အခန်း (၅-၆)
Vol. 1 Ch. 5-6
5
"တော်စမ်း၊ ငါ့ကို လာနောက်မနေနဲ့၊ ငါက အဲဒီလောက်အထိ အိုကြီးအိုမကြီး မဟုတ်သေးဘူး၊ ပြီးတော့ မင်းပြောတဲ့ ကြယ်ပွင့်ဆိုတာကိုလည်း အခုချက်ချင်း ပေးလို့မရသေးဘူး၊ ဒီလိုလုပ် ငါက ဒီနေ့ အရေးတကြီး သွားစရာရှိလို့ ထွေထွေထူးထူးတော့ မပေးတော့ဘူး၊ ရော့ ဒါကတော့ ဘယ်ရောဂါမဆို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းထက် 'မိုးကြိုးဆေးလုံး' ပဲ"
လောင်ဇီ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ကျိုးဟောက်ယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
မထွက်ခွာမီမှာပင် လောင်ဇီသည် ကျိုးဟောက်ယွီကို လျှို့ဝှက်ဆန်းပြားသော အပြုံးတစ်ခု ပြုံးပြခဲ့သေး၏။
ကျိုးဟောက်ယွီ မိမိလက်ဖဝါးပေါ်ရှိ မည်းနက်နေသောအရာကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်နေသည်။
"ဒီအဘိုးကြီး ငါ့ကို ချောကလက်နဲ့ လာလိမ်နေတာတော့ မဟုတ်ပါဘူးနော်"
တွေးလေလေ မယုံကြည်နိုင်လေဖြစ်သဖြင့် အစွမ်းရှိမရှိ သိရအောင် စားကြည့်ရန် ဆုံးဖြတ်လိုက်၏။
သို့သော် ဆေးလုံးကို ပါးစပ်ထဲ ထည့်ခါနီးတွင် ပြန်ထုတ်ကာ သိမ်းလိုက်သည်။
"တကယ်လို့ ဒါက တကယ် အစွမ်းထက်တဲ့ နတ်ဆေးဖြစ်နေရင် တန်ဖိုးက ဖြတ်နိုင်မှာ မဟုတ်ဘူး၊ ငါ အလဟဿ မဖြုန်းတီးနိုင်ပါဘူး"
ယခင်က သင်ခန်းစာကို မှတ်သားထားမိသဖြင့် ကျိုးဟောက်ယွီ ဆေးလုံးကို တစ်ချက်မှုတ်လိုက်ပြီး တစ်ရှူးနှစ်ရွက်ဖြင့် သေသေချာချာ ထုပ်ကာ အိတ်ကပ်ထဲသို့ ထည့်လိုက်၏။
သူသည် ထိုဆေးလုံးကို နောက်မှ ဆေးဆိုင်တစ်ဆိုင်တွင် သွားရောင်းရန် ဆုံးဖြတ်လိုက်ပြီး ချမ်းသာကြွယ်ဝလာမည့် အိပ်မက်ကို စတင်မက်တော့သည်။
'ပိုက်ဆံရလာရင် ကုမ္ပဏီအကြီးကြီးတစ်ခု ထောင်မယ်၊ စီအီးအို ဖြစ်လာမယ်၊ ချမ်းသာတဲ့ မိန်းမလှလေးနဲ့ လက်ထပ်ပြီး ဘဝရဲ့ အထွတ်အထိပ်ကို တက်လှမ်းမယ်၊ တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာပဲ’
သူ တစ်ယောက်တည်း ပြုံးစိစိဖြင့် တွေးနေမိ၏။
‘တောင်’
ဖုန်းထဲတွင် နောက်ထပ် အမှာစာတစ်ခု တက်လာပြန်သည်။
ကျိုးဟောက်ယွီ စစ်ကြည့်လိုက်သောအခါ ဤတစ်ခါမှာတော့ နတ်ဘုရားမဟုတ်ဘဲ သာမန်လူတစ်ဦးသာ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
မြို့ထဲနှင့်လည်း အလှမ်းဝေးနေပြီဖြစ်သဖြင့် ခရီးသည်ကို တင်ဆောင်ရင်း လမ်းကြုံလျှင် ဆေးလုံးသွားရောင်းရန် သူ ဆုံးဖြတ်လိုက်သည်။
ယနေ့ နတ်ဘုရား အရှိန်အဝါအချို့ ရရှိထား၍လားမသိ၊ အလုပ်က တကယ့်ကို ဖြစ်ထွန်းနေ၏။
ကျိုးဟောက်ယွီမှာ အလုပ်များလွန်းသဖြင့် ဆေးဆိုင်သွားရန်ပင် မေ့လျော့နေတော့သည်။
