← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

29

"မင်းကိုယ်မင်း သိပ်တော်တယ်လို့ ထင်နေတာလား၊ ဒါမှမဟုတ် ငါတို့ကိုပဲ ငတုံးလို့ ထင်နေတာလား"

ကျိုးဟောက်ယွီ ဖုန်းကို ကောင်းဖုန်း၏ ရှေ့သို့ ပစ်ချပေးလိုက်သည်။

ဝေ့ရှီယု သူ၏ လုပ်ရပ်ကို နားမလည်နိုင်ဘဲ စိုးရိမ်တကြီး အော်ဟစ်လိုက်၏။

"နင် ရူးနေတာလား၊ သူ့ဖုန်းကို ဘာလို့ ပြန်ပေးလိုက်တာလဲ"

ကျိုးဟောက်ယွီ ပြေးလာမည့် ဝေ့ရှီယုကို တားလိုက်ပြီး စိတ်ချပါဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထို့နောက် မြေပြင်ပေါ်ရှိ ကောင်းဖုန်းကို ကြည့်ကာ ပြောလိုက်၏။

"ဒီဓာတ်ပုံတွေကို ဖြန့်လိုက်ရင် အသုံးဝင်မယ်လို့ မင်းထင်နေရင် စမ်းကြည့်လိုက်လေ၊ ဝေ့မိသားစုက မင်းကို လာမနင်းရင်တောင် ငါကိုယ်တိုင် မင်းကို အရင်ဆုံး သတ်ပစ်မယ်"

ဝေ့ရှီယုမှာ သူမည်သည့်အရာများပြောနေသည်ကို နားမလည်ဘဲ ငိုလုနီးပါး ဖြစ်နေသည်။

"နင် ဘာကို ဆိုလိုတာလဲ၊ ငါ့ကို အဲဒီလိုပုံစံမျိုးနဲ့ တစ်ကမ္ဘာလုံး မြင်စေချင်တာလား၊ ဒါဆိုရင် ငါ ဘယ်လိုမျက်နှာပြရတော့မှာလဲ"

ဝေ့ရှီယု ကျိုးဟောက်ယွီကို သနားစဖွယ် ကြည့်လိုက်သည်။

"ဘာကို ကြောက်နေတာလဲ၊ ဘယ်သူမှ မယူရင် ငါ ယူမှာပေါ့၊ ပြီးတော့ အဲဒီဓာတ်ပုံတွေက အတုတွေပဲ"

ကျိုးဟောက်ယွီ ဟောက်လိုက်၏။

ဝေ့ရှီယု ကြောင်သွားသည်။

အခြေအနေများက မြန်ဆန်လွန်းသဖြင့် သူမ စဉ်းစား၍ပင် မမီတော့ပေ။

"အတုလား"

ဝေ့ရှီယု ကျိုးဟောက်ယွီကို မယုံနိုင်သကဲ့သို့ စိုက်ကြည့်နေ၏။

ကျိုးဟောက်ယွီ သူမ၏ပုခုံးကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။

"အဲဒီဓာတ်ပုံတွေက သူဖိုတို‌ရှော့နဲ့ ပြုပြင်ထားတာ၊ တခြားလူရဲ့ ကိုယ်လုံးပေါ်မှာ မင်းမျက်နှာကို ကပ်ထားတာပဲ၊ ဒါကို ဖြန့်လိုက်ရင်တောင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး"

ဝေ့ရှီယု အသက်ပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရပြီး ရယ်ချင်သော်လည်း မရယ်ရဲဘဲ ဖြစ်နေ၏။

"ဟုတ်သားပဲ၊ ငါ သူ့ကို အဲဒီလို ဓာတ်ပုံမျိုးတွေ တစ်ခါမှ မပေးဖူးပါဘူး၊ သူနဲ့လည်း ဘာမှမမှားခဲ့ဖူးဘူး"

ဝေ့ရှီယုသည် ဝမ်းသာအားရဖြင့် ကျိုးဟောက်ယွီကို ကြည့်လိုက်ရာ သူမ၏ မျက်လုံးထဲတွင် ကျေးဇူးတင်ရိပ်များ ပြည့်နှက်နေသည်။

သူမ စိတ်အေးသွားပြီးနောက် သူမ၏ နာမည်ပျက်သွားလျှင်ပင် သူမကို လက်ထပ်ယူမည်ဟု ပြောခဲ့သော ကျိုးဟောက်ယွီ၏ စကားကြောင့် ရင်ထဲတွင် အနည်းငယ် ကြည်နူးသွားမိ၏။

ထိုအချိန်တွင် ကောင်းဖုန်း နံရံကိုမှီကာ ခေါင်းကို ခါယမ်းရင်း ထရပ်လာသည်။

"မင်းလို ငတုံးက လူလည်မလုပ်သင့်ဘူး၊ ကြည့်ရတာ အတော်လေး ရယ်စရာကောင်းတယ်"

