အခန်း (၇-၈)
Vol. 1 Ch. 7-8
7
ကျိုးဟောက်ယွီ၏ လူလည်ကျသောအပြုံးကို မြင်လိုက်ရသဖြင့် ထိုအမျိုးသမီးမှာ ပို၍ပင် ရွံရှာသွားမိသည်။
သို့သော်လည်း ကျေးဇူးတရားကို ထောက်ထားသောအားဖြင့် သူမ ပြုံးလျက်ပင် နှုတ်ဆက်လိုက်၏။
"မစ္စတာလဲ့ဖုန်း ဒီနေ့မနက် ကျွန်မအဖေကို ကယ်ပေးခဲ့တဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်ရှင်"
သူမ စိတ်ရင်းဖြင့် ပြောလိုက်သည်။
"ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ တကယ်လို့ ခင်ဗျားက ကိုယ်ခန္ဓာနဲ့ ကျေးဇူးဆပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်ကပဲ အရှုံးခံပြီး သဘောတူလိုက်ပါ့မယ်"
ကျိုးဟောက်ယွီ စကားပြော၍ပင် မဆုံးသေး၊ ထိုအမျိုးသမီး၏ မှင်တက်သွားသော မျက်နှာကို မြင်လိုက်ရသဖြင့် စိတ်ထဲမှ ချက်ချင်း နောင်တရသွား၏။
'တောက်၊ သူမက ကိုယ်ခန္ဓာနဲ့ ဆပ်မယ်လို့တောင် မပြောရသေးဘူး၊ ငါ့စိတ်ထဲက အမှန်တရားတွေက စောစောစီးစီး ထွက်သွားပြီ၊ အခုတော့ သူမအမြင်မှာ ငါ့ပုံရိပ်ကတော့ ပျက်စီးသွားပြီပဲ’
"အဟင်း၊ မစ္စတာ လဲ့ဖုန်းက တော်တော် နောက်တတ်တာပဲနော်"
ထိုအမျိုးသမီး စိတ်မသက်မသာ ပြုံးရင်း ဆိုသည်။
ကျိုးဟောက်ယွီ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်ကာ ပြောလိုက်၏။
"တကယ်တော့ ကျွန်တော့်နာမည်က လဲ့ဖုန်း မဟုတ်ပါဘူး၊ နာမည်ရင်းက ကျိုးဟောက်ယွီပါ"
"နာမည် ဘယ်သူပဲဖြစ်ဖြစ် ကျွန်မကတော့ ကျေးဇူးတင်နေမှာပါ"
ထိုအမျိုးသမီး နာရီကို တစ်ချက်ကြည့်လိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။
"သူ ဆင်းလာဖို့ အချိန်တန်ပြီ"
"ဟမ်"
ကျိုးဟောက်ယွီ သူမကို အံ့ဩတကြီး စိုက်ကြည့်နေ၏။
"ဆရာဝန်က ကျွန်မအဖေကို စမ်းသပ်ပေးနေတာပါ၊ မကြာခင် သူ ဆင်းလာလိမ့်မယ်၊ အားမနာဘဲ ထိုင်ပါဦး"
ထိုအမျိုးသမီး ပြုံးလျက် ကျိုးဟောက်ယွီကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။
မိမိ ပြန်ပေးဆွဲခံရခြင်း မဟုတ်မှန်း သိလိုက်ရသဖြင့် ကျိုးဟောက်ယွီ စိတ်အေးသွားကာ ဆိုဖာပေါ်တွင် ဝံ့ကြွစွာ ဝင်ထိုင်လိုက်တော့သည်။ သူသည် ခြေထောက်ကို ချိတ်ကာ ဂုဏ်ယူနေသည့်ပုံစံပင် ဖမ်းလိုက်သေး၏။
ထိုအမျိုးသမီးမှာ သူ၏ အဆင့်အတန်းမရှိသော အမူအရာကို ကြည့်ပြီး ခေါင်းကို အသာအယာ ခါလိုက်မိသည်။
'ဒီလူက ယဉ်ကျေးမှု တစ်စက်မှ မရှိပါလား၊ ဘယ်လို ကံဆိုးမိုးမှောင်ကျပြီး ငါ့အဖေကို ကယ်မိသွားတာလဲ မသိဘူး'
ကျိုးဟောက်ယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ယနေ့မနက် သူကယ်ခဲ့သည့်လူမှာ မည်သူဖြစ်မည်နည်းဟု စဉ်းစားနေဆဲပင်။
မကြာမီမှာပင် လူအုပ်စုတစ်စု လှေကားပေါ်မှ ဆင်းလာကြ၏။
