အခန်း (၃-၄)
Vol. 1 Ch. 3-4
3
စိတ်လိုက်မာန်ပါ စကားကြမ်းများ ပြောထွက်သွားခဲ့မိသော်ငြား မိမိတွင် ထိုမျှလောက်သော ငွေကြေးပမာဏ မရှိနိုင်မှန်း ကျိုးဟောက်ယွီ ကိုယ့်ကိုကိုယ် သိနေသည်။ သူ၏ ဆန့်တန်းထားသော လက်အစုံမှာ တုန်ရီနေပြီး ကားနောက်ဖုံးကို ဖွင့်ရန် တွန့်ဆုတ်နေမိ၏။
လုဟန် ကျိုးဟောက်ယွီ၏ တုံ့ဆိုင်းမှုကို သတိထားမိသွားကာ အေးစက်စွာ ပြောလိုက်သည်။
"ဘာလို့လဲ၊ မြန်မြန်ဖွင့်ပြီး ငါတို့ကို ပြလိုက်စမ်းပါဦး"
ကျိုးဟောက်ယွီသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရင်း စိတ်ထဲမှ ဆုတောင်းနေမိ၏။
'မြတ်စွာဘုရား၊ ကျွန်တော်က အမြဲတမ်း အဘွားအိုတွေကို လမ်းကူးပေးတတ်တဲ့သူပါ၊ ဒီတစ်ခါတော့ ကျွန်တော့်ကို ကယ်မတော်မူပါဦး'
သူသည် ရင်ဘတ်ကို လက်ဝါးကပ်တိုင်ပုံစံ အမှတ်အသားပြုနေမိသော်လည်း ကားနောက်ဖုံးကို ဖွင့်ရန် သတ္တိမရှိသေးပေ။
လုဟန် ရှေ့သို့ တိုးလာပြီး ကျိုးဟောက်ယွီကို ဘေးသို့ တွန်းဖယ်လိုက်ကာ ဆိုလိုက်၏။
"ဒီလောက်အထိ ကြွားလုံးထုတ်ရဲအောင် ဘယ်သူက မင်းကို သတ္တိတွေ ပေးထားတာလားဆိုတာ ငါ ကြည့်ရသေးတာပေါ့"
"ဟင်"
လုဟန် ကားနောက်ဖုံးကို ဖွင့်လိုက်သည့် တခဏတွင် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ မှင်တက်သွားကြတော့သည်။
ကားနောက်ဖုံးအတွင်း၌ စနစ်တကျ စီထားသော ငွေထုပ်များမှာ တောင်ပုံရာပုံ ဖြစ်နေ၏။
ကျိုးဟောက်ယွီသည်လည်း တစ်သက်နှင့်တစ်ကိုယ် ဤမျှလောက်သော ငွေပုံကြီးကို မမြင်ဖူးခဲ့ပေ။ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ ပါးစပ်မှာလည်း ကြက်ဥတစ်လုံး ငုံထားနိုင်လောက်သည်အထိ အံ့ဩတကြီး ဟစိစိ ဖြစ်သွားရသည်။
တုန်းယွဲ့ယွဲ့မှာ ထိုမျှများပြားသော ငွေပုံကြီးကို မြင်သောအခါ ဆွံ့အသွားပြီး သူမ၏ မျက်နှာတွင် ဖော်ပြရခက်သော ခံစားချက်ပေါင်းစုံ ရောပြွမ်းသွားတော့၏။
သူမနှင့် ကျိုးဟောက်ယွီ တွဲခဲ့သမျှ နှစ်ကာလတစ်လျှောက် ချိန်းတွေ့တိုင်း ယွမ်နှစ်ရာထက် ပို၍ မသုံးဖူးခဲ့ပေ။
ယခုမူ သူ၏ ကြွယ်ဝမှုကို မြင်လိုက်ရသောအခါ သူသည် မိမိကိုယ်ကိုယ် ဖုံးကွယ်ထားသော သူဌေးသားတစ်ဦး ဖြစ်နိုင်သည်ဟု သူမ သံသယဝင်လာပြီး နောင်တတရားတို့ သူမ၏ ရင်ထဲသို့ လှိုင်းလုံးကြီးများနှယ် ရိုက်ခတ်လာတော့သည်။
"နင့်၊ နင့်မှာ ဘာလို့ ဒီလောက် ပိုက်ဆံတွေ အများကြီး ရှိနေရတာလဲ"
တုန်းယွဲ့ယွဲ့ တုန်ရီနေသော အသံဖြင့် ကျိုးဟောက်ယွီကို အံ့ဩတကြီး စိုက်ကြည့်ရင်း မေးလိုက်၏။
"ဟ"
ကျိုးဟောက်ယွီက အေးစက်စက် ရယ်လိုက်ရင်း တွေးနေမိသည်။
'ငါက ယေရှုကို သိပ်ယုံကြည်ခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်း အရေးကြုံလာတော့ မြတ်စွာဘုရားကမှ အားကိုးရဆုံးပဲ'
