ဩဇာတိက္ကမ ကြီးမားပြီး အထင်ကြီးလေးစားစရာ ကောင်းတဲ့ သခင်မလေး~
Vol. 11 Ch. 102
"ဘိုးဘေး... သီအိုရီအရ ပြောရရင် တတိယအဆင့် သားရဲ တစ်ကောင်ရဲ့ သက်တမ်းက မတိုပါဘူး အနှစ် နှစ်ရာကျော် အသက်ရှင်တဲ့ သူတွေက အတော်လေး အတွေ့ရ များပါတယ်"
ဝမ်ရှိုကျဲ့သည် ဤကိစ္စနှင့် ပတ်သက်၍ အနည်းငယ် သံသယ ရှိနေလေသည်။
"ဒါက ကျားပေါက်လေးရဲ့ အမေ ဖြစ်တယ် ဆိုတာကို ဘယ်လိုများ သေချာ သိနိုင်မှာလဲ"
သူ အကြောက်ဆုံး အရာမှာ မိသားစုက ဤမီးဓာတ် ဝိညာဉ် သွေးကြောအတွက် ငွေကြေး အမြောက်အမြား ရင်းနှီးမြှုပ်နှံပြီးနောက် ကျားကြီးက မသေသေးဘဲ ၎င်း၏ အသိုက်ကို အခြားသူများ ဝင်ရောက် နေရာယူထားကြောင်း သိသွားပါက ရှောင်လွှဲ၍ မရနိုင်သော ပြဿနာ တစ်ခု ဖြစ်လာမည်ကို ပင်ဖြစ်သည်။
အရွယ်ရောက်ပြီး တတိယအဆင့် ကျား သားရဲ တစ်ကောင်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် တိုက်ခိုက်ရေး စွမ်းအား နှစ်ခုစလုံးကို လျှော့တွက်၍ မရနိုင်ပေ။
"ရှိုကျဲ့ ကြည့်စမ်း... ဒီကျား အရိုးစုက မီးကန်ထဲမှာ လဲလျောင်းနေတဲ့ ကိုယ်ဟန်ကို ကြည့်... ပြီးတော့ သူ့ရဲ့ ဘယ်ဘက် ခြေထောက်၊ နံရိုးတွေ နေရာ အတော်များများမှာ ကျိုးနေပြီး ကျောရိုး အလယ်က အပိုင်း နှစ်ပိုင်းက အစိတ်စိတ်အမွှာမွှာ ဖြစ်နေတယ်"
ဘိုးဘေးလုံယန်က တည်ငြိမ်စွာ ရှင်းပြလေသည်။
"သူက တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး မကျက်နိုင်ဘဲ သူ့ရဲ့ တက်ကြွမှုတွေ ပျောက်ကွယ်တော့မယ့် အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဖို့ မီးကန်ထဲကို ဆန္ဒအလျောက် ဝင်သွားတာလို့ ကောက်ချက်ချလို့ ရတယ်"
"ဒါ့အပြင် သူ့ရဲ့ တင်ပါးဆုံရိုး ခွက်ကို ကြည့်လိုက်ရင် ဒါက အရွယ်ရောက်ပြီးတဲ့ ကျားမ တစ်ကောင် ဖြစ်တယ် ဆိုတာ သိနိုင်တယ် တင်ပါးဆုံရိုး ခွက်က ပွင့်နေပြီး သားပေါက်ပြီး သိပ်မကြာခင်မှာပဲ သေဆုံးသွားတာ သေချာတယ်"
ဘိုးဘေးလုံယန်က ကောက်ချက်ချလိုက်သည်။
"ပြီးတော့ ဒီမီးကန်ရဲ့ အပူချိန်က မနိမ့်ပါဘူး အကယ်၍ ဒါက အချိန် အတော်ကြာက ကိစ္စ ဆိုရင် အရိုးစုက ဒီလောက် အကောင်းပကတိ ကျန်နေမှာ မဟုတ်ဘူး"
ဝမ်ရှိုကျဲ့ သက်ပြင်းချလိုက်သည်။ ဘိုးဘေးသည် တကယ်ကို ဗဟုသုတ ကြွယ်ဝပြီး အတွေ့အကြုံ များပြားလှပေသည်။
"ဝေါင်း ဝေါင်း"
ကျားပေါက်လေးသည် အတော်လေး နားလည်ပုံ ရပြီး ဤကိစ္စနှင့် ပတ်သက်၍ အနည်းငယ် သတိပြုမိပုံ ရလေသည်။ ၎င်းက ဝမ်လိချီ၏ ရင်ခွင်ထဲသို့ ခုန်ဝင်သွားပြီး စိတ်ဓာတ်ကျနေပုံ ရလေသည်။
"ဘိုးဘေး... ကျားပေါက်လေးကို မွေးပြီးတော့ သူ သေသွားတာ အရမ်း သနားစရာ ကောင်းတာပဲ"
ဝမ်လိချီက သက်ပြင်းချလိုက်သည်။
"သမီး ဆုံးဖြတ်လိုက်ပြီ ကျားပေါက်လေးကို သေချာပေါက် ကောင်းကောင်း ဆက်ဆံမယ်"
"ဝေါင်း ဝေါင်း"
ကျားပေါက်လေး၏ စိတ်ဓာတ်များ အများကြီး တက်ကြွသွားပြီး သူမအား ခေါင်းဖြင့် အကြိမ်အနည်းငယ် ပွတ်သပ်လိုက်လေသည်။
"ဒါဆိုရင် ဘယ်လိုလဲ နင့်ရဲ့ အကြွေးကို ရွှေတာရာ နှစ်ရာ လျှော့ပေးမယ် မဟုတ်ဘူး... တစ်ရာ လျှော့ပေးမယ်"
ဝမ်လိချီက ရက်ရောစွာ ပြောလိုက်သည်။
"ဒီကနေ့က စပြီး နင် ငါ့ကို ရွှေတာရာ ခုနစ်ရာပဲ အကြွေး တင်တော့တယ်"
