အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
23
သွေးဖောက်ပြီးနောက် ဒေါက်တာကျောက် ကျိုးဟောက်ယွီ၏ သွေးနမူနာကို ကိုင်ထားရင်း ပြောလိုက်သည်။
"ခဏလောက် ထိုင်စောင့်ပေးပါဦး၊ နောက်ထပ် စမ်းသပ်မှုတချို့ ဆက်လုပ်ပါမယ်"
"ရပါတယ်ဒေါက်တာ၊ ကျွန်တော့်မှာ အချိန်တွေ အများကြီး ရှိပါတယ်၊ စိတ်ရှည်လက်ရှည် စောင့်နိုင်ပါတယ်"
ကျိုးဟောက်ယွီ အလကားရသည့် အခွင့်အရေးကို အတော်လေး တန်သည်ဟု ယူဆထားသဖြင့် လုံးဝ မလောပေ။
ဒေါက်တာကျောက်သည် သွေးနမူနာကို ယူပြီး အခြားအခန်းတစ်ခုသို့ ဝင်သွား၏။
ကျိုးဟောက်ယွီမှာမူ အခန်းထဲရှိ အေးစက်စက် စက်ကိရိယာများကို စိတ်မဝင်စားသဖြင့် လက်ဖြင့် ခေါင်းကိုထောက်ကာ တစ်မှေးမှိတ်နေလိုက်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိလိုက်ဘဲ ဒေါက်တာကျောက် ပြန်ဝင်လာမှ နိုးလာခဲ့၏။
ယခုတစ်ကြိမ်တွင်မူ အခြားဆရာဝန်တစ်ဦးပါ ပါလာသည်။
သူသည် နှာခေါင်းစည်း တပ်ထားသဖြင့် ကျိုးဟောက်ယွီအနေဖြင့် သူ၏မျက်နှာကို မမြင်ရဘဲ အမျိုးသားတစ်ဦးမှန်းသာ သိလိုက်ရ၏။
"မင်းရဲ့ သွေးထဲကနေ တစ်ဆင့် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဖုံးကွယ်နေတဲ့ ရောဂါတစ်ခုကို ရှာတွေ့ထားတယ်"
သူ့မှာ ရောဂါရှိနေသည်ဟု ကြားလိုက်ရသဖြင့် ကျိုးဟောက်ယွီ တုန်လှုပ်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"ဒေါက်တာကျောက် ကျွန်တော့်မှာ ဘာရောဂါရှိလို့လဲဟင်၊ ကင်ဆာများလား၊ နောက်ဆုံးအဆင့် ဖြစ်နေပြီလား"
ထိုခဏချင်းမှာပင် သူ၏ ဘဝကြီးမှာ မှောင်မိုက်သွားသလို ခံစားလိုက်ရ၏။ သူက ငယ်ငယ်လေးရှိသေးပြီး ဘဝကို ကောင်းကောင်းပင် မခံစားရသေးပေ။
အရေးကြီးဆုံးမှာ သူသည် ချန်အယ်ကိုပင် မရသေးဘဲ ယခုကဲ့သို့ အရွယ်မတိုင်မီ မသေချင်သေးခြင်း ဖြစ်၏။
"စိတ်မလှုပ်ရှားပါနဲ့၊ ကင်ဆာမဟုတ်ပါဘူး၊ ရောဂါအသေးအမွှားလေးပါ၊ ဒီမှာပဲ ကျွန်တော်တို့ ကုပေးလို့ ရပါတယ်"
ဒေါက်တာကျောက်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
ကျန်းမာရေးစင်တာတစ်ခုက ကုပေးနိုင်သည်ဆိုလျှင် ထိုရောဂါမှာ အလွန်အမင်း ပြင်းထန်မည်မဟုတ်ဟု ကျိုးဟောက်ယွီ တွေးလိုက်မိ၏။
သူ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဆိုသည်။
"ဒါဆိုရင် ဆရာတို့ ခိုင်းသမျှ ကျွန်တော် ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်"
ဒေါက်တာကျောက်နှင့် အခြားဆရာဝန်တစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ခိုင်းလေ၏။
"အရင်ဆုံး အဲဒီ ကုသရေးစက်ပေါ်မှာ သွားထိုင်လိုက်ပါ"
