← Chapters

အခန်း (၇၂၁-၇၂၂)

Vol. 68 Ch. 721-722

အခန်း (၇၂၁-၇၂၂)

Vol. 68 Ch. 721-722

အခန်း (၇၂၁) - ကံကြမ္မာ၏ စောင့်ရှောက်မှု၊ နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ လူသားပါရမီရှင်များ အဆက်မပြတ် ပေါ်ထွက်လာခြင်း(၃)။

တစ်ချိန်တည်းမှာပင်…။

ကျူးမိသားစု၊ မာမိသားစု၊ ရှီမိသားစု ဟူသော လေဟာနယ်သန့်စင်ခြင်း မိသားစုကြီးသုံးခုလုံးသည် အမွေခံသားအကြီးဆုံးများ၏ ဝိညာဉ်မီးအိမ်များ ငြိမ်းသတ်သွားသည့် သတင်းကို တစ်ချိန်တည်းလိုလိုပင် သိရှိသွားကြ၏။

သူတို့၏မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားပြီး သက်ဆိုင်ရာ လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများထံသို့ အချိန်ဆွဲမနေဘဲ အကြောင်းကြားလိုက်ကြ၏။

လေဟာနယ်သန့်စင်ခြင်း ဘိုးဘေးကြီးသုံးပါးဖြစ်ကြသော ကျူးတန်ယန်၊ ရှီဝမ်ချန်နှင့် မာကော်ဖူတို့သည် ဤသတင်းကို ကြားလိုက်ရပြီးနောက် ၎င်းတို့၏ လိုဏ်ဂူအသီးသီးမှ ချက်ချင်း ထွက်လာခဲ့သည်။ သူတို့၏ မျက်နှာများမှာ အလွန်တရာ အကျည်းတန်နေတော့သည်။

အဘယ်ကြောင့်ဆိုသော် ဤအမွေခံသားကြီး သုံးယောက်စလုံးသည် လေဟာနယ်သန့်စင်ခြင်း မိသားစုကြီးသုံးခုအတွက် အနာဂတ်တွင် လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် အမျှော်လင့်ရဆုံးသူများ ဖြစ်ကြသောကြောင့်ပင်။

မိသားစုများ၏ မျှော်လင့်ချက်များလည်း ဖြစ်ကြ၏။

သို့သော် ယခုမူ သူတို့အားလုံး ရုတ်တရက် သေဆုံးသွားခဲ့ကြချေပြီ။

ဤသည်က မိသားစုကြီးသုံးခုစလုံးအတွက် ပြင်းထန်သော သေစေနိုင်သည့် ထိုးနှက်ချက်ကြီးပင် ဖြစ်ပေသည်။

သူတို့ကိုယ်တိုင်ပင် သက်တမ်းကုန်ဆုံးခါနီးဖြစ်နေပြီး အသက်ပိုရှည်ရှည် ဆက်လက်နေထိုင်နိုင်စွမ်း မရှိတော့ကြောင်း သိထားရပေမည်။

ထို့ကြောင့် ဤမျိုးဆက်သစ် ကလေးများထဲမှ တစ်ဦးဦး လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပြီး မိသားစု၏တာဝန်ကို ပခုံးပြောင်းရယူနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်၏။

သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ သူတို့က ရုတ်တရက် သေဆုံးသွားခဲ့ကြပေပြီ။

ထိုသို့သေဆုံးရာတွင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း သေဆုံးသွားကြခြင်း ဖြစ်၏။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

"ကျူးလုံထင်တို့က ဘာလို့ ရုတ်တရက် သေသွားရတာလဲ၊ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ"

ကျူးတန်ယန်၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်နေလေသည်။

"ဘိုးဘေးကြီးကို တင်ပြပါတယ်။ ကျွန်တော်တို့လည်း သေချာမသိပါဘူး"

"ကိစ္စတွေက အရမ်းကို ရုတ်တရက်ဆန်လွန်းပါတယ်"

"ပြီးတော့ သူတို့က ဖုန်းရှီးမြို့တော်ထဲမှာပဲ ရှိနေတာပါ။ မြို့အပြင်ဘက်မှာ မဟုတ်ပါဘူး"

"ဒါပေမဲ့ ရုတ်တရက်ကြီး သေဆုံးသွားခဲ့တာပါ။ အကူအညီတောင်းတဲ့ အချက်ပြမှုတောင် မလုပ်နိုင်ခဲ့ပါဘူး"

"အခု ကျွန်တော်တို့ဆီမှာ ဘာသဲလွန်စမှ မရှိပါဘူး"

"လူသတ်သမားကို ရှာဖွေချင်ရင်တောင် ဘာနည်းလမ်းမှ မရှိပါဘူး"

ကျူးမိသားစုမှ တပည့်များစွာမှာလည်း အလွန် အကူအညီမဲ့နေကြပြီး မည်သည့်အရာ ဖြစ်ပျက်သွားမှန်း သူတို့လည်း မသိကြချေ။

မူလက အကောင်းပကတိဖြစ်နေသော်လည်း ကျူးလုံထင်တစ်ယောက် ရုတ်တရက် သေဆုံးသွားခြင်းက အမှန်တကယ်ပင် တွေးတောရခက်လှပေသည်။

"အစ်ကိုကျူး၊ ကြည့်ရတာ ဗေဒင်ပညာရပ်ကို သုံးမှပဲ ရတော့မယ်ထင်တယ်"

"လူသတ်သမားက တကယ်ကို သတိကြီးကြီးထားပြီး လုပ်သွားတာပဲ။ အခုလောက်ဆိုရင် အလောင်းဖျောက်ပြီး သက်သေဖျက်ဆီးပစ်လောက်ပြီ"