ယခုမူ ငွေပုံကြီးကို ပိုင်ဆိုင်ထားပြီ ဖြစ်သဖြင့် ကျိုးဟောက်ယွီသည် မိမိပြောချင်ရာကို အသံကျယ်ကျယ်ဖြင့် အရှိန်အဝါရှိရှိ ပြောနိုင်ပြီဖြစ်၏။
"ယွဲ့ယွဲ့ အခုတော့ မင်း နောင်တရနေပြီ မဟုတ်လား"
ကျိုးဟောက်ယွီ၏ မျက်နှာတွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ အမူအရာများ ရှိနေသော်လည်း သူ၏ မျက်လုံးများထဲတွင်မူ လှောင်ပြောင်ရိပ်များ ပါဝင်နေသည်။
"ငါ"
တုန်းယွဲ့ယွဲ့မှာ စကားပင် မဆိုနိုင်တော့ဘဲ သူမ၏ ဦးနှောက်တစ်ခုလုံး ရှုပ်ထွေးသွား၏။
ကျိုးဟောက်ယွီသည် တစ်နေ့တွင် ဤမျှလောက်သော ငွေပုံကြီးကို ဖန်တီးနိုင်လိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
သို့သော် သူမကိုယ်တိုင်က သူ့ကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ပြီးပြီ ဖြစ်သဖြင့် ယခုအချိန်တွင် မည်သို့သော မျက်နှာမျိုးဖြင့် နောက်ပြန်လှည့်နိုင်ပါတော့မည်နည်း။
ထိုမျှများပြားသော ငွေပုံကြီးကို မြင်လိုက်ရသောအခါ လုဟန်သည်လည်း တုန်လှုပ်သွားရသည်။
သူ ဤမျှလောက်သော ငွေကြေးကို မမြင်ဖူး၍ မဟုတ်သော်လည်း ကျိုးဟောက်ယွီကဲ့သို့ လူစားမျိုးက ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခြင်း ဖြစ်၏။
ဘေးနားတွင် မျက်နှာပျက်နေသော တုန်းယွဲ့ယွဲ့ကို သတိပြုမိသွားကာ လုဟန် သူမ၏ ပုခုံးကို ဖက်လိုက်ပြီး အထင်သေးစွာ ပြောလိုက်သည်။
"ဟေ့ ငမွဲ မင်း ဘဏ်ကို သွားလုလာတာလား၊ ဒါမှမဟုတ် ဒီပိုက်ဆံတွေက အတုတွေလား"
ကျိုးဟောက်ယွီသည် ထိုပိုက်ဆံများ အစစ်လား၊ အတုလားဆိုသည်ကို စဉ်းစားနေရန် အချိန်မရှိချေ။ လုဟန်နှင့် တုန်းယွဲ့ယွဲ့တို့၏ အံ့အားသင့်နေသော မျက်နှာပေးများကို ကြည့်ကာ သူ ကျေနပ်မှုကို ခံစားနေရ၏။
"ဘာလဲ၊ မင်းရဲ့ သူဌေးတွေကို မနာလိုဖြစ်တဲ့ စိတ်တွေ ပေါ်လာပြီလား၊ ငါက မင်းထက် ချမ်းသာနေတာကို မခံစားနိုင်ဘူး ဖြစ်နေတာလား"
ကျိုးဟောက်ယွီ မောက်မာစွာဖြင့် ပြုံးလိုက်သည်။
ယခုမူ သူသည် လုဟန်ကို အထင်သေးသော မျက်လုံးများဖြင့် ပြန်လည်ကြည့်ပိုင်ခွင့် ရှိသွားပြီဖြစ်၏။
တုန်းယွဲ့ယွဲ့မှာ ကျိုးဟောက်ယွီ၏ ရှေ့တွင် အရှက်ရနေမိကာ ပြောလိုက်သည်။
"ဟောက်ယွီ နင် အခု ပြန်ပါတော့၊ နောက်နောင် ဘဝကို ကောင်းကောင်း ဖြတ်သန်းပြီး ငါ့ကို မေ့လိုက်ပါတော့"
"ဆောရီးပဲ၊ ငါက မင်းကို တစ်ခါမှ မှတ်မထားခဲ့ဖူးဘူး"
ကျိုးဟောက်ယွီ မည်သို့မှမဖြစ်သလို ဟန်ဆောင်ကာ နားကို လက်ဖြင့် ကလော်ရင်း ပြောလိုက်၏။
တုန်းယွဲ့ယွဲ့ စကားပြောပြီးနောက် ကျိုးဟောက်ယွီနှင့် မည်သို့မျှ မပတ်သက်ချင်တော့သဖြင့် လုဟန်နှင့်အတူ ထွက်သွားချင်နေသည်။
သို့သော် ဘေးပတ်ဝန်းကျင်ရှိ လူများက လက်ညှိုးထိုးကာ တိုးတိုးတိုးတိုး ပြောနေကြသည်ကို လုဟန် သတိထားမိသွား၏။
ထို့ပြင် ကျိုးဟောက်ယွီ၏ မောက်မာသော အမူအရာက သူ့ကို ဒေါသထွက်စေသည်။