ကျိုးဟောက်ယွီ လှည့်ကြည့်လိုက်ရာ ထိုစက်မှာ အနည်းငယ် ထူးဆန်းနေပြီး ရှေးခေတ် ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာတစ်ခုနှင့်ပင် တူနေသည်။
အလယ်တွင် ကျားထိုင်ခုံနှင့်တူသော ခုံတစ်ခု ရှိပြီး ဆံပင်ညှပ်ဆိုင်များတွင် သုံးသည့် ဆံပင်ပေါင်းစက်ကဲ့သို့ အရာတစ်ခုမှာ ဝါယာကြိုးများစွာဖြင့် ချိတ်ဆက်ထား၏။
ထိုင်ခုံ၏ နောက်ကျောတွင်မူ ထိန်းချုပ်နိုင်သော မျက်နှာပြင်ကြီးတစ်ခု ရှိသည်။
ကျိုးဟောက်ယွီသည် ထိုစက်ကို အလွန်အဆင့်မြင့်သည်ဟု ထင်ကာ စိတ်လှုပ်ရှားသွား၏။
"ဒေါက်တာကျောက် ဒါကြီးက တကယ့်ကို နည်းပညာအမြင့်စားပဲနော်"
ကျိုးဟောက်ယွီ ထိုင်လိုက်ရင်း စပ်စုကြည့်ကာ ပြောလိုက်သည်။
"ဒါက နိုင်ငံခြားကနေ တင်သွင်းထားတဲ့ ကုသရေးစက်ပဲ၊ ဘာမှ လျှောက်မကိုင်နဲ့ဦး"
ဒေါက်တာကျောက်က အေးဆေးစွာ ပြော၏။
ကျိုးဟောက်ယွီ သင်ခန်းစာကို အလေးအနက် နားထောင်နေသော ကျောင်းသားတစ်ဦးကဲ့သို့ ချက်ချင်းပင် မတ်မတ်ထိုင်လိုက်သည်။
ထိုအချိန်တွင် ဒေါက်တာကျောက်သည် အပြာရောင် လျှပ်စစ်တောက်နေသော ဖန်လုံးနှင့် တူသောအရာ တပ်ဆင်ထားသည့် အခြားကိရိယာတစ်ခုကို တွန်းလာရာ တကယ့်ကို ခန့်ညားလှ၏။
"ဝိုး ဒါက အံ့ဩစရာပဲ အခုခေတ် ဆေးဘက်ဆိုင်ရာ ကိရိယာတွေက သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲက အတိုင်းပဲ၊ တကယ့်ကို မယုံနိုင်စရာပဲ"
ကျိုးဟောက်ယွီ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။
"မလှုပ်နဲ့"
ဒေါက်တာကျောက် စကားသုံးလုံးကို အေးစက်စွာ ပြောလိုက်၏။
ကျိုးဟောက်ယွီ ကိုယ်ဟန်ကို ပြင်လိုက်ပြီး တိတ်တဆိတ် တွေးနေသည်။
'ဒီတစ်ခါတော့ တကယ့်ကို တန်တာပဲ၊ ဒီလောက် အဆင့်မြင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုကို အလကားရတာ'
ထို့နောက် ဒေါက်တာကျောက် စက်ပေါ်မှ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ကျိုးဟောက်ယွီ၏ လက်နှင့် ခြေထောက်များမှာ အလိုအလျောက် ချုပ်နှောင်ခံလိုက်ရတော့၏။
"အာ"
ကျိုးဟောက်ယွီ၏ မျက်နှာမှာ ကြောင်သွားပြီး ယင်းက သူထင်ထားသကဲ့သို့ မဟုတ်မှန်း သိလိုက်ရသည်။
"ဟို ဒါက ဘာသဘောလဲဟင်၊ ဘာလို့ ကျွန်တော့်ကို ချုပ်ထားတာလဲ"
ကျိုးဟောက်ယွီ ဇဝေဇဝါဖြင့် မေးလိုက်၏။
ဒေါက်တာကျောက် တည်ကြည်စွာ ပြန်ဖြေသည်။
"ဒီကုသမှုက အနည်းငယ် နာကျင်နိုင်တယ်၊ မင်း လူးလွန့်ပြီး စက်ကို တိုက်မိမှာစိုးလို့ ချုပ်ထားတာပါ"
ငတုံးတစ်ယောက်ပင်လျှင် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သိနိုင်၏။
"မေ့ဆေး ရှိတာပဲ မဟုတ်လား၊ ဘာလို့ ကျွန်တော့်ကို ဒီလို ချုပ်ထားရတာလဲ၊ လွှတ်ပေး"
