← Chapters

အခန်း (၇၂၉-၇၃၀)

Vol. 68 Ch. 729-720

အခန်း (၇၂၉-၇၃၀)

Vol. 68 Ch. 729-720

အခန်း (၇၂၉) - အဋ္ဌမအဆင့်အစီအရင်၏ လျှို့ဝှက်ချက်၊ တာအိုလက်တွဲဖော်အား လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးခြင်း(၁)။

“အင်း… နောက်ထပ်တစ်လှမ်း ထပ်တက်သွားမယ်ဆိုရင် ဒီအရာက သတ္တမအဆင့် အစီအရင်တောင် ဖြစ်သွားလိမ့်မယ်...”

“အခု ဖုန်းရှီးမြို့တစ်မြို့လုံးမှာ သတ္တမအဆင့် အစီအရင်ဆိုလို့ တစ်ခုတည်းသာ ရှိပြီးတော့ အဲဒီဟာက ဒီမြို့တော်ကြီးရဲ့ မဟာအစီအရင်ပဲ...”

“ဒီဟာက ဖုန်းရှီးမြို့ကို နှစ်ပေါင်းထောင်ချီတိုင် ကာကွယ်ပေးထားခဲ့တဲ့ အတုမဲ့မဟာအစီအရင်... ကိုးရောင်ခြည်နေမင်း အစီအရင်ကြီးပဲ...”

“သတ္တမအဆင့် အစီအရင်နယ်ပယ်ကို ရောက်ရှိသွားတာနဲ့ အစီအရင်အကာအကွယ် အလွှာငါးထပ် ပေါ်ထွက်လာမှာ...”

“အစီအရင်အကာအကွယ် အလွှာငါးထပ် ပေါင်းစည်းသွားမယ်ဆိုရင် ကမ္ဘာလောကရဲ့ အတားအဆီးတံတိုင်းတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်...”

“သတ္တမအဆင့် အစီအရင်အတွင်းရှိ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးက ကမ္ဘာငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီးတော့၊ ပတ်ပတ်လည်မှာ ကမ္ဘာ့အတားအဆီးတံတိုင်းတွေနဲ့ ဖွဲ့စည်းထားလိမ့်မယ်...”

“အကယ်၍ ရန်သူတွေက သတ္တမအဆင့် အစီအရင်အတွင်းကို ခြေချမိပြီး အစီအရင် စတင်အသက်ဝင်လာချိန်မှာ နယ်ပယ်စွမ်းအားရဲ့ ဖိနှိပ်ကြိတ်ချေမှုကို ခံရလိမ့်မယ်...”

“ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်တွေ မဟုတ်ရင် သတ္တမအဆင့် အစီအရင်ရဲ့ စွမ်းအားနဲ့ ရင်ဆိုင်ရချိန်မှာ သေချာပေါက် သေဆုံးရမှာပဲ...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။

ဤသတ္တမအဆင့် အစီအရင်နှင့် ပတ်သက်သော အခြေခံအသိပညာများကို သူသည် အမှတ် (၈၈) တာအိုကျောင်းတော်၏ ကျမ်းစာတိုက်မှ ရရှိခဲ့ခြင်းပင် ဖြစ်ပေသည်။

လူသားမျိုးနွယ်စု နယ်မြေတစ်ခုလုံးတွင် မြို့တော်ပေါင်း တစ်ရာ့ရှစ်မြို့ ရှိလေ၏။

လူသားမျိုးနွယ်စု၏ မြို့တော်တိုင်းသည် သတ္တမအဆင့် အစီအရင်များ၏ ကာကွယ်မှုကို ရရှိထားကြသည်။

သတ္တမအဆင့် အစီအရင်များ၏ ထူးခြားချက်ကြောင့်သာ ကမ္ဘာငယ်လေးတစ်ခုပမာ လေဟာနယ်အတားအဆီးတံတိုင်းများကို ဖြစ်ပေါ်စေနိုင်ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် မြို့တော်တိုင်းသည် နိုင်ငံတစ်နိုင်ငံသဖွယ် သီးခြားရပ်တည်နေကြခြင်း ဖြစ်သည်။

တစ်ကြိမ် အသက်ဝင်သွားသည်နှင့်၊ ဖုန်းရှီးမြို့ ပတ်ပတ်လည်ရှိ မြို့ရိုးများကို ကမ္ဘာ့အတားအဆီးတံတိုင်းက ချက်ချင်း ဖုံးလွှမ်းသွားမည် ဖြစ်၏။

မည်သည့်ရန်သူက မည်သို့ပင် တိုက်ခိုက်စေကာမူ၊ ဤကမ္ဘာ့အတားအဆီးတံတိုင်းကို ချိုးဖျက်နိုင်ရန် ခဲယဉ်းလှသည်။

သတ္တမအဆင့် အစီအရင်များကို အားကိုးခြင်းဖြင့်၊ လူသားမျိုးနွယ်စု၏ မြို့တော်များသည် လုံးဝမကျဆုံးနိုင်သော အခြေစိုက်စခန်းများ ဖြစ်လာကြလေသည်။

အခြေခံအားဖြင့် လူသားမျိုးနွယ်စု၏ မြို့တော်တစ်ခုပေါ်ပေါက်လာတိုင်း၊ လူသားမျိုးနွယ်စု၏ နယ်မြေသည်ကား တစ်ဆတိုး၍ ကျယ်ပြန့်လာပေမည်။

