အခန်း (၁၀၀၅-၁၀၀၆)
Vol. 101 Ch. 1005-1006
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၅)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဤသည်မှာ ဖန်းချင်းယီ တစ်ယောက်တည်း၏ အတွေးသာမဟုတ်ဘဲ နန်းတော်ထဲရှိ လူအားလုံး၏ အတွေးလည်း ဖြစ်ကြသည်။
မိစ္ဆာတို့မှာ လူသားဆန်မှု ကင်းမဲ့ကြ၏။ သူတို့ သေဆုံးသွားလျှင်တောင်မှ ခန္ဓာကိုယ်များမှာ စော်ကားဖျက်ဆီးခံရမည် ဖြစ်သည်။ ထို့ကြောင့် ဂုဏ်သိက္ခာရှိရှိ သေဆုံးနိုင်ရန်နှင့် အပျိုစင်ဘဝကို ထိန်းသိမ်းနိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ်ကို ဖောက်ခွဲကာ အစအနမကျန်အောင် ဖျက်ဆီးပစ်ရန်သာ ရှိတော့သည်။
**--**--**--**--**--**--**--**
အိမ်ရှေ့စံမင်းသမီး တုရှောင်မှာ မီးသားရဲနှင့် အမြဲတမ်း ဆော့ကစားနေတတ်သူ ဖြစ်သည်။ ယခုမူ သူမက ဆက်မကစားတော့သလို ကာတွန်းများကိုလည်း မကြည့်တော့ပေ။ ထိုအစား အစ်မဖြစ်သူနှင့်အတူ တိတ်ဆိတ်စွာ ဟင်းချက်နေလေ၏။ စကားများတတ်သော ကောင်မလေးက ဤသို့ တိတ်တိတ်ဆိတ်ဆိတ် နေခြင်းမှာ အလွန်ပင် ရှားပါးလှသည်။
တုမိုသည်လည်း စကားနာထိုးခြင်းများ မပြုတော့ဘဲ ဘေးမှနေ၍ တိတ်တဆိတ် ကူညီပေးနေသည်။
လေထုမှာ အလွန်ပင် ငြိမ်သက်နေပြီး စိတ်အားငယ်ဖွယ်ရာနှင့် မျှော်လင့်ချက် ကင်းမဲ့နေသည့် အရိပ်အယောင်များ ဖုံးလွှမ်းနေ၏။
လီရှောင်ထန်က မနေနိုင်တော့ဘဲ ငိုယိုကာ မေးလိုက်သည်။ "အစ်မ တုရှောင်... သမီးတို့ သေရတော့မှာလားဟင်"
တုရှောင်က သူမကို နူးညံ့စွာ ပြုံးပြလိုက်၏။ "ရှောင်ထန်လေး... မကြောက်နဲ့နော်"
ထို့နောက် သူမက လူတိုင်းအတွက် သစ်သီးဖျော်ရည် တစ်ခွက်စီ ငဲ့ပေးလိုက်သည်။ လီရှောင်ထန် သောက်ရန် ပြင်လိုက်စဉ် တုရှောင်က တားလိုက်၏။
"အခု မသောက်နဲ့ဦး။ အမ သောက်ခိုင်းတဲ့ အချိန်ကျမှ သောက်ရမယ်နော်"
ထိုစကားကို ကြားလိုက်ရချိန်၌ လီရှောင်ထန်၏ မျက်နှာလေးမှာ ဖြူရော်သွားတော့သည်။
ဤဖျော်ရည်ထဲ၌ ဆေးခတ်ထားကြောင်း သိသာထင်ရှားလှပြီး သောက်လိုက်သည်နှင့် သတိလစ်သွားမည် ဖြစ်၏။ ထို့နောက် တုရှောင်က စွမ်းအင်ဗုံးကို ဖောက်ခွဲကာ သူမအပါအဝင် မောင်နှမများအားလုံးကို အစအနမကျန်အောင် ဖောက်ခွဲပစ်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် မောင်နှမများအားလုံး မည်သည့် နာကျင်မှုကိုမျှ မခံစားရဘဲ ဤလောကမှ ထွက်ခွာသွားနိုင်မည် ဖြစ်သလို စော်ကားခံရခြင်းတို့မှလည်း ကင်းဝေးသွားမည် ဖြစ်သည်။
**--**--**--**--**--**--**--**
မိစ္ဆာတမန်တော်က ခပ်အေးအေးပင် ပြောလိုက်၏။ "ပုရွက်ဆိတ် တုပိုင်... ဒီကမ္ဘာကြီးက သိပ်မလှပပေမဲ့လို့ မင်း နှုတ်ဆက်လိုက်လို့ ရပြီ။ မင်းက ဒီကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် ဇာတ်လိုက်မျိုး မဟုတ်ဘူးကွ"
ထို့နောက် ထိုက်ခန်အင်ပါယာ မြို့တော်ဆီသို့ လှမ်းတက်လာတော့သည်။
သူ၏ နောက်၌ လေလွင့်မဟာမိတ်တပ် ငါးသောင်း ၊ ရုပ်သေးမျိုးနွယ်စု သိုင်းပညာရှင် စစ်တပ် ငါးသောင်း ၊ အိပ်မက်ဆိုး စစ်သည် သုံးသိန်းနှင့် မိစ္ဆာစစ်တပ် ငါးသောင်းတို့မှာလည်း ထိုက်ခန်အင်ပါယာ မြို့တော်ဆီသို့ ကောင်းကင်ယံမှ ပျံသန်းလာကြ၏။ ထိုသည်မှာ မိုးတိမ်မည်းကြီး တစ်ခု ဖုံးအုပ်လာသကဲ့သို့ပင် ခြောက်ခြားနေတော့သည်။
တုပိုင် ကျယ်လောင်စွာ ဟိန်းဟောက်လျက် အမိန့်ပေးလိုက်သည်။ "ပစ်စမ်းးး"
ချက်ချင်းပင် ထိုက်ခန်အင်ပါယာ မြို့တော်ထဲရှိ လက်နက်များအားလုံးကို အစွမ်းကုန် ပစ်ခတ်လိုက်ကြတော့၏။
ကျောက်သလင်း မှော်အမြောက်များ ၊ ဧရာမ စွမ်းအင်အမြောက်များ ၊ လေဆာအမြောက်များ ၊ ခရမ်းလွန်ရောင်ခြည်ဗုံးများနှင့် ကျောက်သလင်း ဒုံးကျည်များ စသည့် လက်နက်ပေါင်းစုံ အားလုံးကို ပစ်ခတ်လိုက်ကြ၏။