ကျိုးဟောက်ယွီ ရုန်းကန်ရန် ကြိုးစားသော်လည်း သံကြိုးများဖြင့် အသေချည်ထားကြောင်း တွေ့လိုက်ရသည်။
"ပါးစပ်ပိတ်ထားစမ်း"
အခြားဆရာဝန်မှ ဟောက်လိုက်၏။
ကျိုးဟောက်ယွီသည် ထိုသူက ခွဲစိတ်ဓားအား ကိုင်ထားသည်ကို မြင်လိုက်ရ၏။ သူသည် နှာခေါင်းစည်းတပ်ထားသော်လည်း သူ၏ မျက်လုံးများမှာ ကြမ်းကြုတ်လှသည်။
ထိုခဏ၌ ကျိုးဟောက်ယွီ သူ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရပြီး တွေးလိုက်၏။
'ဒါက ငါ့ကျောက်ကပ်ကို ထုတ်ယူဖို့ ကြံစည်နေတဲ့ မြေအောက်အဖွဲ့အစည်းများလား’
သူ ကျောထဲစိမ့်သွားပြီး သူ၏လောဘကို နောင်တရမိတော့သည်။
"အစ်ကိုတို့ အစ်ကိုတို့၊ ကောင်းကောင်း ဆွေးနွေးကြရအောင်၊ ပိုက်ဆံလိုချင်ရင် ကျွန်တော့်အိတ်ထဲမှာ ရှိပါတယ်၊ အများကြီးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ထမင်းကောင်းကောင်း တစ်နပ်တော့ စားလို့ရတာပေါ့၊ ကုသိုလ်ရအောင် ကျွန်တော့်ကို လွှတ်ပေးပါ"
ကျိုးဟောက်ယွီ အတင်းပြုံးကာ အသနားခံ၏။
သို့သော် ထိုဆရာဝန်နှစ်ဦးမှာ သူ့ကို လုံးဝ လျစ်လျူရှုထားပြီး ပြင်ဆင်စရာရှိသည်များကိုသာ ဆက်လုပ်နေကြသည်။
"တောက် ဒါဆိုရင်တော့ အဆင်မပြေတော့ဘူး"
ကျိုးဟောက်ယွီ တိုးတိုးလေး ရေရွတ်လိုက်၏။
"အစ်ကိုတို့ ကျွန်တော့်စကားကို နားထောင်ပါဦး၊ ကျွန်တော့်ကျောက်ကပ်က တကယ်ကို တန်ဖိုးမရှိပါဘူး၊ ကျွန်တော်က ဆီးခဏခဏ သွားရတဲ့ ရောဂါရှိတယ်၊ ပြီးတော့ အိပ်ရာထဲမှာလည်း သုံးစက္ကန့်ထက် ပိုမခံဘူး၊ ကြည့်ပါဦး၊ ဒီကျောက်ကပ်က ဘာမှအသုံးမကျပါဘူး၊ ရောင်းရင် အစ်ကိုတို့ ရှုံးမှာ သေချာတယ်"
သူ မည်မျှပင် ပြောသော်လည်း ထိုဆရာဝန်နှစ်ဦးမှာ လုံးဝ ဂရုမစိုက်ပေ။
ထိုအချိန်တွင် သူတို့မှာ ကျိုးဟောက်ယွီရှေ့၌ နားမကြားသူများကဲ့သို့ သို့မဟုတ် အခြားကမ္ဘာတစ်ခုတွင် နေထိုင်သူများကဲ့သို့ ဖြစ်နေကြသည်။
အကြိမ်ကြိမ် ကြိုးစားပြီးနောက် ကျိုးဟောက်ယွီမှာ အချည်းနှီးဖြစ်ကြောင်း သိလိုက်ရ၏။
"တောက် သူတို့ကတော့ ငါ့ကျောက်ကပ်ကို ယူဖို့ ဆုံးဖြတ်ထားပုံပဲ"
စကားပြော၍မရမှတော့ အလုပ်ဖြင့် သက်သေပြရမည်။ ဤအတိုင်း အသေခံ၍ မဖြစ်ဟု ကျိုးဟောက်ယွီ တွေးလိုက်သည်။
ကျိုးဟောက်ယွီ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အသက်ကို အောင့်ကာ ဝမ်းဗိုက်အောက်ပိုင်းမှ လေကို အပေါ်သို့ ဖြည်းဖြည်းချင်း ဆွဲတင်လိုက်၏။
သူသည် စက္ကန့်အနည်းငယ်မျှ အောင့်ထားပြီးနောက် အားကုန်သုံးကာ ဟိန်းဟောက်လိုက်သည်။
ဂျွန်း ဂျွန်း
အသံနှစ်ချက် ထွက်ပေါ်လာပြီးနောက် ကျိုးဟောက်ယွီ၏ လက်နှစ်ဖက်မှာ ချုပ်နှောင်ထားသည့် အရာများမှ လွတ်မြောက်သွား၏။
ထိုခဏ၌ သူကိုယ်တိုင်ပင် သူ၏ ခွန်အားကို မယုံနိုင်အောင် ဖြစ်သွားရသည်။