ဝေါင်း ဝေါင်း... ကျားပေါက်လေးက ကျေးဇူးတင်စွာဖြင့် ချွဲနွဲ့လိုက်လေသည်။
ဝမ်ရှိုကျဲ့သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သေသေချာချာ ခံစားလိုက်ရသည်။
ဟင်... ဟုတ်တယ်... ကျားပေါက်လေးက အရင်က ရွှေတာရာ ခြောက်ရာပဲ အကြွေး တင်ခဲ့တယ် လို့ သူ မှတ်မိနေတယ် မဟုတ်ဘူးလား။
ကောင်းပြီလေ... ဤစာမတတ်သော ကျားပေါက်လေးသည် ၎င်း၏ တစ်သက်တာလုံး ရွှေတာရာများကို ပြန်ဆပ်နိုင်မည် မဟုတ်ဟု ဝမ်ရှိုကျဲ့ ခံစားလိုက်ရသည်။
"ဘိုးဘေး... ကြက်သွေးရောင် သစ်သီးက အတော်လေး ရှားပါးတဲ့ ဝိညာဉ် သစ်သီး တစ်ခု ဖြစ်ပြီး ငါတို့ မျိုးနွယ်စုရဲ့ ဝိညာဉ် သစ်သီး မှတ်တမ်းမှာလည်း မပါပါဘူး"
ဝမ်ရှိုကျဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ကြက်သွေးရောင် သစ်သီး နောက်တစ်လုံး ဘယ်တော့လောက်မှ ထပ်သီးနိုင်မလဲ မသိဘူး"
"ရင့်မှည့်နေတဲ့ ကြက်သွေးရောင် သစ်သီး တစ်လုံးက ရွှေတာရာ တစ်သောင်း နှစ်ထောင် ကနေ တစ်သောင်းခွဲ လောက် တန်တယ်"
ဘိုးဘေးလုံယန်က ပြောလေသည်။
"သူ့ရဲ့ ကြီးထွားမှုအတွက် အတော်လေး သင့်လျော်တဲ့ ဒီအလယ်အလတ်အဆင့် မီးဓာတ် ဝိညာဉ် သွေးကြောမှာ ကြက်သွေးရောင် သစ်သီး တစ်လုံးက အနှစ် တစ်ရာကို တစ်ခါ သီးနိုင်တယ်"
တကယ်ပဲ တစ်သောင်းကျော် တန်တာပဲ။
ဝမ်ရှိုကျဲ့သည် ဝမ်လိချီအား နက်ရှိုင်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ဒီကောင်မလေးက တကယ်ကို ကံကောင်းတာပဲ။ ချီသန့်စင်ခြင်း ဒုတိယအဆင့်မှာပဲ ရှိသေးတာကို တစ်သောင်းကျော် တန်တဲ့ ကောင်းကင် ရတနာ တစ်ခုကို မြည်းစမ်းခွင့် ရခဲ့တာပဲ။ ဒါက ဖေယွမ် ဆေးလုံး အသေးစား တစ်ထောင်ကျော်နဲ့ လဲလို့ ရတယ်လေ။ ညီအစ်ကို မောင်နှမတွေ အားလုံး သကြားလုံး လိုမျိုး စားဖို့တောင် လုံလောက်တယ်။
"စတုတ္ထဦးလေး စတုတ္ထဦးလေး"
ဒီဈေးနှုန်းကို ကြားတော့ ဝမ်လိချီရဲ့ ခြေထောက်တွေ တုန်ယင်သွားပြီး ဝမ်ရှိုကျဲ့ရဲ့ ရင်ခွင်ထဲကို တိုက်ရိုက် လဲကျသွားလေသည်။ အူတွေ အသည်းတွေ လိမ်ထွက်မတတ် နောင်တရသွားပြီး သူမရဲ့ မျက်နှာက ဖြူရော်သွားကာ ရှိုက်ငိုရင်း ပြောလိုက်သည်။
"အဲဒီ ကျိန်စာသင့်မယ့် သစ်သီးက အဲဒီလောက်တောင် တန်ဖိုးရှိမှန်း သိရင် သမီး စားခဲ့မှာ မဟုတ်ဘူး"
"ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး သမီး စားပြီးသွားပြီပဲ"
သူမကို ဒီလိုပုံစံနဲ့ မြင်ရတော့ ဝမ်ရှိုကျဲ့လည်း နည်းနည်း စိတ်မကောင်း ဖြစ်သွားတယ်။ သူက သူမရဲ့ ခေါင်းကို ပုတ်ပြီး နှစ်သိမ့်လိုက်တယ်။
"ဒါက သမီးရဲ့ ကိုယ်ပိုင် ကံကောင်းမှုပဲ သမီးနဲ့ပဲ သက်ဆိုင်တယ် ပြီးတော့ သမီးက မိသားစုအတွက် ရတနာ မြေနေရာ တစ်ခုနဲ့ ကြက်သွေးရောင် သစ်သီး အခြေခံ အုတ်မြစ် တစ်ခုကို ထပ်ဖြည့်ပေးခဲ့တယ် မဟုတ်ဘူးလား ဒီတစ်ခါ သမီးက မိသားစုအတွက် ကြီးမားတဲ့ ပံ့ပိုးမှု တစ်ခု လုပ်ပေးခဲ့တာပဲ"
"တော်သေးတာပေါ့ ခုနက စတုတ္ထဦးလေးရဲ့ အကြည့်က အရမ်း ကြောက်ဖို့ ကောင်းတာပဲ"
ဝမ်လိချီ ပြန်လည် သတိဝင်လာပြီး သက်သာရာရသွားသော မျက်နှာဖြင့် ပြောလိုက်သည်။
"စတုတ္ထဦးလေးက သမီးကို ရောင်းစားပစ်တော့မလားလို့ တကယ် ကြောက်နေတာ"
ဝမ်ရှိုကျဲ့ရဲ့ မျက်နှာ မည်းမှောင်သွားတယ်... ဒီကောင်မလေးကို ဝယ်တဲ့သူကတော့ လိမ်ညာခံရတာ သေချာတယ်။
