အခန်း (၉-၁၀)
Vol. 1 Ch. 9-10
9
လုဟန်နှင့် ဝေ့မိသားစု၏ ပတ်သက်မှုကို အတည်ပြုရန်အတွက် ကျိုးဟောက်ယွီ နှိမ့်ချဟန်ဆောင်ကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ သူတို့က ငါ့ကို အိမ်သာဆေးဖို့တောင် လက်မခံကြဘူး၊ ခင်ဗျားက သူတို့ကို သိတယ်မလား၊ ငါ့အတွက် စကားလေးတစ်ခွန်းလောက် ပါးပေးလို့ ရမလား"
ကျိုးဟောက်ယွီ၏ အသနားခံနေသော မျက်နှာပေးကို မြင်ရသောအခါ လုဟန်မှာ အလွန်ကျေနပ်သွားပြီး လွယ်လွယ်ကူကူပင် သဘောတူလိုက်၏။
"ဒါ ငါ့ရဲ့ ဦးလေးတော်စပ်သူရဲ့ အိမ်ပဲ၊ ငါ ဒီအိမ်အကြောင်း ကောင်းကောင်းသိတယ်၊ ငါနဲ့အတူ လိုက်ခဲ့၊ မင်းကို အိမ်သာကြီးကြပ်ရေးမှူး ရာထူးရအောင် ငါ လုပ်ပေးမယ်"
ထိုသို့ပြောပြီးနောက် သူသည် ကျိုးဟောက်ယွီကို မထီမဲ့မြင် တစ်ချက်ကြည့်ကာ ခေါင်းကိုမော့၊ ရင်ကိုကော့လျက် မောက်မာသော အမူအရာဖြင့် အထဲသို့ လျှောက်လှမ်းသွားတော့သည်။
ကျိုးဟောက်ယွီမှာတော့ စိတ်ထဲမှ လှောင်ရယ်လိုက်ပြီး သူ့ကို အရင်ဝင်ခွင့်ပြုလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။
"ဘာတွေ ဒီလောက် မောက်မာနေတာလဲ၊ မင်း ဘယ်လို ပြန်ထွက်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
လုဟန်၏ ဦးလေးမှာ ဝေ့ကျန်းဟွာ ဖြစ်နေသည်ကို သူသိပြီးသားဖြစ်ရာ လုဟန် လူအများရှေ့တွင် မည်သို့ အရှက်ကွဲမည်ကို သူ စောင့်ကြည့်နေခြင်း ဖြစ်သည်။
လုဟန်သည် ဝင့်ကြွားစွာ ဝင်လာပြီး ဆိုဖာပေါ်တွင် ထိုင်နေသော ဝေ့ကျန်းဟွာကို မြင်သောအခါ အနားသို့ သွားပြီး ဟန်ဆောင်ကောင်းသော အပြုံးဖြင့် နှုတ်ဆက်လိုက်၏။
"ဦးလေး ဒီရက်ပိုင်း ဦးလေးပုံစံက တော်တော်လေး ကြည့်ကောင်းနေပါလား၊ ဒီအတိုင်းဆိုရင် ဦးလေးက ပိုပြီး နုပျိုလာဦးမှာပဲ"
ဤသည်မှာ လုဟန်၏ မြှောက်ပင့်စကားသက်သက်သာ ဖြစ်သော်လည်း ဝေ့ကျန်းဟွာမှာတော့ အတော်လေး သဘောကျသွားသည်။
သို့သော် သူ သဘောကျသည်မှာ လုဟန်၏ မြှောက်ပင့်မှုကြောင့်မဟုတ်ဘဲ ကျိုးဟောက်ယွီ ပေးခဲ့သော ဆေးလုံးမှာ တကယ်ပင် အစွမ်းထက်နေခြင်းကြောင့် ဖြစ်၏။
ဝေ့ကျန်းဟွာ၏ ကြည်လင်နေသော မျက်နှာကို မြင်သောအခါ လုဟန် ဖားယားသော ပြုံးပြလိုက်ပြီးနောက် ဘေးနားရှိ ဝေ့ရှီယုဘက်သို့ အကြည့်လွှဲလိုက်သည်။
"ညီမလေး မတွေ့ရတဲ့အတောအတွင်း ပိုပြီးတောင် လှလာပါလား"
လုဟန်၏ မျက်လုံးများမှာ အရောင်တောက်နေပြီး လူများသာ အနားမှာ မရှိလျှင် သွားရည်ပင် ကျမိတော့မည် ဖြစ်၏။
ဝေ့ရှီယု သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး မျက်နှာလွှဲကာ ပြောလိုက်သည်။
"ကျွန်မကို အဲဒီလောက် ရင်းရင်းနှီးနှီး လာမခေါ်ပါနဲ့၊ ကျွန်မက ရှင့်နဲ့ အဲဒီလောက် မခင်ဘူး"