"တခြားသူတွေကို အပြစ်တင်နေရင်လည်း ဘာမှအသုံးဝင်မှာ မဟုတ်ဘူး"

ရှီဝမ်ချန်မှာလည်း အလွန် ဒေါသထွက်နေသည်။

သို့သော် ယခုအချိန်တွင် ဒေါသထွက်နေလျှင်လည်း အခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်းကို သူ သိထားပေသည်။ ယခု လက်ရှိအစီအစဉ်မှာ လူသတ်သမားကို အမြန်ဆုံးရှာဖွေပြီး ကလဲ့စားချေကာ အမုန်းတရားများကို ဆေးကြောပစ်ရန်ပင် ဖြစ်သည်။

"ဒါပေမဲ့ ဗေဒင်ပညာရပ်ဆိုတာ ကောင်းကင်ဘုံလမ်းစဉ်နဲ့ ဆန့်ကျင်နေတာမို့ သက်တမ်းကို ထိခိုက်ကုန်ဆုံးစေလိမ့်မယ်"

ကျူးတန်ယန်က အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။

သူသည် ဗေဒင်ပညာရပ်ကို အမှန်တကယ် ကျွမ်းကျင်သော်လည်း တွက်ချက်လိုက်တိုင်း သက်တမ်းကုန်ဆုံးစေပြီး မူလစွမ်းအင်များကို ကြီးမားစွာ ထိခိုက်စေသည်။ မလိုအပ်ပါက သူသည် ဤပညာရပ်ကို အသုံးမပြုချင်ပေ။

"အစ်ကိုကျူး၊ အခုတော့ မသုံးဘဲ နေလို့မရတော့ဘူး"

“ငါတို့ မိသားစုကြီးသုံးခုရဲ့ တိုက်ရိုက်အမွေခံတွေ ရုတ်တရက် သေဆုံးကုန်ကြတာပဲ။ ဒါက ငါတို့ ရန်ဘက်တွေရဲ့ လက်ချက်လားဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ တရားခံကိုသာ ရှာမတွေ့ရင် ငါတို့တွေ အိပ်မပျော်စားမဝင် ဖြစ်ရလိမ့်မယ်”

“စိတ်ချပါ၊ မင်း ဆုံးရှုံးသွားတဲ့ သက်တမ်းနဲ့ မူလစွမ်းအင်တွေအတွက် ငါတို့ဘက်က လုံလောက်တဲ့ လျော်ကြေး ပေးမှာပါ။ မင်းရဲ့ အားထုတ်မှုတွေ အလဟဿ မဖြစ်စေရပါဘူး...”

မာကော်ဖူက လေးနက်သော အသံဖြင့် ပြောလိုက်၏။

၎င်းတို့၏ သားမြေးများကို သတ်ဖြတ်သွားသူမှာ မိသားစုကြီးသုံးခု၏ ရန်သူများသာ ဖြစ်နိုင်သည်ဟု သူ ယူဆထားသည်။ သို့မဟုတ်ပါက ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်စရာ အကြောင်းရင်း မရှိချေ။

"ကောင်းပြီလေ၊ ဒါဆိုရင် ကျုပ် စမ်းကြည့်ပေးမယ်...”

ကျူးတန်ယန်က ခေါင်းညိတ်လိုက်၏။

သူသည်လည်း ထိုခန့်မှန်းချက်မှာ ယုတ္တိရှိသည်ဟု ခံစားမိလေသည်။ အခြား မိသားစုကြီးနှစ်ခုကလည်း လျော်ကြေးပေးမည်ဖြစ်ရာ သူ၏ ဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်ရန် လုံလောက်ပေသည်။

ဝုန်း…။

ဤသို့ တွေးတောပြီးနောက် ကျူးတန်ယန်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ဗေဒင်အတတ်ကို ချက်ချင်း အသုံးပြုလိုက်လေသည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုမှာ သူ၏ ကိုယ်ပေါ်မှ ပျံ့လွင့်ထွက်ပေါ်လာပြီး ကောင်းကင်တာအိုနှင့် ချိတ်ဆက်သွားပုံရ၏။

သူသည် မဟာဝိညာဉ်စွမ်းအားကို အသုံးပြု၍ လောကကြီးအတွင်းရှိ အဆုံးမရှိသော ကံကြမ္မာအကြောင်းတရား ချည်မျှင်များကို အာရုံခံကာ ရန်သူ၏ခြေရာကို လိုက်လံ ရှာဖွေလိုက်လေသည်။

ဘာ…။

ခဏချင်းမှာပင် ကျူးတန်ယန်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွား၏။ တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရပြီး တုံ့ပြန်ဒဏ်ခတ်မှု စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ရိုက်ခတ်သွားရာ သွေးတစ်လုပ်ကို အောင့်အည်းမထားနိုင်ဘဲ အန်ထုတ်လိုက်ရချေသည်။ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အသက်ရှူသံမှာလည်း အလွန်အမင်း အားနည်းသွားလေသည်။

သိသာထင်ရှားစွာပင် သူသည် မကြုံစဖူး ပြင်းထန်သော ဒဏ်ရာကို ရရှိသွားခြင်းဖြစ်ပြီး ကောင်းကင်တာအို၏ တုံ့ပြန်ဒဏ်ခတ်မှုကို ခံလိုက်ရခြင်း ဖြစ်၏။

သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ပေါ်တွင်လည်း အက်ကြောင်းများစွာ ထင်ဟပ်နေပြီး လေထဲမှ မီးစာကုန်ခါနီး ဆီမီးတိုင်ပမာ ဖြစ်နေတော့သည်။

"ကျူးရောင်းရင်း၊ ဘာကို မြင်လိုက်ရတာလဲ...”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှီဝမ်ချန်နှင့် မာကော်ဖူတို့ နှစ်ဦးလုံးမှာ စိတ်မထိန်းနိုင်တော့ဘဲ စိုးရိမ်တကြီး မေးမြန်းလိုက်ကြ၏။

"ဒုက္ခပဲ၊ ဒီတစ်ခါတော့ ဒုက္ခအကြီးအကျယ် တွေ့ပြီ။ ငါတို့ သားမြေးတွေ သေဆုံးတာက ရုပ်သေးမျိုးနွယ်နဲ့ ပတ်သက်နေပုံရတယ်...”

