← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

19

ထိုအချိန်တွင် ကျိုးဟောက်ယွီ၏ အေးစက်စက်မျက်နှာမှာ တကယ့်ကို ကျောချမ်းစရာကောင်းလှသည်။

ဆံဝါကောင်မှာ သူ့အား ကြောင်အမ်းအမ်းဖြင့် အတော်ကြာ စိုက်ကြည့်နေမိပြီး လက်ထဲမှ အုတ်ခဲပြုတ်ကျကာ သူ့ခြေထောက်ကို ထိမှန်သွားမှပင် သတိပြန်ဝင်လာ၏။

သူ သတိရရချင်း ပထမဆုံးလုပ်သည့်အရာမှာ နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လှည့်ပြီးထွက်ပြေးခြင်းပင်။

ကျိုးဟောက်ယွီ ဆံဝါကောင်၏နောက်ကျောအား ဆောင့်ကန်လိုက်ရာ ထိုသူမှာ လေထဲတွင် ဝဲပျံသွားပြီး ခေါင်းနှင့်ခြေမခွဲခြားနိုင်အောင် လိမ့်ထွက်သွားတော့သည်။

ထို့နောက် ကျိုးဟောက်ယွီ အုတ်ခဲကို ကောက်ယူ၍ ဆံဝါကောင်၏ ဦးခေါင်းနောက်ဘက်သို့ တည့်တည့် ထုချလိုက်၏။

"အား"

ဆံဝါကောင်မှာ သူ၏ခေါင်းကိုကိုင်ကာ မြေပြင်ပေါ်တွင် လူးလိမ့်ရင်း အော်ဟစ်နေသည်။

"တောက် အခုထိ အော်နိုင်သေးတယ်ပေါ့၊ ငါ့ကို ထုရဲတဲ့အတွက် မင်းကို သင်ခန်းစာပေးရဦးမယ်"

ကျိုးဟောက်ယွီ လုံးဝကရုဏာမထားဘဲ အုတ်ခဲကိုမြှောက်၍ ထပ်ထုရန်ပြင်လိုက်၏။

သို့သော် ရွှေဆွဲကြိုးနှင့်လူ အပြေးအလွှား ရောက်လာပြီး သူ့ကိုတားလိုက်သည်။

"အစ်ကိုကြီး ကျွန်တော်တို့ မှားမှန်းသိပါပြီ၊ တကယ် သင်ခန်းစာရသွားပါပြီဗျာ"

နေကာမျက်မှန်နှင့်လူမှ ကျိုးဟောက်ယွီရှေ့တွင် ပြန်လည်ဒူးထောက်ကာ သူ၏အမှားကို ဝန်ခံ၏။

ရွှေဆွဲကြိုးနှင့်လူသည်လည်း ဒူးထောက်လျက် ကျိုးဟောက်ယွီကို ထိတ်လန့်တုန်လှုပ်စွာ မော့ကြည့်ပြီး အသနားခံလေသည်။

"ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လွှတ်ပေးပါ၊ ဒီထက် ပိုအရိုက်ခံရရင် သေရပါတော့မယ်"

ထို့နောက် သူတို့ မိမိကိုယ်မိမိပါးရိုက်ကာ တောင်းပန်ကြသည်။ သူတို့ကိုယ်သူတို့ အတော်လေး အားရပါးရရိုက်နေကြပုံရ၏။

သူတို့မျက်နှာပေါ်မှ သွေးစွန်းနေသော လက်ဝါးရာများကို မြင်သောအခါ ထိုလူမိုက်များ နောင်တရနေပြီဖြစ်ကြောင်း ကျိုးဟောက်ယွီ ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစစေ သူ သူတို့ကို သင်ခန်းစာပေးချင်ရုံသာ ဖြစ်ပြီး လူသတ်ချင်သည်အထိ စိတ်မကူးထားပေ။

"လစ်ကြတော့"

ကျိုးဟောက်ယွီ မျက်နှာထားပြောင်းကာ ပြတ်ပြတ်သားသား အော်ထုတ်လိုက်၏။

"ဟုတ် ဟုတ်ကဲ့ပါဗျာ"

ရွှေဆွဲကြိုးနှင့်လူမှာ ထပ်ခါတလဲလဲ ဝန်ခံရင်း သွေးထွက်နေသော ဦးခေါင်းကိုကိုင်ကာ ကုန်းရုန်းထွက်ပြေးသွားကြသည်။

ကျိုးဟောက်ယွီ၏ ခန္ဓာကိုယ်ထဲရှိ ဆေးအရှိန်မှာ မကုန်သေးသဖြင့် သူ နာကျင်မှုကို မခံစားရသေးပေ။

"ရှင် အဆင်ပြေရဲ့လား"

