အခန်း (၁၀၀၃-၁၀၀၄)
Vol. 101 Ch. 1003-1004
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၃)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
“အားးး ဝေါင်းးး”
ဧရာမမျက်လုံးကြီးများ ပေါက်ကွဲသွားပြီးနောက် မသေမျိုးအရှင်သခင်ကြီး အလွန်အမင်း နာကျင်သွားရကာ အသည်းအသန် အော်ဟစ်လိုက်တော့၏။
သူ၏ အသံကြီးမှာ ကျယ်လောင်လှသော မိုးကြိုးပစ်ခတ်သံကြီးပမာ ထစ်ချုန်းသွားပြီး ဆယ်မိုင်ပတ်လည်အတွင်းရှိ မှန်ချပ်များအားလုံး ကွဲမွသွားလေတော့သည်။
တစ်ချိန်တည်း၌ပင် တုပိုင်က သူ၏အရှိန်ကို အမြင့်ဆုံးအထိ တင်လိုက်ပြီး မသေမျိုးအရှင်သခင်ကြီး၏ လက်ဝါးပေါ်မှနေ၍ အောက်သို့ တိုက်ရိုက် ခုန်ချလိုက်သည်။
ဤသည်မှာ ကောင်းကင်ပေါ်မှနေ၍ ဒေါင်လိုက် ပြုတ်ကျလာခြင်းမျိုးဖြစ်ပြီး ချင်းဟိုင်တိဘက် ကုန်းပြင်မြင့်လောက်ရှိသော အမြင့်မှ ပြုတ်ကျလာခြင်းနှင့် ညီမျှလေသည်။
“ဝုန်း”
တုပိုင် မြေပြင်ပေါ်သို့ ဆင်းသက်လာချိန်၌ အသံလုံးဝ မထွက်သလောက်ပင် တိတ်ဆိတ်သွား၏။ အဘယ်ကြောင့်ဆိုသော် မြေပြင်နှင့် ရိုက်မိတော့မည့်အချိန်၌ အရှိန်ကို ထိန်းချုပ်ကာ သက်သာသွားစေရန် သူ၏ အတွင်းအား ရွှမ်းချီများကို ထုတ်လွှတ်အသုံးပြုလိုက်သောကြောင့် ဖြစ်လေသည်။
ထိုအချိန်၌ မသေမျိုးအရှင်သခင်ကြီးမှာ တုပိုင် ထွက်ပြေးလွတ်မြောက်သွားသည်ကိုပင် မသိလိုက်ချေ။ သူက ရေတွက်၍မရနိုင်သော ဧရာမ လက်သည်းရှည်ကြီးများဖြင့် မြေပြင်ကို ရူးသွပ်စွာ ရိုက်ပုတ်လျက် ရှိနေသည်။
ရုတ်တရက် မိုင်တစ်ရာပတ်လည်အတွင်းရှိ ကောင်းကင်ကြီး တုန်လှုပ်သွား၏။ ပြင်းထန်သော မြေငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသကဲ့သို့ပင်။ သူ၏ ဧရာမ ရေဘဝဲလက်တံကြီးများဖြင့် ရိုက်ခတ်လိုက်မှုကြောင့် မြေပြင်ပေါ်၌ ရေတွက်၍မရနိုင်သော အက်ကွဲကြောင်းများ ပွင့်ထွက်သွားပြီး တောင်ကြီးတစ်ခုလုံးပင် ပြိုကျကာ မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားလေတော့သည်။
ခေတ္တမျှ ရမ်းကားပြီးနောက် တုပိုင် ထွက်ပြေးသွားပြီဖြစ်ကြောင်း မသေမျိုးအရှင်သခင်ကြီး သိလိုက်ရချိန်၌ ပို၍ပင် ဒေါသအမျက်ချောင်းချောင်း ထွက်သွား၏။
“ယုတ်မာလှတဲ့ လူသား... စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ကောင်။ ကျက်သရေမရှိတဲ့ကောင်... သေနာကောင်ပဲ။”
“ငါ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်။ မြေမှုန့်ဖြစ်သွားတဲ့အထိကို ရိုက်ချေပစ်မယ်။”
သို့သော် မျက်လုံးများ ပေါက်ကွဲသွားရုံသာမက သူ၏ အစွမ်းထက်လှသော စိတ်စွမ်းအင်များပါ ပြိုကွဲပျက်စီးသွားခဲ့၏။ ဧရာမမျက်လုံးကြီးများ အကောင်းပကတိရှိနေစဉ်က တုပိုင်ကို အလွယ်တကူ ဖမ်းဆုပ်နိုင်ပြီး တုပိုင် မည်သည့် နေရာ၌ ရှိနေပါစေ အလွယ်တကူ ပစ်မှတ်ထားနိုင်ခဲ့သည်။ သို့သော် ယခုအခါ သူသည် လုံးဝ မျက်ကန်းဖြစ်သွားလေပြီ။ တုပိုင် မည်သည် နေရာသို့ ရောက်နေသည်ကို လုံးဝ ရှာမတွေ့နိုင်တော့ဘဲ ရူးသွပ်စွာ ဒေါသဖြေရုံသာ တတ်နိုင်တော့သည်။
“အားးးးးးးးး”
ထိုအခိုက်အတန့်၌ မိုဟန်မှာလည်း သူမ၏ မျက်လုံးများကို အုပ်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်ရင်း အသည်းအသန် အော်ဟစ်နေရ၏။
အဘယ်ကြောင့်ဆိုသော် သူမ၏ စိတ်ဝိညာဉ်မှာ မသေမျိုးအရှင်သခင်ကြီးနှင့် ချိတ်ဆက်ထားသောကြောင့်ပင်။ မသေမျိုးအရှင်သခင်ကြီး ပြင်းထန်စွာ ထိခိုက်သွားချိန်၌ သူမ၏ မျက်လုံးများနှင့် ဦးနှောက်တို့မှာလည်း အလွန်တရာ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရလေသည်။ ထို့ကြောင့် သူမ ချက်ချင်းပင် မျက်ကန်းဖြစ်သွားရ၏။
“တုပိုင်... အရှက်မရှိတဲ့ တုပိုင်။ ငါ နင့်ကို အပိုင်းပိုင်း အတစ်တစ် ခုတ်ထစ်ပစ်မယ်။”
“ယုတ်မာပြီး အရှက်မရှိတဲ့ တုပိုင်... နင်က ဓားချက်ပေါင်း ထောင်ချီ အခုတ်ခံရဖို့ ထိုက်တန်တယ်။ ဓားချက်ပေါင်း ထောင်ချီ အခုတ်ခံရဖို့...”