လုဟန်မှာ ဝင်လာချင်းမှာပင် အငြင်းခံလိုက်ရသဖြင့် အနည်းငယ် အရှက်ရသွား၏။
ထိုအချိန်တွင် သူသည် တံခါးဝရှိ ကျိုးဟောက်ယွီကို သတိရသွားပြီး ကျိုးဟောက်ယွီကို အသုံးချကာ အနေရခက်မှုကို ဖြေဖျောက်ရန်နှင့် ဝေ့ရှီယုကို ရယ်မောစေရန် ကြံစည်လိုက်သည်။
"ဪ၊ ဟုတ်သားပဲ ဦးလေး တံခါးဝမှာ လူတစ်ယောက် ရောက်နေတယ်၊ သူက အိမ်သာဆေးတဲ့အလုပ် လျှောက်ချင်လို့တဲ့၊ ကျွန်တော်လည်း ကုသိုလ်ရအောင်ဆိုပြီး သူ့ကို အိမ်သာကြီးကြပ်ရေးမှူး ရာထူးပေးမယ်လို့ ကတိပေးလိုက်တယ်၊ ဦးလေး သူ့ကို အလုပ်ခန့်ပေးလို့ ရမလား"
လုဟန် မိမိဘာသာ ကျေနပ်နေရင်း ပြောလိုက်၏။
ဝေ့ကျန်းဟွာမှာ ထိုစကားကို ကြားသောအခါ စိတ်ဝင်စားသွားပြီး တံခါးဝဘက်သို့ လှည့်ကြည့်လိုက်သည်။
လုဟန် တံခါးဝဘက်ကို စိုက်ကြည့်ရင်း အားရပါးရ အော်ခေါ်လိုက်၏။
"ဟေး တံခါးဝကလူ၊ အမြန်ဝင်ခဲ့လေ၊ ငါ့ဦးလေးက မင်းကို အိမ်သာကြီးကြပ်ရေးမှူး ခန့်ဖို့ သဘောတူလိုက်ပြီ"
ကျိုးဟောက်ယွီ နှုတ်ခမ်းထောင့်ကို အေးစက်စွာ တွန့်လိုက်ပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်ဝင်လာခဲ့သည်။
ဝင်လာသူသည် ကျိုးဟောက်ယွီ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဝေ့ကျန်းဟွာမှာ မိမိကိုယ်မိမိ မသိလိုက်ဘဲ မတ်တတ်ရပ်မိသွားပြီး မျက်နှာတွင်လည်း ရှုပ်ထွေးသော အမူအရာများ ပေါ်လာ၏။
“ဦးလေး ဘာလို့ မတ်တတ်ရပ်တာလဲ၊ ပြန်ထိုင်ပါ၊ ဒီလို အောက်ခြေလူတန်းစားတစ်ယောက်ကို ဦးလေးက ကိုယ်တိုင် ထကြိုနေစရာ မလိုပါဘူး"
လုဟန် ဝေ့ကျန်းဟွာကို ပြန်ထိုင်ခိုင်းလိုက်ပြီး ကျိုးဟောက်ယွီဘက်သို့ လှည့်ကာ အော်လိုက်သည်။
"ဘာရပ်ကြည့်နေတာလဲ၊ ဒီကိုလာလေ"
ကျိုးဟောက်ယွီ ပတ်ဝန်းကျင်ကို အံ့ဩဟန်ဆောင် ဝေ့ဝဲကြည့်လိုက်ပြီး ဆို၏။
"ဒီနေရာက တော်တော်ကျယ်တာပဲ၊ အိမ်သာတွေလည်း အများကြီး ရှိမှာပဲနော်၊ ဒီမှာ အိမ်သာကြီးကြပ်ရေးမှူး လုပ်ရတာ တကယ့်ကို ဂုဏ်ယူစရာပဲ"
စကားပြောနေရင်း ကျိုးဟောက်ယွီ အခြားလူများ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်လိုက်ရာ ဝေ့ကျန်းဟွာနှင့် ဝေ့ရှီယုတို့သည် အံ့ဩနေကြသော်လည်း လုဟန်မှာတော့ သူ၏ ရူးကြောင်ကြောင် သရုပ်ဆောင်မှုအပေါ် အတော်လေး ကျေနပ်နေပုံရသည်ကို တွေ့လိုက်ရ၏။
လုဟန်၏ ယုတ်မာသောစိတ်ထားကို ပို၍ ပေါ်လွင်စေရန်အတွက် ကျိုးဟောက်ယွီ ဆက်လက် သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
"ကျိုးမိသားစုရဲ့ ဘိုးဘေးတို့ရေ၊ ဒီနေ့ကစပြီး ကျွန်တော် ကျိုးဟောက်ယွီတစ်ယောက် နောက်ဆုံးတော့ ခေါင်းမော့နိုင်ပါပြီ၊ အခုကစပြီး ကျိုးမိသားစုရဲ့ ဂုဏ်ကို မြှင့်တင်နိုင်တော့မယ်"