ကျိုးဟောက်ယွီ အေးစက်စွာ ပြောလိုက်၏။

အခြေအနေမှာ ဤအထိ ရောက်လာပြီဖြစ်သဖြင့် ကောင်းဖုန်းအနေဖြင့် အခြေအနေကို ပြန်လှည့်ရန် အခွင့်အရေး မရှိတော့မှန်း သိလိုက်သည်။

"မင်း တော်တော်သတ္တိရှိတာပဲ၊ စောင့်ကြည့်နေလိုက်"

ကောင်းဖုန်း ယိုင်တိုင်တိုင်နှင့် တံခါးဆီသို့ လျှောက်သွား၏။

ကျိုးဟောက်ယွီ နှာခေါင်းရှုံ့လိုက်ပြီး လှမ်းအော်လိုက်သည်။

"ကလဲ့စားချေချင်ရင် မင်းရဲ့အဖိုးကျိုးကို လာရှာဖို့ မမေ့နဲ့ဦး"

"နေဦး"

ဝေ့ရှီယု ရုတ်တရက် အော်လိုက်၏။

ကျိုးဟောက်ယွီ သူမကို အံ့ဩတကြီး ကြည့်လိုက်ပြီး တွေးလိုက်မိသည်။

'သူမ စိတ်ပြောင်းသွားတာလား၊ ဒီလောက်အထိတော့ မအလောက်ဘူးမလား’

"သူ့အဝတ်အစားတွေက အကုန်လုံး ငါ့ပစ္စည်းတွေပဲ၊ အကုန်ချွတ်ပစ်လိုက်"

ဝေ့ရှီယု ကောင်းဖုန်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ကောင်းပြီလေ"

ကျိုးဟောက်ယွီ ဝမ်းသာအားရပင် သဘောတူလိုက်၏။

ထိုစကားကို ကြားသည်နှင့် သူ ကောင်းဖုန်းနောက်သို့ ချက်ချင်းလိုက်သွားပြီး တံခါးဖွင့်၍ ထွက်ပြေးရန် ပြင်နေသော ကောင်းဖုန်းကို ကန်ချလိုက်သည်။

"အား အား"

ကောင်းဖုန်း လှေကားပေါ်မှ လိမ့်ကျသွား၏။

ကျိုးဟောက်ယွီ သူ့ကို အတွင်းခံဘောင်းဘီတစ်ထည်သာ ချန်ပြီး အဝတ်အားလုံးကို ချွတ်ပစ်လိုက်ကာ တံခါးဖွင့်၍ အပြင်သို့ ကန်ထုတ်လိုက်သည်။

"ရှီယုကို ထပ်ပြီး နှောင့်ယှက်ရဲရင်တော့ တွေ့တဲ့နေရာမှာ အသေသတ်မယ်လို့သာ မှတ်ထားလိုက်"

ကျိုးဟောက်ယွီ ပြောပြီး တံခါးကို ပြန်ပိတ်လိုက်၏။

သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီးနောက် ကျိုးဟောက်ယွီ အပေါ်ထပ်သို့ တက်သွားသည်။

ဝေ့ရှီယုသည် ကောင်းဖုန်း၏ အဓိပ္ပာယ်မရှိသော စကားများကို ယုံကြည်ရလောက်အောင် မည်မျှအထိ အူကြောင်ကြောင်နိုင်သည်ကို သူ တကယ်ကို နားမလည်နိုင်တော့ပေ။

အခန်းထဲသို့ ရောက်သောအခါ ဝေ့ရှီယု ဆိုဖာပေါ်တွင် ကွေးကွေးလေးထိုင်နေပြီး သူမ၏မျက်နှာမှာ ကြောင်အမ်းအမ်းဖြစ်ကာ မျက်လုံးများမှာလည်း ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တွင် သူမ တကယ်ကို စိတ်ဒဏ်ရာ ရသွားခဲ့သည် မဟုတ်ပါလား။

ကျိုးဟောက်ယွီ သူမ၏ခံစားချက်ကို နားလည်ပေးနိုင်သည်။ သူမသည် အစကတည်းက မည်သည်ကိုမှထုတ်မပြောဘဲ ရင်ထဲမှာသာ ကြိတ်မှိတ်ခံစားနေခဲ့ပုံရပြီး ယခုအခါ အလွန်အမင်း ဝမ်းနည်းနေမှာ သေချာသည်။

"ငါ့ပုခုံးကို ခဏ ငှားပေးမယ်"

ကျိုးဟောက်ယွီ သူမဘေးတွင် ထိုင်လိုက်ပြီး သူ၏ ပုခုံးကို ပုတ်ပြလိုက်၏။

ဝေ့ရှီယု ချက်ချင်းပင် သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။

သူမ သူ့အား တင်းကျပ်စွာ ဖက်ထားသည်ကို ကျိုးဟောက်ယွီ သတိပြုမိလိုက်၏။ သူမ ငိုမနေသော်လည်း ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။

"ဒါတွေက အတိတ်က ကိစ္စတွေပဲ၊ ငယ်ငယ်တုန်းက လူယုတ်မာအချို့ကို မချစ်ဖူးတဲ့သူ ဘယ်သူရှိလို့လဲ၊ သိပ်ပြီး ဝမ်းနည်းမနေပါနဲ့"

