အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
21
တောင်ပေါ်လမ်းမှာ လယ်ကွင်းကို ဖြတ်ကျော်ရသည့် လမ်းကျဉ်းလေးသာရှိပြီး လမ်းဘေးတစ်ဖက်တစ်ချက်တွင် လူတစ်ရပ်ကျော်မြင့်သော ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေသည်။
ထို့အပြင် တောင်စောင်းမှာလည်း အတော်လေး မတ်စောက်၏။
ကျိုးဟောက်ယွီ ပင်ပင်ပန်းပန်း လျှောက်နေရပြီး မီတာအနည်းငယ်မျှသာ သွားရသေးသော်လည်း ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်သည်။
“ဟေး လောင်ဇီ”
ကျိုးဟောက်ယွီ မော့ကြည့်လိုက်ရာ ထိုက်ရှန်းလောင်ဇီမှာ မီတာအတော်ဝေးဝေးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ၏ လမ်းလျှောက်ပုံမှာလည်း တည်ငြိမ်ပြီး အားစိုက်စရာမလိုဘဲ အေးဆေးလှ၏။
“တကယ့် နတ်ဘုရားပါပဲလား”
ကျိုးဟောက်ယွီ ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး လက်ဝှေ့ယမ်းကာ လှမ်းခေါ်လိုက်သည်။
“လောင်ဇီ ကျွန်တော့်ကို စောင့်ပါဦး”
ထိုက်ရှန်းလောင်ဇီ လှည့်ကြည့်လိုက်ရာ အမောတကောဖြစ်နေသော ကျိုးဟောက်ယွီကို မြင်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်၏။
လူသားဆိုသည်မှာ လူသားသာ၊ ခြေလှမ်းအနည်းငယ် လျှောက်ရုံဖြင့် အသက်ရှူပင်မဝတော့ပေ။
“လောင်ဇီ ဘာလို့ ဒီလောက် မြန်မြန်လျှောက်နေတာလဲ၊ ကျွန်တော့်မှာ နတ်ဘုရားခန္ဓာကိုယ်မရှိဘူးလေ၊ အဘိုးက ကျွန်တော့်ကို ငဲ့ညှာရမှာပေါ့”
ကျိုးဟောက်ယွီကး လောင်ဇီ၏ ပခုံးကိုပုတ်ကာ ပြစ်တင်စကားပြောတော့သည်။
“နတ်ဘုရားခန္ဓာကိုယ်ဆိုတာ ကျင့်ကြံအားထုတ်မှုကနေရတာ၊ မွေးရာပါ ပါလာတာ မဟုတ်ဘူး”
လောင်ဇီ နက်နဲစွာ ပြုံးပြလိုက်၏။
ကျိုးဟောက်ယွီ မျက်လုံးများလှန်လိုက်ပြီး မြောက်ပင့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“လောင်ဇီ ကျွန်တော့်ကို ကျင့်ကြံနည်းလေးတွေ သင်ပေးလို့မရဘူးလားဟင်”
သူသာ နတ်ဘုရားတစ်ပါးဖြစ်အောင် ကျင့်ကြံနိုင်လျှင် ထာဝရအသက်ကို ရရှိနိုင်မည်ဖြစ်ရာ ဤသည်မှာ မရေမတွက်နိုင်သော လူသားတို့၏ အိမ်မက် ဖြစ်၏။
ထို့အပြင် သူသာ နတ်ဘုရားဖြစ်သွားလျှင် ကောင်းကင်ဘုံကို သွားပြီး ချန်အယ်ကို နေ့တိုင်း တွေ့နိုင်မည် မဟုတ်ပါလား။
“အချိန်မကျသေးဘူး”
လောင်ဇီ ကျိုးဟောက်ယွီ၏ ပခုံးကိုခပ်ပြင်းပြင်း သုံးချက် ပုတ်လိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ တောင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆက်တက်သွားတော့သည်။
ကျိုးဟောက်ယွီက သူ့ခေါင်းကို ကုတ်ရင်း ရေရွတ်လိုက်၏။
“ဒါက တစ်ခုခုကို အရိပ်အမြွက် ပြလိုက်တာလား”
