အခန်း (၁၀၁၃-၁၀၁၄)
Vol. 101 Ch. 1013-1014
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၃)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင် ပူအာလက်ဖက်ရည်ကို ဂရုတစိုက် ဖျော်စပ်နေ၏။ သူ၏ မျက်နှာချင်းဆိုင်၌မူ လှပသော အမျိုးသမီးတစ်ဦး တိတ်ဆိတ်စွာ ထိုင်နေသည်။ အမျိုးသမီးမှာ သူတော်စင်မလေးတစ်ပါးပမာ တည်ငြိမ်အေးချမ်းနေ၏။
သူမသည် အိပ်မက်ဆိုးမင်းသား၏ ဇနီးပင်။ ထို့အပြင် ကံကြမ္မာမိစ္ဆာသခင်၏ မရေမတွက်နိုင်သည့် စော်ကားနှိမ်ချမှုများကို ခံစားခဲ့ရသည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်၏။
"လက်ဖက်ရည် သောက်ပါဦးဗျ" တုပိုင်က ဆိုလိုက်၏။
"အော်... ကောင်းပါပြီ" အိပ်မက်ဆိုးမင်းသား၏ဇနီးက လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။
တုပိုင်က မေးလိုက်၏။ "ခင်ဗျားရဲ့ မျိုးရိုးနာမည်က ကျန်းလား"
အိပ်မက်ဆိုးမင်းသား၏ဇနီးက ခေါင်းညိတ်လျက် ပြန်ဖြေသည်။ "ဟုတ်ပါတယ်... ကျွန်မ နာမည်က ကျန်းရှင်းယန်ပါ"
တုပိုင်က ထပ်မေးလိုက်၏။ "ကမ္ဘာမပျက်ခင်တုန်းက ခင်ဗျား ဘာလုပ်ခဲ့တာလဲ"
အိပ်မက်ဆိုးမင်းသား၏ဇနီးက ပြန်ဖြေလာ၏။ "ကျွန်မက ပညာရေးတက္ကသိုလ်တစ်ခုမှာ ကျောင်းတက်နေခဲ့တာပါ။ ဘွဲ့တော့ မရသေးဘူး။ ကမ္ဘာပျက်ကပ်ကြီးသာ မရောက်လာခဲ့ရင် ကျွန်မက ဆရာမတစ်ယောက် ဖြစ်လာမှာ"
"ခင်ဗျားရဲ့ ယောကျ်ားကရော..."
"သူက မိဘမဲ့ပါ...။ အဘိုးအဘွားတွေနဲ့အတူ ကြီးပြင်းလာခဲ့ရတော့ ပညာလည်း သိပ်မတတ်ခဲ့ဘူး။ အသက် ဆယ့်သုံးနှစ်အရွယ်ကတည်းက ရွာကလူတွေနဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အသက် ၂၃ နှစ်အထိ လိုက်လုပ်ခဲ့ရတာ။ အဲဒီအချိန်မှာ ကမ္ဘာပျက်ကပ်ကြီး ရောက်လာခဲ့တာပဲ"
"ခင်ဗျားတို့ ဘယ်လို တွေ့ခဲ့ကြတာလဲ"
"ကမ္ဘာပျက်ကပ်ကြီး စတင်ချိန်မှာ ကျွန်မက ကျောင်းက သူငယ်ချင်းတွေ ၊ ဆရာ ဆရာမတွေနဲ့အတူ မြို့ပေါ်ကနေ ခေါင်ဖျားတဲ့ တောရွာလေးဆီကို ထွက်ပြေးခဲ့တယ်။ အစပိုင်းမှာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အချိန်နည်းနည်း ကြာလာတဲ့အခါကျတော့ လူတွေရဲ့ ရင်ထဲမှာ ဖုံးကွယ်ထားတဲ့ တိရစ္ဆာန်စိတ်ရိုင်းတွေက ထွက်ပေါ်လာကြတော့တာပဲ။ အရင်က ယဉ်ကျေးသိမ်မွေ့ဟန်ရှိတဲ့ စီနီယာအစ်ကိုကြီးတွေက ရုတ်တရက် သားရဲတွေလို ဖြစ်သွားကြပြီး ကျွန်မတို့လို ရုပ်ရည်ချောမောတဲ့ မိန်းကလေးတွေက လုံးဝကို ဒုက္ခရောက်ခဲ့ရတော့တာပါပဲ။ အဲဒီအချိန်မှာ လူတစ်စုရဲ့ လက်တွင်းကနေ ကျွန်မကို သူက ကယ်တင်ပေးခဲ့တာပါ"
သူမ ပြောနေသည့်သူဆိုသည်မှာ အိပ်မက်ဆိုးအင်ပါယာ၏ မင်းသားပင် ဖြစ်၏။
"အဲဒီအချိန်တုန်းက သူက သွေးမျိုးဆက် နိုးထပြီးပြီလား"
အိပ်မက်ဆိုးမင်းသား၏ဇနီးက ခေါင်းညိတ်လျက် ဆို၏။ "အွန်း... သွေးမျိုးဆက်နိုးထလာသူတွေ အားလုံးထဲမှာ သူက အစွမ်းအထက်ဆုံးလို့တောင် ဆိုနိုင်တယ်။ အဲဒီအချိန်တုန်းက ဥပဒေတွေ ၊ စည်းမျဉ်းစည်းကမ်းတွေဆိုတာ မရှိတော့ဘူးလေ။"
