← Chapters

အခန်း (၇၂၃-၇၂၄)

Vol. 68 Ch. 723-724

အခန်း (၇၂၃-၇၂၄)

Vol. 68 Ch. 723-724

အခန်း (၇၂၃) - ကံကြမ္မာ၏ စောင့်ရှောက်မှု၊ နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ လူသားပါရမီရှင်များ အဆက်မပြတ် ပေါ်ထွက်လာခြင်း(၅)။

"အဟက်... ရွှမ်ဟွမ်ကျမ်းစာကို တကယ်တတ်မြောက်သွားရင်တောင်မှ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို တကယ်တက်လှမ်းနိုင်ပြီလို့ မထင်လိုက်နဲ့ဦး…"

"သိုင်းလမ်းစဉ်မှာ အဓိကနယ်ပယ်ကြီး လေးခု ရှိတယ်ဆိုတာ သိထားကြ။ ခန္ဓာသန့်စင်ခြင်းအဆင့်၊ ဟောက်ထျန်းအဆင့်၊ ရှန်းထျန်းအဆင့်နဲ့ သိုင်းတာအိုအမြုတေအဆင့် ဆိုပြီးတော့ပေါ့။ အဲဒီနယ်ပယ်တွေကို ကျော်ဖြတ်ဖို့ဆိုတာ တစ်ဆင့်ထက်တစ်ဆင့် ပိုပိုပြီးခက်ခဲတယ်…"

"ရွှမ်ဟွမ်ကျမ်းစာ စတင်ပေါ်ပေါက်လာချိန်ကစလို့ သိုင်းတာအိုအမြုတေဆင့်အထိ တကယ်တမ်း ကျင့်ကြံနိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ…"

"ဟောက်ထျန်းအဆင့်အထိ ရောက်ရင်တောင် မဆိုးဘူးလို့ ပြောရမယ်…"

ထိုအချိန်တွင် အင်္ကျီလက်ပြတ်ဝတ်ထားသော လူလတ်ပိုင်းအရွယ် လူသန်ကြီးတစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း လူအုပ်ကြီး၏ စိတ်အားထက်သန်မှုများကို ရေအေးဖြင့် ပက်လိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် သူ ကျင့်ကြံစတုန်းကလည်း အလွန်အမင်း မျှော်လင့်ချက်ကြီးမားခဲ့ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိခဲ့၏။ နောင်တစ်ချိန်တွင် အထက်တန်းလွှာ အင်မော်တယ်တစ်ဦး ဖြစ်လာပြီး နှစ်ပေါင်းထောင်ချီ သက်တမ်းရလိမ့်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။

သို့သော် ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင်မူ သူသည် ဟောက်ထျန်းအဆင့်၌သာ ရှိနေသေး၏။

ရှန်းထျန်းအဆင့်သို့ ရောက်ရှိရန်မှာ အလွန်တရာ အလှမ်းဝေးကွာနေဆဲပင်။

ထိုအခါမှသာ သူသည် မိမိ၏ပါရမီမှာ အကန့်အသတ်ရှိကြောင်းနှင့် ဤဘဝတွင် အထက်တန်းလွှာ အင်မော်တယ်တစ်ဦး မဖြစ်နိုင်တော့ကြောင်း နားလည်သွားခဲ့ရလေသည်။

"အဲလိုလည်း မဟုတ်သေးဘူး…"

"ငါတို့ ရွှမ်ဟွမ်ကျမ်းစာကို ကျင့်ကြံတာက အင်မော်တယ်ဖြစ်ဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူး…"

"တစ်ဖက်ကလည်း ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့အတွက်လည်း ပါတာပေါ့…"

"အခုခေတ်ကြီးကလည်း ခက်ခဲလှတယ်။ ဓားပြတွေကလည်း သောင်းကျန်း၊ စစ်မီးတွေကလည်း တောက်လောင်နေတာလေ။ ရွှမ်ဟွမ်ကျမ်းစာကို ကျင့်ကြံထားမှ ငါတို့မှာလည်း ပြန်လည်ခုခံနိုင်စွမ်း ရှိမှာပေါ့။ စစ်မီးထဲမှာ အလကားနေရင်း သေမသွားရအောင်လို့ပါ…"

ဘေးနားရှိလူတစ်ဦးက လေသံအေးအေးဖြင့် ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသော် ဘေးပတ်ဝန်းကျင်ရှိ လူများမှာလည်း တစ်ညီတစ်ညွတ်တည်း ခေါင်းညိတ်လိုက်ကြပြီး ထပ်တူထပ်မျှ ခံစားလိုက်ကြရ၏။

ရွှမ်ဟွမ်ဂိုဏ်းသည် ရွှမ်ဟွမ်ကမ္ဘာကို တစ်လုံးတစ်ခဲတည်း စုစည်းနိုင်ခဲ့သည်မှာ မှန်သော်လည်း လက်တွေ့တွင်မူ နယ်စားပယ်စားစနစ်ဖြင့်သာ အုပ်ချုပ်နေခြင်း ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ရွှမ်ဟွမ်ကမ္ဘာကြီးမှာ အလွန်တရာ ကြီးမားလှသောကြောင့် ဖြစ်၏။