ကျိုးဟောက်ယွီ သူမ၏ကျောကို ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်၏။

သူ နောက်ထပ် စကားများအများကြီး ပြောချင်သော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင် တစ်နေပြီး ထပ်မံနှစ်သိမ့်ရန် စကားလုံး ရှာမတွေ့တော့ပေ။

ဝေ့ရှီယု တကယ်ကို ရင်ကွဲမတတ် ခံစားနေရသည်မှာ အမှန်ပင်၊ သို့သော် ၎င်းမှာ ကောင်းဖုန်းကြောင့် မဟုတ်ပေ။

အတိတ်က ပျော်ရွှင်စရာအချိန်များမှာ မည်သည့်အချိန်တွင်မှ ပြန်မလာတော့ဘူးဟု သူမ ခံစားနေရခြင်း ဖြစ်သည်။

သူတို့နှစ်ဦးစလုံး စကားမပြောဘဲ ရှိနေကြရာ အခန်းထဲတွင် တဖြည်းဖြည်း တိတ်ဆိတ်သွားသော်လည်း တစ်ဦးနှင့်တစ်ဦး အနေရခက်ခြင်းမျိုးတော့ မရှိကြပေ။

ကျိုးဟောက်ယွီ၏ ရင်ခွင်ထဲတွင် ခဏတာ နားနေပြီးနောက် ဝေ့ရှီယု ရုတ်တရက် ထရပ်ကာ ပြောလိုက်၏။

"ငါ အဆင်ပြေသွားပြီ၊ အတူတူ ဈေးဝယ်ထွက်ရအောင်"

သူမ အဆင်ပြေပုံရသော်လည်း ကျိုးဟောက်ယွီမှာမူ သူမ တကယ့်ကို အဆင်ပြေနေလိမ့်မည်ဟု မထင်ချေ။ သူ တွေးလိုက်သည်။

'သူမ ဒီလောက်အထိ ကြံ့ကြံ့ခံနိုင်လိမ့်မယ်လို့ မထင်ထားဘူး၊ အရာအားလုံးကို ရင်ထဲမှာပဲ မြိုသိပ်ထားတာပဲ’

အကယ်၍ ကျိုးဟောက်ယွီသာ သူမကို ယခုအချိန်မှာ ထားခဲ့လျှင် သူသည် လူစိတ်မရှိသူတစ်ယောက် ဖြစ်နေလိမ့်မည်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ မင်းက ငါ့ကို ငှားထားတာဆိုတော့ မင်းခိုင်းတာ အကုန်လုပ်ပေးရမှာပေါ့"

ကျိုးဟောက်ယွီ တက်ကြွသောအပြုံးတစ်ခု ပြုံးပြလိုက်သည်။

"ဟွန့် ငါ့ကို စိတ်တိုင်းမကျအောင် လုပ်ရင်တော့ နင်ရဲ့လုပ်အားခကို ဖြတ်ပစ်မယ်"

ဝေ့ရှီယု မာနတခွဲသားနှင့် မျက်နှာလွှဲလိုက်၏။

"လုပ်အားခ ဖြတ်မယ် ဟုတ်လား၊ ဒါဆိုရင်တော့ ငါ ဒီအလုပ်မလုပ်တော့ဘူး"

ကျိုးဟောက်ယွီက တမင်တကာပင် အပြင်ဘက်သို့ လျှောက်သွားသည်။

"နင် လုပ်ရဲရင် လုပ်ကြည့်လေ"

ဝေ့ရှီယု ပြေးလာပြီး ကျိုးဟောက်ယွီကို အားဖြင့် တွန်းလိုက်၏။

ကျိုးဟောက်ယွီမှာ အရှိန်ဖြင့် ရှေ့သို့ ဟန်ချက်ပျက်သွားပြီး မှောက်လျက် လဲကျလုနီးပါး ဖြစ်သွားရသည်။

နောက်ဆုံးတွင် သူတို့နှစ်ဦး ရှော့ပင်းမောလ်သို့ ရောက်လာကြ၏။

မိန်းကလေးများအတွက် ဈေးဝယ်ထွက်ခြင်းမှာ အပျော်ရွှင်ဆုံး အရာတစ်ခု ဖြစ်သည်။

ယောင်္ကျားလေးများအတွက်မူ မိန်းကလေးများနှင့်အတူ ဈေးဝယ်ထွက်ပေးရခြင်းမှာ ကမ္ဘာပေါ်တွင် အပင်ပန်းဆုံး အရာတစ်ခုပင်။

အထူးသဖြင့် ချမ်းသာသော အမျိုးသမီးများနှင့် ဈေးဝယ်သည့်အခါ ပိုက်ဆံမလောက်မှာကို ပူစရာမလိုသဖြင့် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အကုန်လုံးကို အိမ်သယ်သွားချင်ကြ၏။

ခဏအတွင်းမှာပင် ကျိုးဟောက်ယွီ၏ လက်နှစ်ဖက်စလုံးတွင် အိတ်များနှင့် ထုပ်ပိုးထားသော အထုပ်များဖြင့် ပြည့်နှက်သွားပြီး သယ်ရန်ပင် ခက်ခဲလာသည်။