ရုတ်တရက် ကျိုးဟောက်ယွီသည် ‘အနောက်ဘက်သို့ ခရီးသွားခြင်း’ ပုံပြင်ထဲမှ စွန်းဝူခုန်း၏ဆရာက သူ့ကို သုံးချက်ပုတ်ပြီးမှ ပညာများကို တိတ်တဆိတ် သင်ကြားပေးခဲ့သည်ကို သတိရသွားသည်။
လောင်ဇီလည်း ထိုကဲ့သို့ပင် ဆိုလိုခြင်း ဖြစ်နိုင်မလား။
သို့သော် ထိုပုတ်လိုက်သည့် သုံးချက်မှာ မည်သည်ကို ကိုယ်စားပြုသနည်း။ ကျိုးဟောက်ယွီ ခေါင်းခြောက်အောင် စဉ်းစားသော်လည်း အဖြေရှာမရပေ။
‘အချိန်ကို ပြောတာလား၊ ဒါမှမဟုတ် နေရာကို တစ်ခုခုကို ပြောတာလား’
“လောင်ဇီ ကျွန်တော့်ရဲ့ အသိဉာဏ်နည်းမှုကို ခွင့်လွှတ်ပါ၊ အဘိုး ဘာကို ဆိုလိုမှန်း ကျွန်တော် တကယ် နားမလည်လို့ပါ၊ တည့်တည့်ပဲ ရှင်းပြပေးပါဗျာ”
ကျိုးဟောက်ယွီ လောင်ဇီကို အမီလိုက်ကာ နှိမ့်ချစွာဖြင့် လမ်းညွှန်မှု တောင်းခံ၏။
ထိုက်ရှန်းလောင်ဇီမှာ သူ၏မေးခွန်းကို ပြန်မဖြေဘဲ အဓိပ္ပာယ်ပါပါ ပြုံးပြရုံသာပြုသည်။
ကျိုးဟောက်ယွီမှာ လောင်ဇီက အလွန်ပင် နက်နဲလွန်းသည်ဟု ခံစားရပြီး တွေးနေ၏။
‘သူ ဘာကို ဆိုလိုတာလဲ၊ အချိန်မကျသေးတာပဲလား၊ ဒါပေမဲ့ အချိန်က ဘယ်တော့ကျမှာလဲဆိုတာ ငါ ဘယ်လို သိနိုင်မှာလဲ’
သူ ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် လောင်ဇီမှ လက်ဖြင့် မျက်စိကိုကွယ်ကာ အဝေးသို့ ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
စပ်စုချင်စိတ်ဖြင့် ကျိုးဟောက်ယွီလည်း အဝေးသို့ လှမ်းကြည့်လိုက်၏။
ထိုအခါမှ သူသည် တောင်ကုန်းလေးတစ်ခုပေါ်တွင် ရောက်နေပြီး တစ်ဖက်ရှိ တောင်ထိပ်မှာ အလွန်ပင်ထည်ဝါနေကြောင်း သတိပြုမိတော့သည်။
အကွေ့အကောက်များလှသော တောင်တန်းကြီးမှာ မြေပြင်ပေါ်တွင် ဝပ်စင်းနေသော နဂါးကြီးတစ်ကောင်နှင့် တူလှ၏။
ထို့အပြင် ထိုနဂါးပုံသဏ္ဌာန်မှာ ခေါင်း၊ အမြီး၊ ခြေထောက်နှင့် ဦးမှင်များအထိ အလွန်ပင် အသက်ဝင်နေသည်။
အံ့ဩစရာအကောင်းဆုံးမှာ ထိုနဂါးခေါင်း၏ အပေါ်တည့်တည့်တွင် မြင့်မားလှသော တောင်ထိပ်ကြီးတစ်ခု တည်ရှိနေခြင်း ဖြစ်၏။
အဝေးက ကြည့်လျှင် ရတနာတစ်ခုခုက ထိုနဂါးကြီးကို ဖိနှိပ်ထားသကဲ့သို့ ထင်ရသည်။
လူသားတစ်ယောက်အနေဖြင့် ကျိုးဟောက်ယွီ၏ အတွေးများမှာ လက်တွေ့ဆန်လှ၏။ သူက နှမြောတသသော မျက်နှာပေးဖြင့် ပြောလိုက်၏။
“ဒီလောက်လှတဲ့ ရှုခင်းက အပန်းဖြေစခန်းအဖြစ် မလုပ်ရသေးဘူးပဲ၊ ဒါကိုသာ အပန်းဖြေစခန်းလုပ်လိုက်ရင် ခရီးသွားတွေ တသီတတန်းကြီး လာကြမှာ သေချာတယ်”
“မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ ဒီနေရာက လူသားတွေ လာလို့ရတဲ့ နေရာမဟုတ်ဘူး”
လောင်ဇီ မျက်လုံးကိုမှေးကာ ပြောလိုက်သည်။
“လူသားတွေ လာလို့မရဘူး ဟုတ်လား၊ ဒါက နတ်ဘုရားနယ်မြေများလား”
ကျိုးဟောက်ယွီ စပ်စုလိုက်၏။
လောင်ဇီ လက်ဝှေ့ယမ်းကာ ပြန်ဖြေ၏။