သူ သူမကို ဆက်ပြီး ဂရုမစိုက်တော့ပေ။
ဝမ်ရှိုကျဲ့ တွက်ချက်လိုက်သည်။
"ငါတို့က ဒီကြက်သွေးရောင် သစ်သီး ဝိညာဉ် သစ်ပင်ရဲ့ အထွက်နှုန်းကိုပဲ အားကိုးမယ် ဆိုရင် ပမာဏ အများကြီးလို့ ထင်ရပေမယ့် တစ်နှစ်ကို ရွှေတာရာ တစ်ရာကျော်လောက်ပဲ ရှိတာ ဒီမီးဓာတ် ဝိညာဉ် သွေးကြော ရတနာ မြေနေရာကို ရေတို ဝင်ငွေ ပိုရဖို့အတွက် သေချာ စီမံကိန်းချဖို့ လိုသေးတယ်"
"စတုတ္ထဦးလေး... စတုတ္ထဦးလေး... ငါတို့ ကြက်သွေးရောင် သစ်သီးပင် နောက်တစ်ပင် ထပ်စိုက်ရင် ဘယ်လိုလဲ အသီးက တော်တော်လေး အရသာ ရှိတယ်"
ဝမ်လိချီက သူမ၏ ခန္ဓာကိုယ် အတွင်းမှ ခိုဥ အရွယ်အစား ရှိသော သစ်သီး အစေ့ တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ ၎င်းသည် အနီရောင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး မီးဓာတ် ဝိညာဉ် စွမ်းအားများ သဲ့သဲ့လေး ထုတ်လွှတ်နေလေသည်။
"ဒါ ကောင်းတယ်"
ဝမ်ရှိုကျဲ့က ကြက်သွေးရောင် သစ်သီး အစေ့ကို ယူကာ ချီးကျူးလိုက်သည်။
"သမီး တော်တယ် သစ်သီး အစေ့ကိုတောင် ချန်ထားဖို့ တွေးမိသေးတယ် ကံကောင်းရင် ငါတို့ နောက်ထပ် တစ်ပင် စိုက်လို့ ရတယ်"
သေချာသည်မှာ ကြက်သွေးရောင် သစ်သီးပင် ပိုများလေ ပိုကောင်းလေ ပင်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ကြက်သွေးရောင် သစ်သီး ထုတ်လုပ်မှု အတိုင်းအတာ တစ်ခုကို တဖြည်းဖြည်း တည်ဆောက်နိုင်ပါက ဝမ်မျိုးနွယ်စုသည် ချမ်းသာလာပေလိမ့်မည်။
"သမီးက မူလက သစ်သီးခွံကို ခွဲပြီး အတွင်းက အဆံကို စားချင်တာ ဒါပေမဲ့ သမီး ခွဲလို့ မရဘူး"
ဝမ်လိချီက ရိုးသားစွာ ပြန်လည် ဖြေကြားလိုက်သည်။
ဝမ်ရှိုကျဲ့ ချွေးများ ထွက်လာလေသည်။ ဒီကောင်မလေးသည် အမြဲတမ်း စားဖို့ပဲ တွေးနေတာပဲ။ ကံကောင်းလို့ သူမ ခွဲလို့ မရတာ... မဟုတ်ရင် သူမ ဒီအစေ့ကို ဖြုန်းတီးပစ်လိုက်မှာ သေချာတယ်။ ကြက်သွေးရောင် သစ်သီး အစေ့ကလည်း ပိုက်ဆံ အများကြီး ရနိုင်လောက်တယ်လို့ ခန့်မှန်းရတယ်။
"ရှိုကျဲ့ မင်းက ဒီရတနာ မြေနေရာကို အပြည့်အဝ အသုံးချချင်ရင် ဝိညာဉ် စုစည်းခြင်း အစီအရင် တစ်ခု တည်ဆောက်ဖို့ လိုတယ်"
ဝမ်ရှောင်ဟန်က ဘေးမှ ပြောလိုက်သည်။
"ဒီမီးဓာတ် ဝိညာဉ် သွေးကြောကို ကြည့်စမ်း... ဝိညာဉ် စွမ်းအား ဖြန့်ဝေမှုက အရမ်း ညီညာပြီး ကမောက်ကမ ဖြစ်နေတယ်၊ ပြီးတော့ အရမ်း မြန်မြန် လွင့်စင်သွားတယ် ဝိညာဉ် စုစည်းခြင်း အစီအရင် ပါရင် မီးဓာတ် ဝိညာဉ် စွမ်းအားတွေကို စုစည်းနိုင်ပြီး ညီညာအောင် ဖြန့်ဝေကာ မီးဓာတ် ဝိညာဉ် လယ်ကွင်း တစ်ခု ဖွင့်လှစ်နိုင်တယ် အကျိုးသက်ရောက်မှုကို အမြန်ဆုံး မြင်ရဖို့အတွက် မီးဓာတ် စီးပွားရေး သီးနှံ တချို့ကို စိုက်ပျိုးပါ"
ထိန်းမနိုင် သိမ်းမရ ဖြစ်နေသော တောရိုင်း ဝိညာဉ် သွေးကြော အများစုမှာ ဤကဲ့သို့ ကမောက်ကမ ဖြစ်နေလေ့ ရှိပြီး ဝိညာဉ် အပင် အများအပြားမှာ တောရိုင်းဆန်ကာ ကျဲပါးနေပြီး အထွက်နှုန်းမှာလည်း သိပ်မများပေ။
အစပိုင်းတွင် လောက၌ ဝိညာဉ် လယ်ကွင်းများ မရှိခဲ့ပေ။