ဘုရင်မ မိုဟန်မှာ သူမ၏ မျက်လုံးများကို အသည်းအသန် အုပ်ထားရင်း တုပိုင်ကို ရူးသွပ်စွာ ကျိန်ဆဲနေတော့သည်။ ထို့နောက် သူမ လေထဲသို့ ပျံတက်သွားပြီး အရပ်မျက်နှာအနှံ့ ရမ်းသန်း သွားလာနေတော့၏။
“အားးးးးးးးး”
သူမက လေထုထဲသို့ ရူးသွပ်စွာ လက်ဝါးများဖြင့် ရိုက်နှက်လိုက်၏။ ရုတ်တရက် သူမ၏ လက်ဝါးရိုက်ချက်များက ကောင်းကင်ယံအနှံ့ ပြည့်နှက်သွားတော့သည်။
သူမက လေပေါ်မှနေ၍ မြေပြင်ဆီသို့ ရိုက်ချလိုက်ရာ မြေပြင်ပေါ်၌ အက်ကွဲကြောင်းကြီးတစ်ခု ချက်ချင်း ပွင့်ထွက်သွား၏။ တောင်ထိပ်တစ်ခုဆီသို့ ရိုက်နှက်လိုက်ရာ ရုတ်တရက် တောင်ထိပ်တစ်ခုလုံး ပြိုကျကာ မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားရသည်။ ရေကန်တစ်ခုဆီသို့ သူမ၏ လက်ဝါးဖြင့် လှမ်း၍ ရိုက်ချလိုက်ပြန်ရာ ထိုနေရာရှိ ရေများမှာလည်း ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားတော့၏။
ထိုမြင်ကွင်းက တုပိုင်ကို အမှန်တကယ်ပင် ထိတ်လန့်သွားစေ၏။ သူမ၏ သိုင်းပညာမှာ အမှန်တကယ်ပင် အံ့မခန်းဖြစ်ပေသည်။ မိစ္ဆာနယ်စားတစ်ပိုင်းအဆင့်ဆိုသည့်အတိုင်းပင် ထိုကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်ဘုံ၏ စည်းမျဉ်းများကိုပင် ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်လှသည်။
လူတစ်ယောက်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည်မှာ ထိုသူ၏ စရိုက်လက္ခဏာပင် ဖြစ်၏။ ဤဦးနှောက်မရှိသော ဘုရင်မသာ မဟုတ်ခဲ့လျှင် တုပိုင်ကို မသတ်မီ သူ၏ အရေခွံကို ဆွဲဆုတ်ရန် စဉ်းစားနေမည် မဟုတ်ပေ။
ထိုသို့ အချိန်မဆွဲခဲ့လျှင် ယခုအချိန်၌ တုပိုင်၏ အလောင်းမှာ အေးစက်နေလောက်ပြီ ဖြစ်သည်။
“အား... အား...”