“ဒါက နတ်ဘုရားနယ်မြေ မဟုတ်ပေမဲ့ လူသားတွေ လုံးဝ ချဉ်းကပ်လို့ မရတဲ့ နေရာပဲ”
ကျိုးဟောက်ယွီမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်လာပြီး တွေးလိုက်သည်။
‘သူက အရေးကြီးသလိုလိုနဲ့ လျှို့ဝှက်ချက်တွေ လုပ်နေတာလား၊ ဒါက တောင်တစ်တောင်ပဲလေ၊ ဘာတွေ ထူးခြားနေလို့လဲ’
လောင်ဇီ သူ၏ သံသယကို မြင်ကာ တည်ကြည်စွာ မှာကြားလိုက်၏။
“အတိုချုပ်ပြောရရင် မင်း ဒီနေရာကို နောက်တစ်ခါ ဘယ်တော့မှ တစ်ယောက်တည်း မလာနဲ့၊ ဒီဆေးလုံးက မင်းအတွက်ပဲ၊ ဒါက မင်း လိုက်ပို့ပေးတဲ့အတွက် ဆုလာဘ်ပေါ့“
ယခုတစ်ကြိမ် လောင်ဇီပေးသော ဆေးလုံးမှာ ချောကလက် အမဲရောင် မဟုတ်တော့ဘဲ ရွှေရောင်ဝင်းနေသော နတ်ဆေးလုံးတစ်လုံးနှင့် တူသည်။
သို့သော် လောင်ဇီမှာ အမြဲတမ်း စိတ်ချရသူ မဟုတ်ပေ။ ကျိုးဟောက်ယွီ မျက်နှာပျက်ပျက်ဖြင့် မေးလိုက်၏။
“လောင်ဇီ ဒီဆေးရဲ့ အစွမ်းက ဘာလဲ၊ အဘိုး ကျွန်တော့်ကို နောက်တစ်ခါ ထပ်ပြီး မလှည့်စားဘူး မဟုတ်လား”
“စားကြည့်လိုက်ရင် သိမှာပေါ့”
လောင်ဇီ အေးအေးဆေးဆေးပင် ပြန်ဖြေ၏။
ကျိုးဟောက်ယွီ အကယ်၍ လောင်ဇီသာ သူ့ကို မလိမ်ဘူးဆိုလျှင် ဤဆေးလုံးမှာ တန်ဖိုးကြီးလှသဖြင့် သူ မည်ကဲ့သို့ စားရဲပါ့မည်နည်း။
လောင်ဇီ သူ၏ အတွေးကို ရိပ်မိသွားပြီး မျက်လုံးမှေးကာ ပြောလိုက်သည်။
“ဒီဆေးက တခြားလူတွေအတွက် အလုပ်မလုပ်ဘူး၊ မင်း အခုပဲ စားလိုက်ဖို့ ငါ အကြံပေးချင်တယ်၊ ဒါက မင်းအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်”
“လောင်ဇီ ဒါက အဘိုး ကျွန်တော့်အတွက် သီးသန့်ဖော်စပ်ပေးထားတာလား”
ကျိုးဟောက်ယွီ အံ့ဩတကြီး မေးလိုက်သည်။
လောင်ဇီ စကားမပြောဘဲ ခေါင်းသာငြိမ့်ပြ၏။
လောင်ဇီမှ သူ့အတွက် သီးသန့် ဖော်စပ်ပေးထားသည်ဟု သိလိုက်ရသဖြင့် ဤသည်မှာ အလွန်ပင် ဂုဏ်ယူစရာ ကောင်းလှသည်။ ကျိုးဟောက်ယွီ တွန့်ဆုတ်မနေတော့ဘဲ ထိုဆေးလုံးကို ချက်ချင်းပင် မျိုချလိုက်တော့သည်။
သို့သော် စားပြီးနောက် ခံစားကြည့်ရာ သူ၏ ခန္ဓာကိုယ်တွင် မည်သည့်အရာမှ ပြောင်းလဲသွားခြင်း မရှိသဖြင့် သူ လှည့်စားခံလိုက်ရပြီဟု ချက်ချင်း ခံစားလိုက်ရ၏။
“လောင်ဇီ အဘိုး ကျွန်တော့်ကို ထပ်ပြီး နောက်ပြောင်နေပြန်ပြီလား၊ ဒါက ဘာမှလည်း ထူးမလာပါဘူး”
ကျိုးဟောက်ယွီမှာ ဒေါသထွက်သွားပြီး လောင်ဇီ၏ မုတ်ဆိတ်ကို ဆွဲလိုက်သည်။
“အား အား အား”
လောင်ဇီ ကျိုးဟောက်ယွီ၏ နားရွက်ကို လှမ်းဆွဲလိုက်ပြီး ဆို၏။
“ဒီကောင်လေး လူကြီးကို နည်းနည်းမှ မလေးစားဘူး၊ မင်းက ဘာလို့ သူများမုတ်ဆိတ်ကိုပဲ လိုက်ဆွဲနေတာလဲ”
“ဟေး အဘိုးက ပြောရဲသေးတယ်၊ အဘိုးက အသက်ထောင်ချီနေပြီ၊ ကလေးတစ်ယောက်လို နားရွက်လိုက်ဆွဲနေတာ ရှက်ဖို့ကောင်းလိုက်တာ”