ဝိညာဉ် လယ်ကွင်း ဆိုသည်မှာ ဝိညာဉ် သွေးကြောများကို အပြည့်အဝ အသုံးချရန်နှင့် ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်များကို အမြင့်ဆုံး ဖြစ်စေရန် လူသားများက တီထွင်ထားသော ထုတ်ကုန် တစ်ခုသာ ဖြစ်သည်။ ဝိညာဉ် လယ်ကွင်း ပါရှိလာသဖြင့် လူသားများသည် ဝိညာဉ် ပစ္စည်းများကို တောရိုင်းတွင် လိုက်လံ ရှာဖွေရသည့် အခြေအနေဆိုးမှ ကင်းဝေးသွားနိုင်ခဲ့သည်။
"ဈေးကွက်မှာ အတွေ့ရများတဲ့ မီးဓာတ် စီးပွားရေး သီးနှံ နှစ်မျိုး ရှိတယ် တစ်မျိုးက အနီရောင် သလင်းကျောက် ဝိညာဉ်ဆန် လို့ ခေါ်ပြီး နောက်တစ်မျိုးကတော့ မီးတောက် ကြာပန်း လို့ ခေါ်တယ် စုစုပေါင်း စီးပွားရေး အကျိုးအမြတ်တွေကတော့ ဆင်တူပါတယ် ပထမ တစ်မျိုးကတော့ မီးဓာတ် သွေးဆက် ပါတဲ့ သိုင်းကျင့်ကြံသူတွေရဲ့ နေ့စဉ် ဝိညာဉ် အစားအစာ စားသုံးမှုအတွက် အသင့်တော်ဆုံး ဖြစ်ပြီး တစ်နှစ်ကို တစ်ခါ ရိတ်သိမ်းလို့ ရတယ် နောက်တစ်မျိုးကတော့ နှစ်အနည်းငယ် ကြာမှ ရင့်မှည့်ပြီး ပမာဏ အများအပြား ရှိတဲ့ မီးဓာတ် ဝိညာဉ် ဆေးဝါး တစ်မျိုး ဖြစ်တဲ့ မီးတောက် ကြာစေ့တွေကို ထုတ်လုပ်ပေးနိုင်တယ်"
ဝမ်ရှောင်ဟန်က ပြောလေသည်။
"သေချာတာပေါ့ စီးပွားရေး သီးနှံတွေ အနေနဲ့ တစ်မျိုးတည်းကိုပဲ ထုတ်လုပ်တာ အကောင်းဆုံးပဲ စီမံခန့်ခွဲမှုနဲ့ ထုတ်လုပ်မှုအတွက် ပိုအဆင်ပြေစေသလို အတွေ့အကြုံ စုဆောင်းရာမှာလည်း ပိုလွယ်ကူစေတယ်"
ဝမ်ရှောင်ဟန်သည် ဝိညာဉ် အပင်များကို စိုက်ပျိုးသော လယ်သမားအိုကြီး တစ်ဦး ဖြစ်ပြီး သူ၏ အကြံပြုချက်များမှာ အလွန် လက်တွေ့ကျလှပေသည်။
စီးပွားရေး သီးနှံ ဆိုတာ ဘာလဲ။ အဲဒါက ရင်းနှီးမြှုပ်နှံမှုနဲ့ အထွက်နှုန်း အချိုးအစား အမြင့်ဆုံး ရှိတဲ့ သီးနှံပါပဲ။
ပြီးတော့ ဈေးကွက်ထဲမှာ အတွေ့ရများတယ် ဆိုကတည်းက လူသား သမိုင်းမှာ အလွန် ယဉ်ပါးအောင် လုပ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထားတဲ့ သီးနှံ တစ်မျိုး သေချာပေါက် ဖြစ်ရပါမယ်။ မျိုးစေ့တွေ ရဖို့နဲ့ စိုက်ပျိုးရေး နည်းပညာ အပြည့်အစုံ ရဖို့ အများကြီး ပိုလွယ်ကူပါလိမ့်မယ်။
ကျောက်စိမ်းဖြူ သစ်ခွ ဝိညာဉ်ဆန် လိုပါပဲ... ၎င်းသည် လူသားများ အကြား အလွန် ယဉ်ပါးအောင် လုပ်ထားသော ဝိညာဉ် မျိုးစိတ် တစ်ခု ဖြစ်သည်။ စိုက်ပျိုးရန် လွယ်ကူပြီး အထွက်နှုန်း မြင့်မားကာ လူသား လောကတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေလေသည်။ မိမိတို့ ကိုယ်ပိုင် မျိုးနွယ်စု၏ နေ့စဉ် စားသုံးမှုကို ဖြည့်ဆည်းပေးသည့် အပြင် ပိုလျှံသော အထွက်နှုန်းများကို ရောင်းချရန်လည်း မခက်ခဲပေ။
တကယ်တမ်းတွင် အကယ်၍ ကြက်သွေးရောင် သစ်သီးများကို တူးဖော် ရောင်းချပြီး အားလုံးကို စီးပွားရေး သီးနှံများဖြင့် အစားထိုးလိုက်ပါက နောက်ဆုံး စီးပွားရေး အကျိုးအမြတ်မှာ သေချာပေါက် များစွာ ပိုမို မြင့်မားလာပေလိမ့်မည်။
သို့သော် ကြက်သွေးရောင် သစ်သီးများမှာ ရှားပါးပြီး မိသားစု အပြည့်အဝ ဖွံ့ဖြိုးတိုးတက် ကြီးပွားလာသည်နှင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်လေသည်။ စီးပွားရေး အနည်းငယ် ဆိုးရွားနေရင်လည်း ထားလိုက်ပါတော့၊ ဒါကို အခြေခံ အုတ်မြစ် စုဆောင်းမှု တစ်မျိုး အဖြစ်ပဲ သတ်မှတ်လိုက်မယ်။
တစ်ခုတည်းသော ပြဿနာက... အစီအရင် ဆရာ