သူသည် တီဗွီထဲက အခန်းဆက်တစ်ခုကို အတုယူပြီး စမ်းကြည့်ရုံသာ ရှိသေးသည်။ တကယ် လွတ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် သူ၏လက်မောင်းရှိ ကြောများမှာ အထင်းသားပေါ်လာပြီး တစ်ကိုယ်လုံးတွင် အင်အားများ ပြည့်လျှံနေသည်ဟု ခံစားလိုက်ရ၏။
"ဒါက ရွှေရောင်ဆေးလုံးရဲ့ အစွမ်းများလား"
ကျိုးဟောက်ယွီ မယုံနိုင်စရာ ရေရွတ်လိုက်မိသည်။
ကျိုးဟောက်ယွီ လွယ်လွယ်ကူကူ လွတ်သွားသည်ကို မြင်သောအခါ ဆရာဝန်နှစ်ဦးမှာ အံ့ဩတကြီး ကြည့်လိုက်မိကြ၏။
"ငါတို့ ရှာနေတဲ့လူက သူပဲ ဖြစ်ရမယ်"
ဒေါက်တာကျောက် ပြတ်သားစွာ ပြောလိုက်သည်။
"ဒါဆို သူ့ကို ဖမ်းစမ်း"
အခြားဆရာဝန်မှ အော်လိုက်၏။
ချက်ချင်းပင် ဆရာဝန်နှစ်ဦးစလုံး ကျိုးဟောက်ယွီပေါ်သို့ ခုန်အုပ်လိုက်ကြသည်။
ကျိုးဟောက်ယွီသည်လည်း သူ၏ လက်ရှိခွန်အားကို စမ်းသပ်လိုသဖြင့် မရှောင်တော့ဘဲ ဒေါက်တာကျောက်ကို လက်သီးဖြင့်တည့်တည့် ထိုးလိုက်၏။
‘ဘုန်း’
ဒေါက်တာကျောက် လေထဲတွင် ဝဲပျံသွားပြီး နံရံနှင့် အရင်တိုက်မိကာမှ ဗီရိုပေါ်သို့ ကျသွား၏။ ခွဲစိတ်ကိရိယာများမှာလည်း ကြမ်းပြင်ပေါ်သို့ တဖြုတ်ဖြုတ် ပြုတ်ကျကုန်သည်။
မိမိ၏ လက်သီးအရှိန်ကို သိလိုက်ရသဖြင့် ကျိုးဟောက်ယွီကိုယ်တိုင်ပင် အံ့ဩမှင်တက်သွားရ၏။
အခြားဆရာဝန်မှာမူ လုံးဝ ကြောင်သွားပြီး ကျိုးဟောက်ယွီရှေ့တွင် မလှုပ်မယှက် ရပ်နေမိသည်။
ကျိုးဟောက်ယွီ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။ သူ လက်မြှောက်လိုက်သည်နှင့် ထိုဆရာဝန်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းကိုကိုင်ကာ မြေပြင်ပေါ်တွင် ဝပ်စင်းသွား၏။
"ငရဲကို ဒိုးလိုက်တော့"
ကျိုးဟောက်ယွီ ထိုသူ၏ မေးစေ့ကို ကန်လိုက်သည်။
သူ ထွေးထုတ်လိုက်သော သွေးများထဲတွင် သွားအချို့ပါ ပါလာသည်ကို အထင်းသား မြင်လိုက်ရ၏။
အလကားရသည်ဟု ထင်ခဲ့သော်လည်း ယင်းက သေချာစီစဉ်ထားသော ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျိုးဟောက်ယွီ အလွန် ဒေါသထွက်နေသည်။
"မင်းတို့က ငါ့ကို လိမ်ခဲ့တာပေါ့၊ နိုင်ငံခြားက နည်းပညာအမြင့်စားတွေတဲ့လား၊ ဝေးသေးတယ်၊ အကုန်လုံးကို ဖျက်ဆီးပစ်မယ်"
ကျိုးဟောက်ယွီ ထိုင်ခုံတစ်ခုကို ကောက်ကိုင်ကာ ထိုကုသရေးစက်ကို အားကုန် ရိုက်ခွဲပစ်လိုက်၏။
24
ငယ်စဉ်ကတည်းက ကျိုးဟောက်ယွီသည် အခြားအရာများထက် လှည့်ဖြားခံရခြင်းကို အမုန်းဆုံး ဖြစ်၏။
ယခင်က ထိုမိန်းကလေးငယ်လေးအပေါ် သူ သနားစိတ်ဝင်ခဲ့မိသော်လည်း နောက်ဆုံးတွင် ထိုသနားညှာတာမှုမှာ သစ္စာဖောက်ခံလိုက်ရပြီး ရောင်းစားခံလိုက်ရခြင်းပင် ဖြစ်သည်။
