← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

1

"ဝူခုန်း မင်းရဲ့ကျင်းသို့တိမ်တိုက်ကို မစီးဘဲ ဘာလို့ ဒီအမှိုက်စုတ်ကြီးကိုမှ ဇွတ်စီးချင်နေရတာလဲ၊ ငါ့ကို ဆက်လိမ်နေဦးမယ်ဆိုရင်တော့ ငါ ကောင်းရွာကိုပဲ ပြန်တော့မယ်"

"ဒီငတုံးကတော့၊ မင်းက ဘာသိလို့လဲ၊ ငါ့ရဲ့ကျင်းသို့တိမ်တိုက်က ဒီနေ့ လမ်းပိတ်တဲ့ ရက်ဖြစ်နေလို့ဟ"

ကျိုးဟောက်ယွီ ကားပေါ်ပါလာသော ထူးထူးဆန်းဆန်း ဝတ်ဆင်ထားသည့် လူလေးယောက်ကို ကြည့်ပြီး စိတ်ထဲတွင် မတင်မကျ ဖြစ်နေမိသည်။ သူ တိတ်တိတ်လေး တွေးနေမိ၏။

‘ဒီအရူးလေး​ကောင်က ဘယ်ရုပ်ရှင်အဖွဲ့က ထွက်ပြေးလာတာပါလိမ့်၊ သူတို့ပြောတဲ့ ဒိုင်ယာလော့ခ်တွေအရဆိုရင် ဒါ 'အ‌နောက်အရပ်သို့ ခရီးသွားခြင်း' ဆိုတဲ့ တရုတ်ရုပ်ရှင်ရဲ့ နောက်ဆုံးဗားရှင်းကို ရိုက်နေကြတာလား’

လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ကျိုးဟောက်ယွီသည် ဒီဒီစနစ်မှတစ်ဆင့် အငှားယာဉ်ခေါ်ဆိုမှုကို လက်ခံခဲ့ပြီးနောက် ပင်လယ်ကမ်းနားလမ်းဘေးတွင် ထိုထူးဆန်းသော လူလေးယောက်ကို တင်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

"အား၊ ဒါတွေအားလုံးက ကျောက်စိမ်းဧကရာဇ်ကြောင့်ပဲ၊ သူက ကောင်းကင်ဘုံကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုပြီး လူ့‌လောကက စီမံခန့်ခွဲမှုပုံစံတွေကို အတုယူချင်နေတာလေ၊ အခုလည်း ငါတို့ဆရာသခင် ထန်ထန်ကို လူ့‌လောက ဆင်းပြီး လေ့လာဖို့ အထူးစေလွှတ်လိုက်တာပေါ့"

ဝက်နှင့် တူအောင် ဝတ်ဆင်ထားသော လူတစ်ဦး နောက်ခန်းမှ မကျေမနပ် ညည်းညူနေ၏။

"ပါကျဲ မင်းကို ငါဘယ်နှစ်ခါ ပြောရမလဲ၊ အပြင်မှာ ငါ့ရဲ့ နာမည်ပြောင်ကို မခေါ်ပါနဲ့ဆို၊ ကျေးဇူးပြုပြီး မစ္စတာထန်လို့ပဲခေါ်ပါ"

ဝတ်ရုံရှည်ဝတ်ဆင်ထားပြီး ဘုန်းတော်ကြီးများ ဆောင်းသည့် ဦးထုပ်ကို ဆောင်းထားသော ချောမောသည့် အမျိုးသားမှ ဇောင့်ကြွားကြွား အပြုံးဖြင့် ပြောလိုက်သည်။

"ညီအစ်ကိုတို့ အနုပညာအပေါ် ထားတဲ့ အစ်ကိုတို့ရဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်၊ အော်စကာဆုတောင် အစ်ကိုတို့ကို ပေးသင့်တာ"

ကျိုးဟောက်ယွီ နောက်ခန်းမှ လူများကို ကြည့်ပြီး အတည်ပေါက်ဖြင့် ပြောလိုက်၏။

သူ အငှားယာဉ်မောင်းလာသည့် တစ်လျှောက် ခရီးသည်ပေါင်းစုံ တင်ဖူးသော်လည်း ဤကဲ့သို့ ထူးဆန်းသော လူစားမျိုးနှင့် ဆုံဖူးသည်မှာ ယခုက ပထမဆုံး ဖြစ်သည်။ သူ စိတ်ထဲမှလည်း တအံ့တဩ တွေးနေမိသည်။

'ထူးဆန်းတဲ့သူတွေက နှစ်တိုင်းရှိပေမဲ့ ဒီနှစ်တော့ ပိုများနေသလားပဲ'

"အစ်ကိုဝူခုန်း လူ့လောကမှာ ပျော်စရာနေရာတွေ အများကြီး ရှိတယ်လို့ ကြားတယ်၊ ငါတို့ သွားပျော်ကြရအောင်လေ"