အစီအရင် ဆရာများသည် အလွန် အလိုရှိသော အသက်မွေးဝမ်းကျောင်း တစ်ခု ဖြစ်သည်။ မိသားစုများနှင့် မျိုးနွယ်စုများ အားလုံးသည် ဖွံ့ဖြိုးတိုးတက် လိုကြပြီး အစီအရင် ဆရာများ မပါဘဲ မဖြစ်နိုင်ပေ။ သို့သော် အဆင့်နိမ့် မျိုးနွယ်စု အများစုတွင် ကိုယ်ပိုင် သီးသန့် အစီအရင် ဆရာများ မရှိကြဘဲ မည်သည့် အစီအရင်ကိုမဆို တည်ဆောက်လိုပါက အပြင်မှ ငှားရမ်းရလေသည်။
သူ၏ ဝမ်းကွဲညီမ လုရှောင်ရှောင်တွင် အစီအရင် ဆရာ တစ်ဦး၏ ပါရမီ ရှိသည်ဟု ဆိုကြသော်လည်း သူမသည် အစီအရင်ကို ယခုမှ စတင် ထိတွေ့ခွင့် ရခြင်း ဖြစ်ပြီး နှစ်ပေါင်းများစွာ စုဆောင်းထားသော အတွေ့အကြုံ မရှိပါက သူမသည် သိပ်အသုံးမဝင်လှပေ။
ဆက်စပ်နေသော မျိုးနွယ်စုများ အကြားတွင် ချန်နင် ရွှီမျိုးနွယ်စု မှလွဲ၍ မည်သူမျှ အစီအရင် ဆရာများ မရှိကြပေ။
သို့သော် ဝမ်ရှိုကျဲ့သည် ဤအလယ်အလတ် အရည်အသွေး မီးဓာတ် ဝိညာဉ် သွေးကြောကို လူအများ သိအောင် မကြေညာလိုသဖြင့် အစီအရင် ဆရာ တစ်ဦး ငှားရမ်းရန် သေချာ စဉ်းစားရပေမည်။
လူတိုင်းသည် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များ အပြည့်ဖြင့် ဤရတနာ မြေနေရာကို အရင်ဆုံး ပိတ်လှောင်လိုက်ကြပြီး သေချာစွာ နေရာချထားပြီးမှသာ အသက်သွင်းရန် စောင့်ဆိုင်းနေကြလေသည်။
ဤကိစ္စကို ဖြေရှင်းပြီးနောက်….
ဝမ်ရှိုကျဲ့နှင့် သူ၏ အဖွဲ့သည် ကြီးပွားတိုးတက်ရေး ခြံမှ ယာယီ ထွက်ခွာသွားကြလေသည်။
ဝိညာဉ် လယ်ကွင်းထဲရှိ ဝိညာဉ်ကြွက်များကို အခြေခံအားဖြင့် ရှင်းလင်းပြီးပြီ ဖြစ်သဖြင့် အချိန်တို အတွင်း ပြဿနာ မရှာနိုင်တော့ချေ။ ထို့ကြောင့် ဝမ်လိချီနှင့် ကျားပေါက်လေးကိုလည်း ပင်မ အိမ်တော်သို့ ပြန်ခေါ်သွားရပေမည်။ မည်သို့ပင်ဖြစ်စေ ကောင်မလေးသည် ကြက်သွေးရောင် သစ်သီးကို မျိုချထားခဲ့သဖြင့် ကျင့်ကြံရန် ဘိုးဘေး၏ အကူအညီ လိုအပ်လေသည်။
အဘိုးလျို ဝမ်ရှောင်ဟန်သည်လည်း ပင်မ အိမ်တော်သို့ ယာယီ ပြန်သွားခဲ့သည်။ သူသည် ယခုလေးတင် အဆင့်တက်ထားခြင်း ဖြစ်ပြီး သူ၏ အခြေခံ အုတ်မြစ်မှာ အလွန် မခိုင်မာသေးပေ။ သူ၏ ကျင့်ကြံမှုကို ခိုင်မာစေရန် လိုအပ်ပြီး ဘိုးဘေးလုံယန်၏ လမ်းညွှန်မှုလည်း လိုအပ်လေသည်။
ဘိုးဘေးလုံယန်သည် ဝိညာဉ်အဆင့်တွင် နှစ်ပေါင်း ရှစ်ဆယ်ကျော် နေထိုင်ခဲ့ပြီး ဖြစ်ရာ သူမ၏ အတွေ့အကြုံမှာ အလွန် ကြွယ်ဝလှပေသည်။
အမိုးမည်း လှေ အတွင်းတွင် ဝမ်ရှိုကျဲ့က ဝမ်ရှောင်ဟန်အား တောင်းပန်လိုက်သည်။
"အဘိုးလျို... ဝိညာဉ်အဆင့် ပွဲတော်နဲ့ ပတ်သက်ပြီး ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်"
မိသားစုထဲရှိ တစ်စုံတစ်ယောက် ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် ကြီးမားသော ပျော်ရွှင်မှု တစ်ခုပင်ဖြစ်သည်။ ပုံမှန်အားဖြင့် အခြား မျိုးနွယ်စုများကို အသိပေးပြီး ဝိညာဉ်အဆင့် ပွဲတော် တစ်ခု ကျင်းပလေ့ ရှိသည်။ စိတ်လှုပ်ရှားမှု အဆင့်သည် ဝမ်ရှိုကျဲ့၏ အနာဂတ် မင်္ဂလာဆောင် ပွဲတော်ထက်ပင် မလျော့နည်းပေ။
ဤသည်မှာ မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ ခွန်အားကို ပြသရန် အခွင့်အရေးကောင်း တစ်ခု ပင်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် သိုင်းကျင့်ကြံသူ တစ်ဦး၏ ဘဝတွင် အခမ်းနားဆုံး အချိန်ကာလ တစ်ခု ဖြစ်ပြီး လက်ဆောင်များ လက်ခံရုံဖြင့် ငွေကြေး အမြောက်အမြား ရရှိနိုင်လေသည်။
