← Chapters

အခန်း (၁၀၁၇-၁၀၁၈)

Vol. 101 Ch. 1017-1018

အခန်း (၁၀၁၇-၁၀၁၈)

Vol. 101 Ch. 1017-1018

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၇)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ကျောက်ယန်ဖိန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေလျက် အော်ဟစ်လိုက်၏။ "ဒီရုပ်ရှင်ကားကြီးက သေချာပေါက်ကို နာမည်ကြီးမာ... သေချာပေါက်ကို ကမ္ဘာကျော်မာ..."

ထို့နောက် ကျောက်ယန်ဖိန်က အမိန့်ပေးလိုက်၏။ "ကျန်းရှောင်မန်... လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ထား...။ တုပိုင်ကို ဖမ်းမိတာနဲ့ မင်း ဝင်ပါရမယ်...။ ပြီးရင် တုပိုင်နဲ့ သူ့သမီးကို သံမဏိကြာပွတ်နဲ့ ရိုက်ရမာနော်... နားလည်လား..."

ကျန်းရှောင်မန်က ဆူးများပါသည့် သံမဏိကြာပွတ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး တုံ့ပြန်လိုက်၏။ "ဟုတ်ကဲ့ပါ..."

ထို့နောက် ကံကြမ္မာမိစ္ဆာသခင်က ဆက်ပြော၏။ "ပရိသတ်မရှိရင် ဘယ်လောက်ပဲ ကောင်းတဲ့ ပြဇာတ်ဖြစ်နေပါစေ အသက်ဝင်မာ မဟုတ်ဘူး...။ ထိုက်ခန်အင်ပါယာ အရှေ့ဘက်ပြည်နယ်က ဘုရင်ခံနဲ့ သူ့စစ်တပ် ၅၀,၀၀၀ ရောက်ပြီလား...။ သူတို့က ငါတို့ပြဇာတ်ရဲ့ ပရိသတ်တွေပဲ..."

မိစ္ဆာနယ်စားတစ်ဦးက ဖြေကြားလိုက်သည်။ "ရောက်ပါပြီ..."

ထို့နောက် မိစ္ဆာစစ်သည်များက အရှေ့ဘက်ပြည်နယ် ဘုရင်ခံနှင့် သူ၏ စစ်သည် ၅၀,၀၀၀ ကို မြေပြင်ပေါ်၌ သပ်ရပ်စွာ နေရာချပေးလိုက်ကြ၏။ ထိုသူများကို ထိုက်ခန်အင်ပါယာပျက်စီးမည့် ပြဇာတ်အား ကြည့်ရှုမည့် ပရိသတ်များအဖြစ် အတင်းအကျပ် နေရာယူစေခြင်းပင်။

ကျောက်ယန်ဖိန်က အမိန့်ပေးလိုက်သည်။ "မင်းတို့ရဲ့ တာဝန်က ပရိသတ်ကောင်း ပီသဖို့ပဲ... ထိုက်ခန်အင်ပါယာက လူတွေအားလုံး သေတဲ့အချိန်မာ လက်ခုပ်တီးဖို့ မမေ့နဲ့... နားလည်လား..."

ထိုက်ခန်အင်ပါယာ အရှေ့ဘက်ပြည်နယ်၏ ဘုရင်ခံက ဒူးထောက်ချလိုက်ရင်း ဆို၏။ "ဟုတ်ကဲ့ပါ အရှင်မင်းမြတ်... အာ... မဟုတ်ဘူး... ဒါရိုက်တာကြီး..."

ကံကြမ္မာမိစ္ဆာသခင်က စိတ်ကျေနပ်စွာဖြင့် အော်ဟစ်လိုက်၏။ "အဖွဲ့အားလုံး အသင့်ပြင်... ရုပ်သံဖမ်းစက်တွေ အားလုံး အသင့်ပြင်... ငါတို့ ဒါကို နောက်တစ်ခေါက် ပြန်မရိုက်နိုင်ဘူး... လုံးဝ အမှားခံလို့ မရဘူး..."

မိစ္ဆာစစ်သည်များအားလုံးက ပြိုင်တူ ဖြေကြားလိုက်ကြ၏။ "ဟုတ်ကဲ့ပါ..."

မိစ္ဆာသခင် ကျောက်ယန်ဖိန်က ဆက်ပြောသည်။ "လူသားတွေ မျိုးသုဉ်းပျက်စီးခြင်းရဲ့ အဓိကသော့ချက်က ချက်ချင်း အပြတ်ရှင်းနိုင်ဖို့ပဲ... မင်းတို့ နားလည်လား...။ တစ်စက္ကန့်အတွင်းမာ ထိုက်ခန်အင်ပါယာရဲ့ မြို့တော်ကို ဖျက်ဆီးပြီး အဲဒီထဲက လူသားအားလုံးကို သတ်ပစ်ရမယ်...။ နောက်တစ်စက္ကန့်အတွင်းမာပဲ တုပိုင်နဲ့ သူ့ဇနီးတွေ၊ သမီးတွေကို ဖမ်းဆီးရမယ်... နားလည်လား..."

