အခန်း (၁၃-၁၄)
Vol. 2 Ch. 13-14
13
"သခင်လေးလု သူ့ပါးစပ်ကို ပိတ်ချင်တာဆိုရင်တော့ ကော်လိုမှာ သေချာတယ်၊ ဒါပေမဲ့ အခု ကျွန်တော်တို့ဆီမှာ ကော်မပါလာဘူးလေ၊ တကယ်လို့ သွားဝယ်ရမယ်ဆိုရင်လည်း လမ်းမှာ အချိန်ကြာဦးမှာ၊ လမ်းမှာ တစ်ခုခုဖြစ်သွားရင် ဒီဘက်က အခြေအနေကို ထိခိုက်ကုန်ဦးမယ်"
ထိုလူမှ အလေးအနက်ထားကာ ရှင်းပြနေသည်ကို မြင်သောအခါ လုဟန် ဒေါသတကြီးဖြင့် သူ့ပါးကို ရိုက်ချလိုက်ပြီး အော်ဟစ်တော့သည်။
"သူ့ကို ပညာပေးလို့ ငါပြောနေတာလေ၊ ငါ့ကို လာပြီး လက်တွေ့ကျကျ ရှင်းပြနေဖို့ မဟုတ်ဘူး"
ထိုလူမှာ ပါးကိုကိုင်ရင်း အပြစ်ကင်းစင်စွာဖြင့် ပြန်ပြောလိုက်၏။
"အန္တရာယ်နည်းအောင် ဘာပဲလုပ်လုပ် အရင်ဆုံး သေချာခွဲခြမ်းစိတ်ဖြာရမယ်လို့ ကျွန်တော့်အဖေက သင်ပေးထားလို့ပါ"
သို့သော် သူ စကားပင်မဆုံးသေးမီ လုဟန်၏ အေးစက်လှသော အကြည့်ကို တွေ့လိုက်ရသဖြင့် ဆက်မပြောရဲတော့ပေ။
"ကောင်းပါပြီ၊ သခင်လေးလုက နားမခံသာဘူးဆိုရင်လည်း ကျွန်တော် သူ့ကို ပညာပေးလိုက်ပါ့မယ်"
ထိုလူမှာ ပါးကိုပွတ်သပ်နေရင်း ရှေ့သို့တစ်လှမ်းတက်လိုက်ရာမှ ပြန်လှည့်လာပြီး မေးပြန်သည်။
"သခင်လေးလု ဘယ်အရောင်ကို ကြိုက်လဲဟင်၊ ကျွန်တော် ထင်တာတော့ သခင်လေး အဝါရောင်ကြိုက်မယ် ထင်တယ်၊ ကျွန်တော် ကားထဲသွားပြီး ဆေးသွားယူလိုက်ပါ့မယ်"
"ထွက်သွားစမ်း"
လုဟန် ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
ကျိုးဟောက်ယွီ ထိုလူမှာ ငတုံးတစ်ယောက်ဖြစ်ကြောင်း ရိပ်မိသွားပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ သူစိတ်ထဲမှလည်း တွေးနေမိသည်။
'ဆရာနဲ့ တပည့် တူတူပဲ၊ လုဟန်က ဒီလို ငတုံးကို ဘယ်ကနေ ရှာလာတာလဲ မသိဘူး၊ ငါ့ကို ရယ်စရာလာလုပ်နေတာလားပဲ’
ဤရယ်စရာကောင်းသော အဖြစ်အပျက်ကြောင့် ကျိုးဟောက်ယွီ၏ တင်းမာမှုများမှာ ရုတ်တရက် ပြေလျော့သွားရ၏။
"မင်းအမေရဲ့ ဆေးတွေ လာမပြောနဲ့တော့၊ သူ့လျှာကိုသာ ဖြတ်ပစ်လိုက်စမ်း"
လုဟန် အော်ဟစ်ရင်း ထိုလူကို ကျိုးဟောက်ယွီရှိရာသို့ ကန်ထုတ်လိုက်သည်။
ထိုလူမှာ မည်သို့သောအမှားအား လုပ်မိမှန်း မသိသေးဘဲ ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။
သူ ဓားမြှောင်လေးတစ်လက်ကို ထုတ်လိုက်ပြီး ကျိုးဟောက်ယွီကို အားနာသလို မျက်နှာပေးဖြင့် ပြော၏။
"ကျွန်တော့်ကို အပြစ်မတင်ပါနဲ့၊ ကျွန်တော်လည်း ဝမ်းစာအတွက် လုပ်နေရတာပါ၊ ခဏလေးပဲ အောင့်ခံလိုက်နော်၊ ချက်ချင်းပြီးသွားမှာပါ"
ကျိုးဟောက်ယွီမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားကာ တွေးလိုက်သည်။