ကျူးပါကျဲ မျက်လုံးများ တောက်ပလျက် သူ၏လက်ချောင်းကို ကိုက်ရင်း ပြောနေ၏။

"ဒုတိယအစ်ကို မင်းက အဲဒီလိုနေရာမျိုးတွေကို သွားချင်နေသေးတာလား၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ဆရာ အလိမ်ခံရပြီး ရဲစခန်းရောက်သွားတာကို မေ့သွားပြီလား"

ထိုစဉ် မုတ်ဆိတ်များနှင့် လူတစ်ဦးက အတည်ပေါက်ပြောရင်း သတိပေးလိုက်သည်။

"ရှရှ မင်းက ဘယ်လိုတွေ ပြောနေတာလဲ၊ ပြီးခဲ့တဲ့တစ်ခေါက်က ဟိုတယ်အခန်းထဲမှာ ဒကာမနှစ်ယောက်ကို ဖဲကစားဖို့ ဖိတ်တာလေ၊ ဒါကို ရဲတွေက လောင်းကစားလုပ်နေတာပါ ဆိုပြီး ဇွတ်ပြောနေကြတာ၊ ငါလည်း ဘာတတ်နိုင်မှာလဲ၊ အဲဒီတုန်းက တကယ်ကို ရင်နာဖို့ကောင်းခဲ့တာ"

ထန်စန်းကျန့် နောင်တရသည့် မျက်နှာဖြင့် သက်ပြင်းချလိုက်၏။

သူတို့၏ စကားဝိုင်းကို ကြားပြီးနောက် ကျိုးဟောက်ယွီမှာ ချွေးပြန်သွားကာ ရှုံ့မဲ့မဲ့အပြုံးဖြင့် မေးလိုက်သည်။

"ညီအစ်ကိုတို့ အစ်ကိုတို့က ဘယ်သူတွေလဲဗျ၊ ဘယ်လို ဘာသာစကားတွေ ပြောနေကြတာလဲ၊ ကျွန်တော် တစ်လုံးမှ နားမလည်တော့ဘူး"

"ငါတို့က အနောက်ဘက်ကို ခရီးသွားတဲ့ လေးယောက်လေ၊ မင်း မကြားဖူးဘူးလား"

ကျူးပါကျဲ ဂုဏ်ယူစွာဖြင့် မိတ်ဆက်လိုက်၏။

"ငါကတော့ ချစ်ဖို့ကောင်းတဲ့ ကျူးပါကျဲ့ပေါ့၊၊ ဒါက ငါတို့ရဲ့ ဆရာသခင် ထန်ထန်၊ ဒါက စွန်းဝူခုန်း၊ ပြီးတော့ ဒါက ညီငယ်ရှ"

ကျူးပါကျဲ အခြားသူများ၏ အမည်ကို ရိုးရိုးရှင်းရှင်း ပြောပြသွား၏။

ကျိုးဟောက်ယွီမှာတော့ ခါးခါးသီးသီးသာ ရယ်မိတော့သည်။

"ဒကာ မင်းက ငါတို့စကားကို နားမလည်ဘူးလား၊ ဒါဆိုရင် တခြားဘာသာစကားတစ်ခုနဲ့ ပြောပြမယ်လေ"

ထန်စန်းကျန့် ကျိုးဟောက်ယွီကို ပြုံးပြရင်း ပြောလိုက်သည်။

"I'm Mr. Tang, nice to meet you"

ကျိုးဟောက်ယွီ၏ မျက်နှာမှာ တောင့်ခဲသွား၏။

သူ တွေးလိုက်မိသည်။

'ဒါ ဘယ်လိုအရူးမျိုးပါလိမ့်၊ ဒီလူက ရုပ်ရှင်အဖွဲ့က မဖြစ်နိုင်‌တော့ဘူး၊ စိတ်ကျန်းမာရေးဆေးရုံက ထွက်ပြေးလာတာ သေချာတယ်’

ကျိုးဟောက်ယွီ သူတို့၏ စကားများကို ဆက်၍ နားမထောင်ချင်တော့ဘဲ သူတို့သာ တကယ်ရူးနေပါက ပြန်ပို့ပေးရမည်လားဟု တွေးတောနေ၏။

လိုရာခရီးသို့ ရောက်သောအခါ ကျိုးဟောက်ယွီ လမ်းဘေးတွင် ကားရပ်လိုက်ပြီးနောက် လှည့်၍ ပြောလိုက်သည်။

"လူကြီးမင်းတို့ ရောက်ပါပြီခင်ဗျာ၊ ဖုန်းထဲမှာ ငွေပေးချေမှုကို အတည်ပြုပေးပါဦး"

ထိုလူလေးယောက်မှာ ကျိုးဟောက်ယွီကို လုံးဝ လျစ်လျူရှုကာ ကားပေါ်မှ ဆင်းသွားကြ၏။

"တောက်၊ သူက ငါ့ကို အူကြောင်ကြောင်နဲ့ လာလိမ်ချင်နေတာလား"

