← Chapters

အခန်း (၇၂၅-၇၂၆)

Vol. 68 Ch. 725-726

အခန်း (၇၂၅-၇၂၆)

Vol. 68 Ch. 725-726

အခန်း (၇၂၅) - ကျန်းတစ်သိန်းအရှည်ရှိသော ကံကြမ္မာရွှေနဂါး၊ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးနှင့် ဆဋ္ဌမအဆင့် အစီအရင်မဟာဆရာသခင်အဖြစ် တိုးတက်လာခြင်း(၂)။

ရက်အနည်းငယ် ကြာပြီးနောက်…။

ဝူဝူပင်းသည် မိဘများနှင့် ဝူမိသားစုရွာမှ လူများကို လုံးဝနှုတ်ဆက်ခဲ့လေသည်။ ထို့နောက် သူသည် လီယွမ်ချူးနှင့်အတူ ရွှမ်ဟွမ်ဂိုဏ်းသို့ ပြန်မည့်ခရီးလမ်းကို စတင်ခဲ့၏။

သူသည် လူငယ်တစ်ဦး ဖြစ်သည့်အားလျော်စွာ ခွဲခွာရခြင်း၏ ဝမ်းနည်းမှုများကို မကြာမီပင် မေ့ပျောက်သွားကာ အနာဂတ်၏ ကျင့်ကြံခြင်းဘဝအတွက် စိတ်လှုပ်ရှားမှုများက အစားထိုးလာတော့သည်။

"လီဂိုဏ်းတူအစ်ကို... ရွှမ်ဟွမ်ဂိုဏ်းက တကယ်တမ်း ဘယ်လိုဂိုဏ်းမျိုးလဲ...”

ဝူဝူပင်းက သိချင်စိတ်ဖြင့် မေးလိုက်၏။

သူသည် လူများစွာထံမှ ရွှမ်ဟွမ်ဂိုဏ်းအကြောင်း ကြားဖူးသော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းအကြောင်းကိုမူ အပြည့်အဝနားမလည်သေးချေ။ အဘယ်ကြောင့်ဆိုသော် ဤဂိုဏ်းမှာ သူနှင့် အလွန်တရာ ဝေးကွာလွန်းသောကြောင့် ဖြစ်ပေသည်။

"အင်း... ဒါကတော့ ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုပေါ့။ အခြေခံအားဖြင့်တော့ ဒီလောကမှာ အစွမ်းထက်ဆုံးဂိုဏ်းပဲ။ ဒီလောကမှာ အင်အားအကြီးဆုံး ကျင့်ကြံသူတွေက နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေပဲ…

လောလောဆယ်အထိတော့ ငါတို့ဂိုဏ်းမှာပဲ ရှိတာ။ တောင်ထွတ်သခင်တိုင်းက နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေချည်းပဲ။ အရေအတွက်က တစ်ရာကျော်တောင် ရှိတယ်...”

လီယွမ်ချူးက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

ဤသည်မှာ ရွှမ်ဟွမ်ဂိုဏ်း တပည့်တစ်ဦး၏ ဂုဏ်ယူမှုပင်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောက၏ အမည်ကိုပင် ဂိုဏ်းချုပ်ကြီးက ပေးအပ်ခဲ့ခြင်း မဟုတ်ပါလော။

ယခင်က လူသားမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည့် နတ်ဆိုးမျိုးနွယ်စုကိုလည်း ရွှမ်ဟွမ်ဂိုဏ်းကပင် နှင်ထုတ်ခဲ့ခြင်း ဖြစ်ပေသည်။

ရွှမ်ဟွမ်ဂိုဏ်းသည် မိမိကိုယ်ပိုင်အစွမ်းအစဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အား ဤလောက၏အရှင်သခင် ဖြစ်စေခဲ့သည်ဟု ဆိုနိုင်၏။

ထို့ကြောင့် ရွှမ်ဟွမ်ဂိုဏ်းမှာ ဤလောက၏ အင်အားအကြီးဆုံးဂိုဏ်း ဖြစ်လာပြီး တိုက်ကြီး တစ်ဆယ့်သုံးတိုက်နှင့် သမုဒ္ဒရာများ၊ ကျွန်းစုများစွာကို အုပ်ချုပ်ထားလေသည်။ နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်များ၏ အရေအတွက်မှာလည်း တစ်ရာကျော်ထက်မက ရှိနေပြီဖြစ်၏။

ကျိုးစွေ့၏ ကိုယ်ပွားများအပြင် ချန်းဇီယွင်၊ ယဲ့ဖေးရိုနှင့် ချိုးရူယွီတို့မှာလည်း နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။

ထို့အပြင် နှစ်ပေါင်းတစ်ရာအတွင်း ရှရွှေယန်၊ သခင်မမက်မွန်ပွင့်၊ ချူတျဲယီနှင့် လင်းယာကျူတို့သည်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြချေပြီ။

ချွင်းထောင်၊ ရှထောင်၊ ချိုးထောင်၊ တုန်းထောင်၊ မုဇီယန်၊ ကျိပင်းယွီ၊ ရှားကျင်းယန်၊ လန်ယွဲ့ရှီနှင့် ရှန်ပိချန်တို့သည်လည်း ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ အသီးသီး ရောက်ရှိခဲ့ကြပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရန်မှာလည်း များစွာမဝေးတော့ပေ။

ဤကာလအတွင်း ရွှမ်ဟွမ်ဂိုဏ်း၏ အင်အားမှာ ပိုမိုတိုးတက်လာခဲ့သည်ဟု ဆိုရပေမည်။

တခြားသော ဂိုဏ်းများမှာလည်း ဖွံ့ဖြိုးတိုးတက်မှုများ ရှိသော်လည်း ကမ္ဘာလောကတစ်ခုလုံး၏ အရင်းအမြစ်များကို ပိုင်ဆိုင်ထားသော ရွှမ်ဟွမ်ဂိုဏ်းကိုမူ မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။

“အစွမ်းထက်ဆုံးဂိုဏ်း ဟုတ်လား...”