ရှေ့ဆုံးမှ ဆင်းလာသူမှာ ကျိုးဟောက်ယွီ ယနေ့မနက်က ကယ်ခဲ့သော အမျိုးသားပင် ဖြစ်သည်။
သူ၏နောက်တွင်တော့ အဖြူရောင် ဝတ်စုံဝတ် ဆရာဝန် သုံးလေးဦး ပါလာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီ ပြင်းထန်သော ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး မိမိကိုယ်မိမိ မသိလိုက်ဘဲ မတ်တတ်ရပ်ကာ ရိုရိုသေသေ ပုံစံဖမ်းလိုက်မိသည်။
"မစ္စတာ လဲ့ဖုန်း ဒီလောက်အထိ အားနာနေဖို့ မလိုပါဘူး၊ ထိုင်ပါဦး"
ထိုအမျိုးသားမှာ ကြင်နာသော မျက်နှာပေးဖြင့် ကျိုးဟောက်ယွီကို ထိုင်ရန် လက်ဝှေ့ယမ်းပြ၏။
ကျိုးဟောက်ယွီ ဆေးပညာကို နားမလည်သော်လည်း ထိုအမျိုးသား၏ မျက်နှာမှာ ယနေ့မနက်ကနှင့် လုံးဝ ကွာခြားသွားသည်ကိုတော့ သိသာစွာ မြင်နေရသည်။
"ဦးလေး အခု နေလို့ကောင်းသွားပြီပေါ့၊ ကျွန်တော့်ကို ဘာလို့ ဒီအထိ ခေါ်လိုက်တာလဲ"
ကျိုးဟောက်ယွီ၏ အသံမှာ အံ့ဩမှုကြောင့် တုန်ရီနေ၏။
"ဟားဟား၊ မင်းကို သေသေချာချာ ကျေးဇူးဆပ်ချင်လို့ ခေါ်လိုက်တာပေါ့"
ထိုအမျိုးသား အားရပါးရ ရယ်မောလိုက်ရာ သူ၏ မျက်လုံးများမှာ မှေးစင်းသွားတော့သည်။
ကျိုးဟောက်ယွီ မည်သည်ကို ပြန်ပြောရမှန်း မသိဘဲ စိတ်ထဲတွင်သာ တွေးနေမိ၏။
'ကျေးဇူးဆပ်ချင်ရင်လည်း ခင်ဗျားသမီးကိုသာ ကျွန်တော့်ကို ပေးလိုက်ပါတော့'
"ဖေဖေ သူက ဒီနေ့မနက် ဖေဖေ့ကို လိမ်ထားတာ၊ သူ့နာမည်က လဲ့ဖုန်း မဟုတ်ဘူး၊ ကျိုးဟောက်ယွီတဲ့"
အမျိုးသမီးလေး အနားသို့ သွားကာ ဖခင်၏ လက်မောင်းကို တွဲလိုက်သည်။
ထိုအမျိုးသားမှာ သမီးဖြစ်သူကို ချစ်ခင်စွာ ကြည့်လိုက်ပြီး ဆို၏။
"သူ့နာမည် ဘယ်သူပဲဖြစ်ဖြစ် သူက ဖေဖေ့ရဲ့ ကျေးဇူးရှင်ပဲ"
ထို့နောက် သူ ကျိုးဟောက်ယွီထံသို့ လိပ်စာကတ်တစ်ခု ကမ်းပေးလိုက်ရင်း မိတ်ဆက်ပေးလိုက်သည်။
“ဟောက်ယွီ ဒါက ဦးလေးရဲ့သမီး ဝေ့ရှီယု တဲ့"
"ဝေ့ကျန်းဟွာတဲ့လား"
ကျိုးဟောက်ယွီ လက်ထဲရှိ လိပ်စာကတ်ပေါ်မှ နာမည်ကို တစ်လုံးချင်း ဖတ်ကြည့်လိုက်မိသည်။
ဤနာမည်မှာ ကျိုးဟောက်ယွီအတွက် အလွန်ပင် ရင်းနှီးလှသော နာမည်ကြီး ဖြစ်နေ၏။
‘ဝေ့ကျန်းဟွာဆိုတာ ဘယ်သူလဲ’
သူသည် ဤမြို့ရှိ အကြီးဆုံးသော လုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ မဟုတ်ပါလား။
ကျိုးဟောက်ယွီ ထိုသူ၏ နောက်ကွယ်မှ ငွေကြေးအင်အားနှင့် အရှိန်အဝါကို စိတ်ကူးပင် မယဉ်ရဲချေ။
သို့သော် ယခု ဝေ့ကျန်းဟွာကို မထင်မှတ်ဘဲ ကယ်တင်လိုက်မိသဖြင့် ကျိုးဟောက်ယွီသည် နောင်တစ်ချိန်တွင် ဇိမ်ခံကားများ၊ လှပသော အမျိုးသမီးများနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းရမည့် ဘဝကို မြင်ယောင်လာတော့သည်။
"ဟေး၊ ကျွန်မအဖေက ရှင့်ကို စကားပြောနေတယ်လေ၊ ဘာတွေ ကြောင်နေတာလဲ၊ ရှင်ကတော့ လုံးဝကို ယဉ်ကျေးမှု မရှိတာပဲ"