ထို့တင်မကဘဲ သူ၏ကျောက်ကပ်မှာလည်း အခိုးခံရလုနီးပါး ဖြစ်ခဲ့သည်။ ကျိုးဟောက်ယွီ ဒေါသပေါက်ကွဲသွားပြီး အတွင်းရှိအရာအားလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ရိုက်ခွဲပစ်လိုက်၏။
ထိုအချိန်တွင် ဒေါက်တာကျောက် ပြေးလာပြီး သူ့ကို အနောက်မှ ဖက်ထားလိုက်သည်။
ကျိုးဟောက်ယွီ သူ၏လက်ချောင်းများကို ဆွဲယူပြီး အားဖြင့် လိမ်ချိုးလိုက်ရာ အရိုးကျိုးသွားသည့် အသံမှာ တဂျွတ်ဂျွတ်နှင့် ထွက်ပေါ်လာ၏။
"အား"
ဒေါက်တာကျောက်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်နေတော့သည်။
ထို့နောက် ကျိုးဟောက်ယွီ ပခုံးကျော်လွှဲချလိုက်ရာ သူသည် ဆေးရုံခုတင်ပေါ်သို့ ဘုန်းခနဲ ကျသွား၏။
ဒေါက်တာကျောက်မှာ နံရိုးများကျိုးသွားသည်ဟု ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် လူးလိမ့်ကာ ခန္ဓာကိုယ်မှာ ကွေးလိမ်နေသည်။
ကျိုးဟောက်ယွီ ထိုမျှနှင့် မရပ်တန့်သေးပေ။ အေးစက်သော မျက်နှာထားဖြင့် ခွဲစိတ်ဓားကို ကောက်ကိုင်ကာ ဒေါက်တာကျောက်၏ လက်မောင်းထဲသို့ ကရုဏာမဲ့စွာ ထိုးစိုက်လိုက်၏။
သွေးများမှာ ကျိုးဟောက်ယွီ၏ မျက်နှာပေါ်သို့ စင်ထွက်သွားသော်လည်း သူ မျက်တောင်တစ်ချက်ပင် မခတ်ပေ။
ဒေါက်တာကျောက်မှာ သူ၏လက်မောင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်နေသည်။
ထိုအချိန်တွင် အခြားဆရာဝန်တစ်ဦးမှာ ဆေးထိုးအပ်တစ်ချောင်းကို ကိုင်၍ ကျိုးဟောက်ယွီထံသို့ ပြေးဝင်လာ၏။
ကျိုးဟောက်ယွီ ဆေးထိုးအပ်ထဲတွင် မည်သည့်အရာများ ပါသည်ကို မသိသော်လည်း ကောင်းသည့်အရာ မဟုတ်မှန်းတော့ သေချာပေါက် သိသည်။
သူ မြေပြင်ပေါ်က ဒေါက်တာကျောက်ကို ဆွဲထူလိုက်ပြီး ဆေးထိုးအပ်ကို ဒေါက်တာကျောက်၏ ခန္ဓာကိုယ်ထဲသို့သာ ထိုးစိုက်လိုက်၏။
အခြားဆရာဝန်မှာ ခဏမျှ မှင်တက်သွားပြီး လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ထိုသူ ကြောင်နေသည့် ခဏတာကို အသုံးချကာ ကျိုးဟောက်ယွီ သူ့ကို ကန်ထုတ်လိုက်၏။
သူ ဒေါက်တာကျောက်ကို လွှတ်လိုက်သောအခါ ဒေါက်တာကျောက်၏ ခန္ဓာကိုယ်မှာ လေလျှော့လိုက်သည့် ပူဖောင်းတစ်ခုလို ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ခွေကျသွားသည်။
ဒေါက်တာကျောက်မှာ သတိလစ်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်သောအခါ ဆေးထိုးအပ်ထဲတွင် မေ့ဆေးပါဝင်ကြောင်း ကျိုးဟောက်ယွီ သိလိုက်၏။
ဤလူနှစ်ယောက်မှာ သနားစရာလည်း ကောင်းသလို ရယ်စရာလည်းကောင်းသည်ဟု သူ ခံစားလိုက်ရသည်။
"မင်းတို့မှာ မေ့ဆေးရှိရင် ငါ့ကို တည့်တည့်ထိုးလိုက်ရုံပဲလေ၊ ဘာလို့ ငါ့ကို ချုပ်ထားဖို့ လိုတာလဲ"