ဧရိယာအကျယ်အဝန်းအရ ဆိုရလျှင် လက်ရှိ ရွှမ်ဟွမ်ကမ္ဘာသည် ဖွံ့ဖြိုးဆဲကာလတွင်သာ ရှိသေးသဖြင့် ဝိညာဉ်လောကကို မယှဉ်နိုင်သေးပေ။

သို့သော် ယခင် ကျင့်ကြံခြင်းလောကနှင့် နှိုင်းယှဉ်လျှင်မူ အဆပေါင်းများစွာ ပိုမိုကြီးမားလှချေပြီ။

ဤမျှ ကြီးမားသော ကုန်းမြေကြီးကို ရွှမ်ဟွမ်ဂိုဏ်း၏ အင်အားဖြင့် အစစအရာရာ အသေးစိတ် လိုက်လံစီမံရန်မှာ မဖြစ်နိုင်ပေ။

အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းထားနိုင်လျှင်ပင် လုံလောက်လှပြီ ဖြစ်၏။

ကမ္ဘာတစ်ခုလုံးကို ထိခိုက်စေမည့် စစ်ပွဲကြီးများ မဖြစ်ပွားသရွေ့ ရွှမ်ဟွမ်ဂိုဏ်းက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

မှန်ပေသည်၊ စွက်ဖက်ရန်လည်း မတတ်နိုင်ချေ။

အဘယ်ကြောင့်ဆိုသော် လူအင်အားမှာ ဤမျှအထိ မလုံလောက်သောကြောင့် ဖြစ်၏။

နယ်မြေအစိတ်အပိုင်း အများစုမှာ ရွှမ်ဟွမ်ဂိုဏ်း၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် မရှိဘဲ ဒေသအလိုက် ကိုယ်တိုင်စီမံ အုပ်ချုပ်နေကြသည့် နယ်မြေများ ဖြစ်ကြသည်။

ထို့ကြောင့် ဝိညာဉ်ကြောများ၊ ဝိညာဉ်ဆေးပင်များနှင့် နယ်မြေများကို လုယူရန်အတွက် အင်အားစုအသီးသီးမှာ မကြာခဏဆိုသလို စစ်ခင်းလေ့ ရှိကြသည်။

ဤအချက်ကပင် သာမန်လူသားများစွာကို ခက်ခဲပင်ပန်းစွာ ရှင်သန်စေပြီး စစ်မီးဒဏ်ကို မကြာခဏ ခံစားရစေခြင်း ဖြစ်ပေသည်။

ထိုသို့သော အခြေအနေများကြောင့် သာမန်လူသားများသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိရန်နှင့် ပြင်ပမှ ဓားပြများ၏ လက်ချက်ဖြင့် မသေဆုံးစေရန်အတွက် စွမ်းအားများကို လိုလားနေကြခြင်း ဖြစ်ပေသည်။

"မှန်လိုက်လေခြင်း"

ဝူဝူပင်းသည်လည်း ထိုစကားကို အလွန်ပင် လက်ခံမိသည်။

သူ အင်မော်တယ်ဖြစ်ချင်ရသည့် အကြောင်းရင်းမှာလည်း ဝူမိသားစုကျေးရွာ အနီးအနားတွင် ဓားပြများ အလွန်ပေါများသောကြောင့် ဖြစ်၏။

မည်သည့်အချိန်တွင် ဝူမိသားစုကျေးရွာမှာ ဓားပြများ၏ လုယက်ဖျက်ဆီးခြင်းကို ခံရမည်မှန်း မသိနိုင်ပေ။

မိမိ၏ ကံကြမ္မာကို မိမိဘာသာ ဖန်တီးနိုင်ရန်အတွက် သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်လိုခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် ကျင့်ကြံသူတစ်ဦး မဖြစ်နိုင်လျှင်ပင် သိုင်းပညာကို သင်ယူကာ အားကောင်းသော စွမ်းအားများကို ပိုင်ဆိုင်လိုစိတ် ပြင်းပြနေမိ၏။

"အမှန်အတိုင်း ပြောရရင် ငါတို့ရော ရွှမ်ဟွမ်ဂိုဏ်းထဲကို ဝင်ခွင့်ရနိုင်မလား…"

တစ်ဦးက သိလိုစိတ်ဖြင့် မေးလိုက်၏။

ရွှမ်ဟွမ်ဂိုဏ်းသည် ကမ္ဘာကျော်ဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး အင်အားစုများမှာ ကမ္ဘာအနှံ့ ရှိနေသဖြင့် အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းထဲသို့ ဝင်ခွင့်ရခဲ့လျှင် နောင်တစ်ချိန်တွင် တတာအိုလမ်းစဉ်အတွက် မျှော်လင့်ချက် ရှိလာမည် ဖြစ်သည်။

"ရွှမ်ဟွမ်ဂိုဏ်းထဲကို ဝင်မယ် ဟုတ်လား။ အိပ်မက်မက်မနေစမ်းပါနဲ့…"

"ရွှမ်ဟွမ်ဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲဆိုတာ သိရဲ့လား…"

"ဒီကမ္ဘာပေါ်မှာ ရေတွက်လို့မကုန်နိုင်တဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေ ရှိတယ်…"

"ဒါပေမဲ့ ရွှမ်ဟွမ်ဂိုဏ်းတစ်ခုတည်းကသာ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်သလို ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်နေတဲ့ အထက်တန်းလွှာဂိုဏ်းကြီး ဖြစ်တာ…"

