အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
11
ဝေ့မိသားစု ဗီလာအတွင်းရှိ လေထုမှာ အနည်းငယ် တင်းမာနေသည်။
ဝေ့ကျန်းဟွာမှာ လူကြီးတစ်ဦးဖြစ်သည့် အားလျော်စွာ လူငယ်များ၏ ကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသော်ငြား လက်ဖက်ရည်သောက်ဟန်ဆောင်ရင်း သူတို့၏ စကားဝိုင်းကို အသေအချာ နားစွင့်နေခဲ့၏။
လုဟန်သည် ငတုံးမဟုတ်ပေ။ ကျိုးဟောက်ယွီ သူ့ကို သရော်နေမှန်း သိသာလှသည်။
ကျိုးဟောက်ယွီ၏ မိသားစုမှာ ထိုမျှအထိ ချမ်းသာသည်ဆိုသည်ကို သူ လုံးဝမယုံကြည်ပေ။
"ဘဝကို အတွေ့အကြုံယူနေတာပါဆိုပြီး လူတော်ကြီး လာလုပ်မနေပါနဲ့၊ မင်းက အသက်ရှင်ရပ်တည်ဖို့အတွက် ရုန်းကန်နေရတာပဲ မဟုတ်လား"
လုဟန် ခေတ္တရပ်ပြီးနောက် မထီမဲ့မြင်ပြုကာ ဆက်ပြော၏။
"မဟုတ်သေးဘူး၊ မင်းလိုလူမျိုးက 'ဘဝ' ကို ရှင်သန်နေတာမဟုတ်ဘူး၊ 'ရှင်သန်ဖို့' ပဲ ကြိုးစားနေရတာ"
ဤစကားက ကျိုးဟောက်ယွီ၏ အားနည်းချက်ကို ထိမှန်သွားသဖြင့် သူ ရုတ်တရက်ဆွံ့အသွားရသည်။
သို့သော် ထိုအချိန်တွင် ဝေ့ရှီယု ရှေ့သို့တက်ကာ သူ့ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့၏။
"ငါ အတည်ပြောနေတာနော်၊ အခုကစပြီး သူက ငါ့ရဲ့ ရည်းစားပဲ၊ ငါက သူငယ်ချင်းထားရင် ချမ်းသာတာ၊ ဆင်းရဲတာကို ဘယ်တော့မှ ထည့်မတွက်ဘူး၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ငါ့လောက်တော့ မချမ်းသာကြပါဘူး၊ နင်အပါအဝင်ပေါ့၊ နောက်တစ်ခါ သူ့ကို ထပ်ပြီး လှောင်ပြောင်ရဲရင် ငါ့အဖေကိုပြောပြီး နင်တို့မိသားစုနဲ့ လုပ်နေတဲ့ စီးပွားရေးတွေအကုန်လုံးကို ဖြတ်ပစ်ခိုင်းလိုက်မယ်"
ဝေ့ရှီယု ကျိုးဟောက်ယွီ၏ လက်မောင်းကို တွဲလိုက်ပြီး လုဟန်ကို ပြတ်ပြတ်သားသား စိုက်ကြည့်ကာ ပြောလိုက်သည်။
ဝေ့ရှီယု၏ တည်ကြည်သော မျက်နှာကို ကြည့်ပြီး ကျိုးဟောက်ယွီမှာ ရယ်ချင်စိတ်ပေါက်လာကာ တွေးနေမိ၏။
'ဟားဟား၊ ဆိုတော့ ငါရည်းစားတစ်ယောက် အလကားရသွားတာလား'
အမှန်စင်စစ် သူသည် ဝေ့ရှီယု၏ လုပ်ရပ်ကို ရယ်စရာတစ်ခုအဖြစ်သာ သဘောထားပြီး အတည်မယူခဲ့ပေ။
ဝေ့ရှီယုနှင့် သူ၏ ပတ်သက်မှုမှာ မဖြစ်နိုင်မှန်းလည်း သူသိသည်။
သူတို့၏ လူမှုအဆင့်အတန်း ကွာခြားချက်ကြောင့်သာမက သူသည် ဤကဲ့သို့ အလိုလိုက်ခံထားရပြီး မောက်မာသော မိန်းကလေးမျိုးကို မနှစ်သက်ချေ။
လုဟန် ထိုစကားကို ကြားရသောအခါ သူ၏မျက်နှာမှာ ပြာနှမ်းသွားတော့၏။
သူ့မိသားစု၏ စီးပွားရေးမှာ ဝေ့မိသားစု၏ ထောက်ပံ့မှုအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရခြင်း ဖြစ်သည်။ အကယ်၍ သူသာ စီးပွားရေးကို ဖျက်ဆီးမိပါက အိမ်ပြန်ရောက်လျှင် သူ့အဖေ သူ့ခြေထောက်ကို ရိုက်ကျိုးပစ်မည်မှာ သေချာသည်။