"သွေးမျိုးဆက်နိုးထလာသူတွေက သူတို့ရဲ့ အစွမ်းတွေနဲ့ လုပ်ချင်တိုင်း လုပ်လို့ရနေပြီ... ကိုယ်ပိုင် အင်ပါယာတွေ တည်ထောင်တာပဲဖြစ်ဖြစ် ၊ ကိုယ့်ဆန္ဒတွေကို ဖြည့်ဆည်းတာပဲဖြစ်ဖြစ်ပေါ့။ သူတစ်ယောက်တည်းကသာ အင်အားနည်းတဲ့သူတွေကို တတ်နိုင်သမျှ တိတ်တဆိတ် ကာကွယ်ပေးနေခဲ့တာ။"
"ဒါပေမဲ့ အဲဒီတုန်းက သူ့ကို ကျွန်မက အထင်သေးခဲ့မိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မက အကျင့်စာရိတ္တရော ပညာရေးမှာပါ ထူးချွန်တဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်လေ... ဘွဲ့လွန်ဆက်တက်ဖို့တောင် သေချာနေပြီလေ။ ကျွန်မကိုယ်ကျွန်မ ကောင်းကင်ဘုံက ရွေးချယ်ခံရတဲ့သူလို့ ခံစားခဲ့ရပြီး... သူ့ကိုတော့ ခွန်အားပဲရှိတဲ့ ဆောက်လုပ်ရေးအလုပ်သမားတစ်ယောက်လို့ပဲ မြင်ခဲ့မိတာ"
ထိုအကြောင်းကို ပြောနေစဉ် ကျန်းရှင်းယန်၏ လှပသော မျက်နှာထက်၌ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာ၏။ "မိန်းမတွေက တစ်ခါတလေကျရင် ကြောက်စရာကောင်းလောက်အောင်ကို အပေါ်ယံဆန်ကြတယ်။ သူက ကျွန်မကို ကယ်တင်ခဲ့မဲ့ ကျွန်မက သူ့ရဲ့ အကာအကွယ်ကို ယူထားပေမဲ့ ရင်ထဲမှာတော့ သူ့ကို အထင်သေးနေမိတုန်းပဲ။"
"ပြီးတော့ သူက ကျွန်မကို အရမ်းသဘောကျနေတယ်ဆိုတာကို သူ့မျက်လုံးတွေကို ကြည့်ရုံနဲ့ သိနိုင်တယ်လေ။ တစ်ခါတလေဆို သူက သူ့ဘေးမှာ အိပ်ခိုင်းတာမျိုးလို မတရားတဲ့ တောင်းဆိုမှုတွေများ လုပ်လာမလားဆိုပြီးတော့တောင် ကြောက်နေခဲ့မိသေးတယ်။ အဲဒီအချိန်က ကျွန်မရဲ့ ရင်ဘတ်အနက်ရှိုင်းဆုံးနေရာမှာ တွေးမိတာက... သူက ကျွန်မကို ကယ်တင်ခဲ့ပေမဲ့ ဆောက်လုပ်ရေး အလုပ်သမားတစ်ယောက်နဲ့ အတူအိပ်ရမယ့်အစား ဟိုရုပ်ချောချော ဘွဲ့လွန်ကျောင်းသားရဲ့ အနိုင်ကျင့်တာကို ခံလိုက်ရတာကမှ ပိုကောင်းဦးမယ်လို့ပါပဲ"
တုပိုင်က ဘာမှဝင်မပြောဘဲ သူမအတွက် လက်ဖက်ရည်တစ်ခွက် ထပ်ငှဲ့ပေးလိုက်၏။
ကျန်းရှင်းယန်က ဆက်ပြောသည်။ "ဒါပေမဲ့ သူက ကျွန်မကို ဘယ်တုန်းကမှ အဲဒီလို မတရားတဲ့ တောင်းဆိုမှုတွေ မလုပ်ခဲ့ပါဘူး။ တစ်နေ့ကျတော့ ကျွန်မတို့ စကားပြောဖြစ်ကြတယ်။ ကျွန်မက စာပေဌာနကဆိုတော့ အလှတရားတွေ ၊ ဒဿနိကဗေဒတွေ အကြောင်းကို အထက်စီးကနေ ပြောခဲ့တာပေါ့။ ချူယွမ်အကြောင်းတွေ ပြောပြီးတော့... ပွတ်ရှ်ကင်အကြောင်းတွေကိုပါ ပြောပြခဲ့တယ်။ အဲဒီအခါကျမှ... သူက ဒီအကြောင်းအရာတွေမှာ ကျွန်မထက်ပိုပြီး သိနေတယ်ဆိုတာကို တွေ့လိုက်ရတာပဲ"
"သူက ကျောင်းသိပ်မနေခဲ့ရပေမဲ့ အချိန်ရှိသရွေ့ စာဖတ်နေတတ်တယ်။ ဘာလို့လဲဆိုတော့ စာဖတ်တာကသာ သူ့ရဲ့ လက်တွေ့ဘဝရဲ့ အထီးကျန်မှုနဲ့ နာကျင်မှုတွေကို မေ့ပျောက်သွားစေနိုင်လို့လေ" ကျန်းရှင်းယန်က ဆို၏။ "ကျွန်မလည်း စာအုပ်တွေ အများကြီး ဖတ်ခဲ့ဖူးပါတယ်... ဒါပေမဲ့ အများစုက ဖတ်ရုံသက်သက်ပါပဲ။ ကျွန်မကိုယ်ကျွန်မ ဗဟုသုတကြွယ်ဝတယ်လို့ ထင်ရအောင် ဖတ်ခဲ့တာမျိုးပေါ့။ ဒါကြောင့် ကျွန်မရဲ့ စာပေက အပေါ်ယံပဲရှိပြီး သေချာ တွေးခေါ်ဆင်ခြင်တာမျိုး မရှိခဲ့ဘူး။ သူကတော့ ဖတ်စရာစာအုပ် အကန့်အသတ်ပဲရှိလို့ သေချာတွေးခေါ်ဖို့ အချိန်အများကြီး ရခဲ့တယ်လေ... ဒါကြောင့် သူက ကျွန်မလို အပေါ်ယံ မဟုတ်ခဲ့ဘူးလေ... အရမ်းကို နက်နဲနေခဲ့တာ"