တစ်စုံတစ်ယောက်က မိမိရှေ့တွင် လာကြွားနေသည်မှာ သူ့အတွက်တော့ စော်ကားမှုတစ်ခုပင်။
"ရယ်စရာပဲ၊ မင်းက ငါ့ထက် ချမ်းသာတယ်လို့ ထင်နေတာလား"
လုဟန် ကားနောက်ဖုံးကို လက်ညှိုးထိုးပြရင်း လှောင်ရယ်လိုက်၏။
"ဒီလောက် ပိုက်ဆံလေးက ငါ့အိမ်ဖော်ကို ပေးတဲ့ မုန့်ဖိုးလောက်တောင် မရှိပါဘူးကွာ"
ကျိုးဟောက်ယွီ ပြုံးလျက် ခေါင်းခါပြီး ဆိုလိုက်သည်။
"မင်းကတော့ သမိုင်းမှာ အနုပညာဆန်ဆန် အကြွားနိုင်ဆုံးလူပဲ၊ ငါက ဒီပိုက်ဆံလေးကို ဂရုစိုက်နေမယ်လို့ မင်း ထင်နေတာလား"
ထိုအချိန်တွင် ကျိုးဟောက်ယွီ၏ ဒေါသမှာ ငုပ်လျှိုးမသွားဘဲ ပို၍ ထွက်လာ၏။
လုဟန်၏ မနားတမ်း စော်ကားပြောဆိုမှုများက သူ့ကို စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့သည်။
"မင်းတို့ အစ်ကိုကြီးရဲ့ ဝါသနာက ဘာလဲဆိုတာ မင်း သိလား"
ကျိုးဟောက်ယွီသည် ငွေထုပ်တစ်ထုပ်ကို ဆွဲထုတ်လိုက်ပြီး လုဟန်ကို တစ်ချက်ကြည့်လိုက်၏။
လုဟန်မှာ ကျိုးဟောက်ယွီ မည်သည့်အရာအား လုပ်မည်ကို မသိသဖြင့် ကြောင်တောင်တောင် ဖြစ်သွားရသည်။
"ငါ ပြောပြမယ်၊ ငါ့ဝါသနာက ပိုက်ဆံတွေကို လွှင့်ပစ်ရတာပဲကွ"
ကျိုးဟောက်ယွီ အော်ဟစ်လိုက်ရင်း ပိုက်ဆံများကို ကောင်းကင်ပေါ်သို့ ကျဲပက်လိုက်၏။
ချက်ချင်းပင် ပိုက်ဆံမိုးများ ရွာချလာသကဲ့သို့ ဖြစ်သွားသည်။
"ပိုက်ဆံတွေဟ၊ မြန်မြန် ပိုက်ဆံတွေ ကောက်ကြဟေ့"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ပိုက်ဆံများကို အလုအယက် လိုက်ကောက်ကြတော့၏။
တုန်းယွဲ့ယွဲ့သည် ကြာမြင့်စွာ မှင်တက်နေပြီးနောက် သတိဝင်လာကာ ကျိုးဟောက်ယွီကို အော်ပြောလိုက်သည်။
"နင် ရူးနေတာလား၊ တခြားလူတွေ ကောက်ဖို့အတွက် ပိုက်ဆံတွေကို ဘာလို့ လွှင့်ပစ်နေရတာလဲ"
တုန်းယွဲ့ယွဲ့၏ ပျာပျာသလဲ ဖြစ်နေသော မျက်နှာပေးကို မြင်သောအခါ ကျိုးဟောက်ယွီသည် ကျေနပ်မှုကို ခံစားလိုက်ရပြီး တဟားဟားပင် ရယ်မောပစ်ချင်စိတ် ပေါက်သွား၏။
"ငါ ပျော်လို့ လုပ်တာလေ၊ မင်းနဲ့ ဘာဆိုင်လို့လဲ"
ကျိုးဟောက်ယွီ။မျက်နှာထားတင်းတင်းဖြင့် အော်လိုက်၏။
တုန်းယွဲ့ယွဲ့သည် လူအုပ်ကြီးမှ ပိုက်ဆံများကို အလုအယက် ကောက်နေကြသည်ကို ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေတော့သည်။
"ဟောက်ယွီ နင် ငါ့ကို မုန်းတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ဒီလို နှိပ်စက်စရာ မလိုပါဘူး"
တုန်းယွဲ့ယွဲ့ စိုးရိမ်တကြီး ပြောလိုက်၏။
"ဟား၊ ရုပ်ဆိုးတဲ့မင်းက ဒီလောက်အထိ ယုံကြည်ချက် လွန်ကဲနေလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ ငါက မင်းအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရမယ်ဟုတ်လား၊ ပြောလိုက်မယ်၊ မင်းမှာ အဲဒီလောက် တန်ဖိုး မရှိဘူး"
ကျိုးဟောက်ယွီ တုန်းယွဲ့ယွဲ့ကို လက်ညှိုးထိုးကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