အိမ်ပြန်ရောက်သောအခါ ညနက်နေပြီ ဖြစ်သည်။ ပင်ပန်းနွမ်းနယ်နေသော ကျိုးဟောက်ယွီသည် ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်နှင့် တပြိုင်နက် အိပ်ပျော်သွား၏။
ထူးခြားဆန်းပြားသော နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ပြီးနောက် ကျိုးဟောက်ယွီသည် အိပ်မက်ထဲတွင်ပင် နတ်ဘုရားတစ်ပါးကို ကားကြုံတင်ပေးနေသည်ဟု မက်နေသည်။
ထိုနတ်ဘုရားမမှာ အခြားသူမဟုတ်၊ လနန်းတော်မှ နတ်သမီး 'ချန်အော်' ပင် ဖြစ်သည်။
"အစ်မ ချန်အော်၊ ကျွန်တော့်ကို နမ်းပါဦး"
ကျိုးဟောက်ယွီ ချိုချိုသာသာ ရေရွတ်ရင်း အိပ်မက်ထဲတွင် ပြုံးပျော်နေ၏။
သို့သော် နှိုးစက်သံမှာ သူ၏ ချိုမြိန်သော အိပ်မက်ကို ရက်ရက်စက်စက် ရိုက်ခွဲလိုက်သည်။
"နမ်းတော့မလို့ ရှိသေးတာကို၊ အခုမှ လာနှိုးနေတယ်"
ကျိုးဟောက်ယွီ ညည်းညူရင်း ကုတင်ပေါ်မှ ထလိုက်၏။
သူ၏ ကံဇာတာမှာ မနေ့ကကဲ့သို့ပင် ကောင်းမွန်နေဆဲဖြစ်ရာ အိမ်ပြင်ထွက်လိုက်သည်နှင့် အငှားယာဉ်ခေါ်ဆိုမှုတစ်ခု ချက်ချင်း ရရှိခဲ့သည်။
ကျိုးဟောက်ယွီ စိတ်ကြည်လင်နေသဖြင့် လမ်းတစ်လျှောက် ခရီးသည်နှင့် ပျော်ပျော်ပါးပါး စကားပြောလာခဲ့၏။
"လူကြီးမင်းခင်ဗျာ၊ ကျွန်တော့်ရဲ့ ဝန်ဆောင်မှုကို သဘောကျတယ်ဆိုရင် ကြယ်ငါးပွင့်ရီဗျူးလေး ပေးခဲ့ပါဦးနော်"
ကျိုးဟောက်ယွီ နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။
ထိုစဉ် ကားနောက်သို့ လှည့်ကြည့်လိုက်သောအခါ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် သူ၏ ကားခေါင်းပိုင်းကို မှီထားပြီး ဘယ်ဘက်ရင်ဘတ်ကို လက်ဖြင့် တင်းတင်းဆုပ်ကာ နာကျင်နေသည့် အမူအရာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ကျိုးဟောက်ယွီ မည်သည်ကိုမှ မလုပ်ရသေးမီမှာပင် ထိုအမျိုးသားသည် ဖြည်းဖြည်းချင်း ကွေးညွတ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"တောက်၊ ကားတိုက်ခံရသလို ဟန်ဆောင်ပြီး ငွေညှစ်မလို့လား"
ကျိုးဟောက်ယွီ ဒေါသတကြီး ကားပေါ်မှ ဆင်းလိုက်ပြီး မြေပြင်ပေါ်မှ အမျိုးသားကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
"ဦးလေး ငွေညှစ်ချင်ရင်တောင် ပရော်ဖက်ရှင်နယ် ဆန်စမ်းပါ၊ ကျွန်တော့်ကားက မရွေ့ရသေးဘူး၊ ဘယ်လိုဖြစ်ပြီး လာလဲနေတာလဲ"
ထိုအမျိုးသားက မည်သို့မှ ပြန်မပြောပေ။
ကျိုးဟောက်ယွီ အနည်းငယ် ကြောင်သွားပြီး တွေးမိသည်။
'ဒါ သရုပ်ဆောင်နေတာလား'
"ဦးလေး အမှန်အတိုင်း ပြောရရင် ဒီကိစ္စမှာ ကျွန်တော့်မှာ တာဝန်မရှိဘူး၊ အခုချက်ချင်း မထရင် ရဲခေါ်လိုက်မှာ"
ကျိုးဟောက်ယွီ ဖုန်းကို ထုတ်ကာ ရဲခေါ်သယောင် ဟန်ဆောင်လိုက်၏။
သို့သော် ထိုအမျိုးသားမှာ တုံ့ပြန်မှု မရှိသည့်အပြင် နာကျင်နေသည့် အမူအရာမှာ ပို၍ ဆိုးရွားလာသည်။
