← Chapters

သေပွဲဝင်လိုက် ဝမ်ရှိုကျဲ့

Vol. 12 Ch. 113

သေပွဲဝင်လိုက် ဝမ်ရှိုကျဲ့

Vol. 12 Ch. 113

ပြင်ပ နယ်မြေ….

ရှေးပဝေသဏီ ကတည်းက လူသားများ လိုလား တောင့်တပြီး အလွန် ကြောက်ရွံ့ ရိုသေခဲ့ရသော ဒေသ တစ်ခု ဖြစ်ပြီး လူများစွာက စိတ်အားထက်သန်စွာ ချီးကျူး ပြောဆိုကြသည့် နေရာ တစ်ခု ပင်ဖြစ်သည်။

ထိုနေရာတွင် သာမန် လှည့်လည် ကျင့်ကြံသူ တစ်ဦးပင်လျှင် ညတွင်းချင်း ချမ်းသာသွားနိုင်ပြီး ၎င်းတို့၏ ဘဝ တစ်သက်တာလုံး သုံး၍ မကုန်နိုင်သော ဓနဥစ္စာကို ရရှိနိုင်လေသည်။

ထိုနေရာတွင် ကောင်းကင်လူသား အဆင့် အစွမ်းထက်သူ တစ်ဦးပင်လျှင် ကံမကောင်းစွာဖြင့် ကျဆုံးသွားနိုင်ပြီး မည်သည့် အရိပ်အယောင်မျှ မချန်ထားခဲ့ဘဲ ပျောက်ကွယ်သွားနိုင်လေသည်။

ပြင်ပ နယ်မြေတွင် လုံးဝ ဘေးကင်းသည် ဆိုခြင်းမှာ မရှိပေ။

ထို့ကြောင့် ပြင်ပ နယ်မြေကို ခြေချလိုက်သည်နှင့် ဝမ်ရှိုကျဲ့က လူတိုင်းကို သတိထားရန်နှင့် တတိယအဆင့် မိကျောင်း ရေနဂါး သားရေဖြင့် ပြုလုပ်ထားသော သံချပ်ကာများ ဝတ်ဆင်ရန် အမိန့်ပေးလိုက်လေသည်။

ဤကဲ့သို့သော သံချပ်ကာမျိုးသည် သာမန် ဓားများဖြင့် ဖြတ်ရန် ခက်ခဲပြီး အလွန် မလေးလံသောကြောင့် တိုက်ပွဲဝင်ရန် ကုန်ကျစရိတ် သက်သာသော ရွေးချယ်မှု တစ်ခု ပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ပိုမို သန်စွမ်းသော အစောင့် လေးယောက်က ဦးဆောင်ပြီး အဖွဲ့၏ အရှေ့ဘက်တွင် ယပ်တောင်ပုံစံ ဖြန့်ကျက် လိုက်ကြလေသည်။

ဤသည်မှာ ရှေ့တန်း တပ်ဖွဲ့ ပင်ဖြစ်သည်။

ရှေ့တန်း တပ်ဖွဲ့၏ တာဝန်မှာ လမ်းရှင်းရန်နှင့် ရက်စက်သော သားရဲများကဲ့သို့ အန္တရာယ် ရှိနိုင်သော အရာများကို ကြိုတင် စူးစမ်းရန် ဖြစ်သည်။ အန္တရာယ် တစ်ခုခုကို တွေ့သည်နှင့် ၎င်းတို့က တိုက်ပွဲဝင်မည် မဟုတ်ဘဲ အခြေအနေ အပေါ် မူတည်၍ သတိပေး မြား အမျိုးမျိုး ပစ်လွှတ်ကာ ချက်ချင်း ဆုတ်ခွာကြမည် ဖြစ်သည်။

ထိုအရာက အလယ်တွင် ရှိသော ပင်မ တပ်ဖွဲ့ကို ပြင်ဆင်ရန်နှင့် တုံ့ပြန်ရန် အချိန် အလုံအလောက် ရရှိစေလေသည်။

ထို့အပြင် အနောက်မှ သားရဲများ သို့မဟုတ် ရန်သူများ တိုက်ခိုက်ခြင်းကို ကာကွယ်ရန် ပင်မ တပ်ဖွဲ့ နောက်တွင် ဖြန့်ကျက်ထားသော အနည်းငယ် အားနည်းသည့် အစောင့် သုံးယောက်က နောက်တန်း အစောင့်များ အဖြစ် တာဝန်ယူကြလေသည်။

၎င်းတို့သည် ပုံမှန်အားဖြင့် အလွန် သတိထားပြီး ကျယ်ပြန့်သော အမြင်အာရုံကို ထိန်းသိမ်းထားကြလေသည်။

လူအလုံအလောက် ရှိပါက ဘေးဘက် အစောင့်များကိုလည်း စီစဉ်ပေးနိုင်လေသည်။

သို့သော် ဝမ်မျိုးနွယ်စုမှာ လူအင်အား နည်းပါးပြီး အဖွဲ့ကလည်း အတော်လေး သေးငယ်သောကြောင့် အရာအားလုံးကို ရိုးရှင်းအောင် ပြုလုပ်ထားလေသည်။

ပင်မ တပ်ဖွဲ့တွင် စုစုပေါင်း မြင်းလှည်း ဆယ်စီး ရှိလေသည်။

ဤမြင်းလှည်းများ အားလုံးကို မြောက်ပိုင်းမှ အကြမ်းခံ မြင်းများဖြင့် ဆွဲခြင်း ဖြစ်ပြီး ၎င်းတို့သည် အလွန် သန်စွမ်းကာ လေ့ကျင့်မှု ကောင်းစွာ ရရှိထားသောကြောင့် ရက်စက်သော သားရဲများနှင့် တွေ့လျှင် ထိတ်လန့်မည် မဟုတ်ပေ။