ကျိုးဟောက်ယွီ ပြန်လည်ချေပလိုက်သည်။
“ဒါဆိုရင် ငါ သုံးထိ ရေတွက်မယ်၊ နှစ်ယောက်လုံး တစ်ပြိုင်တည်း လွှတ်ကြတာပေါ့”
လောင်ဇီ နာကျင်နေသော မျက်နှာဖြင့် ဆို၏။
“ကောင်းပြီ၊ အဘိုးကို နောက်ဆုံးတစ်ခါ ထပ်ပြီး ယုံကြည့်လိုက်မယ်”
လောင်ဇီ သုံးထိ ရေတွက်လိုက်သောအခါ နှစ်ယောက်လုံး တစ်ပြိုင်တည်း လက်လွှတ်လိုက်ကြသည်။
လောင်ဇီ သူ၏ လက်အင်္ကျီထဲမှ ဘီးအသေးလေး တစ်ခုကို အမြန်ထုတ်ကာ သူ၏ မုတ်ဆိတ်ကို သေသေချာချာ ပြန်ဖြီးနေ၏။
ကျိုးဟောက်ယွီမှာ ဆွံ့အသွားကာ မျက်လုံးကို အပေါ်လှန်လိုက်မိသည်။
“နတ်ဆေးရည်ရဲ့ အစွမ်းကိုတော့ နောက်ကျရင် မင်းကိုယ်တိုင် သိလာလိမ့်မယ်”
လောင်ဇီ ထိုနေရာမှာတင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ ဆို၏။
“ငါ တရားစထိုင်တော့မယ်၊ ငါ့ကို မနှောင့်ယှက်နဲ့တော့”
ကျိုးဟောက်ယွီ သူ ကျင့်ကြံတော့မည်ဟု ထင်ကာ မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်၏။
ရုတ်တရက် ဆီးသွားချင်စိတ် ပေါ်လာသဖြင့် ကျိုးဟောက်ယွီ လှည့်ထွက်လာပြီး လေချွန်ရင်း ပေါင်းပင်များကြားတွင် အပေါ့သွားတော့သည်။
“မူး”
ရုတ်တရက် ကောင်းကင်ယံမှ နွားအော်သံကဲ့သို့ သို့မဟုတ် အခြား တိရစ္ဆာန်တစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။
ထို့အပြင် ခဏလေးအတွင်းမှာပင် တောင်ကြီးမှာ တုန်ခါသွားသလို ကျိုးဟောက်ယွီ ခံစားလိုက်ရပြီး သူ၏ ဖိနပ်ပေါ်သို့ပင် ဆီးများ ပေကျံသွားသည်။
“လောင်ဇီ ဒါ ဘာအသံကြီးလဲ”
ကျိုးဟောက်ယွီ ဘောင်းဘီဇစ်ကို အမြန်ဆွဲကာ လှည့်မေးလိုက်၏။
“ဘာမှမမေးနဲ့တော့၊ တောင်အောက်ကို မြန်မြန်ဆင်းတော့၊ ငါ ကျောက်စိမ်းဧကရာဇ်ဆီ ပြန်ပြီး အစီရင်ခံရမယ်”
လောင်ဇီ သူ၏ လက်အင်္ကျီကို ဝှေ့ယမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အဖြူရောင်မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။
လောင်ဇီ၏ မျက်နှာပေါ်တွင် အလွန်အမင်း ထိတ်လန့်နေသော အရိပ်အယောင်များကို သူ အသေအချာ မြင်လိုက်ရ၏။
နတ်ဘုရားတစ်ပါးပင် ဤမျှအထိ ကြောက်ရွံ့နေမှတော့ ဤနေရာမှာ အလွန်အန္တရာယ်များလှသော နေရာဖြစ်ကြောင်း ကျိုးဟောက်ယွီ သေချာပေါက် သိလိုက်ပြီး ဆက်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူ လှည့်ပြီး တောင်အောက်သို့ အစွမ်းကုန်ပြေးဆင်းတော့၏။
တောင်အောက်သို့ ဆင်းလာစဉ် သူ၏ ခြေလှမ်းများမှာ အလွန်ပင် ပေါ့ပါးနေပြီး တောင်ပေါ်လမ်းအတိုင်း ပျံသန်းနေသကဲ့သို့ ခံစားလိုက်ရကာ တိမ်များပေါ်တွင် လွင့်မျောနေသကဲ့သို့ပင်။
“ဒါက ရွှေရောင်ဆေးလုံးရဲ့ အစွမ်းများလား”
ကျိုးဟောက်ယွီမှာ အံ့ဩဝမ်းသာ ဖြစ်သွားတော့သည်။