ကျိုးဟောက်ယွီ စိတ်ပျက်သွားကာ ခေါင်းကို ကုတ်လိုက်ပြီး ဖုန်းထဲမှ နံပါတ်တစ်ခုကို ကျုံ့ရာကျုံ့ရာ နှိပ်လိုက်သော်လည်း ခေါ်ဆိုမှု ခလုတ်ကိုတော့ မနှိပ်ခဲ့ပေ။ သူ တစ်ယောက်တည်း ရေရွတ်လိုက်၏။
"ဟဲလို အဖေ၊ ကျွန်တော့်ကတ်ထဲကို ပိုက်ဆံ သိန်းနှစ်ဆယ်လောက် လွှဲပေးဦး၊ လူတစ်ယောက်ကို တိုက်သတ်မလို့"
ကျိုးဟောက်ယွီ ဖုန်းပြောသယောင် ဟန်ဆောင်ရင်း ထိုအမျိုးသား၏ တုံ့ပြန်မှုကို မျက်လုံးထောင့်မှ တိတ်တိတ်လေး အကဲခတ်နေသည်။
သို့သော် မည်သို့ပင် လုပ်စေကာမူ ထိုအမျိုးသားမှာ ထမလာခဲ့ပေ။
ထိုအမျိုးသား၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကွေးညွတ်ကျုံ့ဝင်သွားပြီး မျက်နှာမှာလည်း ညိုမည်းလာသည်ကို မြင်သောအခါ ကျိုးဟောက်ယွီသည် တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရ၏။
"ဦးလေး ဘာဖြစ်တာလဲ၊ ကျွန်တော့်ကို လန့်အောင်မလုပ်ပါနဲ့"
ကျိုးဟောက်ယွီ ထိုအမျိုးသားကို မြေပြင်မှ အမြန် ထူလိုက်သည်။
"ဆေး၊ ဆေး"
ထိုအမျိုးသားသည် အသက်ကို အနိုင်နိုင် ရှူရင်း တစ်လုံးချင်းစီ ပြောနေ၏။
"ဘာဆေးလဲ ဦးလေး၊ သေသေချာချာ ပြောပါဦး"
ကျိုးဟောက်ယွီ သူ၏ နားကို ထိုသူ၏ ပါးစပ်နားသို့ ကပ်လိုက်သည်။
သို့သော် ထိုသူမှာ ထိုစကားတစ်လုံးကိုသာ ထပ်ခါတလဲလဲ ပြောနေပြီး ရှင်းရှင်းလင်းလင်း မရှိလှပေ။
ကျိုးဟောက်ယွီမှာ မည်သည်ကို လုပ်ရမှန်း မသိတော့ဘဲ ဝေခွဲမရ ဖြစ်နေ၏။
ထိုစဉ် လူများမှာ တစ်ယောက်ပြီးတစ်ယောက် စုဝေးလာကြပြီး ကျိုးဟောက်ယွီကို ဝိုင်းအုံကြည့်နေကြသည်။
အားကိုးရာမဲ့နေသဖြင့် ကျိုးဟောက်ယွီသည် ဘေးနားရှိ လူများကို အကူအညီ တောင်းလိုက်ရ၏။
"ဒီထဲမှာ ဆရာဝန်ရှိလားဗျာ၊ ဒီလူကြီးမင်း ဘာဖြစ်တာလဲဆိုတာ တစ်ချက်လောက် ကြည့်ပေးကြပါဦး"
ကျိုးဟောက်ယွီ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သူမျှ ရှေ့ထွက်မလာကြပေ။
လူတိုင်းက အလှမ်းဝေးရာတွင်သာ ရပ်ကြည့်နေကြပြီး ကျိုးဟောက်ယွီနှင့် ထိုအမျိုးသားကို လက်ညှိုးထိုးကာ တိုးတိုးတိုးတိုး ပြောနေကြသည်။
လမ်းသွားလမ်းလာများ၏ အေးစက်လှသော စိတ်ဓာတ်ကို ကြည့်ပြီး ကျိုးဟောက်ယွီမှာ စိတ်မကောင်း ဖြစ်မိ၏။
သူသည် အစပြုခဲ့မိပြီ ဖြစ်သဖြင့် အလယ်အလတ်တွင် လက်မလျှော့ချင်ဘဲ ထိုအမျိုးသား၏ အခြေအနေကို ဆက်လက် စုံစမ်းနေမိသည်။
ထိုအချိန်တွင် လူအုပ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။
"မင်းရဲ့ဦးလေးက နှလုံးရောဂါ ထနေပုံပဲ၊ ဆေးရုံကို အမြန်ပို့မှ ဖြစ်မယ်၊ မဟုတ်ရင် အချိန်မီမှာ မဟုတ်တော့ဘူး"
ထိုစကားက ကျိုးဟောက်ယွီကို သတိဝင်လာစေသည်။
"ဟုတ်တယ်၊ ဆေးရုံပို့ရမယ်"
ကျိုးဟောက်ယွီ ရေရွတ်ရင်း ထိုအမျိုးသားကို ပွေ့ချီလိုက်သည်။