မျက်စိတစ်မှိတ်အတွင်း၌ ရေတွက်၍မရနိုင်သည့် အလင်းတန်းများက ထိုက်ခန်အင်ပါယာ မြို့တော်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို လင်းထိန်သွားစေတော့၏။
ဤတိုက်ခိုက်မှုမှာ ယခင်တိုက်ခိုက်မှုများ အားလုံးပေါင်းထားသည်ထက်ပင် ပိုမို ပြင်းထန်လှသည်။
သို့သော်... မိစ္ဆာတမန်တော်က သူ၏ လက်သည်းရှည်ကြီးများကို လေထဲ၌ ရုတ်တရက် ဝှေ့ယမ်းလိုက်၏။
ထိုအခါ မိုင်ရာချီအတွင်းရှိ အမှောင်စွမ်းအင်များ အားလုံး စုစည်းသွားကာ အလွန်တရာ ကြီးမားလှသည့် ဝဲကတော့ပုံစံ စွမ်းအင်ဒိုင်းကာကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
တုပိုင်တို့ ပစ်ခတ်လိုက်သည့် စွမ်းအင်တိုက်ခိုက်မှုများ အားလုံးမှာ မိစ္ဆာတမန်တော်၏ ဝဲကတော့ ဒိုင်းကာထဲသို့ စုပ်ယူခံလိုက်ရတော့၏။
ထိုအမှောင်ဒိုင်းကာကြီးမှာ တွင်းနက်ကြီးတစ်ခုကဲ့သို့ လေဆာစွမ်းအင် အားလုံးကို မျိုချပစ်လိုက်တော့လေသည်။
ထို့နောက် တမန်တော်က လက်ကို ရှေ့သို့ တစ်ချက် တွန်းထုတ်လိုက်သည်။
ရုတ်တရက် အမှောင်ဝဲကတော့ ဒိုင်းကာထဲမှ အဆုံးမရှိလှသည့် စွမ်းအင်များက ပြန်လည် ပန်းထွက်လာကာ မြောက်ဘက် မိုင်ရာချီ အကွာသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့၏။
"ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး"
လက်ရှိအချိန်မှာ အမှောင်မိုက်ဆုံး အချိန်ဖြစ်သည့် မနက် ၃ နာရီ ဖြစ်၏။ သို့သော် ပေါက်ကွဲမှုမှ အလင်းရောင်က အမှောင်ထုကို လုံးဝ ဆုတ်ဖြဲပစ်လိုက်ပြီး မိုင်တစ်ရာအတွင်းကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေတော့သည်။
ထို့နောက် ထိုဧရိယာ စတုရန်းမိုင် ရာပေါင်းများစွာ အတွင်းရှိ လူများနှင့် အရာအားလုံးမှာ လုံးဝ ပျက်စီးသွားပြီး ပြာကျသွားလေတော့၏။
ထိုဧရိယာအတွင်း၌ အခြေချနေထိုင်သူ အချို့ ရှိသည့်အပြင် လေလွင့်မဟာမိတ်အဖွဲ့၏ သိန်းနှင့်ချီသော စစ်တပ်ကြီးလည်း ရှိနေရာ သူတို့အားလုံး အလွယ်တကူပင် သုတ်သင်ခံလိုက်ရတော့သည်။
မိစ္ဆာတမန်တော်က ရန်သူ့လက်နက်ဖြင့် ရန်သူ့ကို ပြန်လည်တိုက်ခိုက်သည့် နည်းလမ်းကို သုံးလိုက်ခြင်းပင်။
တုပိုင်တို့၏ စွမ်းအင်တိုက်ခိုက်မှု အားလုံးကို မျိုချလိုက်ပြီးနောက် လူသားတို့၏ နယ်မြေဆီသို့ ပြန်လည် ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။
တစ်နည်းအားဖြင့်ဆိုရလျှင် တုပိုင်တစ်ယောက် လူသား သိန်းနှင့်ချီကို သွယ်ဝိုက်သောနည်းဖြင့် သတ်ပစ်လိုက်သကဲ့သို့ ဖြစ်သွားရသည်။
မိစ္ဆာတမန်တော်က ရွံရှာဟန်ဖြင့် ပြောလိုက်၏။ "စွမ်းအင် ယဉ်ကျေးမှုလား။ နဂါးသွေးတိုက်ကြီးပေါ်က လူသားတွေရဲ့ စွမ်းအင်ယဉ်ကျေးမှု အထွတ်အထိပ် ရောက်နေတဲ့အချိန်တုန်းကတောင် ငါတို့က မျိုးသုဉ်းအောင် သတ်ပစ်နိုင်ခဲ့သေးတာပဲ။ မင်းရဲ့ အစပျိုးအဆင့်လေးပဲ ရှိသေးတဲ့ စွမ်းအင်ယဉ်ကျေးမှုက ဘာများ အသုံးကျမှာလဲ"
"တုပိုင်... မင်းလို လူရွှင်တော်က ရေတွင်းထဲက ဖားသူငယ်လိုပဲ။ တာ့နင်အင်ပါယာက တပ်ကြီးနဲ့ စွမ်းအင်လက်နက်တွေကို မင်းက ဂုဏ်ယူနေသေးတာလား။ ငါ့မျက်လုံးထဲမှာတော့ အဲ့ဒီ စွမ်းအင်လက်နက်တွေက ကလေးကစားစရာ အရုပ်တွေလောက်တောင် အသုံးမကျဘူးကွ"
မိစ္ဆာတမန်တော်က တည်ငြိမ်လေးလံလှသည့် ခြေလှမ်းများဖြင့် ထိုက်ခန်အင်ပါယာ မြို့တော်ဆီသို့ ဆက်လက် ချဉ်းကပ်လာနေ၏။ စွမ်းအင်လက်နက်များ အားလုံးမှာ သူ၏ရှေ့မှောက်၌ လုံးဝ အသုံးမဝင်တော့ချေ။
သူ၏ အစွမ်းမှာ တွေးကြည့်၍ပင် မရနိုင်လောက်အောင် ကြီးမားလှသည်။ မိစ္ဆာတမန်တော်သည် ထိုက်ခန်အင်ပါယာ မြို့တော်နှင့် တဖြည်းဖြည်း နီးကပ်လာနေလေပြီ။
မီတာ တစ်သောင်း... ငါးကီလိုမီတာ... သုံးကီလိုမီတာ... မီတာ တစ်ထောင်စသဖြင့် နီးကပ်လာနေ၏။
သူ ထိုက်ခန်အင်ပါယာ၏ အရှေ့ဘက် မြို့ရိုးဆီသို့ ရောက်လာပြီးနောက် မီတာ ငါးဆယ် မြင့်သော မြို့ရိုးကြီးကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