ချန်အယ်က သူ့အနားသို့ ပြေးလာပြီး စိုးရိမ်တကြီး မေးလိုက်၏။

ချန်အယ်မှ သူ့ကို ဂရုစိုက်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ သူရရှိခဲ့သော ဒဏ်ရာမှန်သမျှမှာ တန်သည်ဟု ခံစားလိုက်ရသည်။

"ကျွန်တော် အဆင်ပြေပါတယ်၊ ဒီဆေးက"

ကျိုးဟောက်ယွီ စကားမဆုံးသေးမီမှာပင် သူ၏ ခန္ဓာကိုယ်ထဲမှ အင်အားများမှာ ဆုတ်ယုတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ရုတ်တရက် သူ ခေါင်းမူးလာပြီး ဟန်ချက်မညီဘဲ ယိမ်းထိုးသွားတော့သည်။

"ဟေး ကျွန်မကို လန့်အောင် မလုပ်ပါနဲ့"

ချန်အယ် ကျိုးဟောက်ယွီကို အမြန်ပင် တွဲပေးလိုက်သည်။ သူမ၌ စိုးရိမ်စိတ်ရော၊ ကြောက်စိတ်ပါ ဒွန်တွဲနေ၏။

ကျိုးဟောက်ယွီ ချန်အယ်၏ စိုးရိမ်နေသော မျက်နှာကို မမြင်ချင်သဖြင့် ခေါင်းကို အားရပါးရ ခါယမ်းပြီး အတင်းပြုံးကာ ပြောလိုက်သည်။

"ကျွန်တော် နည်းနည်း ခေါင်းမူးလို့ပါ၊ အဲဒီနားမှာ ခဏလောက် သွားထိုင်လို့ ရမလားဟင်"

အမှန်စင်စစ် သူသည် နည်းနည်းခေါင်းမူးရုံတင် မဟုတ်ဘဲ ဦးခေါင်းမှာ အဆက်မပြတ် ထိုးကိုက်နေခြင်း ဖြစ်၏။

သို့သော် သူ ထုတ်မပြောဘဲ အံကြိတ်ကာ အောင့်ထားလိုက်သည်။

သူ့နဖူးပေါ်တွင် ပေါ်လာသော ချွေးစက်ကြီးများကို ကြည့်ခြင်းအားဖြင့် သူ အတော်လေး နာကျင်နေကြောင်း သိနိုင်သည်။ လမ်းဘေး ဓာတ်တိုင်အောက်က ခုံတန်းလျားလေးပေါ်တွင် ထိုင်ပြီးမှသာ ချန်အယ် သူ့မျက်နှာတစ်ခုလုံး သွေးများပေကျံနေသည်ကို အသေအချာ မြင်လိုက်ရသဖြင့် တကယ့်ကို ကြောက်စရာကောင်းလှ၏။

"တောင်းပန်ပါတယ်၊ ဒါတွေအားလုံးက ကျွန်မကြောင့်ပါ"

ချန်အယ် နောင်တရစွာ ပြောလိုက်သည်။

ချန်အယ် ဤမျှအထိ စိတ်မကောင်းဖြစ်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီမှာ စိတ်မကောင်းဖြစ်သွားပြီး သန်မာဟန်ဆောင်ကာ ပြောလိုက်၏။

"ကျွန်တော်က ငယ်ငယ်ကတည်းက ဒဏ်ရာတွေနဲ့ နေသားကျနေတာပါ၊ ဒါလောက်ကတော့ ဘာမှမဟုတ်ပါဘူး"

သူမကို စိုးရိမ်စိတ် မဖြစ်စေရန် သူ ဟန်ဆောင်နေခြင်းဖြစ်ကြောင်း ချန်အယ် သိလေသည်။

ချန်အယ် တောင်းပန်စကားပြောရာတွင် မကျွမ်းကျင်သဖြင့် ပုဝါလေးတစ်ထည်ကို ထုတ်ယူကာ ကျိုးဟောက်ယွီ၏မျက်နှာပေါ်မှ သွေးစများကို အသာအယာ သုတ်ပေးနေ၏။

ကျိုးဟောက်ယွီ သူမ ငြိမ်သက်နေချိန်တွင် ပို၍လှပနေသည်ဟု ခံစားလိုက်ရပြီး သူမ၏ လှုပ်ရှားမှုတိုင်းမှာ ကျော့ရှင်းနေကာ ပုဝါလေးထံမှ သင်းပျံ့ပျံ့ရနံ့လေးကိုပါ ခံစားလိုက်ရသည်။

ဤသည်မှာ ကျိုးဟောက်ယွီကို မသိစိတ်မှ မျက်လုံးများမှိတ်သွားစေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာကာ အပြည့်အဝ ပျော်ဝင်နေစေ၏။