သို့သော် ဝမ်ရှိုကျဲ့တွင် သူ၏ စဉ်းစားချက်များနှင့် အစီအစဉ်များ ရှိနေပြီး ယခုအချိန်သည် ဝိညာဉ်အဆင့် ပွဲတော် တစ်ခု ကျင်းပရန် အချိန် မဟုတ်ပေ။
"ဟားဟား ရှိုကျဲ့ မင်း အကြိမ်ကြိမ် တောင်းပန်နေစရာ မလိုပါဘူး အဘိုးလျိုရဲ့ ဘဝက အခုပဲ တန်ဖိုး ရှိနေပါပြီ"
ဝမ်ရှောင်ဟန်က အားရပါးရ ရယ်မောလိုက်သည်။
"ရွှေ့ဆိုင်းတာ မပြောနဲ့ အဘိုးလျိုက မိသားစုရဲ့ လျှို့ဝှက်လက်နက် ဖြစ်လာပြီး တစ်သက်လုံး ပုန်းနေရရင်တောင် ကိစ္စမရှိပါဘူး ပြီးတော့ မင်းရဲ့ လက်တွေ့ကျပြီး ဟန်ဆောင်မှု ကင်းတဲ့ စရိုက်ကို အဘိုးလျို တကယ်ကို သဘောကျတယ်"
"သေချာပေါက် မဟုတ်ပါဘူး"
ဝမ်ရှိုကျဲ့က ရယ်မောလိုက်သည်။
"အဘိုးလျို ပေါ်ထွက်လာဖို့ သင့်တော်တဲ့ အချိန်ကျရင် အဘိုးလျိုအတွက် ခမ်းနားတဲ့ ဝိညာဉ်အဆင့် ပွဲတော် တစ်ခု သေချာပေါက် ကျင်းပပေးမှာပါ အနာဂတ်ကျရင် ကောင်းကင်လူသား ပွဲတော် တစ်ခု ကျင်းပဖို့ အခွင့်အရေး ရှိကောင်း ရှိလာနိုင်ပါတယ်"
"ငါ အဲဒီလောက်တော့ မျှော်လင့်ဖို့ မဝံ့ရဲပါဘူး"
ဝမ်ရှောင်ဟန်က အလျင်အမြန် ခေါင်းယမ်းလိုက်သည်။ ကောင်းကင်လူသား အဆင့်နှင့် ပတ်သက်၍ သူ စဉ်းစားရန်ပင် မဝံ့ရဲပေ၊ ၎င်းသည် အလွန် ဝေးကွာပြီး မရေရာလွန်းလှပေ။ ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရရှိခဲ့ခြင်းကပင် အလွန် ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည်။
ဝမ်ရှိုကျဲ့က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောတော့ပေ။
အမိုးမည်း လှေသည် ကျူဝေရေကန်ဆီသို့ ဦးတည်သွားနေစဉ် မြစ်ကမ်း နှစ်ဖက်ရှိ ကြီးမားသော ဆောက်လုပ်ရေး စခန်းများကို ဖြတ်သန်းသွားလေသည်။
ဆောက်လုပ်ရေး စခန်း၏ အတိုင်းအတာမှာ ပိုပို၍ ကြီးမားလာပြီး ရေလမ်းကြောင်းတွင် ရွှံ့လှေများ သွားလာနေကာ အလုပ်သမား အများအပြားသည် မြစ်ကမ်း နှစ်ဖက်စလုံးတွင် တဲများ ဆောက်လုပ်ခြင်း၊ မြေဖို့ခြင်းနှင့် လမ်းများ ဖောက်လုပ်ခြင်း တို့ကို လုပ်ဆောင်နေကြလေသည်။
အလုပ်များနေသော ရွှံ့လှေများ အပြင် ခရီးသည်တင် လှေအချို့လည်း ရေလမ်းကြောင်းတွင် သွားလာနေကြလေသည်။ ထိုခရီးသည်တင် လှေများသည် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားပြီး အတော်လေး ချမ်းသာပုံ ရသော လူများကို တင်ဆောင်လာကြလေသည်။
၎င်းတို့ ယာယီ ဆိပ်ခံတံတားပေါ်သို့ ခြေချလိုက်သည်နှင့် လူငယ် တစ်ဦးက ၎င်းတို့ကို နှုတ်ဆက်လိုက်လေသည်။ လူငယ်သည် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားပြီး အတော်လေး ဉာဏ်ကောင်းပုံ ရလေသည်။
"ကျူဝေ အိမ်တော် ဆောက်လုပ်ရေး စခန်း ပထမ အဆင့်ကနေ ကြိုဆိုပါတယ် ကျွန်တော်က ဧည့်ကြို အိုရန်ကျွင်းယန်ပါ"
ဝမ်ရှိုကျဲ့၏ အမိုးမည်း လှေသည် ထိုနေရာမှ အမှတ်မထင် ဖြတ်သွားပြီး ဤမြင်ကွင်းကို မြင်သောအခါ သူက ကြည့်ရှုရန် ရပ်တန့်လိုက်လေသည်။ ဤအရာသည် သူ၏ ပိုက်ဆံရှာမည့် အစီအစဉ်ကြီးနှင့် သက်ဆိုင်နေလေသည်။
"အိုရန်ကျွင်းယန် ဟုတ်လား"
အသားဖြူဖြူ ဝဝကစ်ကစ် လူငယ် တစ်ဦးက ပြောလိုက်သည်။
