အခန်း (၇၂၇-၇၂၈)
Vol. 68 Ch. 727-728
အခန်း (၇၂၇) - ကျန်းတစ်သိန်းအရှည်ရှိသော ကံကြမ္မာရွှေနဂါး၊ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးနှင့် ဆဋ္ဌမအဆင့် အစီအရင်မဟာဆရာသခင်အဖြစ် တိုးတက်လာခြင်း(၄)။
အခြားတစ်ဖက်တွင်မူ ဝိညာဉ်လောက၊ ဖုန်းရှီးမြို့၊ အမှတ် (၈၈) တာအိုကျောင်းတော်၌…။
ခြံဝင်းတစ်ခု၏ အထက်ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး မိုးခြိမ်းသံများ တစ်အုန်းအုန်း ထွက်ပေါ်နေကာ ကျောင်းတော်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။
ရံဖန်ရံခါ ကပ်ဘေးမိုးကြိုးများ ပစ်ချနေသည်မှာ လူတိုင်းအား ထိတ်လန့်တုန်လှုပ်စေသည်။
“ဒါ ဘာဖြစ်တာလဲ။ ဘာလို့ အမှတ် (၈၈) တာအိုကျောင်းတော်မှာ ကပ်ဘေးမိုးကြိုးတွေ ပေါ်နေရတာလဲ၊ တစ်ယောက်ယောက် ကပ်ဘေးကျော်ဖြတ်နေတာလား...”
ကျောင်းတော်သို့ အခုမှ ရောက်လာသူတစ်ဦးမှာ အံ့အားသင့်သွားပြီး ကောင်းကင်ကို မော့ကြည့်ကာ မေးလိုက်၏။
“ငတုံး… ဒါက ကောင်းကင်ကပ်ဘေး မဟုတ်ဘူး၊ ဆေးလုံးကပ်ဘေးကွ...”
“ဒါက တစ်ယောက်ယောက်က ပဉ္စမအဆင့် ရတနာဆေးလုံးကို ဖော်စပ်နေလို့ ဆေးလုံးကပ်ဘေး ပေါ်လာတာ...”
“ငါသာ မမှားဘူးဆိုရင် ဒါ ဆရာကျိုး ဆေးလုံးဖော်စပ်နေတာ သေချာတယ်...”
ဘေးနားရှိ တာအိုကျောင်းတော်မှ ဆရာတစ်ဦးက အခိုင်အမာ ပြောလိုက်၏။
“ဆရာကျိုးလား။ ဟို လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း နာမည်ကျော်လာတဲ့ ပဉ္စမအဆင့် ဆေးဖော်စပ်ပညာရှင် ကျိုးစွေ့လား...”
“ဟို ပိုင်ကျောင်းအုပ်ကြီးရဲ့ တာအိုလက်တွဲဖော်လား...”
ထိုသူသည် မျက်လုံးများ ပြူးကျယ်သွားပြီး ဤကိစ္စကို ချက်ချင်း သတိရသွား၏။
လွန်ခဲ့သော နှစ်တစ်ရာအတွင်း ဖုန်းရှီးမြို့၏ အကျော်ကြားဆုံးကိစ္စကို မေးပါက ဖုန်းရှီးမြို့၏ နံပါတ်တစ်အလှမယ် ပိုင်စုကျဲ့တစ်ယောက် တစ်စုံတစ်ဦး၏ တာအိုလက်တွဲဖော် ဖြစ်သွားသည့် သတင်းပင် ဖြစ်ပေလိမ့်မည်။
ဤသတင်း ထွက်ပေါ်လာချိန်တွင် အမျိုးသားကျင့်ကြံသူ အမြောက်အမြားမှာ ရင်ကွဲမတတ် ဝမ်းနည်းပူဆွေးခဲ့ကြရလေသည်။
တစ်ဖက်တွင်လည်း အမျိုးသမီး ကျင့်ကြံသူများစွာမှာမူ မိမိတို့၏ အမျိုးသားများ ပိုင်စုကျဲ့၏ မြူဆွယ်မှုကို ခံရတော့မည် မဟုတ်သဖြင့် ဝမ်းသာအားရ ဖြစ်ခဲ့ကြရလေသည်။
၎င်းအပြင် ကျိုးစွေ့၏ ပဉ္စမအဆင့် ဆေးဖော်စပ်ပညာရှင် ဟူသော အဆင့်အတန်းမှာလည်း ပြန့်နှံ့သွားခဲ့ပြီ ဖြစ်သည်။ ရံဖန်ရံခါတွင် ကျိုးစွေ့ထံသို့ လာရောက်၍ ဆေးလုံးဖော်စပ်ခိုင်းသူများ ရှိတတ်၏။
ထို့အပြင် ဆေးလုံးဖော်စပ်တိုင်း အမြဲတမ်း အောင်မြင်သည့်အပြင် အထူးကောင်းမွန်သော ဆေးလုံးများစွာကိုပါ ဖော်စပ်နိုင်သဖြင့် ကျိုးစွေ့၏ နာမည်မှာ ပိုမို ကျော်ကြားလာခဲ့၏။ အမှန်စင်စစ် ပဉ္စမအဆင့် ဆေးဖော်စပ်ပညာရှင်များမှာ အလွန်ပင် မျက်နှာပန်းလှပြီး ဝယ်လိုအား အလွန်ကြီးမားလေသည်။