'တောက်၊ လျှာအဖြတ်ခံရမှာကို ခဏလေး အောင့်ခံလိုက်ပါတဲ့လား၊ ဒါ ငါ့ရဲ့ အသိဉာဏ်ကို စော်ကားနေတာပဲ'
ထိုလူ၏ ဉာဏ်ရည်နိမ့်ပါးမှုကို အသုံးချရန် ကျိုးဟောက်ယွီ စိတ်ကူးရသွား၏။
"ဟိုမှာကြည့်၊ UFO ကြီး"
ကျိုးဟောက်ယွီ ကောင်းကင်ကို လက်ညှိုးထိုးပြပြီး ထိုလူ လှည့်ကြည့်စဉ် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် သူ ခြေတစ်လှမ်းမျှသာ လှမ်းရသေးခင်မှာပင် သူ့အဝတ်အစားကို တစ်စုံတစ်ယောက်မှ ဆွဲထားသည်ကို ခံစားလိုက်ရ၏။
သူ လှည့်ကြည့်လိုက်သောအခါ သူ့ထက် ခေါင်းတစ်လုံးသာသော လူသန်ကြီးတစ်ယောက်က သူ့ကို ကြောက်စရာကောင်းစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဟဲဟဲ အစ်ကိုတို့က တော်တော်လေး တည်ကြည်ကြတာပဲနော်၊ အခြေအနေလေး ပေါ့ပါးသွားအောင် နောက်လိုက်တာပါ"
ကျိုးဟောက်ယွီ သွားဖြဲပြလိုက်၏။
အမှန်စင်စစ် ထိုလူ၏ ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ် မျက်နှာပေးကြောင့် ကျိုးဟောက်ယွီ၏ နဖူးပေါ်တွင် ချွေးစေးများ ပျံနေပြီ ဖြစ်သည်။
"ဓား ငါ့ကိုပေး"
ထိုလူသန်ကြီး ကျိုးဟောက်ယွီကို လက်တစ်ဖက်ဖြင့် ဖမ်းထားရင်း အခြားလက်တစ်ဖက်ကို ခုနကလူထံ ကမ်းပေးကာ အေးစက်စွာ ပြောလိုက်၏။
သို့သော် ထိုလူက လူသန်ကြီး၏ လက်ကို တွန်းဖယ်လိုက်ပြီး တည်ကြည်စွာ ပြန်ပြောသည်။
"မပေးနိုင်ဘူး၊ ဒါ သခင်လေးလုက ကျွန်တော့်ကို ပေးထားတဲ့ တာဝန်ပဲ၊ ဒါကြောင့် ဓားကို မင်းကို ပေးလို့မရဘူး"
‘ဖြန်း’
လူသန်ကြီးက စကားတစ်ခွန်းမှ မဆိုဘဲ ထိုလူကို ပါးရိုက်ကာ ဓားကို လုယူလိုက်၏။
ကျိုးဟောက်ယွီမှာ တကယ့်ကို ထိတ်လန့်သွားပြီး တွေးလိုက်သည်။
‘ဒီကောင်က ကိုယ့်လူအချင်းချင်းတောင် နှိပ်စက်ရဲတယ်၊ ဒီတစ်ခါတော့ ငါ တကယ် သေပြီပဲ’
သို့သော် သူသည် ငြိမ်ခံနေမည့်သူ မဟုတ်ပေ။ ထွက်ပြေးရန် နည်းလမ်းကို အဆက်မပြတ် စဉ်းစားနေဆဲ ဖြစ်၏။
ထိုလူသန်ကြီးမှာ အလွန်ပင် ရက်စက်ပုံရ၏။ သူဓားကို ထုတ်ယူပြီးနောက် ကျိုးဟောက်ယွီဘက်သို့ ချိန်လိုက်သည်။
"အနားမလာနဲ့နော်၊ လာရင် ငါ အော်လိုက်မှာ"
ကျိုးဟောက်ယွီ တံမြက်စည်းကို ရှေ့သို့ ချိန်ထားပြီး ခြေတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်နေခဲ့၏။
လူသန်ကြီးမှာတော့ မည်သည့်အမူအရာမှ မပြဘဲ ဓားကိုကိုင်ကာ ကျိုးဟောက်ယွီထံသို့ တိုးလာမြဲ တိုးလာသည်။
ထိုလူမှ သူ့ကို ဖမ်းရန် လက်လှမ်းလိုက်သည်ကို မြင်သောအခါ ကျိုးဟောက်ယွီ ကိုယ်ကို ဘေးသို့ ယိမ်းလိုက်ပြီး မျက်စိမှိတ်လျက် တံမြက်စည်းဖြင့် အစွမ်းကုန် လွှဲယမ်းလိုက်၏။