ကျိုးဟောက်ယွီ တုန်းယွဲ့ယွဲ့အား ပြန်လည် တိုက်ခိုက်နေသည်ကို မြင်သောအခါ လုဟန် ဒေါသတကြီး ရှေ့သို့ တိုးလာပြီး ပြောလိုက်၏။
"မင်းက ဟန်ပြလုပ်နေတာပဲ၊ မင်း တကယ် စွမ်းတယ်ဆိုရင် အကုန်လုံးကို လွှင့်ပစ်လိုက်စမ်းပါ၊ မင်း ဘယ်လောက် စွမ်းလဲဆိုတာ ငါ့ကို ပြလိုက်ဦး"
ဤသည်မှာ ကျိုးဟောက်ယွီအတွက် မီးလောင်ရာ လေပင့်လိုက်သကဲ့သို့ ဖြစ်သွားသည်။
သူသည် လုဟန်ကို စိုက်ကြည့်လိုက်ပြီး ပိုက်ဆံများကို လက်တစ်ဆုပ်စာစီ ဆွဲယူကာ အပြင်သို့ ပစ်ထုတ်လိုက်တော့သည်။
‘နာကျင်လိုက်တာ’
ထိုစူးရှသော နာကျင်မှုကြောင့် ကျိုးဟောက်ယွီမှာ စိတ်ကို လုံးဝ မထိန်းနိုင်တော့ပေ။
ကျိုးဟောက်ယွီ၏ အဓိပ္ပာယ်မဲ့သော ဆုံးဖြတ်ချက်ကို မြင်သောအခါ တုန်းယွဲ့ယွဲ့က တားဆီးရန် ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။
"တော်တော့၊ ဒီလောက်နဲ့ ရူးနေတာကို ရပ်လိုက်စမ်းပါ"
"ငါ ကျဆုံးနေချိန်မှာ မင်း ငါ့ဘေးမှာ မရှိခဲ့ဘူး၊ အခု ငါ ပြန်ပြီး တောက်ပလာချိန်မှာ မင်းက ငါ့ကို ဘာလာပြောနေတာလဲ"
ကျိုးဟောက်ယွီ တုန်းယွဲ့ယွဲ့ကို တွန်းဖယ်လိုက်ပြီး စိုက်ကြည့်ကာ ပြောလိုက်၏။
"နောက်နောင် ငါတို့က သူစိမ်းတွေပဲ၊ ငါ့ကို ဘာလုပ်ရမယ်ဆိုတာ ခိုင်းစေဖို့ မင်းမှာ အခွင့်အရေး မရှိဘူး"
"ငါတို့ရဲ့ အတိတ်က သံယောဇဉ်ကို ငဲ့ပြီးတော့တောင် နင် ကိုယ့်ကိုကိုယ် မထိန်းနိုင်တော့ဘူးလား"
တုန်းယွဲ့ယွဲ့ မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။
တုန်းယွဲ့ယွဲ့၏ မျက်ရည်စက်လက်နှင့် မျက်နှာကို မြင်သော်လည်း ကျိုးဟောက်ယွီမှာ သနားစိတ် အနည်းငယ်မျှ မရှိပေ။
"ငါ့ကို ချစ်သလိုလိုနဲ့ လာဟန်မဆောင်နဲ့၊ ရွံစရာကောင်းလိုက်တာ"
ကျိုးဟောက်ယွီ၏ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေပြီး သူ၏ ဒေါသများမှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားတော့သည်။
ကျိုးဟောက်ယွီ တကယ်ပင် ပိုက်ဆံများကို ဤကဲ့သို့ ကျဲပက်လိမ့်မည်ဟု လုဟန် မမျှော်လင့်ထားခဲ့ပေ။ သူ မှင်တက်လျက် စကားပင် မဆိုနိုင်တော့ချေ။
တုန်းယွဲ့ယွဲ့ကို တွန်းဖယ်လိုက်ပြီးနောက် ကျိုးဟောက်ယွီသည် ရူးသွပ်သွားသကဲ့သို့ ပိုက်ဆံများကို လေထဲသို့ အရူးအမူး ကျဲပက်နေ၏။
ထိုပိုက်ဆံများ မည်သည့်နေရာက ရောက်လာသည်ကိုလည်း သူ မသိသလို၊ တစ်ခဏအတွင်း လေထဲတွင် ပျောက်ကွယ်သွားမည်လား ဆိုသည်ကိုလည်း သူ မသေချာပေ။
သို့သော် ထိုအချိန်တွင် ပိုက်ဆံများကို ကျဲပက်လိုက်ရခြင်းမှာ ဒဏ်ရာရထားသော သူ၏ နှလုံးသားအတွက် အကြီးမားဆုံးသော နှစ်သိမ့်မှုနှင့် ကျေနပ်မှုကို ပေးစွမ်းနေခဲ့သည်။
ပိုက်ဆံကျဲရခြင်းမှာ ဤမျှလောက်အထိ ပင်ပန်းသော အလုပ်ဖြစ်မှန်း ကျိုးဟောက်ယွီ ယခုမှပင် သိလိုက်ရသည်။ အချိန် မည်မျှ ကုန်ဆုံးသွားသည်ကို မသိသော်လည်း ကားနောက်ဖုံးရှိ ပိုက်ဆံအားလုံး ကုန်သွားခဲ့လေပြီ။