ကျူးတန်ယန်၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းနေလေသည်။

"ငါတို့ သားမြေးတွေကို ရုပ်သေးမျိုးနွယ်က လုပ်ကြံလိုက်တာလား...”

ဤစကားကို ကြားသောအခါ ရှီဝမ်ချန်နှင့် မာကော်ဖူတို့မှာ မယုံနိုင်အောင် ဖြစ်သွားကြ၏။

အကယ်၍ ရုပ်သေးမျိုးနွယ်၏ လက်ချက်သာ မှန်ကန်ပါက ဤကဲ့သို့သော ရန်ကြွေးကို သူတို့ မည်သို့မျှ ပြန်လည် ပေးဆပ်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ရုပ်သေးမျိုးနွယ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ပြီး ‌ဗြောင်းဆန်အောင် ကစားနိုင်စွမ်း မရှိသောကြောင့် ဖြစ်၏။

"မှန်တယ်၊ ဖြစ်နိုင်ခြေ အရမ်းများတယ်။ ကြားထဲမှာ တခြားသူတွေ ပါဝင်ပတ်သက်နေတာမျိုး ရှိနိုင်ပေမဲ့ တရားခံကတော့ ရုပ်သေးမျိုးနွယ်ကပဲ ဖြစ်ရမယ်...”

ကျူးတန်ယန်က အခိုင်အမာ ပြောလိုက်၏။

သူသည် မိမိ၏ ဗေဒင်အတတ်အပေါ် အပြည့်အဝ ယုံကြည်ချက် ရှိသည်။ မှားယွင်းနိုင်ခြေ လုံးဝ မရှိသလောက်ပင်။

"အရင်တုန်းက ဖုန်းရှီးမြို့ထဲက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ အတော်များများ ရုပ်သေးမျိုးနွယ်ရဲ့ လုပ်ကြံတာကို ခံခဲ့ရတယ်လို့ ငါ ကြားဖူးတယ်။ ရုပ်သေးမျိုးနွယ်က ငါတို့ မိသားစုကြီးသုံးခုကိုလည်း မျက်စိကျနေတာလား...”

"ငါတို့ မိသားစုကြီးသုံးခုက ဘယ်လောက်များ တန်ခိုးအာဏာရှိလို့ ရုပ်သေးမျိုးနွယ်က တကူးတက လာလုပ်ကြံမှာလဲ။ ရုပ်သေးမျိုးနွယ်ရဲ့ ပစ်မှတ်က ငါတို့ ဖုန်းရှီးမြို့ တစ်မြို့လုံး ဖြစ်ဖို့များတယ်”

“မင်းတို့လည်း သိတဲ့အတိုင်း ဖုန်းရှီးမြို့က ရုပ်သေးမျိုးနွယ်ရဲ့ နယ်မြေနဲ့ သိပ်နီးတာ။ နှစ်ပေါင်း တစ်ထောင်အတွင်းမှာလည်း ရုပ်သေးမျိုးနွယ်နဲ့ ဘယ်နှကြိမ်လောက် တိုက်ခိုက်ခဲ့ရမှန်း မသိဘူး။ ဒီတစ်ခါတော့ ရုပ်သေးမျိုးနွယ်က အတည်ကြီး တိုက်တော့မှာ ထင်တယ်...”

"ဆိုလိုတာက ငါတို့ မိသားစုကြီးသုံးခုက ရုပ်သေးမျိုးနွယ်နဲ့ လူသားမျိုးနွယ်ကြားက စစ်ပွဲအတွင်းမှာ ကြားညပ်ပြီး ဘေးသင့်သွားတာပေါ့...”

"ဒီလိုပဲ ဖြစ်ဖို့ များတယ်။ အသိုက်ပျက်ရင် ဥ မကျန်နိုင်ဘူး မဟုတ်လား...”

ကျူးတန်ယန်၊ ရှီဝမ်ချန်နှင့် မာကော်ဖူတို့ သုံးဦးမှာ သက်ပြင်းချရင်း ပြောလိုက်ကြရာ ၎င်းတို့၏ မျက်နှာများမှာ အလွန်အမင်း ညှိုးငယ်နေကြကုန်၏။

သိသာထင်ရှားစွာပင် ၎င်းတို့၏ မိသားစုကြီးသုံးခုမှာ မျိုးနွယ်စု နှစ်စုကြားမှ စစ်ပွဲဂယက်အတွင်းသို့ ဆွဲသွင်းခံလိုက်ရချေပြီ။

"အကယ်၍ ဒါက အမှန်ဆိုရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ဖုန်းရှီးမြို့တော်ကနေ ထွက်သွားကြမလား...”