သူပန်းခင်းကြီးထဲတွင် ပျားနှင့်လိပ်ပြာများ ဝဲနေသကဲ့သို့၊ လေထုထဲတွင် ရနံ့များဖြင့် ပြည့်နှက်နေကာ အရာအားလုံး အေးချမ်းတည်ငြိမ်နေသကဲ့သို့ပင် စိတ်ကူးယဉ်နေသည်။

"အား"

သို့သော် ချန်အယ် ကျိုးဟောက်ယွီ၏ ဒဏ်ရာကို မတော်တဆ ထိမိသွားသဖြင့် သူ အော်လိုက်ရ၏။

"တောင်းပန်ပါတယ်၊ ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး"

ချန်အယ် အမြန် တောင်းပန်လိုက်သည်။

"ရပါတယ်"

ကျိုးဟောက်ယွီမှာ တောင်းပန်စကားများဖြင့် အချိန်မဖြုန်းချင်တော့ဘဲ ချန်အယ်ကိုကြည့်ကာ မေးလိုက်၏။

"အစ်မချန်အယ်၊ ခုနက ကျွန်တော့်ကို ပေးတဲ့ ဆေးလုံးတွေက ဘယ်က ရတာလဲဟင်”

"ဒါတွေက လောင်ဇီ ပေးလိုက်တာလေ"

ချန်အယ် တွန့်ဆုတ်မနေဘဲ ပြန်ဖြေသည်။

ဤသည်မှာ ကျိုးဟောက်ယွီကို ဇဝေဇဝါ ဖြစ်သွားစေသည်။ ထိုဆေး၏ အစွမ်းမှာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသကဲ့သို့ ဖြစ်နေသဖြင့် သူတွေးလိုက်မိ၏။

'လောင်ဇီက ဘာလို့ ချန်အယ်ကို ဒီဆေးပေးရတာလဲ၊ သူ တစ်ခုခု ကြံစည်နေတာလား'

သို့သော် ထိုအတွေးကို ချက်ချင်းပင် ဖျောက်ဖျက်ပြီး ရေရွတ်လိုက်သည်။

"မဖြစ်နိုင်ပါဘူး၊ လောင်ဇီက ချစ်စရာကောင်းပြီး အေးအေးဆေးဆေးနေတဲ့ အဘိုးကြီးပဲ၊ သူက ဒီလိုအတွေးမျိုး ရှိမှာ မဟုတ်ဘူး"

ကျိုးဟောက်ယွီ တစ်ယောက်တည်း စကားပြောနေသည်ကို မြင်သောအခါ ချန်အယ်စပ်စုလိုက်၏။

"ဘာတွေ ပြောနေတာလဲဟင်"

"ဘာမှမဟုတ်ပါဘူး၊ လောင်ဇီက ဘာလို့ အစ်မကို ဒီဆေး ပေးလိုက်သလဲဆိုတာ စဉ်းစားနေလို့ပါ"

ကျိုးဟောက်ယွီ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ချန်အယ်၏မျက်နှာမှာ ရုတ်တရက် မှိုင်ညှို့သွားပြီး အဝေးသို့ငေးကြည့်ကာ ဖြည်းဖြည်းချင်း ပြောပြသည်။

"ဘာလို့လဲဆိုတော့ ကျောက်စိမ်းဧကရာဇ်က ဟို့ယီကို အလုပ်ကိစ္စနဲ့ ခရီးလွှတ်လိုက်လို့လေ၊ သူက မနက်ဖြန်မှ သွားရမှာ၊ ဒီနေ့နေ့လယ်မှာ လောင်ဇီက ကျွန်မဆလာပြီး ဒါက ဟို့ယီအတွက် ဆေးဆိုပြီးပေးသွားတာ၊ သူက ဘာအတွက်လဲဆိုတာ အသေအချာ မပြောဘူး၊ ဟို့ယီကို တိုက်လိုက်ပါပဲ ပြောသွားတာ၊ ဒါပေမဲ့ ကျွန်မ လနန်းတော်ကိုပြန်ရောက်တော့ ဟို့ယီက ထွက်သွားနှင့်ပြီ၊ အဲဒီမှာ ထန်စန်းကျန်းနဲ့ သူ့တပည့်တွေက ရှင့်ရဲ့ ကားအကြောင်း ပြောနေတာ ကြားလိုက်ရလို့ အောက်ပြည်ကို လာပြီးစိတ်အပန်းဖြေတာပါ"

ကျိုးဟောက်ယွီ ရုတ်တရက် နားလည်သွားပြီး မသိမသာ ကျေနပ်သွား၏။

'လောင်ဇီက တကယ့်ကို လည်တာပဲ၊ ဟို့ယီကို ဒီဆေးတိုက်ဖို့ လုပ်တာလား၊ ဒါဆိုရင် ဟို့ယီက ပန်းသေပန်းညှိုးရောဂါ ဖြစ်နေတာလား’