ကျိုးဟောက်ယွီ ကားပေါ်မှ ဆင်းပြီး ထန်စန်းကျန့် နောက်သို့ လိုက်ဖမ်းကာ မလွှတ်တမ်း ဆွဲထားလိုက်သည်။

"ကျွန်တော်က ခေါ်လာပေးပြီးပြီလေ၊ မြန်မြန် ဖုန်းထဲကနေ ငွေပေးချေတာကို အတည်ပြုပေးပါ"

ထန်စန်းကျန့် အပြစ်ကင်းစင်သည့် မျက်နှာဖြင့် မျက်တောင်ခတ်ပြီးနောက် ရှဝူကျင့်ကို လှမ်းကြည့်ကာ ပြောလိုက်၏။

"ဝူကျင့် ဒကာလေးကို ရွှေတုံးတစ်တုံး ပေးလိုက်ပါဦး"

ရှဝူကျင့် တကယ်ပင် ရွှေတုံးတစ်တုံးကို ထုတ်ပေးလာပြီး ကျိုးဟောက်ယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ကျိုးဟောက်ယွီမှာ မိမိလက်ထဲရှိ ရွှေတုံးကို ကြည့်ပြီး မှင်သက်နေမိ၏။

"ကျွန်တော့်ကို လာမလိမ်နဲ့၊ ဒါက ပလတ်စတစ်ကို ရွှေရောင်သုတ်ထားတာလားဆိုတာ ဘယ်သူသိမှာလဲ"

ကျိုးဟောက်ယွီ ထန်စန်းကျန့်ကို မြဲမြဲဆွဲထားပြီး ဆက်ပြောသည်။

"ဒီနေ့ လူကြီးမင်းတို့ ကျွန်တော့်ကို စိန်ပဲ ပေးပေး၊ ရွှေပဲပေးပေး မလိုချင်ဘူး၊ ပိုက်ဆံပဲ လိုချင်တယ်"

"မင်းကတော့ သေချင်နေပြီထင်တယ်"

စွန်းဝူခုန်း အော်ဟစ်လိုက်ပြီး သူ၏ နတ်တုတ်ကို ထုတ်လိုက်၏။

"ပါးစပ်ပိတ်စမ်း"

ထန်စန်းကျန့် အော်ဟစ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မင်းက ရိုင်းလွန်းတဲ့ မျောက်ပဲ၊ မင်းသာ ဆက်ပြီး ရိုင်းနေဦးမယ်ဆိုရင်တော့ မင်းရဲ့ဆရာက ဂါထာရွတ်ရတော့မှာပဲ"

ကျိုးဟောက်ယွီ ဤလူများကို စိတ်ကုန်သွားပြီ ဖြစ်သဖြင့် ဒေါသတကြီး ပြောလိုက်၏။

"အလကား စီးချင်တာပေါ့ ဟုတ်လား၊ ပိုက်ဆံမပေးရင် ကျွန်တော် ရဲခေါ်လိုက်မှာနော်"

"မင်းကို ငါ့အမွေးတစ်ပင် ပေးမယ်"

စွန်းဝူခုန်း သူ၏ နတ်တုတ်ကို မြှောက်ထားပြီးသား ဖြစ်နေသည်။

"အော်မီတောဖော၊ ရဟန်းဆိုတာ မုသားမပြောရဘူး၊ အမွေးတစ်ပင် ပေးမယ်ဆိုရင် ပေးမှာပေါ့"

ထန်စန်းကျန့် ခေါင်းလှည့်ပြီး စွန်းဝူခုံးကို မျက်စိတစ်ချက် မှိတ်ပြလိုက်၏။

စွန်းဝူခုံးသည် မလိုလားသော်လည်း သူ၏ ဦးခေါင်းနောက်မှ မျောက်အမွေးတစ်ပင်ကို နုတ်ယူလိုက်ပြီး ကျိုးဟောက်ယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

မိမိလက်ထဲရှိ မျောက်အမွေးကို ကြည့်ပြီး ကျိုးဟောက်ယွီမှာ ဒေါသပေါက်ကွဲကာ အော်ဟစ်တော့၏။

"တောက်၊ မင်းတို့က ငါ့ကို လာနောက်နေတာလား"

"ကျေးဇူးကန်းမနေနဲ့၊ ငါ့အစ်ကိုရဲ့ အမွေးက ရတနာပဲကွ၊ အဲဒါက ဘာမဆို ပြောင်းလဲနိုင်တယ်၊ ဟီးဟီး"

ကျူးပါကျဲ ချောင်းနှစ်ချက် ဟန့်လိုက်သည်။

သူတို့ ပေးသည်မှာ ရတနာဖြစ်ဖြစ်၊ ရွှေဖြစ်ဖြစ် ကျိုးဟောက်ယွီ ဂရုမစိုက်ချေ။ သူ ယခု လိုချင်နေသည်မှာ ပိုက်ဆံသာ ဖြစ်၏။