“တုပိုင်... နင် ထွက်ခဲ့စမ်း။ ထွက်ခဲ့စမ်း။ ငါ နင့်ကို သတ်မယ်။ ငါ နင့်ကို သတ်ပစ်မယ်။”
သူမသည်လည်း မသေမျိုးအရှင်သခင်ကြီးနည်းတူ စိတ်စွမ်းအင်များ လုံးဝ ပြိုကွဲသွားခဲ့ပြီး မျက်လုံးများလည်း ကန်းသွားခဲ့သဖြင့် တုပိုင်ကို ရှာမတွေ့နိုင်တော့ချေ။ ဤနည်းဖြင့် ဧရာမအကောင်ကြီး တစ်ကောင်နှင့် သေးငယ်သည့် လူတစ်ယောက်ဖြစ်သည့် စွမ်းအားရှင် နှစ်ဦးမှာ လေထုကြီးကိုသာ အပြင်းအထန် တိုက်ခိုက်နေကြတော့၏။ သူတို့က လေထုကြီးကို ရမ်းသန်း ရိုက်နှက်နေခြင်းသာ ဖြစ်သော်လည်း ထွက်ပေါ်လာသည့် အရှိန်အဝါက အသက်ရှူကြပ်လောက်အောင်ပင် အစွမ်းထက်လှသည်။
သူတို့ တိုက်ခိုက်နေသည့် အကွာအဝေး မီတာ ၁၀၀ အတွင်းသို့ မည်သူမျှ မဝင်ရောက်နိုင်ပေ။ ဝင်ရောက်မိပါက အရှိန်အဝါကြောင့် သွေးအန်ပြီး အတွင်းဒဏ်ရာများ ရသွားမည် ဖြစ်သည်။ ထို့ကြောင့် တုပိုင် ရူးသွပ်နေသည့် မိစ္ဆာနှစ်ကောင်နှင့် ဝေးရာသို့ ချက်ချင်း ထွက်ခွာသွားလိုက်ပြီး ထိုက်ခန်အင်ပါယာ၏ မြို့တော်ဆီသို့ တန်းတန်းမတ်မတ် ပြန်သွာလိုက်တော့၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် စွမ်းအားရှင်နှစ်ဦးဖြစ်သည့် မသေမျိုးအရှင်သခင်ကြီးနှင့် မိုဟန်တို့သည် ရူးသွပ်စွာ ဒေါသဖြေနေကြဆဲပင် ဖြစ်ပြီး မိုင်တစ်ရာပတ်လည်အတွင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နေကြ၏။
ခဏအကြာ၌ ကံကြမ္မာ မိစ္ဆာဘုရင်၏ တမန်တော် ရောက်လာပြီး ဖြစ်ပျက်နေသည်များကို မြင်လိုက်ရလေသည်။ ထိုအခါ သူ လုံးဝ ဆွံ့အသွားပြီး မြင်နေရသည့် မြင်ကွင်းကို လုံးဝ မယုံကြည်နိုင် ဖြစ်သွားတော့၏။
၃၅ သန်းရှိသော မသေမျိုးစစ်တပ်ကြီးမှာ ပြောင်သလင်းခါသွား၏။ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် ဧရာမအကောင်ကြီးနှင့် လူသား စွမ်းအားရှင်တို့ နှစ်ဦးမှာလည်း မျက်ကန်းဖြစ်သွားပြီး ရူးသွပ်သွားကြလေပြီ။
ယခုအခါ တုပိုင် လွတ်မြောက်သွားသည်သာမက ၃၅ သန်းသော မသေမျိုးစစ်တပ်ကြီး တစ်တပ်လုံးပါ ပြာကျပျက်စီးသွားပြီ ဖြစ်၏။
အချိန်အတော်ကြာပြီးနောက် တမန်တော်က ကံကြမ္မာ မိစ္ဆာဘုရင် ကျောက်ယန်ဖိန်ကို ဆက်သွယ်လိုက်၏။
“ကိစ္စပြီးပြီလား... ငါက သိပ်ပြီး စိတ်ရှည်တတ်တဲ့သူ မဟုတ်ဘူးနော်”
တမန်တော်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ အစီရင်ခံလိုက်၏။ “သခင်ကြီး... မိုဟန် ရှုံးသွားပါတယ်။”
ကံကြမ္မာ မိစ္ဆာဘုရင် ကျောက်ယန်ဖိန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး အတော်ကြာမှ မေးခွန်းထုတ်လိုက်၏။ “သူ... ဘယ်လိုများ လုပ်လိုက်တာလဲ။”
တမန်တော်က ပြန်လည်ဖြေကြားလိုက်သည်။ “ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ သန်း ၃၀ ကျော်တဲ့ မသေမျိုးစစ်တပ်ကြီးကတော့ ပြောင်သလင်းခါသွားပါပြီ။ ပြီးတော့ မိုဟန်နဲ့ မသေမျိုးအရှင်သခင်ကြီးလည်း ရူးသွပ်နေကြပါပြီ။”
မိစ္ဆာဘုရင် ကျောက်ယန်ဖိန်မှာ ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။ သူက ကြောင်တစ်ကောင်က ကြွက်ကိုဖမ်းမိပြီးနောက် ချက်ချင်းမသတ်ဘဲ အသေမကိုက်ခင် ခဏတာ ကစားသကဲ့သို့ တုပိုင်ကို ကစားချင်ခြင်း ဖြစ်သည်။ သို့သော် ထိုကြွက်၏ ပါးရိုက်ခြင်းကို ခံရဖို့နေနေသာသာ ကြွက်ပြန်ကိုက်သည်ကိုပင် သူ လုံးဝ ခံချင်မည် မဟုတ်ပေ။
အချိန်အတော်ကြာပြီးနောက် ကံကြမ္မာ မိစ္ဆာဘုရင် ကျောက်ယန်ဖိန်က ရေရွတ်လိုက်၏။ “အင်း...။ ငါမပျော်တော့ဘူးနော်။”
