်... နင် အများကြီး ကူညီပေးခဲ့တယ်ဆိုတာကို ငါသိလို့ နင့်ကို ဆုချရမယ်။ နင့်ကို အနီရောင် ကျောက်သလင်း ကျင်းတစ်ရာ ကျွေးမယ်လို့ ကတိပေးထားတယ်လေ။ ငါက ကတိပေးပြီးရင် သေချာပေါက် တည်တဲ့သူမို့လို့ ကတိဖျက်မှာ မဟုတ်ဘူး။"
"မြောင်..."
ဧရာမ မီးသားရဲဆန်းလေးက ကြောင်ကလေးတစ်ကောင်ကဲ့သို့ အသံပြုလိုက်ပြီး သူ၏ အပြစ်ကင်းစင်သော မျက်လုံးဝိုင်းကြီးနှစ်လုံးဖြင့် သခင်မလေးအား ယုံကြည်မှုအပြည့်ဖြင့် ကြည့်လိုက်၏။
တုရှောင်က ဆက်ပြောသည်။ "ကောင်းပြီ... မျက်လုံးတွေကို မှိတ်ထားပြီး အာရုံခံစားမှု အားလုံးကို ပိတ်ထားလိုက်။ ငါ ငါးကနေ စပြီး ရေတွက်မယ်။ ရေတွက်လို့ ပြီးသွားရင် နင့်ကို ကျောက်သလင်း ကျင်းတစ်ရာ စားဖို့ ပေးမယ်။"
ထိုအခါ ရှောင်ဟိုင်ကမူ မျက်လုံးများကို ချက်ချင်း မှိတ်လိုက်ပြီး တတ်နိုင်သမျှ တင်းကျပ်စွာ ပိတ်ထားလိုက်၏။ သူ၏ စိတ်ဝိညာဉ် အာရုံကိုလည်း ပိတ်ချလိုက်သည်။
တုရှောင်သည်တော့ ကြီးမားလှသည့် ဒရုန်းကြီးတစ်စင်းကို အမိန့်ပေးလိုက်ကာ ရှောင်ဟိုင်၏ ခေါင်းပေါ်၌ ကျောက်သလင်း ကျင်းတစ်ရာကို တိတ်တဆိတ် ချိတ်ဆွဲထားလိုက်၏။
ထို့နောက် သူမ စတင် ရေတွက်လိုက်သည်။
"ငါး"
"လေး"
"သုံး"
"နှစ်"
"တစ်"
နဂါးမျိုးနွယ်၏ ဆွေမျိုးဝေးဖြစ်သော မီးသားရဲဆန်းလေးမှာ အနီရောင် ကျောက်သလင်းများကို စားသောက်ရန် စောင့်ဆိုင်းရင်း သွားရည်များကျလာကာ မျက်လုံးများကို အလျင်အမြန် ဖွင့်လိုက်၏။
သို့သော် သူ၏ အရှေ့၌ မည်သည်မှရှိမနေဘဲ လွတ်ဟာနေသည်ကိုသာ တွေ့လိုက်ရသည်။ ထို့ကြောင့် ရှောင်ဟိုင်တစ်ယောက် စတင်၍ စိတ်ကောက်တော့၏။
'သခင်မလေးက ဘယ်လိုလုပ် ဒီလိုမျိုး လုပ်နိုင်ရတာလဲ။ သခင်မလေးက သူ့ကို ဘယ်လိုလုပ် လိမ်ရက်ရတာလဲ။'
သခင်မလေး၏ စကားများမှာ အချည်းနှီးသာ ဖြစ်သွားလေပြီ။
တုရှောင်က လှမ်းပြောလိုက်၏။ "ဟေး... ကျောက်သလင်း ကျင်းတစ်ရာက နင့်ခေါင်းပေါ်မှာလေ။ ပါးစပ်ဟပြီး လှမ်းစားလိုက်။"
ရှောင်ဟိုင်က အပေါ်သို့ လှန်ကြည့်လိုက်ရာ သူ၏ ခေါင်းပေါ်ရှိ အနီရောင် ကျောက်သလင်း ကျင်းတစ်ရာကို တွေ့လိုက်ရပြီး ချက်ချင်းပင် ဝမ်းသာလုံးဆို့သွားတော့၏။
သခင်မလေးက တကယ်ပင် ကတိတည်လေသည်။
"ဟပ်"
"ဟပ်"