ကျိုးဟောက်ယွီ လက်နှစ်ဖက်ကို စုလိုက်ပြီး အိမ်မျက်နှာကြက်ကို ကြည့်ကာ ကြည်ညိုလေးစားသော မျက်နှာပေးဖြင့် ပြောလိုက်၏။
"ဖူး၊ ဟားဟား"
ဝေ့ရှီယုသည် သူ၏ တည်ကြည်လှသော မျက်နှာပေးကြောင့် မအောင့်နိုင်ဘဲ ရယ်မိသွားပြီး တွေးလိုက်သည်။
'သူက ဒီလောက်အထိ ရယ်ရလိမ့်မယ်လို့ မထင်ထားဘူး'
ကျိုးဟောက်ယွီ၏ လုပ်ရပ်ကြောင့် ဝေ့ရှီယု ရယ်မောသွားသည်ကို မြင်လိုက်ရသောအခါ လုဟန်၏ မျက်နှာမှာ စိမ်းဖန့်သွား၏။
သူသည် ဝေ့ရှီယုကို ပိုးပန်းနေသည်မှာ ကြာပြီဖြစ်သော်လည်း သူမ သူ့ကို တစ်ခါမှ ပြုံးပြုံးရွှင်ရွှင် မဆက်ဆံခဲ့ဖူးပေ။
"တော်စမ်းပါဦး၊ အိမ်သာဆေးတာကို ဘိုးဘေးတွေရဲ့ ဂုဏ်ကို မြှင့်တင်တယ်လို့ ပြောနေတာလား၊ မသိတဲ့လူဆိုရင် မင်းကို ဝါးဟားဟားကုမ္ပဏီကြီးရဲ့ အမွေဆက်ခံသူလို့ ထင်နေဦးမယ်"
လုဟန် ကျိုးဟောက်ယွီကို မထီမဲ့မြင် ကြည့်လိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ ဝေ့ကျန်းဟွာဘက် လှည့်ပြောလိုက်သည်။
"ဦးလေး ဒါက ကျွန်တော် ဦးလေးအတွက် ရှာပေးထားတဲ့ အိမ်သာဆေးတဲ့လူပဲ၊ အညစ်အကြေးတွေနဲ့ ပင်ပန်းတဲ့ အလုပ်မှန်သမျှ သူ့ကိုပဲ ခိုင်းပါ၊ သူ့ကို လူလို့တောင် သဘောမထားနဲ့၊ ဟားဟား"
လုဟန်၏ နှိမ့်ချစော်ကားသော စကားများနှင့် မောက်မာသောအမူအရာကို မြင်လိုက်ရသောအခါ ဝေ့ကျန်းဟွာ တကယ့်ကို စိတ်ပျက်ပြီး ဒေါသထွက်သွားရ၏။
သို့သော် သူ စကားမပြောရသေးမီမှာပင် ဝေ့ရှီယုမှ မတ်တတ်ရပ်ကာ စကားပြောလာသည်ကို တွေ့လိုက်ရသည်။
"ဖေဖေ ဒီနေ့ ကျွန်မနဲ့ တွေ့ဖို့လာမယ်ဆိုတဲ့ လူနာမည်က ဘယ်သူလဲဟင်"
ဝေ့ရှီယုသည် လုဟန်ကို ကျောပေးထားရင်း ဝေ့ကျန်းဟွာကို တိတ်တဆိတ် မျက်စိမှိတ်ပြလိုက်၏။
ဝေ့ကျန်းဟွာသည် သမီးဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သွားပြီး ခဏစဉ်းစားကာ ပြန်ဖြေလိုက်၏။
"သူ့နာမည်က 'ယွီ' လို့ ပါတယ် ထင်တာပဲ"
ကျိုးဟောက်ယွီသည် ထိုစကားကို ကြားရုံသာမက သားအဖနှစ်ယောက် မျက်ရိပ်ပြနေကြသည်ကိုပါ သတိထားမိသဖြင့် တွေးလိုက်သည်။
'သူတို့ ဘာတွေ လုပ်နေကြတာလဲ'
"ဒါနဲ့ ရှင် ခုနက ပြောလိုက်တဲ့ နာမည်က ဘာတဲ့လဲ"
ဝေ့ရှီယုသည် ကျိုးဟောက်ယွီ၏ ရှေ့သို့ ခုန်ပေါက်ရောက်ရှိလာပြီး ချိုသာသောအပြုံးဖြင့် မေးလိုက်၏။
ကျိုးဟောက်ယွီမှာ အနည်းငယ် ကြောင်သွားပြီး ခေါင်းကို ကုတ်ကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော့်နာမည်က ကျိုးဟောက်ယွီပါ၊ ဘာဖြစ်လို့လဲ"
"ဖေဖေ သူက ဓာတ်ပုံထဲက လူနဲ့ တူတယ် မဟုတ်လား"