ဤသည်ကပင် အနီးတစ်ဝိုက်ရှိ အခြားသော မျိုးနွယ်စုများက လူသားမျိုးနွယ်စုကို ကြောက်ရွံ့ကြရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်လေ၏။

လူသားမျိုးနွယ်စု တိုးတက်လာသည့် အမြန်နှုန်းက နှေးကွေးသည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင်မူ ခိုင်မာလျင်မြန်စွာ တိုးတက်နေခြင်းပင် ဖြစ်၏။

အချိန်ကြာလာသည်နှင့်အမျှ၊ လူသားမျိုးနွယ်စု၏ စွမ်းအားမှာ စိတ်ကူးနိုင်စွမ်းထက်ပင် ကျော်လွန်ကာ သေချာပေါက် ပိုမိုအားကောင်းလာပေလိမ့်မည်။

“ဖုန်းရှီးမြို့ တည်ထောင်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း သားရဲရိုင်းများစွာရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရတာက အံ့ဩစရာမဟုတ်တော့ဘူး...”

“ယနေ့အချိန်အထိ မယိမ်းမယိုင်နဲ့ မားမားမတ်မတ် ရပ်တည်နေနိုင်ဆဲပဲ...”

“သတ္တမအဆင့် အထွတ်အထိပ် ကိုးရောင်ခြည်နေမင်း အစီအရင်ကြီးရဲ့ ကာကွယ်မှုရှိနေတော့… သဘာဝကျကျ အေးအေးလူလူ နေနိုင်တာပဲ...”

ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်၏။

ဤအစီအရင်ကျမ်းစာများ၏ ဖော်ပြချက်များမှတစ်ဆင့်၊ သူသည် သတ္တမအဆင့် မဟာအစီအရင်၏ အစွမ်းထက်ပုံကို သိရှိနိုင်လေသည်။

အမှန်အတိုင်း ဆိုရလျှင်၊ မိုးကြိုးတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာတွင် သားရဲရိုင်းများ မရေမတွက်နိုင်အောင် ရှိနေသည်မှာ အမှန်ပင်ဖြစ်၏။

ထို့အပြင် မျိုးနွယ်စုပေါင်းများစွာလည်း ပုန်းအောင်းနေကြသေးသည်။

ထိုစွမ်းအားရှင်သက်ရှိများက လူသားမျိုးနွယ်စု ဤနေရာတွင် မြို့တည်နေသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်သည်မှာ သေချာလှသည်။

သို့မဟုတ်ပါက လူသားမျိုးနွယ်စု၏ မြို့တော်က ပိုမိုအားကောင်းလာလေလေ၊ ၎င်းတို့၏ ရှင်သန်ရပ်တည်နိုင်မည့် နေရာမှာ ပိုမိုကျဉ်းမြောင်းလာလေလေ ဖြစ်ပေလိမ့်မည်။

တစ်ဖက်နှင့်တစ်ဖက် အချင်းချင်း လုံးဝ ပေါင်းစပ်နိုင်စရာ အကြောင်းမရှိပေ။

အနိုင်အရှုံး သဲကွဲသွားသည်အထိ၊ သူသေကိုယ်သေ တိုက်ခိုက်ကြရမည်သာ။

ယခင်ကလည်း ခန္ဓာပေါင်းစည်းခြင်းအဆင့် သားရဲရိုင်းက ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာကာ ဖုန်းရှီးမြို့ကို ချိုးဖျက်ရန် ကြိုးစားခဲ့ဖူး၏။

သို့သော် ဖုန်းရှီးတာအိုအရှင်က အစီအရင်ကို အသက်သွင်းကာ နေရာတင်ပင် ဖိနှိပ်သတ်ဖြတ်ခဲ့လေ၏။

ထို့ကြောင့် ဤအရာက မိုးကြိုးတောင်တန်းရှိ သားရဲရိုင်းများကို လုံးဝထိတ်လန့်သွားစေခဲ့ပြီး၊ ၎င်းတို့ကို ထပ်မံလာရောက်ကျူးကျော်ရန် မဝံ့မရဲ ဖြစ်သွားစေခဲ့သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့်၊ သတ္တမအဆင့် အစီအရင်၏ အစွမ်းထက်မှုသည် လူသားမျိုးနွယ်စု၏ ရပ်တည်မှုအခြေခံအုတ်မြစ်ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

“အဋ္ဌမအဆင့် အစီအရင်ဆိုတာက မဟာယာနအဆင့် ကျင့်ကြံသူတွေရဲ့ စွမ်းအားနဲ့ ညီမျှတယ်...”

“လူသားမျိုးနွယ်စုတစ်ခုလုံးမှာ ဧကရာဇ်မြို့တော်တစ်ခုတည်းကသာ အဋ္ဌမအဆင့် အစီအရင်ကို ခင်းကျင်းနိုင်စွမ်းရှိတယ်...”

“တစ်ကြိမ် ခင်းကျင်းမှု အောင်မြင်သွားတာနဲ့၊ အစီအရင်အကာအကွယ် အလွှာခြောက်ထပ် ဖြစ်ပေါ်လာမယ်...”

“အစီအရင်စွမ်းအားက ပိုမိုမြင့်မားလာမှာဖြစ်ပြီးတော့ အစီအရင်အတွင်းရှိ ကောင်းကင်နှင့်မြေကြီးက လျှို့ဝှက်နယ်မြေလောကတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်...”