ကျိုးဟောက်ယွီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မြေပြင်ပေါ်တွင် ထိုင်ငိုနေသော တုန်းယွဲ့ယွဲ့ကို သနားစိတ် အနည်းငယ်မျှ မရှိဘဲ တစ်ချက်ကြည့်ကာ ကားမောင်းထွက်လာခဲ့၏။
"ငါက တောမြင်းရိုင်းတစ်ကောင်ကို ချစ်မိသွားခဲ့တယ်၊ ဒါပေမဲ့ ငါ့အိမ်မှာတော့ မြက်ခင်းပြင် မရှိဘူး၊ အဲဒါက ငါ့ကို မျှော်လင့်ချက်မဲ့စေတယ်၊ မစ္စတုန်း"
ဤသီချင်းကို နားထောင်ရင်း ကျိုးဟောက်ယွီသည် မိမိ၏ ဦးခေါင်းပေါ်တွင် ကျယ်ပြောလှသော မြက်ခင်းစိမ်းကြီး (ဖောက်ပြန်ခံရခြင်း၏ သင်္ကေတ) တစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
4
ကျိုးဟောက်ယွီ လမ်းဘေးတွင် ကားရပ်လိုက်ပြီး အမိုးကို ငေးကြည့်ရင်း ကြောင်တောင်တောင် ရေရွတ်နေမိသည်။
"ဟိုပိုက်ဆံတွေက ဘယ်က ရောက်လာတာလဲ"
သူ ကားထဲတွင် ထိုင်နေရင်း ယနေ့မနက် အိမ်ကထွက်လာကတည်းက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားကြည့်၏။
သို့သော် ယနေ့သည်လည်း ထုံးစံအတိုင်းပင် ဖြစ်ပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့သည်ကို တွေ့လိုက်ရသည်။
"မဟုတ်ဘူး၊ ဒါ ထန်စန်းကျန့်တို့ ဆရာတပည့်တွေနဲ့ သေချာပေါက် ပတ်သက်နေရမယ်"
ကျိုးဟောက်ယွီ ဖုန်းကို အမြန်ထုတ်ကြည့်လိုက်ရာ မျက်နှာပြင်ပေါ်ရှိ မျောက်အမွေးမှာ ပျောက်ဆုံးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မှင်တက်သွား၏။
ကျူးပါကျဲ ပြောခဲ့သော စကားများက သူ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
'ဟိုပိုက်ဆံတွေက တကယ်ပဲ မျောက်အမွေးကနေ ပြောင်းလဲသွားတာလား'
ကျိုးဟောက်ယွီသည် တွေးလေလေ နောင်တရလေလေ ဖြစ်လာပြီး မိမိကိုယ်မိမိ ပါးရိုက်ချင်စိတ်ပင် ပေါက်လာကာ တိုးတိုးလေး ညည်းညူနေမိသည်။
"ငါ ခုနက တကယ်ကို ရူးသွားတာပဲ၊ နည်းနည်းလောက် ချန်ထားခဲ့သင့်တာ"
‘တောင်’
ကျိုးဟောက်ယွီ ရင်ကွဲမတတ် ခံစားနေရချိန်မှာပင် ဖုန်းထဲ၌ နောက်ထပ် အငှားယာဉ်ခေါ်ဆိုမှုတစ်ခု တက်လာပြန်၏။
‘ဘဝက ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ၊ ရှေ့ဆက်ရဦးမည် မဟုတ်ပါလား’
ကျိုးဟောက်ယွီ စိတ်ဓာတ်ပြန်တက်ကြွလာစေရန် နှာခေါင်းကို တစ်ချက်ပွတ်လိုသည်။
သို့သော် ခေါ်ဆိုသူ၏ အမည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားရပြန်၏။
“လောင်ဇီလား၊ ဘာကြီးလဲဟ၊ နောက်ထပ် အရူးတစ်ယောက် ပြန်လာတာလား"
ကျိုးဟောက်ယွီ၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတများစွာ ပေါ်လာသည်။
သူ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဤအရာများသည် ယုတ္တိမရှိသယောင် ထင်ရသော်လည်း တကယ်ဖြစ်ပျက်နေသည်ဟု ခံစားလာရ၏။