ထိုစဉ် သူ၏ ဝမ်းဗိုက်နားတွင် တစ်ခုခုက ထိုးနေသကဲ့သို့ ခံစားလိုက်ရ၏။
မနေ့က လောင်ဇီ ပေးခဲ့သော ဆေးလုံးကို သူ ချက်ချင်း သတိရသွားသည်။
အမှန်စင်စစ် ထိုဆေးလုံးက တကယ် အစွမ်းထက်၊ မထက်ကို ကျိုးဟောက်ယွီ မသိချေ။
သို့သော် ထိုအမျိုးသား၏ စိုးရိမ်ရသော အခြေအနေကို ကြည့်ပြီး မျှော်လင့်ချက် အနည်းငယ်ဖြင့် စမ်းသပ်ကြည့်ရန် သူ ဆုံးဖြတ်လိုက်၏။
ကျိုးဟောက်ယွီ ထိုအမျိုးသားကို လမ်းဘေးရှိ ခုံတန်းလျားတစ်ခုပေါ်တွင် တင်လိုက်သည်။
ထို့နောက် အိတ်ကပ်ထဲမှ ဆေးလုံးကို ထုတ်ယူကာ ဝေခွဲမနေတော့ဘဲ ထိုအမျိုးသား၏ ပါးစပ်ထဲသို့ ချက်ချင်း တိုက်လိုက်၏။
နတ်ဆေးဆိုသည်မှာ တကယ်ပင် နတ်ဆေးပင်။
ဆေးသောက်ပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအမျိုးသား၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီး မျက်နှာတွင်လည်း သွေးရောင် ပြန်လည် လွှမ်းမိုးလာသည်။
ထိုအမျိုးသား ဘေးကင်းသွားသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ သက်ပြင်းအရှည်ကြီး ချလိုက်မိကာ စိတ်ထဲမှ တအံ့တဩ တွေးနေမိ၏။
'ဒီမိုးကြိုးဆေးလုံးက တကယ့်ကို အစွမ်းထက်တာပဲ၊ ဒါကိုသာ ရောင်းလိုက်ရင် သိန်းပေါင်းများစွာ ရမှာ သေချာတယ်’
သို့သော် ကျိုးဟောက်ယွီသည် တန်ဖိုးမဖြတ်နိုင်သော ရတနာဖြင့် သူစိမ်းတစ်ယောက်ကို ကယ်တင်လိုက်ရခြင်းအတွက် နောင်တမရဘဲ ကုသိုလ်တစ်ခုအဖြစ်သာ သဘောထားလိုက်သည်။
"ဦးလေး အခု နေလို့ ကောင်းသွားပြီလား"
ကျိုးဟောက်ယွီ စိုးရိမ်တကြီး မေးလိုက်၏။
ထိုအမျိုးသားက ခေါင်းညိတ်ပြရင်း ကျိုးဟောက်ယွီကို ကြည့်ကာ မေးလိုက်သည်။
"လူငယ်လေး ဦးလေး အဆင်ပြေသွားပါပြီ၊ မင်းက ဦးလေးကို ကယ်လိုက်တာ မဟုတ်လား"
"ကယ်တယ်လို့ ပြောရင်တော့ အပိုဖြစ်သွားပါလိမ့်မယ်၊ ကျွန်တော် တတ်နိုင်သလောက် ကူညီပေးရုံတင်ပါ"
ကျိုးဟောက်ယွီ စိတ်သက်သာရာရစွာ ပြုံးလိုက်၏။
ထိုအမျိုးသားသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လန်းဆန်းသွားဟန်ဖြင့် ဝမ်းသာအားရ မေးလိုက်သည်။
"လူငယ်လေး မင်းနာမည် ဘယ်သူလဲ၊ ဒီတစ်ခါ ဦးလေးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးဆပ်ချင်လို့ပါ"
‘တောင်’
ထိုစဉ် ကျိုးဟောက်ယွီ၏ ဖုန်းထဲ၌ အမှာစာသစ်တစ်ခု ထပ်မံ တက်လာပြန်၏။
"ကျေးဇူးဆပ်ဖို့ မလိုပါဘူး ဦးလေးရာ၊ ဒါက ဘာမှမဟုတ်တဲ့ ကိစ္စလေးပါ၊ တကယ်လို့ ကျွန်တော့်နာမည်ကို သိချင်တယ်ဆိုရင်တော့ လဲ့ဖုန်း လို့ပဲ မှတ်ထားလိုက်ပါ"
ကျိုးဟောက်ယွီ ထိုအမျိုးသားကို ဂုဏ်ယူဝံ့ကြွားစွာ လက်ပြနှုတ်ဆက်ရင်း ဆိုလိုက်သည်။
“ကျွန်တော် ခရီးသည် ကြိုရဦးမှာမို့ သွားတော့မယ်နော်၊ ဦးလေးလည်း နားနားနေနေနဲ့ အိမ်ကို စောစောပြန်ပါ"
"လူငယ်လေး"