မိစ္ဆာများက ဖြေကြားလိုက်၏။ "ဟုတ်ကဲ့ပါ..."

ကျောက်ယန်ဖိန်က သတိပေးလိုက်သည်။ "တစ်စက္ကန့်ထက် ပိုကြာသွားရင် ငါ မင်းတို့ကို သတ်ပစ်မိလိမ့်မယ်..."

"ဟုတ်ကဲ့ပါ..."

ထို့နောက် ကျောက်ယန်ဖိန်က အမိန့်ပေးလိုက်၏။ "ကောင်းပြီ... အခု မိစ္ဆာစစ်တပ်အားလုံး နေရာယူကြတော့...။ ငါတို့က ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းမျိုးကို ဖန်တီးရမယ်...။ မင်းတို့က မိစ္ဆာစစ်တပ်ဖြစ်တဲ့အတွက် ကမ္ဘာမြေကို ဖျက်ဆီးမယ့် မှောင်မိုက်ပျက်စီးခြင်း အငွေ့အသက်မျိုးကို ပေးစွမ်းနိုင်ရမယ်..."

"နေရာယူကြ..."

အမိန့်သံနှင့်အတူ နှစ်သန်းနီးပါးရှိသည့်​ မိစ္ဆာစစ်တပ်ကြီးက ရုတ်တရက် လူစုခွဲလိုက်ပြီး လျင်မြန်စွာ နေရာယူကာ ထိုက်ခန်အင်ပါယာ၏ မြို့တော်ကို ကောင်းကင်ယံမှ ဝိုင်းရံလိုက်ကြ၏။

ဝိုင်းရံထားသည့် ပုံစံမှာ သုံးဖက်မြင် လှေကားထစ်ပုံစံ ဖြစ်နေသည်။ ထိုသို့ ပြင်ဆင်ထားသည့်အတွက် ရုပ်သံဖမ်းစက်များမှ ရိုက်ကူးထားသည့် ပုံရိပ်များမှာ အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေ၏။

ဆယ့်ငါးမိနစ် ကြာပြီးနောက် နှစ်သန်းနီးပါးရှိသည့် အလွန်တရာ အစွမ်းထက်လှသော မိစ္ဆာစစ်တပ်ကြီးမှာ နေရာယူပြီးသွားလေပြီ။ သူတို့သည် ထိုက်ခန်အင်ပါယာ၏ မြို့တော်ကို လွတ်ပေါက်မရှိ ဝိုင်းရံထားသည့် လေးထောင့်စတုရန်း လှေကားထစ်ကြီးတစ်ခုနှင့် တူနေ၏။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က ရုပ်သံဖမ်းစက်ထဲမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ ကျေနပ်စွာဖြင့် ဆိုလိုက်၏။ "ဒီမြင်ကွင်းက တော်တော်ကောင်းတယ်..."

"ပိတ်ဆို့ထားတဲ့ အဝန်းအဝိုင်းကို ကျဉ်းလိုက်ကြစမ်း..."

ကျောက်ယန်ဖိန်က အမိန့်ပေးလိုက်၏။

ရုတ်တရက် နှစ်သန်းနီးပါးသော မိစ္ဆာစစ်တပ်ကြီးသည် ရှေ့သို့ တပြိုင်နက် တိုးကပ်သွားကြရာ ထိုက်ခန်အင်ပါယာ၏ မြို့ရိုးနှင့် ဆယ်မီတာအကွာအဝေးမျှသာ ကွာဝေးတော့၏။

ထိုက်ခန်အင်ပါယာအတွင်းရှိ မရေမတွက်နိုင်သော လူသားများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အမှောင်ထုကြီး ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပင် သတိလစ်မေ့မြောသွားကြလေတော့၏။

မရေမတွက်နိုင်သော လူများမှာ အလွန်အမင်း ကြောက်ရွံ့မှုကြောင့် အစာအိမ်ကြွက်တက်ကာ အန်ထုတ်ကုန်ကြရသည်။

အကြောင်းမှာ နှစ်သန်းနီးပါးသော မိစ္ဆာစစ်တပ်ကြီးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်လွန်းနေသောကြောင့်ပင်။ ထိုက်ခန်အင်ပါယာ မြို့တော်အတွင်းရှိ သိန်းနှင့်ချီသော လူများမှာ ဤမိစ္ဆာစစ်တပ်ကြီး၏ ရှေ့တွင် ပုရွက်ဆိတ်များပင် မဟုတ်တော့ချေ။

ကျောက်ယန်ဖိန်သည် အစမှအဆုံးတိုင် တုပိုင်အား တည့်တည့်မကြည့်ခဲ့သလို စကားတစ်ခွန်းမျှလည်း မဆိုခဲ့ချေ။ သူ့အတွက်မူ ရုပ်ရှင်ရိုက်ခြင်းက အရေးကြီးဆုံးဖြစ်ပြီး လူသားများ မျိုးသုဉ်းပျက်စီးခြင်းက သူ၏ ကြီးကျယ်ခမ်းနားလှသော အချစ်ရုပ်ရှင်အတွက် အစပျိုးမှုတစ်ခုမျှသာ ဖြစ်ပုံရ၏။