“အကာအကွယ်ရဲ့ပတ်လည်မှာ ကမ္ဘာ့အတားအဆီးတံတိုင်းတွေအဖြစ် ပြောင်းလဲသွားမှာဖြစ်သလို့ အလွန်အမင်း ခိုင်မာတောင့်တင်းလှလို့၊ မဟာယာနအဆင့် ကျင့်ကြံသူတွေတောင် ချိုးဖျက်ဖို့ ခဲယဉ်းလှတယ်...”

“တစ်နည်းအားဖြင့်ဆိုရရင် အဋ္ဌမအဆင့် အစီအရင်က ကိုယ့်ဘာသာ သီးခြားကမ္ဘာတစ်ခုကို ဖန်တီးနိုင်စွမ်းရှိတယ်လို့ ဆိုနိုင်တယ်...”

“ဝိညာဉ်လောကမှာ ဘာလို့ လျှို့ဝှက်နယ်မြေလောကတွေ အမြောက်အများ ဘာလို့ပေါ်ပေါက်လာရတာလဲ...”

“အမှန်တကယ်တမ်း ဒီလျှို့ဝှက်နယ်မြေလောကတွေက သဘာဝအလျောက် ဖြစ်တည်လာခဲ့တာ မဟုတ်ဘူး...”

“အလွန်အားကောင်းတဲ့ မျိုးနွယ်စုကြီးတွေက အဋ္ဌမအဆင့် မဟာအစီအရင်တွေကို ခင်းကျင်းခဲ့ကြပြီးနောက်မှာ ရှည်လျားတဲ့နှစ်ပရိစ္ဆေဒတွေ ကုန်လွန်သွားချိန်မှာ လျှို့ဝှက်နယ်မြေလောကတွေအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့တာပဲ။ အဲဒီလျှို့ဝှက်နယ်မြေလောကတွေကပဲ မျိုးနွယ်စုကြီးတွေရဲ့ အဓိကအခြေစိုက်စခန်းတွေ ဖြစ်လာကြတာ...”

“လျှို့ဝှက်နယ်မြေလောကအတွင်းမှာ ရှိနေသရွေ့… အဲဒီမျိုးနွယ်စုကြီးတွေအတွက် အေးချမ်းလုံခြုံနေမှာဖြစ်သလို…. ပြင်ပရန်သူတွေရဲ့ တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုတော့ဘဲ မျိုးနွယ်ဝင်သက်ရှိတွေကို အလျင်အမြန် ကြီးထွားလာစေနိုင်တယ်...”

'ကောလာဟလတွေအရ အစစ်အမှန်ဝိညာဉ် မျိုးနွယ်စုများစွာမှာ ကိုယ်ပိုင်လျှို့ဝှက်နယ်မြေလောကတွေ ရှိကြတယ်လို့ ဆိုတယ်… ဥပမာအနေနဲ့ ကောင်းကင်ဖီးနစ် လျှို့ဝှက်နယ်မြေ၊ လိပ်နက် လျှို့ဝှက်နယ်မြေ၊ ကျားဖြူ လျှို့ဝှက်နယ်မြေနဲ့ နဂါးပြာ လျှို့ဝှက်နယ်မြေတို့ပဲ… အဲတာတွေအားလုံးကို အစွမ်းထက်တဲ့ အစစ်အမှန်ဝိညာဉ်တွေက ဖန်တီးထားခဲ့ကြတာ…”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ပြန်၏။

အမှန်အတိုင်းဆိုရလျှင်၊ သူသည် တာအိုကျောင်းတော်၏ ကျမ်းစာတိုက်မှ အဋ္ဌမအဆင့် အစီအရင်နှင့် ပတ်သက်သည့် သတင်းအချက်အလက် အချို့ကို ရရှိခဲ့ခြင်း ဖြစ်လေသည်။

အဋ္ဌမအဆင့်အစီအရင်၏ စွမ်းအားက ဤမျှ ထိတ်လန့်ဖွယ်ကောင်းပြီး၊ သီးခြားကမ္ဘာတစ်ခုကို ဖန်တီးနိုင်သည့် စွမ်းအားအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သူ ယခုမှသာ သိရှိသွားရတော့သည်။

ဤသည်မှာ စိတ်ကူးထက်ပင် ကျော်လွန်နေပေသည်။

ယင်းသည် သာမန်အရာများကို အံ့မခန်းဖြစ်အောင် ပြောင်းလဲပစ်နိုင်ခြင်းပင်။

အမှန်တကယ်တွင်မူ လူသားမျိုးနွယ်စု၏ ဧကရာဇ်မြို့တော်သည်လည်း ထိုနည်းတူပင် ဖြစ်လေ၏။

လူသားမျိုးနွယ်စု ဧကရာဇ်မြို့တော်တစ်ခုလုံးသည်လည်း အမှန်တကယ်တွင် အသေးစား လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုပင် ဖြစ်လေ၏။ ၎င်းအတွင်းရှိ လူဦးရေသည် ရေတွက်၍ပင် မရနိုင်ဘဲ သန်းတစ်သောင်းကျော် ရှိနေပြီး၊ လူသားကျင့်ကြံသူ မြောက်မြားစွာသည် ဧကရာဇ်မြို့တော်အတွင်း တစ်နည်းအားဖြင့် ထိုလျှို့ဝှက်နယ်မြေကမ္ဘာအတွင်း၌ လွတ်လပ်ပေါ့ပါးစွာ နေထိုင်လျက်ရှိကြသည်။

ထိုသို့ဆိုလျှင် ပြင်ပကမ္ဘာမှ အန္တရာယ်များစွာကိုလည်း စိုးရိမ်စရာ လိုမည်မဟုတ်တော့ပေ။

လျှို့ဝှက်နယ်မြေကမ္ဘာအတွင်း၌ မိမိဘာသာ ဖူလုံအောင် နေထိုင်နိုင်စွမ်းပင် ရှိကြရာ၊ ပြင်ပကမ္ဘာသို့ သွားရောက်ရန် မလိုအပ်ဘဲ ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ကြလေ၏။

“ဒါပေမဲ့… အစီအရင်ကျင့်ကြံမှုဆိုတာကလည်း အလွန်တရာကို ခက်ခဲလှတယ်...”