‘ရှပ်’
ရုတ်တရက် ကျိုးဟောက်ယွီ အဝတ်အစားများ ဆုတ်ပြဲသွားသော အသံကို ကြားလိုက်ရသည်။
သူ မည်သည့်အရာများ ဖြစ်သွားသည်ကို မသိသော်လည်း မျက်လုံးဖွင့်ကြည့်ရန် မဝံ့ရဲသေးပေ။
"ဟင် ဒါ ဒါ ဘာဖြစ်တာလဲ"
ထိုအချိန်တွင် အံ့ဩတကြီး မေးမြန်းသံတစ်ခုကြောင့် ကျိုးဟောက်ယွီ သတ္တိမွေးကာ မျက်လုံးကို အသာလေး ဖွင့်ကြည့်လိုက်သည်။
သို့သော် သူ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားတော့၏။
အဘယ်ကြောင့်မှန်းမသိသော်လည်း လူသန်ကြီး၏ အပေါ်ပိုင်း အဝတ်အစားများမှာ လုံးဝကို အစုတ်စုတ်အပြတ်ပြတ် ဖြစ်သွားကာ မြေပြင်ပေါ်သို့ လျောကျသွားခဲ့ပြီ ဖြစ်သည်။
လူသန်ကြီးကိုယ်တိုင်လည်း ကြောင်အမ်းသွားကာ အချိန်အတော်ကြာ တုံ့ပြန်မှု မလုပ်နိုင်ဘဲ ဖြစ်နေ၏။
ကျိုးဟောက်ယွီ ဤသည်မှာ သူကိုင်ထားသော တံမြက်စည်းကြောင့် ဖြစ်ရမည်ဟု ရိပ်မိလိုက်ပြီး တွေးနေမိသည်။
'ဘယ်သူက ငါ့ကားပေါ်မှာ ဒီတံမြက်စည်းကို လာထားခဲ့တာလဲ၊ ဒါက ဘယ်လိုဖြစ်ပြီး ဒီလို အစွမ်းရှိနေရတာလဲ’
ကျိုးဟောက်ယွီ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဒေါသထွက်သွားသော လူသန်ကြီးမှ လက်သီးကို တင်းတင်းဆုပ်ကာ ကျိုးဟောက်ယွီ၏ ခေါင်းကို ထိုးချလိုက်သည်။
ကျိုးဟောက်ယွီ မသိစိတ်ဖြင့် တံမြက်စည်းကို ဆွဲယူကာ ကာလိုက်၏။
သို့သော် နောက်ထပ် ဖြစ်ပျက်လာသော အရာမှာ မယုံနိုင်စရာပင်။
အနည်းဆုံး ပေါင် ၁၇၀၊ ၁၈၀ ခန့် ရှိမည့် လူသန်ကြီးမှာ ထိုတံမြက်စည်းနှင့် ထိလိုက်သည်နှင့် လွင့်ထွက်သွားသည်။
‘ဘုန်း’
လူသန်ကြီးသည် ကျိုးဟောက်ယွီနှင့် ငါးမီတာ၊ ခြောက်မီတာခန့် အကွာအဝေးသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့၏။
ဤထူးဆန်းလှသော မြင်ကွင်းကြောင့် ရှိသမျှလူတိုင်း ထိတ်လန့်သွားကြသည်။
လူတိုင်း မြေပြင်ပေါ်မှာ လဲနေသော လူသန်ကြီးကို အံ့ဩတကြီး ကြည့်လိုက်၊ ပိန်ပိန်ပါးပါး ကျိုးဟောက်ယွီကို မော့ကြည့်လိုက်နှင့် ဖြစ်နေကြ၏။
ဤကဲ့သို့ အားနည်းသောခွန်အားလေးဖြင့် ခွန်အားကြီးကြီးကို တိုက်ထုတ်နိုင်သည့် ပညာရပ်မျိုးမှာ သိုင်းဝတ္ထုများထဲတွင်သာ ဖတ်ဖူးကြသဖြင့် ယခုအချိန်တွင် မည်သူမှ မယုံကြည်နိုင်ကြပေ။
ဤလူများမှာ ကိုယ်တိုင် မြင်တွေ့လိုက်ရသော်လည်း မယုံနိုင်အောင် ဖြစ်နေကြဆဲပင်။
ထိုအချိန်တွင် လုဟန်၏ မျက်မှောင်များ ရုတ်တရက် ကြုတ်သွားပြီး လက်ကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။
"ဘာရပ်ကြည့်နေကြတာလဲ၊ အကုန်လုံး ဝိုင်းတိုက်ကြစမ်း"