သူ့အတွက် တုပိုင်သည် ရုပ်ရှင်ထဲမှ ဇာတ်ဝင်ပစ္စည်းတစ်ခုနှင့်သာ တူလေ၏။ မည်သည့် ဒါရိုက်တာမဆို ရုပ်ရှင်ရိုက်သည့်အခါ ဇာတ်ဝင်ပစ္စည်းများကို စကားမပြောတတ်သလို နောက်ခံအရံသရုပ်ဆောင်များနှင့်လည်း သီးသန့် စကားပြောလေ့မရှိချေ။

သူသည် တုပိုင်၏ ဇနီးများနှင့် သမီးကိုသာ စိတ်ဝင်စားနေ၏။ အကြောင်းမှာ သူ ထိုရုပ်ရှင်များကို ကြည့်သည့်အခါ မင်းသမီးများကိုသာ အာရုံစိုက်ပြီး မင်းသားများကို လုံးဝ ဂရုမစိုက်သောကြောင့်ပင်။

**--**--**--**--**--**--**--**

"မိစ္ဆာစစ်တပ် အသင့်ပြင်..."

"ငါ ထပ်ပြောမယ်... အမှားခံလို့ မရဘူး... နောက်တစ်ခေါက် ပြန်ရိုက်လို့မရဘူး..."

"ချက်ချင်းသတ်... ချက်ချင်းသတ်... တစ်စက္ကန့်အတွင်းမာ ထိုက်ခန်အင်ပါယာရဲ့ မြို့တော်ကို ဖျက်ဆီးပြီး လူသားအားလုံးကို သတ်ပစ်... တစ်စက္ကန့်ထက် ပိုကြာသွားရင် ငါတို့ရဲ့ ပြဇာတ်က ကျရှုံးသွားလိမ့်မယ်..."

"ငါ ရေတွက်တော့မယ်..."

"ငါး..."

"လေး..."

"သုံး..."

ထိုက်ခန်အင်ပါယာ မြို့တော်အတွင်းရှိ မရေမတွက်နိုင်သည့် လူသားများမှာ သေဆုံးခြင်းနှင့် မျိုးသုဉ်းပျက်စီးခြင်းကို စောင့်ဆိုင်းရင်း မျက်လုံးများကို မှိတ်ထားလိုက်ကြ၏။

တုပိုင်၏ ဝှက်ဖဲဖြစ်သည့် စကြာဝဠာ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင် အကြောင်းကိုမူ လူအနည်းငယ်ကသာ သိရှိထားကြသည်။ လူအများစုအတွက်မူ ဤစစ်ပွဲသည် မျှော်လင့်ချက်ကင်းမဲ့နေလေပြီ။

၅ သောင်းသာရှိခဲ့သည့် မိစ္ဆာစစ်တပ်ကိုပင် ယှဉ်တိုက်နိုင်စွမ်းမရှိရာ ယခုကဲ့သို့ နှစ်သန်းနီးပါးကိုဆိုလျှင် ပြောစရာပင် လိုမည်မဟုတ်တော့ချေ။

တစ်ချိန်တည်းမှာပင် တုပိုင်သည်လည်း စိတ်ထဲမှနေ၍ ရေတွက်နေ၏။

"သုံး... နှစ်... တစ်..."

ကျောက်ယန်ဖိန်က ရေတွက်မှု ပြီးဆုံးသွားသောအခါ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ရုပ်သံဖမ်းစက်များ အားလုံးသည် နေရာအသီးသီးကို ချိန်ရွယ်ထားပြီး အသေးစိတ်တိုင်းကို စတင်ရိုက်ကူးနေကြပြီဖြစ်သည်။

ဤသည်ကား လူသားများ မျိုးသုဉ်းပျက်စီးမည့် ကြီးကျယ်ခမ်းနားသော ပြဇာတ်ကြီးပင်။

မြေပြင်ပေါ်၌ အရှေ့ဘက်ပြည်နယ် ဘုရင်ခံသည် သူ၏ စစ်တပ် ငါးသောင်းကို ဦးဆောင်ကာ ပြဇာတ်ကြီး၏ ပရိသတ်များအဖြစ် မြင်ကွင်းကို အသက်ရှူမှားမတတ် စောင့်ကြည့်နေကြ၏။

ကျောက်ယန်ဖိန်က အော်ဟစ်လိုက်၏။ "လူသားတွေ မျိုးသုဉ်းပျက်စီးခြင်း စတင်ပြီ... ချက်ချင်းသတ်..."