အထူးသဖြင့် ဆေးလုံးဖော်စပ်ရာတွင် အောင်မြင်မှုနှုန်း မြင့်မားသော ဆေးဖော်စပ်ပညာရှင်များကို ကျင့်ကြံသူအမြောက်အမြားက ဝိုင်းဝိုင်းလည် အားကိုးကြရသည်။
အကြောင်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်များအတွက် ပဉ္စမအဆင့် ဆေးလုံးဖော်နည်းတစ်ခုမှ လိုအပ်သော ဆေးဖက်ဝင်အပင်များအားလုံးကို စုဆောင်းရန် အလွန်ခက်ခဲသောကြောင့် ဖြစ်၏။
တစ်ကြိမ်မျှ ကျရှုံးသွားပါက စုဆောင်းထားသမျှ ပစ္စည်းများ ဆုံးရှုံးသွားပေလိမ့်မည်။
ဆေးလုံးဖော်စပ်ရာတွင် ကျရှုံးသွားပါကလည်း တစ်ဖက်လူကို အပြစ်တင်၍ မရနိုင်ပေ၊ အကြောင်းမှာ ဆေးလုံးဖော်စပ်ခြင်းသည် မူလကတည်းက ကျရှုံးနိုင်ခြေ မြင့်မားသောကြောင့်ပင်။
ထို့အပြင် ဆေးလုံးဖော်စပ်မှု အောင်မြင်ပါကလည်း ဆေးဖော်စပ်ပညာရှင်ကို အဖိုးအခ အမြောက်အမြား ပေးရသေး၏။
ဤသည်မှာ ဆေးဖော်စပ်ပညာရှင်များ ကြီးစိုးသော ဈေးကွက်ဖြစ်သဖြင့် အခြားကျင့်ကြံသူများမှာ ဘာမှမတတ်သာကြချေ။
အရည်အချင်းပြည့်မီသော ပဉ္စမအဆင့် ဆေးဖော်စပ်ပညာရှင် ရှားပါးလှသဖြင့် ၎င်းတို့ စိတ်ကြိုက် ခြယ်လှယ်ခြင်းကို ခံကြရရုံသာ ရှိတော့ပေသည်။
ထို့ကြောင့်ပင် ကျိုးစွေ့ ပေါ်ထွက်လာပြီး ဆေးလုံးဖော်စပ်မှု အောင်မြင်မှုနှုန်းမှာ တစ်ရာခိုင်နှုန်းအပြည့် ဖြစ်နေခြင်းက နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်များစွာကို ပျော်ရွှင်မြူးထူးစေခဲ့ခြင်း ဖြစ်လေသည်။
“ဟုတ်တယ်၊ အဲဒီ ဆရာကျိုးပဲ...”
ကျောင်းတော်ဆရာက ခေါင်းညိတ်ပြလိုက်၏။
“ဟော၊ ဆေးလုံးကပ်ဘေးက ပြီးသွားပြီ ထင်တယ်။ ကြည့်ရတာ ကျိုးတာအိုရောင်းရင်းက ပဉ္စမအဆင့် ရတနာဆေးလုံးတစ်လုံးကို နောက်တစ်ကြိမ် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ပြီ ထင်တယ်ဗျ...”
ထိုသူသည်လည်း ကောင်ကင်ယံမှ ကပ်ဘေးတိမ်တိုက်များ လျင်မြန်စွာ ကွယ်ပျောက်သွားသည်ကို တွေ့ရှိလိုက်ရာ ဆေးလုံးကပ်ဘေးမှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရ၏။
ဤသည်မှာ ယခုအကြိမ် ဆေးလုံးဖော်စပ်မှု ပြီးဆုံး၍ လုံးဝ အောင်မြင်သွားပြီဟု အဓိပ္ပာယ်ရပေသည်။
“ဆရာကျိုးက တကယ်ကို ချီးကျူးစရာပဲ။ ကျုပ်တို့ အမှတ် (၈၈) တာအိုကျောင်းတော်ရဲ့ နံပါတ်တစ် ဆေးဖော်စပ်ပညာရှင်ဆိုတာ ငြင်းလို့မရဘူး...”
ထိုကျောင်းတော်ဆရာမှာ အလွန်ပင် ကြည်ညိုလေးစားသွားမိ၏။
ကျိုးစွေ့ ရှိနေခြင်းကြောင့်ပင် အမှတ် (၈၈) တာအိုကျောင်းတော်မှာ လွန်ခဲ့သော နှစ်တစ်ရာအတွင်း များစွာ အရေးပေးခံခဲ့ရသည်ဟု ဆိုနိုင်သည်။ ကျောင်းတော်အတွက် ဘဏ္ဍာငွေများပင် ပိုမို ရရှိလာခဲ့လေသည်။
ကျောင်းသားများစွာမှာလည်း သတင်းကြား၍ ကျိုးစွေ့၏ သင်ကြားမှုကို ခံယူရန် ရောက်ရှိလာကြ၏။ ဤသည်က အမှတ် (၈၈) တာအိုကျောင်းတော်၏ ကျောင်းသားသစ် အရေအတွက်ကိုလည်း တစ်နေ့ထက်တစ်နေ့ ပိုမို များပြားလာစေခဲ့သည်။
ကျိုးစွေ့သည် တစ်ကိုယ်တော်စွမ်းအားဖြင့် ကျောင်းတော်တစ်ခုလုံး၏ နာမည်ဂုဏ်သတင်းနှင့် အရှိန်အဝါကို မြှင့်တင်ပေးခဲ့သည်ဟု ဆိုရပေမည်။
...