တမန်တော်က ဆက်လက်မေးမြန်းလိုက်သည်။ “သခင်ကြီး... ကျွန်တော် နောက်ထပ် ဘာဆက်လုပ်ရမလဲ။”
“အဲ့ဒီ မသေမျိုးအရှင်သခင်ကြီးက အရမ်းကို ရွံစရာကောင်းတယ်။ သူ့ကို သတ်ပစ်လိုက်။”
မိစ္ဆာတမန်တော်က နာခံလိုက်သည်။ “ဟုတ်ကဲ့။”
ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ မသေမျိုးအရှင်သခင်ကြီး၏ ခေါင်းပေါ်၌ ရုတ်တရက် ပေါ်လာပြီး သူ၏ မိစ္ဆာလက်သည်းများကို ကောင်းကင်သို့ ဆန့်ထုတ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း၌ ကမ္ဘာကြီးတစ်ခုလုံးရှိ အမှောင်စွမ်းအင်များက သူ၏ လက်ထဲ၌ စုစည်းလာပြီး အနက်ရောင် ဧရာမ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။
“သေစမ်း”
သူက လက်ထဲရှိ အနက်ရောင် ဧရာမ ဓားကြီးဖြင့် မသေမျိုးအရှင်သခင်ကြီး၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ခုတ်ချလိုက်လေ၏။ သွေးထွက်မလာချေ။ ရူးသွပ်စွာ ဒေါသဖြေနေသော မသေမျိုးအရှင်သခင်ကြီးမှာ ချက်ချင်းပင် အေးခဲသွားရတော့သည်။
အချိန်အတော်ကြာပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ရေတွက်၍မရနိုင်သည့် အနက်ရောင် သဲမှုန်များအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွင့်မျောသွားတော့၏။
တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှသည့် ဧရာမ မသေမျိုးအရှင်သခင်ကြီးမှာ ချက်ချင်းပင် သုတ်သင်ခံလိုက်ရလေပြီ။ မြင်ကွင်းမှာ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလှ၏။ ဤမျှ အစွမ်းထက်လှသော သတ္တဝါကြီးတစ်ကောင်က ဤမျှ လွယ်ကူစွာ အသတ်ခံလိုက်ရသည်လော။
နောက်တစ်စက္ကန့်၌ မိစ္ဆာတမန်တော်က ဘုရင်မ မိုဟန်၏ အရှေ့၌ ရုတ်တရက် ပေါ်လာ၏။ ဘုရင်မ မိုဟန်မှာ အလစ်အငိုက် မိသွားပြီး အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။ “ဘယ်သူလဲ။”
မိစ္ဆာတမန်တော်က တုံ့ပြန်လိုက်၏။ “ငါပဲ။”
ဘုရင်မ မိုဟန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “နင်လား... နင် အခုချက်ချင်း သွားပြီး တုပိုင်ကို ငါ့ရှေ့ ဖမ်းခေါ်လာခဲ့။ ငါ သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ်မယ်။ အရိုးတွေကို ချေမွမယ်။ အရေခွံခွာပြီး အရွတ်တွေကို ဆွဲထုတ်ပစ်မယ်။”
မိစ္ဆာတမန်တော်က ခပ်ပေါ့ပေါ့ပင် ငြင်းဆန်လိုက်၏။ “မလုပ်နိုင်ဘူး။ မင်းက အဲ့ဒီလိုလုပ်ဖို့ အရည်အချင်း မမီတော့ဘူး။”
ဘုရင်မ မိုဟန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။ “နင်က ငါ့ကို ဒီလိုစကားမျိုးပြောဖို့ ဘာအရည်အချင်းများ ရှိလို့လဲ။ နင်က ကံကြမ္မာ မိစ္ဆာဘုရင်ရဲ့ ခွေးတစ်ကောင်ပဲလေ။ ငါက မွန်မြတ်တဲ့ ဘုရင်မပဲ။ နင်က ငါ့ကို ဒီလိုပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ။ နင် အခုချက်ချင်းသွားပြီး တုပိုင်ကို ငါ့ရှေ့ ဖမ်းခေါ်လာဖို့ အမိန့်ပေးတယ်။”
မိစ္ဆာတမန်တော်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဦးနှောက်မရှိတဲ့ကောင်မ...”
“စိတ်ဝိညာဉ်မိစ္ဆာ... ထွက်ခဲ့တော့။ ဒီဦးနှောက်မရှိတဲ့ကောင်မကို စွန့်ပစ်လိုက်တော့။”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၃) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဘုရင်မ မိုဟန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“နင် ဘာပြောလိုက်တာလဲ။ သေချင်နေတာလား။”