“ဝိညာဉ်လောကမှာ လူသားမျိုးနွယ်စု စွမ်းအားရှင်တွေ တိမ်တိုက်လို ပေါများနေပေမဲ့ ဆဋ္ဌမအဆင့် အစီအရင်၊ သတ္တမအဆင့် အစီအရင်အဆင့်တွေကို အမှန်တကယ် ရောက်ရှိသူက အရမ်းကို နည်းပါးလွန်းတယ်...”

“လက်ချိုးရေတွက်လို့ ရတယ်လို့ မဆိုနိုင်ပေမဲ့… အတော်လေး ရှားပါးတယ်လို့တော့ သတ်မှတ်နိုင်တယ်...”

“အဋ္ဌမအဆင့် အစီအရင်ပညာရှင်ဆိုလို့ လူသားဧကရာဇ် တစ်ဦးတည်းသာ ရှိတယ်...”

ကျိုးစွေ့ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

အမှန်တကယ်တွင်မူ အစီအရင်များကို နားလည်သဘောပေါက်ရန် မည်မျှခက်ခဲကြောင်းကို သူကိုယ်တိုင် သိမြင်ထားပြီးဖြစ်သည်။

ဤသည်မှာ သင်္ချာပညာရပ်နှင့် တူလှပေသည်။ ပိုမိုနက်ရှိုင်းစွာ လေ့လာလေလေ၊ မိမိ၏ ဉာဏ်ပညာ မည်မျှတိမ်ကောကြောင်းနှင့် မိမိကိုယ်တိုင် မည်မျှသေးသိမ်ကြောင်းကို ပိုမိုသိရှိလာရလေလေ ဖြစ်၏။

အချို့သော လူသားပါရမီရှင်များသည် အစီအရင်များကို ပဉ္စမအဆင့်အထိ ကျင့်ကြံနိုင်ကောင်း ကျင့်ကြံနိုင်ကြပေလိမ့်မည်။

သို့သော် ဆဋ္ဌမအဆင့်၊ သို့မဟုတ် သတ္တမအဆင့် အစီအရင်နယ်ပယ်အထိ ရောက်ရှိနိုင်သူမှာမူ ခပ်ရှားရှားပင်။

ခက်ခဲမှုအဆင့်မှာ ဆယ်ဆထက်မက မြင့်တက်သွားခြင်း ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် သူ့တွင် 'အစီအရင်နှလုံးသားကူ' ၏ အကူအညီ ရှိနေသောကြောင့်သာ တော်သေးသည်။ သို့မဟုတ်ပါက၊ ထိုအဆင့်မြင့် အစီအရင်များကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နိုင်ရန် သူ့အတွက် ယုံကြည်မှုရှိမည်မဟုတ်ပေ။

“နှမြောစရာပဲ။ ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်း အစီအရင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရှိဘူးထင်တယ်...”

“ဝိညာဉ်လောကမှာ ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်း အစီအရင် တကယ်ရှိမရှိကိုလည်း မသိရသေးဘူး...”

ကျိုးစွေ့မှာ အနည်းငယ် နှမြောတသ ဖြစ်သွားမိသည်။

သူ အလိုချင်ဆုံးသော အစီအရင် သတင်းအချက်အလက်မှာ သဘာဝကျကျပင် ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင် ဖြစ်လေ၏။

ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင်ကို အောင်မြင်စွာ ခင်းကျင်းနိုင်မှသာလျှင်၊ သူသည် ဝိညာဉ်လောကမှတစ်ဆင့် ရွှမ်ဟွမ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။

အခန်း (၇၃၀) - အဋ္ဌမအဆင့်အစီအရင်၏ လျှို့ဝှက်ချက်၊ တာအိုလက်တွဲဖော်အား လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးခြင်း(၂)။

နှမြောစရာကောင်းသည်မှာ ဝိညာဉ်လောကအတွင်း၌ပင်လျှင်၊ ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင်သည် အတော်လေး ရှားပါးလှသော အစီအရင်ဖြစ်ပြီး လုံးဝ ကြားပင်မကြားဖူးသကဲ့သို့ ဖြစ်နေခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အလွန်ပုံမှန်ဖြစ်သော ကိစ္စတစ်ခုပင် ဖြစ်လေ၏။

ဝိညာဉ်လောကရှိ မရေမတွက်နိုင်သော မျိုးနွယ်စုများအတွက်၊ မိမိတို့နေထိုင်ရာ ကမ္ဘာလောကကိုပင် အဆုံးတိုင်အောင် စူးစမ်းရှာဖွေ၍ မပြီးကြသေးပေ။