"ငါ မင်းကို မှတ်မိတယ် မင်းက ငါတို့ အိမ်နီးချင်း ရွာ လျိုကျစ်ဂိုက ခွေးလေ မင်း ငယ်ငယ်တုန်းက မင်းတို့ မိသားစုက ဆင်းရဲပြီး စားစရာ မရှိဘူးလေ မင်း ငါတို့ ရွာကို လာတောင်းစားတော့ ငါ့အရိုက်ခံရသေးတယ် အိုရန် ခွေးကျန်... မင်းက တော်တော် သတ္တိရှိတာပဲ နာမည် တစ်ခု လျှောက်ပေးပြီး ဒီမှာ လာလိမ်စားရဲတယ်ပေါ့"
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ချမ်းသာသော လူများ၏ မျက်နှာများ ပြောင်းလဲသွားကြလေသည်။
"အို... မင်းက ကျောက်တင့်တန်ကိုး"
အိုရန်ကျွင်းယန်၏ မျက်လုံးများ လေးနက်သွားပြီး ပြင်းထန်စွာ ပြောလိုက်သည်။
"ကျောက်တင့်တန်... မင်း စကားပြောတာ ဆင်ခြင်ပါ ငါ့ရဲ့ နာမည်သစ်ကို သခင်မလေးလျို ကိုယ်တိုင် ပေးထားတာ ငါက သခင်မလေးလျိုရဲ့ မျက်နှာသာပေးမှုကို နက်နက်ရှိုင်းရှိုင်း ခံထားရပြီး ကျူဝေ အိမ်တော်ရဲ့ ကာလ အိမ်တွေနဲ့ ကာလ လယ်မြေတွေကို ရောင်းဖို့ ဒီမှာ ရှိနေတာ ဒါကို ဘယ်လိုများ လိမ်စားတယ်လို့ ပြောလို့ ရမှာလဲ"
သူ၏ ဩဇာတိက္ကမ ရှိသော အမူအရာမှာ လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။
ကျောက်တင့်တန်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"သခင်မလေးလျို... ဘယ် သခင်မလေးလျို လဲ"
"သေချာတာပေါ့ ဝမ်မျိုးနွယ်စုရဲ့ လော် မျိုးဆက်က ဆဋ္ဌမမြောက် သခင်မလေး ဝမ်လော်ချိုး ပေါ့ ငါက သခင်မလေးလျို ကိုယ်တိုင် ရာထူးတိုးပေးထားတဲ့ ဧည့်ကြိုပဲ"
အိုရန်ကျွင်းယန်၏ မျက်လုံးများတွင် ဂုဏ်ယူမှုနှင့် မိမိကိုယ်ကို ကျေနပ်မှုများ ပြည့်နှက်နေလေသည်။
"မင်း ငါ့နာမည်ကို လက်မခံရင် ထွက်သွားလို့ ရတယ်"
သခင်မလေး ဝမ်လော်ချိုး…..
ထိုနာမည် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချမ်းသာသော လူများ ချက်ချင်း တိတ်ဆိတ်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြကာ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ မျက်နှာများတွင် ကြောက်ရွံ့ လေးစားမှုများ ပေါ်ထွက်လာလေသည်။ ဝမ်မျိုးနွယ်စု၏ လော် မျိုးဆက်မှ ဝမ်လော်ချိုး... သူမ၏ နာမည်သည် ဖင်းအန်းမြို့နယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေလေပြီ။
အသက် ဆယ့်တစ်နှစ် အရွယ်ဖြင့် သူမသည် လျိုမျိုးနွယ်စု၏ တရားဝင် သားကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပြီး အသက် ဆယ့်ခြောက်နှစ် အောက်တွင် ပြိုင်ဘက်ကင်းကြောင်း ကြေညာခဲ့သည်။
ဤကဲ့သို့သော ဂုဏ်ကျက်သရေ ရှိသော ပုဂ္ဂိုလ်သည် ဖင်းအန်းမြို့နယ်ရှိ လူငယ် အများအပြား၏ စံပြ ဖြစ်လာခဲ့လေသည်။ ထို့အပြင် သူမသည် ဝမ်မျိုးနွယ်စု၏ လော် မျိုးဆက်မှ ဆဋ္ဌမမြောက် သခင်မလေး ဖြစ်ပြီး လက်ရှိ ဝမ်မျိုးနွယ်စု၏ ခေါင်းဆောင် ဝမ်ရှိုကျဲ့၏ ညီမငယ်လည်း ဖြစ်လေသည်။
"ခွေးကျန်... မဟုတ်ဘူး မဟုတ်ဘူး... ကျွင်းယန် ငါ မှားသွားပါတယ်"
ကျောက်တင့်တန်သည် ချက်ချင်း နောက်ဆုတ်သွားပြီး မျက်နှာလိုမျက်နှာရ အမူအရာကို ပြသလိုက်သည်။
"ကျွင်းယန်... မင်းက သာမန် လူတစ်ယောက် မဟုတ်ဘူး ဆိုတာကို ငါ ငယ်ငယ်လေး ကတည်းက သိခဲ့တာ အခု မင်းက သခင်မလေး ဝမ်လျို ရဲ့ လူယုံ ဖြစ်လာပြီး မင်းနာမည်ကိုတောင် ပြောင်းပေးခဲ့တယ် တကယ်ပဲ မင်းက ကောင်းကင်ကို ပျံတက်သွားပြီပဲ ငါတို့ ကျောက်မိသားစု က ဒီကျူဝေ အိမ်တော်ကို ဝယ်မယ်"