22
တောင်ပေါ်မှ တစ်ချိန်တည်း ပြေးဆင်းလာခဲ့ပြီးနောက် ကားထဲသို့ ရောက်သည့်တိုင်အောင် မြေပြင်မှာ အနည်းငယ် တုန်ခါနေဆဲဖြစ်ကြောင်း ကျိုးဟောက်ယွီ ခံစားနေရသည်။ မြေအောက်ထဲမှ တစ်စုံတစ်ရာ ထွက်ပေါ်လာတော့မည့်အတိုင်းပင်။
ကျိုးဟောက်ယွီ ဆက်မတွေးရဲတော့ဘဲ လီဗာနင်းကာ ထိုခြောက်ခြားဖွယ်နေရာမှ အမြန်မောင်းထွက်ခဲ့သည်။
သူ မြို့ထဲသို့ရောက်သည်အထိ အရှိန်ပြင်းပြင်း မောင်းနှင်လာခဲ့ပြီးမှသာ လမ်းဘေးတစ်နေရာတွင် ကားရပ်လိုက်၏။
"ဟူး"
သူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိပြီးနောက် စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
"အဲဒီနေရာမှာ တကယ်ပဲ ဘာရှိနေတာလဲ၊ ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ"
ကျိုးဟောက်ယွီ မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။
ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ တကယ့်ကို ထူးဆန်းအံ့ဩဖွယ်ရာကြီးပင်။
အမည်မသိ ဟိန်းဟောက်သံများ၊ တုန်ခါနေသော တောင်တန်းများနှင့် လောင်ဇီ၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအရာ။
တစ်ခုချင်းစီတိုင်းမှာ ရှင်းပြရခက်လှသည်။
သေချာသည်မှာ ထိုနေရာတွင် လူမသိနိုင်သော လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်နေခြင်းပင် ဖြစ်၏။
ကျိုးဟောက်ယွီ သူ၏ဖုန်းကို စစ်ဆေးလိုက်ရာ မဖတ်ရသေးသော မက်ဆေ့ချ်တစ်ခု တွေ့လိုက်ရသည်။
ဖွင့်ကြည့်လိုက်ရာ ထိုက်ရှန်းလောင်ဇီထံမှ ဖြစ်နေ၏။
"ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ဒါကို အသေအချာ မှတ်ထား"
လောင်ဇီမှ "အသေအချာ မှတ်ထား" ဆိုသည့် စကားလုံးကို နှစ်ခါတောင် သုံးထားသဖြင့် ကိစ္စမှာ အတော်လေး အရေးကြီးကြောင်း သိသာသည်။
"လောင်ဇီ ခုနက တကယ်ပဲ ဘာဖြစ်တာလဲဟင်"
ကျိုးဟောက်ယွီ ချက်ချင်း မက်ဆေ့ချ် ပြန်ပို့လိုက၏။
"ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်လို့ မရဘူး"
ထိုက်ရှန်းလောင်ဇီ ချက်ချင်း ပြန်ဖြေလာ၏။
မျက်နှာပြင်ပေါ်မှ စာသားများကိုကြည့်ပြီး ကျိုးဟောက်ယွီ တွေးနေမိသည်။
‘အဲဒီမှာ ဘယ်လို ကောင်းကင်ဘုံလျှို့ဝှက်ချက်မျိုး ဖုံးကွယ်နေတာလဲ’
‘ထုတ်ဖော်လို့ မရဘူးဆိုရင်လည်း လောင်ဇီက ဘာလို့ သူ့ကို တောင်ပေါ်ထိ အတူခေါ်သွားရတာလဲ’
ဤမေးခွန်းများမှာ ကျိုးဟောက်ယွီကို ဒုက္ခပေးနေသဖြင့် အဘယ်ကြောင့်နည်းဆိုသည်ကို ထပ်မေးလိုက်ပြန်၏။
သို့သော် အချိန်အတော်ကြာသည့်တိုင်အောင် လောင်ဇီ ပြန်မဖြေတော့ပေ။
ကျိုးဟောက်ယွီ တွေးလေ ပိုထူးဆန်းလေ ဖြစ်လာသဖြင့် သူ၏ဖုန်းမှတစ်ဆင့် ထိုနေရာကို Baiduတွင် ရှာဖွေကြည့်လိုက်တော့သည်။