သူ မော့ကြည့်လိုက်သောအခါ ချန်အယ် သူ့ကို ဇဝေဇဝါမျက်နှာပေးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူ ချောင်းအနည်းငယ် ဟန့်ပြီး ဆိုလိုက်သည်။

"အစ်မချန်အယ် လနန်းတော်မှာ နေရတာ တော်တော်လေး အထီးကျန်မှာပဲနော်၊ အကယ်၍ အစ်မ စိတ်မကောင်းဖြစ်တဲ့အခါတိုင်း ကျွန်တော့်ဆီ လာခဲ့ပါ၊ ကျွန်တော် လူ့ပြည်ရဲ့ နေရာအနှံ့ကို လိုက်ပို့ပေးပါ့မယ်"

"လနန်းတော်က ရှင်ထင်သလောက်တော့ မတိတ်ဆိတ်ပါဘူး၊ ကျွန်မမှာ လနတ်ယုန်လေးရှိတယ်လေ၊ ဒါကြောင့် သိပ်ပြီးတော့ မပျင်းရပါဘူး"

ချန်အယ် ပါးချိုင့်လေး နှစ်ဖက် ပေါ်လာသည်အထိ ခပ်ဖွဖွပြုံးပြလိုက်၏။

သူမ၏ ပါးချိုင့်လေးထဲတွင် ဝိုင်မရှိသော်လည်း ကျိုးဟောက်ယွီမှာမူ အရူးအမူး မူးယစ်သွားရ၏။

အကယ်၍ အချိန်ကို ဤနေရာတွင်သာ ရပ်တန့်ထားနိုင်မည်ဆိုလျှင် သူတစ်ဘဝလုံး ချန်အယ်ကို ငြိမ်သက်စွာ စိုက်ကြည့်နေရုံဖြင့်ပင် ကျေနပ်နေမိတော့မည် ဖြစ်သည်။

ချန်အယ်မှာတော့ သူ အဘယ်ကြောင့် ဤကဲ့သို့ စိုက်ကြည့်နေသည်အား မသိသဖြင့် သူမ၏ အပြစ်ကင်းစင်သော မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေ၏။

ကျိုးဟောက်ယွီ ရုတ်တရက် သတိပြန်ဝင်လာပြီး အနည်းငယ် အနေရခက်စွာ ပြောလိုက်သည်။

"ယုန်တစ်ကောင်နဲ့ နေရတာလည်း ပျင်းစရာကောင်းတာပါပဲ"

“တော်ပါရှင်"

ချန်အယ် ပြုံးလိုက်ရာ အလွန်ပင် လှပသွား၏။

ကျိုးဟောက်ယွီ သူမ မည်သည်ကို ရယ်မှန်းမသိသဖြင့် ဇဝေဇဝါဖြင့် ကြည့်နေမိသည်။

"လနတ်ယုန်က ယုန်စစ်စစ်လို့ ဘယ်သူပြောလဲ၊ သူမက လူအသွင်ကို ကျင့်ကြံပြီးသားလေ"

ချန်အယ် ကျိုးဟောက်ယွီကို စနောက်လိုသော အကြည့်ဖြင့် ကြည့်လိုက်၏။

အကယ်၍ ယခင်ကဆိုလျှင် ကျိုးဟောက်ယွီ ထိုအရာများအားလုံးမှာ အဓိပ္ပာယ်မရှိသော စကားများဟု ထင်မိမည် ဖြစ်သော်လည်း နတ်သမီးနှင့် ဆုံတွေ့ပြီးကတည်းက အရာအားလုံးမှာ တကယ်ဖြစ်နိုင်ကြောင်း သူ စတင် ယုံကြည်လာခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နတ်သမီးချန်အယ်မှာ သူ့ရှေ့တွင် တကယ်ထိုင်နေသည် မဟုတ်ပါလား။

"လနတ်ယုန်ကလည်း အစ်မလိုပဲ လှမှာပဲနော်"

ကျိုးဟောက်ယွီ သူ၏ အတွေးများကို လွှတ်ခနဲ ပြောမိသွား၏။

သူ ချက်ချင်းပင် အမှားကို သတိရသွားသဖြင့် အဝေးသို့ မျက်နှာလွှဲလိုက်သည်။

"နောက်တစ်ခါကျရင် ရှင့်ကို မိတ်ဆက်ပေးပါ့မယ်"

ချန်အယ်။မတ်တတ်ရပ်လိုက်ပြီး ကျိုးဟောက်ယွီကို စစ်မှန်သောအပြုံးဖြင့် နှုတ်ဆက်လိုက်၏။

"အခုတော့ ကျွန်မ ပြန်သင့်ပြီ၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"

"အစ်မ ချန်အယ်"

ကျိုးဟောက်ယွီ လှည့်ကြည့်လိုက်သောအခါ ချန်အယ်သည် တိမ်တိုက်တစ်ခုကို စီးနင်းကာ ပျံသန်းသွားပြီ ဖြစ်သည်။