ထိုအမျိုးသား စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကျိုးဟောက်ယွီ၏ ကားမှာ အရှိန်အဟုန်ဖြင့် မောင်းထွက်သွားလေပြီ။
'တကယ့် လူစွမ်းကောင်းကြီးလိုမျိုး ကူညီပြီးတော့ ကိုယ့်နာမည်ကို ဝှက်ထားခဲ့ရတာ တကယ့်ကို ကျေနပ်စရာပဲ'
ကျိုးဟောက်ယွီ မိမိကိုယ်မိမိ အဆင့်မြင့်သွားသကဲ့သို့ ခံစားလိုက်ရ၏။
6
စနစ်၏ အကြောင်းကြားစာ ထပ်မံပေါ်ထွက်လာသည်။ နောက်ထပ် ခရီးသည်တစ်ဦး အမှာစာတင်လိုက်ပြန်ပြီပင်။
ကျိုးဟောက်ယွီ ကြည်လင်ရွှင်ပျသော စိတ်အစုံဖြင့် နောက်ထပ်ခရီးသည်ကို ကြိုရန် ထွက်ခွာခဲ့သည်။ သူ၏ ဖုန်းမျက်နှာပြင်တွင် ပေါ်နေသော ခရီးသည်အမည်မှာ လီကျင့် ဖြစ်၏။
ပရိုဖိုင်ပုံမှာ သာမန်လူတစ်ဦးနှင့် တူနေသော်လည်း ကျိုးဟောက်ယွီ၏ စိတ်ထဲတွင်မူ ဤသူသည် နတ်မင်း လီကျင့် ဖြစ်နေမလားဟု တွေးနေမိသည်။
"ဒီတစ်ခါ နတ်မင်း လီကျင့်ကိုသာ တင်ရရင် သူ သဘောကျသွားပြီး သူ့ရဲ့ နတ်စေတီတော်ကြီးကို ငါ့ကို ပေးခဲ့မှာလားမသိဘူး၊ ဟီးဟီး"
ကျိုးဟောက်ယွီ တစ်ယောက်တည်း ရေရွတ်ရင်း စိတ်လှုပ်ရှားနေမိ၏။
သို့သော် သူ၏ ပျော်ရွှင်မှုမှာ ကြာရှည်မခံလိုက်ပေ။ သူ စိုးရိမ်လာကာ ညည်းညူနေပြန်သည်။
"ဒါပေမဲ့ အဲဒီစေတီကို ရလာရင် ငါ ဘာလုပ်ရမှာလဲ၊ ငါက မိစ္ဆာတွေ ဖမ်းတာမှ မဟုတ်တာ"
တခဏမျှ စဉ်းစားပြီးနောက် ကျိုးဟောက်ယွီ မိမိကိုယ်မိမိ အပိုတွေ လျှောက်စိုးရိမ်နေမှန်း သိလိုက်သဖြင့် ခေါင်းခါလိုက်ပြီး မျှော်လင့်ချက်အသစ်များဖြင့် ဆက်လက်မောင်းနှင်ခဲ့သည်။
သို့သော် ခရီးသည်ကို တင်ဆောင်လိုက်ရချိန်တွင်မူ ကျိုးဟောက်ယွီသည် ထိုသူမှာ အလွန်ပင် သာမန်ဆန်လွန်းသည်ဟု ခံစားလိုက်ရ၏။
သူကဲ့သို့ပင် သာမန်လူသားတစ်ဦး ဖြစ်နေသဖြင့် ကျိုးဟောက်ယွီ၏ စိတ်ဓာတ်မှာ ချက်ချင်းပင် ထိုးဆင်းသွားတော့သည်။
လမ်းတစ်လျှောက်လုံးတွင် ကျိုးဟောက်ယွီ စကားမပြောချင်တော့ဘဲ လီကျင့်ကို လိုရာခရီးသို့ တိတ်တဆိတ် ပို့ဆောင်ပေးခဲ့၏။
ထုံးစံအတိုင်းပင် ကျိုးဟောက်ယွီ လီကျင့်အား ကြယ်ငါးပွင့် မှတ်ချက်ပေးရန် ပြောလိုက်ပြီး ကားပေါ်မှ ဆင်းသွားသည်ကို ကြည့်နေသည်။
လီကျင့် ဆင်းသွားပြီးနောက် ကျိုးဟောက်ယွီ မကျေမနပ် ရေရွတ်လိုက်၏။
"သာမန်လူတစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ နာမည်က လီကျင့် ဖြစ်နေရတာလဲ၊ ကျောက်စိမ်းဧကရာဇ်လို့ပဲ နာမည်ပေးလိုက်ပါတော့လား"
‘ဂွီ’
ယနေ့မနက် အိမ်က အလျင်အမြန် ထွက်လာခဲ့ရသဖြင့် ကျိုးဟောက်ယွီ၏ ဗိုက်မှာ ယခုမှပင် အသံ ပေးလာတော့သည်။
သူ မော့ကြည့်လိုက်သောအခါ လမ်းဘေးတွင် စူပါမားကတ်တစ်ခုကို တွေ့လိုက်ရ၏။
ကျိုးဟောက်ယွီ အဆင်ပြေစေရန် ရေသန့်ဘူးနှင့် ပေါင်မုန့်တစ်ထုပ် ဝယ်ခဲ့သည်။