"အတုမဲ့ ပါရမီရှင်တွေ မဟုတ်ရင် ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်ဖို့ဆိုတာ စိတ်ကူးယဉ်နေတာပဲ…"

"စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူတွေတောင်မှ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး…"

အင်္ကျီလက်ပြတ်ဝတ် လူသန်ကြီးက တဟားဟား ရယ်မောလိုက်ရင်း ထိုလူများမှာ အကြံကြီးလှသည်ဟု ယူဆမိလေသည်။ ၎င်းတို့သည် ရွာသားများသာ ဖြစ်သဖြင့် ကမ္ဘာကြီး မည်မျှကျယ်ပြောသည်ကို မသိရှိကြခြင်း ဖြစ်ပေသည်။

အကယ်၍သာ ဤရွာသားများသာ ရွှမ်ဟွမ်ဂိုဏ်း၏ အဆင့်အတန်းကို သိရှိသွားကြပါက ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်လိုသည်ဟူသော စကားမျိုးကို ပြောထွက်ရဲကြမည် မဟုတ်ပေ။ ဤသည်မှာ မသိနားမလည်သူတို့၏ သတ္တိဟုပင် ဆိုရပေမည်။

"ဟုတ်တယ်။ ပြီးတော့ ရွှမ်ဟွမ်ဂိုဏ်းက ငါတို့ရှိနေတဲ့ ချင်းကျိုးတိုက်ကြီးမှာ မဟုတ်ဘဲ မိုင်ပေါင်းကုဋေကုဋာ ဝေးကွာတဲ့ ရွှမ်ဟွမ်တိုက်ကြီးမှာ ရှိတာ။ ရှေးဟောင်း တည်နေရာပြောင်း အစီအရင်တွေကို သုံးမှပဲ ရောက်နိုင်တာ…"

"ကြားဖူးတာကတော့ အဲဒီရွှမ်ဟွမ်တိုက်ကြီးဟာ တကယ့်ကို ကျင့်ကြံခြင်း နိဗ္ဗာန်ဘုံပဲတဲ့။ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ အိပ်မက်ရာ တိုင်းပြည်ပေါ့။

အဲဒီနေရာက ဘယ်လောက်တောင် ချမ်းသာကြွယ်ဝသလဲဆိုရင် ဝိညာဉ်ဆေးပင်တွေကို စိုက်လိုက်ရုံနဲ့ အရှိန်အဟုန်နဲ့ ကြီးထွားလာကြသတဲ့။ ကောက်ပဲသီးနှံတွေ စိုက်ရင်လည်း တစ်ဧကကို ပေါင်ချိန် သောင်းနဲ့ချီ ထွက်တာ။ အဲဒီမှာတော့ ငတ်ပြတ်ပြီး သေတဲ့သူလည်း မရှိဘူး၊ စစ်ပွဲတွေလည်း မရှိဘူးတဲ့…"

"ဟုတ်ပါ့။ ရွှမ်ဟွမ်တိုက်ကြီးကို ရောက်သွားတဲ့သူတိုင်း ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ ကံမကောင်းတာက ငါ့မှာ ရွှမ်ဟွမ်တိုက်ကြီးကို သွားဖို့အတွက် ကုန်ကျစရိတ်ကို မတတ်နိုင်လို့ပေါ့။ မဟုတ်ရင် အဲဒီမှာပဲ သွားနေလိုက်တော့မှာ…"

လူအုပ်ကြီးမှာ ပြောမကုန်နိုင်အောင် ဖြစ်နေကြပြီး လေသံများထဲတွင်လည်း အားကျနေမှုများ အပြည့်အဝ ပါဝင်နေ၏။

ကံမကောင်းသည်မှာ သာမန်လူသားများအတွက် ရွှမ်ဟွမ်တိုက်ကြီးသို့ သွားရောက်ရန်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စရပ်ပင် ဖြစ်သည်။

ရွှမ်ဟွမ်တိုက်ကြီးကို မဆိုထားနှင့်၊ မိုင်ပေါင်းသောင်းချီ ဝေးကွာသော နေရာသို့ သွားရန်ပင် အလွန်ခက်ခဲလှသည်။

အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် လမ်းခုလတ်မှာတင် အသက်ပျောက်သွားနိုင်ပေသည်။

လမ်းတစ်လျှောက်တွင် ဓားပြများ အလွန်ပေါများသဖြင့် မိမိ၏လုံခြုံရေးကို အာမခံနိုင်ရန်မှာ ခက်ခဲလှသည်။

၎င်းတို့မှာ ပြောရုံသာ ပြောနိုင်ခြင်းဖြစ်ပြီး တကယ်တမ်း သွားရန်မှာမူ မည်သို့မျှ မဖြစ်နိုင်ချေ။

"တော်ပြီ... တော်ပြီ။ ဒါတွေ ပြောနေလို့လည်း အပိုပဲ။ ငါတို့နဲ့ အရမ်းဝေးလွန်းပါတယ်...”

"ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်ဖို့ထက် တခြားကျင့်ကြံရေးဂိုဏ်းတွေကို ဝင်ဖို့ ကြိုးစားတာကမှ ဖြစ်နိုင်ခြေ ပိုများဦးမယ်…"

"ငါတို့ ရွှမ်ဟွမ်ကျမ်းစာကိုပဲ အာရုံစိုက်ပြီး လေ့လာကြရအောင်…"

တစ်ဦးက လက်ကာပြလိုက်၏။ ဤကိစ္စများမှာ သာမန်လူများအတွက် အလွန်တရာ အလှမ်းဝေးလွန်းလှသည်ဟု သူ ခံစားမိသည်။

အမှန်တကယ်တွင် စိတ်ဝိညာဉ်အမြစ်ရှိသည့် ကျင့်ကြံသူများပင်လျှင် ရွှမ်ဟွမ်တိုက်ကြီးသို့ သွားရောက်ရန်မှာ အလွန်တရာ ခက်ခဲလှသည့်ကိစ္စတစ်ခု ဖြစ်သည်။ သာမန်လူသားများအတွက်မူ ဆိုဖွယ်ရာ မရှိတော့ပေ။

ထိုအချိန်တွင် ဝူဝူပင်းမှာမူ အခြားသူများ၏ စကားကို စိတ်မဝင်စားတော့ဘဲ သူ၏ မျက်လုံးများမှာ နက်မှောင်သော ကျောက်စာတိုင်ကြီးဆီသို့သာ စူးစိုက်ကြည့်နေမိ၏။ ရွှမ်ဟွမ်ကျမ်းစာ၏ အနှစ်သာရများမှာ လှိုင်းတံပိုးများကဲ့သို့ သူ၏ အသိစိတ်အာရုံထဲသို့ တိုးဝင်လာခဲ့လေသည်။

ထိုအခိုက်တွင် သူသည် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဉာဏ်အလင်းရမှု ဈာန်အခြေအနေထဲသို့ ဝင်ရောက်သွားပုံ ရသည်။

သူ၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ လျှို့ဝှက်ဆန်းပြားသော ပုလဲလုံးတစ်လုံး ရှိနေပြီး ၎င်းမှ လျှို့ဝှက်ဆန်းပြားသော အငွေ့အသက်များကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးနေကာ သူ၏ ကျင့်ကြံခြင်းကို ကူညီပေးနေ၏။

ဤလျှို့ဝှက်ဆန်းပြားသော ပုလဲလုံးမှာ ဝူဝူပင်း ငယ်စဉ်က မထင်မှတ်ဘဲ ရရှိခဲ့သော ကံထူးမှုတစ်ခု ဖြစ်လေသည်။

ထိုစဉ်က သူသည် အနောက်တောင်ကုန်းပေါ်၌ ဆော့ကစားနေစဉ် ကောင်းကင်မှ ဥက္ကာခဲတစ်ခု ကြွေကျလာပြီး ကြယ်ပျံတစ်လုံးအဖြစ် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှစ၍ ဤပုလဲလုံးသည် သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။

ဤပုလဲလုံး၏ အမည်မှာ ထောင်ထျဲ့ပုလဲ ဖြစ်ပြီး လျှို့ဝှက်ဆန်းပြားသော ရတနာတစ်ပါး ဖြစ်ပုံရသည်။

အစားအစာများ သို့မဟုတ် အမျိုးမျိုးသော ကောင်းကင်နှင့်မြေကြီး၏ ရတနာများကို ဝါးမြိုလိုက်သည်နှင့် ဤပုလဲလုံးမှ လျှို့ဝှက်ဆန်းပြားသော အငွေ့အသက်များကို ထုတ်လွှတ်ပေးကာ ခန္ဓာကိုယ်ကို သန်စွမ်းလာစေခြင်း ဖြစ်၏။

ဤရတနာကို ရရှိထားသောကြောင့် ဝူဝူပင်းသည် ဖျားနာခြင်းကင်းပြီး နွားလားတစ်ကောင်ကဲ့သို့ ခွန်အားကြီးမားနေခြင်း ဖြစ်ပေသည်။

ယခုအခါ သူ ရွှမ်ဟွမ်ကျမ်းစာကို ကျင့်ကြံနေချိန်တွင် ဤရတနာမှာလည်း အံ့ဩဖွယ်ရာ အခြင်းအရာများကို ပြသလာခဲ့လေသည်။

အငွေ့အသက်များမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ တခဏချင်း တိုးဝင်သွားပြီး ကျင့်ကြံခြင်း အခြေအနေထဲသို့ လျင်မြန်စွာ ရောက်ရှိသွားစေရန် ကူညီပေးလိုက်၏။

ဝုန်း...။

ထိုအခိုက်တွင် နက်မှောင်သော ကျောက်စာတိုင်ကြီးသည် တစ်စုံတစ်ခုကို ခံစားမိသွားပုံရပြီး ၎င်းပေါ်ရှိ စာလုံးတိုင်းမှာ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့သည်။

အတုမဲ့ကျမ်းစာတစ်စောင် ပေါ်ထွက်လာသကဲ့သို့ အလွန်တရာ တောက်ပလှပြီး မိုင်ပေါင်းသောင်းချီသော ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ ခမ်းနားထည်ဝါလှပေသည်။

ထိုအချိန်တွင် ကျောက်စာတိုင်၏ စွမ်းအားနှင့် ဝူဝူပင်း၏ အငွေ့အသက်တို့မှာ တစ်ထပ်တည်း ကျသွားပုံရသည်။