ထို့ကြောင့်လည်း လုဟန် ဝေ့ရှီယု၏ စိတ်ကို ရရှိရန် အပတ်တကုတ် ကြိုးစားနေခြင်း မဟုတ်ပါလား။
"ညီမလေး နောက်မနေပါနဲ့၊ အစ်ကိုက ညီမလေးအတွက် တကယ် စိုးရိမ်လို့ပါ"
လုဟန် အားတင်းပြုံးကာ ပြောလိုက်၏။
ဝေ့ရှီယု သူ့ကို စကားအပို မပြောချင်တော့သဖြင့် ကျိုးဟောက်ယွီဘက်သို့ လှည့်ကာ ဆိုသည်။
"ဒီနေ့က ငါတို့ ပထမဆုံးဆုံတဲ့နေ့လေ၊ 'လူကောင်းမဟုတ်တဲ့သူတွေ' ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရအောင်၊ ရုပ်ရှင်သွားကြည့်ပြီး ပထမဆုံးဆုံတဲ့နေ့အတွက် အမှတ်တရကောင်းလေးတွေ ဖန်တီးကြမလား"
လုဟန်မှာ ဝေ့ရှီယု ကျိုးဟောက်ယွီအပေါ် အလွန်ပင် ချိုသာနေသည်ကို အားကိုးရာမဲ့စွာ ကြည့်နေရရုံသာမက မိမိကိုယ်တိုင်မှာလည်း 'လူကောင်းမဟုတ်သူ' အဖြစ် သတ်မှတ်ခံလိုက်ရ၏။
အကြီးမားဆုံးသော နာကျင်မှုမှာ နှလုံးသား ကွဲကြေခြင်း ဖြစ်သည်။
ဝေ့ရှီယု၏ စကားလုံးများမှာ လုဟန်၏ နှလုံးသားကို အဆက်မပြတ် ထိုးနှက်နေသကဲ့သို့ပင်။
လုဟန် သူ၏ နှလုံးသား ကွဲကြေသွားသည်ကို သိသိသာသာခံစားလိုက်ရ၏။
လုဟန်၏ မျက်နှာမှာ ဖြူလိုက်၊ နီလိုက် ဖြစ်နေသည်ကို မြင်ရသောအခါ ကျိုးဟောက်ယွီ ထိုသူ၏ စိတ်ပျက်အားငယ်နေမှုကို နားလည်ပေးနိုင်သည်။
"မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့"
ကျိုးဟောက်ယွီ အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။
ထို့နောက် ဝေ့ရှီယု ဝေ့ကျန်းဟွာဘက် လှည့်ကာ နှုတ်ဆက်လိုက်သည်။
"ဖေဖေ သမီးတို့ ရုပ်ရှင်သွားကြည့်တော့မယ်၊ ဒီနေ့ညစာကို သမီးကို မစောင့်နဲ့တော့နော်"
"သွားပြီနော် ဦးလေးဝေ့"
ကျိုးဟောက်ယွီ ဝေ့ရှီယု၏ ပခုံးကို ဖက်လိုက်ပြီး လုဟန်၏ ဘေးမှ ခေါင်းမော့ရင်ကော့ကာ ဖြတ်လျှောက်သွား၏။
ကျိုးဟောက်ယွီ သူမ၏ပခုံးကို ဖက်လိုက်သောအခါ ဝေ့ရှီယု မသိမသာ မျက်မှောင်ကြုတ်သွားသော်ငြား လုဟန်ကို ရန်စရန်အတွက် ပျော်ရွှင်နေဟန်ဆောင်ကာ အပြုံးမပျက် နေခဲ့သည်။
လုဟန်မှာတော့ ဒေါသကြောင့် ခေါင်းထဲမှ အခိုးထွက်မတတ် ခံစားရကာ လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိ၏။
"ဦးလေး ကျွန်တော်လည်း သွားပါဦးမယ်"
လုဟန် အလောတကြီး ပြောလိုက်ပြီး လှည့်ထွက်သွားတော့သည်။
"လုဟန် မင်း အဲဒီမှာပဲ ရပ်လိုက်စမ်း"
ဝေ့ကျန်းဟွာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ လုဟန်ဘက်သို့ လှည့်ကြည့်လိုက်၏။
သူ လုဟန်၏ စရိုက်ကို သိသည်။ လုဟန် ယနေ့တွင် ကျိုးဟောက်ယွီကို ပြဿနာရှာမည်မှာ သေချာနေသဖြင့် သူ့ကို သတိပေးရန်အတွက် ဤနေရာတွင်ပင် ထိန်းသိမ်းထားလိုက်ခြင်း ဖြစ်သည်။