အကြီးအကဲတစ်ဦးက မအောင့်အီးနိုင်ဘဲ မေးလိုက်၏။ အဘယ်ကြောင့်ဆိုသော် စစ်ပွဲဝဲဂယက်မှ ရုန်းထွက်နိုင်မှသာ မိသားစု ရှင်သန်နိုင်မည် ဖြစ်သောကြောင့်ပင်။

မျိုးနွယ်စုစစ်ပွဲတိုင်းတွင် လူပေါင်းမည်မျှ သေကြေပျက်စီးရမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။ မည်သူကမှ မိမိကိုယ်ကိုယ် အသက်ရှင်နိုင်မည်ဟု အာမခံချက် မပေးနိုင်ပေ။

ဖြစ်နိုင်မည်ဆိုပါက သူသည် ဤအန္တရာယ်ရှိသော နေရာမှ ထွက်ခွာသွားလိုသည်မှာ သဘာဝပင်။

"မိုက်မဲလိုက်တာ၊ ဖုန်းရှီးမြို့တော်ကနေ ထွက်သွားချင်တိုင်း ထွက်သွားလို့ရမယ် ထင်နေတာလား။ ငါတို့ ဖုန်းရှီးမြို့တော်ကို လာပြီး နယ်မြေချဲ့ထွင်တုန်းက ကတိကဝတ်တွေ လက်မှတ်ထိုးခဲ့ရတယ်။ နှစ်ပေါင်းတစ်သောင်းအတွင်း ဒီမြို့ကနေ ပြောင်းရွှေ့ခွင့် မရှိဘူး။ မဟုတ်ရင် ကြီးမားတဲ့ လျော်ကြေးတွေ ပေးရလိမ့်မယ်။ ငါတို့ ဒီလောက် အကျိုးကျေးဇူးတွေ အများကြီး ရထားတာက အလကားရတာ မဟုတ်ဘူး...”

ကျူးတန်ယန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

"ဒါက...”

အကြီးအကဲများစွာမှာ တိတ်ဆိတ်သွားကြလေသည်။

ဖုန်းရှီးမြို့တော်သို့ နယ်မြေချဲ့ထွင်ရန် လာရောက်ခြင်းမှာ အလွန်အန္တရာယ်ကြီးမားသည် မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးများမှာလည်း အလွန်ပင် ကြီးမားလှပေသည်။

နှစ်ပေါင်း တစ်ထောင်အတွင်းမှာပင် မိသားစုအတွင်း၌ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ အတော်များများ တိုးပွားလာခဲ့၏။

အကယ်၍ အရင်က မြို့ဟောင်းကြီးများတွင်သာ နေထိုင်ခဲ့မည်ဆိုပါက ဤမျှလောက် အကျိုးကျေးဇူးများကို မည်သို့မျှ ရရှိနိုင်မည် မဟုတ်ချေ။ ၎င်းတို့အတွက် တိုးတက်ရန် အခွင့်အလမ်း ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ဖုန်းရှီးမြို့တော်က ပေးအပ်သော အခွင့်အရေးနှင့် အကျိုးကျေးဇူးများကို ရယူထားပြီး ဖြစ်ရာ သူတို့အလိုရှိသလို ထွက်ခွာသွားရန် မဖြစ်နိုင်တော့ပေ။ သို့မဟုတ်ပါက လူသားမျိုးနွယ်တစ်ခုလုံးတွင် ၎င်းတို့အတွက် နေစရာနေရာ ရှိတော့မည် မဟုတ်ချေ။

"တစ်မိသားစုလုံး ပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ မိသားစုထဲက တစ်ယောက်နှစ်ယောက်ကို ထွက်သွားခိုင်းလို့တော့ ရနိုင်ပါသေးတယ်။ ကြိုတင်ပြင်ဆင်မှုတွေ အပြည့်အဝ လုပ်ထားကြ”

“ငါတို့ ဖုန်းရှီးမြို့တော်နဲ့အတူ သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ။ အရင်ဆုံး ဒီကိစ္စကို အထက်ကို တင်ပြလိုက်ကြစို့။ ရုပ်သေးမျိုးနွယ်နဲ့ စစ်ပွဲမှာ ငါတို့က အင်အားစု သေးသေးလေးပဲ။ ငါတို့ ဘာမှ ဝင်ပါနိုင်စွမ်း မရှိဘူး...”

ကျူးတန်ယန်၊ ရှီဝမ်ချန်နှင့် မာကော်ဖူတို့ သုံးဦးမှာ လေးနက်သော အသံဖြင့် ပြောလိုက်ကြ၏။ ၎င်းတို့ ယခုအခါတွင် ဘာမျှ မတတ်နိုင်တော့ချေ။ တရားခံမှာ ရုပ်သေးမျိုးနွယ် ဖြစ်နေသည့်အတွက် ၎င်းတို့အနေဖြင့် လက်စားချေနိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

...

အခန်း (၇၂၂) - ကံကြမ္မာ၏ စောင့်ရှောက်မှု၊ နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ လူသားပါရမီရှင်များ အဆက်မပြတ် ပေါ်ထွက်လာခြင်း(၄)။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်းတစ်ရာ ကြာညောင်းသွားခဲ့ချေပြီ။

ရွှမ်ဟွမ်ကမ္ဘာ…။

နတ်ဆိုးမျိုးနွယ်ကို ချေမှုန်းပြီးနောက်တွင် နတ်ဆိုးအားလုံးကို မြေအောက်နတ်ဆိုးလိုဏ်ဂူအတွင်းသို့ ပြန်လည် မောင်းထုတ်ကာ လိုဏ်ဂူကို အစီအရင်ဖြင့် ပိတ်ဆို့လိုက်ပြီးဖြစ်ရာ လူသားမျိုးနွယ်သည် မကြုံစဖူး ထွန်းကားသော ခေတ်ကာလသို့ ဆိုက်ရောက်လာခဲ့လေသည်။