ထိုအခိုက်၌ပင် မိစ္ဆာတမန်တော်က သူ၏ လက်သည်းငါးချောင်းကို ပေါင်းစုကာ ဆွဲယူဟန် လုပ်လိုက်၏။ ရုတ်တရက် ဘုရင်မ မိုဟန်၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်မိစ္ဆာတစ်ကောင် ဆွဲထုတ်ခံလိုက်ရသည်။
တစ်ချိန်တည်း၌ပင် ဘုရင်မ မိုဟန်၏ စိတ်ထဲ၌လည်း ခေတ္တမျှ ဟာလာဟင်းလင်း ဖြစ်သွားရတော့၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ထိုဝိညာဉ်မိစ္ဆာမှာ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ လုံးဝ အသားကျနေခဲ့ပြီ ဖြစ်သည်။ ယခုအခါ အရှင်လတ်လတ် ဆွဲထုတ်ခံလိုက်ရသဖြင့် သူမ တစ်ကိုယ်လုံး ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
“ဦးနှောက်မရှိတဲ့ကောင်မ... အသုံးမကျတဲ့ကောင်မ။”
မိစ္ဆာတမန်တော်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
ထို့နောက် သူက အနက်ရောင်ဓားကြီးဖြင့် ဘုရင်မ မိုဟန်၏ နှလုံးသားဆီသို့ ပြင်းထန်စွာ ထိုးစိုက်ချလိုက်တော့သည်။
“အားးး” ဘုရင်မ မိုဟန်၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ အသည်းအသန် အော်ဟစ်လိုက်၏။
“နင်... နင်က ငါ့ကို သတ်ရဲတယ်ပေါ့။ ငါက ဘုရင်မလေ။ နင်ကများ ငါ့ကို...။”
“ဦးနှောက်မရှိတဲ့ကောင်မ။”
မိစ္ဆာတမန်တော်က ထပ်ပြောကာ အနက်ရောင်ဓားကြီးကို ဆွဲနှုတ်လိုက်တော့သည်။ မိုဟန်၏ လှပလွန်းလှသည့် မျက်နှာလေးမှာ ချက်ချင်းပင် ဖြူရော်သွားပြီး အသက်ရှူရပ်တန့်သွားတော့၏။ ထို့နောက် သူမ၏ ခန္ဓာကိုယ်လေးမှာလည်း တဖြည်းဖြည်း လဲကျသွားလေတော့သည်။
မိစ္ဆာတမန်တော်က သတင်းပို့လိုက်သည်။
“သခင်ကြီး... မိုဟန် သေသွားပါပြီ။”
ကျောက်ယန်ဖိန်က အမိန့်ပေးလိုက်၏။
“သိပြီ။ အိပ်မက်ဆိုးအင်ပါယာ မင်းသားကို အိပ်မက်ဆိုး စစ်သည် သုံးသိန်းနဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်။ မင်းက မိစ္ဆာစစ်တပ် ငါးသောင်းကို ဦးဆောင်ပြီး တိုက်ခိုက်။ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိနဲ့ လေလွှင့်မဟာမိတ်အဖွဲ့ စစ်သေနာပတိချုပ်ကိုလည်း ကျွမ်းကျင်သူတွေ အားလုံးကို ဦးဆောင်ပြီး တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်။ ထိုက်ခန်အင်ပါယာ မြို့တော်ထဲက လူအားလုံးကို အကုန်သတ်ပစ်။ တုပိုင်ကို အရေခွံခွာပြီး အရွတ်တွေ ဆွဲထုတ်ပစ်။ သူ့ရဲ့ သမီးတွေ ၊ မိန်းမတွေ အကုန်လုံးကို အလှည့်ကျ မုဒိမ်းကျင့်ပြီး သတ်ပစ်လိုက်။”
သူ၏ လေသံမှာ အလွန်တည်ငြိမ်နေသော်လည်း သူ၏ ဒေါသအမျက်မှာမူ မိုးထိအောင် မြင့်တက်နေပြီး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“အမိန့်အတိုင်းပါ သခင်ကြီး။”
မိစ္ဆာတမန်တော်က နာခံလိုက်၏။
သန်းဆယ်ချီသည့် လေလွင့်မဟာမိတ်တပ်ကြီးနှင့် ရုပ်သေးမျိုးနွယ်စုများ ရှုံးနိမ့်သွားခဲ့ရုံသာမက ဘုရင်မ မိုဟန်၏ မသေမျိုးစစ်တပ်ကြီးလည်း ရှုံးနိမ့်သွားခဲ့လေပြီ။
ယခုအခါ အိပ်မက်ဆိုးအင်ပါယာ စစ်တပ် သုံးသိန်းနှင့် မိစ္ဆာစစ်တပ် ငါးသောင်းသာ ကျန်ရှိတော့၏။ သို့သော် ထိုစစ်တပ်နှစ်ခုမှာ အင်အားအကောင်းဆုံး ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ စစ်မှန်သော သိုင်းပညာရှင် စစ်တပ်များ ဖြစ်နေသောကြောင့်ပင်။ တစ်နည်းအားဖြင့်ဆိုရလျှင် သူတို့ကို ဖြေရှင်းနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ဖြစ်နေသည်။
**--**--**--**--**--**--**--**
ထိုက်ခန်အင်ပါယာ မြို့တော်။
ယခု ရင်ဆိုင်ရမည်မှာ နောက်ဆုံးအဆုံးအဖြတ် တိုက်ပွဲပင် ဖြစ်၏။ ဤတိုက်ပွဲ၌ သာမန်လက်နက်များမှာ သိပ်ပြီး အသုံးဝင်တော့မည် မဟုတ်ပေ။