ထိုသို့ဆိုလျှင် အခြားကမ္ဘာလောကများကို သွားရောက်စူးစမ်းရန် မည်ကဲ့သို့ အားလပ်ချိန် ရှိနိုင်ပါမည်နည်း။

သို့သော် ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင်သည် သေချာပေါက် တည်ရှိနေမည်ဟု သူ ခံစားနေရသည်။

လူသားမျိုးနွယ်စုတွင် မှတ်တမ်းမရှိခြင်း၏ အဓိကအကြောင်းရင်းမှာ လူသားများက အလွန်အမင်း အားနည်းလွန်းနေသောကြောင့် ဖြစ်တန်ရာ၏။

ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင်ကဲ့သို့သော အထွတ်အထိပ် အစီအရင်မျိုးကို ထိတွေ့နိုင်ခွင့် မရှိသေးခြင်းသာ ဖြစ်ရပေမည်။

သူ၏ ကျင့်ကြံမှုအဆင့်များ ပိုမိုမြင့်မားလာပြီး ဝိညာဉ်လောကအတွင်း လွတ်လပ်စွာ လှည့်လည်သွားလာနိုင်သည့် အချိန်ရောက်လျှင်၊ ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင်၏ သတင်းအချက်အလက်များကို သွားရောက်ရှာဖွေနိုင်ပေလိမ့်မည်။

ဝှစ်...။

ထိုအခိုက်မှာပင်၊ အပြင်ဘက်မှ ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခုက ပျံသန်းဝင်ရောက်လာပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးစွေ့၏ ခြံဝင်းအတွင်းသို့ ရောက်ရှိလာလေသည်။

ရောက်လာသူမှာ ပိုင်စုကျဲ့ပင်။

သူမသည် ခါးစည်းပါသော အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ အံ့မခန်း အကွေ့အကောက်များနှင့်အတူ ဂုဏ်ယူဖွယ်ကောင်းသော ခန္ဓာကိုယ်အချိုးအစားကို ထုတ်ဖော်ပြသနေလေ၏။

သူမ၏ လှုပ်ရှားမှုတိုင်းသည် တုနှိုင်းမဲ့သော ညို့ငင်မှုများ ပြည့်နှက်နေပြီး သွားရည်ကျချင်စရာ ကောင်းလှပေသည်။

"ရောင်းရင်းကျိုး... ပြဿနာကြီး တက်ပြီ...”

ပိုင်စုကျဲ့က ကျိုးစွေ့အား ချက်ချင်းပင် လှမ်းပြောလိုက်ပြီး၊ ကိစ္စကြီးတစ်ခု ဖြစ်ပွားနေကြောင်း အသိပေးလိုက်သည်။

"ဘာကိစ္စဖြစ်လို့လဲ...”

ကျိုးစွေ့က မျက်ခုံးပင့်လိုက်ကာ၊ ပိုင်စုကျဲ့ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်၏။

သူသည်လည်း အတွေးများကို ခေတ္တရပ်တန့်လိုက်ရသည်။ အမှန်အတိုင်းဆိုရလျှင်၊ ပိုင်စုကျဲ့ ဤမျှ စိုးရိမ်တကြီးဖြစ်နေပုံကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

သိသာထင်ရှားသည်မှာ ဖုန်းရှီးမြို့တွင် အလွန်ကြီးမားသော ပြဿနာတစ်ခုခု တကယ်ပင် ဖြစ်ပွားနေပုံရ၏။

မဟုတ်ပါက ပိုင်စုကျဲ့ ဤသို့ဖြစ်နေမည် မဟုတ်ပေ။

"မိုးကြိုးတောင်တန်းမှာ ဖီးနစ်သွေးရွှေနီ သတ္တုကြောတစ်ခုကို တစ်စုံတစ်ယောက် တွေ့ရှိခဲ့တယ်တဲ့...”

ပိုင်စုကျဲ့က အလွန်စိတ်လှုပ်ရှားစွာဖြင့် ပြောပြလိုက်သည်။

"ဖီးနစ်သွေးရွှေနီ ဟုတ်လား...”

"တကယ်လား... လာနောက်နေတာလား...”

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျိုးစွေ့လည်း ရုတ်တရက် အံ့ဩတုန်လှုပ်သွားရပြီး၊ လုံးဝမယုံကြည်နိုင် ဖြစ်သွားရသည်။

“ဖီးနစ်သွေးရွှေနီ” ဆိုသည်မှာ အစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်၏ သွေးများ စိမ့်ဝင်ခံထားရသော အထူးသတ္တုတစ်မျိုး ဖြစ်ပေသည်။ ဤပါဝင်ပစ္စည်းသည် အလွန်တရာ ခိုင်မာတောင့်တင်းကာ ဓားလှံလက်နက်များ ဖောက်ထွင်း၍မရနိုင်ရုံသာမက၊ ထိတ်လန့်ဖွယ် ထက်မြမှုကိုပါ ပိုင်ဆိုင်ထားပြီး ဖီးနစ်မီးတောက်၏ စွမ်းအားပင် ပါဝင်နေသေးသည်။

အကယ်၍ ဤအထူးသတ္တုအား မှော်ရတနာအချို့တွင် ထည့်သွင်းပေါင်းစပ်လိုက်မည် ဆိုပါက၊ မှော်ရတနာ၏ စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