"ဝုန်းးး"

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်၏ အမိန့်နှင့်အတူ. နှစ်သန်းနီးပါးရှိသည့် မိစ္ဆာစစ်တပ်ကြီးသည် ရုတ်ချည်း အရိပ်မည်းပေါင်း နှစ်သန်းနီးပါးအဖြစ်သို့ ပြောင်းလဲသွားကာ လျှပ်စီးသဖွယ် ထိုက်ခန်အင်ပါယာ၏ မြို့တော်အတွင်းသို့ ပြေးဝင်သွားပြီး အလွန်တရာ အစွမ်းထက်လှသည့် တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။

ချက်ချင်း သတ်ပစ်ခြင်း... ဤသည်မှာ သူတို့ရရှိထားသည့် တစ်ခုတည်းသော အမိန့်ပင် ဖြစ်၏။ တစ်စက္ကန့်အတွင်း တုပိုင်၏ လက်အောက်ရှိ စစ်တပ်နှင့် လူသားအားလုံး သေဆုံးသွားရမည်ဖြစ်သည်။

ရုတ်တရက်... နှစ်သန်းနီးပါးရှိသည့် မိစ္ဆာများထံမှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုစွမ်းအားသည် နျူကလီးယားဗုံးထက်ပင် များစွာ သာလွန်နေပြီး ထိုက်ခန်အင်ပါယာရှိ လူသားအားလုံးကို ချက်ချင်း အကြိမ်တစ်ထောင် သတ်ပစ်ရန် လုံလောက်နေ၏။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်သည် မျက်လုံးများကို မှိတ်ထားကာ ထိုမြင်ကွင်းကို တွေယရင်း တစ်ကိုယ်လုံး တုန်ယင်နေလေ၏။

ထိုအချိန်၌ပင်... တုပိုင်က စိတ်ဝိညာဉ်ဆက်သွယ်မှုမှတစ်ဆင့် အော်ဟစ်အမိန့်ပေးလိုက်၏။ "စကြာဝဠာ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင် ပွင့်စေ... အကုန် သတ်ပစ်လိုက်စမ်း..."

"ဝုန်းးး"

ရုတ်တရက် ဆိုသလိုပင် ထိုက်ခန်အင်ပါယာ နန်းတော်၏ အထက်၌ နေမင်းတစ်စင်း ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ထိုသည်မှာ စွမ်းအင်ဥက္ကာခဲ ၃၃ ခုနှင့် နဂါးဝိညာဉ်၏ စွမ်းအင်ပေါက်ကွဲမှုပင် ဖြစ်သည်။

ရွှေရောင်အလင်းတန်းသည် နေမင်းထက် အဆပေါင်းတစ်ထောင်မက ပို၍ တောက်ပနေ၏။ မွန်မြတ်ပြီး အစွမ်းထက်လွန်းလှသည်။ မူလက နေ့လယ်ခင်း ဖြစ်သော်ငြား နေမင်းကြီးက မိုင်ထောင်ချီ ကျယ်ဝန်းသော ပတ်ဝန်းကျင်ကို အဆပေါင်းများစွာ ပိုမိုလင်းထိန်သွားစေတော့၏။

ထို့နောက် နှစ်သန်းနီးပါးရှိသည့် မိစ္ဆာစစ်တပ်ကြီးသည် ရုတ်ချည်း ပျက်စီးသွားလေတော့၏။ သာမန်မိစ္ဆာဖြစ်စေ ၊ မိစ္ဆာမြို့စားဖြစ်စေ ၊ မိစ္ဆာနယ်စားဖြစ်စေ... ထိုအလင်းရောင် ဖြာကျရာ အချင်းဝက်အတွင်းရှိသမျှ မိစ္ဆာအားလုံး လုံးဝ ပျောက်ကွယ်သွားကြရ၏။

ပြီးပြည့်စုံသော ရုတ်ချည်းသတ်ဖြတ်မှုပင်။

၁ စက္ကန့် မဟုတ်ဘဲ ၀.၁ စက္ကန့်အောက်ပင် နည်းပါးသည်။ နှစ်သန်းနီးပါးရှိသည့် မိစ္ဆာစစ်တပ်ကြီးအပါအဝင် အရှေ့ကမ္ဘာခြမ်းရှိ မိစ္ဆာအားလုံး ရှင်းလင်းသုတ်သင်ခံလိုက်ရလေပြီ။

အရှေ့ကမ္ဘာခြမ်း၏ ကံကြမ္မာစစ်ပွဲကြီးမှာ စတင်ကာစရှိသေးသော်ငြား ပြီးဆုံးသွားလေပြီ။ ပရိသတ်များအားလုံး တိတ်ဆိတ်သွားကြ၏။ ရာနှင့်ချီသည့် မိစ္ဆာရုပ်သံဖမ်းစက်များက ဤမြင်ကွင်းကို မှတ်တမ်းတင်ထားကြသည်။

မြေပြင်ပေါ်၌ ထိုက်ခန်အင်ပါယာ အရှေ့ဘက်ပြည်နယ်၏ ဘုရင်ခံနှင့် သူ၏ စစ်တပ် ၅၀,၀၀၀ သည် ထိုမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီး လုံးဝ အသက်ရှူမှားသွားကြလေတော့၏။