မြင်းလှည်းများတွင် ဘိုးဘေးများ အပြင် ကျန်ရှိနေသည်များမှာ ထောက်ပံ့ရေး ပစ္စည်း အမျိုးမျိုးကို တင်ဆောင်ထားခြင်း ပင်ဖြစ်သည်။

ဥပမာ အပို လက်နက်များနှင့် ပစ္စည်းကိရိယာများ၊ မြားများ၊ ငါးဖမ်း ပိုက်ကွန်များ၊ တဲများ၊ ကြိုးများ၊ စောင်များ၊ အဝတ်အစားများ၊ ရေ၊ သာမန် အစားအစာ၊ ကျောက်စိမ်းဖြူ ဝိညာဉ်ဆန်၊ လောင်စာဆီ၊ အိုးခွက် ပန်းကန်များနှင့် ဆေးလုံး အမျိုးမျိုး၊ အခိုးအငွေ့ မထွက်သော မီးသွေး အမြောက်အမြား စသည်တို့ ပါဝင်လေသည်။

ဆောင်းဦးနှင့် ဆောင်းရာသီ အမဲလိုက်ပွဲ တစ်ခုလုံးသည် ပုံမှန်အားဖြင့် ဆယ့်ငါးရက်မှ တစ်လခန့် ကြာတတ်ပြီး အစားအစာနှင့် အခြား မရှိမဖြစ် လိုအပ်သော ပစ္စည်းများ၏ သုံးစွဲမှုမှာ ကြီးမားသော အရေအတွက် ပင်ဖြစ်သည်။ ဤကာလ အတွင်း ရာသီဥတုသည် တဖြည်းဖြည်း အေးလာမည် ဖြစ်ပြီး အအေးဒဏ် ခံနိုင်သော ပစ္စည်း အမျိုးမျိုးမှာ မရှိမဖြစ် လိုအပ်လှပေသည်။

ဤအရာက ဝမ်ရှိုကျဲ့ကို သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်စေခဲ့လေသည်။ သူ၏ ယခင် ဘဝက စိတ်ကူးယဉ် ဝတ္ထုများကို ဖတ်သောအခါ လူများသည် သားရဲများကို တိုက်ရန် ပေါ့ပေါ့ပါးပါးနှင့် လွတ်လွတ်လပ်လပ် ထွက်သွားတတ်ကြလေသည်။

သို့သော် သူ၏ အလှည့်ကျသောအခါ တောထဲ သွားတိုက်ရန် ဆိုသည်မှာ အိမ်ပြောင်းရသကဲ့သို့ အိုးခွက် ပန်းကန် ခြင်းတောင်းများပင် ယူသွားရလေသည်။

သိုလှောင်ရေး လက်ကောက်များနှင့် ပတ်သက်၍မူ ဤကမ္ဘာတွင် အမှန်တကယ် ရှိလေသည်။

သို့သော် တစ်ကုဗမီတာခန့်သာ ရှိသော အနိမ့်ဆုံး အဆင့် သိုလှောင်ရေး နေရာ လက်ကောက်ပင်လျှင် ဝိညာဉ်အဆင့် ပစ္စည်း တစ်ခု ဖြစ်လေသည်။

သေးငယ်သော မိသားစု တစ်ခု ဖြစ်သည့် ဝမ်မျိုးနွယ်စုသည် ဤကဲ့သို့ အဆင့်မြင့် ပစ္စည်းမျိုးကို မတတ်နိုင်ပေ။

ထို့အပြင် အဖွဲ့လိုက် တိုက်ပွဲများတွင် သိုလှောင်ရေး လက်ကောက် တစ်ခု၊ နှစ်ခုမှာ သိပ်အသုံးမဝင်လှပေ။

ဝမ်လော်ချိုး နှင့် ဝမ်လော်ကျင်း တို့ ကိုယ်စားပြုသော မျိုးဆက်သစ် လူငယ်များနှင့် ဝမ်လိချီ ကဲ့သို့ မိန်းကလေးများသည် ဆောင်းဦးနှင့် ဆောင်းရာသီ အမဲလိုက် လှုပ်ရှားမှုများတွင် ပထမဆုံး အကြိမ် ပါဝင်ခြင်း ပင်ဖြစ်သည်။

၎င်းတို့သည် အလွန် စိတ်လှုပ်ရှားနေကြပြီး ပြင်ပ နယ်မြေထဲ ခြေချလိုက်သည်နှင့် ၎င်းတို့ တိုက်ခိုက်ရန် သားရဲများ နေရာတိုင်းတွင် ရှိနေလိမ့်မည်ဟု ခံစားနေရသကဲ့သို့ အကြီးအကျယ် သတ်ဖြတ်ရန် စိတ်အားထက်သန် နေကြပြီ ဖြစ်သည်။

ကံမကောင်းစွာဖြင့် ၎င်းတို့ တွေးသည်မှာ များသွားလေသည်။

ပြင်ပ နယ်မြေသည် အလွန် ကျယ်ဝန်းလှရာ အကယ်၍ ထိုနေရာတွင် ရက်စက်သော သားရဲများ အပြည့် ဆိုလျှင် လူသားများ ရှင်သန်နိုင်ပါဦးမည်လား။