ဤစကားကို ကြားလိုက်ရချိန်တွင် ဝူဝူပင်းမှာ စိတ်လှုပ်ရှားကြည်နူးမှုတို့ဖြင့် ပြည့်နှက်သွားလေသည်။

သူသည် တောင်ပေါ်ရွာလေးတစ်ရွာမှလာသည့် လူငယ်လေးတစ်ဦးသာ ဖြစ်သဖြင့် ‘အစွမ်းထက်ဆုံး’ ဟူသောစကားလုံး၏ အနက်အဓိပ္ပာယ်နှင့် မည်မျှအရေးပါသည်ကို ကောင်းစွာနားမလည်သေးချေ။

သို့သော် သူ၏ဘဝသည် ယခုအချိန်မှစ၍ လုံးဝပြောင်းလဲသွားတော့မည် ဖြစ်ကြောင်းကိုမူ သူသိနေသည်။ ၎င်းမှာ ယခင်ကနှင့် လုံးဝဥဿုံ ကွဲပြားခြားနားသွားခြင်းပင်။

“ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုလီ၊ ကျွန်တော်တို့ဂိုဏ်းရဲ့ ဌာနချုပ်က ဒီတိုက်ကြီးပေါ်မှာ မဟုတ်ဘဲ တခြားတိုက်ကြီးပေါ်မှာရှိတယ်လို့ ကြားဖူးတယ်၊ အဲဒါ တကယ်ပဲလား...”

ဝူဝူပင်းက စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“ဒါပေါ့၊ အမှန်ပဲ၊ ငါတို့ရှိနေတဲ့နေရာကို ချင်းကျိုးတိုက်ကြီးလို့ ခေါ်တယ်။ ဒီနေရာရဲ့ ကျင့်ကြံခြင်းပတ်ဝန်းကျင်က မဆိုးလှဘူးလို့ ဆိုနိုင်သလို အကျယ်အဝန်းကလည်း ကြီးမားတယ်… သယံဇာတတွေလည်း ပေါများတယ်… ဒါပေမဲ့ ရွှမ်ဟွမ်ဂိုဏ်းတည်ရှိတဲ့ ရွှမ်ဟွမ်တိုက်ကြီးနဲ့တော့ ဘယ်လိုမှ မယှဉ်နိုင်ဘူး...”

“ငါတို့၏ ရွှမ်ဟွမ်တိုက်ကြီးကမှ တကယ့်ကျင့်ကြံခြင်းနယ်မြေ အစစ်အမှန်ပဲ။ အဲဒီတိုက်ကြီးပေါ်မှာရှိတဲ့ မြေဆီလွှာတွေက ‘ဝိညာဉ်မြေဆီလွှာ’ တွေချည်းပဲ။ ဝိညာဉ်ဆေးပင်မျိုးစေ့တွေကို ကြုံသလိုကြဲထားရင်တောင် အများအပြား ရှင်သန်ပေါက်ရောက်နိုင်တယ်...”

“တခြားတိုက်ကြီးတွေက ကျင့်ကြံသူတွေ ငါတို့ဆီရောက်လာရင် သူတို့ရဲ့ဆေးဥယျာဉ်တွေအတွက် ငါတို့ဆီက ဝိညာဉ်မြေဆီလွှာတွေကို ခိုးတူးဖို့ အမြဲကြိုးစားကြတယ်၊ အဲဒါကို ပြင်းပြင်းထန်ထန် တားမြစ်ထားရတယ်။ ဒါပေမဲ့ အကျိုးအမြတ်က အရမ်းကြီးလွန်းတော့ တားမြစ်ထားတဲ့ကြားက ခိုးတူးတာတွေက ရှိနေတုန်းပဲ...”

လီယွမ်ချူးက သက်ပြင်းချရင်း ပြောလိုက်၏။

အမှန်စင်စစ် ရွှမ်ဟွမ်တိုက်ကြီးသည် အလွန်အမင်းကြီးမားလွန်းလှပေသည်။ တိုက်ကြီး (၁၃) တိုက်အနက် အကြီးဆုံးဖြစ်သလို အချိန်ကြာလာသည်နှင့်အမျှ ဆက်လက်ကြီးထွားလာနေပြီး ပိုမိုကျယ်ပြန့်လာနေ၏။

ရွှမ်ဟွမ်ဂိုဏ်း၏ အစွမ်းဖြင့်ပင် တိုက်ကြီး၏နေရာတိုင်းကို စောင့်ကြည့်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဝိညာဉ်မြေဆီလွှာများကို ခိုးတူးသည့်လုပ်ရပ်ကို အပြည့်အဝတားဆီးရန် ခက်ခဲသဖြင့် တစ်ခါတစ်ရံတွင် မသိကျိုးကျွံပြုထားရလေသည်။