"ဟေး၊ အလုပ်ဆင်းရမယ့် အချိန်ရောက်ပြီ"

ထန်စန်းကျန့် သူ၏ နာရီကို ကြည့်ပြီး အံ့ဩဟန်ဖြင့် ပြောလိုက်သည်။ သူ လက်ဖျောက်တစ်ချက် တီးလိုက်ရင်း ဆို၏။

"တပည့်တို့ သွားကြစို့"

သူ စကားပြောအပြီးမှာပင် ထိုထူးဆန်းသော လူလေးယောက်မှာ လေထဲသို့ ပျောက်ကွယ်သွားကြသည်။

"ဒီကားက တော်တော် စီးလို့ ကောင်းတာပဲ၊ နောက်ကျရင် တခြားနတ်ဘုရားတွေကိုလည်း အကြံပေးလိုက်ဦးမယ်"

ကောင်းကင်မှ အသံတစ်ခုသာ ခပ်သဲ့သဲ့ ပဲ့တင်ထပ် ကျန်ရစ်ခဲ့၏။

ကျိုးဟောက်ယွီ မျက်လုံးအဝိုင်းသားဖြင့် ယောင်ယောင်မှားမှား ရေရွတ်နေမိသည်။

"ငါ သရဲမြင်နေတာလား"

သတိပြန်ဝင်လာသောအခါ ကျိုးဟောက်ယွီသည် မျောက်အမွေးမှာ သူ၏ ဖုန်းမျက်နှာပြင်တွင် ကပ်နေပြီး မည်သို့ပင် မှုတ်ထုတ်သော်လည်း မထွက်သွားသည်ကို တွေ့လိုက်ရ၏။

‘တိန်’

သူ၏ ဖုန်းထဲတွင် အနီးအနားမှ နောက်ထပ် အငှားယာဉ်ခေါ်ဆိုမှုတစ်ခု တက်လာပြန်သည်။

ကျိုးဟောက်ယွီ ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ခရီးသည်ကို ကြိုရန် မောင်းထွက်ခဲ့၏။

ဤတစ်ခေါက် ခရီးသည်မှာတော့ သူနှင့် ရွယ်တူခန့်ရှိသည့် ချောမောသော အမျိုးသားတစ်ဦး ဖြစ်သဖြင့် ပုံမှန်လူဟု ဆိုရမည်။

"ညီလေး မင်ယွဲ့ဟိုတယ်ကို သွားပေးပါဦး၊ ကျေးဇူးပါ"

ထိုအမျိုးသား ပြောပြီးနောက် သူ၏ ဖုန်းကို ထုတ်ကာ စာရိုက်နေတော့သည်။

သူ၏ မျက်နှာပေါ်မှ ချိုမြိန်သော အပြုံးကို ကြည့်ခြင်းဖြင့် ကျိုးဟောက်ယွီမှာ အခြေအနေကို ရိပ်မိလိုက်ကာ တွေးနေမိ၏။

'သူ့ကောင်မလေးကို ဟိုတယ်ခေါ်သွားတာ သေချာတယ်

ကျိုးဟောက်ယွီ ဟိုတယ်ဝင်ပေါက်ဘက်သို့ စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်မိသည်။

ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးတစ်ဦးမှာ ဟိုတယ်ရှေ့တွင် ရပ်နေသည်။ ထိုချောမောသော အမျိုးသား ရောက်သွားသည်ကို မြင်သောအခါ သူမ လျှောက်လာပြီး သူ၏ လက်မောင်းကို ချစ်ခင်မြတ်နိုးစွာ တွဲလိုက်၏။

ကျိုးဟောက်ယွီက ခေါင်းခါရင်း သက်ပြင်းချကာ ရေရွတ်လိုက်မိသည်။

"တကယ့်ကို ကောင်းလိုက်တာ"

သူ့စကားမဆုံးမီမှာပင် ကျိုးဟောက်ယွီသည် ထိုအမျိုးသမီးအား တစ်နေရာရာတွင် မြင်ဖူးသလိုလိုဖြင့် ပို၍ ရင်းနှီးလာသလို ခံစားလိုက်ရ၏။

"ဒါ ယွဲ့ယွဲ့ပဲ"

မိမိ၏ ချစ်သူမိန်းကလေးသည် ဟိုတယ်ရှေ့တွင် အခြားတစ်ယောက်ကို ဖက်လှဲတကင်း လုပ်နေသည်ကို တွေ့လိုက်ရသောအခါ ကျိုးဟောက်ယွီ၏ ဒေါသမှာ ပေါက်ကွဲလုနီးပါး ဖြစ်သွားရတော့သည်။

ထို့နောက် သူ ကားတံခါးကို ဖွင့်လိုက်ပြီး ဟိုတယ်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့၏။