ရက်စက်သော သားရဲများ အကြောင်း မပြောနှင့်ဦး၊ တကယ်တမ်းတွင် သာမန် အသားစား သားရဲများပင် နယ်မြေ အကျယ်ကြီးကို သိမ်းပိုက်ထားကြလေသည်။ ထို့အပြင် ဤနေရာသည် လူသားများ အကြိမ်ကြိမ် ရှင်းလင်းထားသော ပြင်ပ နယ်မြေ၏ အပြင်ဘက်ဆုံး အပိုင်း ဖြစ်ပြီး မြေခွေး အုပ်စု တစ်စုကို ရှာတွေ့ရန်ပင် မလွယ်ကူပေ။

သို့သော် ထိုသို့ ဖြစ်နေလင့်ကစား အဖွဲ့သည် ကြီးမားသော သတိထားမှုဖြင့် ရှေ့ဆက်သွားခဲ့ကြလေသည်။

စကားပုံ ရှိသကဲ့သို့ ပြင်ပ နယ်မြေတွင် ဘာမဆို ဖြစ်သွားနိုင်လေသည်။

လမ်းလျှောက်နေရင်း စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့် ရက်စက်သော သားရဲ တစ်ကောင် ရုတ်တရက် ပေါ်လာနိုင်လေသည်။ သေချာသည်မှာ ဤသို့ ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးလှပေသည်။

"ရှိုကျဲ့"

အပြည့်အဝ လက်နက် တပ်ဆင်ထားသော ဝမ်ရှိုရှင်းက မြင်းစီး၍ ရောက်လာလေသည်။ သူသည် အသက် လေးဆယ်ကျော်နေပြီ ဖြစ်ပြီး ပြင်ပ နယ်မြေကို အကြိမ်များစွာ ရောက်ဖူးသဖြင့် အတော်လေး အတွေ့အကြုံ ရှိလေသည်။

သူက ဝမ်ရှိုကျဲ့ကို မြေပုံ တစ်ခု ပြကာ ပြောလိုက်သည်။

"မထွက်ခွာခင် ငါတို့ ဆွဲထားတဲ့ အစီအစဉ် အရ ငါတို့က ရှင် အချိန် မစခင် ထိုးဖို စခန်းကို ရောက်ရမယ် အခု အဖွဲ့ရဲ့ အမြန်နှုန်းက နည်းနည်း နှေးနေတယ်"

ရှင် အချိန် ဆိုသည်မှာ ညနေ သုံးနာရီမှ ငါးနာရီခန့်ကို ဆိုလိုခြင်း ဖြစ်ပြီး ဝမ်ရှိုရှင်း၏ အဓိပ္ပာယ်မှာ သုံးနာရီ မထိုးမီ စခန်းသို့ ရောက်ရန် လိုအပ်ကြောင်း ပင်ဖြစ်သည်။

ထို့အပြင် အဖွဲ့သည် နေမဝင်မီ အခြေချရန် လိုအပ်လေသည်။ မဟုတ်ပါက မှောင်သွားပြီး စခန်း မချရသေးလျှင် အန္တရာယ် ရှိရုံသာမက စိတ်ဓာတ်ကျဆင်းမှုများပါ ဖြစ်စေနိုင်လေသည်။

ဟုတ်ပါသည်။ လူသားများသည် ပြင်ပ နယ်မြေတွင် အခြေချ မနေထိုင်ကြသော်လည်း ဘိုးဘေးများသည် သဘာဝကျကျပင် မြေမျက်နှာသွင်ပြင် အပေါ် အခြေခံ၍ ရိုးရှင်းသော အခြေခံ စခန်းများကို တည်ဆောက်ခဲ့ကြလေသည်။ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် စီမံခန့်ခွဲ အားဖြည့်ပြီးနောက် ဤစခန်းများတွင် ကာကွယ်ရေး စွမ်းရည် အချို့ ရှိလာခဲ့လေသည်။

ထို့အပြင် ပြင်ပ နယ်မြေကို သွားမည့် ဘယ်မိသားစုမဆို ခေါင်းမပါသော ယင်ကောင်ကဲ့သို့ လျှောက်ပြေးနေမည် မဟုတ်ပေ။ လှုပ်ရှားမည့် လမ်းကြောင်း၊ တိုက်ပွဲ အစီအစဉ်နှင့် သယ်ဆောင်ရန် လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းများကို တိတိကျကျ တွက်ချက်ပြီး အကြိမ်ကြိမ် ဆွေးနွေးရန် လိုအပ်လေသည်။

"အမိန့်ပေးလိုက် အဖွဲ့ တစ်ခုလုံး အမြန်နှုန်း မြှင့်လိုက်"

ဝမ်ရှိုကျဲ့က အမြန်နှုန်း မြှင့်ရန် အမိန့်ပေးလိုက်လေသည်။

အဖွဲ့ တစ်ခုလုံး၏ ရှေ့ဆက်သွားမည့် အမြန်နှုန်း အနည်းငယ် တိုးလာလေသည်။ သို့သော် ရှေ့ဆက်သွားမည့် လမ်းမှာ ပို၍ပို၍ ခက်ခဲလာပေလိမ့်မည်။

မူလက လျှောက်ခဲ့သော လမ်းများသည် အချိန်ကြာလာသည်နှင့်အမျှ ပေါင်းပင်များ ပေါက်နေလိမ့်မည်၊ သို့မဟုတ် အပင်များ အများအပြား ပေါက်လာလိမ့်မည်၊ သို့မဟုတ် ရေကြီးပြီးနောက် ရိုးရှင်းသော လမ်းကြောင်းများ ပျက်စီးသွားပေလိမ့်မည်။