ဝေ့ရှီယု ဝေ့ကျန်းဟွာကို ကြည့်ကာ ဝမ်းသာအားရ မျက်စိမှိတ်ပြလိုက်ပြန်၏။
ဝေ့ကျန်းဟွာလည်း ကျိုးဟောက်ယွီကို အသေအချာ စိုက်ကြည့်ကာ ဆိုသည်။
"အနီးကပ် ကြည့်လိုက်တော့လည်း တကယ်ကို ဆင်တူသားပဲ"
သားအဖနှစ်ယောက်၏ အပေးအယူမျှလှသော စကားများကို နားထောင်ရင်း ကျိုးဟောက်ယွီမှာ ဇဝေဇဝါ ဖြစ်နေကာ တွေးလိုက်သည်။
'ဒါက ဘာကြီးလဲ၊ ငါက အခု ဘယ်သူနဲ့ တူသွားပြန်တာလဲ’
"ဒါဆို သူဆိုတာ သေချာသလောက်တော့ ရှိပြီ"
ဝေ့ရှီယု ဝေ့ကျန်းဟွာကို လူလည်ကျစွာ ပြုံးပြလိုက်ပြီးနောက် ကျိုးဟောက်ယွီထံသို့ လက်ကမ်းပေးကာ ပြောလိုက်၏။
"မင်္ဂလာပါ၊ ကျွန်မက ရှင်နဲ့ ဘလိုင်းဒိတ် တွေ့ရမယ့်သူပါ၊ ကျွန်မနာမည်က ဝေ့ရှီယုပါ"
ကျိုးဟောက်ယွီ မည်သို့မှ တုံ့ပြန်နိုင်ခင်မှာပင် ဝေ့ရှီယု၏ နုနယ်သော လက်ကလေးကို အံ့ဩတကြီး ဆုပ်ကိုင်မိသွားပြီး တွေးလိုက်မိသည်။
'ဘာ ဘလိုင်းဒိတ်လဲ၊ ခုနလေးတင်ပဲ မောက်မာနေတဲ့ သခင်မလေးက အခုကျတော့ ငါနဲ့ ဘလိုင်းဒိတ်အကြောင်းတွေ လာပြောနေတယ်ပေါ့လေ’
ကျိုးဟောက်ယွီ ဝေ့ရှီယု၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်ကို မြင်သောအခါ လုဟန်မှာ အလွန်အမင်း မနာလို ဖြစ်သွား၏။
"ဘာဘလိုင်းဒိတ်လဲ"
လုဟန် ကျိုးဟောက်ယွီနှင့် ဝေ့ရှီယုကြားထဲသို့ ဝင်ကာ ခွဲပစ်လိုက်သည်။
ထို့နောက် ဝေ့ရှီယုကို စိုးရိမ်တကြီး ကြည့်လျက် မေးလိုက်၏။
"ညီမလေး ဘာတွေ ဖြစ်ကုန်တာလဲ၊ ဒီလိုလူမျိုးနဲ့ ဘယ်လိုဖြစ်ပြီး ဘလိုင်းဒိတ်လုပ်ရတာလဲ"
ဝေ့ရှီယု သူ့ကို စိတ်ပျက်စွာ မျက်လုံးလှန်ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ် ပြောချလိုက်သည်။
"ကျွန်မကို 'ညီမလေး' လို့ ရင်းရင်းနှီးနှီး လာမခေါ်နဲ့၊ ကျွန်မတို့ကြားမှာ ဆွေမျိုးတော်စပ်မှုက တော်တော်ဝေးတယ်၊ ပြီးတော့ ကျွန်မ ဘယ်သူနဲ့ ဘလိုင်းဒိတ်လုပ်လုပ် ရှင့်အပူပါသလား၊ ရယ်စရာလာလုပ်နေတာပဲ"
လုဟန်၏ ကြောင်အမ်းအမ်း ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီ အခြေအနေကို ရိပ်မိသွားသည်။ သူ စိတ်ထဲမှ တွေးလိုက်၏။
'ဒါက ဆွေမျိုးနီးစပ်မှု အခွင့်အရေး ယူချင်တာကိုး၊ လုဟန်က ဒီဝေ့ရှီယုကို သဘောကျနေတာ သိသာတယ်’
အရင်တစ်ခေါက်က ဟိုတယ်ရှေ့တွင် တုန်းယွဲ့ယွဲ့နှင့် တတွဲတွဲ လုပ်နေခဲ့ပြီး ယခုကျတော့ ဝေ့ရှီယုကို ထိုမျှအထိ ဂရုစိုက်ပြနေသည်။ လုဟန် တုန်းယွဲ့ယွဲ့၏ ခံစားချက်ကို ကစားနေခြင်းသာဖြစ်ကြောင်း ကျိုးဟောက်ယွီ သိလိုက်ရသည်။
သူသည် တုန်းယွဲ့ယွဲ့နှင့် အဆက်အသွယ် ဖြတ်ထားသော်လည်း သူစိမ်းတစ်ယောက်အတွက်ပင် ဖြစ်ပါစေ၊ လုဟန်၏ ဟန်ဆောင်မျက်နှာဖုံးကို ကျိုးဟောက်ယွီ မကြည့်ရက်ပေ။