ကျိုးဟောက်ယွီ အခြားဆရာဝန်ကို ဆွဲယူကာ စားပွဲပေါ်သို့ ဘုန်းခနဲ ဆောင့်ချလိုက်၏။
တကယ်တော့ ယခင်က သူကိုယ်တိုင်ပင် ဤမျှအထိ ခွန်အားကြီးမှန်း မသိခဲ့သဖြင့် သူတို့က သူ့ကို ချုပ်နှောင်ရန် ကြံစည်ကြခြင်းမှာ သဘာဝကျသည်။
"ကယ်ကြပါဦး"
ထိုဆရာဝန်မှာ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်၏။
"တောက်"
ကျိုးဟောက်ယွီ ကျိန်ဆဲလိုက်ပြီး သူ့ကို အပြင်သို့ လွှင့်ပစ်လိုက်၏။
ဆရာဝန်မှာ ကုန်းရုန်းထကာ အပြင်သို့ အပြေးအလွှား ထွက်သွားတော့သည်။
ကျိုးဟောက်ယွီ နောက်က လိုက်သွားသောအခါ အပြင်ဘက်တွင် ဝတ်စုံမဲဝတ်ထားသော လူတစ်စုကို တွေ့လိုက်ရပြီး သူတို့အားလုံးမှာ ရန်လိုသော ပုံစံရှိကြ၏။
သူတို့မှာ ထိုလူနှစ်ယောက်နှင့် တစ်ဖွဲ့တည်း ဖြစ်ရမည်ဟု သူ သိလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့က လူအင်အား ပိုများလှသည်။ ထို့ပြင် သူ၏ ခွန်အားမှာ နတ်ဆေးလုံးကြောင့်လား၊ သို့မဟုတ် မနေ့ညကကဲ့သို့ပင် ခဏတာ အစွမ်းလားဆိုသည်ကို သူ မသေချာပေ။
နောက်ဖေးတံခါးတစ်ခုကို မြင်လိုက်သဖြင့် သူ ထိုတံခါးမှတစ်ဆင့် ချက်ချင်း ထွက်ပြေးခဲ့၏။
အပြင်ရောက်သောအခါ သူ့မျက်နှာတွင် သွေးစက်များ ပေနေသည်ကို တစ်ဦးဦး မြင်သွားမည်စိုးသဖြင့် ခေါင်းငုံ့ကာ သွားလာနေလိုက်သည်။
ကားထဲသို့ ပြန်ရောက်သောအခါ တစ်ရှူးများဖြင့် မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်၏။
သို့သော် တွေးလေ ဒေါသထွက်လေ ဖြစ်လာသဖြင့် သူ ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။
ယင်းက လိမ်လည်မှုတစ်ခုသာမက လူ့အင်္ဂါအစိတ်အပိုင်းများကို မှောင်ခိုရောင်းဝယ်နေသည့် မြေအောက်အဖွဲ့အစည်းတစ်ခု ဖြစ်သဖြင့် ဤကဲ့သို့ အဖွဲ့အစည်းမျိုး ဆက်လက်တည်ရှိပြီး အခြားလူများကို ဒုက္ခပေးနေသည်ကို သူ ခွင့်မပြုနိုင်ပေ။
"ဒီခေတ်က လူတွေဟာ တကယ့်ကို အသည်းနှလုံးမရှိကြဘူး၊ အပြစ်ကင်းတဲ့ ကလေးမလေးကို သုံးပြီး သူတစ်ပါးရဲ့ သနားစိတ်ကို အခွင့်ကောင်းယူရတယ်လို့"
ကျိုးဟောက်ယွီ ဒေါသတကြီး တွေးရင်း သူ၏ဖုန်းကို ဘေးခုံပေါ်သို့ ပစ်တင်လိုက်သည်။
‘တောင်’
ဖုန်းထဲတွင် အော်ဒါတစ်ခု ဝင်လာကြောင်း အသိပေးချက် တက်လာ၏။
သူ စိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်း အနည်းငယ် ရှူလိုက်ပြီးနောက် အလုပ်လက်ခံလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင် တကယ့် ဆုံးရှုံးမှုကြီးကြီးမားမား မရှိခဲ့သဖြင့် ထိုကိစ္စကို မေ့ပစ်လိုက်၏။
