အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
15
မူလနေရာသို့ ပြန်ရောက်သောအခါ ကျိုးဟောက်ယွီမှာ ပြန့်ကျဲနေသော အဝတ်စုတ်များကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။
သူ ကားထဲတွင် ပြန်ထိုင်ကာ ဒီဒီစနစ်ကို ဖွင့်လိုက်ပြီးနောက် ခရီးသည်တင်ဆောင်သည့် သူ၏နေ့ရက်ကို ပြန်လည်စတင်လိုက်သည်။
နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာသည်နှင့်အမျှ မြို့ပြ၏ တောက်ပလှသော နီယွန်မီးရောင်များသည် ချစ်သူစုံတွဲများ၏ ပျော်ရွှင်နေသော မျက်နှာများကို ထင်ဟပ်နေ၏။
လမ်းဘေးတွင် ရပ်ထားသော အနက်ရောင်ကားလေးထဲ၌ ကျိုးဟောက်ယွီ လက်တစ်ဖက်က ရေသန့်ဘူးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်မှာ ပေါင်မုန့်ကို ကိုင်ထားသည်။
ထိုအရာများမှာ ယနေ့မနက်ကတည်းက ဝယ်ထားပြီး အကြိမ်ကြိမ် ခွဲစားနေရသော်လည်း ယခုထိ အကုန်မစားရသေးသော သူ၏ တစ်နေ့တာ အစားအစာပင် ဖြစ်၏။
လက်ချင်းချိတ်၊ ပခုံးချင်းမှီကာ လျှောက်လှမ်းနေကြသော စုံတွဲများကို ကြည့်ရင်း ကျိုးဟောက်ယွီ ပို၍ပင် အထီးကျန်ဆန်လာသလို ခံစားရသည်။
‘တောင်’
ကျိုးဟောက်ယွီ အကြောင်းကြားစာသံကို ကြားလိုက်ရသောအခါ ဒေါသတကြီး ငြည်းတွားလိုက်၏။
"လူကို အေးအေးဆေးဆေးတောင် မစားခိုင်းဘူးလား၊ ဘာလို့ ထပ်ပြီးလဲ"
စကားပင် မဆုံးသေးမီ သူ၏ ဖုန်းကို ကြည့်ကာ ကြောင်အမ်းသွားရသည်။
"ချန် ချန်အယ်"
ကျိုးဟောက်ယွီ ပါးစပ်ထဲမှ ပေါင်မုန့်ကို မြိုချလိုက်ပြီး စကားပင် ထစ်နေ၏။
မနေ့ညကတင် လနတ်သမီးချန်အယ်အကြောင်း အိပ်မက်မက်ခဲ့သည်ကို သတိရလိုက်သောအခါ ကျိုးဟောက်ယွီမှာ ဤမျှမြန်မြန်နှင့် လက်တွေ့ဖြစ်လာသည်မှာ မယုံနိုင်စရာပင်။
ထို့နောက် သူ တွေးလိုက်မိသည်။
'အခုမှ မှောင်စပဲရှိသေးတာ၊ ငါ အိပ်မက်မက်နေတာလား’
"အား"
ကျိုးဟောက်ယွီ သူ၏ ပေါင်ကို အားရပါးရ ဆိတ်လိုက်သဖြင့် ဝက်သံထွက်မတတ် အော်လိုက်ရ၏။
အိပ်မက်မဟုတ်ကြောင်း အတည်ပြုပြီးနောက် သူကျန်ရှိနေသော ပေါင်မုန့်များကို ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်ပြီး နတ်သမီးချန်အယ်အား သွားကြိုရန်အတွက် ကားကို ချက်ချင်း စက်နှိုးလိုက်သည်။
အိပ်မက်တစ်ခု လက်တွေ့ဖြစ်လာသည့်အတွက် ကျိုးဟောက်ယွီမှာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားခဲ့၏။
ထိုအချိန်တွင် ကျိုးဟောက်ယွီသည် အဝေးမှ လှမ်းလာနေသော မှင်တက်လောက်အောင် လှပသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရ၏။ သူမ၏ အသားအရေမှာ ကြွေရုပ်ကဲ့သို့ ဝင်းပနေပြီး နှုတ်ခမ်းလွှာများမှာ ချယ်ရီပွင့်ဖတ်လေးများနှယ်၊ လေထဲတွင် လွင့်ပျံနေသော အင်္ကျီလက်ရှည်များမှာ လိပ်ပြာလေးများ ဝဲနေသကဲ့သို့ ရှိပြီး သူမ၏ သွယ်လျလှသော ခါးလေးမှာလည်း လှုပ်ခါယိမ်းနွဲ့ကာ အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းလာနေသည်။