(T/N. Baidu_တရုတ်နိုင်ငံမှာသုံးတာပါ၊ သူက googleနဲ့ တူပါတယ်)
ခွန်းလွန်တောင်၏ ဖော်ပြချက်များကို ကြည့်ပြီး ကျိုးဟောက်ယွီ၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာ၏။
ခွန်လွန်တောင်သည် ပင်းဟိုင်မြို့နှင့် အိမ်နီးချင်းမြို့၏ နယ်စပ်တွင် တည်ရှိပြီး တောင်တန်းများမှာ နဂါးကြီးတစ်ကောင်နှင့် တူလှသဖြင့် ခွန်းလွန်တောင်ဟု ခေါ်တွင်ခြင်း ဖြစ်သည်။
အစပိုင်းဖော်ပြချက်များမှာ ရိုးရှင်းလှသဖြင့် ကျိုးဟောက်ယွီ သေချာမဖတ်ဘဲ အောက်သို့ အမြန်ဆွဲချလိုက်၏။
ရုတ်တရက် မျက်စိထဲသို့ ခေါင်းစဉ်တစ်ခု တိုးဝင်လာသည်။
"ခွန်းလွန်တောင်၊ ဤမြို့၏ တားမြစ်နယ်မြေ"
ကျိုးဟောက်ယွီ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ထိုသတင်းကို နှိပ်ကြည့်လိုက်၏။
ဤသတင်းမှာ လွန်ခဲ့သော ငါးနှစ်၊ ခြောက်နှစ်ခန့်က ဖြစ်သည်။ ချမ်းသာသော စီးပွားရေးသမားတစ်ဦးသည် ခွန်းလွန်တောင်၏ ထူးခြားလှသော မြေမျက်နှာသွင်ပြင်နှင့် လှပသော ရှုခင်းများကို တွေ့ရှိခဲ့ပြီး ခရီးသွားဆွဲဆောင်ရာ နေရာအဖြစ် ဖော်ဆောင်ရန် အကြီးအကျယ် ရင်းနှီးမြှုပ်နှံလိုခဲ့သည်။
သို့သော် ထိုစီးပွားရေးသမားသည် လူတစ်ဒါဇင်ကျော်ပါသော အဖွဲ့ကို ဦးဆောင်ကာ စူးစမ်းလေ့လာရန် သွားရောက်သောအခါ အားလုံး ပျောက်ဆုံးသွားခဲ့ကြ၏။
နောက်ပိုင်းတွင် လိုက်လံရှာဖွေသူများပင် ပြန်မလာနိုင်တော့ဘဲ အားလုံး တောင်ပေါ်တွင် အသက်ပျောက်ခဲ့ကြရသည်။
ထိုဖြစ်ရပ်မှာ အလွန်ထူးဆန်း ခြောက်ခြားဖွယ်ကောင်းလှသဖြင့် မည်သူမှ ထပ်မံမသွားရဲကြတော့ဘဲ စီးပွားရေးသမား၏ ပျောက်ဆုံးမှုမှာလည်း အဖြေမထွက်ဘဲ ကျန်ရစ်ခဲ့၏။
ပါးစပ်ရာဇဝင်များကြောင့် ဤဇာတ်လမ်းမှာ ပို၍ပင် ကြောက်စရာကောင်းလာကြောင်း ကျိုးဟောက်ယွီ နားလည်လိုက်သည်။
သတင်းကို ဖတ်ပြီးနောက် ကျိုးဟောက်ယွီ၏ ကျောထဲတွင် စိမ့်ခနဲ ဖြစ်သွား၏။
"ဒီနေရာက တကယ်ပဲ သာမန်လူတွေ ချဉ်းကပ်လို့ရတဲ့ နေရာမဟုတ်ဘူးပဲ၊ ဒီနေ့ ငါ ဘေးကင်းကင်း ပြန်ရောက်လာတာ လောင်ဇီရဲ့ စောင့်ရှောက်မှုကြောင့် ဖြစ်ရမယ်"
ကျိုးဟောက်ယွီ တွေးကာ နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်သည်။
တစ်လမ်းလုံး ပြေးလာရသဖြင့် ကျိုးဟောက်ယွီ ရေငတ်လာကာ ရေတစ်ဗူးဝယ်ရန် ဆုံးဖြတ်လိုက်၏။
သို့သော် သူ ကားပေါ်က ဆင်းလိုက်သည်နှင့် မိန်းကလေးတစ်ယောက်မှ သူ့အား လက်ကမ်းစာစောင်တစ်ခု ကမ်းပေးလာသည်။
"အစ်ကိုကြီး ကျန်းမာရေးစင်တာ အသစ်တစ်ခု ဖွင့်ထားပါတယ်၊ တစ်ကိုယ်လုံး အခမဲ့ စစ်ဆေးပေးနေပါတယ်၊ စိတ်ဝင်စားရင် လေ့လာကြည့်မလားရှင်"
မိန်းကလေး၏ အသံမှာ ချိုသာလှသော်လည်း ကျိုးဟောက်ယွီမှာ စိတ်မပါပေ။ သူမကိုပင် လှည့်မကြည့်ဘဲ အေးစက်စွာ ငြင်းလိုက်၏။