ဥပမာအားဖြင့် ဓားပျံထဲသို့ ထည့်သွင်းလိုက်မည်ဆိုပါက၊ ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် မည်သည့်အရာမဆို ပိုင်းဖြတ်နိုင်စွမ်း ရှိသွားမည်ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် မိစ္ဆာဆိုးများကို နှိမ်နင်းဖျက်ဆီးနိုင်သည့် စွမ်းအားများလည်း ပါဝင်လာမည်ဖြစ်သည်။

ထိုသို့သော ဖီးနစ်သွေးရွှေနီ သတ္တုကြောတစ်ခုသည် သေချာပေါက် တန်ဖိုးဖြတ်၍မရနိုင်သော ရတနာပင် ဖြစ်၏။

အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး သတ္တုကြောတစ်ခုထက်ပင် ပို၍ တန်ဖိုးကြီးမားလောက်ပေသည်။

မျိုးနွယ်စုများစွာကို အချင်းချင်း သတ်ဖြတ်တိုက်ခိုက်စေလောက်သည်အထိ ဖြစ်စေရန် လုံလောက်လှသည်။

ဤသတင်းသာ ပြန့်နှံ့သွားပါက၊ လူသားမျိုးနွယ်စုအတွင်း မည်မျှအထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်ကို သူ အပြည့်အဝ တွေးကြည့်နိုင်လေ၏။

"တကယ်ပေါ့...”

"ကောလာဟလတွေအရတော့ အစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်က မိုးကြိုးတောင်တန်းတစ်ဝိုက်မှာ အမှန်တကယ် ပေါ်လာဖူးတယ်လို့ ဆိုကြတယ်...”

"အဲဒီအချိန်တုန်းက အစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်က တခြား အစစ်အမှန်ဝိညာဉ်တစ်ကောင်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးတော့၊ နှစ်ဖက်စလုံး ခုနစ်ရက် ခုနစ်ညတိုင်တိုင် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုတယ်...”

"နောက်ဆုံးမှာ နှစ်ဖက်စလုံး အပြင်းအထန် ဒဏ်ရာရသွားကြပြီး၊ အစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်ရဲ့ သွေးတွေကလည်း မိုးကြိုးတောင်တန်းထဲကို ပြန့်ကျဲကျဆင်းသွားခဲ့တာတဲ့...”

"နှစ်ပရိစ္ဆေဒ ကြာညောင်းလာတဲ့အခါ စိမ့်ဝင်ပြောင်းလဲမှုတွေဖြစ်ပြီး၊ နောက်ဆုံးမှာတော့ ဖီးနစ်သွေးရွှေနီ သတ္တုကြောအဖြစ် ပြောင်းလဲသွားတာပဲ ဖြစ်မယ်...”

"အဲဒီသတ္တုကြောနားမှာဆိုရင်၊ ဖီးနစ်သွေးရွှေနီတွေတင် ရှိတာ မဟုတ်ဘူးလို့တောင် ဆိုကြသေးတယ်...”

"ဆဋ္ဌမအဆင့်နဲ့ သတ္တမအဆင့်ဆေးပင်တွေ အများကြီး ပေါက်ရောက်နေတဲ့အတွက် တန်ဖိုးမဖြတ်နိုင်ဘူးတဲ့...”

"အခုဆိုရင် အစ်မတော်ဖုန်းရှီးက ကျင့်ကြံသူအမြောက်အမြားကို ဦးဆောင်ပြီး ဖီးနစ်သွေးရွှေနီသတ္တုကြောဆီကို သွားနေပြီ။ အဲ့ဒီထူးခြားတဲ့ သတ္တုကြောကြီးကို အပြည့်အဝသိမ်းပိုက်ပြီး ဦးဆောင်သူနေရာကို ယူချင်နေတာလေ...”

ပိုင်စုကျဲ့သည် သူမသိထားသမျှ သတင်းအချက်အလက်များကို ချက်ချင်းပင် အစအဆုံး တစ်ခွန်းမကျန် ပြောပြလိုက်လေသည်။

သိသာထင်ရှားစွာပင် ဤသတင်းက ဖုန်းရှီးမြို့တစ်မြို့လုံးကို တုန်လှုပ်သွားစေခဲ့သည်။

ဖုန်းရှီးမြို့တော်ရှင် ဖုန်းရှီးတာအိုအရှင်ကဲ့သို့သော ခန္ဓာပေါင်းစည်းခြင်းအဆင့် စွမ်းအားရှင်ကြီးပင်လျှင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားလာခဲ့၏။

လူအုပ်ကြီးကို ဦးဆောင်၍ မိုးကြိုးတောင်တန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ရာ အင်အားအလုံးအရင်းဖြင့် ထွက်ခွာသွားသည်ဟု ဆိုရပေမည်။

ဤသည်မှာ ဖုန်းရှီးမြို့တော်၏ နှစ်တစ်ထောင်သမိုင်းတစ်လျှောက်တွင် ယခင်က မကြုံစဖူးသော ကိစ္စကြီးတစ်ရပ် ဖြစ်လေသည်။

"အင်း၊ တကယ်ကို အံ့မခန်းသတင်းပဲ...”

"ဒါပေမဲ့ မင်းကကော… အဲ့ဒီ ဖီးနစ်သွေးရွှေနီသတ္တုကြောဆိုတဲ့နေရာကို သွားချင်နေတာလား...”

ကျိုးစွေ့က ပိုင်စုကျဲ့ကို ကြည့်လိုက်၏။

"သေချာတာပေါ့၊ ဒါက ကျွန်မတို့ ကျင့်ကြံသူတွေအတွက်တော့ အရင်က မရှိဖူးတဲ့ အခွင့်အရေးပဲလေ...”