ဝေ့ရှီယုမှာ သူမ၏နာကျင်နေသော စိတ်ဒဏ်ရာကို ကုစားဖို့ ဤကဲ့သို့ အားရပါးရဈေးဝယ်ထွက်ရန် လိုအပ်သည်ကို ကျိုးဟောက်ယွီ နားလည်ပေးနိုင်၏။

သို့သော် ဤပင်ပန်းလှသော အလုပ်ကို သူ ဆက်ပြီး မလုပ်နိုင်တော့ဟု တကယ်ကို ခံစားလိုက်ရသည်။

"သခင်မလေး အများကြီး ဝယ်ပြီးပြီပဲ၊ ခဏလောက် နားပြီးမှ နောက်တစ်ခါ ထပ်ဝယ်လို့ မရဘူးလား"

ကျိုးဟောက်ယွီ လေးလံသော ခြေလှမ်းများကို ဆွဲယူရင်း လမ်းပင် မလျှောက်နိုင်တော့သကဲ့သို့ ခံစားလိုက်ရ၏။

ဝေ့ရှီယု လှည့်ကြည့်လိုက်ရာ ကျိုးဟောက်ယွီ၏ လက်များတွင် ဘာမှကိုင်စရာ နေရာမရှိတော့သည်ကို မြင်သောအခါ သူမ ကိုင်ထားသော အိတ်များကို ကျိုးဟောက်ယွီ၏ လည်ပင်းတွင် ချိတ်ပေးလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ငါတို့ သုံးထပ်ပဲ ရှိသေးတာလေ၊ သွားစရာ အထပ်တွေ အများကြီး ကျန်သေးတယ်"

ကျိုးဟောက်ယွီ မော့ကြည့်လိုက်ရာ ထိုကုန်တိုက်ကြီးမှာ အထပ်ပေါင်း ဆယ်ချီရှိကြောင်း သိလိုက်ရ၏။

ကုန်တိုက်တစ်ခုလုံးကိုသာ ပတ်ပတ်လည် ဈေးဝယ်မည်ဆိုလျှင် သူ၏ ခြေထောက်များ အကောင်းအတိုင်း ကျန်ပါ့မလားဟုပင် မတွေးရဲတော့ပေ။

ယခုပင် သူ၏ ခြေထောက်များမှာ ခဲဆွဲထားသကဲ့သို့ လေးလံနေပြီ ဖြစ်သည်။

"ခဏလောက် ထိုင်ပြီး နားလို့ရမယ့်နေရာ ရှာရအောင်လေ"

ကျိုးဟောက်ယွီ နှုတ်ခမ်းဆူလိုက်ပြီး ဝေ့ရှီယုကို မျက်စိမှိတ်ပြလိုက်၏။

ဝေ့ရှီယု သူ၏ပုံစံမှာ အတော်လေး ရယ်စရာကောင်းသည်ဟု ထင်ကာ ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။

"ခုနစ်ထပ်မှာ အတော်လေး ကောင်းတဲ့ ကော်ဖီဆိုင် တစ်ဆိုင်ရှိတယ်၊ အဲဒီမှာ သောက်ရင်း ခဏ နားကြတာပေါ့"

ကျိုးဟောက်ယွီ၏ မျက်နှာမှာ ချက်ချင်းပင် ငိုက်ကျသွား၏။

ယခုမှ သုံးထပ်သာ ရှိသေးသည်။ ခုနစ်ထပ်အထိ သူ ရောက်နိုင်ပါ့မလားပင် မသေချာတော့ပေ။

"မရဘူး၊ ငါ လမ်းမလျှောက်နိုင်တော့ဘူး၊ မင်းဘာသာမင်းပဲ လျှောက်တော့"

ကျိုးဟောက်ယွီ စိတ်ကောက်နေသော ကလေးတစ်ယောက်ကဲ့သို့ စင်္ကြံလမ်းရှိ ကုလားထိုင်တစ်ခုပေါ်တွင် ဘုန်းခနဲ ထိုင်ချလိုက်သည်။

"ခဏလေး လျှောက်ရတာကို ပင်ပန်းတယ်လို့ ညည်းနေတာပဲ၊ ဒီပုံစံအတိုင်းဆိုရင် နင် ဘယ်တော့မှ ရည်းစားရမှာ မဟုတ်ဘူး"

ဝေ့ရှီယု တည်တည်တံ့တံ့ ပြောလိုက်၏။

"ဈေးဝယ်ရတာ မကြိုက်တဲ့ ရည်းစားမျိုး ရှာလို့ မရဘူးလား"

ကျိုးဟောက်ယွီ သူမကို မကျေမနပ်ကြည့်ကာ ပြန်ပြောလိုက်သည်။

30

"ဒီဘက်ခေတ်မှာ ဈေးဝယ်ရတာ မကြိုက်တဲ့ မိန်းကလေးဆိုတာ ရှိလို့လား"

