← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

25

"မင်းက ဘယ်သူလဲ"

ထိုလူမှာ ကုန်းရုန်းထကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။

"မင်းလို အမှိုက်က ငါဘယ်သူလဲဆိုတာ မေးရဲသေးတယ်ပေါ့"

ကျိုးဟောက်ယွီ အခန်းထဲဝင်ပြီးနောက် ခုတင်ပေါ်ရှိ ဝေ့ရှီယုကို တစ်ချက်ကြည့်လိုက်၏။

ဝေ့ရှီယုမှာ လုံးဝကို မူးနေပြီး အခန်းထဲက ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကိုမသိဘဲ အရက်သောက်ချင်ကြောင်းသာ တတွတ်တွတ် ရေရွတ်နေသည်။

သူမပုံစံမှာ သူဌေးသမီးတစ်ယောက်နှင့် လုံးဝမတူတော့ပေ။

ကျိုးဟောက်ယွီသည် သက်ပြင်းချကာ ထိုလူကို ဆွဲယူပြီး မေးခွန်းထုတ်လိုက်၏။

"သူမက ဘယ်သူလဲဆိုတာ မင်းသိလား၊ ဘယ်လိုသတ္တိနဲ့ သူမကို ဟိုတယ်ခေါ်လာတာလဲ"

ထိုအရာကို ကြားလိုက်ရသောအခါ ထိုလူ၏ ဒေါသများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ကျိုးဟောက်ယွီ၏ စိုးရိမ်တကြီး ဖြစ်နေပုံကို ကြည့်ပြီး ဝေ့ရှီယုကို ပိုးပန်းနေသည့် လူတစ်ယောက်ဟု သူ ထင်သွားသည်။

"ဟမ့် ဒါဆို မင်းကကော ငါဘယ်သူလဲဆိုတာ သိလား၊ ငါနဲ့ သူမနဲ့ ဘာပတ်သက်လဲဆိုတာကော သိလား"

ထိုလူမှာ အထင်သေးသော အပြုံးဖြင့် ပြောလိုက်သည်။

ကျိုးဟောက်ယွီ ခဏမျှ မှင်တက်သွားပြီး တွေးလိုက်မိ၏။

'သူလည်း ဝေ့ရှီယုနောက်ကို လိုက်နေတဲ့ သူဌေးသားတစ်ယောက်များလား'

သူသည် သူဌေးသားများနှင့် ပြဿနာမတက်ချင်သော်လည်း ဝေ့ရှီယု ဒုက္ခရောက်မှာကို ကာကွယ်ရန်အတွက် သူတို့နှင့် ရင်ဆိုင်ရန်မှတစ်ပါး အခြားမရှိပေ။

"မင်း ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး"

ကျိုးဟောက်ယွီ သူ့ကို လက်သီးဖြင့် ထိုးချလိုက်သည်။

သို့သော် ကျိုးဟောက်ယွီ၏ ပြင်းထန်သော အပြုအမူမှာ ထိုလူ၏မျက်လုံးထဲတွင် အလွန်အမင်း မနာလိုဖြစ်နေသည့်ပုံစံဟု မြင်သွား၏။

ထိုလူက သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

"ဒါဆိုရင် သေချာနားထောင်ထား၊ ငါက ရှီယုရဲ့ တကယ့်ရည်းစားပဲ၊ မင်းလို လူဆင်းရဲတွေက သူမနဲ့ ဝေးဝေးမှာနေပြီး ငါတို့အစီအစဉ်တွေကို လာမဖျက်စီးနဲ့"

အမှန်စင်စစ် ဤလူမှာ ဝေ့ရှီယု၏ ရည်းစားဖြစ်သူ ကောင်းဖုန်း ဖြစ်၏။

"ဟမ့်"

ကျိုးဟောက်ယွီ နှာခေါင်းရှုံ့လိုက်ပြီး ထိုင်ခုံတစ်ခုတွင် ခြေတင်ချိတ်ထိုင်ကာ ကျေနပ်စွာ ပြောလိုက်သည်။

"မင်းက သူမရည်းစားဆိုတော့ ဘာဖြစ်လဲ၊ ငါက သူမရဲ့ စေ့စပ်ထားတဲ့သူပဲ"

ကောင်းဖုန်း ကြောင်သွားသည်။ ဝေ့ရှီယုနှင့် အချိန်ကုန်ဆုံးခဲ့သည့် ကာလတစ်လျှောက် သူမတွင် စေ့စပ်ထားသူရှိကြောင်း တစ်ခါမှ မကြားခဲ့ဖူးပေ။

ထို့ကြောင့် ကျိုးဟောက်ယွီ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် သက်သက် လိမ်ပြောနေခြင်းဖြစ်သည်ဟု သူ ကောက်ချက်ချလိုက်သည်။