"ငါ့ရဲ့ စနစ်က တကယ်ပဲ နတ်ဘုရားတွေနဲ့ ဆက်သွယ်ပေးနေတာလား"
ကျိုးဟောက်ယွီ တဖြည်းဖြည်း ယုံကြည်လာရင်း ရေရွတ်လိုက်သည်။
စွန်းဝူခုန်းပေးသော မျောက်အမွေးမှ ပိုက်ဆံအဖြစ် ပြောင်းလဲသွားသည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
ကျိုးဟောက်ယွီ ဖုန်းကို စင်ပေါ်တွင် တင်လိုက်ပြီးနောက် ဝမ်းသာအားရဖြင့် ထွက်ခွာလာခဲ့၏။
ထို့နောက် သူ စတင် စိတ်ကူးယဉ်နေမိသည်။
‘စွန်းဝူခုန်းက ပိုက်ဆံပြောင်းပေးနိုင်သည့် အမွေးကို ပေးခဲ့ပြီဆိုလျှင် အခု လောင်ဇီကရော ဘယ်လို ရတနာမျိုး ပေးမလဲ’
သတ်မှတ်ထားသော နေရာသို့ ရောက်သောအခါ ဖြူဖွေးသော ဆံပင်ရှိသော်လည်း နုပျိုသော မျက်နှာထားရှိသည့်၊ ရိုးရိုးရှင်းရှင်း အဝတ်အစားများ ဝတ်ဆင်ထားသော သက်ကြီးရွယ်အိုတစ်ဦး သူ၏ ကားထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။
ထိုသူက ကားတံခါးဖွင့်၍ တက်လာသောအခါ ကျိုးဟောက်ယွီ အေးစက်စွာ ပြောလိုက်သည်။
"ဆောရီးပါ အဘိုး၊ ဒါက တက္ကစီ မဟုတ်ဘူးဗျ၊ ကျွန်တော်က ကြုံသလို တင်ပေးလို့ မရဘူး၊ အဘိုး တက္ကစီ စီးချင်ရင် ဟို လမ်းဘေးမှာ အမိုးပေါ်မှာ 'Taxi' ဆိုတဲ့ ဆိုင်းဘုတ်ပါတဲ့ ကားတွေကိုပဲ တားစီးပါခင်ဗျာ၊ ကျေးဇူးတင်ပါတယ်"
"ငါက အမှာစာ တင်ထားတာလေ၊ ဘာလို့ တက်လို့ မရရမှာလဲ"
လောင်ဇီ ကျိုးဟောက်ယွီကို ကြောင်ကြည့်လျက် ပြန်မေး၏။
ကျိုးဟောက်ယွီသည်လည်း ကြောင်သွား၏။ သူသည် ရှေ့မှ အဘိုးအိုကို သေသေချာချာ အကဲခတ်လိုက်ရင်း တွေးနေမိသည်။
'ဒါက လောင်ဇီဆိုတဲ့ နတ်ဘုရား မဟုတ်ဘူးလား၊ ဒါပေမဲ့ ဒီအဘိုးကြီးမှာ နတ်ဘုရား အရှိန်အဝါ တစ်စက်မှ မရှိပါလား’
လောင်ဇီ ကျိုးဟောက်ယွီ၏ ဇဝေဇဝါ ဖြစ်နေမှုကို သတိထားမိသွားကာ ကြင်နာစွာ ပြုံးပြရင်း ပြောလိုက်၏။
"လူငယ်လေး မဝေခွဲနိုင် မဖြစ်ပါနဲ့၊ ငါက လောင်ဇီပါပဲ"
"အဘိုးက လောင်ဇီ ဟုတ်လား"
လောင်ဇီ၏ တည်ကြည်လှသော မျက်နှာပေးကို ကြည့်ပြီး ကျိုးဟောက်ယွီမှာ မအောင့်နိုင်ဘဲ တဟားဟား ရယ်မိတော့သည်။
အမှန်စင်စစ် သူ ထင်မှတ်ထားသော လောင်ဇီနှင့် ယခု မြင်တွေ့နေရသူမှာ ကွာခြားလွန်းလှ၏။
သူ၏ စိတ်ကူးထဲတွင်မူ မြင့်မြတ်ပြီး ဣန္ဒြေကြီးမားသော နတ်ဘုရားတစ်ပါးအဖြစ် ပုံဖော်ထားသော်လည်း ယခု လူမှာမူ ပင်စင်စား အဘိုးကြီးတစ်ဦးနှင့်သာ တူနေသည်။
"အဘိုးက လောင်ဇီလို့ ပြောရဲတယ်ပေါ့၊ လာနောက်မနေပါနဲ့ဗျာ၊ အနည်းဆုံးတော့ မိတ်ကပ်လေး ဘာလေး သေချာလိမ်းလာဦးမှပေါ့၊ ပြီးတော့ ဝတ်ထားတဲ့ အဝတ်အစားကရော ဘာကြီးလဲ"
ကျိုးဟောက်ယွီ လောင်ဇီကို ခြေဆုံးခေါင်းဆုံး ဝေဖန်လိုက်၏။
လောင်ဇီမှာမူ စိတ်မဆိုးဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဖြည်းဖြည်းချင်း ပြောပြသည်။