ဝေ့ရှီယု အနားသို့လာပြီး ကျိုးဟောက်ယွီအား အတင်းဆွဲထူသော်လည်း ကျိုးဟောက်ယွီမှာတော့ လုံးဝမထရာ ကျောက်ခဲကြီးတစ်ခုကဲ့သို့ပင်။

သူ ဝေ့ရှီယုကို ခေါင်းမော့ကြည့်လိုက်ပြီး ခေါင်းမာလှသော အမူအရာဖြင့် ပြောလိုက်၏။

"ဒါဆိုလည်း ငါ ရည်းစားမရှာတော့ဘူး၊ ဟုတ်ပြီလား၊ တစ်သက်လုံး လူပျိုကြီးပဲ လုပ်နေတော့မယ်"

ကျိုးဟောက်ယွီ၏ ကလေးဆန်သော စိတ်ကောက်ပုံကို ကြည့်ပြီး ဝေ့ရှီယု အတော်လေး ချစ်စရာကောင်းသည်ဟု ထင်သွားသည်။

"ဟောဒီက ရှောင်ဟောက်ယွီလေး လိမ်လိမ်မာမာနဲ့ လိုက်ခဲ့စမ်းပါ၊ နင့်ကို ကော်ဖီတိုက်မယ်လေ"

ဝေ့ရှီယု ခွေးပေါက်လေးတစ်ကောင်ကို ချော့သကဲ့သို့ ကျိုးဟောက်ယွီ၏မေးစေ့ကို လှမ်းပွတ်လိုက်၏။

ကျိုးဟောက်ယွီ သူမလက်ကို ဟပ်ခနဲကိုက်ရန် ပါးစပ်ဟလိုက်သည်။

ဝေ့ရှီယု လက်ကို အနောက်သို့ အမြန်ပြန်ပို့လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။

"ကဲ ဒါဆိုရင် ဈေးမဝယ်တော့ဘူး၊ အရင်ဆုံး ကော်ဖီသွားသောက်ရအောင်"

"အိုကေ သွားမယ်"

ကျိုးဟောက်ယွီ အပျော်လွန်ပြီး ရုတ်တရက် ထရပ်လိုက်သည်။

ဝေ့ရှီယု အရှေ့မှ ပျော်ပျော်ပါးပါး လျှောက်သွားသော သူ့ကို ကြည့်ပြီး ခိုးပြုံးနေမိ၏။

တကယ်တော့ သူမ ဈေးမဝယ်ဘဲ နေမည်မဟုတ်ပေ။ အရင်ဆုံး ကော်ဖီသောက်ပြီး အမောဖြေကာ အပေါ်ဆုံးထပ်မှ အောက်ဆုံးထပ်အထိ အားရပါးရ ထပ်ဝယ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ကျိုးဟောက်ယွီမှာတော့ ကော်ဖီသောက်ပြီးလျှင် ဤလူသားမဆန်သော ညှဉ်းပန်းနှိပ်စက်မှုကြီး ပြီးဆုံးတော့မည်ဟု ထင်နေ၏။

သူ ဝမ်းသာအားရနှင့် ဝေ့ရှီယုကို မြန်မြန်လာရန်ပင် လှည့်၍ တိုက်တွန်းနေသေးသည်။

ကော်ဖီဆိုင်၏အပြင်အဆင်မှာ ဆန်းသစ်ပြီး ထူးခြားလှ၏။

လာရောက်သူ အများစုမှာ စုံတွဲများဖြစ်ကြပြီး အားလုံးမှာ ချောမောလှပသော လူငယ်များသာ ဖြစ်ကြသည်။

ဤကဲ့သို့သော နေရာမျိုးမှာ ဈေးကြီးမည်မှာ သိသာသည်။ ကျိုးဟောက်ယွီ၏ တစ်လစာဝင်ငွေမှာ ဤနေရာတွင် တစ်ခါသောက်ရန်ပင် မလောက်ငှနိုင်ပေ။

ဆိုင်ထဲဝင်ပြီးနောက် တိတ်ဆိတ်သော နေရာတစ်ခုတွင် ထိုင်လိုက်ကြသည်။ ကျိုးဟောက်ယွီ ပြုတ်ထွက်တော့မတတ် ဖြစ်နေသော သူ၏ပုခုံးနှစ်ဖက်ကို နှိပ်နေ၏။

ကျိုးဟောက်ယွီ အတော်လေး ပင်ပန်းနေပုံကို မြင်သောအခါ ဝေ့ရှီယု မျက်စောင်းထိုးလိုက်ပြီး ဆူလိုက်သည်။

"ခဏလေး လျှောက်ရတာကို ဒီလောက် ပင်ပန်းနေတာ၊ ကြည့်ရတာ ရှင့်ဘဝက တစ်သက်လုံး လူပျိုကြီး ဖြစ်နေမယ့်ကံပဲ"

"ကိုယ်တိုင်ကလည်း ပျော်ပျော်ကြီး လူပျိုကြီး လုပ်ချင်နေတာပါ"

ကျိုးဟောက်ယွီ အရှက်မရှိ ဝန်ခံလိုက်၏။

"ဟွန့်"