ယခုအချိန်တွင် ကျိုးဟောက်ယွီ မည်သူဖြစ်သည်ကို သူ ဂရုမစိုက်တော့ပေ။ ယနေ့သည် သူ သေချာစီစဉ်ထားသည့် အစီအစဉ်ဖြစ်သဖြင့် ဤကဲ့သို့ အခွင့်အရေးကောင်းကို လက်လွတ်မခံချင်ချေ။

"မင်းကိုယ်မင်း မှန်ထဲမှာ ပြန်ကြည့်ဦး၊ မင်းရုပ်နဲ့ ရှီယုက မင်းကို လှည့်ကြည့်မယ် ထင်လို့လားထ ရေအိုင်ထဲက ဖားပြုတ်က ကောင်းကင်က ဟင်္သာသားကို စားချင်နေတယ်ပေါ့"

ကောင်းဖုန်း သူ၏ဝတ်စုံကို ပြန်ပြင်ရင်း ကျိုးဟောက်ယွီကို မော်ကြွားစွာ ကြည့်လိုက်၏။

ရုပ်ရည်ပိုင်းအရဆိုလျှင် ကျိုးဟောက်ယွီသည် ကောင်းဖုန်းကို မယှဉ်နိုင်သည်မှာ အမှန်ပင်။

စကားပုံရှိသည်မဟုတ်ပါလား၊ 'လူမှာ အဝတ်၊ ဗုဒ္ဓမှာ ရွှေ' ဟူ၍ပင်။ သပ်ရပ်စွာ ဝတ်ဆင်ထားသော ကောင်းဖုန်းနှင့် ယှဉ်လျှင် ဖရိုဖရဲဖြစ်နေသော ကျိုးဟောက်ယွီ၏ ပုံစံမှာ အတော်လေး ကွာခြားနေသည်မှာ အမှန်ပင်။

သို့သော် မည်သို့ပင်ဖြစ်စေ၊ ကျိုးဟောက်ယွီသည် ယနေ့ ဝေ့ရှီယုကို မည်သူ့ထံမှ အခွင့်ကောင်းယူခံရမည်ကို ခွင့်မပြုနိုင်ပေ။

ထို့အပြင် ကောင်းဖုန်းကို ကြည့်လိုက်ရုံနှင့် လူကောင်းတစ်ယောက်မဟုတ်မှန်း သူ ခံစားရသည်။

သူသည် ဝေ့ရှီယု၏ ရည်းစားဟုတ်၊ မဟုတ် ဆိုသည်မှာလည်း အတည်ပြုရန် လိုအပ်နေသေး၏။

"အပိုတွေ ပြောမနေနဲ့တော့၊ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်၊ အခုချက်ချင်း ဒီကနေ ထွက်သွားမလား၊ ဒါမှမဟုတ် ငါ့လက်ချက်နဲ့ အသေအလဲ အရိုက်ခံမလား"

ကျိုးဟောက်ယွီ၏ မျက်နှာပေးမှာ အေးဆေးနေသော်လည်း သူ၏မျက်လုံးထဲတွင် အေးစက်လှသော အငွေ့အသက်များ ရှိနေသည်။

"ဟားဟား၊ ရယ်စရာပဲ ငါ့ရည်းစားနဲ့ ငါ ဟိုတယ်မှာ အတူရှိနေတာကို မင်းလို လူဆင်းရဲတစ်ယောက်က ငါ့ကို ဘာလုပ်ရမယ်ဆိုတာ လာပြောနေတာလား"

ကောင်းဖုန်း မကြောက်မရွံ့ ပြောလိုက်၏။

ထိုအရာကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ၏ ဒေါသများမှာ နောက်ဆုံးတွင် ပေါက်ကွဲသွားတော့သည်။

"မင်းကတော့ အကောင်းပြောလို့ မရဘူးပဲ"

ကျိုးဟောက်ယွီ ရုတ်တရက် ထရပ်လိုက်ပြီး ကောင်းဖုန်း၏ ဝမ်းဗိုက်ကို အားဖြင့် ကန်လိုက်၏။

ကောင်းဖုန်းမှာ ဗိုက်ထဲတွင် အစာဟောင်းနှင့်အစာသစ်များ ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားလိုက်ရပြီး နာကျင်လွန်းသဖြင့် ဝမ်းဗိုက်ကို ဖိကာ မြေပြင်ပေါ်သို့ ခွေကျသွားသည်။

"ထွက်သွားဖို့ ငါ နောက်ဆုံးတစ်ခါ အခွင့်အရေးပေးမယ်၊ မင်း ဒါကို တန်ဖိုးမထားရင် ဒီနေ့ မင်းအသက်ကို ငါ ယူလိုက်မယ်"