သူ့အမိန့်အရ လူများမှာ အံ့ဩနေမှုမှ သတိပြန်ဝင်လာပြီး ကျိုးဟောက်ယွီထံသို့ ပြေးဝင်လာကြ၏။
ကျိုးဟောက်ယွီသည် ဤတံမြက်စည်းမှာ တကယ်ပင် ထူးခြားသော အစွမ်းရှိမရှိကို မသေချာသေးသကဲ့သို့ လူအများကြီး ပြေးဝင်လာသည်ကို မြင်ရသောအခါ ကြောက်စိတ်ကြောင့် ခြေထောက်များပင် တုန်ယင်လာသည်။
"အနားမလာနဲ့နော်၊ ငါ သိုင်းတတ်တယ်"
ကျိုးဟောက်ယွီ တံမြက်စည်းကို ရှေ့တွင် ကိုင်ထားပြီး ကြောက်လန့်တကြား အော်ပြောလိုက်၏။
"ငါက ရှောင်လင်ကျောင်းတော်က လာတာကွ"
လူတစ်ယောက်မှ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သစ်သားတုတ်ကို ကိုင်ကာ ကျိုးဟောက်ယွီ၏ နဖူးကို ရိုက်ချလိုက်သည်။
ကျိုးဟောက်ယွီ တံမြက်စည်းဖြင့် ကာလိုက်ရာ အဝတ်အစားများ ဆုတ်ပြဲသွားသော အသံကို ထပ်မံ ကြားလိုက်ရပြန်၏။
ဤတစ်ကြိမ်တွင်မူ သူ မျက်လုံးမမှိတ်ထားသဖြင့် ထိုလူ၏ အဝတ်အစားများမှာ မျက်စိတစ်မှိတ်အတွင်း အစုတ်စုတ်အပြတ်ပြတ် ဖြစ်သွားသည်ကို အသေအချာ မြင်လိုက်ရသည်။
"မင်းရဲ့ ရင်အုပ်ကြွက်သားတွေက မဆိုးဘူးပဲ"
ကျိုးဟောက်ယွီ ထိုလူ၏ အပေါ်ပိုင်းဗလာကျင်းနေမှုကို စိုက်ကြည့်ရင်း ဝမ်းသာအားရ ပြောလိုက်၏။
ထိုလူမှာ စက္ကန့်အနည်းငယ်မျှ မှင်တက်သွားပြီးနောက် မည်သည်တို့ဖြစ်သွားသည်ကို သတိပြုမိကာ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာလျက် ထွက်ပြေးသွားတော့သည်။
ထိုလူ လှည့်ထွက်သွားစဉ် ကျိုးဟောက်ယွီ သူ၏ မျက်နှာပေါ်တွင် ရှက်ရွံ့နေသော အရိပ်အယောင်ကိုပင် တွေ့လိုက်ရ၏။
"ဟားဟား"
ကျိုးဟောက်ယွီ သူ၏ တံမြက်စည်းတွင် အဝတ်အစားများကို ဆုတ်ဖြဲနိုင်သော မှော်အစွမ်းရှိကြောင်း အတည်ပြုနိုင်သွားသဖြင့် ဤလူများကို မကြောက်တော့ဘဲ အားရပါးရ ရယ်မောလိုက်သည်။
ကျိုးဟောက်ယွီတွင် အဘယ်ကြောင့် ဤကဲ့သို့သော အစွမ်းရှိနေသည်ကို ကျန်ရှိနေသော လူများမှာနားမလည်နိုင်ကြဘဲ မိမိတို့၏ အပေါ်ပိုင်းကို လက်ဖြင့် ကာထားရင်း သူ့ကို ကြောက်လန့်တကြား စိုက်ကြည့်နေကြ၏။
ကျိုးဟောက်ယွီမှာမူ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ဝင့်ကြွားစွာဖြင့် စိန်ခေါ်လိုက်သည်။
"လာလေ၊ မင်းတို့ အင်္ကျီမပါတဲ့ ပုံစံတွေကို ငါ ကြည့်ချင်သေးတယ်"
ကျိုးဟောက်ယွီ လက်ညှိုးဖြင့် ကွေးပြကာ စိန်ခေါ်လိုက်၏။
ထိုလူအယောက်နှစ်ဆယ်၊ သုံးဆယ်ခန့်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး မည်သူမှ ရှေ့သို့ မတိုးရဲကြတော့ပေ။
14
လုဟန် အခြေအနေမှာ အတိုင်းထက်အလွန် ဖြစ်လာသည်ကို မြင်သောအခါ အားကုန်အော်ဟစ်လိုက်သည်။
"သူ့ကို မကြောက်ကြနဲ့၊ သူက ဟန်ဆောင်နေတာ၊ အားလုံး ဝိုင်းတိုက်ပြီးဖမ်းကြစမ်း"