မြေဆီလွှာများမှာ ဝိညာဉ်မြေဆီလွှာအဖြစ် ပြောင်းလဲသွားရခြင်းမှာ ‘ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်’ ကြောင့်ပင်ဖြစ်၏။

အင်မော်တယ်နွယ်ပင် ကြီးထွားလာသည်နှင့်အမျှ ၎င်းထံမှ ‘အင်မော်တယ်အနှစ်သာရချီ’ များ အမြောက်အမြား ထွက်ပေါ်လာလေသည်။ နှစ်ကာလကြာညောင်းလာသောအခါ ရွှမ်ဟွမ်တိုက်ကြီး၏ မြေဆီလွှာများကို သဘာဝအလျောက် ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်ပေသည်။

အမှန်တကယ်တမ်း ရွှမ်ဟွမ်လောကကြီးတစ်ခုလုံးမှာလည်း ထို့အတူပင်။ သို့သော် ရွှမ်ဟွမ်တိုက်ကြီးမှာမူ အင်မော်တယ်နွယ်ပင် တည်ရှိရာနေရာဖြစ်သဖြင့် ပြောင်းလဲမှုမှာ အကြီးမားဆုံးနှင့် အထင်ရှားဆုံး ဖြစ်လေသည်။

တခြားနေရာများမှာမူ ဤမျှထိ သိသာခြင်းမရှိချေ။ ထို့ကြောင့် ရွှမ်ဟွမ်တိုက်ကြီး၏ မြေဆီလွှာမှာ တခြားနေရာနှင့်မတူဘဲ ဝိညာဉ်မြေဆီလွှာအဖြစ်သို့ ကူးပြောင်းသွားရခြင်း ဖြစ်ပေသည်။

“ဒဏ္ဍာရီတွေက တကယ်ပဲကိုး။ ရွှမ်ဟွမ်တိုက်ကြီးမှာ လူတွေအငတ်ဘေးမဆိုက်ဘူး၊ ဘာပဲစိုက်စိုက် မိုးအကုန် မှိုတက်သလိုကို အရှိန်အဟုန်နဲ့ ပေါက်ရောက်တယ်လို့ ကြားဖူးတယ်။ တကယ့်ကို လူ့ပြည်က နိဗ္ဗာန်ဘုံလိုပါပဲလား...”

ဝူဝူပင်းမှာ အံ့အားတသင့် ရေရွတ်လိုက်မိ၏။

ကမ္ဘာပေါ်တွင် ထိုသို့သော တိုက်ကြီးမျိုး အမှန်တကယ်ရှိနေသည်မှာ သူ့အတွက် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်နေရလေသည်။

ချင်းကျိုးတိုက်ကြီးနှင့် နှိုင်းယှဉ်ပါက ရွှမ်ဟွမ်တိုက်ကြီးမှာ အဆပေါင်းများစွာ ပို၍သာလွန်နေသည်။ မိမိ၏ဂိုဏ်းတူအစ်ကို ပြောပြချက်အရ အဆိုပါကောလာဟလများမှာ ပုံကြီးချဲ့ထားခြင်းမဟုတ်ဘဲ ရွှမ်ဟွမ်တိုက်ကြီး၏ ကြွယ်ဝမှုကို လျှော့တွက်ထားခြင်းပင် ဖြစ်လေသည်။

“ဟားဟား၊ အဲဒီလိုလည်း ပြောလို့ရပါတယ်။ ကြားဖူးတာကတော့ ရွှမ်ဟွမ်ဂိုဏ်း မပေါ်ပေါက်ခင်တုန်းက ကျင့်ကြံခြင်းလောကမှာ ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးဖို့က တော်တော်ခက်ခဲတဲ့အလုပ်တဲ့…

ဆေးပင်တစ်ပင်စိုက်ဖို့ဆိုရင် နှစ်ပေါင်းရာချီ၊ ထောင်ချီ အချိန်ပေးရလေ့ရှိတယ်။ အဲဒီတုန်းက ကျင့်ကြံသူတွေဟာ ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးလုံးတွေအတွက် တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ခဲ့ကြရတယ်…

ကျင့်ကြံသူတွေကြားက တိုက်ပွဲတွေဟာဆိုရင် သာမန်လူတွေထက်တောင် ပိုပြီးရက်စက်ကြမ်းကြုတ်ခဲ့တာ။ အနိုင်ရတဲ့သူပဲ ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လျှောက်နိုင်ခဲ့ကြတာပေါ့...”

“အထူးသဖြင့် အခြေတည်အဆင့်ပေါ့၊ အဲဒီတုန်းက အခြေတည်အဆင့်ဆိုတာ ကျော်ဖြတ်ရခက်တဲ့ တံတိုင်းကြီးတစ်ခုပဲ၊ သာမန်ကျင့်ကြံသူတွေဟာ ‘အခြေတည်ဆေးလုံး’ ကို ဝယ်ဖို့တောင် မတတ်နိုင်ကြဘူး၊ ဝယ်နိုင်တယ်ဆိုရင်တောင် အိမ်ရှိတာအကုန် ရောင်းချရတာမျိုး…

အခြေတည်ဆေးလုံးရဖို့အတွက် အခြေတည်မိသားစုတွေကြားမှာ သေကျေပျက်စီးတဲ့အထိ စစ်ပွဲတွေ ဖြစ်ပွားခဲ့ကြရတယ်၊ အခြေတည်ဆေးလုံးတစ်လုံးက ကျင့်ကြံသူအများအပြားကို ရူးသွပ်သွားစေပြီး အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့တာ...”