"ဒီမြို့ရိုးကြီးက ကလေးတွေ ဆော့တဲ့ သစ်သားတုံးလေးတွေ စီထားတာထက်တောင် ရယ်စရာကောင်းနေသေးတယ်"
မိစ္ဆာတမန်တော်က မြို့ရိုးကြီးဆီသို့ လေတစ်ချက် မှုတ်ထုတ်လိုက်၏။ ရုတ်တရက် မိုင်သုံးဆယ် ရှည်လျားပြီး အလွန် ကြီးမားခိုင်ခံ့လှသည့် မြို့ရိုးကြီးမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် အမှုန့်ဖြစ်သွားတော့ကာ လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။
ဤမိစ္ဆာတမန်တော်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် အလွန်တရာ အစွမ်းထက်လွန်းလှ၏။
မိစ္ဆာတမန်တော်က အမိန့်ပေးလိုက်သည်။ "ဟက်... ပျင်းစရာကောင်းတဲ့ တိုက်ပွဲပဲ။ စလိုက်ကြတော့။ မြို့ထဲက လူအားလုံးကို ငါးမိနစ်အတွင်း အပြတ်ရှင်းပစ်။ ငါးမိနစ် ကျော်သွားလို့မှ မပြီးသေးရင် မင်းတို့အားလုံး သေဖို့သာ ပြင်ထားကြ"
စစ်သေနာပတိချုပ် ယန်ထော် ၊ ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ဆိုတာနှင့် အိပ်မက်ဆိုးမင်းသားတို့ကလည်း တညီတညွတ်တည်း တုံ့ပြန်လိုက်ကြ၏။ "အမိန့်အတိုင်းပါ သခင်ကြီး"
ထို့နောက် လေလွင့်မဟာမိတ်အဖွဲ့၏ တပ်ကြီးနှင့် ရုပ်သေးမျိုးနွယ်စု သိုင်းပညာရှင် စစ်တပ်တို့မှာ မြို့ထဲသို့ ရူးသွပ်စွာ ပြေးဝင်လာကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် တုပိုင်၏ သိုင်းပညာရှင် တပ်သား ငါးသောင်းမှာ ထွက်၍ ခုခံကြပြီး ရန်သူ့ဘက်မှ သိုင်းပညာရှင် တစ်သိန်းနှင့် ရင်ဆိုင်တိုက်ခိုက်ကြလေပြီ။
တစ်မိနစ်အတွင်းမှာပင် တိုက်ပွဲမှာ အဆုံးအဖြတ် ပေါ်သွားခဲ့၏။ ခန့်မှန်းထားသည့်အတိုင်းပင် သိုင်းပညာရှင် တပ်သား ငါးသောင်းလုံး ၁ မိနစ်အတွင်းမှာပင် ကျဆုံးသွားခဲ့ရသည်။
မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီမှာမူ ငရဲနယ်ပယ် အထွတ်အထိပ် စွမ်းအားရှင် တစ်ဦးအနေဖြင့် ယန်ထော်နှင့် ဆိုတာတို့ နှစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်နေရ၏။
တစ်ယောက်ချင်းစီ တိုက်ရမည်ဆိုလျှင် သူမ အနိုင်ယူနိုင်စွမ်း ရှိသည်။ သို့သော် ယခုကဲ့သို့ နှစ်ယောက်တစ်ယောက် တိုက်ရမည်ဆိုလျှင်မူ သူမ ရှုံးနိမ့်သွားပေလိမ့်မည်။
မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက ရေရွတ်လိုက်၏။ "ကျစ်... ငါ ရှုံးမှာ သေချာနေပြီ။ ဒီအစ်မကြီးတော့ သေရတော့မှာပဲ။ ရှင်ကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ တုပိုင်ရယ်"
ထိုအခိုက်၌ပင် ဧရာမ ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ဝင်ရောက်လာပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ "ယန်ထော်... ဆိုတာ... ဒီမိန်းမက ငါ့အပိုင်ပဲ"
ထိုသည်မှာ အိပ်မက်ဆိုးအင်ပါယာ မင်းသားပင်။
အရပ် လေးမီတာခန့် မြင့်မားသော ဧရာမ လူကြီး ဖြစ်ပြီး အိပ်မက်ဆိုးအင်ပါယာ၏ အမွေဆက်ခံသူပင် ဖြစ်၏။
ယန်ထော်က လူယုတ်မာ ဆန်ဆန် ပြုံးလိုက်သည်။ "ရတယ်။ သူက မင်းအပိုင်ပဲ။ ဒါပေမဲ့ မင်းရဲ့ ဧရာမ ခန္ဓာကိုယ်ကြီးနဲ့သာဆို ခဏလောက် ဆော့လိုက်တာနဲ့တင် သူ့ခန္ဓာကိုယ်လေး စုတ်ပြဲသွားမှာကို မနှမြောဘူးလား။ မင်းသာ သဘောတူမယ်ဆိုရင် ငါနဲ့ ဆိုတာ အရင် ပျော်ပါးချင်သေးတယ်။ ဒီလို လှပပြီး ဆွဲဆောင်မှုတဲ့ အလှပိုင်ရှင်မျိုးက အတော်ရှားတယ်ဟ"
အိပ်မက်ဆိုးအင်ပါယာ မင်းသားမှာ ယန်ထော်နှင့် ဆိုတာတို့ နှစ်ယောက်ပေါင်းထားသည်ထက်ပင် ပိုမို အစွမ်းထက်နေကြောင်း ဖန်ချင်းယီ အာရုံခံနေနိုင်၏။ သူမအနေဖြင့် သူ့ကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။
ဖန်းချင်းယီ စိတ်ထဲမှာ မကျေမနပ် ရေရွတ်လိုက်ရသည်။ 'ငါ သေရတော့မယ်။ တကယ်ကို မကျေနပ်ဘူး။ အပျိုစစ်စစ်ပဲ ရှိသေးတာကို...'