"အရေးအကြီးဆုံးက အစ်မတော်ဖုန်းရှီးကိုယ်တိုင် ဦးဆောင်သွားတာဆိုတော့ ဒီတစ်ခေါက် လှုပ်ရှားမှုက ဘေးကင်းလုံခြုံမှာ အသေအချာပဲ...”

"ကျွန်မတို့လည်း အတူတူ လိုက်သွားလို့ရတာပေါ့...”

"ဖီးနစ်သွေးရွှေနီသတ္တုကြောက ဘယ်ရတနာကိုမှ မရခဲ့ရင်တောင် လမ်းတစ်လျှောက်မှာ သားရဲတွေကို သတ်ဖြတ်လို့ရသေးတယ်...”

"သားရဲအလောင်းတချို့ကို ရလိုက်မယ်ဆိုရင်ကို ကျွန်မတို့ သေချာပေါက် ချမ်းသာပြီလေ။ အချိန်တိုအတွင်းမှာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပြတ်လပ်သွားမှာ မဟုတ်တော့ဘူး...”

ပိုင်စုကျဲ့က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။

အဘယ်ကြောင့်ဆိုသော် သူမသည် ယခင်ကတည်းက ဤကဲ့သို့ လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်၏။ မိုးကြိုးတောင်တန်းအတွင်းသို့ မကြာခဏ ဝင်ရောက်စွန့်စားကာ သားရဲများကို သတ်ဖြတ်ပြီး ကျင့်ကြံခြင်းအရင်းအမြစ်များကို ရယူခဲ့သည်။

ထို့ကြောင့် တော်ဝင်မိသားစု၏ ထောက်ပံ့မှုများကို ဆုံးရှုံးသွားပြီးသည့်နောက်တွင်လည်း သူမသည် မိမိကိုယ်ကိုသာ အားကိုးကာ များပြားလှသော အရင်းအမြစ်များကို ရှာဖွေနိုင်ခဲ့ပြီး ကျင့်ကြံမှုအဆင့် တိုးတက်နှုန်းမှာလည်း အလွန်မြန်ဆန်လှသည်။

သူမအတွက်မူ လူသားကျင့်ကြံသူတစ်ဦးအနေဖြင့် မကြာခဏ အပြင်ထွက်ကာ စွန့်စားခြင်းသည် အလွန်ပုံမှန်ဖြစ်သော ကိစ္စရပ်တစ်ခု ဖြစ်လေသည်။

မည်သည့်ကျင့်ကြံသူက အိမ်တွင်းအောင်း၍ ကျင့်ကြံနေနိုင်ပါမည်နည်း။

ကျင့်ကြံသူများ အသုံးပြုသော ကျင့်ကြံခြင်းအရင်းအမြစ်များဆိုသည်မှာ ကောင်းကင်ပေါ်မှ သူ့အလိုလို ကျလာမည့်အရာများ မဟုတ်ပေ။

ကျင့်ကြံသူများ ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်လုယူကြရမည်သာ ဖြစ်ချေသည်။

"မသွားနဲ့...”

"မင်းလို သေးနုပ်တဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်လေး သွားရင်ရော ဘာအသုံးကျမှာလဲ...”

"ဘာအကျိုးကျေးဇူးမှ မရတဲ့အပြင် အလကားသက်သက် အပင်ပန်းခံရပြီး မသိနိုင်တဲ့ အန္တရာယ်တွေနဲ့တောင် ကြုံရနိုင်သေးတယ်...”

"ဒီလို ထိပ်တန်းသတ္တုကြောမျိုးဆိုရင် မိုးကြိုးတောင်တန်းထဲက သက်ရှိအများအပြားရဲ့ မျက်စိကျတာကို ခံရမှာ သေချာတယ်...”

"ဒီခရီးစဉ်က သိပ်ပြီး လုံခြုံလှမှာ မဟုတ်ဘူး...”

ကျိုးစွေ့က စိတ်မရှည်စွာဖြင့် ပြောလိုက်၏။

အမှန်အတိုင်းဆိုရလျှင် ပိုင်စုကျဲ့မှာ ဤမျှ တဇွတ်ထိုးနိုင်လွန်း၍ မကြာခဏ သေဘေးနှင့် ကြုံတွေ့ရသည်မှာလည်း အံ့သြစရာမဟုတ်တော့။

သူမသာ ကံကြမ္မာအကျိုးပေး လွန်စွာ ကြီးမားမနေခဲ့ပါလျှင်၊ သို့မဟုတ် မကြာခဏ ဘေးအန္တရာယ်မှ ကင်းလွတ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါလျှင် အစောကြီးကတည်းက သေဆုံးသွားခဲ့လောက်ချေပြီ။

သို့ရာတွင် ကံကြမ္မာကောင်းများက မည်မျှပင် အားကောင်းနေသည်ဖြစ်စေ၊ အနှေးနှင့်အမြန် ကုန်ဆုံးသွားမည့် နေ့တစ်နေ့တော့ ရှိလာမည်သာ။

မှန်ပေသည်၊ သူမကိုယ်ပေါ်ရှိ ကံကြမ္မာကောင်းများသည် သူမအား ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိသည်အထိသာ ပံ့ပိုးပေးနိုင်မည် ဖြစ်လေသည်။