ကျောက်တုံးများ၊ အပင်များ ကဲ့သို့သော အတားအဆီး အချို့နှင့် တွေ့သောအခါ ၎င်းတို့ကို လက်ဖြင့် ဖယ်ရှားရလေသည်။

ဆောင်းဦး ကုန်ခါနီးနှင့် ဆောင်းရာသီ အစတွင် ပြင်ပ နယ်မြေသို့ အဘယ်ကြောင့် လာရသနည်း။ ဤသည်မှာ သဘာဝကျကျပင် မျိုးဆက် အဆက်ဆက် ဘိုးဘေးများ၏ စုဆောင်းထားသော အတွေ့အကြုံများ ပါဝင်နေသောကြောင့် ပင်ဖြစ်သည်။ နွေဦးမှ နွေရာသီ အစပိုင်း အထိ ဆက်တိုက် မိုးရွာနိုင်ခြေ များပြီး ရုတ်တရက် ရေကြီးခြင်းနှင့် အန္တရာယ် အမျိုးမျိုးကို အလွယ်တကူ ဖြစ်စေနိုင်လေသည်။

ရုတ်တရက် ရေမကြီးလျှင်တောင် တောင်ပေါ် လမ်းများသည် ကွေ့ကောက်နေပြီး မြေသား လမ်းများမှာ ရွှံ့ဗွက် ထူလေသည်။ မိုးအရမ်း ရွာသည်နှင့် လမ်းလျှောက်ရန်ပင် ခက်ခဲလှပေသည်။

နွေရာသီမှာ အလွန် ပူလွန်းသဖြင့် သားရဲများရော ရက်စက်သော သားရဲများပါ မလှုပ်ရှားချင်ကြပေ။ ဤကဲ့သို့ အပူချိန်နှင့် ပတ်ဝန်းကျင်တွင် လူသားများ ခရီးသွားခြင်းနှင့် အမဲလိုက်ခြင်းသည်လည်း အလွန် မသင့်တော်လှပေ။

ဆောင်းရာသီတွင်မူ အစားအစာ ရှားပါးပြီး သားကောင်များ ဆောင်းခိုနေရုံသာမက ဆီးနှင်းများ အများအပြား ကျဆင်းပြီး တောင်များကို ပိတ်ဆို့နိုင်ခြေ များလေသည်။

ဆောင်းဦးရာသီ အလွန်တွင် ရာသီဥတုမှာ ခြောက်သွေ့ပြီး နွယ်ပင်များ ညှိုးရော်သွားလေသည်။ တောသစ်သီး အပင် အချို့နှင့် အစေ့ အပင် အချို့မှာ အသီး သီးနေပြီ ဖြစ်သည်။ အစားအစာ အမြောက်အမြား ရင့်မှည့်လာခြင်းက တិရစ္ဆာန် အများအပြားကို စားသောက်ရန်နှင့် အဆီ သိုလှောင်ရန်၊ ဆောင်းခိုရန်အတွက် အစားအစာများ စုဆောင်းရန်ပင် ဆွဲဆောင်လေသည်။ အချို့သော တောရိုင်း သားရဲများနှင့် ရက်စက်သော သားရဲများသည်လည်း ဆောင်းရာသီကို ရှင်သန်ရန်အတွက် စွမ်းအင် စုဆောင်းရန် တက်ကြွသော အမဲလိုက် ကာလ တစ်ခုသို့ ဝင်ရောက်လာကြလေသည်။

ထို့ကြောင့် ဤရာသီသည် ပြင်ပ နယ်မြေများတွင် အမဲလိုက်ရန် အသင့်တော်ဆုံး ဖြစ်လေသည်။

၎င်းတို့သည် မရပ်မနား ခရီးသွားခဲ့ကြပြီး ခရီးစဉ်မှာ ကြမ်းတမ်းပြီး ခက်ခဲကာ ပျင်းစရာပင် ကောင်းလှပေသည်။

တစ်ခါတစ်ရံ တစ်စုံတစ်ယောက်၏ မြင်း ဒဏ်ရာရသွားပါက ၎င်းတို့သည် အပို မြင်း တစ်ကောင်သို့ ပြောင်းစီးရလေသည်။ ကံကောင်းထောက်မစွာဖြင့် ဝမ်ရှိုကျဲ့ ပါရှိနေပြီး နောက်ပိုင်းတွင် မြင်းများ ပြတ်လပ်မှု မဖြစ်စေရန် မြင်း၏ ဒဏ်ရာကို တိတ်တဆိတ် ကုသပေးလေသည်။

နာရီပေါင်းများစွာ ဆက်တိုက် ခရီးသွားပြီးနောက် လမ်းမှာ ပို၍ပို၍ ခက်ခဲလာလေသည်။

တစ်ကြိမ်တွင် ခုနစ်တန် သို့မဟုတ် ရှစ်တန်ခန့် ရှိသော ကျောက်တုံးကြီး တစ်တုံးက လမ်းကို ပိတ်ဆို့နေသဖြင့် ၎င်းကို ဖယ်ရှားရန် အားလုံး ပူးပေါင်း လုပ်ဆောင်ခဲ့ရလေသည်။

ရက်စက်သော သားရဲများကို တိုက်ခိုက်ရန် မူလက စိတ်အားထက်သန်နေခဲ့သော ဝမ်လော်ချိုးနှင့် ဝမ်လော်ကျင်း တို့သည် ၎င်းတို့၏ စိတ်အားထက်သန်မှုများ စတင် ကျဆင်းလာကြလေသည်။