ဝေ့ရှီယု မျက်စောင်းလှည့်ထိုးလိုက်ပြီး စားပွဲထိုးကို ခေါ်ကာ ကော်ဖီနှစ်ခွက် မှာလိုက်သည်။

ကော်ဖီရောက်လာသောအခါ ကျိုးဟောက်ယွီ အေးအေးဆေးဆေး သောက်နေရင်း သူ၏ အကြည့်များမှာ အခြားသော ဖောက်သည်များထံသို့ မရည်ရွယ်သလိုနှင့် ရောက်သွားတတ်၏။

ဆိုင်ထဲတွင် ငြိမ့်ညောင်းသော တေးဂီတသံ ပျံ့လွင့်နေပြီး မည်သူမှ စကားကျယ်ကျယ် မပြောကြသော်လည်း လေထုမှာ အတော်လေး နေလို့ကောင်းသည်။

ကျိုးဟောက်ယွီ လှည့်ကြည့်လိုက်သောအခါ ဝေ့ရှီယုသည် တစ်ခုခုကို ငေးမောနေကြောင်း သတိပြုမိလိုက်၏။

ကြီးမားသော စိတ်ဒဏ်ရာကို ခုလေးတင် ခံစားထားရသဖြင့် သူမ၏ မျက်နှာပေါ်တွင် မည်သည်ကိုမှထုတ်မပြသော်လည်း မည်သည့်အရာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ရန် ခက်ခဲလိမ့်မည်ဟု ကျိုးဟောက်ယွီ သိသည်။

"ငိုချင်ရင် ငိုချလိုက်ပါ၊ အောင့်ထားရင် ရင်ကျပ်ပြီး နေမကောင်း ဖြစ်လိမ့်မယ်"

ကျိုးဟောက်ယွီ ဝေ့ရှီယု၏မျက်လုံးများ နီမြန်းနေသည်ကို မြင်လိုက်သဖြင့် ယခင်က ကိစ္စကို သူမ တွေးနေမှန်း သိလိုက်၏။

"အဲဒီလို လူယုတ်မာအတွက်နဲ့ ငါ မျက်ရည်မကျဘူး၊ သူက အဲဒီလို တန်ဖိုးထားခံရဖို့ မထိုက်တန်ဘူး"

ဝေ့ရှီယု သူမ၏မျက်လုံးများကို ပွတ်လိုက်ပြီး မာနတခွဲသားဖြင့် ပြောလိုက်သည်။

သူမ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ ကျိုးဟောက်ယွီ ထင်ထားသည်ထက် ပိုနေသည်။ သူ တွေးလိုက်၏။

'ကြည့်ရတာ အကြောင်းပြချက်မရှိ ဇီဇာကြောင်တတ်တဲ့ မိန်းကလေးလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ တော်တော်လေး စိတ်ဓာတ်ခိုင်မာတာပဲ’

ကျိုးဟောက်ယွီ ဝေ့ရှီယုနှင့် ကောင်းဖုန်းတို့ မည်သို့သိခဲ့ကြသည်ကို အတော်လေး သိချင်နေသဖြင့် အချိန်အတော်ကြာ စဉ်းစားပြီးမှ မေးလိုက်သည်။

"မင်းနဲ့ သူနဲ့ ဘယ်လိုသိခဲ့ကြတာလဲဆိုတာ ပြောပြလို့ ရမလား"

ဝေ့ရှီယု ငြင်းလိမ့်မည်ဟု သူထင်ထားသော်လည်း သူမက ကောင်းဖုန်းနှင့် ပတ်သက်သမျှ အကုန်လုံးကို အမှန်အတိုင်း ပြောပြခဲ့၏။

သူမနှင့် ကောင်းဖုန်းတို့သည် သူငယ်ချင်းတစ်ယောက်၏ မွေးနေ့ပါတီတွင် ဆုံခဲ့ကြခြင်း ဖြစ်သည်။

ဟန်ဆောင်မျက်နှာဖုံးနောက်ကွယ်မှာ ကောင်းဖုန်းမှာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းတစ်ယောက် ဖြစ်ခဲ့၏။

ထို့အပြင် သူသည် ရိုမန်တစ်ဆန်သော အခိုက်အတန့်များကို ဖန်တီးရာတွင်လည်း အလွန်ကျွမ်းကျင်သူ ဖြစ်သည်။

အဖြူထည်သက်သက် ဝေ့ရှီယုသည် မင်းသမီးလေးတစ်ယောက်ကဲ့သို့ အိမ်မက်မက်နေဆဲဖြစ်ပြီး ကောင်းဖုန်းကို သူမ၏ မင်းသားလေးဟု ယုံကြည်ခဲ့ကာ သူသေချာ ခင်းကျင်းထားသော ထောင်ချောက်ထဲသို့ အလွယ်တကူ ကျဆင်းသွားခဲ့ခြင်း ဖြစ်၏။