ထိုအခါမှသာ ကျိုးဟောက်ယွီ ကောင်းကင်ဘုံတွင် တကယ်ပင် နတ်ဘုရားများ ရှိကြောင်းနှင့် သူ၏ရှေ့မှ အမျိုးသမီးမှာ လနန်းတော်မှ ဆင်းသက်လာသော ပြိုင်ဘက်ကင်း နတ်သမီးတစ်ပါး ဖြစ်ကြောင်း အသေအချာ ယုံကြည်လိုက်၏။
"ဘုရားရေ"
ကျိုးဟောက်ယွီ၏ မျက်လုံးများမှာ တောက်ပသွားပြီး တံတွေးကိုပင် အနိုင်နိုင် မြိုချလိုက်ရသည်။
နတ်သမီးချန်အယ် အနားသို့ တိုးလာလေလေ၊ ကျိုးဟောက်ယွီမှာ အကြောင်းရင်းမရှိဘဲ စတင်ပြီး စိတ်လှုပ်ရှားလာလေ ဖြစ်၏။
နတ်သမီးလေးမှ သူ့အား အထင်ကြီးသွားစေရန်အတွက် သူကားတံခါးကို ဖွင့်ကာ ရေသန့်အနည်းငယ်ကို လက်ထဲလောင်းထည့်ပြီး ဖရိုဖရဲဖြစ်နေသော သူ၏ ဆံပင်များကို အသာသပ်လိုက်သည်။
သူ ပြုံးဖြဲဖြဲဖြင့် နတ်သမီးချန်အယ်နှင့် မည်သို့စကားစပြောရမလဲဟု ကြိုတင်စိတ်ကူးယဉ်နေ၏။
ချန်အယ်မှာ ကားတံခါးကို ဖွင့်ကာ တက်လာပြီးနောက် ကျိုးဟောက်ယွီကို ချိုသာသော အပြုံးလေးတစ်ခုသာ ပြုံးပြပြီး မည်သည်ကိုမှမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။
ကျိုးဟောက်ယွီ ချန်အယ်မှ အရင်စကားပြောမည်ဟု ထင်ထားခဲ့သဖြင့် သူမပြောသမျှကိုသာ လိုက်ပြောရန် စဉ်းစားထားခြင်း ဖြစ်၏။
သို့သော် ချန်အယ်မှာ တိတ်ဆိတ်နေပြီး ကျိုးဟောက်ယွီမှာလည်း ကောင်းမွန်သော စကားစမြည်ပြောစရာ အကြောင်းအရာကို ရှာမတွေ့သဖြင့် ကားထဲက လေထုမှာ အေးစက်သွားတော့သည်။
ဤအချိန်တွင် ကျိုးဟောက်ယွီ အလွန်ပင် စိတ်ကသိကအောက် ဖြစ်နေရ၏။
သို့သော် သူတစ်ယောက်တည်းသာ စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချန်အယ်မှာ ကားပေါ်တက်လာကတည်းက သူ့ကို လုံးဝဂရုမစိုက်ဘဲ ပြတင်းပေါက်အပြင်ဘက်က ရှုခင်းများကိုသာ စိုက်ကြည့်နေသောကြောင့်ပင်။
ကျိုးဟောက်ယွီ ချန်အယ်အား သူမသွားလိုသည့်နေရာသို့ တိတ်ဆိတ်စွာ မပို့လိုသဖြင့် သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ နောက်ဆုံးတွင် စကားစလိုက်တော့သည်။
"အစ်မ ချန်အယ်၊ အစ်မက တကယ်ကို လှတာပဲနော်၊ ကောင်းကင်ဘုံက နတ်သမီးချန်အယ်အတိုင်းပဲ"
ကျိုးဟောက်ယွီ ပြုံးကာ ပြောလိုက်၏။
“တော်စမ်းပါ”
ချန်အယ် အသာအယာ ပြုံးလိုက်ပြီး သူမ၏ နှုတ်ခမ်းလွှာလေးများကို ဟကာ သာယာသောအသံလေးဖြင့် ပြောလိုက်သည်။
"ငါက ကောင်းကင်ဘုံက လာတာ အမှန်ပဲလေ"
ကျိုးဟောက်ယွီ အနည်းငယ် မှင်တက်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
"သူမက တကယ်ပဲ ကောင်းကင်က လာတာတဲ့၊ ဒီနေ့တော့ ငါ တကယ် ကံကောင်းတာပဲ"