"အဲဒီနောက် စကားတွေ ဆက်ပြောရင်းနဲ့... နောက်ဆုံးကျမှ ကျွန်မ သိလိုက်ရတာက သူက အရမ်းကို အစွမ်းထက်နေပြီဆိုတာပဲ။ သူ့အနေနဲ့ ခွန်အားအာဏာပဲဖြစ်ဖြစ် ၊ မိန်းမလှလှလေးတွေပဲဖြစ်ဖြစ်... သူ့ရဲ့ ဆန္ဒမှန်သမျှကို ဖြည့်ဆည်းဖို့ စွမ်းဆောင်နိုင်နေပြီလေ။ ဒါပေမဲ့ သူ အဲဒီလို မလုပ်ခဲ့တဲ့ အကြောင်းရင်းက အဲဒီထက် ပိုမြင့်မားတဲ့ ရည်မှန်းချက်တစ်ခု ရှိနေလို့ပဲ"
"သူက ဒီကမ္ဘာပျက်ကပ်ကြီးကို အဆုံးသတ်ချင်နေတာ... ကမ္ဘာကြီးကို ကယ်တင်ချင်နေခဲ့တာပါ" ကျန်းရှင်းယန်က ဆိုသည်။ "သူ့ရဲ့ စိတ်ကူးတွေကို ကျွန်မ သဘောကျသွားပြီး သူနဲ့ လက်ထပ်ဖြစ်ခဲ့တယ်။ သူက လူတွေကို ပိုပြီး ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အကြိမ်တိုင်းမှာ ကျရှုံးခဲ့ရတယ်။ အဲဒါက သူ အစွမ်းမထက်လို့ မဟုတ်ပါဘူး... လူ့သဘာဝရဲ့ ရုပ်ဆိုးအကျည်းတန်မှုတွေကြောင့် ဖြစ်ရတာပါ။ သူ ကယ်တင်ခဲ့တဲ့ အဖွဲ့အစည်းက အကြိမ်ကြိမ် ပျက်စီးပြိုလဲခဲ့ရတယ်။ သူ အရမ်းကို နာကျင်ခဲ့ရပါတယ်။ တစ်နေ့မှာ အိပ်မက်ဆိုးဧကရာဇ်က သူ့ရှေ့မှာ နတ်ဘုရားတစ်ပါးလို ပေါ်လာခဲ့ပြီး သူ့ကို မွေးစားသားအဖြစ် လက်ခံလိုက်တဲ့ အချိန်အထိပေါ့။ အဲဒီအချိန်ကစပြီး သူက အိပ်မက်ဆိုးအင်ပါယာရဲ့ မင်းသား ဖြစ်လာခဲ့တော့တာပဲ"
"တောင်းပန်ပါတယ်... ဒါတွေက ရှင်ကြားချင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး" ကျန်းရှင်းယန်က ဆို၏။ "ရှင် တကယ် ကြားချင်တာက ရှင့်ရဲ့ ဇနီး ရန်ယဲ့ရှောင် အကြောင်းမလား"
"မဟုတ်ပါဘူး... ခင်ဗျားရဲ့ ယောကျ်ားအကြောင်းကိုပဲ ကျုပ် ကြားချင်တာပါ" တုပိုင်က ဆိုလိုက်သည်။
ကျန်းရှင်းယန်က ခဏတာ တိတ်ဆိတ်သွားပြီး ဆက်ပြီးတော့ ဆိုလိုက်သည်။ "ဒါပေမဲ့ သူက ကယ်တင်ရှင်တစ်ယောက် မဟုတ်ခဲ့ပါဘူး... ဇာတ်လိုက်နဲ့ ဇာတ်ပို့ ရှိတဲ့ ကမ္ဘာကြီးတစ်ခုလိုပါပဲ... သူက ဇာတ်ပို့တစ်ယောက် သက်သက်ပါပဲ။ တစ်ခါက သူပြောဖူးတယ်... သူက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း အင်တာနက်ပေါ်မှာ ဝတ္ထုတွေ ရေးခဲ့ပေမဲ့... အရေးအသားက စာပေဆန်လွန်းပြီး ဈေးကွက်အကြိုက်ကို မလိုက်လျောချင်တာကြောင့် သိပ်မအောင်မြင်ခဲ့ဘူးတဲ့လေ။"
"အိပ်မက်ဆိုးအင်ပါယာရဲ့ မင်းသား ဖြစ်လာပြီးတဲ့နောက်မှာ သူက သူ့ကိုယ်သူ ဇာတ်လိုက်ဖြစ်လာပြီလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ မဟုတ်ခဲ့ဘူးလေ။ ကမ္ဘာကြီးကို ကယ်တင်ရတဲ့ လုပ်ငန်းစဉ်ကြီးက အိမ်တစ်လုံးသာဆိုရင်... သူက အဲဒီအိမ်ကြီးရဲ့ အုတ်တစ်ချပ်သာ ဖြစ်နေဆဲပါပဲ"