ဝှမ်...။

နောက်တစ်စက္ကန့်တွင် ကျောက်စာတိုင်အတွင်းမှ အလင်းတန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ဝူဝူပင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့ကာ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ရွှေရောင်ပန်းချီကားချပ်ကဲ့သို့ အမှတ်အသားတစ်ခု ထင်ကျန်ရစ်စေခဲ့လေသည်။

၎င်းမှာ အလွန်တရာ ထူးခြားဆန်းပြားနေတော့၏။

အခန်း (၇၂၄) - ကျန်းတစ်သိန်းအရှည်ရှိသော ကံကြမ္မာရွှေနဂါး၊ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးနှင့် ဆဋ္ဌမအဆင့် အစီအရင်မဟာဆရာသခင်အဖြစ် တိုးတက်လာခြင်း(၁)။

"ဘယ်လိုဖြစ်တာပါလိမ့်...”

ကျောက်စာတိုင်ဘေးရှိ လူများမှာ အလွန်တရာ တုန်လှုပ်ချောက်ချားသွားကြပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို လုံးဝနားမလည်နိုင်ဘဲ ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤနေရာ၌ အချိန်အတော်ကြာ နေထိုင်ခဲ့ကြသော်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းကြောင့်ပင် ဖြစ်၏။

ဤကျောက်စာတိုင်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး ထူးခြားဆန်းပြားသော ဖြစ်စဉ်များ ပေါ်ပေါက်လာလိမ့်မည်ဟု သူတို့တစ်ခါမျှ မတွေးထားခဲ့ကြချေ။ ဤသည်မှာ အမှန်တကယ်ပင် ယုံကြည်နိုင်စရာ မရှိလှ။ အကယ်၍ မျက်မြင်ကိုယ်တွေ့ မမြင်ရပါက မည်သူက ယုံကြည်နိုင်ပါမည်နည်း။

"ဒီကောင်လေးပဲ...”

"ဒီကောင်လေးက ကျောက်စာတိုင်ရဲ့ ထူးခြားဆန်းကြယ်မှုကို လှုံ့ဆော်လိုက်တာပဲ...”

တစ်စုံတစ်ယောက်က ဝူဝူပင်းကို ချက်ချင်းသတိထားမိသွားလေသည်။

အကြောင်းမူကား ရွှေရောင်အလင်းတန်းတစ်ခုမှာ ထိုကောင်လေး၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို သူမြင်တွေ့လိုက်ရသောကြောင့်ပင်။

ဘာ…။

ထိုခဏတွင် လူတိုင်း ဝူဝူပင်းကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြလေသည်။

သူတို့၏ မျက်လုံးများထဲတွင် မနာလိုမှု၊ ဝန်တိုမှုနှင့် အားကျမှုများ ရောပြွမ်းနေသည့် ခံစားချက်များ ပြည့်နှက်နေချေပြီ။

"ငါ ဒီကျောက်စာတိုင်နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတစ်ခု ကြားဖူးတယ်...”

"ကျောက်စာတိုင်နားမှာ ကျင့်ကြံနေတဲ့ တစ်စုံတစ်ယောက်က ထူးခြားဖြစ်စဉ်တွေကို လှုံ့ဆော်နိုင်ခဲ့ရင် ရွှမ်ဟွမ်ဂိုဏ်းထဲကို ဝင်ခွင့်ရမယ့် အခွင့်အရေးရှိတယ်တဲ့...”

"အရင်ကတော့ ဒါက ဘယ်ကလာမှန်းမသိတဲ့ ကောလာဟလတစ်ခုလို့ပဲ ငါထင်ခဲ့တာ။ တကယ်ပဲ တစ်ယောက်ယောက်က ဒီထူးခြားဖြစ်စဉ်ကို လှုံ့ဆော်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

လက်ပြတ်အင်္ကျီဝတ်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ဦးက ဝူဝူပင်းကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ မိမိကိုယ်တိုင် အချိန်အတော်ကြာအောင် တောင့်တခဲ့သော အင်မော်တယ်ရေစက်ကို ဤကဲ့သို့သော ကောင်လေးတစ်ယောက်က ရရှိသွားလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ချေ။

'လူအချင်းချင်းကြားမှာ ကွာခြားချက်က ဒီလောက်တောင် ကြီးမားတာလား။ ဘာလို့ ဒီကောင်လေးက အင်မော်တယ်ရေစက်ကို ရပြီး ငါကတော့ အမြဲတမ်း လက်လွတ်နေရတာလဲ' ဟု သူတွေးလိုက်မိ၏။

မှန်ပေသည်၊ ကျောက်စာတိုင်မှ ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းမှာ ကျိုးစွေ့၏ လက်ချက်ပင် ဖြစ်လေသည်။ ကျောက်စာတိုင်တိုင်းတွင် ‘ကံကြမ္မာကူ’ထံမှ ယခင်က ချန်ထားခဲ့သော ကံကြမ္မာမျိုးစေ့ တစ်စေ့စီ ပါရှိ၏။