ရွှမ်ဟွမ်ဂိုဏ်းသည် ဤခေတ်တွင် အင်အားအကြီးဆုံး နတ်ဘုရားအသွင်ပြောင်းဂိုဏ်း ဖြစ်ရာ သံသယဖြစ်ဖွယ်မရှိ ရွှမ်ဟွမ်ကမ္ဘာ၏ အရှင်သခင် ဖြစ်လာခဲ့၏။

ထို့ကြောင့် ရွှမ်ဟွမ်ဂိုဏ်းသည် ရွှမ်ဟွမ်ကမ္ဘာ၏ တိုက်ကြီး (၁၃) ခုအတွင်း၌ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နိုင်ရန် ရှေးဟောင်း တည်နေရာပြောင်း အစီအရင်များကို တည်ဆောက်လိုက်လေသည်။ ဤနည်းအားဖြင့် တိုက်ကြီးများအကြား ကူးလူးဆက်ဆံရေးနှင့် ဖလှယ်မှုများမှာ ပိုမို လွယ်ကူချောမွေ့သွားတော့သည်။

အစီအရင်များကို တည်ဆောက်သူမှာ ကျိုးစွေ့၏ ကိုယ်ပွားပင် ဖြစ်၏။ သူ၏ ကိုယ်ပွားပေါင်း ထောင်ချီမှာ ရွှမ်ဟွမ်ကမ္ဘာ၌ ကျန်ရစ်ခဲ့ပြီး ၎င်းတို့အားလုံးမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများဖြစ်ကြရာ ထိပ်တန်း လုပ်သားအင်အားစုကြီး ဖြစ်နေတော့သည်။

ဤကိုယ်ပွားများ၏ အကူအညီဖြင့် ရွှမ်ဟွမ်ဂိုဏ်းသည် ရွှမ်ဟွမ်ကမ္ဘာကို ပြုပြင်ပြောင်းလဲရာတွင် အံ့မခန်း အောင်မြင်မှုများ ရရှိခဲ့လေသည်။ တစ်ချိန်တည်းမှာပင် တိုက်ကြီး (၁၃) ခုကိုလည်း အမည်အသစ်များ မှည့်ခေါ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ဤတိုက်ကြီးများမှာ လုံးဝ အသစ်စက်စက် ဖြစ်သွားသောကြောင့်ပင်။

၎င်းတို့၏ အမည်များမှာ ယန်ကျိုးတိုက်ကြီး၊ ချင်းကျိုးတိုက်ကြီး၊ ယွီကျိုးတိုက်ကြီး၊ ရွှီကျိုးတိုက်ကြီး၊ ကျိကျိုးတိုက်ကြီး၊ ယိုးကျိုးတိုက်ကြီး၊ ပင်းကျိုးတိုက်ကြီး၊ ယန်းကျိုးတိုက်ကြီး၊ ကျင်းကျိုးတိုက်ကြီး၊ ရိကျိုးတိုက်ကြီး၊ လျန်ကျိုးတိုက်ကြီး၊ ကျောင်ကျိုးတိုက်ကြီးနှင့် ရွှမ်ဟွမ်တိုက်ကြီး ဟူ၍ အသီးသီး ဖြစ်ကြကုန်၏။

ကျင့်ကြံရေးလောက၏ မူလတိုက်ကြီး လေးခုနှင့် အသစ်ပေါ်ထွန်းလာသော ရွှမ်ဟွမ်တိုက်ကြီးတို့မှအပ ကျန်ရှိသော တိုက်ကြီး ရှစ်ခုမှာ ရှေးဟောင်းသားရဲကမ္ဘာမှ နယ်မြေများ ဖြစ်ကြပြီး ၎င်းတို့ပေါ်တွင် သားရဲတိရစ္ဆာန် အမြောက်အမြား နေထိုင်ခဲ့ကြသည်။

သို့သော် နတ်ဆိုးများ၏ သောင်းကျန်းမှုကြောင့် သားရဲတိရစ္ဆာန်များ၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်မှာ အသတ်ခံခဲ့ရလေသည်။ ထို့ကြောင့် ထိုတိုက်ကြီးများမှာ လူသူကင်းမဲ့ပြီး အလွတ်အတိုင်း ရှိနေခဲ့၏။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း ကျင့်ကြံသူ မိသားစုများစွာမှာ ထိုတိုက်ကြီးများသို့ ပြောင်းရွှေ့ အခြေချခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုတိုက်ကြီးများပေါ်တွင် အရင်းအမြစ်များ ပေါကြွယ်ဝပြီး အခြား ကျင့်ကြံသူများ၏ လက်ဦးမှုမရှိသေးရာ နောက်ခံမရှိသော ကျင့်ကြံသူ မိသားစုများအတွက် နိဗ္ဗာန်ဘုံနှင့်ပင် တူနေသောကြောင့် ဖြစ်၏။

ထို့ကြောင့် ကျင့်ကြံသူမိသားစု အမြောက်အမြားမှာ ထိုနေရာများသို့ အပြိုင်အဆိုင် သွားရောက် အခြေချကြလေသည်။

နောက်ထပ် နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားပါက ထိုတိုက်ကြီးများမှာ လူသားများဖြင့် ပြည့်နှက်သွားပြီး မြို့ပြများစွာ ထွန်းကားလာလိမ့်မည်မှာ သေချာပေသည်။

...