ဆုံးရှုံးမှုဟူ‌သောခံစားချက်တစ်ခု သူ့ရင်ထဲသို့ ဝင်ရောက်လာပြီး အဝေးက မိုးကုပ်စက်ဝိုင်းကို ငေးကြည့်ရင်း တစ်ယောက်တည်း သက်ပြင်းချနေမိ၏။

20

အပန်းဖြေဥယျာဉ်မှ ထွက်လာသောအခါ ကျိုးဟောက်ယွီသည် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး အထူးသဖြင့် သူ၏ဦးခေါင်းမှာ နှစ်ခြမ်းကွဲတော့မတတ် ခံစားနေရသည်။

ယခုကဲ့သို့ ဒဏ်ရာဗရပွနှင့် ခရီးသည်များကို ဆက်လက်တင်ဆောင်ရန် မဖြစ်နိုင်တော့ပေ။

သန်းခေါင်ကျော်နေပြီဖြစ်သဖြင့် ဆရာဝန်ပြရန် လမ်းမရှိတော့ကြောင်း သိလိုက်ပြီး အိမ်သို့သာ ပြန်ခဲ့လိုက်၏။

သူ၏ စျေးပေါပေါဖြင့် ငှားရမ်းထားသည့် အခန်းလေးသို့ ပြန်ရောက်သောအခါ ကျိုးဟောက်ယွီ၏ စိတ်အခြေအနေမှာ ထူးထူးခြားခြား ကောင်းမွန်နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုနေ့က သူသည် ချန်အယ်နှင့်အတူ အလွန်လှပသော အချိန်များကို ကုန်ဆုံးခဲ့ရသောကြောင့် ဖြစ်၏။

ချန်အယ်၏ လှပသောမျက်နှာလေးမှာ သူ့စိတ်ထဲတွင် ဖျောက်ဖျက်၍မရအောင် စွဲထင်နေတော့သည်။

ရေချိုးပြီးနောက် ကျိုးဟောက်ယွီ အိပ်ပျော်သွားခဲ့၏။

‘တောင်’

နောက်တစ်နေ့မနက်တွင် ဖုန်းမြည်သံကြောင့် ကျိုးဟောက်ယွီ နိုးလာခဲ့သည်။

ထိုက်ရှန်းလောင်ဇီ အော်ဒါတင်ထားသည်ကို မြင်လိုက်ရသောအခါ ကျိုးဟောက်ယွီ ချက်ချင်းပင် ဒေါသထွက်သွားတော့၏။

"ဒီအဘိုးကြီး လောင်ဇီ မနေ့က မင်းပေးတဲ့ အသုံးမကျတဲ့ဆေးကြောင့် ငါ ဒီလောက် ဒုက္ခရောက်ခဲ့ရတာကိုတောင် ငါက မင်းဆီလာပြီး စာရင်းမရှင်းရသေးဘူး၊ မင်းက ငါ့တံခါးကို လာခေါက်နေသေးတယ်ပေါ့"

ကျိုးဟောက်ယွီ ဒေါသတကြီး ရေရွတ်ရင်း အဝတ်အစားလဲကာ အပြင်သို့ထွက်ခဲ့သည်။

ဖုန်းကို စင်ပေါ်တင်လိုက်သောအခါ ကျိုးဟောက်ယွီ၏ မျက်နှာမှာ ရုတ်တရက်မှောင်ကျသွား၏။

"ခွန်းလုံတောင်၊ ပင်းဟိုင်မြို့မှာ ဒီလိုနေရာ ရှိလို့လား"

ကျိုးဟောက်ယွီ ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိသည်။

သူ ဒီဒီမောင်းလာသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သဖြင့် ပင်းဟိုင်မြို့အကြောင်းကို သူ့ထက်ပိုသိသူမရှိဟု ယုံကြည်ထားသူ ဖြစ်၏။

သို့သော် ယနေ့ ထိုက်ရှန်းလောင်ဇီ သွားမည့်နေရာမှာ တစ်ခါမှ မကြားဖူးသော နေရာဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ၊ လောင်ဇီ ထိုနေရာသို့ မည်သည့်အရာအား သွားလုပ်မည်ကို သူဂရုမစိုက်ပေ။ မနေ့ညက ကိစ္စနှင့်ပတ်သက်၍ ထိုက်ရှန်းလောင်ဇီကို အသေအချာ မေးမြန်းရန် လိုအပ်နေ၏။

သူ လက်ဘရိတ်ကိုချ၊ ဂီယာထိုးကာ ကားကို အရှိန်ဖြင့် မောင်းထွက်ခဲ့သည်။

ထိုက်ရှန်းလောင်ဇီမှာ မနေ့ကကဲ့သို့ ဝတ်ဆင်မထားတော့ဘဲ ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် တကယ်ပင် နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေ၏။