ဤအတိုင်းသာ ဆက်သွားနေပါက သူမ ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းချိန်၌ ကိုယ်ပေါ်ရှိ ကံကြမ္မာကောင်းများ အလုံးစုံ ပျောက်ကွယ်သွားမည် ဖြစ်ပြီး၊ ထိုအချိန်ရောက်လျှင် ကံဆိုးမှုများ ဆက်တိုက်ကြုံတွေ့ကာ သေဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ဤသည်မှာ ကံကြမ္မာ၏သားတော်များ မကြာခဏ ကြုံတွေ့ရလေ့ရှိသော အခြေအနေပင် ဖြစ်၏။

များသောအားဖြင့် စွမ်းအားနည်းပါးချိန်တွင် ကပ်ဘေးအမျိုးမျိုးကို ကြုံတွေ့ရလေ့ရှိပြီး အမြဲလိုလိုပင် အဆိုးမှအကောင်းသို့ ပြောင်းလဲနိုင်ကြသည်။

ထို့ကြောင့် သူတို့သည် သူတို့၏ကံကြမ္မာက တကယ်ကို ကောင်းမွန်လှသည်ဟု ထင်မှတ်သွားကြပြီး၊ မည်သည့်အရာကိုလုပ်သည်ဖြစ်စေ ကောင်းကင်ဘုံ၏ စောင့်ရှောက်မှုကို ရရှိမည်ဟု ယူဆသွားတတ်ကြသည်။

အခြားသူများအတွက် ကိုးဆယ့်ကိုးရာခိုင်နှုန်း သေဆုံးနိုင်ခြေရှိသော တာဝန်များသည် သူတို့လက်ထဲသို့ ရောက်လာချိန်တွင် ရာနှုန်းပြည့် အသက်ရှင်နိုင်ခြေ ဖြစ်သွားတတ်၏။

သူတို့ မသိသည်မှာ ကံကြမ္မာသည် ထိုကံကောင်းမှုများအတွက် တန်ဖိုးတစ်ခုကို အစောကြီးကတည်းက သတ်မှတ်ပေးထားခဲ့သည်ကိုပင်။

ကံကြမ္မာကောင်းများ ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ပျက်စီးသွားရမည့်အချိန်သို့ ရောက်လာမည် ဖြစ်သည်။

ဤနှစ်များတစ်လျှောက်တွင် သူသည်လည်း ပိုင်စုကျဲ့အား ဖုန်းရှီးမြို့တော်အတွင်း၌သာ စိတ်အေးချမ်းသာစွာ ကျင့်ကြံနေစေခဲ့သည်။

ဤသို့ လုပ်ဆောင်ခြင်းက ပိုင်စုကျဲ့ကိုယ်ပေါ်ရှိ ကံကြမ္မာကောင်းများကို မတိုးပွားလာစေသော်လည်း သူမ၏ ကံကြမ္မာကောင်းများကိုတော့ လျော့နည်းမသွားစေခဲ့ပေ။

တစ်နည်းအားဖြင့် ဆိုရလျှင် ဤသည်ကပင် သူမ၏ ကံလမ်းကြောင်းကို တိုးတက်စေသည်ဟု ဆိုနိုင်ပေသည်။

"ကောင်းပါပြီလေ...”

"ရောင်းရင်းကျိုးက မသွားနဲ့လို့ ပြောမှတော့ ကျွန်မ မသွားတော့ပါဘူး...”

ပိုင်စုကျဲ့က လှပသော မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသည်။

ကံကောင်းသည်မှာ သူမတွင် အကြီးမားဆုံးသော အားသာချက်တစ်ခု ရှိနေခြင်းပင် ဖြစ်၏။ ထိုအရာမှာ အကြံပေးစကားများကို နားထောင်တတ်ခြင်းပင်။

ကြက်နှင့်ညားလျှင် ကြက်နောက်လိုက်၊ ခွေးနှင့်ညားလျှင် ခွေးနောက်လိုက်ဟူသော စကားအတိုင်း ဖြစ်၏။

ခင်ပွန်းဖြစ်သူ၏ စကားအပေါ်တွင် သူမက အတော်လေး ယုံကြည်မှုရှိလှသည်။ မည်မျှပင် ယုတ္တိမတန်သော ကိစ္စဖြစ်ပါစေ သူမကတော့ ယုံကြည်နေမည်သာ။

သူမသည် မိုးကြိုးတောင်တန်းသို့ သွားရောက်ကာ စွန့်စားလိုစိတ် အလွန်ပြင်းပြနေသော်လည်း အောင့်အည်း သည်းခံလိုက်လေသည်။

"ဒါဆိုလည်း ပြီးတာပါပဲ...”

ဤစကားကို ကြားသောအခါ ကျိုးစွေ့ အလွန်ကျေနပ်သွားသည်။

အကယ်၍ ပိုင်စုကျဲ့သာ အကြံပေးစကားကို နားမထောင်ဘဲ ခေါင်းမာကာ ထင်ရာစိုင်းတတ်သော မိန်းမမျိုးဖြစ်နေပါက သူ သီးသန့်နည်းလမ်းတချို့ကို အသုံးပြုရတော့မည် ဖြစ်လေသည်။

ကံကောင်းစွာဖြင့် ဤမိန်းမသည် မိမိကိုယ်ကိုယ် သိမြင်မှုအနည်းငယ်ရှိကာ စကားနားထောင်တတ်သည်။

All Chapters