လူတိုင်း လုဟန်ပေးမည့် ဆုလာဘ်ကို မက်မောကြသော်လည်း ယခုအချိန်တွင် မည်သူမှ ရှေ့ထွက်ပြီး ကျိုးဟောက်ယွီကို မစမ်းသပ်ရဲကြပေ။
ထိုစဉ်မှာပင် အသက်ငယ်ငယ် လူတစ်ယောက်မှာ ကျိုးဟောက်ယွီ၏ ရှေ့သို့ တွန်းထုတ်ခြင်း ခံလိုက်ရ၏။
သူသည် ကြောင်အမ်းအမ်းဖြင့် မည်သူက သူ့ကို တွန်းလိုက်သည်ကို လှည့်ကြည့်နေဆဲပင်။
"လှည့်မကြည့်နဲ့တော့၊ မင်းဘာကောင်လဲဆိုတာ ငါ့ကို ပြစမ်းပါဦး"
ကျိုးဟောက်ယွီ သူ့ကို ခြောက်လှန့်ရန်အတွက် တံမြက်စည်းဖြင့် အသာလေး ချိန်လိုက်၏။
ထိုလူမှာ ချက်ချင်းပင် ဘေ့စ်ဘောတုတ်ကို ပစ်ချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
"ဟားဟား ပျော်စရာကြီး"
ကျိုးဟောက်ယွီ ရယ်မောရင်း တံမြက်စည်းကို လွှဲယမ်းလိုက်၏။
ထိုလူ၏ အင်္ကျီမှာ မည်သို့မှမဖြစ်သော်လည်း ဘောင်းဘီမှာမူ အစုတ်စုတ်အပြတ်ပြတ် ဖြစ်သွားကာ ကာတွန်းရုပ်ပုံပါသော အတွင်းခံဘောင်းဘီလေးသာ ကျန်ရှိတော့သည်။
လူကြီးတစ်ယောက်မှ ကာတွန်းအတွင်းခံ ဝတ်ထားသည်ကို မြင်ရသောအခါ ကျန်နေသော လူများမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသဖြင့် မျက်နှာများပင် ရှုံ့မဲ့နေကြ၏။
လုဟန်တစ်ယောက်သာ အံ့ဩတကြီးနှင့် သံသယများဖြင့် ကျန်ရစ်ခဲ့၏။ ထို့နောက် သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒီကောင်က တကယ်ပဲ ဘယ်သူလဲ၊ ပြီးတော့ ဒါက ဘယ်လို စုန်းပညာမျိုးလဲ"
သူ ကျိုးဟောက်ယွီကို မည်သည့်အစွမ်းမှမရှိသော သာမန်လူတစ်ယောက်ဟုသာ ထင်ထားခဲ့ခြင်း ဖြစ်၏။
အကြောင်းရင်းကို သိရှိနိုင်ရန် လုဟန် ထပ်မံ အော်ဟစ်ပြန်သည်။
"အားလုံး ဝိုင်းတိုက်ကြလို့ ငါပြောနေတယ်လေ၊ သူက တစ်ယောက်တည်းနဲ့ ဒီလောက် လူအများကြီးကို တစ်ပြိုင်တည်း ဘယ်လိုမှ မယှဉ်နိုင်ဘူး”
သို့သော် ဤတစ်ကြိမ်တွင်မူ မည်သူမှ အားစိုက်ပြီး မတိုက်ရဲကြတော့ပေ။
"သခင်လေးလု ကျွန်တော် အရင်ပြန်နှင့်တော့မယ်၊ ဒီနေ့က ကျွန်တော့်ရည်းစားရဲ့ အနှစ် ၆၀ ပြည့် မွေးနေ့မို့လို့ပါ"
"ကျွန်တော်လည်း အဲဒီမွေးနေ့ပွဲကို သွားရမှာမို့ အရင်သွားနှင့်ပါရစေ"
ဒုတိယမြောက် စကားပြောသူကို လုဟန် ဆွဲထားပြီး ဒေါသတကြီး မေးလိုက်၏။
"သူ့ရည်းစားမွေးနေ့ကို မင်းက ဘာလိုက်လုပ်မှာလဲ၊ မင်းရည်းစားကလည်း အသက် ၆၀ ပဲလား"
"သူ့ရည်းစားက ကျွန်တော့်ရဲ့ အဒေါ်အရင်းကြီးပါဗျာ"
လူတိုင်း အသက်လုပြီး ထွက်ပြေးသွားကြသဖြင့် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်ကို မြင်သောအခါ လုဟန်မှာ မဝံ့မရဲ ဖြစ်လာသည်။