"မိတ်ဆွေလေး မင်းက တကယ်ကို အချိန်တိကျတာပဲ၊ နောက်ကျရင် ငါ မင်းကို ရီဗျူးကောင်းကောင်း ပေးပါ့မယ်"

လောင်ဇီ ကားပေါ်တက်လာပြီးနောက် ပြုံးကာ ပြောလိုက်သည်။

ကျိုးဟောက်ယွီ အသာအယာ ပြန်ပြုံးပြလိုက်သော်လည်း ထိုအပြုံးနောက်ကွယ်တွင် အဓိပ္ပာယ်တစ်ခု ဝှက်ထား၏။

"လောင်ဇီ ကျွန်တော် တစ်ခုလောက် မေးလို့ ရမလား"

ကျိုးဟောက်ယွီ အတင်းပြုံးကာ ပြောလိုက်သည်။

လောင်ဇီသည် ကျိုးဟောက်ယွီ၏ မျက်နှာပေးကို သတိမပြုမိဘဲ ဖုန်းဖြင့် ဆယ်ဖီအချို့ ရိုက်နေရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"မင်း စိတ်ထဲရှိတာသာ ပြောစမ်းပါ"

"အစ်မချန်အယ်ကို အဘိုး ဆေးတစ်လုံး ပေးလိုက်တယ်လို့ ကြားတယ်၊ အဲဒီဆေးရဲ့ အစွမ်းက"

ကျိုးဟောက်ယွီ စကားမဆုံးသေးမီမှာပင် လောင်ဇီ ကြားဖြတ်ပြောလိုက်သည်။

"မင်း ဒါကို ဘယ်လိုသိတာလဲ"

လောင်ဇီ ကျိုးဟောက်ယွီကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်လိုက်၏။

လောင်ဇီ အဘယ်ကြောင့် ထိုမျှစိတ်လှုပ်ရှားနေသည်ကို ကျိုးဟောက်ယွီ နားမလည်သဖြင့် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဆိုလိုက်သည်။

"အစ်မ ချန်အယ်က ကျွန်တော့်ကို ကိုယ်တိုင်ပြောပြတာလေ"

"မင်း အဲဒီဆေးကို စားလိုက်တာတော့ မဟုတ်ပါဘူးနော်"

လောင်ဇီ၏ မျက်နှာမှာ ယခင်ကထက် ပို၍ ပျာယာခတ်သွား၏။

ကျိုးဟောက်ယွီ မည်သို့မှမပြောဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။

လောင်ဇီ၏ မျက်နှာမှာ ရှုပ်ထွေးသွားပြီးနောက် သူ၏ ဗလာဖြစ်နေသောမုတ်ဆိတ်မွှေးကို အေးအေးဆေးဆေး ပွတ်ရင်း အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

"ဒါ ကံကြမ္မာပဲ ဖြစ်လိမ့်မယ်"

"အာ"

ကျိုးဟောက်ယွီ အတော်ကြာ မှင်တက်သွားပြီး သတိဝင်လာကာ လောင်ဇီ၏ မုတ်ဆိတ်ကိုဆွဲ၍ အော်လိုက်သည်။

"အဘိုး ဘာတွေ တွေးနေတာလဲ၊ ကျွန်တော် အဲဒီဆေးကို စားလိုက်တာတော့အမှန်ပဲ၊ ဒါပေမဲ့ ဘာမှမလုပ်ခဲ့ဘူး၊ အဲဒီလောက်အထိ ညစ်ညမ်းမနေနဲ့"

လောင်ဇီ ကျိုးဟောက်ယွီ၏ လက်ကို အသာအယာ ပုတ်လိုက်ပြီး အပြစ်ကင်းသလို ပြောလိုက်၏။

"ချန်အယ်က မင်းကို ဆေးပေးတယ်လို့ မင်းကိုယ်တိုင် ပြောတာလေ၊ အဲဒါကြောင့် ငါ အထင်လွဲသွားတာ သဘာဝကျပါတယ်"

"အဘိုးက ပြောရဲသေးတယ်"

ကျိုးဟောက်ယွီ အော်ဟစ်လိုက်သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ ငါ နောက်တစ်ခါ ထပ်မပြောတော့ဘူး"

လောင်ဇီ အလွယ်တကူပင် သဘောတူလိုက်သည်။ ကျိုးဟောက်ယွီ သူ့လက်ကိုလွှတ်လိုက်သည်အား မြင်သောအခါ သူ မျက်မှောင်ကြုတ်လျက် ထပ်မေးပြန်၏။

"မင်း တကယ်ပဲ ဘာမှမလုပ်ခဲ့ဘူးလား"

ဤကိစ္စကို ပြောလိုက်သည်နှင့် ကျိုးဟောက်ယွီ ဒေါသထွက်လာသည်။ သူလည်း တစ်ခုခု ဖြစ်ချင်ခဲ့သည်မှာ အမှန်ပင်။