ဝေ့မိသားစု ဗီလာမှ ထွက်လာပြီးနောက် ဝေ့ရှီယု ကျိုးဟောက်ယွီအား တွန်းဖယ်လိုက်၏။
သူမ မည်သည်ကိုမှ မပြောသော်လည်း ကျိုးဟောက်ယွီ၏ပခုံးအား ပုတ်ထုတ်လိုက်သောအမူအရာမှာ သူ့အပေါ် သူမ၏ မထီမဲ့မြင်ပြုမှုကို ပြသနေသည်။
ကျိုးဟောက်ယွီမှာတော့ ယင်းက သရုပ်ဆောင်မှုတစ်ခုသက်သက်မှန်း သိသဖြင့် စိတ်ထဲမထားပေ။
"အချစ်လေး ခုနကတော့ ငါ့ကို တွဲမယ်ဆိုပြီး အခုကျတော့ ရိုးသွားပြီလား"
ကျိုးဟောက်ယွီ မျက်ခုံးတစ်ချက် ပင့်ပြလိုက်ရင်း လူလည်ကျသောအမူအရာဖြင့် မေးလိုက်၏။
ဝေ့ရှီယု သူ့အား မျက်လုံးလှန်ကြည့်ကာ ပြောလိုက်သည်။
"ဘယ်သူက ရှင့်ရည်းစားလဲ၊ အရှက်မရှိတဲ့လူရဲ့"
ထို့နောက် သူမ ကျိုးဟောက်ယွီကို ဂရုမစိုက်တော့ဘဲ ရှေ့တည့်တည့်သာ လျှောက်သွားလိုက်၏။
"ဟေး သခင်မလေး ကားလိုက်စီးချင်သေးလား"
ကျိုးဟောက်ယွီ လက်နှစ်ဖက်ကို ပါးစပ်နားတွင် ကပ်ကာ အော်မေးလိုက်သည်။
"ဒီလို စုတ်ပြတ်နေတဲ့ ကားကို ကျွန်မ မစီးချင်ပါဘူး"
ဝေ့ရှီယု ပြောရင်း ကားသော့မှခလုတ်ကို နှိပ်လိုက်ရာ ရှေ့ရှိ အနီရောင် ဖရာရီကား၏မီးများ လင်းသွား၏။
ကျိုးဟောက်ယွီ ပြုံးလျက် ခေါင်းခါလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဇိမ်ခံကား ဖြစ်နေတော့ ဘာဖြစ်လဲ၊ ဟမ့်၊ သောက်ဂရုမစိုက်ဘူး"
ကျိုးဟောက်ယွီ ကားထဲရောက်သောအခါ သော့ကိုလှည့်ရင်း တစ်ယောက်တည်း ပြောနေမိ၏။
"ဘာလို့များ ဟန်ဆောင်နေရတာလဲ၊ ငွေထုပ်ကြီး လက်လွှတ်လိုက်ရပေမဲ့ အနည်းဆုံးတော့ လုဟန်ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့တာပဲ၊ ကျေးဇူးဆပ်တာကို လက်မခံခဲ့ရပေမဲ့ ဒါက ထိုက်တန်ပါတယ်"
လုဟန်၏ အရှက်တကွဲ ဖြစ်နေသော မျက်နှာကို ပြန်တွေးမိသောအခါ ကျိုးဟောက်ယွီ စိတ်ကျေနပ်သွားရသည်။ သူ ကားထဲမှ သီချင်းကို လိုက်ဆိုရင်း ပျော်ရွှင်စွာ မောင်းထွက်လာခဲ့သည်။
တစ်ဖက်တွင်မူ လုဟန်သည် ဝေ့ကျန်းဟွာ၏ သတိပေးချက်များကို နားထောင်ပြီးနောက် ဗီလာထဲမှ ဒေါသတကြီး ပြေးထွက်လာခဲ့၏။
သူ ယနေ့ ဝေ့ရှီယုနှင့်ချိန်းတွေ့ရန် ရည်ရွယ်ခဲ့သော်လည်း ချိန်းတွေ့ဖို့ မပြောနှင့်၊ ကျိုးဟောက်ယွီနှင့် ဝေ့ရှီယုတို့၏ လှောင်ပြောင်မှုကို ခံခဲ့ရသည့်အပြင် ဝေ့ကျန်းဟွာ၏ ရှေ့တွင်လည်း အရှက်ကွဲခဲ့ရသည်။
လုဟန် ပို၍ပင် ဒေါသထွက်လာသည်။ သူ အပြင်ထွက်လာချိန်တွင် ကျိုးဟောက်ယွီနှင့် ဝေ့ရှီယုတို့၏ ကားများ မရှိတော့သဖြင့် ဝေ့ရှီယု၏ နောက်ဆုံးစကားက သူ့ခေါင်းထဲတွင် ပြန်လည် ပဲ့တင်ထပ်လာ၏။
"ဖေဖေ ဒီနေ့ညစာကို သမီးကို မစောင့်နဲ့တော့နော်"
ဤစကားမှာ လုဟန်အား ပို၍ ရူးသွပ်သွားစေသည်။
"သူတို့ ဒီနေ့ည ပြန်မလာဘူးဆိုရင် အပြင်မှာပဲ တစ်ညအိပ်ကြမှာလား"