အကယ်၍ အနီးအနားတွင် ကြီးမြတ်သော ကံတရားရှိသူ ရှိနေပါက ၎င်းသည် ချက်ချင်း တုံ့ပြန်မှုပေးလိမ့်မည်ဖြစ်ကာ ကျောက်စာတိုင်၏ စွမ်းအားကို လှုံ့ဆော်ပေးပြီး ရွှမ်ဟွမ်ဂိုဏ်း၏ သီးသန့်အမှတ်အသားကို ချန်ထားခဲ့မည် ဖြစ်ပေသည်။

ဤအမှတ်အသားသည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မရှိဘဲ ဤသူသည် ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ရန် အရည်အချင်းရှိကြောင်း သတ်မှတ်ပေးသည့် သင်္ကေတတစ်ခုသာ ဖြစ်၏။

ရွှစ်… ရွှစ်… ရွှစ်…။

နောက်တစ်စက္ကန့်တွင် ဝေးကွာသော ကောင်းကင်ယံမှ ဓားအလင်းတန်းများ တစ်ခုပြီးတစ်ခု ပျံသန်းလာကြလေသည်။ ကျင့်ကြံသူ အတော်များများမှာ ဤကဲ့သို့သော ထူးခြားဆန်းပြားသည့် ဖြစ်စဉ်ကို သတိပြုမိသွားကြသဖြင့် ဓားပျံများကို စီးနင်းကာ ကျောက်စာတိုင်အနီးသို့ အပြေးအလွှား ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။

သူတို့သည်လည်း ဝူဝူပင်းကို ပထမဆုံး သတိပြုမိသွားကြ၏။ အထူးသဖြင့် ဝူဝူပင်း၏ နဖူးပေါ်ရှိ ရွှေရောင်ပန်းပွင့်ပုံစံ အမှတ်အသားကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အလွန်တရာ အံ့အားသင့်သွားကြရသည်။

"ဟားဟား... ဒီနေ့ ငါ ဘာလို့ စိတ်တွေ လှုပ်ရှားနေရတာလဲလို့ တွေးနေတာ။ ဂိုဏ်းတူညီငယ်လေး တစ်ယောက်ကို ရှာတွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

ထိုအချိန်တွင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦးက အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့်ပုံစံဖြင့် ရယ်မောလိုက်သည်။

သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားဆန္ဒများ ထွက်ပေါ်နေကာ ကျင့်ကြံမှုမှာလည်း တိုင်းတာ၍မရနိုင်လောက်အောင် နက်ရှိုင်းလှ၏။ သူသည် အမှန်တကယ်ပင် ရွှေအမြုတေအဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။

သူသည် ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ပြီး အမည်မှာ လီယွမ်ချူး ဖြစ်သည်။ ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးနောက် ဂိုဏ်း၏ တာဝန်ပေးချက်အရ ချင်းကျိုးတိုက်ကြီး၏ ဒေသတစ်ခုကို စောင့်ကြပ်ရန် ရောက်ရှိလာခြင်း ဖြစ်၏။

သူ၏ တာဝန်သက်တမ်း ကုန်ဆုံးရန်မှာ နှစ်အနည်းငယ်သာ လိုတော့၏။

ထိုအချိန်ကျမှသာ သူသည် ရွှမ်ဟွမ်ဂိုဏ်းသို့ ပြန်နိုင်မည် ဖြစ်သည်။ သို့သော် ယခုမူ သူ၏ ကံကောင်းမှုကြောင့် ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်ဖြစ်ရန် အရည်အချင်းရှိသူ တစ်ဦးကို ရှာတွေ့ခဲ့ချေပြီ။

ဤသည်မှာ ကောင်းကင်ဘုံက သူ့ကို ကူညီလိုက်ခြင်းပင်။

အဘယ်ကြောင့်ဆိုသော် အကယ်၍ သူသည် တပည့်သစ်တစ်ဦးကို ရှာတွေ့ခဲ့ပါက ဂိုဏ်းမှ ပေးအပ်သော ဂုဏ်ပြုမှတ်များစွာနှင့် ဆုလာဘ်များစွာကို ရရှိနိုင်သောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် ရွှမ်ဟွမ်ဂိုဏ်း၏ ကျင့်ကြံသူများစွာမှာ ပါရမီရှင်များကို ရှာဖွေရန် စိတ်အားထက်သန်နေကြခြင်း ဖြစ်၏။ တစ်ဦးတည်းကို ရှာတွေ့ရုံနှင့် ရရှိသော ဆုလာဘ်မှာ သူ၏ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံမှုအတွက် လုံလောက်စေနိုင်သည်။

"ညီလေး... ငါ့နာမည်က လီယွမ်ချူးလို့ ခေါ်တယ်။ ငါက ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ...”

"မင်းက ငါတို့ ရွှမ်ဟွမ်ဂိုဏ်းနဲ့ ရေစက်ရှိတယ်လို့ ဆိုရမယ်။ ငါတို့ ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှိရဲ့လား...”

လီယွမ်ချူးသည် ကောင်းကင်မှ ဆင်းသက်လာပြီး ဝူဝူပင်း၏ ရှေ့တွင်ရပ်ကာ အလွန်ကြင်နာနွေးထွေးစွာဖြင့် မေးမြန်းလိုက်၏။

"ဒါပေမဲ့... ကျွန်တော်က သာမန်လူတစ်ယောက်ပဲလေ။ စိတ်ဝိညာဉ်အမြစ်လည်း မရှိဘူး။ တကယ်ပဲ ရွှမ်ဟွမ်ဂိုဏ်းကို ဝင်နိုင်လို့လား...”