“ဒါပေမဲ့ အခုတော့ မတူတော့ဘူး၊ ဂိုဏ်းချုပ်ကြီးက ဝိညာဉ်ဆေးပင်တွေကို အကြီးအကျယ်စိုက်ပျိုးနိုင်မယ့် နည်းလမ်းတွေကို တီထွင်ပေးခဲ့သလို ဆေးပင်တွေရဲ့ ကြီးထွားနှုန်းကိုလည်း မြန်ဆန်အောင် လုပ်နိုင်ခဲ့တယ်…

ဒါကြောင့် အခြေတည်ဆေးလုံးရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ‘ရွှေကျောက်စိမ်းလင်ဇီးမှို’ ကို အမြောက်အမြား ထုတ်လုပ်နိုင်လာတယ်၊ အဲဒီနောက်ပိုင်းမှာတော့ အခြေတည်ဆေးလုံးဟာ ရှားပါးတဲ့ပစ္စည်းမဟုတ်တော့ဘဲ အချိန်မရွေး ဖော်စပ်နိုင်တဲ့အရာ ဖြစ်လာခဲ့တာပေါ့…

ဒီအချက်က ကြည့်မယ်ဆိုရင် ငါတို့ရွှမ်ဟွမ်ဂိုဏ်းရဲ့ လုပ်ဆောင်ချက်တွေဟာ ကျင့်ကြံသူတွေကြားက တိုက်ပွဲတွေကို အများကြီးလျော့နည်းသွားစေပြီး သတ်ဖြတ်မှုတွေကိုလည်း နည်းပါးသွားစေခဲ့တာပေါ့...”

လီယွမ်ချူးက ခံစားချက်အပြည့်ဖြင့် ပြောလိုက်လေသည်။

သိသာထင်ရှားသည်မှာ ဝိညာဉ်ဆေးပင်များကို အမြောက်အမြား စိုက်ပျိုးနိုင်ခြင်းက ရွှမ်ဟွမ်လောကကြီးကို ချက်ချင်းလက်ငင်း ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်ပေသည်။

အေးအေးဆေးဆေးဖြင့် သတ်ဖြတ်ရန်မလိုဘဲ ကျင့်ကြံမှုအဆင့် တိုးတက်နိုင်မည်ဆိုပါက မည်သူက သတ်ဖြတ်လိုပါမည်နည်း။

လူသတ်လုယက်ခြင်းဆိုသည်မှာလည်း ကြီးမားသည့် စွန့်စားမှုတစ်ခုပင် မဟုတ်ပါလော။ သတိမထားမိပါက ပြန်လည်အသတ်ခံရပြီး အသက်ပျောက်သွားနိုင်သည်။

သို့သော် ရွှမ်ဟွမ်ဂိုဏ်း မပေါ်ပေါက်မီက ဝိညာဉ်ဆေးပင်များမှာ တောရိုင်းထဲတွင်သာ ပေါက်ရောက်ခဲ့ခြင်း ဖြစ်လေသည်။ ဂိုဏ်းအချို့က စိုက်ပျိုးနိုင်ခဲ့လျှင်ပင် ထိုပမာဏမှာ မိမိဂိုဏ်းရှိ ကျင့်ကြံသူများအတွက်ပင် မလောက်ငှချေ။

ဂိုဏ်းပြင်ပရှိ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ ဆိုဖွယ်ရာမရှိတော့။ ထို့ကြောင့် အရင်းအမြစ်လုယက်မှုများမှာ ရှောင်လွှဲ၍မရနိုင်ခဲ့ခြင်း ဖြစ်၏။

ဝိညာဉ်ဆေးပင်များကို အကြီးအကျယ် စိုက်ပျိုးနိုင်လာခြင်းက ကျင့်ကြံသူများကြားရှိ ပဋိပက္ခများကို အများကြီး လျော့ကျသွားစေခဲ့သည်။

အနည်းဆုံးအနေဖြင့် သာမန်ကျင့်ကြံသူများမှာ သာမန်ဆေးပင်၊ သာမန်ဆေးလုံးများအတွက် သေကျေပျက်စီးအောင် တိုက်ခိုက်ရန် မလိုတော့ချေ။

ဆေးဆိုင်များတွင် မိမိနှင့်ကိုက်ညီသည့် ဆေးလုံးများကို လွယ်လွယ်ကူကူ ဝယ်ယူနိုင်သလို ဈေးနှုန်းမှာလည်း အလွန်မကြီးမားလှ။ မှန်ပေသည်၊ အဆင့်မြင့်ဝိညာဉ်ဆေးပင်များမှာမူ အလွန်ဈေးကြီးနေဆဲဖြစ်ရာ မည်သူမဆို ဝယ်ယူနိုင်သည်မျိုးတော့ မဟုတ်ချေ။

“ဒါကြောင့်ကိုး...”