ရုတ်တရက် တစ်စုံတစ်ယောက်က ကျိုးဟောက်ယွီ၏ ပါးစပ်ကို သူ့အနောက်မှ အုပ်လိုက်၏။
သူ ရုန်းကန်ရန်ပင် မေ့နေစဉ်မှာပင် လူနှစ်ယောက်က သူ့ကို ဖမ်းဆီးပြီး အရှည်ကြီးဖြစ်သော Hummer ကားတစ်စီးပေါ်သို့ တင်လိုက်ကြသည်။
"ဝါး၊ ဒီကားက တကယ့်ကို ဇိမ်ခံကားကြီးပါလား"
ကျိုးဟောက်ယွီသည် ကားအတွင်းပိုင်း အပြင်အဆင်များကို ကြည့်ပြီး အံ့ဩတကြီး အော်ဟစ်လိုက်မိ၏။
သို့သော် ခက်ထန်ကြမ်းတမ်းသော ပုံစံရှိသည့် အနက်ရောင် ဝတ်ဆင်ထားသော လူထွားကြီးများကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီသည် အခြေအနေကို ရိပ်မိသွားသည်။ သူ ထိုင်ခုံပေါ်တွင် ကြောက်ကြောက်လန့်လန့်ဖြင့် တွန့်ဆုတ်သွားကာ တွေးနေမိ၏။
'ငါ ပြန်ပေးဆွဲခံရတာလား'
ထို့နောက် သူသည် တစ်ခုခု လွဲနေမှန်း သိလိုက်၏။ သူသည် ပိုက်ဆံတစ်ပြားမှမရှိသော ငမွဲတစ်ယောက်ဖြစ်ပြီး မကြာသေးမီကမှ ရည်းစားနှင့် လမ်းခွဲထားရသူဖြစ်သည်။ သူ့ကို ပြန်ပေးဆွဲခြင်းမှာ အဓိပ္ပာယ်မရှိပေ။
"အစ်ကိုတို့ ကျွန်တော့်ကို ဘာလို့ ဖမ်းတာလဲ၊ လူမှား ဖမ်းလိုက်မိတာလား"
ကျိုးဟောက်ယွီ ဖြီးပြရင်း ကားတံခါးကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီနားမှာပဲ ရပ်ပေးပါ၊ ကျွန်တော် ဒီမှာပဲ ဆင်းပါရစေ၊ အစ်ကိုတို့ရဲ့ စီးပွားရေးကို မနှောင့်ယှက်တော့ပါဘူး"
"ငြိမ်ငြိမ်ထိုင်စမ်း"
ကျယ်လောင်သော အော်ဟစ်သံကြောင့် ကျိုးဟောက်ယွီ လန့်သွားပြီး ထိုင်ခုံပေါ်တွင် မလှုပ်မယှက် တည့်တည့်မတ်မတ် ထိုင်နေမိ၏။
"ငါတို့ မင်းနောက်ကို ဒီလောက်အထိ လိုက်လာတာ၊ ဘယ်လိုလုပ် လူမှားနိုင်မှာလဲ၊ မနာကျင်ချင်ရင် ငြိမ်ငြိမ်နေတာ ကောင်းမယ်"
နေကာမျက်မှန် တပ်ထားသော အမျိုးသားတစ်ဦးက ကျိုးဟောက်ယွီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း လေသံအေးအေးဖြင့် ပြောလိုက်သည်။
ကျိုးဟောက်ယွီမှာ အသက်ပင် ဝဝမရှူရဲတော့ဘဲ တွေးနေမိသည်။
'ငါ့နောက်ကို တစ်ချိန်လုံး လိုက်နေတာလား၊ ဒါပေမဲ့ ငါ့ကို ဘာလို့ ဖမ်းရတာလဲ'
သူသည် သူ၏ ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးသော်လည်း ပြန်ပေးသမားများ စိတ်ဝင်စားစေမည့် မည်သည့်အရာမှ မိမိတွင် မရှိသည်ကို တွေ့ရ၏။
ရုတ်တရက် သူ၏ မျက်လုံးများ တောက်ပသွားကာ တွေးလိုက်သည်။
'ဟိုတစ်ခေါက် လမ်းပေါ်မှာ ပိုက်ဆံတွေ ကျဲခဲ့တာကို သတင်းပေါက်ကြားသွားပြီး ဒီလူတွေက ငါ့ကို သူဌေးသားလို့ ထင်နေကြတာလား'
"ဟို၊ အစ်ကိုကြီး အစ်ကိုတို့ မှားနေပြီ၊ ကျွန်တော်က သူဌေးသား မဟုတ်ပါဘူး၊ ကျွန်တော့်အဝတ်အစားတွေကို ကြည့်ပါဦး၊ ကျွန်တော်က တကယ့် ငမွဲစစ်စစ်ပါ၊ ကျွန်တော့်ကို လွှတ်ပေးပါနော်"
ကျိုးဟောက်ယွီ သူ၏ နွမ်းဖတ်နေသော ရှပ်အင်္ကျီကို ဆွဲပြလိုက်၏။