ကျိုးဟောက်ယွီ ကောင်းဖုန်း၏ဆံပင်ကို ဆွဲပြီး ခက်ထန်စွာ အော်လိုက်၏။

ကောင်းဖုန်းသည် လူအ မဟုတ်ပေ။ ကျိုးဟောက်ယွီ ရှိနေသရွေ့ သူ၏ အိမ်မက်မှာ ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်သည်။

ထို့အပြင် သူသည် ကျိုးဟောက်ယွီကို မယှဉ်နိုင်မှန်းလည်း သိလိုက်ရ၏။

စောစောက အကန်ခံလိုက်ရသဖြင့် သူ၏ ဝမ်းဗိုက်မှာ အောင့်နေဆဲပင်။

"ကောင်းပြီ မင်း စောင့်နေလိုက်"

ကောင်းဖုန်း ကျိုးဟောက်ယွီကို ဒေါသတကြီး ကြည့်လိုက်သည်။

"ထွက်သွားစမ်း"

ကျိုးဟောက်ယွီ သူ့ကို ကန်ထုတ်လိုက်သော်လည်း ထိုအကန်မှာ သိပ်ပြီး အားမပါလှပေ။

ကောင်းဖုန်း ထရပ်ကာ သူ၏အဝတ်အစားများကို ဖုန်ခါပြီး တံခါးဆီသို့ အေးဆေးစွာ လျှောက်သွား၏။

သို့သော် တံခါးဝသို့ ရောက်သောအခါ သူ ပျို့အန်ချင်လာသဖြင့် ပါးစပ်ကို ပိတ်ကာ အပြေးအလွှား ထွက်သွားလိုက်သည်။

ထို့နောက် အပြင်ဘက်တွင် အန်ထုတ်လိုက်သည့် အသံကြီးကို ကျိုးဟောက်ယွီ ကြားလိုက်ရ၏။

တံခါးပိတ်ပြီးနောက် ကျိုးဟောက်ယွီ ဝေ့ရှီယု၏ ပါးကို အသာအယာ ပုတ်ကာ ညင်သာစွာ ခေါ်လိုက်သည်။

"ဟေး ထတော့လေ"

"လာ သောက်ကြရအောင်"

ဝေ့ရှီယု တစ်ဖက်လှည့်လိုက်ပြီး ကျိုးဟောက်ယွီ၏ လည်ပင်းကို လှမ်းဖက်လိုက်၏။

ကျိုးဟောက်ယွီ မူးနေသော ဝေ့ရှီယုကို ကြည့်ပြီး အတော်လေး အားကိုးရာမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ ဝေ့ရှီယုကို အိမ်သို့ ပြန်ပို့ပေးချင်သော်လည်း သူမ၏ ယခုပုံစံကို မြင်လျှင် ဝေကျန့်ဟွာ အထင်လွဲသွားမှာကို စိုးရိမ်နေမိ၏။

"မသောက်နိုင်ရင်လည်း မသောက်နိုင်သလို နေပါလား၊ ဘာသတိမှလည်း မရှိဘူး၊ သူများ အခွင့်ကောင်းယူတာကို ခံရတော့မလို့"

ကျိုးဟောက်ယွီ ဝေ့ရှီယုကို ဟိုဘက်ဒီဘက် လှန်ပေးရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ဝေ့ရှီယု၏ အင်္ကျီပုခုံးသိုင်းကြိုးလေး လျောကျသွားရာ အလွန်လှပသော မြင်ကွင်းတစ်ခု ပေါ်လာ၏။

ဝေ့ရှီယု မည်မျှ လှပသည်ကို ထိုခဏ၌ ကျိုးဟောက်ယွီ သတိပြုမိလိုက်သည်။

သူမ၏မျက်နှာမှာ ထူးခြားလှပရုံသာမက သူမတွင် ဆွဲဆောင်မှုရှိလှသော ကိုယ်လုံးကိုယ်ပေါက်လည်း ရှိနေ၏။

အထူးသဖြင့် ယခုအချိန်တွင် သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေပြီး မှည့်နေသော ပန်းသီးလေးတစ်လုံးကဲ့သို့ ဆွဲဆောင်နေသဖြင့် ဆွဲညှစ်ချင်စရာ ကောင်းလှသည်။

‘ဂလု’

ကျိုးဟောက်ယွီ၏လည်ချောင်းများ ခြောက်သွေ့လာပြီး တံတွေးကို မျိုချလိုက်မိ၏။

သို့သော် သူ၏ခေါင်းကို အမြန်ခါယမ်းကာ ထိုကဲ့သို့သော အတွေးဆိုးများကို ဖျောက်ပစ်လိုက်သည်။

ဝေ့ရှီယုကို အိမ်ပြန်မပို့နိုင်သဖြင့် ယနေ့ည သူမကို ဤနေရာတွင်သာ အိပ်ခိုင်းရမည်ဟု သူ တွေးလိုက်၏။