2

"ယွဲ့ယွဲ့ မင်း ဘာလုပ်နေတာလဲ"

ကျိုးဟောက်ယွီ မျက်နှာတစ်ပြင်လုံး မည်းမှောင်လျက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချောမောသော အမျိုးသားတစ်ဦးနှင့် လှပသော အမျိုးသမီးတစ်ဦးတို့ ဟိုတယ်ဝင်ပေါက်တွင် ထိကပါးရိကပါး ဖြစ်နေကြသည်မှာ မည်သည့်အရာများ ဆက်ဖြစ်မည်ကို မည်သူမဆို ခန့်မှန်းနိုင်၏။

သို့သော် ကျိုးဟောက်ယွီမှာမူ ဒေါသအဟုန်ကြောင့် မျက်စိအမှောင်ကျကာ အတ္တခြုံနေမိ၏။

သို့မဟုတ် သူ တစ်စုံတစ်ခုကို လက်မခံနိုင်ဘဲ ရှောင်လွှဲရန် ကြိုးစားနေခြင်းလည်း ဖြစ်နိုင်သည်။

တုန်းယွဲ့ယွဲ့ ကျိုးဟောက်ယွီကို မြင်လိုက်ရသောအခါ လန့်ဖျန့်သွားပြီး ထိုအမျိုးသား၏ လက်မောင်းကို အမြန်လွှတ်လိုက်ကာ ပျာပျာသလဲ ရှင်းပြ၏။

"ဟောက်ယွီ ရှင်ထင်သလို မဟုတ်ပါဘူး၊ သူက ငါ့ရဲ့ အစ်ကိုအရင်းလို ခင်ရတဲ့သူပါ"

"ဟား၊ အစ်ကိုအရင်းလို ဟုတ်လား"

ကျိုးဟောက်ယွီ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး လေသံမာမာဖြင့် ပြောလိုက်သည်။

"မင်းတို့ တစ်ခုခု လုပ်ဖို့ ကြံစည်နေကြတာလို့ပဲ ငါထင်တယ်"

ဤသို့ ရက်စက်သော စကားလုံးများကြောင့် တုန်းယွဲ့ယွဲ့မှာ အရှက်ရသွားပြီး ချက်ချင်းပင် ဒေါသထွက်လာ၏။

"ကျိုးဟောက်ယွီ စကားကို ယဉ်ယဉ်ကျေးကျေး ပြောစမ်းပါ၊ ကုမ္ပဏီက နှစ်ပတ်လည် အစည်းအဝေး ရှိလို့ ငါ့အစ်ကိုကို ဇာတ်ညွှန်းအစမ်းလေ့ကျင့်ဖို့ ကူညီခိုင်းတာလေ၊ အဲဒါ ဘာဖြစ်လို့လဲ"

တုန်းယွဲ့ယွဲ့ တရားသဖြင့် ပြောနေသယောင် ပြန်လည်မေးခွန်းထုတ်လိုက်သည်။

ဤကဲ့သို့ ပေါက်ကရစကားကို ယုံကြည်မည့်သူသည် ဤလောကတွင် ငတုံးအကြီးစားသာ ဖြစ်ပေလိမ့်မည်။

'ဇာတ်ညွှန်း‌လေ့ကျင့်ဖို့ ဟိုတယ်ကို လာရတယ်လို့လား၊ ကုတင်ပေါ်ရောက်မှ ဇာတ်သိမ်းသွားရင် ဘယ်လိုလုပ်မလဲ'

တုန်းယွဲ့ယွဲ့ ကျိုးဟောက်ယွီကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီးနောက် ဘေးမှ အမျိုးသားကို ဆွဲကာ ပြောလိုက်သည်။

"လုဟန် သူပြောတာတွေကို စိတ်ထဲမထားပါနဲ့၊ အရင်ပြန်နှင့်တော့နော်"

"အစ်ကိုကြီး ခင်ဗျား အခု အခြေအနေကို အထင်းသား မြင်နေရတာပဲ မဟုတ်လား၊ ခင်ဗျားတော့ ဖောက်ပြန်ခံလိုက်ရပြီ”

လုဟန် ကျိုးဟောက်ယွီကို ရန်စသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် တုန်းယွဲ့ယွဲ့၏ ပုခုံးကို ဖက်ကာ ချော့မြှူသည့်လေသံဖြင့် ပြောလိုက်၏။

"အချစ်လေး ကိုယ်အရင်က ပြောဖူးသားပဲ၊ မင်းသာ ကိုယ့်နားမှာ ရှိနေရင် လက်ကိုင်အိတ် ဆယ်လုံးချက်ချင်း ဝယ်ပေးမယ့်အပြင် အခုထက် ပိုအဆင့်အတန်းမြင့်တဲ့ ဘဝမှာ နေရမှာပါဆိုတာ"