ထို့ကြောင့် သူ ဤအခွင့်အရေးကို အသုံးချကာ လုဟန်ကို အရှက်ခွဲပြီး ဒေါသထွက်အောင် လုပ်ရန် ဆုံးဖြတ်လိုက်၏။
10
"မမရှီယု ဓာတ်ပုံထဲကထက်တောင် အပြင်မှာက ပိုလှနေပါလား၊ ဒါကြောင့်လည်း ကျွန်တော် ပထမဆုံးမြင်မြင်ချင်းမှာ မမှတ်မိတာပါ"
ကျိုးဟောက်ယွီ လူကြီးလူကောင်းဆန်ဆန်ဖြင့် အနည်းငယ် ဦးညွှတ်လိုက်ပြီး ဆိုသည်။
"အဲဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်"
ဘေးတွင်ရပ်နေသော လုဟန်မှာတော့ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်တော့၏။
‘ခုနတင်ကပဲ ဒီဆင်းရဲနွမ်းပါးတဲ့ ဒီဒီ ကားမောင်းသမားတစ်ယောက်က အခုကျတော့ ရုတ်တရက်ကြီး ဘယ်လိုဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ လူကြီးလူကောင်းတစ်ယောက် ဖြစ်သွားရတာလဲ’
လုဟန်တင် အံ့ဩသွားသည်မဟုတ်ဘဲ ဝေ့ရှီယုပင်လျှင် အနည်းငယ် တုန်လှုပ်သွားရသည်။
သူမသည် ကျိုးဟောက်ယွီကို ကြည့်ရင်း ရယ်ချင်စိတ်ကို အောင့်ထားလိုက်မိ၏။
'သူက လူကြီးလူကောင်းတစ်ယောက်လို သရုပ်ဆောင်တာ ဒီလောက်အထိ ပိုင်လိမ့်မယ်လို့ မထင်ထားဘူး'
သူမ တွေးနေမိသည်။
"ရပါတယ်၊ ကျွန်မလည်း ရှင့်ကို ပထမဆုံးမြင်မြင်ချင်းမှာ မမှတ်မိပါဘူး၊ ဒါကို ကျွန်မတို့နှစ်ယောက်ကြားက လှပတဲ့ အထင်လွဲမှုတစ်ခုလို့ပဲ သဘောထားလိုက်ရအောင်"
ဝေ့ရှီယု ချိုသာစွာ ပြုံးပြလိုက်ပြီး လုဟန်၏ ရှေ့မှာတင် ကျိုးဟောက်ယွီကို အရိပ်အကဲဖြင့် မြှူဆွယ်လိုက်၏။
ဤသည်မှာ လုဟန်ကို မနာလိုစိတ်ကြောင့် ပေါက်ကွဲလုမတတ် ဖြစ်သွားစေသည်။
သူ ဝေ့ရှီယုကို သိလာကတည်းက သူမက သူ့ကို ဤကဲ့သို့ ပြုံးပြလာမည့်ရက်ကို အိပ်မက်မက်ခဲ့ရသည် မဟုတ်ပါလား။
‘ဒီနေ့တော့ သူ အဲဒီအပြုံးကို မြင်လိုက်ရပါပြီ၊ ဒါပေမဲ့ သူမ ပြုံးပြနေတာက သူမဟုတ်ဘဲ သူ အမုန်းဆုံးဖြစ်တဲ့ ကျိုးဟောက်ယွီ ဖြစ်နေသည်ကိုး’
"နေပါဦး ဦးလေး ဦးလေးတော့ သူ့ရဲ့ လှည့်ကွက်ထဲမှာ မိနေပြီထင်တယ်"
လုဟန် ဝေ့ကျန်းဟွာကို အလောတကြီး ပြောလိုက်၏။
ဝေ့ကျန်းဟွာ သူ့ကို တစ်ချက်ပင် လှည့်မကြည့်ဘဲ လက်ဖက်ရည်ခွက်ကို မှုတ်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။
"ငါတို့က ဘယ်လို အလှည့်စားခံရတာလဲ၊ ပြောစမ်းပါဦး"
ယခုအချိန်တွင် သူသည် လုဟန်နှင့် ကျိုးဟောက်ယွီတို့မှာ ယခင်ကတည်းက သိကျွမ်းသူများဖြစ်ကြောင်းနှင့် လုဟန်သည် ကျိုးဟောက်ယွီအပေါ် အငြိုးအတေး ရှိနေကြောင်းကို ရိပ်မိနေပြီဖြစ်၏။
"သူက ဒီဒီ မောင်းတဲ့ ငမွဲတစ်ယောက်ပဲလေ၊ ပြီးတော့ ညီမလေးကို ကြည့်ပါဦး၊ သူမက ဦးလေးရဲ့ အဖိုးတန်သမီးလေး၊ ဝါးဟားဟားရဲ့ အနာဂတ် အမွေဆက်ခံသူလေ၊ သူမက ဘယ်လိုဖြစ်ပြီး ဒီလို ငမွဲတစ်ယောက်နဲ့ တွဲလို့ဖြစ်မှာလဲ၊ ဒါက လုံးဝ မလိုက်ဖက်တာ သိသာနေတာပဲ"