ထိုအချိန်တွင် ခြံဝင်းအတွင်း၌။
ဆေးလုံးဖော်စပ်ခန်းရှိ ပဉ္စမအဆင့် ဆေးပေါင်းဖိုရှေ့တွင်…။
လုံးဝန်းသော ခရမ်းရောင် ဆေးလုံးသုံးလုံးမှာ ဆေးပေါင်းဖိုအတွင်း၌ ပေါ်ထွက်လာခဲ့ပြီး ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေကာ ဆေးလုံးပေါ်တွင်လည်း ယင်နှင့်ယန် စွမ်းအင်နှစ်ပါးကို ကိုယ်စားပြုသော ဆေးအရေးအကြောင်းနှစ်ခု ပေါ်ပေါက်နေပြီး နက်နဲသော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေလေ၏။
ဆေးလုံးဖော်စပ်ခန်း တစ်ခုလုံးတွင်လည်း ဆေးရနံ့များက တစ်ခန်းလုံးသို့ သင်းပျံ့စွာ လွင့်ပျံနေလေသည်။ ထိုရနံ့ကို ရှူရှိုက်မိရုံဖြင့်ပင် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွလာစေနိုင်သည်။
“အောင်မြင်ပြီ၊ နောက်ဆုံးတော့ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ...”
“နှစ်ကြိမ် သုံးကြိမ်လောက် ကျရှုံးပြီးမှ အခုတော့ အောင်မြင်သွားပြီ...”
ကျိုးစွေ့က အပြုံးလေးဖြင့် အလွန်ပင် စိတ်လှုပ်ရှားစွာ တွေးလိုက်မိလေသည်။
ဆေးပေါင်းဖိုအတွင်း၌ ရှိနေသည်မှာ ကျော်ကြားလှသော ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးပင် ဖြစ်လေသည်။
ဤသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်များကို လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သော ထိပ်တန်းဆေးလုံးဖြစ်ရာ တန်ဖိုးမှာ ဖြတ်၍ပင် မရနိုင်ချေ။
အကယ်၍ လေလံတင်ရောင်းချမည်ဆိုပါက နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်များသာမက လေဟာနယ်သန့်စင်ခြင်းအဆင့် ပညာရှင်များပါ ရူးသွပ်စွာ လုယက်ကြပေလိမ့်မည်။
အကြောင်းမှာ ဤဆေးလုံးသည် နတ်ဘုရားအသွင်ပြောင်းအဆင့်မှ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်စေရန် ကူညီနိုင်သော ထူးကဲလှသည့် ဆေးလုံးဖြစ်သောကြောင့်ပင်။
အကယ်၍ အောင်မြင်သွားပါက လေဟာနယ်သန့်စင်ခြင်းအဆင့် ပညာရှင်တစ်ဦး ထပ်မံ ပေါ်ထွက်လာခြင်းနှင့် ညီမျှလေသည်။
လူသားမျိုးနွယ်တွင် လေဟာနယ်သန့်စင်ခြင်း မိသားစုသစ်တစ်ခု တိုးပွားလာမည်ဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်းသောင်းချီ၍ တည်တံ့နိုင်ပေလိမ့်မည်။
ဤဆေးလုံး၏ တန်ဖိုးကြီးမားပုံကို ခန့်မှန်းကြည့်နိုင်ပေသည်။ အခြေခံအားဖြင့် ဤသို့သော ဆေးလုံးမျိုး ပေါ်ထွက်လာသည်နှင့် ကျင့်ကြံသူများက ချက်ချင်း လုယူသွားကြသဖြင့် အပြင်သို့ ပြန့်နှံ့သွားရန် အခွင့်အရေးပင် မရှိသလောက် ရှားပါးလှပေသည်။
“ပဉ္စမအဆင့် ဆေးလုံးတွေကို ဖော်စပ်တာက စတုတ္ထအဆင့် ဆေးလုံးတွေနဲ့ လုံးဝကွဲပြားတာပဲ...”
“ပဉ္စမအဆင့် ဆေးလုံးတွေကို အောင်အောင်မြင်မြင် ဖော်စပ်ချင်ရင် နတ်ဘုရားအသွင်ပြောင်းအဆင့် နယ်ပယ်ကို အသုံးပြုဖို့ လိုတယ်...”
“ဆေးလုံးဖော်စပ်ချိန်မှာ ဆေးဖက်ဝင်အပင်တွေ အားလုံးကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ဖို့ လိုအပ်တာပဲ...”
“ဆေးလုံး ဖြစ်တည်လာတဲ့အချိန်မှာ ပဉ္စမအဆင့် ဆေးလုံးကို နယ်ပယ်စွမ်းအားတွေနဲ့ အပြည့်အဝ လွှမ်းခြုံထားပြီး သေးငယ်တဲ့ ဆေးလုံးနယ်မြေ အစီအရင်တစ်ခုကို ဖြစ်ပေါ်စေရမယ်...”
“ဒီလိုလုပ်မှသာ ဆေးအာနိသင်အားလုံးကို ပိတ်လှောင်ထားနိုင်ပြီး စစ်မှန်တဲ့ ပဉ္စမအဆင့် ရတနာဆေးလုံး ဖြစ်လာမှာ...”
“အဲဒီနောက် ဆေးလုံးကပ်ဘေးရဲ့ သန့်စင်မှုကို ဖြတ်ကျော်ပြီး အညစ်အကြေးတွေကို ဖယ်ရှားနိုင်မှသာ နောက်ဆုံးမှာ ဆေးလုံးအဖြစ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်တာ...”