ကျိုးဟောက်ယွီ သူမကို အနားယူနိုင်ရန် ခုတင်ပေါ်သို့ မချီလိုက်သည်။

သို့သော် ထိုအချိန်တွင် ဝေ့ရှီယုမှာ အရက်ရှိန်တက်လာပြီး ကျိုးဟောက်ယွီ၏ ရင်ခွင်ထဲမှာတင် အန်ချလိုက်၏။

"အာ"

ကျိုးဟောက်ယွီ မှင်တက်သွားပြီး မျက်နှာကြီး တောင့်တင်းသွားရသည်။

သူ၏ စေတနာကြောင့် ယခုကဲ့သို့ ဝေ့ရှီယုက သူ့အပေါ် အန်ချလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ပြင်းရှလှသော အရက်နံ့ကြီးကို ရမှသာ သူ သတိပြန်ဝင်လာ၏။

"ဟူး ငါ ဘာမှားခဲ့လို့လဲ"

ကျိုးဟောက်ယွီ ဝေ့ရှီယုကို ခုတင်ပေါ်တွင် မှီခိုင်းထားလိုက်ပြီး တစ်ရှူးဖြင့် သူမ၏ပါးစပ်ကို သုတ်ပေးလိုက်သည်။

သူ၏ အဝတ်အစားများမှာ အန်ဖတ်များဖြင့် ပေကျံသွားသဖြင့် သူ အဝတ်များကို ချွတ်ကာ ရေချိုးခန်းထဲသို့ ပစ်ထည့်လိုက်ရ၏။

သူ အပြင်သို့ ပြန်ထွက်လာသောအခါ ဝေ့ရှီယုမှာ ဆံပင်များကို ကုတ်နေပြီး အတော်လေး နာကျင်နေသည့် ပုံစံရှိသည်ကို တွေ့လိုက်ရသည်။

ကျိုးဟောက်ယွီ သူမကို ရေနွေးနွေးလေး တိုက်လိုက်ပြီး မျက်နှာကို တဘက်ပူပူလေးဖြင့် သုတ်ပေးလိုက်၏။

လေထုမှာ အနည်းငယ် ထူးခြားနေပြီး သူ၏ အတိတ်က တုန်းယွဲ့ယွဲ့ နှင့် အချိန်များကို သတိရသွားစေသည်။

‘တီတီ’

ရုတ်တရက် ဖုန်းမြည်သံကြောင့် ကျိုးဟောက်ယွီ လန့်သွား၏။

သူ၏ဖုန်းကို ထုတ်ကြည့်လိုက်ရာ မျက်နှာပြင်မှာ အမဲရောင်ဖြစ်နေသဖြင့် ဝေ့ရှီယု၏ အိတ်ထဲမှ ဖုန်းကို ရှာတွေ့လိုက်သည်။

လုဟန်ထံမှ ဖုန်းခေါ်ဆိုနေခြင်းဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ကျိုးဟောက်ယွီ မည်သည်ကိုမှမစဉ်းစားဘဲ ဖုန်းကိုချပစ်လိုက်ပြီး ပိတ်ထားလိုက်၏။

ဝေ့ရှီယုကို အချိန်အတော်ကြာ ပြုစုပေးပြီးနောက် သူမအေးဆေးစွာ အိပ်ပျော်သွားခဲ့သည်။

သူ ထွက်သွားပြီးနောက် ကောင်းဖုန်း ပြန်လာမည်ကို စိုးရိမ်သဖြင့် ကျိုးဟောက်ယွီသည် အခန်းထဲရှိ ဆိုဖာပေါ်တွင်သာ အိပ်ပျော်သွား၏။

နောက်တစ်နေ့မနက်တွင် စူးရှသော အော်ဟစ်သံကြောင့် ကျိုးဟောက်ယွီ လန့်နိုးလာသည်။

"နင် အယုတ်တမာကောင်၊ နင် နင် နှာဘူးကောင်"

ဝေ့ရှီယု အော်ဟစ်ဆဲဆိုရင်း ခေါင်းအုံးဖြင့် ကျိုးဟောက်ယွီကို အတင်း ထုရိုက်နေတော့၏။

သူမ နိုးလာသောအခါ ကျိုးဟောက်ယွီသည် ကိုယ်လုံးတီးနှင့် လဲလျောင်းနေသည်ကို မြင်လိုက်ရသဖြင့် မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

26

“မင်း ဘာဖြစ်နေတာလဲ၊ တော်တော့”

ကျိုးဟောက်ယွီ ဒေါသထွက်သွားပြီး ခေါင်းအုံးကို ဆွဲယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။