ကျန်းရှောင်မန်၏ လှပသော ခန္ဓာကိုယ်လေးမှာ ရုတ်တရက် တုန်ခါသွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားလေတော့သည်။

ထိုအချိန်၌ မိစ္ဆာသခင်ကမူ သူ၏စစ်တပ် အနိုင်ရလိုက်သည်ဟု ထင်မှတ်ကာ မိန်းမောယစ်မူးနေဆဲပင်။

"ငါ သေမင်းရဲ့ အငွေ့အသက်ကို ခံစားနေရပြီ... ဒီမြင်ကွင်းက သေချာပေါက် ပြီးပြည့်စုံနေမာပဲ... ငါတွေးထားတာထက်တောင် ပိုကောင်းနေဦးမာ... လူသားတွေ ပြီးသွားပြီလား... ၀.၅ စက္ကန့် ကြာတာလား... ဒါမှမဟုတ် ၀.၁ စက္ကန့်လား..."

မည်သူမျှ သူ့အား ပြန်မဖြေကြချေ။

ကျောက်ယန်ဖိန် မနေနိုင်ဘဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှာ ရုတ်ချည်း ကျောက်ရုပ်ကြီးတစ်ရုပ်သဖွယ် အေးခဲတောင့်တင်းသွားလေတော့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၇) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်သည် သူ၏ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် လုံးဝကို အံ့အားသင့် မှင်တက်သွားရလေတော့၏။

မည်သည်တို့ ဖြစ်သွားရသနည်း။ ထိုက်ခန်အင်ပါယာ မြို့တော်က အဘယ်ကြောင့် အကောင်းပကတိ ရှိနေသေးသနည်း။ အထဲရှိ လူများကကော အဘယ်ကြောင့် မသေသေးသနည်း။ သူ၏ သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးကရော ဘယ်ရောက်သွားသနည်း။

လွန်ခဲ့သော အခိုက်အတန့်လေးကတင် သူသည် သူ၏ အနုပညာကမ္ဘာထဲ၌ လုံးဝ ယစ်မူးနေခဲ့ခြင်း ဖြစ်၏။

ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းကြီး...။ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ရုပ်ရှင်မြင်ကွင်းကြီးပင်။

သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီး၏ တိုက်ခိုက်မှုကြောင့် တစ်မြို့လုံးနှင့် အထဲရှိ လူသားအားလုံး ချက်ချင်း ပျက်စီးသွားရမည်သာ။ တုပိုင်၏ လက်အောက်ရှိ လူသားအားလုံး ချက်ချင်း သေဆုံးသွားရမည် ဖြစ်၏။ သို့ရာတွင် အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

ထို့အပြင် တုပိုင်က နန်းတော်၏ အပေါ်ဆုံးထပ်၌ မတ်တတ်ရပ်လျက် သူ့အား တိတ်ဆိတ်စွာ ကြည့်နေဆဲပင်။ ထိုအကောင်၏ မျက်နှာအထက်၌လည်း လှောင်ပြောင်သရော်သည့် အမူအရာများ ပြည့်နှက်နေသေး၏။

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်မှာ အသက်ရှူရ ခက်ခဲသွားသလို ခံစားလိုက်ရပြီး ဦးရေပြားတစ်ခုလုံး ထုံကျင်သွားကာ သူ၏ ဦးခေါင်းခွံ ဆွဲခွာခံလိုက်ရသကဲ့သို့ ဖြစ်သွားတော့၏။

အရာအားလုံးက အိပ်မက်တစ်ခုလိုပင် အစစ်အမှန်ဟု မထင်ရတော့ချေ။ အချိန်အတော်ကြာပြီးနောက် ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်သည် သတိပြန်ဝင်လာကာ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်သွား၏။

သူ ရုပ်သံဖမ်းစက်ဆီသို့ အပြေးအလွှားသွားကာ ပြန်လည်ဖွင့်ကြည့်လိုက်လေ၏။ ထိုအခါ သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

အရာအားလုံးက မြန်ဆန်လွန်းလှသည်။ အခိုက်အတန့်လေး တစ်ခုသာ ဖြစ်ပြီး ၀.၁ စက္ကန့်ထက်ပင် နည်းပါးလှသော အချိန်လေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။

သူ၏ ၂ သန်းနီးပါးရှိသည့် မိစ္ဆာစစ်တပ်ကြီးက စွမ်းအင်တိုက်ခိုက်မှု အားလုံးကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သော်ငြား ထိုစွမ်းအင်များ အပြည့်အဝ ထွက်ပေါ်မလာခင်မှာပင် ထိုက်ခန်အင်ပါယာ နန်းတော်၏ အထက်၌ ရွှေရောင်နေမင်းတစ်စင်း လင်းလက်သွားသကဲ့သို့ ဖြစ်သွားခဲ့၏။

ထို့နောက် ၂ သန်းနီးပါးရှိသည့် မိစ္ဆာစစ်တပ်ကြီးမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။ ဤမြင်ကွင်းမှာ အမှန်တကယ်ပင် အံ့အားသင့်ဖွယ် ကောင်းလွန်းလှ၏။