ကျိုးစွေ့သည် မျက်မှောင်ကြုတ်ကာ အာရုံစိုက်လိုက်၏။
အမှန်အတိုင်းဆိုရလျှင် ယခင်က သူ ရွှမ်ဟွမ်လောကတွင် ရှိနေစဉ်က ဆေးဖော်စပ်ပညာရှင်တစ်ဦးအဖြစ် တိုးတက်မှုအရှိန်မှာ အလွန်နှေးကွေးခဲ့လေသည်။ အကြောင်းမှာ ရွှမ်ဟွမ်လောကတွင် ပဉ္စမအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး၏ အမွေအနှစ်ဆက်ခံမှုများ ကင်းမဲ့နေသောကြောင့် ဖြစ်ပေသည်။
ယခင်က ကျင့်ကြံခြင်းလောကတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများပင် များများစားစား မရှိခဲ့ရာ ပဉ္စမအဆင့် ဆေးဖော်စပ်ပညာရှင် အမွေအနှစ်များကိုလည်း မည်သို့ သုတေသနပြုနိုင်ပါမည်နည်း။
ပဉ္စမအဆင့် ဆေးနည်းများဆိုလျှင်ပင် လက်ချိုးရေတွက်၍ ရနိုင်သည်အဖြစ် အလွန်ပင် ရှားပါးလှ၏။
သို့ရာတွင် ဝိညာဉ်လောကမှာမူ လုံးဝကွာခြားလှပေသည်။
လူသားမျိုးနွယ်စုသည် ဝိညာဉ်လောကတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ဖွံ့ဖြိုးလာခဲ့ရာ ဆေးဖော်စပ်ပညာရှင်မြောက်မြားစွာလည်း ပေါ်ထွန်းလာခဲ့ချေပြီ။
ထိုဆေးဖော်စပ်ပညာရှင်များသည် နှစ်ရှည်လများ စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် ဆေးနည်းအသစ်များကို တစ်ခုပြီးတစ်ခု ဖန်တီးနိုင်ခဲ့ကြကာ အတွေ့အကြုံများစွာကိုလည်း စုဆောင်းနိုင်ခဲ့ကြလေသည်။
ဝိညာဉ်လောကရှိ ပဥ္စမအဆင့် ဆေးဖော်စပ်ပညာရှင် အမွေအနှစ်များသည် အလွန်ပင် ပြည့်စုံနေပြီဟု ဆိုနိုင်ပေသည်။
ကျိုးစွေ့သည် အမှတ် (၈၈) တာအိုကျောင်းတော်၏ အမွေအနှစ် လျှို့ဝှက်ကျမ်းစာအားလုံးကို ရရှိပြီးနောက်တွင် ပဥ္စမအဆင့် ဆေးဖော်စပ်ပညာရှင် အမွေအနှစ်များကိုလည်း ပြည့်ပြည့်စုံစုံ ရရှိခဲ့လေသည်။
သူသည် ပဥ္စမအဆင့် ဆေးနည်းမြောက်မြားစွာနှင့် ပဥ္စမအဆင့် ဆေးလုံးများ ဖော်စပ်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များကိုလည်း သိရှိသွားခဲ့ချေပြီ။
ထို့ပြင် သတ္တမအဆင့် ‘စာအုပ်ကူ’၏ အကူအညီပါ ပေါင်းစပ်လိုက်သောအခါ သူ၏ဆေးဖော်စပ်ပညာစွမ်းရည်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာကာ ချက်ချင်းပင် အဆင့်မြင့်သွားခဲ့လေသည်။
နှစ်ပေါင်းတစ်ရာအတွင်း သူသည် ပဥ္စမအဆင့် ဆေးလုံးမြောက်မြားစွာကို ဖော်စပ်ခဲ့ပြီး ကြီးမားသော ဆေးဖော်စပ်မှု အတွေ့အကြုံများကိုလည်း စုဆောင်းနိုင်ခဲ့၏။
တစ်ချိန်တည်းမှာပင် သူသည် အင်မော်တယ်ရတနာ ရှန်းဟိုင်ပုလဲ၏ အတွင်းကမ္ဘာတွင် ‘ဆေးဝါးကူ’၏ စွမ်းအားကို အသုံးပြု၍ ပဥ္စမအဆင့် ဝိညာဉ်ဆေးပင် မြောက်မြားစွာကို စိုက်ပျိုးခဲ့ပြီး ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်များကိုပင် ပျိုးထောင်နိုင်ခဲ့လေသည်။
ထို့ကြောင့် သူ၏လက်ထဲတွင် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံး ဖော်စပ်ရန်အတွက် ဝိညာဉ်ဆေးပင်များ လုံးဝမရှားပါးတော့။ အကြိမ်အနည်းငယ် ကျရှုံးခဲ့ပြီးနောက် လုံလောက်သော အတွေ့အကြုံများကို စုဆောင်းနိုင်ခဲ့သဖြင့် ယခုတစ်ကြိမ်တွင်မူ သူသည် နောက်ဆုံး၌ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ချေပြီ။
ထို့အပြင် တစ်ကြိမ်တည်းနှင့် ဆေးလုံးသုံးလုံးပင် ရရှိခဲ့လေသည်။
အကယ်၍ ဤသတင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက ဖုန်းရှီးမြို့တစ်ခုလုံး ဟိုးဟိုးကျော်သွားမည်မှာ အသေအချာပင်။
အခန်း (၇၂၈) - ကျန်းတစ်သိန်းအရှည်ရှိသော ကံကြမ္မာရွှေနဂါး၊ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးနှင့် ဆဋ္ဌမအဆင့် အစီအရင်မဟာဆရာသခင်အဖြစ် တိုးတက်လာခြင်း(၅)။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ မြောက်မြားစွာသည် ဆေးလုံးတောင်းခံရန်အတွက် အလုအယက် ရောက်ရှိလာကြပေလိမ့်မည်။
“ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးက ပဥ္စမအဆင့် အထွတ်အထိပ် ရတနာဆေးလုံးပဲ။ ဆဋ္ဌမအဆင့် ဆေးလုံးနဲ့တောင် အတော်လေး နီးစပ်နေပြီ...”