ဝူဝူပင်းမှာ နားထောင်ရင်း ဝေဝေဝါးဝါးဖြစ်နေသော်လည်း ၎င်း၏ဂိုဏ်းတူအစ်ကို လီယွမ်ချူးပြောသည့် စကားများကို အနည်းငယ်တော့ နားလည်သွားလေသည်။

သူသေချာနားလည်လိုက်သည်မှာ ရွှမ်ဟွမ်ဂိုဏ်းသည် ဤကမ္ဘာကြီးအပေါ်တွင် လွန်စွာလွှမ်းမိုးမှုရှိသည်ဟူသောအချက်ပင်။

ကျင့်ကြံသူအများအပြားမှာ ရွှမ်ဟွမ်ဂိုဏ်း၏အစွမ်းကြောင့် ကျင့်ကြံမှုအဆင့်များ တိုးတက်လာကာ ရှေ့သို့ ဆက်လှမ်းနိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။ ကမ္ဘာကြီးကို အုပ်ချုပ်နေသည့် ဂိုဏ်းတစ်ခုဖြစ်သည်နှင့်အညီ တကယ့်ကို အံ့မခန်းလှသည်ဟုသာ ဆိုရ‌ပေမည်။

သူ၏စိတ်ထဲတွင် ရွှမ်ဟွမ်ဂိုဏ်း၏ပုံရိပ်မှာ ပို၍ပင် ခန့်ညားထည်ဝါလာရလေသည်။

အခန်း (၇၂၆) - ကျန်းတစ်သိန်းအရှည်ရှိသော ကံကြမ္မာရွှေနဂါး၊ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးနှင့် ဆဋ္ဌမအဆင့် အစီအရင်မဟာဆရာသခင်အဖြစ် တိုးတက်လာခြင်း(၃)။

“ဂိုဏ်းတူအစ်ကို၊ ဒါဆို ကျွန်တော်တို့ ရှေးဟောင်းတည်နေရာပြောင်းအစီအရင်ဆီကို ဘယ်တော့လောက် ရောက်မလဲ...”

ဝူဝူပင်းက ဆက်လက်မေးမြန်းလိုက်၏။

အစပိုင်းတွင် လီယွမ်ချူးက သူ့အား ဓားပျံဖြင့် ခေါ်ဆောင်သွားခြင်းကို အလွန်စိတ်လှုပ်ရှားခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူသည် ယဉ်ပါးသွားကာ ငြီးငွေ့လာမိသည်။

တစ်နေ့လုံး ကောင်းကင်တွင် ပျံသန်းနေရခြင်းမှာလည်း သက်သောင့်သက်သာရှိလှသည့် အလုပ်တော့မဟုတ်ချေ။ ကြာရှည်စွာ ပျံသန်းရခြင်းဖြစ်ရာ တကယ့်ကို ပင်ပန်းနွမ်းနယ်လှ၏။

“ဒါကတော့ နောက်ထပ် အချိန်အတိုင်းတာတစ်ခု လိုသေးတယ်ဟ။ ငါတို့ အနီးအနားက မြို့တစ်မြို့ကို သွားရမယ်။ ပြီးရင် အဲဒီမြို့မှာရှိတဲ့ တည်နေရာပြောင်းအစီအရင်ကို သုံးပြီး ချင်းကျိုးတိုက်ကြီးရဲ့ ရှေးဟောင်းတည်နေရာပြောင်းအစီအရင်ရှိတဲ့ နေရာကို သွားရမယ်…

အဲဒီကမှတစ်ဆင့် ရှေးဟောင်းတည်နေရာပြောင်းအစီအရင်ကို သုံးပြီး ရွှမ်ဟွမ်တိုက်ကြီးကို ပြန်မယ်။ မကြာခင်မှာ ငါတို့ရွှမ်ဟွမ်ဂိုဏ်းကို ပြန်ရောက်တော့မှာပါ...”

လီယွမ်ချူးက စိတ်မရှည်သလို ပြောလိုက်၏။

ကလေးဆိုသည်မှာ ကလေးသဘာဝပင်။ အစတုန်းက ကောင်းကင်ပေါ်ရောက်ကာ စိတ်လှုပ်ရှားပြီး အော်ဟစ်နေခဲ့သော်လည်း ယခုမူ မျက်တောင်တစ်ခတ်အတွင်း ငြီးငွေ့သွားခဲ့လေပြီ။

သို့သော် ကြာရှည်ပျံသန်းရခြင်းမှာ ငြီးငွေ့စရာကောင်းသလို ပင်ပန်းသည်မှာလည်း အမှန်ပင်။ သူသည်လည်း ပို၍သက်သောင့်သက်သာရှိသည့် လေသင်္ဘောတစ်စင်း ဝယ်ချင်မိသည်။ ၎င်းမှာ ကြာရှည်ပျံသန်းနိုင်သလို ခရီးသွားလာရာတွင်လည်း ပင်ပန်းခြင်းမရှိချေ။

ပြဿနာမှာ လေသင်္ဘောဈေးနှုန်းမှာ အလွန်ကြီးမားလွန်းသဖြင့် သူမည်သို့ဝယ်နိုင်ပါမည်နည်း။ သူ၏ဝိညာဉ်ကျောက်တုံးများမှာ နေ့စဉ်သုံးဆေးလုံးများနှင့် မှော်ရတနာများအတွက်သာ ကုန်ဆုံးနေရရာ၊ လေသင်္ဘောကဲ့သို့သော အသုံးအဆောင်ပစ္စည်းများ ဝယ်ရန် ပိုလျှံသည့်ငွေ မရှိချေ။

“တည်နေရာပြောင်းအစီအရင်လား။ အဲဒါက လူတွေကို တစ်နေရာကနေ တစ်နေရာကို ချက်ချင်းပို့ပေးနိုင်တဲ့ အစီအရင်လား။ တည်နေရာပြောင်းအစီအရင်က လူတွေကို ယူဇနာပေါင်း သန်းချီဝေးတဲ့နေရာကို မျက်တောင်တစ်ခတ်အတွင်း ပို့ဆောင်ပေးနိုင်တယ်လို့ ကြားဖူးတယ်...”