ဤကဲ့သို့သော အတွေးမျိုးသည် တစ်ခါတစ်ရံ မိမိကိုယ်မိမိ ထိန်းချုပ်၍ မရနိုင်လောက်အောင် ကြောက်စရာကောင်းလှ၏။
လုဟန် ကျိုးဟောက်ယွီနှင့် ဝေ့ရှီယုတို့ ထိုညတွင် မည်သည့်အရာများလုပ်ကြမည်နည်းဟု ရူးသွပ်စွာ စိတ်ကူးယဉ်နေသည်။
ထိုအချက်ကို တွေးမိသောအခါ လုဟန် ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲ ဝေ့ကျန်းဟွာ၏ သတိပေးချက်အား လုံးဝ မေ့လျော့သွားတော့၏။
"မဖြစ်ဘူး ငါ သူတို့ကို တားရမယ်"
လုဟန် ဖုန်းထုတ်ပြီး နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
တစ်စုံတစ်ယောက် ကြားသွားမည်ကို စိုးရိမ်သဖြင့် လုဟန် သူ၏ ကားထဲတွင် ထိုင်ကာ တိုးတိုးလေး ပြောနေခဲ့၏။
တစ်ဖက်တွင်မူ ကျိုးဟောက်ယွီ ဝေ့ရှီယုနှင့် ချိန်းတွေ့ရန် မသွားခဲ့ချေ။ အမှန်စင်စစ် သူသည် သူ၏စနစ်ကို အသုံးပြု၍ အလုပ်လုပ်နေခြင်း ဖြစ်သည်။
ယခုအခါ သူသည် နတ်သမီးတစ်ပါးပါးနှင့် ဆုံတွေ့ခွင့်ရရန် နေ့စဉ် မျှော်လင့်နေ၏။
သို့သော် ကံကြမ္မာက မျက်နှာသာမပေးဘဲ တစ်နေ့တာလုံး ကုန်ဆုံးလုနီးပါး ဖြစ်လာသော်လည်း ကျိုးဟောက်ယွီမှာ ခရီးသည်တစ်ဦးမှပင် မရသေးပေ။
‘ဂွီ၊ ဂွီ’
သူ့ဗိုက်မှာ ထပ်ပြီး မြည်လာပြန်သည်။
ယနေ့မနက်မှဝယ်ထားသော ပေါင်မုန့်နှင့်ရေသန့်ကိုပင် စားရန် အချိန်မရသေးသဖြင့် ကားကို လမ်းဘေးတွင် ခေတ္တရပ်ကာ ပေါင်မုန့်စားနေလိုက်၏။
‘တောင်’
သူ ပေါင်မုန့်အား ခပ်သေးသေးလေး တစ်ကိုက်ကိုက်လိုက်ရုံရှိသေး၊ ဖုန်းထဲသို့ အမှာစာအသစ်တစ်ခု ဝင်လာသည်။
သူ ကြည့်လိုက်သောအခါ ခရီးသည်၏ နာမည်မှာ သာမန်မျှသာ ဖြစ်နေသဖြင့် ကျိုးဟောက်ယွီ၏ မျှော်လင့်ချက်မှာ တစ်ဖန် ပျက်သုဉ်းသွားရပြန်၏။
သို့သော် အမှာစာကို လက်ခံလိုက်ပြီဖြစ်ရာ ခရီးသည်ကို သွားကြိုရန် ထွက်ခွာခဲ့သည်။
လမ်းညွှန်မြေပုံ အတိုင်း မောင်းလာရင်း ကျိုးဟောက်ယွီ ထိုနေရာသို့ ရောက်ရှိသွားကာ ခရီးသည်မှာ ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
သူ ကားပေါ်မှ ဆင်းကာ ထိုအဘိုးအိုကို ကားပေါ်တက်ရန် ကိုယ်တိုင် ကူညီပေးခဲ့ပြီး ဂရုစိုက်ရန်နှင့် ကားကို ဖြည်းဖြည်းချင်း မောင်းပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။
အဘိုးအို ကားပေါ်၌ အခြေကျသွားသောအခါ ကျိုးဟောက်ယွီ ထိုင်ခုံခါးပတ်ပတ်ကာ ဖြည်းဖြည်းချင်း မောင်းထွက်လာခဲ့၏။
ထိုအချိန်တွင် လုဟန် ဖုန်းဆက်လိုက်ပြီးနောက် ကားအများအပြားမှာ တစ်မြို့လုံးအနှံ့ ကျိုးဟောက်ယွီကို လိုက်လံ ရှာဖွေနေကြတော့သည်။
12
"လူငယ်လေး ငါက လမ်းမလျှောက်နိုင်လောက်အောင် အိုမင်းမစွမ်း ဖြစ်နေတာ မဟုတ်ပါဘူး၊ ငါ့ဘာသာငါ ကားပေါ်က ဆင်းနိုင်ပါတယ်"