လုဟန် အလောတကြီး ပြောလိုက်ရာ သူ၏ စကားလုံးများမှာ ပြတ်သားပြီး အတ္တဆန်နေတော့သည်။
ကျိုးဟောက်ယွီ စိတ်ထဲမှ ခိုးရယ်လိုက်ပြီး အေးဆေးစွာ မေးလိုက်၏။
"မင်း ဆိုလိုတာက ငါတို့နှစ်ယောက် တွဲရင် ပျော်ရွှင်မှာ မဟုတ်ဘူးပေါ့ ဟုတ်လား"
"ပေါက်ကရတွေ"
လုဟန်မှာ တကယ်ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကာ အခြေအနေကို မေ့လျော့ပြီး အော်ဟစ်လိုက်တော့သည်။
ဤနေရာမှာ ဝေ့မိသားစု၏ ဗီလာဖြစ်ပြီး မည်သူမှ ဤနေရာမှာ ထိုကဲ့သို့ လာအော်၍မရဘူးဆိုသည်ကို သူ မေ့သွားပုံရ၏။
ဝေ့ကျန်းဟွာ မည်သည်ကိုမှ ထုတ်မပြောသော်လည်း သူ၏ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဒေါသတကြီး ဆောင့်ချလိုက်သည်။
ဖန်ခွက်ချင်း ထိသံကြောင့် လုဟန်၏ ခန္ဓာကိုယ်မှာ တုန်ရီသွားတော့၏။
သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ ဝေ့ကျန်းဟွာ၏ ခန့်ညားထည်ဝါသော်လည်း တည်ကြည်လှသော မျက်နှာကို မြင်လိုက်ရသဖြင့် လုဟန်မှာ အသက်ပင် ဝဝမရှူရဲတော့ပေ။
"ဦးလေး ကျွန်တော်က အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး၊ ချမ်းသာတဲ့ မိန်းကလေးနဲ့ ဆင်းရဲတဲ့ ကောင်လေးတွဲတဲ့ ဇာတ်လမ်းတွေက ရုပ်ရှင်တွေထဲမှာပဲ ရှိတာပါ၊ အပြင်လောကမှာတော့ ဒီလိုကိစ္စတွေက ဘယ်တော့မှ အဆုံးသတ် မကောင်းပါဘူး၊ သူတို့မှာ တန်ဖိုးထားပုံချင်း မတူကြဘူး"
လုဟန် ဝေ့ကျန်းဟွာကို ဆက်လက် ရှင်းပြရန် ကြိုးစားနေသည်။
သို့သော် ထိုစကားများက ဝေ့ကျန့်ဟွာကို ပို၍သာ စိတ်ပျက်စေခဲ့၏။
"ဘာလို့ ဒီလောက်တောင် စကားတွေ အများကြီး ပြောနေတာလဲ၊ မင်းက ငါနဲ့ မင်းရဲ့ညီမလေး တွဲမှာကို မလိုလားတာမဟုတ်လား"
ကျိုးဟောက်ယွီ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
လုဟန် ခေါင်းကို ချာခနဲ လှည့်ကြည့်ကာ အော်ဟစ်ရန် ပြင်လိုက်သော်လည်း ယခင်က အမှားကို သတိရသွား၏။
"ဒါက အမှန်တရားပဲ၊ ငါက အမှန်အတိုင်း ပြောပြနေတာ"
လုဟန် သွားကြိတ်လျက် မိမိ၏ ခံစားချက်ကို ထိန်းချုပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ကျိုးဟောက်ယွီ သူ့ကို ကြည့်ပင်မကြည့်ဘဲ လက်သည်းကို အသာအယာ ဆိတ်ရင်း ဆိုလိုက်၏။
“မင်းရဲ့ ညီမလေးက ငါနဲ့ မတွဲဘဲ မင်းနဲ့ တွဲရမှာလား"
"ဒါပေါ့ သူမက ငါနဲ့ပဲ တွဲရမှာပေါ့၊ ငါတစ်ယောက်ပဲ သူမကို ပျော်ရွှင်အောင် ထားနိုင်တာ"
လုဟန် သူ၏ စိတ်ရင်းကို ရုတ်တရက် ထုတ်ပြောလိုက်မိသည်။
"ဪ ဟုတ်လား"
ကျိုးဟောက်ယွီ မော့လိုက်ပြီး လုဟန်ကို လှောင်ပြုံးဖြင့် စိုက်ကြည့်လိုက်၏။