သူ စေတနာနှင့် ကူညီခဲ့ပါလျက် ယခုကဲ့သို့ ခေါင်းအုံးနှင့် အထုခံရသည်မှာ မည်သို့မှ သည်းခံနိုင်ဖွယ် မရှိပေ။

“ဒါဆို ပြောလေ၊ နင်က ဒီကို ဘယ်လိုရောက်နေတာလဲ၊ မနေ့ညက ငါ့ကို ဘာလုပ်ခဲ့သေးလဲ”

ဝေ့ရှီယု ကျိုးဟောက်ယွီ၏နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်၏။

ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် တစ်ညလုံး အခန်းထဲတွင်အတူရှိနေပြီး ကျိုးဟောက်ယွီမှာလည်း အဝတ်အစားမပါဘဲ ဖြစ်နေသဖြင့် ဝေ့ရှီယုထိတ်လန့်သွားသည်မှာ သဘာဝကျလေသည်။

“မင်းက အသေကောင်လို အိပ်ပျော်နေတာ၊ ငါက ဘာလုပ်လို့ရမှာလဲ၊ မင်းအဝတ်အစားတွေကို ပြန်ကြည့်ဦး၊ အကောင်းအတိုင်းပဲ ရှိသေးတယ်”

ကျိုးဟောက်ယွီ လေသံကို ပြောင်းပြီး ဆိုလိုက်၏။

“မင်းကတော့ တကယ့်ကို ကျေးဇူးကန်းတဲ့သူပဲ”

ဝေ့ရှီယု အောက်ငုံ့ကြည့်လိုက်ရာ သူမသည် မနေ့က ဝတ်စုံကိုပင် ဝတ်ထားဆဲဖြစ်ပြီး ဒေါက်ဖိနပ်ကိုသာ ချွတ်ထားကြောင်း တွေ့လိုက်ရသည်။

သူမ အင်္ကျီကိုဟ၍ပင် အတွင်းဘက်ကို စစ်ဆေးကြည့်ရာ မည်သည်မှထူးခြားမှုမရှိဘဲ ပြင်းထန်သော အရက်နံ့ကိုသာ ရ၏။

“မနေ့က ငါ တော်တော်မူးသွားတယ် ထင်တယ်၊ ဒါပေမဲ့ ငါ ဘာလို့ ဒီရောက်နေတာလဲ”

ဝေ့ရှီယု သူမ၏ခေါင်းကိုကုတ်ကာ မနေ့က ဖြစ်ရပ်များကို ပြန်စဉ်းစားသော်လည်း မည်သည်ကိုမှ အမှတ်မရပေ။

“မနေ့က မင်း မူးနေတုန်းမှာ မင်းရဲ့ရည်းစားပါလို့ ပြောတဲ့လူတစ်ယောက်က မင်းကို ဒီခေါ်လာတာ”

ကျိုးဟောက်ယွီ အမှန်အတိုင်း ပြောပြလိုက်သည်။

ဝေ့ရှီယု ခဏမျှ တွေးပြီးမေးလိုက်၏။

“သူကော ဘယ်မှာလဲ”

“သူက မင်းအပေါ် ယုတ်မာတဲ့ အကြံရှိနေတာကို ငါသိလို့ မနေ့ညက သူ့ကို အသေသတ် ရိုက်လွှတ်လိုက်ပြီ”

ကျိုးဟောက်ယွီ အေးစက်စွာ ပြောလိုက်သည်။

ဤသို့ပြောလိုက်လျှင် ဝေ့ရှီယုအနေဖြင့် ကောင်းဖုန်းသည် လူကောင်းမဟုတ်မှန်း သိသွားလိမ့်မည်ဟု သူ ထင်ထားခြင်း ဖြစ်၏။

သို့သော် မည်သူသိနိုင်မည်နည်း၊ ဝေ့ရှီယုမှာ ကောင်းဖုန်းကို ကာကွယ်လိုသော စိတ်ဖြင့် ကျိုးဟောက်ယွီကို အားဖြင့် တွန်းထုတ်လိုက်ပြီး မေးခွန်းထုတ်တော့သည်။

“နင် ဘာလို့ သူ့ကို ရိုက်ရတာလဲ၊ ပြီးတော့ ဘာလို့ အဝတ်အစားတွေ မဝတ်ထားတာလဲ”

ယခုမူ ကျိုးဟောက်ယွီ တကယ့်ကို ဒေါသထွက်သွားပြီ ဖြစ်၏။

“မင်းက အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိရဲ့လား၊ သူ မင်းကို အခွင့်ကောင်းယူမှာစိုးလို့ ငါက ရိုက်ထုတ်ခဲ့တာ၊ မင်းကလည်း ငါ့တစ်ကိုယ်လုံးကို အန်ဖတ်တွေနဲ့ ပေကျံအောင် လုပ်ခဲ့သေးတယ်၊ အခုကျတော့မှ မင်းက ငါ့ကို ပြန်မေးနေတာလား”