ထိုအဘိုးအိုကို သူသွားလိုသည့်နေရာသို့ ပို့ဆောင်ပေးပြီးနောက် ကျိုးဟောက်ယွီ ကူညီရန် ပြင်လိုက်သော်လည်း အဘိုးအိုမှ တံခါးဖွင့်၍ သူ့ဘာသာ ဆင်းသွားခဲ့သည်။
အဘိုးအို သွက်လက်စွာ လျှောက်လှမ်းသွားသည်ကို ကြည့်ရင်း ကျိုးဟောက်ယွီ ပြုံးကာ တစ်ယောက်တည်း ရေရွတ်လိုက်မိ၏။
"ငါအိုလာတဲ့အခါမှာရော ဒီလောက်အထိ ကျန်းမာပါဦးမလား မသိဘူး"
ကျိုးဟောက်ယွီ မိမိကိုယ်မိမိ သရော်သကဲ့သို့ ခေါင်းခါလိုက်ပြီး ကားကို ပြန်လှည့်ရန် ဆုံးဖြတ်လိုက်စဉ် စူးရှလှသော ဘရိတ်အုပ်သံကြောင့် သူလန့်ဖျန့်သွားရသည်။
‘ကျွီ’
နောက်ကြည့်မှန်ထဲတွင် သူ့ကားနောက်သို့ ဗန်ကား အများအပြား ရောက်ရှိလာပြီး သူ၏ကားကို ပိတ်ဆို့ဝိုင်းရံထားသည်ကို တွေ့လိုက်ရ၏။
ကားပေါ်မှ ဆင်းလာသူများမှာ ဒေါသထွက်နေကြပြီး သူ့ကားထံသို့ ဦးတည်လာကြသည်။
သူ့ကို လာရှာခြင်းဖြစ်ကြောင်း ငတုံးတစ်ယောက်ပင် သိနိုင်ပါသည်။
"ဒီလူတွေ ဘာလာလုပ်ကြတာလဲ"
ကျိုးဟောက်ယွီ လူအရေအတွက်ကို အသေအချာ မရေတွက်နိုင်သော်လည်း ခန့်မှန်းခြေ လူနှစ်ဆယ်၊ သုံးဆယ်ခန့် ရှိမည်ဟု တွေးလိုက်မိ၏။
ထိုမျှများပြားသောလူများသာ သူ့အား တစ်ယောက်တစ်ချက် ဝိုင်းထွေးလိုက်လျှင်ပင် သူ ရေတိမ်နစ်သေနိုင်သည်ဟု ကျိုးဟောက်ယွီ ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူ့ကိုယ်သူ ကယ်တင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ရဲတိုင်ရန်ပင် ဖြစ်၏။
"ထွက်ခဲ့စမ်း၊ အခုချက်ချင်း ထွက်လာခဲ့"
ကျိုးဟောက်ယွီ ဖုန်းကို ကိုင်လိုက်ရုံရှိသေး၊ အပြင်မှလူတစ်ယောက်က ကားမှန်ကို ထုရိုက်ကာ အော်ဟစ်တော့သည်။
သူ အပြင်မှလူများကို အပြစ်ကင်းစင်ဟန်ဖြင့် ကြည့်နေမိပြီး သူတို့နာမည်ကိုပင် မမေးရဲသကဲ့သို့ အဘယ်ကြောင့် သူ့ကိုလာရှာသည်ကိုလည်း မမေးရဲပေ။
"မင်း ရဲတိုင်ရဲရင်တော့ ဒီနေ့ မင်းအသေပဲ"
ဘေ့စ်ဘောတုတ် ကိုင်ထားသူတစ်ယောက်မှ မှန်ကို ရိုက်ခွဲရန် ပြင်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ ဖုန်းကို ချက်ချင်းပြန်ချလိုက်ပြီး လက်နှစ်ဖက်ကို မြှောက်ကာ အော်ပြောလိုက်ရ၏။
"အစ်ကိုတို့ စိတ်လျှော့ပါ၊ ကျွန်တော် ရဲမတိုင်ပါဘူး"
"အခုထွက်ခဲ့စမ်း"
ကျိုးဟောက်ယွီ အပြင်ဘက်မှ ကြောက်စရာကောင်းလှသော မျက်နှာများကို ကြည့်ရင်း ထိုအရာမှာ သေလမ်းဖြစ်နေလျှင်ပင် ကားပေါ်က ဆင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့မှန်း သူ သိလိုက်သည်။
ထိုအချိန်တွင် ဘေးနားရှိ ထိုင်ခုံပေါ်တွင် တံမြက်စည်းတစ်ခု ရှိနေသည်ကို သတိထားမိလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် လက်နက်အဖြစ် ချက်ချင်း ဆွဲယူလိုက်၏။