သူသည် ကျိုးဟောက်ယွီမှ သူ့အား မမြင်ဟု ဟန်ဆောင်ကာ ခေါင်းကို ကုတ်ရင်း တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားလိုက်၏။
ဤအချိန်တွင် ကျိုးဟောက်ယွီ သူ့ကို လွယ်လွယ်နှင့် မည်သို့ လွှတ်ပေးမည်နည်း။
"သခင်လေးလု မင်း အဲဒီမှာ ရပ်လိုက်စမ်း"
ကျိုးဟောက်ယွီ လုဟန်ကို လက်ညှိုးထိုးပြီး အော်လိုက်သည်။
လုဟန်၏ ခန္ဓာကိုယ်မှာ တုန်တက်သွားပြီး ခြေကုန်လက်ပစ် ထွက်ပြေးတော့၏။
ကျိုးဟောက်ယွီလည်း တွန့်ဆုတ်မနေဘဲ ချက်ချင်း လိုက်ဖမ်းကာ အော်ဟစ်လိုက်သည်။
"ဒီကိုလာခဲ့၊ ငါ မင်းကို မသတ်ဘူးလို့ ကတိပေးတယ်"
ကျိုးဟောက်ယွီမှာ အခြားလူများကဲ့သို့ သွက်သွက်လက်လက် မပြေးနိုင်ပေ။
တခဏမျှ လိုက်ပြီးနောက် လုဟန်ကို မမှီနိုင်မှန်း သိလိုက်သောအခါ ကျိုးဟောက်ယွီ တံမြက်စည်းကို သူ၏နောက်ကျောဘက်သို့ ရူးသွပ်စွာ လွှဲယမ်းလိုက်၏။
‘ရှပ်၊ ရှပ်’
လုဟန်၏ အင်္ကျီနှင့် ဘောင်းဘီများမှာ အစုတ်စုတ်အပြတ်ပြတ် ဖြစ်သွားကာ သူ့ထံသို့ လွင့်ပျံလာသည်။
လုဟန်၏ ကိုယ်ပေါ်တွင် အဝတ်အစား နည်းသွားလေ ကျိုးဟောက်ယွီမှာ ပို၍ စိတ်လှုပ်ရှားလာလေဖြစ်ရာ တံမြက်စည်းကို ပို၍ အားရပါးရ ဝှေ့ယမ်းလိုက်၏။
နေရောင်အောက်တွင် လူငယ်တစ်ယောက်သည် လေနှင့်အတူ ပြေးလွှားနေသည်။
သို့သော် သူ ပြေးလေလေ၊ သူ၏ အဝတ်အစားများမှာ ပြောင်စင်သွားလေဖြစ်ပြီး နောက်ဆုံးတွင် လုဟန်မှာ လုံးဝ ဗလာကျင်း ဖြစ်သွားတော့၏။
သို့သော် ဤအချိန်တွင် သူ မည်သည်ကိုမှ ဂရုမစိုက်နိုင်ဘဲ ထွက်ပြေးလွတ်မြောက်ရန်သာ စိတ်ထဲတွင် ရှိ၏။
လမ်းမပေါ်တွင် ဗလာကျင်း ပြေးလွှားနေသော လူငယ်တစ်ယောက်ကို မြင်ရသည်မှာ လူအများ၏ အာရုံစိုက်မှုကို ရရှိစေမည်မှာ အသေအချာပင်။
လမ်းဘေးရှိ လူအများမှာ လုဟန်ကို အံ့ဩတကြီး ကြည့်သူကကြည့်၊ လှောင်ရယ်သူက ရယ်နှင့် ဖြစ်နေကြသည်ကို ကျိုးဟောက်ယွီ မြင်လိုက်ရသည်။
ယနေ့ လုဟန် သတင်းထဲပါတော့မည်ဟု တွေးမိကာ ကျိုးဟောက်ယွီ မရယ်ဘဲ မနေနိုင်တော့ပေ။
သူသည် လိုက်လံဖမ်းဆီးရင်း အားရပါးရ ရယ်မောလိုက်ရာ ဗိုက်ပင်အောင့်တက်လာပြီး မောပန်းသွားသဖြင့် နောက်ဆုံးတွင် လုဟန်ကို လွှတ်ပေးလိုက်၏။
"ဒါက ဘယ်လို ရတနာမျိုးလဲ၊ တော်တော်လေး အသုံးဝင်တာပဲ”
ကျိုးဟောက်ယွီ လမ်းဘေးက ဓာတ်တိုင်ကို မှီကာ အမောဖြေရင်း သူ၏လက်ထဲမှ တံမြက်စည်းကို အသေအချာ ကြည့်နေမိသည်။
ရုတ်တရက် ကျိုးဟောက်ယွီ ခန့်ညားထည်ဝါပြီး အားမာန်ပါလှသော အသံတစ်ခုကို ကြားလိုက်ရ၏။
"ဒါက ငါ့ရဲ့ မှော်လက်နက်ပဲ၊ အခုချက်ချင်း ငါ့ကို ပြန်ပေး"
သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်သော်လည်း မည်သူ့ကိုမှ မတွေ့ရပေ။ လမ်းသွားလမ်းလာများမှာလည်း ဗလာကျင်းပြေးသွားသော လုဟန်နောက်သို့ လိုက်သွားကြပြီ ဖြစ်သည်။
သို့သော် သူ ပြန်လှည့်ကြည့်လိုက်သောအခါ တစ်စုံတစ်ယောက်က သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရ၏။
"အား၊ ခင်ဗျားကတော့ ကျွန်တော့်ကို လန့်သေအောင် လုပ်နေတာပဲ"
ကျိုးဟောက်ယွီ နောက်သို့ ခုန်ဆုတ်လိုက်ရင်း ထိုအဘိုးအိုအား ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။
"ခင်ဗျား ခင်ဗျားက ခုနက ကျွန်တော့်ကားကို စီးသွားတဲ့ အဘိုးမဟုတ်လား"
ကျိုးဟောက်ယွီ ထိုလူကို လက်ညှိုးထိုးပြီး မေးလိုက်၏။
အဘိုးအို ပြုံးလျက်ခေါင်းငြိမ့်ပြပြီး ကျိုးဟောက်ယွီထံ လက်ကမ်းပေးကာ ဆိုသည်။
"ငါ့ရဲ့ မှော်လက်နက်ကို အမြန် ပြန်ပေးပါ"
ကျိုးဟောက်ယွီ ဤလူမှာ နတ်မင်းတစ်ပါး ဖြစ်ရမည်ဟု ချက်ချင်း နားလည်လိုက်ပြီး သူပြောနေသော မှော်လက်နက်မှာ သူကိုင်ထားသည့် တံမြက်စည်းပင် ဖြစ်သည်။ အကယ်၍ ဤတံမြက်စည်းမှာ မှော်လက်နက် ဖြစ်နေလျှင် ၎င်း၏ အစွမ်းထက်မှုမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ကျိုးဟောက်ယွီ ဤမှော်လက်နက်မှာ အတော်လေး အသုံးဝင်သည်ဟု ယူဆသဖြင့် နတ်မင်းထံ ပြန်မပေးချင်တော့ပေ။ သူ စိတ်ထဲမှ တွေးလိုက်၏။
'ဒီတံမြက်စည်းက လူကို အနာတရမဖြစ်စေဘဲ အဝတ်အစားကိုပဲ ဆုတ်ဖြဲနိုင်တာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အကောင်းဆုံးပဲ’
"ဘာမှော်လက်နက်လဲ၊ ကျွန်တော် ခင်ဗျားရဲ့ မှော်လက်နက်ကို မမြင်မိပါဘူး"
ကျိုးဟောက်ယွီ တံမြက်စည်းကို နောက်ကျောတွင် ဝှက်ထားရင်း တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
အဘိုးအို ပြုံးနေမြဲပြုံးနေဆဲဖြစ်ပြီး လက်ကို ကမ်းထားလျက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"လူငယ်လေး မင်း ရိုးရိုးသားသားနဲ့ ငါ့ရဲ့ မှော်လက်နက်ကို အပ်သင့်တယ်"
"မရှိပါဘူးဆို၊ ခင်ဗျားရဲ့ မှော်လက်နက်က ကျွန်တော့်ဆီမှာ ဘယ်လိုလုပ် ရှိမှာလဲ"
ကျိုးဟောက်ယွီ လုံးဝဝန်မခံရန် ဆုံးဖြတ်ထား၏။
အဘိုးအိုမှာ ဒေါသမထွက်ဘဲ ဘယ်ဘက်သို့ အသာလေးလှည့်ကြည့်လိုက်သည်။
ကျိုးဟောက်ယွီလည်း သူ၏နောက်ကျောမှအရာကို ဝှက်ရန် ညာဘက်သို့ ချက်ချင်း ရွေ့လိုက်၏။
သို့သော် နတ်မင်းမှာ သူ၏လှည့်ကွက်လေးကို ရိပ်မိပြီးသား ဖြစ်သည်။ မဟုတ်လျှင် နတ်မင်းဟု ခေါ်ဆိုနိုင်မည် မဟုတ်ပေ။
နတ်မင်းသည် သူ၏ညာဘက်လက်ဝါးကို မြှောက်ကာ ဂါထာမန္တန်များ ရွတ်ဖတ်လိုက်ရာ သူ၏ ဘယ်ဘက်လက်ထဲတွင် တံမြက်စည်းတစ်ချောင်း လေထဲမှ ရုတ်တရက် ပေါ်လာသည်။