ဝေ့ရှီယု မကျေမနပ် ပြောလိုက်၏။
သမီးဖြစ်သူ၏ မောက်မာသော အမူအရာကို မြင်သောအခါ ဝေ့ကျန်းဟွာ သူမကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ထိုစဉ် ကျိုးဟောက်ယွီ သတိဝင်လာပြီးနောက် ပြုံးလျက် ပြောလိုက်၏။
"မစ္စတာဝေ ခင်ဗျားရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ"
"ဦးလေးက မင်းအဖေအရွယ်လောက် ရှိမှာပါ၊ မင်း အဆင်ပြေမယ်ဆိုရင် ဦးလေးလို့ပဲ ခေါ်ပေါ့"
ဝေ့ကျန်းဟွာ ရင်းနှီးဖော်ရွေသော မျက်နှာဖြင့် ပြောလိုက်သည်။
ထိုလူမှာ ဝါးဟားဟား ကုမ္ပဏီကြီး၏ ဥက္ကဋ္ဌ ဝေ့ကျန်းဟွာဖြစ်၍ ကျိုးဟောက်ယွီအနေဖြင့် ငြင်းဆန်စရာ အကြောင်းမရှိပေ။
"ဦးလေးဝေ အခုတော့ နေလို့ကောင်းသွားပုံပေါ်တယ်၊ အဆင်ပြေရဲ့လား"
ကျိုးဟောက်ယွီ စိုးရိမ်တကြီး မေးလိုက်၏။
"ဒါတွေအားလုံးက မင်းကြောင့်ပါပဲ"
ဝေ့ကျန်းဟွာ ထိုင်လိုက်ပြီးနောက် ကျိုးဟောက်ယွီကို ကြည့်ကာ မေးလိုက်သည်။
"ပြောစမ်းပါဦး၊ မင်း ဘာလိုချင်သလဲ"
"အဲဒါက တန်ဖိုးနည်းတဲ့ ဆေးလုံးလေးတစ်လုံးပါ ဦးလေးဝေရာ၊ ဒီလောက်အထိ အလေးအနက်ထားပြီး ကျေးဇူးဆပ်ဖို့ မလိုပါဘူး"
ကျိုးဟောက်ယွီ ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်၏။
သူသည် လောင်ဇီ ပေးလိုက်သော ဆေးလုံးမှာ တကယ် အစွမ်းထက်၊ မထက်ကို မသေချာသည့်အပြင် နောက်ဆက်တွဲ ဆိုးကျိုးများ ရှိမရှိကိုလည်း မသိသဖြင့် ယခုအချိန်တွင် တစ်ခုခု တောင်းဆိုလိုက်ပါက နောင်တွင် တာဝန်မယူနိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
"ပညာရှင်တစ်ယောက်ရဲ့ လေသံကတော့ တကယ့်ကို ထူးခြားတာပဲ၊ နတ်ဆေးလို့တောင် ခေါ်လို့ရတဲ့ ဆေးလုံးကို တန်ဖိုးနည်းဆေးလုံးလို့ ပြောနေတယ်"
ဝေ့ကျန်းဟွာ၏ ကိုယ်ပိုင်ဆရာဝန် ဖုန်းကွမ်းမင် ဆိုလိုက်၏။
သူသည် ကျိုးဟောက်ယွီအပေါ် အလွန်ပင် လေးစားနေရုံသာမက အခြားသော ဆရာဝန်များကလည်း ကျိုးဟောက်ယွီကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ကျိုးဟောက်ယွီ အနည်းငယ် အံ့ဩသွားကာ ပြောလိုက်သည်။
"ဒါက နတ်ဆေးဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဦးလေးဝေရဲ့ ရောဂါ ပျောက်ကင်းသွားရင်ပဲ လုံလောက်ပါပြီ၊ ကျွန်တော့်မှာ တခြား ဘာတောင်းဆိုချက်မှ မရှိပါဘူး"
ထို့ကြောင့်ပင် ဝေ့ကျန်းဟွာသည် ကျိုးဟောက်ယွီ၏ ရိုးသားမှုနှင့် လောဘကင်းမှုကို အလွန်ပင် သဘောကျသွား၏။
ကျိုးဟောက်ယွီ၏ စကားကို ကြားသောအခါ ဖုန်းကွမ်းမင်၏ လေးစားမှုမှာ ပို၍ပင် တိုးလာတော့သည်။
"ဆရာကြီး ကျွန်တော့်ကို တစ်ခုလောက် ပြောပြပေးလို့ ရမလား၊ ဒီဆေးကို ဘယ်က ရတာလဲခင်ဗျာ"
ဖုန်းကွမ်းမင်က နှိမ့်ချသော အမူအရာဖြင့် မေးလိုက်၏။