တုန်းယွဲ့ယွဲ့သည် လုဟန်ပြောသကဲ့သို့ ဘဝမျိုးကို အမြဲတမ်း မျှော်လင့်ခဲ့သော်လည်း ကျိုးဟောက်ယွီမှာ သူမရှေ့တွင် ရှိနေသေးသဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေမိသည်။

"ဘာမှ ထပ်မပြောနဲ့တော့၊ အရင်ပြန်ကြရအောင်၊ ဒါကို နောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့"

တုန်းယွဲ့ယွဲ့ လုဟန်ကို အသာအယာ တွန်းထုတ်လိုက်၏။

သို့သော် လုဟန်မှာ ထွက်သွားမည့် အရိပ်အယောင် လုံးဝမရှိပေ။ သူ ကျိုးဟောက်ယွီအား အထင်သေးစွာ ကြည့်လိုက်ပြီး တုန်းယွဲ့ယွဲ့ကို ပြောလိုက်သည်။

"ဒီလို ဆင်းရဲတဲ့ ငမွဲတစ်ကောင်ကို ဘာတွေ သံယောဇဉ် တွယ်နေတာလဲ၊ မြန်မြန်သာ ဖြတ်လိုက်စမ်းပါ"

တုန်းယွဲ့ယွဲ့သည် တကယ်တမ်းတွင် ဝေခွဲမရ ဖြစ်နေခြင်းဖြစ်သည်။ သူမ ကျိုးဟောက်ယွီအပေါ် သံယောဇဉ် ရှိနေသေးသည် မဟုတ်ပါလား။

သို့သော် သူမ၏ သူငယ်ချင်းများမှာ ဒီဇိုင်နာ အဝတ်အစားများ၊ တန်ဖိုးကြီး အိတ်များကို ကိုင်ဆောင်နေကြချိန်တွင် ကျိုးဟောက်ယွီကမူ သူမလိုချင်သည်များကို မဖြည့်ဆည်းပေးနိုင်ခဲ့ပေ။

တုန်းယွဲ့ယွဲ့ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ တည်ငြိမ်စွာ မေးလိုက်၏။

"ယွဲ့ယွဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေအတွက် မင်း ငါ့ကို ရှင်းပြဖို့ မလိုဘူးလို့ ထင်နေတာလား"

"ဘာရှင်းပြရမှာလဲ၊ ရှင်လည်း အကုန်မြင်နေရတာပဲလေ"

တုန်းယွဲ့ယွဲ့ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လျက် ဆုံးဖြတ်ချက် ခိုင်မာသော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။

ကျိုးဟောက်ယွီမှာ အနည်းငယ် မှင်တက်သွားပြီး မိမိကိုယ်မိမိ ရယ်ချင်စိတ် ပေါက်သွား၏။

တုန်းယွဲ့ယွဲ့နှင့် ဖြတ်သန်းခဲ့သည့် ငါးနှစ်တာ သံယောဇဉ်မှာ ဤအချိန်တွင် အလုံးစုံ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။

မိမိ၏ ပြိုင်ဘက်ကို မိမိကိုယ်တိုင် ဟိုတယ်သို့ လိုက်ပို့ပေးခဲ့မိသည်မှာ ကံကြမ္မာ၏ ပြက်လုံးတစ်ခုသာ ဖြစ်၏။

"ကောင်းပါပြီ၊ ဒီတစ်ခေါက်တော့ မင်းရဲ့ မျက်လုံးကို သေသေချာချာ ဖွင့်ကြည့်ထားဖို့ ငါ မျှော်လင့်ပါတယ်၊ လူနဲ့ ခွေးကိုတောင် ခွဲမသိနိုင်လောက်အောင်တော့ ငတုံးမလုပ်ပါနဲ့ဦး"

ကျိုးဟောက်ယွီ သူ၏ အတွင်းစိတ်နာကျင်မှုကို အေးစက်သော ရယ်သံဖြင့် ဖုံးကွယ်လိုက်သည်။

တုန်းယွဲ့ယွဲ့လည်း မျက်နှာသေဖြင့် အေးစက်စွာ ပြောလိုက်၏။

"ဟောက်ယွီ ဘာမှ ဆက်မပြောနဲ့တော့၊ ဒီတစ်ခါအတွက်တော့ ငါ တောင်းပန်ပါတယ်"

"တောင်းပန်စရာ ဘာရှိလို့လဲ၊ ဆင်းရဲတဲ့ ငမွဲတစ်ယောက်က လက်တွေ့မကျတဲ့ အိပ်မက်တွေ မမက်သင့်ဘူးလေ"

လုဟန် ထောင်ထောင်မောင်းမောင်းဖြင့် ဝင်ပြောလိုက်သည်။

ထိုစကားလုံးများမှာ ကျိုးဟောက်ယွီ၏ သွေးထွက်သံယို ဖြစ်နေသော ဒဏ်ရာကို ဆားနှင့် ပက်လိုက်သကဲ့သို့ ခံစားရစေကာ သူ့ကို ပို၍ စိတ်ဆိုးမာန်ဆိုး ဖြစ်စေ၏။