ထို့နောက် သူမကိုယ် သူမ ဖောက်ခွဲပစ်ရန် ပြင်လိုက်တော့၏။
သို့သော် နောက်တစ်စက္ကန့်၌ အိပ်မက်ဆိုးအင်ပါယာ မင်းသားက သူ၏ ဓားကြီးကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် လေလွင့်မဟာမိတ်အဖွဲ့၏ စစ်သေနာပတိချုပ် ယန်ထော်နှင့် ရုပ်သေးမျိုးနွယ်စု စစ်သေနာပတိ ဆိုတာတို့ ငရဲနယ်ပယ် အထွတ်အထိပ် စွမ်းအားရှင် နှစ်ဦး၏ ခေါင်းများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့၏။
ထို့နောက် သူသည် ဓားကြီးကို မြှောက်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ "အိပ်မက်ဆိုး အင်ပါယာက စစ်သည်တွေ အားလုံး နားထောင်။ ဧကရာဇ်မင်းမြတ် အတွက် ဒီကပ်ဆိုးကြီးကို အဆုံးသတ်ဖို့၊ မိစ္ဆာတွေကို သတ်ဖို့နဲ့ လူသား သစ္စာဖောက်တွေကို အပြတ်ရှင်းပစ်ကြ"
ရုတ်တရက်ဆိုသလိုပင် အိပ်မက်ဆိုး အင်ပါယာ၏ စစ်သည် သုံးသိန်းမှာ ချက်ချင်း ပစ်မှတ်ပြောင်းသွားကြပြီး မိစ္ဆာစစ်တပ်၊ လေလွင့်မဟာမိတ်တပ်နှင့် ရုပ်သေးမျိုးနွယ်စု တပ်များဆီသို့ လှည့်ကာ တိုက်ခိုက်ကြလေတော့၏။
အိပ်မက်ဆိုးမင်းသားသည်လည်း သူ၏ စွမ်းအားများ အားလုံးကို ရူးသွပ်စွာ စုစည်းလိုက်ပြီး သက်စောင့်စွမ်းအင်များနှင့် သွေးချီစွမ်းအင်များကိုပါ အစွမ်းကုန် ထုတ်ယူသုံးစွဲလိုက်တော့သည်။
သူ၏ ခန္ဓာကိုယ်မှ စွမ်းအင်များမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း၌ပင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှစ်ဆ တိုးလာတော့သည်။
သူ၏ တစ်ကိုယ်လုံးမှ သွေးများ ပန်းထွက်လာပြီး အနီရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ပျက်စီးခြင်း ကြယ်တံခွန်ကြီးတစ်ခုကဲ့သို့ မိစ္ဆာတမန်တော်ဆီသို့ ပြင်းထန်လှသည့် အရှိန်ဖြင့် ပြေးဝင်သွားလိုက်သည်။
"ငါက အညံ့ခံမယ်လို့ မင်းက တကယ်ထင်နေတာလား။ ငါက အရူး ကျောက်ယန်ဖိန် အတွက် ခွေးတစ်ကောင် လုပ်ပေးချင်နေတယ်လို့ မင်း ထင်နေတာလား။ ငါ လုပ်သမျှ အရာအားလုံးက မဟာအိပ်မက်ဆိုး ဧကရာဇ်မင်းမြတ်ရဲ့ အလိုဆန္ဒကြောင့်ပဲကွ"
"သခင်ကြီး တုပိုင်... သခင်ကြီး ပြန်အလာကို ကျွန်တော် စောင့်နေခဲ့တာပါ။ အခုတော့ ကျွန်တော် လွတ်မြောက်သွားပါပြီ။ သခင်ကြီးရဲ့ ဇနီး ရန်ယဲ့ရှောင်က မြင့်မြတ်နယ်မြေမှာ ရှိနေပါတယ်။"
"လာစမ်း အတူတူ သေလိုက်ကြမယ် စောက်ကျက်သရေတုံး မိစ္ဆာကောင်"
အိပ်မက်ဆိုးမင်းသားတစ်ယောက် လောင်ကျွမ်းနေသည့် ကြယ်တံခွန်ကြီး တစ်ခုကဲ့သို့ မိစ္ဆာတမန်တော်ကို ပြင်းထန်စွာ ဝင်တိုက်လိုက်တော့၏။
"ဘုန်းးးး"
ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကြယ်တံခွန်ကြီး တစ်ခု ကမ္ဘာမြေကို ဝင်တိုက်လိုက်သကဲ့သို့ပင်။ မြေကြီးတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားရပြီး အက်ကွဲကြောင်းများ မြောက်မြားစွာကို ဖြစ်ပေါ်လာစေတော့၏။
အစွမ်းထက်လှသည့် မိစ္ဆာတမန်တော်မှာလည်း ယိမ်းယိုင်သွားရသည်။ ထို့နောက် စူးရှလွန်းလှသည့် အလင်းတန်းကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ စက္ကန့်အနည်းငယ် အကြာ၌ အလင်းရောင်များ မှေးမှိန်သွားတော့သည်။
မိစ္ဆာတမန်တော် သူ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ အိပ်မက်ဆိုးအင်ပါယာ မင်းသား၏ ဝင်တိုက်မှုကြောင့် ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူ၏ မျက်နှာထက်၌လည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး အိပ်မက်ဆိုး မင်းသား၏ ရုတ်တရက် အသေခံ တိုက်ခိုက်မှုကို မယုံကြည်နိုင်ဖြစ်နေပုံရသည်။