တုပိုင်တစ်ယောက် အိပ်မက်ဆိုးမင်းသား အပေါ် များစွာ လေးစားမိသွားရတော့သည်။ သို့သော် သူ့အနေဖြင့်ဆိုလျှင်မူ သေမည်ဆိုလျှင်တောင် ထိုကဲ့သို့ လုပ်နိုင်မည် မဟုတ်ချေ။ အယောင်ဆောင် လက်နက်ချရန်အတွက် အရှက်ကွဲခံကာ ကိုယ်၌၏ဇနီးကို ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်ထံ ဆက်သပြီး ထိုတိရစ္ဆာန်ကောင်၏ လူမဆန်စွာ စော်ကားဖျက်ဆီးမှုကို ခံစေရမည်ဆိုသည့်အချက်မှာ လုံးဝကို မဖြစ်နိုင်သည့် အရာပင်။
သို့သော်လည်း အိပ်မက်ဆိုးမင်းသားမှာမူ အလွန်တရာ ပြတ်သားလှသည့် လူတစ်ဦး ဖြစ်၏။ ကမ္ဘာကြီးကို ကယ်တင်နိုင်ရန်နှင့် သူ၏ ဘဝတန်ဖိုးကို အကောင်အထည်ဖော်နိုင်ရန်အတွက် သူက မည်သည့်အရာကိုမဆို စွန့်လွှတ်ရဲသည်။ ဤကဲ့သို့သော လူမျိုးက အခြားသူများအပေါ် ရက်စက်တတ်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်ဤဆိုလျှင် ပို၍ပင် ရက်စက်တတ်တတ်ကြသေးသည်။
"မဟာအိပ်မက်ဆိုးက ကြီးမြတ်တဲ့ ရှေ့ဖြစ်ဟောဆရာကြီးတစ်ယောက်ပါ" ကျန်းရှင်းယန်က ဆိုလာ၏။ "ရှေ့ဖြစ်ဟော ဟောတယ်ဆိုတာ ဘာလဲ ရှင်သိလား"
တုပိုင်က ခေါင်းညိတ်လျက် ဆိုသည်။ "ကျုပ် သိပါတယ်"
ထျန်ကျီကျွန်းသခင် မိစ္ဆာအိုကြီးကျန်းတစ်ယောက် ရှေ့ဖြစ်ဟောတွက်ချက်မှု ပညာရပ်များကို အသုံးပြုခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သော်ငြား ယခုအချိန်ထိ သူ၏ မှတ်ဉာဏ်ထဲ၌ ရှင်သန်နေဆဲပင် ဖြစ်၏။
ထို့အပြင် တုပိုင်၏ အနာဂတ်အတွက် ဟောကိန်းထုတ်ခဲ့သည့် အရာများစွာသည်လည်း တစ်ခုပြီးတစ်ခု အမှန်တကယ် ဖြစ်လာခဲ့သည်။ ဥပမာအားဖြင့် တာ့နင်အင်ပါယာ အိမ်ရှေ့စံမင်းသား၏ သစ္စာဖောက်မှု ၊ ရေတွက်၍မရနိုင်သော မသေမျိုးများက ကိုယ့်ကိုယ်ကိုယ်ကို စတေး၍ တုပိုင်အား ကယ်တင်ခဲ့ကြခြင်းနှင့် တုပိုင်တစ်ယောက် အခြားကမ္ဘာတစ်ခုသို့ သွားရောက်ခဲ့ရခြင်းမျိုးပင်။
သို့သော် ရှေ့ဖြစ်ဟော ဟောကိန်းများဆိုသည်မှာ တိကျရေရာမှု မရှိလှဘဲ မြူခိုးများထဲမှ ပန်းပွင့်များကို လှမ်းကြည့်နေရသည့်အလားပင်။ ဥပမာအားဖြင့် တုပိုင်က အခြားကမ္ဘာတစ်ခုသို့ ရောက်သွားခဲ့ခြင်း မဟုတ်ဘဲ အခြားကမ္ဘာတစ်ခု၏ ကျူးကျော်ဖျက်ဆီးခြင်းကို ခံထားရသည့် ခေတ်သစ်ကမ္ဘာမြေသို့ ရောက်ရှိလာခြင်းသာ ဖြစ်နေ၏။
အခြားဥပမာတစ်ခုမှာ အိပ်မက်ဆိုးအင်ပါယာမှ စစ်သည်များနှင့် တစ္ဆေများက မိစ္ဆာတမန်တော်အား အသေခံ တိုက်ခိုက်ခဲ့ကြသဖြင့် ပြီးခဲ့သည့် တိုက်ပွဲ၌ တုပိုင်တစ်ယောက် အနိုင်ရရှိခဲ့ခြင်းမျိုးပင်။ ထို့ကြောင့် အနာဂတ်ဟူသည်မှာ ကြိုတင်ဟောကိန်းထုတ်၍ ရနိုင်သော်ငြား တိကျသေချာမှု မရှိသလို ရှင်းလင်းပြတ်သားမှုလည်း မရှိချေ။
"အိပ်မက်ဆိုးဧကရာဇ်က ကြီးမြတ်တဲ့ ရှေ့ဖြစ်ဟောဆရာကြီးပါ" ကျန်းရှင်းယန်က ဆို၏။ "ဒါကြောင့်... သူက ကမ္ဘာကြီးကို ကယ်တင်ဖို့ မျှော်လင့်ချက် အားလုံးကို ရှင့်အပေါ်မှာ ပုံအပ်ထားခဲ့တာပါ။ ဒါပေမဲ့... သူ့ရင်ထဲမှာတော့ အဆိုးမြင်စိတ်တွေနဲ့ မျှော်လင့်ချက်မဲ့ခြင်းတွေက အပြည့်ဖြစ်နေခဲ့တယ်..."