လုဟန်သည် မိမိ စကားပြောလောသွားမှန်း သိလိုက်သဖြင့် မျက်နှာပျက်သွား၏။
သူ၏ စိတ်ထဲရှိ အမှန်တရားကို ထုတ်ပြောလိုက်မိသော်လည်း ယခုအချိန်တွင် လုဟန်မှာ ဝန်ခံရန် မဝံ့ရဲတော့ပေ။
"ညီမလေး အစ်ကိုက သူ့ရဲ့ စကားနောက်ကို ပါသွားလို့ပါ၊ အစ်ကို့မှာ ညီမလေးအပေါ် ဘယ်လို မရိုးသားတဲ့ စိတ်မှ မရှိပါဘူး၊ ညီမလေးက မြင့်မြတ်တဲ့ သခင်မလေးပဲ၊ အစ်ကိုက ဘယ်လိုလုပ် ညီမလေးနဲ့ တန်မှာလဲ၊ မယုံရင် အစ်ကို ကျိန်ရဲပါတယ်"
လုဟန် တည်ကြည်သော မျက်နှာဖြင့် လက်မြှောက်ကာ ကျိန်ဆိုလိုက်သည်။
ကျိုးဟောက်ယွီ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ခေါင်းခါကာ တွေးလိုက်၏။
'အမှန်ပဲ ယောကျ်ားတစ်ယောက်ရဲ့ လိမ်ညာတတ်တဲ့ ပါးစပ်ကို ယုံမယ့်အစား သရဲတစ္ဆေကို ယုံလိုက်တာကမှ ပိုကောင်းဦးမယ်၊ ဪ ငါလည်း ယောကျ်ားတစ်ယောက်ပဲဆိုတာ မေ့သွားလို့’
လုဟန်သည် ဤကဲ့သို့သော ကျိန်ဆိုမှုမျိုးဖြင့် မိန်းကလေး မည်မျှကို ဖျားယောင်းခဲ့ပြီးပြီအား သူ တွေးတောမိကာ လုဟန်ကြောင့် နာကျင်ခဲ့ရသော မိန်းကလေးများအတွက် စိတ်မကောင်း ဖြစ်မိသည်။
ဝေ့ရှီယုမှာတော့ လုဟန်၏ ညံ့ဖျင်းလှသော သရုပ်ဆောင်မှုကို ကြည့်ရင်း သူသည် စိတ်ပျက်စရာကောင်းသကဲ့သို့ သနားစရာလည်း ကောင်းသည်ဟု ခံစားလိုက်ရ၏။
"မလိုပါဘူး၊ ကျွန်မက ရှင့်နဲ့ မတန်ပါဘူး၊ ရှင့်ရဲ့ အိပ်မက်တွေက အရမ်းကြီးလွန်းတယ်"
ဝေ့ရှီယု ခေါင်းကို အတွင်တွင် ခါယမ်းလိုက်သည်။
သူမ၏ မျက်နှာပေးအရ သူမသည် စိတ်ရင်းဖြင့် ပြောနေခြင်းဖြစ်ကြောင်း ကျိုးဟောက်ယွီ သိလိုက်သဖြင့် သိချင်စိတ် ပြင်းပြလာ၏။
'သူမက လုဟန်အပေါ် ခံစားချက် ရှိနေတာလား၊ ခုနက တမင် ဟန်ဆောင်နေတာလား'
ထိုစကားကြောင့် လုဟန်မှာ ကြောင်သွားပြီး ဝေ့ရှီယုကို မယုံကြည်နိုင်စွာ စိုက်ကြည့်ကာ မေးလိုက်သည်။
"ငါ့ရဲ့ အိပ်မက်တွေက ဘယ်မှာ ကြီးလို့လဲ"
"ရှင့်ရဲ့ အိပ်မက်က ဖားပြုတ်က ငန်းသားကို စားချင်နေသလိုပဲလေ"
ဝေ့ရှီယု တည်တည်ငြိမ်ငြိမ်ပင် ပြောချလိုက်၏။
"အဟွတ်၊ အဟွတ်"
ကျိုးဟောက်ယွီမှာ သီးသွားကာ မည်သည်ကိုမှ ပြန်မပြောနိုင်တော့ပေ။
'ဒီသခင်မလေးက လူကို ဆဲတာ တော်တော်တော်တာပဲ'
သူ တွေးလိုက်မိသည်။
လုဟန်မှာ ခုနလေးတင် ဝေ့ရှီယုမှ သူ့ကို စိတ်ဝင်စားနေတာလားဟု ရိုးသားစွာ တွေးလိုက်မိသော်လည်း အမှန်တကယ်တော့ သူမက သူ့ကို လှောင်ပြောင်နေခြင်းသာ ဖြစ်ကြောင်း သိလိုက်ရ၏။
ထိုစကားကို ကြားလိုက်ရသောအခါ လုဟန် အလွန်အမင်း အရှက်ရသွားပြီး မြေကြီးထဲသာ ငုပ်လျှိုးသွားချင်တော့သည်။