သူ တွေးလိုက်မိ၏။ 'လူသားတွေက ဒီလောက်တောင် ရူးမိုက်ကြတာလား။ တခြားသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် အသေခံဖို့ ဆန္ဒရှိကြတယ်ပေါ့လေ'
"ဟားဟားဟားဟား..." မိစ္ဆာတမန်တော်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ "တကယ်ကို စိတ်ထိခိုက်စရာ ကောင်းလိုက်တာ။ လွမ်းမောဖွယ် အဖြစ်ဆိုးကြီးပါပဲ။ ဒါပေမဲ့ အရာအားလုံးက အဓိပ္ပာယ်မရှိပါဘူးလေ။ သူ့ရဲ့ အနစ်နာခံမှုက ဘာမှ အသုံးမဝင်ဘူး။ ငါက ဒဏ်ရာနည်းနည်းလောက် ရသွားရုံပဲလေ။ သူက ဒီလို အသေခံတိုက်ခိုက်ရုံနဲ့ ငါ့ကို သတ်နိုင်မယ်ထင်နေတာလား။ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ"
ရုတ်တရက် ဘုရင်မ မိုဟန်၏ အသံက လေထဲမှ ထွက်ပေါ်လာ၏။ "ဒါဆို ငါပါ ပါလာရင်ရော ဘယ်လိုလဲ"
သူမသည်လည်း အလင်းတန်းတစ်ခု အသွင်ပြောင်းကာ လေဆာတန်းကဲ့သို့ ထိုးဆင်းလာသည်။
"မိစ္ဆာတမန်တော်... နင်က ကျောက်ယန်ဖိန်ရဲ့ ခွေးတစ်ကောင်ပဲ။ ဒါတောင် ရာရာစစ ငါဘုရင်မကိုများ မရိုမသေ လုပ်ရဲတယ်ပေါ့လေ။ ငါက ဘုရင်မကွ... ဘုရင်မ။ နင်ကများ ငါ့ကို မရိုမသေ လုပ်ရဲတယ်ပေါ့... သွားသေလိုက်စမ်းးး"
ထို့နောက် ဘုရင်မ မိုဟန်သည်လည်း ပျက်စီးခြင်း ကြယ်တံခွန်ကြီး တစ်ခုကဲ့သို့ မိစ္ဆာတမန်တော်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်လိုက်လေတော့၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၅) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
မိုဟန်သည် သူမ၏ တစ်သက်တာလုံး၌ ရည်ရွယ်ချက် နှစ်ခုတည်းအတွက်သာ အသက်ရှင်သန်ခဲ့ခြင်း ဖြစ်၏။
ပထမအချက်မှာ ဘုရင်မတစ်ပါး ဖြစ်လာရန်နှင့် မိုမိသားစု၏ ဘိုးဘွားအမွေအနှစ်များကို ပြန်လည်ထူထောင်ရန်ပင် ဖြစ်သည်။ မည်သည့် ကမ္ဘာလောကတွင်ဖြစ်စေ သူမအတွက် အရေးမကြီးပေ။ သူမ ခြေချရန် မြေတစ်နေရာသာ လိုအပ်ပြီး ထိုနယ်မြေထက်ရှိ နေထိုင်သူများမှာ လူသားဖြစ်စေ ၊ သရဲတစ္ဆေဖြစ်စေ သူမ လုံးဝ ဂရုမစိုက်ချေ။
ဒုတိယအချက်မှာ ဘုရင်မတစ်ပါး၏ ဂုဏ်သိက္ခာအား မည်သူမျှ မထိပါးစေရန်ပင်။ သူမကို မည်သူကမျှ လာရောက်ရန်စခွင့် မရှိချေ။ အကယ်၍ ရန်စရဲသူ ရှိလာပါက မည်သူ့ကိုမဆို သူမက ရက်စက်စွာ သတ်ဖြတ်ပစ်မည်သာ ဖြစ်၏။
ထိုအချက်များကြောင့်ပင် သူမ၏ အမုန်းတရားဆိုသည်မှာ လားရာပြောင်းလွယ်လွန်းလှသည်။ ယခင်က သူမ၏ အမုန်းတရားအားလုံးသည် တုပိုင်ထံ၌သာ စုပြုံနေခဲ့ပြီး တုပိုင်ကိုသာ အသေအလဲ သတ်ပစ်ချင်နေခဲ့၏။
သို့သော် သူမ ရှုံးနိမ့်သွားချိန်၌မူ ကံကြမ္မာမိစ္ဆာက သူမကို စွန့်ပစ်လိုက်ကာ မိစ္ဆာတမန်တော်အား သူမကို သတ်ရန် စေခိုင်းခဲ့သည်။ ထို့အပြင် မိစ္ဆာတမန်တော်က သူမအား နှုတ်ဖြင့်ပင် ရိုင်းစိုင်းစွာ စော်ကားသွားခဲ့သေး၏။
ထို့ကြောင့်ပင် သူမ၏ အမုန်းတရားများက ချက်ချင်းဆိုသလိုပင် လားရာပြောင်းသွားလေတော့သည်။ သူမ မိစ္ဆာတမန်တော်ကို မဖြစ်မနေ သတ်ပစ်ရပေမည်။
ယခင်က သူမ၏ ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်မိစ္ဆာ ပူးကပ်နေခဲ့ပြီး အရောင်ပြောင်းရေနဂါး သွေးကြောကိုလည်း နိုးထစေခဲ့သည်။ ထို့အပြင် သူမ၏ ပင်ကိုယ်အရည်အချင်းကလည်း အလွန်ပင် အံ့မခန်းဖြစ်လှ၏။
ထို့ကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ မိစ္ဆာတမန်တော်နှင့် အဆင့်အတန်းတူညီသည့် မိစ္ဆာနယ်စား တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ခြင်းပင်။