ကျိုးစွေ့က တွေးလိုက်မိ၏။
“ဆေးအစင်းကြောင်း နှစ်ကြောင်းပေါ်နေပြီး ဆေးလုံးအကာအကွယ်တောင် ဖြစ်ပေါ်နေပြီပဲ။ အတွင်းထဲမှာ ပါဝင်တဲ့ ဆေးအာနိသင်ကလည်း ကြီးမားလွန်းတာကြောင့် တကယ့်ကို ပြည့်စုံလွန်းတယ်…
ဒါကို သုံးစွဲလိုက်ရင် ဝိညာဉ်သန္ဓေသားကို သန့်စင်တဲ့ယန်အခြေအနေအထိ မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အောင်မြင်မှုနှုန်းကိုလည်း တိုးလာစေမှာပဲ...”
ကျိုးစွေ့သည် မေးစေ့ကို ပွတ်သပ်ရင်း ဆေးမီးဖိုထဲရှိ ပဥ္စမအဆင့် အထွတ်အထိပ် ဆေးလုံးသုံးလုံးကို ကြည့်လိုက်၏။
သူသည် ပဥ္စမအဆင့် ဆေးလုံးများနှင့် ပတ်သက်၍ အလွန်ပင် ကျွမ်းကျင်နှံ့စပ်သွားပြီဟု ခံစားနေရသည်။ ယခုအခါ သူသည် ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင် နယ်ပယ်ကိုပင် စတင်ထိတွေ့နေပြီဟု ထင်မှတ်ရပေသည်။
“ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံး ရှိနေပြီဆိုတော့ ပိုင်စုကျဲ့ကို လေဟာနယ်သန့်စင်ခြင်းအဆင့်ထဲ ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်တော့မှာပဲ...”
ကျိုးစွေ့မှာ မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်မိသည်။
သူသည် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို အပင်ပန်းခံ ဖော်စပ်ခဲ့ခြင်းမှာ သူ၏တာအိုလက်တွဲဖော် ပိုင်စုကျဲ့ကို ကူညီရန်အတွက်ပင် ဖြစ်လေသည်။
ပိုင်စုကျဲ့သာ အဆင့်တက်နိုင်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့လျှင် ဖုန်းရှီးမြို့တွင် အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ အမှန်ပင်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူနှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတို့၏ အဆင့်အတန်းမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူမှာ ရာထူးနိမ့် အရာရှိလေးတစ်ဦးဆိုလျှင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမှာမူ အရာရှိကြီးတစ်ဦး ဖြစ်နေချေပြီ။
ဤသည်မှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် အရှင်သခင်များ၏အောက်တွင် ရှိသော ထိပ်တန်းအင်အားစုနှင့် စစ်မှန်သော ဦးဆောင်မှုအလွှာပင် ဖြစ်လေသည်။
အရေးကြီးဆုံးအချက်မှာ ပိုင်စုကျဲ့သာ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားပါက သူမ၏ခန္ဓာကိုယ်အတွင်းရှိ သန့်စင်သော ယင်စွမ်းအားများမှာလည်း များစွာတိုးပွားလာမည် ဖြစ်သည်။
ထိုအချိန်တွင် သူမနှင့်အတူ တူနှစ်ကိုယ်ကျင့်စဉ်ကို ကျင့်ကြံပါက ကျိုးစွေ့၏ကျင့်ကြံမှုအရှိန်ကိုလည်း များစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်ချေသည်။
ဤသည်မှာ သူ၏တာအိုခရီးလမ်းအတွက်လည်း ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။
တာအိုလက်တွဲဖော်ကို ကူညီခြင်းသည် မိမိကိုယ်ကိုယ် ကူညီခြင်းလည်း ဖြစ်၏။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အထောက်အကူပြုနေခြင်းပင် ဖြစ်ပေသည်။
“အင်း...”
ထိုအခိုက်တွင် ကျိုးစွေ့သည် အတွေးတစ်ချက်ဖြင့် သူ၏အချက်အလက်ပြမျက်နှာပြင်ကို ချက်ချင်း ဖွင့်ကြည့်လိုက်၏။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ် (တိုးတက်မှု ၅၀%)၊ သက်တမ်း - ၆၀၆ (၉၇၀၀၀) နှစ် ]
[ ပင်ကိုပါရမီ - ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် (၆%) ]
[ ဓားတာအို - ပဥ္စမအဆင့် အထွတ်အထိပ် (၄၀%) ]
[ မန္တန်အဆောင်ပညာရပ် - ပဥ္စမအဆင့် အလယ်အလတ် (၁၀%) ]
[ အစီအရင်ပညာ - ဆဋ္ဌမအဆင့် အလယ်အလတ် (၁၀%) ]
[ ဆေးဖော်စပ်ပညာရှင် - ပဥ္စမအဆင့် အထွတ်အထိပ် (၉၉%) ]
[ လက်နက်သန့်စင်ခြင်း - ပဥ္စမအဆင့် အလယ်အလတ် (၁၀%) ]
[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - မဟာဆရာသခင်အဆင့် ]
[ ဓာတ်ငါးပါး ဆေးဖော်စပ်ခြင်းပညာရပ် - မဟာဆရာသခင်အဆင့် ]