၎င်းတို့၏ စတုတ္ထအစ်ကိုက ၎င်းတို့ကို ပြင်ပ နယ်မြေများသို့ သွားကာ ရက်စက်သော သားရဲများကို အမဲလိုက်ပြီး အသားစားရမည်ဟု ကတိပေးထားခဲ့ခြင်း ပင်ဖြစ်သည်။

သို့သော် ရလဒ်က ဘာလဲ။

၎င်းတို့ လမ်းလျှောက်နေသည်မှာ နေ့ဝက်ခန့် ရှိနေပြီ ဖြစ်ပြီး ရက်စက်သော သားရဲ တစ်ကောင်မျှ မတွေ့ရသေးပေ။ သေးငယ်သော တိရိစ္ဆာန်များနှင့် ငှက်အချို့ကိုသာ တွေ့ရပြီး လူများကို မြင်သည်နှင့် ထွက်ပြေးသွားကြကာ ဝမ်လော်ချိုး ထက်ပင် တုံ့ပြန်မှု ပိုမြန်ပြီး ၎င်းတို့၏ အမြန်နှုန်းမှာလည်း မယုံနိုင်လောက်အောင် မြန်ဆန်လှပေသည်။

"လော်ချိုး... ဧကရီ တစ်ပါး ဖြစ်လာဖို့ လမ်းက အောက်ခြေကနေ စတင်တာပါ"

ဝမ်ရှိုကျဲ့က နှစ်သိမ့်လိုက်သည်။

"ငါတို့ လမ်းလျှောက်နေရင်းနဲ့ မျက်ကန်း ပဉ္စမအဆင့် ရက်စက်တဲ့ သားရဲ တစ်ကောင် တောင်ခြေမှာ သေနေတာ တွေ့ရင် တွေ့မှာပေါ့"

"စတုတ္ထအစ်ကို... ပြန်ရောက်ရင် လော်မြောင်ကို ချော့ဖို့ အဲဒီ စကားတွေကို ချန်ထားလိုက်ပါ"

ဝမ်လော်ချိုးက မျက်လုံးလှန်ကာ ဝမ်လိချီကို အော်ပြောလိုက်သည်။

"တူမလေး... နင်က အရသာရှိတဲ့ အစားအသောက်တွေ ရှာရတာ အရမ်း တော်တယ် မဟုတ်ဘူးလား ဘာလို့ ဒီလောက် အကြာကြီး ငြိမ်နေတာလဲ"

"ဝမ်လော်ချိုး ငါက အစ်မအကြီးဆုံးလေ နင် စိတ်ရှည်ရှည် ထားဖို့ လိုတယ်"

ဝမ်လိချီ၏ ခွန်အားမှာ အလျင်အမြန် တိုးတက်လာနေပြီး ဘိုးဘေးလုံယန်၏ အကူအညီဖြင့် သူမသည် ချီသန့်စင်ခြင်း စတုတ္ထအဆင့်သို့ အလျင်အမြန် တက်လှမ်းနေလေပြီ။

သို့သော် ဝမ်လော်ချိုးသည်လည်း အလွယ်တကူ ရန်စ၍ ရသူ မဟုတ်ပေ။ သူမသည် သူမ၏ ကုသိုလ်တန်ဖိုးကို တိုးစေမည့် မည်သည့် အလုပ်ကိုမဆို စိတ်အားထက်သန်စွာ လုပ်ဆောင်ပြီး အလွန် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လေသည်။ အရင်းအမြစ်များ ထပ်ပေါင်းထည့်ခြင်းဖြင့် သူမ၏ ကျင့်ကြံမှု အဆင့်မှာလည်း အလျင်အမြန် တိုးတက်လာပြီး ချီသန့်စင်ခြင်း ဒုတိယအဆင့် အစပိုင်းမှ ခြောက်လပင် မပြည့်မီ အချိန်အတွင်း ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။

ကောင်မလေး နှစ်ယောက် စွမ်းအင်များ ပြည့်ဝပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေချိန်မှာပင် ဝမ်ရှိုကျဲ့က လက်ဖျောက်တီးပြီး ၎င်းတို့ နှစ်ဦးစလုံးကို ပြင်းပြင်းထန်ထန် သတိပေးလိုက်လေသည်။

"မင်းတို့ နှစ်ယောက်စလုံး တိတ်တိတ်နေ မဟုတ်ရင် မင်းတို့ရဲ့ ပံ့ပိုးမှု အမှတ်တွေနဲ့ ရိက္ခာတွေကို လျှော့ပစ်မယ်"

ဤခြိမ်းခြောက်မှုက ၎င်းတို့ နှစ်ဦးကို ချက်ချင်း လိမ္မာသွားစေလေသည်။

လူတိုင်းတွင် အားနည်းချက်များ ရှိကြပြီး ဝမ်ရှိုကျဲ့အတွက် ၎င်းတို့ကို ကိုင်တွယ်ရန် လွယ်ကူလှပေသည်။

ခရီးစဉ်မှာ ဆက်လက် ငြိမ်းချမ်းနေခဲ့လေသည်။ အဖွဲ့သည် ရှင် အချိန် အစတွင် စီစဉ်ထားသော တောင်ကုန်း စခန်းသို့ ရောက်ရှိလာလေသည်။