ဝိညာဉ်မိစ္ဆာ ထွက်ခွာသွားသဖြင့် သူမ၏ ကျင့်ကြံခြင်းအဆင့် အနည်းငယ် ကျဆင်းသွားခဲ့သော်ငြား သူမသည် အလွန် အစွမ်းထက်နေဆဲပင်။ ဝိညာဉ်မိစ္ဆာ ထွက်ခွာသွားချိန်၌ သူမ၏ စိတ်များ လွင့်မျောကာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့သောကြောင့်သာ မိစ္ဆာတမန်တော်က သူမကို အလွယ်တကူ ဓားဖြင့် ထိုးဖောက်သွားနိုင်ခဲ့ခြင်း ဖြစ်၏။
သေချာသည်မှာ သူမ အသက်မသေခဲ့ခြင်းအတွက် တုပိုင်ကို ကျေးဇူးတင်ရပေမည်။ သူမ စိတ်ဓာတ်ကျဆင်းကာ အမြင်အာရုံများ ဝေဝါးနေချိန်၌ တုပိုင်က သူ၏ စိတ်စွမ်းအင်ဖြင့် သူမအား စကားတစ်ခွန်းတည်းကိုသာ အထပ်ထပ်အခါခါ ပေးပို့နေခဲ့၏။
“ကံကြမ္မာမိစ္ဆာက မင်းကိုသတ်ဖို့ လူလွှတ်လိုက်ပြီ…။ ကံကြမ္မာမိစ္ဆာက မင်းကိုသတ်ဖို့ လူလွှတ်လိုက်ပြီ…။”
ထိုစကားကို အနည်းဆုံး အကြိမ်တစ်ရာခန့် ထပ်ခါတလဲလဲ ပြောနေခဲ့ခြင်းပင်။ အမှန်တကယ်တော့ ထိုအချိန်က သူမ၏ စိတ်များ ပြိုလဲနေခဲ့သဖြင့် တုပိုင်ထံမှ စိတ်လှိုင်းပေးပို့မှုများကို လက်ခံရရှိရန် ခက်ခဲလှ၏။
ထို့အပြင် သူမသည် ခေါင်းမာလွန်းသူ တစ်ဦးလည်း ဖြစ်သည်။ ထိုအချိန်က တုပိုင်ကိုသာ အပိုင်းပိုင်းအစစ ခုတ်ထစ်ကာ သတ်ပစ်ချင်နေခဲ့ရာ သူ၏ စကားများကို သူမ သိပ်ဂရုမစိုက်ခဲ့ချေ။
သို့သော် တုပိုင်က အကြိမ်တစ်ရာတိုင်တိုင် ပြောနေခဲ့သည် မဟုတ်ပါလော။ သူမ မည်မျှပင် အသိစိတ်လွတ်နေပါစေ ခန္ဓာကိုယ်၏ အလိုအလျောက် တုံ့ပြန်နိုင်စွမ်းသည်တော့ ရှိနေသေး၏။
ထို့ကြောင့် မိစ္ဆာတမန်တော်၏ ဓားက သူမ၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်လာချိန်၌ သူမက အလိုအလျောက်ပင် သူမ၏ နှလုံးနှစ်ခုကို နေရာရွှေ့ကာ ခွဲထုတ်လိုက်သည်။
မှန်ပေ၏။ သူမ၌ နှလုံး နှစ်ခု ရှိသည်။ အမှန်တကယ်တော့ ယခင်က သူမ၌ နှလုံး သုံးခု ရှိခဲ့ဖူး၏။ တစ်ခုက သူမ၏ ကိုယ်ပိုင် နှလုံး ၊ တစ်ခုက ဝိညာဉ်မိစ္ဆာ၏ နှလုံးနှင့် နောက်တစ်ခုက အရောင်ပြောင်းရေနဂါး၏ စွမ်းအင်နှလုံးတို့ ဖြစ်ကြသည်။
မူလက နှလုံး သုံးခုလုံးမှာ တစ်ထပ်တည်း ကျနေခဲ့၏။ သို့သော် ဝိညာဉ်မိစ္ဆာက သူမကို စွန့်ပစ်သွားသောကြောင့် နှလုံးတစ်ခု လျော့သွားကာ နှစ်ခုသာ ကျန်တော့ခြင်း ဖြစ်သည်။
မိစ္ဆာတမန်တော်၏ အမှောင်ဓားကြီးက သူမကို ထိုးဖောက်ဝင်ရောက်လာချိန်၌ အရောင်ပြောင်းရေနဂါး၏ စွမ်းအင်နှလုံးကို အလိုအလျောက်ပင် ဘေးသို့ ရွှေ့ထုတ်လိုက်၏။
သေချာသည်မှာ ထိုအချိန်က မိုဟန် အမှန်တကယ် သေဆုံးသွားခဲ့ခြင်းပင်။ သူမ၏ ခေါင်းမာပြီး တဇွတ်ထိုးနိုင်လှသော စရိုက်မျိုးဖြင့် သေချင်ယောင်ဆောင်သည့် ဉာဏ်ရည်မြင့် နည်းဗျူဟာမျိုးကို မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
သို့သော် သူမ၌ နှလုံးတစ်ခု ကျန်နေသေးသည့်အတွက် မကြာမီမှာပင် ပြန်လည် ရှင်သန်လာခဲ့တော့၏။ ထိုအခိုက်အတန့်၌ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။
‘မိစ္ဆာတမန်တော်…။ နင့်ကို ငါ သတ်မယ်…။’
ထို့ကြောင့်ပင် သူမသည် တစ်ဖက်လူနှင့် အတူတကွ သေဆုံးမည့် ပြဇာတ်ကြီး တစ်ပုဒ်ကို ကပြလိုက်လေတော့၏။
**--**--**--**--**--**--**--**
“ဘုန်းးးး”
ဘုရင်မ မိုဟန်က ပျက်စီးခြင်းကြယ်တံခွန်ကြီး တစ်စင်းကဲ့သို့ မိစ္ဆာတမန်တော်ထံသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဝင်တိုက်ချလိုက်၏။ ရလာဒ်အနေဖြင့် ထိတ်လန့်ဖွယ်ရာ အလင်းတန်းကြီးတစ်ခုက ရုတ်တရက် ထပ်မံ ထွက်ပေါ်လာပြီး မှောင်မိုက်နေသည့် ညဉ့်ယံတစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။
စက္ကန့်အနည်းငယ် အကြာ၌ အလင်းရောင်များက တဖြည်းဖြည်း မှေးမှိန်သွား၏။