ထိုတံမြက်စည်း ထိုင်ခုံပေါ်သို့ မည်သို့ရောက်နေသည်ကို ကျိုးဟောက်ယွီ ဂရုမစိုက်နိုင်တော့ချေ။
သူသည် ဤလူများ သူ့ကို လာရှာခြင်းမဟုတ်ဘဲ ယနေ့မနက်ကကဲ့သို့ အထင်လွဲခြင်းမျိုးသာ ဖြစ်ပါစေဟု ဆုတောင်းနေမိသည်။
"အ အစ်ကိုတို့၊ ကျွန်တော်က ဒီဒီ မောင်းတဲ့သူပါ၊ ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ကြပါနဲ့ဗျာ"
ကျိုးဟောက်ယွီ တံမြက်စည်းကို ရှေ့တွင် ကာထားရင်း စကားများပင် ထစ်နေ၏။
"အခုကျတော့မှ ဒီဒီ မောင်းတာပါလို့ ဝန်ခံနေတာလား၊ ခုနကတော့ ဘဝကို အတွေ့အကြုံယူနေတာပါဆိုပြီး တော်တော်မောက်မာနေတာ မဟုတ်လား၊ အခု ဘာဖြစ်သွားပြီလဲ"
ထိုအသံကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသဖြင့် ခြေဖျားထောက်ကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
လုဟန် ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ စိတ်ဓာတ်များ အောက်ခြေသို့ ထိုးဆင်းသွားတော့၏။
ထို့နောက် သူ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
'တောက်၊ ဒီကောင်စုတ်ပဲ'
လုဟန် ပေါ်လာသည်နှင့်အမျှ ယင်းက အထင်လွဲခြင်း ဖြစ်နိုင်သည်ဆိုသော မျှော်လင့်ချက်မှာ ပျက်သုဉ်းသွားပြီး ရှောင်လွှဲ၍မရသော တိုက်ပွဲတစ်ခု စတင်တော့မည် ဖြစ်၏။
လုဟန်မှာ လူအများအပြားခေါ်လာပြီး သူ့ကို ဝိုင်းထားခြင်းဖြစ်ရာ သူ့အား လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်မှန်း ကျိုးဟောက်ယွီ နားလည်လိုက်သည်။
"ဪ မင်းကိုး"
ကျိုးဟောက်ယွီ အတင်းအကျပ် ပြုံးလိုက်ပြီး လုဟန်၏ ပခုံးကို ဖက်ကာ တခြားလူများကို မျက်စိမှိတ်ပြရင်း ဆို၏။
"ငါ သူ့ကို ကောင်းကောင်း သိပါတယ်၊ ဒါက အထင်လွဲတာပါ၊ အားလုံး ပြန်လို့ရပါပြီ"
သူ တခြားလူများကို ဖယ်ထုတ်ပြီး လုဟန်နှင့် တစ်ယောက်ချင်း ယှဉ်ပြိုင်ရမည်ဆိုလျှင် အနိုင်ရနိုင်ခြေ ရှိသည်ဟု စိတ်ကူးယဉ်နေခြင်း ဖြစ်၏။ သို့သော် လူအများကြီးရှိနေလျှင်တော့ သူ ပြန်တိုက်ခိုက်ရန်ပင် မလွယ်ကူပေ။
ထိုအရာမှာ သူ့ဘက်က စိတ်ကူးယဉ်မှုသက်သက်သာဖြစ်ပြီး ဤလူများမှာလည်း ငနုံငအများ မဟုတ်ကြချေ။
ကျိုးဟောက်ယွီ၏ နဖူးပေါ်တွင် ချွေးစက်များ ပျံနေသည်ကို မြင်သောအခါ လုဟန် စိတ်လှုပ်ရှားကာ ကျေနပ်သွားရသည်။
"ငါနဲ့ လာပြီး ရင်းနှီးပြမနေနဲ့၊ ဒီလူတွေက မင်းကို 'ပြုစု' ဖို့ ရောက်နေကြတာ"
လုဟန် ကျိုးဟောက်ယွီ၏ လက်ကို တွန်းဖယ်လိုက်ပြီး သူ၏ ပါးကို ပုတ်ကာ ပြောလိုက်၏။
"ငါ့ကို ဆန့်ကျင်ရင် ဘာဖြစ်မလဲဆိုတာ မင်းကို ငါ ပြရတာပေါ့၊ ညီမလေး ရှီယုက ငါ့လူပဲ၊ ဖားပြုတ်က ငန်းသားကို စားဖို့ မကြိုးစားချင်စမ်းနဲ့"