ထိုအချိန်၌ အိပ်မက်ဆိုးမင်းသား၏ဇနီးမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမ၏ ပါးပြင်ထက်၌ မျက်ရည်ကြောင်းများ စီးကျလာလေတော့၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၃) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ရှေ့ဖြစ်ဟောဆရာ ၊ ဗေဒင်ဆရာ အတူတူပဲဗျ။ အရင်က အတွေ့အကြုံနုသေးတော့ ဗေဒင်ဆရာ သုံးခဲ့မိတယ်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၄)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက စကားဆက်လာသည်။ “အရှင်မင်းမြတ်က ရှေ့ဆက်ရမယ့် အနာဂတ်အပေါ်ကို အရမ်း အဆိုးမြင်နေခဲ့တာ... ဒါကြောင့်... ရန်ယဲ့ရှောင်ကို ကြိုလွှတ်လိုက်တာပဲ...။ ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က အိပ်မက်ဆိုးအင်ပါယာကို မတိုက်ခိုက်ခင်မာတင် ရန်ယဲ့ရှောင်ကို မြင့်မြတ်နယ်မြေဆီ ကြိုလွှတ်လိုက်တာ...”
ဤသည်မှာ တုပိုင်အတွက် မြင့်မြတ်နယ်မြေဟူသည့် နာမည်အား ဒုတိယအကြိမ်မြောက် ကြားဖူးခြင်းပင်။
တုပိုင် သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ “မြင့်မြတ်နယ်မြေဆိုတာ ဘာလဲ... မြင့်မြတ်နယ်မြေက ဘယ်မာ ရှိတာလဲ...”
အိပ်မက်ဆိုးမင်းသား၏ဇနီးက ဆိုလာ၏။ “ကျွန်မ မသိဘူး...။ ဒီကမ္ဘာကြီးရယ်... ဒီဟင်းလင်းပြင်ကြီးရယ်... ပြီးတော့ ကျွန်မတို့ ပတ်ဝန်းကျင်က ကမ္ဘာတွေနဲ့ ဟင်းလင်းပြင်တွေ အားလုံးက ပျက်စီးသွားခဲ့ပြီ... အကုန်လုံး သေဆုံးသွားခဲ့ကြပြီလေ...”
မှန်ပေသည်။ အရာအားလုံး သေဆုံးနေခဲ့ပြီ ဖြစ်၏။
တုပိုင်တစ်ယောက် အရှေ့ကမ္ဘာခြမ်းအား မိစ္ဆာများလက်မှ ကယ်တင်နိုင်ခဲ့၍ လူသားသန်းဆယ်ချီ အသက်ရှင်ကျန်ရစ်ခဲ့သည် ဆိုလျှင်ပင်... ဤကုန်းမြေကြီးက သေဆုံးနေဆဲ နေရာတစ်ခုသာ ဖြစ်နေသေးသည်။ အပင်အများအပြား သေဆုံးသွားခဲ့ရပြီး ကျန်ရစ်သည့် အပင်များမှာလည်း မျိုးဗီဇပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။
ကောင်းကင်ယံက အမြဲလိုလို မီးခိုးရောင်သန်းနေတတ်ပြီး ကမ္ဘာမြေကြီးသည်လည်း အစဉ်အမြဲ ခြောက်သွေ့ကာ လွင်တီးခေါင် ဖြစ်နေရ၏။
အသက်စွမ်းအင်များ ပြန်လည်ပြည့်ဝလာစေရန်အတွက် နှစ်ရာချီမှသည် နှစ်ထောင်ချီအထိ အချိန်ယူရပေလိမ့်မည်။
ထို့အပြင် ရေတွက်၍မရနိုင်သည့် မိစ္ဆာများက ကမ္ဘာမြေ၏ အသက်စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူဝါးမျိုနေကြဆဲပင်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် နောင်နှစ်အနည်းငယ် အကြာ၌ ကမ္ဘာမြေကြီးမှာ လုံးဝသေဆုံးနေသည့် ဂြိုဟ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကာ ရေနှင့် သက်ရှိများအားလုံး ပျောက်ကွယ်သွားပြီး အင်္ဂါဂြိုဟ်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
အိပ်မက်ဆိုးမင်းသား၏ဇနီး ကျန်းရှင်းယန်က ဆို၏။ “မြင့်မြတ်နယ်မြေဆိုတာ ကမ္ဘာတွေနဲ့ ဟင်းလင်းပြင်တွေ အားလုံးထဲမာ မိစ္ဆာတွေရဲ့ ညစ်ညမ်းမှုကနေ ကင်းလွတ်နေတဲ့ တစ်ခုတည်းသော နေရာ...။ အသက်စွမ်းအင်တွေ ပြည့်နှက်နေတဲ့ တစ်ခုတည်းသော နေရာ...။ လုံးဝကို ဘေးကင်းလုံခြုံတဲ့ တစ်ခုတည်းသော နေရာ...။ ပြီးတော့ မိစ္ဆာတွေရဲ့ ကျူးကျော်မှုကို ခုခံနိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော နေရာပဲ...။ ကမ္ဘာကြီး တစ်ခုလုံးမာ မြင့်မြတ်နယ်မြေထဲ ဝင်ခွင့်ရှိတဲ့သူဆိုလို့ မဟာအိပ်မက်ဆိုး တစ်ယောက်တည်းပဲ ရှိတာ...။ ဒါပေမဲ့ သူက အဲဒီအခွင့်အရေးကို ရှင့်ရဲ့ဇနီး ရန်ယဲ့ရှောင်ကို ပေးလိုက်တယ်လေ...”