[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျမ်းစာ - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း၊ မိစ္ဆာဝါးမြိုခြင်း ]
[ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း၊ နှလုံးသားမျက်လုံး ဘာသာစကားနားလည်ခြင်း၊ နှလုံးသားမျက်လုံးဖြင့် စိတ်အာရုံဖတ်ခြင်း၊ နှလုံးသားမျက်လုံး သေကွင်းသေကွက်သိမြင်ခြင်း (၅၀%) ]
[ ကျူးရှန်းဓားသိုင်း - ပထမပုံစံ သဏ္ဌာန်မဲ့ဓားအလင်း၊ ဒုတိယပုံစံ သတ်ဖြတ်ခြင်းဓားအလင်း၊ တတိယပုံစံ ကျော့ကွင်းဓားအလင်း ]
[ ဓာတ်ငါးပါး မိုးကြိုးအတတ် - ကျွမ်းကျင်အဆင့်၊ ကုယုံဆန်းကြယ်အလင်းမန္တန် - မဟာဆရာသခင်အဆင့်၊ ရှေးဟောင်းလိပ်နက်ပညာရပ် - တတိယအဆင့်၊ ဝိညာဉ်ဖြန့်ကျက်အဆိပ်စူး - မဟာဆရာသခင်အဆင့် ]
[ ‘ချစ်ခြင်းမေတ္တာကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘ကိုယ်ပွားကူ’ - ပဥ္စမအဆင့် အလယ်အလတ်၊ ‘အရက်ကူ’ - ပဥ္စမအဆင့် အလယ်အလတ်၊ ‘ရွှေစားကူ’ - ပဥ္စမအဆင့် အထွတ်အထိပ်၊ ‘စာအုပ်ကူ’ - သတ္တမအဆင့် အောက်ခြေအဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - ပဥ္စမအဆင့် အထွတ်အထိပ်၊ ‘နဂါးဆင်ကူ’ - ပဥ္စမအဆင့် အထွတ်အထိပ်၊ ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ - ပဥ္စမအဆင့် အလယ်အလတ်၊ ‘တည်နေရာပြောင်းကူ’ - ပဥ္စမအဆင့် အလယ်အလတ်၊ ‘အစီအရင်နှလုံးသားကူ’ - ဆဋ္ဌမအဆင့် အလယ်အလတ်၊ ‘ပစ္စည်းရှာဖွေကူ’ - ပဥ္စမအဆင့် အလယ်အလတ်၊ ‘မိုးကြိုးကပ်ဘေးကူ’ - ပဥ္စမအဆင့် အထွတ်အထိပ်၊ ‘ဆေးဝါးကူ’ - ပဥ္စမအဆင့် အလယ်အလတ်၊ ‘ကံကြမ္မာကူ’ - ပဥ္စမအဆင့် အလယ်အလတ် ]
သိသာထင်ရှားသည်မှာ ဤနှစ်ပေါင်းတစ်ရာအတွင်း သူ၏ကျင့်ကြံမှုမှာလည်း များစွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားအသွင်ပြောင်းအဆင့် အလယ်အလတ်ပိုင်းတွင် ၅၀% အထိ တိုးတက်လာခဲ့လေသည်။
ဤကဲ့သို့တိုးတက်မှုကို နှေးကွေးသည်ဟု မထင်သင့်ပေ။ အမှန်တကယ်တွင် ဤသည်မှာ အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းလှချေပြီ။
အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသာဆိုလျှင် ဤအဆင့်တွင် နှစ်ပေါင်းရာချီ၊ ထောင်ချီ၊ သို့မဟုတ် နှစ်ပေါင်းနှစ်ထောင်ခန့်အထိ ကြာမြင့်သွားခြင်းမှာ သာမန်ကိစ္စသာ ဖြစ်ပေသည်။
ဝိညာဉ်လောကတွင်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ၏ တိုးတက်မှုအရှိန်မှာ အလွန်ပင် နှေးကွေးလှ၏။
အကြောင်းမှာ သဘာဝဝိညာဉ်ချီကို စုပ်ယူရုံသက်သက်ဖြင့် ကျင့်ကြံသူတစ်ဦး၏ တိုးတက်မှုမှာ အကန့်အသတ် ရှိနေသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ဆေးလုံးများကိုသာ အားကိုးရလေသည်။
ပြဿနာမှာ ပဥ္စမအဆင့် ဝိညာဉ်ဆေးပင် မြောက်မြားစွာကို မည်သည့်နေရာတွင် ရှာဖွေနိုင်ပါမည်နည်း။
ဝိညာဉ်လောကရှိ စစ်မှန်သော ကောင်းကင်ဘုံဒေသများကို အင်အားကြီး မျိုးနွယ်စုများက သိမ်းပိုက်ထားကြပြီး ဖြစ်လေသည်။
လူသားမျိုးနွယ်စုမှာမူ သူတစ်ပါးစိတ်မဝင်စားသော ဝေးလံခေါင်ဖျားသည့် နေရာအချို့ကိုသာ ရရှိထားနိုင်ကြ၏။
ထိုသို့ဖြစ်ခြင်းကြောင့် ကျင့်ကြံမှုအရှိန်မှာ သဘာဝကျကျပင် အလွန်နှေးကွေးနေမည် ဖြစ်ကာ ဤသည်မှာလည်း တတ်နိုင်သည့် ကိစ္စမဟုတ်ပေ။
လူသားမျိုးနွယ်စု အင်အားနည်းနေခြင်းကြောင့်သာ မိမိတို့ဘာသာ ကြိုးစားအားထုတ်၍ ခက်ခဲစွာ ကျင့်ကြံနေကြရခြင်းပင် ဖြစ်လေသည်။
“ကောင်းတယ် သိပ်ကောင်းတယ်။ ငါ့ရဲ့ ဆေးဖော်စပ်ပညာရှင်အဆင့်ကတော့ ဆဋ္ဌမအဆင့်ကို ရောက်ဖို့ နီးစပ်နေပြီပဲ...”
“အခုဆိုရင် ငါက ပဥ္စမအဆင့် အထွတ်အထိပ် ပြည့်စုံခြင်းအဆင့်ရောက်နေတဲ့ ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်နေပြီ...”
“ပဥ္စမအဆင့် ဆေးဖော်စပ်ပညာရှင်တွေထဲမှာတော့ ငါ့ကို ယှဉ်နိုင်တဲ့သူ ရှိမှာမဟုတ်ဘူး...”