ကောင်းကင်တွင် ပျံသန်းနိုင်သည့် အင်မော်တယ်တစ်ဦးကို မြင်လိုက်ရသောအခါ ဝူဝူပင်းမှာ ကြောင်အသွားရလေသည်။

သူသည် တောရွာလေးမှ ကောင်လေးတစ်ယောက်သာ ဖြစ်ပြီး ခွန်အားကြီးမားသော်လည်း ဤကဲ့သို့သော အင်မော်တယ်မျိုးကို မည်သည့်အခါကမျှ မမြင်ဖူးချေ။

သို့သော် ဤသည်မှာ မိမိအတွက် ကြီးမားသော အခွင့်အရေးဖြစ်ကြောင်း သူသိရှိလေသည်။ အကယ်၍ ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက နောက်ထပ်တစ်ကြိမ် ရရှိနိုင်မည် မဟုတ်တော့ပေ။

သို့သော်ငြား မိမိကိုယ်တိုင် ရွှမ်ဟွမ်ဂိုဏ်းသို့ အမှန်တကယ်ဝင်နိုင်ပါ့မည်လောဟု သူသံသယဖြစ်နေဆဲပင်။

"ကိစ္စမရှိပါဘူး။ ငါတို့ရွှမ်ဟွမ်ဂိုဏ်းက တပည့်တွေရဲ့ အရည်အချင်းနဲ့ ဉာဏ်ပညာကို ဂရုမစိုက်ဘူး။ မင်းနဲ့ ရေစက်ရှိမရှိကိုပဲ ကြည့်တာ...”

"မင်းက ကျောက်စာတိုင်ရဲ့ အသိအမှတ်ပြုမှုကို ခံရတယ်ဆိုတော့ ငါတို့ ရွှမ်ဟွမ်ဂိုဏ်းနဲ့ ရေစက်ရှိတာ သိသာနေတာပဲ...”

"အကယ်၍ မင်းဆန္ဒရှိရင် ငါ မင်းကို ဂိုဏ်းထဲဝင်နိုင်အောင် လမ်းပြပေးနိုင်တယ်...”

လီယွမ်ချူးက ပြုံးလျက် ပြောလိုက်၏။

ဘာ…။

ပတ်ဝန်းကျင်ရှိ လူများမှာ ဤစကားကို ကြားလိုက်ရသောအခါ အလွန်တရာ မနာလို ဖြစ်သွားကြလေသည်။

ဤငတုံးလေးမှာ အင်မော်တယ်ရေစက်ကို ရရှိသွားလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြချေ။ ဤသည်မှာ တစ်ချက်တည်းဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းသွားခြင်းပင်။

'ရေစက်ရှိသူမှာ ငါတို့မဟုတ်ရလေခြင်း' ဟု တွေးတောကာ ရင်ဘတ်ကို ထုရိုက်ရင်း နောင်တရနေကြတော့သည်။

"ရွှမ်ဟွမ်ဂိုဏ်းကို ဝင်ခွင့်ရမယ်ဆိုရင် ကျွန်တော် သဘောတူပါတယ်ခင်ဗျာ...”

ဝူဝူပင်းသည်လည်း အရူးတစ်ယောက် မဟုတ်ပေ။ အင်မော်တယ်ရေစက်ကို ရရှိမည်ဆိုပါက မည်သူက ငြင်းပယ်ပါမည်နည်း။ အထူးသဖြင့် ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ခွင့်ရမည့် အခွင့်အရေးကို မည်သူကမျှ လက်လွှတ်မည် မဟုတ်ပေ။

"ကောင်းပြီ... အရမ်းကိုကောင်းတယ်...”

"ဒါဆိုရင် မင်းရဲ့အိမ်က ဘယ်မှာလဲ...”

"မင်းရဲ့ မိဘတွေကို နှုတ်ဆက်လိုက်ဦး။ ပြီးရင် ငါတို့ ရွှမ်ဟွမ်ဂိုဏ်းကို ပြန်ကြမယ်...”

လီယွမ်ချူးမှာ အလွန်ကျေနပ်သွားလေသည်။

"ကျွန်တော့်အိမ်က ဒီအနီးနားက ဝူမိသားစုရွာမှာပါခင်ဗျာ...”

ဝူဝူပင်းက ရိုးရိုးသားသား ပြန်ပြောလိုက်၏။

"ဝူမိသားစုရွာလား။ အတော်လေး နီးတာပဲ...”

"ဒါဆို အတူတူသွားကြတာပေါ့...”

လီယွမ်ချူးက လက်ဝှေ့ယမ်းလိုက်သည်နှင့် ဝူဝူပင်းကို ကောင်းကင်ယံသို့ ခေါ်ဆောင်သွားပြီး လူတိုင်း၏ ရှေ့မှောက်မှ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။

မနာလို ဝန်တိုနေကြသော သာမန်လူအုပ်ကြီးသာ ကျန်ရစ်ခဲ့ရလေ၏။

"မဖြစ်နိုင်တာ။ ဒီလိုပဲ ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်သွားတာလား။ ဒါက အိမ်မက်ဆန်လွန်းမနေဘူးလားကွာ။ ရွှမ်ဟွမ်ဂိုဏ်းထဲဝင်ဖို့ အတော်ခက်တယ်လို့ ပြောကြတာ မဟုတ်ဘူးလား...”