ဝူဝူပင်းက စိတ်လှုပ်ရှားစွာဖြင့် ဆက်မေးလိုက်၏။

တည်နေရာပြောင်းအစီအရင်မှာ ကျင့်ကြံသူများ၏ သွားလာရေးယာဉ်ဖြစ်ကြောင်း သူသိထားလေသည်။ အကယ်၍ တည်နေရာပြောင်းအစီအရင်သာ မရှိပါက ကျင့်ကြံသူများသည် သူတို့၏ဘဝတစ်ဝက်ကျော်ကို ခရီးသွားရင်းသာ ကုန်ဆုံးစေရမည်ဖြစ်ရာ ကျင့်ကြံရန် အချိန်ရှိတော့မည်မဟုတ်ချေ။

“ဒါပေါ့၊ ဒါပေမဲ့ သာမန်တည်နေရာပြောင်းအစီအရင်တွေက မိုင်ပေါင်းသိန်းချီ၊ သန်းချီလောက်ပဲ ပို့ပေးနိုင်တာ။ ရှေးဟောင်းတည်နေရာပြောင်းအစီအရင်ကမှ ယူဇနာသန်းပေါင်းများစွာ ဝေးတဲ့အကွာအဝေး၊ တိုက်ကြီးတစ်ခုလုံးကို ဖြတ်ကျော်ပြီး ပို့ဆောင်ပေးနိုင်တာ…

ချင်းကျိုးတိုက်ကြီးထဲမှာတောင် ဒီလိုရှေးဟောင်းတည်နေရာပြောင်းအစီအရင်က သုံးခုပဲ ရှိတယ်။ ပြီးတော့ တစ်ခါသွားရင် ကုန်ကျစရိတ်ကလည်း မနည်းဘူး။ အခု မင်းကို ရွှမ်ဟွမ်ဂိုဏ်းဆီ ပြန်ပို့ရမယ့်တာဝန်ကြောင့်သာ ရှေးဟောင်းတည်နေရာပြောင်းအစီအရင်ကို အလကား စီးခွင့်ရတာ…

မဟုတ်ရင် ငါလည်း ဒီလိုရှေးဟောင်းတည်နေရာပြောင်းအစီအရင်ကို စီးဖို့ ဘယ်လိုမှ လက်မရဲဘူး...”

လီယွမ်ချူးက ခံစားချက်ဖြင့် ပြောလိုက်၏။

သူကဲ့သို့သော လကုန်လျှင် ငွေပြတ်တတ်သည့် ကျင့်ကြံသူမျိုးအတွက် တည်နေရာပြောင်းအစီအရင် စီးနင်းခြင်းမှာ အလွန်ဇိမ်ခတ်လွန်းသည့်ကိစ္စပင်။

သာမန်အချိန်များတွင် သူသည် အလွန်ခြိုးခြံချွေတာတတ်သူ ဖြစ်လေသည်။

အကယ်၍ အကွာအဝေးနီးပါက ဓားပျံဖြင့်သာ သွားသည်။ ဝေးလွန်းမှသာ တည်နေရာပြောင်းအစီအရင်စီးရန် ရွေးချယ်တတ်သဖြင့် ငွေစုနိုင်သမျှ စုရလေသည်။

“ဘာလို့ ရှေးဟောင်းတည်နေရာပြောင်းအစီအရင်ကို ဒီလောက်နည်းနည်းပဲ တည်ဆောက်ထားတာလဲ...”

“အများကြီး တည်ဆောက်ထားရင် အားလုံးအတွက် သွားလာရတာ ပိုမလွယ်ဘူးလား...”

ဝူဝူပင်းက နားမလည်နိုင်စွာ မေးလိုက်၏။

အကယ်၍ မြို့တိုင်းတွင် တည်နေရာပြောင်းအစီအရင်များ ရှိနေပါက အားလုံး လွတ်လပ်စွာ သွားလာနိုင်မည်ဟု သူထင်မိလေသည်။

သာမန်လူများပင်လျှင် တည်နေရာပြောင်းအစီအရင်မှတစ်ဆင့် အလွန်ဝေးကွာသည့်နေရာများသို့ သွားလာနိုင်မည်ဖြစ်ရာ ဤသည်မှာ လုပ်အားနှင့် အချိန်များကို အများကြီး သက်သာစေမည် မဟုတ်ပါလော။

တစ်ကမ္ဘာလုံးအတွက်ဆိုလျှင်လည်း ဤသည်မှာ အလွန်ကြီးကျယ်သည့် ကုသိုလ်ပြုလုပ်ငန်းကြီးပင် မဟုတ်ပါလော။

“မင်းက ရှေးဟောင်းတည်နေရာပြောင်းအစီအရင်ကို ဘာမှတ်နေလဲ၊ တည်ဆောက်ချင်တိုင်း ဆောက်လို့ရတယ် ထင်နေလား...”