ထိုအချိန်တွင် သူမနေ့ညက မက်ခဲ့သည့် လှပသောအိပ်မက်ကို ပြန်လည်သတိရလိုက်မိပြီး တားဆီး၍မရသော စိတ်ကူးယဉ်မှုများထဲတွင် နစ်မျောသွားတော့သည်။
သို့သော် ထိုသို့တွေးမိသည်နှင့် ကျိုးဟောက်ယွီမှာ ခေါင်းကို အတွင်တွင် ခါယမ်းလိုက်ပြီး မိမိကိုယ်မိမိ ပြန်လည် ထိန်းချုပ်လိုက်၏။
"ငါ ဘယ်လိုတောင် ရိုင်းစိုင်းလိုက်သလဲ၊ သူမက နတ်သမီးတစ်ပါးလေ၊ ငါ ဘယ်လိုလုပ် ဒီလိုအတွေးမျိုး တွေးနိုင်ရတာလဲ"
ကျိုးဟောက်ယွီ တစ်ယောက်တည်း စကားပြောလိုက်၊ တစ်ယောက်တည်း ရယ်လိုက် လုပ်နေသည်ကို မြင်သောအခါ နတ်သမီးချန်အယ်မှာ ဤလူသား၏ အတွေးများကို နားမလည်နိုင်သဖြင့် ပြတင်းပေါက်ဘက်သို့ ပြန်လှည့်သွားတော့သည်။
ကားထဲရှိ လေထုမှာ ပြန်လည် တိတ်ဆိတ်သွားပြန်၏။
ကျိုးဟောက်ယွီ မိမိကိုယ်မိမိ အာရုံများနေမိသည့်အတွက် နောင်တရနေမိသည်။
နောက်ကြည့်မှန်မှတစ်ဆင့် လှမ်းကြည့်လိုက်သောအခါ ချန်အယ်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်ကို ကျိုးဟောက်ယွီ မြင်လိုက်ရသည်။ သူမ၏ ညှိုးငယ်နေသော ပုံစံကို မြင်သောအခါ သူ သိချင်စိတ် ပြင်းပြလာ၏။
"အစ်မ ချန်အယ် အစ်မမှာ ဘာတွေ စိတ်ညစ်စရာ ရှိနေလို့လဲ"
ကျိုးဟောက်ယွီ စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး"
ချန်အယ် အေးစက်စွာ ပြောလိုက်ပြီး သူမ၏ မျက်နှာတွင် မည်သည့်အမူအရာမှ မရှိတော့ပေ။
ဤသည်မှာ ကောလာဟလများအတိုင်း မှန်ကန်နေကြောင်း ကျိုးဟောက်ယွီ ယုံကြည်သွားပြီး သူ တွေးလိုက်၏။
'လနန်းတော်က ချန်အယ်က တကယ်ပဲ အေးစက်တဲ့ အလှနတ်သမီးပဲ'
ကျိုးဟောက်ယွီ တခဏမျှ စဉ်းစားပြီး ထပ်မေးလိုက်သည်။
"အစ်မ ချန်အယ် အစ်မက နတ်သမီးတစ်ပါးပဲ၊ ဘာပူစရာမှ မရှိဘဲ ပျော်ပျော်ရွှင်ရွှင် နေရမှာလေ၊ ဘာတွေ စိတ်ပူနေရတာလဲ"
သူ စကားပြောပြီးသောအခါ ကားထဲတွင် မည်သည့်အသံမျှ ထပ်မထွက်လာတော့ပေ။
ချန်အယ်မှာ နောက်ခန်းတွင် မည်သည့်စကားကိုမှ မဆိုဘဲ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
"အစ်မ စိတ်မကောင်းဖြစ်နေတယ်ဆိုတော့ ကျွန်တော် ဟာသတစ်ခု ပြောပြမယ်လေ"
ကျိုးဟောက်ယွီ နောက်ကြည့်မှန်မှတစ်ဆင့် ချန်အယ်ကို ကြည့်ရင်း ဆက်ပြော၏။
"လမ်းပေါ်မှာ ငှက်ပျောသီး နှစ်လုံး အတူတူ လမ်းလျှောက်နေကြသတဲ့၊ လမ်းလျှောက်နေရင်းနဲ့ ရှေ့က ငှက်ပျောသီးက ပူတယ်ဆိုပြီး သူ့အဝတ်တွေကို ချွတ်လိုက်ရော၊ အဲဒီမှာ နောက်က လိုက်လာတဲ့ ငှက်ပျောသီးက အဲဒီအဝတ်ကို နင်းမိပြီး ချော်လဲသွားသတဲ့၊ ဟားဟား"
သူ ပြောပြီးသောအခါ ကျိုးဟောက်ယွီမှာ တစ်ယောက်တည်း အားရပါးရ ရယ်မောနေသည်။
သို့သော် ချန်အယ်၏ မျက်နှာမှာ မည်သို့မှမပြောင်းလဲသွားဘဲ ပြုံးပင်မပြသည်ကို သူ တွေ့လိုက်ရ၏။
ကျိုးဟောက်ယွီမှာ အလွန်အမင်း အရှက်ရသွားပြီး မြေကြီးထဲသာ ငုပ်လျှိုးသွားချင်တော့သည်။