ကျိုးဟောက်ယွီမှာ အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွား၏။ သူ ချက်ချင်းပင် သူ၏ နောက်ကျောကို ပြန်ကြည့်လိုက်ရာ သူကိုင်ထားသော တံမြက်စည်းမှာ မရှိတော့ပေ။
ဤကဲ့သို့ အံ့ဩဖွယ်ရာ မြင်ကွင်းမျိုးကို 'အနောက်ဘက်သို့ ခရီးသွားခြင်း' ဇာတ်လမ်းထဲတွင်သာ မြင်ဖူးခဲ့ပြီး သူ့ကိုယ်တိုင် ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ချေ။
သို့သော် သူ အရှုံးမပေးသေးဘဲ တည်ကြည်စွာ ပြောလိုက်၏။
"ခင်ဗျားက နတ်မင်းတစ်ပါးဆိုတာ ကျွန်တော် သိသွားပါပြီ၊ ကျွန်တော့်ကားစီးတဲ့ တခြားနတ်မင်းတွေက ကျွန်တော့်ကို ရတနာတွေ ပေးကြတယ်လေ၊ ခင်ဗျားရဲ့ ဒီတံမြက်စည်းက အတော်လေး ကောင်းပုံရတယ်၊ အဲဒါကို ကျွန်တော့်ကိုပဲ ပေးလိုက်ပါလား၊ ဒါမှမဟုတ် ကျွန်တော် နှစ်ရက်၊ သုံးရက်လောက် ငှားသုံးပါရစေ"
သူ ငှားမည်ဟု ပြောသော်လည်း အပိုင်ယူရန်သာ ကြံစည်ထားခြင်း ဖြစ်သည်။
နတ်မင်းမှာ သူ၏အကြံအစည်လေးကို အကုန် သိရှိပြီးသား ဖြစ်၏။
"မင်းကို ရတနာတွေပေးလို့တော့ ရပါတယ်၊ ဒါပေမဲ့ ဒီတံမြက်စည်းကတော့ ပေးလို့မရဘူး"
နတ်မင်း ဆိုလိုက်ရင်း သူ၏ အိတ်ကပ်ထဲတွင် တစ်ခုခုကို ရှာဖွေနေသည်။
ကျိုးဟောက်ယွီ နတ်မင်းအား ထိုတံမြက်စည်းကိုသာ ပေးစေချင်သော်လည်း တခြားသော ရတနာများမှာ ပို၍ တန်ဖိုးရှိနိုင်သည်ဟု တွေးမိကာ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေလိုက်၏။
‘တောင်’
ရုတ်တရက် ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာသည်။
ကျိုးဟောက်ယွီ သူ၏ အိတ်ကပ်ကို စမ်းကြည့်လိုက်ရာ သူ၏ ဖုန်းမှာ ကားထဲတွင် ကျန်ခဲ့သည်ကို သတိရလိုက်၏။
သူ မော့ကြည့်လိုက်သောအခါ နတ်မင်းသည် သူ၏ ဖုန်းကို ကြည့်ရင်း ပျော်ရွှင်စွာ ပြုံးနေသည်ကို တွေ့လိုက်ရသည်။
"ထန်းထန်းက ဖဲဆော့ဖို့ ဖုန်းဆက်နေပြီ၊ ငါ သွားတော့မယ်၊ သွားပြီနော်”
နတ်မင်းသည် ဖုန်းကို ပြန်သိမ်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။
ကျိုးဟောက်ယွီမှာ မည်သို့မှပင် မတုံ့ပြန်နိုင်သေးပေ။
ခဏအကြာတွင် ကောင်းကင်ထက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"နောက်တစ်ခါကျရင်တော့ မင်းကို ရတနာတစ်ခုခု ပေးပါ့မယ်"
"တောက် ဒီခေတ်မှာ နတ်ဘုရားတွေတောင် လိမ်တတ်နေပြီပဲ"
ကျိုးဟောက်ယွီ ဒေါသတကြီးဖြင့် ကောင်းကင်ကို လက်ခလယ် ထောင်ပြလိုက်၏။
သို့သော် သူသည် ပျံသန်းနိုင်သည့် အစွမ်းမရှိသဖြင့် သူ၏ ကားရပ်ထားသည့် နေရာသို့သာ စိတ်ပျက်လက်ပျက် ပြန်လာခဲ့ရသည်။