ချင်းကျိုးတိုက်ကြီး သို့မဟုတ် ယခင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီး၏ တစ်နေရာ…။

လွတ်လပ်သော မြေရိုင်းတစ်ခုပေါ်တွင် ကြီးမားလှသော အနက်ရောင် ကျောက်စာတိုင်ကြီး တစ်ခု စိုက်ထူထား၏။

၎င်းကို အလွန်ခိုင်ခံ့သော မြေကမ္ဘာပုံဆောင်ခဲဖြင့် ပြုလုပ်ထားခြင်း ဖြစ်ရာ မိုးသက်မုန်တိုင်းနှင့် မိုးကြိုးဘေးဒဏ်များကို ခံနိုင်ရည်ရှိပြီး နှစ်ပေါင်းတစ်သောင်း ကြာမြင့်လျှင်ပင် ပျက်စီးသွားလိမ့်မည် မဟုတ်ချေ။

ဤကျောက်စာတိုင်ပေါ်တွင် စာသားများစွာကို ရေးထိုးထားပြီး ၎င်းတို့မှာ ရွှမ်ဟွမ်ကျမ်းစာ၏ ကျင့်စဉ်များပင် ဖြစ်ချေသည်။

ကြီးမားသော ကျောက်စာတိုင်ကြီး၏ ပတ်ပတ်လည်တွင် သာမန်လူသား အမြောက်အမြားဖြင့် ပြည့်နှက်နေ၏။ ၎င်းတို့မှာ ကျောက်စာတိုင်ပေါ်ရှိ ရွှမ်ဟွမ်ကျမ်းစာကို ငတ်မွတ်နေသူများပမာ စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြလေသည်။

၎င်းတို့အထဲတွင် အသက် တစ်ဆယ့်တစ်နှစ်၊ တစ်ဆယ့်နှစ်နှစ်အရွယ် လုလင်ငယ်တစ်ဦးလည်း ပါဝင်၏။ သူ၏အမည်မှာ ဝူဝူပင်း ဖြစ်သည်။ သူသည် အနီးအနားရှိ ဝူမိသားစုကျေးရွာမှ သာမန် လုလင်ငယ်တစ်ဦးပင် ဖြစ်၏။

ငယ်စဉ်က ကိုယ်ခံအားနည်းပြီး ရောဂါထူပြောလွန်းလှသဖြင့် သေလုမျောပါး ဖြစ်ခဲ့ရသောကြောင့် မိဘများက ‘ဝူဝူပင်း’ ဟု အမည်မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ဤဘဝတွင် အနာရောဂါကင်းဝေးပြီး ကျန်းမာစွာ ကြီးပြင်းလာနိုင်ရန် ဆုတောင်းခဲ့ကြခြင်း ဖြစ်၏။

သူသည်လည်း မျှော်လင့်ချက်များကို အလဟဿ မဖြစ်စေခဲ့ပေ။ အသက် ရှစ်နှစ်အရွယ်တွင် ရောဂါထူပြောသော သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ယခင်ကကဲ့သို့ နာကျင်ကိုက်ခဲနေခြင်းမျိုး မရှိတော့ဘဲ အလွန်အမင်း သန်မာလာခဲ့လေသည်။ ယခုအခါတွင်မူ သူသည် ကျားတစ်ကောင်ကိုပင် လက်ဗလာဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်ရာ ဝူမိသားစုကျေးရွာ၏ နံပါတ်တစ် ခွန်အားကြီးသူဟု ခေါ်ဆိုနိုင်ပေသည်။

သို့သော် သူသည် ဤမျှဖြင့် မတင်းတိမ်နိုင်ဘဲ ရှေ့သို့ ဆက်လှမ်းလိုသည့်အပြင် ကျင့်ကြံသူတစ်ဦးပင် ဖြစ်လာချင်နေသေး၏။

ယခင်က ကျင့်ကြံသူတစ်ဦးသည် တပည့်လက်ခံရန် ဝူမိသားစုကျေးရွာသို့ ရောက်ရှိလာခဲ့ဖူးသည်။ သို့သော် စစ်ဆေးကြည့်လိုက်သောအခါ သူသည် စိတ်ဝိညာဉ်အမြစ်မရှိသော သာမန်လူသားတစ်ဦးသာ ဖြစ်နေသဖြင့် မည်သို့မျှ ကျင့်ကြံရေးလမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်ခြင်း မရှိခဲ့ချေ။

ဝူဝူပင်းသည် အလွန်အမင်း စိတ်ပျက်အားငယ်ခဲ့ရ၏။ သို့သော် ထိုကျင့်ကြံသူက စိတ်ဝိညာဉ်အမြစ်မရှိလျှင်ပင် ကျင့်ကြံနိုင်သည့် အခွင့်အရေးတစ်ခုတော့ ရှိသေးသည်ဟု ပြောကြားခဲ့သည်။

ဝူမိသားစုကျေးရွာနှင့် မိုင်ပေါင်းရာချီ ဝေးကွာသောနေရာတွင် ကျောက်စာတိုင်တစ်ခု စိုက်ထူထားပြီး ၎င်းပေါ်တွင် ရွှမ်ဟွမ်ကျမ်းကို မှတ်တမ်းတင်ထား၏။ ဤသည်မှာ အဆင့်မြင့်မားလှသော ကိုယ်ခံပညာ ကျင့်စဉ်တစ်ခု ဖြစ်ပြီး ဤကမ္ဘာ၏ အင်အားအကြီးဆုံး ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ချန်ထားရစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အကယ်၍ ဤကျင့်စဉ်ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ပါက ကိုယ်ခံပညာမှတစ်ဆင့် တာအိုလမ်းစဉ်သို့ ဝင်ရောက်နိုင်ပြီး စိတ်ဝိညာဉ်အမြစ်ကို ဖန်တီးနိုင်မည် ဖြစ်၏။