သေချာသည်ကတော့ ဤသည်မှာ နှိုင်းယှဉ်၍မရနိုင်သော မျက်နှာဖြတ်ရိုက်ခံလိုက်ရခြင်းမျိုးပင်။ ကျောက်ယန်ဖိန်က တစ်ဖက်သတ် အပြတ်ရှင်းမည်ဟု အကြိမ်ကြိမ် ပြောဆိုနေခဲ့သော်ငြား ယခုမူ သူကိုယ်တိုင်သာ တစ်ဖက်သတ် အပြတ်ရှင်းခံလိုက်ရလေပြီ။

သူသည် တုပိုင်အား ဇာတ်ဝင်ပစ္စည်းတစ်ခုအဖြစ်သာ လုံးဝ မှတ်ယူထားခဲ့ပြီး အလေးအနက် မထားခဲ့ချေ။ သို့သော် ယခုအခါ သူ၏ စစ်တပ်တစ်ခုလုံး ပြာကျသွားခဲ့ပြီဖြစ်ကာ သူကိုယ်တိုင်လည်း တုပိုင်၏ လက်ချက်ဖြင့် သေဆုံးရတော့မည် ဖြစ်၏။

ကျောက်ယန်ဖိန်သည် ဤအဖြစ်အပျက်မှာ ယုတ္တိမတန်လွန်းသည်ဟုသာ ခံစားနေရ၏။ အရာအားလုံးက အစစ်အမှန် မဟုတ်သလို သူ စိတ်ကူးယဉ်ထားသည့် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသကဲ့သို့ပင်။

ဘဝက အလွန် ပျင်းရိစရာကောင်းလွန်းသောကြောင့် ကျောက်ယန်ဖိန်သည် သူ၏ စိတ်ထဲတွင် အမျိုးမျိုးသော မှန်းဆတွေးတောမှုများကို မကြာခဏ ပြုလုပ်လေ့ရှိ၏။

သူသည် ကိုယ့်ကိုယ်ကိုယ်ကို သတိဝင်လာစေရန် ခေါင်းကို အကြိမ်ကြိမ် ခါရမ်းလိုက်ပြီးနောက် ရုပ်သံဖမ်းစက်ကို ထပ်ခါတလဲလဲ ပြန်လည်ဖွင့်ကြည့်လိုက်ပြန်သည်။

ရုပ်သံမှတ်တမ်းက လက်ရှိဖြစ်ပျက်နေသည့် အရာအားလုံးသည် အစစ်အမှန်ဖြစ်ကြောင်း သူ့အား အကြိမ်ကြိမ် သက်သေပြနေလေ၏။

သူ၏ သန်းနှင့်ချီသော မိစ္ဆာစစ်တပ်ကြီးမှာ ပျက်စီးသွားခဲ့လေပြီ။ ပထမဆုံးအနေဖြင့် သူ ခံစားလိုက်ရသည်မှာ နာကျင်မှု မဟုတ်ဘဲ လုံးဝ ထုံကျင်သွားခြင်းမျိုး ဖြစ်၏။ သူ၏ ခံစားချက်များအားလုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရသကဲ့သို့ပင်။

ထိုက်ခန်အင်ပါယာ၏ မြို့တွင်းမြို့ပြင် တစ်ခွင်လုံးမှာလည်း သင်္ချိုင်းကုန်းပမာ တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိနေသည်။

ကျောက်ယန်ဖိန်၏ ဘေးရှိ ကျန်းရှောင်မန်၏ လှပသော ခန္ဓာကိုယ်လေးမှာလည်း စတင်တုန်ယင်လာပြီး သူမ၏ မျက်နှာမှာ အလွန်တရာ ဖြူရော်နေကာ အသက်ပင် မရှူနိုင်တော့ချေ။

ထိုက်ခန်အင်ပါယာ အရှေ့ဘက်ပြည်နယ် ဘုရင်ခံ ဦးဆောင်လာသည့် သောင်းနှင့်ချီသော စစ်တပ်ကြီးမှာလည်း စတင်တုန်ယင်လာကြ၏။ သူတို့သည် ကျောက်ယန်ဖိန်ထက်ပင် ပို၍ ထိတ်လန့်နေကြတော့သည်။

မည်သို့လုပ်၍ ဖြစ်နိုင်မည်နည်း။ ကျောက်ယန်ဖိန်၏ သန်းနှင့်ချီသည် မိစ္ဆာစစ်တပ်ကြီးက တုပိုင်၏ လူသားစစ်တပ်ထက် အဆတစ်ရာမက ပို၍ အင်အားကြီးမားသည် မဟုတ်ပါလော။