ထိုနေ့က အလုပ်မှာ သိပ်မသွက်သော်လည်း ကျိုးဟောက်ယွီ မညည်းညူပေ။ သူ အနည်းငယ် ပင်ပန်းနေသဖြင့် ခရီးသည်တစ်ဦးကိုသာ ထပ်တင်ပြီး အနားယူရန် ပြန်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ လမ်းကြောင်းကို သတ်မှတ်ပြီးရုံရှိသေးသော်လည်း အနီးနားရှိ လူတစ်ဦးက အော်ဒါတင်လိုက်ကြောင်း အသိပေးချက် ရလိုက်၏။
သူ သွားလိုသော နေရာသို့ ရောက်သောအခါ အလွန်လှပသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးမှာ ပင်းဟိုင်မြို့တွင် အချမ်းသာဆုံး သူဌေးသားများ သွားလေ့ရှိသည့် နာမည်ကြီး 'Nightshade Bar' သို့ သွားလိုခြင်း ဖြစ်၏။
အမျိုးသမီး၏ ပေါ်လွင်လှသော ဝတ်စုံကို ကြည့်ပြီး သူမသည် ထိုနေရာသို့ သူဌေးသားများကို သွားရှာခြင်းဖြစ်မည်ဟု ကျိုးဟောက်ယွီ ခန့်မှန်းလိုက်သည်။
လှပသူမှန်သမျှမှာ ချမ်းသာသူများနှင့်သာ ဆိုင်သဖြင့် ကျိုးဟောက်ယွီလို လူဆင်းရဲတစ်ယောက်မှာမူ သူတို့နှင့် ခဏတာ စနောက်စကားပြောရုံသာ တတ်နိုင်၏။
ကံကောင်းသည်မှာ ထိုအမျိုးသမီးမှာ သဘောကောင်းပြီး ကျိုးဟောက်ယွီအပေါ် ရန်မလိုပေ။
"အချောလေး ရှင်က တော်တော် ဟာသပြောတတ်တာပဲ၊ အားတဲ့အခါ လာခဲ့ဦးနော်"
ထိုအမျိုးသမီးမှာ ကျိုးဟောက်ယွီကို လိပ်စာကတ်တစ်ခု ကမ်းပေးကာ မျက်စိတစ်ချက် မှိတ်ပြပြီး ထွက်သွားသည်။
ယင်းအား ကြားလိုက်ရသဖြင့် သူမ၏ အလုပ်ကို ကျိုးဟောက်ယွီ သိလိုက်၏။ လိပ်စာကတ်ကို ကြည့်ရင်း သူ ခါးသီးစွာ ပြုံးကာ တစ်ယောက်တည်း ရေရွတ်လိုက်၏။
"ဒီလိုနေရာမျိုး သွားဖို့က တစ်ခါသွားရင် ယွမ်သောင်းချီ ကုန်မှာလေ၊ ငါ့တစ်သက် မတတ်နိုင်ပါဘူး"
သူ လိပ်စာကတ်ကို ဘေးသို့ ဖယ်ထားလိုက်ပြီး လက်ဘရိတ်ကို ချကာ ထွက်ခွာရန် ပြင်လိုက်သည်။
ရုတ်တရက် ဘားထဲမှ ထွက်လာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သူ မြင်လိုက်ရ၏။
အမျိုးသမီးမှာ မူးနေပုံရပြီး အမျိုးသားက တွဲပေးထားခြင်း ဖြစ်သည်။
ထို့အပြင် ထိုအမျိုးသား၏ လက်များမှာ အမျိုးသမီးကို အမြဲတမ်း နှိုက်နှိုက်ချွတ်ချွတ် လုပ်ကာ အခွင့်ကောင်းယူနေ၏။
"ဒါ ဝေ့ရှီယု မဟုတ်လား"
ကျိုးဟောက်ယွီ မျက်လုံးကို မှေးကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။
ဝေ့ရှီယုမှာ ဤလူ၏ ဆေးခတ်ခြင်းကို ခံလိုက်ရပုံရပြီး ထိုလူ နောက်ထပ် မည်သည်အားလုပ်မည်ကို ကျိုးဟောက်ယွီ အလွယ်တကူ ခန့်မှန်းနိုင်၏။
ဘား၏ မျက်နှာချင်းဆိုင်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခု ရှိသည်။
ထိုလူမှာ ဝေ့ရှီယုကို တွဲပြီး ဟိုတယ်ဆီသို့ ဦးတည်သွားနေပြီ ဖြစ်သည်။
ကျိုးဟောက်ယွီ ကားပေါ်မှ ချက်ချင်းဆင်းကာ နောက်က လိုက်သွား၏။