ထို့ကြောင့် ဝူဝူပင်းသည် ရာသီဥတုနှင့် အန္တရာယ်များကို မမှုဘဲ ရက်အတော်ကြာ ခရီးနှင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

သူကဲ့သို့ တွေးတောကြသော သာမန်လူသားများမှာ ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလှကြောင်း သူ သတိပြုမိလိုက်သည်။

သူ ဤနေရာသို့ ရောက်ရှိလာချိန်တွင် ကျောက်စာတိုင်ကြီး၏ ပတ်ပတ်လည်၌ လူအုပ်ကြီးမှာ ကျပ်ညပ်သိပ်သည်းနေချေပြီ။

ကံကောင်းသည်မှာ ဤကျောက်စာတိုင်ကြီးသည် တောင်ကုန်းတစ်ခုကဲ့သို့ပင် အလွန်တရာ ကြီးမားလှပေသည်။ အပြင်ဘက်ဆုံးနေရာတွင် ရပ်နေလျှင်ပင် ရွှမ်ဟွမ်ကျမ်းစာ၏ အချက်အလက်အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်၏။

"ဦးလေး... ရွှမ်ဟွမ်ကျမ်းစာကို ကျင့်ကြံရင် သိုင်းပညာကနေတစ်ဆင့် တာအိုထဲကို ဝင်ရောက်နိုင်ပြီး စိတ်ဝိညာဉ်အမြစ်ကို ဖွဲ့စည်းနိုင်တယ်၊ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို တက်လှမ်းနိုင်တယ်ဆိုတာ တကယ်ပဲလားဟင်…"

ဝူဝူပင်းက သူ၏ဘေးနားရှိ အလွန်ဖော်ရွေသော ဦးလေးကြီးတစ်ဦးကို ကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်၏။

"မှန်တာပေါ့၊ တကယ်ကို အမှန်ပဲလေ…"

"ဒီရွှမ်ဟွမ်ကျမ်းစာဆိုတာ အင်မော်တယ်ဂိုဏ်းဖြစ်တဲ့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရွှမ်ဟွမ်ဘိုးဘေးကိုယ်တိုင် ဖန်တီးခဲ့တဲ့ အတုမဲ့ကျင့်စဉ်တစ်ခုပဲ…"

"ရွှမ်ဟွမ်ကျမ်းစာ မပေါ်ထွက်လာခင်တုန်းက စိတ်ဝိညာဉ်အမြစ်မရှိတဲ့ သာမန်လူသားတွေဆိုတာ ကျင့်ကြံခြင်းလမ်းစဉ်ကို ဘယ်လိုမှ မတက်လှမ်းနိုင်ခဲ့ကြဘူး…"

"ကျင့်ကြံသူတွေဆိုတာ အထက်တန်းလွှာတွေဖြစ်ပြီး ငါတို့လိုလူတွေကိုတော့ ပုရွက်ဆိတ်တွေလိုပဲ သဘောထားခဲ့ကြတာ…"

"ငါတို့တွေ ဘယ်လောက်ပဲ ကြိုးစားရုန်းကန်ပါစေ သက်တမ်းက နှစ်တစ်ရာထက် မပိုခဲ့ဘူး…"

"အထက်မှာ စံမြန်းနေတဲ့ အင်မော်တယ်တွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ သူတို့ရဲ့ သက်တမ်းတွေက အနည်းဆုံး ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး ရှည်ကြတာလေ…"

ထိုဦးလေးကြီးက လေးနက်စွာ ရေရွတ်လိုက်၏။

'ရာနဲ့ချီ၊ ထောင်နဲ့ချီတဲ့ သက်တမ်းတွေတဲ့လား…'

ဤစကားကို ကြားလိုက်ရချိန်တွင် ဝူဝူပင်းမှာ အလွန်တရာ အံ့ဩမှင်တက်သွားရကာ စိတ်လှုပ်ရှားသွားမိ၏။

အဘယ်ကြောင့်ဆိုသော် ဝူမိသားစုကျေးရွာ၏ သမိုင်းကြောင်းမှာပင် အလွန်ဆုံးရှိလှ နှစ်တစ်ရာ၊ နှစ်ရာခန့်သာရှိပြီး နှစ်ပေါင်းထောင်ချီ၍ မကြာမြင့်သောကြောင့် ဖြစ်သည်။

ဆိုလိုသည်မှာ အင်မော်တယ်တစ်ဦး၏ သက်တမ်းသည် တိုင်းပြည်အချို့၏ သက်တမ်းထက်ပင် ပိုမိုရှည်လျားနေပေသည်။

‘ဒါက ဒဏ္ဍာရီလာ ကျင့်ကြံသူတွေဆိုတာလား…’

'အကယ်၍ သက်တမ်းက ဒီလောက်အထိ ရှည်လျားနေရင် အင်မော်တယ်တွေနဲ့ မခြားနားတော့တာ အမှန်ပဲ…'

"ဟုတ်ပါ့ကွာ။ ရွှမ်ဟွမ်ဘိုးဘေးက ငါတို့လို သာမန်လူသားတွေကို သနားညှာတာလို့သာ ဒီရွှမ်ဟွမ်ကျမ်းစာကို ဖန်တီးပေးခဲ့တာ။ မဟုတ်ရင် ငါတို့တွေ ကျင့်ကြံခြင်းလမ်းစဉ်ကို တက်လှမ်းဖို့နဲ့ ထူးကဲတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ဖို့ ဘယ်လိုမှ အခွင့်အရေးရှိမှာ မဟုတ်ဘူး…"