ချန်အယ်မှာ ကျိုးဟောက်ယွီ၏ အားနာစရာ အပြုံးလေးကို သတိပြုမိလိုက်ပြီး သူသည် သူမ၏ စိတ်ညစ်မှုများကို ဖြေဖျောက်ပေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိလိုက်သဖြင့် သူ့ကို အရှက်မရစေချင်တော့ပေ။
"တကယ်တော့ ကျွန်မမှာ ဘာစိတ်ညစ်စရာမှ မရှိပါဘူး၊ ကောင်းကင်ဘုံမှာ နေရတာ အရမ်း ပျင်းစရာကောင်းလွန်းလို့ အောက်ပြည်ကို လာပြီး စိတ်အပန်းဖြေတာပါ"
ချန်အယ် နှုတ်ခမ်းလေးကို အနည်းငယ် ပင့်လိုက်ပြီး ယဉ်ကျေးသောအပြုံးလေး ပြုံးပြလိုက်သည်။
ကျိုးဟောက်ယွီမှာ ဤစကားကြောင့် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားကာ တွေးလိုက်၏။
'ကောင်းကင်က နတ်ဘုရားတွေက လူသားတွေရဲ့ ခက်ခဲတဲ့ဘဝကို တကယ် နားမလည်ကြဘူးပဲ၊ လူအများကြီးက ကောင်းကင်ဘုံကို ရောက်ဖို့ အိပ်မက်မက်နေကြတာကို၊ သူမကတော့ အဲဒီမှာ နေရတာ ပျင်းစရာကောင်းတယ်လို့ ညည်းညူနေတယ်’
သို့သော် စိတ်အပန်းဖြေခြင်းအကြောင်း ပြောလာမှတော့ ကျိုးဟောက်ယွီတွင် ကောင်းမွန်သော နေရာတစ်ခု စိတ်ကူးရသွားပြီး မေးလိုက်သည်။
"အစ်မ ချန်အယ်က စိတ်အပန်းဖြေဖို့ လာတာဆိုတော့ ပြန်ဖို့ မလောသေးဘူး မဟုတ်လား"
"မလောပါဘူး"
ချန်အယ် အေးအေးဆေးဆေးပင် ပြန်ဖြေ၏။
"ကောင်းပြီလေ"
ကျိုးဟောက်ယွီ လက်ဖျောက်တစ်ချက် တီးပြီး ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်တော် အစ်မကို နေရာကောင်းတစ်ခု ခေါ်သွားပေးမယ်၊ အစ်မ သေချာပေါက် ပျော်သွားစေရမယ်လို့ ကျွန်တော် အာမခံပါတယ်"
ကျိုးဟောက်ယွီ၏ ယုံကြည်မှုအပြည့်ရှိသော ပုံစံကို မြင်သောအခါ လူ့ပြည်သို့ ရောက်ခါစ ချန်အယ်သည်လည်း မျှော်လင့်ချက် ဪ ရှိလာခဲ့၏။
ကျိုးဟောက်ယွီ ချန်အယ်ကို အပန်းဖြေဥယျာဉ်သို့ ခေါ်သွားခဲ့သည်။
အပန်းဖြေဥယျာဉ်ဆိုသည်မှာ ကလေးများအတွက် ကစားကွင်းသာမကဘဲ စုံတွဲများအတွက်လည်း သူတို့၏ သံယောဇဉ်ကို ပိုမိုခိုင်မြဲစေသော နာမည်ကြီးနေရာတစ်ခု မဟုတ်ပါလား။
ကျိုးဟောက်ယွီတွင် အခြား အထူးအစီအစဉ်များ မရှိပေ။ သူသည် ချန်အယ်ကို ပျော်ရွှင်စေချင်ရုံသက်သက်သာ ဖြစ်၏။
အထဲရောက်သောအခါ ကျိုးဟောက်ယွီ ချန်အယ်ကို ချားရဟတ်ကြီးရှိရာသို့ တိုက်ရိုက်ခေါ်သွားပြီး ဆိုလိုက်သည်။
"ကြည့်လိုက်ဦး ဒါက လှတယ်မဟုတ်လား၊ ကောင်းကင်ပေါ်မှာ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား"
နတ်သမီးလေးချန်အယ် မည်သည့်အရာအား ကြိုက်သည်ကို သူ မသိသော်လည်း ဤကဲ့သို့သော ချားရဟတ်ကြီးများသည် အမျိုးသမီးတိုင်းအတွက် ဆွဲဆောင်မှုရှိမည်ဟု သူ ခံစားလိုက်ရ၏။
ထင်သည့်အတိုင်းပင် ချန်အယ်မှာ သူမရှေ့ရှိ ရောင်စုံလင်းလက်နေသော ချားရဟတ်ကြီးကို ငေးမောကာ စိုက်ကြည့်နေမိသည်။
သူမ၏ မျက်လုံးများထဲမှ မိန်းမသားဆန်သော ခံစားချက်လေးကို ကျိုးဟောက်ယွီ မြင်လိုက်ရသဖြင့် သူ၏ နှုတ်ခမ်းတွင်လည်း အပြုံးတစ်ခု ပေါ်လာခဲ့၏။
"စီးကြည့်ချင်လား"
ကျိုးဟောက်ယွီ ချန်အယ်ကို ကြင်ကြင်နာနာလေး မေးလိုက်သည်။
သို့သော် ချန်အယ်၏ နောက်ထပ်စကားကြောင့် ကျိုးဟောက်ယွီမှာ မျက်စိများပင် ပြာသွားပြီး မူးလဲမတတ် ဖြစ်သွားရ၏။
"ဒါကြီးက အရမ်းမြင့်တာပဲ၊ စီးရင် ကြောက်စရာမကောင်းဘူးလားဟင်"
ချန်အယ်မှာ ကျိုးဟောက်ယွီကို ကလေးမလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် မေးလိုက်ပြီး သူမ၏ တောက်ပလှသော မျက်လုံးလေးများမှာလည်း အံ့ဩမှုကြောင့် ဝိုင်းစက်နေသည်။
16
မှိန်ဖျဖျအလင်းရောင်အောက်တွင် ကျိုးဟောက်ယွီ၏ ဆွံ့အသွားသော မျက်နှာကို ဖုံးကွယ်ထား၍ မရပေ။
"ဒါက ဘယ်လောက်ပဲ မြင့်မြင့်၊ ကောင်းကင်ထက်တော့ ပိုမမြင့်နိုင်ဘူးလေ"
ကျိုးဟောက်ယွီ တစ်ယောက်တည်း ရေရွတ်လိုက်သည်။
နတ်သမီးလေးချန်အယ်မှာ နားမလည်သလို ကြည့်ပြီး မေး၏။
"ဘာပြောလိုက်တာလဲဟင်"
"ဘာမှမဟုတ်ပါဘူး"
ကျိုးဟောက်ယွီ အသာအယာပြုံးပြပြီး ပြောလိုက်သည်။
"ဒါက ကြည့်ရတာ မြင့်ပေမဲ့ စီးကြည့်လိုက်ရင်တော့ မြင့်တယ်လို့ မခံစားရတော့ပါဘူး၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
ကျိုးဟောက်ယွီ ချန်အယ်၏လက်ကို ဆွဲရန် လက်ကမ်းလိုက်သော်လည်း လမ်းတစ်ဝက်မှာတင် လက်ကို ပြန်ရုတ်လိုက်ပြီး အရူးတစ်ယောက်ကဲ့သို့ တဟီးဟီး ရယ်နေမိ၏။
"ငါက ဘာလို့ ဒီလောက်တောင် သတ္တိနည်းနေရတာလဲ"
ကျိုးဟောက်ယွီ နောင်တရစွာဖြင့် လှည့်ထွက်ရင်း တိုးတိုးလေး ညည်းတွားလိုက်သည်။
ချန်အယ် ကျိုးဟောက်ယွီတစ်ယောက်တည်း စကားပြောနေသည်ကို ကြည့်ပြီး ထိုသူမှာ ဦးနှောက်အာရုံကြော အနည်းငယ်မမှန်သူဟု ထင်နေသော်လည်း တစ်ဖက်တွင်မူ သူ့ကို ကြည့်ရသည်မှာ ရယ်စရာကောင်းသည်ဟု ခံစားရ၏။
လက်မှတ်ရုံတွင် တန်းစီနေစဉ် ဘေးတန်းမှ လူငယ်တစ်ယောက်က လှည့်ကြည့်လိုက်ရာ ချန်အယ်ကို တွေ့သွားသည်။
"ဟေး သူငယ်ချင်း မင်းကတော့ တကယ့်ကို ကံထူးရှင်ပဲဟေ့"
ထိုလူငယ် ပြုံးစိစိဖြင့် ကျိုးဟောက်ယွီကို မျက်ခုံးတစ်ချက် ပင့်ပြလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်မှုကို ရရှိသွား၏။
နတ်သမီးတစ်ပါးကဲ့သို့ ထူးကဲလှပသော ချန်အယ်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အံ့ဩလွန်းသဖြင့် မျက်လုံးများပြူးသွားကြသည်။
အမျိုးသားများ၏ မျက်လုံးထဲတွင် မနာလိုမှုများနှင့် အမျိုးသမီးများ၏ မျက်လုံးထဲတွင်မူ ငြူစူမှုများဖြင့် ပြည့်နှက်နေ၏။
လူတိုင်း၏ မနာလိုမှုနှင့် ငြူစူမှုကို ခံရသောအခါ ကျိုးဟောက်ယွီ သူ၏ အဆင့်အတန်း မြင့်မားသွားသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဒါပေါ့ ဒါ ငါ့ရဲ့ နတ်သမီးလေးလေ"
ချန်အယ်မှာမူ ပတ်ဝန်းကျင်မှရှုခင်းများကို ငေးမောနေသဖြင့် သူမအကြောင်းကို တိုးတိုးတိုးတိုး ပြောနေကြသည်ကိုပင် သတိမထားမိပေ။
"ညီလေး မင်း သူမနဲ့ လမ်းခွဲဖြစ်ခဲ့ရင် ငါ့ကို အကြောင်းကြားဖို့ မမေ့နဲ့ဦးနော်၊ ငါက အရန်လူအဖြစ် စောင့်နေပေးဖို့ အဆင်သင့်ပဲ"
ထိုလူငယ်မှ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
"သွားစမ်းပါ၊ မင်း ဘယ်လို စကားပြောနေတာလဲ"
ကျိုးဟောက်ယွီ မျက်နှာထားတင်းတင်းဖြင့် ပြန်ပြောလိုက်၏။
"ဟဲဟဲ တောင်းပန်ပါတယ်၊ ကျွန်တော် မထိန်းနိုင်လိုက်လို့ပါ"
ထိုလူ အလေးပြုဟန်လုပ်ကာ သူ့တန်းစီရာဘက်သို့ ပြန်သွားတော့သည်။
လက်မှတ်ဝယ်ပြီးနောက် ကျိုးဟောက်ယွီ ချန်အယ်ကို ချားရဟတ်ပေါ်သို့ ခေါ်သွားခဲ့၏။
ချန်အယ်မှာ စကားများများမပြော၊ အမူအရာများများမပြသော်လည်း သူမ၏ မျက်လုံးများကို ကြည့်ရုံဖြင့် သူမသည် ကလေးမလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေကြောင်း ကျိုးဟောက်ယွီ သိနိုင်သည်။
အပြင်ဘက်မှ မြင်ကွင်းများကို မမှိတ်မသုန် စိုက်ကြည့်နေသော သူမ၏ အကြည့်များမှတစ်ဆင့် သူမသည် အရာအားလုံးကို စပ်စုချင်နေကြောင်း သူ နားလည်လိုက်၏။
ထို့အပြင် သူမသည် တိတ်ဆိတ်ငြိမ်သက်ပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သတိပြုမိကာ သူ တွေးလိုက်သည်။
'ငါသာ သူမလို ရည်းစားမျိုး ရမယ်ဆိုရင်တော့ ငါ့ဘဝက တကယ့်ကို ပျော်စရာကောင်းမှာပဲ'
ချားရဟတ်မှာ ဖြည်းဖြည်းချင်း လည်ပတ်နေပြီး မြေပြင်မှ တဖြည်းဖြည်း မြင့်တက်လာ၏။
ချန်အယ်၏ အံ့ဩမှုများမှာလည်း ပို၍ တိုးလာသည်။
ကျိုးဟောက်ယွီ အသာအယာပြုံးပြီး မေးလိုက်၏။
"အတွင်းထဲမှာ တော်တော်လေး ငြိမ်တယ်မဟုတ်လား၊ အမြင့်ကြီးရောက်နေတယ်လို့ မခံစားရဘူးမလား"
"ဟုတ်တယ်၊ အဲလောက်ကြီး မမြင့်သလိုပဲ၊ ပြီးတော့ ဒီအပေါ်ကနေကြည့်ရင် အောက်က ရှုခင်းတွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရတယ်"
ချန်အယ်၏ မျက်နှာတွင် လိုလားတောင့်တမှုများ ပေါ်လာပြီး ဆက်ပြောသည်။
"လူ့ပြည်ရဲ့ ညရှုခင်းက ဒီလောက်တောင် လှတာလား"
"တကယ်လား၊ အစ်မရဲ့ အံ့ဩနေတဲ့ ပုံစံကို ကြည့်ရတာ ညရှုခင်းကို တစ်ခါမှ မမြင်ဖူးသလိုပဲ"
ကျိုးဟောက်ယွီ အံ့ဩတကြီး မေးလိုက်၏။
ချန်အယ် ကျိုးဟောက်ယွီကို ကြည့်ကာ နှုတ်ခမ်းလေးကို ဆူလိုက်ပြီး ပြန်ဖြေသည်။
"ကောင်းကင်ပေါ်မှာ ဘယ်တော့မှ မမှောင်ဘူးလေ၊ အမြဲတမ်း နေ့ဘက်ပဲဆိုတော့ ညရှုခင်းဆိုတာ မရှိဘူး"
"အာ"
ကျိုးဟောက်ယွီသည် ကောင်းကင်ပေါ်တွင် နေထိုင်ရသည့် ဘဝမျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် စကားဆက်၍ မရတော့ပေ။
သို့သော် ချန်အယ် စိတ်ပျက်နေသည်ကို မမြင်လိုသဖြင့် သူ ပြုံးကာ ဆိုသည်။
"ဒါပြီးရင် တခြားကစားနည်းတွေလည်း လိုက်ပို့ပေးမယ်၊ ဒီအထိ ရောက်လာမှတော့ မပြန်ခင် ပျော်ပျော်ပါးပါး ကစားသွားရမှာပေါ့"
"ရှင်ပြောတာ မှန်တယ်"
ချန်အယ် ကျိုးဟောက်ယွီကို ပြုံးပြလိုက်၏။
ထို သဘာဝကျလှသော အပြုံးလေးကပင် ကျိုးဟောက်ယွီကို ဖမ်းစားသွားတော့သည်။ ရှေးဟောင်းပုံပြင်များထဲမှ ငါးများ ရေထဲနှစ်သွားစေလောက်အောင်၊ ငှက်များ ကောင်းကင်မှ ပြုတ်ကျသွားစေလောက်အောင် လှပသည်ဆိုသော အလှဂုဏ်သတင်းများနှင့်ပင် ချန်အယ်၏ အလှကို ယှဉ်နိုင်မည်မဟုတ်ဟု သူ ခံစားလိုက်ရသည်။ ထိုအချိန်တွင် ကျိုးဟောက်ယွီ နတ်သမီးတစ်ပါးဖြသ်သည့် ချန်အယ်နှင့် ဆုံတွေ့ခွင့်ရသည့်အတွက် သူသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးလူဟု မိမိကိုယ်မိမိ မှတ်ယူလိုက်သည်။
ချားရဟတ်စီးပြီးနောက် ကျိုးဟောက်ယွီ ချန်အယ်ကို အပန်းဖြေဥယျာဉ်ထဲရှိ ကစားနည်းအားလုံးကို လိုက်လံ ပို့ဆောင်ပေးခဲ့၏။
ထူးခြားသည်မှာ ချန်အယ်သည် အလွန်ပင် တည်ငြိမ်နေခြင်းဖြစ်ပြီး၊ ရိုလာကိုစတာနှင့် အမြင့်မှ ရုတ်တရက် ကျဆင်းသော ကစားနည်းများ ပေါ်တွင်ပင် သူမ၏ မျက်နှာမှာ မည်သည့်အမူအရာမှ ပြောင်းလဲခြင်း မရှိပေ။
တစ်ဖက်တွင်မူ ကျိုးဟောက်ယွီမှာ ကြောက်လန့်တကြား အော်ဟစ်နေခဲ့ရသည်။
ကစားနည်းအစုံကို စီးပြီးသောအခါ ကျိုးဟောက်ယွီ မောပန်းနွမ်းနယ်နေပြီး အသက်ရှူပင် မဝတော့ပေ။
သူတို့ ရေကန်ငယ်လေးတစ်ခုအနားရှိ ခုံတန်းလျားလေးတွင် ထိုင်ကာ စကားစမြည် ပြောဖြစ်ကြ၏။
"အစ်မ ချန်အယ် ဒီလောက်အများကြီး ကစားရတာ အခုရော ပျော်သွားပြီလား"
ကျိုးဟောက်ယွီ ပြုံး၍မေးလိုက်သည်။
"အင်း ကျေးဇူးတင်ပါတယ်"
ချန်အယ်၏ မျက်နှာတွင်လည်း စစ်မှန်သော အပြုံးလေးတစ်ခု ပေါ်လာခဲ့၏။
စကားအနည်းငယ် ပြောပြီးနောက် ကျိုးဟောက်ယွီမှာ ပြောစရာ စကားလုံးများ ရုတ်တရက် ကုန်ခမ်းသွားရသည်။
ဖြစ်နိုင်သည်မှာ သူသည် ဤပျော်ရွှင်စရာအချိန်များ မြန်မြန်ကုန်ဆုံးသွားမည်ကို ကြောက်ရွံ့နေပြီး ချန်အယ်နှင့် မခွဲခွာချင်သေးသဖြင့် အနည်းငယ် စိတ်မကောင်းဖြစ်နေခြင်း ဖြစ်၏။
ချန်အယ်မှာ မည်သည့်အချိန်တွင်မှ အရင်စကားမပြောတတ်ဘဲ ကျိုးဟောက်ယွီ ပြောသမျှကိုသာ ပြန်လည် တုံ့ပြန်တတ်သူ ဖြစ်သည်။
ယခု ကျိုးဟောက်ယွီ မည်သည်ကိုမှမပြောတော့သဖြင့် သူမသည်လည်း စကားမပြောတော့ဘဲ ငြိမ်ငြိမ်လေးသာ ထိုင်နေခဲ့၏။
"အစ်မ ရေငတ်နေရောပေါ့၊ ကျွန်တော် သွားဝယ်ပေးမယ်"
ကျိုးဟောက်ယွီ မတ်တပ်ရပ်ပြီး သတိပေးလိုက်သည်။
"ဒီမှာပဲ စောင့်နေနော်၊ သူစိမ်းတွေနဲ့ စကားမပြောနဲ့ဦး၊ လူ့ပြည်ရဲ့ လုံခြုံရေးက တော်တော်လေး ရှုပ်ထွေးပြီး အန္တရာယ်များတယ်"
"အွန်း"
ချန်အယ် ခေါင်းငြိမ့်ပြ၏။
ထို့နောက် ကျိုးဟောက်ယွီ ကုန်စုံဆိုင်ရှိရာသို့ လျှောက်သွားခဲ့သည်။
ထိုအချိန်တွင် လူမိုက်သုံးယောက်မှာ ချန်အယ်၏ ဘေးမှ ဖြတ်လျှောက်သွားကြ၏။
ဆံပင်အဝါရောင် ဆိုးထားသော တစ်ယောက်မှ ချန်အယ်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ အံ့မခန်းအလှကြောင့် ချက်ချင်းပင် ဖမ်းစားခြင်း ခံလိုက်ရသည်။
"ဟေး အစ်ကိုကြီး ကြည့်လိုက်၊ ဟိုမှာ ရှယ်လန်းတဲ့ ကောင်မလေးတစ်ယောက်"
ဆံဝါမှာ တံတွေးကို မျိုချလိုက်ရင်း သူ့ဘေးက ရွှေဆွဲကြိုးအထူကြီး ပတ်ထားသော လူ၏ ပခုံးကို ပုတ်လိုက်၏။
နောက်တစ်ယောက်က သူ၏နေကာမျက်မှန်ကို ချွတ်လိုက်ပြီး မျက်လုံးများပြူးလျက် ချန်အယ်ကို စိုက်ကြည့်နေသည်။
"အစ်ကိုကြီး သူမက တကယ်လှတာပဲ၊ လှတာမှ ရှယ်လှတာဟေး"
နေကာမျက်မှန်နှင့် လူကလည်း တံတွေးမျိုချနေမိ၏။
အမှန်စင်စစ် သူတို့ "အစ်ကိုကြီး" ဟု ခေါ်နေသော ရွှေဆွဲကြိုးနှင့် လူမှာ မျက်လုံးများ ပြူးနေရုံသာမက နှာခေါင်းသွေးပင် ထွက်နေပြီ ဖြစ်သည်။
သူ နှာခေါင်းသွေးကိုသုတ်လိုက်ပြီး ချန်အယ်ထံသို့ လျှောက်သွားကာ ညစ်ညမ်းသော အပြုံးဖြင့် ဆို၏။
"ညီမလေး တစ်ယောက်တည်း ရှုခင်းကြည့်ရတာ ပျင်းစရာမကောင်းဘူးလား၊ အစ်ကိုတို့ အဖော်လုပ်ပေးရမလား"
ချန်အယ် သူတို့၏ အမူအရာများကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပြီး ရွံရှာသော အရိပ်အယောင် ပြလိုက်၏။
ကျိုးဟောက်ယွီ မှာခဲ့သည်ကို သတိရသဖြင့် သူမ သူတို့ကို ဂရုမစိုက်ဘဲနေလိုက်သည်။
"အစ်ကိုကြီး သူမကအနေတာလား"
ဆံဝါမှ ရွှေဆွဲကြိုးနှင့် လူကို သနားသလို ကြည့်ကာ မေးလိုက်၏။
ရွှေဆွဲကြိုးနှင့်လူမှာ သူ့ခေါင်းကို ရိုက်လိုက်ပြီး အော်ငေါက်လိုက်သည်။
"အတာ မအတာက ဘာအရေးကြီးလဲကွ၊ 'အား အား အား' ဆိုတဲ့ အသံတွေက အတူတူပဲ မဟုတ်လား"
"ဟဲဟဲ အစ်ကိုကြီးကတော့ တကယ့်ကို ပါရမီရှင်ပဲ"
ဆံဝါမှာ သူ့ခေါင်းကို ပွတ်ရင်း လက်မထောင်ပြလိုက်၏။
ဘေးပတ်ဝန်းကျင်တွင် လူမရှိသည်ကို မြင်သောအခါ ထိုလူစုမှာ ပို၍ရဲတင်းလာကြသည်။
အထူးသဖြင့် ရွှေဆွဲကြိုးနှင့်လူမှာ ရှေ့သို့တိုးကာ ချန်အယ်၏မေးစေ့ကို ကိုင်ရန် ကြိုးစားလိုက်ရာ ချန်အယ်မှ သူ့လက်ကို ရက်ရက်စက်စက် ရိုက်ချလိုက်၏။
ချန်အယ် ဤလူများမှာ လူကောင်းမဟုတ်မှန်း သိသွားသဖြင့် ထထွက်ရန် ပြင်လိုက်သည်။
သို့သော် ထိုလူများက သူမကို ချက်ချင်းပင် ဝိုင်းရံထားလိုက်ကြ၏။
"ညီမလေး မရှက်ပါနဲ့၊ အစ်ကိုတို့က အရမ်း ကြင်နာတတ်ပါတယ်"
ရွှေဆွဲကြိုးနှင့်လူ၏ အရှက်မရှိသော အကြည့်များမှာ ချန်အယ်၏ ခန္ဓာကိုယ်အနှံ့ လှည့်လည်ကြည့်ရှုနေတော့သည်။