တုပိုင်က သိုင်းပညာရှင် တပ်သား ငါးသောင်းကို မြို့ရိုးလေးဘက်၌ ဖြန့်ကျက် ချထားလိုက်သည်။ သူ့ဘက်၌ ငရဲနယ်ပယ် အထွတ်အထိပ်အဆင့် စွမ်းအားရှင်ဆို၍ မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီ တစ်ဦးတည်းသာ ရှိနေသည်။ သိုင်းသူတော်စင်အဆင့် စွမ်းအားရှင်များအနေဖြင့် တုပိုင်နှင့် ထိုက်ခန်အင်ပါယာ၏ ပထမ စစ်သေနာပတိ လီစစ်စစ်တို့ နှစ်ဦးသာ ရှိပြီး ၊ သူတော်စင်တစ်ပိုင်းအဆင့်တွင်မူ ပဉ္စမနှင့် သတ္တမမြောက် စစ်သေနာပတိများသာ ရှိတော့သည်။
မဟာဆရာသခင်အဆင့်နှင့် အထက် သိုင်းပညာရှင်များမှာမူ ကိုးရာခန့်သာ ရှိ၏။
ရန်သူ့ဘက်၌မူ နိဗ္ဗာန်အဆင့် အထွတ်အထိပ် စွမ်းအားရှင် အနည်းဆုံး တစ်ဦး ၊ ငရဲနယ်ပယ် အထွတ်အထိပ်အဆင့် စွမ်းအားရှင် အနည်းဆုံး သုံးလေးဦးခန့်နှင့် ဝူရှန်းအဆင့် စွမ်းအားရှင် ဒါဇင်ပေါင်းများစွာ ပါဝင်ပြီး ရေတွက်၍မရနိုင်သည့် မဟာဆရာသခင်အဆင့် စွမ်းအားရှင်များလည် ပါဝင်သေးသည်။
ဖန်းချင်းယီက ဆိုလာသည်။ “အင်မတန်အစွမ်းထက်တဲ့ အရှိန်အဝါကြီးတစ်ခုကို ကျွန်မခံစားနေရတယ်...။”
တုပိုင်က ခေါင်းညိတ်လိုက်၏။ “ကျုပ်လည်း ခံစားမိတယ်။”
သူမက ဆက်ပြောလိုက်သည်။ “ရှင့်ဆီမှာ လျှို့ဝှက်လက်နက်တွေ ရှိသေးရင် မြန်မြန်ထုတ်သုံးတာ ကောင်းမယ်။ မဟုတ်ရင် ကျွန်မတို့ ရှုံးသွားလိမ့်မယ်။ ရန်သူ့ သိုင်းပညာရှင် အင်အားက ကျွန်မတို့ထက် အဆပေါင်း ဒါဇင်နဲ့ချီ ၊ ရာနဲ့ချီ သာနေတယ်။”
တုပိုင်ကမူ ခေါင်းယမ်းလိုက်ရ၏။ “လျှို့ဝှက်လက်နက်လား။ အခု သုံးလို့မရသေးဘူး။ တိတိကျကျ ပြောရရင် အဲ့ဒါကို ထုတ်လုပ်လို့တောင် မပြီးသေးဘူး။”
ဖန်းချင်းယီက အော်ဟစ်လိုက်သည်။ “ရှင် ရူးနေလား။ အခု အချိန်က ဘယ်အချိန်လဲ။ သေရေးရှင်ရေး အချိန်လေ။”
တုပိုင်က ရှင်းပြလိုက်၏။ “အခု လျှို့ဝှက်လက်နက်ကို သုံးလိုက်ရင် ကံကြမ္မာ မိစ္ဆာဘုရင် ကျောက်ယန်ဖိန်ကို သတ်ဖို့ ကျုပ်မာ ဘာကျန်တော့မာလဲ။”
ဖန်းချင်းယီက ဒေါသတကြီး ပြောလိုက်သည်။ “အခု လူတွေအကုန်လုံး သေကုန်ရင် ကျွန်မတို့အတွက် အနာဂတ်ဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး။”
တုပိုင် တိတ်ဆိတ်သွား၏။ ဖန်းချင်းယီက လေးနက်သည့် လေသံဖြင့် ပြောလိုက်ပြန်သည်။
“တုပိုင်... ကျွန်မ တကယ်ပြောနေတာ။ ရန်သူက အရမ်းကို အစွမ်းထက်လွန်းတယ်။ ကျွန်မတို့ လုံးဝ နိုင်မာ မဟုတ်ဘူး။”
တုပိုင် သက်ပျင်းချလိုက်မိသည်။ “ကျုပ် သိတယ်။ အကုန်လုံးကို ကျုပ် သဘောပေါက်ပါတယ်။”
ထိုအခိုက်အတန့်၌ပင် အရှေ့ဘက်ကောင်းကင်ယံမှာ ရုတ်တရက် လင်းထိန်သွားပြီး ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပွင့်ထွက်လာသည်။
နောက်တစ်စက္ကန့်၌ ရေတွက်၍မရနိုင်သည့် ပုံရိပ်များက ကောင်းကင်ယံရှိ အက်ကွဲကြောင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာတော့၏။
လေလွင့်မဟာမိတ်အဖွဲ့၏ သိုင်းပညာရှင် စစ်တပ် ငါးသောင်း ၊ ရုပ်သေးမဟာမိတ်အဖွဲ့၏ သိုင်းပညာရှင် စစ်တပ် ငါးသောင်း ၊ အိပ်မက်ဆိုးအင်ပါယာ မင်းသား ဦးဆောင်သည့် အိပ်မက်ဆိုး စစ်သည် သုံးသိန်းနှင့် မိစ္ဆာတမန်တော် ဦးဆောင်သည့် မိစ္ဆာစစ်တပ် ငါးသောင်းတို့ပင်။
သိန်းပေါင်းများစွာသော သိုင်းပညာရှင် စစ်တပ်ကြီးများတို့သည် ကောင်းကင်စစ်သည်တော်များကဲ့သို့ မျက်စိတစ်မှိတ်အတွင်း၌ သူတို့ရှေ့တွင် ပေါ်လာတော့၏။ တုပိုင် မိစ္ဆာစစ်တပ်ကို ထပ်မြင်လိုက်ရပြန်သည်။