သို့သော် အိုရန်ကျွင်းယန်၏ မျက်နှာမှာ တည်ငြိမ်နေပြီး အရေးမစိုက်သည့် လေသံဖြင့် ပြောလိုက်သည်။
"သခင်မလေးလျိုရဲ့ လူယုံလို့ ငါ မခေါ်ဝံ့ပါဘူး ကျွင်းယန်က သူ ပေါ့ပေါ့ပါးပါး ရာထူးတိုးပေးလိုက်တဲ့ ကောင်လေး တစ်ယောက် သက်သက်ပါ ဒီကျူဝေ အိမ်တော်နဲ့ ပတ်သက်လို့တော့ ဝယ်ချင်တဲ့သူတိုင်း ဝယ်လို့ ရတဲ့ အရာ မဟုတ်ဘူး"
"ငါတို့ ကျူဝေ ဇိမ်ခံ အိမ်တော်ရဲ့ ပထမ အဆင့်က ကျူဝေ တူးမြောင်း တစ်လျှောက်မှာ တည်ရှိတာပါ ညာဘက်မှာဆိုရင် နာမည်ကြီး ကျူဝေရေကန်နဲ့ ကပ်လျက် ရှိပြီး ဘယ်ဘက်မှာဆိုရင် ဝမ်မျိုးနွယ်စုရဲ့ ဘိုးဘေး ဖုန်းရွှေ အခြေခံ အုတ်မြစ် ဖြစ်တဲ့ ကြီးပွားတိုးတက်ရေး ခြံ ကို လှမ်းမြင်ရတယ် ဝမ်မျိုးနွယ်စုရဲ့ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ပင်မ အိမ်တော်နဲ့လည်း ရေကန်ကို ခြားပြီး တည်ရှိတာပါ"
အိုရန်ကျွင်းယန်၏ မျက်နှာမှာ သူ စကားပြောလေလေ ပို၍ ဂုဏ်ယူလာလေလေ ဖြစ်သည်။
"မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းနိုင်တဲ့ ဒီလို ထူးခြားတဲ့ ဖုန်းရွှေ ရတနာ နေရာမျိုးကို ခပ်ညံ့ညံ့ လူတွေ ဝယ်လို့ ရတာ မဟုတ်ပါဘူး ပထမ အဆင့်က ယူနစ် တစ်ခုကို ဝယ်ဖို့ ဆိုရင် အရည်အချင်း ပြည့်မီဖို့ လိုပါတယ် ကျောက်တင့်တန်... မင်းက ပိုက်ဆံ ရှိရုံနဲ့ အရာအားလုံးကို ဖြေရှင်းလို့ ရမယ်လို့ ထင်နေတာလား"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ကျွင်းယန် မင်း ပြောတာ မှန်တယ်"
ကျောက်တင့်တန်က မျက်နှာလိုမျက်နှာရ အပြည့်ဖြင့် ခေါင်းညိတ်ကာ အရိုအသေ ပေးလိုက်သည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွင်းယန်... ငါတို့ အတူတူ ကြီးပြင်းလာခဲ့တာကို ထောက်ထားပြီး နည်းနည်းလောက် မျက်နှာသာ ပေးလို့ မရဘူးလား"
"အခြေအနေပေါ် မူတည်ပါတယ် အရည်အချင်း စစ်ဆေးမှုတော့ လုပ်ရမှာပဲ"
အိုရန်ကျွင်းယန်က အေးအေးဆေးဆေး ပြောလိုက်သည်။
"တချို့ ကိစ္စတွေက ငါ တစ်ယောက်တည်း ဆုံးဖြတ်လို့ ရတာ မဟုတ်ဘူးလေ"
ဤစကားများကို ကြားသောအခါ ချမ်းသာသော အိမ်ထောင်စုများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားပြီး ၎င်းတို့၏ မျက်နှာများတွင် ကြောက်ရွံ့ လေးစားမှုနှင့် မျှော်လင့်ချက်များ အပြည့် ရှိနေကြလေသည်။ ၎င်းတို့က အိုရန်ခွေးကျန်... မဟုတ်ဘူး... အိုရန်ကျွင်းယန် အား ချဉ်းကပ်၍ ဆက်ဆံရေး တည်ဆောက်ရန် ပြင်လိုက်စဉ်မှာပင်။
ရုတ်တရက်...အဝေးမှနေ၍ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာလေသည်။
"သခင်မလေးလျို ရောက်လာပြီ... သခင်မလေးလျိုက ဆောက်လုပ်ရေး စခန်းကို စစ်ဆေးဖို့ ရောက်လာပြီ"
"ငေးမကြည့်နေနဲ့ အလုပ် ပြန်လုပ်ကြ"
"အားလုံးပဲ သခင်မလေးလျိုကို အကောင်းဆုံး ပြသကြ"
"သခင်မလေးလျို ရောက်လာပြီ ငါ့ကို မျက်နှာပျက်အောင် လုပ်တဲ့သူ ဘယ်သူ့ကိုမဆို ငါ သတ်ပစ်မယ်"
ဆောက်လုပ်ရေး အဖွဲ့များမှ ကြီးကြပ်ရေးမှူး အားလုံးက ဟိန်းဟောက်လိုက်ကြလေသည်။
ဝမ်ရှိုကျဲ့သည် ဤမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားလေသည်။
ငါတို့ရဲ့ လော်ချိုးက ဘယ်တုန်းက ဒီလောက် ဩဇာတိက္ကမ ကြီးသွားတာလဲ။
...