အနောက်ဘက်မှ နေထွက်လာမည်ဆိုလျှင်တောင်မှ တုပိုင်က သေချာပေါက် ရှုံးနိမ့်ရမည် ဖြစ်၏။ ထို့ကြောင့်ပင် အရှေ့ဘက်ပြည်နယ် ဘုရင်ခံသည် ကျောက်ယန်ဖိန်၏ လက်ပါးစေအဖြစ် လုပ်ဆောင်ရန် ကိုယ်တိုင်ကိုယ်ကျ ကမ်းလှမ်းခဲ့ပြီး လူသား နှစ်သန်းကိုပင် စတေးကာ မိစ္ဆာစစ်တပ်ကြီးအတွက် အစားအစာအဖြစ် ပေးအပ်ခဲ့ခြင်းပင်။

သို့ရာတွင် ယခုအခါ တုပိုင်က အနိုင်ရရှိသွားခဲ့လေပြီ။

ထိုသို့ဆိုလျှင် သူတို့လို လူသားသစ္စာဖောက်များက မည်သည့်နေရာသို့ သွားရမည်နည်း။ အချိန်အတော်ကြာပြီးနောက် ကျောက်ယန်ဖိန်က မေးလိုက်၏။

“တုပိုင်... ခုနက... ငါ့ရဲ့ မိစ္ဆာစစ်တပ်ကြီးကို ချက်ချင်း ပြာကျသွားစေတာ ဘာကြီးလဲ...”

သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ သူ၏အသံမှာ အလွန်တရာ အက်ကွဲနေပြီး ယခင်က ဆွဲဆောင်မှုမျိုး အလျဉ်းမရှိတော့ဘဲ မျှော်လင့်ချက်မဲ့နေသည့် လေသံမျိုး ဖြစ်နေလေ၏။

တုပိုင်က တုံ့ပြန်လိုက်သည်။

“စကြာဝဠာ မိစ္ဆာချေမှုန်းရေး စွမ်းအင်အစီအရင်...”

ကံကြမ္မာမိစ္ဆာသခင် ကျောက်ယန်ဖိန်က မယုံကြည်နိုင်ဖြင့် မေးလိုက်ရ၏။

“မင်းမှာ ဒီလို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ လူသတ်လက်နက်ကြီး ရှိနေတာတောင်... အရင်တုန်းက ဘာလို့ မသုံးခဲ့တာလဲ...။ မိစ္ဆာတမန်တော်နဲ့ တိုက်ပွဲမာ မင်းရဲ့လူသားစစ်တပ်က အသေအပျောက် အများကြီးနဲ့ မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်ခဲ့တာတောင်မှလေ...။ ကျပ်မပြည့်တဲ့ မိန်းမ မိုဟန်သာ သစ္စာမဖောက်ခဲ့ရင်... မင်းရဲ့ ထိုက်ခန်အင်ပါယာက လုံးဝ ပျက်စီးသွားခဲ့ပြီပဲ...”

တုပိုင်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။

“ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ လူသတ်လက်နက်ကြီး ဖြစ်နေမှတော့... အရေးအကြီးဆုံး နေရာမာ သုံးရမာပေါ့...။ မိစ္ဆာတမန်တော်အတွက် သုံးလိုက်ရင် မင်းရဲ့ စစ်တပ်တစ်ခုလုံးကို ငါ ဘယ်လိုလုပ် အပြတ်ရှင်းနိုင်ပါတော့မလဲ...”

စစ်တပ်တစ်ခုလုံး အပြတ်ရှင်းခံလိုက်ရပြီလား။

ထိုစကားလုံးက ကျောက်ယန်ဖိန်၏ နှလုံးသားကို ရုတ်တရက် တုန်လှုပ်သွားစေ၏။

ဟုတ်ပေသည်။ သူ၏ စစ်တပ်တစ်ခုလုံး ပျက်စီးသွားခဲ့လေပြီ။ မိစ္ဆာများအားလုံး ပြောင်စင်အောင် သေဆုံးသွားခဲ့ပြီး တစ်ကောင်မျှပင် မကျန်တော့ချေ။

မူလက ထိုက်ခန်အင်ပါယာ မြို့တော်ကို ဖျက်ဆီးရန် ဤမျှများပြားသော မိစ္ဆာစစ်တပ်ကို စေလွှတ်ရန် မလိုပေ။ သို့သော် သူက ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းမျိုးကို နှစ်သက်ခဲ့ပြီး ကြီးကျယ်ခမ်းနားသည့် ရုပ်ရှင်ကြီး ဖန်တီးလိုခဲ့သူ မဟုတ်ပါလော။ ထို့ကြောင့်ပင် အရှေ့ကမ္ဘာခြမ်းရှိ မိစ္ဆာစစ်တပ် အားလုံးကို ပုံအောကာ ထုတ်သုံးခဲ့ခြင်း ဖြစ်၏။

ဆိုလိုသည်မှာ ယခုအခါ သူသည် တပ်မရှိသည့် စစ်သူကြီးတစ်ဦး ဖြစ်သွားလေပြီ။ သူသည် အမြင့်မြတ်ဆုံး ကံကြမ္မာမိစ္ဆာသခင် မဟုတ်တော့ချေ။