ထိုအခါ ကျိုးဟောက်ယွီမှာ မည်သည်ကို ပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားရပြန်သည်။
'ဒါကို လောင်ဇီ ပေးလိုက်တာလို့ သွားပြောရင် သူတို့က ငါ့ကို အရူးလို့ ထင်ကြမှာပေါ့’
သူ၏ မျက်လုံးအစုံမှာ ဝေ့ဝဲသွားပြီးနောက် အကြံတစ်ခု ရသွား၏။
"အမှန်အတိုင်း ပြောရရင် ကျွန်တော့်မိသားစုက မျိုးရိုးစဉ်ဆက် တရုတ်တိုင်းရင်းဆေး ပညာရှင်တွေပါ၊ ကုရခက်တဲ့ ရောဂါမျိုးစုံကို ကုသပေးကြတာ၊ ဒီဆေးကတော့ ကျွန်တော့်ရဲ့ ဘိုးဘေးတွေ လက်ထက်ကတည်းက နှစ်ပေါင်းများစွာ အချိန်ယူပြီး ဖော်စပ်ထားတဲ့ ဆေးပါ၊ သူ့ရဲ့ အာနိသင်ကတော့ ဒဏ္ဍာရီထဲက လောင်ဇီ ဖော်စပ်တဲ့ မသေဆေးနဲ့တောင် နှိုင်းယှဉ်လို့ ရပါတယ်"
ကျိုးဟောက်ယွီ မျက်နှာသေဖြင့်ပင် လျှောက်ပြောတော့သည်။
သူ၏ ပြောပုံဆိုပုံမှာ တကယ့်ကို အမှန်အတိုင်း ဖြစ်နေသဖြင့် ဘေးနားရှိလူများမှာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။
စကားအဆုံးတွင် အားလုံး၏ အံ့ဩနေသော မျက်နှာများကို မြင်လိုက်ရသဖြင့် ကျိုးဟောက်ယွီ တွေးနေမိသည်။
'ငါ ပြောတာ များသွားပြီလား၊ သူတို့ မယုံကြဘူးထင်တယ်’
"ဟို၊ ဒီဆေးမှာ ဘာပြဿနာရှိလို့လဲ"
ကျိုးဟောက်ယွီ ဖုန်းကွမ်းမင်ကို သတိထားကာ မေးလိုက်၏။
"ပြဿနာရှိတာထက် ပိုပါတယ်၊ ဒါက တကယ့်ကို ကြီးမားတဲ့ ပြဿနာကြီးပဲ"
ဖုန်းကွမ်းမင် တည်ကြည်စွာ ပြန်ဖြေသည်။
ကျိုးဟောက်ယွီမှာ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို လွှတ်ချမိလုနီးပါး ဖြစ်သွားရ၏။
"ဘာ၊ ဘာပြဿနာလဲ"
ကျိုးဟောက်ယွီ တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။
ဖုန်းကွမ်းမင် သူ၏ မျက်မှန်ကို ပင့်လိုက်ပြီး ထူးဆန်းသော အပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။
"ခင်ဗျားရဲ့ဆေးက အံ့ဩစရာ ကောင်းလွန်းလို့ ကျွန်တော့်မှာ ဖော်ပြစရာ စကားလုံးတောင် မရှိတော့ပါဘူး၊ ဥက္ကဋ္ဌဝေ ဒီဆေးကို သောက်ပြီးနောက်မှာ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ နှလုံးရောဂါ ပျောက်ကင်းသွားရုံတင်မကဘူး၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်း အားလုံးဟာလည်း သိသိသာသာ ပြောင်းလဲသွားတယ်"
ကျိုးဟောက်ယွီမှာ လုံးဝကို ကြောင်သွားပြီး တွေးနေမိသည်။
'ဒါဆို ဒီဆေးက တကယ် အစွမ်းထက်တာပေါ့၊ ဒါပေမဲ့ သူ့ခန္ဓာကိုယ် ပြောင်းလဲသွားတာက ကောင်းတာလား၊ ဆိုးတာလား’
"ခြုံငုံပြောရရင်တော့ ဦးလေးဝေရဲ့ ရုပ်ရည်က သိပ်မပြောင်းလဲပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေက အခုတော့ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်လိုမျိုး ဖြစ်သွားပါပြီ၊ ဒါက တကယ့်ကို ဆေးပညာလောကရဲ့ အံ့ဖွယ်တစ်ခုပါပဲ"