တစ်စုံတစ်ယောက်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မယုံကြည်နိုင်ဘဲ ရှိနေလေသည်။

"ခက်တာကတော့ ခက်တာပေါ့။ ဒါပေမဲ့ တချို့လူတွေအတွက်တော့ လွယ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်ရွေးချယ်တဲ့ စံနှုန်းက ဘာလဲဆိုတာ ဘယ်သူမှ မသိကြလို့ပဲ…

ရေစက်ရှိရင် ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ အခွင့်အရေး ရှိတာပဲ။ အကယ်၍ ရေစက်မရှိရင် ပါရမီ ဘယ်လောက်ပဲ ကောင်းနေပါစေ ဝင်ဖို့ ခက်လိမ့်မယ်...”

"ဒါပေါ့... ဒီကောင်လေးက ရွှမ်ဟွမ်ဂိုဏ်းကို အလွယ်တကူ ဝင်သွားတယ်လို့ မထင်နဲ့။ ကျောက်စာတိုင်နဲ့ တစ်သားတည်းဖြစ်ပြီး ထူးခြားဖြစ်စဉ်ကို လှုံ့ဆော်နိုင်တယ်ဆိုကတည်းက ဒီလူက မရိုးရှင်းဘူးဆိုတာ သိသာနေတာပဲ...”

"အမှန်ပဲ။ ဒီကျောက်စာတိုင်က ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်းတစ်ရာနီးပါး ရှိနေပြီ။ ဒါပေမဲ့ အခုထိ ဘယ်သူမှ ဒီလိုဖြစ်စဉ်မျိုးကို မလှုံ့ဆော်နိုင်ခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီကောင်လေးက လုပ်နိုင်ခဲ့တယ်ဆိုတော့ ဒီလူက တကယ်ကို ထူးခြားတာပဲ...”

"ကြားတာတော့ ရွှမ်ဟွမ်ဂိုဏ်းက တပည့်တွေတိုင်းက ကြီးမြတ်တဲ့ အောင်မြင်မှုတွေ ရကြတယ်တဲ့။ မသေဘူးဆိုရင် ဝိညာဉ်သန္ဓေသားအဆင့်ကို မဖြစ်မနေ ရောက်ကြတယ်လို့ ဆိုကြတယ်။ သက်တမ်းကလည်း နှစ်တစ်ထောင်လောက် ရှိကြတာ။ တခြားဂိုဏ်းက တပည့်တွေနဲ့ ယှဉ်လို့တောင် မရဘူး...”

"ဒါက အထွတ်အထိပ်ဂိုဏ်းလေ။ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေတောင် ရှိတယ်လို့ ကြားဖူးတယ်။ အဲဒီအဆင့်ကို ရောက်သွားရင် လက်တစ်ချက် ယမ်းလိုက်ရုံနဲ့ ကောင်းကင်ဘုံရဲ့ စွမ်းအားတွေလိုပဲတဲ့။ အနည်းဆုံး အသက်ခြောက်ထောင်လောက် ရှည်ကြတာလေ...”

"ဘုရားရေ... အသက်ခြောက်ထောင်ဆိုရင် တိုင်းပြည်တစ်ခု ဆယ်ကြိမ်လောက် ပျက်စီးသွားရင်တောင် မသေသေးဘူးပေါ့...”

"ဒီကောင်လေးတော့ ကံကောင်းသွားပြီလို့ ဆိုရမှာပဲ...”

"ဟင်း... ဒီကောင်လေး ကျင့်ကြံလို့ အောင်မြင်သွားတဲ့အချိန်ကျရင် ငါ့ရဲ့ အရိုးပြာကိုတောင် တွေ့ချင်မှ တွေ့တော့မှာ။ ငါ့မြေးရဲ့ အရိုးပြာတောင် ဖြစ်နေလောက်ပြီ...”

"ဒါက အင်မော်တယ်တွေလား။ အခုကစပြီး သာမန်လူတွေနဲ့ လုံးဝမတူတော့ဘူး။ အင်မော်တယ်နဲ့ သာမန်လူတွေကြားမှာ ခြားနားသွားပြီပဲ...”

လူတိုင်းက အမျိုးမျိုး ဆွေးနွေးနေကြလေ၏။

သူတို့၏ စိတ်ထဲတွင် အလွန်တရာ ခံစားချက်များ ရောပြွမ်းနေကြ၏။ ယခင်က ဝူဝူပင်းမှာ သူတို့ကဲ့သို့ပင် စိတ်ဝိညာဉ်အမြစ်မရှိသော သာမန်လူတစ်ယောက်သာ ဖြစ်သည်။

သို့သော် ယခုမူ ရွှမ်ဟွမ်ဂိုဏ်း၏ အသိအမှတ်ပြုခြင်းကို ခံရကာ ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာခဲ့ချေပြီ။ ဤသည်မှာ ငါးကြင်းမှ နဂါးအဖြစ် ပြောင်းသွားသကဲ့သို့ပင် ဖြစ်ပေသည်။ လူအချင်းချင်းကြားတွင် ကွာခြားချက်မှာ အမှန်တကယ်ပင် ကြီးမားလှသည်။

…

All Chapters