ပြိုင်ဘက်ကင်းဖြစ်ရသည်မှာ တကယ်ကို အထီးကျန်ဆန်ကြောင်း သူ အကြိမ်ကြိမ် ညည်းတွားလေ့ရှိပြီး ပြိုင်ဘက်ကင်းလွန်းသဖြင့် ဘဝတစ်ခုလုံး စိတ်လှုပ်ရှားစရာ ကင်းမဲ့သွားပြီဟု ဆိုခဲ့ဖူး၏။

သို့သော် သန်းချီသော မိစ္ဆာစစ်တပ်ကြီးကို ဆုံးရှုံးလိုက်ရသည်နှင့် တစ်ပြိုင်နက် သူသည် အရှေ့ကမ္ဘာခြမ်း၏ အမြင့်မြတ်ဆုံးသော အာဏာကို ဆုံးရှုံးလိုက်ရပြီး စွမ်းအားအားလုံးလည်း ဆုံးရှုံးသွားရလေပြီ။

ဤသို့ဆိုလျှင် ဆက်အသက်ရှင်နေရခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

ကျောက်ယန်ဖိန်အပေါ် ထားရှိသည့် တုပိုင်၏ အကြည့်များတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေဆဲဖြစ်ကာ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။

“ကျောက်ယန်ဖိန်... မင်းက ဘယ်တုန်းကမှ ဇာတ်လိုက် မဖြစ်ခဲ့ဘူး... မင်းက သေးသိမ်တဲ့ အရံဇာတ်ကောင်လေး တစ်ကောင်ပဲ... မင်းက ငါ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် နင်းတက်ရမယ့် လှေကားထစ်လေးတစ်ခု သက်သက်ပဲ...။ မင်းက ထိုက်ခန်ဧကရာဇ် လီရှောင်ချန်ကို အမြဲ အထင်သေးခဲ့တယ်မလား...။ ဒါပေမဲ့ တာ့နင်အင်ပါယာမာတုန်းက သူက စစ်တပ်တစ်ခုလုံး မဆုံးရှုံးခင် ငါ့ကို လေးငါးနှစ်လောက် ယှဉ်တိုက်နိုင်ခဲ့သေးတယ်...။”

“မင်းကတော့ ငါ့ကို နှစ်ဝက်တောင် မခံဘူး... ဒါကြောင့် မင်းက လီရှောင်ချန်နဲ့ ယှဉ်ဖို့ မထိုက်တန်ဘူး...။ မင်းက လူပြက်တစ်ယောက် သက်သက်ပဲ... ဘာအနုပညာ အောင်မြင်မှုမှလည်း မရှိသလို အလှအပကို ခံစားတတ်တဲ့ အမြင်လည်း မရှိတဲ့ လူပြက်တစ်ယောက်ပဲ...။ ဒါကြောင့် အဲဒီအချိန်တုန်းက မင်း ဝတ်ခဲ့တဲ့ စောက်ရူး လူပြက်ဝတ်စုံက တော်တော် မှန်ကန်နေခဲ့တာပေါ့... မင်းစိတ်ထဲမာ မင်းကိုယ်မင်း ဘာလဲဆိုတာ သေချာသိနေတယ်ဆိုတဲ့ သဘောပဲ...”

တူပိုင်၏ စကားများက ကျောက်ယန်ဖိန်၏ နှလုံးသားကို ဓားဖြင့် ထပ်ခါထပ်ခါ ထိုးလိုက်သကဲ့သို့ပင်။ ယခုအခါ အံ့ဩမှင်သက်မှုများ ကုန်ဆုံးသွားပြီဖြစ်ပြီး အဆုံးမရှိသော နာကျင်မှုများက စတင် ရိုက်ခတ်လာလေပြီ။

သူ အသက်ရှူ၍ မရတော့သကဲ့သို့ ခံစားလိုက်ရပြီး ရင်ဘတ်တစ်ခုလုံးမှာ အားကောင်းသည့် စွမ်းအားတစ်ခုဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်နေ၏။ ထိုဖိနှိပ်မှုနှင့် နာကျင်မှုကို တွန်းလှန်ရန် သူ၏ စွမ်းအားများကို အသည်းအသန် ထုတ်လွှတ်လိုက်၏။

ရုတ်တရက် ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားရှိ စွမ်းအင်များ ကမောက်ကမဖြစ်ကာ အပေါ်သို့ လှိမ့်တက်လာပြီး ဆွဲဖြဲခံလိုက်ရသကဲ့သို့ နာကျင်သွားရသည်။ သူ ရင်ထဲ ပျို့တက်လာပြီးနောက် အသည်းအသန် အော့အန်လိုက်ရတော့၏။

“အွတ်... အွတ်...”

အဆက်မပြတ် အော့အန်နေခဲ့ရာမှ နောက်ဆုံးတွင် သွေးများပင် ပန်းထွက်လာရတော့သည်။

“ဖူးးး”

သွေးများ အဆက်မပြတ် ပန်းထွက်လာတော့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၁၈) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters