← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

17

ထိုအချိန်တွင် အအေးများဝယ်ပြီး ပြန်လာသော ကျိုးဟောက်ယွီ ရောက်ရှိလာသည်။

ချန်အယ်ကို လူမိုက်အချို့ ဝိုင်းထားသည်ကို မြင်သောအခါ သူချက်ချင်းပင် အပြေးအလွှားသွားလိုက်၏။

"မင်းတို့ ဘာလုပ်နေတာလဲ"

ကျိုးဟောက်ယွီ ချန်အယ်ကို သူ့နောက်တွင် ကာကွယ်ထားပြီး တစ်ဖက်မှ လူသုံးယောက်ကို အော်‌မေးလိုက်သည်။

ကျိုးဟောက်ယွီ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ထိုလူသုံးယောက်မှာ အနည်းငယ် ကြောင်သွားသော်လည်း နောက်တွင်တော့ မထီမဲ့မြင်ပြုသော အပြုံးများပြလိုက်ကြ၏။

"ဒီကောင်လေးက အစောကြီး သေချင်နေတာလား"

ဆံဝါကောင်မှာ ခြေထောက်ကို လှုပ်ပြရင်း ကျိုးဟောက်ယွီကို အထင်သေးစွာ ကြည့်လိုက်သည်။

သူတို့၏ ပုံစံကို ကြည့်ရုံနှင့် ချန်အယ်ကို စော်ကားရန် ကြံစည်နေကြခြင်းဖြစ်ကြောင်း ကျိုးဟောက်ယွီ သိလိုက်ပြီး သူ ထိုအရာကို လုံးဝသည်းမခံနိုင်ပေ။

သူ့ရှေ့က လူသုံးယောက်လုံးမှာ သူ့ထက် သန်မာသော်လည်း ကျိုးဟောက်ယွီ မကြောက်ပေ။ သူ ဆံဝါကောင်၏ ပုံစံကို အတုယူကာ ခြေထောက်ကို လှုပ်၊ ခေါင်းကို မော့လျက် ပြော၏။

"ငါက အစောကြီး သေချင်တာ မဟုတ်ပါဘူး"

"ဒါဆိုရင်လည်း လစ်တော့လေ"

သူ စကားပင် မဆုံးသေးမီ ရွှေဆွဲကြိုးနှင့်လူက အော်ငေါက်လိုက်သည်။

ကျိုးဟောက်ယွီ နှာခေါင်းရှုံ့ကာ သူတို့ကို စိန်ခေါ်သလို စိုက်ကြည့်ရင်း အေးအေးဆေးဆေး ပြောလိုက်၏။

"ငါက မင်းတို့ကို သတ်ဖို့ ဒါမှမဟုတ် မင်းတို့လက်နဲ့ အသေခံဖို့ လာတာ"

ယခုအချိန်တွင် သူ မည်ကဲ့သို့ နောက်ဆုတ်နိုင်မည်နည်း။ ချန်အယ်၏ရှေ့တွင် သူရဲကောင်းပုံစံ မပြနိုင်လျှင် သူမ၏နှလုံးသားကို မည်သို့ သိမ်းပိုက်နိုင်မည်နည်း။

ကျိုးဟောက်ယွီ၏ စကားကို ကြားသောအခါ ထိုလူသုံးယောက်မှာ ထိုသူက အတော်လေး မောက်မာသည်ဟု ထင်၍ လှောင်ပြုံး ပြုံးလိုက်ကြသည်။

"သူ အခု ဘာပြောလိုက်တာလဲ၊ လေတိုက်တာပြင်းသွားလို့ ငါ သေချာမကြားလိုက်ဘူး"

ရွှေဆွဲကြိုးနှင့်လူသည် နားရွက်တွင် လက်ဝါးကပ်ကာ ကျိုးဟောက်ယွီအနားသို့ တမင်တကာ တိုးကပ်လာ၏။

ထိုအရာမှာ သိသာလှသော ရန်စမှုဖြစ်သည်။ ကျိုးဟောက်ယွီ အံကြိတ်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။

'တောက် ဒီနေ့သာ ငါ့ရဲ့ မှော်လက်နက် (တံမြက်စည်း)ကို အသိမ်းမခံရရင် မင်းတို့ကို လမ်းပေါ်မှာ ဗလာကျင်း ပြေးခိုင်းလိုက်မှာ’

"ဟဲဟဲ အစ်ကိုကြီး၊ သူက ကျွန်တော်တို့ကို သတ်မယ်၊ ဒါမှမဟုတ် ကျွန်တော်တို့လက်ချက်နဲ့ အသေခံမယ်လို့ ပြောတာဗျ"

ဆံဝါကောင် လှောင်ပြောင်ရင်း သတိပေးလိုက်သည်။

"ဒါဆိုရင်လည်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့"

ရွှေဆွဲကြိုးနှင့်လူသည် လက်ညှိုးကွေးပြကာ အချက်ပေးလိုက်၏။

ဆံဝါကောင်နှင့် နေကာမျက်မှန်တပ်ထား‌သော လူတို့မှာ ကျိုးဟောက်ယွီထံသို့ မောက်မာထောင်လွှားစွာ လျှောက်လာကြသည်။

ကျိုးဟောက်ယွီ ချန်အယ်ကို သူ့နောက်တွင် ကာထားရင်း ခြေတစ်လှမ်းချင်း နောက်ဆုတ်နေခဲ့၏။

သူသည် သာမန် ဒီဒီဒရိုင်ဘာတစ်ယောက်သာ ဖြစ်ပြီး သိုင်းပညာလည်း မသင်ဖူးပေ။ တိုက်ခိုက်လျှင် သူ အရှုံးပေးရမည်ကို သူသိသည်။

သူ့အတွက် ထွက်ပြေးခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။

"သေလိုက်ကြစမ်း"

ကျိုးဟောက်ယွီ သူဝယ်လာသော အအေးဗူးများဖြင့် သူတို့မျက်နှာကို ပစ်ပေါက်လိုက်ပြီး ချန်အယ်၏ လက်ကိုဆွဲကာ ထွက်ပြေးတော့သည်။

အအေးများ ပေကျံသွားသော လူနှစ်ယောက်မှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားကြ၏။

"တောက်”

နေကာမျက်မှန်နှင့်လူမှ တံတွေးထွေးလိုက်ပြီး အမိန့်ပေးလိုက်သည်။

"လိုက်ဖမ်းကြ"

ဆံဝါကောင်မှာ တွန့်ဆုတ်မနေဘဲ ချက်ချင်း လိုက်ဖမ်းတော့၏။

ထိုအချိန်တွင် ကျိုးဟောက်ယွီ နောက်လှည့်ကြည့်လိုက်ရာ ဆံဝါကောင်မှာ ကန်ချက်တစ်ချက် ထုတ်လိုက်သည်ကို တွေ့လိုက်ရသဖြင့် တွန့်ဆုတ်မနေဘဲ ချန်အယ်ကို ဆွဲဖက်လိုက်သည်။

ထို့ကြောင့် သူတို့နှစ်ဦးလုံး ဆံဝါကောင်၏ ကန်ချက်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွား၏။

"ထပ်ပြီး ထွက်ပြေးချင်သေးတာလား"

ဆံဝါကောင်၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

ကျိုးဟောက်ယွီ သူ့ကို စိုက်ကြည့်ရင်း ချန်အယ်ကို ထူပေးကာ စိုးရိမ်တကြီး မေးလိုက်၏။

"အစ်မ ချန်အယ် တစ်ခုခု ဖြစ်သွားသေးလားဟင်"

ချန်အယ် သူမ၏ ဒူးကို ပွတ်ရင်း ခေါင်းခါပြလိုက်သည်။

သို့သော် ချန်အယ်လည်း ဒေါသထွက်နေခဲ့ပြီ ဖြစ်၏။

"ကျွန်မတို့က ရှင်တို့ကို မသိဘူးလေ၊ ရှင့်တို့ ဘာလိုချင်တာလဲ"

ချန်အယ် ရဲရဲဝံ့ဝံ့ မေးလိုက်သည်။

ကျိုးဟောက်ယွီမှာ ဆွံ့အသွားကာ သူ့နဖူးကို လက်ဖြင့် ရိုက်ရင်း တွေးလိုက်၏။

'ဒီလူတွေက အစ်မကို စော်ကားချင်နေတာလေ၊ အဲ့ဒါကို ဘာလို့ သွားမေးနေရတာတုန်း'

ချန်အယ် ဤမျှအထိ အပြစ်ကင်းစင်သော မေးခွန်းမျိုး မေးလိမ့်မည်ဟု သူ တစ်ခါမှ မထင်ထားခဲ့ပေ။

"ဟဲဟဲ အစ်ကိုတို့က ညီမလေးနဲ့ ပျော်ပျော်ပါးပါး ဆော့ချင်လို့ပါ"

ရွှေဆွဲကြိုးနှင့်လူမှ ဆံဝါကောင်နှင့် နေကာမျက်မှန်တပ်လူကို တွန်းဖယ်ကာ ချန်အယ်ကို ညစ်ညမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျိုးဟောက်ယွီ ရှေ့သို့ တက်လိုက်ပြီး တည်ကြည်သော မျက်နှာဖြင့် ဆိုလိုက်၏။

"ဘောပဲ၊ မင်းတို့ သတ္တိရှိရင် ငါ့ဆီပဲ လာခဲ့"

ကျိုးဟောက်ယွီ လမ်းပိတ်နေသဖြင့် ရွှေဆွဲကြိုးနှင့်လူမှာ မျက်နှာပျက်ကာ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

"သူ့ကို သတ်လိုက်ကြစမ်း"

သူ၏ အမိန့်ကြောင့် ဆံဝါကောင်နှင့် နေကာမျက်မှန်ဝတ်လူတို့မှာ ရှေ့သို့ ပြေးဝင်လာကြ၏။

"အား၊ သွားသေလိုက်ကြတော့"

ကျိုးဟောက်ယွီ၏ မျက်လုံးများထဲတွင် ကြမ်းတမ်းသော အရိပ်အယောင်များ ပေါ်လာပြီး လက်နှစ်ဖက်ရမ်းကာ တိုက်ခိုက်တော့သည်။

သို့သော် သူ၏ လှုပ်ရှားမှုများမှာ ရန်သူများ၏အမြင်တွင်တော့ ကလေးသာသာအဆင့်သာ ဖြစ်နေ၏။

ဆံဝါကောင်မှာ ထိုအခွင့်အရေးကို အရယူကာ ကျိုးဟောက်ယွီ၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

ကျိုးဟောက်ယွီ သူ၏ နှာခေါင်းရိုး ကျိုးသွားပြီဟု ခံစားလိုက်ရပြီး နှာခေါင်းပေါက်ထဲမှ နွေးထွေးသော အရည်များ စီးကျလာသည်ကို ခံစားလိုက်ရ၏။

"မင်းတို့နဲ့ ငါ အသေပဲ"

ကျိုးဟောက်ယွီ နှာခေါင်းသွေးကို သုတ်လိုက်ပြီး ခုန်တက်ကာ ဆံဝါကောင်ပေါ်သို့ အတင်း ခုန်အုပ်လိုက်သည်။

မမျှော်လင့်ထားသဖြင့် ဆံဝါကောင်မှာ ကျိုးဟောက်ယွီ၏ လုံးထွေးသတ်ပုတ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် ကျိုးဟောက်ယွီ ဆံဝါကောင်ကို အငြိုးတကြီးနှင့် ဆက်တိုက် ထိုးနှက်တော့၏။

ထိုအချိန်တွင် နေကာမျက်မှန်နှင့်လူက ကျိုးဟောက်ယွီကို ကန်ထုတ်လိုက်သည်။

ကျိုးဟောက်ယွီ ထရန် ကြိုးစားနေစဉ်မှာပင် နောက်ထပ် ပြင်းထန်လှသော ကန်ချက်တစ်ခုက သူ၏ မေးစေ့ကို ထိမှန်သွား၏။

သူ့ခေါင်းထဲတွင် ကြယ်များ လွင့်ပျံသွားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် မှောက်လျက် လဲကျသွားတော့သည်။

"အဆင်ပြေရဲ့လားဟင်"

နူးညံ့လှသော မျက်နှာလေးတစ်ခု ကျိုးဟောက်ယွီ၏ အပေါ်တည့်တည့်တွင် ပေါ်လာ၏။

ထို့နောက် သာယာနာပျော်ဖွယ်ကောင်းလှသော အသံလေးတစ်ခု သူ၏ နားထဲသို့ ဝင်ရောက်လာသည်။

"ဒါပေါ့ အဆင်ပြေတာပေါ့၊ အစ်မက သူတို့ရဲ့ လက်သီးတွေရော အဆင်ပြေရဲ့လားလို့ပဲ မေးသင့်တာ"

ကျိုးဟောက်ယွီ သတိပြန်ဝင်လာပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်၏။

ထိုအချိန်တွင် သူသည် အရိုက်ခံရပြီး သေသွားလျှင်ပင် သိက္ခာရှိရှိနှင့် မတ်တတ်ရပ်လျက် သေဆုံးရမည်ဟု ခံစားလိုက်ရသည်။

"အို မင်းက ဒီလောက်အထိ ခံနိုင်ရည်ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူးပဲ"

ရွှေဆွဲကြိုးနှင့်လူ၏ မျက်လုံးများထဲတွင် လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။

ကျိုးဟောက်ယွီ၏ မျက်လုံးများမှာ အေးစက်စူးရှနေပြီး ရွှေဆွဲကြိုးနှင့်လူကို လက်ညှိုးထိုးကာ ဆိုလိုက်သည်။

"မင်းက ဒီလိုပြောနေမှတော့ မင်းကရော ငါကန်တာခံနိုင်ရည်ရှိမရှိ ငါ သိချင်လာပြီ"

"ဟားဟား"

ဤစကားကြောင့် သူတို့ထံမှ လှောင်ပြောင်သောရယ်မောသံများ ထွက်ပေါ်လာ၏။

ချန်အယ်သည် ကျိုးဟောက်ယွီမှာ သာမန်လူသားတစ်ယောက်သာ ဖြစ်ကြောင်း သိလေသည်။ အကယ်၍ သူသာ ဤကဲ့သို့ ဆက်ပြီး အရိုက်ခံနေရလျှင် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။

"မိုက်ရူးရဲဆန်မနေနဲ့တော့၊ အခုတောင် သွေးတွေ ထွက်နေပြီ၊ ဒီအတိုင်းဆို ရှင် သေသွားလိမ့်မယ်"

ချန်အယ် စိုးရိမ်တကြီး ပြောလိုက်သည်။

ကျိုးဟောက်ယွီသည် ချန်အယ်၏ မျက်မှောင်ခပ်ဖွဖွ ကြုတ်ထားသောပုံစံမှာ အလွန်လှပကြောင်း သတိပြုမိလိုက်ပြီး ချက်ချင်းပင် သူ၏နာကျင်မှုများကို မေ့ပျောက်သွားကာ တွေးလိုက်မိ၏။

'သူမက ငါ့အတွက် စိုးရိမ်နေတာလား၊ သူမ ငါ့ကို တကယ် ဂရုစိုက်တာပဲ’

ချန်အယ်မှ သူ့ကို ဂရုစိုက်သည်ဟု တွေးလိုက်မိသဖြင့် ကျိုးဟောက်ယွီသည် ယနေ့ အရိုက်ခံရပြီး သေသွားလျှင်ပင် တန်သည်ဟု ခံစားလိုက်ရသည်။

"အမျိုးယုတ်တွေ သတ္တိရှိရင် လာခဲ့ကြစမ်း"

ကျိုးဟောက်ယွီ သူ့ရင်ဘတ်ကို ပုတ်ကာ မကြောက်ရွံ့သောပုံစံပြလိုက်၏။

ချန်အယ်မှာ ထိုသူအား မည်သို့မှမဖြစ်စေချင်ပေ။ အကယ်၍ သူသာ သူမကြောင့် ထိခိုက်ဒဏ်ရာရသွားလျှင် ကောင်းကင်ဘုံ၏ နိယာမများအရ သူမ အပြစ်ပေးခံရနိုင်သည်။

"ရှင် မြန်မြန် ထွက်သွားတော့၊ ကျွန်မက ပျံနိုင်တယ်၊ သူတို့ မဖမ်းနိုင်ဘူး"

ထို့နောက် ချန်အယ် ကျိုးဟောက်ယွီကို တွန်းထုတ်လိုက်၏။

ထိုအရာသည် ချန်အယ် စော်ကားခံရမည်ကို စိုးရိမ်ခြင်းတစ်ခုတည်း မဟုတ်တော့ဘဲ ကျိုးဟောက်ယွီအနေဖြင့် သူ ကလဲ့စားမချေရသေးဟု ခံစားနေရသည်။ အကယ်၍ သူသာ ယခု ထွက်ပြေးသွားလျှင် ချန်အယ်၏ မျက်နှာကို မည်သို့ ပြန်ကြည့်ဝံ့တော့မည်နည်း။

"မဖြစ်ဘူး၊ ကျွန်တော် အစ်မကို ဘယ်တော့မှ ပစ်မသွားဘူး"

ကျိုးဟောက်ယွီ တစ်ဖက်မှလူစုကို စိုက်ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။

"အစ်မ ချန်အယ် အစ်မက နတ်သမီးတစ်ပါး မဟုတ်လား၊ ကျွန်တော့်ကို အစ်မရဲ့ မှော်လက်နက် တစ်ခုလောက် ပေးပါလား၊ အဲဒါမှ သူတို့ကို နှိမ်နင်းလို့ ရမှာ"

"မှော်လက်နက်လား"

ချန်အယ် အံ့ဩတကြီး ရေရွတ်လိုက်၏။

ဤသည်မှာ ကျိုးဟောက်ယွီကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေသည်။ သူ လှည့်ပြီး မေးလိုက်သည်။

"နတ်သမီးတိုင်းမှာ မှော်လက်နက်တွေ ရှိကြတာ မဟုတ်လား၊ အစ်မမှာ ဘာမှမရှိဘူးလား"

"ရှိတာပေါ့”

ချန်အယ် သူမ၏ရင်ဘတ်ထဲမှ ဆေးလုံးလေးတစ်လုံးကို ထုတ်ယူကာ ကျိုးဟောက်ယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

ထိုဆေးလုံးလေးကို စိုက်ကြည့်ရင်း ကျိုးဟောက်ယွီ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်လာသည်။

သူက ရန်သူကို နှိမ်နင်းရန်အတွက် မှော်လက်နက်တစ်ခု လိုချင်ခဲ့ခြင်းဖြစ်သော်လည်း ချန်အယ်မှ သူ့ကို ဆေးလုံးတစ်လုံးသာ ပေးလိုက်သဖြင့် သူ အလွန်ပင် နားမလည်နိုင် ဖြစ်နေရ၏။

ရုတ်တရက် ကျိုးဟောက်ယွီ စိတ်ကူးတစ်ခု ရသွားသည်။ သူသည် တီဗွီထဲက သိုင်းဆရာကြီးများ ပစ်ပေါက်တတ်သော လျှို့ဝှက်လက်နက်များကို သတိရလိုက်မိသည်။ ၎င်းတို့သည်လည်း ဤဆေးလုံးလေးနှင့် ဆင်တူသော်လည်း အစွမ်းမှာတော့ လျှော့တွက်၍ မရပေ။

ထို့အပြင် ယင်းက ချန်အယ် ပေးထားသော အရာဖြစ်သဖြင့် ၎င်း၏အစွမ်းမှာ ဗုံးတစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည်ဟု သူ ခံစားလိုက်ရပြီး ထိုဆေးလုံးကို ပစ်ပေါက်ရန် ပြင်လိုက်သည်။

18

"ဒါက ပစ်ပေါက်ဖို့ မဟုတ်ဘူး၊ စားဖို့"

ချန်အယ် ကျိုးဟောက်ယွီကို အမြန်တားလိုက်ပြီး အလွန်လေးနက်စွာ ပြောလိုက်သည်။

ချန်အယ်၏ အလေးအနက်ထားသော မျက်နှာကို ကြည့်ပြီး ကျိုးဟောက်ယွီ တွေးလိုက်မိသည်။

'ဒါက စားဖို့လား၊ ဘာအစွမ်းရှိလို့လဲ၊ ခွန်အားတိုးဆေးများလား’

ချန်အယ်မှ စားရန်ဟု ပြောသည်ဖြစ်၍ ကျိုးဟောက်ယွီ တွန့်ဆုတ်မနေတော့ဘဲ ထိုဆေးလုံးလေးကို တစ်လုပ်တည်းနှင့် မျိုချလိုက်၏။

ချက်ချင်းဆိုသလိုပင် ကျိုးဟောက်ယွီ တစ်ကိုယ်လုံး ပူထူလာကာ အပူရှိန်တစ်ခုမှာ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီးနောက် နေရာတစ်ခုတည်းတွင် စုစည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုခံစားချက်မှာ အနည်းငယ် ထူးဆန်းနေပြီး ဖော်ပြရခက်လှ၏။

ထိုနေရာမှာ တစ်စုံတစ်ယောက်က လေမှုတ်သွင်းနေသကဲ့သို့ ဖောင်းကားလာသည်ကို သူသိလိုက်ရသည်။

သူ အံ့ဩတကြီးဖြင့် ချန်အယ်ကို လှမ်းကြည့်လိုက်ရာ သူမသည် ယခင်ကထက် ပို၍လှပကာ ဆွဲဆောင်မှုရှိနေသည်ကို တွေ့လိုက်ရပြီး သူမအပေါ် မထိန်းချုပ်နိုင်သော စိတ်ဆန္ဒများ ဖြစ်ပေါ်လာ၏။

ကျိုးဟောက်ယွီ၏ ပြောင်းလဲမှုကို မြင်သောအခါ ချန်အယ်မှာလည်း မည်သည့်ဆေးအစွမ်းမှန်း မသိသဖြင့် လုံးဝ ကြောင်အမ်းသွားရသည်။

"ဒီကောင်စုတ် လှည့်ကွက်တွေ သုံးမနေနဲ့၊ ဒီကိုလာပြီး အသေခံလိုက်တော့"

ကျိုးဟောက်ယွီ၏ အရိုက်ခံထားရသော ဆံဝါကောင်မှာ ယခုတော့ လူကို အစိမ်းလိုက်စားတော့မည့် ပုံစံပေါက်နေ၏။

ကျိုးဟောက်ယွီ ခေါင်းလှည့်ကြည့်လိုက်ရာ ဆံဝါကောင်မှာ ရုတ်တရက် ယခင်ကထက် ပိုပြီး ချစ်စရာကောင်းနေသည်ဟု သူ ထင်လိုက်မိသည်။

ဆံဝါကောင်သာမက ရွှေဆွဲကြိုးဝတ်လူနှင့် နေကာမျက်မှန်တပ်ထား‌သော လူတို့မှာလည်း အတော်လေး ချောမောခန့်ညားနေသည်ဟု သူ ခံစားလိုက်ရ၏။

ကျိုးဟောက်ယွီ၏ အလွန်ရမ္မက်ထန်ပြီး ညစ်ညမ်းသောအကြည့်ကို မြင်လိုက်ရသောအခါ ထိုလူများမှာ ကြောင်သွားပြီး ခေါင်းကိုကုတ်ရင်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

ဆေးအစွမ်းမှာ ဆက်လက်ပြန့်နှံ့နေဆဲဖြစ်ရာ ကျိုးဟောက်ယွီမှာ သူ၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်တော့မတတ် အင်အားများ ပြည့်ဝနေသည်ဟု ခံစားလိုက်ရ၏။

ထို့အပြင် သူ၏ ခန္ဓာကိုယ်မှာ ယခင်ကထက် ပိုမို ကြီးမားထွားကျိုင်းလာသည်ဟုလည်း ထင်နေသည်။

ယခုအခါ ရွှေဆွဲကြိုးနှင့်လူမိုက်များအုပ်စုမှာ ကျိုးဟောက်ယွီ၏ အမြင်တွင် လူပုလေးများကဲ့သို့ဖြစ်နေပြီး လက်ဝါးတစ်ချက်တည်းနှင့်ပင် ဖိချပစ်နိုင်လိမ့်မည်ဟု ထင်နေ၏။

အမှန်စင်စစ် ဤသည်မှာ ဆေးအရှိန်ကြောင့် ဖြစ်ပေါ်လာသော အာရုံချောက်ခြားမှုသာ ဖြစ်သည်။ သူ၏ ကိုယ်ထည်မှာ မပြောင်းလဲသော်လည်း သူ၏ မျက်စိသူငယ်အိမ်များ ကျယ်လာသဖြင့် အခြားလူများကို သေးငယ်နေသည်ဟု ထင်နေခြင်း ဖြစ်သည်။

ကျိုးဟောက်ယွီ၏ ပြုံးစိစိမျက်နှာကို ကြည့်ပြီး စိတ်တိုလာသော ရွှေဆွဲကြိုးနှင့်လူမှာ လက်ကို ဝှေ့ယမ်းကာ အော်လိုက်၏။

"ဒီကောင့်ခြေထောက်တွေကို ရိုက်ချိုးလိုက်စမ်း"

ကျိုးဟောက်ယွီ သူ၏ အစွမ်းကို စမ်းသပ်ချင်သဖြင့် ယခုတစ်ကြိမ်တွင် မရှောင်တော့ဘဲ သူတို့ထံသို့ ဝင့်ကြွားစွာ လျှောက်သွားလိုက်သည်။

ဆံဝါကောင်မှာ လက်သီးကို မြှောက်လိုက်ပြီး မည်သည်ကိုမှပင် မလုပ်ရသေးမီ ကျိုးဟောက်ယွီမှ သူ့ကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။

သူ၏ခန္ဓာကိုယ်မှာ လေထဲတွင် အဝေးသို့ လွင့်စင်သွားပြီး ငါးမီတာ၊ ခြောက်မီတာခန့်အကွာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်ကို မြင်သောအခါ ရွှေဆွဲကြိုးဝတ်လူနှင့် နေကာမျက်မှန်တပ်ထား‌သော လူတို့မှာ ပါးစပ်အဟောင်းသားဖြင့် အံ့ဩမှင်သက်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးဟောက်ယွီသည် ဤမျှအထိ လူစွမ်းကောင်းဆန်လှသော အင်အားကို မည်ကဲ့သို့ရလာသည်အား သူတို့ အချိန်အတော်ကြာ ဆွံ့အကာ စဉ်းစားမရ ဖြစ်နေကြ၏။

ကျိုးဟောက်ယွီကိုယ်တိုင်လည်း မယုံနိုင်အောင် ဖြစ်နေပြီး သူ၏ လက်ဝါးများကို အံ့ဩဝမ်းသာစွာဖြင့် ကြည့်နေမိသည်။

ယခုအခါ လူစွမ်းကောင်းအင်အားကို ပိုင်ဆိုင်ထားပြီဖြစ်သဖြင့် ကျိုးဟောက်ယွီ ကလဲ့စားချေရန် အချိန်ရောက်ပြီဟု ခံစားလိုက်ရ၏။

"မင်းတို့ နှစ်ယောက်ထဲက ဘယ်သူ အရင်လာမလဲ"

ကျိုးဟောက်ယွီ ရှေ့မှ လူနှစ်ယောက်ကို လက်ညှိုးထိုးကာ လှောင်ပြုံးဖြင့် မေးလိုက်သည်။

‘ဂလု’

ရွှေဆွဲကြိုးဝတ်လူနှင့် နေကာမျက်မှန်တပ်ထား‌သော လူမိုက်များမှာ တစ်ပြိုင်တည်း တံတွေးမျိုချလိုက်မိကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မလှုပ်ရဲဘဲ ဖြစ်နေကြ၏။

သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေသည်။

သူတို့ ကြောက်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီမှာ ပို၍ပင် ဘဝင်မြင့်လာပြီး ဆိုလိုက်၏။

"မင်းတို့ ဘယ်သူအရင်လာမလဲ၊ မဆုံးဖြတ်နိုင်ရင်တော့ နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ငရဲပို့ပေးရမှာပေါ့"

ကျိုးဟောက်ယွီ လူထွားကြီးတစ်ယောက်ကဲ့သို့ တိုးလာသည်ကို မြင်သောအခါ ထိုလူနှစ်ယောက်မှာ မကြုံစဖူးသော ဖိအားများကို ခံစားလိုက်ရသည်။

စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းသွားပြီးနောက် သူတို့ လှည့်ပြီး ထွက်ပြေးလိုက်ကြ၏။

သို့သော် ကျိုးဟောက်ယွီမှာ သူတို့၏ အင်္ကျီများကို ဆွဲဖမ်းလိုက်ပြီး ကြက်ကလေးများကဲ့သို့ မတင်လိုက်သည်။

အခြားသူများကို စိတ်ကြိုက် ကိုင်တွယ်နိုင်သော ဤခံစားချက်မှာ ကျိုးဟောက်ယွီအား အတိုင်းထက်အလွန် ကျေနပ်အားရစေ၏။

"မင်းတို့က ငါ့ကို သတ်ချင်သေးလား၊ ငါ့ရဲ့ အစ်မချန်အယ်ကို စော်ကားချင်ကြသေးလား၊ မင်းတို့တော့ ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"

ကျိုးဟောက်ယွီ သူ၏လက်နှစ်ဖက်ကို ကပ်လိုက်ရာ ထိုလူနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ပြင်းထန်စွာ တိုက်မိသွားကြတော့သည်။

ထိုလူနှစ်ယောက်မှာ သူတို့၏ ခေါင်းကို တူနှင့်အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မူးဝေနောက်ကျိကာ လမ်းပင် မလျှောက်နိုင်တော့ပေ။

"ငါ့ခြေထောက်တွေကို ရိုက်ချိုးမယ်လို့ပြောတာ မင်းလား"

ကျိုးဟောက်ယွီ ရွှေဆွဲကြိုးနှင့်လူကို သူ့ရှေ့တွင် မထားပြီး မေးလိုက်၏။

"မဟုတ် မဟုတ်ပါဘူး၊ ကျွန်တော်က ဘယ်လိုလုပ် အစ်ကိုကြီးရဲ့ ခြေထောက်ကို ရိုက်ချိုးရဲပါ့မလဲ၊ အစ်ကိုကြီး နားကြားမှားတာ ဖြစ်ပါလိမ့်မယ်"

ရွှေဆွဲကြိုးနှင့်လူမှာ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် အတင်းပြုံးကာ ပြောလိုက်သည်။

ကျိုးဟောက်ယွီ ယုတ်မာတော့မည့် အပြုံးတစ်ခု ပြုံးပြလိုက်ပြီး သူတို့ကို လွှတ်ပေးလိုက်၏။

သူ လက်ပိုက်ကာ နေကာမျက်မှန်နှင့်လူကို အေးဆေးစွာ ကြည့်ရင်း ခိုင်းလိုက်သည်။

"မင်း အသက်ရှင်ချင်ရင် အခုချက်ချင်း သူ့ခြေထောက်တွေကို ရိုက်ချိုးလိုက်"

ရွှေဆွဲကြိုးနှင့်လူမှာ တုန်လှုပ်သွားပြီး ကျိုးဟောက်ယွီရှေ့တွင် ဒူးထောက်ကာ အသနားခံတော့၏။

"အစ်ကိုကြီး ကျွန်တော် မျက်လုံးမရှိလို့ အစ်ကိုကြီးကို မမှတ်မိတာပါ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပြီး ကျွန်တော့်ကို လွှတ်ပေးပါဗျာ"

နေကာမျက်မှန်နှင့်လူမှာလည်း ဒူးထောက်ကာ အသနားခံပြန်သည်။

"ဟားဟား"

ကျိုးဟောက်ယွီ ကျယ်လောင်စွာရယ်မောလိုက်ပြီး ချက်ချင်းပင် မျက်နှာထား ပြောင်းလိုက်ကာ အော်ပြောလိုက်၏။

"မဖြစ်နိုင်ဘူး"

ကျိုးဟောက်ယွီ အာရုံလွင့်သွားသော အချိန်ခဏတာကို အခွင့်ကောင်းယူကာ ရွှေဆွဲကြိုးနှင့်လူမှ ကျိုးဟောက်ယွီ၏ ခြေထောက်ကို ဆွဲယူ၍ မြေပြင်ပေါ်သို့ လှဲချလိုက်သည်။

"ညီလေး မြန်မြန်လုပ်"

ရွှေဆွဲကြိုးနှင့်လူက တကယ်တော့ အားနည်းချင်ယောင်ဆောင်ပြီး အခွင့်အရေးကို စောင့်နေခြင်း ဖြစ်၏။

ကျိုးဟောက်ယွီ လဲသွားသည်ကို မြင်သောအခါ နေကာမျက်မှန်နှင့်လူ၏ မျက်နှာတွင် မောက်မာသောအမူအရာ ပေါ်လာပြန်သည်။

"မင်းက ငါတို့အစ်ကိုကြီးရဲ့ ခြေထောက်ကို ရိုက်ချိုးမယ် ဟုတ်လား၊ မင်းတော့ သေဖို့သာ ပြင်ထားတော့"

နေကာမျက်မှန်နှင့်လူမှာ သူ၏ခြေထောက်ကို မြှောက်ကာ ကျိုးဟောက်ယွီ၏ ခေါင်းကို အားကုန် နင်းချလိုက်၏။

ကျိုးဟောက်ယွီ ထိုကန်ချက်၏ အရှိန်ကို မြင်လိုက်ရသဖြင့် တွေးလိုက်မိသည်။

'တောက် ဒီကောင် ငါ့မျက်နှာကို ဖျက်ဆီးမလို့လား၊ ငါက ရုပ်ကလေးနဲ့ လုပ်စားနေရတာပါဆိုမှ’

သူ နေကာမျက်မှန်နှင့်လူ၏ ခြေထောက်ကို ဖမ်းဆွဲကာ အားဖြင့် ဆွဲဖယ်လိုက်၏။ ‘ရှပ်’ဟူသော အသံနှင့်အတူ နေကာမျက်မှန်နှင့်လူ၏ ဘောင်းဘီမှာ အပေါက်ကြီးကြီး ပြဲသွားတော့၏။

"အား"

နေကာမျက်မှန်နှင့်လူမှာ မြေပြင်ပေါ်တွင် ခြေ‌ထောက်ကျိုးလျက်ကျန်ခဲ့ပြီး နာကျင်စွာ အော်ဟစ်တော့သည်။

ရွှေဆွဲကြိုးနှင့်လူမှာ အနည်းငယ် ကြောင်သွားပြီး မြေပြင်ပေါ်မှထကာ ကျိုးဟောက်ယွီကို လက်သီးဖြင့် ထိုးရန် ပြင်လိုက်၏။

သို့သော် ကျိုးဟောက်ယွီမှာ သူ့ထက် ပိုမြန်သည်။ သူ မည်သည်ကိုမှမလုပ်ရသေးမီမှာပင် ကျိုးဟောက်ယွီ သူ၏ ပခုံးကို အသာလေး ဖိထားပြီး အေးဆေးစွာ မေးလိုက်သည်။

"မင်းလည်း ခြေကျိုးဖြစ်ချင်တာလား"

ရွှေဆွဲကြိုးနှင့်လူမှာ လုံးဝဒေါသထွက်သွားပြီး ကျိုးဟောက်ယွီ၏ လက်မောင်းကို ရိုက်ဖယ်လိုက်၏။

သို့သော် ကျိုးဟောက်ယွီမှာ လက်မောင်းကို မြှောက်ကာရှောင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ခြေထောက်သည် ရွှေဆွဲကြိုးနှင့်လူ၏ ခြေထောက်နှစ်ဖက်ကြားသို့ ရောက်ရှိသွားပြီ ဖြစ်၏။

ကျိုးဟောက်ယွီ၏ မျက်နှာပေါ်မှ ထူးဆန်းသောအပြုံးကို သတိပြုမိသွားသည့် ရွှေဆွဲကြိုးနှင့်လူမှာ သူ၏ ခြေထောက်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

ကျိုးဟောက်ယွီ သူ၏ခြေထောက်ဖြင့် အသာလေး ဆွဲချိတ်လိုက်ရာ ရွှေဆွဲကြိုးနှင့်လူသည်လည်း ခြေကျိုးလျက် လဲကျသွား၏။

သူတို့၏ အော်ဟစ်သံများမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်မှာ သီချင်းတစ်ပုဒ်ကို အပြန်အလှန် ဆိုနေကြသကဲ့သို့ပင်။

ထိုအချိန်တွင် ဆံဝါကောင် မြေပြင်ပေါ်မှ ထလာပြီး အုတ်ခဲတစ်ခဲကိုကောက်ကာ ကျိုးဟောက်ယွီ၏ နောက်ကျောဘက်သို့ တိတ်တဆိတ် ချဉ်းကပ်လာသည်။

"နောက်မှာ သတိထား"

ချန်အယ် ရုတ်တရက် အော်ဟစ်သတိပေးလိုက်၏။

ကျိုးဟောက်ယွီမှာ သေချာမကြားလိုက်သဖြင့် သူမကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဘာပြောလိုက်တာလဲဟင်"

‘ဘုန်း’

ဆံဝါကောင်မှာ တွန့်ဆုတ်မနေဘဲ ကျိုးဟောက်ယွီအား အုတ်ခဲဖြင့် အားကုန် ထုချလိုက်၏။

ကျိုးဟောက်ယွီ ဆံဝါကောင်ကို လှည့်ကြည့်လိုက်ပြီး မည်သည့်အမူအရာမျှ မပြဘဲ မေးလိုက်သည်။

"မင်း ငါ့ကို လာပြီး ယားအောင်လုပ်နေတာလား"

ဆံဝါကောင်မှာ ကျိုးဟောက်ယွီ၏ မျက်နှာပေါ်တွင် သွေးများစီးကျနေပြီး သူကိုင်ထားသော အုတ်ခဲမှာ နှစ်ခြမ်းကွဲသွားသည်ကို မြင်လိုက်ရ၏။

သို့သော် ကျိုးဟောက်ယွီမှာ မည်သို့မှမဖြစ်သကဲ့သို့ ရှိနေသဖြင့် ဆံဝါကောင်၏မျက်နှာမှာ မှင်တက်သွားတော့သည်။

ဤသည်မှာ ဆေးအရှိန်ကြောင့် ဖြစ်သည်။ အုတ်ခဲနှင့်အထုခံရသော်လည်း ကျိုးဟောက်ယွီမှာ ခြင်ကိုက်ခံရသကဲ့သို့သာ ခံစားရပြီး နာကျင်မှုကို လုံးဝ မသိတော့ပေ။

သို့သော် စီးကျလာသော သွေးများကြောင့် သူ၏ အမြင်အာရုံမှာဝေဝါးလာသဖြင့် သူ့ဦးခေါင်းကို အထုခံလိုက်ရမှန်း သိလိုက်၏။

သူ ဆံဝါကောင်ကိုစိုက်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာပြီး သွေးရောင်လွှမ်းနေသည့် မျက်လုံးများထဲမှ အေးစက်စက်အကြည့်များမှာ လျှပ်စစ်ကဲ့သို့ လင်းလက်လာတော့သည်။

All Chapters