“ရှေးဟောင်းတည်နေရာပြောင်းအစီအရင် တစ်ခုတည်ဆောက်ဖို့ ကုန်ကျတဲ့ ပဉ္စမအဆင့်ပစ္စည်းတွေက မင်းထင်ထားတာထက် အများကြီး ပိုများတယ်ကွ...”

“ပဉ္စမအဆင့် ပစ္စည်းတွေအပြင် အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးတွေလည်း အများကြီး လိုအပ်တယ်...”

“ရှေးဟောင်းတည်နေရာပြောင်းအစီအရင် သုံးခုတင်ကို ငါတို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင် ကုန်သွားမှန်း မသိတော့ဘူး...”

“ပြီးတော့ ချင်းကျိုးတိုက်ကြီးအပြင် တခြားတိုက်ကြီး တစ်ဆယ့်တစ်တိုက်လည်း ရှိသေးတယ်၊ ပင်လယ်ပြင်က ကျွန်းစုတွေလည်း ရှိသေးတယ်...”

“ကံကောင်းတာက အခုဆိုရင် ငါတို့ ရွှမ်ဟွမ်လောကရဲ့ အဆင့်အတန်းက မြင့်တက်လာလို့ ဆဋ္ဌမအဆင့် ဝိညာဉ်ကြောတွေ အများကြီး ထွက်ပေါ်လာတယ်...”

“ဒါကြောင့် ဝိညာဉ်ကျောက်တုံး သတ္တုကြောတွေလည်း အများကြီး ပေါ်လာပြီး အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးတွေလည်း အရင်ကထက် အများကြီး ပိုများလာတယ်...”

“မဟုတ်ရင်တော့ ဒီလောက်ကြီးမားတဲ့ အသုံးစရိတ်ကို တကယ်ပဲ တောင့်ခံနိုင်မှာ မဟုတ်ဘူး...”

လီယွမ်ချူးက ရှင်းပြလိုက်၏။

မှန်ပေသည်၊ ရွှမ်ဟွမ်လောက၏ နှစ်တစ်ရာအတွင်း အသိသာဆုံး အပြောင်းအလဲမှာ ဝိညာဉ်ကြောများ၏ အပြောင်းအလဲပင် ဖြစ်လေသည်။ အရင်က ပဉ္စမအဆင့် ဝိညာဉ်ကြောများမှာ အလွန်ရှားပါးပြီး ထူးခြားသော နေရာအချို့တွင်သာ ပေါ်ပေါက်နိုင်ခဲ့သည်။

သို့သော် ယခုမူ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအား တိုးတက်လာသည်နှင့်အမျှ ၎င်း၏ နွယ်ပင်ခက် တစ်ခုချင်းစီ၏ စွမ်းအားများမှာလည်း အရှိန်အဟုန်ဖြင့် တိုးပွားလာခဲ့လေသည်။ ဤသည်က ကမ္ဘာတစ်ဝန်းရှိ ဝိညာဉ်ကြောများ၏ အဆင့်ကို တစ်ဆင့်ချင်း မြင့်တက်လာစေခဲ့၏။

ယခုအခါ ပဉ္စမအဆင့် ဝိညာဉ်ကြောများမှာ ရှားပါးလှသည် မဟုတ်တော့ဘဲ နေရာတိုင်းတွင် ရှိနေပြီ ဖြစ်လေသည်။ ဆဋ္ဌမအဆင့် ဝိညာဉ်ကြောများသာလျှင် တကယ့်ကို ရှားပါးသော ဝိညာဉ်ကြောများ ဖြစ်လာခဲ‌သည်။

လက်ရှိအချိန်ထိ ရွှမ်ဟွမ်ဂိုဏ်း၏ ဌာနချုပ်တွင်သာ သတ္တမအဆင့် ဝိညာဉ်ကြောတစ်ခုကို ပိုင်ဆိုင်ထားနိုင်သေး၏။

အကယ်၍ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားများ ဆက်လက် တိုးတက်လာပါက ရွှမ်ဟွမ်တိုက်ကြီး၏ ဝိညာဉ်ကြောများမှာ အဋ္ဌမအဆင့်၊ နဝမအဆင့်များအထိ မကြာမီ ရောက်ရှိသွားနိုင်ပြီး ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာလည်း အံ့မခန်း မြင့်တက်လာပေလိမ့်မည်။

ဤသို့သော ဝိညာဉ်ကြောများ ပေါ်ထွက်လာခြင်းကြောင့် ကမ္ဘာအနှံ့အပြားတွင် ဝိညာဉ်ကျောက်တုံး သတ္တုကြောများစွာလည်း ပေါ်ပေါက်လာခဲ့လေသည်။ မှန်ပေသည်၊ ဝိညာဉ်ကျောက်တုံး သတ္တုကြောနှင့် ဝိညာဉ်ကြောမှာ ခွဲခြားမရအောင် ဆက်စပ်နေပေသည်။

အနှစ်သာရအားဖြင့် ဝိညာဉ်ကျောက်တုံးဆိုသည်မှာ ဝိညာဉ်စွမ်းအင်များက အထူးအခြေအနေဖြင့် ပုံဆောင်ခဲဖြစ်သွားခြင်းပင် ဖြစ်၏။ ဝိညာဉ်ကြော အဆင့်မြင့်လေလေ အရည်အသွေးမြင့်သော ဝိညာဉ်ကျောက်တုံးများကို ထုတ်လုပ်ပေးနိုင်လေလေ ဖြစ်လေသည်။

ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ဝိညာဉ်ကြောများစွာ ပေါ်ထွက်လာခြင်းကြောင့် ရေတွက်မကုန်နိုင်သော အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများလည်း ပေါ်ပေါက်လာခဲ့၏။ ထို့ကြောင့်ပင် လွန်ခဲ့သော နှစ်များအတွင်း ရွှမ်ဟွမ်ဂိုဏ်းသည် ကမ္ဘာအနှံ့မှ အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို တူးဖော်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့မဟုတ်ပါက နှစ်တစ်ရာအတွင်း ကမ္ဘာအနှံ့တွင် တည်နေရာပြောင်းအစီအရင်များစွာကို ရွှမ်ဟွမ်ဂိုဏ်းက မည်သို့ တည်ဆောက်နိုင်ပါမည်နည်း။

“ဆိုလိုတာက တည်နေရာပြောင်းအစီအရင် တည်ဆောက်တာဟာ ပစ္စည်းတွေနဲ့ အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးတွေရဲ့ ကန့်သတ်ချက်အပေါ်မှာပဲ မူတည်နေတာပေါ့...”

“အကယ်၍ ပစ္စည်းတွေနဲ့ အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးတွေသာ အကန့်အသတ်မရှိ ရှိနေမယ်ဆိုရင် စိတ်ကြိုက် တည်ဆောက်လို့ ရမှာပေါ့...”

ဝူဝူပင်းက စဉ်းစားတွေးတောလျက် ပြောလိုက်၏။

“အဲဒါကတော့ တကယ်ကို အဲဒီအတိုင်းပါပဲ...”

“တည်နေရာပြောင်းအစီအရင် တည်ဆောက်တဲ့ နည်းပညာက အရင်ကတည်းက ရင့်သန်နေပြီးသားလေ...”

“ချို့တဲ့နေတာက အစီအရင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေပဲ...”

“ဒါပေမဲ့ ဒီလောကထဲမှာ သယံဇာတဆိုတာ ဒီလောက်ပဲ ရှိတာလေ၊ ဘယ်လိုလုပ် အကန့်အသတ်မရှိ ထုတ်လုပ်နိုင်ပါ့မလဲ...”

“ကဲပါ၊ အများကြီး မတွေးပါနဲ့ဦး၊ ငါတို့ ရောက်ပြီ...”

ထိုအချိန်တွင် လီယွမ်ချူးသည် ကိုယ်ဟန်တစ်ချက်ပြင်လိုက်ပြီး ဓားပျံစီးနင်းကာ ဝေးလံသောနေရာရှိ လူဦးရေ သန်းနှင့်ချီသော မြို့ကြီးတစ်မြို့ဆီသို့ ရောက်ရှိလာခဲ့၏။ သူသည် မြို့တွင်းသို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

“ကောင်းပါပြီ ဂိုဏ်းတူအစ်ကို...”

ဝူဝူပင်းက လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြလိုက်၏။

သူ့ရင်ထဲတွင်လည်း အလွန်ပင် မျှော်လင့်နေမိလေသည်။ နောင်တွင် သူသည်လည်း ရွှမ်ဟွမ်ဂိုဏ်း၌ ကျင့်ကြံရတော့မည်ဖြစ်ရာ ဤကျော်ကြားလှသော ကျင့်ကြံခြင်း ကောင်းချီးနယ်မြေကြီးမှာ အမှန်တကယ် မည်သို့ရှိမည်ကို သိချင်နေမိသည်။

အမှန်စင်စစ် ဝူဝူပင်း တစ်ဦးတည်းသာ မဟုတ်ချေ။ ရွှမ်ဟွမ်လောကတစ်ခုလုံးရှိ တိုက်ကြီး တစ်ဆယ့်သုံးတိုက်နှင့် ကျွန်းစုများစွာမှ ကျောက်စာတိုင်များက စစ်ဆေးတွေ့ရှိရသော ပါရမီရှင်မျိုးစေ့များကို ရွှမ်ဟွမ်ဂိုဏ်းသို့ အလျင်အမြန် ပို့ဆောင်ကာ ဂိုဏ်း၏ တပည့်များအဖြစ် လက်ခံနေကြပေသည်။

ဤအချက်က ရွှမ်ဟွမ်ဂိုဏ်း၏ ကံကြမ္မာစွမ်းအားကို ပိုမို ကြီးမားလာစေခဲ့လေသည်။

အကယ်၍ ကျိုးစွေ့သာ ဤနေရာ၌ ရှိနေခဲ့ပါက ရွှမ်ဟွမ်ဂိုဏ်း၏ အထက်ကောင်းကင်ယံရှိ ကံကြမ္မာရွှေနဂါးမှာ ကျန်းတစ်သိန်းအထိ ကြီးထွားလာပြီး ၎င်းမှာ အကန့်အသတ် မဟုတ်သေးဘဲ ဆက်လက်၍လည်း အရှိန်အဟုန်ဖြင့် ကြီးထွားနေသည်ကို မြင်တွေ့ရပေလိမ့်မည်။

...

All Chapters