ထိုအကြောင်းအား ပြောနေစဉ် ကျန်းရှင်းယန်တစ်ယောက် ငိုကြွေးလာတော့၏။ “ဘာလို့လဲ... ဘာလို့လဲ... ဘာလို့ ကျွန်မရဲ့ ယောကျ်ားက အရှက်ကွဲခံပြီး ဟန်ဆောင်လက်နက်ချရတာလဲ...။ ဘာလို့ ကျွန်မကို စတေးရမာလဲ...။ ဘာလို့ ကျွန်မက ဟိုတိရစ္ဆာန်ကောင် ကျောက်ယန်ဖိန်ရဲ့ အစော်ကား အနှိပ်စက် ခံရတာလဲ...။ ဘာလို့ ကျွန်မက သေချင်တာတောင် သေလို့မရဘဲ ရှင်နေရတာလဲ...။ ဘာလို့ ရန်ယဲ့ရှောင်ကျမှ မြင့်မြတ်နယ်မြေကို သွားခွင့်ရတာလဲ...”
မတရားချေ။ တကယ်ကို မတရားလှပေ။
အိပ်မက်ဆိုးမင်းသား၏ဇနီး ကျန်းရှင်းယန်မှာ အော်ဟစ် ငိုကြွေးနေမိ၏။ သူမအနေဖြင့် စွန့်လွှတ်အနစ်နာခံရန် ဆန္ဒမရှိမသည် မဟုတ်ချေ။ သို့သော် ဤကဲ့သို့ မတရားသည့် ဆက်ဆံခံရမှုက သူမအား အလွန်တရာ နာကျင်စေခဲ့သည်။
တုပိုင်ကမူ ဆက်မပြောဘဲ သူမအတွက် လက်ဖက်ရည်ကိုသာ ဆက်ငှဲ့ပေးနေလိုက်သည်။
အချိန်အတော်ကြာပြီးနောက် အိပ်မက်ဆိုးမင်းသား၏ဇနီးမှာ ငြိမ်သက်သွားတော့၏။
ကျန်းရှင်းယန်က ဆိုသည်။ “ကျွန်မ စတေးခံဖို့ ဆန္ဒရှိပါတယ်...။ အထူးသဖြင့် အစ်မကြီး ရန်ယဲ့ရှောင်အတွက်ဆို ပိုတောင် ဆန္ဒရှိပါသေးတယ်...။ သူက ဒီလောကမာ အကောင်းဆုံး လူသားတစ်ယောက်ဖြစ်သလို... အတော်ဆုံး လူတစ်ယောက်လည်း ဖြစ်တယ်...။ မြင့်မြတ်နယ်မြေကို သွားတာက သူလွတ်မြောက်ဖို့ သက်သက် မဟုတ်ဘူး... ကယ်တင်ဖို့အတွက်ပါ...။ သူက ကမ္ဘာကြီးကို ကယ်တင်ဖို့... လုံးဝ မဖြစ်နိုင်တဲ့ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဖို့ သွားခဲ့တာ...”
ကျန်းရှင်းယန်က ဆက်ပြောလာ၏။ “ကျွန်မ ယောကျ်ားက ရဲရင့်တယ်... ဖြောင့်မတ်တယ်... ကြီးမြတ်တယ်... ပြီးတော့ စတေးခံရဲတဲ့ သတ္တိလည်း ရှိတယ်...။ ဒါပေမဲ့ သူက အရမ်းကို ကြီးမြတ်လွန်းနေတယ်...။ သူ့ကိုယ်သူ စတေးရဲရုံတင်မကဘူး... ကိုယ့်ဇနီးသည်ကိုတောင် စတေးရဲတဲ့အထိပဲ...။ အဲဒီလို ကြီးမြတ်မှုမျိုးက လူမဆန်သလို ခံစားရတယ်...။ အစ်မကြီး ရန်ယဲ့ရှောင်ကတော့ မတူဘူး...။ သူမှာက လူသားဆန်တဲ့ မေတ္တာတရားရှိသလို ရည်မှန်းချက်လည်း ကြီးတယ်...။ သူက ဒီလောကမာ အမြင့်မြတ်ဆုံး လူတစ်ယောက်ပါပဲ...”