"ပါးစပ်ပိတ်ထား၊ မဟုတ်ရင် ငါ ပါးစပ်ပိတ်ပစ်လိုက်မယ်"
ရှေ့မှလူကပင် ဒေါသတကြီး ထပ်ပြောလိုက်သည်။
ကျိုးဟောက်ယွီ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး ထိုလူများကို စိုက်ကြည့်နေမိသည်။
'ဒီလူတွေက အရပ်အမောင်းကလည်း ထွား၊ ငါကလည်း ကားထဲမှာဆိုတော့ လွတ်အောင်ပြေးဖို့ လုံးဝ အခွင့်အရေး မရှိဘူး’
နာရီဝက်ခန့် မောင်းနှင်ပြီးနောက် ကားရပ်သွား၏။
ကျိုးဟောက်ယွီ မိမိကို မည်သည့်နေရာသို့ ခေါ်လာမှန်း မသိသော်လည်း ရှေ့မှ ဗီလာ အိမ်ကြီးမှာ အလွန်ပင် ကြီးမားခမ်းနားလှသည်ဟု ခံစားလိုက်ရသည်။
ဤသည်မှာ သူ့ကို ပို၍ အံ့ဩစေသည်။ သူက တွေးလိုက်၏။
'ဒီဘက်ခေတ် ပြန်ပေးသမားတွေက ဒီလောက်တောင် ချမ်းသာတာလား၊ ငါက ဘာလို့ ဒီဒီစနစ်နဲ့ အငှားယာဉ်မောင်းနေရဦးမှာလဲ၊ သူတို့ဆီမှာပဲ ဝင်လုပ်လိုက်ရင် ကောင်းမလား'
"အစ်ကိုကြီး အစ်ကိုတို့ လူခေါ်သေးလား၊ ကျွန်တော်က သင်ယူတာ အရမ်းမြန်တယ်၊ ကျွန်တော့်ကိုလည်း အဖွဲ့ထဲ ထည့်ပေးပါလား"
ကျိုးဟောက်ယွီ မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
"စောက်စကားမများနဲ့ သွားစမ်း"
နောက်ကွယ်မှ တစ်စုံတစ်ယောက်က ကျိုးဟောက်ယွီကို ပြင်းပြင်းထန်ထန် တွန်းလွှတ်လိုက်၏။
ကျိုးဟောက်ယွီသည် ပါးစပ်ကို လှုပ်ရှားလျက် စိတ်ထဲမှ ကျိန်ဆဲနေမိ၏။
ဥယျာဉ်ငယ်လေးကို ဖြတ်ကျော်ပြီးနောက် ကျိုးဟောက်ယွီကို ဗီလာထဲသို့ ခေါ်ဆောင်သွားကြသည်။
အထဲသို့ ရောက်သည်နှင့် ကျိုးဟောက်ယွီသည် အတွင်းပိုင်း မြင်ကွင်းကြောင့် မှင်တက်သွားရကာ သက်ပြင်းချရင်း ရေရွတ်လိုက်မိသည်။
"ဒါက နန်းတော်ထက်တောင် ပိုခမ်းနားနေပါလား"
အနက်ရောင်ဝတ် လူများသည် ကျိုးဟောက်ယွီအား အိမ်ထဲသို့ ခေါ်လာပြီးနောက် အပြင်သို့ ထွက်သွားကာ တံခါးကို ပိတ်လိုက်ကြ၏။
ကျိုးဟောက်ယွီ သတိဝင်လာပြီးနောက် လှည့်၍ တံခါးကို ထုကာ အော်ဟစ်တော့သည်။
"အစ်ကိုတို့ သွားမယ်ဆိုရင်လည်း ကျွန်တော့်ကို ခေါ်သွားဦးလေ၊ ကျွန်တော့်ကို ဒီမှာ မေ့မထားခဲ့ကြပါနဲ့"
သို့သော် သူ မည်မျှပင် တံခါးကို ထုပါစေ၊ မည်သူမှ ပြန်မထူးကြပေ။
"ရှင်က မစ္စတာ လဲ့ဖုန်း လား"
ထိုအချိန်တွင် ငှက်ကလေးတစ်ကောင်၏ တေးဆိုသံကဲ့သို့ သာယာလှသော အသံတစ်ခု ကျိုးဟောက်ယွီ၏ နားထဲသို့ ရောက်ရှိလာ၏။
ထိုအသံမှာ သူ၏ နားစည်ကို နှိပ်နယ်ပေးလိုက်သကဲ့သို့ တကယ့်ကို သာယာလှသည်။
လှည့်ကြည့်လိုက်သောအခါ ကျိုးဟောက်ယွီ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားကာ မျက်နှာတွင်လည်း ဖော်ပြရခက်သော အပြုံးတစ်ခု ပေါ်လာ၏။
အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး ရှည်လျားသော ဆံကေသာ၊ တောက်တောက်ပပ မျက်လုံးအစုံနှင့် လှပချောမောသော မျက်နှာထားရှိသည့် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦး လှေကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာသည်ကို တွေ့လိုက်ရသည်။