"စိတ်မဝင်စားဘူး"
"အစ်ကိုကြီး ကျွန်မတို့က လိမ်တာမဟုတ်ပါဘူး၊ တကယ်ကို အခမဲ့ပါ၊ အကယ်၍ ပိုက်ဆံတောင်းတာမျိုး ရှိခဲ့ရင် အစ်ကိုကြီး ကြိုက်သလို လုပ်လို့ရပါတယ်"
ထိုမိန်းကလေးမှာ ကျိုးဟောက်ယွီ၏ လက်မောင်းကို ဆွဲထားလိုက်သည်။
"ဪ ကြိုက်သလို လုပ်လို့ရတယ် ဟုတ်လား"
ကျိုးဟောက်ယွီ၏ စိတ်ထဲတွင် ခပ်ညစ်ညစ်အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာပြီး ထိုမိန်းကလေးကို အကဲခတ်ကြည့်လိုက်၏။
သူမမှာ အသက် တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးခန့် ရှိပုံရပြီး ရှေ့ဆံမြိတ်လေးနှင့် ဆံပင်နှစ်ဖက် ခွဲစည်းထား၏။ ရိုးသားဖြူစင်သော ပုံစံရှိကာ နေပူထဲတွင် လျှောက်သွားနေရသဖြင့် ပါးလေးနှစ်ဖက်မှာ ရဲနေပြီး အတော်လေး ချစ်စရာကောင်းလှသည်။
သူမ၏ ကလေးဆန်သော ပုံစံကို မြင်သောအခါ ကျိုးဟောက်ယွီ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် လုပ်နေသူဟု ထင်လိုက်သဖြင့် သူ၏ အတွေးဆိုးများကို ဖျောက်ပစ်ပြီး တွေးလိုက်သည်။
'မိန်းကလေးငယ်လေးတွေလည်း ရုန်းကန်နေရတာပဲ၊ သူမလည်း တာဝန်ကျေဖို့အတွက် လူလိုက်ရှာနေတာ ဖြစ်မှာပါ'
ထို့ကြောင့် သူမကို ကူညီလိုသော စိတ်ဖြင့် ကျိုးဟောက်ယွီ မေးလိုက်၏။
"ညီမလေး မလိမ်နဲ့နော်၊ တကယ် အခမဲ့လား"
"တကယ် အခမဲ့ပါရှင်"
မိန်းကလေးမှာ အပြစ်ကင်းစင်စွာ ပြုံးပြလိုက်သည်။
ကျိုးဟောက်ယွီ လက်ကမ်းစာစောင်ကို ကြည့်လိုက်ရာ ဆိုင်မျက်နှာစာမှာ ကြီးမားပြီး တရားဝင်ပုံစံပေါက်နေသဖြင့် လိမ်လည်လှည့်ဖြားမည့် ပုံစံမျိုးမဟုတ်ပေ။
"ဒါဆိုရင်လည်း လိုက်ကြည့်တာပေါ့"
ကျိုးဟောက်ယွီ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
မိန်းကလေးမှာ ဝမ်းသာသွားပြီး ကျိုးဟောက်ယွီကို ကျန်းမာရေးစင်တာတစ်ခုဆီသို့ ခေါ်သွားသည်။
ကျန်းမာရေးစင်တာမှာ အသစ်ဖွင့်ထားခြင်း ဖြစ်ပုံရပြီး အတွင်းတွင် လူသိပ်မရှိပေ။ မည်သို့ပင်ဖြစ်စေ ကျိုးဟောက်ယွီကဲ့သို့ သူတစ်ပါးကို သနားပြီး စမ်းကြည့်ချင်သူမျိုးမှာ အလွန်ပင် ရှားပါးလှသည် မဟုတ်ပါလား။
"ဒေါက်တာကျောက် ကျွန်မ လူခေါ်လာပြီ၊ ဒီနေ့အတွက် တာဝန် ပြီးပြီလားဟင်"
ထိုမိန်းကလေးသည် အသက်လေးဆယ်၊ ငါးဆယ်ခန့်ရှိသော ဆရာဝန်ဝတ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးကို မေးလိုက်၏။
"ဒီနေ့အတွက် လုပ်အားခ သွားယူလိုက်တော့၊ အိမ်ပြန်လို့ ရပြီ"
ဒေါက်တာကျောက် အမူအရာမရှိဘဲ ပြောလိုက်သည်။
မိန်းကလေးမှာ ဝမ်းသာအားရ ခေါင်းငြိမ့်ကာ ကျိုးဟောက်ယွီကို နှုတ်ဆက်လိုက်၏။
"နှုတ်ဆက်ပါတယ် အစ်ကိုကြီး"