အစပိုင်းတွင် သူမ သူ့ကို ယုံကြည်ခဲ့သော်လည်း သူမ၏ စည်းမျဉ်းများကိုတော့ အမြဲတမ်း တင်းကျပ်စွာ စောင့်ထိန်းခဲ့ပြီး သူနှင့် မည်သည်ကိုမှ လွန်လွန်ကျူးကျူး မလုပ်ခဲ့ပေ။

ဝေ့ရှီယု၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ကျိုးဟောက်ယွီ သူမအပေါ်ထားရှိသော အမြင် ပြောင်းလဲသွားခဲ့သည်။

ယခင်က သူမသည် မိမိကိုယ်ကို ဗဟိုပြုသူဟု ထင်ခဲ့သော်လည်း ယခုမူ သူမသည် ကလေးမလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်သူဖြစ်ကြောင်း မထင်မှတ်ဘဲ သိလိုက်ရ၏။

ကျိုးဟောက်ယွီ၏ရင်ထဲတွင် သူမကို ကာကွယ်ပေးလိုသော စိတ်ဓာတ်များ နိုးထလာသည်။

"မင်းရဲ့ အိမ်မက်တွေက တကယ်မဖြစ်လာခဲ့ပေမဲ့ နောင်တစ်ချိန်မှာ မင်းရဲ့ အိမ်မက်တွေကို ဖြည့်ဆည်းပေးမယ့်သူနဲ့ သေချာပေါက် ဆုံရလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်"

ကျိုးဟောက်ယွီ စိတ်ရင်းနှင့် ဆုတောင်းပေးလိုက်၏။

အမှန်အတိုင်း ပြောရလျှင် ဝေ့ရှီယု အနည်းငယ် ကြည်နူးသွားသော်လည်း သူမကမူ အမှုမဲ့အမှတ်မဲ့ပင် ပြန်ပြောလိုက်သည်။

"ထားလိုက်ပါတော့ အိမ်မက်က ပြီးသွားပြီ၊ ငါ နောက်ထပ် အိမ်မက်တွေ ထပ်မမက်တော့ဘူး"

"အဲဒီလို အားမလျှော့စမ်းပါနဲ့၊ ဒီတစ်ခါ အိမ်မက် ပျက်စီးသွားပေမဲ့ မင်းမှာ အိမ်မက်မက်ခွင့် ရှိပါသေးတယ်၊ အပြင်ကို လှည့်ကြည့်လိုက်ရင် မင်းရဲ့ အိမ်မက်တွေကို ကူညီပေးမယ့်သူတွေ အများကြီး ရှိနေတာကို တွေ့ရလိမ့်မယ်"

ကျိုးဟောက်ယွီ သူမကို အားပေးသော အကြည့်ဖြင့် ကြည့်လိုက်၏။

ဝေ့ရှီယု ရုတ်တရက် သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး စနောက်ကာ မေးလိုက်သည်။

"နင်ပြောတဲ့လူက နင်ကိုယ်တိုင်တော့ မဟုတ်ဘူးမလား"

"ငါလား ငါ့မှာ အဲဒီလို အချိန်ပိုတွေ မရှိပါဘူး"

ကျိုးဟောက်ယွီ၏ မျက်လုံးများ ဝေ့ဝဲသွားပြီး တည်တည်တံ့တံ့ပင် ဆို၏။

"ငါကတော့ ပိုက်ဆံရဖို့ ကားမောင်းတဲ့အလုပ်ကို ကြိုးစားလုပ်ရဦးမှာ၊ အခုချိန်မှာ ငါက ပြားတစ်ပြားမှ မရှိသေးဘူး၊ ငါ့အိမ်မက်တောင် ငါ မဖြည့်ဆည်းနိုင်သေးတာ သူများအိမ်မက်ကို ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ"

"ဒါဆို နင့်ရဲ့ အိမ်မက်က ဘာလဲ"

ဝေ့ရှီယု ကျိုးဟောက်ယွီကို စပ်စုစွာ ကြည့်လိုက်သည်။

"ပိုက်ဆံရှာဖို့၊ ပိုက်ဆံတွေ အများကြီး အများကြီး ရှာဖို့ပဲ"

ကျိုးဟောက်ယွီ တွန့်ဆုတ်မနေဘဲ ဖြေလိုက်၏။

"ဟွန့် တော်တော်ကို ဈေးပေါတာပဲ"

ဝေ့ရှီယု ကျိုးဟောက်ယွီကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိုးဟောက်ယွီ၏ အိမ်မက်မှာ ဤမျှအထိတော့ ဈေးမပေါလှပေ။ သူ၏ ယခင်အိမ်မက်မှာ တုန်းယွဲ့ယွဲ့အတွက် မမေ့နိုင်သော မင်္ဂလာပွဲတစ်ခု ဖန်တီးပေးရန် ဖြစ်သော်လည်း ယခုမူ ထိုအိမ်မက်မှာ မရှိတော့ချေ။

ယခုမူ သူ၏ အိမ်မက်မှာ မည်သည့်အရာဖြစ်သည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။ တကယ်တမ်း အိမ်မက်တစ်ခု ရှိရမည်ဆိုလျှင် ကမ္ဘာကြီး ငြိမ်းချမ်းရန်သာ ဖြစ်ပါလိမ့်မည်။