လမ်းခွဲခံရပြီးနောက် သေချာပေါက် ထွက်ခွာသွားသင့်သော်လည်း လုဟန်၏ အပြုအမူက ကျိုးဟောက်ယွီကို ဒေါသအထွတ်အထိပ် ရောက်စေခဲ့သည်။

"သူက သူဌေးအစစ်လား၊ အတုလားဆိုတာတော့ ငါမသိဘူး၊ ငါသိတာကတော့ သူက အငှားယာဉ်စီးလာရတဲ့ ငမွဲတစ်ယောက်ပဲဆိုတာပဲ"

ကျိုးဟောက်ယွီ လှောင်ပြုံးပြုံးရင်း ပြောလိုက်၏။

တုန်းယွဲ့ယွဲ့သည် ဟိုတယ်ဝင်ပေါက်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း လုဟန်၏ ကားကို မတွေ့သဖြင့် သံသယဖြင့် မေးလိုက်၏။

"ရှင် ဒီနေ့ ဘာလို့ Bentley ကို မစီးလာတာလဲ"

ထိုစကားကို ကြားသောအခါ လုဟန်၏ မျက်နှာတွင် အရှက်ရရိပ် တစ်ချက်ဖြတ်သွားပြီးမှ ခေါင်းခါလျက် ပြန်ဖြေသည်။

"ဪ၊ ဒီမနက် ဖိလစ်ပိုင် အိမ်ဖော်မလေး ဈေးဝယ်ပြီး ပြန်လာတော့ အိမ်ရှေ့မှာ အမေ့ရဲ့ Porsche ကို ခြစ်မိသွားတာ၊ ပြီးတော့ ဂိုဒေါင်ထဲမှာ အဖေ့ရဲ့ Rolls-Royce ကိုလည်း ဝင်တိုက်မိသွားသေးတယ်၊ အခုတော့ ငါတို့အိမ်က ကားသုံးစီးလုံး ဝပ်ရှော့ရောက်နေလို့လေ"

ထို့နောက် သူ ကျိုးဟောက်ယွီကို အထင်သေးစွာ ကြည့်လိုက်ပြန်၏။

ထိုအချိန်တွင် ကျိုးဟောက်ယွီသည် သူ၏ လောကအမြင်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသလို ခံစားလိုက်ရ၏။ သူ တွေးနေမိသည်။

'တောက်၊ ဒီကောင် ကြွားလုံးထုတ်တာကတော့ ကမ်းကုန်နေပြီပဲ’

"ငါက ၂၀၁၈ ခုနှစ်ကိုတောင် ကျင့်သားမရသေးဘူး၊ ဒါပေမဲ့ မင်းကိုတော့ တကယ့်ကို အထင်ကြီးသွားပြီဗျာ"

ကျိုးဟောက်ယွီ လှောင်လိုက်၏။

ကျိုးဟောက်ယွီ မနားတမ်း ကဲ့ရဲ့နေသော်လည်း လုဟန်မှာ တည်တည်ငြိမ်ငြိမ်ပင် ရှိနေကာ သူ၏ မျက်လုံးများထဲတွင် အထင်သေးရိပ်များ ပြည့်နှက်လျက် ပြောလိုက်သည်။

"မင်း သူဌေးတွေကို မနာလိုဖြစ်နေတာ ငါ နားလည်ပါတယ်၊ ငါ့မိသားစုက ဒီလောက် ချမ်းသာနေတာ ငါ့အပြစ်မှ မဟုတ်တာ၊ ဟားဟား"

ထိုအေးစက်သော ရယ်သံကြောင့် ကျိုးဟောက်ယွီမှာ လမ်းပျောက်သလို ဖြစ်သွားရပြီး သူ၏ ဒေါသမှာလည်း ပို၍ မြင့်တက်လာသည်။

"ပိုက်ဆံပဲ မဟုတ်လား၊ တခြားသူတွေမှာ မရှိဘူးလို့ လာမပြောနဲ့"

ကျိုးဟောက်ယွီ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သို့သော် သူ၏ စကားမှာ လုဟန်၏ တဟားဟား ရယ်မောသံကိုသာ ရရှိခဲ့၏။

တုန်းယွဲ့ယွဲ့ စေတနာနှင့် သတိပေးလိုက်၏။

"ဟောက်ယွီ ဒီမှာ လာပြီး ဟန်ဆောင်မ‌နေဘဲ ပြန်ပါတော့၊ နင်က သူ့လောက် ဘယ်လိုလုပ် ချမ်းသာနိုင်မှာလဲ"

တုန်းယွဲ့ယွဲ့၏ မျက်လုံးထဲတွင် မိမိသည် မည်မျှ တန်ဖိုးမရှိမှန်း ထိုအချိန်မှပင် ကျိုးဟောက်ယွီ သိလိုက်ရပြီး စိတ်ထဲတွင်လည်း သက်ပြင်းချမိတော့သည်။