သူ၏ စွမ်းအင်နှလုံး ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်းကို မိစ္ဆာတမန်တော် ထိတ်လန့်တုန်လှုပ်စွာဖြင့် သတိပြုမိလိုက်သည်။
ယခင်က အိပ်မက်ဆိုးမင်းသားကြောင့် သူ၏ ရင်ဘတ်တွင် ဧရာမအပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့ပြီး ယခုအခါ၌မူ ဦးနှောက်မရှိသည့် ဘုရင်မ မိုဟန်ကြောင့် နောက်ထပ် အပေါက်ကြီးတစ်ခု ထပ်ဖြစ်သွားရပြန်လေပြီ။
မိစ္ဆာတမန်တော် သူ၏ ရင်ဘတ်ရှိ ဟာလာဟင်းလင်း ဖြစ်နေသော အပေါက်ကြီးကို ငုံ့ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်ရ၏။
“သောက်ကျိုးနည်း…။ မိုဟန်…”
မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီမှာလည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားရပြီး အချိန်အတန်ကြာမှ လှည့်မေးလိုက်သည်။ “ဒါတွေကို တိုက်ပွဲမစခင်ကတည်းက ရှင် ကြိုတွက်ထားခဲ့တာလား…”
တုပိုင်က တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်၏။
မြေအောက်ကမ္ဘာဘုရင်မက ဆက်မေးလိုက်သည်။ “အိပ်မက်ဆိုးမင်းသားက သူ သစ္စာမဖောက်ဘူးဆိုတာ ရှင့်ကို ကြိုပြောခဲ့တာလား။ သူက အိပ်မက်ဆိုး ဧကရာဇ်ရဲ့ အမိန့်အရ ကံကြမ္မာမိစ္ဆာဆီမှာ အရှက်အရခံပြီးတော့ အယောင်ဆောင် လက်နက်ချခဲ့တာလား…”
တုပိုင် ခေါင်းယမ်းလိုက်ပြီး ခပ်အေးအေးပင် ပြန်ဖြေလိုက်၏။ “သူ ငါ့ကို ဘာမှ မပြောခဲ့ပါဘူး…”
မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်ပြန်သည်။ “ဒါဆို ရှင်က ခန့်မှန်းသိခဲ့တာပေါ့…”
တုပိုင်က ရှင်းပြလိုက်၏။ “မဟုတ်ဘူး။ အိပ်မက်ဆိုး ဧကရာဇ်ရဲ့ စိတ်နှလုံးမိစ္ဆာ ကိုယ်ပွားနဲ့ ငါ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ခဲ့ဖူးတယ်။ သူက ဒီမွေးစားသားအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိတယ်။ သူ့စကားအရဆိုရင် အိပ်မက်ဆိုးမင်းသားက အရမ်းကို မြင့်မြတ်တဲ့လူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ဂုဏ်ယူရဆုံး တပည့်လည်း ဖြစ်တယ်။ အိပ်မက်ဆိုး ဧကရာဇ်ရဲ့ အမြင်ကို ငါ ယုံတယ်။ ဒါကြောင့် ဒီလို အိပ်မက်ဆိုးမင်းသားမျိုးက သေရမာကြောက်တဲ့ ခွေးတစ်ကောင်လို လက်နက်ချဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။”
“ဒါတင်မကဘူး။ ငါနဲ့ ဆက်သွယ်တုန်းက အိပ်မက်ဆိုး ဧကရာဇ်ရဲ့ ဝိညာဉ်က ပြောခဲ့သေးတယ်။ လက်ရှိ လူသားတွေရဲ့ အခြေအနေက အရမ်းကို မျှော်လင့်ချက်မဲ့လွန်းနေပြီးတော့ အဲဒီအချက်ကြောင့်ပဲ သူ့ဆီမှာ ကြီးမားတဲ့ စိတ်နှလုံးမိစ္ဆာ ဖြစ်တည်နေတာလို့ ပြောခဲ့တယ်…”
ဖန်းချင်းယီ ချက်ချင်းပင် ပြန်လည် ချေပလိုက်သည်။ “အိပ်မက်ဆိုး ဧကရာဇ်က လီထိုက်ခန် ၊ ယန်ထော် နဲ့ ဆိုတာ တို့ကိုလည်း တပည့်အဖြစ် လက်ခံခဲ့တာပဲလေ။ သူ့အမြင်က သိပ်ကောင်းလှတယ်လို့ ကျွန်မတော့ မထင်ဘူး…”
တုပိုင်ကလည်း ပြန်လည် ချေပလိုက်၏။ “အကယ်၍ ဧကရာဇ် လီထိုက်ခန်သာ သိမ်ငယ်စိတ်မဝင်ဘဲ သတ္တိမကြောင်ခဲ့ရင်… နောက်ပြီး ယန်ထော်နဲ့ ဆိုတာ တို့သာ အရှက်အကြောက် မမဲ့ခဲ့ဘူးဆိုရင် လူသားတွေ အားလုံး အစောကြီးကတည်းက မျိုးသုဉ်းသွားလောက်ပြီ…”
ထိုစကားကို ကြားလိုက်ရချိန်၌ ဖန်းချင်းယီမှာ ဆွံ့အသွားရတော့သည်။ အချိန်အတန်ကြာမှ သူမက လေးလံသော လေသံဖြင့် ပြောလာ၏။
“ဒီလောကကြီးက အမြဲတမ်း ကြီးမြတ်ပြီး ရိုးသားတဲ့ သူရဲကောင်းတွေချည်း ရှိနေလို့ မရဘူးပေါ့။ ယုတ်မာပြီး အသုံးမကျတဲ့ လူတချို့ကလည်း ဆန့်ကျင်ဘက် အခန်းကဏ္ဍကနေ အမြဲတမ်း ရှိနေပေးမှ ရမှာလား…”