သို့သော် သူ သူတို့ကို ချက်ချင်း မတားဆီးသေးပေ။ မည်သည်မှ မဖြစ်သေးသဖြင့် သူသာ ဇွတ်ဝင်တားလျှင် ထိုလူက အရာအားလုံးကို ငြင်းဆိုမည်ဖြစ်သလို၊ သူကိုယ်တိုင်ပင် အခြေအမြစ်မရှိ စွပ်စွဲခံရနိုင်သည်။
အကယ်၍ ထိုသို့ဖြစ်လာလျှင် ကျိုးဟောက်ယွီမှာ တကယ့်ကို အကျပ်ရိုက်သွားနိုင်၏။
ထို့ကြောင့် ကျိုးဟောက်ယွီ သူတို့နောက်မှ လိုက်သွားကာ ထိုလူက ဝေ့ရှီယုအပေါ် အခွင့်ကောင်းယူနေပုံများကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားလိုက်သည်။
"ကဲပါ ကဲပါ၊ အပေါ်တက်ပြီး ထပ်သောက်ကြတာပေါ့"
ထိုလူမှာ မူးနေသော ဝေ့ရှီယုကို ချော့မော့ပြောဆိုနေ၏။
"ဘာလို့ သီချင်းသံက ရပ်သွားတာလဲ၊ ဘယ်သူ ပိတ်လိုက်တာလဲ၊ အခုချက်ချင်း ပြန်ဖွင့်စမ်း"
ဝေ့ရှီယု လက်ကို ဝှေ့ယမ်းကာ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့ပေ။
ကျိုးဟောက်ယွီ အလွန် စိတ်တိုသွားပြီး တွေးလိုက်သည်။
'အခွင့်ကောင်းအယူခံနေရတာတောင် သူက သီချင်းအကြောင်း စဉ်းစားနေတုန်းပဲ'
ထိုလူသည် ဟိုတယ်သို့ သွားကာ အခန်းငှားပြီး ဝေ့ရှီယုကို ဓာတ်လှေကားထဲသို့ တွဲခေါ်သွား၏။
ကျိုးဟောက်ယွီ သူတို့နှင့် လမ်းကြောင်းတူသကဲ့သို့ ဟန်ဆောင်လိုက်ပြီး ဓာတ်လှေကားသို့ ရောက်သောအခါ သူတို့နှိပ်လိုက်သည့်အထပ်ကို မြင်သည်နှင့် လှေကားထံ အပြေးအလွှား သွားလိုက်သည်။
အခန်းမှာ တစ်ဆယ့်တစ်ထပ်တွင် ဖြစ်သည်။ ကျိုးဟောက်ယွီ တွန့်ဆုတ်မနေဘဲ အသက်ကို ပြင်းပြင်းရှူကာ အပေါ်သို့ ပြေးတက်၏။
တစ်ဆယ့်တစ်ထပ်သို့ ရောက်သောအခါ ကျိုးဟောက်ယွီမှာ အမောပင် မဖောက်သည်ကို တွေ့လိုက်ရသည်။
ယခုမှ သူ သေချာပေါက် သိလိုက်သည်မှာ ရွှေရောင်ဆေးလုံးသည် သူ၏ ခန္ဓာကိုယ် စွမ်းဆောင်ရည်ကို ပြောင်းလဲပေးလိုက်ခြင်းပင် ဖြစ်၏။
"လောင်ဇီက တစ်ခါတလေကျရင် တော်တော်လေး အားကိုးရသားပဲ၊ ဟဲဟဲ"
ကျိုးဟောက်ယွီ ကျေနပ်စွာ ပြုံးရင်း တွေးလိုက်သည်။ အပြင်သို့ ထွက်လာသောအခါ ဓာတ်လှေကားမှာ အခုမှ ရောက်လာကြောင်း တွေ့လိုက်ရ၏။
သူ ထိုလူ၏ ခြေရာအတိုင်း ချက်ချင်း လိုက်သွားသည်။
ထိုလူက အခန်းကတ်ဖြင့် တံခါးကိုဖွင့်ကာ ဝေ့ရှီယုကို ခုတင်ပေါ်သို့ တွန်းချလိုက်ပြီး လက်ဝါးနှစ်ဖက်ကို ပွတ်ရင်း ဆိုသည်
"သည်းခံပါဦး အသဲလေးရယ် ကိုယ် အခု လာခဲ့ပါ့မယ်"
သူ တံခါးပိတ်ရန် လှည့်လိုက်စဉ် ကျိုးဟောက်ယွီ တံခါးကို လှမ်းဖမ်းလိုက်၏။
"ကျွန်တော် အခန်းသန့်ရှင်းရေး မလုပ်ခိုင်းသေးပါဘူး၊ ကျေးဇူးတင်ပါတယ်"
ထိုလူက ကျိုးဟောက်ယွီကို ဟိုတယ်ဝန်ထမ်းဟု ထင်ကာ ရက်ရက်ရောရောပင် မုန့်ဖိုး ပေးလိုက်သည်။
ကျိုးဟောက်ယွီမှာ အလကားရသည့် ပိုက်ဆံကို ငြင်းမည့်သူမဟုတ်ပေ။
သူ ပိုက်ဆံကို အိတ်ထဲထည့်လိုက်ပြီး ထိုလူကို အခန်းထဲသို့ အားဖြင့် ကန်ထုတ်လိုက်၏။