သို့သော် ထိုအခြေအနေတွင် မည်သည့်အရာများ ဖြစ်နိုင်ပါမည်နည်း။

"အဘိုးက ဒါကို ထပ်ပြောရဲသေးတယ်ပေါ့၊ လူမိုက်တွေက ချန်အယ်ကို စော်ကားဖို့ ကြိုးစားခဲ့ကြတာ၊ အဘိုးသာ တခြားဆေးပေးခဲ့ရင် အဆင်ပြေမှာပဲ၊ အခုတော့ ဒီဆေးကို ပေးလိုက်တယ်၊ စားပြီးတဲ့နောက် ကျွန်တော်မြင်သမျှ ယောက်ျားတွေ အကုန်လုံးက ချောနေသလိုပဲ၊ ပြီးတော့ တစ်ကိုယ်လုံး ဘာခံစားချက်မှ မရှိတော့ဘူး၊ ကြည့်ဦး၊ ကျွန်တော့်ခေါင်းတောင် အထုခံလိုက်ရတယ်"

ကျိုးဟောက်ယွီ လောင်ဇီ၏ လည်ပင်းကိုကိုင်ကာ ရှင်းပြခိုင်းတော့သည်။

"ဟားဟား"

ထိုအရာအား ကြားလိုက်ရသောအခါ လောင်ဇီ ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်၏။

ကျိုးဟောက်ယွီ၏ သတ်ဖြတ်လိုသော မျက်နှာကိုမြင်မှသာ သူရယ်ခြင်းကို ရပ်လိုက်ပြီး ဆိုသည်။

"ငါက ဒါကို အစက ဟို့ယီကို ပေးဖို့ ရည်ရွယ်ထားတာပါ၊ ဒါပေမဲ့ သူမက မင်းကို ကျွေးလိုက်လိမ့်မယ်လို့ ဘယ်သူ သိမှာလဲ"

ကျိုးဟောက်ယွီလည်း ဤသည်မှာ မရည်ရွယ်ဘဲ မှားသွားခြင်း ဖြစ်မည်ဟုတွေးကာ သူ့ကို လွှတ်ပေးလိုက်၏။

"အဘိုးက တကယ် ညစ်ညမ်းတာပဲ၊ ဟို့ယီကို ဒီလိုမျိုး ပေးရတယ်လို့၊ အဲဒီဆေးရဲ့ အစွမ်းက ဘာလဲဆိုတာ အဘိုး မသိဘူးလား"

ကျိုးဟောက်ယွီ ရှက်လွန်းသဖြင့် စကားပင် ဆက်မပြောနိုင်တော့ပေ။

"သူတို့က ခွဲခွာရတော့မှာလေ၊ အဲဒါကြောင့် သူတို့ကို လှပတဲ့ ညတစ်ည ပိုင်ဆိုင်စေချင်လို့ပါ"

လောင်ဇီ ကျိုးဟောက်ယွီကို မျက်ခုံးတစ်ချက် ပင့်ပြလိုက်ပြီး ဆိုသည်။

"ဟဲဟဲ မင်း ငါဘာပြောလဲဆိုတာ နားလည်ပါတယ်"

ကျိုးဟောက်ယွီ မျက်လုံးကို အပေါ်လှန်လိုက်ပြီး တွေးလိုက်မိ၏။

'ငါက ဘာကို နားလည်ရမှာလဲ၊ ဒီအဘိုးကြီး နှာဘူးနဲ့‌တော့'

"လောင်ဇီ အဘိုးရဲ့ နတ်ဘုရား အဆင့်အတန်းကိုလည်း ငဲ့ပါဦး၊ ဒီလို ညစ်ညမ်းတဲ့ အတွေးတွေ မတွေးပါနဲ့"

ကျိုးဟောက်ယွီ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ဟဲဟဲ"

လောင်ဇီ ခပ်ရွှင်ရွှင်ရယ်မောလိုက်ပြီးနောက် တိတ်ဆိတ်သွား၏။

"ဒါနဲ့ ကျွန်တော့်ခေါင်းကွဲသွားတာ အဘိုးရဲ့ အမှားပဲ၊ အဲဒီ မိုးကြိုးဆေးလုံး ဆယ်လုံးလောက် မရရင်တော့ ကျွန်တော် ဒါကို ဒီအတိုင်း မကျေအေးနိုင်ဘူး"

ကျိုးဟောက်ယွီ လူမိုက်ပုံစံဖြင့် ပြောလိုက်သည်။

ကျိုးဟောက်ယွီမှာ လောင်ဇီ ဖော်စပ်ထားသော ပြိုင်ဘက်ကင်း အစွမ်းထက်လှသည့် မိုးကြိုးဆေးလုံး၏ အစွမ်းကို မြင်ဖူးသည်ဖြစ်ပြီး ထိုဆေးတစ်လုံးမှာ တန်ဖိုးဖြတ်၍ မရပေ။