လုဟန်၏မျက်နှာမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေပြီး မျက်လုံးများထဲတွင်လည်း မထီမဲ့မြင်ပြုမှုများ၊ မောက်မာရိုင်းစိုင်းမှုများဖြင့် ပြည့်နှက်နေသည်။
ထိုစကားကို ကြားသောအခါ ကျိုးဟောက်ယွီ အလွန်အမင်း ဒေါသထွက်သွားပြီး မျက်လုံးများထဲတွင်လည်း လူသတ်ချင်စိတ်များ ပေါ်လာတော့၏။
လုဟန်မှာ ထိုသူ တုန်းယွဲ့ယွဲ့၏ ခံစားချက်ကို ကစားခဲ့သည့်အတွက် သူ ဒေါသထွက်သကဲ့သို့၊ တုန်းယွဲ့ယွဲ့နှင့် သူ၏ ပတ်သက်မှုမှာ သူမငွေကြေးနောက်သို့ ပါသွားခဲ့သည့်အတွက်လည်း ပို၍ ဒေါသထွက်မိသည်။
"လုဟန် မင်းက တကယ့် တိရစ္ဆာန်ပဲ၊ မင်း ယွဲ့ယွဲ့ကို ငါ့ဆီကနေ လုသွားတာကို ငါ အပြစ်မတင်ပါဘူး၊ ဒါပေမဲ့ မင်း သူမကို ယူသွားပြီးရင်တော့ သေသေချာချာ ထားသင့်တာပေါ့၊ အခုတော့ မင်းက တခြားမိန်းကလေးကိုပါ ထပ်ပြီး ကြံစည်နေသေးတယ်"
ကျိုးဟောက်ယွီ၏ စကားကို လုဟန် ဖြတ်ပြောလိုက်၏။
"ဪ ငါ မေ့နေတာ၊ မင်းပြောတဲ့သူက သိုက်တူးသမလေးလား၊ ငါ သူမကို စွန့်ပစ်လိုက်ပြီလေ၊ သူဖုန်းစားလိုပဲ၊ ပိုက်ဆံနည်းနည်းပေးလိုက်တာနဲ့ အကုန်ရတာ၊ ဟားဟား"
လုဟန် ခေါင်းမော့ကာ အရေးမစိုက်သကဲ့သို့ ရယ်မောလိုက်သည်။
တုန်းယွဲ့ယွဲ့အကြောင်းကို လုဟန် ဤမျှအထိ ဆိုးဆိုးရွားရွား ပြောလိုက်သည်ကို ကြားရသောအခါ ကျိုးဟောက်ယွီ၏စိတ်ထဲတွင် နာကျင်သွားရပြီး လုဟန်အပေါ် အမုန်းတရားများမှာလည်း ပို၍ ပြင်းထန်လာတော့၏။
"မင်းလိုကောင်ကို ဒီနေ့ ငါ ပြောလိုက်မယ်၊ မင်း ငါ့ရည်းစားတစ်ယောက်ကို လုသွားပြီးပြီ၊ ဒုတိယတစ်ယောက်ကိုတော့ ဘယ်တော့မှ လုခွင့်မပေးနိုင်ဘူး၊ ငါ အသက်ရှိနေသရွေ့ ဝေ့ရှီယုကို မင်း ဒီဘဝမှာ ဘယ်တော့မှ ရမှာမဟုတ်ဘူး"
ကျိုးဟောက်ယွီ ပြတ်သားစွာ ပြောလိုက်ရာ သူ၏အသံမှာ ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ထိုစကားများက လုဟန်ကို ဒေါသပေါက်ကွဲသွားစေသည်။ သူ၏ မျက်နှာပြောင်းလဲသွားပြီး ကျိုးဟောက်ယွီ၏ လည်ပင်းကို ညှစ်ကာ ကားမှန်ထံသို့ ဆောင့်တွန်းလိုက်၏။
"မင်းကိုယ်မင်း သေချာပြန်ကြည့်စမ်း၊ ငါ့ညီမလေးကို လုဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ၊ ငါ ပြောလိုက်မယ်၊ ရှုံးနိမ့်သူတွေက အချစ်နဲ့ မထိုက်တန်ဘူး၊ ငါ့ညီမလေးကို မင်းရည်းစားအဖြစ် လိုချင်တယ် ဟုတ်လား၊ အိပ်မက်ပဲ မက်နေလိုက်"
လုဟန် အံကြိတ်ကာ အော်ဟစ်လိုက်သည်။
ကျိုးဟောက်ယွီသည် မျက်နှာမှ အရေပြားများ ပွတ်တိုက်မိသဖြင့် နာကျင်မှုကို ခံစားလိုက်ရသော်လည်း ဤအချက်က သူရင်ထဲမှ ဒေါသမီးကို ငြိမ်းသတ်နိုင်ခြင်း မရှိပေ။