သူက ပါးစပ်ကို ဟကာ အပေါ်သို့ ရုတ်တရက် လှမ်းဟပ်လိုက်၏။ သို့သော် သူ လှမ်း၍မမီချေ။ ထပ်မံ၍ အသည်းအသန် ခုန်လိုက်သော်လည်း မမီနိုင်သေးကြောင်းကိုသာ တွေ့လိုက်ရသည်။ ထိုအခါ ရှောင်ဟိုင်မှာ ရုတ်တရက် ဒေါသထွက်သွားတော့၏။
အရသာအလွန်ကောင်းသည့် အစားအစာ ကျင်းတစ်ရာမှာ သူ၏ ခေါင်းပေါ်၌သာ ရှိနေ၏။ သူ မစားနိုင်ဘူးဆိုသည်ကို လက်မခံနိုင်ပေ။ နန်းတော်၏ အမိုးပေါ်အထိ ပျံတက်၍ လိုက်စားမည်။ မမီနိုင်ဘူးဆိုသည်ကို သူ လုံးဝ မယုံချေ။
ထို့နောက် ရှောင်ဟိုင်သည် တကယ်ပင် နန်းတော်၏ အမိုးပေါ်အထိ ပျံတက်သွားကာ လိုက်လံစားတော့သည်။ ပါးစပ်ဟပြီး ဟပ်လိုက် ၊ မမှီလိုက်ဖြင့် ရယ်စရာပင် ကောင်းနေတော့၏။
**--**--**--**--**--**--**--**
တုပိုင်ကမူ မသေမျိုးအရှင်သခင်ကြီး၏ မျက်လုံးများနှင့် မီတာငါးဆယ်အကွာရှိ သူ၏ လက်ဝါးပေါ်၌ ရပ်နေ၏။
မသေမျိုးအရှင်သခင်ကြီးနှင့် ဘုရင်မ မိုဟန်တို့က တစ်ပြိုင်နက်တည်း စတင်ရေတွက်လိုက်ကြသည်။
"ငါး"
"လေး"
ဘုရင်မ မိုဟန်က သူမ၏ စိတ်စွမ်းအင်များကို အမြင့်ဆုံးအထိ စုစည်းလိုက်၏။ တုပိုင်... ငါ နင့်ခေါင်းကို ချက်ချင်း ပေါက်ကွဲစေပြီး နင့်ဦးနှောက်ကို အစအနမကျန် ဖျက်ဆီးပစ်မယ်။
မသေမျိုးအရှင်သခင်ကြီးကလည်း သူ၏ စိတ်စွမ်းအင်များကို အမြင့်ဆုံးအထိ စုစည်းလိုက်လ၏။
"သုံး"
"နှစ်"
"တစ်"
ဘုရင်မ မိုဟန်က သူမ၏ လှပပြီး အေးစက်လှသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ မသေမျိုးအရှင်သခင်ကြီးကလည်း သူ၏ ဧရာမ မျက်လုံးကြီးများကို ရုတ်တရက် ဖွင့်လိုက်သည်။
ထိုမျက်လုံးကြီးများ ပွင့်လာသည့် အခိုက်အတန့်အား စာသားနှင့် ဖော်ပြရန် ခက်ခဲလှသည်။ မီတာ ငါးရာ ၊ ခြောက်ရာကျော် ကြီးမားသည့် မျက်လုံးကြီးများထဲမှ စိတ်စွမ်းအင် အလင်းတန်းများက ရုပ်ပိုင်းဆိုင်ရာ ဒြပ်ဝတ္ထုတစ်ခုကဲ့သို့ ချက်ချင်း ပေါက်ကွဲထွက်လာကာ အရာအားလုံးကို ပြာကျသွားစေရန် လုံလောက်နေ၏။
ထိုအခိုက်အတန့်၌ အစွမ်းထက်လှသည့် စိတ်စွမ်းအင်များမှာ ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ ရိုက်ခတ်လာသည်။