ကျိုးဟောက်ယွီမှာ သူမသည် အတော်လေး ယဉ်ကျေးပြီး တက်ကြွလှသည်ဟု ထင်ကာ ပြုံးလျက် ပြန်လည် နှုတ်ဆက်လိုက်သည်။
"ဒီမှာ လာပြီး မှတ်ပုံတင်ပါ"
ဒေါက်တာကျောက် ကျိုးဟောက်ယွီကို ပုံစံစာရွက်တစ်ခု ကမ်းပေးလိုက်၏။
ကျိုးဟောက်ယွီ ကြည့်လိုက်ရာ သာမန် ကိုယ်ရေးအချက်အလက် ဖြည့်စွက်ရသော စာရွက်သာ ဖြစ်သဖြင့် မည်သည်မှ ထွေထွေထူးထူး မစဉ်းစားဘဲ ဖြည့်လိုက်သည်။
အချက်အလက်များ ဖြည့်နေစဉ် သူ ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
"ဒေါက်တာကျောက် ဒါက တကယ်ပဲ အခမဲ့ ကျန်းမာရေးစစ်ဆေးတာလား"
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့ စစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်ပေးသရွေ့တော့ ဘာအခကြေးငွေမှ ပေးစရာ မလိုပါဘူး"
ဒေါက်တာကျောက် တည်ကြည်စွာ ပြန်ဖြေသည်။
ကျိုးဟောက်ယွီ ယခုမှ လုံးဝ စိတ်ချသွားတော့၏။
သို့သော် သူ၏ စိတ်ထဲတွင် အခြား အကြံတစ်ခု ရှိသေးသည်။
"ဒေါက်တာကျောက် ဆရာက လူကောင်းတစ်ယောက်မှန်း ကျွန်တော် သိပါတယ်၊ မနေ့က ကျွန်တော့်ခေါင်း အရိုက်ခံလိုက်ရလို့လေ၊ ဆရာ ကျွန်တော့်ကို ဒဏ်ရာလေး ပတ်တီးစီးပေးပြီး အားဆေးလေး ဘာလေး ပေးလို့ ရမလား"
ကျိုးဟောက်ယွီ သူ၏ အရှက်မရှိမှုကို အဆုံးစွန်ထိ အသုံးချလိုက်၏။
အခမဲ့ စစ်ဆေးရုံတင်မကဘဲ အားဆေးပါ တောင်းချင်နေခြင်း ဖြစ်သည်။
ကျိုးဟောက်ယွီ၏ အရှက်မရှိသော အပြုအမူကို ဒေါက်တာကျောက်မှ မထင်မှတ်ဘဲ လွယ်လွယ်ကူကူပင် သဘောတူလိုက်၏။
"ပြဿနာမရှိပါဘူး"
ကျိုးဟောက်ယွီမှာ ဝမ်းသာသွားပြီး တွေးလိုက်သည်။
'ဒီကမ္ဘာမှာ လူကောင်းတွေ အများကြီး ရှိပါသေးလား’
အချက်အလက်များ မှတ်ပုံတင်ပြီးနောက် ဒေါက်တာကျောက်က ကျိုးဟောက်ယွီကို ခွဲစိတ်ခန်းနှင့် တူသော အခန်းတစ်ခုထဲသို့ ခေါ်သွား၏။
အခန်းမှာ ကြီးမားလှသော်လည်း ဒေါက်တာကျောက်မှလွဲ၍ အခြားသူတစ်ယောက်မှ မတွေ့ရသဖြင့် ကျိုးဟောက်ယွီ ဇဝေဇဝါ ဖြစ်သွားရသည်။
"ဒေါက်တာကျောက် ဘာလို့ ဒီမှာ ဆရာတစ်ယောက်တည်း ရှိနေတာလဲ"
ကျိုးဟောက်ယွီ မေးလိုက်၏။
"အခုမှ အသစ်ဖွင့်တာဆိုတော့ တခြားလူတွေက လူသွားခေါ်နေကြလို့ပါ”
ဒေါက်တာကျောက် ခေါင်းမလှည့်ဘဲ ပြန်ဖြေသည်။
ကျိုးဟောက်ယွီလည်း သူ၏ စကားကို သံသယမဖြစ်မိပေ။
‘ဒီဘက်ခေတ်မှာ ဘယ်နယ်ပယ်မဆို ပြိုင်ဆိုင်မှုက ပြင်းထန်လာတယ် မဟုတ်လား’
အရှက်မရှိနိုင်လျှင် အောင်မြင်ရန် ခက်ခဲ၏။
အတွင်းသို့ ရောက်သောအခါ ဒေါက်တာကျောက် ကျိုးဟောက်ယွီကို မျက်စိတစ်ချက်မှိတ်ပြကာ ဆိုသည်။
"အရင်ဆုံး သွေးဖောက်စစ်ဆေးမယ်"
ယင်းမှာ ကျန်းမာရေးစစ်ဆေးမှု၏ ပုံမှန်လုပ်ငန်းစဉ်တစ်ခုဖြစ်သဖြင့် ကျိုးဟောက်ယွီ မည်သည်ကိုမှထွေထွေထူးထူး မစဉ်းစားဘဲ အင်္ကျီလက်ကို လိပ်တင်လိုက်၏။