ထို့ကြောင့် သူ ဤအခွင့်အရေးကို အသုံးချကာ လောင်ဇီထံမှ အမြတ်ထုတ်ရန် ကြိုးစားနေခြင်း ဖြစ်၏။

"မိတ်ဆွေလေး အရမ်းလောဘမကြီးနဲ့၊ ဒီတစ်ခေါက် ငါ့ကို လိုက်ပို့ပေးပြီးရင် မင်းကို ဆုလာဘ်အဖြစ် အစွမ်းထက်တဲ့ နတ်ဆေးရည်တစ်ခု ပေးပါ့မယ်"

လောင်ဇီ သူ၏မုတ်ဆိတ်ကို ပွတ်ရင်း နက်နဲသောပုံစံဖြင့် ပြောလိုက်သည်။

ဤသည်မှာ ကျိုးဟောက်ယွီကို အလွန် စိတ်လှုပ်ရှားသွားစေပြီး တိတ်တဆိတ် တွေးလိုက်မိ၏။

'ဒီဆေးရည်က အဲဒီ မိုးကြိုးဆေးလုံးထက်တောင် ပိုအစွမ်းထက်နိုင်တယ်၊ ငါတော့ ချမ်းသာပြီ'

"သေချာ ကိုင်ထားနော် သွားပြီ"

ကျိုးဟောက်ယွီ လီဗာကို အားကုန်နင်းလိုက်ရာ ကားလေးမှာ မြင်းတစ်ကောင်ကဲ့သို့အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။

လမ်းညွှန်ချက် အတိုင်း အချိန်အတော်ကြာ မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် သူတို့ သွားလိုသော နေရာအနီးသို့ ရောက်ရှိလာခဲ့၏။

ရှေ့တွင် လမ်းမရှိတော့သဖြင့် သူတို့တောင်ခြေတွင် ကားကိုရပ်လိုက်ရသည်။

ကျိုးဟောက်ယွီ ကားထဲမှ ခေါင်းပြူကြည့်လိုက်သောအခါ သူ၏ရှေ့တွင် ခန့်ညားထည်ဝါလှသော တောင်ကြီးကို မြင်လိုက်ရ၏။

တောင်ထိပ်များမှာ အတောမသတ်ဘဲ ဆက်တိုက် တည်ရှိနေကြပြီး အမြင့်ဆုံးတောင်ထိပ်မှာ တိမ်တိုက်များထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်။ တကယ့်ကို ခမ်းနားလှသော မြင်ကွင်းပင်။

ကျိုးဟောက်ယွီ သူ၏ရှေ့မှ ရှုခင်းကြောင့် မှင်တက်သွားပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ဒါက မြို့ပြင်ဖြစ်ရမယ်၊ ပင်းဟိုင်မြို့မှာ ဒီလိုလှတဲ့နေရာ ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

သတိပြန်ဝင်လာသောအခါ လောင်ဇီသည် ကားပေါ်မှဆင်းကာ တောင်ပေါ်လမ်းအတိုင်း တက်သွားပြီ ဖြစ်ကြောင်း သူ တွေ့လိုက်ရ၏။

ကျိုးဟောက်ယွီ အခြားလုပ်စရာမရှိသဖြင့် ဤတောင်၏စစ်မှန်သော မျက်နှာစာကို မြင်တွေ့ချင်သောကြောင့် နောက်က လိုက်သွားခဲ့သည်။

"ဟေး လောင်ဇီ အဘိုးတို့ နတ်ဘုရားတွေမှာ ဘာလုပ်စရာမှ မရှိဘူးလား၊ တစ်နေကုန် လူ့ပြည်မှာ လျှောက်သွားနေတာလား၊ ဒါမှမဟုတ် ဒီနေရာကောင်းမှာ တရားလာကျင့်တာလား"

ကျိုးဟောက်ယွီ လမ်းလျှောက်ရင်း မေးလိုက်၏။

"ဘယ်သူက ဘာမှလုပ်စရာမရှိဘူး ပြောတာလဲ၊ ငါက အခုအလုပ်ကိစ္စနဲ့ လာတာ"

လောင်ဇီ သူ့အား လှည့်ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။

ဤသည်မှာ ကျိုးဟောက်ယွီကို ဇဝေဇဝါ ဖြစ်သွားစေပြီး ထပ်မေးလိုက်၏။

"ဒါက ကျောက်စိမ်းဧကရာဇ်က အဘိုးကို ပေးလိုက်တဲ့ တာဝန်လား၊ အဘိုးက ဒီကို စစ်ဆေးဖို့ လာတာလား"

"ဟုတ်တယ်"

လောင်ဇီ ခေါင်းငြိမ့်ပြလိုက်သည်။

All Chapters