ဖုန်းကွမ်းမင် စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ရှင်းပြနေတော့၏။
8
ကျိုးဟောက်ယွီမှာ ထိုစကားကို ကြားလိုက်ရသောအခါ ကိုင်ထားသော လက်ဖက်ရည်ခွက်ကိုပင် သောက်ရန် မေ့သွားသည်အထိ မှင်တက်သွားရသည်။
ရုပ်ရည် မပြောင်းလဲသော်လည်း ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များက အသက်နှစ်ဆယ်အရွယ်ကို ပြန်ရောက်သွားသည်ဆိုသည်မှာ တကယ့်ကို အံ့ဩစရာပင်။
‘ဆရာဝန်ဖုန်းကွမ်းမင်အပါအဝင် တခြားဆရာဝန်တွေ ဒီလောက်တောင် အံ့ဩနေကြတာ မဆန်းပါဘူး’
လောင်ဇီပေးသည့် နတ်ဆေး၏ အစွမ်းသတ္တိအကြောင်း ကြားရသောအခါ ကျိုးဟောက်ယွီမှာ နောင်တအနည်းငယ် ရသွားပြီး တိတ်တဆိတ် တွေးနေမိသည်။
'ဒါက ဒီလောက်တောင် အစွမ်းထက်တာလား၊ ငါသာ ဒါကို ရောင်းလိုက်ရင် အိမ်အများကြီးတောင် ဝယ်လို့ရမှာပဲ’
အမှန်စင်စစ် ဤသည်မှာ ကျိုးဟောက်ယွီ၏ တစ်ကိုယ်ကောင်းဆန်သော အတွေးတစ်ခုမျှသာဖြစ်ပြီး သူ တကယ်တမ်းတော့ ဂရုမစိုက်ချေ။
"ဦးလေးဝေရဲ့ ခန္ဓာကိုယ်က လူငယ်တစ်ယောက်လို ပြန်ဖြစ်သွားတာက လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့အချက်ပါပဲ၊ ဘာပဲပြောပြော ဦးလေးဝေက အလှူအတန်း ရက်ရောတဲ့သူတစ်ယောက် မဟုတ်လား"
ကျိုးဟောက်ယွီ စိတ်ရင်းဖြင့် ပြောလိုက်၏။
သူသည် မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ပေ။
ဤကဲ့သို့ မယုံနိုင်စရာကောင်းသော အဖြစ်အပျက်ကောင်းများ ဆက်လက်ဖြစ်ပျက်နေဦးမည်ကို သူသိသည်။
‘သူ့ရဲ့ စနစ်က နတ်ဘုရားတွေနဲ့ ချိတ်ဆက်ပေးနိုင်တာကိုး’
အစမှအဆုံးအထိ ကျိုးဟောက်ယွီသည် မည်သည့်လာဘ်လာဘကိုမျှ မမက်မောဘဲ တည်တည်ငြိမ်ငြိမ်ပင် နေခဲ့သည်။ ကျေးဇူးဆပ်ရန် တောင်းဆိုမှုမျိုး တစ်ခွန်းမှ မဟခဲ့ပေ။
ဤအချက်က ဝေ့ကျန်းဟွာကို သူ့အပေါ် ပို၍ပင် လေးစားသွားစေသည်။
ဝေ့ကျန်းဟွာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဖုန်းကွမ်းမင်မှ ဦးအောင် ဖြတ်မေးလိုက်၏။
"ဆရာကြီး ဒီလိုဆေးမျိုး နောက်ထပ်ရှိသေးလားဗျာ၊ ကျွန်တော်တို့ သုတေသနလုပ်ဖို့အတွက် တစ်လုံးလောက် ရောင်းပေးလို့ ရမလား"
ဝေ့ကျန်းဟွာသည်လည်း ဤဆေးကိုသာ အောင်မြင်အောင် ဖော်စပ်နိုင်ပါက အတိုင်းအဆမရှိ ချမ်းသာကြွယ်ဝလာမည်ကို သိသဖြင့် ဖုန်းကွမ်းမင်ကို မတားဘဲ ကျိုးဟောက်ယွီ၏ အဖြေကိုသာ တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။
"အဲဒါကတော့"
ကျိုးဟောက်ယွီ ရှုံ့မဲ့မဲ့ ပြုံးလိုက်ရင်း တွေးလိုက်သည်။
'ငါက နတ်ပြည်တက်ပြီး လောင်ဇီဆီမှာ သွားတောင်းရမှာလား၊ ဒါကြီးက စဉ်စားရုံနဲ့ ရယ်ချင်စရာကြီး’
ထို့နောက် သူ ချောင်းအနည်းငယ် ဟန့်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်၏။