"ခုနတင်ပဲ ရုပ်ရှင်ဒါရိုက်တာဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံခဲ့သေးတယ်၊ သူက အနောက်အရပ်သို့ ခရီးသွားခြင်းရဲ့ နောက်ဆက်တွဲ ရိုက်မလို့တဲ့လေ၊ ငါ ဝတ်ထားတဲ့ အဝတ်အစားတွေက သူ စိတ်ကူးထားတဲ့ ဝတ်စုံနဲ့ ကွက်တိပဲဆိုပြီး ဇွတ် ဝယ်ချင်နေတာ၊ ငါလည်း ရေစက်ဆုံတယ်ဆိုပြီး ပေးလိုက်တာ၊ အခု ဒီဝတ်စုံကို သူက ပြန်ဝယ်ပေးလိုက်တာပေါ့"
ထို့နောက် သူသည် မိမိ၏ အဝတ်အစားသစ်ကို ငုံ့ကြည့်ရင်း ကျေနပ်နေပုံရ၏။
ကျိုးဟောက်ယွီမှာတော့ ရှုံ့မဲ့မဲ့ဖြင့် တွေးမိသည်။
"ဒါကတော့ တကယ့်ကို ယုတ္တိမရှိလွန်းရာ ကျနေပြီ"
မည်သို့ပင် ကြည့်စေကာမူ ဤလူမှာ အားကိုးရမည့်ပုံ မရှိဟု ကျိုးဟောက်ယွီ ခံစားနေရဆဲ ဖြစ်၏။
"ကျွန်တော်ကတော့ မယုံသေးဘူးဗျ၊ အဘိုး တကယ် လောင်ဇီ ဖြစ်ကြောင်း သက်သေပြနိုင်မှ ယုံမယ်"
ကျိုးဟောက်ယွီ သံသယ မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းကတော့ တော်တော် ခေါင်းမာတဲ့ ကောင်လေးပဲ"
လောင်ဇီ သူ၏ ဖုန်းကို ထုတ်ပေးလိုက်ရင်း ဆို၏။
"ကြည့်လိုက်ဦး၊ ဒါ ငါ တင်ထားတဲ့ အမှာစာ မဟုတ်လား"
ဖုန်းထဲတွင် မိမိ၏ အမှာစာ ဖြစ်နေသည်ကို ကျိုးဟောက်ယွီ တွေ့လိုက်ရသော်လည်း ပရိုဖိုင်ပုံမှာ ရှေ့မှ လူနှင့် လုံးဝ မတူသည်ကို သတိထားမိသွားပြန်သည်။
"ကျွန်တော့်ကို လာမလိမ်နဲ့ဦး၊ ဒီပရိုဖိုင်ပုံကို ကြည့်ဦး၊ အဘိုးနဲ့ တစ်စက်မှ မတူဘူး"
ကျိုးဟောက်ယွီ ဖုန်းကို ပြန်ပေးလိုက်ပြီး သူ့ကို ကားပေါ်မှ နှင်ချရန် ပြင်လိုက်၏။
"နေဦး"
လောင်ဇီ သူ၏ ဆံပင်ကို သေသေချာချာ ပြန်သပ်လိုက်ပြီး ဖုန်းကို မျက်နှာနားကပ်ကာ ကျိုးဟောက်ယွီကို ကြည့်လျက် မေးလိုက်သည်။
"အခု ပြန်ကြည့်ဦး၊ အတူတူပဲ မဟုတ်လား"
"အတူတူပဲ ဟုတ်လား၊ ဆံပင်ပုံစံကလွဲရင် မျက်နှာက ဘယ်နား သွားတူလို့လဲ"
ကျိုးဟောက်ယွီ လောင်ဇီကို လက်ညှိုးထိုးကာ စစ်မေးလိုက်၏။
"အမှန်အတိုင်း ပြောစမ်းပါ၊ အဘိုး ဒီဖုန်းကို ကောက်ရလာတာလား၊ ဒါမှမဟုတ် ကျွန်တော့်ကို တစ်ခုခု လုပ်ထားတာလား"
လောင်ဇီမှာ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်လိုက်ပြီး ချက်ချင်းပင် နှုတ်ခမ်းဆူပြကာ လက်နှစ်ချောင်းထောင်လျက် ရေရွတ်လိုက်သည်။
"ကဲ ကြည့်ဦး၊ အခုတော့ တူသွားပြီ မဟုတ်လား"
လောင်ဇီကဲ့သို့ အသက်အရွယ်ကြီးရင့်သူတစ်ဦးက မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ ချစ်စရာကောင်းအောင် လုပ်ပြနေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီမှာ မအောင့်နိုင်ဘဲ ပြန်လည် ရယ်မောမိ၏။
"ဟေး လောင်ဇီ အဘိုးရဲ့ ပရိုဖိုင်ပုံကို ဒီလောက်အထိ ချစ်စရာကောင်းအောင် မလုပ်ထားပါနဲ့လားဗျာ၊ အဘိုးက ကျွန်တော့်ကို ရယ်လွန်းလို့ သေအောင်လုပ်ပြီး ဒီကားစုတ်ကြီးကို အမွေဆက်ခံချင်လို့လား"
ကျိုးဟောက်ယွီမှာ ရယ်လွန်းသဖြင့် မျက်ရည်ပင် ထွက်လာတော့သည်။