ကျိုးဟောက်ယွီနှင့် ခဏတာ စကားပြောပြီးနောက် ဝေ့ရှီယု၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်သွားပြီး အင်အားများ ပြန်ပြည့်လာခဲ့သည်။

"သွားကြစို့ ဈေးဆက်ဝယ်ရအောင်"

ဝေ့ရှီယု တက်တက်ကြွကြွ ပြောလိုက်၏။

ဝေ့ရှီယု၏ စကားကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ၏ဘဝမှာ မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ကော်ဖီသောက်ပြီးရင် အိမ်ပြန်မယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ ဘာလို့ ဈေးပြန်ဝယ်ဦးမှာလဲ"

ကျိုးဟောက်ယွီ ပူပန်သော မျက်နှာပေးဖြင့် မေးလိုက်၏။

ခဏနားလိုက်မှ သူ၏ ခြေထောက်နာကျင်မှုမှာ သက်သာသွားကာ ရှိသေးသည်။ ဆက်လျှောက်နေဦးမည်ဆိုလျှင် ခြေထောက် ကျိုးသွားမလားဟုပင် သူ စိုးရိမ်နေမိသည်။

"မိန်းမတွေ ပြောတဲ့စကားကို အကုန်ယုံရလား"

ဝေ့ရှီယု ကျိုးဟောက်ယွီကို အတင်းဆွဲခေါ်သွားတော့၏။

ကျိုးဟောက်ယွီလည်း အသက်ကို ဖက်နှင့်ထုပ်ပြီး သူမနောက်သို့ လိုက်ပေးရုံမှတစ်ပါး အခြားမရှိပေ။

‘ဘာပဲဖြစ်ဖြစ် ဒီနေ့ သူမ စိတ်ဒဏ်ရာ ရထားတာဆိုတော့ သူမပြောတာ အကုန်မှန်တာပေါ့လေ’

ကုန်တိုက်တစ်ခုလုံးကို ဝေ့ရှီယုနောက်မှ လိုက်ပြီးသောအခါ ကျိုးဟောက်ယွီ၏ ခြေထောက်များမှာ လုံးဝကို အသုံးမကျတော့သကဲ့သို့ ဖြစ်သွားရသည်။

အချိန်မှာလည်း ညနေစောင်းနေပြီ ဖြစ်၏။

"မမလေး အခုကျေနပ်ပြီလား၊ အိမ်ပြန်လို့ ရပြီလား"

ကျိုးဟောက်ယွီ ကုန်တိုက်အပေါက်ဝမှာ မောပန်းနွမ်းနယ်စွာ မေးလိုက်သည်။

ဝေ့ရှီယု ခဏစဉ်းစားပြီးနောက် ဆို၏။

"ကျေနပ်တယ်၊ ဒါပေမဲ့ အိမ်တော့ မပြန်ချင်သေးဘူး၊ ငါနဲ့အတူ အရက်သွားသောက်ရအောင်"

"မနေ့ကတင် အရက်သောက်လို့ သူများ အခွင့်ကောင်းယူတာ ခံရတော့မလို့ ဖြစ်တာကို၊ အခုထိ အရက်သောက်ဖို့ သတ္တိရှိသေးတယ်ပေါ့"

ကျိုးဟောက်ယွီ သူမ၏အတွေးများကို နားမလည်နိုင်သဖြင့် အံ့ဩတကြီး စိုက်ကြည့်နေမိသည်။

ဝေ့ရှီယု ကျိုးဟောက်ယွီကို အပေါ်အောက် လှမ်းကြည့်ပြီး စနောက်ကာ ပြောလိုက်၏။

"နင်က အဲဒီလိုဟာ‌တွေ မလုပ်နိုင်ဘူးလို့ ငါ ယုံကြည်လို့ပါ"

ယင်းက ကျိုးဟောက်ယွီကို ဒေါသထွက်သွားစေပြီး သူ တွေးလိုက်မိ၏။

'သူမက ငါ့အရည်အချင်းကို သံသယဝင်နေတာလား’

"ငါ ပြောပြမယ်၊ တကယ်တော့ ငါက ကောင်းဖုန်းထက်တောင် ပိုဆိုးသေးတယ်၊ မင်းကိုသာ မူးအောင် တိုက်လိုက်ရင် ဟင်းဟင်း"

ကျိုးဟောက်ယွီ လူယုတ်မာအပြုံး ပြုံးပြလိုက်ပြီး မျက်ခုံးပင့်ပြလိုက်သည်။

ဝေ့ရှီယု သူ့ကို အထင်သေးစွာ ကြည့်လိုက်ပြီး အေးဆေးစွာပင် ဆိုလိုက်၏။

"ဒါဆိုရင်လည်း နင့်ကို အခွင့်အရေး ပေးမယ်လေ၊ နင်သာ တကယ် လုပ်ရဲရင် ဒီနေ့ ငါ လုံးဝ ခုခံမှာ မဟုတ်ဘူး"

All Chapters