တုပိုင် ငြိမ်သက်သွား၏။
ဤသည်မှာ ရက်စက်လှသော်လည်း… လက်ခံရမည့် အမှန်တရားပင်။
**--**--**--**--**--**--**--**
ထိုအချိန်၌ပင် မိစ္ဆာတမန်တော်က ခေါင်းမော့လာပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “တုပိုင်…။ မင်း နိုင်သွားပြီလို့ ထင်နေတာလား။ ဒါဆိုရင်တော့ ဝမ်းသာဖို့ နည်းနည်း စောလွန်းသေးတယ်…”
သူ မသေဆုံးသေးချေ။ စွမ်းအင်နှလုံးသား ပျောက်ဆုံးသွားသော်လည်း သူ ချက်ချင်း မသေနိုင်သေးပေ။ သို့သော် သူ၏ စွမ်းအင်များ အဆက်မပြတ် ယိုစိမ့်ပျောက်ကွယ်သွားနေသည်ကိုမူ တုပိုင် ရှင်းလင်းစွာ အာရုံခံမိနေ၏။
မိစ္ဆာတမန်တော်က သရော်လှောင်ပြောင်သည့်ဟန်ဖြင့် ဆက်ပြောလိုက်သည်။ “ငါ့ရဲ့ စွမ်းအင်နှလုံးသား ဆုံးရှုံးသွားလို့ စွမ်းအားတော်တော်များများ လျော့ကျသွားတယ် ဆိုပေမဲ့ မင်းကို သတ်ဖို့ကတော့ ပုရွက်ဆိတ်တစ်ကောင်ကို ခြေမွပစ်လိုက်သလိုမျိုး အလွယ်လေးပဲ။ မင်းတို့ ကမ္ဘာမြေပေါ်က စကားလိုပေါ့…။ ကျားတစ်ကောင်က ခြေတစ်ဖက် ပြတ်သွားရင်တောင် ကျားပဲလေ။ ယုန်တစ်ကောင်ကို အလွယ်လေး ဆွဲဖြဲပစ်နိုင်သေးတယ်ကွ…”
ထို့နောက် မိစ္ဆာတမန်တော်က တုပိုင်ရှိရာဆီသို့ လျှောက်လှမ်းလာလေတော့၏။
တစ်ချိန်တည်းမှာပင် အိပ်မက်ဆိုး အင်ပါယာ၏ အစွမ်းထက် စစ်သည်သုံးသိန်းမှာ မိစ္ဆာစစ်တပ် ငါးသောင်းနှင့် ရူးသွပ်စွာ တိုက်ခိုက်နေကြ၏။ တုပိုင်၏ သိုင်းပညာရှင် တပ်သား ငါးသောင်းမှာလည်း သွေးချောင်းစီး တိုက်ပွဲဝင်နေကြသည်။
လေလွင့်မဟာမိတ်တပ်နှင့် ရုပ်သေးမျိုးနွယ်စု သိုင်းပညာရှင် စစ်တပ်ရှိ လူတစ်သိန်းမှာမူ သူတို့၏ ခေါင်းဆောင်များ သေဆုံးသွားပြီ ဖြစ်သောကြောင့် ယခုအချိန်၌ လက်နက်များချထားကာ ဘေးမှနေ၍သာ ရပ်ကြည့်နေကြတော့၏။ ထို့အပြင် သူတို့၏ ရှေ့မှောက်ရှိ မြင်ကွင်းကြောင့်လည်း မှင်သက်နေကြခြင်း ဖြစ်သည်။
အိပ်မက်ဆိုး အင်ပါယာနှင့် တုပိုင်တို့၏ စစ်သည် သုံးသိန်းခွဲခန့်က မိစ္ဆာတပ် ငါးသောင်းကို တိုက်ခိုက်နေကြခြင်း ဖြစ်၏။ ထိုမျှ လူအင်အား ကွာဟနေသည်ကိုပင် လူသားများဘက်မှ အရေးနိမ့်လုနီးပါးပင် ဖြစ်နေရသည်။
ဤမိစ္ဆာများက အလွန်တရာ အစွမ်းထက်လွန်းလှ၏။
အိပ်မက်ဆိုး အင်ပါယာမှ စစ်သည်များမှာ အလွန် အစွမ်းထက်နေပြီ ဖြစ်သော်လည်း ခြောက်ယောက် ၊ ခုနစ်ယောက်ခန့် ပေါင်းတိုက်သည်ကိုပင် မိစ္ဆာတစ်ကောင်အား မယှဉ်နိုင်ကြချေ။
မိစ္ဆာတမန်တော်၏ မျက်လုံးများထဲ၌ အဆုံးအစမရှိသည့် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေတော့သည်။
မိစ္ဆာတမန်တော်က ရုတ်တရက် သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ ထိတ်လန့်ဖွယ်ရာ ဟိန်းဟောက်သံကြီးတစ်ခုက ပဲ့တင်ထပ်၍ ထွက်ပေါ်လာလေတော့၏။
လီရာချီအတွင်းရှိ အမှောင်စွမ်းအင်များအားလုံး သူ၏ လက်ထဲသို့ ထပ်မံ စုစည်းသွားပြီး အလွန်တရာ အံ့မခန်းလှသည့် ဧရာမ အမှောင်ဓားကြီးတစ်လက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ဝှီးးးး”
ထက်မြက်လှသည့် ဓားတစ်စင်းက အရှိန်ပြင်းစွာဖြင့် ကောင်းကင်ထက်မှ ကျဆင်းလာ၏။
မျက်စိတစ်မှိတ်အတွင်း၌ပင် ထိုက်ခန်အင်ပါယာ မြို့တော်ထဲရှိ စတုရန်းကီလိုမီတာ အနည်းငယ်မျှကျယ်ဝန်းသည့် မြေပြင်ကြီးမှာ ချက်ချင်း လုံးဝပျက်စီးသွားလေတော့သည်။ အိမ်များအားလုံး ၊ လူများအားလုံး အစအနမကျန်အောင် တစ်စစီ ဖျက်ဆီးခံလိုက်ရတော့၏။
“ဟူးးးး”
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၀၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။