ကျိုးဟောက်ယွီ သူမကို အတော်လေး အဓိပ္ပာယ်မရှိသူဟု ထင်မြင်သွားသည်။ သူ သူမကို စိုက်ကြည့်လိုက်ပြီး သူမ၏ကိစ္စများတွင် မည်သည့်အချိန်တွင်မှ ထပ်မပါတော့ရန် ဆုံးဖြတ်လိုက်၏။

သို့သော် တံခါးဝသို့ ရောက်သောအခါ သူ စိုးရိမ်စိတ် ပေါ်လာပြန်သည်။

အကယ်၍ သူသာ ဝေ့ရှီယုကို ကောင်းဖုန်း၏ တကယ့်မျက်နှာဖုံးကို မပြလိုက်လျှင် သူမသည် နောင်တွင်လည်း ထပ်မံ အလိမ်ခံရမှာ သေချာ၏။

ကျိုးဟောက်ယွီ ဝေ့ရှီယုကို သနား၍မဟုတ်ဘဲ ဝေ့ကျန့်ဟွာ၏ မျက်နှာကိုထောက်ထား၍သာ ဤသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

“ငါ ဘာမှ ရှင်းမပြချင်ဘူး၊ မင်းဘာသာမင်းပဲ ကြည့်လိုက်တော့”

ကျိုးဟောက်ယွီ ဖုန်းကို သူမထံ ကမ်းပေးလိုက်၏။

ဝေ့ရှီယု သံသယစိတ်ဖြင့် ဖုန်းကို ယူကြည့်လိုက်သည်။

“သဲလေးရယ် မပူပါနဲ့၊ ဒီည ကိုယ် မင်းကို အလိုလိုက်မှာပါ”

ကောင်းဖုန်း၏ ရွံရှာဖွယ်ကောင်းသော အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာ၏။

ဝေ့ရှီယု ကောင်းဖုန်း၏ လက်များက သူမ၏ ခန္ဓာကိုယ်ကို ပွတ်သပ်နေသည်ကို မြင်လိုက်ရပြီး သူ၏ မျက်နှာမှာလည်း ယုတ်မာရိုင်းစိုင်းလှသည်။

ထိုသည်မှာ သူမ သိထားသည့် လူကြီးလူကောင်း ပုံစံနှင့် လုံးဝ ကွဲပြားနေ၏။

ထိုခဏ၌ ဝေ့ရှီယု ကောင်းဖုန်း၏ ဟန်ဆောင်မျက်နှာဖုံးအောက်တွင် အလိမ်ခံလိုက်ရမှန်း သိလိုက်ရသည်။

ယခုမူ ကျိုးဟောက်ယွီ၏ စကားများကို သူမ စတင် ယုံကြည်လာပြီ ဖြစ်၏။

“ဒီကောင်စုတ် ငါ့ကို လိမ်ရဲတယ်ပေါ့”

ဝေ့ရှီယု ဒေါသတကြီးဖြင့် ဖုန်းကို ရိုက်ခွဲပစ်လိုက်တော့သည်။

“ဟေး အဲ့ဒါ ငါ့ဖုန်းလေ”

ကျိုးဟောက်ယွီ ကွဲကြေသွားသော ဖုန်းကို နှမြောတသစွာ ကောက်ယူလိုက်၏။

“ဖုန်းတစ်လုံး ပျက်သွားတာ ဘာအရေးလဲ၊ ငါ အသစ်တစ်လုံး ဝယ်ပေးမယ်”

ဝေ့ရှီယု။အမူအရာမရှိဘဲ ပြောကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

ကြမ်းပြင်ပေါ်မှ ကျိုးဟောက်ယွီ၏ အင်္ကျီအဖြူကို မြင်သောအခါ ကျိုးဟောက်ယွီ ပြောသည်မှာ အမှန်ဖြစ်ကြောင်း သူမ ပို၍ ယုံကြည်သွား၏။

သူမကိုဒေါသထွက်စေသည်မှာ ကောင်းဖုန်းသည် သူမ၏ ခံစားချက်များကို ကစားခဲ့ခြင်းပင်။

ကျိုးဟောက်ယွီ ဖုန်းကို ကိုင်ထားရင်း စိတ်မကောင်းဖြစ်နေမိသည်။

တုန်းယွဲ့ယွဲ့နှင့် ရိုက်ထားသော ဓာတ်ပုံများမှာ ထိုဖုန်းထဲတွင်ရှိနေပြီး ယခုမူ အကုန်လုံး ပျောက်ဆုံးသွားပြီ ဖြစ်၏။

“ငါနဲ့ သူမနဲ့က ဒီဘဝမှာ ဆုံဖို့ ကံမပါဘူး ထင်ပါရဲ့”