"ဟားဟား မင်း မနာလိုဖြစ်နေတာလား၊ ရှီယုက ငါ့ကို မြင်မြင်ချင်း ချစ်သွားတာလို့ အခုတင် ပြောလိုက်တာလေ"
ကျိုးဟောက်ယွီ အားရပါးရ ရယ်မောလိုက်ပြီး ဆက်ပြော၏။
"အခု ငါ ဘာလို့ သူမနဲ့ အတူမရှိနေတာလဲ မင်းသိလား၊ သူမက သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်သွားတာ၊ ငါ့ရှေ့မှာ အလှဆုံးပုံစံနဲ့ ပေါ်လာချင်လို့တဲ့၊ ငါတို့ ဒီနေ့ညမှာ Fast &Furious7 သွားကြည့်ဖို့ ချိန်းထားတယ်၊ ပြီးရင် Fast & Furious 8 ဆက်ကြည့်မယ်"
ထိုအချိန်တွင် အတိုင်းအဆမရှိသော ဒေါသများမှာ ကျိုးဟောက်ယွီအား သတ္တိများပေးလိုက်သဖြင့် လူအများကြီး ဝိုင်းထားသည်ကိုပင် သူ မေ့သွားသည်။
ယခုအချိန်တွင် သူ့ထံ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ အရိုက်ခံရလျှင်ပင် လုဟန်ကို နာကျင်စေမည့် စကားလုံးများ ပြောရန် ဖြစ်၏။ လုဟန်ကို စိတ်အေးလက်အေး မနေစေချင်ပေ။
ထင်သည့်အတိုင်းပင် ဝေ့ရှီယုနှင့် ကျိုးဟောက်ယွီတို့၏ ချိုမြိန်သော အကြောင်းအရာများကို ကြားလိုက်ရသောအခါ လုဟန် ချက်ချင်းပင် ဒေါသထွက်သွား၏။
"မင်းက Fast & Furious 8 တောင် သွားကြည့်ဦးမလို့လား၊ ငါ သတိပေးလိုက်မယ်၊ သူမရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိရဲရင် မင်းကို ငါ အသေသတ်ပစ်မယ်"
လုဟန် ကျိုးဟောက်ယွီ၏ လည်ပင်းကို ပို၍ တင်းတင်းညှစ်ကာ မှန်နှင့် ကပ်ထားလိုက်သည်။
ကျိုးဟောက်ယွီသည် သူ့မျက်နှာတစ်ခြမ်းမှာ မှန်နှင့် ကပ်နေသဖြင့် ပုံပျက်နေသော်လည်း စကားပြောရန်အတွက်တော့ အနှောင့်အယှက် မဖြစ်ပေ။
"ဟား ဒါဆိုရင်တော့ မင်း စိတ်ပျက်ရမှာ သေချာသွားပြီ၊ မင်း ဘယ်တော့မှ မရနိုင်တဲ့ အရာတွေ ရှိတယ်၊ ငါတို့ ခွဲခါနီးမှာ သူမက ငါ့ကို သူမရဲ့ ပထမဆုံးအနမ်းပေးခဲ့တယ်"
ကျိုးဟောက်ယွီ ရုတ်တရက် လှောင်ပြုံး ပြုံးလိုက်၏။
ဤသည်မှာ လုဟန်ကို လုံးဝကို ရူးသွပ်သွားစေသည်။
"ခွေးမသား"
လုဟန် အော်ဟစ်လိုက်ပြီး ကျိုးဟောက်ယွီကို ဘေးသို့ ဆွဲလွှင့်ပစ်လိုက်၏။
ကျိုးဟောက်ယွီ နောက်သို့ ယိုင်ထွက်သွားပြီး လဲကျလုနီးပါး ဖြစ်သွားရသည်။
သူသည် နာကျင်နေသော သူ၏ မျက်နှာကို ပွတ်လိုက်ရင်း လုဟန်၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ကာ ပြုံးလိုက်မိ၏။
"သခင်လေးလု ဒီကောင့်ကို ဘယ်လို လုပ်လိုက်ရမလဲ"
တစ်စုံတစ်ယောက်က လုဟန်ကို တိုးတိုးလေး မေးလိုက်သည်။ လုဟန် ကျိုးဟောက်ယွီကို အငြိုးတကြီး စိုက်ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူကာ ပြန်ဖြေလိုက်သည်။
"ဒီကောင်က စကား တော်တော်များတာပဲ၊ အရင်ဆုံး သူ့ပါးစပ်ကို ပိတ်လိုက်၊ ပြီးရင် မင်းတို့ ကြိုက်သလို လုပ်လို့ရပြီ"