သူမ၏ လှုပ်ရှားမှုတိုင်းမှာ နတ်သမီးတစ်ပါးကဲ့သို့ပင် တင့်တယ်လှပ၏။
'ဆံပင်ရှည်၊ မျက်လုံးဝိုင်း၊ မျက်နှာသွယ်၊ နှုတ်ခမ်းလှ၊ စံနှုန်းလေးချက်လုံး ပြည့်စုံနေတာပဲ၊ ငါတော့ ကံကောင်းပြီ'
ကျိုးဟောက်ယွီ မျက်တောင်ပင် မခတ်ဘဲ စိုက်ကြည့်နေမိသည်။
ထိုအမျိုးသမီးမှာ ကျိုးဟောက်ယွီအနားသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး သူ၏ စိုက်ကြည့်နေသော အမူအရာကို မြင်သောအခါ သူမ၏ မျက်လုံးများထဲတွင် မကျေနပ်သော အရိပ်အယောင် အနည်းငယ် ပေါ်လာ၏။
ထို့ပြင် ကျိုးဟောက်ယွီမှာ သူမ၏ ဖခင် ပြောပြခဲ့သော ခန့်ညားထည်ဝါသည့် ပုံစံမျိုးနှင့် လုံးဝ ကွာခြားနေသည်။
"ရှင် နာမည်က လဲ့ဖုန်းလား"
ထိုအမျိုးသမီး ညင်သာစွာ မေးလိုက်၏။
"လဲ့ဖုန်း ဆိုတာ ဘာကြီးလဲ"
ကျိုးဟောက်ယွီ ရုတ်တရက် ပြန်ပြောလိုက်ပြီးမှ တစ်ခုခု မှားနေသည်ကို သတိရသွား၏။ သူ စဉ်းစားနေမိသည်။
'အဲဒီနာမည်က တော်တော်ရင်းနှီးနေပါလား၊ ငါ ဘယ်တုန်းက ပြောခဲ့မိတာလဲ’
ကျိုးဟောက်ယွီ၏ အံ့ဩနေသော မျက်နှာပေးကို မြင်သောအခါ ထိုအမျိုးသမီးမှာ အနည်းငယ် တုံ့ဆိုင်းသွားကာ တစ်ယောက်တည်း ရေရွတ်လိုက်၏။
'လူမှားဖမ်းလာတာလား'
ကျိုးဟောက်ယွီ သတိပြန်ဝင်လာသောအခါ ခိုင်မာသော လေသံဖြင့် မေးလိုက်သည်။
"ကျွန်တော့်ကို ဖမ်းခိုင်းတာ မင်းလား"
သူသည် လူထွားကြီးများနှင့် ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့ခဲ့သော်လည်း ယခုကဲ့သို့ နုနယ်သော အမျိုးသမီးနှင့် တွေ့ရချိန်တွင်မူ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့် ရှိနေ၏။
"ကျွန်မ မေးနေတာက ဒီနေ့မနက် ပန်းခြံဝင်ပေါက်နားမှာ လူတစ်ယောက်ကို ကယ်ခဲ့တာ ရှင်လား"
ထိုအမျိုးသမီး မျက်မှောင်ကြုတ်လျက် တည်ကြည်လေးနက်သော လေသံဖြင့် မေးလိုက်သည်။
"ဪ ဟို လူကြီးမင်းကို ပြောတာလား"
ကျိုးဟောက်ယွီ စကားကို ခဏရပ်ပြီး တွေးလိုက်၏။
'ဒီနေ့မနက် ငါကယ်ခဲ့တဲ့လူက သူမရဲ့ အဘိုးလား၊ ဒါမှမဟုတ် အဖေလား'
"ဟုတ်ပါတယ်၊ ဒီနေ့မနက်က အမျိုးသားတစ်ယောက်ကို ကျွန်တော် ကယ်ခဲ့ပါတယ်"
ကျိုးဟောက်ယွီ ဖြောင့်မတ်မှန်ကန်သော မျက်နှာဖြင့် ပြန်ဖြေလိုက်၏။
လှပသော မိန်းကလေးမှာ ထိုလူကြီးမင်း၏ မြေးမ (သို့မဟုတ်) သမီး ဖြစ်နေပါက သူ သူမ၏ ကျေးဇူးရှင် ဖြစ်လာလိမ့်မည်ဟုပင် စတင်စိတ်ကူးယဉ်နေ၏။ ရုပ်ရှင်များမှာကဲ့သို့ လူစွမ်းကောင်းက ကယ်တင်လိုက်၍ လှပသော အမျိုးသမီးမှ သူမ၏ ကိုယ်ခန္ဓာနှင့် ကျေးဇူးဆပ်သည့် အခန်းများ သူ၏ ခေါင်းထဲသို့ အဆက်မပြတ် ဝင်ရောက်လာတော့သည်။