ကျိုးဟောက်ယွီ ထွက်သွားရန် ပြင်လိုက်စဉ်မှ သူ အဝတ်အစား မဝတ်ထားသည်ကို သတိရသွားသည်။

ထိုအချိန်တွင် ဝေ့ရှီယု ရေချိုးခန်းထဲမှ ထွက်လာ၏။

“ခဏနေရင် အဲဒီလူကို ရှာဖို့ နင် ငါနဲ့အတူ လိုက်ခဲ့ရမယ်”

ဝေ့ရှီယု အမိန့်ပေးသံဖြင့် ပြောလိုက်သည်။

သို့သော် ကျိုးဟောက်ယွီမှာ သူမ၏ ထိုလေသံကို မနှစ်သက်သဖြင့် ငြင်းလိုက်၏။

“မင်းက ခုနတင် ငါ့ကို စွပ်စွဲခဲ့သေးတာလေ၊ အခုကျမှ ငါက ဘာလို့ မင်းကို ကူညီရမှာလဲ၊ ငါ မလိုက်နိုင်ဘူး”

“နင်က ဒီဒီ ဒရိုင်ဘာ မဟုတ်လား၊ ဒီနေ့ နင့်အချိန်တွေ အကုန်လုံးကို ငါ ငှားလိုက်ပြီ”

ဝေ့ရှီယု မောက်မာစွာ ပြောလိုက်သည်။

သူမက မာနကြီးလေ ကျိုးဟောက်ယွီ သူမကို စကားမပြောချင်လေ ဖြစ်၏။

“ငါ့မှာ အချိန်မရှိဘူးလို့ ပြောနေတယ်လေ”

ကျိုးဟောက်ယွီ အေးစက်စွာ ပြောကာ တံခါးဆီသို့ တည့်တည့်လျှောက်သွားတော့သည်။

ဝေ့ရှီယု ခုတင်ပေါ်တွင် အေးအေးဆေးဆေးပင် ထိုင်ပြီး ပြောလိုက်၏။

“ဒါဆိုရင်လည်း အခုပဲ ထွက်သွားလိုက်လေ၊ နင့်ရဲ့ ဗလာကိုယ်လုံးတီးပုံစံကို လူတိုင်းမြင်ရအောင် တီဗွီမှာ လွှင့်ဖို့ လူလွှတ်လိုက်မယ်”

ယင်းမှာ ခြိမ်းခြောက်မှုသက်သက် မဟုတ်ဘဲ သူမတွင် ထိုသို့လုပ်နိုင်သော အာဏာနှင့် အခွင့်အလမ်း အမှန်တကယ် ရှိကြောင်း ကျိုးဟောက်ယွီ နားလည်လိုက်သည်။ သူ တွေးလိုက်သည်။

‘ငါ့ပုံစံကိုသာ တကယ် လွှင့်လိုက်ရင် ဒီမြို့မှာ ငါ ဘယ်လို မျက်နှာပြရတော့မှာလဲ’

ထို့ကြောင့် ကျိုးဟောက်ယွီ တည်ကြည်သော မျက်နှာဖြင့် ပြန်လှည့်လာကာ ပြောလိုက်၏။

“အဲဒီလို လူစားမျိုးတွေက လူ့အမှိုက်တွေပဲ၊ လူ့အဖွဲ့အစည်းရဲ့ ကပ်ပါးကောင်တွေပေါ့၊ အဲဒီလိုလူတွေကို နှိမ်နင်းတာဟာ လူ့အဖွဲ့အစည်းကို အကျိုးပြုတာပဲ၊ ငါက မွေးရာပါ ဖြောင့်မတ်တဲ့သူမို့လို့၊ မင်းကို ကူညီတာ မဟုတ်ဘူး၊ ပြည်သူကို အလုပ်အကျွေးပြုတာ”

ကျိုးဟောက်ယွီ၏ အတည်ပေါက်နှင့် အဓိပ္ပာယ်မရှိသော စကားများကို နားထောင်ရင်း ဝေ့ရှီယုမှာ မပြုံးဘဲမနေနိုင်တော့ပေ။ သူမ သူ့ကို အတော်လေး ရယ်စရာကောင်းသူဟု ထင်မြင်သွား၏။

“အတော်လေး ကောင်းမွန်တဲ့ ဆိုရှယ်လစ်ဝါဒဆက်ခံသူပဲ”

ဝေ့ရှီယု ကျိုးဟောက်ယွီ၏ပါးကို အသာအယာ ပုတ်လိုက်ပြီး လှောင်ပြုံးလေး ပြုံးပြလိုက်သည်။

ကျိုးဟောက်ယွီလည်း အတင်းအကြပ် ပြုံးလိုက်ရင်း စိတ်ထဲမှ ကြုံးဝါးနေ၏။

‘သိပ်ပြီး မာနမကြီးနဲ့ဦး၊ တစ်နေ့ကျရင် မင်း ငါ့ကို အသနားခံလာရစေမယ်’