၎င်းမှာ သစ်သားတိုင် ကြီးများနှင့် ရိုးရှင်းသော ခြံစည်းရိုး ပြုလုပ်ထားသည့် အလွန် ရိုးရှင်းသော စခန်း တစ်ခု ပင်ဖြစ်သည်။ သို့သော် စခန်းမှာ အမြင့်နေရာတွင် ရှိပြီး ပတ်ဝန်းကျင်တွင် အတားအဆီး မရှိသဖြင့် အမြင်အာရုံ ရှင်းလင်းပြီး မနီးမဝေးတွင် ရေဖြည့်ရန် ကြည်လင်သော စမ်းချောင်း တစ်ခုလည်း ရှိလေသည်။

သက်ကြီးရွယ်အို မျိုးနွယ်စုဝင် အချို့ ဖြစ်သော ဝမ်ရှိုရှင်း၊ ဝမ်ရှိုရီ နှင့် အကြီးအကဲ ဝမ်တင့်ဟိုင်၊ ဝမ်တင့်ကျူတို့သည် ၎င်းတို့၏ မိသားစု စောင့်ရှောက်သူများနှင့် အတူ စခန်းကို ကျွမ်းကျင်စွာ ရှင်းလင်း စတင်ကြလေသည်။

ထို့အပြင် ဝမ်ရှိုကျဲ့၊ ဝမ်ရှိုနော်၊ ဝမ်ကျုံးဝေ၊ ရှိုယုံး၊ ရှိုလျန် နှင့် အခြား လူငယ်များသည်လည်း အလုပ်တွင် ပါဝင်ကြပြီး လူကြီးများနှင့် အစ်ကိုများထံမှ စခန်း မည်သို့ တည်ဆောက်ရမည်ကို သင်ယူကြလေသည်။ ဝမ်လော်တုန်း လည်း ဆောက်လုပ်ရေး အဖွဲ့တွင် ပါဝင်လာပြီးနောက် ကောင်မလေး အနည်းငယ်သည်လည်း စခန်း အကြောင်း သင်ယူရင်း ပါဝင် စတင်ကြလေသည်။

ပေါင်းပင်များကို ရှင်းလင်းခြင်း၊ နေရာကို သန့်ရှင်းပြီး ညီညာအောင် ပြုလုပ်ခြင်း၊ အနီးအနားမှ ထင်းများကို စုဆောင်းခြင်း၊ ကျိုးနေသော ခြံစည်းရိုးကို အားဖြည့်ခြင်း၊ တဲများကို တည်ဆောက်ပြီး အားဖြည့်ခြင်း၊ သန့်ရှင်းသော ရေကို စုဆောင်းခြင်း စသည့် အလုပ် တစ်ခုစီတိုင်းကို စနစ်တကျ လုပ်ဆောင်ကြလေသည်။

တဲများ၏ နေရာချထားမှုနှင့် မည်သူ့တဲကို မည်သည့်နေရာတွင် ထားရမည်ကိုပင် ဂရုတစိုက် စီစဉ်ထားလေသည်။

ဤအလုပ်များနှင့် အစဉ်အလာများကို မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်ပြီး ဝမ်ရှိုကျဲ့ ကိုယ်တိုင်ပင် သင်ယူနေရလေသည်။ ပြင်ပ နယ်မြေများတွင် ပြင်ပ နယ်မြေများအတွက် ရှင်သန်နိုင်စွမ်း ရှိရန် လိုအပ်လှပေသည်။

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာသောအခါ ကြီးမားသော မီးပုံကြီး တစ်ခုနှင့် မီးပုံ အသေးလေး အနည်းငယ်ကို ထွန်းညှိလိုက်ပြီး ၎င်းတို့ ချက်ပြုတ် စတင်သောအခါ လေထုမှာ အနည်းငယ် ပို၍ ပျော်ရွှင်စရာ ကောင်းလာလေသည်။

ထို့နောက် ညဆိုင်းအတွက် အချိန်ရောက်လာလေပြီ။

ညသည် စကားတစ်ခွန်းမျှ မရှိဘဲ ကုန်ဆုံးသွားပြီး ကောင်းကင်ကြီး လင်းလာသည်အထိ ပင်ဖြစ်သည်။

ဤအချိန်တွင် ၎င်းတို့သည် စခန်းကို စတင် ဖျက်သိမ်းကာ တဲများကို သိမ်းဆည်းပြီး နေထိုင်မှု ပစ္စည်းများ အားလုံးကို ထုပ်ပိုးကြလေသည်။ နံနက်ခင်း အစောပိုင်းတွင်မှ ၎င်းတို့သည် စခန်းကို ရှင်းလင်း၍ ပြီးစီးသွားလေသည်။

ထို့နောက် ၎င်းတို့သည် အစီအစဉ်နှင့် မြေပုံ အရ နောက်စခန်းသို့ အေးအေးဆေးဆေး စတင် ရွေ့လျားကြလေသည်။

ဤသို့ဖြင့် သုံးရက် အကြာတွင် နောက်ဆုံး၌ ၎င်းတို့သည် ရက်စက်သော တောရိုင်း သားရဲများ စတင် ပေါ်ထွက်လာသည့် တကယ့် ပြင်ပ နယ်မြေများ၏ အစွန်အဖျားသို့ ရောက်ရှိသွားကြလေသည်။

ယခင်က ဝမ်မျိုးနွယ်စုသည် အခြေခံအားဖြင့် ဤနေရာတွင် ရပ်တန့်လေ့ ရှိပြီး ပြင်ပ နယ်မြေများ အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေ့ မရှိပေ။ ၎င်းတို့သည် စခန်းတွင် အခြေစိုက်ကာ အနီးအနားရှိ ကြီးမားသော တောရိုင်း သားရဲ အချို့ သို့မဟုတ် ရက်စက်သော သားရဲ အနည်းငယ်ကို စတင် အမဲလိုက်ပြီးနောက် အိမ်သို့ ပြန်လည် ထွက်ခွာလေ့ ရှိကြလေသည်။