တုပိုင် တစ်ယောက်တည်းကို ပြောမနေနှင့်... တုပိုင် အယောက် တစ်ရာ ၊ တစ်ထောင် ရှိနေလျှင်ပင် ဦးနှောက်များ ချက်ချင်း ပေါက်ကွဲသွားကာ အစအနမကျန် ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။ သူတို့ ၂ ယောက်ကြားရှိ တိုက်ပွဲမှာ ဧရာမ သမုဒ္ဒရာကြီးနှင့် မြစ်ငယ်လေးတစ်ခုကဲ့သို့ ကွာခြားလှသည်။
သို့သော် မိုဟန်နှင့် မသေမျိုးအရှင်သခင်ကြီးတို့ မျက်လုံးဖွင့်လိုက်ချိန်၌ တုပိုင်တစ်ယောက် မျက်လုံးများကို မှိတ်ထားကာ သူ၏ နဖူးကို လက်ဝါးဖြင့် အုပ်ထားသည်ကိုသာ တွေ့လိုက်ရ၏။
"ဟားဟားဟား"
"မိုက်မဲတဲ့ လူသား။ မျက်လုံးမှိတ်ထားတာနဲ့ ရမယ်ထင်နေတယ်ပေါ့။" မသေမျိုးအရှင်သခင်ကြီးက လှောင်ပြောင်လိုက်၏။
တုပိုင် မျက်လုံးမှိတ်ထားလျှင်ပင်.သူ၏ ခေါင်းမှာ ပေါက်ကွဲသွားမည်ဖြစ်ပြီး စိတ်ဝိညာဉ်ပင် ပျောက်ကွယ်သွားရမည်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မျက်လုံးများမှာ စိတ်စွမ်းအင် တိုက်ခိုက်မှုများ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များထဲမှ တစ်ခုသာ ဖြစ်သောကြောင့်ပင်။ နောက်ထပ် ပို၍ ကြီးမားသည့် တိုက်ခိုက်မှု ဝင်ပေါက်မှာ နဖူးအလယ်ရှိ ထင်းရှူးသီးပုံဂလင်းပင် ဖြစ်လေ၏။
ထင်းရှူးသီးပုံဂလင်းသည် လူသားတို့၏ စိတ်ဝိညာဉ် ဝင်ထွက်မှုများကို ထိန်းချုပ်ပေးထားသည့် အစိတ်အပိုင်းပင်။ ထိုနေရာကို လက်ဖြင့် အုပ်ထားလျှင်ပင် အချည်းနှီးသာ ဖြစ်၏။ အစွမ်းထက်လှသည့် မသေမျိုးအရှင်သခင်ကြီးနှင့် မိုဟန်တို့၏ စိတ်စွမ်းအင် တိုက်ခိုက်မှုက တု ဦးနှောက်တစ်ခုလုံးကို လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေဆဲပင်။
ဘုရင်မ မိုဟန်က စူးရှစွာ အော်ဟစ်လိုက်၏။ "တုပိုင်... နင်က တကယ်ကို လူရွှင်တော်တစ်ယောက်ပဲ။ ဒီလို ရယ်စရာကောင်းတဲ့ လှည့်ကွက်လေးတွေ သုံးရုံနဲ့ အလုပ်ဖြစ်မယ်လို့ ထင်နေတာလား။ နင် မျက်လုံးတွေ မှိတ်ထားလို့ရော အသုံးဝင်မှာမို့လို့လား။ နင့်ရဲ့ တုံးအပြီး အရုပ်ဆိုးတဲ့ ခေါင်းကိုသာ ပေါက်ကွဲခိုင်းလိုက်တော့။"
သို့သော် ထိုအခိုက်၌ပင် တုပိုင် သူ၏ နဖူးပေါ်ရှိ လက်ဝါးကို ဖယ်ရှားလိုက်၏။ သူ၏ နဖူးအလယ် ၊ ဦးနှောက်ထဲရှိ ထင်းရှူးသီးပုံဂလင်း၏ နေရာနှင့် တိုက်ရိုက်ကျနေသော နေရာ၌ တစ်စုံတစ်ခု ရှိနေသည်။ ထိုအရာမှာ ကျောက်မျက်ရတနာတစ်ခုနှင့် တူသကဲ့သို့ စွမ်းအင်အစုအဝေးတစ်ခုနှင့်လည်း တူနေလေသည်။