တုပိုင်က မေးလိုက်သည်။ “သူ မြင့်မြတ်နယ်မြေဆီကို သွားခဲ့တာ ဘယ်လောက်ကြာပြီလဲ...”
ကျန်းရှင်းယန်က ဖြေ၏။ “ခုနစ်နှစ်ပါ...။ ကံကြမ္မာမိစ္ဆာသခင်က သန်းနဲ့ချီတဲ့ မိစ္ဆာစစ်တပ်ကြီးကို ဦးဆောင်ပြီး အိပ်မက်ဆိုးအင်ပါယာကို လာတိုက်တော့မယ်လေ...။ အိပ်မက်ဆိုးဧကရာဇ်က အဲဒီသတင်းကို အပြင်လူတွေ မသိအောင် ဖုံးကွယ်ထားပြီး အစ်မကြီး ရန်ယဲ့ရှောင်ကို တိတ်တဆိတ် သွားပြောခဲ့တာ...။ ကမ္ဘာကြီးရဲ့ အခြေအနေက မျှော်လင့်ချက်မဲ့နေပြီလို့ သူက ပြောတယ်...။”
“ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က မြင့်မြတ်နယ်မြေမာပဲ ရှိတယ်... ဒါကြောင့် အစ်မကြီး ရန်ယဲ့ရှောင်ကို မြင့်မြတ်နယ်မြေဆီ သွားခိုင်းလိုက်တာပဲ...။ ဆိုလိုတာက သူကိုယ်တိုင် အစွမ်းထက်လာပြီး ဒီကမ္ဘာပျက်ကပ်ကြီးကို ကယ်တင်ဖို့ ပြန်လာတာပဲဖြစ်ဖြစ်... ဒါမှမဟုတ် မြင့်မြတ်နယ်မြေက စစ်တပ်ကြီးကို ဦးဆောင်ပြီး ကမ္ဘာမြေဆီ ပြန်လာတာပဲဖြစ်ဖြစ်ပေါ့...”
တုပိုင်က ဆိုလိုက်၏။ “ဒါပေမဲ့ အခုအချိန်အထိ မအောင်မြင်သေးဘူးပေါ့...”
ကျန်းရှင်းယန်က ခေါင်းညိတ်သည်။ “ဟုတ်တယ်... ပြီးတော့ မဟာအိပ်မက်ဆိုးကလည်း အဲဒီအပေါ်မာ ဘာမျှော်လင့်ချက်မှ မထားပါဘူး...။ သူက အစ်မကြီး ရန်ယဲ့ရှောင်ကို ဘေးကင်းစေချင်ရုံ သက်သက်ပါပဲ...”
မြင့်မြတ်နယ်မြေသည် မည်သည့်နေရာ၌ ရှိနေသည်နည်း။ မည်သို့သွားရမည်နည်း။ ထိုအကြောင်းအား အိပ်မက်ဆိုးဧကရာဇ်က မည်သူ့ကိုမျှ မပြောပြခဲ့ချေ။ အိပ်မက်ဆိုးမင်းသားလည်း မသိသကဲ့သို့ သူ၏ဇနီးဖြစ်သူလည်း မသိချေ။
တုပိုင်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီးနောက် အိပ်မက်ဆိုးမင်းသား၏ဇနီးကိုလည်း တစ်ခွက် ငှဲ့ပေးလိုက်သည်။
တုပိုင်က ဆိုလိုက်၏။ “ခင်ဗျားကိုရော... ခင်ဗျားရဲ့ ယောကျ်ားကိုပါ ကျုပ် လေးစားတယ်...။ ကျုပ်က ခင်ဗျားတို့အတွက် သေချာပေါက် ကလဲ့စားချေပေးမယ်...”
**--**--**--**--**--**--**--**
“ကိုးဆယ့်ရှစ်ရာခိုင်နှုန်း...”
“ကိုးဆယ့်ကိုးရာခိုင်နှုန်း...”
“တစ်ရာရာခိုင်နှုန်း...”
လှပချစ်စရာကောင်းသည့် ကောင်မလေး တုရှောင်က ပြေးလာပြီး တုပိုင်၏ ရင်ခွင်ထဲသို့ ဝင်ကာ ကိုအာလာဝက်ဝံလေးတစ်ကောင်ပမာ တွယ်ကပ်ထားလိုက်ရင်း ဆိုလာ၏။ “ပြီးသွားပြီ... ပြီးသွားပြီ...။ ဖေဖေ... စကြာဝဠာအစီအရင် ပြီးသွားပြီ...။ မိစ္ဆာစစ်တပ်ကြီး လာသေမယ့်အချိန်ကိုပဲ စောင့်နေဖို့လိုတော့တယ်...”