သူတို့၌ လူသားမျက်နှာ ၊ ရှည်လျားချွန်ထက်သည့် ဦးချိုများနှင့် အတောင်ပံတစ်စုံစီ ရှိကြသည်။ ယောကျ်ားများ၏ မျက်နှာမှာ ပြိုင်ဘက်ကင်းအောင် ချောမောပြီး ၊ မိန်းမများ၏ မျက်နှာတို့မှာလည်း လှပကာ ညှို့ဓာတ်ပြင်းလှ၏။ ယောကျ်ားရော မိန်းမပါ ပြိုင်ဘက်ကင်းလှသည့် ခန္ဓာကိုယ် ကောက်ကြောင်းများကို ပိုင်ဆိုင်ထားကြလေသည်။ ဤသည်မှာ မိစ္ဆာများ၏ ရုပ်သွင်ပင်။
သို့သော် သိုးချိုကဲ့သို့ ကောက်ကွေးနေသော ဦးချိုများနှင့် မိစ္ဆာမျက်လုံးများက သူတို့ကို အလွန်တရာ ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းနေစေသည်။ ထို့ပြင် လင်းနို့တောင်ပံကဲ့သို့သော ဧရာမအတောင်ပံကြီးများက ဤမိစ္ဆာယောကျ်ား ၊ မိန်းမများအပေါ် ဖြစ်ပေါ်လာနိုင်သည့် လူသားတို့၏ ကာမရာဂစိတ်ကို လုံးဝ ပျောက်ကွယ်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မျိုးနွယ်တူများ လုံးဝ မဟုတ်ကြသောကြောင့်ပင်။
ကံကြမ္မာ မိစ္ဆာဘုရင်ကြီး၏ ကျွန်ဖြစ်သူ မိစ္ဆာတမန်တော်က မြေပြင်ပေါ်သို့ ရုတ်တရက် ဆင်းသက်လာရာ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အလွန်တရာ ကြီးမားသွားပြီး အမြင့် မီတာ ၃၉၀ ကျော်အထိ ကြီးလာ၏။
တုပိုင် တမန်တော်ထက်ပင် ပိုမိုကြီးမားသည် မသေမျိုးအရှင်သခင်ကြီးကို မြင်ဖူးခဲ့ပြီးဖြစ်သည်။ သို့သော် သူ၏ရှေ့ရှိ မိစ္ဆာတမန်တော်ထံမှ ထွက်ပေါ်လာသည့် အစွမ်းထက်လှသည့် ဖိနှိပ်မှုအရှိန်အဝါမှာ မြင့်မိုလ်တောင်ကြီး ဖိချလာသကဲ့သို့ ပြင်းထန်လွန်းလှပြီး မသေမျိုးအရှင်သခင်ကြီး လုံးဝ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
မကြာသေးမီကပင် အစွမ်းထက်လှသည့် မသေမျိုးအရှင်သခင်ကြီးမှာ မိစ္ဆာတမန်တော်၏ ဓားတစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည် မဟုတ်ပါလော။
မိစ္ဆာတမန်တော် အမြင့် မီတာ ၃၉၀ ကျော်အထိ ကြီးမားလာရသည့် အကြောင်းရင်းမှာ ထိုက်ခန်အင်ပါယာ၏ နန်းတော်ကြီးထက် ပိုမိုမြင့်မားလိုသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူက တောင်ကြီးတစ်လုံးကဲ့သို့ ထိုက်ခန်အင်ပါယာ မြို့တော်တစ်ခုလုံးကို ငုံ့ကြည့်နေလေတော့သည်။
မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောလိုက်၏။
“သူ... သူက တာ့နင်အင်ပါယာ မြေအောက်ကမ္ဘာနယ်မြေရဲ့ မိစ္ဆာမြို့စားထက်တောင် ပိုပြီး အစွမ်းထက်နေတယ်။”
တစ်နည်းဆိုရလျှင် ကျောက်ယန်ဖိန်၏ မိစ္ဆာတမန်တော်မှာ မိစ္ဆာနယ်စားတစ်ပိုင်းအဆင့် ရှိနေလောက်ပြီ ဖြစ်သည်။
မိစ္ဆာတမန်တော်က တုပိုင်ကို သီးသန့်ကြည့်မနေဘဲ ထိုက်ခန်အင်ပါယာရှိ လူအားလုံးကို ပုရွက်ဆိတ်များကဲ့သို့ သိမ်းကြုံး ကြည့်လိုက်၏။ အမှန်တကယ်ပင် မြို့တော်ထဲရှိ လူအားလုံးမှာ သူ၏အမြင်၌မူ ပုရွက်ဆိတ်အုပ်ကြီးကဲ့သို့ ဖြစ်နေသည်။
ယခင်က သခင်ကြီးမှာ တုပိုင်နှင့် ကစားရန် စိတ်ဝင်စားနေခဲ့သဖြင့် သူ လုံးဝ ဝင်မပါခဲ့ပေ။ ယခုအခါ သခင်ကြီးက ဆက်မကစားချင်တော့သဖြင့် ဤပုရွက်ဆိတ်အုပ်ကြီး သေရမည့်အချိန် ရောက်လာလေပြီ ဖြစ်၏။
မိစ္ဆာတမန်တော်က ခပ်အေးအေးပင် ဆိုလိုက်၏။
“ပုရွက်ဆိတ် တုပိုင်... သခင်ကြီးက မင်း အတော်လေး ဖျော်ဖြေပေးနိုင်တယ် ၊ သူ့ကို ပိုပြီး ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်လို့ ပြောလိုက်တယ်။ ဒါကြောင့် မင်းကို မေးပါရစေ။ မင်းမှာ မသုံးရသေးတဲ့ လျှို့ဝှက်လက်နက်တွေ ရှိသေးလား။”
တုပိုင် ခေါင်းယမ်းလိုက်သည်။ “မရှိတော့ဘူး။”