ကျိုးစွေ့မှာ များစွာ ကျေနပ်သွားလေသည်။
ဤနှစ်တစ်ရာအတွင်း ဆေးတာအိုကို ကြိုးစားကျင့်ကြံကာ ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်ခဲ့ရကျိုး နပ်ပေသည်။ ဤအရာအားလုံးမှာ ထိုက်တန်လှ၏။
ထို့ပြင် သူ၏ကျင့်ကြံမှုတွင် အရှိန်အဟုန်အကောင်းဆုံးမှာ အစီအရင်အတတ်ပညာပင် ဖြစ်လေသည်။
ဝိညာဉ်လောကသို့ ရောက်ရှိလာပြီးနောက်တွင် သူ၏ကိုယ်ပေါ်ရှိ ‘အစီအရင်နှလုံးသားကူ’မှာ နောက်ဆုံး၌ အသုံးဝင်မည့်နေရာကို ရှာတွေ့သွားပြီး ဖုန်းရှီးမြို့ရှိ ဆဋ္ဌမအဆင့် အစီအရင်များနှင့် သတ္တမအဆင့် အစီအရင်များကိုပင် စတင်ကျူးကျော်ကာ တစ်သားတည်းဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။
တိုတောင်းလှသော နှစ်ပေါင်းတစ်ရာအတွင်း ‘အစီအရင်နှလုံးသားကူ’သည် သတ္တမအဆင့် အစီအရင်ကို တစ်သားတည်းဖြစ်အောင် မပြုလုပ်နိုင်သေးသော်လည်း ဆဋ္ဌမအဆင့် အစီအရင်များမှာမူ ပြဿနာ မရှိပေ။
ထို့ကြောင့် အစီအရင်နှလုံးသားကူသည် ဆဋ္ဌမအဆင့် အလယ်အလတ်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့လေသည်။ ယခင်နှင့် နှိုင်းယှဉ်ပါက အစီအရင်အတတ်မှာ အဆပေါင်းများစွာ တိုးတက်သွားခဲ့ချေပြီ။
“တကယ်လို့ ပဥ္စမအဆင့် အစီအရင်က သုံးထပ်အကာအကွယ်ကို ဖန်တီးနိုင်ပြီး အစီအရင်နယ်ပယ်ရဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တဲ့အတွက် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ဦးနဲ့ ယှဉ်နိုင်တဲ့ အနှိုင်းမဲ့စွမ်းပကားကို ပြသနိုင်တယ်ဆိုရင်...”
“ဆဋ္ဌမအဆင့် အစီအရင်ကတော့ သိသိသာသာကို ပိုမြင့်မားပြီး လေးထပ်အကာအကွယ်ကို ဖန်တီးနိုင်သလို အစီအရင်လေးမျိုးကိုလည်း ပေါင်းစပ်နိုင်တာကြောင့် အစီအရင်အတွင်းပိုင်းကို ကမ္ဘာငယ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပြီး လေဟာနယ်အတားအဆီးတွေကိုပါ ဖြစ်ပေါ်စေနိုင်တယ်…”
“ဆဋ္ဌမအဆင့် အစီအရင်ရဲ့ စွမ်းအားတွေက လေဟာနယ်ထဲကို ပေါင်းစပ်သွားနိုင်တာပဲ။ ဒီအဆင့်ကို ရောက်သွားပြီဆိုရင် အစီအရင်ရဲ့ ခုခံကာကွယ်မှုက ပဥ္စမအဆင့် အစီအရင်ထက် အဆတစ်ရာမက ပိုမိုအားကောင်းသွားပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်အောက်က ဘယ်ကျင့်ကြံသူကပဲ တိုက်ခိုက်ပါစေ ဆဋ္ဌမအဆင့် အစီအရင်ရဲ့ လေဟာနယ်အတားအဆီးကို လှုပ်ခါအောင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး…”
“ဒါတင်မကသေးဘူး။ ဆဋ္ဌမအဆင့် အစီအရင်ကို အစွမ်းကုန် အသုံးချလိုက်ရင် ကောင်းကင်နဲ့မြေကြီးရဲ့ နိမိတ်ပုံတွေ ဖြစ်ပေါ်လာပြီး အစီအရင်ရဲ့ ထူးခြားတဲ့ ဖြစ်စဉ်တွေကတစ်ဆင့် ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်ချီကို တစ်ရာရာခိုင်နှုန်း အပြည့်အဝ အသုံးချနိုင်တာကြောင့် အနှိုင်းမဲ့တဲ့ စွမ်းပကားတွေကို ထုတ်ဖော်နိုင်မှာ ဖြစ်တယ်...”