ကောင်မလေးမှာ မကြာသေးမီက ကာတွန်းကားများကို သေချာကြည့်ထားပုံရလေ၏။ တုပိုင်က သူမ၏ ခေါင်းလုံးလုံးလေးအား အသာအယာ ပုတ်ပေးရင်း ဆိုလိုက်သည်။ “အရမ်းတော်တာပဲ...”
ကောင်မလေးက တုပိုင်၏ ပါးအား နမ်းပြီးနောက် ခုန်ပေါက်ကာ ထွက်သွားတော့၏။ “ဒါဆို သမီး ကာတွန်းကား သွားကြည့်တော့မယ်...”
ဖန်းချင်းယီကမူ ထွက်သွားသည့် တုရှောင်၏ ကျောပြင်အား အားကျစွာ ကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။ “ငါလည်း အိုနေပါပြီလေ...”
တုပိုင်က သူမ၏ အပြောအား လိုက်လံခံစားမနေတော့ဘဲ အရှေ့ဘက် ကောင်းကင်ယံဆီသို့သာ ငေးမောကြည့်နေလိုက်၏။
ဖန်းချင်းယီက မေးလိုက်သည်။ “ဘာလို့ အသုဘမျက်နှာကြီး လုပ်နေတာလဲ...။ စကြာဝဠာ မိစ္ဆာသတ်အစီအရင်က ပြီးသွားပြီလေ... ကျွန်မတို့က ကျောက်ယန်ဖိန်ရဲ့ သန်းချီတဲ့ မိစ္ဆာစစ်တပ်ကြီးကို အပြတ်အသတ် ချေမှုန်းဖို့ အဆင်သင့်ဖြစ်နေပြီ...”
တုပိုင်မှာ ဘာမျှ ဝင်မပြောသေးချေ။
မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီက ဆက်ပြောလာသည်။ “တုပိုင်... ရှင်က တကယ်ကို လေးစားဖို့ကောင်းတဲ့သူပါ... တကယ်ပြောတာပါ...။ ပြီးခဲ့တဲ့ မိစ္ဆာတမန်တော်နဲ့ တိုက်ပွဲမာ အဲဒီလောက် မျှော်လင့်ချက်မဲ့ပြီး ခက်ခဲနေခဲ့တာတောင် ရှင်က တောင့်ခံထားပြီး စကြာဝဠာ မိစ္ဆာသတ်အစီအရင်ကို ထုတ်မသုံးခဲ့ဘူးလေ...။ အခုလို သန်းချီတဲ့ မိစ္ဆာစစ်တပ်ကြီးကို တစ်ခါတည်း အပြတ်ရှင်းဖို့အတွက် သက်သက်နဲ့ပေါ့...”
တုပိုင်က ဆိုလိုက်၏။ “ကျောက်ယန်ဖိန်ဆိုတဲ့ တိရစ္ဆာန်ကောင်ကို ဘယ်လိုသတ်ရမလဲဆိုတာ ကျုပ် တွေးနေတာပါ...”
**--**--**--**--**--**--**--**
မိစ္ဆာများသည် မြေပြင်ပေါ်၌ မနေထိုင်ကြဘဲ မြေအောက်၌သာ နေထိုင်ကြသည်။ အကြောင်းမှာ သူတို့က ကမ္ဘာမြေ၏ ဗဟိုချက်မှ စွမ်းအင်များအား ရူးသွပ်စွာ စုပ်ယူဝါးမျိုလေ့ရှိပြီး ထိုမှတစ်ဆင့် ပို၍ အစွမ်းထက်လာကြသောကြောင့်ပင်။ ထို့အတွက်ကြောင့် မိစ္ဆာများ၏ အသိုက်မှာ မြေအောက် အနက်ရှိုင်းဆုံး နေရာများ၌သာ ရှိတတ်ကြ၏သည်။
ယခုအကြိမ်၌ တုပိုင်က ကျောက်ယန်ဖိန်အား အောင်မြင်စွာ ဒေါသဆွပေးနိုင်ခဲ့ပြီဖြစ်ရာ ကျောက်ယန်ဖိန်က သူ၏ လက်အောက်ရှိ သန်းချီသော မိစ္ဆာစစ်တပ်ကြီးကို စေလွှတ်လိုက်တော့သည်။
မိုင်ရာချီ ကျယ်ဝန်းလှသည့် ပင်လယ်ရေပြင်ကြီးမှာ သိပ်သည်းများပြားလှသည့် မိစ္ဆာများဖြင့် လုံးဝ ဖုံးလွှမ်းသွားရသည်။ သူတို့၏ ပျံသန်းနှုန်းမှာလည်း အလွန်လျှင်မြန်လှပြီး တစ်နာရီလျှင် ကီလိုမီတာ တစ်ထောင်ကျော်အထိ ရှိနေကြသည်။
ငါးနာရီအတွင်း၌မှာပင် သူတို့က ပင်လယ်ပြင်အား ဖြတ်ကျော်ပျံသန်းလာပြီး ထိုက်ခန်အင်ပါယာ၏ အရှေ့ဘက်နယ်မြေများဆီသို့ ဝင်ရောက်လာကြတော့၏။ ထိုက်ခန်အင်ပါယာ၏ အရှေ့ဘက်၌ မြို့ကြီးများနှင့် အခြေချနေထိုင်ရာ နေရာများစွာရှိပြီး အနည်းဆုံး လူဦးရေ နှစ်သန်းကျော် ရှိနေကြသည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၄) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။