"ဒီဆေးတစ်လုံး ဖြစ်လာဖို့ ကျွန်တော့်ရဲ့ ဘိုးဘေးတွေ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲဆိုတာ ခင်ဗျားတို့ မသိပါဘူး၊ လောကမှာ ဒါတစ်လုံးပဲ ရှိတာပါ၊ ဒါက ကျွန်တော့်မိသားစုရဲ့ အဖိုးတန် အမွေအနှစ်တစ်ခုပဲ၊ ဦးလေးဝေက ကျွန်တော်နဲ့ ဆုံတွေ့ရတာ တကယ့်ကို ကံကောင်းတယ်လို့ပဲ ပြောရမှာပါ"
ကျိုးဟောက်ယွီ၏ စကားများမှာ ယုတ္တိရှိသယောင် ထင်ရသော်လည်း ဝေ့ရှီယုတစ်ယောက်သာ သူ့ကို လုံးဝ မယုံကြည်ပေ။
သူမ ကျိုးဟောက်ယွီကို မထီမဲ့မြင် ကြည့်ရင်း တွေးလိုက်သည်။
'သူက ဟန်လုပ်နေတာပါ၊ ဒါက ဈေးပေါတဲ့ ဆေးလုံးလေးပဲ ဖြစ်မှာ၊ သူတို့တွေ မှားနေကြတာနေမယ်'
ကျိုးဟောက်ယွီ၏ စကားကြောင့် ဖုန်းကွမ်းမင်မှာ စိတ်ပျက်သွားကာ ထပ်မေးပြန်၏။
"ဒါဆို ခင်ဗျားတို့ မိသားစုမှာ ဒီဆေးဖော်စပ်နည်းကော ရှိသေးလား"
ကျိုးဟောက်ယွီက ခါးသီးစွာ ပြုံးလိုက်ပြီး မိမိ၏ နွမ်းပါးသော ပုံစံကို ငုံ့ကြည့်ကာ ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်၏။
"ကျွန်တော့်ပုံစံက ဖော်စပ်နည်း ရှိတဲ့ပုံ ပေါက်နေလို့လားဗျာ၊ တကယ်လို့သာ ရှိခဲ့ရင် ကျွန်တော် ဘယ်လောက်တောင် ရောင်းစားလို့ ရမလဲ၊ ဒီဒီ မောင်းနေတာထက်စာရင် စီးပွားရေးအသေးစားလေး လုပ်နေတာကမှ ပိုကောင်းဦးမယ်"
"ဒါဆိုရင်"
ဖုန်းကွမ်းမင် ထပ်မေးရန် ပြင်လိုက်သော်လည်း ဝေ့ကျန်းဟွာ၏ အကြည့်ကြောင့် ရပ်သွားရသည်။
ဝေ့ကျန်းဟွာသည် ဖုန်းကွမ်းမင် တစ်ဖက်လူကို မေးခွန်းများ အလွန်အကျွံ မေးနေသည်မှာ ဘောင်ကျော်နေသည်ဟု ခံစားလိုက်ရ၏။
ကျိုးဟောက်ယွီမှာ သူ၏ မိသားစုအမွေအနှစ်ဖြင့် မိမိအသက်ကို ကယ်တင်ခဲ့သူဖြစ်ရာ ယနေ့ ဆွေးနွေးရမည့် အကြောင်းအရာမှာ ကျေးဇူးဆပ်ရန်သာ ဖြစ်သင့်သည်။
"ဟောက်ယွီ သူတို့က သူတို့ရဲ့ အလုပ်သဘောအရ မေးမြန်းနေကြတာပါ၊ အဲဒါတွေကို စိတ်ထဲမထားပါနဲ့၊ မင်း ဘာပြန်လိုချင်သလဲဆိုတာကိုသာ ပြောပါ"
ဝေ့ကျန်းဟွာ ကျိုးဟောက်ယွီကို ယဉ်ယဉ်ကျေးကျေး ပြောလိုက်၏။
ဤသည်မှာ ကျိုးဟောက်ယွီကို အကျပ်ရိုက်သွားစေသည်။ သူ မည်သည်ကို တောင်းရမှန်း မဝေခွဲနိုင် ဖြစ်နေ၏။
နည်းနည်းသာ တောင်းမိလျှင်လည်း အရှုံးပေါ်မည်ကို ကြောက်သကဲ့သို့ အများကြီး တောင်းမိလျှင်လည်း အငြင်းခံရမည်ကို သူ စိုးရိမ်နေမိသည်။
ကျိုးဟောက်ယွီ တွေဝေနေသည်ကို မြင်သောအခါ ဝေ့ရှီယု စိတ်မရှည်စွာဖြင့် တိုက်တွန်းလိုက်၏။
"လိုချင်တာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ၊ ကျွန်မတို့က သူတစ်ပါးရဲ့ ကျေးဇူးကို အကြွေးတင်နေရတာ မကြိုက်ဘူး"
သူမ၏ မောက်မာသော အမူအရာက ကျိုးဟောက်ယွီကို ဒေါသထွက်သွားစေပြီး သူ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဝေ့ကျန်းဟွာမှ ဦးစွာ ပြောလိုက်သည်။