အခြား နည်းလမ်း မရှိပေ၊ အကယ်၍ ၎င်းတို့သည် ဘိုးဘေး၏ အကာအကွယ် မပါဘဲ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားပါက ၎င်းတို့သည် အစွမ်းထက်သော ရက်စက်သည့် သားရဲ တစ်ကောင်နှင့် ကြုံတွေ့ရဖွယ် ရှိပြီး အဖွဲ့ကို သေကြေ ဒဏ်ရာရမှုများ ဖြစ်စေနိုင်လေသည်။

နောက်တစ်နေ့ ထူးခြားမှု မရှိပုံ ရသော တဲတစ်ခု အတွင်းတွင် မြင်းလှည်းမောင်းသူ ကဲ့သို့ ဝတ်ဆင်ထားသော လူတစ်စု စုဝေးနေကြလေသည်။ သို့သော် ဤလူများ အနက်မှ မည်သူမဆို ၎င်းတို့၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါဖြင့် လူတစ်ယောက်ကို သေသည်အထိ ခြောက်လှန့်နိုင်စွမ်း ရှိလေသည်။

ထို့အပြင် ဝမ်ရှိုကျဲ့သည် ၎င်းတို့ အကြားတွင် အေးအေးဆေးဆေး ထိုင်နေလေသည်။

လူတစ်ယောက်၊ ပိန်ပါးပြီး စုတ်ပြဲနေသော သိုးရေ အင်္ကျီကို ခြုံထားကာ သက္ကလတ် ဦးထုပ်ကို ဆောင်းထားပြီး ဆင်းရဲနွမ်းပါးသော အဘိုးကြီး တစ်ယောက်လို ကွေးကွေးလေး နေနေသူက အနည်းငယ် ညည်းညူလိုက်သည်။

"ရှိုကျဲ့... မင်းရဲ့ သတင်းအချက်အလက်တွေ မှားနေနိုင်မလား လျိုနဲ့ ကျောက် မျိုးနွယ်စုတွေက မင်းကို ကြောက်နေပြီ၊ သူတို့ တိုက်ခိုက်ရဲမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"

ဝမ်ရှိုကျဲ့က ယုံကြည်မှု ရှိရှိ ပြုံးပြီး ပြောလိုက်သည်။

"ဘိုးဘေးမင်ရှန်း... ကျေးဇူးပြုပြီး စိတ်ရှည်ရှည် ထားပါ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း မသေချာပေမယ့် ၉၀ ရာခိုင်နှုန်းတော့ သေချာပါတယ် ကျွန်တော် အိမ်မှာ နေနေတာ အချိန်အတော်ကြာပြီ ဆိုတော့ သူတို့ရဲ့ ဒေါသကို အမြင့်ဆုံး အထိ ဆွပေးပြီးသားပါ အခု အခွင့်အရေး ရသွားပြီ ဆိုတော့ သူတို့ သေချာပေါက် လှုပ်ရှားပါလိမ့်မယ်"

"ရှိုကျဲ့ ပြောတာ မှန်တယ်၊ သူတို့ လှုပ်ရှားမယ် ဆိုတာ ရှောင်လွှဲလို့ မရဘူး ဒီအခွင့်အရေးကို လွဲသွားရင် လျိုနဲ့ ကျောက် မျိုးနွယ်စုတွေက အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ စွမ်းအား ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး"

အခြား သန်စွမ်းသော မြင်းလှည်းမောင်းသူ တစ်ယောက်က ပြောလေသည်။

"သူတို့ ပေါ်မလာရင် ပိုတောင် မကောင်းဘူးလား ဒီလိုဆိုရင် ဘိုးဘေးမင်ရှန်း... ခင်ဗျားက ခရီး တစ်ခေါက် သွားပြီး ရွှေတာရာ တစ်ထောင် ရမယ်လေ... မကောင်းဘူးလား"

"ကုန်းစွန်းမန်... ငါ့မြေးက ပိုက်ဆံကို ကြည့်နေတာ မဟုတ်ဘူး သူက ငါ့ရဲ့ လုမျိုးနွယ်စု တရားဝင် သမီး လုမန်ရွှယ် ရဲ့ တိုက်ရိုက် သွေးဆက်ပါ"

ဘိုးဘေးမင်ရှန်းက ပြန်လည် ချေပလိုက်လေသည်။

သူက "တိုက်ရိုက် သွေးဆက်" ဟူသော စကားလုံးကို တစ်စုံတစ်ခုကို အလေးပေးချင်သကဲ့သို့ အလွန် အလေးအနက်ထား ပြောလိုက်လေသည်။

ကုန်းစွန်းမန်က ရယ်မောလိုက်ပြီး ပြောလေသည်။

"အဲဒီလို ဖြစ်နေရင်တောင် ရှိုကျဲ့က အခု ငါ့မြေးမ ကုန်းစွန်းဟွေးရဲ့ တရားဝင် သား ဖြစ်ပြီး ငါ့ရဲ့ တိုက်ရိုက် မြစ်လည်း ဖြစ်နေတာပဲ"