'ငါ တကယ့်ကို အချိန်ဖြုန်းခဲ့မိတာပဲ'

လုဟန် အထင်သေးစွာ ခေါင်းခါရင်း လှောင်ပြောင်ပြောဆိုလိုက်၏။

"သနားစရာကောင်းတဲ့ လူတွေမှာ အမြဲတမ်း အကြောင်းပြချက် ရှိတတ်တာပဲ၊ ပိုက်ဆံမရှိဘဲနဲ့ ဘာလို့ ရည်းစားရှာနေတာလဲ"

လုဟန်၏ မောက်မာသော အမူအရာကို ကြည့်ပြီး ကျိုးဟောက်ယွီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကာ သူ့ကို ထိုးကြိတ်ပစ်ချင်စိတ် ပေါက်နေသည်။

သို့သော် သူ၏ ရည်းစားဟောင်းရှေ့တွင် ဤကဲ့သို့ ရိုင်းစိုင်းစွာ မပြုမူချင်ပေ။

"ငါ့ကားနောက်ဖုံးထဲမှာ ပိုက်ဆံတွေ အပြည့်ရှိတယ်ဆိုတာ မင်းကို ပြောပြဖို့ လိုဦးမလား"

ကျိုးဟောက်ယွီ အေးစက်သော မျက်နှာပေးဖြင့် ပြောလိုက်၏။

"ဟားဟား"

လုဟန် တဟားဟား ရယ်မောလိုက်ပြီး တုန်းယွဲ့ယွဲ့ကို လှည့်မေးသည်။

"အချစ်လေး သူက ကားနောက်ဖုံးထဲမှာ ပိုက်ဆံတွေ အပြည့်ရှိတယ်တဲ့၊ မင်း ယုံလား"

တုန်းယွဲ့ယွဲ့သည် မည်သို့ပြန်ပြောရမှန်းပင် မသိဘဲ ရှုံ့မဲ့မဲ့သာ ပြုံးပြနိုင်တော့၏။

လုဟန်၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရသောအခါ ကျိုးဟောက်ယွီသည် အားကိုးရာမဲ့သလို ခံစားလိုက်ရပြီး အေးတိအေးစက် ပြောလိုက်သည်။

"သူမက ငါနဲ့ ဘာမှမဆိုင်တော့ဘူး၊ မင်းကိုလည်း ဘာမှ သက်သေပြနေဖို့ မလိုဘူး"

သူသည် ထိုစကားများကို ချန်ထားရစ်ကာ တုန်းယွဲ့ယွဲ့ကို သူစိမ်းတစ်ယောက်ကဲ့သို့ သဘောထားပြီး ကျောခိုင်းထွက်ခွာလာခဲ့၏။

"ရပ်လိုက်စမ်း"

နောက်ကွယ်မှ လုဟန်၏ နားငြီးဖွယ်ကောင်းသော အသံ ထွက်ပေါ်လာသည်။

"မင်းမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်ဆိုမှတော့ ငါတို့ကို ထုတ်ပြဦးလေ"

လုဟန် လှောင်ပြုံးဖြင့် ပြောလိုက်၏။

ကျိုးဟောက်ယွီ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်သည်။

"ငါ့မှာ ပိုက်ဆံတွေ အပြည့်ရှိတယ်၊ မင်းကိုယ်တိုင် လာကြည့်လိုက်"

ကျိုးဟောက်ယွီ လှည့်ကြည့်ကာ မဆင်မခြင် အော်ပြောလိုက်မိ၏။

လုဟန်သည် ကျိုးဟောက်ယွီကို အရူးတစ်ယောက်အား သနားသကဲ့သို့ ကြည့်လိုက်ပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

"ကောင်းပြီ၊ ဒါဆိုရင်လည်း ပြပါဦး၊ သွားကြည့်ကြတာပေါ့"

လုဟန်မှာ ရယ်လွန်းသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။

သူ၏ မျက်နှာမှာ ရယ်လွန်းသဖြင့် နီမြန်းနေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ သွားကြိတ်လျက် စိတ်ထဲမှ ကျိန်ဆဲနေမိ၏။

'တောက်၊ ဒီကောင် ရယ်ရင်းနဲ့ အသက်ရှူရပ်ပြီး သေသွားရင် ကောင်းမှာပဲ’

ပြောပြီးသား စကားသည် သွန်ပြီးသား ရေကဲ့သို့ ပြန်ယူ၍ မရတော့ပေ။

အထူးသဖြင့် ဤကဲ့သို့ အခြေအနေမျိုးတွင် ကျိုးဟောက်ယွီ ပိတ်မိနေပြီ ဖြစ်သည်။ သူ လှည့်ထွက်လာခဲ့ပြီး ကားနောက်ဖုံးထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။

All Chapters