ဝေ့ရှီယု လှည့်ထွက်သွားပြီး ဖုန်းတစ်ချက် ဆက်လိုက်သည်။

ဖုန်းပြောပြီးသောအခါ ကျိုးဟောက်ယွီ စပ်စုလိုက်၏။

“မင်း အဲဒီလူနဲ့ ဘယ်လိုသိတာလဲ၊ ပြီးတော့ အဲဒီလိုလူမျိုးကို မင်းက တကယ်ပဲ ကြိုက်တာလား၊ မင်း အတော်လေးကို အသည်းအသန် ဖြစ်နေပုံပဲ”

ကောင်းဖုန်းအကြောင်းကို တွေးလိုက်မိသောအခါ ဝေ့ရှီယုသည် ဒေါသထွက်ရုံတင်မကဘဲ စိတ်မကောင်းလည်း ဖြစ်သွားရသည်။

“နင်က တကယ်ပဲ လူတွေကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ အယောင်ဆောင်သမားလား”

ဝေ့ရှီယု လှည့်မကြည့်ဘဲ စိတ်ပျက်လက်ပျက် ပြောလိုက်၏။

ထိုအရာက ကျိုးဟောက်ယွီကို ဆွံ့အသွားစေသည်။

ဝေ့ရှီယုထံမှ ဤမျှ နက်နဲသော စကားမျိုး ကြားရလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

သူ၏ စိတ်ထဲတွင် သူမသည် သူတစ်ပါး၏ ခံစားချက်ကို ကစားသူသာဖြစ်ပြီး ကစားခံရသူ မဟုတ်ဟု ထင်ထားခြင်း ဖြစ်၏။

ထိုခဏ၌ သူသည် ဝေ့ရှီယု၏ အခြေအနေကို စတင် သနားမိလာတော့သည်။

“လူကို အပေါ်ယံကြည့်လို့ မရဘူးဆိုပေမဲ့ သူက ရုပ်ဆိုးရုံတင်မကဘူး၊ သူ့ရဲ့ အတွေးအခေါ်တွေကလည်း ညစ်ပတ်လွန်းတယ်၊ သူ့ရဲ့ စရိုက်ကလည်း မေးခွန်းထုတ်စရာပဲ”

ကျိုးဟောက်ယွီ ဒေါသတကြီး ပြောလိုက်၏။

တကယ်တော့ ကောင်းဖုန်းသည် အလွန်အမင်း ရုပ်မချောသော်လည်း ကျိုးဟောက်ယွီ ပြောသလောက် ဆိုးရွားသူ မဟုတ်ဘဲ သာမန်ရုပ်ရည်သာ ရှိသည်။

ထိုသည်မှာ ကျိုးဟောက်ယွီ၏ ဘက်လိုက်သော အတွေးကြောင့်သာ ဖြစ်၏။ ဝေ့ရှီယုကဲ့သို့လူမျိုးသည် ချမ်းသာသော မိသားစုမှ ရုပ်ချောသော ရည်းစားနှင့်သာတန်သည်ဟု သူ ခံစားနေရခြင်း ဖြစ်၏။

“ငါ အလိမ်ခံလိုက်ရတယ်၊ ဒါကြောင့်မို့လို့ တရားမျှတမှု ရဖို့အတွက် ဖြောင့်မတ်တဲ့ နင့်ရဲ့ အကူအညီ လိုအပ်တာပေါ့”

ဝေ့ရှီယု အရေးကြီးသလို ပြောလိုက်သည်။

ကျိုးဟောက်ယွီလည်း ဤကိစ္စတွင် ဝေ့ရှီယုသည်လည်း နစ်နာသူတစ်ဦးဖြစ်ကြောင်း သိလိုက်သဖြင့် ကူညီရန် တာဝန်ရှိသည်ဟု ခံစားလိုက်ရ၏။

“ဒါဆိုရင် ဘာစောင့်နေတာလဲ၊ သွားကြစို့”

ကျိုးဟောက်ယွီ အလောတကြီး ပြောလိုက်သည်။

ဝေ့ရှီယု ခုတင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေပြီး ကျိုးဟောက်ယွီ၏ ခန္ဓာကိုယ်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအခါမှ ကျိုးဟောက်ယွီမှာ သူ အင်္ကျီမပါသေးသည်ကို သတိရသွားပြီး ပြောလိုက်၏။

“ဒါဆို နင် ဘာရပ်ကြည့်နေတာလဲ၊ အဝတ်အစား ပို့ပေးဖို့လူတစ်ယောက်ကို အမြန်ဖုန်းဆက်လိုက်လေ”

All Chapters