တကယ်တမ်းတွင် လုမျိုးနွယ်စုနှင့် ကုန်းစွန်းမျိုးနွယ်စု အကြားတွင် တကယ့် ပဋိပက္ခ မရှိပေ။ သို့သော် ဝမ်ရှိုကျဲ့၏ ကိစ္စနှင့် ပတ်သက်၍ ဘိုးဘေး နှစ်ပါး အကြားတွင် စိတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှု အချို့ ရှိနေပုံ ရလေသည်။ မကြာသေးမီက ၎င်းတို့ နှစ်ဦးစလုံးက တစ်ယောက်ကို တစ်ယောက် အလျှော့မပေးကြပေ။

မည်သူ့ကို အပြစ်တင်ရမည် ဆိုလျှင် ဝမ်ရှိုကျဲ့က အလွန် ထူးချွန်လွန်းသဖြင့် ဘိုးဘေး နှစ်ပါးစလုံးက သူ၏ အဘိုးဘေး ဆိုသည့် ဂုဏ်ပုဒ်ကို မနေနိုင်ဘဲ လုယူချင်နေကြခြင်း ပင်ဖြစ်သည်။

ဝမ်ရှိုကျဲ့ ချွေးအေးများ ထွက်လာပြီး သူ၏ ကြိုတင် မမြင်နိုင်မှုကို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေသည်။ သူသည် ဘိုးဘေးလုနှင့် ဘိုးဘေးမင်ကို အတူတူ မထားသင့်ပေ၊ သို့သော် ၎င်းတို့က သူ့ကြောင့် မနာလို ဖြစ်ကြလိမ့်မည်ဟု မည်သူက ကြိုတင် ခန့်မှန်းနိုင်မည်နည်း။

"လုမင်ရှန်း၊ ကုန်းစွန်းလု... မင်းတို့ နှစ်ယောက်စလုံး စိတ်အေးအေး ထားကြ"

၎င်း၏ အသွင်အပြင်တွင် ပိုမို ဖုံးကွယ်ထားသောပုံစံ ရှိသည့် အခြား အကြီးအကဲ တစ်ယောက်က ပြောလိုက်လေသည်။

"ငါ့ရဲ့ တရားထိုင်တာကို မနှောင့်ယှက်ကြနဲ့"

သူ၏ စကားကြောင့် ၎င်းတို့ နှစ်ဦးစလုံး တိတ်ဆိတ်သွားကြလေသည်။

၎င်းတို့တွင် ရွေးချယ်စရာ မရှိပေ။ ဤဘိုးဘေးရူဟုန်သည် အသက်အကြီးဆုံး ဖြစ်ရုံသာမက ဝိညာဉ်အဆင့် အလယ်ပိုင်း၏ ထိပ်တန်း ပုဂ္ဂိုလ် တစ်ယောက်လည်း ဖြစ်လေသည်။ သဘာဝကျကျပင် ၎င်းတို့က သူ့ကို လေးစားကြလေသည်။

ဤအချိန်တွင် အခြား အကြီးအကဲ တစ်ယောက်က အားနည်းသော အသံဖြင့် ပြောလိုက်လေသည်။

"ညီလေး ရှိုကျဲ့... ငါ့ရဲ့ သွက်လက်မှုက မဆိုးပါဘူး ငါ သွားပြီး သတင်း စူးစမ်းပေးရမလား"

ဤသည်မှာ သေချာပေါက် အကြီးအကဲ ကျုံးရှင်းဝမ် ပင်ဖြစ်သည်။

သူ၏ ဆေးလုံးကို ရောင်းပြီးနောက် သူသည် အလျင်အမြန် ပြန်လာခဲ့လေသည်။ ဝမ်မျိုးနွယ်စုက ဆောင်းဦးနှင့် ဆောင်းရာသီ အမဲလိုက်ပွဲ သွားမည်ဟု ကြားသောအခါ သူသည် မပြန်ဘဲ ယနေ့တိုင် အချိန်ဆွဲနေခဲ့ခြင်း ပင်ဖြစ်သည်။

ဝမ်ရှိုကျဲ့ ပြန်ဖြေရန် ပြင်လိုက်စဉ်မှာပင်….

ရုတ်တရက် ဘိုးဘေးရူဟုန်က မျက်လုံးဖွင့်ပြီး အေးအေးဆေးဆေး ပြောလိုက်လေသည်။

"သူတို့ ရောက်လာပြီ ရှိုကျဲ့... မင်း သွားတိုက်လိုက် ပြင်ပ အကူအညီ အားလုံးကို ငါတို့ တာဝန်ယူမယ်"

တစ်ချိန်တည်း လောက်မှာပင် စခန်းနှင့် မနီးမဝေးတွင် ရူးသွပ်နေသော ရယ်သံ တစ်ခု ထွက်ပေါ်လာလေသည်။

"ဝမ်ရှိုကျဲ့... မင်းကို ဝိုင်းထားပြီ... ထွက်လာပြီး သေဖို့ ပြင်လိုက်တော့"

ဤသည်မှာ လျိုရှန်းယဲ့၏ အသံပင် ဖြစ်သည်၊ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

လျိုနှင့် ကျောက် မျိုးနွယ်စုများ၏ ကြီးမားသော အခြေအနေနှင့် အနာဂတ် အားလုံးကို ဝမ်ရှိုကျဲ့က ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလား။

"အင်း... ဘိုးဘေးတို့ ခဏလောက် နားနေကြပါဦး"

ဝမ်ရှိုကျဲ့က ပေါ့ပေါ့ပါးပါး ရယ်မောပြီး ပြောလိုက်လေသည်။

"ကျွန်တော် အရင် ထွက်သွားပြီး 'သေဖို့' ပြင်လိုက်ဦးမယ်"

...

All Chapters