"ဟောက်ယွီ သမီးလေး ပြောတာကို စိတ်ထဲမထားပါနဲ့၊ ဦးလေးက သူ့ကို ငယ်ငယ်ကတည်းက အလိုလိုက်ထားလို့ သူက စကားပြောတာ နည်းနည်း တဲ့တိုးဆန်နေတာပါ"
ဝေ့ကျန်းဟွာ ပြုံးလျက် သမီးဖြစ်သူကိုယ်စား တောင်းပန်လိုက်၏။
ကျိုးဟောက်ယွီမှာ ဝေ့ရှီယု၏ အလိုလိုက်ခံထားရသော အကျင့်ကို ရိပ်မိသွားပြီး တွေးလိုက်သည်။
'သူမက သခင်မလေးပဲဟာ၊ ငါက သူမနဲ့ သွားပြီး အငြင်းအခုန် မလုပ်နိုင်ပါဘူး'
"အချိန်ဆွဲမနေဘဲ ရှင့်ရဲ့ တောင်းဆိုချက်တွေကိုသာ ပြောစမ်းပါ၊ လူကြီးလူကောင်းလို ဟန်ဆောင်မနေနဲ့"
ဝေ့ရှီယု ဝေ့ကျန်းဟွာကို ဂရုမစိုက်ဘဲ ကျိုးဟောက်ယွီကို မကျေမနပ် ကြည့်ကာ ပြောလိုက်၏။
ဤအချက်က ကျိုးဟောက်ယွီကို ဒေါသထွက်သွားစေကာ တွေးလိုက်မိသည်။
'ငါ့ကို အထင်သေးနေတာပေါ့လေ၊ ဟုတ်လား၊ ဒီနေ့တော့ ငါ ဘယ်လိုလူလဲဆိုတာ မင်းကို ပြလိုက်ရတာပေါ့’
"ကျွန်တော် တကယ်ပဲ ဘာမှ ပြန်မလိုချင်ပါဘူး၊ နာမည်ဂုဏ်သတင်းနဲ့ စည်းစိမ်ဥစ္စာဆိုတာ ကျွန်တော့်အတွက်တော့ လွင့်မျောနေတဲ့ တိမ်တိုက်တွေလိုပါပဲ၊ အခု ကျွန်တော့်ရဲ့ အခြေအနေကိုပဲ ကျွန်တော် ကျေနပ်ပါတယ်၊ ချမ်းသာကြွယ်ဝပြီး အရှိန်အဝါ မရှိပေမဲ့၊ နည်းနည်းတော့ ပင်ပန်းပေမဲ့ ကျွန်တော့်ဘဝက ပြည့်စုံပြီး ပျော်စရာကောင်းပါတယ်"
ကျိုးဟောက်ယွီ ခိုင်မာစွာ ပြောလိုက်သည်။
စကားအဆုံးတွင် သူ ဝေ့ရှီယုကို ရန်စသော အကြည့်ဖြင့် တိတ်တဆိတ် ကြည့်လိုက်၏။
ဤသည်မှာ ဝေ့ရှီယုကို ဒေါသပေါက်ကွဲသွားစေသည်။
"ရှင်"
ဝေ့ရှီယု ဒေါသတကြီး မတ်တတ်ရပ်ကာ ကျိုးဟောက်ယွီကို လက်ညှိုးထိုးပြီး ပြောရန် ပြင်လိုက်သော်လည်း ဝေ့ကျန်းဟွာမှ တားလိုက်၏။
"မရူးစမ်းနဲ့"
ဝေ့ကျန်းဟွာ ပြတ်သားစွာ ပြောလိုက်သည်။
ဝေ့ကျန်းဟွာ စိတ်တိုနေသည်ကို မြင်သောအခါ ဝေ့ရှီယုသည် သွားကြိတ်ကာ လက်လျှော့လိုက်ပြီး မျက်နှာလွှဲလျက် ပြန်ထိုင်လိုက်၏။ ကျိုးဟောက်ယွီ၏ မျက်နှာကို နောက်ထပ် မမြင်ချင်တော့သကဲ့သို့ပင်။
ထိုအချိန်တွင် ကျိုးဟောက်ယွီမှာ အလွန်ပင် ကျေနပ်သွားကာ စိတ်ထဲမှ တဟီးဟီး ရယ်နေမိသည်။
ဝေ့ကျန်းဟွာကတော့ ကျိုးဟောက်ယွီ၏ တည်ငြိမ်မှုကို တကယ်ပင် လေးစားသွားမိ၏။
"ဟောက်ယွီ ဘာပဲဖြစ်ဖြစ် မင်းက ဦးလေးရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ၊ ဦးလေးအနေနဲ့ ကျေးဇူးဆပ်ခွင့်ရအောင် အနည်းဆုံးတော့ မင်းရဲ့ အခြေအနေတစ်ခုကို ပြောပြပါ၊ ဒါမှ ဦးလေး စိတ်ထဲမှာ နေလို့ကောင်းမှာ"
ဝေ့ကျန်းဟွာ ခေတ္တနားပြီးနောက် ဆက်ပြောသည်။
"တခြားဟာတွေက ရှုပ်ထွေးတယ်လို့ ထင်ရင် ဦးလေး မင်းကို ပိုက်ဆံပေးမယ်၊ ပမာဏကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"
ကျိုးဟောက်ယွီ ဝေ့ကျန်းဟွာကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ပေးမည့်ငွေမှာ နည်းမည်မဟုတ်မှန်း သိ၏။