ယခုမှပင် ဤအဘိုးကြီးမှာ တကယ့် လောင်ဇီ ဖြစ်ကြောင်း သူ ယုံကြည်သွားတော့၏။
သို့သော် လောင်ဇီမှ အတည်ပေါက် ပြောလိုက်သည်။
"နတ်ပြည်က အဘိုးကြီးတွေထဲမှာ ငါက ငယ်သေးတယ်လို့ ပြောလို့ရတယ်လေ၊ ငါက ဘာလို့ ချစ်စရာကောင်းအောင် မနေရမှာလဲ"
ကျိုးဟောက်ယွီ ကားစက်နှိုးလိုက်ရင်း ပြုံးလျက် ပြောလိုက်၏။
"လောင်ဇီ ချစ်စရာကောင်းအောင် လုပ်နေတာက ရှက်စရာကြီးဗျာ”
"ငါက ငါ့အရည်အချင်းနဲ့ ငါ ချစ်စရာကောင်းအောင် လုပ်တာလေ၊ မင်းက ဘာလို့ ရှက်စရာလို့ ပြောရတာလဲ"
လောင်ဇီက ခဏနားပြီး ဆက်ပြောသည်။
"ပြီးတော့ ငါ့ကို လောင်ဇီ လို့ပဲ ခေါ်ပါ၊ အဘိုးကြီးလို့ ခံစားရအောင် မလုပ်ပါနဲ့"
"ဟုတ်ကဲ့ပါ၊ ကျွန်တော် နားလည်ပါပြီ လောင်ဇီရေ"
ကျိုးဟောက်ယွီလည်း လွယ်လွယ်ကူကူပင် သဘောတူလိုက်၏။
လောင်ဇီ၏ မျက်နှာတွင် မကျေနပ်ရိပ် အနည်းငယ် ဖြတ်ပြေးသွားပြီးနောက် တစ်ယောက်တည်း ရေရွတ်လိုက်သည်။
"ထန်ထန်က ငါ့ကို မလိမ်ဘူးပဲ၊ လူ့ပြည်က ဒီကားတွေက တကယ့်ကို စီးလို့ ကောင်းတယ်"
သူ ထန်စန်းကျန့်အကြောင်း ပြောလိုက်သည်ကို ကြားသောအခါ ကျိုးဟောက်ယွီမှာ နောင်တများဖြင့် ပြည့်နှက်သွားပြီး တွေးနေမိ၏။
'ငါ တကယ်ပဲ နတ်ဘုရားတစ်ပါးနဲ့ ဆုံခဲ့တာပေါ့၊ ဟိုပိုက်ဆံတွေကလည်း အစစ်တွေပဲ၊ ငါ့လက်တွေက ဘာလို့ အဲဒီလောက် အားယားနေခဲ့တာလဲ၊ အကုန်လုံးကို ပေးပစ်လိုက်မိတယ်'
ကျိုးဟောက်ယွီ မိမိလက်ကို မိမိ ပြန်ရိုက်နေသည်ကို မြင်သောအခါ လောင်ဇီ ခေါင်းခါရင်း ဆိုလိုက်သည်။
"ဒီဘက်ခေတ် လူငယ်တွေကတော့ တကယ့်ကို ရက်စက်တာပဲ၊ စိတ်တိုရင် ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ရိုက်ကြတယ်"
"အဲဒါက"
ကျိုးဟောက်ယွီသည် သူ့ဘက်သို့ လှည့်ကာ ရှက်ကိုးရှက်ကန်း ကြည့်လိုက်မိ၏။
လမ်းတစ်လျှောက်တွင် ကျိုးဟောက်ယွီ လောင်ဇီနှင့် စကားစမြည် ပြောလာခဲ့သည်။
အကြိမ်ပေါင်းများစွာပင် ကျိုးဟောက်ယွီမှာ မည်သည်အား ပြန်ပြောရမှန်း မသိလောက်အောင် ဆွံ့အသွားရပြီး လောင်ဇီနှင့် စကားပြောရသည်မှာ အတော်လေး အနေရခက်နေသကဲ့သို့ ခံစားနေရ၏။
လိုရာခရီးသို့ ရောက်သောအခါ ကျိုးဟောက်ယွီသည် မျှော်လင့်ချက်အပြည့်ဖြင့် လောင်ဇီဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"လောင်ဇီ ရောက်ပါပြီခင်ဗျာ"
သူ၏ မျက်လုံးများမှာ လောင်ဇီထံမှ ကောင်းမွန်သော ရတနာတစ်စုံတစ်ရာ ရရှိလိမ့်နိုးဖြင့် စိုက်ကြည့်နေမိသည်။
"ဪ အင်း"
လူတိုင်း အံ့ဩသွားရသည်မှာ လောင်ဇီသည် သူ၏ ဖုန်းထဲမှ ခလုတ်အချို့ကို နှိပ်လိုက်ပြီးနောက် ကျိုးဟောက်ယွီ၏ ဖုန်းထဲသို့ ငွေဝင်လာသည့် အကြောင်းကြားစာ ရောက်ရှိလာခြင်းပင် ဖြစ်၏။
သူသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း လောင်ဇီကို ပြောလိုက်တော့သည်။
"အဘိုး၊ ကျွန်တော့်ကို ကြယ်ငါးပွင့်ရီဗျူးလေး ပေးဖို့ မမေ့နဲ့ဦးနော်"