ကျောက်သလင်း မှော်အမြောက်များ ၊ စွမ်းအင် မှော်သေနတ်များ ၊ ဧရာမ စွမ်းအင်အမြောက်များ ၊ လေသင်္ဘောများနှင့် ရွှေတုတ်တံကိုပင် အကုန်အသုံးပြုပြီးသွားခဲ့လေပြီ။
ထိုလက်နက်များက အံ့မခန်း ဖြစ်ကြသည်။ လေလွင့်မဟာမိတ်အဖွဲ့၏ သန်းနှင့်ချီသည့် တပ်ကြီးများ ၊ ရုပ်သေးမျိုးနွယ်စု စစ်တပ်များနှင့် အဆုံး၌ ဘုရင်မ မိုဟန်၏ ၃၅ သန်းရှိသည့် မသေမျိုးစစ်တပ်ကြီးကိုပင် ထိုလက်နက်များ၏ အားကိုးဖြင့် အနိုင်ယူနိုင်ခဲ့သည်။
ယခုအခါ လျှို့ဝှက်လက်နက်များ အားလုံး ကုန်သွားပြီဖြစ်ရာ အမှန်တကယ်ပင် ဘာမှ မကျန်တော့ချေ။
အလွန်ပင် သန်မာကြသည့် မိစ္ဆာစစ်တပ်၏ စစ်သည်ငါးသောင်းနှင့် အိပ်မက်ဆိုးအင်ပါယာ၏ စစ်တပ်ကို ရင်ဆိုင်ရန်အတွက် တုပိုင်၌ မည်သည့် လျှို့ဝှက်လက်နက်မှ တကယ်ကို မရှိတော့ပေ။
“လျှို့ဝှက်လက်နက်တွေ မရှိတော့ဘူးလား။”
မိစ္ဆာတမန်တော်က ဆိုလိုက်၏။ “ဒါဆိုလည်း မင်း သေလို့ရပြီ။ သခင်ကြီးရဲ့ အမိန့်က ထိုက်ခန်အင်ပါယာ မြို့တော်ထဲက လူအားလုံးကို သတ်ပြီး ၊ မင်းရဲ့ သမီးတွေ ၊ မိန်းမတွေကို အလှည့်ကျ မုဒိမ်းကျင့် သတ်ပစ်ဖို့ပဲ။”
ထိုစကားကို ကြားလိုက်ရချိန်၌ တုပိုင်၏ မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
ဖန်းချင်းယီက အသည်းအသန် ပြောလိုက်သည်။ “တုပိုင်... ကျွန်မ ရှင့်ကို ရှင်းရှင်းပဲ ပြောမယ်။ ကျွန်မ ဒီမိစ္ဆာတမန်တော်ကို လုံးဝ မနိုင်ဘူး။ သူ့လက်တစ်ဖက်ကိုတောင် ကျွန်မ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ရှင့်ရဲ့ မိန်းမတွေထဲမာ ကျွန်မလည်း ပါတယ်နော်။ ကျွန်မ မိစ္ဆာတွေလက်ထဲမာ အသတ်မခံချင်ဘူး။ မမေ့နဲ့ ၊ ကျွန်မက အပျိုစစ်စစ်ပဲ ရှိသေးတယ်။ ဒါကြောင့် ရှင့်ဆီမာ တစ်ခုခု ကျန်သေးရင် မြန်မြန်ထုတ်သုံးလိုက်တော့။ မဟုတ်ရင် ဒီအစ်မကြီးရဲ့ အပျိုစင်ဘဝက လုံခြုံတော့မာ မဟုတ်ဘူး။”
တုပိုင် သက်ပျင်းချလိုက်သည်။ “ကျုပ်မာ လျှို့ဝှက်လက်နက် မရှိတော့ဘူး။”
မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက ဒေါသတကြီးဖြင့် အော်လိုက်သည်။ “ဒါဆို ကျွန်မတို့အားလုံး သေဖို့ ထိုင်စောင့်နေရမယ်လို့ ရှင်က ဆိုလိုတာလား။”
တုပိုင်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။
“ကျုပ် ဒီစစ်ပွဲအတွက် ကစားကွက်ပေါင်း အကြိမ် ၁၀၀ ကျော် တွက်ချက်ထားပြီးပြီ။ ကျုပ်တို့ နိုင်ဖို့ ၇၀ ရာခိုင်နှုန်း ရှိတယ်။”
ဖန်းချင်းယီက ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မတို့ သူတို့ကို မနိုင်ဘူး။ ကျွန်မတို့ သုံးမိနစ်တောင် တောင့်ခံနိုင်မာ မဟုတ်ဘူး။ တစ်တပ်လုံး သေကုန်လိမ့်မယ်။”
တုပိုင်က ဆိုလိုက်၏။ “ကျုပ် သိတယ်။ ကျုပ် တိုက်ပွဲမစခင်ကတည်းက စစ်ရေးဗျူဟာ အကြိမ်တစ်ရာလောက် တွက်ချက်ထားပြီးသားလို့ ပြောခဲ့တယ်လေ။ နိုင်ခြေက ၇၀ ရာခိုင်နှုန်းကျော် ရှိတယ်။ အခုချိန်ထက်ထိ လောလောဆယ် အရာအားလုံးက ကျုပ်တွက်ချက်ထားတဲ့ အတိုင်းပဲ သွားနေတုန်းပဲ။”
ဖန်းချင်းယီက ဒေါသတကြီး အော်ဟစ်လိုက်၏။ “ရှင့်ဆီမာ လျှို့ဝှက်လက်နက် မရှိဘဲ ဘယ်လိုလုပ် နိုင်မာလဲ။ တော်သေးတာပေါ့ ၊ ကျွန်မ ခုလေးတင် သေသေချာချာ ရေချိုးပြီး ရှင်နဲ့ ပျော်ပါးဖို့ စဉ်းစားထားတာ ၊ အခုတော့ ဒီမိစ္ဆာတွေကို အချောင်ပေးလိုက်ရတော့မာလား။ ဒီအစ်မကြီးကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သတ်သေအောင် ဖိအားပေးနေတာလား။”
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကာ သတ်သေမည်လော။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။