သို့သော် သူသည် လူကြီးလူကောင်းအဖြစ် ဟန်ဆောင်ထားပြီးဖြစ်ရာ မိမိ၏ အသိစိတ်နှင့် ဆန့်ကျင်နေသော်လည်း ဇာတ်ကို အဆုံးထိ ကပြရမည် မဟုတ်ပါလား။
"ဦးလေးဝေ ကျွန်တော့်ကို ပိုက်ဆံအကြောင်း လာပြောနေရင်တော့ ဒါဟာ ကျွန်တော် ဦးလေးကို ကယ်ခဲ့တဲ့ ကနဦး ရည်ရွယ်ချက်ကို စော်ကားရာ ရောက်ပါလိမ့်မယ်"
ကျိုးဟောက်ယွီ ပြုံးလျက် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။
အစမှအဆုံးအထိ ကျိုးဟောက်ယွီသည် မည်သည့် ကျေးဇူးဆပ်မှုကိုမျှ လက်မခံဘဲ မြင့်မြတ်သော စိတ်ထားရှိသူအဖြစ် ပြသခဲ့၏။
ဤသည်မှာ ဝေ့ကျန်းဟွာကို အားကိုးရာမဲ့သွားစေသလို ကျိုးဟောက်ယွီ၏ ထူးခြားမှုကိုလည်း သတိပြုမိသွားစေသည်။
ကျိုးဟောက်ယွီ လက်ဖက်ရည်ကို သောက်ပြီးနောက် ဤသို့ ဆက်နေခြင်းမှာ အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရ၏။
"ဦးလေးဝေ ကျွန်တော် ကယ်ခဲ့တဲ့ ကိစ္စအတွက် စိတ်ထဲ မထားပါနဲ့တော့"
ကျိုးဟောက်ယွီ ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ ပြောလိုက်သည်။
"ကျွန်တော် အလုပ်ဆက်လုပ်ရဦးမှာမို့ ခွင့်ပြုပါဦး"
ဝေ့ကျန်းဟွာသည်လည်း မတ်တတ်ရပ်ကာ ကျိုးဟောက်ယွီ၏ လက်ကို ဆွဲကိုင်ပြီး ကျေးဇူးတင်စွာ ပြောလိုက်၏။
"နောင်တစ်ချိန်မှာ တစ်ခုခု အခက်အခဲရှိရင် ဦးလေးကို အသိပေးပါ၊ ဦးလေး တတ်နိုင်သလောက် အစွမ်းကုန် ကူညီပေးပါ့မယ်"
"ကျေးဇူးတင်ပါတယ် ဦးလေး"
ကျိုးဟောက်ယွီ ပြုံးလျက် ထိုစကားကို စိတ်ထဲမထားဘဲ ပြန်ဖြေလိုက်သည်။
နှုတ်ဆက်ပြီးနောက် ကျိုးဟောက်ယွီသည် သူလုပ်ခဲ့သော ကုသိုလ်ကောင်းမှု၏ အကျိုးခံစားခွင့်ကို လျစ်လျူရှုကာ လှည့်ထွက်လာခဲ့၏။
သို့သော် ဂိတ်ပေါက်ဝသို့ ရောက်သောအခါ ကျိုးဟောက်ယွီသည် သူ မည်သည့်အချိန်တွင်မှ ထပ်မတွေ့ချင်တော့သော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုသူမှာ လုဟန်ပင် ဖြစ်၏။
လုဟန် ပေါ်လာသောအခါ ကျိုးဟောက်ယွီ လုံးဝ ဒေါသမထွက်တော့ဘဲ အံ့ဩသွားကာ တွေးလိုက်သည်။
'သူက ဒီမှာ ဘာလာလုပ်တာလဲ၊ ဝေ့မိသားစုနဲ့ သူက ဘာပတ်သက်နေတာလဲ'
လုဟန်သည်လည်း ကျိုးဟောက်ယွီကို ထိုနေရာတွင် တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။
သို့သော် သူ၏ မျက်နှာတွင် ချက်ချင်းပင် မထီမဲ့မြင်ပြုသော အမူအရာ ပေါ်လာပြီး လှောင်ပြောင်လိုက်သည်။
"ဘာလဲ၊ ဒီဒီ မောင်းလို့ ပိုက်ဆံမရတော့လို့ ဒီမှာ အိမ်သာလာဆေးချင်လို့လား"
ကျိုးဟောက်ယွီ ထိုစကားကို ကြားရသောအခါ အလွန်ပင် ဒေါသထွက်သွားသော်လည်း မျက်နှာတွင်တော့ မပြလိုက်ပေ။ သူ စိတ်ထဲတွင်သာ ကျိန်ဆဲနေမိ၏။
'တောက်၊ ဒီလိုလူစားတွေက ဘယ်တော့မှ စကားကောင်း ထွက်မှာ မဟုတ်ဘူး'