ထိုအရာက မည်သည့်အရာ ဖြစ်သနည်း။
သေချာပေါက် ထိုအရာမှာ နဂါးနှင့် လီသရဲမ စိတ်ဝိညာဉ်တို့ ပေါင်းစပ်ထားသည့် ကျောက်သလင်းပင် ဖြစ်ပြီး အလွန်တရာ အစွမ်းထက်လှ၏။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ထိုကျောက်သလင်းက အလွန်တရာ သန့်စင်ပြီး အလွန်တရာ အစွမ်းထက်နေသည်။
မသေမျိုးအရှင်သခင်ကြီး၏ ဧရာမ မျက်လုံးကြီးများကို ဖွင့်လိုက်သည့် အခိုက်အတန့်၌ ဆူနာမီလှိုင်းကြီးကဲ့သို့ တုန်လှုပ်ဖွယ် စိတ်စွမ်းအင် တိုက်ခိုက်မှုကြီးက ထင်းရှူးသီးပုံဂလင်း ရှိရာ နေရာမှတစ်ဆင့် တုပိုင်၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏။
သို့သော်လည်း ထိုတိုက်ခိုက်မှုမှာ နဂါးစိတ်ဝိညာဉ်ကျောက်သလင်း၏ တားဆီးခြင်းကို ခံလိုက်ရပြီးနောက် ရုတ်တရက် ပြန်လည် ရောင်ပြန်ဟပ်သွား၏။ မှန်ပေသည်။ မှန်တစ်ချပ်ကဲ့သို့ အလင်းပြန်သွားခြင်းပင်။
မသေမျိုးအရှင်သခင်ကြီး စုစည်းထားသည့် ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လှသည့် စိတ်စွမ်းအင်များမှာ သူ၏ ဧရာမ မျက်လုံးကြီးများဆီသို့ ရုတ်တရက် ပြန်လည် ရောင်ပြန်ဟပ်သွားတော့၏။
ထိုသည်မှာ မျက်လုံးများကို ဓားမြှောင်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
"အားးးးးးး"
သနားစရာကောင်းလောက်အောင် နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။ မသေမျိုးအရှင်သခင်ကြီး၏ အလွန်တရာ ကြီးမားပြီး ထိတ်လန့်ဖွယ်ကောင်းလှသည့် ဧရာမ မျက်လုံးကြီးများမှာ အနက်ရှိုင်းဆုံး အလွှာမှစ၍ ပေါက်ကွဲထွက်သွားတော့၏။
တစ်ချိန်တည်းမှာပင် ဘုရင်မ မိုဟန်မှာလည်း စူးရှစွာ အော်ဟစ်လိုက်ရပြီး ဦးနှောက်တစ်ခုလုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားရတော့သည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြိုးပြတ်သွားသည့် စွန်တစ်ကောင်အလား အဝေးသို့ လွင့်စင်ထွက်သွားလေတော့၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၂) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။