ဘေးနားတွင် ကျိုးဟောက်ယွီ ခိုးရယ်နေသည်ကို မြင်သောအခါ လုဟန်သည် ကျိုးဟောက်ယွီကြောင့်သာ သူ ယခုကဲ့သို့ အရှက်ကွဲရခြင်းဖြစ်သည်ဟု မှတ်ယူကာ ကျိုးဟောက်ယွီအပေါ် အပြစ်ပုံချလိုက်၏။
"ညီမလေး အစ်ကိုတို့အကြောင်းကို ခဏထားလိုက်ပါဦး၊ အစ်ကိုက ညီမလေးရဲ့ အနာဂတ် ပျော်ရွှင်မှုအတွက် တကယ်ကို စိုးရိမ်လို့ပါ"
လုဟန် ဝေ့ရှီယုကို ခိုင်မာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ကျိုးဟောက်ယွီ၏ အဝတ်အစားများကို ဆွဲပြကာ ဆိုသည်။
"သူ့ကို ကြည့်ပါဦး၊ သူ့အဝတ်အစားတွေထဲမှာ နာမည်ကြီးတံဆိပ် တစ်ခုခုပါရဲ့လား၊ ဒီလိုလူမျိုးက ညီမလေးကို ပျော်ရွှင်အောင် ထားနိုင်ပါ့မလား"
"သူက"
ဝေ့ရှီယု စကားမဆုံးခင်မှာပင် ကျိုးဟောက်ယွီ တားလိုက်၏။
"ငါ နာမည်ကြီးတံဆိပ် ဝတ်တာ၊ မဝတ်တာက မင်းနဲ့ ဘာဆိုင်လို့လဲ၊ ငါ့ရဲ့ အတွင်းခံက Armaniဟုတ်လား၊ မဟုတ်လားဆိုတာ မင်းကို လိုက်ပြောနေရမှာလား"
(T/N : Armani က လူချမ်းသာတေဝတ်တဲ့ နာမည်ကြီး brandပါ)
ကျိုးဟောက်ယွီ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
လုဟန်သည် သူ၏အတွင်းခံမှာ မည်သည့် တံဆိပ်လဲဆိုသည်ကို သူနှင့် အငြင်းမပွားချင်ပေ။ သူ တံခါးဝဘက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။
"သူ နာမည်ကြီးတံဆိပ် ဝတ်တာ၊ မဝတ်တာကို ထားလိုက်ပါဦး၊ အပြင်ထွက်ပြီး သူ ဘာကားမောင်းလာသလဲဆိုတာကို ကြည့်လိုက်စမ်းပါ၊ ဒီလို စုတ်ပြတ်သတ်နေတဲ့ ကားနဲ့ မင်းက လိုက်စီးချင်လို့လား"
ကားအကြောင်း ပြောလိုက်သောအခါ ကျိုးဟောက်ယွီ တစ်ခုခုကို သတိရသွားပုံရသည်။
"ဒါပေါ့ ဒီလိုစုတ်ပြတ်နေတဲ့ ကားနဲ့ သူမကို ငါ လိုက်မစီးခိုင်းပါဘူး၊ အဲဒါက ငါ့အိမ်မှာ ပြဿနာလေး နည်းနည်းရှိနေလို့၊ ငါ့ရဲ့ ဖိလစ်ပိုင် အိမ်ဖော်မလေးက …"
ကျိုးဟောက်ယွီသည် ဟိုတယ်ရှေ့တွင် လုဟန် ပြောခဲ့သော စကားများကို တစ်လုံးမကျန် ပြန်ပြောလိုက်၏။
လုဟန်သည် ထိုအချိန်တုန်းက ဤစကားများကို သိပ်ပြီး သတိမထားမိခဲ့သော်လည်း ယခု အပြန်အလှန် ကြားလိုက်ရသောအခါတွင်မူ အလွန်ပင် နားခါးလှသည်။
"မင်း လာပြီး ငြင်းမနေနဲ့၊ မင်းမိသားစုက တကယ်ပဲ ချမ်းသာတယ်ဆိုရင် ဘာလို့ ဒီဒီ မောင်းနေရတာလဲ"
လုဟန် ကျိုးဟောက်ယွီကို ယုံကြည်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်၏။
"ဟင်း"
ကျိုးဟောက်ယွီ တမင်တကာ ခေါင်းခါရင်း သက်ပြင်းချလိုက်ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။
"ငါက ဘဝကို လာပြီး အတွေ့အကြုံ ယူနေတာပါ၊ ငါ့မိသားစုက ချမ်းသာတော့ ဘာဖြစ်လဲ၊ ငါက တချို့လူတွေလိုမျိုး အောက်ခြေကနေ စတက်သယောင် ဟန်ဆောင်ပြီး မိသားစု အမွေကို တစ်ဆင့်ချင်းစီ ခိုးယူနေတဲ့လူမျိုး မဟုတ်ဘူး"