"ကြားရသလောက်တော့ ကျင့်ကြံသူမိသားစုအချို့က ငါတို့လို သာမန်လူသားတွေ စွမ်းအားပိုင်ဆိုင်တာဟာ စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူတွေကို စော်ကားတာလို့ ယူဆကြတယ်တဲ့။ ဒါကြောင့် သူတို့က ဒီကျောက်စာတိုင်ကို ဖျက်ဆီးပြီး သာမန်လူသားတွေ ရွှမ်ဟွမ်ကျမ်းစာ ကျင့်ကြံတာကို တားဆီးဖို့တောင် ကြိုးစားခဲ့ကြသေးတယ်လို့ ဆိုကြတယ်…"

"မဖြစ်နိုင်လိုက်တာ။ အဲဒီကျင့်ကြံသူမိသားစုတွေက ကိုယ်တိုင်လည်း အစွမ်းထက်တဲ့ စွမ်းအားတွေ၊ ရှည်လျားတဲ့ သက်တမ်းတွေ ပိုင်ဆိုင်ထားကြပြီးသားလေ။ ဒါတောင်မှ ငါတို့တွေကို တားဆီးဖို့၊ ငါတို့ရဲ့ လမ်းစဉ်ကို ပိတ်ပင်ဖို့ ကြိုးစားကြတာလား…"

"ဒါက သဘာဝပဲလေ။ အကယ်၍ ငါတို့တွေလည်း သူတို့လိုပဲ စွမ်းအားတွေကို ပိုင်ဆိုင်လာမယ်ဆိုရင် သူတို့က ဘာလို့ အထက်စီးကနေ နေနိုင်တော့မှာလဲ။ အကျိုးအမြတ်တွေကိုလည်း သူတို့တစ်ဦးတည်း ဘယ်လိုလုပ် သိမ်းပိုက်ထားနိုင်တော့မှာလဲ…”

“သာမန်လူသားတွေ ကျင့်ကြံနိုင်တာကို သူတို့ ဘယ်လိုမှ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ လမ်းစဉ်ကို သူတို့ပဲ လက်ဝါးကြီးအုပ်ထားချင်ကြတာပေါ့…"

"ဒါဆို ဒီကျောက်စာတိုင်က ဘာလို့ ပျက်စီးမသွားခဲ့တာလဲဟင်…"

"ဒါကတော့ ရွှမ်ဟွမ်ဂိုဏ်းက အမိန့်ထုတ်ပြန်ပြီး တပည့်တွေကို စေလွှတ်လိုက်လို့ပေါ့။ အဲဒီကျင့်ကြံသူမိသားစုတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး ‘တစ်ဦးကိုသတ်၍ တစ်ရာကို သတိပေး’ ဆိုတာမျိုး လုပ်ခဲ့တာလေ။ ဒါကြောင့်လည်း အဲဒီမိသားစုတွေက ဒီကျောက်စာတိုင်ကို မဖျက်ဆီးရဲတော့တာ။ ငါတို့ သာမန်လူသားတွေလည်း ရွှမ်ဟွမ်ကျမ်းစာကို လေ့လာခွင့် ရကြတာပေါ့…"

"ဟုတ်တယ်။ ရွှမ်ဟွမ်ကျမ်းစာက အနယ်နယ်အရပ်ရပ်ကို ပျံ့နှံ့သွားပြီးတဲ့နောက်မှာတော့ ကျင့်ကြံသူမိသားစုတွေလည်း သူတို့တားဆီးလို့ မရတော့မှန်း သိသွားကြတယ်။ အိမ်တိုင်းစေ့မှာ ဒီကျင့်စဉ်ရှိနေပြီဆိုတော့ သူတို့လည်း လက်လျှော့လိုက်ကြရတာပေါ့…"

"ရွှမ်ဟွမ်ဂိုဏ်းက ဖိနှိပ်ထားလို့သာပေါ့။ မဟုတ်ရင် ငါတို့ သာမန်လူသားတွေ ဘယ်တော့မှ မျက်နှာပွင့်ခွင့်ရမှာ မဟုတ်ဘူး…"

သာမန်လူသားများစွာက ထိုအကြောင်းကို ငြင်းခုန်ဆွေးနွေးနေကြပြီး အလွန်အမင်းပင် ရင်ထဲ၌ ခံစားနေကြရသည်။

၎င်းတို့အားလုံးသည် ရွှမ်ဟွမ်ဂိုဏ်း၏ လုပ်ရပ်အပေါ် ကျေးဇူးတင်နေကြသည်။

ဤသည်မှာ သာမန်လူသားများအတွက် မကြုံစဖူးသော လမ်းစဉ်သစ်တစ်ခုကို ဖောက်လုပ်ပေးလိုက်ခြင်းဖြစ်ပြီး၊ လူတိုင်းကို ကျင့်ကြံနိုင်စေကာ ထာဝရအသက်ရှည်ခြင်း လမ်းစဉ်ပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပေသည်။

ဤလုပ်ရပ်သည် ကျင့်ကြံခြင်းလောက၏ အခြေအနေအရပ်ရပ်ကို အလုံးစုံ ပြောင်းလဲစေခဲ့ပြီး ကမ္ဘာလောကအတွင်း ထူးချွန်ထက်မြက်သည့် ပညာရှင်များစွာကို ပေါ်ထွက်လာစေခဲ့လေသည်။

All Chapters