ကျိုးစွေ့သည် မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်၏။
ယခင်က သူသည် မည်သို့ပင် ကြိုးစားစေကာမူ ဆဋ္ဌမအဆင့် အစီအရင်ဆရာတစ်ဦးအဖြစ် မတက်လှမ်းနိုင်ခဲ့သော်လည်း ဝိညာဉ်လောကသို့ ရောက်ရှိလာကာ ဖုန်းရှီးမြို့၏ အခြားနေရာများရှိ ဆဋ္ဌမအဆင့် အစီအရင်များကို မြင်တွေ့ရပြီးနောက်တွင် ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့လေသည်။
လူသားမျိုးနွယ်စုမှ အစီအရင်ဆရာ မြောက်မြားစွာ၏ ဉာဏ်ပညာကိုလည်း သူ အလွန်ပင် ချီးကျူးမိသည်။
အစီအရင်၏ စွမ်းအားမှာ ဤမျှအထိ ပြင်းထန်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဆဋ္ဌမအဆင့် အစီအရင်ကို အပြည့်အဝ ထိန်းချုပ်လိုက်သည်နှင့် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာသကဲ့သို့ အစီအရင်အတွင်းရှိ သဘာဝဝိညာဉ်ချီအားလုံးကို စိတ်ကြိုက် ထိန်းချုပ်နိုင်မည် ဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် ဆဋ္ဌမအဆင့် အစီအရင်သည် လေဟာနယ်အတားအဆီးကိုလည်း ဖြစ်ပေါ်စေမည် ဖြစ်သည်။
အခြေခံအားဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်အောက်ရှိ စွမ်းအားအားလုံးသည် လေဟာနယ်အတားအဆီး၏ ပြင်ပတွင်သာ ရှိနေမည်ဖြစ်ကာ ဆဋ္ဌမအဆင့် အစီအရင်ကို မည်သို့မျှ ထိခိုက်အောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။
ဆဋ္ဌမအဆင့် အစီအရင်၏ အစွမ်းထက်မှုမှာ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ဖြစ်လေသည်။
“အကယ်လို့ ရွှမ်ဟွမ်လောကမှာ ဆဋ္ဌမအဆင့် အစီအရင်တစ်ခုသာ ခင်းကျင်းထားလိုက်ရင် ရွှမ်ဟွမ်လောကက တခြားဂိုဏ်းတွေ အားလုံးပေါင်းပြီး နေ့ညမပြတ် တိုက်ခိုက်ရင်တောင် ဆဋ္ဌမအဆင့် အစီအရင်ရဲ့ အတားအဆီးကို မြူတစ်မှုန်စာ လှုပ်ခါနိုင်မှာ မဟုတ်ဘူး...”
ကျိုးစွေ့ အံ့အားတသင့် ရေရွတ်လိုက်မိသည်။
လူသားမျိုးနွယ်စုသည် အလွန်အင်အားနည်းလှရာ ပုံမှန်အားဖြင့်ဆိုလျှင် ဝိညာဉ်လောကရှိ အခြားသော အင်အားကြီး မျိုးနွယ်စုများ၏ ဖျက်ဆီးခြင်းကို ခံရမည်မှာ ကြာလှချေပြီ။
သို့ရာတွင် လူသားမျိုးနွယ်စုသည် အစီအရင်အတတ်တွင် ကျွမ်းကျင်လှသဖြင့် အစီအရင်များကို ခင်းကျင်းထားနိုင်ကြ၏။ အစီအရင်၏ စွမ်းအားကို အသုံးပြုခြင်းဖြင့် အားနည်းသူက အားကြီးသူကို အနိုင်ယူနိုင်ကာ အစွမ်းထက်သော ရန်သူများကို တားဆီးထားနိုင်ခြင်း ဖြစ်ပေသည်။
လူသားတစ်ဦးချင်းစီ၏ အင်အားမှာ နည်းပါးသော်လည်း အစီအရင်၏ စွမ်းအားကို အသုံးပြုလိုက်လျှင် မည်သည့်မျိုးနွယ်စုထက်မဆို အားနည်းလိမ့်မည် မဟုတ်ပေ။
အခြားသော မျိုးနွယ်စုများက လူသားတို့၏ မြို့ပြများကို တိုက်ခိုက်ရန် ကြိုးစားကြသော်လည်း အစီအရင်၏ စွမ်းအားရှေ့မှောက်တွင်မူ အရှုံးဖြင့်သာ ဆုတ်ခွာသွားခဲ့ရလေသည်။
အချို့သော အခြေအနေများတွင်မူ အလောင်းပေါင်းမြောက်မြားစွာ ထားရစ်ခဲ့ပြီးမှသာ ထွက်ပြေးလွတ်မြောက်နိုင်ကြ၏။
ကြာလာသည်နှင့်အမျှ မျိုးနွယ်စုအသီးသီးသည် လူသားတို့၏ မြို့ပြများကို ထပ်မံ၍ တိုက်ခိုက်ခြင်း မပြုကြတော့ပေ။ လူသားတို့၏ မြို့ပြများသည် ဝါးရခက်သော အရိုးမာများ ဖြစ်သည်ကို လူတိုင်း သိရှိသွားကြပြီ ဖြစ်လေသည်။
အကယ်၍ အတင်းအကျပ် တိုက်ခိုက်ပါက များစွာ ထိခိုက်ဆုံးရှုံးမည် ဖြစ်ကာ အသေအပျောက်လည်း များပြားပေလိမ့်မည်။ ထို့ပြင် ဝိညာဉ်လောကမှာလည်း အလွန်ကျယ်ပြောလှရာ ထိုကဲ့သို့သော နေရာလေးများအတွက် လူသားမျိုးနွယ်စုနှင့် အသေအလဲ တိုက်ခိုက်ရန်လည်း မလိုအပ်ပေ။
ထို့ကြောင့် လူသားမျိုးနွယ်စုမှာ ရှင်သန်ခွင့် ရရှိခဲ့ခြင်းဖြစ်ကာ နှစ်ပေါင်းကုဋေကုဋာ ကြာမြင့်လာပြီးနောက် ဝိညာဉ်လောကတွင် လူသားတို့၏ အဆင့်အတန်းမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့လေသည်။
အင်အားအကြီးဆုံး မျိုးနွယ်စုများနှင့် မယှဉ်နိုင်သေးသော်လည်း အားနည်းသော မျိုးနွယ်စုများထဲတွင်မူ အတော်အတန် အခြေအနေကောင်းသည်ဟု ဆိုနိုင်ပေသည်။
အနည်းဆုံးအနေဖြင့် အမြဲတစေ အသုံးချခံနေရသည့် မျိုးနွယ်စုမျိုး မဟုတ်တော့ချေ။